← Chapters

သူမ ဘယ်သူ့ကို တွေ့ခဲ့တာလဲ။

Vol. 25 Ch. 359

သူမ ဘယ်သူ့ကို တွေ့ခဲ့တာလဲ။

Vol. 25 Ch. 359

ကျီကျောက်က လှောင်ရယ်ရယ်ပြီး တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ သူမဆီသို့ လျှောက်သွားကာ သူမ၏ မျက်နှာအား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

“တို့ယောက်ျားကို ဖွက်ထားဖို့ မင်းကို ဘယ်သူက သတ္တိပေးဝံ့တာလဲ”

“ အစ်မအာ့ထောင်…. အစ်မ ဘာတွေ ပြောနေတာလဲ” ဖန့်ရွှမ်ချောင်၏ မျက်၀န်းများထဲတွင် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဖန့်ရွှမ်ချောင်သည် သူမ မျက်နှာအား အုပ်ကာကာ မျက်ရည်များဖြင့် မေးသည်။

“ အစ်မ ညီမကို အထင်သေးတာ ညီမ သိပါတယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အစ်မ ဘယ်လို….. ဘယ်လိုလုပ်ပြီး ညီမကို ရိုက်နိုင်ရတာလဲ”

“ မင်းကိုရိုက်လို့ တို့လက်ကိုတောင် တို့ သနတယ်”

ကျီကျောက်သည် သူမ မျက်လုံးများအား ကျဉ်းမြောင်းကာ သရော်လိုက်သည်။ ထို့နောက် သူမသည် ဖန့်ရွှမ်ချောင်၏ မျက်နှာအား ဘယ်တစ်ပြန် ညာတစ်ပြန် ရိုက်နှက်လိုက်သည်။

“တို့တွေရဲ့ အတိတ်က ဆက်ဆံရေးကို ထောက်ထားပြီး မင်းရဲ့ ဒုက္ခတွေကို တို့ ကိုယ်ချင်းစာခဲ့မိတယ်၊ ဒါပေမယ့် အခုတော့ မင်းလို ကိုယ့်အဆင့်အတန်းကိုယ်ချတဲ့ လူမျိုးက စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး”

“ညီမ…..” ဖန့်ရွှမ်ချောင်သည် မျက်ရည်လည်ရွှဲဖြင့် ကျီကျောက်အား စိုးထိတ်စွာ ကြည့်လိုက်မိသည်။ ဖန့်ရွှမ်ချောင်သည် ကြောက်လန့်တကြား သူမ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ ကွေးလိုက်ပြီးနောက် သူမ မေ့မျောသွားသည်။

မကြာခင်တွင် တစ်ယောက်ယောက်မှ ဖန့်ရွှမ်ချောင်အား ကြိုးတုပ်ထားလိုက်သည်။

သူမ အိမ်မက်ထဲမှ လမ်းစများနောက်လိုက်ကာ နောက်ဆုံးတွင် ကျီကျောက်သည် ရှန်းယောင်အား ရှာတွေ့ခဲ့သည်။

“ ကျောက်ကျောက်” ရှန်းယောင်သည် ကျီကျောက်အား မြင်လိုက်ရချိန်တွင် သူ အိမ်မက် မက်နေလားဟု တွေးလိုက်မိသည်။

“ ရှန်းယောင် ကျွန်မ ဒီမှာ…” ကျီကျောက်သည် သူ့အား‌ တောက်ပစွာ ပြုံးပြသည်။

“ဖန့်ရွှမ်ချောင်က ကျန်းနန်ဆားကုန်သည် လင်ကျီရွှမ်အတွက် အလုပ်လုပ်နေတာလေ၊ ကိုယ်တို့ ဒီမှာ အကြာကြီး မနေသင့်ဘူး” ရှန်းယောင်က အလျင်အမြန် ပြောသည်။

“ ကျောက်ကျောက် အမြန်ဆုံး ထွက်သွားပါကွာ”

“ထွက်သွားရမယ်ဆိုရင် အတူထွက်သွားကြမယ်” ကျီကျောက်သည် သူ့အား သူမကျောပေါ်သို့ တင်လိုက်ကာ အမောတကော ပြောသည်။

“ ရှန်းယောင် ဒီလိုလုပ်တာက သေချာပေါက် ရှင့်ကိုယ်က ဒဏ်ရာတွေကို ပြန်ပွင့်စေမှာပဲ၊ ဒါပေမယ့် ကျွန်မတို့မှာ နောက်တစ်နည်း မရှိတော့ဘူး။ ရှင် တောင့်ခံထားရမယ်။”

ကံကောင်းထောက်မစွာဖြင့် ကျီကျောက်သည် ဒီတစ်ကြိမ်တွင်တော့ တော်၀င်အစောင့်တပ်သားများအား သူမနှင့်အတူ ခေါ်လာခဲ့သည်။

သူတို့၏ အကူအညီဖြင့် ကျီကျောက်သည် ရှန်းယောင်နှင့် ဖန့်ရွှမ်ချောင်တို့အား အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့သည်။

ရှန်းယောင်၏ ဒဏ်ရာ အခြေအနေအပေါ် ဆုံးဖြတ်၍ ကျီကျောက်သည် ကျင်းလင်မှ တိုက်ရိုက် ထွက်ခွာရမည့်အစား ချင်ဟွိုက်မျှော်စင် အနီးရှိ အပျော်စီးလှေတစ်ခုအား ငှားရမ်းခဲ့သည်။

သူမသည် ဖန့်ရွှမ်ချောင်အား အသံ ယာယီပျောက်သွားစေတဲ့ ဆေးတစ်မျိုး တိုက်ကျွေးခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အား အားနည်းပြီး အားမရှိ ဖြစ်စေခဲ့သည်။

ထို့နောက် သူမသည် ရှန်းယောင်၏ ထိခိုက်ဒဏ်ရာများအား စိတ်ပါလက်ပါ စတင်ကု‌သပေးသည်။

ကျီကျောက်သည် ရှန်းယောင်၏ ရင်ဘတ်မှ သွေးများပေကျံနေသည့် ပတ်တီးအား ဖြည်လိုက်ချိန်တွင် ရုတ်ခြည်းဆိုသလို သူမ မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာခဲ့သည်။

သူမ၏ မက်မွန်ပွင့်လိုမျက်ဝန်းလေးတွေက အခုအချိန်မှာတော့ မြူများဖြင့် ဖုံးအုပ်နေသလို မှုန်ဝါးနေခဲ့သည်။

“ ကျောက်ကျောက်” သူမအား ထိုကဲ့သို့ မြင်ရသဖြင့် ရှန်းယောင်ရဲ့ နှလုံးသားက ရုတ်တရက် နာကျင်လာသည်။

“ မငိုပါနဲ့ကွာ။ ကိုယ် အဆင်ပြေတယ်နော်။”

ကျီကျောက်သည် သူမ နှုတ်ခမ်းအား တင်းတင်းစေ့ထားကာ ဘာမှ မပြောလာပေ။ ထို့အစား သူမသည် အရက်ပြန်ထဲသို့ စိမ်ထားသည့် ဓားမြောင်ချွန်တစ်လက်အား ကောက်ယူကာ သူ့ဒဏ်ရာမှ ပုပ်နေသည့် အသားလွှာအား ဂရုတစိုက် လှီးဖြတ်လိုက်သည်။ ‌ထို့နောက် သူမသည် အထူးဆေးမှုန့်အား ဒဏ်ရာပေါ်သို့ ဖြူးလိုက်ကာ ပတ်တီးပြန်စည်းပေးလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးတဲ့နောက်မှာ ကျီကျောက်ရဲ့ နဖူးက ချွေးတစ်လွှာ ဖုံးလွှမ်းသွားခဲ့သည်။

ရှန်းယောင်ရဲ့ လက်ဖမိုးပေါ်ကို ချွေးစက်လေးတွေ စီးကျသွားပြီး အသက်ရှူရခက်လောက်တဲ့အထိ ရင်နာသွားစေသည်။

“ ကျောက်ကျောက် စိတ်ဆိုးနေသေးလား”

ကျီကျောက်သည် အသက်ပြင်းပြင်းရှူကာ သူ့လက်မောင်းအား ဆွဲယူ၍ ရက်ရက်စက်စက် ကိုက်လိုက်သည်။

သူ့လက်မောင်းမှ အနီရောင်ကိုက်ရာအား မြင်ရချိန်တွင် သူမ နှလုံးသားမှာ ပို၍ပင် နာကျင်ရသည်။

“တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ၊ ရှင် ဘယ်လိုဖြစ်လို့ ဒဏ်ရာရလာတာလဲ၊ ပြီးတော့ ဖန့်ရွှမ်ချောင် သူမက ရှင့်ကို ဘာလို့ တိတ်တဆိတ်ဖွက်ထားရတာလဲ” ကျီကျောက်၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။

“ပြောရရင် ဇာတ်လမ်းအရှည်ကြီးပဲ….” ရှန်းယောင်က မျက်မှောင်ကြုတ်ပြီး ဒီကာလအတွင်း ဖြစ်ပျက်‌ခဲ့တာတွေကို ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

ဧကရာဇ်ကျင်းချန်က ကျန်းနန်နယ်မြေတစ်ခွင်ရှိ အကျင့်ပျက်ခြစားမှုများအား အမြစ်ပျက် ခြေမှုန်းလိုသည့် ရည်ရွယ်ချက် ရှိသည်။ သူသည် ကျန်းနန်နယ်မြေထဲသို့ ၀င်ရောက်ရန် သင့်တော်သည့် အခွင့်အရေးအား အမြဲရှာဖွေနေခဲ့သည်။ ဆားအခွန်ကိစ္စပြဿနာအား စုံစမ်းစစ်ဆေးနေခြင်းမှတစ်ဆင့် သူသည် ကျန်းနန်နယ်မြေတွင် ပတ်ရံနေသည့် တိမ်မဲများအား ဆုတ်ဖြဲနိုင်မည်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ချင်မင်ဟုန်သည် လျှို့ဝှက်စာအား လက်ခံရရှိခဲ့သည်။ ကျန်းနန်အရာရှိ ဆယ်ယောက်မှာ ကိုးယောက်သည် အကျင့်ပျက်ခြစားနေခြင်းမှာ ဒီပြဿနာမှာ ဘယ်လောက် ကြီးမားကြောင်း ပြသနေသည်။

ဧကရာဇ်ကျင်းချန် နန်းတက်ပြီးနောက်တွင် သူသည် တော်၀င်မိသားစုများ၏ အာဏာအား ဖြုတ်ချနိုင်ခဲ့ကာ သူ့ဂုဏ်သတင်းအား တည်ဆောက်နိုင်ခဲ့သည်။ သို့ပေမဲ့ တာ့ကျင်းမင်းဆက်၏ အကျင့်ပျက်ခြစားမှုများမှာ တစ်ရက် နှစ်ရက်တည်းနဲ့ ဘယ်လို ဖြေရှင်းနိုင်ပါ့မလဲ။ ထို့ကြောင့် ဧကရာဇ်ကျင်းချန်သည် အဆီအနှစ်ပြည့်၀လှသည့် ကျင်းနန်မြို့ပေါ်သို့ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

ဧကရာဇ်ကျင်းချန်၏ ပင်ကိုစရိုက်မှာ သူ့အစ်ကိုတော်ဖြစ်သူ ဧကရာဇ်ကျင်းယွမ်နှင့် လုံးဝ ကွာခြားသည်။ ဧကရာဇ်ကျင်းယွမ်သည် ဇိမ်ခံမှုများပေါ်တွင် မွေ့ပျော်နေခဲ့သည်။ ညီလာခံထဲတွင် သူသည် အပေါင်းအသင်း ပိုမို ခုံမင်ကာ မကောင်းသည့်သူများနှင့် ပိုနီးကပ်နေစဉ်တွင် အမတ်ကောင်းများအား ခပ်တန်းတန်း နေခဲ့သည်။ တာ့ကျင်းမင်းဆက်တွင် ဖုံးကွယ်နေသည့် အကျင့်ပျက်ခြစားမှုများနှင့် အဖျက်အနှောင့်များအား သူ မမြင်သ၍ သူ့အား မထိခိုက်စေဘူးဟု ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ဧကရာဇ်ကျင်းချန်သည် ငြိမ်းချမ်းကာ ဘေးကင်းလုံခြုံမှုရှိသည့် စနစ်အား ပြန်လည်အသက်သွင်းလိုသည့် စိတ်ဆန္ဒပြင်းပြသည်။ ဧကရာဇ်၏ မူလရည်ရွယ်ချက်မှာ ခြားနားတာကြောင့် သူ့၏ ကိုင်တွယ်ဖြေရှင်းပုံမှာလည်း ကွဲပြားမှု ရှိသည်။

“ ချင်မင်ဟုန်က လျှို့ဝှက်စာထဲမှာ ကျန်းနန်က တရားမ၀င် ဆားမှောင်ခိုရောင်း၀ယ်နေတဲ့ လူတွေက အရာရှိတွေနဲ့ ပေါင်းကြံနေတယ်လို့ သတင်းပို့ခဲ့တယ်၊ ချောင်ဂိုဏ်းကလူတွေအတွက်‌ကတော့ သူတို့က တူးမြောင်းဖောက်တဲ့ နေရာမှာ ကူညီပေးကြရတယ် ဆိုပေမဲ့ သူတို့ရဲ့ လုပ်ခက အရမ်းနည်းပါးတာကြောင့် ငွေရေးကြေးရေး ကြပ်တည်းကြတယ်၊ အစကတော့ ချောင်ဂိုဏ်းရယ်၊ တရားမ၀င်ဆားရောင်းတဲ့ ယန်မိသားစုရယ်က ကျန်းနန်အရာရှိတွေနဲ့ အပြန်အလှန် နားလည်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားပြီး နှစ်တွေ အများကြီး သယဇာတဖြစ်အောင် နေထိုင်နိုင်ခဲ့ကြတယ်၊ ဒါပေမယ့် ကျန်းနန်ကနေ ‌ညီလာခံကို နှစ်စဉ်ပေးဆောင်ရတဲ့ အခွန်ငွေတွေက သူတို့ လက်ဖျားကနေ စိမ့်ထွက်လာတဲ့ ငွေပမာဏ အနည်းအကျဉ်းလောက်ပဲလေ”

“လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ချင်ဟွိုက်မျှော်စင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့သုံးဖက်ကြားမှာရှိတဲ့ အပြန်အလှန် ဆက်ဆံရေးက ပြိုကွဲသွားခဲ့တယ်” ရှန်းယောင်က သက်ပြင်းဖျော့ဖျော့ ချသည်။

“ချောင်ရှင်းယွဲ့…..ချောင်ဂိုဏ်းချုပ်ရဲ့ မွေးစားသမီးက ချင်ဟွိုက်မျှော်စင်မှာ သေဆုံးခဲ့တယ်၊ ဒါ့အပြင် သူမရဲ့ ရုပ်အလောင်းက အ၀တ်ကင်းမဲ့နေပြီး ကျာပွတ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်၊ မှုခင်းအရာရှိ ပြောတာတော့ ချောင်ရှင်းယွဲ့က သူမ မသေခင် လူအများကြီး ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်တဲ့”

“ချောင်ရှင်းယွဲ့က ကျန်းနန်ရဲ့ ဆားကုန်သည် လင်ကျီရွှမ်ရဲ့ သားဖြစ်သူ လင်ယုံယန်နဲ့ စေ့စပ်ထားတဲ့သူ…… ချောင်ရှင်းယွဲ့က ၀မ်းနည်းဖွယ်ကောင်းအောင် သေဆုံးခဲ့ရတာကြောင့် ချောင်ဂိုဏ်းချုပ် ချောင်မန်နဲ့ ချောင်ရှင်းယွဲ့ရဲ့ မွေးစားအဖေက လင်အိမ်တော်ကို အပြေးသွားပြီး လင်ယုံယန်ရဲ့ ခြေထောက်ကို ရိုက်ချိုးခဲ့တယ်၊ အဲ့ကနေစပြီး ကျင်းလင်ရဲ့ အခြေအနေတွေက ပြောင်းလဲသွားခဲ့တာပဲ”

“ဒါဆို ချောင်ရှင်းယွဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကိုရော စုံစမ်းရှာတွေ့ခဲ့လား၊ သူမက ချင်ဟွိုက်မျှော်စင်မှာ ဘာလို့ သေဆုံးခဲ့ရတာလဲ” ကျီကျောက်သည် ပို၍ပင် ပဟေဠိဖြစ်လာခဲ့သည်။

“ဒီအမှုက သံသယဖြစ်စရာအချက်တွေနဲ့ ပြည့်နေတယ်လို့ ဘာလို့ ကျွန်မ ခံစားနေရတာလဲ”

“ အမှန်ပဲ” ရှန်းယောင်သည် သူမ လက်လေးအား တိတ်တဆိတ် ကိုင်ကာ သက်ပြင်း ခပ်ဖျော့ဖျော့ ချသည်။

“ကိုယ် ကျင်းလင်ကို ဒီအမှုနဲ့ ပတ်သက်ပြီး အပြေးရောက်လာတုန်းက ဒီအမှုမှာ သံသယ၀င်စရာ အချက်တွေ အများကြီး ရှိတယ်လို့ ကိုယ် ခံစားရတယ်၊ ‌ဒါကြောင့် ကိုယ် အမှုနဲ့ ပတ်သက်တဲ့ အမှုတွဲတွေကို ဆွဲထုတ်ဖို့ နည်းလမ်းတွေ တွေးတောခဲ့ပြီးတော့ သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်”

“လွန်ခဲ့တဲ့ လေးလလောက်က ချောင်ဂိုဏ်းက တင်ပို့ဖို့ တာ၀န်ရှိတဲ့ ကုန်ပစ္စည်း တစ်သုတ်မှာ ပြဿနာတစ်ချို့ ရှိခဲ့တာကြောင့် ချောင်ဂိုဏ်းချုပ် ချောင်မန်နဲ့ ချင်မင်ဟုန်ရဲ့ ဦးလေး ချောင်ရှင်းတို့ ပါ၀င်ညှိစွန်းနေခဲ့ကြတယ်၊ အဲဒီပြဿနာဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာဘဲ အရာရှိတွေက သူတို့နှစ်ယောက်စလုံးကို ဖမ်းဆီးခဲ့ကြတယ်။ ဒါပေမယ့် နှစ်လမြောက်ရဲ့ ဆယ့်ငါးရက်နေ့မှာတော့ အိမ်ပြင်ထွက်ခဲတဲ့ ချောင်ရှင်းယွဲ့က သူဖုန်းစားလေးဆီက စာကို လက်ခံရရှိပြီးတာနဲ့ ချင်ဟွိုက်မျှော်စင်ဆီကို အလျင်စလို ထွက်သွားခဲ့တယ်၊ နောက်တစ်နေ့ကျတော့ တစ်ခုခု ဖြစ်သွားခဲ့တယ်၊ ဒါပေမယ့် ချောင်ရှင်းယွဲ့ သေဆုံးပြီး နေ့တစ်၀က် မတိုင်ခင်မှာဘဲ ချောင်မန်နဲ့ ချောင်ရှင်းတို့ လွတ်လာခဲ့တယ်”

“နောက်တစ်မျိုးပြောရမယ်ဆို ချောင်ရှင်းယွဲ့က သူ့မွေးစားအဖေနဲ့ ဦးလေးကို ကယ်တင်ဖို့ ကြိုးစားရင်း ဒုက္ခရောက်သွားတာလား” ကျီကျောက်သည် ဖြစ်ရပ်တစ်ခုလုံးအား နားထောင်ပြီးနောက် ပို၍ တည်ငြိမ်လာခဲ့သည်။

“လောကကြီးမှာ ဒီလောက် တိုက်ဆိုင်မှုတွေ အများကြီး မရှိနိုင်ဘူး၊ ချောင်မန့်နဲ့ ချောင်ရှင်းတို့ လွတ်လာတဲ့အချိန်မှာ ချောင်ရှင်းယွဲ့က မတော်တဆဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ဒါတွေအားလုံးကို တမင်တကာ ကြံစည်ထားတာလို့ ယူဆရမလား၊ ချောင်ဂိုဏ်းကို ဆန့်ကျင်တဲ့ ထောင်ချောက်တစ်ခုလား”

“ကျောက်ကျောက်က တကယ်ကို ဉာဏ်ကောင်းတဲ့သူပါပဲ” ရှန်းယောင်က ပြုံးပြီး သူ့ဇနီးလေးအား လက်မထောင်ပြသည်။

“အဲ့နောက်တော့ ကိုယ့်ပုံစံကို ဖုံးကွယ်ပြီးတော့ ချင်ဟွိုက်မျှော်စင်ကို သွားခဲ့တယ်၊ ကိုယ် ဖန့်ရွှမ်ချောင်နဲ့ မတော်တဆတွေ့ပြီး သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်”

“အဲ့ဒီနေ့က ချောင်ရှင်းယွဲ့က ချင်ဟွိုက်မျှော်စင်မှာ သူမ လူနှစ်ယောက်တည်းနဲ့ပဲ တွေ့ခဲ့တယ်။”

“သူမ ဘယ်သူတွေနဲ့ တွေ့ခဲ့တာလဲ” ကျီကျောက်က သိချင်စိတ်ဖြင့် မေးသည်။

***

All Chapters