တစ်ယောက်တစ်၀က်။
Vol. 25 Ch. 360
“အဲ့နေ့က ချောင်ရှင်းယွဲ့ ချင်ဟွိုက်မျှော်စင်ကို ရောက်တဲ့အချိန်က ခုနှစ်နာရီ မတ်တင်းဖြစ်ပြီး သူမက ခြောက်ထပ်မြောက်ရဲ့ အပေါ်ခန်းကို သွားခဲ့တယ်၊ ကိုးနာရီမှာ လင်ယို့ယန်က ထွက်သွားခဲ့တယ်၊ သူ မထွက်သွားခင်မှာ ချင်ဟွိုက်မျှော်စင်ရဲ့ သခင်မကို ချောင်ရှင်းယွဲ့ အနားယူနေတာကို မနှောင့်ယှက်ဖို့ ညွှန်ကြားခဲ့တယ်”
“ဒါပေမယ့် နှစ်လပိုင်းရဲ့ ဆယ့်ခြောက်ရက်နေ့ မနက်မှာတော့ ဖန့်ရွှမ်ချောင်ရဲ့ အစေခံက ချောင်ရှင်းယွဲ့ နားနေတဲ့အခန်းထဲကနေ လင်ကျီရွှမ် ထွက်လာတာကို မြင်ခဲ့ရတယ်…. နေ့လည်ဖက်ကြတော့ ချောင်ရှင်းယွဲ့က သေနေခဲ့ပြီ၊ သေဆုံးတာက ရုတ်တရက် သေဆုံးမှုပဲဖြစ်တယ်၊ သူမ မသေခင်မှာ အခိုးငွေ့တွေ အများကြီး ရှူရှိုက်ခဲ့မိတယ်”
ကျီကျောက်သည် ချောင်ရှင်းယွဲ့နှင့် လူချင်းမသိသော်ငြား ဒီအချိန်ခိုက်တွင် ဒီဆယ့်ခုနှစ်နှစ်အရွယ် မိန်းကလေးငယ်လေးအတွက် သူမ နှလုံးသားမှာ နာကျင်နေခဲ့သည်။
“နောက်တစ်မျိုးပြောရရင် ချောင်ရှင်းယွဲ့ မသေခင်မှာ လင်သားအဖနဲ့ပဲ သူမ တွေ့ခဲ့တာပေါ့” ကျီကျောက်သည် သူမ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ အသံနက်နက်ဖြင့် ပြောသည်။
“လင်သားအဖက လူသတ်သမားတွေလား၊ ဒါပေမယ့် ချောင်ရှင်းယွဲ့နဲ့ လင်ယို့ယန်တို့က စေ့စပ်ပြီးသား မဟုတ်ဘူးလား၊ သိပ်မကြာခင်မှာဘဲ သူက သူမနဲ့ လက်ထပ်ပြီး သူမကို ပိုင်ဆိုင်ရတော့မဲ့ဟာကို ဘာလို့ သူက….”
ရုတ်တရက် သူမ တစ်ခုခုအား တွေးမိသွားကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ချောင်ရှင်းယွဲ့က အနိုင်ကျင့်တဲ့သူက လင်ကျီရွှမ်များလား။
ချောင်ရှင်းယွဲ့သည် လင်မိသားစု၏ လက်မထပ်ရသေးသည့် ချွေးမ ဖြစ်သည်။ လင်ကျီရွှမ် ဘယ်လောက်ပဲ ရူးသွပ်ပါစေ၊ သူ မလုပ်သင့်……
“ ကျောက်ကျောက် တချို့လူတွေက သားရဲတိရစ္ဆာန်တွေ အဖြစ် မွေးလာကြတာလေ” သူမ၏ ခံစားချက်များ အနည်းငယ် မကောင်းဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့် ရှန်းယောင် သူမ လက်လေးအား အလျင်အမြန် ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
“လင်သားအဖကို အပြစ်ပေးဖို့ သက်သေအထောက်အထားတွေ ရှာရမယ်။ ဒါကြောင့် ကိုယ် ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် သုံးခဲ့ပေမယ့် လင်းကျီရွှမ်က ဒီလောက် လိမ္မာပါးနပ်နေလိမ့်မယ်လို့ ကိုယ် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူက ကိုယ့်ကို တမင် ထောင်ချောင်ဆင်ထားခဲ့တာ” ရှန်းယောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။
“ကိုယ်က အရမ်းပေါ့ဆမိလို့ သူ့ထောင်ချောက်ထဲ ကျသွားခဲ့တာပဲ”
ကျင်းချန်ဧကရာဇ် နန်းတက်ပြီးကတည်းက ရှန်းယောင်ဟာ သူ့ရဲ့ အသုံးဝင်ဆုံးလက်နက်အနေနဲ့ သံမဏိဝန်ကြီးချုပ်ဘွဲ့ကို ရရှိထားသည်။
ရှန်းယောင်က လိမ္မာပါးနပ်ပြီး အရင်းအမြစ် ကြွယ်ဝသူတစ်ယောက်ဖြစ်တာကြောင့် လင်းသားအဖကို အစပိုင်းတွင် အလေးအနက် မထားမိပေ။ ထို့ကြောင့် သူ ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရတာပါ။
“ကျွန်မ ရှင့်ရင်ဘတ်က ဒဏ်ရာကို သေချာစစ်ဆေးပြီးပြီ” ကျီကျောက်က ဒေါသတကြီး ဟန်ဆောင်ပြီး ပြောလိုက်သည်။ “လေးသမားရဲ့ ကျွမ်းကျင်မှု မလုံလောက်လို့ ဒဏ်ရာက အရေးကြီးတဲ့ နေရာကို မထိုးဖောက်နိုင်သွားတာ ရှင် ကံကောင်းတယ်။”
“ငရဲဘုရင်တောင်မှ ကျောက်ကျောက်နဲ့ ကိုယ် အတူ မအိုမင်းမသွားသေးရင် မခေါ်သွားနိုင်ဘူးဆိုတာ သိနေတယ်။ ဒါကြောင့် သူက ကိုယ့်အသက်ကို မယူခဲ့တာ ဖြစ်မယ်။”
“အဓိပ္ပါယ်မရှိလိုက်တာ” ကျီကျောက်က စိတ်အနှောင့်အယှက်ဖြစ်စွာ သူ့နားရွက်ကို ဆွဲလိမ်လိုက်သည်၊ “ဖန့်ရွှမ်ချောင်ရော… သူ ဘာဖြစ်သွားတာလဲ။” ကျီကျောက်က ဆက်မေးလိုက်သည်။
“လင်ကျီရွှမ်က ဆေးသုတ်ထားတဲ့လှေထဲကို ရေနံဆီ အများကြီး ထည့်လိုက်တယ်။ ကိုယ် အများကြီး စဉ်းစားပြီးတဲ့နောက် တူးမြောင်းထဲကို ကိုယ် ခုန်ဆင်းလိုက်တယ်။ မူလအစီအစဉ်အရ တစ်ယောက်ယောက်က ကိုယ့်ကို လာကြိုလိမ့်မယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ကိုယ် ရုတ်တရက် သတိလစ်သွားတယ်။ ကိုယ် နိုးလာတဲ့အခါ ဖန့်ရွှမ်ချောင်ရဲ့ ကိုယ်ပိုင်အိမ်ထဲမှာ ရောက်နေတယ်” ရှန်းယောင်က ရိုးသားစွာ ရှင်းပြသည်။
“ကျွန်မ နားလည်ပြီ” ကျီကျောက် အသာခေါင်းညိတ်ပြီး သူမ၏ မေးစေ့ကို တွေးတောဟန် ပွတ်သပ်လိုက်သည်။ “ရှန်းယောင် ဒီအကြပ်အတည်းကို ကျော်လွှားကို ကျွန်မတို့ ဘာလုပ်သင့်လဲ။”
“ပြောင်းလဲမှုအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ရမယ်” ရှန်းယောင်က ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။
“ဒါပေမယ့်…”
“ကျောက်ကျောက် ကိုယ့်ကို ယုံပါ” ရှန်းယောင်က သူမ၏ လက်ဖဝါးလေးကို အသာညှစ်ပြီး အပြုံးဖြင့် ရှင်းပြလိုက်သည်။ “ဒါနဲ့ ကျောက်ကျောက် ကျင်းလင်အုပ်ချုပ်ရေးမှူး တုမင်ဟိုင်က အရှင်မင်းကြီးရဲ့ လူပဲ။ ချင်ဟွိုက်မျှော်စင်က လျို့ရူရွှမ် ပျောက်သွားကြောင်း တုမင်ဟိုင်ကို အကြောင်းကြားဖို့ လူတစ်ယောက် စေလွှတ်ပေးဖို့ ကျောက်ကျောက် မမေ့နဲ့နော်။”
ကျီကျောက်က ခဏလောက် လေးလေးနက်နက် စဉ်းစားလိုက်ပြီး အံ့ဩတကြီး မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
“ချင်ဟွိုက်မျှော်စင်လား။”
ချောင်ရှင်းယွဲ့၏ အမှုသည် ချင်ဟွိုက်မျှော်စင်တွင် ဖြစ်ပွားခဲ့ပြီး လျိုရူရွှမ်းသည် လင်ကျီရွှမ်၏ လူယုံတော်ဖြစ်ကြောင်း လူသိများသည်။
ချင်ဟွိုက်မျှော်စင်ကို သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားရင် သက်ဆိုင်ရာ အထောက်အထားတွေကို သေချာပေါက် တွေ့ရလိမ့်မယ်။”
“အစ်ကိုချင်ရော…”
“အခုအချိန်မှာ သူ့ကို ကိုယ့်အကြောင်း မပြောနဲ့ဦး” ရှန်းယောင်က မျက်လုံးမှိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ကျီကျောက် ရင်နင့်သွားသည်။ “ရှန်းယောင် အစ်ကိုချင်ကို မယုံကြည်ရဘူးလို့ ရှင် ထင်နေတာလား။”
ရှန်းယောင်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ “ကိုယ် အစ်ကိုချင်ကို မယုံကြည်တာ မဟုတ်ဘူး။ ဒီအမှုမှာ ချောင်ဂိုဏ်းက လူတချို့ ပါဝင်ပတ်သက်နေတယ်။ အစ်ကိုချင်ပါ ပါဝင်လာရင် သူ စိတ်လိုက်မာန်ပါ လုပ်မိမှာကို ကိုယ် စိုးရိမ်တယ်။”
“ကောင်းပါပြီ။”
မေလ၏ လဝက်ကျော်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကျင်းလင်မြို့၏ နေရောင်သည် တောက်ပနေဆဲ ဖြစ်သည်။
ကျန်းနန်ဒေသသည် တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့သော ရာသီဥတုကို ခံစားနိုင်သည်။
လဝက်ခန့် အနားယူပြီးနောက် ရှန်းယောင်၏ ဒဏ်ရာများ တဖြည်းဖြည်း ပျောက်ကင်းသွားသည်။
“ချောင်ဂိုဏ်းဝင်တွေက လင်းမိသားစုအိမ်တံခါးဝကို နေ့တိုင်း ပိတ်ဆို့နေကြတယ်။ လင်ယို့ယန်က ကာလသားရောဂါကူးစက်ခံရပြီး လင်ကျီရွှမ်က သူ့ကို စွန့်ပစ်လိုက်တယ်လို့ကြားတယ်” ကျီကျောက်က ပန်းသီးအခွံနွှာရင်း ပြောပြလိုက်သည်။ “ကံမကောင်းစွာပဲ လင်းမိသားစုအိမ်ထဲ ကျွန်မတို့ မရှာဖွေနိုင်ခဲ့ဘူး။ တကယ်လို့ လင်ကျီရွှမ်ရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်ရင် ကျွန်မတို့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။”
“ကျင်းလင်းမြို့စား တုမင်ဟိုင်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အရှင်မင်းကြီးရဲ့ လူယုံတော်တစ်ယောက်ပဲ။ အရှင်မင်းကြီး နန်းတက်ပြီးချိန် ကျင်းလင်မှာ အဂတိလိုက်စားမှုတွေ အရမ်းများတယ်ဆိုတာကို အရှင်မင်းကြီး သဘောပေါက်သွားတာကြောင့် တုမင်ဟိုင်ကို ကျင်းလင်ကို အစောကြီးကတည်းက စေလွှတ်ဖို့ စီစဉ်ခဲ့တယ်။” ရှန်းယောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ကိုယ် ကျင်းလင်ကို မလာခင် အုပ်ချုပ်ရေးမှူးတုနဲ့ တွေ့ဖူးတယ်။ လင်မိသားစု စံအိမ်ကြီးက ခံတပ်တစ်ခုလို ခိုင်မာပေမယ့် နံရံအပြင်ဘက်က ရှုခင်းတွေကို စူးစမ်းလေ့လာချင်တဲ့ လူတချို့ကို မတားဆီးနိုင်ဘူး။”
ကျီကျောက်သည် သူ့စကားတွေရဲ့ နောက်ကွယ်က မပြောဖြစ်တဲ့ အဓိပ္ပါယ်ကို နားလည်သွားပြီး ပန်းသီးကို တစ်ကိုက် ကိုက်လိုက်မိသည်။ ပန်းသီးကိုက်သံကို ကြားလိုက်ရတာကြောင့် ရှန်းယောင် အံ့အားသင့်သွားသည်။ “ဒီပန်းသီးက ကျောက်ကျောက် ကိုယ့်ကို ခွာပေးတာ မဟုတ်ဘူးလား။”
“တစ်ယောက်တစ်ဝက်” ကျီကျောက်က ပြုံးပြီး ပန်းသီးရဲ့ မပျက်စီးသေးတဲ့ တစ်ဖက်ကို သူ့ကို ပေးလိုက်သည်။
ဒါပေမယ့် ရှန်းယောင်က သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲပြီး ပန်းသီးပေါ်မှာ ချန်ထားခဲ့တဲ့ ပန်းသီးကိုက်ရာပေါ် ကိုက်စားလိုက်သည်။
ဘာကြောင့်မှန်းမသိပေမယ့် ကျီကျောက်တစ်ယောက် သူမရဲ့ နားတွေ ပူလောင်သွားသလို ခံစားလိုက်ရသည်။
“အဟမ်း… ဒါဆို မြို့စားတုက လင်အိမ်တော်မှာ သူ့လူတွေ ထည့်ထားနိုင်ပြီပေါ့။”
“အင်း…” သူမ၏ ပန်းနုရောင် ပါးပြင်များကို ကြည့်ပြီး ရှန်းယောင် ရင်ခုန်သံ မြန်ဆန်သွားကာ သူ့နှုတ်ခမ်းများကို တိတ်တဆိတ် ကွေးညွှတ်လိုက်မိသည်။ “ကျောက်ကျောက် စောင့်ကြည့်နေလိုက်။ ရက်အနည်းငယ်အတွင်း ကျင်းလင်မြို့မှာ အပြောင်းအလဲ အကြီးစားတွေ ဖြစ်ပေါ်လာလိမ့်မယ်။”
ကျီကျောက်က ခပ်ဖျော့ဖျော့ တုံ့ပြန်လိုက်သည်။ သူမ ခန်းအာကို လွမ်းနေမိပြီ။
နှစ်ရက်အကြာတွင် လင်ယို့ယန်သည် တရားမျှတမှုအတွက် အယူခံဝင်ရန် ဗုံတီးကာ သူ့အဖေ လင်ကျီရွှမ်က တဏှာစိတ် ငယ်ထိပ်ရောက်ပြီး သူ့ချွေးမကို အနိုင်ကျင့်စော်ကားခဲ့သည်ဟု တိုင်ကြားခဲ့သည်။
ဒီသတင်းက ကျင်းလင်မြို့ တစ်မြို့လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
ကျီကျောက်တောင် ဒီသတင်းကိုကြားတော့ ကြောင်အသွားမိသည်။
“လင်ကျီရွှမ်က တဏှာကြီးသူဖြစ်တဲ့အပြင် အမျိုးသမီးတွေကို ပြည့်တန်ဆာလုပ်ငန်းထဲ အတင်းအကြပ် ခိုင်းစေတာ အပါအဝင် နှစ်ပေါင်းများစွာ မရေမတွက်နိုင်တဲ့ မကောင်းမှု ကိစ္စရပ်တွေ ပြုလုပ်ခဲ့တယ်။ အခုတော့ လင်ယို့ယန်ရဲ့ ဝန်ခံချက်တွေနဲ့အတူ ချောင်ရှင်းယွဲ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အမှန်တရားက တဖြည်းဖြည်း ပေါ်လာခဲ့ပြီ” ရှန်းယောင်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ကံမကောင်းစွာပဲ ကိုယ်တို့တွေ ကိုင်တွယ်နိုင်တာ နောက်ကျနေတုန်းပဲ။”
သူတို့သာ ကျင်းလင်ကို စောစောရောက်ခဲ့ရင် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ မဆုံးရှုံးလောက်ဘူး။
“သားတစ်ယောက်က သူ့အဖေကို တရားစွဲတဲ့အခါ ဒါမှမဟုတ် သာမန်လူတစ်ယောက်က အရာရှိတစ်ယောက်ကို တရားစွဲတဲ့အခါ တာ့ကျင်းရဲ့ ဥပဒေအရ တိုင်ကြားသူဟာ သံချောင်းအခင်းပေါ်မှာ လိမ့်သွားဖို့ လိုအပ်တယ်။ စွပ်စွဲချက် မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ရင် တိုင်ကြားသူဟာ အရှင်လတ်လတ် မီးရှို့ခံရတဲ့ ညှင်းပန်းနှိပ်စက်မှုကိုလည်း ခံရလိမ့်မယ်။” ကျီကျောက်က မျက်လွှာချပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်။ “လင်ယို့ယန်က အမြဲတမ်း သောက်စားပျော်ပါးနေတတ်သူတစ်ယောက်ပဲ။ သူ့အဖေကို တရားစွဲဖို့ ဘယ်လို သတ္တိမျိုး ရုတ်တရက် ရလာတာလဲ။”
“လူပေါ်ကြော့တစ်ယောက်မှာတောင် အားနည်းချက်တွေ ရှိတတ်တယ်” ရှန်းယောင်က သူမရဲ့ လက်ကို ညင်သာစွာ ကိုင်ပြီး အပြုံးဖြင့် ပြောသည်။ “ကျောက်ကျောက်က အတွင်းဇာတ်လမ်းကို သိချင်တယ်ဆိုရင် ကိုယ်နဲ့အတူ မြို့စားတုအိမ်တော်ကို လိုက်ခဲ့ပါလား။”
***