← Chapters

ကျောက်ကျောက် မတွေ့ရတာကြာပြီနော်။(ဇာတ်သိမ်း)

Vol. 25 Ch. 363

ကျောက်ကျောက် မတွေ့ရတာကြာပြီနော်။(ဇာတ်သိမ်း)

Vol. 25 Ch. 363

ကျီကျောက်သည် သူမအား တအံ့တဩ ကြည့်လိုက်ကာ သိချင်စိတ်ဖြင့် မေးသည်။ “ချွင်းယန် ညီမ အရင်က အရှင်မင်းကြီးကို မြင်ဖူးတာလား”

“ဟုတ်” ဖုန့်ချွင်းယန်သည် သူမ ခေါင်းလေးအား ရှက်ကိုးရှက်ကန်း ညိမ့်ပြသည်။

“ခန်းအာ မွေးပြီး သုံးရက်နေတော့ အရှင်မင်းကြီး ဒီကိုလာခဲ့တယ်…. ညီမ….. ညီမ ကျွမ်ကျွမ်နဲ့ စွန်လွှတ်နေတဲ့အချိန်မှာ စွန်က ရုတ်တရက် လွင့်သွားပြီး သစ်ပင်ပေါ်မှာ သွားချိတ်နေခဲ့တယ်၊ နောက်တော့ အရှင်မင်းကြီးက ညီမတို့အတွက် စွန်ကို ယူပေးခဲ့တယ်….”

တကယ်တော့ အဲ့အချိန်တွင် ဖုန့်ချွင်းယန်သည် အရှင်မင်းကြီး၏ မျက်နှာအား မကြည့်ရဲခဲ့ပေ။ အရှင်မင်းကြီး၏ ခန္ဓာကိုယ်မှ မွှေးရနံ့မှာ အလွန် နှစ်လိုဖွယ်ကောင်းသည်ဟု သူမ ခံစားခဲ့ရရုံသာ ဖြစ်သည်။

ထို့အပြင် ဧကရာဇ် နောက်လှည့်ကာ ထွက်သွားမည့်အချိန်တွင် သူမ အားခဲကာ အကြည့်တစ်ချက် ခိုးကြည့်လိုက်မိသည်။ သူမ ဧကရာဇ်၏ ဘေးဘက်မျက်နှာကိုသာ မြင်ခဲ့ရပေမဲ့ ထိုအကြည့်တစ်ချက်မှာ ဖုန့်ချွင်းယန်၏ နှလုံးသားကို လှုပ်ခတ်ရန် လုံလောက်သည်။

“ အစ်မအာ့ထောင် အရှင်မင်းကြီးက ညီမအတွက် လှမ်းမမှီနိုင်တဲ့ ဖြစ်တည်မှုပါ၊ အရှင်မင်းကြီးက တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲမှာ အရပ်သားတွေကိုပါ ပါ၀င်ခွင့်ပြုလိုက်တယ်လို့ ညီမ ကြားခဲ့ရတာကြောင့် ညီမကိုယ်ညီမ မထိန်းချုပ်နိုင်ခဲ့ရုံပါ…..”

ထို့ကြောင့် ဖုန့်ချွင်းယန်တစ်ယောက် ကြင်ယာတော်ရွေးချယ်ပွဲတွင် တိတ်တဆိတ် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ သူမ အကြိုရွေးချယ်ပွဲအား အောင်မြင်သွားသည်ဟု သိလိုက်ရသောအခါ သူမ အလွန်ပျော်ရွှင်သွားမိသည်။

သို့ပေမဲ့ ဒီသတင်းက ရှန်းမိသားစုအိမ်တော်သို့ ရောက်ချလာချိန်တွင် အကြီးဆုံးမရီးရှန်းမှာ ဒေါသထွက်ခဲ့သည်။

“ချွင်းယန် ညီမ တကယ်ပဲ အရှင်မင်းကြီးကို သဘောကျတာလား” ကျီကျောက်သည် သူမ၏ ရဲတွက်နေသည့် မျက်နှာလေးအားကြည့်လျက် အပြုံးနုနု ပြုံးပြသည်။

“ညီမသာ နန်းတော်ကို ၀င်ချင်တယ်ဆို အစ်မ မရီးကို ခွင့်ပြုပေးဖို့ ဖျောင်းဖျပေးပါ့မယ်၊ ဒါပေမယ့် ညီမ အစ်မကို ကတိတစ်ခုပေးရမယ်”

“ အစ်မအာ့ထောင် ညီမကိုပြောပါ” ဖုန့်ချွင်းယန်သည် စိတ်မရှည်လက်မရှည် မေးခဲ့သည်။

“ညီမ တစ်ယောက်ယောက်ကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ရမယ်” ကျီကျောက်သည် သူမ ခေါင်းလေးအား ပွတ်သပ်ကာ ညင်သာစွာကြည့်လျက် အကြံပေးသည်။

“ညီမ နန်းတော်ကို ၀င်လိုက်တာနဲ့ ညီမက ဖုန့်ချွင်းယန် မဟုတ်တော့ဘူး၊ ဒါပေမယ့် အရှင့်ရဲ့ မိဖုရားတစ်ပါး ဖြစ်သွားလိမ့်မယ်၊ မိဖုရားတစ်ပါးအနေနဲ့ ညီမက နန်းတွင်းရဲ့စည်းမျဉ်းတွေနဲ့ ဘောင်ခတ်ခံရလိမ့်မယ်၊ အနာဂတ်မှာ ခြေလှမ်း တစ်လှမ်းချင်းဆီကို ဂရုစိုက်ရမယ်၊ လက်ရှိဧကရာဇ်က စိတ်ဆန္ဒကို ဦးစားပေးတဲ့ လူမျိုး မဟုတ်ဘူး၊ ညီမအနေနဲ့ အရှင့်ရဲ့ နှလုံးသားထဲကို လွယ်လွယ်နဲ့ ၀င်နိုင်မှာ မဟုတ်ဘူးနော်”

“ အစမှာတော့ ညီမ စိတ်လှုပ်ရှားနေလိမ့်မယ်၊ ဒါပေမယ့် ညီမရဲ့ အားထုတ်မှုတွေက အသိအမှတ်ပြုမခံရတဲ့အခါ ညီမ ၀မ်းနည်းပူဆွေးရမယ်၊ အဲ့အချိန်ကြရင် ညီမရဲ့အချစ်တွေက တဖြေးဖြေး ပျောက်ကွယ်သွားလိမ့်မယ်၊ လောကမှာရှိတဲ့ မြင်မြင်ချင်းအချစ်အများစုက တပ်မက်မှု ဆန္ဒတွေပါပဲ၊ ဒီအကြောင်းကို စဉ်းစားပါဦး၊ ညီမ အရှင်မင်းကြီးကို တစ်ခါပဲတွေ့ဖူးတာနဲ့ သူ့ပုံပန်းသဏ္ဍာန်ကို ဘယ်လိုသိနိုင်ပါ့မလဲ”

ဖုန့်ချွင်းယန်သည် သူမဒီစကားများအား ကြားသည့်အခါ မှင်သက်နေမိသည်။

အဆုံးမှာတော့ သူမ အကြည့်မှာ ပို၍လေးနက်လာသည်။ “ အစ်မအာ့ထောင် ညီမ ရဲရဲဝံ့ဝံ့နဲ့ ကြိုးစားကြည့်ချင်ပါတယ်၊ အဆုံးမှာ ညီမ အရှင်မင်းကြီးနှလုံးသားထဲကို မရောက်နိုင်ခဲ့ရင်တောင် ညီမ သူ့ကို အဝေးကနေ မြင်နိုင်နေသမျှ ပျော်ရွှင်၀မ်းမြောက်နေမိမှာပါ”

“ညီမကိုယ်ညီမ စိတ်ပိုင်းဖြတ်ပြီးပြီဆိုမှတော့ အစ်မ ထပ်ပြီး ဖျောင်းဖျမနေတော့ပါဘူး၊ မရီးရှန်းအတွက်က အစ်မ ကူညီပါ့မယ်” မထွက်သွားခင် ကျီကျောက်သည် သူမ နှာခေါင်းထိပ်လေးအား တို့ထိလိုက်ကာ ပြုံးပြသည်။

“ချွင်းယန် ညီမ ဒီလမ်းကိုလျှောက်ဖို့ ကိုယ့်ဘာသာ ရွေးချယ်လိုက်ပြီဆိုမှတော့ ရဲရဲဝံ့ဝံ့လျှောက်လှမ်းရမယ်၊ ညီမအတွက် အကောင်းဆုံးတွေဖြစ်ဖို့ အစ်မ ဆုတောင်းပေးပါတယ်”

“ အစ်မအာ့ထောင် ကျေးဇူးပါနော်” ဖုန့်ချွင်းယန်သည် ကျေးဇူးတင်စွာ ပြုံးပြသည်။

ထို့နောက် ဖုန့်ချွင်းယန်သည် သူမ ဆန္ဒရှိသည့်အတိုင်း နန်းတော်ထဲသို့ ၀င်ရောက်ခဲ့သည်။ သူမသည် ရှန်းမိသားစုမှ ရောက်လာသည့်အတွက် နန်းတော်ထဲ ၀င်၀င်ချင်းမှာဘဲ ချိုက်ရန်အဆင့် ပေးအပ်ခံခဲ့ရသည်။

နောက်ပိုင်းတွင် သူမသည် ရှစ်နှစ်တာ အချိန်ကာလအား ကုန်ဆုံးကာ သူမ၏ ချစ်မြတ်နိုးမှု စိတ်ရင်းအမှန်အား ဧကရာဇ်ကျင်းချန်၏ ရေခဲနှလုံးသားကို အရည်ပျော်စေခဲ့သည်။ နောက်တော့ သူမသည် ဧကရာဇ်ကျင်းချန် လေးစားမြတ်နိုးရသည့် ဧကရီတစ်ပါး ဖြစ်လာခဲ့သည်။

ကျင်းချန်ဘုရင်၏ ဒုတိယနှစ်တွင် ရှန်းယောင်နှင့် ကျီကျောက်တို့သည် ရှန်းဟယ်ရွာသို့ အတူပြန်ခဲ့ကြသည်။

ရထားလုံးအား မတင်သည့်အချိန်တွင် နှစ်ဦးသားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ပြုံးလိုက်ကြသည်။

“သိပ်မကြာခင်မှာ အဖေ တော်၀င်သမားတော်လီကို ရွာသူကြီးဆီ အလည်လာပေးဖို့ ဖိတ်ခေါ်ရမယ်” ရှန်းတာ့ရှန်သည် မျက်မှောင်ကြုတ်ကာ ပြောသည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှန်းဟယ်ရွာအနီးနားက ရွာတချို့က ပေါင်းစည်းခဲ့ကြတာကို ရွာသူကြီးက အများကြီး ကူညီထောက်ပံ့ပေးခဲ့တယ်”

ရှန်းမုန့်ဟူသည် ပညာရှိကာ အမျှော်မြင်ကြီးသည့်သူတစ်ယောက် ဖြစ်သည်။

ထို့အပြင် သူသည် အရင်က ရှန်းယောင်အား အများကြီး ကူညီပေးခဲ့သည်။

ရှန်းတာ့ရှန်၏ မျက်လုံးထဲတွင် ရှန်းမုန့်ဟူသည် လေးစားထိုက်သည့် လူကြီးတစ်ယောက် ဖြစ်သည်။

နှစ်ရက်အကြာတွင် ရှန်းမုန့်ဟူမှာ ကွယ်လွန်သွားခဲ့သည်။

သိုပေမဲ့ သူ မထွက်သွားခင်ထိ သူ့မျက်နှာပေါ်တွင် အပြုံးရေးရေး ကျန်ရှိခဲ့သည်။

ရှန်းတာ့ရှန်သည် ရွာသူကြီး၏ မိသားစုအား ကူညီပေးကာ ရှန်းမုန့်ဟူအတွက် စည်ကားသက်၀င်သည့် ဈာပနအား ကူညီပြင်ဆင်ပေးခဲ့သည်။

ထို့နောက် ရှန်းတာ့ရှန်သည် ရှန်းဟယ်ရွာ၏ ရွာသူကြီးအသစ် ဖြစ်လာခဲ့သည်။

ရှန်းယောင်သည် ကျီကျောက်အား အဖော်ပြု၍ မြေကမ္ဘာဘုရားကျောင်းအား ပြန်လည်ပြုပြင်ပေးခဲ့သည်။ သူတို့သည် မြေကမ္ဘာဘုရားအား ရွှေဆိုင်းအပြည့် ကပ်လှူပြီး ပြန်လည်ပြုပြင်ပေးခဲ့သည်။

နှစ်များစွာကြာပြီးနောက် ကျီကျောက်သည် ဆိုင်ခွဲ အများအပြား ဖွင့်လှစ်နိုင်ခဲ့သည်။ တင်းယွမ်ကောင်တီမှ ယွင်ချွမ်စီရင်စုထိ၊ ယွင်ချွမ်စီရင်စုမှ နန်းမြို့တော်အထိ ကျင်းမင်းဆက်၏ စီရင်စုတိုင်းတွင် ချွင်းဖုန့်စားသောက်ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ချွင်းဖုန့်စားသောက်ဆိုင်၏ နောက်ကွယ်မှ သူဌေးမှာ ကျင်းမင်းဆက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။

အလွန်နည်းပါးသည့် လူနည်းစုသာ ကျင်းမင်းဆက်၏ အချမ်းသားဆုံးပုဂ္ဂိုလ်မှာ တော်၀င်အကြံပေးအမတ် မိသားစု၀င်ဖြစ်ကြောင်း သိသည်။

ကျင်းချန်ဘုရင်၏ နန်းသက် လေးနှစ်မြောက်တွင် အကြံပေးအမတ်ရှန်းသည် သူ့ဆွေမျိုးများအား ခေါ်ယူ၍ အနောက်မြောက်ဖက်ရှိ မြေရိုင်းများအား ပြန်သိမ်းယူ၍ အနောက်မြောက်ဖက်ရှိ ပြည်သူများ ခိုလှုံကြရန် အကူအညီပေးခဲ့သည်။

ကျင်းချန်ဘုရင်၏ နန်းသက်ခြောက်နှစ်တွင် ကျီကျောက်သည် ရှန်းယောင်အတွက် ရှန်းအန်အန်းဆိုသည့် နောက်ထပ် သမီးလေးတစ်ယောက်အား ဖွားမြင်ပေးခဲ့သည်။

ကျင်းချန်ဧကရာဇ်၏ နန်းသက်ရှစ်နှစ်မြောက်တွင် ကျင်းချန်ဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် တာ့ကျင်းမင်းဆက်မှာ အချမ်းသာဆုံးနှင့် အင်အားအကြီးမားဆုံး တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။

ကျင်းချန်ဘုရင်အုပ်စိုးသည့် နန်းသက် ဆယ့်ငါးနှစ်မြောက်တွင် ရှန်းတာ့ရှန်နှင့် သူ့ဇနီးတို့ အပြင်းအထန် နာမကျန်း ဖြစ်ကာ ကွယ်လွန်သွားခဲ့ကြသည်။ သူတို့ ကွယ်လွန်ပြီး သုံးနှစ်ပြည့်တွင် ရှန်းယောင်သည် နန်းတော်မှ နှုတ်ထွက်ခဲ့သည်။ သို့ပေမဲ့ သူ ပြန်အပ်ခဲ့သည့် ဂုဏ်ပုဒ်များအား ကျင်းချန်ဧကရာဇ်မှ ပြန်လည် ပေးအပ်ခဲ့သည်။

ကျင်းချန်ဧကရာဇ်၏ နန်းသက် ၃၀ ပြည့်နှစ်တွင် ပထမ‌အဆင့် တော်၀င်အကြံပေးအမတ် ရှန်းယောင်သည် သူ့အသက် ခြောက်ဆယ်တွင် နာမကျန်းမှုဖြင့် ကွယ်လွန်သွားခဲ့သည်။ နောက်နှစ် နွေဦးရာသီတွင် သူ့ဇနီး သခင်မကျီမှာ အိပ်ပျော်နေရင်းဖြင့် ကွယ်လွန်သွားခဲ့သည်။

ရှန်းယောင် ဆုံးပါးသွားပြီးနောက် ဧကရာဇ်ကျင်းချန်သည် သူ့အား ပထမအဆင့် ယီမြို့စားဘွဲ့ကို အပ်နှင်းခဲ့သည်။ သူ့ဇနီး ကျီကျောက်အား ပထမအဆင့် သခင်မအဖြစ် အပ်နှင်းခဲ့သည်။

ဧကရာဇ်ကျင်းချန်မှ တော်၀င်ဂုဏ်ပုဒ်များ မအပ်နှင်းခင်မှာ ကျင်းမင်းဆက်မှ ပြည်သူများသည် တော်၀င်မြို့စားယီနှင့် သူ့ဇနီးသည်တို့မှာ တိုင်းပြည်နှင့် လူထုအား အကျိုးပြုစေသည့် မရေတွက်နိုင်သော ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သည်ကို သိရှိခဲ့ရသည်။

သူမ မဆုံးပါးခင်မှာ မြို့စားကတော်သည် သူမ၏ စည်းစိမ်ဥစ္စာများအား တော်၀င်ညီလာခံသို့ လှူဒါန်းခဲ့သည်။

ဤရိုးသားဖြောင့်မတ်မှုမှာ မရေတွက်နိုင်သည့် လူအများ၏ ရင်ထဲသို့ ထိစေခဲ့သည်။

ထိုအချိန်မှစ၍ တော်၀င်မြို့စားယီနှင့် သူ့ဇနီးသည်တို့၏ ပုံပြင်လေးမှာ လူပြောများသည့် ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့သည်။

“ငါဟာ ကြီးမားတဲ့ ကမ္ဘာကြီးကနေ မလွတ်မြောက်နိုင်ခဲ့ဘူး…… ငါဟာ အိပ်နေရင်း ယောင်နေခဲ့မိတယ်….. အစစ်အမှန်လား ပုံရိပ်ယောင်လားဆိုတာကို ရုန်းကန်နေခဲ့ရတယ်……”

သူ့ဖုန်းကနေ ရင်းနှီးနေတဲ့ ဖုန်းခေါ်သံ ရုတ်တရက် မြည်လာခဲ့သည်။ ကျီကျောက်သည် စားပွဲခုံပေါ်တွင် လဲလျောင်းနေလျက် ရုတ်တရက် နိုးထလာခဲ့သည်။

“ဟယ်လို”

“ အမလေး ကျောက်ကျောက်ရေ နင် နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့၊ ငါနင့်ကို သုံးနာရီလောက် ဖုန်းခေါ်နေခဲ့ရတာ သိရဲ့လား၊ ဒါပေမယ့် နင့်ဖုန်းက မအားသေးပါဘူး ဆိုတာချည်းပဲ၊ ဘာဖြစ်နေလို့လဲ၊ ငါ့ကို စောင့်နေနော်။ ငါ နင့်အိမ်ကို မကြာခင် ရောက်တော့မယ် ပီ* ပီ* ပီ*….”

ဖုန်းထဲမှ အလျင်လိုနေသည့် အသံအား ကြားလိုက်ရသဖြင့် ကျီကျောက် မှင်သက်သွားမိသည်။

စားပွဲခုံပေါ်မှ ဟင်းချက်စာအုပ်ပေါ်သို့ သူမ အကြည့် ရောက်သွားခဲ့သည်။ ထို့နောက် ကျီကျောက်သည် ဖြည်းညှင်းစွာ မီးအိမ်အား ဖွင့်လိုက်ကာ သူမ စိတ်ရှုပ်ထွေးစွာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကျီကျောက် တစ်စုံတစ်ခုအား အတည်ပြုလိုက်သည်။ သူမ နှစ်ဆယ့်တစ်ရာစုသို့ ပြန်ရောက်နေခြင်း ဖြစ်သည်။

သူမရဲ့ အချစ်ဆုံး သူငယ်ချင်း ကျောက်ရွှယ် ရောက်လာချိန်တွင် သူမ ဘာကြောင့် စာအုပ်ထဲသို့ ကူးပြောင်းသွားရကြောင်း နားလည်သွားခဲ့သည်။

ကျောက်ရွှယ်သည် အွန်လိုင်း၀တ္ထု စာရေးဆရာ တစ်ယောက်ဖြစ်ကာ သူမ အရင်က ဖတ်ခဲ့သည့် စာအုပ်သည် သူမ၏ စာအုပ်အသစ် ဖြစ်သည်။

သို့ပေမဲ့ ကျောက်ရွှယ်၏ မူလဇာတ်လိုက်မင်းသမီး ကျီအာ့ထောင်မှာ ဦးဏှောက်မရှိကာ ၀မ်းနည်းစရာကောင်းသည်ဟု ခံစားရတာကြောင့် သူမ အနည်းငယ် ဝေဖန်ပြောဆိုခဲ့သည်။

အဆုံးမှာတော့ သူမသည် စာအုပ်ထဲသို့ ကူးပြောင်းသွားကာ ကျီအာ့ထောင်၏ အမြင်ဖက်မှ စာအုပ် တစ်အုပ်လုံး၏ ဇာတ်လမ်းအား ပြောင်းလဲခဲ့သည်။

“ ကျောက်ကျောက် ငါ့ရဲ့ စာမူကြမ်းအသစ်ကို နင် ဘယ်လိုထင်လဲ” ကျောက်ရွှယ်အာသည် စိတ်အားထက်သန်စွာဖြင့် စာမူအား ကျီကျောက်ကို ကမ်းပေး၍ အပြုံးလေးဖြင့် ပြောသည်။

“နင့်ရဲ့ ဝေဖန်အကြံပေးတာကို ကျေးဇူးတင်ရမှာပဲ၊ အဓိကဇာတ်လိုက်မင်းသမီးရဲ့ ဇာတ်ကောင်ကို ပြောင်းလဲပြီးမှ အတော်လေး ပိုကောင်းသွားတယ်လို့ ခံစားရတယ်၊ ဒီဖက်ခေတ် ၀တ္ထုစာရေးဆရာတွေ ဘယ်လောက် ခက်ခဲတယ်ဆိုတာ နင် မသိဘူးနော်၊ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ် ရေးချင်ရင် စာဖတ်သူတွေက အချိုလေးတွေ လုံလောက်တယ်လို့ မထင်ဘူး၊ နင်က ချိုမြိန်တဲ့ဇာတ်လမ်း တစ်ပုဒ် ရေးချင်ရင် စာဖတ်သူတွေက အရမ်း ပျင်းစရာ ကောင်းတယ်လို့ထင်ကြတယ်။ ဟေး… ကျောက်ကျောက် ငါပြောတာ နားထောင်နေရဲ့လား”

“ငါ‌ ကြားပါတယ်” ကျီကျောက်က ပြုံးကာ ခေါင်းညိမ့်ပြသည်။

“ဒီလိုမျိုး ဇာတ်ကြောင်းပြောင်းလိုက်မှပဲ တကယ် ကောင်းသွားတော့တယ်”

သူမ တာ့ကျင်းမင်းဆက်တွင် ကုန်ဆုံးခဲ့သည့် ၃၃ နှစ်တာ အချိန်ကာလမှာ မျက်မှောက်ခေတ်တွင် သုံးနာရီကြာ အိမ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။

အခု သူမ အိမ်မက်ထဲမှ နိုးထလာခဲ့ပြီးနောက် သူမ နှလုံးသားမှာ ဟာတာတာဖြစ်နေသည်။

သူမ မှင်သက်နေသေးသည်ကို ကြည့်ပြီးနောက် ကျောက်ရွှယ်သည် သူမအား ကော်ဖီဆိုင်၏ အောက်ထပ်သို့ ဆွဲခေါ်သွားသည်။

“ ကျောက်ကျောက် နင် တကယ်ပဲ အဆင်ရောပြေရဲ့လားဟယ်၊ နင် ဒီဆိုင်က ကာပူချီနိုကို သောက်ရတာ အမြဲ ကြိုက်ခဲ့တာ မဟုတ်ဘူးလား၊ ဒီနေ့မှ ဘာလို့ တွေဝေငေးငိုင်နေရတာလဲ” ကျောက်ရွှယ်က စိတ်လှုပ်တရှား မေးသည်။

“ ကျောက်ကျောက် တစ်ခုခုဖြစ်နေရင် ဖုံးမထားပါနဲ့ ငါ့ကိုပြောလို့ရတယ်နော် ငါက နင့်ရဲ့ စိတ်ထွက်ပေါက် ဖြစ်ပေးမဲ့ အမှိုက်ပုံးလေး ဖြစ်ဖို့ ဆန္ဒရှိတယ်နော်၊ တကယ် တကယ်”

“ငါ တကယ်အဆင်ပြေပါတယ်” ကျီကျောက်က ခေါင်းခါပြလိုက်သည်။ သူမသည် ကော်ဖီခွက်အား ကိုင်ကာ တစ်ငုံ မော့သောက်လိုက်သည်။ သူမ မျက်လုံးထောင့်ရှိ ဖန်ပြတင်းပေါက် အပြင်ဖက်မှ အရပ်ရှည်ရှည် သန်သန်မာမာ ပုံရိပ်တစ်ခုအား မြင်လိုက်ရသည့်အခါ သူမ သူ့နောက်သို့ အမြန်ပြေးလိုက်သွားမိသည်။

အဆိုပါ အရပ်ရှည်ရှည်ပုံရိပ်မှာ အလွန်ထူးခြားသည့် မီးခိုးရောင် အနောက်တိုင်း၀တ်စုံအား ၀တ်ဆင်ထားခဲ့သည်။

ကျီကျောက် သူ့ရှေ့သို့ အမြန်ပြေးလာသည်ကို မြင်လိုက်ရသည့်အခါ သူက မျက်ခုံးပင့်ကာ ပြုံးပြသည်။

“ မတွေ့ရတာကြာပြီနော် ကိုယ့်ကျောက်ကျောက်”

ကျီကျောက်သည် သူမ၏ ခံစားချက်များအား မထိန်းချုပ်ထားတော့ဘဲ သူမ တစ်ကိုယ်လုံးကို သူ့လက်မောင်းထဲသို့ ပြေး၀င်လိုက်ကာ သူ့ခါးအား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ဒီမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့် ကျောက်ရွှယ်၏ မျက်နှာပေါ်တွင် ပဟေဠိဆန်သည့် အကြည့်တို့ ဖြစ်တည်လာခဲ့သည်။

သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက ဘယ်လိုဖြစ်ပြီး သူတို့ ဝဘ်ဆိုက်ရဲ့ သူဌေးနဲ့ သိနေရတာလဲ။

သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကနေ သူဌေးရဲ့ ဇနီး ဖြစ်လာပြီးနောက်မှာတောင်မှ ကျောက်ရွှယ်သည် ဒီအကြောင်းအရင်းအား ရှာမတွေ့နိုင်သေးပေ။

ပြီးပါပြီရှင်။

***

All Chapters