ကနဦးဝိညာဉ်အဆင့်ဆီသို့၊ ကြီးမားသော ပြောင်းလဲမှု
Vol. 2 Ch. 28
အခန်း (၂၈) ကနဦးဝိညာဉ်အဆင့်ဆီသို့၊ ကြီးမားသော ပြောင်းလဲမှု
ချင်မင်ဂိုဏ်းနဲ့ ယွီဂျင်ဂိုဏ်းရဲ့ ရန်ငြိုးရန်စက အတော်လေးကို ကြာညောင်းခဲ့ပါပြီ။ ဒါပေမဲ့ ကြီးကြီးမားမား တိုက်ပွဲတွေ တစ်ခါမှ မဖြစ်ပေါ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျင့်ကြံခြင်းလောကမှာ ချင်မင်ဂိုဏ်းနဲ့ ယွီဂျင်ဂိုဏ်းနှစ်ခုတည်း ရှိတာ မဟုတ်လို့ပါ။ တစ်ခြားဂိုဏ်းတွေ အများကြီး ရှိပါသေးတယ်။ နောက်ပြီး ချင်မင်ဂိုဏ်းရဲ့ ရန်သူတွေက ယွီဂျင်ဂိုဏ်း တစ်ဂိုဏ်းတည်း မဟုတ်သလို ယွီဂျင်ဂိုဏ်းရဲ့ ရန်သူတွေက ချင်မင်ဂိုဏ်းတစ်ဂိုဏ်းတည်း မဟုတ်ပါဘူး။
ဒါကြောင့်လည်း ချင်မင်ဂိုဏ်းနဲ့ ယွီဂျင်ဂိုဏ်းဟာ သူသေကိုယ်သေ မတိုက်ခိုက်ရဲတာပါ။ သူတို့နှစ်ဂိုဏ်း တိုက်ခိုက်လို့ နှစ်ဖက်စလုံး အထိနာသွားရင် ကျန်တဲ့ဂိုဏ်းတွေက အကျိုးအမြတ်ရှာမှာ ကျိန်းသေပါတယ်။
မှောင်မိုက်တဲ့ခန်းမထဲမှာ လူရှစ်ယောက် ထိုင်နေပါတယ်။ ဒီလူတွေထဲမှာ ကျန်းခွန်မော့လည်း ပါပါတယ်။
သွေးဝတ်ရုံ ဝတ်ဆင်ထားတဲ့ ခေါင်းဆောင်ရဲ့ ဆံပင်ဟာ အဖြူအမည်း ရောယှက်နေပြီး စိတ်မဝင်စားတဲ့ပုံ ပေါက်နေပါတယ်။ သူ့လက်ထဲမှာတော့ မြင်းမြီးကြာပွတ်တစ်ချောင်း ကိုင်ထားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ချင်မင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် တွမ့်ထုံးထျန်ပဲ ဖြစ်ပါတယ်။
“မင်းတို့တွေ ဒီလောက်ကြာတာတောင် လီချင်းဇဲ့ကို ဖမ်းမမိသေးဘူးလား?” တွမ်ထုံးထျန်ကာ အသံနက်နဲ့ မေးလိုက်ပါတယ်။
အကြီးအကဲ ခုနစ်ဦးဟာ တိတ်ဆိတ်သွားပါတယ်။ လီချင်းဇဲ့ကို သူတို့တွေ လိုက်ဖမ်းတာ နှစ်နှစ်ဆယ်နီးပါး ရှိလာပေမဲ့ အကြိမ်တိုင်းမှာ လီချင်းဇဲ့က ပွတ်ကာသီကာနဲ့ လွတ်မြောက်သွားပါတယ်။ လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်းကို ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မပြန်ဘဲ သူ့ကိုယ်သူ တည်ကြက် လုပ်နေပါတယ်။
ကျန်းခွန်မော့က ပြောလိုက်ပါတယ် “သူက လျစ်လျူရှူထားလိုက်ပြီး ယွီဂျင်ဂိုဏ်းကို တိုက်ရိုက် တိုက်ခိုက်ကြရအောင်၊ ကျုပ်တပည့်က အဲဒီမှာ အသတ်ခံလိုက်ရတာ၊ ကျုပ်တို့တွေ စန့်ထျန်ကို အားစိုက်ပြီး ပြုစုပြိုးထောင်ခဲ့တာ၊ မင်းတို့တွေ ကလဲ့စား မချေတော့ဘူးလား?”
ကျန်းခွန်မော့ဟာ ပြောဆိုရင်း ချောင်ချောင်ကို တွေးမိသွားတာကြောင့် အံကြိတ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ချောင်ချောင်ကို သူ ခြိမ်းချောက်ခဲ့ပေမဲ့ ဒီလောက်နှစ်တွေ ကြာသွားတာတောင် အခုထိ ဘာမှမလုပ်နိုင်သေးပါဘူး။ ကျန်းခွန်မော့ဟာ ချောင်ချောင်က သူ့ကိုလှောင်ပြောင် ပြောဆိုနေတာကို တွေးမိပြီး ရင်ထဲမှာ ဒေါသမီးလျှံတွေ ပြည့်နှက်လာပါတယ်။
“ကျုပ်လည်း အဲဒီလိုတွေးတယ်၊ ကျုပ်တို့ဂိုဏ်းရဲ့ အင်အားက ယွီဂျင်ဂိုဏ်းထက် အများကြီးသာနေပြီ၊ သူတို့ကို တိုက်ရိုက် တိုက်ခိုက်ရအောင်”
“မိစ္ဆာညီလာခံမှာ တစ်ခြားဂိုဏ်းတွေက ကျုပ်တို့တွေ ယွီဂျင်ဂိုဏ်းကို မသိမ်းနိုင်ဘူးဆိုရင် ကျုပ်တို့ဂိုဏ်းကို အညံမခံဘူးလို့ ကြော်ငြာခဲ့ကြတယ်”
“ဟုတ်တယ်၊ ကျုပ်တို့တွေက ယွီဂျင်ဂိုဏ်းကိုတောင် မသိမ်းပိုက်နိုင်ဘူးဆိုရင် မိစ္ဆာဂိုဏ်းတွေရဲ့ ခေါင်းဆောင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”
“ကျုပ်က ကျုပ်တပည့်တွေနဲ့ ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်!”
“လီချင်းဇဲ့အပြင် ယွီဂျင်ဂိုဏ်းမှာ နောက်ထပ် မွန်းစတားအိုကြီးတစ်ကောင် ရှိနေသေးတယ်”
အကြီးအကဲတွေဟာ သူတို့ကြားမှာ စပြီးဆွေးနွေးကြပါတယ်။ တွမ့်ထုံထျန်ဟာ အကြီးအကဲတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘာမှမပြောပါဘူး။ အတန်ကြာတဲ့အခါမှာ အကြီးအကဲတွေဟာ ဆွေးနွေးတာ ရပ်ပြီး တွမ့်ထုံထျန်ကို ကြည့်ကာ သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပါတယ်။
တွမ့်ထုံထျန်က ပြောလိုက်ပါတယ် “ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်နေတာ၊ ငါအောင်မြင်ပြီးမှာပဲ ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ကြတာပေါ့၊ အဲဒီအချိန်ကျရင် ယွီဂျင်ဂိုဏ်းကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပြီ”
စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်! အကြီးအကဲတွေဟာ ကြက်သေသေသွားပြီး တွမ့်ထုံထျန်ကို အကြောင်သား ကြည့်လိုက်ပါတယ်။
ကျန်းခွန်မော့က အသက်ပြင်းပြင်း ရှူသွင်းကာ မေးလိုက်ပါတယ် “ခေါင်းဆောင်... ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ?”
တွမ့်ထုံထျန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “ငါ ဒီအတွက် ပြင်ဆင်နေတာ အတော်ကြာပြီ၊ ၉၀ ရာခိုင်နှုန်း သေချာတယ်၊ နောက်ထပ်နှစ်သုံးဆယ်လောက်ပဲ စောင့်ရမှာပါ၊ သိပ်မကြာပါဘူး!”
နှစ်သုံးဆယ်! မော်တယ်တွေအတွက် နှစ်သုံးဆယ်ဟာ ဘဝတစ်ဝက်ဆိုပေမဲ့ သူတိုလို ကျင့်ကြံသူတွေ အတွက်တေ့ သိပ်မကြာပါဘူး။
…
ဆယ်နှစ်ဆိုတဲ့ အချိန်ကလာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ လေစွမ်းရည်ဟာ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိသွားသလို မီးစွမ်းရည်ကလည်း ရွှေဓာတ်လုံး တတိယအဆင့်ကို ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ မိုးကြိုးစွမ်းရည်ကို ရွှေဓာတ်လုံး နဝမအဆင့်ထိရောက်အောင် ကျင့်ကြံပြီးချိန်ကစလို့ ကျန်တဲ့စွမ်းရည်တွေကို ကျင့်ကြံရာမှာ အရင်ကထက် နှစ်ဆ လွယ်ကူသွားပါတယ်။ ကနဦးဝိညာဉ်အဆင့်နဲ့ သိပ်မဝေးတော့ဘူးဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။
တဖြည်းဖြည်း စွမ်းအားကြီးလာတာကို ခံစားရင်း ဟန်ကျွယ်ဟာ ဒီခံစားချက်ကို ကျေနပ်နှစ်သိမ့်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေပေမဲ့ ပျင်းရိခြင်းလုံးဝ မရှိပါဘူး။
ကနဦးဝိညာဉ်အဆင့်ကို ရောက်မှာသာ ဟန်ကျွယ်ဟာ အားနည်းတဲ့လူစာရင်းထဲကနေ လွတ်မှာပါ။ ဟန်ကျွယ်ဟာ အသက် ၈၈နှစ်နဲ့ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိခဲ့တာဖြစ်တဲ့အတွက် ကျင့်ကြံခြင်းလောကမှာ သူ့ထက်မြန်အောင် ကျင့်ကြံနိုင်သူကို လုံးဝရှာမတွေ့နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ မကျေနပ်နိုင်သေးပါဘူး။
ကနဦးဝိညာဉ်အဆင့်ကို ရောက်တာတောင် မလုံလောက်ပါဘူး။ ဟန်ကျွယ်ဟာ လုံးဝပြိုင်ဘက်ကင်းတဲ့အထိ ကျင့်ကြံချင်တာပါ။
တစ်နေ့မှာ ဟန်ကျွယ်လိုဏ်ဂူကို ချန်ယွီအာ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဖော်မေးရှင်းကို ပိတ်လိုက်ပြီး သူ့ကို ကြိုဆိုလိုက်ပါတယ်။
“ဂျူနီယာမောင်လေး... မမ မင်းအတွက် သဘာဝရတနာတစ်ချို့ ယူလာတယ်၊ သူတို့ကို အိုင်ထဲမှာ စိုက်လိုက်ရင် ဒီလိုဏ်ဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီက အရင်ကထက် ပိုပြီးသိပ်သည်းလာလိမ့်မယ်၊ အနာဂတ်မှာ ယွီဂျင်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်အထူထပ်ဆုံး ကျင့်ကြံခြင်းလိုဏ်ဂူတောင် ဖြစ်နိုင်တယ်” ချန်ယွီအာက အပြုံးနဲ့ ပြောလိုက်ပါတယ်။
ချန်ယွီအာဟာ အိုင်ဘေးနားကို လျှောက်သွားပြီး အစေ့တွေကို ကြဲပက်လိုက်ပါတယ်။
ဟန်ကျွယ်က ပြုံးလိုက်ပါတယ် “ကျေးဇူးပါပဲ စီနီယာ”
“မမကို ကျေးဇူးမတင်နဲ့၊ ဒီအစေ့တွေကို ဆရာသခင်ပေးတာ၊ မမက မင်းဆီ လာပို့ပေးရုံပဲ” ချန်ယွီအာက အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချန်ယွီအာ စကားကြောင့် နတ်မိမယ်ရှီရွှမ်ကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို စိတ်ထဲမှာ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
ချန်ယွီအာက ဆက်ပြောပါတယ် “မောင်လေး ဂူအောင်းကျင့်ကြံကတည်းက ကျောက်အေးတောင်ထိပ်ကို တပည့်အသစ်တွေ ရောက်လာတယ်၊ မောင်လေးနောက်က ဂျူနီယာသံမဏိကတော့ လွန်ခဲ့တဲ့နှစ်နှစ်ကပဲ ဆုံးပါးသွားတယ်”
အကြီးအကဲသံမဏိက သေသွားပြီလား? ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ သူဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ အကြီးအကဲသံမဏိကို လုံးဝရှာမတွေ့တော့ပါဘူး။
“သူ့ အကြောင်း ပြောရမယ်ဆိုရင် သူ့ရဲ့ ကျင်ကြံခြင်းစွမ်းရည်က တော်တော်လေးညံတယ်၊ တစ်ဘဝလုံး အပြင်ဂိုဏ်းမှာပဲ နေရမဲ့ စွမ်းရည်မျိုး၊ အတွင်းဂိုဏ်းကို သူ ဝင်နိုင်ခဲ့တာဆိုတော့ သူ့ဘဝကို နောင်တရမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူမသေခင်က သူက မင်းကို တွေ့ချင်နေတယ်တဲ့၊ သူ့တပည့်တစ်ယောက် ပြောပြလို့ မမသိတာ”
“သူက ဘာလို့ ကျွန်တော့်ကို တွေ့ချင်ရတာလဲ?” ဟန်ကျွယ်က ရှုပ်ထွေးတဲ့အမူအရာနဲ့ မေးလိုက်ပါတယ်။ အရင်က အကြီးအကဲသံမဏိကို သူမုန်းခဲ့ပါတယ်။ ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ အကြီးအကဲသံမဏိက သူ့ကို ထိခိုက်နာကျင်အောင် ဘာတစ်ခုမှ မလုပ်ခဲ့တဲ့အပြင် သူ ကြီးပြင်းလာအောင် ကျွေးမွေးခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။
အကြီးအကဲသံမဏိရဲ့ သေဆုံးမှုဟာ ဟန်ကျွယ် သူ့အပေါ်ထားတဲ့ စက်ဆုပ်ရွံ့ရှာမှုကို မြူတစ်မှုန်မျှ မကျန်အောင် ပျောက်ကွယ်သွားစေပါတယ်။
ဒါက ကျင့်ကြံခြင်းလမ်းစဉ်ပဲ၊ လမ်းခုလတ်မှာ လူတွေ အမြဲတမ်း သေဆုံးကြတယ်၊ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ငါသေလို့ မဖြစ်ဘူး
ဟန်ကျွယ်ရဲ့ ထာဝရအသက်ရှည်ချင်တဲ့ စိတ်ဆန္ဒဟာ ပိုပြီးတော့ ခိုင်မာသွားပါတယ်။
ချန်ယွီအာဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “မမက ဘယ်လိုလုပ်ပြီး သိမှာလေး? မောင်လေးတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိနေကြတာလား?”
ဟန်ကျွယ်နဲ့ အကြီးအကဲသံမဏိရဲ့ ဆက်ဆံရေးကို လက်တစ်ဆုပ်စာ လူတစ်ချို့ပဲ သိပါတယ်။ ဒီထဲမှာ ချန်ယွီအာ မပါဝင်ပါဘူး။
“အဲတာက အရေးမကြီးတော့ပါဘူး၊ စီနီယာ.... ကြိုးကြိုးစားစား လေ့ကျင့်ချည်၊ စီနီယာသေသွားရင် ကျွန်တော်လေး အတော်လေး ဝမ်းနည်းရမှာ” ဒီစကားဟာ ဟန်ကျွယ်ရဲ့ နှလုံးသားထဲကလာတဲ့ စကားဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီလောက်ကို ရောက်လာတာ ကြာခဲ့ပြီဆိုပေမဲ့ လူအများကြီးနဲ့ မသိကျွမ်းခဲ့သလို သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သူကလည်း ပိုပြီးတော့ နည်းပါးပါတယ်။
ချန်ယွီအာဟာ သူ့ကို လှည့်ကြည့်ပြီး ပြုံးပြပါတယ် “ဟမ်... ဂျူနီယာမောင်လေးက မမကို ဂရုမစိုက်ဘူးလို့ ထင်ထားတာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ စကားစမြည် ပြောဆိုကြပါတယ်။ များသောအားဖြင့် ချန်ယွီအာက ပြောတာဖြစ်ပြီး ဟန်ကျွယ်ကို အတွင်းဂိုဏ်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ပြောပြပါတယ်။
ကျိုးဖန်ဟာ လုံးဝကျော်ကြားလာပြီး အတွင်းဂိုဏ်းထဲမှာ အရေးပါ အရာရောက်တဲ့သူ ဖြစ်လာပါတယ်။ သူဟာ ဓားတောင်ထိပ်ရဲ့ အကြီးဆုံးတပည့်ကို အခြေခံအဆင့်နဲ့ အနိုင်ယူတိုက်ခိုက်ပြီး သူ့လက်တွဲဖော်ကို ပြန်ယူကာ တစ်ဂိုဏ်းလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လက်ထပ်ပြီးလို့ ဒုတိယနေ့မှာပဲ ကျိုးဖန်ဟာ သူ့လက်တွဲဖောက်ကို ကွာရှင်းပြတ်စဲပြီး ကောင်းကောင်းကြီး ကလဲ့စားချေလိုက်ပါတယ်။
လောလောဆယ်မှာတော့ ကျိုးဖန်နဲ့ မော့ဖူချိုဟာ ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ ကိုယ်စားပြုသူတွေ ဖြစ်လာကြပြီး မော့ဖူချိုက အဓိကတပည့်အဖြစ် လျာထားခဲ့ရပါတယ်။
ရှင်းဟုန်ရွှမ်ကတော့ အဓိကတောင်ထိပ်မှာ လေ့ကျင့်နေတာမို့လို့ သိပ်ပြီး မကျော်ကြားပါဘူး။
“ကောင်းပြီ၊ မမပြန်ဖို့ အချိန်ရောက်ပြီ၊ မမ မင်းကို ကျင့်ကြံခြင်းလမ်းခရီးမှာ အကြာကြီး အဖော်ပြုပေးမယ်” ချန်ယွီအာဟာ ရွှတ်နောက်နောက် ပြုံးလိုက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ချန်ယွီအာက ရယ်စရာအဖြစ် ပြောလိုက်ပေမဲ့ ဒီစကားကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ ဝမ်းနည်းသွားပါတယ်။ ဟန်ကျွယ်ဟာ ထာဝရအသက်ရှည်ချင်သူပါ၊ ချန်ယွီအာရဲ့ အရည်အချင်းက သူ့ထက် အများကြီးနိမ့်ကျတဲ့အတွက် သူ့လောက် အသက်ရှည်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်ပျော့ညံသူ မဟုတ်တဲ့အတွက် ဝမ်းနည်းမှုတွေကို သူ့စိတ်ထဲကနေ အမြန်ဆုံး မောင်းထုတ်လိုက်ပါတယ်။ နောင်ကျလို့ သူ စွမ်းအားကြီးမားလာခဲ့ရင် သူ့ဘေးနားကလူတွေကိုလည်း ကူညီကောင်း ကူညီနိုင်မှာပါ။ ဥပမာအားဖြင့် နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာ၊ ရှင်းဟုန်ရွှမ်တို့ပေါ့၊ မော့ကျူကိုရော ဒီထဲထည့်သင့်လား? ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောစဉ်းစားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ညာလက်ကို ရုတ်တရက်မြှောက်လိုက်ပြီး လက်ချောင်းကို ဓားအဖြစ်သုံဂကာ နံရံပေါ်မှာ စာလုံးနှစ်လုံးရေးလိုက်ပါတယ်။
အကြီးအကဲ သံမဏိ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး နာမည်ကို ဦးညွှတ်လိုက်ပါတယ်။ ဒါဟာ နောက်ဆုံး နှုတ်ဆက်ခြင်းပါပဲ။ အကြီးကဲသံမဏိ နောက်ဘဝကျရင် မိသားစုကောင်းမှာ ပြန်မွေးဖွားဖို့ မျှော်လင့်ရတာပဲ။ အဲတာပြီးတဲ့အခါမှတော့ ဟန်ကျွယ်ဟာ ပြန်တရားထိုင်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
…
နောက်ထပ် ဆယ်နှစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ မီးစွမ်းရည်ဟာ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိသွားပြီး ရေစွမ်းရည်က ရွှေဓာတ်လုံး သတ္တမအဆင့်ကို ရောက်ရှိသွားပါတယ်။ ရွှေဓာတ်လုံး ပထမအဆင့်မှာပဲ ရှိနေသေးတာက မြေနဲ့သစ်သား စွမ်းရည်တွေပဲ ဖြစ်ပါတယ်။
ဒီကျင့်ကြမှုအလျင်ဟာ အံဩဖို့ကောင်းလောက်အောင် လျင်မြန်ပေမဲ့ ဟန်ကျွယ်က သူ့ကိုယ်သူ မကျေနပ်နိုင်သေးပါဘူး။ ဟန်ကျွယ်ဟာ ချန်စန့်ထျန်ဆီကနေ ရရှိခဲ့တဲ့ပစ္စည်းတွေကို လှန်လှောရှာဖွေပါတယ်။ ချန်စန့်ထျန်က ရွှေဓာတ်လုံးအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အတွက် ရွှေဓာတ်လုံးအဆင့်ကို အထောက်အကူပြုမဲ့ ဆေးလုံးတွေ ရှိနိုင်ပါတယ်။
ကံဆိုးစွာပဲ ဟန်ကျွယ်ဟာ ရွှေဓာတ်လုံးအဆင့်ကို အထောက်အကူပြုတဲ့ ဆေးလုံးတွေကို တစ်လုံးတောင် ရှာမတွေ့ပါဘူး။ အဲဒီအစား အဆိပ်၊ ကာမဆေးနဲ့ တစ်ခြားစက်ဆုပ်ဖွယ်ကောင်းတဲ့ ဆေးတွေကိုသာ ရှာတွေ့ပါတယ်။
“တော်တော်ဏှာကြီးပြီး ကောက်ကျစ်ယုတ်မာတဲ့ ချင်မင်ဂိုဏ်းသားပဲ” ဟန်ကျွယ်ဟာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်ပါတယ်။