ချိုမြိန်သည့်သူ။
Vol. 25 Ch. 362
ကျီကျောက်သည် ကျောက်လန်ဟွာ၏ အကြံပေးမှုအား သဘောတူခဲ့သည်။
အစောပိုင်းနှစ်တွေတုန်းက သူတို့ ရှန်းဟယ်ရွာမှ ထွက်ခွာကာ တင်းယွမ်ကောင်တီတွင် အခြေချခဲ့သည်။ ထို့နောက် ယွင်ချွမ်စီရင်စုတွင် မက်မွန်ပွင့်အိမ်တော်ကို ၀ယ်ခဲ့ပြီးနောက် နန်းမြို့တော်တွင် သုံးနှစ်ကြာအောင် နေခဲ့သည်။
သုံးနှစ်တာကာလမှာ မရှည်လွန်းသလို မတိုတောင်းလှပေ။
“ရက်အနည်းငယ်လောက်က ရွာလူကြီးရဲ့ ကျန်းမာရေးက အရမ်းမကောင်းနေဘူးလို့ ရွာကနေ စာပို့လာခဲ့တယ်၊ မင်းတို့အဖေက အရမ်းစိတ်ပူနေတယ်” ကျီကျောက် ခေါင်းညိမ့်ပြသည်ကို မြင်သည့်အခါ ကျောက်လန်ဟွာ သက်ပြင်းချလိုက်မိသည်။
“နန်းမြို့တော်က ဘယ်လောက်ပဲ စည်ကားပါတယ်ပြောပြော အမေတို့ မွေးရပ်ဇာတိ မဟုတ်ဘူး….. အခုက ညီအစ်ကိုသုံးယောက်စလုံး နန်းမြို့တော်မှာ သူတို့ကိုယ်သူတို့ အခြေချနိုင်သွားပြီဆိုတော့ သမီးတို့အဖေနဲ့ အမေ ဒီတစ်ခေါက် ရွာကိုပြန်တဲ့အခါ ရွာမှာပဲ နေတော့မလို့ ဆွေးနွေးခဲ့ကြတယ်”
“ အမေ” ကျီကျောက်သည် ပြုံးလိုက်ကာ နာခံစွာ ပြောသည်။
“နှစ်သစ်ကူးပြီးရင် သမီးတို့ အမေတို့ကို ရှန်းဟယ်ရွာကို လိုက်ပို့ပေးပါ့မယ်”
“ကောင်းပါပြီကွယ်”
မျက်စိတစ်မှိတ်အတွင်း နှစ်သစ်ကူး ကျရောက်လာပြန်သည်။ ဧကရာဇ်ကျင်းချန်သည် နန်းတော်ထဲတွင် စားပွဲကျင်းပကာ အရာရှိများအားလုံးအား အပန်းဖြေစေခဲ့သည်။
သူတို့ထဲမှ ရှန်းမိသားစုသည် ဧကရာဇ်၏ လက်ဝဲဖက်တွင် ထိုင်သည်။
တေးဂီတသံများမှာ မရပ်မစဲ မြည်ဟီးနေကြသည်။
စားပွဲအတွင်း အရာရှိများသည် တစ်ယောက်နှင့်တစ်ယောက် အရက်ခွက် ပြိုင်တူမြောက်ကြကာ ဆုတောင်းဩဘာ ပေးနေကြကာ အလွန်အမင်း ပျော်ရွှင်နေကြသည်။
စားပွဲပြီးနောက် ဧကရာဇ်ကျင်းချန်သည် ရှန်းယောင်အား နေခဲ့ရန် မေးခဲ့သည်။
ချန်ချင်းနန်းဆောင်။
ရှန်းယောင်သည် အရက်နာကျပျောက်ဆေး နှစ်လုံးအား ယူလိုက်ကာ ဧကရာဇ်ကျင်းချန်အား လှမ်းပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ဧကရာဇ်ကျင်းချန်သည် ကျေးဇူးတင်စွာ ပြုံးလိုက်သည်။
“ရွမ်ကျီ ကံကောင်းလို့ပေါ့ ကိုယ်တော့်ဖက်မှာ မင်းရှိနေသေးတာပဲ”
“ အရှင် ကျွန်တော် ခဏနေ အိမ်တော်ကို ပြန်ရပါမယ်၊ ကျွန်တော့်ဇနီးနဲ့ သားက အိမ်မှာ စောင့်နေကြတယ်” ရှန်းယောင်သည် အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။
“ဘယ်လိုပဲပြောပြော အရှင့်ရဲ့ မောင်းမဆောင်က အေးစက်လွန်းပါတယ်၊ အရှင် ကိုယ့်ကို ဂရုစိုက်ပေးမဲ့လူကို ရှာရမဲ့ အချိန် ဖြစ်နေပါပြီ”
“ဂရုစိုက်ပေးမဲ့သူလား” ဧကရာဇ်ကျင်းချန်သည် သူ့ခေါင်းအား ခါပြလိုက်သည်။
“ကိုယ်သာ နန်းမတက်ဖြစ်ခဲ့ရင် ကိုယ့်အတွက် ဂရုစိုက်မဲ့သူကို ရှာခဲ့ပြီးရောပေါ့၊ ဒါပေမယ့် အခုက…..”
ဧကရာဇ်ကျင်းချန်သည် ပြုံးလိုက်ကာ ဘာမှဆက်မပြောပေ။
သူထီးနန်းတက်ကတည်းက ညီလာခံမှ အရာရှိအများစုမှာ သူ့မောင်းမဆောင်ထဲသို့ မိဖုရားထည့်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
အပြင်ဖက်တွင်တော့ တော်၀င်မိသားစုအတွက်ဟု ပြောကြပေမဲ့ အမှန်မှာတော့ သူတို့ဘာတွေ တွေးနေကြမှန်း လူတိုင်းသိကြသည်။
“ အရှင့်ရဲ့ မောင်းမဆောင်က တစ်သက်လုံး အလွတ်မဖြစ်နေနိုင်ဘူး” ရှန်းယောင်သည် ညင်သာစွာ အကြံပေးသည်။
“ဒါပေမယ့် ကျွန်တော်ယုံကြည်တယ် ဒီလောကထဲက တစ်ယောက်ယောက်က အရှင့်ရဲ့ လက်တွဲဖော် ဖြစ်လိမ့်မယ်လို့လေ”
ဒီစကားကြားပြီးနောက် ဧကရာဇ်ကျင်းချန်၏ နှလုံးသားမှ ထိရှသွားသည်။
အဆုံးတွင်တော့ ဧကရာဇ်ကျင်းချန်သည် လိုက်လျောကာ တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲအား ကျင်းပစေသည်။
သုံးလပိုင်းရဲ့ နောက်တစ်ရက်တွင် ရှန်းအိမ်တော်၏ အနောက်ဖက်ခြံထဲတွင် မက်မွန်ပန်းများမှာ မျက်စိကျိန်းဖွယ် ပွင့်လန်းနေကြသည်။
အကြီးဆုံးမရီးရှန်းသည် သူမ၏ ဘယ်ဖက်တွင်ရှိသည့် ဖုန့်ချွင်းယန်အား စိမ်းစိမ်းဝါးဝါးကြည့်ကာ သေလုမတတ် ဒေါသထွက်နေခဲ့သည်။
“နင် ရူးနေလား၊ ဘယ်လိုဖြစ်ပြီး တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲမှာ တိတ်တိတ်လေး စာရင်းသွားပေးရဲရတာလဲ”
ဖုန့်ချွင်းယန်သည် သူမ ခေါင်းလေးအား အပြစ်ရှိစိတ်ဖြင့် ငုံ့ထားကာ စကားတစ်ခွန်းမျှ မပြောဘဲ သူမ နှုတ်ခမ်းအား တင်းတင်းစေ့ထားသည်။
“ အစ်မ ညီမ အမကို မပြောသင့်ဘူးဆိုတာ သိလို့လေ၊ ဒါပေမယ့် ညီမသာ အစ်မကို ပြောခဲ့ရင် အစ်မက သေချာပေါက် သဘောတူမှာမှ မဟုတ်တာကို” ဖုန့်ချွင်းယန်သည် သနားစဖွယ်ကောင်းအောင် ပြောသည်။
“နင်… နင် ရူးနေလားဟဲ့”
အကြီးဆုံးမရီးရှန်းသည် သူမ ညီမမှာ ဒီလိုမျိုး နက်ရှိုင်းသည့် အတွေးမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ နှစ်သက်သဘောကျသည့်သူမှာ ဧကရာဇ်ကျင်းချန် ဖြစ်နေသည်ပေ။
“ အစ်မ စိတ်မဆိုးပါနဲ့၊ ညီမ တကယ် ဧကရာဇ်ကျင်းချန်ကို သဘောကျတာပါ” ဖုန့်ချွင်းယန်သည် အသံတိုးတိုးဖြင့် အကြံပြုသည်။
“ညီမ နှလုံးသားထဲမှာ လေးစားရဆုံး အမျိုးသားနှစ်ယောက်က အရှင်မင်းကြီးနဲ့ တတိယအစ်ကိုရှန်းပါပဲ၊ ညီမလဲ သိပါတယ် ညီမရဲ့ ရုပ်ရည်က သာမာန်ပါပဲ၊ ဒါပေမယ့် ညီမအတွက် ဒီလို တော်၀င်ကြင်ယာရွေးပွဲမှာ ပါ၀င်နိုင်ဖို့ အခွင့်အရေးမျိုးက အရမ်းရှားတယ်၊ အစ်မ စိတ်မဆိုးပါနဲ့နော်”
“ချွင်းယန် နင်က ဒီနှစ်မှ ဆယ့်ခြောက်နှစ်ပြည့်မှာနော်၊ ဒါပေမယ့် အရှင်မင်းကြီးက…. သက်တော် သုံးဆယ် ပြည့်သွားပြီးပြီလေ” အကြီးဆုံးမရီးရှန်းသည် သူမ နဖူးအား ကူရာမဲ့စွာ ကိုင်လိုက်မိကာ သူမ မျက်၀န်းများထဲမှာ မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။
“ဒီတစ်ချိန်လုံး ငါ့ခွင့်ပြုချက် မရှိဘဲ အခန်းထဲက အပြင်ထွက်ခွင့်မရှိဘူး။ ဒါပဲ။”
ထိုအချိန်တွင် ကျီကျောက်သည် သူမ အထုပ်အပိုးများအား ပြင်ဆင်နေသည်။ ရှန်းယောင်နှင့် ဆွေးနွေးပြီးနောက် သုံးလပိုင်းဆယ့်ငါးရက်နေ့တွင် သူတို့နှစ်ယောက် ရှန်းမိသားစုရဲ့ လူကြီးနှစ်ယောက်အား ရှန်းဟယ်ရွာသို့ ပြန်ပို့ပေးရန် ဆုံးဖြတ်ထားသည်။
အကြီးဆုံးမရီးရှန်းမှ မက်မွန်ခြံ၀န်းထဲသို့ သူမ မျက်နှာတစ်ပြင်လုံး မျက်ရည်များဖြင့် ၀င်လာသည်ကို ကြားလိုက်သဖြင့် သူမ အနည်းငယ်စိုးရိမ်သွားမိသည်။
“ဘာများဖြစ်လာလို့လဲ မရီးရှင့်” ကျီကျောက်သည် သည်းစွာငိုရလွန်းသဖြင့် မျက်လုံးများ မို့အစ်နေသည့် သူမ၏ အကြီးဆုံးမရီးရှန်းအား ကြည့်လျက် စိုးရိမ်စွာ မေးမြန်းမိသည်။
“အာ့ထောင်….” အကြီးဆုံးမရီးရှန်းသည် ထိုအကြောင်းအား စဉ်းစားလေ ပို၍မသက်မသာ ခံစားရသဖြင့် အဆုံးမှာ သူမ ကျီကျောက်ရှေ့တွင် ဘုတ်ခနဲ ဒူးထောက်ချလိုက်သည်။
တစ်နာရီခန့်ကြာပြီးနောက်။
ပြဿနာ အတွင်းအပြင်အား နားလည်သွားပြီးနောက် ကျီကျောက် အရမ်းအံ့ဩသွားမိသည်။
“ချွင်းယန်က တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲမှာ တိတ်တိတ်လေး ပါ၀င်ခဲ့တာလား၊ ပြီးတော့ သူမက အကြိုရွေးချယ်ပွဲကိုတောင် အောင်မြင်သွားပြီးပြီပေါ့”
“ အင်း” မရီးရှန်းသည် စိတ်တည်ငြိမ်လာပြီးနောက် ခါးသီးစွာပြုံးကာ ပြောသည်။
“ဒီကောင်မလေးက ငယ်ငယ်ထဲက အတင့်ရဲလွန်းတယ်၊ နွားဆယ်ကောင်က သူမကို ဆွဲထားရင်တောင် သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်ဘူး၊ အစ်မလဲ သူ့ကို အကြိုရွေးချယ်ပွဲမှာ အောင်မြင်သွားမယ်လို့ မထင်ထားမိဘူး”
ပထမလတွင် အရှင်မင်းကြီးမှ ကြင်ယာတော် ရွေးချယ်ပွဲအား သဘောတူလိုက်ချိန်တွင် တော်၀င်မျိူနွယ်များမှာ အတိုင်းမသိ ပျော်ရွှင်ကြသည်။
သူတို့၏ ပျော်ရွှင်မှုအား မကျင်းပနိုင်ခင်မှာပင် ဧကရာဇ်ကျင်းချန်သည် တော်၀င်အမိန့်ပြန်တမ်းအား ထုတ်ပြန်လာသည်။ တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲမှာ သာမာန်အရပ်သားများနှင့် စတင်ပေမည်။
အရပ်သားများမှာ ငွေဆယ်လျန်းပမာဏ ပေးနိုင်နေသ၍ သူတို့ တော်၀င်ကြင်ယာတော် ရွေးချယ်ပွဲတွင် ပါဝင်နိုင်သည်။ အရာရှိမိသားစုမှ ဆင်းသက်လာသည့် အမျိုးသမီးများအနေဖြင့် သူတို့ ဖခင်၏ အဆင့်တန်းအရ ပေးဆောင်ရမည့် ပမာဏ ကွာခြားမှု ရှိသည်။
ထိုအချိန်တွင် ရှန်းယောင်သည် ကျီကျောက်အား ဧကရာဇ်ကျင်းချန်မှ တော်၀င်ဘဏ္ဍာတိုက်ကို ဖြည့်တင်းဖို့ လှည့်စားမှု တစ်ခု စဉ်းစားထားတာ ဖြစ်နိုင်ကြောင်း စနောက်ခဲ့သည်။
ဧကရာဇ်ကျင်းချန်သည် တာ့ကျင်းမင်းဆက်ပေါ်တွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားပြီး အုပ်စိုးချင်လိုသည်။ သူ့တွင် မည်သည့် ကာမစိတ်ဆန္ဒမှ မရှိပေ။
အခု သူသည် ဒီအခွင့်အရေးအား အသုံးချ၍ တိုင်းပြည်ဘဏ္ဍာတိုက်အား ဖြည့်တင်းချင်ခဲ့သည်။
“ မရီး အရမ်း မစိုးရိမ်ပါနဲ့” ကျီကျောက်သည် ခဏလောက် တွေးကာ တီးတိုးအကြံပေးသည်။
“ညီမ ချွင်းယန်ကို နောက်မှ သွားတွေ့လိုက်ပါ့မယ်”
“အာ့ထောင် ညီမ သူ့ကို ကူညီပြီး ဖျောင်းဖျပေးရမယ်၊ အခု သူက ညီမရဲ့ စကားကို နားထောင်ဆုံးပဲ”
မရီးရှန်းသည် သူမ၀တ်ရုံလက်အား ဆွဲလိုက်ကာ စိုးရိမ်ကြီးစွာ ပြောသည်။
“ မရီးရှန်း ချွင်းယန်က ဆယ့်ခြောက်နှစ်ပြည့်ပြီးပါပြီ၊ သူမက အရွယ်ရောက်နေပြီလေ” ကျီကျောက်သည် ပြုံးကာ နှစ်သိမ့်ပေးသည်။
“တကယ်လို့ ချွင်းယန်ကသာ အရှင့်အပေါ်မှာ ခံစားချက်ရှိနေရင် အနာဂတ်မှာ သူမ လိုချင်တာ ရနိုင်ကောင်းရနိုင်ပါတယ်”
“ဒါပေမယ့် စာအုပ်တွေထဲမှာ ပြောထားတာက နန်းတော်ဆိုတဲ့နေရာက လူတွေကို အရိုးရော အသားပါမကျန် စားသုံးပစ်နိုင်တဲ့ နေရာတဲ့လေ” အကြီးဆုံးမရီးရှန်းသည် သူမ ခေါင်းအား အလျင်အမြန် ခါယမ်းလိုက်သည်။
ကျီကျောက်သည် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ “ အကြီးဆုံးမရီးရှန်း အရှင်မင်းကြီးက သီလရှိပြီး ဖြောင့်မတ်သူဆိုတာ အစ်မ မေ့နေတာလား၊ အခုထိ မောင်းမဆောင်ထဲမှာ မိဖုရား တစ်ယောက်မှ မရှိသေးဘူး……”
“ဒါ့အပြင် အကြီးဆုံးမရီးက မရီး ဘ၀တစ်လျှောက်လုံး ချွင်းယန်ကို အနားမှာ ထားထားလို့ မရနိုင်ဘူးမလား၊ လူတိုင်းက အရွယ်ရောက်လာတာနဲ့ အိမ်ထောင်ပြုရမှာပဲလေ”
“ချွင်းယန်ရဲ့ လက်ရှိပုံစံ၊ ပင်ကိုယ်စရိုက်၊ နောက်ခံအခြေအနေနဲ့ဆို သူမက ခင်ပွန်းကောင်းရှာဖို့ မခက်ခဲပါဘူး၊ ဒါပေမယ့် မရီးရှန်း ခံစားချက်ဆိုတာ ဆုံးဖြတ်လို့ မရနိုင်ဘူး၊ မရီးက ချွင်းယန်အတွက် ဘယ်လောက်ကောင်းတဲ့ မင်္ဂလာပွဲပဲ စီစဉ်ပေးပါစေ သူ မကြိုက်ရင်ရော ဘယ်လိုလုပ်မလဲ”
အကြီးဆုံးမရီးရှန်းမှာ တိတ်ဆိတ်သွားသည်။ သူမ တကယ်ပဲ ဒီအကြောင်းကို မတွေးမိခဲ့ပေ။
ကျီကျောက်၏ စကားများအား နားထောင်ပြီးနောက် အကြီးဆုံးမရီးရှန်းသည် ဖုန့်ချွင်းယန်၏ အနာဂတ်အတွက် သူမ အစီစဉ်များအား ပြန်စဉ်းစားကြည့်သည်။
ဖုန့်ချွင်းယန်သည် သူမ အခန်းတွင်းရှိ စားပွဲခုံပေါ်တွင် မပျော်မရွှင် လဲလျောင်းနေသည်။ သူမ အနောက်မှ ခြေသံများအား ကြားသည့်အခါ သူမ မကျေမနပ် ပြောလိုက်သည်။
“ အစ်မ ညီမ ဘ၀တစ်လျှောက်လုံး အခန်းထဲမှာ ပိတ်ထားဖို့ စီစဉ်နေတာလား၊ ညီမ အရှင့်ကို တကယ်ကြိုက်တာပါ၊ အစ်မက ဘာလို့ ညီမကို မယုံရတာလဲ”
“ အစ်မအာ့ထောင်ပါကွယ်” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
“ အစ်မ မီးဖိုချောင်ထဲသွားပြီး ကြက်ဥလိပ်လုပ်လာခဲ့တယ်၊ ချွင်းယန် မြည်းကြည့်ချင်လား”
ဖုန့်ချွင်းယန်သည် ပထမက ခေါင်းညိမ့်ပြကာ နောက်ခေါင်းခါပြပြန်သည်။ “ အစ်မအာ့ထောင် အစ်မရော ညီမကို နန်းတော်ထဲမ၀င်ဖို့ ဖျောင်းဖျဖို့ ဒီကိုလာတာလား”
ကျီကျောက်သည် ပြုံးလိုက်ကာ သူမ ခေါင်းအား ခါပြသည်။ “ဒါက ညီမရဲ့ ဘ၀ပဲလေ၊ ညီမက နန်းတော်ထဲကို ၀င်ဖို့ တောင်းဆိုတယ်ဆိုရင် ဘယ်သူမှ ညီမကို တားမြစ်ခွင့် မရှိပါဘူး”
“တကယ်လား” ဖုန့်ချွင်းယန်သည် သူမ မျက်လုံးများလက်လာခဲ့သည်။
“ဒါဆို အစ်မအာ့ထောင် ညီမကိုကူပြီး အစ်မကြီးကို ကူဖျောင်းဖျပေးပါလား၊ ညီမ တကယ် နန်းတော်ထဲ ၀င်ချင်တာပါ…. ညီမ… ညီမ အရှင့်ကို ဟိုးအရင်ထဲက သဘောကျခဲ့ရတာပါ….”
***