← Chapters

ဟန်ကျွယ်အစွမ်းပြခြင်း

Vol. 3 Ch. 31

ဟန်ကျွယ်အစွမ်းပြခြင်း

Vol. 3 Ch. 31

အခန်း (၃၁) ဟန်ကျွယ်အစွမ်းပြခြင်း

ယွီဂျင်ဂိုဏ်း အဓိကတောင်ထိပ်။

တောင်ထိပ် ၁၈ ထိပ်ရဲ့ အကြီးအကဲတွေဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြပါတယ်။ သူတို့ဟာ ဒဏ်ရာကုဖို့အတွက် တရားထိုင်နေတာ မဟုတ်ရင် မထနိုင်လို့ ‌မြေပြင်မှာ လဲလျောင်းနေကြပါတယ်။ သူတို့အကုန်လုံးဟာ ကောင်းကင်ပေါ်က လီချင်းဇဲ့၊ မဟာအကြီးအကဲနဲ့ တွမ့်ထုံးထျန်တို့ရဲ့ တိုက်ပွဲကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါတယ်။

တွမ့်ထုံးထျန်ရဲ့ အနက်ရောင်ဝတ်ရုံဟာ လေထဲမှာလွှင့်ပျံနေပြီး သူ့နောက်မှာတော့ ကြီးမားလှတဲ့အနက်ရောင် တောင်ကြီးဟာ လေပေါ်မှာဝဲပျံနေပါတယ်။ လျှပ်စီးတွေဟာ တောင်နက်မှာ ဖြိုးဖြိုးဖျတ်ဖျတ် လက်နေပြီး အင်အားကြီးမားတဲ့ဆွဲအားတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဲဒါကြောင့် လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ ရွေ့လျားဖို့တောင် ခက်ခဲနေပါတယ်။ တောင်နက်ကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေပြင်းဟာ အဓိကတောင်ထိပ်ပေါ်မှာရှိတဲ့ သစ်ပင်တွေကို မှုန့်မှုန့်ညက်ညက် ကြေသွားစေပါတယ်။

လီချင်းဇဲ့နဲ့ မဟာအကြီးအကဲ နှစ်ဦးလုံးဟာ ဒဏ်ရာရသွားကြပါတယ်။ သူတို့ရဲ့ဝတ်ရုံတွေဟာ စုတ်ပြဲနေပြီး ခေါင်းမှာလည်း ဆံပင်မရှိတော့တဲ့အတွက် တော်တော်လေး သနားစရာကောင်းတဲ့ပုံ ပေါက်နေပါတယ်။ သူတို့နှစ်ယောက်ဟာ ပင်ပန်းနေပေမဲ့လည်း တိုက်ခိုက်နေတုန်းပါ။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက် ရှုံးနိမ့်သွားရင် ယွီဂျင်ဂိုဏ်းလည်း အဆုံးသတ်သွားမှာကို သိနေလို့ပါ။

သူတို့ရဲ့ အရေပြားတွေက ရွှေရောင် ဖြစ်နေတာကို အဝတ်ပြဲတွေနေရာကနေ တွေ့လိုက်ရပါတယ်။ ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်! ဒီပညာကြောင့်သာ မဟုတ်ရင် သူတို့နှစ်ဦးဟာ အစောကြီးကတည်းက ရှုံးနိမ့်သွားမှာ ဖြစ်ပါတယ်။

တွမ့်ထုံးထျန်ဟာ သူတို့နှစ်ဦးကို ငုံ့ကြည့်ပြီး ရက်စက်တဲ့အပြုံးနဲ့ ပြောလိုက်ပါတယ် “အရှုံးပေးလိုက်တော့၊ မင်းတို့တွေက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ မင်းတို့တွေ ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် မင်းတို့တပည့်တွေကို ညှာတာပေးမယ်”

“နှစ်ရာချီကြာညောင်းခဲ့တဲ့ ရန်ငြိုးတွေအတွက် ကလဲ့စားချေနိုင်တော့မယ်!”

လီချင်းဇဲ့ဟာ ရွှေပေတံကို ကိုင်နေရင်းကနေ သွေးအန်ထွက်သွားပြီး အော်ပြောလိုက်ပါတယ် “တွမ့်ထုံးထျန်း... ယွီဂျင်ဂိုဏ်းရဲ့တပည့်တွေက မိစ္ဆာလမ်းစဉ်ကို အညံခံမဲ့အစား အသေပဲခံမယ်” လီချင်းဇဲ့ဟာ ပြောပြောဆိုဆို ပေတံကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ကြီးမားတဲ့မီးလျှံတွေ ပေါ်လာပြီး တွမ်ထုံးထျန်ဆီ ပျံသန်းသွားပါတယ်။

တွမ့်ထုံးထျန်ဟာ သူ့လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ သူ့နောက်က တောင်နက်ဟာ မီးလျှံတွေကို စုပ်ယူလိုက်ပါတယ်။

မဟာအကြီးအကဲဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဒီတောင်က သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ သံလိုက်တောင်ပဲ၊ အဲဒါက စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပြီး ချေဖျက်နိုင်တဲ့အစွမ်းရှိတယ်၊ ဒီမိစ္ဆာက ဘာမန္တန်မှ မသုံးဘဲနဲ့ ဒီတောင်နက်ကိုသုံးပြီး ငါတို့ကို အားကုန်သေအောင် လုပ်နေတာ”

တွမ့်ထုံးထျန်ဟာ တစ်ချိန်လုံး စွမ်းအားအပြည့် ထုတ်မသုံးပါဘူး၊ သူက ယွီဂျင်ဂိုဏ်းကလူတွေကို ဆော့ကစားပြီး နှိပ်စက်နေတာပါ။

“သေစမ်း! ငါတို့တွေ ဘာလုပ်သင့်လဲ?” လီချင်းဇဲ့ဟာ သူ့လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပါတယ်။ မဟာအကြီးအကဲဟာလည်း တိတ်ဆိတ်သွားပါတယ်။

မနီးမဝေးမှာ ရှိနေတဲ့ နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘နောက်ဆုံးတော့ ငါတို့တွေ ရှုံးနိမ့်သွားပြီပဲ’ နတ်မိယ်ရှီရွှမ်ဟာ ရုတ်တရက် ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘ဒီကောင်စုတ်လေးက အခုအချိန်ထိ ဂူအောင်းကျင့်ကြံနေတုန်းပဲ’

နတ်မိမယ်ရှီရွှမ်ဟာ ဒေါသလည်းထွက်နေသလို ဘာမှလည်းမတက်နိုင် ဖြစ်နေပါတယ်။ အခုအချိန်မှာ သူ့နှလုံးသားက ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ခြားတပည့်တွေကို တွေးမိလိုက်တိုင်း သူနှလုံးသားက ပိုပြီးကြေကွဲသွားရပါတယ်။

“ငါက မင်းတို့ဆရာသခင်နဲ့ မင်းတို့ကို မကာကွယ်ပေးနိုင်ဘူး၊ မင်းတို့အရင်ပဲ သေပေးနိုင်တယ်...”

နတ်မိမယ်ရှီရွှမ်ဟာ ဖြည်းဖြည်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က ယိုင်တိယိုင်တိုင် ဖြစ်နေပေမဲ့ သူ့မျက်လုံးတွေက တည်ကြည်ပြတ်သားနေပါတယ်။ သူမျက်လုံးတွေက သူ သေမယ်ဆိုရင်တောင် ယွီဂျင်ဂိုဏ်းအတွက်ပဲ သေမယ်လို့ ပြသနေပါတယ်။

…

ချောက်ကမ်းပါးအစွန်းတစ်ခုမှာ မော့ကျူဟာ မိစ္ဆာကျင့်ကြံသူနှစ်ဦးရဲ့ ဟန့်တားခြင်းကို ခံလိုက်ရပါတယ် “အလှလေး... မင်းသာ ငါတို့နှစ်ယောက်ပျော်အောင် ပြုစုမယ်ဆိုရင် အသက်ရှင်ဖို့အတွက် မျှောက်လင့်ချက်ရှိတယ်၊ နို့မဟုတ်လို့ကတော့... ...” မိစ္ဆာကျင့်ကြံသူတစ်ဦးဟာ တဟားဟား ရယ်မောပြီး ငမ်းငမ်းတက်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကျူကို ကြည့်လိုက်ပါတယ်။

မော့ကျူဟာ ဘေးကို ကြည့်လိုက်တဲ့အခါမှာ သူ့အစ်ကိုဟာ ချင်မင်ဂိုဏ်းက တစ်ခြားရွှေဓာတ်လုံး ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေရတဲ့အတွက် သူ့ကို လာမကယ်နိုင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

“သေစမ်း...” မော့ကျူဟာ အံကြတ်ပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်ပါတယ်။ သူ သေရမယ်ဆိုရင်တောင် ဒီမိစ္ဆာကျင့်ကြံသူတွေ စော်ကားတာကို လုံးဝမခံနိုင်ပါဘူး။

မော့ကျူဟာ တိမ်တွေကို ဖြတ်သန်းပြီး အောက်ပြုတ်ကျသွားပါတယ်။ ဓားပျံကို အသုံးပြုချင်ပေမဲ့လည်း သူ့စိတ်ဝိညာဉ်ချီက ကုန်ခမ်းနေပြီဖြစ်တဲ့အတွက် ထုတ်သုံးလို့မရတော့ပါဘူး။ မော့ကျူဟာ မဲ့ပြုံးပြုံးလိုက်ပြီး ‘ငါ တကယ်သေရတော့မှာပါလား’ လို့ တွေးလိုက်ပါတယ်။ သူ့မျက်လုံးတွေကို ဖြည်းညင်းစွာပိတ်လိုက်ပြီး သေခြင်တရားကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်လိုက်ပါတယ်။

ဒီအချိန် မော့ကျူ အာရုံထဲမှာ အမျိုးသမီးတွေထက်ပိုချောတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရုပ်သွင် ပေါ်လာပါတယ် ‘ငါသာ သူ့လို ကျင့်ကြံအားထုတ်ခဲ့ရင် မိစ္ဆာကျင့်ကြံသူတွေကို ပိုပြီးသတ်နိုင်ခဲ့မှာ၊ အခုတော့...’

‘ဟင်း...’

‘ဟန်ကျွယ် ကျွန်မတို့တွေ နောက်ဘဝ ထပ်တွေ့ကြအုန်းမှာလား?’

‘မဟုတ်ဘူး... ကျွန်မရဲ့ နောက်ဘဝမှာ ရှင်လိုချင်တဲ့ ထာဝရအသက်ရှည်ခြင်းကို ရရှိနေတာ မြင်တွေ့ချင်တယ်’ မျက်ရည်စတွေဟာ မော့ကျူရဲ့ မျက်လုံးထောင့်တွေကနေ စီးကျလာပါတယ်။

ဒီအချိန်မှာပဲ မော့ကျူဟာ တစ်ယောက်ယောက်က သူ့ကို ဖမ်းလိုက်တယ်လို့ ခံစားလိုက်ရပြီး ရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရပါတယ် “မိန်းကလေးမော့... ဘာလို့အောက်ကို ခုန်ဆင်းနေတာလဲ?”

ဟန်ကျွယ်! မော့ကျူဟာ မှင်သက်သွားပြီးနောက် ဟန်ကျွယ်ပြောတဲ့စကားကို ‌တွေးတောလိုက်ပါတယ် ‘ဟန်ကျွယ်လည်း သေသွားပြီလား? ငါတို့တွေ ငရဲပြည်ကို ရောက်နေကြတာလား?’

မော့ကျူဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ရဲ့ ချောမောတဲ့မျက်နှာကို ကြည့်လိုက်ပါတယ်။ သူဟာ ဟန်ကျွယ်ရဲ့ လက်မောင်းထဲမှာ လဲလျောင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မော့ဖူချိုရဲ့ရောင်ဝါကို အာရုံခံမိလိုက်တဲ့အတွက် မော့ကျူကို သယ်ဆောင်ရင်း ပျံသန်းသွားပါတယ် ‘ရိုးရိုးသားသား ပြောရရင် ဒီကောင်မလေးက ဖက်လို့ကောင်းသားပဲ! ဘာ... မင်း ဘာတွေ လျှောက်တွေးနေတာလဲ! ဒါက မြင့်မြတ်တဲ့တာအိုရဲ့ စမ်းသပ်မှုပဲ ဖြစ်ရမယ်’

‘ကျွန်မတို့တွေ သေသွားကြပြီလား?’ မော့ကျူက ဟန်ကျွယ်ကို စိုက်ကြည့်ရင်း ဖျောတော့တဲ့အသံနဲ့ မေးလိုက်ပါတယ်။

မော့ကျူရဲ့အမေးကြောင့် ဟန်ကျွယ်ဟာ သူ့ညာလက်ကို မြှောက်လိုက်ပါတယ်။

“ဖြန်း” ဟန်ကျွယ်ဟာ မော့ကျူကို နိုးထသွားအောင် ပါးရိုက်လိုက်ပါတယ်။

‘အား နာလိုက်တာ!’ မော့ကျူဟာ သူ့ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပါတယ်။

သူတို့နှစ်ဦး ချောက်ကမ်းပါးပေါ် ပြန်ရောက်သွားတဲ့အခါ မော့ဖူချိုကို မိစ္ဆာကျင့်ကြံသူသုံးဦးက ဝန်းရံတိုက်ခိုက်နေတာကို ဟန်ကျွယ် ‌တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အရိပ်သုံးပါးဓားကို ထုတ်သုံးလိုက်ပါတယ်။ ဓားအလင်းရောင်ဟာ ဖျတ်ခနဲလင်းလက်သွားပြီး မြေပြင်ပေါ်မှာ သွေးစွန်းသွားပါတယ်။ မိစ္ဆာကျင့်ကြံသူသုံးဦးဟာ ဟန်ကျွယ်ရဲ့ အရိပ်ဓားကြောင့် မရဏလမ်းကို မြန်းသွားရရှာပါတယ်။

မော့ဖူချိုဟာ ကြက်သေသေသွားပါတယ် ‘ရွှေဓာတ်လုံး မိစ္ဆာကျင့်ကြံသူသုံးဦးက ဒီလိုပဲ သေသွားတာလား?’ မော့ဖူချိုဟာ တိုက်ခိုက်လိုက်တဲ့သူက ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အလွန်အံအားသင့်သွားပါတယ် ‘မဖြစ်နိုင်ဘူး!’

“ရောင်းရင်းဟန်...” မော့ဖူချိုဟာ တစ်စုံတစ်ခု ပြောချင်ပေမဲ့ ဟန်ကျွယ်က သူ့ဆီကို မော့ကျူ ပစ်ပေးလိုက်ပါတယ် “သူ့ကို ဂရုစိုက်လိုက်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ အဓိကတောင်ထိပ်ကို ဆက်ပျံသန်းသွားပါတယ်။

[မော့ဖူချို သင့်အပေါ် အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်ခွဲ]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို လျစ်လျူရှူလိုက်ပါတယ်။ သူဟာ အဓိကတောင်ထိပ်ကို ပျံသန်းရာလမ်းတစ်လျှောက်မှာ လက်ညိုးဓားကို ဆက်တိုက်သုံးပြီး မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ပါတယ်။

ယွီဂျင်ဂိုဏ်းရဲ့တပည့်တွေဟာ သူ့ကို တအံတဩ ကြည့်လိုက်ကြပါတယ်။

“အဲဒါက ဘယ်သူလဲ?”

“စွမ်းလှချည်လား!”

“သူက ဂိုဏ်းထဲက အကြီးအကဲလား? ငါဘာလို့ အရင်တုန်းက မမြင်ဖူးပါလိမ့်?”

“နေပါအုန်း၊ သူက ကျောက်အေးတောင်ထိပ်က တပည့်နဲ့တူတယ်၊ လွန်ခဲ့တဲ့အတွင်းဂိုဏ်း စမ်းသပ်မှုမှာ တတိယနေရာ ရခဲ့တယ်”

“သူက အဓိကတပည့်အဖြစ် လျာထားခံရသူလား?”

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းသားတွေရဲ့ စကားတွေ အကြည့်တွေကို ဂရုမစိုက်ဘဲ အဓိကတောင်ထိပ်ကို ဆက်ပြီး ပျံသန်းပါတယ်။ အဓိကတောင်ထိပ်ကနေ လာနေတဲ့ ဖိအားတစ်ခုကို ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူရဲ့ အရှိန်အဝါ!

ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ကို ရောက်တဲ့အခါမှာ ချန်ယွီအာရဲ့ ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။ ချန်ယွီအာနဲ့ ကျောက်အောင်းတောင်ထိပ် တပည့်တွေဟာ သူတို့ထက်နှစ်ဆ ပိုများတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေကြပါတယ်။ အင်အားခြင်း မမျှတဲ့အတွက် ချန်ယွီအာတို့ဟာ တော်တော်လေး အခြေ‌အနေ ဆိုးနေကြပါတယ်။

ဟန်ကျွယ်ဟာ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အရိပ်ဓားသုံးချောင်း ထွက်သွားပြီး ဓားရောင်တွေ ဝင်းလက်သွားပါတယ်။ အရောင်မတူညီပေမဲ့ လျှပ်စီးလို လျင်မြန်လှတဲ့ အရိပ်ဓားသုံးချောင်းအောက်မှာ မိစ္ဆာကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် သေပွဲဝင်ကုန်ကြပါတယ်။ မိစ္ဆာကျင့်ကြံသူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံကိုလည်း ကြားလိုက်ရပါတယ်။

လျူစန့်ရှင်၊ ချန်ယွီအာနဲ့ တစ်ခြားတပည့်တွေဟာ မှင်သက်သွားပြီး လှည့်ကြည့်လိုက်တဲ့အခါ အဝေးကနေ ပျံသန်းလာတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။

“ဂျူနီယာ ဟန်” ချန်ယွီအာက ဝမ်းသာအားရ လှမ်းအော်လိုက်ပါတယ်။

ဘေးနားက မိစ္ဆာကျင့်ကြံသူတွေဟာ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အရိပ်ဓားတွေက သူတို့နောက်ကို လိုက်လံသတ်ဖြတ်ပါတယ်။ မြင်ကွင်းကနေ ဟန်ကျွယ် ပျောက်ကွယ်သွားတဲ့အချိန်မှာ အရိပ်ဓားတွေက မိစ္ဆာကျင့်ကြံသူတစ်ရာနီးပါးကို သတ်ဖြတ်ပြီးသား ဖြစ်သွားပါတယ်။

“သူက တကယ်ပဲ ဂျူနီယာဟန်လား?” လျိူစန့်ရှင်ဟာ ကြက်သေသေသွားပါတယ်။ သူဟာ ဟန်ကျွယ်က ဖြတ်သွားရုံပဲဖြစ်ပြီး တကယ့်တိုက်ခိုက်တာက တစ်ခြားပညာရှင်တစ်ယောက်လို့ တွေးလိုက်ပါတယ်။ ဒီလောက်စွမ်းအားကြီးတဲ့ ပညာရပ်ကို ဟန်ကျွယ် ထုတ်သုံးနိုင်လိမ့်မယ်လို့ သူမယုံပါဘူး။

…

အဓိကတောင်ထိပ် တောအုပ်ထဲ၌။

ရှင်းဟုန်ရွှမ်ဟာ သစ်ပင်တစ်ပင်ကို မှီနေပြီး သူ့ညာလက်မောင်းက သွေးတွေစီးကျနေတာကြောင့် ဝတ်စုံတစ်ခုလုံး သွေးတွေစိုရွှဲနေပါတယ်။ ဒီလိုဖြစ်နေတာတောင် ရှင်းဟုန်ရွှမ်ဟာ အလွန်တရာ လှပနေတုန်းပါပဲ။

ရှန်းဟုန်ရွှမ် ရှေ့မှာတော့ ဝတ်ရုံနက်လူတစ်ယောက် ရပ်နေပါတယ်။ ဝတ်ရုံနက်လူဟာ တစ်ဖက်သွားဓားကို ကိုင်ထားပြီး ရက်စက်တဲ့အပြုံးကို ပြုံးလိုက်ပါတယ်။

“ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ ငါနဲ့ ပြန်လိုက်ခဲ့ပြီး ငါ့ကို လက်ထပ်မယ်ဆိုရင် နင့်အသက်ကို ချမ်းသာပေးမယ်၊ မဟုတ်လို့ကတော့ နင် ဒီမှာပဲ သေရလိမ့်မယ်၊ ပြီးရင် နင့်ဝိညာဉ်ကို ဆွဲထုတ်ပြီး သရဲကျွန်ဖြစ်အောင် စီရင်ပစ်မယ်”

ဝတ်ရုံနတ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ရှင်းဟုန်ရွှမ်ဟာ အံကြိတ်ကာ ပြောလိုက်ပါတယ် “ချင်မင်ဂိုဏ်းကို ဘယ်တော့မှ ငါပြန်မှာ မဟုတ်ဘူး၊ ငါ့မိဘတွေကို တွမ့်ထုံးထျန်က သေအောင် ဖိအားပေးခဲ့ကတည်းက ကလဲ့စားချေဖို့ ငါဆုံးဖြတ်ပြီးပြီ”

“နင့်ကို လက်ထပ်ရအောင် နင်က ငါ့ခြေဖျားနဲ့တောင် တန်လို့လား?”

ဝတ်ရုံနက်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ် ‘နင်က သေခါနီးတောင် ငါ့ကို လှောင်ရဲသေးတယ်၊ နင်က ကိုယ်သေတွင်း ကိုယ်တူးနေတာပဲ’ ဝတ်ရုံနက်လူဟာ တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ တောအုပ်အပေါ်မှာ လူတစ်ယောက် ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

ရှန်းဟုန်ရွှမ်ဟာ မော့ကြည့်လိုက်ပြီး တအံတဩ ပြောလိုက်ပါတယ် “ယောက်ျား!”

ဟန်ကျွယ်က မျက်နှာတစ်ချက်မပျက်ဘဲ မေးလိုက်ပါတယ် “မိန်းကလေးရှင်း အကူအညီလိုလား?”

All Chapters