ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကွ
Vol. 3 Ch. 32
အခန်း (၃၂) ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကွ
‘ကောင်စုတ်! မင်းကများ ငါရဲ့လက်တွဲဖော်လောင်းကို ဒုက္ခပေးရဲတယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးအိမ်ထဲမှာ သတ်ဖြတ်ငွေ့တွေ ပြည့်လျှံထွက်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားတဲ့အခါခါမှာ အလိုလို ခေါင်းညိတ်မိသား ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဝတ်ရုံနက်က ချင်မင်ဂိုဏ်းရဲ့ အဓိကတပည့်တွေထဲမှာ ဒုတိယမြောက်တပည့်ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝတ်ရုံနက်ရဲ့ ပြိုင်ဘက်မဟုတ်နိုင်ဘူးလို့ တွေးမိတာကြောင့် ရှင်းဟုန်ရွှမ်က အော်ပြောလိုက်ပါတယ်။
“ယောက်ျား မြန်မြန်...”
ရှင်းဟုန်ရွှမ်ဟာ မြန်မြန်ထွက်ပြေးလို့ ပြောချင်ပေမဲ့ သူ့စကားမဆုံးခင်မှာပဲ ဝတ်ရုံနက်က စတင်တိုက်ခိုက်လိုက်ပါတယ်။
ဝတ်ရုံနက်ဟာ ဟန်ကျွယ်က အခြေခံအဆင့် နဝမတန်းမှာပဲ ရှိနေတာကို အာရုံခံမိတဲ့အတွက် စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ် ‘အခြေခံအဆင့် ကျင့်ကြံသူကများ ငါ့ကို နှောင့်ယှက်ရဲတာလား? ရိုင်းလိုက်လေ!’ ဝတ်ရုံနက်ဟာ သူရဲ့ တစ်ဖက်သွားဓားချီနဲ့ ဟန်ကျွယ်ကို ခုတ်ပိုင်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာ ဟန်ကျွယ်ကလည်း နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ထုတ်သုံးလိုက်ပါတယ်။ ရွှေရောင်တံဆိပ်ဟာ ဝတ်ရုံနက်ရဲ့ဓားချီတွေကို အစအနတောင်မကျန်အောင် ချေဖျက်ပစ်လိုက်ပါတယ်။
ဝတ်ရုံနက်ဟာ ရွှေရောင်တံဆိပ်ကနေ ထွက်ပေါ်လာတဲ့ ဖိအားကို အာရုံခံမိတာကြောင့် အကြီးအကျယ် လန့်ဖျပ်သွားပြီး ချက်ချင်း ထွက်ပြေးပါတယ်။
ဟန်ကျွယ်က အရိပ်ဓားသုံးချောင်းကို ထုတ်သုံးလိုက်တဲ့အခါမှာ ဓားရောင်တွေ ဝင်းခနဲလက်ခနဲ ဖြစ်သွားပြီး ဝတ်ရုံနက်ဟာ သုံးပိုင်းပြတ်ကာ သေပွဲဝင်သွားရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေသွားပါတယ်။ သူ့မျက်လုံးကိုတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါတယ်။
“နေရာရှာပြီး ပုန်းနေချည်” ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ပုန်းခိုင်းပြီးတာနဲ့ အဓိကတောင်ထိပ်ရဲ့ အထွတ်ကို ဆက်ပျံသန်းလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အဲဒီနေရာမှာပဲ အတော်ကြာအောင် ဆက်ရပ်နေပါသေးတယ်။
[ရှင်းဟုန်ရွှမ်သည် သင့်အပေါ် အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်]
‘ထပ်တိုးပြန်ပြီလား!’ ဟန်ကျွယ်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ ကြည့်ရတာ ဒီမိန်းမက ဒီဘဝမှာ သူကလွဲပြီး တစ်ခြားယောက်ျားကို ချစ်ကြိုက်မဲ့ အလားအလာတောင် မရှိတော့ပါဘူး ‘ဒါတွေ အကုန်လုံးက ငါရဲ့ရုပ်ရည်နဲ့ အစွမ်းကြောင့်ပဲ’
…
အဓိကတောင်ထိပ်မှာ နတ်မိမယ်ရှီရွှမ်၊ မိုးကြိုးအင်မော်တယ်၊ တာအိုသခင်ကျင်ရှုနဲ့ တစ်ခြားအကြီးအကဲတွေဟာ သွေးအိုင်ထဲလဲကျပြီး ဒဏ်ရာ ကြီးကြီးမားမား ရထားကြပါတယ်။ တောင်ထိပ် ၁၈ ထိပ်ရဲ့ အကြီးအကဲများစုဟာ ဒီနေရာမှာရှိနေပြီး ကျန်တဲ့အကြီးအကဲ့အချို့ကတော့ ချင်မင်ဂိုဏ်းက အကြီးအကဲတွေနဲ့ တိုက်ခိုက်နေကြပါတယ်။
ကျန်တဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပါတယ်။ သူတိုရဲ့ ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်ဟာ တွမ့်ထုံးထျန်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ လီချင်းဇဲ့ဟာ သူ့လက်နှစ်ဖက်လုံးကို ဆုံးရှုံးသွားပြီး အပျက်အစီးတွေကြားထဲမှာ ဒူးထောက်ပါတယ်။ မဟာအကြီးအကဲရဲ့ မျက်နှာကလည်း သွေးအလူးလူး ဖြစ်နေပြီး ပြန်လည်သက်သာဖို့အတွက် တရားထိုင်နေပါတယ်။
ဒီတိုက်ပွဲရဲ့ ရလဒ်က လုံးဝကို ထင်ရှားနေပါပြီ။
တွမ့်ထုံးထျန်ဟာ သဘဝသံလိုက်တောင်ပေါ်မှာ ရပ်နေပြီး သရော်သံနဲ့ ပြောလိုက်ပါတယ် “မင်းတို့က ခုခံချင်သေးတာလား? မင်းတို့ ယွီဂျင်ဂိုဏ်းက လူဘယ်နှယောက်ကများ အသက်ရှင်နေသေးတယ်လို့ ထင်လဲ?”
ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ တိတ်ဆိတ်သွားကြပါတယ်။ အကြီးအကဲအများစုဟာ သူတို့မျက်လုံးတွေကို ပိတ်လိုက်ပြီး သေခြင်တရားကို စောင့်ဆိုင်းနေကြပါတယ်။ နတ်မိမယ်ရှီရွှမ်ကလည်း သူ့မျက်လုံးတွေကို မှိတ်လိုက်ပါတယ်။
‘ယွီဂျင်ဂိုဏ်းက ဒီနေ့ ဖျက်ဆီးခံလိုက်ရပြီ၊ အခုအချိန်ကစပြီး ယွီဂျင်းဂိုဏ်းဆိုတာ ကျင့်ကြံခြင်းလောကမှာ မရှိတော့ဘူး’
“လူမိုက်တွေက စကားအပိုပြောလို့ သေကြတာချည်းပဲ၊ ဒီစကားကို ခင်ဗျား မကြားဖူးဘူး ထင်တယ်” အသံတစ်သံဟာ လေနဲ့အတူ လွင့်ပါလာပါတယ်။
တွမ့်ထုံးထျန်ဟာ အသံလာရာကို ကြည့်လိုက်တဲ့အခါမှာ အသင့်အတင်အလျင်နဲ့ ဓားပျံစီးလာတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။
‘အခြေခံအဆင့် နဝမတန်းလား?’ တွမ့်ထုံးထျန်ဟာ တဟားဟား ရယ်မောလိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းက အကြီးအကဲတွေဟာလည်း အသံလာရာကို လှမ်းကြည့်လိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို မြင်သွားတဲ့အခါမှာ အလန့်တကြား ဖြစ်သွားပြီး ချက်ချင်း အော်ပြောလိုက်ပါတယ် “နင် ဒီကို ဘာလာလုပ်တာလဲ! မြန်မြန် ထွက်သွားစမ်း!”
လီချင်းဇဲ့နဲ့ မဟာအကြီးအကဲကတော့ ဟန်ကျွယ်ကို နားလည်ရခက်တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကို ဟန်ကျွယ်ကို မမေ့နိုင်သေးပါဘူး။ သူတို့ဟာ ဟန်ကျွယ်က သေခြင်းတရားကို ကြောက်တဲ့အတွက် အနာဂတ်ကောင်းမရှိနိုင်ဘူးလို့ တွေးထားကြတာပါ။ ဒါပေမဲ့ အခုလို ကပ်ဆိုက်နေတဲ့အချိန်မှာ ဟန်ကျွယ်က တောင်ပေါ်က တက်လာလိမ့်မယ်လို့ သူတို့တွေ လုံးဝမမျှော်လင့်ထားကြပါဘူး။
“ဟင်း” လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ တစ်ချိန်တည်းမှာ သက်ပြင်းချလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီ ပျံသန်းသွားပြီး ပူပန်သောကနဲ့ မေးလိုက်ပါတယ် “ဆရာသခင် အဆင်ပြေရဲ့လား?” နတ်မိမယ်ရှီရွှမ်ရဲ့ ဆံပင်တွေက ရှုပ်ပွနေပါတယ်။ နတ်မိမယ်ရှီရွှမ် ဒီလိုဖိုသီဖတ်သီ ဖြစ်နေတာကို ဟန်ကျွယ် ပထမဆုံး မြင်ဖူးတာပါ။
‘ဒီလိုဖိုသီဖတ်သီ ဖြစ်နေတာတောင် ဆရာသခင်က ပြိုင်ဘက်ကင်းအောင် လှတုန်းပတုန်းပါလာ’
နတ်မိမယ်ရှီရွှမ်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဆရာသခင်ပြောတာ နားထောင်! မင်း ပြေးနိုင်သလောက် ပြေးပေတော့၊ အခုအချိန်ကစပြီး မင်းက ယွီဂျင်ဂိုဏ်းရဲ့တပည့် မဟုတ်တော့ဘူး!”
[စွမ်းအားကြီး ချင်မင်ဂိုဏ်းခေါင်းဆောင်ကို ရင်ဆိုင်နေရသောကြောင့် နတ်မိမယ်ရှီရွှမ်သည် သင် ထွက်သွားရန် ဆန္ဒရှိနေသည်၊ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိ၏။]
[၁။ ဆရာသခင်၏ စကားကိုလိုက်နာ၍ ခြေကုန်သုတ် ထွက်ပြေးပါ၊ လွတ်မြောက်အောင် ပြေးနိုင်လျှင် ရတနာတစ်မျိုး ရရှိမည်။]
[၂။ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူကို သတ်ဖြတ်မည်၊ ဤအချိန်မှစ၍ ကျင့်ကြံခြင်းလမ်းစဉ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရမည်၊ ယွီဂျင်ဂိုဏ်းကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့လျှင် တန်ဖိုးကြီးမားသော ဆေးတစ်မျိုးကို ရရှိမည်။]
ဟန်ကျွယ်ဟာ ဒီအကြောင်းကြားစာကို လုံးဝဂရုမစိုက်ပါဘူး။ သူ ဒီကို ရောက်လာတယ် ဆိုကတည်းက ဆုံးဖြတ်ချက် ချထားပြီးသွားပါပြီ။
တွမ်ထုံးထျန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကောင်လေး... မင်းသတ္တိက မသေးဘူးပဲ၊ ယွီဂျင်ဂိုဏ်းရဲ့ တပည့်တွေထဲမှာ မင်းတစ်ယောက်ပဲ သတ္တိရှိတယ်၊ ဒူးထောက်ပြီး ငါ့ကို သုံးကြိမ်ရှိခိုးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးပြီး ချင်မင်ဂိုဏ်းထဲ ဝင်ခွင့်ပြုမယ်”
“ဝုန်း...”
တွမ့်ထုံးထျန်ဟာ စကားဆုံးတာနဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူရဲ့ ကြောက်မက်ဖွယ် ကောင်းလောက်တဲ့ အရှိန်အဝါကို ထုတ်လိုက်ပါတယ်။ သူ့အရှိန်အဝါကြောင့် မြေကြီးပေါ်မှာရှိတဲ့ ခဲအစအနတွေတောင် တုန်ခါသွားပါတယ်။
ဟန်ကျွယ်ရဲ့ ဆံပင်တွေဟာ လေထဲမှာ တလူးလူးလွှင့်ပျံသွားပါတယ်။ ဟန်ကျွယ်ဟာ တည်ငြိမ်စွာနဲ့ တွမ့်ထုံးထျန်ကို ကြည့်လိုက်ပါတယ်။
“ခင်ဗျားက ယွီဂျင်ဂိုဏ်းကို ချမ်းသာပေးဖို့ စိတ်ကူးမရှိဘူးပေါ့?” ဟန်ကျွယ်က မေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ချီလင်ဓားဟာ ဟန်ကျွယ်လက်ထဲ ရောက်လာပြီး သွေးတွေ ဆူပွက်လာပါတယ်။
‘ငါက ကုပ်ကုပ်လေး နေတယ်ဆိုတာ အေးအေးဆေးဆေး နေချင်လို့၊ သူများကို ကြောက်လို့မဟုတ်ဘူး၊ အခုတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ငါသတ်ရတော့မယ်’
တွမ့်ထုံးထျန်ဟာ ဟန်ကျွယ်စကားကြောင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ် “ဒီလောက် နှစ်ရာချီကြာခဲ့တဲ့ ရန်ငြိုးက ဘာလို့ ခွင့်လွှတ်ပေးရမှာလဲ? မင်း ငါ့ဖိနပ်ကို လျှာနဲ့ယက်ရင်တောင် ယွီဂျင်ဂိုဏ်းကို ချမ်းသာမပေးနိုင်ဘူး”
ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တွမ့်ထုံးထျန်ဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။
“မင်း အရှုံးပေးပြီလား?” တွမ့်ထုံးထျန်က သရော်ပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ကလည်း ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် “အရှံးမပေးပါဘူး၊ ခင်ဗျားကို သတ်ဖို့ ကျုပ်လာခဲ့တာ” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြောလိုက်ပေမဲ့ သူ့စကားကြောင့် ယွီဂျင်ဂိုဏ်းက အကြီးအကဲတွေအားလုံး လန့်သွားကြပါတယ်။
ဂိုဏ်းထဲက လူတွေအားလုံး ရှုံးနိမ့်သွားချိန်မှာ အခြေခံအဆင့်ပဲရှိတဲ့ တပည့်တစ်ယောက်က မတ်တတ်ရပ်ပြီး ချင်မင်ဂိုဏ်းခေါင်းဆောင်ကို သတ်မယ်လို့ ပြောရဲတယ်။ သူ့သတ္တိက ဘယ်လောက်ထိ ကြီးမြတ်မလဲဆိုတာ တွေးဆနိုင်ပါတယ်။
ဒီအချိန်မှာ အကြီးအကဲအားလုံးဟာ ဟန်ကျွယ်ကို လေးစားတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့ဂိုဏ်းမှာ ဒီလိုတပည့်မျိုးရှိတဲ့အတွက် သူတို့တွေ သေမယ်ဆိုရင်တောင် လုံးဝနောင်တ မရတော့ပါဘူး။
“ဟားဟားဟား... ငါတို့မှာ ဒီလိုတပည့်မျိုး ရှိသေးတာပဲ၊ ငါတို့သေတော့ရော ဘာဖြစ်လဲ?” မိုးကြိုးအင်မော်တယ်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ သူ့ရယ်သံဟာ အားပါသွားတာကြောင့် ဒဏ်ရာတွေ ကွဲထွက်ပြီး သွေးတွေစီးကျလာပါတယ်။ တစ်ခြားအကြီးအကဲတွေကလည်း ဟန်ကျွယ်ကို ချီးကျူးကြပါတယ်။
တွမ့်ထုံးထျန်ရဲ့ မျက်လုံးထဲမှာတော့ သတ်ဖြတ်ခြင်းအငွေ့တစ်ခု လက်ခနဲ ဖြတ်သန်းသွားပါတယ်။ သူ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ မိုးကြိုးသံလို ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရပါတယ်။
“ချောင်ချောင်... မင်းက ဒီမှာကိုး! သေစမ်း!”
ဓားပျံစီးပြီး လက်တစ်ဖက်မှာ သံကြာပွတ်ကိုင်ထားတဲ့ ကျန်းခွန်မော့ဟာ ဟန်ကျွယ်ဆီ ဒေါသတကြီး ပျံသန်းလာပါတယ်။ ဟန်ကျွယ်ဟာ အသံလာရာကို ခေါင်းလှည့်ပြီး သေချာကြည့်လိုက်ပါတယ်။
‘အင်း... ဒါက ချန်စန့်ထျန်ရဲ့ ဆရာသခင်လား?’ အကြီးအကျယ် ဒေါသထွက်နေတဲ့ ကျန်းခွန်မော့ဟာ သံကြာပွတ်နဲ့ ဟန်ကျွယ်ကို ချက်ချင်း တိုက်ခိုက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သံကြာပွတ် သူ့ဆီမရောက်ခင်မှာပဲ လက်မြှောက်ပြီး နတ်ဆိုးနှင်နဂါးကိုကောင်တံဆိပ်ကို ထုတ်သုံးလိုက်ပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီဟာ ရွှေရောင်တံဆိပ်အသွင် ပြောင်းလဲသွားပြီး တောင်ကြီးတစ်တောင်လို ကျန်းခွန်မော့ဆီ ပျံသန်းသွားပါတယ်။
ဒီမြင်ကွင်းကြောင့် ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံး မျက်လုံးပြူးသွားကြပါတယ်။
‘သူ့စိတ်ဝိညာဉ်ချီ...’
နတ်မိမယ်ရှီရွှမ်လည်း လန့်သွားပြီး လှပတဲ့မျက်လုံးအစုံဟာ ပြူးကျယ်ထွက်သွားပါတယ်။
ကျန်းခွန်မော့ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး သူ့မိစ္ဆာချီကို သံကြာပွတ်ထဲ ပို့ဆောင်လိုက်ပါတယ်။
“ဝုန်း”
နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ဟာ ပေါက်ကွဲထွက်သွားပြီး သွေးအန်နေတဲ့ ကျန်းခွန်မော့ကို အရိပ်အယောင်မျှပင် မမြင်ရအောင် တိမ်ပင်လယ်ထဲ လွှင့်စဉ်ထွက်သွားစေပါတယ်။
‘တစ်ချက်တည်း အနိုင်ယူလိုက်တာလား! ဒါလုံးဝမဖြစ်နိုင်ဘူး!’ လူတိုင်းဟာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြပါတယ်။
တွမ့်ထုံးထျန်ဟာလည်း သရဲတစ်ကောင်ကို နေ့ခင်းဘက် မြင်လိုက်ရသလို မျက်လုံးပြူးသွားပါတယ်။ ကျန်းခွန်မော့က စွမ်းအားနည်းတဲ့သူ မဟုတ်ပါဘူး။ ချင်မင်ဂိုဏ်းတစ်ခုလုံးမှာ တတိယအဆင့် ရှိတဲ့သူပါ။
‘ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်ချီက အရမ်းအားကြီးတယ်! အခြေခံအဆင့် နဝမတန်းမှာ မဟုတ်နိုင်ဘူး! ကနဦးဝိညာဉ်အဆင့်ကို ရောက်နေလောက်ပြီ! ယွီဂျင်ဂိုဏ်းမှာ ဒီလိုစွမ်းအားကြီးတဲ့ ကနဦးဝိညာဉ် ကျင့်ကြံသူရှိနေတာကို ဘာကြောင့် ငါမသိရတာလဲ?’
“ကောင်လေး... မင်း မာနကြီးနေတာ မထူးဆန်းတော့ပါဘူး၊ ဒါပေမဲ့ ငါရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်းသိလား?” တွမ့်ထုံးထျန်က အထင်အမြင်သေးတဲ့ အပြုံးနဲ့ မေးလိုက်ပါတယ်။
‘ဒီလူက ဘာလို့ ဒီလောက်တောင် စကားများရတာလဲ? စကားပြောတာကို ဝါသနာပါလို့လား? ဒါမှမဟုတ် သူကြီးကျယ်ကြောင့် ကြွားချင်နေတာလား?’
ဟန်ကျွယ်ဟာ မသိချင်ဟန်ဆောင်ကာ မေးလိုက်ပါတယ် “ကနဦးဝိညာဉ် နဝမအဆင့်လား?”
“ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကွ” တွမ့်ထုံးထျန်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တွမ့်ထုံးထျန်ကို လက်ခလယ် ထောင်ပြလိုက်ပါတယ်။ ဒီအချိန်မှာ လီချင်းဇဲ့က အသံလွှင့်စကားပြောလာပါတယ် “သူက အချိန်ဆွဲနေတာ၊ သူက မာနကြီးတယ်ဆိုပေမဲ့ အရင်က ဒီလောက် စကားမပြောဘူး”
“ကောင်လေး... မင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ ဒီနေရာမှာ အချိန်ဖြုန်းမနေနဲ့၊ မြန်မြန်ထွက်ပြေးချည်”
“မင်းက ကနဦးဝိညာဉ်အဆင့်ကို အနိုင်ယူနိုင်တယ်ဆိုရင်တောင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို တိုက်နိုင်မှာ မဟုတ်ဘူး၊ ကနဦးဝိညာဉ်နှင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူက မိုးနဲ့မြေလို ကွာခြားတယ်၊ ဒီနေရာမှာ အသေမခံစမ်းပါနဲ့”
‘အချိန်ဆွဲနေတာလား?’ ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပါတယ် ‘ဒါဆိုရင်လည်း မြန်မြန် အဆုံးသတ်လိုက်တာပေါ့’