အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း (၁၀၉)
အခွင့်အရေး ပေးခဲ့သော်လည်း အသုံးမချခဲ့သူ
"သခင်လေးထိုက်... သခင်လေးထိုက်...။"
ချီဖန်သည် မိမိ၏ ဖခင်အရင်းကို တွေ့လိုက်ရသကဲ့သို့ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထိုက်ကျောက်ကို ဆီးကြိုနှုတ်ဆက်လေသည်။
ထိုက်ကျောက်၏ သဘောထားမှာမူ အလွန်အေးစက်လှ၏။ သူသည် သူသိသော လူတစ်ယောက် ဖြစ်သည်ကို မြင်သောအခါ နေကာမျက်မှန်ကို အသာအယာ နှိမ့်ကြည့်၍ ခေါင်းငြိမ့်ပြပြီးနောက် ပြန်လည် တပ်ဆင်လိုက်လေသည်။
ချီဖန်သည် တစ်ဖက်လူ၏ အေးစက်မှုကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ထိုက်ကျောက် နှင့် တွေ့ဆုံဖူးသူတိုင်း ကြုံတွေ့ရမြဲဖြစ်သော သာမန်ကိစ္စတစ်ခုသာ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူတို့နှစ်ဦးကြားတွင် စီးပွားရေးအရ ဆက်ဆံမှုများ ရှိနေခြင်းက ချီဖန်ကို ပတ်ဝန်းကျင်ရှိ လူများအား အော်ဟစ်ကြေညာရန် သတ္တိများ ပေးစွမ်းနေခဲ့ပေသည်။
"အားလုံး မြင်ကြတဲ့အတိုင်းပဲ...။ သခင်လေးထိုက်နဲ့ ကျွန်တော်က အရင်ကတည်းက သိကျွမ်းပြီး သားလေ...။ ဒီနေ့ သခင်လေးထိုက် ဒီနားက ဖြတ်သွားတာနဲ့ အတော်ပဲပေါ့...။ အခု ဘယ်သူကများ ကျွန်တော့်ကို ထပ်ပြီး ရိုက်ရဲဦးမလဲ ကြည့်ကြသေးတာပေါ့...။"
ပြောပြောဆိုဆိုနှင့်ပင် ချီဖန်သည် ထိုက်ကျောက်၏ အနားသို့ တိုးကပ်ကာ တိုင်တန်းတော့လေသည်။
"သခင်လေးထိုက်...။ ဒီလူတွေ ဘယ်လောက်တောင် ရိုင်းစိုင်းလဲဆိုတာ သခင်လေး သိမှာ မဟုတ်ဘူး...။ အထူးသဖြင့် ဟို အစားအသောက် ပို့ဆောင်သူ ဝတ်စုံနဲ့ ကောင်လေးပေါ့...။"
"သူက ကုမ္ပဏီ အနည်းငယ်မှာ ရင်းနှီးမြှုပ်နှံထားပြီး ကုမ္ပဏီအိုကြီးတွေရဲ့ ရှယ်ယာရှင် ဖြစ်နေရုံနဲ့ ကျွန်တော့်ကို ရိုက်ရဲတယ်ဗျာ...။"
"ပြီးတော့ ကျွန်တော်က သခင်လေးနာမည်ကို ပြောလိုက်တဲ့ အချိန်ကျမှ သူက လက်ပါလာတာလေ...။ ဒါက ကျွန်တော့်ကို ရိုက်တာ မဟုတ်ဘူး...။ သခင်လေးရဲ့ မျက်နှာကို တည့်တည့် ရိုက်လိုက်တာပဲ...။"
ချီဖန်၏ တိုင်တန်းမှုများကို နားထောင်ပြီးနောက် ထိုက်ကျောက်သည် လျန်ထျန်း ရှိရာဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလေသည်။
သည်မြင်ကွင်းကို ကြည့်ကာ ချီဖန်၏ အမူအရာမှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွား၏။ တစ်စက္ကန့် တွင် နာကျည်းနေသော မျက်နှာပေး ရှိသော်လည်း နောက်တစ်စက္ကန့်တွင်မူ မောက်မာစွာ ပြုံးနေတော့ သည်။
သူ၏ အမြင်တွင်မူ ထိုက်ကျောက်သည် သူ၏ စကားကို ကြားပြီးနောက် ဒေါသထွက်သွားကာ ထိုကောင်လေးကို သင်ခန်းစာ ပေးတော့မည်ဟု ထင်မှတ်နေခြင်းပင်။
အိတ်ချ် မြို့တော် တွင် ထိုက်ကျောက်ကို မည်သည့်အခါမျှ မစော်ကားသင့်ကြောင်း လူတိုင်း သိရှိထား ကြလေသည်။
အကယ်၍ တိထူလုံအုပ်စု ၏ နည်းလမ်းများက ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုလျှင် တိထူလုံအုပ်စု၏ ဒုတိယသခင်လေးမှာမူ တကယ့် ရူးသွပ်သူတစ်ဦး ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော မကြာမီကပင် ထိုက်ကျောက်သည် လူအများရှေ့၌ပင် လူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း လူသိများခဲ့လေသည်။
သို့သော်လည်း အင်အားကြီးမားသော တိထူလုံအုပ်စုသည် သူတို့၏ ဩဇာအာဏာကို အသုံးချကာ ထိုက်ကျောက်တွင် စိတ်ဝေဒနာ ခံစားနေရကြောင်း အထောက်အထားများ ပြသ၍ အမှုမှ ကင်းလွတ် အောင် လုပ်ဆောင်ပေးခဲ့သည် မဟုတ်ပါလား။
ချီဖန်သည် မိမိကို စော်ကားခဲ့သော ကောင်လေးမှာ မည်သို့သော နည်းလမ်းပေါင်းစုံဖြင့် သေဆုံးရမည် ကိုပင် စိတ်ကူးယဉ်နေတော့သည်။
သို့သော်လည်း ချီဖန် တစ်ဦးတည်း စိတ်လှုပ်ရှားစွာ စိတ်ကူးယဉ်နေစဉ်မှာပင်...၊
လျန်ထျန်း၏ ရှေ့သို့ ရောက်ရှိသွားသော ထိုက်ကျောက်သည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
"အစ်ကိုလျန်...ကျွန်တော့်ကို ခွင့်လွှတ်ပါ...။ အခုကြည့်ရတာ ကျွန်တော် နောက်ကျသွားပြီ ထင်တယ်...။"
လျန်ထျန်းကလည်း ပြုံးလျက်...၊
"နောက်မကျပါဘူး...။ အချိန်ကိုက်ပါပဲ...။"
ထိုစကားသံကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ လုံးဝ ဆွံ့အသွားရလေတော့ သည်။
အထူးသဖြင့် ချီဖန်မှာမူ ထိုက်ကျောက်က လျန်ထျန်းကို မည်သို့ နှိပ်စက်မည်နည်းဟု စိတ်ကူးယဉ်နေစဉ် မှာပင် သူတို့နှစ်ဦးမှာ ညီအစ်ကိုများကဲ့သို့ ရင်းနှီးစွာ ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသဖြင့် မယုံ ကြည်နိုင်သော မျက်နှာပေးဖြင့် ကြည့်နေမိလေ၏။
*ဘာတွေ ဖြစ်နေတာလဲ... သူတို့ကကော ဘယ်လိုလုပ်ပြီး သိနေကြတာလဲ...။*
*ရင်းနှီးရုံတင်မကဘဲ...။*
မကြာမီမှာပင် ထိုက်ကျောက်သည် ချီဖန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ငါက ဒီအတိုင်း ဖြတ်သွားတာ မဟုတ်ဘူး...။ အစ်ကိုလျန်က ငါ့ကို ဖုန်းခေါ်ပြီး လာခဲ့ဖို့ ပြောလို့ လာတာလေ...။"
"မင်းက... ဟို... အာ... ဟုတ်သားပဲ...။ မင်းက ဒါဖန် ကုမ္ပဏီ က လူပဲ မဟုတ်လား...။"
"ငါ့အစ်ကိုလျန်ကို စော်ကားရဲလောက်အောင် မင်းက မျက်စိမပါတာပဲလား...။ အစ်ကိုလျန်က ဘယ်သူ လဲဆိုတာ မင်း သိရဲ့လား...။"
"နောက်ရက်အနည်းငယ်အတွင်းမှာ အစ်ကိုလျန်က ငါတို့ တိထူလုံအုပ်စုမှာ ယွမ်တစ်သောင်းတိတိ ရင်းနှီးမြှုပ်နှံမှာလေ...။ အဲဒီကျရင် သူက ငါတို့ရဲ့ အရေးပါတဲ့ ရှယ်ယာရှင်ကြီး ဖြစ်လာမှာ...။"
"မင်းလို ဆောက်လုပ်ရေးပစ္စည်း သွင်းတဲ့သူ တစ်ယောက်ကများ ငါတို့ တိထူလုံအုပ်စုရဲ့ ရှယ်ယာရှင်ကို စော်ကားရဲတယ်ပေါ့...။ မင်းကတော့ သေတွင်းတူးနေတာပဲ...။"
ထိုက်ကျောက်၏ စကားအဆုံးတွင် ချီဖန်မှာ မှင်တက်လျက် ရပ်ကျန်ရစ်ခဲ့လေသည်။
သူသည် ဦးခေါင်းမှ ခြေဖျားအထိ တုန်တုန်ရီရီဖြင့် တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက် ရ၏။
ဘေးမှ ဝိုင်းကြည့်နေသူများမှာလည်း အံ့အားသင့်စွာဖြင့် တီးတိုး ပြောလိုက်ကြသည်။
"ဘုရားရေ... ယွမ်တစ်သောင်းတောင် ရင်းနှီးမြှုပ်နှံမှာတဲ့လား...။ ဒီ အစားအသောက် ပို့ဆောင်သူ ဝတ်စုံ နဲ့ လူက တကယ်ပဲ ဒီလောက်အထိ ချမ်းသာတာလား...။"
"ကြည့်ရတာလည်း အရမ်း ငယ်သေးတာပဲ...။ လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်ပဲပေါ့...။ အစားအသောက် ပို့ဆောင်တဲ့သူတွေထဲမှာ လူတော်တွေ ပါတယ်ဆိုတဲ့ သတင်းက မှန်တာပဲ...။"
"နောင်ကျရင်တော့ အစားအသောက် ပို့ဆောင်တဲ့သူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်...။ ဟို ချီဖန်လိုတော့ အဖြစ်မခံနိုင်ဘူး...။ တကယ့်သူဌေးကြီးကို သွားပြီး စော်ကားမိနေတာလေ...။"
ဘေးရှိ လှပသော အတန်းပိုင်ဆရာမမှာမူ အကြိမ်ကြိမ် ထိတ်လန့်တုန်လှုပ်ခဲ့ရပြီးနောက် သတိပြန်ဝင် လာသည့်အခါ လျန်ထျန်းကို အရောင်တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့သည်။
သူမသည် သူဌေးကတော် ဖြစ်လာမည့် သူမ၏ အိပ်မက်မှာ အမှန်တကယ် ဖြစ်လာတော့မည်ဟုပင် စတင် တွေးတောနေလေပြီဖြစ်၏။
သို့သော်လည်း လျန်ထျန်းနှင့် ချီဖန်တို့ကြားက ကိစ္စမှာမူ မပြီးဆုံးသေးပေ။
လျန်ထျန်းသည် ချီဖန်၏ ကြောင်တောင်တောင် ဖြစ်နေသော အမူအရာကို ကြည့်ကာ မရယ်ဘဲ မနေနိုင် တော့ပေ။
"မစ္စတာချီ... ခင်ဗျားက ကျွန်တော့်ကို လုံးဝ သေပြီလို့ ပြောခဲ့တာ မဟုတ်လား...။ ဒါပေမဲ့ အခုထိတော့ ကျွန်တော် အကောင်းအတိုင်း ရှိနေတုန်းပဲနော်...။"
"အခုတော့ ခင်ဗျားရဲ့ စကားကိုပဲ ခင်ဗျားဆီ ပြန်ပေးပါရစေ...။ ကျွန်တော် အခွင့်အရေး မပေးခဲ့ဘူးလို့ မပြောပါနဲ့ဦး...။ အကယ်၍ ပေးခဲ့ရင်တောင် ခင်ဗျားက ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး...။"
ထိုစကားကို ကြားသောအခါ ချီဖန်မှာ တုန်လှုပ်သွားပြီး ဖြစ်ပျက်နေသော အခြေအနေများကို နောက်ဆုံး တွင် နားလည်သွားလေတော့သည်။
နောက်စက္ကန့်တွင် သူသည် လျန်ထျန်း၏ ရှေ့သို့ အမြန်ပြေးလာကာ ဦးညွှတ်လျက် နှိမ့်ချစွာ ပြောလိုက် လေသည်၊
"ကျွန်တော် တောင်းပန်ပါတယ် မစ္စတာလျန်...။ ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ...။ ကျေးဇူး ပြုပြီး ခွင့်လွှတ်ပေးပါခင်ဗျာ...။"
"အာ... ဟုတ်သားပဲ...။ ဒါတွေအားလုံးက ကလေးချင်း နားလည်မှု လွဲတာကနေ စတာလေ...။ ဟုတ်ပါ တယ်... ၊နားလည်မှု လွဲတာပါ...။"
"ဒါပေါ့... နားလည်မှု လွဲတာပဲ ဖြစ်ဖြစ်...။ ကျွန်တော့်သားဘက်က မှားတာ သေချာပါတယ်...။ ကျွန်တော့်သားကို ခင်ဗျားရဲ့ နတ်မိမယ်လေး ရှောင်ကျင်း ဆီမှာ အခုပဲ တောင်းပန်ခိုင်းပါ့မယ်...။"
"ကျွန်တော်တို့က သခင်လေးထိုက်နဲ့လည်း သိကျွမ်းနေကြတာဆိုတော့...။ ခင်ဗျားအနေနဲ့ သဘောထား ကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ...။ နောက်ဆုံးတော့ ဒါက ကိုယ့်လူချင်း မှားမိကြတာပဲ မဟုတ်လား...။"
ချီဖန်သည် ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ဖားလိုသော အပြုံးများဖြင့် အတတ်နိုင်ဆုံး တောင်းပန်တိုးလျှိုးနေတော့သည်။
သို့သော် သူက အမှားများကို ပြင်ဆင်ရန် ကြိုးစားနေစဉ်မှာပင် သူ၏ ဇနီးဖြစ်သူ ချီကတော်က ထပ်မံ၍ ပြဿနာ ရှာပြန်လေသည်၊
"ဘာ နားလည်မှုလွဲတာလဲ...။ ကျွန်မသားကို တောင်းပန်ခိုင်းရမယ် ဟုတ်လား...။ မဖြစ်နိုင်တာ...။"
"ကျွန်မတို့မှာ ပိုက်ဆံရှိတာပဲလေ...။ ပိုက်ဆံရှိတာက အမှားလုပ်လို့ မရဘူးလား...။ အဆိုးဆုံး ဖြစ် လာရင်လည်း စီးပွားရေး ပိတ်လိုက်ရုံပေါ့...၊ အဲဒီအခါကျရင် ရှင်က ဘာလုပ်နိုင်မှာလဲ...။"
ချီကတော်မှာမူ လုံးဝကို အသိတရား ကင်းမဲ့နေဆဲ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
အစပိုင်းတွင် သူမသည် မိမိတို့တွင် ပိုက်ဆံနှင့် အာဏာရှိသဖြင့် အစားအသောက် ပို့ဆောင်သူ မိသားစု ကို စိတ်ကြိုက် နှိပ်စက်နိုင်သည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေ၏။
ထို့ကြောင့် သူမသည် မည်သူနှင့်မျှ အကျိုးအကြောင်း ပြောဆိုရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီး တစ်ဖက်လူက ပိုမို ချမ်းသာကာ အင်အားကြီးမားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ အမျိုးသားမှာလည်း လုံးဝ အညံ့ခံနေရလေပြီ။
သူမသည် ခေတ္တမျှ ကြောက်ရွံ့တုန်လှုပ်ခဲ့ရသည်မှာ မှန်သော်လည်း၊ သူမ ထပ်မံ စဉ်းစားလိုက်ပြန် သည်။
*သည်လူတွေက အိတ်ချ် မြို့တော် ရဲ့ ထိပ်တန်း စီးပွားရေးသမားတွေ ဖြစ်နေတော့ကော ဘာဖြစ်လဲ...။*
မိမိတို့ မိသားစု ရှာဖွေထားသော ပိုက်ဆံများမှာ တစ်ဘဝလုံး အေးဆေးစွာ နေထိုင်ရန် လုံလောက်နေ သည် မဟုတ်ပါလား...။ ထို့ကြောင့် သူတို့ကို အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။
ချီကတော်၏ အမြင်တွင်မူ ပိုက်ဆံရှာရခြင်း၏ ရည်ရွယ်ချက်မှာ မောက်မာစွာ နေထိုင်နိုင်ရန်သာ ဖြစ်၏။
စီးပွားရေးနှင့် ပတ်သက်၍မူ သူမ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူမ၏ အမျိုးသားမှာ ကျောရိုးမရှိ သကဲ့သို့ အညံ့ခံနေရပြီဖြစ်ရာ သူမဘက်မှ ပြန်လည် တိုက်ပွဲဝင်ပေးရမည်ဟု ထင်မှတ်နေခြင်းပင်။
ခေါင်းကို မငုံ့ပါနှင့်...။ သို့မဟုတ်လျှင် သင်၏ သရဖူမှာ ပြုတ်ကျသွားပေလိမ့်မည်။
ဤအချိန်အထိပင် မိဖုရားကြီးတစ်ပါးကဲ့သို့ ဟန်လုပ်နေဆဲဖြစ်သော ချီကတော်ကို ကြည့်ကာ လျန်ထျန်း မှာ ရယ်မောလိုက်မိလေသည်။
"အရင်တုန်းကတော့ ကျွန်တော် ခင်ဗျားကို အကျိုးအကြောင်း ပြောပြချင်ခဲ့ပေမဲ့ ခင်ဗျားက နားမထောင် ခဲ့ဘူးလေ...။ ပိုက်ဆံနဲ့ အာဏာရှိတဲ့သူကသာ မှန်တယ်လို့ အော်ဟစ်နေခဲ့တာ မဟုတ်လား...။"
"အခု ကျွန်တော့်မှာ ခင်ဗျားထက် ပိုများတဲ့ ပိုက်ဆံနဲ့ အာဏာ ရှိနေပြီဆိုတော့မှ ခင်ဗျားက ကျွန်တော့်ကို အကျိုးအကြောင်း မရှိဘူးလို့ ပြောနေတာလား...။ ဒါဆို တကယ်ပဲ အကျိုးအကြောင်း မရှိတာက ဘယ် သူလဲ...။"
ချီဖန်သည် နဖူးမှ ချွေးစေးများကို သုတ်လျက် လျန်ထျန်းကို ထပ်မံ ဦးညွှတ်တောင်းပန်လိုက်ပြန်၏။
"မစ္စတာလျန်... ကျွန်တော့် မိန်းမက ပါးစပ်ပဲ ပါတာပါ...။ လက်တွေ့မှာ ဘာမှ မလုပ်တတ်ပါဘူး...။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ခင်ဗျာ...။"
ထို့နောက် သူသည် သူ၏ ဇနီးကို ဆူပူကြိမ်းမောင်းလိုက်လေသည်။
"ပါးစပ်ပိတ်ထားစမ်း...၊ ဘာတွေ လျှောက်ပြောနေတာလဲ...။"
မမျှော်လင့်ဘဲ ထိုအမျိုးသမီးမှာမူ စကားပြောရင်းနှင့် ပိုမို စိတ်လှုပ်ရှားလာလေတော့သည်...။
အခန်း (၁၁၀)
နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်ခဲ့ပြီ
"ကျွန်မက ရှင့်ကို အားကိုးချင်လို့ ခေါ်တာ...။ အခုတော့ ရှင့်ကြည့်ရတာ ဘာဖြစ်နေတာလဲ...၊ ရှင့်မှာကော ဘာအသုံးကျသေးလို့လဲ...။"
"သူက အိမ်မှာဆိုရင်တော့ ဒီမြို့မှာ ဘယ်သူ့ကိုမှ မကြောက်ဘူးဆိုပြီး ကြွားဝါနေတာ...။ အခုတော့ ဒူးထောက်ပြီး တောင်းပန်နေရပြီတဲ့...။ ရှင့်ကို ကြည့်ရတာ တကယ်ကို ရှက်ဖို့ကောင်းတယ်...။"
ဇနီးဖြစ်သူ၏ ဆဲရေးတိုင်းထွာမှုများကြောင့် ချီဖန်မှာ တကယ်ပင် အရှက်ရနေတော့သည်။
"မင်း... မင်း အခုချက်ချင်း ပါးစပ်ပိတ်လိုက်စမ်း...။ ဒါတွေက စီးပွားရေးကိစ္စတွေ...၊ မင်း နားမလည်ဘူး ...။ မင်းသာ ခုလို အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေဦးမယ်ဆိုရင်တစ်မိသားစုလုံး ဒုက္ခရောက်ကုန် လိမ့်မယ်...။"
ထို့နောက် ချက်ချင်းပင် ချီဖန်သည် စီးကရက်များကို ထုတ်ယူကာ ရောက်ရှိနေသူအားလုံးကို ပြာပြာ သလဲ ဖားလေတော့သည်။
သို့သော် ချီကတော်မှာမူ တကယ်ပင် ရူးသွပ်နေပြီ ဖြစ်၏။ သူမသည် ရှေ့သို့ တိုးလာပြီး ချီဖန်၏ လက်ထဲမှ စီးကရက်များကို ပုတ်ချလိုက်ကာ လူတိုင်းကို စရိုက်ကြမ်းသော အမျိုးသမီးတစ်ဦးကဲ့သို့ အော်ဟစ်ဆဲဆိုတော့သည်။
"ရှင့်တို့ရဲ့ စီးပွားရေးလောကဆိုတာတွေကို ကျွန်မ ဂရုမစိုက်ဘူး...။ ဒီနေ့ကစပြီး ကျွန်မတို့ မိသားစုက ရှင့်တို့နဲ့ ဘာအလုပ်မှ မလုပ်တော့ဘူး...။"
"ကျွန်မတို့မှာ ပိုက်ဆံရှိတယ်...။ ဘယ်သူ့ကိုမှ တောင်းပန်နေစရာ မလိုဘူး...။ ရှင့်တို့ ကြိုက်တာလုပ်...၊ ကျွန်မတို့ တစ်မိသားစုလုံးကို သတ်ပစ်နိုင်မယ်လို့ ထင်နေတာလား...။"
ထိုစကားများက ပတ်ဝန်းကျင်ရှိ လေထုကို ချက်ချင်းပင် အေးစက်သွားစေတော့သည်။
ချီဖန်၏ လက်များမှာ တုန်ယင်လာပြီး နောက်စက္ကန့်တွင် သူသည် လက်ကို မြှောက်ကာ သူမ၏ မျက်နှာ ကို ဖြန်းခနဲ မြည်အောင် ရိုက်လိုက်လေတော့သည်။
"ဖြန်း..."
ထိုပါးရိုက်ချက်မှာ လျန်ထျန်း ရိုက်ခဲ့သည်ထက်ပင် ပိုမို ပြင်းထန်လှပေသည်...။
ချီကတော်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အော်ဟစ်ငိုယိုနေသော်လည်း သူမ၏ ပါးစပ်မှာမူ မလျှော့ သေးဘဲ ချီဖန်ကို ဆက်လက် ဆဲဆိုနေဆဲ ဖြစ်၏။
"ရှင်... ရှင်... လူယုတ်မာ...။ ရှင် ကျွန်မကို ရိုက်တယ်ပေါ့လေ...။"
ချီဖန်သည် ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ခက်ခဲနေပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက် လေသည်။
"ငါ မင်းကို ရိုက်ရုံတင် မဟုတ်ဘူး...။ မင်းကို အခုပဲ ကွာရှင်းပစ်မယ်...။"
ထိုစကားကို ကြားသောအခါ ချီကတော်မှာ မှင်တက်သွားပြီး မယုံကြည်နိုင်သော မျက်နှာပေးဖြင့် မေး လိုက်လေသည်။
"ဘာ... ရှင် ကျွန်မကို ကွာရှင်းမယ် ဟုတ်လား...။ ရှင် ရူးနေတာလား...။"
ချီဖန်သည် စကားပြောရင်း ပိုမို စိုးရိမ်ပူပန်လာလေသည်၊
"ငါ မင်းကို မကွာရှင်းတာကမှ ငါက ရူးနေတာ ဖြစ်မှာပေါ့...။ ငါက ဒီအတိုင်း အသေခံရမှာလား...။"
ထိုသို့ ပြောပြီးနောက် ချီဖန်သည် ကြောက်လန့်တုန်လှုပ်ကာ ငိုနေလျက်ရှိသော သူ၏သားကို ချီမလျက် လျန်ထျန်း ၏ ရှေ့သို့ ရောက်လာခဲ့လေသည်။ သူသည် သူ၏သား၏ ဦးခေါင်းကို နှိမ့်ချကာ ရှောင်ကျင်း ကို တောင်းပန်ခိုင်းလေတော့သည်။
လျန်ထျန်းက ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ စိတ်မရှည်စွာ လက်ကာပြလိုက်သည့် အချိန်အထိ ချီဖန်သည် အကြိမ်ကြိမ် တောင်းပန်နေခဲ့၏။ ထိုအခါမှသာ သူသည် သူ၏သားနှင့် အခြားသူ များကို ခေါ်ဆောင်ကာ ကားပေါ်သို့ အမြန်တက်၍ ထွက်ခွာသွားလေတော့သည်။
ခဏမျှ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ပြီးနောက် ချီကတော်မှာမူ ကြမ်းပြင်ပေါ်တွင် လဲလျောင်း လျက် ဆက်လက် အော်ဟစ်ငိုယိုကာ လူမွဲလေးတစ်ဦးကဲ့သို့ လူးလိမ့်နေပေတော့သည်...။ သူမသည် တစ်စုံတစ်ခုကိုလည်း ခဝေဝါးစွာ ရေရွတ်နေခဲ့လေ၏...။
"နှလုံးသားမရှိတဲ့သူ...၊ နောက်ဆုံးတော့ ကျွန်မတစ်ယောက်တည်း ခံစားရတာပေါ့...။ ဟီး... ဟီး...။"
ထိုက်ကျောက်သည် ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်လိုက်ရသည့်အလား လက်ခုပ်တီးလျက် ပြုံး၍ ပြောလိုက်လေသည်၊
"အစ်ကိုလျန်... မင်းရဲ့ နည်းလမ်းတွေက တကယ်ကို မဆိုးဘူးပဲ...။ ငါ သဘောကျတယ်...။ ကျန်တဲ့ကိစ္စ တွေကို ငါ့လက်ထဲပဲ လွှဲထားလိုက်ပါ...။ ချီမိသားစုကို ဒီ အိတ်ချ် မြို့တော် ကနေ အစအနမကျန် ပျောက် ကွယ်သွားအောင် ငါ လုပ်ပေးမယ်...။ ဟဲ... ဟဲ...။"
ထိုစကားကို ကြားလိုက်ရသည့်အခါ လျန်ထျန်း၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားရပြီး ရင်ထဲတွင်လည်း ဆဲရေးလိုက်မိလေသည်။
*ဒီထိုက်ကျောက်ကတော့ တကယ်ကို စိတ်မနှံ့တဲ့သူပဲ...။ သူက ဒီလောက်အထိ နာကျင်စေတဲ့ စကား တွေကို ဘာမှမဟုတ်သလို ပြောနေရတာလား...။ ဒါက တကယ်ပဲ လိုအပ်လို့လား...။*
ဤသို့ တွေးတောရင်း လျန်ထျန်းသည် ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါပြကာ တမင်တကာပင် ပြောလိုက်လေသည်။
"မလိုပါဘူး... သူတို့က ပုရွက်ဆိတ်တွေပါပဲ...။ သူတို့ဘာသာ သူတို့ ရှင်မလား သေမလားဆိုတာကို ကျွန်တော် ဂရုမစိုက်တော့ဘူး...။"
ထိုအဖြေကို ကြားလိုက်ရသည့်အခါ ထိုက်ကျောက်၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်အချို့ ပေါ်ထွက်လာသော်လည်း နောက်ဆုံးတွင်မူ သူက နှုတ်ခမ်းကို စေ့လျက် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပါပြီ... အစ်ကိုလျန် ပြောတဲ့အတိုင်းပေါ့...။ တကယ်လို့များ တစ်နေ့နေ့မှာ မင်း စိတ်ပြောင်း သွားခဲ့ရင်တော့ ငါ့ကို အသိပေးလိုက်ပါ...။"
ထို့နောက် ထိုက်ကျောက်သည် လျန်ထျန်းကို အပြင်သို့ သွားရန် ဖိတ်ခေါ်ခဲ့သော်လည်း လျန်ထျန်းက ငြင်းပယ်လိုက်လေသည်။
ပုံမှန်အားဖြင့် ဆိုလျှင် အိတ်ချ် မြို့တော် တွင် တိထူလုံအုပ်စု ၏ ဒုတိယသခင်လေး၏ ဖိတ်ကြားမှုကို မည်သူကများ ငြင်းပယ်ရဲပါမည်နည်း။ ထိုက်ကျောက်၏ စရိုက်နှင့်သာ ဆိုလျှင် ချက်ချင်းပင် ရန်သူ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ထိုက်ကျောက်သည် လျန်ထျန်းအပေါ်တွင်မူ ထူးထူးခြားခြားပင် သည်းခံပေးခဲ့ပြီး သူနှင့် သဘောတူညီမှု ရယူကာ ကားမောင်းထွက်သွားခဲ့လေသည်။
လျန်ထျန်းသည်လည်း သူ ဖိတ်ကြားထားသော ဥက္ကဋ္ဌများကို လက်အုပ်ချီ နှုတ်ဆက်ကာ ယဉ်ကျေးသော စကားအချို့ ပြောဆိုပြီးနောက် ဥက္ကဋ္ဌများမှာလည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။
ပတ်ဝန်းကျင်ရှိ လူများမှာ အံ့အားသင့်နေကြဆဲ ဖြစ်သော်လည်း ကိစ္စရပ်များမှာ ပြီးဆုံးသွားပြီဖြစ်သဖြင့် ဝိုင်းကြည့်နေသူများမှာလည်း တဖြည်းဖြည်းနှင့် လူစုခွဲသွားကြလေပြီ။
ထိုအခါမှ လှပသော အတန်းပိုင်ဆရာမသည် မျက်ဝန်းများ အရောင်တောက်ပလျက် လျန်ထျန်း၏ အနား သို့ အမြန် တိုးကပ်လာကာ ချွဲနွဲ့ဟန်ဖြင့် ပြောလိုက်လေသည်။
"ခန့်ညားတဲ့ အစ်ကိုရယ်...။ ရှင်က ဒီလောက်အထိ စွမ်းဆောင်ရည် ရှိမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး...။ ခုနကဆို ကျွန်မရဲ့ ရင်တွေတောင် တဒိတ်ဒိတ် ခုန်နေတော့တာပဲ...။"
လျန်ထျန်းက သူမကို အေးစက်သော မျက်နှာထားဖြင့် ကြည့်ကာ...၊
"ကျွန်တော့်ကို အဲ့လို မခေါ်ပါနဲ့...။ ခန့်ညားတာက ထမင်းကျွေးနိုင်လို့လား...၊ ကျွန်တော်က အစားအ သောက် ပို့ဆောင်သူ တစ်ယောက်ပဲလေ...။ ခင်ဗျားက ခုနကတင် ဟိုဥက္ကဋ္ဌချီကို သဘောကျနေတာ မဟုတ်ဘူးလား...။"
အတန်းပိုင်ဆရာမမှာ နှုတ်ခမ်းလေး ဆူလျက် ကိုယ်ကို လှုပ်ခါကာ မူနွဲ့ဟန် ပြလိုက်သည်...။
"သည်လို နာကျင်စေတဲ့ စကားမျိုးတွေ မပြောပါနဲ့ရှင်...။ ခုနကတော့ ကျွန်မက ဆရာမတစ်ယောက်ရဲ့ ကျင့်ဝတ်အတိုင်း လုပ်ဆောင်ခဲ့တာပါ...။ ဆရာမတစ်ယောက်အနေနဲ့ ကျောင်းသားမိဘတွေအပေါ်မှာ ထက်သန်မှုရှိပြီး တာဝန်ကျေရမယ် မဟုတ်ဘူးလား...။"
"ဒါပေမဲ့ ကျွန်မရဲ့ ရင်ထဲမှာတော့ ရှင့်ဘက်က အမြဲ ရှိနေတာပါ...။ မဟုတ်ရင် ရှင့်ကို ဒီလောက်အထိ သတိပေးနေမှာ မဟုတ်ဘူးလေ...။ ဟုတ်တယ်မလား...။"
"အကယ်၍ ရှင်က ကျွန်မကို မယုံသေးဘူးဆိုရင်တော့ ကျွန်မရဲ့ ရင်ခုန်သံကို စမ်းကြည့်လို့ ရပါတယ်...။ ကျွန်မရဲ့ နှလုံးသားက ရှင့်အတွက် တကယ်ကို ခုန်နေတာပါ...။"
ပြောပြောဆိုဆိုနှင့်ပင် လှပသော အတန်းပိုင်ဆရာမသည် လျန်ထျန်း၏ လက်ကို ယူကာ သူမ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်လေသည်။
လျန်ထျန်းက သူမ၏ လက်ကို ခါထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေ၏။
"ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲ...။ မင်းလို လူမျိုးတောင် ဘယ်လိုလုပ်ပြီး ဆရာမ ဖြစ်လာရ တာလဲ...။"
သို့သော်လည်း အတန်းပိုင်ဆရာမမှာမူ လက်မလျှော့သေးပေ။ သူမသည် ငယ်ရွယ်ချောမောပြီး ချမ်းသာ သော အမျိုးသားတစ်ဦးကို နောက်ဆုံးတွင် တွေ့ရှိခဲ့ပြီဖြစ်ရာ အခွင့်အရေးကို အရယူရန်အတွက် နည်းလမ်းပေါင်းစုံကို သုံးရန် ပြင်နေတော့သည်။
သူမသည် ချမ်းသာသော အမျိုးသားတစ်ဦး၏ အငယ်အနှောင်း ဖြစ်ရလျှင်ပင် ဆင်းရဲသားတစ်ဦးကို မည်သည့်အခါမျှ လက်ထပ်မည် မဟုတ်ဟု ယခင်ကတည်းက တွေးတောခဲ့သူ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ထိုဆင်းရဲသားများမှာ သူမနှင့် မထိုက်တန်ဟု ထင်မြင်သောကြောင့်ပင်။
သူမကဲ့သို့ ကြိုးစားပမ်းစားဖြင့် ဆရာမတစ်ဦး ဖြစ်လာသူနှင့် ထိုက်တန်သူမှာ အနည်းဆုံး ယွမ်သိန်း တစ်ထောင်ခန့် ပိုင်ဆိုင်သူသာ ဖြစ်ရမည်ဟု သူမ ယူဆထားလေသည်။
ဒါပေါ့... အကယ်၍ ငယ်ရွယ်ချောမောပြီး ချမ်းသာသူသာ ဆိုလျှင် ပို၍ပင် ကောင်းသေးသည် မဟုတ် ပါလား...။
သူမ၏ အတွေးအခေါ်မှာ အောက်ဆုံးစည်းသာ ရှိပြီး အပေါ်စည်း မရှိခြင်းပင် ဖြစ်၏။ သူမကဲ့သို့ နတ်မိ မယ်လေး တစ်ဦးမှာ ကောင်းမွန်သော လူများနှင့်သာ ထိုက်တန်သည်ဟု သူမ ယုံကြည်နေခြင်းပင်။
သို့သော်လည်း သူမသည် မိမိကိုယ်မိမိ ဆွဲဆောင်မှု ရှိလှသည်ဟု ထင်မှတ်နေစဉ်မှာပင် လျန်ထျန်း၏ အနားသို့ ထပ်မံ ချဉ်းကပ်ရန် ကြိုးစားသည့်အခါ တွန်းဖယ်ခြင်းကို ခံလိုက်ရလေသည်။
"ငါ့ အနားကနေ ဝေးဝေးနေစမ်းပါ...။ ငါ့ ကို စက်ဆုပ်အောင် မလုပ်ပါနဲ့...။"
"ငါ ပြောထားလိုက်မယ်...၊ ငါ ဒီကျောင်းမှာ ပိုက်ဆံရင်းနှီးမြှုပ်နှံမယ်...။ ဒါပေမဲ့ ငါ့ရဲ့ ပထမဆုံး စည်းကမ်းချက်ကတော့ မင်းကို ကျောင်းကနေ ထုတ်ပစ်ဖို့ပဲ...။"
"ပြီးတော့မှ ကျွန်တော့်ညီမ ရှောင်ကျင်းကို သင်ကြားပေးဖို့ တကယ့် ကျင့်ဝတ်ရှိတဲ့ ဆရာမတစ်ယောက် ကို ရှာရမှာပေါ့...။ မင်းအနေနဲ့ကတော့ နောင်ကျရင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သေချာ စဉ်းစား ထားလိုက်ပါဦး...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် သူ၏ ဖခင်နှင့် ရှောင်ကျင်းကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေ တော့သည်။
လှပသော အတန်းပိုင်ဆရာမမှာမူ မှင်တက်လျက် ရပ်ကျန်ရစ်ခဲ့ပြီး လေပြေညင်းက သူမ၏ ဆံနွယ် များကို လွင့်ပျံ့နေစေတော့သည်။
မနီးမဝေးတွင်မူ ချီကတော်မှာလည်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် လူမွဲလေးတစ်ဦးကဲ့သို့ ငိုယိုနေဆဲ ဖြစ်ရာ ထိုအမျိုးသမီး နှစ်ဦးမှာ တကယ်ပင် ထူးခြားသော မြင်ကွင်းတစ်ခုကို ဖန်တီးနေ လျက်ရှိကြတော့သည်။
ဖခင်ဖြစ်သူနှင့် ရှောင်ကျင်းကို အိမ်သို့ လိုက်ပို့ကာ နှစ်သိမ့်ပေးပြီးနောက် လျန်ထျန်းသည် သူ၏ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့လေသည်။
နောက်ပိုင်းတွင်မူ သူသည် တကယ့်ကို အလုပ်များနေခဲ့တော့သည်။
သစ္စာဖောက်ဖြစ်သူ မန်နေဂျာရှုံ့ သည် လွန်ခဲ့သော ရက်ပိုင်းအတွင်း အချက်အလက်များစွာကို ရရှိခဲ့ပြီး ၎င်းတို့ကို လျန်ထျန်းထံသို့ အကုန်လုံး လွှဲပြောင်းပေးခဲ့လေသည်။
လျန်ထျန်း ညွှန်ကြားထားသည့်အတိုင်း လျူရိုယွီသည်လည်း ထိုက်ကျောက်ထံသို့ သူမ၏ နောက်ခံ အကြောင်းအရာ အချို့ကို ရံဖန်ရံခါ ဖွင့်ဟပြောဆိုခဲ့သည်...။ ဒါပေါ့... ၎င်းတို့မှာ သတင်းအမှားများသာ ဖြစ်ပေ၏။
ဤအချက်များက ထိုက်ကျောက်၏ သတိဝီရိယကို လျော့ကျသွားစေခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ရရှိမည့် ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံမှုမှာ သေချာနေပြီဟု သူ ထင်မှတ်ကာ လုံးဝ စိတ်အေးသွားလေ တော့သည်။
ထိုညနေတွင် အယ်လ် မြို့တော် ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာဝမ် ထံမှ ဖုန်းခေါ်ဆိုမှု ရောက်ရှိလာခဲ့ လေသည်။
"မိတ်ဆွေလျန်...။ မင်း ခိုင်းထားတဲ့ လူနဲ့ ငါ ဆက်သွယ်ပေးလိုက်ပါပြီ...။ အခုတော့ အဆင်ပြေသွားပါ ပြီ...။ ဒီတစ်ခါတော့ မင်း ငါ့ကို ကျေးဇူးအများကြီး တင်ရမယ်နော်...။"
"ငါက ကိုယ်စားလှယ်တစ်ယောက် ဖြစ်နေပေမဲ့ တစ်ခြားမြို့က ကိစ္စတွေကို ကူညီပေးဖို့ ဆိုတာက တကယ်ကို အားစိုက်ထုတ်ရသလို ကျေးဇူးတရားတွေလည်း အများကြီး သုံးလိုက်ရတာလေ...။"
လျန်ထျန်းက ခေါင်းငြိမ့်ပြကာ လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်၊
"ကျေးဇူးအများကြီး တင်ပါတယ် မစ္စတာဝမ်...။ နောင်ကျရင် ဒီကျေးဇူးကို ကျွန်တော် အသေအချာ ပြန်ဆပ်ပါ့မယ်...။"
ဖုန်းချပြီးနောက် လျန်ထျန်း၏ မျက်ဝန်းများအတွင်း၌ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် အရောင် တောက်ပလာပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်ခဲ့ပြီပေါ့...။"