စိတ်ဝိညာဉ်ပြောင်းလဲခြင်းအား သတ်ဖြတ်ခြင်း၊ ကျောက်ဇီးလုန်
Vol. 3 Ch. 33
အခန်း (၃၃) စိတ်ဝိညာဉ်ပြောင်းလဲခြင်းအား သတ်ဖြတ်ခြင်း၊ ကျောက်ဇီးလုန်
ဟန်ကျွယ်ဟာ ချီလင်ဓားကို မြှောက်ပြီး တွမ့်ထုံးထျန်ဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်နောက်က တောင်နက်ကို မြင်လိုက်ရတဲ့အခါမှာ ဘာပစ္စည်းမှန်းမသိ ဖြစ်သွားပါတယ်။
‘ဘာလဲဟ?’
ဟန်ကျွယ်ဟာ တောင်နက်ကနေ အင်အားပြင်းတဲ့ဆွဲအားကို ခံစားလိုက်ရပါတယ်။
‘သံလိုက်တောင်လား? တွမ့်ထုံးထျန်က ဒီတောင်ပေါ်မှာ ရပ်နေတာ ဘာအကြံနဲ့လဲ’
ဒီအချိန်မှာ ကျန်းခွန်မော့ဟာ တောင်အောက်ကနေ ပြေးတက်လာပြန်ပါတယ်။ သူ့သတ်ဖြတ်ငွေ့တွေက မိုးထိလျှံတက်နေပြီး လက်ထဲမှာလည်း မီးအိမ်တစ်အိမ်ကို ကိုင်ထားပါတယ်။ ကျန်းခွန်မော့ဟာ သူ့မိစ္ဆာချီကို မီးအိမ်ထဲလောင်းထည့်လိုက်ပြီး ဟန်ကျွယ်ကို သွေးမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်။
“ချောင်ချောင်! မင်းကများ ငါတို့ဂိုဏ်းဆောင်နဲ့ တိုက်ခိုက်ချင်သေးတာလား? အဲဒီမတိုင်ခင် မင်းကို ငါအရင်သတ်မယ်!”
ကျန်းခွန်မော့ဟာ ဟိန်းဟောက်လိုက်ပါတယ်။ သူကိုင်ထားတဲ့ မီးအိမ်ထဲကနေ အနက်ရောင် အခိုးအငွေ့တွေ ထွက်လာပြီး ငရဲကနေတက်လာတဲ့ သရဲတစ်ကောင်လို ပုံရိပ်မျိုး ဖြစ်တည်သွားပါတယ်။
ဟန်ကျွယ် အနောက်မှာ အရိပ်ဓားသုံးချောင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဘက်လက်ကိုမြှောက်ပြီး ကျန်းခွန်မော့ဆီ ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ အရိပ်ဓားသုံးချောင်းဟာ လျှပ်စီးလို လျင်မြန်တဲ့အလျင်နဲ့ တဟုန်ထိုး ပျံသန်သွားပါတယ်။
‘မြန်လှချည်လား!’
ယွီဂျင်ဂိုဏ်း အကြီးအကဲတွေဟာ အံဩမှင်သက်ကုန်ပြီး ဓားရိပ်ကိုတောင် မဖမ်းနိုင် ဖြစ်သွားကြပါတယ်။
ကျန်းခွန်မော့ရဲ့ ခန္ဓာကိုယ်ဟာ သုံးပိုင်းပိုင်းခံရပြီး သွေးတွေပြန့်ကျဲသွားပါတယ်။ ကျန်းခွန်မော့ရဲ့ လက်ထဲမှာတောင် မီးအိမ်ကို မလွှတ်တမ်း ကိုင်ထားဆဲပါပဲ။ အဲဒီနောက် ကျန်းခွန်မော့ရဲ့ ခေါင်းကနေ အလင်းရောင်တစ်ခု ထွက်လာပါတယ်။ ဒီအလင်းရောင်က ကျန်းခွန်မော့ရဲ့ ကနဦးဝိညာဉ်ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ချက်စောင်းကြည့်လိုက်ပြီး အရိပ်ဓားသုံးချောင်းကို နောက်ကနေ လိုက်စေပါတယ်။ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို သတ်ဖြတ်တော့မဲ့ ဟန်ကျွယ်အတွက် ကနဦးဝိညာဉ် ကျင့်ကြံသူကို သတ်ဖြတ်ရတာ လက်ဖဝါးကို မှောက်ထားရာကနေ လှန်လိုက်ရသလို လွယ်ကူလှပါတယ်။
ဒါကြောင့် ကျန်းခွန်မော့ရဲ့ ကနဦးဝိညာဉ်ဟာ ဟန်ကျွယ်ရဲ့ အရိပ်ဓားအောက်မှာ ပျက်စီးသွားပါတယ်။ အသက်ရှူချိန် သုံးကြိမ်အောက်မှာပဲ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ်ကို သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
အဓိကတောင်ထိပ်တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။
နတ်မိမယ်ရှီရွှမ်၊ လီချင်းဇဲ့၊ မဟာအကြီးအကဲ၊ မိုးကြိုးအင်မော်တယ်၊ တာအိုသခင်ကျင်ရှုနဲ့ တစ်ခြားအကြီးအကဲတွေဟာ ကြက်သေသေသွားကြပါတယ် ‘ဒါ လုံးဝ သဘာဝမကျဘူး၊ အခြေခံအဆင့် နဝမတန်းက အဲဒီလောက်ထိ စွမ်းအားကြီးတာလား?’
နတ်မိမယ်ရှီရွှမ်၊ လီချင်းဇဲ့၊ မိုးကြိုးအင်မော်တယ်နဲ့ တာအိုသခင်ကျင်ရှုတို့ကို အံဩထိတ်လန့်မှု အများဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဟန်ကျွယ်ကို အချိန်အတန်ကြာ လေ့လာထားခဲ့တဲ့အတွက် ဟန်ကျွယ်က အားအလွန်နည်းမှန်း သိနေကြလို့ပါပဲ။
‘ဒီကောင်လေး ဝင်ပူးခံနေရတာလား? ဝင်ပူးခံရတယ်ဆိုရင်တောင် သူ့ကျင့်ကြံခြင်းက ဘာလို့ ဒီလောက်ထိ မြန်ဆန်နေရတာလဲ?’
ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ကို ပြန်လှည့်ကြည့်လိုက်ရာ တွမ့်ထုံးထျန်က ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ သူ့ကို သရော်ပြုံး ပြုံး၍ ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
‘သူ ရူးများသွားပြီလား?’ ဟန်ကျွယ်က တွေးတောလိုက်ပါတယ်။
တွမ့်ထုံးထျန်က ပြောလိုက်ပါတယ် “မင်းက တကယ့်ကို အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ မင်းက ကနဦးဝိညာဉ်အဆင့်ပဲ ရှိသေးတာ၊ ငါ့ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ? အခုနေ မင်းငါ့ကို ဦးညွှတ်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်၊ မဟုတ်လို့ကတော့ ငါက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မင်းကို ပြပေးမယ်!”
‘အခုထိ လေလုံးထွားနေတုန်းပဲလား?’
ဟန်ကျွယ်ဟာ စိတ်မရှည်တော့ပါဘူး။ သူ့နောက်မှာ အရိပ်ဓားသုံးချောင်းဟာ ဖျပ်ခနဲ ပေါ်လာပါတယ်။ ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ သူ့နောက်က ဓားသုံးချောင်းဟာ အလွန်လျင်မြန်တဲ့အလျင်နဲ့ တွမ့်ထုံးထျန်ဆီ ပျံသန်းသွားပါတယ်။
“ဝုန်း! ဝုန်း! ဝုန်း!”
အရိပ်ဓားသုံးချောင်းဟာ တွမ်ထုံးထျန်နဲ့ တိုက်မိပြီး ပေါက်ကွဲထွက်သွားပါတယ်။ တွမ့်ထုံးထျန်ရဲ့ ခန္ဓာကိုယ်နဲ့ အရိပ်ဓားသုံးချောင်း ထိတွေ့မိတဲ့အခါ အနက်ရောင်လျှပ်စီးတွေ ဖျပ်ခနဲ လင်းလက်သွားပါတယ်။
‘မဟုတ်ဘူး! ဒါက သူ့ခြေထောက်အောက်က တောင်နက်ပဲ! အဲဒါက ဘာလဲဟ!’ ဟန်ကျွယ်က မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချီလင်ဓားကိုမြှောက်ပြီး ဆန်းကြယ်အစွမ်းကို ထုတ်သုံးဖို့ ပြင်လိုက်ပါတယ်။
“ငါ့ခြေထောက်အောက်မှာ ရှိနေတာက သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ သံလိုက်တောင်ပဲ၊ ဒီဟာက စိတ်ဝိညာဉ်ချီတွေကို စုပ်ယူနိုင်တယ်၊ မင်းရဲ့ စိတ်ဝိညာဉ်ချီက ငါ့ထက်မသန်မာဘူးဆိုရင် ငါ့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး” တွမ့်ထုံးထျန်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ကို ဓားနဲ့ညွှန်လိုက်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ခင်ဗျားက တော်တော်လေး စကားများတာပဲ၊ ကျုပ် ခင်ဗျားကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ ယုံလား?”
ဟန်ကျွယ်စကားအဆုံးမှာ တွမ့်ထုံးထျန်ဟာ သူ့ရဲ့အရှိန်အဝါကို အမြင့်ဆုံးထိ ထုတ်လွှတ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ယွီဂျင်ဂိုဏ်းသားတွေနဲ့ ချင်မင်ဂိုဏ်းသားတွေဟာ အဓိကတောင်ထိပ်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြပါတယ်။
‘တော်တော် ကြောက်ဖို့ကောင်းတယ် ဖိအားပဲ!’
ဂိုဏ်းအကြီးအကဲတွေတောင် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ခက်ခက်ခဲခဲ အသက်ရှူသွင်းလိုက်ရပါတယ်။ သူတို့ဟာ တွမ့်ထုံးထျန်နဲ့ အနီးဆုံးမို့ ပိုမိုကြီးမားတဲ့ဖိအားကို ခံစားရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်းနဲ့ ကနဦးဝိညာဉ် ဘယ်လောက်အထိ ကွာခြားလဲဆိုတော သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ် ‘စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်က တကယ် အစွမ်းထက်သားပဲ’ ဒါပေမဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲမှာ တွမ့်ထုံးထျန်နဲ့ တိုက်ခိုက်ပြီးဖြစ်လို့ ကိုယ်ကိုယ့်ကို လုံးဝယုံကြည်မှု ရှိနေပါတယ်။
“ငါက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ၊ ကောင်းကင်တာအိုက ငါ့ကို ကောင်းချီးပေးထားတယ်၊ ငါက ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကမှာ ထိပ်တန်းကျင့်ကြံသူပဲ၊ ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောက်ကို စုစည်းရာမှာ ယွီဂျင်ဂိုဏ်းက ငါ့ရဲ့ ပထမဆုံး ခြေနင်းကျောက်တုံးဖြစ်ရမယ်”
“ငါ နောက်လိုက်တဲ့လူက ကြီးပွားတိုးတက်ပြီး ငါ့ကို ဆန်ကျင့်တဲ့သူက ပျက်စီးရမယ်!”
“ကောင်စုတ်လေး... မင်းက ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ထင်နေတာလား? မင်း တိုက်ရဲရင် မင်းကို ငါ အသေသတ်ပစ်မယ်၊ ငါ မင်းကို အခွင့်အရေးပေးပြီးပြီ” တွမ့်ထုံးထျန်ဟာ သူ့လက်တွေကို မြှောက်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်ပါတယ်။
ယွီဂျင်ဂိုဏ်း အကြီးအကဲတွေရဲ့ မျက်နှာဟာ သုန်မှုန်ထွက်သွားပါတယ်။ တွမ့်ထုံးထျန်ရဲ့ အရှိန်အဝါက အရမ်းကို အင်အားကြီးလွန်းပါတယ်။ ခုခံလိုစိတ် မရှိလောက်အောင်ကို အင်အားကြီးမားတာပါ။
ဟန်ကျွယ် မျက်နှာက ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒီကောင်က စကားတော်တော် များတာပဲ!’
“ငါက ရွှေဓာတ်လုံးအဆင့်ကို အနှစ်တစ်ရာအတွင်း ရောက်ခဲ့ပြီး ကနဦးဝိညဉ်အဆင့်ကို နှစ်၂၀၀ အတွင်း ရောက်ခဲ့တာ၊ ငါ့အရည်အချင်းက...”
‘သေစမ်း! ငါ နားငြီးလာပြီ!’
ဟန်ကျွယ်ဟာ တွမ့်ထုံးထျန် စကားဆုံးတာကို မစောင့်တော့ဘဲ သူ့ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပါတယ်။ ရုတ်တရက် လောကကြီးဟာ ရပ်တန့်သလိုမျိုး ဖြစ်သွားပြီး အဓိကတောင်ထိပ်တင်မကဘဲ ယွီဂျင်ဂိုဏ်းတစ်ခုလုံးဟာ ကောင်းကင်ကို ကွယ်သွားတဲ့ မှင်ရောင်လို ဓားချီကို မြင်လိုက်ရပါတယ်။ ဒီမြင်ကွင်းက တကယ့်ကို အံမခန်းပါပဲ။
ချီလင်ဟိန်းသံဟာ အဓိကတောင်ထိပ်တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားကို ထုတ်သုံးလိုက်ခြင်း ဖြစ်ပါတယ်။
တွမ့်ထုံးထျန်ဟာ မျက်လုံးပြူးသွားပြီး အချိန်မီ မရှောင်တိမ်းနိုင် ဖြစ်သွားပါတယ်။
နတ်မိမယ်ရှီရွှမ်၊ လီချင်းဇဲ့နဲ့ တစ်ခြားလူတွေဟာ တွမ့်ထုံးထျန်ရဲ့ ခန္ဓာကိုယ် ဟန်ကျွယ်ဓားချီအောက်မှာ ပျက်စီးသွားတာကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အကြောင်သား ကြည့်နေကြပါတယ်။ ဓားချီဖြတ်ကျော်သွားတဲ့အခါမှာ တောင်နက်ပေါ်မှာ ပုံရိပ်ယောင်တစ်ခုပဲ ကျန်ရှိနေခဲ့ပါတော့တယ်။ ဒီပုံရိပ်ယောင်ကတော့ တွမ့်ထုံးထျန်ရဲ့ ဝိညာဉ်ပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ တွမ့်ထုံးထျန်ဟာ သူရှေ့မှာ ဖြစ်ပျက်သွားတာကို အခုအချိန်အထိ မယုံနိုင်သေးပါဘူး။ တွမ့်ထုံးထျန် ဝိညာဉ်ဟာ တုန်ယင်သွားပြီး ဟန်ကျွယ်ကို ကြောက်လန့်တကြားကြည့်ကာ တုန်တုန်ယင်ယင်နဲ့ မေးလိုက်ပါတယ် “မင်း... မင်းက ဘယ်သူလဲ?”
ဟန်ကျွယ်ဟာ လေထဲကို ခြေလှမ်းလိုက်ပါတယ်။ သူ့ခြေထောက်အောက်မှာ မမြင်နိုင်တဲ့ လှေကားထစ် ရှိနေသလိုမျိုး ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ဆီ တစ်လှမ်းခြင်း လျှောက်သွားပါတယ်။
“ကျောက်ဇီးလုန်”
ဟန်ကျွယ်ဟာ သူ့နာမည်ရင်းကို ထုတ်မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ တွမ့်ထုံးထျန် သေသွားရင် နောက်ထပ်ပိုကြီးတဲ့တစ်ကောင် ပေါ်လာမှာစိုးလို့ပါ။ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ခြေခုနစ်လှမ်းကို အသုံးပြုပြီး တွမ့်ထုံးထျန်အနားမှာ ဖျပ်ခနဲ ပေါ်လာပါတယ်။
တွမ့်ထုံးထျန်ရဲ့ဝိညာဉ်ဟာ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ သူ့ထက်ပိုမြန်တဲ့ ဟန်ကျွယ်လက်က မလွတ်မြောက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ နဂိုကတည်းက စမ်းသပ်ချင်နေတဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ ဆန်းကြယ်စွမ်းအားကို ထုတ်သုံးလိုက်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားကတော့ လမ်းခြောက်သွယ်စုပ်ယူခြင်းပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ရဲ့ ဝိညာဉ်ကို တစ်ခါတည်း စုပ်ယူပစ်လိုက်ပါတယ်။
“အား... ကျောက်ဇီးလုန်! ငါ သရဲဖြစ်ရင်တောင် မင်းကို အလွတ်မပေးဘူး!” တွမ့်ထုံးထျန်ဟာ ငယ်သံပါအောင် အော်ဟစ်လိုက်ပါတယ်။
စကား သုံးလေးငါးလုံး အော်ဟစ်ပြောဆိုပြီးတဲ့နောက်မှာတော့ တွမ့်ထုံးထျန်ရဲ့ဝိညာဉ်ဟာ ဟန်ကျွယ် ရီဖိုင်းလုပ်တာကို ခံလိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားကြောင့် တွမ့်ထုံးထျန်ဟာ သရဲဖြစ်ဖို့တောင် အခွင့်အရေး မရလိုက်ပါဘူး။
စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူဟာ အစွမ်းကုန် ထုတ်မသုံးနိုင်ခင်မှာဘဲ ဟန်ကျွယ်ရဲ့ ဓားချက်အောက်မှာ ဇီဝိန်ကြွေသွားရပါပြီ။ ကနဦးဝိညာဉ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို သတ်ဖို့ မဖြစ်နိုင်ဘူးလို့ တွေးခဲ့ကြပေမဲ့ ဟန်ကျွယ်က အဲဒီအယူအဆတွေကို ရိုက်ချိုးပစ်ခဲ့ပါပြီ။ ဟန်ကျွယ်ဟာ သူ့ဓားကို ပြန်သိမ်းလိုက်ပြီး သူ့ခြေထောက်အောက်က သဘာဝသံလိုက်တောင်ကို ကြည့်လိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ အံဩမှင်သက်ရာကနေ သတိပြန်မဝင်လာသေးပါဘူး။ နတ်မိမယ်ရှီရွှမ်ဟာလည်း အတော်လေး အံဩတုန်လှုပ်သွားပါတယ်။ ဒီလိုအစွမ်းရှိတာက သူ့တပည့်ဆိုတာကို သူ ယုံတောင် မယုံနိုင်ပါဘူး ‘အင်း... သူက အစွမ်းထက်လိုက်တာ!’ နတ်မိမယ်ရှီရွှမ်ဟာ သူ အိပ်မက်မက်နေတယ်လို့တောင် တွေးလိုက်ပါတယ်။ တစ်ခြားအကြီးအကဲတွေကလည်း နတ်မိမယ်ရှီရွှမ်လိုမျိုး တွေးနေကြတာပါ။
တစ်ခဏအကြာတုန်းက သူတို့ဟာ သေမင်းနှုတ်ခမ်းဝကို ရောက်ခဲ့ပြီး အခုအချိန်မှာတော့...
မိုးကြိုးအင်မော်တယ်ဟာ သူ့လက်ကိုမြှောက်ပြီး သူ့ရင်ဘက်ကို ရိုက်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး သေမတက် နာကျင်သွားတဲ့အတွက် ဒါဟာ ပုံရိပ်ယောင်မဟုတ်မှန်း သူ သိလိုက်ပါတယ်။
“အံဩစရာ မရှိတော့ပါဘူး... အံဩစရာ မရှိတော့ပါဘူး” မဟာအကြီးအကဲဟာ အရမ်းပဲ စိတ်လှုပ်ရှားသွားပါတယ်။ သူ စိတ်ဝိညာဉ်ဆန်းကြယ်စွမ်းအားကို လေ့ကျင့်တုန်းက ဟန်ကျွယ်လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တာကို ရည်ရွယ်ပြီး မဟာအကြီးအကဲက ဒီစကားကို ပြောလိုက်ခြင်း ဖြစ်ပါတယ်။ ဟန်ကျွယ်လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တဲ့အတွက် မဟာအကြီးအကဲဟာ အဲဒီဆန်းကြယ်စွမ်းအားကို ဆက်မလေ့ကျင့်ဘဲ စွန့်လွှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့အခြေအနေကို ကြည့်ရရင် သူသေမလို ဖြစ်ခဲ့တာက သူ့ဆန်းကြယ်စွမ်းအားက အားနည်းလို့ မဟုတ်ဘဲ ဟန်ကျွယ်က အရမ်းစွမ်းအားကြီးနေလို့ဆိုတာ မဟာအကြီးအကဲ သိလိုက်ရပါတယ်။
လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို နားလည်ရခက်တဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်ပါတယ်။ မိစ္ဆာတစ်သောင်းနယ်မြေမှာ သူနဲ့ ဟန်ကျွယ် တွေ့ဆုံခဲ့တာကို ပြန်တွေးလိုက်ပါတယ်။ လီချင်းဇဲ့ဟာ အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်တွေးတောရင်း သူ့ခန့်မှန်းချက်က လုံးဝမှားသွားတယ်ဆိုတာကို သဘောပေါက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူတို့တွေရဲ့ အကြည့်ကို ဂရုမစိုက်ဘဲ သံလိုက်တောင်ကိုသာ စိုက်ကြည့်နေပါတယ်။
[သင်သည် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါပြီ၊ ထို့ကြောင့် တန်ဖိုးကြီးမားသော ဆေးတစ်မျိုးကို ရရှိမည်။]
[သိမြင်ခြင်း နတ်ဆေးတစ်ပုလင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[ရှောင်အယ်သည် သင်အား မုန်းတီးသွားပြီ ဖြစ်သည်၊ လက်ရှိမုန်းတီးမှု: ကြယ်ငါးပွင့်]
‘ရှောင်အယ်က ဘယ်သူလဲ? ဘယ်လိုလုပ်ပြီး တစ်ခါတည်း မုန်းတီးမှု ကြယ်ငါးပွင့် ရှိသွားရတာလဲ’ ဟန်ကျွယ်ဟာ ရှောင်အယ်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်ပါတယ်။