← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁)

လူကို အကဲခတ်တော်ခြင်း

လျန်ထျန်း၏ မေးခွန်းကို ကြားသောအခါ လက်တစ်ဖက်က စီယာတိုင်ကို ကိုင်ထားပြီး ကျန်လက်တစ် ဖက်က ရွှေရောင်မျက်မှန်ကို ပင့်တင်ရင်း မန်နေဂျာရှုံ့က တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်သည်..။

"စိတ်မရှိပါနဲ့ မစ္စတာလျန်...၊ ကျွန်တော် သခင်လေးဆီမှာ အလုပ်လုပ်ခဲ့တာ ဆယ်နှစ်နီးပါး ရှိပါပြီ...။ ကျွန်တော်က သခင်လေးကို သစ္စာဖောက်မယ့်သူ မဟုတ်ပါဘူး...။ လူမှားနေပြီ ထင်တယ်...။"

လျန်ထျန်းက ပြုံးလိုက်သော်လည်း ဘာမှတော့မပြောပေ။ သူသည် ကြိုတင်ပြင်ဆင်ထားသော ယွမ် (၁၀) တန်တစ်ရွက်ကို ထုတ်၍ ကားရှေ့ဒက်ချ်ဘုတ်ပေါ်တွင် တင်လိုက်လေ၏။

ဤမြင်ကွင်းကြောင့် မန်နေဂျာရှုံ့၏ မျက်လုံးများမှာ ထိုဘက်သို့ မသိမသာ ရောက်ရှိသွားခဲ့လေသည်...။

သို့သော် ၎င်းမှာ ခဏမျှသာ ဖြစ်ပြီး သူက နှာမှုတ်လျက် ပြန်ပြောလိုက်လေသည်...။

"မစ္စတာလျန်... ကျွန်တော့်ကို တစ်ခြားသူနဲ့ မှားနေပြီလို့ ပြောထားပါတယ်...။ ကျွန်တော်နဲ့ သခင်လေး နဲ့က ဆယ်နှစ်တာ ပတ်သက်မှု ရှိခဲ့တာပါ...။ ညီအစ်ကိုတွေလို မဟုတ်ရင်တောင် တကယ်ကို ရင်းနှီးတဲ့ သူတွေပါ...။"

လျန်ထျန်းက ခေါင်းငြိမ့်လျက် သူ့စကားကို ဖြတ်ပြောလိုက်လေသည်...။

"နားလည်ပါပြီ...၊ ဒါဆိုရင် ကျွန်တော် ပိုပေးရမှာပေါ့...။"

ပြောရင်းဆိုရင်း လျန်ထျန်းက နောက်ထပ် ယွမ် (၅၀) တန်တစ်ရွက်ကို ထုတ်၍ ဒက်ချ်ဘုတ်ပေါ် တွင် ထပ်တင်လိုက်ပြန်လေ၏။

စုစုပေါင်း ယွမ် (၆၀) ကို မြင်လိုက်ရသောအခါ မန်နေဂျာရှုံ့သည် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး ဘာမှ မပြောတော့ပေ။

ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားပြီးနောက် ဤ (၆၀) ယွမ် ဆိုသည်မှာ ယခင်က ကုဋေခြောက်ဆယ်နှင့် ညီမျှနေသည် မဟုတ်ပါလား...။

မန်နေဂျာရှုံ့သည် ထိုက်ကျောက်၏ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်ပြီး တိထူလုံအုပ်စု၏ မန်နေဂျာ တစ်ဦး ဖြစ်သော်ငြားလည်း သူ၏ တစ်နှစ်စာ လစာမှာ အလွန်ဆုံးမှ နှစ်ယွမ် သုံးယွမ်သာ ရှိပေသည်။

ယွမ် (၆၀) ရရှိရန်အတွက် အနည်းဆုံး အနှစ်နှစ်ဆယ်ခန့် အလုပ်လုပ်ရမည် ဖြစ်ပြီး၎င်းမှာ ထိုက်ကျောက် နောက်သို့ လိုက်ခဲ့သည့် သက်တမ်းထက် နှစ်ဆ ပိုများနေလေသည်။

မန်နေဂျာရှုံ့သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်လေ၏။ ထို့နောက် လျန်ထျန်းကို တည်ကြည်သော မျက်နှာထားဖြင့် လှည့်ကြည့်ကာ ပြောလိုက်လေသည်...။

"မင်း..."

လျန်ထျန်းက ရုတ်တရက် ခေါင်းခါလျက် သက်ပြင်းချလိုက်ပြီး ဒက်ချ်ဘုတ် ပေါ်မှ ပိုက်ဆံကို ပြန်ယူရန် လက်လှမ်းလိုက်ရင်း တစ်ဦးတည်း ရေရွတ်လိုက်လေသည်...။

"ငါ လူမှားပြီး အကဲခတ်မိပုံရတယ်...။"

သို့သော် လျန်ထျန်း၏ လက်က ပိုက်ဆံကို မထိရသေးမီမှာပင် လက်တစ်စုံက လျင်မြန်စွာဖြင့် ထို ယွမ် (၆၀) ကို ဆွဲယူသွားလေတော့သည်။

ထိုအခါ မန်နေဂျာရှုံ့၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားပြီး ဖြီးဖြီးကြီး ပြုံးလျက် ပြောလိုက်လေ သည်...။

"မဟုတ်ပါဘူး...၊ လူကြီးမင်း လူမမှားပါဘူး... လူကြီးမင်းက လူကို တကယ်ကို လူကဲခတ် တော်တာ ပဲ...။"

ကျန်ရှိသော လမ်းတစ်လျှောက်တွင် မန်နေဂျာရှုံ့သည် လျန်ထျန်းမေးသမျှ မေးခွန်းတိုင်းကို မကွယ် မဝှက်ဘဲ ဖြေကြားပေးခဲ့လေသည်။

နောက်ဆုံးတွင် သူက သူ၏ ရင်ထဲရှိ စကားများကိုပင် ထုတ်ဖော်ပြောဆိုလာခဲ့လေသည်...။

"မစ္စတာလျန်... အမှန်အတိုင်း ပြောရရင် အဲဒီသူဌေးသားရဲ့ ခွေးခြေဖဝါးအောက်မှာ နေရတာကို ကျွန်တော် တကယ် ငြီးငွေ့နေပါပြီ...။"

"ဒါပေမဲ့ ဘဝဆိုတာ ဝမ်းစာအတွက် ရုန်းကန်နေရတာ မဟုတ်လား...။ ကျွန်တော်က ကိုယ့်ဘာကိုယ် တောင် မကျွေးနိုင်တဲ့ အောက်ခြေဝန်ထမ်းဘဝကနေ အခု ဒီနေရာအထိ ရောက်အောင် ကြိုးစားခဲ့ရ တာ...။"

"ကျွန်တော့်မှာသာ ပိုက်ဆံရှိရင် ဘယ်သူက သူ့ကို အလုပ်အကျွေး ပြုနေမှာလဲ...။ သူကတော့ နေ့တိုင်း မိန်းမတွေနဲ့ ပျော်ပါးနေတာကို ကျွန်တော်က ဘေးကနေ တံတွေးမြိုချပြီး ကြည့်နေရတာ...။"

"အခုတော့ မစ္စတာလျန်ဆီက ဒီပိုက်ဆံကို ရပြီဆိုတော့ ကျွန်တော် တိထူလုံအုပ်စုကို ကြောက်နေစရာ မလိုတော့ဘူး...။ အဆိုးဆုံး ဖြစ်လာရင် အိတ်ချ် မြို့တော်ကနေ ထွက်သွားရုံပေါ့...။ ပိုက်ဆံရှိရင် ဘယ် နေရာသွားသွား ကောင်းကောင်း နေနိုင်ပါတယ်...။"

ဤစကားများကို ကြားသောအခါ လျန်ထျန်းက ပြုံး၍ ပြောလိုက်လေသည်..။

"မှန်တာပေါ့... လူဆိုတာ ကိုယ့်အတွက်ကိုယ် အရင်ကြည့်ရတာပဲ...။ မစိုးရိမ်ပါနဲ့... မင်းက ငါလိုချင်တာ ကို ပေးနိုင်သရွေ့ ငါကလည်း မင်း လိုချင်တာကို ပေးနိုင်ပါတယ်...။"

မန်နေဂျာရှုံ့သည် စိတ်လှုပ်ရှားသွားပြီး တတွတ်တွတ် ကျေးဇူးတင်နေတော့သည်...။

"ကျေးဇူးတင်ပါတယ် မစ္စတာလျန်...။ လူကြီးမင်းလို သူဌေးကြီးတစ်ယောက်က အခုလို ရက်ရက်ရော ရော ပေးကတည်းက လူကြီးမင်းရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာ ကျွန်တော် ခန့်မှန်းပြီးသားပါ...။ လူကြီးမင်းရဲ့ နောက်ကွယ်မှာ မြို့ပြင်က အင်အားကြီးအဖွဲ့အစည်းတစ်ခု ရှိနေတာ သေချာတယ်...။"

"နောင်ကျရင် လူကြီးမင်းရဲ့ လက်အောက်မှာ အလုပ်လုပ်ရမှာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ...။ စိတ်ချပါ... အဲဒီ စာရွက်စာတမ်းတွေကို ရအောင် ယူပေးပါ့မယ်...။"

ဤသို့ဖြင့် လျန်ထျန်းသည် ထိုက်ကျောက်၏ ယုံကြည်ရသူကို ယွမ် (၆၀) နှင့် ကိတ်မုန့်ကြီးတစ်လုံး (ကတိအတု) ဖြင့် သစ္စာဖောက်လာအောင် ပြုလုပ်နိုင်ခဲ့လေသည်။

ဤသို့ လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ လျန်ထျန်းသည် မန်နေဂျာရှုံ့ကို ပထမဆုံး မြင်ကွင်းက တည်းက သူသည် လောဘကြီးပြီး ကာမဂုဏ်ကို မက်မောကာ အတ္တကြီးသူတစ်ဦး ဖြစ်ကြောင်း ခံစား မိသောကြောင့်ပင် ဖြစ်လေသည်။

ထို့နောက် မန်နေဂျာရှုံ့က သူ့ကို ဖိတ်ကြားရန် လာသည့်အခါတွင်လည်း ရေကူးဝတ်စုံနှင့် အလှလေးများ အကြောင်း ပြောရင်း ရယ်မောနေတတ်ပြီး အခြားသူများကို ဖားသည့်နေရာတွင်လည်း အလွန် ကျွမ်းကျင်လှပေသည်။

ဤကဲ့သို့သော လူစားမျိုးကို ဘက်ပြောင်းစေရန်မှာ အလွန်ပင် လွယ်ကူလှ၏။

ဆိုရိုးစကား ရှိသည် မဟုတ်ပါလား...။ ဝါသနာ တစ်ခုခုရှိသူတိုင်းတွင် အားနည်းချက်တစ်ခုစီ အမြဲ ရှိနေ တတ်၏...။

ထို့ကြောင့် လျန်ထျန်းသည် ပိုက်ဆံပေးရုံသာမက ဤအရောင်းအဝယ် ပြီးဆုံးသွားပါက မန်နေဂျာရှုံ့ကို ပိုက်ဆံများ ပိုပေးမည့်အပြင် သူ၏ နောက်ကွယ်ရှိ ကုမ္ပဏီသို့ ဝင်ရောက်ခွင့်ပေးမည်ဟု ကတိကြီး ပေး လိုက်ခြင်း ဖြစ်ချေသည်။

သူ၏ နောက်ကွယ်ရှိ ကုမ္ပဏီမှာ ဒေသခံ တိထူလုံအုပ်စုထက် အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားပြီး လှပသော အမျိုးသမီးများဖြင့် ပြည့်နှက်နေကြောင်း...။ သူ့အတွက် ချောမောလှပသော အတွင်းရေးမှူး အချို့ စီစဉ်ပေးရန်မှာ ပြဿနာ မရှိကြောင်း ပြောဆိုခဲ့လေသည်။

ဤ "ကိတ်မုန့်ကြီး" ကို မြှူပြခြင်းသည် လျန်ထျန်း၏ အရန်အစီအစဉ်တစ်ခုဖြစ်ပြီး မန်နေဂျာရှုံ့ ကဲ့သို့ သော လူစားမျိုးကို နှစ်ဖက်စားသူ သို့မဟုတ် သူလျှိုအဖြစ် မပြောင်းလဲသွားအောင် ထိန်းချုပ်လိုက်ခြင်း ပင် ဖြစ်လေသည်။

သူ့အား လှပသော အနာဂတ် ရည်မှန်းချက်တစ်ခု ပေးလိုက်ခြင်းဖြင့် သူက ၎င်းကို ဧကန်မလွဲ ယုံကြည် သွားပေလိမ့်မည်။

အမှန်စင်စစ် မန်နေဂျာရှုံ့သည် ထိုက်ကျောက်၏ အမိန့်ဖြင့် လျန်ထျန်း၏ နောက်ခံကို စုံစမ်းနေခဲ့သူ ဖြစ်ပြီး လျန်ထျန်း၏ ငွေကြေးအင်အားအချို့ကိုလည်း ရှာဖွေတွေ့ရှိထားခဲ့လေသည်။

ထို့ကြောင့် အခြေအနေများ၏ လွှမ်းမိုးမှုကို ခံနေရသော မန်နေဂျာရှုံ့သည် လျန်ထျန်း၏ နောက်ကွယ်ရှိ အင်အားစုများမှာ မည်မျှအထိ အစွမ်းထက်နေမည်နည်းဟု အကြိမ်ကြိမ် စိတ်ကူးယဉ်နေခဲ့ခြင်း ဖြစ် လေသည်။

လျန်ထျန်းကမူ ဤအချက်ကို ပါးနပ်သော နည်းဗျူဟာတစ်ခုအဖြစ် အသုံးချကာ ကတိအလွတ်များကို ပေး၍ သူ့ကို လုံးဝ အယုံသွင်းလိုက်လေတော့သည်...။

မကြာမီမှာပင် ကားသည် ဗီလာအိမ်ကြီးတစ်လုံး၏ တံခါးဝသို့ မောင်းဝင်သွားခဲ့လေသည်။

ကားရပ်ပြီး အပြင်သို့ ထွက်လိုက်သည့်အခါ တစ်အိမ်လုံးမှာ ဥရောပစတိုင်လ်ဖြင့် တည်ဆောက်ထား သည်ကို တွေ့လိုက်ရလေသည်...။

အတွင်းသို့ ဆက်လက် လျှောက်လှမ်းသွားသည့်အခါ လမ်းဘေးဝဲယာရှိ ပန်းပုရုပ်တုများမှာ မျက်စိ ပသာဒ ဖြစ်စရာ ကောင်းလှပြီး အရှေ့ဘက်မှ ဆူညံသံများကိုလည်း တဖြည်းဖြည်း ကြားလာရ၏။

ကြီးမားသော ရေကူးကန်ကြီးကို မြင်လိုက်ရသည့် အချိန်မှာပင် ရေကူးဝတ်စုံဖြင့် မိန်းကလေးတစ်ဦးမှာ လျန်ထျန်း၏ ဘေးမှ ခုန်ဆွခုန်ဆွဖြင့် ပြေးလွှားသွားခဲ့လေသည်...။

ရေကူးကန်ထဲမှ အခုတင် ထွက်လာပြီး ဆံပင်မှ ရေများကို ခါထုတ်နေသော မိန်းကလေးများလည်း ရှိနေ ကာ သူတို့၏ ဖြူဖွေးသွယ်လျသော ခါးလေးများမှာ တကယ်ပင် ဆွဲဆောင်မှု ရှိလှပေသည်...။

မန်နေဂျာရှုံ့ ပြောခဲ့သည့်အတိုင်းပင် ဤနေရာရှိ မိန်းကလေးတိုင်းမှာ အလှလေးများ ဖြစ်ကြပြီး ကိုယ်လုံးကိုယ်ပေါက်များမှာလည်း အထူးပင် လှပကြလေသည်...။

ရေကူးကန်၏ အနောက်ဘက်တွင်မူ ဖန်သားများဖြင့်သာ လုံးဝ တည်ဆောက်ထားသော အဆောက် အအုံ တစ်ခု ရှိနေပြီး အပေါ်ဆုံးအထိ အလင်းပေါက် မြင်တွေ့နိုင်လေသည်...။

မြေညီထပ်မှာ ဧည့်ခန်းမဖြစ်ပြီး အပေါ်ထပ်များမှာ အနားယူခန်းများ၊ အစည်းအဝေးခန်းများနှင့် ဖျော်ဖြေရေးခန်းများ ဖြစ်ကြ၏။ အပြင်ဘက်မှ လူများမှာ အတွင်းရှိ လူများ ဘာလုပ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်...။

ထိုအချိန်တွင် ထိုက်ကျောက်မှာ အနားယူခန်းတစ်ခုအတွင်း ရောက်နေ၏။ သူသည် ရေကူးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ဖန်နံရံတွင် ကပ်ထားစေပြီး သူမ၏ အနောက်ဘက်တွင် ရှိနေခဲ့လေသည်...။

ထိုအမျိုးသမီးမှာ အလိုမရှိသဖြင့် ရုန်းကန်နေပုံရသော်လည်း သူမ ပို၍ ရုန်းကန်လေလေ ထိုက်ကျောက် က ပို၍ မောက်မာစွာ ရယ်မောလေလေပင် ဖြစ်သည်...။

တစ်စုံတစ်ဦးက ထိုဘက်သို့ လှမ်းကြည့်သည့်အခါတွင်လည်း ထိုက်ကျောက်က ပို၍ပင် မောက်မာစွာ ရယ်မောပြလိုက်သေးသည်။ သူသည် လျန်ထျန်း ရောက်လာသည်ကို မြင်မှသာ ထိုအမျိုးသမီးကို လွှတ်ပေးလိုက်လေတော့သည်...။

ထိုအခါ ထိုက်ကျောက်သည် ရေချိုးဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာတွင် ပြုံးရွှင်သော ​ေအမူအရာဖြင့် လျန်ထျန်းကို ခရီးဦးကြို ပြုလိုလေသည်...။

"မစ္စတာလျန်... ကျွန်တော့်ရဲ့ ရေကူးကန်ပါတီကို ကြိုဆိုပါတယ်...။ မင်းကို ဒီကိုခေါ်ဖို့ တကယ်ကို ခက်ခဲခဲ့တာပဲ...။"

လျန်ထျန်းက သူ၏လက်ကို ဆန့်ထုတ်၍ ထိုက်ကျောက်ကို အနားမကပ်ရန် အချက်ပြလိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်လေသည်...။

"သခင်လေးထိုက်ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျွန်တော် မငြင်းဆန်နိုင်လို့ ဒီနေ့ ရောက်လာခဲ့တာပါ...။ ဒါပေမဲ့ ကျွန်တော်က ဒီလို ပွဲလမ်းသဘင်မျိုးကို သိပ်ပြီး သဘောမကျဘူး...။ သခင်လေးထိုက်ပဲ စိတ်ကြိုက် ပျော်ပါးပါ...။ ကျွန်တော်ကတော့ ပတ်ဝန်းကျင်ကိုပဲ လိုက်ကြည့်ပါရစေ...။"

ထိုက်ကျောက်က "ဟဲ..." ဟု အသံရှည်ဆွဲလျက် ပြောလိုက်လေသည်...။

"မစ္စတာလျန်... ကျွန်တော်တို့က မကြာခင်မှာ စီးပွားဖက်တွေ ဖြစ်ကြတော့မှာပဲ...။ ကျွန်တော်တို့က တွေ့တွေ့ချင်းပဲ မိဘချင်း မတူပေမဲ့ ညီအစ်ကိုတွေလို ခင်မင်သွားတာ မဟုတ်ဘူးလား...။"

"ဒါကြောင့် ဒီကောင်းတဲ့ အရာတွေကို မင်းနဲ့ မျှဝေခံစားရမှာပေါ့...။ ဒါတွေအားလုံးက ကျွန်တော် ကိုယ်တိုင် သေချာ ရွေးချယ်ထားတာတွေချည်းပဲ...။"

ချက်ချင်းပင် ထိုက်ကျောက်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ လှပသော အမျိုးသမီးတစ်အုပ်မှာ သူ့ကို ဝိုင်းရံလာခဲ့ကြလေ၏...။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ထိုက်ကျောက်သည် ရင်သားနှင့် တင်ပါး အချိုးအစား ပြေပြစ် သော အမျိုးသမီး နှစ်ဦးကို ညွှန်ပြလိုက်သည်...။ သူတို့က ချက်ချင်းပင် နားလည်သွားကြပြီး သူတို့၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးများကို လှုပ်ခါလျက် လျန်ထျန်းထံသို့ လျှောက်လာကြလေသည်...။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လျန်ထျန်းက မျက်မှောင်ကြုတ်လျက် အသံခပ်မာမာဖြင့် ပြော လိုက်လေသည်...။

"သခင်လေးထိုက်... ကျွန်တော် ဒီလို အခြေအနေမျိုးကို တကယ်ကို သဘောမကျတာပါ...။ တကယ်လို့ ခင်ဗျားက ဒါကို ဆက်လုပ်နေဦးမယ်ဆိုရင် ကျွန်တော် အခုပဲ ပြန်ပါတော့မယ်...။"

လျန်ထျန်းက တကယ်ပင် ဒေါသထွက်နေသည်ကို မြင်သောအခါ ထိုက်ကျောက်သည် လက်ကို ချက်ချင်း မြှောက်ပြလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ရှိ အမျိုးသမီးအားလုံးကို နောက်ဆုတ်သွားရန် အမိန့်ပေးလိုက်လေသည်...။

သို့သော်လည်း သူက အလွယ်တကူ လက်လျှော့ရန် ရည်ရွယ်ချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ယနေ့အတွက် အစီအစဉ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်... ၎င်းမှာ အမျိုးသမီးများကို အသုံးချ၍ လျန်ထျန်း၏ စရိုက်အမှန်ကို စမ်းသပ်ရန်ပင်...။

အမျိုးသမီးများကို လွှတ်လိုက်ပြီးနောက် ထိုက်ကျောက်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် လျန်ထျန်း ၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်...၊

"ကျွန်တော် နားလည်ပါတယ်...။ အစ်ကိုလျန်က ဒီလို အောက်တန်းကျပြီး အလိုက်မသိတဲ့ မိန်းမတွေကို သဘောမကျတာပဲ...။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော် ဒီနေ့ အစ်ကိုလျန်အတွက် ထိပ်တန်း အဆင့်ရှိ တဲ့ အမျိုးသမီးတစ်ယောက်ကို ပြင်ဆင်ပေးထားပါတယ်...။"

ပြောပြောဆိုဆိုနှင့် ထိုက်ကျောက်သည် ဖန်သားအဆောက်အအုံဘက်သို့ လက်ညွှန်ပြလိုက်လေ၏...။

ထိုက်ကျောက် ညွှန်ပြသည့် နေရာမှာ သူ ခုနက ရှိနေခဲ့သည့် အနားယူခန်းပင် ဖြစ်သည်...။ အတွင်းရှိ အမျိုးသမီးမှာမူ ထောင့်တစ်နေရာရှိ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် သူမ၏ ဒူးကို ပိုက်ကာ ငေးငိုင်နေလေ တော့သည်...။

အခန်း (၁၀၂)

ဒီအစီအစဉ်က ကြိုတင်ပြင်ဆင်မှု တစ်ခုသာ ဖြစ်သည်

ထိုက်ကျောက်သည် လျန်ထျန်းကို အနားယူခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ထောင့်တစ်နေရာ ၌ ဒူးနှစ်ဖက်ကို ပိုက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးကို လက်ညွှန်ပြကာ ယုတ်မာစွာ ပြုံးလျက် ပြောလိုက်လေသည်...။

"အစ်ကိုလျန်... ဘယ်လိုလဲ...။ ထိပ်တန်းပဲ မဟုတ်ဘူးလား...။ ဒီမိန်းကလေးက တကယ်ကို ထူးခြားတာ ဗျ...။ တစ်ခြားမိန်းမတွေကတော့ ကျွန်တော့်အနားကို အတင်းကပ်ချင်နေကြပေမဲ့ သူတစ်ယောက်ကပဲ ကျွန်တော့်ကို အကြိမ်ကြိမ် ခုခံရဲတာလေ...။ အမှန်အတိုင်း ပြောရရင် ကျွန်တော် သူ့ကို အခုထိ လက် မတင်ရသေးဘူး...။ ဒါပေမဲ့ အောင်မြင်ဖို့ နီးစပ်နေပါပြီ... ခုနလေးတင် အောင်မြင်တော့မလို့ပဲ...။"

"အစ်ကိုလျန် ရောက်လာတာနဲ့ အတော်ပဲပေါ့...။ ကျွန်တော်တို့ အတူတူ ပျော်ပါးကြတာပေါ့...။ ဟား... ဟား... ဟား...။"

ထောင့်တစ်နေရာတွင် ကြောက်လန့်တုန်လှုပ်စွာ ပုန်းအောင်းနေသော အမျိုးသမီးကို ကြည့်ကာ လျန်ထျန်း သည် ခေတ္တမျှ မှင်တက်သွားရလေသည်...။

အဘယ်ကြောင့်ဆိုသော် သူမသည် တကယ်ပင် ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်သည့်အပြင် သာမန်အမျိုးသမီးများထက် ပိုမိုတင့်တယ်သော အရှိန်အဝါတစ်ခုကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပေသည်။

အကယ်၍ သူမ၏ အလှကို ဖော်ပြရမည်ဆိုလျှင် မက်မောဖွယ်ကောင်းသော်လည်း ရိုင်းစိုင်းခြင်းမရှိ...၊ စင်ကြယ်သော်လည်း သာမန်ထက် ထူးကဲကာ မိမိကိုယ်မိမိ စင်ကြယ်သူဟု ကြွေးကြော်နေသော အွန်လိုင်း အလှမယ်များထက်ပင် အပြတ်အသတ် သာလွန်နေလေသည်။

သို့သော်လည်း သူမ၏ မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုများက ထိုအလှတရားအားလုံးကို ဖျက်ဆီး နေသကဲ့သို့ ရှိနေပေသည်။

ဖြစ်ပျက်နေသော အခြေအနေများကို နားလည်သွားသည့်အခါ လျန်ထျန်းသည် မျက်မှောင်ကြုတ်လျက် ထိုက်ကျောက်ကို အသံခပ်မာမာဖြင့် ပြောလိုက်လေသည်။

"သခင်လေးထိုက်.. ခင်ဗျားအနားကို ဘယ်နှစ်ယောက် ကပ်ချင်နေလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး...။ ဒါပေမဲ့ ဒီမိန်းကလေးကတော့ အလိုမရှိပုံပဲ...၊ ခင်ဗျားက သူ့ကို အတင်းအဓမ္မလုပ်ရင် ပြဿနာကြီးသွား လိမ့်မယ်...။"

သို့သော်လည်း ထိုက်ကျောက်ကမူ ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်...။

"ဘာပြဿနာကြီး ရှိမှာလဲ...။ အစ်ကိုလျန်က အရမ်းတွေးနေတာပဲ... ကျွန်တော် အာမခံပါတယ်...။ ဒီနေ့ တော့ မင်း စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလိုက်ရုံပဲ...၊ ကျန်တာ ဘာမှ စိတ်ပူနေစရာ မလိုဘူး။ ဒီမိန်းမ ကိုရဖို့ ကျွန်တော် တော်တော်ကြိုးစားခဲ့ရတာ…။ သူ့ရဲ့ အိမ်ကြီးအိမ်ကောင်း ဆက်ရှိမရှိ ဆိုတာက ကျွန်တော့် ရဲ့ စကားတစ်ခွန်းပေါ်မှာပဲ မူတည်နေတာလေ...။"

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ ကြောက်ရွံ့နေသော မျက်ဝန်းများအတွင်း၌ နာကျည်းမှု အရိပ်အယောင်အချို့ ရောယှက်နေသည်ကို လျန်ထျန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

သို့သော်လည်း ထိုနာကျည်းမှုမှာ ထုတ်ဖော်မရသော ဒေါသအဖြစ်သာ ရှိနေသည်ကို ကြည့်ခြင်းဖြင့် ထိုက်ကျောက် ပြောသည်မှာ မှန်ကန်ကြောင်း၊ သူမကို နည်းလမ်းတစ်ခုခုဖြင့် ထိန်းချုပ်ထားကြောင်း သိသာလှပေသည်။

ထိုက်ကျောက်သည် ရှေ့သို့တက်ကာ ထိုအမျိုးသမီးကို တစ်စုံတစ်ခု လုပ်ရန် ပြင်လိုက်စဉ် လျန်ထျန်းက သူ့ကို ဆွဲတားလျက် အေးစက်စွာ ပြောလိုက်လေသည်၊

"သခင်လေးထိုက်... ဒီမိန်းကလေးကို ကျွန်တော့်အတွက် ပြင်ဆင်ထားတာလို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား...။ ကျွန်တော်က ဒီနေရာက ပတ်ဝန်းကျင်ကို သိပ်မကြိုက်ဘူး...၊ လွတ်လပ်မှုလည်း မရှိဘူး... ဒါကြောင့် သူ့ကို ခေါ်သွားချင်တယ်...။"

ထိုက်ကျောက်က ယုတ်မာစွာ ပြုံးလိုက်လေသည်...။

"အစ်ကိုလျန်... သူက ကျွန်တော် ခင်ဗျားအတွက် ပြင်ဆင်ထားတဲ့သူ ဆိုပေမဲ့ ကျွန်တော်တို့ နှစ်ယောက် လုံးအတွက်လည်း ဟုတ်ပါတယ်...။ ကျွန်တော်တို့က မကြာခင်မှာ အတူတူ အလုပ်လုပ်ကြတော့မှာ မဟုတ်လား...။ ဒီမျိုးသမီးက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုတဲ့ လက်ဆောင် တစ်ခုပါပဲ...။"

"ရှေးခေတ်က လူတွေက မဟာမိတ်ဖွဲ့တဲ့အခါ သွေးသစ္စာပြုကြတယ်...။ ကျွန်တော့်မှာ ဝါသနာတစ်ခု ရှိတယ်...။ အဲဒါကတော့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ ညီအစ်ကိုတွေနဲ့ စစ်မြေပြင်တစ်ခုတည်းမှာ အတူတူ တိုက်ပွဲဝင်ရတာကို သဘောကျတာပဲ...။"

"ကျွန်တော့်စကားကို နားထောင်ပါ... ဒီခံစားချက်က မင်းထင်ထားတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်...။ တစ်ခါလောက် စမ်းကြည့်လိုက်ရင် သိသွားမှာပါ...၊ ဟဲ... ဟဲ... ဟဲ...။"

"ဝုန်း..."

သို့သော်လည်း ထိုက်ကျောက်၏ ရယ်သံ မဆုံးခင်မှာပင် လက်သီးတစ်ချက်မှာ သူ၏ ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့လေသည်...။

"ငရဲကိုသာသွားလိုက်စမ်း...။"

ထိုက်ကျောက်၏ ရိုင်းစိုင်းသော စကားများကို သည်းမခံနိုင်တော့သဖြင့် လျန်ထျန်းက သူ့ကို ထိုးနှက် လိုက်ခြင်းပင် ဖြစ်လေ၏...။

ထိုလက်သီးချက်မှာ တကယ်ပင် ပြင်းထန်လှသဖြင့် ထိုက်ကျောက်မှာ မျက်နှာကို လက်ဖြင့်အုပ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားရလေသည်။ သူသည် နာကျင်လွန်းသဖြင့် မျက်နှာမှာ ရှုံ့မဲ့နေပြီး နှုတ်ခမ်း ထောင့်မှ သွေးစအချို့ပင် ကျလာခဲ့လေသည်။

ထိုမြင်ကွင်းကြောင့် အပြင်ဘက်ရှိ ရေကူးဝတ်စုံနှင့် အမျိုးသမီးများမှာ ထိတ်လန့်သွားကြလေသည်...။

ထို့အပြင် ဗီလာအတွင်း၌ ဝတ်စုံနက်များနှင့် လုံခြုံရေးဝန်ထမ်း အမြောက်အမြားလည်း ရှိနေကြရာ ထိုက်ကျောက် အထိုးခံရသည်ကို သိသည်နှင့် တစ်ပြိုင်နက် ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ ကြလေတော့သည်။

လုံခြုံရေးများက လျန်ထျန်းကို ဝိုင်းဝန်းဖမ်းဆီးရန် ပြင်ဆင်လိုက်စဉ်မှာပင် ထိုက်ကျောက်သည် ကြမ်းပြင်မှ ထရပ်ကာ လက်မြှောက်၍ သူတို့ကို တားဆီးလိုက်လေသည်...။

ထို့နောက် ထိုက်ကျောက်သည် သွေးစွန်းနေသော သွားတစ်ချောင်းကို ထွေးထုတ်လိုက်ပြီး လျန်ထျန်းကို စူးရှစွာ ကြည့်လျက် ပြောလိုက်လေသည်၊

"အစ်ကိုလျန်... ဒါက ဘာသဘောလဲ...။"

လျန်ထျန်းက လက်သီးကို တင်းတင်းဆုပ်လျက် တစ်ခွန်းချင်း ပြောလိုက်လေသည်။

"မင်းလို စက်ဆုပ်စရာကောင်းတဲ့ ကောင်မျိုးကို ငါတကယ်ကို ကြည့်မရလို့ပဲ...။"

လျန်ထျန်းက ထိုက်ကျောက်ကို စော်ကားပြောဆိုသည်ကို ကြားသောအခါ လုံခြုံရေးများက ရှေ့သို့ ပြေးတက်ရန် ပြင်လိုက်ပြန်၏။ သို့သော်လည်း ထိုက်ကျောက်က လက်မြှောက်၍ ထပ်မံ တားဆီးလိုက် ပြန်လေသည်...။

ထိုက်ကျောက်၏ မျက်နှာမှာ ခဏမျှ မှောင်ကျသွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်လေသည်...။

"မစ္စတာလျန်... ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အကျုံးဝင်နေသေးရဲ့လား...။"

လျန်ထျန်းက အသက်ကို ဝအောင်ရှူကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"တစ်ခုချင်းစီ ခွဲပြောရအောင်...။ ခင်ဗျားရဲ့ ကိုယ်ကျင့်တရားကို ကျွန်တော် သဘောမကျပေမဲ့ ကျွန်တော် တို့ သဘောတူထားတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတော့ ကျွန်တော် ဆက်ပြီး လုပ်ဆောင်သွားမှာပါ..။ အလုပ် ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို သီးခြားခွဲထားတာက ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ထုံး လုပ်နည်းပဲ မဟုတ်လား...။ တကယ်လို့ ခင်ဗျားက ဒီစည်းမျဉ်းကို နားလည်သဘောတူတယ် ဆိုရင် ပေါ့...။"

ထိုစကားကို ကြားသောအခါ ထိုက်ကျောက်၏ မျက်နှာကြွက်သားများမှာ လှုပ်ခတ်သွားပြီး သူ၏ မျက်လုံး များမှာ လျန်ထျန်းကို စိုက်ကြည့်နေဆဲ ဖြစ်၏...။

ခဏမျှ တိတ်ဆိတ်သွားပြီး လေထုမှာလည်း လေးလံလာလေသည်...။

ဝတ်စုံနက်များနှင့် လုံခြုံရေးများကြားတွင် ရပ်နေသော မန်နေဂျာရှုံ့မှာမူ ချွေးစေးများ ပျံနေတော့ သည်...။

သူ၏ သခင်သစ်နှင့် သခင်ဟောင်းတို့ကြားတွင် သူလျှိုလုပ်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ သခင်သစ်က သခင်ဟောင်းနှင့် တည့်တည့်တိုးကာ ထိပ်တိုက်ရင်ဆိုင်နေရမည်ဟု သူ မထင်ထားခဲ့ပေ...။

*ဒီလို အခြေအနေမျိုးတွင် သူ ဘာလုပ်သင့်သနည်း...။*

*ရှေ့သို့ ထွက်၍ သခင်သစ်ဘက်မှ ရပ်တည်ပေးရမည်လော...။ ထိုသို့ဆိုလျှင် သူလျှိုအစီအစဉ် ပျက်ပြား သွားမည့်အပြင် ထိုက်ကျောက်၏ ဒေါသတကြီး တုံ့ပြန်မှုကိုပါ နေရာမှာတင် ခံစားရနိုင်ပေ သည်...။*

*ထိုက်ကျောက်ဘက်မှ ဆက်လက်ရပ်တည်ဟန် ဆောင်နေရမည်လော...။ အကယ်၍ ထိုက်ကျောက်က မစ္စတာလျန်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင်ကော...။ သူက သူ၏ သခင်သစ်ကို တကယ်ပဲ ပြန် လည် တိုက်ခိုက်ရမည်လော...။*

သစ္စာဖောက်ဖြစ်သူ မန်နေဂျာရှုံ့ တစ်ယောက် ဘေးကျပ်နံကျပ် ဖြစ်နေစဉ်မှာပင်...၊

နောက်စက္ကန့်၌ ထိုက်ကျောက်၏ အမူအရာမှာ စာအုပ်စာမျက်နှာ လှန်လိုက်သကဲ့သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ဟားတိုက် ရယ်မောလိုက်လေတော့သည်...။

"ကောင်းပါပြီ... မစ္စတာလျန်က တကယ့်ကို စီးပွားရေးသမား ပီသတာပဲ...။ ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အရင်အတိုင်း ဆက်ရှိနေပါလိမ့်မယ်...။ တစ်ချိန်တည်းမှာပဲ ကျွန်တော်က မစ္စတာလျန် ကို အနူးအညွတ် တောင်းပန်ပါတယ်...။ ကျွန်တော်က စိတ်မြန်သွားပြီး မင်းရဲ့ ဝါသနာကို နားမလည်ခဲ့ မိဘူး...။ ဒါက မင်းအတွက် မကောင်းတဲ့ အတွေ့အကြုံ ဖြစ်သွားစေတာပေါ့...။"

"နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ တောင်းပန်မှုကို ပြတဲ့အနေနဲ့ ဒီအမျိုးသမီးကို မင်းနဲ့အတူ ခေါ်သွားနိုင်ပါ တယ်...။ အပြင်ရောက်ရင် မင်းစိတ်ကြိုက် လုပ်နိုင်ပါတယ်...။ ဒါက ကျွန်တော့်ရဲ့ အစားပေးမှုလို့ မှတ်ယူ ပေးပါ...။"

သည်စကားကို ကြားမှပင် မန်နေဂျာရှုံ့မှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်...။ သူသည် သူ၏ သစ္စာဖောက် ဘဝကို ဘာပြဿနာမှမရှိဘဲ ဆက်လက် ရှင်သန်နိုင်တော့မည် မဟုတ်ပါလား...။

လျန်ထျန်းကမူ ဤသို့ ဖြစ်လာမည်ကို ကြိုတင်သိရှိထားသည့်အလား ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက် ၏...။ ထို့နောက် သူသည် ထောင့်တွင် ရှိနေသော အမျိုးသမီးကို တွဲထူကာ ထိုနေရာမှ ခေါ်ဆောင်သွား လေတော့သည်...။

လျန်ထျန်း ထွက်သွားသည်ကို ကြည့်ရင်း မန်နေဂျာရှုံ့က ထိုက်ကျောက်၏ အနားသို့ ကပ်ကာ ပြောလိုက် လေသည်...။

"သခင်လေး...ဒီ ကိစ္စကို သခင်လေးက တကယ်ပဲ ဒီအတိုင်း လွှတ်ထားလိုက်မှာလား...။"

မန်နေဂျာရှုံ့ မေးလိုက်ခြင်းမှာ သူက ထိုက်ကျောက်ဘက်မှ နာကျည်းပေးနေ၍ မဟုတ်ပေ... အမှန်စင်စစ် သူသည် ထိုက်ကျောက်၏ စရိုက်ကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်၏...။ ယခုလို အလိုလိုက်ခံ ထားရသော သူဌေးသားမှာ ဒီအတိုင်း ငြိမ်ခံနေမည့်သူ မဟုတ်သည်မှာ အသေအချာပင်...။

သို့သော်လည်း ထိုက်ကျောက်က မမျှော်လင့်ဘဲ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်လေသည်...။

"ဒီဘက်ခေတ်မှာ ပိုက်ဆံရှိတဲ့သူက အဖေပဲကွ...။ ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံမှုအတွက် ဒီလက်သီး တစ်ချက်က ဘာမှ မဟုတ်ပါဘူး...။ ဒါ့အပြင် ဒီလို ဖြစ်လာနိုင်တယ်ဆိုတာကို ငါ ကြိုတင် တွေးထားပြီး သားပဲ...။ ဒီအရာက အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲပေါ့...။"

ထိုစကားကြောင့် မန်နေဂျာရှုံ့မှာ အံ့အားသင့်သွားပြီး မေးလိုက်မိလေသည်...။

"သခင်လေးမှာ တခြား အစီအစဉ်တွေ ရှိသေးလို့လား...။"

ထိုက်ကျောက်က မောက်မာစွာ​ ပြောလိုက်လေသည်...။

"ဒါပေါ့... ဒီမိန်းမရဲ့ အိမ်ကြီးအိမ်ကောင်း ဆက်ရှိမရှိ ဆိုတာက ငါ့ရဲ့ စကားပေါ်မှာပဲ မူတည်နေတယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား...။ ဒါကြောင့် သူက ဒီလူဆီကနေ ငါသိချင်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေပေးပြီး ငါ့ဆီ ပြန်ပို့ပေးလိမ့်မယ်...။"

"ပြီးတော့ ဒီလျန်ဆိုတဲ့ ကောင်ကလေ...။ ဟွန့်... အခု သူ့ရဲ့ တည်ကြည်လှချည်ရဲ့ဆိုတဲ့ အမူအရာကို မကြည့်နဲ့...။ ဒီကမ္ဘာမှာ ငါးညှီနံ့ကို မကြိုက်တဲ့ ကြောင်ဆိုတာ ရှိတယ်လို့ ငါတော့ မယုံဘူးကွာ...။"

ထိုအခါ မန်နေဂျာရှုံ့က သူ၏ ပုံမှန်အတိုင်း ဖားယားသော အပြုံးဖြင့် လက်မထောင်ပြလိုက်လေသည်...။

"သခင်လေးရဲ့ ဒီနည်းဗျူဟာက တကယ့်ကို ပြောင်မြောက်လှပါပေတယ်...။"

သို့သော်လည်း သူ၏ ရင်ထဲတွင်မူ တိတ်တဆိတ် ထိတ်လန့်သွားရလေသည်...။

*ငါက သူ့အကြောင်းကို ငါသိထားသလောက်ပဲလို့ ထင်နေခဲ့မိတာပဲ...။*

All Chapters