အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃)
မိန်းကလေး၏ မျက်ရည်များ
လျန်ထျန်းသည် လျူရိုယွီကို ခေါ်ဆောင်ကာ ထိုက်ကျောက်၏ ကားတစ်စီးဖြင့်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ မောင်းထွက်လာခဲ့လေသည်။
ကားမောင်းနေစဉ် ဘေးထိုင်ခုံမှ အမျိုးသမီးမှာ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး လျန်ထျန်းကို ကြောက်ရွံ့ သော မျက်ဝန်းများဖြင့် ခိုးခိုးကြည့်နေခဲ့လေ၏။ လျန်ထျန်းက ဘေးသို့ လှည့်မကြည့်ဘဲ ရှေ့သို့သာ အာရုံစိုက်လျက် ပြောလိုက်လေသည်...။
"မကြောက်ပါနဲ့...။ ငါ မင်းကို ဘာမှမလုပ်ပါဘူး...။ လူနဲ့ တိရစ္ဆာန်ကြားမှာ ခြားနားချက်ရှိသလို ငါ နဲ့ အဲဒီတိရစ္ဆာန်ကောင်ကြားမှာလည်း ခြားနားချက် ရှိပါတယ်...။"
ထိုစကားကို ကြားမှ လျူရိုယွီသည် အနည်းငယ် စိတ်အေးသွားဟန်ရှိပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်း လွှာလေးများကို အသာဟလျက် သာယာသော်လည်း တုန်ရီသော အသံလေးဖြင့် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်ရှင်... ။ ကျွန်မ... ကျွန်မနာမည်က လျူရိုယွီပါ...။"
လျန်ထျန်းက ပြုံးလျက်...၊
"ငါ့ နာမည်က လျန်ထျန်းပါ...။ မင်း ဘယ်မှာ နေလဲ...။ ငါ အိမ်လိုက်ပို့ပေးမယ်...။"
လျန်ထျန်းသည် ဤမိန်းကလေးအပေါ် မည်သည့် ယုတ်မာသော စိတ်ကူးမှ မရှိပေ။ သူမ၏ မျက်ဝန်းထဲ မှ မျက်ရည်စများနှင့် ထိတ်လန့်နေသော အမူအရာကို မြင်ရသဖြင့် သနားစိတ်ဖြင့် ကယ်တင်ခဲ့ခြင်းသာ ဖြစ်ပေသည်။
အကယ်၍သာ သူ မရှိခဲ့လျှင် ဤမိန်းကလေးမှာ ယနေ့ညတွင် မည်ကဲ့သို့သော ဆိုးဝါးသည့် အတွေ့ အကြုံများကို ကြုံတွေ့ရမည်နည်းဟု သူ တွေးတောနေမိလေသည်။
လျန်ထျန်းသည် သူမကို အိမ်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန်သာ စိတ်ကူးထား၏။ ထိုက်ကျောက်က သူမကို ခြိမ်းခြောက်ထားသည့် ကိစ္စနှင့် ပတ်သက်၍လည်း လျန်ထျန်းသည် တစ်လမပြည့်မီအတွင်း တိထူလုံအုပ်စုကို အမြစ်ပြတ်အောင် ခြေမှုန်းရန် စီစဉ်ထားပြီးဖြစ်ရာ ထိုအချိန်ကျလျှင် ဤ မိန်းကလေး ၏ အခက်အခဲများမှာလည်း အလိုလို ပြေလည်သွားပေလိမ့်မည်။
သို့သော် လျူရိုယွီသည် သူမ၏ အိမ်လိပ်စာကို ပြောမည့်အစား နှုတ်ခမ်းကို တင်းတင်းကိုက်ကာ တိုးတိုးလေး မေးလိုက်လေသည်...။
"ရှင်... ရှင့်အနေနဲ့ ကျွန်မကို သဘောကျလို့လား...။"
"ဗျာ..."
လျန်ထျန်းသည် ဘရိတ်ကို ရုတ်တရက် အုပ်လိုက်ပြီး ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်၏။ ထို့နောက် လျူရိုယွီကို အံ့အားသင့်စွာ ကြည့်လျက်...၊
"မဟုတ်ပါဘူး... မင်း တစ်ခုခု မှားနေပြီ ထင်တယ်...။"
"ငါ မင်း ကို ဘာမှလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...။ အဲဒီကောင်လိုလည်း ငါ မလုပ်ဘူး...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် လျူရိုယွီသည် သူ့ထံသို့ အတင်းတိုးကပ်လာခဲ့လေသည်။
ထိုစဉ်က မိန်းကလေးမှာ အပြင်ဘက်တွင် အင်္ကျီပွပွတစ်ထည် ဝတ်ထားသော်လည်း အတွင်း၌ ရေကူးဝတ်စုံသာ ရှိနေသဖြင့် သူမ၏ ရင်သားအလှမှာ အတိုင်းသား ပေါ်လွင်နေခဲ့လေ၏။
လျန်ထျန်းသည် မတော်တဆ မြင်လိုက်ရသဖြင့် မျက်နှာကို အမြန်လွှဲလိုက်ပြီး နောက်သို့ ဆုတ်လိုက် လေသည်။
"မိန်းကလေးလျူ... ဒါဘာလုပ်တာလဲ...။"
လျန်ထျန်း၏ အသံမှာ အနည်းငယ် တုန်ရီနေခဲ့ပေသည်။
လျူရိုယွီက သူမ၏ သွယ်လျဖြူစင်သော လက်ကလေးများကို လျန်ထျန်း၏ ပခုံးပေါ်သို့ တင်လိုက်လေ သည်...။ သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးမှာ လျန်ထျန်း၏ မျက်ဝန်းထဲတွင် ဝေဝါးနေတော့ သည်...။
"မစ္စတာလျန်... ခုနက ကျွန်မကို ကယ်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်...။ ဒါပေမဲ့ ကျွန်မမှာ ရှင့်ကို ပြန်ပေးဆပ်ဖို့ဆိုလို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကလွဲပြီး ဘာမှမရှိပါဘူး...။"
လျန်ထျန်းသည် သူ့ထံသို့ ပိုမိုတိုးကပ်လာသော သူမ၏ ခန္ဓာကိုယ်ကို တွန်းဖယ်ကာ ဘေးထိုင်ခုံသို့ ပြန်ပို့ လိုက်လေ၏။ ထို့နောက် သူမကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်...။
"မင်း တကယ်ပဲ ဒါကို လုပ်ချင်တာလား...။ ဒါက မင်းရဲ့ စိတ်ရင်းအမှန်ပဲလား...။"
လျူရိုယွီမှာ မှင်တက်သွားရလေသည်။ လျန်ထျန်းက သူမ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက ခေါင်းငြိမ့်ပြလိုက်လေသည်။
သူမ၏ အမူအရာမှာ ဆွဲဆောင်မှု ရှိနေသော်လည်း လျန်ထျန်းကမူ တည်ကြည်နေဆဲ ဖြစ်သည်...။
"မင်း လိမ်နေတာပဲ...။"
လျန်ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်လေသည်...။
"တကယ်လို့ ဒါက မင်းရဲ့ စိတ်ရင်းအမှန်ဆိုရင် ဟိုတိရစ္ဆာန်ကောင်ဆီမှာတင် မင်း အရှုံးပေးလိုက်မှာ ပေါ့...။"
"ပြောစမ်းပါ... မင်းမှာ ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ...။ ငါ ကူညီပေးနိုင်တာရှိရင် အသေအချာ ကူညီပေးပါ့မယ်...။"
ထိုအခါ လျန်ထျန်း၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့လေ၏။
နောက်တစ်စက္ကန့်တွင် လျူရိုယွီမှာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်...။
သူမသည် ယခင်က မည်မျှပင် ကြောက်လန့်နေခဲ့သော်လည်း မျက်ရည်တစ်စက်မျှ မကျခဲ့ပေ။ သို့သော် ယခုမူ သူမသည် အငိုလွယ်သွားကာ သူမ၏ လက်သည်းများဖြင့် သူမ၏ ပါးပြင်ကို ကုတ်ခြစ်နေတော့ သည်။
"ဇွပ်..."
သူမသည် တကယ်ပင် ကုတ်ခြစ်လိုက်ခြင်းဖြစ်ရာ ပါးပေါ်တွင် သွေးစို့နေသော အစင်းရာများ ချက်ချင်း ထွက်ပေါ်လာ၏။ လျန်ထျန်းမှာ လန့်သွားသော်လည်း ထိုမိန်းကလေးက အခြားပါးတစ်ဖက်ကို ကုတ်ရန် လက်မြှောက်လိုက်ပြန်သဖြင့် သူမ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်လေသည်။
"ရပ်လိုက်စမ်း... ဘာလုပ်နေတာလဲ...။"
လျူရိုယွီမှာမူ မရပ်ဘဲ ရှိုက်ငိုနေဆဲပင် ဖြစ်သည်...။
"ဒါတွေအားလုံးက ကျွန်မကြောင့်ပဲ... ကျွန်မကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ မိဘတွေက ဒီလိုအလုပ် တွေ လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရမှာ မဟုတ်ဘူး...။ အခုတော့ သူတို့ အဖမ်းခံထားရပြီ...။"
"ကျွန်မကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးတွေ သည်လောက်အထိ ဒုက္ခရောက်မှာ မဟုတ်ဘူး...။ အခုဆိုရင် သူတို့ ခိုလှုံရာ အိမ်လေးတောင် တစ်နေ့မှာ ပျောက်ကွယ်သွားမလားဆိုတဲ့ ကြောက်စိတ်နဲ့ နေနေရတာ...။ ဟီး... ဟီး... ဟီး...။"
နောက်ဆုံးတွင် လျူရိုယွီမှာ ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့သည်။
လျန်ထျန်းသည် မိန်းကလေးတစ်ဦး ဤကဲ့သို့ ငိုကြွေးနေသည်ကို မြင်ရသည့်အခါ ဘာလုပ်ရမှန်း မသိ တော့ပေ။ သူသည် တစ်ရှူးများကို ယူကာ သူမ၏ ပါးပေါ်ရှိ ဒဏ်ရာများကို သုတ်ပေးလိုက်လေသည် ။ ထို့နောက် ညင်သာစွာ မေးလိုက်လေသည်၊
"မင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ င့ါကို အသေးစိတ် ပြောပြနိုင်မလား...။"
လျူရိုယွီသည် စိတ်တည်ငြိမ်အောင် ကြိုးစားရင်း တစ်ရှူးဖြင့် ဒဏ်ရာကို ဖိထားကာ မျက်ရည်များကို သုတ်လိုက်လေသည်...။
"ကျွန်မက အရင်တုန်းက ဟော့ပေါ့ဆိုင်တစ်ဆိုင်က သာမန် ဝန်ထမ်းတစ်ယောက်ပါ...။ ကျွန်မရဲ့ မိသားစု အခြေအနေကလည်း သိပ်မကောင်းလှပါဘူး...။ ကျောင်းတက်နေတဲ့ မောင်လေးနဲ့ ညီမလေးလည်း ရှိပါသေးတယ်...။"
"အဲဒါကြောင့် မိသားစုကို ထောက်ပံ့ဖို့အတွက် ပိုက်ဆံရမယ့်နည်းလမ်းကိုပဲ ကျွန်မ ရှာနေခဲ့တာပါ...။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားလပ်ချိန်မှာ လိုက်ဖ်လွှင့်ပြီး ပိုက်ဆံရှာတာကို တွေ့တော့ ကျွန်မ လည်း စမ်းကြည့်မိတာပေါ့...။ ဒါပေမဲ့ ဒါက ကျွန်မအတွက် ငရဲခန်းရဲ့ အစဖြစ်လာလိမ့်မယ်လို့ မထင် ထားခဲ့မိဘူး...။"
လျူရိုယွီက သူမ၏ အဖြစ်အပျက်များကို စတင်ပြောပြရာ လျန်ထျန်းသည် သူမ ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့် အတွေ့အကြုံများကို သိရှိလာရလေသည်။
ထိုက်ကျောက်သည် လျူရိုယွီ လိုက်ဖ်လွှင့်နေစဉ်မှာပင် သူမကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်၏။ သူသည် သူမ၏ ချောမောလှပသော ရုပ်ရည်နှင့် စင်ကြယ်သော အမူအရာကြောင့် ချက်ချင်း စိတ်ဝင်စားသွားကာ လက်ဆောင်များစွာကို ရက်ရက်ရောရော ပေးခဲ့လေသည်။
အစပိုင်းတွင် လျူရိုယွီသည် လက်ဆောင်များစွာ ရရှိသဖြင့် ဝမ်းသာနေခဲ့သော်လည်း နောက်ပိုင်းတွင် ကြောက်မက်ဖွယ်ရာများ ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုက်ကျောက်က သူမကို ထမင်းစားရန် ဖိတ်ခေါ်သောအခါ သူမသည် အလွန်အပြစ်ကင်းစင်နေဆဲ ဖြစ်သဖြင့် တစ်ဖက်လူက လက်ဆောင်များ ပေးထားသည့်အတွက် ပြန်လည်ကျေးဇူးတင်သင့်သည်ဟု ထင်ကာ သဘောတူခဲ့မိလေသည်...။
သို့သော် ထမင်းစားပြီးနောက် ထိုက်ကျောက်သည် သူမကို ဟိုတယ်သို့ ခေါ်သွားရန် ကြိုးပမ်းသဖြင့် လျူရိုယွီမှာ ကြောက်လန့်တုန်လှုပ်ကာ ထွက်ပြေးခဲ့လေသည်။ ဤအပြုအမူကပင် ထိုက်ကျောက်၏ "အမဲလိုက်" လိုသော စိတ်ရိုင်းကို ပိုမိုနှိုးဆွပေးသကဲ့သို့ ဖြစ်သွားခဲ့လေသည်။
အိတ်ချ် မြို့တော်ရှိ အင်အားကြီးအုပ်စုမှ သခင်လေးဖြစ်သူမှာ သူ၏ အရှိန်အဝါကို အသုံးချကာ လျူရိုယွီ ၏ အကြောင်းကို စုံစမ်းတော့သည်။ မကြာမီမှာပင် သူမ၏ အကြောင်းစုံကို သူ သိရှိသွားလေတော့ သည်။
၎င်းနောက်တွင် ထိုက်ကျောက်သည် သူမကို အဆက်မပြတ် နှောင့်ယှက်တော့သည်။ သူမ အလုပ်လုပ် သည့် ဟော့ပေါ့ဆိုင်သို့ နေ့တိုင်း လာရောက်ကာ သူမကိုသာ ဝန်ဆောင်မှုပေးရန် တောင်းဆိုလေသည်။ လျူရိုယွီသည် ကြောက်လန့်လွန်းသဖြင့် ဟော့ပေါ့ဆိုင်မှ အလုပ်ထွက်လိုက်သော်လည်း ထိုက်ကျောက် ၏ လက်ခုပ်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
လျူရိုယွီတို့ နေထိုင်သော အိမ်မှာ ကျေးရွာအတွင်းရှိ ပြန်လည်နေရာချထားရေး အိမ်ရာဖြစ်ပြီး တိုက် တိုက်ဆိုင်ဆိုင်ပင် ၎င်းကို တိထူလုံအုပ်စုက တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ လျူရိုယွီကို အရယူရန်အတွက် ထိုက်ကျောက်သည် သူ၏အုပ်စုက "အမှားအယွင်း" လုပ်မိခဲ့ကြောင်း...၊ လျူရိုယွီတို့ နေထိုင်သော တိုက်မှာ တရားမဝင် ဆောက်လုပ်ထားခြင်း ဖြစ်သဖြင့် ဖျက်သိမ်းရမည်ဖြစ်ကြောင်း အကြောင်းပြခဲ့ လေသည်...။
သို့သော်လည်း ပေးလျော်မည့် လျော်ကြေးငွေမှာ လုံးဝ တရားမျှတမှု မရှိဘဲ အကယ်၍သာ ထိုအိမ်ကို ဖျက်သိမ်းလိုက်လျှင် ရရှိမည့် ပိုက်ဆံမှာ အခြားတစ်နေရာတွင် အိမ်တစ်လုံးဝယ်ရန်အတွက် စရံပေးရန် ပင် မလုံလောက်ပေ။
ထို့ကြောင့် ထိုတိုက်ရှိ နေထိုင်သူများမှာ သူတို့၏ အခွင့်အရေးအတွက် ကန့်ကွက်လွှဲဆိုကြသော်လည်း ထိုက်ကျောက်က မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ... သူတို့၏ တိုင်ကြားမှုအားလုံး ပယ်ချခံခဲ့ ရလေသည်...။
ထို့အပြင် လျူရိုယွီ၏ မိဘများမှာလည်း စွပ်စွဲချက်အမှားများဖြင့် အဖမ်းခံခဲ့ရလေသည်။ ထိုကဲ့သို့ နမူနာ ပြ အရေးယူလိုက်သည့်အတွက် မည်သူမျှ ရှေ့သို့ ထွက်၍ မကန့်ကွက်ရဲကြတော့ပေ။
ဤသို့ဖြင့် ထိုက်ကျောက်က လျူရိုယွီကို ထပ်မံ ချဉ်းကပ်လာသည့် အချိန်အထိပင်...။
အခန်း (၁၀၄)
ကျွန်တော့်ကို ယုံကြည်ဖို့ အဆင်သင့် ဖြစ်ရဲ့လား...
ထိုက်ကျောက်သည် လျူရိုယွီထံသို့ ချဉ်းကပ်လာကာ ဤအရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့လေသည်။
အကယ်၍ လျူရိုယွီအနေဖြင့် သူမ၏ မိဘများကို ပြန်လည်လွတ်မြောက်စေလိုပြီး သူမ၏ တစ်လုံး တည်းသော အိမ်ဂေဟာကို ထိန်းသိမ်းထားလိုပါက သူမအနေဖြင့် သူခိုင်းသမျှကိုသာ မြေဝယ်မကျ နားထောင်ရမည်သာ ဖြစ်ချေ၏။
လျူရိုယွီသည် ပြန်လည်ခုခံရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် သူမသည် ထိုက်ကျောက်ကို မထိခိုက်နိုင်ခဲ့သည့်အပြင် သူ၏ ပိုမိုပြင်းထန်သော လက်စားချေမှုများကိုသာ ခံစားခဲ့ရလေသည်။
နောက်ပိုင်းတွင် ထိုက်ကျောက်သည် သူမ၏ မောင်လေးနှင့် ညီမလေးတို့၏ ဘေးကင်းရေးကိုပါ အတိ အလင်း ခြိမ်းခြောက်လာခဲ့ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပြောဆိုခဲ့လေသည်။
"မင်းရဲ့ ကလေးကစားစရာ နည်းလမ်းလေးတွေက ငါ့အတွက်တော့ သိပ်ကို ရယ်စရာကောင်းလွန်း တယ်...။ ဒီ အိတ်ချ် မြို့တော်မှာ ငါ့ရဲ့ အဆက်အသွယ်တွေက မင်းထင်ထားတာထက် ပိုပြီး ကျယ်ပြန့် တယ်ဆိုတာ မှတ်ထားစမ်း...။"
"ငါသာ အလိုမရှိရင် တစ်ညတည်းနဲ့ မင်းတို့ရဲ့ တိုက်ကြီးကို ဖျက်ဆီးပစ်ပြီး အထဲမှာ မင်းရဲ့ မောင်နှမတွေ ကိုပါ မြှုပ်ပစ်လိုက်လို့ ရတယ်...။ အဲဒီအခါကျရင် မင်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...။ ဟဲ... ဟဲ... ဟဲ..."
လျူရိုယွီသည် တဖြည်းဖြည်းနှင့် မျှော်လင့်ချက်များ ကုန်ဆုံးလာခဲ့ပြီး နောက်ဆုံးတွင် ထိုက်ကျောက်က သူမကို ယနေ့ည၏ ရေကူးကန်ပါတီသို့ ဖိတ်ကြားကာ လူအများအပြားကို ပြုစုရန် အသင့်ပြင်ထားဖို့ အမိန့်ပေးခဲ့လေသည်...။
ဤအကြောင်းအရာများကို ကြားသိရသောအခါ လျန်ထျန်းသည် မသိစိတ်ဖြင့် လက်သီးကို တင်းတင်း ဆုပ်ထားလိုက်မိလေသည်။
"တကယ့် တိရစ္ဆာန်ပဲ...။"
"ဒီလို ကောင်မျိုးကတော့ တစ်စစီ အပိုင်းပိုင်း အဖြတ်ခံရဖို့ပဲ တန်တယ်...။"
သို့သော်လည်း ဤစကားများကို ပြောဆိုခြင်းမှာ လျူရိုယွီအတွက် ထိရောက်မှု မရှိသည်မှာ ထင်ရှားလှ ပေသည်။ မိန်းကလေးမှာ ဝမ်းနည်းပူဆွေးမှုများအတွင်း နစ်မြုပ်နေဆဲဖြစ်သည်ကို မြင်သောအခါ လျန်ထျန်းက နှစ်သိမ့်လိုက်လေသည်...။
"အခုတော့ အားလုံး အဆင်ပြေသွားပါပြီ...။ မင်း သူ့လက်ထဲက လွတ်မြောက်သွားပြီလေ...၊ တစ်လ မပြည့်ခင်မှာပဲ သူ မင်းကို ထပ်ပြီး ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ပါဘူး...။"
ထိုစကားကို ကြားသောအခါ လျူရိုယွီသည် ရှိုက်ငိုနေသည်ကို ခေတ္တရပ်တန့်လိုက်ပြီး လျန်ထျန်းကို ဇဝေဇဝါမျက်နှာပေးဖြင့် မော့ကြည့်ကာ မေးလိုက်လေသည်...။
"တစ်လမပြည့်ခင် သူ မခြိမ်းခြောက်နိုင်တော့ဘူးဆိုတာ ဘာကို ဆိုလိုတာလဲဟင်...။"
လျန်ထျန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဤကိစ္စမှာ သူ၏ အစီအစဉ်နှင့် ပတ်သက်နေသည်ကို သတိရသွားပြီး သူ၏ သတိဝီရိယမှာ ချက်ချင်း မြင့်တက်လာခဲ့လေသည်။
"ဒါက... ဒါက ဘာမှမဟုတ်ပါဘူး...။ ငါက ကံကံ၏ အကျိုးကို ယုံကြည်လို့ပါ...။ ထိုက်ကျောက်လို လူယုတ်မာတွေကတော့ တစ်နေ့နေ့မှာ ဝဋ်ပြန်လည်မှာပဲ မဟုတ်လား...။"
လျူရိုယွီသည် အစပိုင်းတွင် ခေါင်းငြိမ့်ပြသော်လည်း နောက်ပိုင်းတွင် စိတ်ပျက်သွားဟန်ရှိလေသည်၊
"သူ့ရဲ့ ဝဋ်ကြွေးက ဘယ်တော့ ရောက်လာမလဲဆိုတာ ကျွန်မ မသိဘူး...။ ဒါပေမဲ့ ကျွန်မမိဘတွေ ဘယ် တော့ လွတ်မလဲ၊ ကျွန်မတို့ရဲ့ တစ်လုံးတည်းသော အိမ်လေးက ဘယ်တော့ ဖျက်ဆီးခံရမလဲဆိုတာက တော့ သူ့ရဲ့ စကားတစ်ခွန်းပေါ်မှာပဲ အချိန်မရွေး မူတည်နေတာလေ...။"
"မစ္စတာလျန်... အခုတစ်ခေါက် ကျွန်မကို ကယ်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်နော်...။ ဒါပေ မဲ့ ရှင်က ကျွန်မကို အခုတစ်ခေါက် ကယ်နိုင်ပေမဲ့ အကြိမ်တိုင်းတော့ ကယ်နိုင်မှာ မဟုတ်ဘူး...။"
"ဖြစ်နိုင်တာကတော့ ကျွန်မရဲ့ ကံကြမ္မာကိုပဲ လက်ခံလိုက်ပြီး အဲဒီလူယုတ်မာရဲ့ တောင်းဆိုချက်မှန် သမျှကို လိုက်လျောပေးလိုက်ရမှာပဲ...။ ဒါမှသာ ကျွန်မရဲ့ မိဘတွေ၊ မောင်နှမတွေနဲ့ ကျွန်မတို့ရဲ့ အိမ်လေးကို ကာကွယ်နိုင်မှာ မဟုတ်လား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် အနည်းငယ် ဒေါသထွက်သွားခဲ့ရလေသည်...။
"မင်းက ဘာလို့ ဒီလို ဆက်တွေးနေရတာလဲ...။ တစ်လမပြည့်ခင်မှာ သူ မင်းကို ထပ်ပြီး ခြိမ်းခြောက်နိုင် မှာ မဟုတ်တော့ဘူးလို့ ငါ ပြောခဲ့ပြီးပြီ မဟုတ်လား...။"
"မင်း အခု လုပ်ရမှာက မင်းကိုယ်မင်းနဲ့ မင်းရဲ့ မောင်နှမတွေကို ဘေးကင်းအောင် စောင့်ရှောက်ပြီး ငြိမ်ငြိမ်လေး စောင့်နေဖို့ပဲ...။"
ထိုအခါ လျူရိုယွီသည်လည်း သူမ၏ အသံကို မြှင့်လိုက်လေသည်...။
"မစ္စတာလျန်... ဒါဆိုရင် နောက်တစ်လအတွင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတာ ကျွန်မကို ပြောပြလေ ...။ ကျွန်မက ဘာလို့ ဒီအတိုင်း စောင့်နေရမှာလဲ...။"
"ကျွန်မ အကုန်ကြားခဲ့ပါတယ်...။ ရှင်က သူနဲ့ ဆက်ပြီး ပူးပေါင်းချင်နေတုန်းပဲ မဟုတ်လား...။ ရှင့်တို့ ကြားမှာက စီးပွားရေး ပတ်သက်မှု ရှိနေတာလေ...။"
"ကယ်ပေးခဲ့တာကို ကျေးဇူးတင်ပေမဲ့ နောက်ဆုံးတော့ ရှင်က သူ့ရဲ့ စီးပွားဖက်ပဲ မဟုတ်လား...။ ရှင့်ကို ကျွန်မ ဘယ်လို ယုံကြည်ရမှာလဲ...။"
"အထူးသဖြင့် ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မတို့ရဲ့ အိမ်နဲ့ ပတ်သက်လာရင်...၊ ရှင်က ကျွန်မကို ဘာမှမလုပ်ဘဲ စောင့်ခိုင်းနေတယ်ဆိုတော့...၊ ရှင်ကကော ကျွန်မအတွက် ဘာလုပ်ပေးနိုင်မှာလဲ...။"
ဤမေးခွန်းများ၏ ရှေ့မှောက်တွင် လျန်ထျန်းသည် ခေတ္တမျှ ဆွံ့အသွားခဲ့ရလေသည်...။
ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် စိတ်တည်ငြိမ်သွားသော လျန်ထျန်းသည် တည်ကြည်စွာ ပြောလိုက်လေ၏...။
"မင်းက... ထိုက်ကျောက်ဆီကနေ အမိန့်ရပြီး ငါ့ရဲ့ နောက်ခံကို စုံစမ်းဖို့ ဒီလို နည်းလမ်းတွေကို သုံးနေတာလား...။"
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူရိုယွီ၏ လှပသော မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေတော့သည်...။
သူမသည် ချက်ချင်းပင် စိုးရိမ်ပူပန်သွားပြီး စကားများမှာလည်း ထစ်အလာတော့သည်...။
"ရှင်... ရှင် ဘာတွေ ပြောနေတာလဲ... ကျွန်မ နားမလည်ဘူး...။"
ယခုမူ လျန်ထျန်းက သူမ၏ အနားသို့ တိုးကပ်ကာ ဖိအားပေးလျက် အဖြေကို တောင်းဆိုလိုက်လေ သည်။
"နားမလည်ဘူးဆိုရင် မင်းက ဘာလို့ ထိတ်လန့်နေရတာလဲ...။"
"မဆိုးဘူးပဲ...။ ဒါဆို ဒီကိစ္စတစ်ခုလုံးက ထိုက်ကျောက်နဲ့ မင်းနဲ့ ပေါင်းပြီး ငါ့ကို ကပြနေတဲ့ ပြဇာတ် တစ်ခုပေါ့...။"
"အကယ်၍သာ ဟုတ်ခဲ့ရင် မင်းရဲ့ သရုပ်ဆောင်မှုက တကယ်ကို ပြောင်မြောက်ပါတယ်...။ မင်းက ရုပ်ရှင်ကျောင်းက ဆင်းလာတာလား...။ နောင်ကျရင် ဂရမ်မီဆုရှင် ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိတာပဲ...။"
ငိုနေသည်ကို ရပ်လိုက်သော လျူရိုယွီသည် ပုတီးစေ့ ပြတ်ကျသကဲ့သို့ စကားများကို အဆက်မပြတ် ပြန်လည် တုံ့ပြန်လိုက်လေသည်...။
"ကျွန်မ မလုပ်ပါဘူး... ကျွန်မ... သူကလေ...။"
အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မိန်းကလေးမှာ ရှိုက်ကြီးတငင်ဖြင့် အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်လေတော့သည်...။
"သူက ခိုင်းခဲ့တာ မှန်ပါတယ်...။ တကယ်လို့ ရှင်က ကျွန်မကို တစ်ဦးတည်း ခေါ်သွားချင်တယ်ဆိုရင် ရှင့်အကြောင်း အရာအားလုံးကို သိရအောင် ဘယ်လိုနည်းနဲ့မဆို စုံစမ်းဖို့ သူ ခိုင်းခဲ့ပါတယ်...။"
"ရှင် ခုနက အရေးကြီးတဲ့ အချက်အလက်တွေကို ပြောပြလုနီးပါး ဖြစ်သွားတဲ့အခါ ဒါဟာ အခွင့်အရေး တစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်မ စဉ်းစားမိခဲ့တာ မှန်ပါတယ်…၊ ဒါပေမဲ့...။"
သူမသည် ထပ်မံ တုံ့ဆိုင်းသွားပြန်ပြီး နာကျည်းမှုအပြည့်ဖြင့် ဆက်ပြောလာလေသည်...။
"ဒါပေမဲ့ ကျွန်မအကြောင်း ကျွန်မပြောခဲ့တာတွေ အားလုံးက အမှန်တွေပါ...။ ကျွန်မက သူနဲ့ ပူးပေါင်းပြီး သရုပ်ဆောင်နေတာ မဟုတ်ပါဘူး...။ ဒါပေမဲ့ ကျွန်မ ဘာလုပ်နိုင်မှာတဲ့လဲ...။"
"ကျွန်မရဲ့ မိဘတွေနဲ့ ကျွန်မတို့ရဲ့ အိမ်က သူ့ရဲ့ လက်ခုပ်ထဲမှာလေ...။ ကျွန်မက သာမန်လူ တစ်ယောက် ပါ...။ ကျွန်မ လိုချင်တာက ကျွန်မတို့ရဲ့ အိမ်လေးကို ကာကွယ်ဖို့ပဲ...၊ ဟီး... ဟီး...။"
နောက်ဆုံးတွင် လျူရိုယွီသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ထပ်မံ ငိုကြွေးလေတော့သည်...။
ထိုကဲ့သို့ ရင်ကွဲမတတ် ငိုကြွေးသံမှာ အကယ်၍သာ သရုပ်ဆောင်မှု ဖြစ်ခဲ့လျှင် ဂရမ်မီဆုရ မင်းသမီး ထက်ပင် ပိုမို စွမ်းအားကြီးမားပေလိမ့်မည်..။
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းက ပြောလိုက်လေသည်...။
"ကောင်းပါပြီ...၊ မင်းကို ငါ ယုံပါတယ်...။ ဒါပေမဲ့ အချို့သော အရာတွေကိုတော့ မင်းကို အများကြီး ပြောပြလို့ မရသေးဘူး...။"
"မင်းအနေနဲ့ ငါ့ကို ယုံကြည်နိုင်မယ်ဆိုရင် မင်းကို စိတ်အနှောင့်အယှက် ပေးနေတဲ့ ပြဿနာတွေ အားလုံး က နောက်ဆုံးမှာ ပြေလည်သွားလိမ့်မယ်လို့ပဲ ငါ ပြောနိုင်မယ်...။"
"ဒါကြောင့် အခု ငါ မင်းကို မေးချင်တာက...၊ င့ါ ကို ယုံကြည်ဖို့ အဆင်သင့် ဖြစ်ရဲ့လား...။"
လျန်ထျန်း၏ စိတ်ရင်းမှန်သော မျက်ဝန်းများကို ကြည့်ရင်း လျူရိုယွီသည် ဖြည်းဖြည်းချင်း ငိုသံစဲသွား လေသည်...။
သို့သော် သူမ၏ အဖြေမှာမူ အနည်းငယ် စိတ်ပျက်စရာ ကောင်းနေဆဲ ဖြစ်၏...။
"ကျွန်မ... ကျွန်မ မသိဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် သက်ပြင်းချလိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်...။
"ရှင့်ရဲ့ ငွေပေးချေမှု ကုဒ် ကို ဖွင့်လိုက်ပါ...။"
"ရှင်..."
လျူရိုယွီ၏ ဦးခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများစွာ ပေါ်လာတော့သည်...။
"ငါ ပြောတဲ့အတိုင်း ဖွင့်လိုက်ရုံပဲ...၊ နောက်ထပ် မေးခွန်းတွေ မမေးပါနဲ့...။"
လျန်ထျန်းသည် ရှားရှားပါးပါးပင် ဩဇာလွှမ်းမိုးသော အမူအရာဖြင့် ပြောလိုက်လေ၏...။
"အာ... ဟုတ်ကဲ့...။"
လျူရိုယွီသည် ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ရာ နောက်စက္ကန့်တွင်...၊
"တက်... လူကြီးမင်းရဲ့ အလီပေး အကောင့်ထဲသို့ ယွမ်တစ်ရာ ရောက်ရှိလာပါပြီ...။"
စပီကာမှ ထွက်ပေါ်လာသော အသိပေးသံကို ကြားလိုက်ရပြီး သူမ၏ ဖုန်းထဲသို့ ငွေဝင်လာသည်ကို မြင်သောအခါ လျူရိုယွီသည် စက္ကန့်အနည်းငယ်မျှ မှင်တက်သွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက် လေသည်...။
"အား... ဒါ... ဒါက ဘာလဲ...။ ရှင်... ရှင် ကျွန်မကို အခု ယွမ်တစ်ရာကြီးတောင် ပေးလိုက်တာလား...။"
ယွမ်တစ်ရာ ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ မကျဆင်းမီက များပြားသော ပမာဏ မဟုတ်ခဲ့သော်လည်း "ယွမ်တစ်ရာတောင် မပေးဘူးလား" ဟူသော ပြက်လုံးများပင် ရှိခဲ့ဖူးလေသည်။
သို့သော် ယခုမူ ထိုယွမ်တစ်ရာသည် ယခင်က ယွမ်သိန်းတစ်ထောင်နှင့် ညီမျှနေသည်မဟုတ်ပါလား...။
လျူရိုယွီ ကဲ့သို့သော သာမန်မိသားစုမှဖြစ်စေ၊ ခက်ခဲသော နောက်ခံမှဖြစ်စေ လာသော မိန်းကလေး တစ်ဦးအတွက် ဤမျှ များပြားသော ပိုက်ဆံကို မည်သည့်အခါတွင် မြင်ဖူးခဲ့ပါမည်နည်း...။
အချို့သူများအတွက် သေးငယ်သော ပန်းတိုင်ဟု ထင်ရသော်လည်း အများစုအတွက်မူ ၎င်းမှာ နက္ခတ္တ ဗေဒ ကိန်းဂဏန်းတစ်ခုပင် ဖြစ်၏...။
ထိုအချိန်တွင် လျန်ထျန်းက တည်ငြိမ်စွာပင် ပြောလိုက်လေသည်...။
"ဒီယွမ်တစ်ရာကို ကျွန်တော့်ရဲ့ စရံအဖြစ် မှတ်ယူထားလိုက်ပါ... ။ အကယ်၍ နောက်ဆုံးမှာ မင်းရဲ့ ပြဿနာတွေ မပြေလည်ခဲ့ဘူးဆိုရင် ဒီပိုက်ဆံက မင်းအတွက်ပဲ...။"
"အဲဒီအချိန်ကျရင် ဒီပိုက်ဆံကို ယူပြီး မင်းရဲ့ မောင်နှမတွေကို ခေါ်ပြီးတော့ ကြိုက်တဲ့နေရာမှာ သွားနေလို့ ရပြီ...။ ဒါက မင်းရဲ့ ဘဝတစ်ခုလုံးကို စိုးရိမ်စရာမလိုဘဲ နေနိုင်ဖို့ လုံလောက်ပါတယ်...။"
"အခု... ငါ့ကို ယုံကြည်ဖို့ အဆင်သင့် ဖြစ်ပြီလား...။"
သူမ၏ ဖုန်းထဲမှ လက်ကျန်ငွေကို ငေးကြည့်နေပြီးနောက် လျန်ထျန်းကို မော့ကြည့်ကာ လျူရိုယွီသည် ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်...။
သို့သော် စက္ကန့်အနည်းငယ် ကြာပြီးနောက် အဖြစ်အပျက်များကို သတိထားမိသွားသည့် ေအခါတွင်မူ သူမက ချက်ချင်းပင် ပြန်လည် မေးမြန်းလိုက်ပြလေသည်...။
"ဒါပေမဲ့... ဒါပေမဲ့ ရှင်က ကျွန်မကို ဒီလောက် ပိုက်ဆံအများကြီး ပေးတယ်ဆိုတော့...။ ကျွန်မကို တစ်ခုခု ခိုင်းချင်လို့ မဟုတ်လား...။"