အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း (၁၀၇)
ကျွန်တော်က မိန်းမတွေကို ဘယ်တော့မှ လက်မပါဘူး
ဥက္ကဋ္ဌချီ၏ ကြမ်းကြုတ်သော မျက်နှာထားကို ကြည့်ကာ လျန်ထျန်းသည် ကြောက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်လေသည်။
"ကျွန်တော့်ဘက်က ရန်လိုချင်တာ မဟုတ်ပါဘူး...။ အမှန်တရားကိုပဲ ပြောချင်တာပါ...၊ ကျွန်တော့်ညီမ ရှောင်ကျင်းက ခင်ဗျားတို့သားကို တွန်းတာ မဟုတ်ဘူး...။ ခင်ဗျားသားကသာ ကျွန်တော့်ညီမကို အရင် ရိုက်ခဲ့တာ...။"
"ဒါကြောင့် ခင်ဗျားသားအနေနဲ့ ရှောင်ကျင်းကို တောင်းပန်ဖို့ ကျွန်တော် အခွင့်အရေး တစ်ခု ပေးပါ့မယ် ...။ ဒါဆိုရင် ကျွန်တော်တို့ကိစ္စ ပြတ်သွားပြီပေါ့...။"
လျန်ထျန်းက အခွင့်အရေးပေးသည်ဟု ဆိုရာတွင် သူသည် တကယ်ပင် စေတနာထား၍ ပြောခြင်း ဖြစ် ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခုနကတင် ဖုန်းအချို့ ခေါ်ဆိုထားပြီး ဖြစ်သောကြောင့်ပင်။
သို့သော် ဥက္ကဋ္ဌချီကမူ ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ကြောက်လန့်နေသည်ဟုသာ ထင်မှတ် သွားတော့သည်။
ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်...၊
"ငါ့ကို အခွင့်အရေး ပေးမယ် ဟုတ်လား...။ ပြီးတော့ ငါက မင်းနဲ့ အကျိုးအကြောင်း ပြောရမယ်ပေါ့...၊ ဟား... ဟား... ဟား...။"
"ကောင်လေး...ဒီနေ့တော့ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရတာပေါ့...။ ဒီကမ္ဘာမှာ ပိုက်ဆံနဲ့ အာဏာ ရှိတဲ့သူကသာ အမြဲတမ်း မှန်ကန်တာပဲကွ...။ ငါ့သားကို တွန်းတာ ဟုတ်မဟုတ်ဆိုတာက အရေးမကြီး တော့ဘူး...။ ငါပြောတဲ့အတိုင်းသာ ဖြစ်ရမယ်...။"
ဤစကားကို ကြားသောအခါ လျန်ထျန်း၏ မျက်နှာမှာ လုံးဝ အေးစက်သွားတော့သည်။
"ကောင်းပါပြီ...။ ခင်ဗျားပြောတဲ့အတိုင်း ပိုက်ဆံနဲ့ အာဏာရှိတဲ့သူက မှန်တယ်ဆိုတာ သေချာပြီပေါ့...။"
ဥက္ကဋ္ဌချီက ခေါင်းမော့လျက် မောက်မာစွာ ပြောလိုက်လေသည်။
"မှန်တာပေါ့...။ မင်း ငါ့ကို လာစိန်ခေါ်ချင်တယ်ဆိုရင် မင်းကို ပိုက်ဆံပုံအောက်မှာ မြှုပ်သတ်ပစ်လို့ ရတယ်...။"
ထိုအချိန်တွင် ကျောင်းရှေ့၌ ကလေးလာကြိုသော မိဘများမှာ စိတ်ဝင်တစား စုရုံးလာကြတော့သည်။ ထိုသူများထဲမှ အချို့က မစ္စတာချီကို မှတ်မိသွားကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ကြလေ၏။
"ဒါ... ဒါက ဒါဖန် ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ချီဖန် မဟုတ်လား...။"
"ဒါဖန် ကုမ္ပဏီ...၊ အဲဒီနာမည်ကတော့ တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ...။"
"ဘာတွေ ပြောနေတာလဲ...။ မစ္စတာချီရဲ့ ဒါဖန် ကုမ္ပဏီက ဆောက်လုပ်ရေးပစ္စည်း အရောင်းအဝယ် လုပ် တာလေ...၊ ပိုက်ဆံတွေ အများကြီး ရတာပေါ့...။"
"ဟုတ်တယ်... ဒါဖန် ကုမ္ပဏီက တိထူလုံအုပ်စု နဲ့တောင် ပတ်သက်မှု ရှိတယ်လို့ ကြားတယ်...။ တိထူလုံ အုပ်စုနဲ့သာ ပူးပေါင်းလိုက်ရင် တစ်နှစ်ကို ယွမ်တစ်ရာ နှစ်ရာလောက် အေးဆေး ရတာပေါ့...။"
"တောက်... သည်လိုဆိုရင်တော့ ဒီဥက္ကဋ္ဌချီက မသေးဘူးပဲ...။ ဘယ်သူကများ သူ့ကို သွားပြီး ပြိုင်ရဲ မှာလဲ...။"
"ကြည့်စမ်း... ဟို အစားအသောက် ပို့ဆောင်သူပဲ မဟုတ်လား...။"
"ဟား... ဟား... ဟား... ၊ ဒီ အစားအသောက် ပို့ဆောင်သူကတော့ ရူးနေတာ ဖြစ်ရမယ်...။ တစ်နှစ်ကို ယွမ်ရာနဲ့ချီ ရှာနိုင်တဲ့ သူဌေးကြီးကို ဘယ်လိုများ သွားပြီး အနိုင်ကျင့်ရဲရတာလဲ...။"
ဘေးမှ ဝိုင်းကြည့်နေသူများမှာ စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောဆိုနေကြလေသည်။
အားလုံးမှာ ချွင်းချက်မရှိဘဲ လျန်ထျန်းအပေါ် ကောင်းသော အမြင် မရှိကြပေ။ တစ်နှစ်လျှင် ယွမ်ရာနှင့် ချီ ရှာဖွေနိုင်သော သူဌေးကြီးနှင့် ထိပ်တိုက်တွေ့နေသည့် အစားအသောက် ပို့ဆောင်သူမှာ သေတွင်း တူးနေခြင်းသာ ဖြစ်သည်ဟု သူတို့ ထင်မြင်နေကြလေ၏။
ထိုစဉ်မှာပင် အဝေးမှ ကားဟွန်းသံ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။
ကားဟွန်းသံများမှာ လူများ၏ အာရုံကို ဆွဲဆောင်နေပြီး မေဘက်ခ် ကားတစ်စီးက ဦးဆောင်လာသော ကားတန်းကြီးမှာ ကျောင်းရှေ့သို့ ဆိုက်ကပ်လာလေ၏။
ကားရပ်သွားသည်နှင့် လုံကျန်းဟိုတယ် ၏ မစ္စတာရှောင် ဦးဆောင်သော လူအုပ် ကြီးမှာ ကားပေါ်မှ အမြန်ဆင်းလာကြလေသည်၊
မစ္စတာရှောင်သည် နဖူးမှ ချွေးများကိုပင် မသုတ်နိုင်အားဘဲ လျန်ထျန်း၏ ရှေ့သို့ ပြေးလာကာ ရိုသေစွာ ဦးညွှတ်လိုက်လေသည်။
"ရှယ်ယာရှင်လျန်း... ကျွန်တော် နည်းနည်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်...။ အဆင်ပြေရဲ့လား ခင်ဗျာ...။"
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြရလေသည်...
အချို့သော သူများမှာ မစ္စတာရှောင်ကို မှတ်မိသွားကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ကြလေ၏။
"ဒါ... ဒါက လုံကျန်းဟိုတယ်ရဲ့ မစ္စတာရှောင် မဟုတ်လား...။"
"မစ္စတာရှောင်ရဲ့ ပိုင်ဆိုင်မှုက မစ္စတာချီထက် မနည်းဘူးလေ...။ ဒါပေမဲ့ သူက ဘာလို့ အစားအသောက် ပို့ဆောင်သူ တစ်ယောက်ကို ဒီလောက်အထိ ရိုသေနေရတာလဲ...။"
"မင်း မကြားလိုက်ဘူးလား...။ ခုနက မစ္စတာရှောင်က သူ့ကို ရှယ်ယာရှင်လို့ ခေါ်လိုက်တာလေ...။ ခဏ လေး...။ ဘုရားရေ... အစားအသောက် ပို့ဆောင်သူ တစ်ယောက်က တကယ်ပဲ လုံကျန်းဟိုတယ်ရဲ့ ရှယ်ယာရှင် ဖြစ်နေတာလား...။"
"တောက်... ဒါကတော့ ကြည့်လို့ ကောင်းပြီပဲ...။ ဒါဖန် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌချီက ပိုစွမ်းမလား...၊ လုံကျန်း ဟိုတယ်ရဲ့ ရှယ်ယာရှင်က ပိုပြီး အထင်ကြီးဖို့ ကောင်းမလား...။"
ထိုမြင်ကွင်းကြောင့် ချီဖန်၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားရပြီး သူ၏ မောက်မာသော လေသံမှာ လည်း ချက်ချင်း လျော့ကျသွားလေသည်။ သို့သော် သူ၏ ဝတ်စုံကို ပြန်လည် ပြင်ဆင်လျက် မေးလိုက် လေ၏။
"မင်း...၊ ကောင်လေး... မင်းက လုံကျန်းဟိုတယ်မှာ ရှယ်ယာ ဘယ်လောက်တောင် ပိုင်ထားလို့လဲ...။ မစ္စတာရှောင်တောင် မင်းကို ဒီလောက်အထိ ရိုသေနေရအောင်လို့...။"
"ဒါမှမဟုတ် မင်းက လုံကျန်းဟိုတယ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ပိုင်ရှင်များလား...။"
လုံကျန်းဟိုတယ်သည် အယ်လ် မြို့တော် ၏ အချမ်းသာဆုံး အုပ်စုမှ နောက်ကွယ်တွင် ရှိနေသော်လည်း အိတ်ချ် မြို့တော် ၌ အခြေချသည့်အခါ ထိုအချက်ကို လျှို့ဝှက်ထားခဲ့လေသည်...။
သို့သော် အိတ်ချ် မြို့တော် စီးပွားရေးလောကမှ လူအများစုကမူ လုံကျန်းဟိုတယ်၏ ပိုင်ရှင်မှာ မစ္စတာရှောင် မဟုတ်ကြောင်း၊ သူသည် ရှယ်ယာ အနည်းငယ်သာ ပိုင်ဆိုင်ပြီး တကယ့် ရှယ်ယာရှင်ကြီး မှာ တစ်ခြားသူ ဖြစ်ကြောင်း သိထားကြလေသည်။
ယခု လျန်ထျန်းအပေါ် မစ္စတာရှောင်၏ ရိုသေမှုကို ကြည့်ကာ ချီဖန်မှာ လျန်ထျန်းအား ထိုလျှို့ဝှက် ပိုင်ရှင်အဖြစ် တစ်ထပ်တည်း တွေးတောမိသွားခြင်းပင်...။
လျန်ထျန်းက ဝန်လည်းမခံ၊ ငြင်းလည်းမဆိုဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်...။
"လူကြီးတွေရဲ့ ကိစ္စမှာ ကလေးတွေကို ဆွဲမသွင်းသင့်ဘူးလို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား...။"
"အကျိုးအကြောင်း ပြောဖို့ ကျွန်တော် အခွင့်အရေး ပေးတုန်းကလည်း ခင်ဗျားက မကျေနပ်ဘူးလေ...။ ပိုက်ဆံနဲ့ အာဏာရှိတဲ့သူက မှန်တယ်လို့ အော်ဟစ်နေခဲ့တာ မဟုတ်လား...။"
"အခုတော့ ဘယ်လိုလဲ... နောင်တ ရနေပြီလား...။"
ချီဖန်၏ မျက်နှာမှာ ပြောင်းလဲသွားသော်လည်း သူက ဆက်လက် တင်းခံနေဆဲ ဖြစ်သည်။
"တောက်... လုံကျန်းဟိုတယ်ရဲ့ ရှယ်ယာရှင် ဖြစ်နေတော့ကော ဘာဖြစ်လဲ...။"
"ငါက ဆောက်လုပ်ရေးပစ္စည်း လောကမှာ လုပ်နေတာလေ...။ ငါတို့က ဘာမှ ပတ်သက်တာ မဟုတ် ဘူး...။ ပိုက်ဆံချင်း ယှဉ်ရင်လည်း ငါက မင်းတို့ထက် မနည်းပါဘူး...။"
"ဒီနေ့တော့ မင်းညီမနှမက ငါ့သားကို တောင်းပန်ရမယ်...။ ဒါဆိုရင်တော့ ဒီကိစ္စကို ပြီးလိုက်မယ်...။"
ချီဖန်က လေသံတင်းနေသော်လည်း ယခင်ကကဲ့သို့ မောက်မာမှု မရှိတော့ဘဲ မိမိ၏ သိက္ခာကို ဆယ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ချေသည်။
ယခင်ကဆိုလျှင် သူသည် ပိုက်ဆံပေး၍ အသက်ဝယ်ယူနိုင်သည့်အလား အလွန်ပင် မောက်မာခဲ့သည် မဟုတ်ပါလား...။
ယခုမူ တောင်းပန်ရုံနှင့် ပြီးနိုင်သည်ဟု ဆိုနေခြင်းမှာ ရှင်းလင်းသော အလျှော့ပေးမှုပင် ဖြစ်၏။
တစ်ခြားသူများသာ ဆိုလျှင် နှစ်ဦးနှစ်ဖက် အလျှော့ပေးလိုက်ခြင်းမှာ အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှာ ငွေကြေးအင်အားချင်း တူညီနေပုံရသလို စီးပွားရေးအရလည်း ထိတွေ့မှု မရှိသဖြင့် တစ်ဦးကိုတစ်ဦး ထိန်းချုပ်ရန် ခက်ခဲသောကြောင့်ပင်...။
သို့သော်လည်း လျန်ထျန်းက အေးစက်စွာ ရယ်မောလိုက်လေသည်။
"ခင်ဗျားသားကို ရှောင်ကျင်းက တောင်းပန်ရမယ် ဟုတ်လား...။ ရှောင်ကျင်းက ခင်ဗျားသားကို တွန်းတယ်ဆိုတာ ခင်ဗျားမှာ ဘာသက်သေရှိလို့လဲ...။"
"သက်သေမရှိဘဲနဲ့ ခင်ဗျားသားက ရှောင်ကျင်းကို ရိုက်ခဲ့တာကတော့ အမှန်တရားပဲ...။ ဒါကြောင့် ခင်ဗျားသားကသာ ရှောင်ကျင်းကို တောင်းပန်ရမှာပေါ့...။"
ထိုစကားကို ကြားသောအခါ ချီဖန် တစ်စုံတစ်ခု မပြောရသေးမီမှာပင် သူ၏ ဇနီးဖြစ်သူ ချီကတော်က ထပ်မံ၍ ပြဿနာရှာလာပြန်လေသည်။
"ကျွန်မတို့ကို တောင်းပန်ခိုင်းတာလား...။ အိမ်မက် မက်နေလိုက်စမ်း...။"
"ဒီနေ့တော့ ရှင့်ရဲ့ အဲဒီ မိဘမဲ့မလေးကို ငါ့သားက ဒုက္ခိတဖြစ်အောင် လုပ်ပစ်ရမယ်...။ ဘယ်လောက်ပဲ ကုန်ကုန် ငါတို့ ပေးနိုင်တယ်...။"
ပြောပြောဆိုဆိုနှင့်ပင် ထိုအမျိုးသမီးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ပြေးဝင်လာခဲ့လေသည်။
လျန်ထျန်းသည် ရှောင်ကျင်းကို အထိခိုက်မခံနိုင်သည်မှာ အသေအချာပင်...။ သူသည် ရှေ့သို့ တက်ကာ ချီကတော်၏ ပါးကို ဖြန်းခနဲ မြည်အောင် ရိုက်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင် သူက ခပ်မာမာ ပြောလိုက်လေ၏...၊
"ကျွန်တော်က မိန်းမတွေကို ဘယ်တော့မှ လက်မပါဘူး...။ ဒါပေမဲ့ လူစိတ်မရှိတော့တဲ့သူကိုတော့ ကျွန်တော့်ဘက်က ယဉ်ကျေးနေမှာ မဟုတ်ဘူး...။"
ချီကတော်မှာ ပါးကို လက်ဖြင့်အုပ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မှင်တက်သွားရလေသည်။
နောက်စက္ကန့်တွင်မူ သူမသည် ရူးသွပ်စွာ အော်ဟစ်တော့လေသည်...၊
"ချီဖန်... ရှင် သေနေပြီလား...။ ရှင့်မိန်းမနဲ့ သားက ဒီလို အနိုင်ကျင့်ခံနေရတာကို ဒီအတိုင်း ကြည့်နေ တော့မှာလား...။"
ချီဖန်၏ မျက်နှာမှာ ထိုအခါမှ လုံးဝ တည်ကြည်သွားပြီး လျန်ထျန်းကို စူးစိုက်ကြည့်လျက် ပြောလိုက် လေသည်။
"ကောင်လေး...၊ မင်းဒါတော့ လွန်သွားပြီ... ဒါက ငါ့မိန်းမကို ရိုက်တာတင် မဟုတ်ဘူး...။ ငါ့မျက်နှာကိုပါ ရိုက်လိုက်တာပဲ...။"
"မင်းက လုံကျန်းဟိုတယ်ရဲ့ ရှယ်ယာရှင်ဆိုပြီး ငါက ကြောက်နေမယ် မထင်နဲ့...။ ငါ့နောက်ကွယ်မှာ တိထူလုံအုပ်စု ရှိတယ်ဆိုတာ မှတ်ထားလိုက်...။"
အခန်း (၁၀၈)
ခင်ဗျားရဲ့ ပါးစပ်ကို ကျွန်တော် ဆွဲဖြဲပစ်မယ်
ချီဖန်က ဒေါသတကြီး ပြောဆို၍ မဆုံးမီမှာပင် မနီးမဝေးရှိ လမ်းမထက်မှ ကားများစွာ သည်ထိုဘက်သို့ ဦးတည်မောင်းနှင်လာကြလေသည်။ ထိုကားများအားလုံးမှာ အဖိုးတန် ဇိမ်ခံကားများဖြစ်ကြပြီး ချီဖန်၏ ဘန်တလေ သို့မဟုတ် မစ္စတာရှောင်၏ မေဘက်ခ်တို့ထက်ပင် လျော့နည်းခြင်း မရှိကြပေ။
ကားတန်းကြီးမှာ လမ်းဘေး၌ စီတန်း၍ ရပ်တန့်သွား၏။ တံခါးများ ပွင့်လာသည့်အခါ ဝတ်ကောင်း စားလှများ ဆင်မြန်းထားသော ဥက္ကဋ္ဌများမှာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြလေသည်။ ချက်ချင်းပင် ဘေးမှ ဝိုင်းကြည့်နေသူများမှာ အံ့အားသင့်စွာဖြင့် တီးတိုး ရေရွတ်လိုက်ကြ၏။
"ဟိုက ကျွင်းဖုန်း ကုမ္ပဏီ ရဲ့ အထွေထွေမန်နေဂျာ မစ္စတာဝမ် မဟုတ်လား...။"
"ဟိုတစ်ယောက်ကတော့ ဖူထျန် စက်မှုအုပ်စု ရဲ့ ဥက္ကဋ္ဌ ကျန်း ပဲ...။"
"ဖန်းထျိန် အီလက်ထရွန်နစ် နည်းပညာ ရဲ့ သူဌေးကြီး မစ္စတာဖန်း လည်း ပါလာတာပဲ...။"
"ဟိုတစ်ယောက်ကတော့...။"
အိတ်ချ် မြို့တော် ၏ လူသိများသော ဥက္ကဋ္ဌများမှာ တစ်ဦးပြီးတစ်ဦး ကားပေါ်မှ ဆင်းလာကြပြီး သူတို့ နောက်တွင်လည်း လူလေးငါးဦးစီ ခြံရံလျက် လျှောက်လာကြလေသည်။ ထိုကဲ့သို့ ထင်ရှားကျော်ကြား သော ပုဂ္ဂိုလ်များစွာ စုရုံးရောက်ရှိလာသည်ကို မြင်သောအခါ လူအများမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်တက်သွားကြပြီး ဦးနှောက်များပင် ဗလာဖြစ်သွားကြရ၏။
အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေသည့် လှပသော အတန်းပိုင်ဆရာမမှာမူ လုံးဝ ဆွံ့အသွားရလေသည်။ သူမသည် ချမ်းသာသူများနှင့် တွေ့ဆုံရန် အမြဲ မျှော်လင့်နေတတ်ပြီး သူဌေး ကတော် ဖြစ်လာရန်လည်း စိတ်ကူးယဉ်လေ့ရှိ၏။
သို့သော် ယခုကဲ့သို့ သူဌေးကြီးများစွာကို တစ်ပြိုင်နက်တည်း မြင်တွေ့ရသည့်အခါတွင်မူ သူမ၏ စိတ်အာရုံများမှာ ဝေဝါးသွားရတော့သည်။
*ဒီနေရာက ကျောင်းရှေ့ကြီးလေ...။ ဘာတွေ ဖြစ်နေတာလဲ...၊ ဥက္ကဋ္ဌတွေ အားလုံးက ဒီနေရာမှာ အစည်းအဝေး လာလုပ်နေကြတာလား...။*
ချီဖန်ပင်လျှင် ထိုအခိုက်အတန့်၌ ဇဝေဇဝါ ဖြစ်သွားရလေသည်။ သူနှင့် အဆင့်အတန်းတူ သို့မဟုတ် သူ့ ထက်ပင် သာလွန်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့လေသည်။
အခြေအနေများမှာ မကောင်းတော့ကြောင်း သူ စတင် သိမြင်လာလေပြီ။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုသူဌေးကြီးများ ရောက်ရှိလာသည့်အခါ သူတို့အားလုံးသည် လျန်ထျန်းကို ပြုံးရွှင်ထက်သန်စွာဖြင့် နှုတ်ဆက်လိုက်ကြလေသည်။
လျန်ထျန်းသည် စုရုံးရောက်ရှိလာသော ဥက္ကဋ္ဌများကို ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်လေသည်။
"အားလုံး ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော် လျန်ထျန်းက တကယ်ကို ကျေးဇူးတင်မိပါတယ်...။"
ဥက္ကဋ္ဌများကလည်း ချက်ချင်းပင် ရိုသေစွာ ပြန်လည် တုံ့ပြန်ကြလေသည်၊
"မစ္စတာလျန်... ခင်ဗျားက အားနာစရာတွေ ပြောနေပြန်ပါပြီ...။ ခင်ဗျားက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်ပဲ မဟုတ်လား...။ ခင်ဗျားရဲ့ ကိစ္စက ကျွန်တော်တို့ရဲ့ ကိစ္စပါပဲ...။"
"ဟုတ်ပါတယ် မစ္စတာလျန်...။ ခင်ဗျားမှာ လိုအပ်တာရှိရင် ကျွန်တော်တို့ကိုသာ အသိပေးလိုက်ပါ...။ ကျွန်တော် လုပ်ပေးနိုင်တာဆိုရင် အသေအချာ လုပ်ပေးပါ့မယ်...။ တကယ်လို့ ကျွန်တော် မလုပ်နိုင်တာ ဆိုရင်တောင် ဖြစ်မြောက်အောင် နည်းလမ်းရှာပေးပါ့မယ်...။"
"ရှယ်ယာရှင်လျန်း... တစ်ရက်လောက်တော့ အတူတူ ထမင်းစားကြရအောင်လေ...။"
အိတ်ချ် မြို့တော် ၏ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များက လျန်ထျန်းကို အလွန်အမင်း ရိုသေစွာ ဆက်ဆံနေကြသည်သာမက လျန်ထျန်းမှာ သူတို့ ကုမ္ပဏီများ၏ ရှယ်ယာရှင် ဖြစ်ကြောင်း ပြောဆိုနေ ကြသည်မှာ တကယ်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
"ဂလု..."
ချီဖန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ သူ၏ နားထင်၌လည်း ချွေးစေးများ ပျံတက်လာကာ အတွေးများစွာက ဦးနှောက်အတွင်း၌ ရှုပ်ထွေးနေတော့သည်။
*သည်ကောင်လေးက ကြည့်ရတာ အစားအသောက် ပို့ဆောင်သူလေး တစ်ယောက်ပဲလေ...။ သူ့ရဲ့ အထောက်အထား အမှန်က ဘာများပါလိမ့်...။ သူက ဘယ်လိုလုပ်ပြီး ကုမ္ပဏီတွေအများကြီးမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားရတာလဲ...။ သူက ဘယ်လောက်တောင် ချမ်းသာလို့လဲ...။*
ထိုသို့ တွေးတောရင်း ချီဖန်သည် ပါးကို လက်ဖြင့်အုပ်ထားဆဲဖြစ်သော သူ၏ ဇနီးကို လှည့်ကြည့်ကာ စိတ်တိုသော လေသံဖြင့် ပြောလိုက်လေသည်။
"တစ်မိသားစုလုံး အစားအသောက် ပို့ဆောင်တဲ့သူတွေနဲ့ ပြဿနာဖြစ်နေတာလို့ မင်းပြောခဲ့တာ မဟုတ် လား...။ အခုက ဘာတွေ ဖြစ်နေတာလဲ...။"
ချီကတော်၏ ဦးနှောက်မှာလည်း ထိုအခိုက်အတန့်၌ လုံးဝ ရှုပ်ထွေးနေပြီ ဖြစ်၏။ သူမသည် တစ်ဦး တည်း ရေရွတ်နေတော့သည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်...။ သူ့ရဲ့ ဝတ်စုံနဲ့ သူစီးလာတဲ့ လျှပ်စစ်စကူတာကို ကြည့်ဦးလေ...။ သူက အစားအသောက် ပို့ဆောင်သူ တစ်ယောက်ပါပဲ...။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး...။"
လက်ရှိ အခြေအနေတွင် ချီဖန်သည် သူ၏ ဇနီးနှင့် သားကို ခေါ်ကာ သည်နေရာမှ ချက်ချင်း ထွက်ပြေး သွားချင်စိတ် ပေါက်နေတော့သည်။ သူသည် ဤနေရာ၌ ဆက်ရှိနေဦးမည်ဆိုလျှင် အိတ်ချ် မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း မှ သူဌေးကြီး ထက်ဝက်နီးပါးကို အမျက်ထွက်စေလိမ့်မည်ဟု သူ ကြိုတင် ခံစားနေမိ၏။
ထိုသို့ ဖြစ်လာခဲ့လျှင် သူ၏ စီးပွားရေးလုပ်ငန်းမှာ ယခင်ကကဲ့သို့ ချောမွေ့တော့မည် မဟုတ်ပေ။
သို့သော် သူ ထပ်မံ စဉ်းစားလိုက်ပြန်လေသည်...။ အကယ်၍ သူ အခု ထွက်ပြေးသွားလျှင်ပင် ထိုလူများ ကို အမျက်မထွက်အောင် ရှောင်လွှဲနိုင်ပါ့မည်လော...။
သူ၏ ယခင်က အပြုအမူများကြောင့် လျန်ထျန်းနှင့် တကယ့်ကို ရန်ငြိုးဖွဲ့မိသွားပြီ ဖြစ်၏။ တစ်ဖက်လူ က နောက်ပိုင်းတွင် လက်စားချေလိမ့်မည် မဟုတ်ဟု ဆိုလျှင် လူမိုက်ပင် ယုံကြည်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူသာ ယခု ထွက်ပြေးသွားပါက သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။ အိတ်ချ် မြို့တော် တစ်ခုလုံးတွင် သူသည် လူကြောက် တစ်ယောက်အဖြစ် အားလုံး၏ ကဲ့ရဲ့ခြင်းကို ခံရပေလိမ့် မည်။ ထိုအခါ သူ မည်သို့ ဆက်လက် ရှင်သန်နိုင်ပါမည်နည်း။
သေချာစွာ စဉ်းစားပြီးနောက် ချီဖန်သည် ဘာမှ မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုအချိန်တွင် လျန်ထျန်းက သူ့ကို ပြန်လည် ကြည့်ရှုကာ ပြောလိုက်လေသည်။
"ခင်ဗျားက ကျွန်တော့်ကို မကြောက်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား...။ တစ်ခုခု ပြောဦးလေ...။"
ချီဖန်မှာ တိတ်ဆိတ်နေ၏။ လျန်ထျန်းက လှောင်ရယ်လိုက်လေသည်၊
"ခင်ဗျား ခုနက ပြောခဲ့တာကို မှတ်မိသေးလား...။ ပိုက်ဆံနဲ့ အာဏာ ရှိတဲ့သူကသာ အမြဲတမ်း မှန်ကန် တာပဲဆိုတာလေ...။"
"အခု ကျွန်တော် ခင်ဗျားကို မေးချင်တာက...။ ခင်ဗျားက ကျွန်တော်နဲ့ အကျိုးအကြောင်း ပြောချင်သေး ရဲ့လား...။ ခင်ဗျားက ဘယ်လိုများ ပြောဖို့ စိတ်ကူးထားလို့လဲ..၊. ခင်ဗျားမှာကော ကျွန်တော့်ကို ပြန်ပေး ဆပ်ဖို့ ဘာရှိလို့လဲ...။"
ဤကဲ့သို့သော မောက်မာသည့် လေသံမျိုးမှာ ချီဖန် အခြားသူများကို ဆက်ဆံလေ့ရှိသည့် ပုံစံမျိုးပင် ဖြစ်ချေ၏။ ယခုမူ ထိုဒဏ်ကို သူကိုယ်တိုင် ပြန်လည် ခံစားနေရသဖြင့် သူသည် အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း အခြေအနေများကြောင့် သူသည် ကြောက်စိတ်ဝင်ကာ အားတင်း၍ ပြန်လည် အော်ဟစ်လိုက်ပြန်သည်။
"ခင်ဗျား အရမ်းကြီး မောက်မာမနေနဲ့ဦး...။"
"ခင်ဗျားက ကုမ္ပဏီ အနည်းငယ်မှာ ရင်းနှီးမြှုပ်နှံထားရုံ ဒါမှမဟုတ် ကုမ္ပဏီအိုကြီး အချို့မှာ ရှယ်ယာရှင် ဖြစ်နေရုံနဲ့ အိတ်ချ် မြို့တော် မှာ ခင်ဗျားစိတ်ကြိုက် လုပ်နိုင်မယ်လို့ မထင်လိုက်နဲ့...။"
"အိတ်ချ် မြို့တော် မှာ ဘယ်သူက အရှိန်အဝါ အရှိဆုံးလဲဆိုရင် တိထူလုံအုပ်စု ပဲ ရှိတယ်ဆိုတာ ခင်ဗျား သိရမယ်...။"
"ကျွန်တော်နဲ့ တိထူလုံအုပ်စုရဲ့ ဒုတိယသခင်လေးနဲ့က သာမန် ပတ်သက်မှုမျိုး မဟုတ်ဘူးနော်...။"
"အိတ်ချ် မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းက ကုမ္ပဏီတစ်ဝက်လောက်က ကျွန်တော့်ကို ဆန့်ကျင်နေရင်တောင် တိထူလုံအုပ်စုက ကျွန်တော့်ကို ကာကွယ်ပေးထားသရွေ့တော့ ဘာမှ ကြောက် နေစရာ မလိုဘူး...။"
စကားပြောရင်း ချီဖန်သည် ယခင်ကကဲ့သို့ မောက်မာမှုများ ပြန်လည် ရရှိလာလေသည်။
တိထူလုံအုပ်စု ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ဥက္ကဋ္ဌများ အားလုံး တိတ်ဆိတ်သွားကြ လေသည်။ သူတို့၏ မျက်နှာများမှာ တည်ကြည်သွားကြပြီး အချို့မှာ ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်နေကြလေ၏။
အိတ်ချ် မြို့တော်၌ တိထူလုံအုပ်စုမှာ တကယ်ပင် မောက်မာလွန်းလှပြီး ကုမ္ပဏီများစွာမှာလည်း သူတို့ ၏ နှိပ်စက်မှုကို ခံခဲ့ကြရသည် မဟုတ်ပါလား။
လူအများစုမှာမူ ထိုအဖွဲ့အစည်းကို ဆန့်ကျင်ရန် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တိထူလုံအုပ်စု၏ အာဏာမှာ အိတ်ချ် မြို့တော်တွင် အလွန်ပင် ကြီးမားလှပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်း များကို လူတိုင်းက သိရှိထားသောကြောင့် ဖြစ်ပေသည်။
သူသည် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု ထင်မှတ်ကာ ချီဖန်သည် ပိုမို ဝံကြွားလာပြီး တိထူလုံအုပ်စု၏ အကြောင်းကို ဆက်လက် ပြောဆိုလေတော့သည်။
"ကောင်လေး...၊ အခုတော့ ငါ့နောက်ကွယ်မှာ တိထူလုံအုပ်စု ရှိနေတယ်ဆိုတာ သိသွားပြီဆိုတော့ ငါက မင်း လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာ နားလည်သွားပြီမလား...။"
"မင်း ခေါ်လာတဲ့ လူတွေက တိထူလုံအုပ်စုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူးကွ...။ ငါ မင်းကို အခွင့်အရေး မပေးခဲ့ဘူးလို့ မပြောနဲ့ဦး...။ အကယ်၍ ပေးခဲ့ရင်တောင် မင်းက ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး...။ ဟား... ဟား... ဟား...။"
ချီဖန်သည် စကားပြောရင်း ပိုမို မောက်မာလာကာ သူသည် မည်သူကမျှ အနိုင်မတိုက်နိုင်သော သူ တစ်ဦးအဖြစ် မိမိကိုယ်မိမိ ထင်မှတ်နေတော့သည်။
"မင်းသာ အလိုက်သိမယ်ဆိုရင် အခုချက်ချင်း ငါ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း...။ ပြီးရင် မင်းရဲ့ အဲဒီ မိဘမဲ့မလေးကိုလည်း ငါ့သားကို တောင်းပန်ခိုင်းလိုက်...။ အဲဒီကျမှ ငါက စဉ်းစားပေးမယ်...။"
"ဖြန်း..."
သို့သော်လည်း ချီဖန် စကားမဆုံးမီမှာပင် သူ၏ မျက်နှာပေါ်သို့ ပြင်းထန်သော ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် လျန်ထျန်း၏ ဒေါသတကြီး အော်ဟစ်သံမှာလည်း ပဲ့တင်ထပ်သွားခဲ့လေ၏။
"ရှောင်ကျင်းကို မိဘမဲ့မလေးလို့ နောက်တစ်ခါ ထပ်ခေါ်ရဲရင်တော့ ခင်ဗျားရဲ့ ပါးစပ်ကို ကျွန်တော် ဆွဲဖြဲပစ်မယ်...။"
ဤပါးရိုက်ချက်မှာ ချီကတော်ကို ရိုက်ခဲ့သည့် အရှိန်ထက် ပိုမို ပြင်းထန်လှပြီး အသံမှာလည်း အလွန်ပင် စူးရှလှပေသည်။ ထိုရိုက်ချက်ကြောင့် ချီဖန်မှာနောက်သို့ ယိုင်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင် လျက် လဲကျသွားရလေသည်။ ၎င်းမှာ တကယ်ပင် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။
သူသည် ပါးကို လက်ဖြင့်အုပ်ကာ ခေတ္တမျှ မှင်တက်သွား၏။ သူ၏ လူများမှာလည်း သူ့ကို တွဲထူရန် အမြန် ပြေးလာကြလေသည်။
သို့သော် နောက်စက္ကန့်တွင် ချီဖန်သည် ထိုလူများကို ဒေါသတကြီး တွန်းဖယ်လိုက်ပြီး လျန်ထျန်းကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်ကာ အံကြိတ်လျက် ပြောလိုက်လေသည်။
"ကောင်လေး... မင်းတော့ သေပြီ...။ လုံးဝကို သေပြီပဲ...။"
"ငါ့နောက်မှာ တိထူလုံအုပ်စု ရှိတယ်လို့ ပြောနေတာတောင် မင်းက ငါ့ကို ရိုက်ရဲသေးတယ်ပေါ့...။"
"ဒါက ငါ့မျက်နှာကိုတင် ရိုက်တာ မဟုတ်ဘူး...။ တိထူလုံအုပ်စုရဲ့ ဒုတိယသခင်လေး ထိုက်ကျောက် ရဲ့ မျက်နှာကိုပါ ရိုက်လိုက်တာပဲ...။"
တိုက်တိုက်ဆိုင်ဆိုင်ပင် ချီဖန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အဝေးမှ အင်ဂျင်သံကြီးမှာ ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မကြာမီမှာပင် အနီရောင် တောက်တောက် ပြိုင်ကား တစ်စီးမှာ လမ်းဘေး၌ ထိုးရပ်လိုက်လေသည်။
လိပ်ပြာတောင်ပံ တံခါးများ မှာ အပေါ်သို့ ပွင့်တက်သွားပြီးနောက် နေကာမျက်မှန် တပ်ဆင်ထားသော ထိုက်ကျောက် မှာ ကားပေါ်မှ ခန့်ညားစွာ ဆင်းလာခဲ့လေသည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အသက်ရှူပင် မှားသွားကြရ၏။
ချီဖန်မှာမူ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ထိုက်ကျောက်ထံသို့ အပြေးအလွှား သွားလေတော့ သည်။