အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇) အားကော် မျောက်တစ်ကောင် ဖမ်းမိခြင်း
ရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ ချီလန်ပင်လျှင် သူမကို မနောက်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။
“ချင်းချင်းက ဒီတစ်ခါတော့ တကယ်ြကို တစ်ခုခု ဖြစ်လာပြီပဲ... သူ တကယ် ကြိုးကြိုးစားစား စာလုပ်နေတယ်..."
ဤစကားကို ကြားသောအခါ လဲ့ချန်မှာ ထမင်းသီးလုမတတ် ဖြစ်သွား၏။ သူက
*အဲ့ကောင်မလေးက အရှုံးပေါ်ပြီးတဲ့နောက် တကယ့်ကို လက်မောင်းပြည့် ခေါက်တင်ပြီး ပညာရပ်တစ်ခုကို သင်ယူနေတာပဲ... အဲဒါ တကယ့်ကို အံ့သြစရာ ကောင်းတယ်…*ဟု စိတ်ထဲမှ တွေးလိုက်သည်။
...
နောက်တစ်နေ့ နံနက်စောစောတွင် လဲ့ချန်မှာ တစ်ဝက်တစ်ပျက် အိပ်မောကျနေဆဲဖြစ်ပြီး ကုတင်ခေါင်းရင်းကို မှီနေစဉ် ခြံဝင်းအပြင်ဘက်မှ ကျယ်လောင်သော တံခါးခေါက်သံနှင့်အတူ အားကော်၏ ကျယ်လောင်သော အသံကို ကြားလိုက်ရ၏။
"အစ်ကိုချန်... အစ်ကိုချန်... တံခါး မြန်မြန်ဖွင့်ပါဦး..."
သူ၏ လေသံမှာ အလောတကြီး ဖြစ်နေသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် အရိပ်အယောင်များ စွက်ဖက်နေ၏။
လဲ့ချန်က ဆံပင် ဖရိုဖရဲနှင့် အပေါ်ဝတ်ရုံကို ဝတ်ကာ တံခါးဖွင့်ရန် အပြင်သို့ ထွက်လာခဲ့သည်။
အားကော်က အပြင်ဘက်တွင် တစ်ယောက်တည်း ရပ်နေပြီး သူ၏ လက်ထဲတွင် ဖောင်းကားနေသော ဂုန်နီအိတ် နှစ်လုံးကို ဆွဲကိုင်ထားကာ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသော အပြုံးတစ်ခု ရှိနေ၏။
"အစ်ကိုချန်...ဒါကို ကြည့်ဦး... အတော် ရှားပါးတဲ့ ပစ္စည်းနော်..."
အားကော်က ပါးစပ်ဖြဲ၍ ပြုံးလိုက်ပြီး သူ၏ လက်ထဲရှိ အိတ်ကို လဲ့ချန်၏ မျက်နှာနားသို့ ရောက်လုမတတ် မြှောက်ပြလိုက်သည်။
လဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး အိတ်ကို လက်တစ်ဖက်ဖြင့် တားကာ ကျန်လက်တစ်ဖက်ဖြင့် သူ၏ ကော်လာကို ဆွဲ၍ အသံကို နှိမ့်ကာ ပြောလိုက်၏။
"ကောင်စုတ်လေး... မနက်စောစောစီးစီး ဘာလာလုပ်တာလဲ... ဒီဂုန်နီအိတ်စုတ်ကြီးကို ငါ့အိမ်ယူလာပြီး ပြဿနာ လာရှာနေတာလား..."
အားကော်က နှစ်ချက်ခန့် ရယ်မောလိုက်ပြီး အိတ်ကို သူ၏ ခြေအောက်သို့ ချကာ အိတ်ဝကို ဖွင့်၍ ဆွဲထုတ်လိုက်သည်။ လဲ့ချန်က အိတ်ထဲမှ ထွက်ပေါ်လာသော အမွေးထူထူ အရာတစ်ခုကိုသာ မြင်လိုက်ရ၏။ သေချာ အနီးကပ် ကြည့်လိုက်သောအခါ သူ၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းမှောင်သွားတော့သည်။ ၎င်းကား မျောက်တစ်ကောင် ဖြစ်နေ၏။
"မင်း ဘာလုပ်နေတာလဲ... မျောက်တွေ ဖမ်းနေတာလား... မင်းခေါင်းကို မြည်းကန်လိုက်လို့လား... ဒါမှမဟုတ် မင်း ရူးနေတာလား..."
လဲ့ချန်က အားကော်၏ နှာခေါင်းကို လက်ညှိုးထိုးလိုက်ပြီး ဆဲရမည်လား၊ ရယ်ရမည်လားပင် မသိတော့ချေ။
"အဲ့အကောင်ကို မြန်မြန် ပြန်သွားထားလိုက်စမ်း..."
"အစ်ကိုချန်... အဲဒီလို ပြောတာက တရားမျှတမှု မရှိဘူးလေ..."
အားကော်က သူ၏ အောင်ပွဲရ ပစ္စည်း ကို အလျင်အမြန် ကာကွယ်လိုက်ပြီး အိတ်ဝကို ဖိပိတ်ထားရင်း တိုးတိုးလေး ပြောလိုက်၏။
"ခုခေတ်မှာ မျောက်တွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ အစ်ကိုသိလား... ကျွန်တော်တို့ ရွာက စားသောက်ဆိုင်ကြီး တချို့က မျောက်ဦးနှောက်နဲ့ ကလီစာတွေကို အရက်မြည်းဖို့ သရေစာအဖြစ် ကျွေးရတာ ကြိုက်ကြတယ်... အထူးသဖြင့် မြို့ပြင်က လာတဲ့ သူဌေးတွေက သီးသန့်ကို တောင်းဆိုကြတာ... အဲဒါက ဈေးကောင်း ရနိုင်တယ်..."
"မင်းက တော်တော် အကွက်ကျကျ စီစဉ်တတ်တဲ့သူပဲ..."
လဲ့ချန်က မျက်လုံးများကို မှေး၍ ထိုကောင်လေးကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။
"တစ်ယောက်ယောက်ကများ မင်း တရားမဝင် အမဲလိုက်တယ်ဆိုပြီး တိုင်လိုက်ရင် အဲ့ပိုက်ဆံတွေကို ထောင်ကျစရိတ်အတွက် သုံးမလို့လား..."
အားကော်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ပြီး အသံကို နှိမ့်၍ ပြောလိုက်၏။
"အစ်ကိုချန်... ဘယ်သူက အဆိုးဆုံးကို တွေးမှာလဲ... ခုလိုခေတ်မှာ ဘယ်သူကများ အခွင့်အရေးရတုန်း ပိုက်ဆံပိုရှာချင်စိတ် မရှိဘဲနေမှာလဲ... အဲဒါအပြင်..."
သူက အနီးသို့ တိုးကပ်လာပြီး အသံကို ပိုနှိမ့်လိုက်သည်။
"ကျွန်တော်တို့ လုပ်နေတာက တရားမဝင်တာမှ မဟုတ်တာ... တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းပြီး ရောင်းတာက ဘာများမှားနေလို့လဲ..."
လဲ့ချန်က အားကော်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး သူ၏ ဒေါသက ပေါက်ကွဲထွက်တော့မည့်ဆဲဆဲ ဖြစ်နေ၏။
သူက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်လှမ်း၍ အိတ်ကို အနည်းငယ် ထပ်ဖွင့်လိုက်ရာ အတွင်း၌ ကွေးကွေးလေး ဖြစ်နေသော မျောက်နှစ်ကောင်ကို မြင်လိုက်ရပြီး သူတို့၏ မျက်လုံးဝိုင်းများထဲတွင် ထိတ်လန့်မှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... အဲဒါက သက်ရှိသတ္တဝါလေ... မင်းက ဖမ်းပြီး ဆပ်ပြာနဲ့လဲမယ်လို့ ပြောနေတာလား... မင်း ဘယ်လိုများ ဒီစကားကို ပြောထွက်ရဲရတာလဲ..."
လဲ့ချန်က တင်းမာသော မျက်နှာဖြင့် အိတ်ဝကို ပေါ့ပေါ့ပါးပါး အနည်းငယ် ဖြည်လိုက်ရာ အတွင်း၌ ကွေးကွေးလေး ဖြစ်နေသော မျောက်လေး အနည်းငယ်ကို တွေ့လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။
သူက ဒေါသကို ဖိနှိပ်၍ သက်ပြင်းချလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"အဲဒါအပြင် တစ်ယောက်ယောက်ကများ မင်းကို တိုင်လိုက်ရင် မင်း ကွန်မြူနစ်ရုံးကို အပို့ခံချင်လို့လား..."
"ဒါက..."
အားကော်မှာ အကျိုးဆက်များကို အသေးစိတ် တွေးတောထားခြင်းမရှိပုံ ပေါ်၏။
"ကောင်းပြီ... အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောနဲ့တော့..."
လဲ့ချန်က အေးစက်စက် ပြောလိုက်သည်။
"ဒီမျောက်ကို တောင်ပေါ် ပြန်လွှတ်ပေးလိုက်... မှတ်ထား... သတ္တဝါတွေမှာတောင် သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်... ဒါကြောင့် ပြဿနာမဖြစ်စေနဲ့..."
သူ တွန့်ဆုတ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ လဲ့ချန်က စားပွဲကို ရိုက်ချလိုက်၏။
"မင်းက တမင်သက်သက် ပြဿနာ လာရှာနေတာလား... ဒီနေရာကနေ ထွက်သွားစမ်း..."
နောက်ဆုံးတွင် အားကော်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်ပြီး မျောက်ကို လိမ္မာစွာ ကြိုးဖြည်ပေး၍ တောင်ပေါ်သို့ ပြန်လွှတ်ပေးလိုက်သည်။
မျောက်များ လွတ်လပ်ခွင့် ပြန်ရသွားသောအခါ သူတို့က လဲ့ချန်ကို ထူးဆန်းသော အမူအရာဖြင့် မော့ကြည့်သွားကြ၏။
ထိုနေ့က အားကော်တစ်ယောက် ဖရိုဖရဲ ပုံစံဖြင့် မျောက်ကို တောင်ပေါ်သို့ ပြန်လွှတ်ပေးပြီးနောက် ရွာထဲရှိ ဘဝက ပုံမှန်ထက် အနည်းငယ် ပို၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။
လဲ့ချန်မှာ ရက်အနည်းငယ်မျှသာ အသက်ရှူချောင်သွားသော်လည်း ခြံဝင်းထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားနေရဆဲ ဖြစ်၏။ ယမန်နေ့ကမှ သူ ပြတင်းပေါက် ပေါင်ပေါ်တွင် တင်ထားခဲ့သော အာလူးများ၏ ထက်ဝက်ခန့်က ဘာကြောင့် ပျောက်သွားရသနည်း။
ယနေ့ ကြက်ဥများကိုရှာရန် အံဆွဲများနှင့် ဗီရိုများကို မွှေနှောက် ရှာဖွေနေစဉ် ခြင်းတောင်းထဲရှိ ကြက်ဥအားလုံး ရှိနေသော်လည်း ကြက်ဥ အခွံတိုင်းတွင် ခြစ်ရာ သုံးလေးချက်ခန့် ရှိနေကြောင်း တွေ့လိုက်ရသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုပါက ရွာထဲရှိ အိမ်တိုင်းတွင် ကြက်များ မွေးမြူထားကြသဖြင့် အိမ်ကြက်ဥများ ရှားပါးသော်လည်း သူခိုးတစ်ယောက်က ယွမ်ဆယ်ဂဏန်း၊ ရှစ်ဂဏန်းမျှ တန်သော ကြက်ဥတစ်လုံးကို ခိုးယူရန် အသည်းအသန် ဖြစ်နေပြီးနောက် ၎င်းအပေါ်တွင် ခြေသည်းရာများ ခြစ်ထားခဲ့လိမ့်မည် မဟုတ်ချေ။
သူ ပိုတွေးလေလေ ပို၍ ထူးဆန်းလာလေလေ ဖြစ်၏။ တတိယမြောက်နေ့တွင် သူ ခြံတံခါးကို တွန်းဖွင့်လိုက်ရာ အပြင်ဘက်၌ ပုံထားသော တောသစ်သီးများကို မြင်လိုက်ရသည်။
"ဝိုး... ဒီလို ကောင်းတဲ့အရာမျိုး ရှိတာလား..."
လဲ့ချန်မှာ လန့်သွား၏။ ရိုးရိုးသားသား ပြောရလျှင် ထိုနေ့က အားကော်၏ မျောက်များကို တောင်ပေါ်သို့ ပြန်လွှတ်ပေးခဲ့ရခြင်းအတွက် သူ အနည်းငယ် စိတ်မအေး ဖြစ်နေခဲ့ပြီး ဤဉာဏ်ရည်မြင့်မားသော သတ္တဝါများက အငြိုးထားကာ ပြဿနာလာရှာမည်ကို စိုးရိမ်နေခဲ့မိသည်။
ယခု ကြည့်ရသည်မှာ ဤသည်က သူတို့ကို အစာကျွေးနေသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလော။
သေချာအနီးကပ် ကြည့်လိုက်သောအခါ မက်မွန်သီးများမှာ နီရဲပြီး အရည်များ ယိုကျလုမတတ် ဖြစ်နေကာ အမျိုးအမည် မသိရသော တောသစ်သီးအချို့လည်း ပါဝင်နေ၏။ ဝါးခြင်းတောင်းမှာ ပြည့်နှက်နေပြီး သဲ့သဲ့မျှသာရှိသော ပျားရည်ရနံ့တစ်ခုလည်း လွင့်ပျံနေသည်။
"မျောက်တွေမှာ တကယ်ပဲ ဒီလို အသိဉာဏ်မျိုး ရှိနေတာလား..."
လဲ့ချန်က သစ်သီးတစ်လုံးကို လက်တွင် ကိုင်ထားရင်း စိတ်ထဲမှ တွေးလိုက်သည်။
*တစ်ခုခုတော့ မှားနေပြီ... သူတို့က တောင်ပေါ်မှာ ဘာမဆို စားလို့ ရတာပဲ... ဘာလို့ ငါ့ခြံဝင်းထဲ လာပြီး ခုလို အလုပ်မျိုး လာလုပ်ရတာလဲ…*
*မက်မွန်သီးကို ကြက်ဥနဲ့ လာလဲတာလား…*
ထိုအခိုက်၌ အားကော်က အမှတ်မထင် ဖြတ်သွားရင်း ဝါးခြင်းတောင်းကို ငေးကြည့်နေသော လဲ့ချန်ကို မြင်လိုက်ရ၏။ သူက ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်သည်။
"အစ်ကိုချန်... ဘာတွေငေးနေတာလဲ... ဘေးအိမ်က မရီးချောင်လန်က ဒီမက်မွန်သီးတွေကို မြင်ရင် အရမ်း ဝမ်းသာသွားမှာပဲ... အဲဒါတွေကို ဝက်ကလီစာ တစ်ပန်းကန်နဲ့ သွားမလဲလိုက်ဘူးလား..."
"ထွက်သွားစမ်း... ထွက်သွားစမ်း..."
လဲ့ချန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။
"ဒါက ဘာ အဓိပ္ပာယ်မရှိတဲ့ မျက်နှာချိုသွေးမှုလဲ... ဒါက တောင်ပေါ်က မျောက်တွေ မင်းကို လာပို့သွားတဲ့ အရာတွေပဲ…”
အားကော်က တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏ ပေါင်ကို ရိုက်ကာ မြေကြီးပေါ်သို့ ပြိုကျလုမတတ် ရယ်မောလိုက်သည်။
"ဟားဟား.. မျောက်က လက်ဆောင်ပေးတယ် ဟုတ်လား... အစ်ကိုချန်... ဒီသတင်းသာ ပြန့်သွားရင် မျောက်က အစ်ကို့ကို တောင်တန်းတွေကို ရွှေ့ပြောင်းနိုင်ခဲ့တဲ့ ထိပ်တန်းလယ်သမားဆယ်ဦးဆု ပေးရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်... အစ်ကိုက မျောက်ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တစ်သက်တာ လူကောင်းပဲ..."
"ကဲပါ..."
လဲ့ချန်က တောသစ်သီးများပါသော ခြင်းတောင်းကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ မျက်နှာမှာ ရှုပ်ထွေးနေ၏။
"သူတို့ ခုလိုမျိုး သိတတ်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... ဒါပေမဲ့ ဒါကို ငါ့ခြံဝင်း တံခါးဝမှာ ချထားရင် ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူက မသိချင်ဘဲ နေမှာလဲ..."
ထိုစဉ် ဆေးတံကိုင်ထားသော အဘိုးအိုတစ်ဦးက ဘေးဘက်မှ ဖြည်းညင်းစွာ လျှောက်လာ၏။ ထိုသူကား အခြားသူ မဟုတ်ဘဲ ရွာမှ အဘိုးလျူပင် ဖြစ်သည်။
သူက မျက်လုံးများကို မှေးကြည့်လိုက်ရာ သူ၏ ဆေးတံမှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်နေသည်။
"ရွာအရှေ့ဘက်စွန်းက ကျန်းကွိုက်ဇီက ဒီမနက် မင်းတံခါးကနေ မျောက်တချို့ ခုန်ပေါက်ပြီး အဝင်အထွက် လုပ်နေတာ မြင်လိုက်တယ်လို့ ပြောတယ်... ဟီးဟီးဟီး... လဲ့ချန်ရဲ့ ခြံဝင်းက သူတို့ရဲ့ အခြေစိုက်စခန်း အသစ်ဖြစ်သွားပြီပေါ့လေ..."
လဲ့ချန်မှာ စကားဆို့သွား၏။ ဤဇာတ်လမ်းသာ ဆက်ပြီး ပြန့်သွားပါက နောက်နှစ်တွင် စင်မြင့်ပေါ်၌ မျောက်က ကျေးဇူးဆပ်ဖို့ လောင်ဂန်သီး ယူလာတယ်ဟူသော သီချင်းတစ်ပုဒ်အဖြစ်ပင် ပြောင်းလဲသွားနိုင်ချေသည်။
သူက အလျင်အမြန် ရယ်မော၍ ဖုံးကွယ်လိုက်ပြီး ဝါးခြင်းတောင်းထဲရှိ သစ်သီးများကို စုစည်းကာ လက်ကာပြ၍ ပြောလိုက်၏။
"ကောင်းပြီ... အားလုံး ဒီနေရာမှာ ပုံနေပြီ... ငါတို့ အားလုံးယူလို့ရပေမဲ့ တောင်ပေါ်က မူလပိုင်ရှင်ဆီ ပြန်ပေးရဦးမယ်..."
မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားပြီး မျက်မမြင် အဘိုးလျူ ခန့်မှန်းခဲ့သည့်အတိုင်း ရွာသားများက လဲ့ချန်၏ တံခါးဝသို့ မျောက်များက တောသစ်သီးများ လာပစ်ချသည်ကို ရံဖန်ရံခါ မြင်တွေ့နေရ၏။ တစ်ခါတစ်ရံတွင် သစ်ကြားသီးများ၊ တစ်ခါတစ်ရံတွင် သခွားမွှေးသီးများဖြစ်ပြီး တစ်ခါတစ်ရံတွင် တောကြက်ဥတစ်အုံပင် ပါဝင်လာတတ်သည်။ ရွာမှ အဒေါ်ဝေ့မှာ မနေနိုင်ဘဲ ပြေးလာ၍ လုယူလေတော့သည်။
"လဲ့ချန်... မင်းက ဒီမျောက်ကို အစာကျွေးနေတာ... မင်းဘိုးဘေးတွေရဲ့ သင်္ချိုင်းကနေ မင်္ဂလာရှိတဲ့ မီးခိုးတွေများ ထွက်လာလို့လား..."
အဒေါ်ကျောက်မှာ အလွန်မနာလို ဖြစ်နေ၏။
"အဓိပ္ပာယ်မရှိတာ... လူနဲ့ မျောက်ရဲ့ ခင်မင်ရင်းနှီးမှုလေ... အဲဒါကို ခင်ဗျား နားလည်လို့လား..."
အားကော်က ဘေးမှနေ၍ သရော်သကဲ့သို့ ဝင်ပြောလိုက်သည်။
ဤအရာများ အားလုံးက လဲ့ချန်ကို သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ချေ။ သူက မျောက်၏ ထူးခြားသော ဆုချီးမြှင့်မှု စနစ်ကိုပင် တဖြည်းဖြည်း အသားကျလာခဲ့၏။
ရှောင်ရှောင်မှာ တစ်နေ့လုံး ပျော်ရွှင်နေပြီး မျောက်လာမည့် အချိန်ကို ပြတင်းပေါက်နားတွင် စောင့်ဆိုင်းနေတော့သည်။
အခန်း (၉၈)မျောက်များ ပုန်ကန်ခြင်း
လဲ့ချန်၏ ခြံဝင်းမှာ မျောက်ဥယျာဉ်တစ်ခုကဲ့သို့ စည်ကားနေပြီး နေ့စဉ် လတ်ဆတ်သော တောသစ်သီးများက တောင်တန်းကဲ့သို့ ပုံနေသဖြင့် ရွာသားများမှာ မနာလို ဖြစ်နေကြ၏။
အထူးသဖြင့် ရွာအနောက်ဘက်စွန်းမှ လူပျင်း လူမိုက် ကျန်းကွိုက်ဇီမှာ လဲ့ချန်တစ်ယောက် အလုပ်မလုပ်ဘဲ အကျိုးအမြတ်များ ရနေသည်ကို မြင်သောအခါ နာကြည်းမှုတစ်ခုကို ခံစားလိုက်ရသည်။
သူက မျောက်များ၏ ပူဇော်သက္ကာရများ အားလုံးကို သူ့အတွက် ယူထားရန် စိတ်ကူးယဉ်ရင်း အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို မည်သို့ ရယူနိုင်မည်ကို တွေးတောကာ သူ၏ မျက်လုံးများက ကလယ်ကလယ် ဖြစ်နေ၏။
ကျန်းကွိုက်ဇီက ကောက်ကျစ်သော အကြံဉာဏ်များစွာ ရှိခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ကလေးဘဝက သူသည် သူခိုးသေး သူခိုးမွှား တစ်ယောက်ဖြစ်ခဲ့ပြီး ကြီးပြင်းလာသောအခါတွင် ပို၍ အချောင်ခိုလာကာ လိမ်လည်လှည့်ဖြားမှု အများအပြားကို လုပ်ဆောင်ခဲ့၏။
သူက လဲ့ချန်၏ အိမ်ရှေ့ရှိ တောသစ်သီးများကို စိုက်ကြည့်ကာ တွေးတောလိုက်သည်။
*အဲ့မျောက်က အလွန်ဉာဏ်ကောင်းတယ်... ငါတို့ အတင်းအဓမ္မ လုယူလို့ လုံးဝ မရဘူး... ဉာဏ်သုံးရမယ်…*
ထို့ကြောင့် ကျန်းကွိုက်ဇီက တောင်ပေါ်သို့ တိတ်တဆိတ် တက်သွားပြီး မွှေးကြိုင်သော ကန်စွန်းဥဖုတ်များကို သားကောင်အဖြစ် အသုံးပြုကာ တိရစ္ဆာန်ထောင်ချောက် အနည်းငယ်ကို ဆင်ထားလိုက်၏။
ဤမျောက်များက ထိုကဲ့သို့သော အရာမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြဘဲ လောဘကြီးသော မျောက်အနည်းငယ်မှာ ထောင်ချောက်ထဲသို့ အလျင်အမြန် ကျဆင်းသွားကြသည်။
နောက်တစ်နေ့ နံနက်တွင် လဲ့ချန်က ခြံတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် စူးရှသော မျောက်အော်သံ တစ်သံကို ကြားလိုက်ရ၏။ သူ မော့ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။
သူ၏ ခြံဝင်းထဲတွင် မျောက်တစ်အုပ် ခုန်ပေါက်နေကြ၏။ အချို့က သစ်ကိုင်းများကို လှုပ်ခါနေကြပြီး အချို့က သူ့ကို သွားဖြဲပြနေကာ အချို့က သူ့ကို ကျောက်ခဲများဖြင့်ပင် ပစ်ပေါက်နေကြသည်။
ထိုအခိုက်၌ ရွာသားများမှာလည်း မျောက်များ၏ လှုပ်ရှားမှုကြောင့် အာရုံစိုက်မိသွားကြ၏။
ဤသည်ကို မြင်သောအခါ စွင်းယန်မေက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
“နင့်မျောက်သူငယ်ချင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား... နင့်ရဲ့ တောင်တန်းတွေကို ရွှေ့ပြောင်းနိုင်ခဲ့တဲ့ ထိပ်တန်းလယ်သမားဆယ်ဦးဆုက ရုပ်သိမ်းခံရတော့မယ့် ပုံပဲ…”
ဆေးတံကို ကိုင်ထားသော အဘိုးလျူက ဖြည်းညင်းစွာ ပြောလိုက်၏။
“လဲ့ချန်က တောင်စောင့်နတ်ကို စော်ကားမိလို့ တောင်စောင့်နတ်က သူ့ကို အပြစ်ပေးဖို့ မျောက်တွေကို လွှတ်လိုက်တာလို့ ငါထင်တယ်…”
လဲ့ချန်က သူ၏ တံမြက်စည်းကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
“ဒီနေရာကနေ ထွက်သွားကြစမ်း... မင်းတို့အားလုံး ဒီနေရာကနေ ထွက်သွားကြ... ဒီနေရာက ဟွာကော်တောင် မဟုတ်ဘူး... မင်းတို့က ပုန်ကန်ချင်နေကြတာလား…”
မျောက်များမှာ သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် လန့်ဖျပ်သွားကြပြီး စူးစူးဝါးဝါး အော်ဟစ်ကာ သစ်ပင်များပေါ်နှင့် အိမ်ခေါင်မိုးများပေါ်သို့ ခုန်တက်သွားကြပြီး လဲ့ချန်ကို ငုံ့ကြည့်နေကြ၏။
လဲ့ချန်သည်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ ဤမျောက်များက ပုံမှန်အားဖြင့် အလွန် လိမ္မာကြသည်ဖြစ်ရာ ယနေ့ သူတို့ ဘာဖြစ်နေကြသနည်း။ လူတစ်စုလုံး ဆေးမှားသောက်ထားသကဲ့သို့ ဖြစ်နေ၏။
သူက မြေပြင်ပေါ်သို့ ပြုတ်ကျနေသော သစ်သီးများကို ကောက်ယူ၍ ခြင်းတောင်းထဲသို့ ပြန်ထည့်လိုက်ပြီး ဤမျှလောက် များပြားသော ပစ္စည်းများကို သယ်ဆောင်ရန် မျောက်ဘယ်နှကောင် လိုအပ်မည်နည်းဟု စိတ်ထဲမှ တွေးတောနေမိသည်။
သူက ခြံဝင်းကို ရှင်းလင်းပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာ၏။ ချီလန်က ရှောင်ရှောင်ကို ပွေ့ချီထားပြီး စိုးရိမ်နေပုံ ရသည်။
“ချန်ဇီ... အဲ့မျောက်က ဘာလုပ်နေတာလဲ...
ရှောင်ရှောင်ကို အန္တရာယ် မပြုစေနဲ့နော်…”
ရှောင်ရှောင်က သဘောကျစွာ တခစ်ခစ် ရယ်မောလိုက်ပြီး မျောက်ကို ဖမ်းရန် သူမ၏ လက်လေးကို လှမ်းလိုက်၏။
လဲ့ချန်က ရယ်မောလိုက်ပြီး ချီလန်၏ လက်ကို ပွတ်သပ်ပေးလိုက်သည်။
“အဆင်ပြေပါတယ်... ငါ စောင့်ကြည့်နေပါတယ်... ဒီမျောက်တွေက ပုံမှန်ဆို အတော်လေး ယဉ်ကျေးကြတယ်... သူတို့ တစ်ခုခုကြောင့် ဒေါသထွက်နေတာ ဖြစ်ရမယ်…”
သူက ဇနီးဖြစ်သူကို နှစ်သိမ့်ပေးလိုက်သော်လည်း ဤထူးဆန်းသော အဖြစ်အပျက်နှင့် ပတ်သက်၍ ခံစားနေရမှုများကို မဖျောက်ဖျက်နိုင်ခဲ့ချေ။ မျောက်များက သူတို့၏ နယ်မြေ ကျူးကျော်ခံရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းမရှိလျှင် ယေဘုယျအားဖြင့် လူကို ရန်မမူတတ်ကြပေ။
သို့သော် သူက သူတို့ကို ပြဿနာ မရှာခဲ့ပေ။ တောင်ပေါ်တွင် တစ်ခုခု ဖြစ်သွားနိုင်မည်လား။ ထိုအတွေးဖြင့် လဲ့ချန်က အဘိုးလင်ထံ သွားရောက် မေးမြန်းရန် ဆုံးဖြတ်လိုက်၏။
လဲ့ချန်က တောင်ပေါ်ရှိ အဘိုးလင်၏ အိမ်သို့ သွား၍ အခြေအနေကို ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် အဘိုးလင်က သူ၏ ဆေးတံကို ဖွာကာ တစ်ခဏမျှ စဉ်းစားလိုက်၏။
“မျောက်က ထူးထူးဆန်းဆန်း ပြုမူနေတာ... တစ်ခုခုတော့ မှားယွင်းနေတာ သေချာတယ်... လာ... မင်းအိမ် သွားကြည့်ကြတာပေါ့..”
သူတို့နှစ်ယောက် လဲ့ချန်၏ အိမ်သို့ ရောက်ရှိလာကြသည်။ အဘိုးလင်က ခြံဝင်းထဲတွင် လှည့်လည်သွားလာရင်း ပတ်ဝန်းကျင် အခြေအနေကို သေချာ အကဲခတ် ကြည့်လိုက်၏။
ရုတ်တရက် သူက သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်လိုက်ပြီး သစ်ပင်အခြေရှိ မှောင်မည်းနေသော ပုံစံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ကြည့်စမ်း... ဒါက ဘာလဲ..”
လဲ့ချန်က သေချာ အနီးကပ် ကြည့်လိုက်ပြီး ချက်ချင်းပင် အသက်ရှူမှားသွား၏။ ၎င်းကား တိရစ္ဆာန် ထောင်ချောက်တစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ကန်စွန်းဥဖုတ် အကြွင်းအကျန် အချို့ ရှိနေဆဲ ဖြစ်သည်။
ဤသည်က မျောက်များကို ဖမ်းရန် တစ်ယောက်ယောက်က တမင်သက်သက် ဆင်ထားသော ထောင်ချောက် ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
“တကယ့်ကို ရက်စက်တဲ့ စိတ်ဓာတ်ပဲ”
လဲ့ချန်က အံကိုကြိတ်၍ ပြောလိုက်၏။
“ဘယ်ကောင် လုပ်သွားတာလဲ..”
အဘိုးလင်က ခေါင်းခါယမ်းလိုက်သည်။
“ပြောရတော့ ခက်တယ်... ရွာထဲမှာ မင်းကို မနာလို ဖြစ်နေတဲ့သူ တော်တော်များများ ရှိတယ်လေ... ဒါပေမဲ့ ဒီတိရစ္ဆာန် ထောင်ချောက်ရဲ့ လက်ရာက ငါနဲ့ အတော်လေး ရင်းနှီးနေသလိုပဲ..”
သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွား၏။
“ငါ မှတ်မိပြီ... အဲ့နည်းလမ်းက ကျန်းကွိုက်ဇီလုပ်တဲ့ တိရစ္ဆာန် ထောင်ချောက်တွေနဲ့ တစ်ပုံစံတည်းပဲ…”
လဲ့ချန်က ထောင်ချောက်ကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာက ဖြူရော်သွားသည်။
သူက လက်လှမ်း၍ တူးနေသော ကန်စွန်းဥ အပိုင်းအစများ ပါဝင်နေဆဲ ဖြစ်သည့် တိရစ္ဆာန် ထောင်ချောက်ကို ကောက်ယူလိုက်ရာ ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က ဤမျှ အန္တရာယ်များသော အရာကို လုပ်ဆောင်ရန် မည်မျှပင် ရက်စက်ရမည်နည်း။
သူတို့က မျောက်များကို ဒုက္ခပေးရုံသာမက မိမိတို့ မိသားစုအပေါ်သို့ပါ ဘေးဒုက္ခ ကျရောက်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့ ခြံဝင်းကို ဝိုင်းရံထားသည်မှာ မျောက်များသာ ဖြစ်သည်။ ဤမျောက်သူငယ်ချင်းများသာ အခြေအနေ ပိုလွန်သွားခဲ့ပါက မည်ကဲ့သို့သော ပြဿနာများ ဖြစ်လာနိုင်မည်ကို မည်သူ သိနိုင်မည်နည်း။
အဘိုးလင်က အသံကို နှိမ့်၍ ထောင်ချောက်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
“ချန်ဇီ... မင်း မြင်လား... ဒီရွာက လုံးဝ မလုံခြုံတော့ဘူး... ဟွန့်... ဒါက ငါတို့ရွာက တစ်ယောက်ယောက် လုပ်နိုင်တဲ့အရာနဲ့ မတူဘူး... ငါထင်တာတော့ ဒီနေရာမှာ အပြင်ဘက်က တောဝံပုလွေ တစ်ကောင်ကောင် ရှိနေတာပဲ..”
လဲ့ချန်မှာ အနည်းငယ် မှင်တက်သွားသည်။
“အဘိုးလင်... သူက ရွာက မဟုတ်ဘူးဆိုတာ အဘိုးလင် ဘယ်လိုလုပ် သိတာလဲ... ကျန်းကွိုက်ဇီ မလုပ်နိုင်တာ ဘာရှိလို့လဲ..”
အဘိုးလင်က ရယ်မောလိုက်၏။
“ကျန်းကွိုက်ဇီက ပါးနပ်တဲ့ လူတစ်ယောက်လေ... သူက မင်းရဲ့ မျောက်တွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်ခြေများပေမဲ့ သူ့မှာ အဆက်အသွယ် လုံးဝ မရှိဘူး... ဒီတိရစ္ဆာန် ထောင်ချောက်တွေက သာမန်လူတွေ သုံးနိုင်တဲ့ အရာမျိုးမဟုတ်ဘူး..”
သူက စကားပြောရင်း တိရစ္ဆာန် ထောင်ချောက်၏ တစ်ဖက်ကို လက်ဖြင့် လှမ်းထိလိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် မှိန်ပျပျ အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
“ဒီအမှတ်အသားကို ကြည့်စမ်း... အဲဒါက နိုင်ငံခြားဘာသာစကားနဲ့ ရေးထားတာ... ဒီထောင်ချောက်က အပြင်ဘက်ကနေ သွင်းလာတာ ဖြစ်ရမယ်…”
“ငါတို့ရွာမှာ ဘယ်သူက အဲဒီလောက် စွမ်းဆောင်နိုင်ရည် ရှိလို့လဲ..”
လဲ့ချန်မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး စတင် တွေးတောလိုက်၏။ သူ့အတွက် ဤသံမဏိထောင်ချောက်က အလွန်ရှုပ်ထွေးပြီး ကျွမ်းကျင်သူ ဆန်လွန်းနေကာ အဘိုးလင် ပြောသကဲ့သို့ အပြင်လူများ၏ လက်ရာ မဟုတ်ပါလော။
ပြဿနာက မည်သူက ဤအရာကို ရွာဝန်းကျင်သို့ ယူဆောင်လာပြီး တောင်ပေါ်ရှိ မျောက်များ၏ တိုက်ခိုက်ခံရမည့် အန္တရာယ်ကို စွန့်စားမည်နည်း။
အဲဒါအပြင် ရွာက သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် တောင်တန်းများကို အမြဲတမ်း အားထားခဲ့ရသည်။ သူတို့ ဆင်းရဲကြသော်လည်း ရွာသားများတွင် အောက်ခြေစည်းမျဉ်းတစ်ခုတော့ ရှိသေး၏။ မည်သူကမျှ ရွှေဥဥသောငန်းကို သတ်သကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်ကာ ပြဿနာကြီး တစ်ရပ် ဖန်တီးရန် မဝံ့ရဲကြပေ။
“အဲဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... အဲဒီကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား…”
လဲ့ချန်က အံကိုကြိတ်၍ သံညှပ်များကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူ၏ မျက်မှောင်များက အထုံးတစ်ခုကဲ့သို့ တွန့်ချိုးသွား၏။
အဘိုးလင်က တောင်ခါးပန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“မလောပါနဲ့ ချန်ဇီ... ငါတို့က သဲလွန်စတွေကို လိုက်ပြီး သူတို့ ဘာတွေ ထပ်ချန်ထားခဲ့လဲဆိုတာ ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်ရမယ်... အဲ့လူက တောင်ပေါ်ကို စွန့်စားပြီး တက်လာသရွေ့ မြက်ခင်းတွေကို တက်နင်းမိမှာ သေချာသလို အနံ့အသက်နဲ့ သဲလွန်စတချို့ ချန်ထားခဲ့မှာပဲ... ငါတို့ ဖြည်းဖြည်းချင်း ရှာကြတာပေါ့…”
ထိုသို့ပြောပြီးနောက် သူက ယူလာသော သစ်သားတုတ်ကို ကောက်ကိုင်၍ သစ်တော၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ရှေ့မှ ဦးဆောင် လျှောက်သွား၏။ လဲ့ချန်က တိရစ္ဆာန် ထောင်ချောက်ကို သစ်ပင်အမြစ်အောက်တွင် အလျင်အမြန် ချထားခဲ့ပြီး သူတို့နောက်သို့ လိုက်သွားသည်။
သူတို့နှစ်ယောက်က သစ်တော၏ အစွန်းတစ်လျှောက် လျှောက်သွားကြရာ ထူထပ်သော သစ်ရွက်ကြွေလွှာများပေါ်တွင် သူတို့၏ ခြေသံများက တဖုန်းဖုန်း မြည်နေ၏။
ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် အဘိုးလင်က ရုတ်တရက် ရပ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ မြက်ပင်များကို လက်ဖြင့် ဖယ်၍ သတိထားမိရန် ခက်ခဲသော အမှတ်အသားတစ်ခုကို လက်ညှိုးထိုးပြရင်း တိုးတိုးလေး ပြောလိုက်သည်။
“ကြည့်စမ်း…”
လဲ့ချန်က အနီးသို့ တိုးကပ်သွား၏။ မြက်ခင်းထဲတွင် သေးသွယ် ရှည်လျားသော အမှတ်အသားတစ်ခုကို မြင်တွေ့ရပြီး အနီးအနားတွင် ကျိုးကျနေသော ချုံပုတ် အနည်းငယ် ရှိနေသည်။
သူက ခြေရာခံလိုက်သွားရာ တောင်ခါးပန်း အထက်သို့ ရောက်လေ ပိုကျယ်လာလေ ဖြစ်ကြောင်း တွေ့လိုက်ရပြီး အနီးတစ်ဝိုက်တွင် စက္ကူကတ်ထူဘူး အခွံအနည်းငယ် ပြန့်ကျဲနေ၏။ ၎င်းတို့၏ တောက်ပသော အရောင်အသွေးများအရ ၎င်းတို့ကား စီးကရက်ဘူးများဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။
စီးကရက်ဘူးပေါ်တွင် အခြားပြည်နယ်မှ စီးကရက် စက်ရုံတစ်ခု၏ အမည်ကို ရိုက်နှိပ်ထားသည်။
လဲ့ချန်က သူ့ပေါင်ကိုသူ ရိုက်လိုက်၏။
“အဘိုးလင်က တကယ့်ကို အစွမ်းထက်တာပဲ... သဲလွန်စကို ဒီလောက် မြန်မြန် ရှာတွေ့သွားတာပဲ…”
အဘိုးလင်က ခေါင်းခါယမ်းလိုက်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး... ငါ အဘိုးလင်က ဘဝရဲ့ အချိန်အများစုကို ငါ့ရဲ့ ထက်မြက်တဲ့ နှာခေါင်းနဲ့ စူးရှတဲ့ မျက်လုံးတွေကို အားကိုးပြီး ဖြတ်သန်းလာခဲ့တာလေ..”
“ချန်ဇီ... တောင်ခါးပန်းပေါ်မှာ ဘာတွေ ထပ်ဖြစ်နေလဲဆိုတာ ငါတို့ ဆက်သွားပြီး ကြည့်ကြတာပေါ့…”