တစ်ယောက်ယောက်တော့ ထပ်သေဦးမယ်
Vol. 86-89 Ch. 1325
“ရှုကျိုးတစ်ခုလုံးကို စားခိုင်းမယ် ဟုတ်လား”
ဟွမ်ထျန်းချန် ချက်ချင်း မျက်လုံးပြူးသွားသည်။ ယဲ့ဖန် ပြောသော ရှုကျိုးတစ်ခုလုံးကို စားခိုင်းမည် ဟူသည့် အဓိပ္ပာယ်ကို သူ စဉ်းစားမရပေ။ ထိုသို့လုပ်ရန် လူအား၊ ပစ္စည်းနှင့် ငွေကြေးဥစ္စာ မည်မျှ လိုအပ်မည်နည်း။
သို့သော် ယဲ့ဖန် နောက်ပြောင်နေခြင်း မဟုတ်မှန်း သူ သိနေပါသည်။ ယဲ့ဖန်၏ အစွမ်းနှင့်ဆိုလျင် ထိုသို့ပြုလုပ်ရန် မခဲယဉ်းပါ။
ဟွမ်ထျန်းချန် အပျော်လွန်သွားသည်။ ယဲ့ဖန် သူ့ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။ သူ ချက်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ဒါပေမဲ့ …”
“စိတ်မပူနဲ့ ဝူချီဖုန်းကို ငါ မင်းအတွက် ဖြေရှင်းပေးမယ်”
ယဲ့ဖန် သရော်၍ ပြောလိုက်သည်။ ဟွမ်ထျန်းချန်၏ စိုးရိမ်မှုကို သူ သိပါသည်။ အကယ်၍ သူ ရှုကျိုးတစ်ခုလုံးကို ဝါးမျိုချင်လျင် နယ်မြေတွင်း စိုးမိုးနေသော ဝူချီဖုန်းကို ရှောင်၍ မရနိုင်ပါ။
“ကျုပ် လူကြီးမင်းယဲ့ မျှော်မှန်းထားသလို ဆောင်ရွက်ပါ့မယ်”
ယဲ့ဖန်သည် သူ့အား ကူညီ၍ ရှုကျိုးမှ အထင်ကရ ပုဂ္ဂိုလ်များစွာကို ရှင်းလင်းခဲ့ပြီးသား ဖြစ်သည်။ ယခုအခါတွင်လည်း ဝူချီဖုန်းကို ရှင်းပစ်မည်ဟု ဆိုနေ၏။ ထိုသို့သောအချိန်၌ ရှုကျိုးကို သူ လက်ဝါးကြီး မအုပ်နိုင်ပါက သူ အသုံးမကျရုံသာ ရှိပေတော့မည်။
ထိုည၌ သမီးဖြစ်သူ၏ နေပြန်ကောင်းလာခြင်း အထိမ်းအမှတ် ကျင်းပရန်အတွက် ဟွမ်ထျန်းချန်သည် ကြယ်ငါးပွင့် ဟိုတယ်၌ ညစာစားပွဲ ကျင်းပပြီး ရှုကျိုးမှ အဆင့်အတန်း မြင့်မားသော ပုဂ္ဂိုလ်ကြီးများအားလုံးကို ဖိတ်ကြား လေသည်။
ယဲ့ဖန်သည်လည်း ဟွမ်ထျန်းချန် သူ့ကို ပေးထားသော အကန့်အသတ်နှင့် ထုတ်လုပ်ထားသည့် ပြိုင်ကားဖြင့် ဟိုတယ် ဝင်ပေါက်ရှေ့သို့ မောင်းနှင်လာ၏။ သူ့မျက်စိရှေ့၌ ပြိုင်ကားများစွာက သေသပ်စွာ ရပ်နားထားသည်။ ကားပေါင်း ဆယ်စီးကျော်ပြီး ဟိုတယ်တစ်ခုလုံးကို ဝန်းရံထားလေသည်။
လက်ရှိတွင် သူဌေးသား ဖြစ်ဟန်တူသော လူငယ်တစ်စုက ယဲ့ဖန်ရှေ့၌ ရပ်နေကြပြီး စီးကရက်ကိုခဲ၍ မာန်တက်နေသော အမူအရာများနှင့် ရှိနေသည်။ သူတို့အားလုံး တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရပြီး ညစ်ကျယ်ကျယ် ပြုံးနေ၏။
“ဟွမ်ထျန်းချန်ရဲ့ သမီးက အတော်လေး ပြောင်းလဲသွားတယ်လို့ ငါ ကြားတယ်၊ ကလေးမလေးက သိပ်လှတဲ့ မိန်းမပျိုလေး တန်းဖြစ်သွားခဲ့တယ်၊ သူ့ပုံစံက … ကျွတ်ကျွစ် … ငါ့ကို တောက်လောင်လာစေတယ်ကွာ”
“အဲ့ကောင်မလေးမှာ စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိတာ သေချာတယ်လို့ ငါ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြောရဲတယ်၊ သူ့ကို ရမယ့် ဘယ်သူမဆို ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်ကို ဖြည့်တင်းနိုင်မှာပဲကွ၊ ဟားဟားဟား …”
“အစ်ကိုကြီးဝူ စမ်းကြည့်ပါလား၊ ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ဆို ဟွမ်ထျန်းချန် မငြင်းရဲပါဘူး”
ဝူကျောယိုက ရုတ်တရက် ညစ်ညမ်းစွာ ထရယ်လေသည်။
“ငါ လှုပ်ရှားမယ်ဆိုရင် သူ့ကို အပိုဆောင်းကြေးတွေ ပေးမှာပါ၊ အပိုဆောင်းကြေး ခပ်ကြီးကြီးပေါ့ ဟားဟားဟား …”
သူတို့လူတစ်စုက ပြိုင်တူ ညစ်ကျယ်ကျယ် ရယ်မောလိုက်ကြသည်။ သူတို့ စကားများက ပိုမို၍ တစ်တစ်ခွခွနှင့် မဖွယ်မရာ ဆန်လာသည်။
“အဲ့တော့ အစ်ကိုကြီးဝူက အဲ့ကောင်မကို တကယ် လုပ်တော့မယ်ပေါ့”
“မဟုတ်ရင် ငါ ဒီကို လာမယ်လို့ မင်း ထင်လား၊ ဟွမ်ထျန်းချန်က ဘာမို့လို့လဲ၊ သူ့လိုလူက ဒီနေရာမှာ ပွဲကျင်းပဖို့ ထိုက်တန်တယ် ထင်နေလား”
ဝူကျောယိုက ပျက်ရယ်ပြု၍ နှုတ်ခမ်းကို လျှာသပ်လိုက်သည်။
“ဒီနေ့ သူ့သမီးကို ငါ့မပေးဘူးဆိုရင် ငါ မနက်ဖြန် လူစုပြီး သူ့လုပ်ငန်းကို မွဲပြာကျအောင် လုပ်ပစ်လိုက်မယ်”
“အစ်ကိုကြီးဝူက မိုက်တယ်ဗျာ”
ကျန်လူငယ်များအားလုံးက ဝူကျောယိုကို လက်မထောင်ပြလာ၏။
“ဟဲလို မင်းတို့ လမ်းဖယ်ပေးလို့ ရမလား”
ထိုအခိုက်တွင် နှိမ့်ချခြင်းလည်း မဟုတ်၊ မောက်မာခြင်းလည်း မဟုတ်ဘဲ မည်သည့် ခံစားချက်မှ မပါသည့် ဘာကိုမှ အရေးမလုပ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
သို့သော် သူ့အနားမှ လူများ၏ နားထဲတွင် ထိုလေသံက အလွန် အထင်သေး၍ သွေးကြီးဟန်များ ပါသည်ဟု ထင်မှတ်ရသည်။
“ဒီကောင်က ဘယ်က လာတာလဲ၊ သခင်လေးဝူကိုများ လမ်းဖယ်ခိုင်းရဲတယ်လား၊ မင်း ရူးနေတာလား”
“အရူးပဲကွာ၊ ရှုကျိုးနယ်မြေမှာ ဝူမိသားစုရဲ့ သခင်လေးက သွားချင်သလို သွားလို့ရတယ်ကွ၊ မင်းက ဘယ်လိုတောင် သူ့ကို လမ်းဖယ်ခိုင်းရဲတာလဲ၊ တမင်သက်သက် သေလမ်း ရှာနေတာများလား”
ဘေးနားမှ လူများသည်လည်း ယဲ့ဖန်၏ စကားကို ကြားပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
*ဝူကျောယိုရဲ့ နောက်ခံက ဘာလဲ*
*သူ့အဖေက ရှုကျိုးမှာ နာမည်ကြီးတဲ့ ဝူချီဖုန်းလေ*
ဝူကျောယိုသည် သူ့ဖခင်အပေါ် မှီနေခြင်း ဖြစ်သည်။ သူ့ဖခင်၏ စစ်မက်အင်အားကို သုံး၍ လုပ်ချင်သလို လုပ်သည်က သူ့အတွက် အဆန်း မဟုတ်ပါ။
ရှုကျိုးနယ်မြေတွင်း၌ ဟွမ်ထျန်းချန်လိုလူမျိုးပင် သူ့အား အလွယ်တကူ ရန်မလုပ်ရဲပေ။ ယခု ဤလူငယ်က ဝူကျောယိုကို လမ်းဖယ်ခိုင်းနေသည်တဲ့လား။
ချက်ချင်းဆိုသလိုပင် ဝူကျောယို၏ မျက်နှာက အေးစက်ခက်ထန်လာပြီး နောက်သို့ လှည့်ကြည့်ကာ ယဲ့ဖန်အား မကျေမနပ် ကြည့်လိုက်သည်။
“မင်း ငါ့ကို ပြောနေတာလား”
ဘေးနားမှ လူငယ်များလည်း အားရကျေနပ်သော သရော်ပြုံးများ ပြုံးနေကြသည်။ သူတို့စိတ်ထဲ၌ ယဲ့ဖန် ကံကောင်းလျင် အသက်ရှင်နိုင်လောက်သော်လည်း အရေခွံ နွှာခံရမည်ဟု တွေးနေကြလေသည်။
“ဒီမှာ အခြားသူ ရှိလို့လား”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ သူ့လေသံက တဖြည်းဖြည်း အေးစက်လာ၏။ ဤလူများက အပြစ်ရှာနေခြင်း ဖြစ်ကြောင်း သူ သိနေသည်။
သူတို့သည် ယခင်ကတည်းက မောက်မာပြီး ဆုံးမ၍ မရနိုင်တော့သော အနေအထား တစ်ခုအထိ ရောက်လာ ခဲ့သည်။ သူတို့၏ စိတ်ထဲတွင် အခြားသူများ၏ ကြုံရာစကားက သည်းမခံနိုင်သော ရန်စကား ဖြစ်နေ၏။
ရှင်းရှင်းပြောရမည်ဆိုလျင် ဤလူငယ်များသည် လူမှုဆက်ဆံရေး ခေါင်းပါးပြီး အခြားသူများကို အနိုင်ကျင့်ကာ သူတို့ထက် အင်အားကြီးသူနှင့် တစ်ခါမှ မကြုံဖူးချေ။
“ချီးတဲ့မှပဲ မင်း သတ္တိကောင်းလှချည်လား၊ ငါ့အစ်ကိုကြီးဝူကို ဒီလို ပြောရဲတယ်ပေါ့လေ”
ဟဲရှုဟူသော လူငယ်လေးက သုန်မှုန်နေသော မျက်နှာနှင့် ကြိမ်းမောင်းလေသည်။ ထိုအခါ ယဲ့ဖန်၏ အကြည့်က သူ့ပေါ် ရောက်လာသည်။ အကြည့်က ခုန်ဆွခုန်ဆွလုပ်နေသော လူပြက်ကို ကြည့်သကဲ့သို့ အထင်သေး၍ ဂရုမစိုက်သည့်ပုံပင်။
“ဘာလဲ မင်းက ငါ့ကို စိုက်ကြည့်ရဲတယ်ပေါ့လေ၊ ထပ်ကြည့်ရဲ ကြည့်လိုက်စမ်း၊ မင်း ယုံချင်ယုံ မယုံချင်နေ ငါ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်”
ဟဲရှု မသိမသာ စိတ်ပျက်သွားသည်။ သူ၏ နောက်ခံက ဝူကျောယိုလောက် မကောင်းသော်လည်း ရှုကျိုး၌ သူ့အား လူအများစုက ရန်မစရဲပါ။
*သူက ဘာမို့လို့လဲ*
ချက်ချင်းဆိုသလိုပင် သူ ယဲ့ဖန်ကို ပါးရိုက်ရန် ကြိုးစားလိုက်သည်။ သူ၏ သိုင်းအဆင့်သည် ဈာန်ဝင်စားခြင်းအဆင့် ဖြစ်သောကြောင့် ဤလက်ဝါးချက်ဖြင့် သာမန်လူကို ရိုက်လိုက်လျင် ထိုသူ သေသွားနိုင်ပေသည်။
လူတိုင်း လှောင်ရယ်ကြသည်။ အဘယ်ကြောင့် ငယ်ငယ်ကတည်းက သိုင်းပညာ လေ့ကျင့်သင့်သလဲ ဆိုသည့် အချက်ကို သူတို့ သိပါသည်။ ဤလက်ဝါးချက်၌ အားပါသဖြင့် ယဲ့ဖန်အား သက်ညှာလိုစိတ် မရှိကြောင်း သိသာပေသည်။
ယဲ့ဖန်၏ မျက်လုံးများကလည်း အေးစက်လာပြီး သရော်ပြုံး ပြုံးလိုက်သည်။
“ဖြောင်း”
ထိုအခိုက်တွင် ဝူကျောယိုနှင့် အခြားသူများသည် ယဲ့ဖန်၏ ဦးနှောက်များပါ လွင့်စဉ်လာပြီး သွေးထွက်သံယို မြင်ကွင်းကို မြင်လာရသည့်ဟန်ဖြင့် မျက်နှာထားများက ပို၍ နှစ်ထောင်းအားရ ဖြစ်ပုံ ပေါ်နေကြသည်။
“ဝှီး”
ချက်ချင်းဆိုသလိုပင် လူတစ်ယောက် လွင့်ထွက်သွားသည်။ သို့သော် ထိုအချိန်မှာပင် လူတိုင်း ထိတ်လန့်သွားပြီး မျက်နှာတွင် အံ့ဩရိပ်များ သန်းလာပြီး မျက်လုံး၌ မယုံနိုင်ဟန်များ ထင်ဟပ်လာ၏။ လွင့်ထွက်သွားသူက ယဲ့ဖန် မဟုတ်ဘဲ ဟဲရှု ဖြစ်နေ၏။
*ဒါ ဘယ်လို ဖြစ်ရတာလဲ*
မယုံနိုင်သော မျက်လုံးများစွာက ယဲ့ဖန်ပေါ် ကျရောက်လာသည်။
*ဒီကောင်ကလည်း သိုင်းပညာရှင်ပဲလား*
ထို့နောက်တွင်မူ သူတို့အားလုံး ထီမထင်ဟန် ပြုံးလာ၏။
*ဝူကျောယိုရဲ့ ညီကို ရိုက်နှက်ရဲတယ်ပေါ့လေ*
*ကောင်းသွားတာပေါ့၊ အစက သူ သေဖို့ ဖြစ်နိုင်သလောက်ပဲ ရှိတာ၊ အခုတော့ သေချာပေါက် သေရတော့မှာပဲ*
သူတို့စိတ်ထဲတွင် ယဲ့ဖန်အား သေလူဟု မြင်လာကြသည်။
“အခု ငါ သွားလို့ရပြီလား”
ယဲ့ဖန်၏ လေသံ၌ စိတ်မရှည်ဟန် ပေါ်နေသည်။
*သွားမယ် ဟုတ်လား*
လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာသည်။
*ဒီကောင် ခေါင်းချောင်နေတာလား*
*အခု ဒီလိုတောင် ဖြစ်သွားတာကို မင်း အောင်အောင်မြင်မြင် ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား*
*ဟာသပဲ*
“သွားမယ် ဟုတ်လား၊ မင်း ထွက်သွားနိုင်သလား”
ဝူကျောယိုက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး မျက်လုံးတွင် ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။ ဟဲရှုကို ရိုက်လိုက်ခြင်းက သူ့မျက်နှာကို ရိုက်လိုက်ခြင်းနှင့် အတူတူပင်။
*ဒီမျိုးမစစ်ကောင် သေကိုသေရမယ်*
ယခုအချိန်အထိ သူ့ကို မည်သူမှ ဤသို့ ရန်မစရဲပါ။ ဝူကျောယိုဟူသော သူ့အား ရန်လုပ်လာလျင် မည်သို့ဖြစ်မလဲ ဆိုသည်ကို ဤလူ သိအောင် သူ ပြချင်နေ၏။
“ဖြောင်း ဖြောင်း”
ထိုစဉ် ဝူကျောယိုက လက်ခုပ်တီးလိုက်သဖြင့် အရပ်မျက်နှာအနှံ့မှ လူများစွာ ပြေးထွက်လာပြီး သူ့အနောက်၌ ပြိုင်တူ ရပ်လာကြသည်။
“သခင်လေး”
လူပေါင်း ဆယ်ယောက်ကျော်ပြီး တစ်ယောက်ချင်းစီက ခန္ဓာကိုယ် ကြံ့ခိုင်ကာ သန်မာသော အရှိန်အဝါများ ထုတ်ဖော်နေ၏။ အားလုံး အလွန်အမင်း အေးစိမ့်လာသလို ခံစားလိုက်ရသည်။
သူတို့အရှေ့မှ ဆယ်ယောက်ကျော်သော လူများသည် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ဖူးပြီး လူပေါင်းများစွာကို သတ်ခဲ့ဖူးပုံ ရသည်။
*သိုင်းပညာရှင်တွေ*
*ဒါ ဝူချီဖုန်း လက်အောက်က သိုင်းပညာရှင်တွေပဲ*
ဤသည်ကိုမြင်သော် ဝူကျောယို အတည် လှုပ်ရှားရန် ကြံစည်ထားကြောင်း လူတိုင်း ရိပ်စားမိသွားသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ဤလူများ၌ သူမတူသော နောက်ကြောင်းများ ရှိပြီး ဝူကျောယိုကို ကာကွယ်ရန် တာဝန်ယူ ထားရသူများ ဖြစ်နိုင်သည်။ သူတို့၏ ခွန်အားက အနည်းဆုံး ဈာန်ဝင်စားခြင်းအဆင့် ရှိကြလေသည်။
“ငါ ဘယ်သူလဲ မင်း သိလား”
ဝူကျောယိုက ယဲ့ဖန်ကို အထင်သေးစွာ ကြည့်နေပြီး ကြွက်ကိုဖမ်းနေသော ကြွက်တစ်ကောင်ကဲ့သို့ မျက်လုံးများက ရွှင်မြူးရိပ်များ ပြည့်နေပြီး ယဲ့ဖန်၏ ကြောက်လန့်သော အမူအရာကို မြင်ရရန် စိတ်မရှည်တော့ချေ။
သို့သော် သူ စိတ်ပျက်သွားရသည်။ ယဲ့ဖနက် စိတ်မရှည်သလို မျက်ခုံးပင့်လိုက်သည်။
“မင်း ဘယ်သူလဲ ငါ မသိသလို သိဖို့လည်း စိတ်မဝင်စားဘူး၊ မင်း ငါ့လမ်းကို ပိတ်နေတာပဲ ငါ သိတယ်၊ မင်း ငါ့ကို မဖယ်ပေးရင် ငါ မင်းခေါင်းကို ဖြုတ်လိုက်ဖို့လည်း ဝန်မလေးဘူး”
*ခြိမ်းခြောက်တာ*
*ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာပဲ*
ထိုစကားကို ကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်။
*ဒီလူက ဝူကျောယိုကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ*
*ဒီလောက် သိုင်းပညာရှင်တွေ အများကြီးကို သူတစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာများလား*
ထိုအခါ ဝူကျောယို၏ မျက်နှာက အလွန် မည်းမှောင်လာ၏။ သူ အသက်နှစ်ဆယ် အရွယ်အထိ ဤသို့ အထင်သေး ရန်စခံရခြင်းက ယခု ပထမဆုံးပင်။ သည်းမခံနိုင်စရာ ကောင်းလှသည်။
“ကောင်းပြီလေ၊ သိပ်မာနေတယ်ပေါ့”
ဝူကျောယိုက ယဲ့ဖန်ကို ချီးမွမ်းလိုက်သော်လည်း ပြုံးမနေပါ။
“ဒီလို ပြိုင်ကားကို မောင်းနိုင်နေမှတော့ မင်း မောက်မာလွန်းတာက အံ့ဩစရာ မရှိတော့ဘူး”
“ကဲ သူ့ကားကို အရင် သမလိုက်ရအောင်၊ ကားကို ဖျက်ဆီးပြီးတာနဲ့ သူ့ကို အရှင်လတ်လတ် တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်”
ထိုစကား၌ ရိုင်းပျခက်ထန်မှုများနှင့် ပြည့်နှက်နေသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။
*နောက်ဆုံးတော့ ဝူကျောယို စတော့မှာပါလား*
*ဒီလိုဆိုရင် နောက်မိနစ်အနည်းငယ်အတွင်း ဒီကောင်လေး အလောင်း ဖြစ်သွားတော့မှာပဲ*
သိုင်းပညာရှင် ဆယ်ယောက်ကျော်က ပြိုင်တူ ပြေးတက်လာပြီး ယဲ့ဖန်၏ အနောက်မှ ပြိုင်ကားထံ ဦးတည် သွားလေသည်။
“ဒုန်း ဒုန်း ဒုန်း”
သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များက သံမဏိသဖွယ် မာကြောလှသဖြင့် ပြိုင်ကားအား တစ်စစီ ဖြစ်အောင် လုပ်ရန် မိနစ်အနည်းငယ်မျှသာ ကြာလိုက်သည်။
ဤသည်ကိုမြင်သော် ဘေးပတ်လည်မှ လူများ သူတို့ပါ နာကျင်သလို ခံစားလိုက်ရသည်။ ဤကားသည် သန်းချီတန်သော ပြိုင်ကား ဖြစ်သည့်အပြင် အကန့်အသတ်နှင့်ထုတ်သော ကား ဖြစ်သည်။ ပိုက်ဆံရှိလျင်တောင်မှ မဝယ်နိုင်ပေ။ ယခု ထိုသို့သောကားက ပျက်စီးသွားလေပြီ။
“အစ်ကိုကြီးဝူ ဒီကားက ဟွမ်ထျန်းချန် ပိုင်တဲ့ကားနဲ့တူတယ်၊ ကျုပ် ဒီကားကို အရင်က မြင်ဖူးတယ်၊ လိုင်စင် နံပါတ်ကအစ အတူတူပဲ”
ထိုစဉ် လူတစ်ယောက်က ဝူကျောယိုနားနားကပ်၍ ပြောလာသည်။
“ဟွမ်ထျန်းချန် ဘာဖြစ်နေတာလဲ၊ သူက ငါ့ကို အာခံရဲမယ်ဆိုရင် ငါ သူ့ကို ရှင်းရတာပေါ့”
ဝူကျောယိုက မောက်မာစွာ ပြောလိုက်သည်။ သူ့ကို စိန်ခေါ်ရဲသည့် မည်သူမဆို သေပွဲဝင်ရပေမည်။ သူ့အဖေသည် ရှုကျိုးမှ အသန်မာဆုံး ဘုရင်အဆင့် သိုင်းပညာရှင် ဝူချီဖုန်း ဖြစ်သည်။ သူ၏ နောက်ခံနှင့်ဆိုလျင် သူ မည်သူ့ကို ကြောက်ရဦးမည်နည်း။
ထိုစကား ထွက်ပေါ်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ ရှုကျိုးတစ်ခုလုံးမှာ ဟွမ်ထျန်းချန်ကို မျက်လုံးထဲ မထည့်ရဲတဲ့သူက ဝူကျောယိုတစ်ယောက်ပဲ ရှိနိုင်လောက်သည်။
တစ်ဖက်မှ ယဲ့ဖန်ကမူ အစမှအဆုံးတိုင် တစ်ခွန်းမှ မပြောသလို တားဆီးခြင်းလည်း မရှိပေ။ မသိလျင် ဖျက်ဆီးခံ လိုက်ရသည့်ကားက သူ့ကား မဟုတ်သလိုပင်။ သို့သော် သူ့မျက်လုံးတွင်းမှ ဒေါသရိပ်က ပိုပိုပြင်းထန်လာ၏။ ထို့နောက် သူက သရော်ပြုံးပြုံး၍ ပြောလိုက်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်ကတော့ သေချင်နေပြန်ပြီနဲ့တူတယ်”