← Chapters

ဟင်းလင်ပြင်ပေါင်းစပ်ခြင်းအဆင့်

Vol. 3 Ch. 34

ဟင်းလင်ပြင်ပေါင်းစပ်ခြင်းအဆင့်

Vol. 3 Ch. 34

အခန်း (၃၄) ဟင်းလင်ပြင်ပေါင်းစပ်ခြင်းအဆင့်

ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကို ချက်ချင်း စစ်‌ဆေးလိုက်ပါတယ်။

[ရှောင်အယ်: ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်၊ သင်သည် ရှောင်အယ်၏ ရုပ်သေးရုပ် တွမ့်ထုံးထျန်ကို သတ်ဖြတ်ခဲ့သည့်အတွက် ရှောင်အယ်သည် သင့်အား အမုန်းကြီး မုန်းတီးနေသည်၊ သူသည် သင်၏ အရိုးကိုဆွဲနုတ်၍ ဝိညာဉ်ကို ရီဖိုင်းပစ်ချင်နေသည်၊ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်]

‘ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်လား? အား! ပိုကြီးတဲ့ကောင်ရှိမယ်လို့ ငါထင်ထားတာ မှန်နေပါကောလား’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

ချီသန့်စင်ခြင်း၊ အခြေခံအဆင့်၊ ရွှေဓာတ်လုံး၊ ကနဦးဝိညာဉ်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း၊ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း၊ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း၊ ကပ်ဘေးလွန်မြောက်ခြင်း၊ ကောင်းကင်ဘုံဝင်ခြင်း။

ဒါတွေကတော့ ကျင့်ကြံခြင်းလောကရဲ့ အဆင့်သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ အဆင့်မြင့်လာလေလေ အဆင့်တက်ဖို့ ပိုခက်လေလေပါပဲ။ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦးတည်းနဲ့ ယွီဂျင်ဂိုဏ်း တစ်ခုလုံးကို ဖိနှိပ်နိုင်တာ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူဆို ပြောစရာကို မလိုတော့ပါဘူး။

‘မဖြစ်တော့ဘူး၊ ဒီကိစ္စပြီးတာနဲ့ အမြန်ဆုံး ဂူအောင်းကျင့်ကြံရမယ်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်အောင် ကြိုးစားရမယ်!’ ဟန်ကျွယ်က တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ဒီအချိန်မှာပဲ သဘဝသံလိုက်တောင်ကနေ ရုပ်သွင်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ မိစ္ဆာတစ်ကောင်လို ရုပ်ဆိုးလှပါတယ်။ တစ်ကိုယ်လုံး မီးလောင်ခံရပြီး အဆိပ်မိလို တစ်ကိုယ်လုံးမှာ ပြည်တည်နာတွေ ပေါက်နေတဲ့လူတောင် ဒီလောက်ရုပ်ဆိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါ။

“တာအိုရောင်းရင်း... ခင်ဗျားရဲ့ ဆန်းကြယ်စွမ်းအားက တကယ့်ကိုစွမ်းတာပဲ၊ ကနဦးဝိညာဉ်အဆင့်နဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို သတ်နိုင်တယ်၊ ကျုပ် မျက်စိပွင့်သွားတယ်” ထိုရုပ်သွင်ဟာ အသံဩဩနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ဓားကို မြှောက်လိုက်ပါတယ်။

“နေပါအုန်း! ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်” ထိုလူဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ချက်ချင်းကို အမူအရာ ပြောင်းသွားပါတယ်။

ဟန်ကျွယ်ဟာ ဒီလူကို သိပါတယ်။ ဒီလူဟာ သူအပြစ်ပြုမိထားတဲ့ ရှောင်အယ်ပဲ ဖြစ်ပါတယ်။ ဒီလူ့ရုပ်သွင်ကို လူမှုဆက်ဆံရေးမှာ သူမြင်ဖူးခဲ့ပြီးပါပြီ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ?”

ရှောင်အယ်ဟာ ချက်ချင်းပဲ ရင်ကော့ခေါင်းမော့လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ငါက မြောက်ပိုင်းပြည်နယ်မှာ တည်ရှိတဲ့ နတ်ဆိုးပိုင်ဂိုဏ်းရဲ့ အကြီးအကဲ ရှောင်အယ်ပဲ၊ မင်းငါ့ကို ရှိခိုးပြီး တောင်းပန်မယ်ဆိုရင် မင်း ငါ့အစီအစဉ် ဖျက်ဆီးခဲ့တာကို ခွင့်လွှတ်ပေးမယ်၊ ငါက ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူပဲ၊ မင်းကို သတ်ဖို့ဆိုတာ ငါ့အတွက် ပုရွက်ဆိတ်တစ်ကောင် သတ်ရသလိုပဲ၊ ဘာမှမခက်ခဲဘူး”

လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့မျက်လုံးတွေထဲမှာ ထိတ်လန့်အံဩသွားတာကို အထင်သား တွေ့မြင်နိုင်ပါတယ်။

“ချင်မင်ဂိုဏ်းက မိစ္ဆာတစ်သောင်းနယ်မြေကို ဦးတည်နေတာ မထူးဆန်းတော့ပါဘူး၊ မိစ္ဆာပိုင်ဂိုဏ်းက သူတို့ကို နောက်ကွယ်ကနေ ခိုင်းနေတာကိုး!” လီချင်းဇဲ့ဟာ အံကြိတ်လိုက်ပါတယ်။

မဟာအကြီးအကဲဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး ချင်မင်ဂိုဏ်းဆိုတာ လုံးဝမတည်ရှိတော့ဘူး”

တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်က သံသယနဲ့ မေးလိုက်ပါတယ် “တွမ့်ထုံးထျန်က ခင်ဗျားအတွက် အချိန်ဆွဲနေတာလား?”

“ဟုတ်တယ်၊ အဲဒီအစုတ်ပလုတ်ကောင်က ယွီဂျင်ဂိုဏ်းမှာ သူ့ကိုယှဉ်နိုင်တဲ့သူ ဘယ်သူမှာမရှိဘူးလို့ ပြောခဲ့တာ၊ ဒါတွေ ထားလိုက်ပါတော့... မင်းအမှားကို မင်းဝန်ခံမှလား?”

ဟန်ကျွယ်ဟာ ရှောင်အယ်ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ် “ကျုပ်က ခင်ဗျားကို သတ်သင့်လားဆိုတာ စဉ်စားနေတာ”

ဟန်ကျွယ်စကားကြောင့် ရှောင်အယ်ဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက မိစ္ဆာပိုင်ဂိုဏ်းက ရန်စချင်တာလား? မင်းက...” ရှောင်အယ်ဟာ စကားမဆုံးခင်မှာပင် အလင်းတန်းအသွင် ပြောင်းလဲပြီး အလွန်လျင်မြန်တဲ့အလျင်နဲ့ အဝေးကို ထွက်ပြေးသွားပါတယ်။

ဟန်ကျွယ်က တိုက်ခိုက်မလို့ပဲ ရှိပါသေးတယ်။ ရှောင်အယ်က အဝေးကို လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ နောက်ကနေ လိုက်ဖို့ကလည်း မမီတော့ပါဘူး “တကယ့်စီနီယာအိုကြီးပဲ၊ လှုပ်ရှားတာ ငါ့ထက်မြန်တယ်၊ အရှက်မရှိတာရောပဲ”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး သူ့လေ့လာလေ့ကျင့်ဖို့ လိုသေးတယ်လို့ တွေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွမ်အနောက်မှာ ဆင်းသက်လိုက်ပြီး နတ်မိမယ်ရှီရွှမ်ကို ကုသပေးပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ကို သတ်လိုက်ရလို့ စိတ်လှုပ်တရှား ဝမ်းပန်းတသာ ဖြစ်မနေဘဲ ပုံမှန်အတိုင်း တည်ငြိမ်နေတာကို တွေ့လိုက်ရပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ဖောက်ထွင်းပြီး မမြင်နိုင်တော့ပါဘူး။

‘ဒါဆို သူက ဘယ်တုန်းကမှ သူရဲဘောကြောင်ခဲ့တာ မဟုတ်ဘူး၊ သူ့ဘဝကို ကျင့်ကြံခြင်းအတွက်ပဲ မြုပ်နှံထားပြီး အနှောင့်အယှက်မခံချင်လို့ ဒီလို ခပ်ကုပ်ကုပ် နေခဲ့တာပဲ’

“ဟန်ကျွယ်... မင်းဆရာသခင်က မင်းအကူအညီ မလိုဘူး၊ ကျန်တဲ့ ချင်မင်ဂိုဏ်း အကြီးအကဲတွေနဲ့ တပည့်တွေကို မြန်မြန်လိုက်သတ်စမ်းပါ” လီချင်းဇဲ့က အလောတကြီး ပြောလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “မသွားဘူး... ဆရာသခင်ကို ကူညီဖို့က အရေးအကြီးဆုံးပဲ”

‘ခင်ဗျားက တော်တော် နောက်တက်တာပဲ၊ ကျုပ်သာ မိစ္ဆာကျင့်ကြံသူတွေ အကုန်လုံးကို သတ်လိုက်ရင် လောကတစ်ခုလုံး ကျုပ်နာမည်ကို သိသွားလိမ့်မယ်! အဲဒီလောက် လူသိများသွားရင် အလိုလိုနေရင်း ရန်သူလည်း များလာလိမ့်မယ်’

ဟန်ကျွယ် အတွေးက မှန်ပါတယ်။ သူသာ နာမည်ကျော်ကြားသွားရင် တစ်ခြားကျင့်ကြံသူတွေက သူ့ကို စိန်ခေါ်တိုက်ခိုက်ကြမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဟန်ကျွယ်ဟာ ဒီလိုမပြီးဆုံးနိုင်တဲ့ စိန်ခေါ်မှုတွေကြောင့် သူ့ကျင်ကြံခြင်း နှောင့်နှေးမှာကို လုံးဝ အလိုမရှိပါဘူး။ တွမ့်ထုံးထျန်ကို သူသတ်လိုက်တာက ယွီဂျင်ဂိုဏ်း မပျက်သုဉ်းအောင် ကူညီလိုက်တာပါ။ ကျန်တဲ့ကိစ္စတွေကို ဝင်ပါဖို့ ဟန်ကျွယ် ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။

ဟန်ကျွယ်စကားကြောင့် လီချင်းဇဲ့ဟာ ဆွံအသွားသလို နတ်မိမယ်ရှီရွမ်လည်း နှုတ်ခမ်းတွန့်သွားပါတယ်။ တစ်ခြားအကြီးအကဲတွေဟာ နတ်မိမယ်ရှီရွှမ်ကို မနာလိုတဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့မှာသာ ဒီလိုတပည့်မျိုး တစ်ယောက်တစ်လေရှိရင် ဘာမှမလိုအပ်တော့ဘူးလို့ တွေးလိုက်ကြပါတယ်။

“တာအိုရောင်းရင်း... ကျုပ်တို့ကို အမှန်ပြောပြပါ၊ တာအိုရောင်းရင်းက ဘယ်ကနေ လာခဲ့တာလဲ? တာအိုရောင်းရင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ယွီဂျင်ဂိုဏ်းကနေ ထွက်လာတဲ့တပည့် လုံးဝမဖြစ်နိုင်ဘူး” အကြီးအကဲတစ်ဦးက မေးလိုက်ပါတယ်။ ကျန်တဲ့အကြီးအကဲတွေကလည်း ဒါကို တော်တော်လေး သိချင်နေကြပါတယ်။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတော့၊ အခုကျုပ်က ယွီဂျင်ဂိုဏ်းရဲ့ တပည့်ပဲ၊ ယွီဂျင်ဂိုဏ်းကို ကျုပ် ဒုက္ခမပေးပါဘူး”

ဟန်ကျွယ်ရဲ့ ဒီစကားကို အကြီးအကဲတွေက ခေါင်းညိတ် သဘောတူလိုက်ကြပါတယ်။ လူတိုင်းမှာ လူသိမခံချင်တဲ့ အတိတ်ဆိုတာ ရှိကြတာချည်းပါပဲ။

တစ်ချိန်တည်းမှာ ချင်မင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ ဒီနေရာကို အပြေးရောက်လာကြပါတယ်။ သူတို့ဟာ တွမ့်ထုံးထျန်ကို မမြင်တွေ့ရဘဲ လေထဲမှာ ဝဲပျံနေတဲ့ သဘာဝသံလိုက်တောင်ကိုသာ တွေ့လိုက်ရပါတယ်။

“ဂိုဏ်းခေါင်းဆောင် ဘယ်မှာလဲ?” ချင်မင်းဂိုဏ်း အကြီးအကဲတစ်ဦးက ထိတ်ထိတ်လန့်လန့် မေးလိုက်ပါတယ်။ ချင်မင်ဂိုဏ်း အကြီးအကဲတွေဟာ ဒဏ်ရာကုသနေတဲ့ ဟန်ကျွယ်နဲ့ ယွီဂျင်ဂိုဏ်း အကြီးအကဲတွေကိုပဲ တွေ့လိုက်ရပြီး သူတို့ဂိုဏ်းခေါင်းဆောင် တွမ့်ထုံးထျန်ကို မတွေ့ရတဲ့အတွက် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ်။

“သူတို့ကို မြန်မြန်သတ်စမ်းပါ၊ ဒါပြီးရင် မင်းလိုချင်တာရအောင် ငါတို့တွေ အကောင်းဆုံး ဝိုင်းကြိုးစားပေးကြမယ်” လီချင်းဇဲ့က အလောတကြီး ထပ်ပြောပြန်ပါတယ်။ ဟန်ကျွယ် ထုတ်သုံးခဲ့တဲ့ အစွမ်းအရ ဒီချင်မင်ဂိုဏ်းအကြီးအကဲတွေကို သတ်ဖို့ဆိုတာ ထမင်းစားရေသောက်သာသာပါ။

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

ချင်မင်ဂိုဏ်း အကြီးအကဲတွေဟာ အံဩတကြီးဖြစ်ပြီး ဟန်ကျွယ်ကို ဝိုင်းကြည့်ကြပါတယ်။

‘အခြေခံအဆင့် နဝမတန်းကို ငါတို့ကို သတ်နိုင်မှာလား? မဟုတ်သေးဘူး! သူ့က သူ့အဆင့်ကို ဖုံးကွယ်ထားတာပါ၊ မဟုတ်ရင် ငါတို့ဂိုဏ်းခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားမှာလဲ?’

ချင်မင်ဂိုဏ်းအကြီးအကဲတွေဟာ ကြောက်လန့်တကြားနဲ့ နောက်ဆုတ်သွားကြပါတယ်။

လီချင်းဇဲ့ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်လိုက်ပြီး ချောက်ကမ်းပါးနားကို လျှောက်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ကိုယ်ထဲမှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ်ချီအကုန်လုံးကို အသုံးပြုပြီး အော်ဟစ်လိုက်ပါတယ် “ချင်မင်ဂိုဏ်းခေါင်းဆောင် တွမ့်ထုံးထျန် သေသွားပြီ! ယွီဂျင်ဂိုဏ်းတပည့်တွေ အမိန့်နာခံ! ဂိုဏ်းထဲမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို တစ်ယောက်မှ အလွတ်မပေးနဲ့”

လီချင်းဇဲ့အသံဟာ တောင်တွေကြားမှာ ပဲ့တင်ထပ်ပြီး ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။ ဒီအသံကြောင့် ချင်မင်ဂိုဏ်းသားတွေ‌ရော ယွီဂျင်ဂိုဏ်းသားတွေပါ ပွတ်လောရိုက်သွားပါတယ်။

ယွီဂျင်ဂိုဏ်းတပည့်တွေဟာ လီချင်းဇဲ့ရဲ့အသံကြောင့် စိတ်လှုပ်ရှားပြီး စိတ်အားတက်ကြွလာကာ ပြင်းပြင်းထန်ထန် ပြန်တိုက်ပါတော့တယ်။

တစ်ဖက်မှာတော့ ချင်မင်ဂိုဏ်းသားတွေဟာ အလွန်တရာ ချောက်ချားသွားကြပါတယ်။ ချင်မင်ဂိုဏ်းသားတွေဟာ သူတို့ဂိုဏ်းခေါင်းဆောင် သေသွားပြီဆိုတဲ့အတွက် ထပ်မံတိုက်ခိုက်လိုစိတ် မရှိတော့ပါဘူး။ ဒါ့အပြင် တွမ့်ထုံးထျန်ရဲ့အသံကိုလည်း သူတို့တွေ မကြားရတာကြောင့် ဒီသတင်းကို မှန်ဖို့များတယ်လို့ ချင်မင်ဂိုဏ်းသားတွေက ယူဆလိုက်ကြပါတယ်။

“ပြေးကြဟေ့! ငါတို့ဂိုဏ်းခေါင်းဆောင် သေသွားပြီ!”

“သေစမ်း! ယွီဂျင်ဂိုဏ်းက ဒီလောက်တောင် သန်မာရလား?”

“ယွီဂျင်ဂိုဏ်းက အစွမ်းထက်တဲ့ကျင့်ကြံသူကို ဖုံးကွယ်ထားတာပဲ!”

“ဂိုဏ်းခေါင်းဆောင်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာ၊ ဒါတောင် အဲဒီလူကို ရှုံးနိမ့်သွားတာလား?”

“ဒါတွေ ထားလိုက်တော့၊ ဒီကောင်တွေ ပြန်တိုက်ကြတော့မယ်၊ လွတ်အောင်ပြေးဟ!”

…

လီချင်းဇဲ့ဟာ မိစ္ဆာကျင့်ကြံသူတွေ ထွက်ပြေးတာကို မြင်ရတဲ့အခါမှာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘သူတို့တွေ ထွက်ပြေးကြတာ ကောင်းတယ်၊ ငါတို့မှာ အထိအခိုက် နည်းသွားတာပေါ့၊ နောက်ကျမှ သူတို့ကို အမြစ်ဖြုတ်ပစ်ရမယ်’

တွမ့်ထုံးထျန်ရဲ့ သေဆုံးမှုကြောင့် ချင်မင်ဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းကို အချိန်အတော်ကြာအောင် တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ ယွီဂျင်ဂိုဏ်းက ပြန်ပြီးတော့တောင် တိုက်ခိုက်နိုင်ပါတယ်။

လီချင်းဇဲ့ဟာ နတ်မိယ်ရှီရွှမ်ကို ကုသနေတဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် ‘ငါ ဒီကောင်လေးကို ဂိုဏ်းထဲကနေ အထွက်ခံလို့ မဖြစ်ဘူး’ လီချင်းဇဲ့ဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။ သူဟာ ဆက်ပြီး အဆင့်မတက်နိုင်တော့တဲ့အတွက် တစ်ခြားသူကိုပဲ မှီခိုအားထားရပါတော့မယ်။

စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တာကို ကြည့်ခြင်းအားဖြင့် ဟန်ကျွယ်ရဲ့ စွမ်းအားက ဘယ်လောက်ထိ ကြောက်မက်ဖို့ကောင်းလဲဆိုတာကို သိရှိနိုင်ပါတယ်။ လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်းကောင်းစားဖို့အတွက် သူ့ကို လိုအပ်ပါတယ်။ အဲဒါကြောင့် လီချင်းဇဲ့ဟာ ချက်ချင်း ကြော်ငြာလိုက်ပါတယ်။

“အခုအချိန်ကစပြီး ဟန်ကျွယ်က ယွီဂျင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ” ဒါကို ကြားလိုက်ရတဲ့ အကြီးအကဲတွေဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပေမဲ့ ဘယ်သူမှ မငြင်းဆန်ကြပါတယ်။

“ကျုပ် ငြင်းဆန်တယ်”

လီချင်းဇဲ့ဟာ အသံလာရာကို ကြည့်လိုက်တဲ့အခါမှာ ဟန်ကျွယ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

“ကျုပ်က အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တာ၊ ဒုဂိုဏ်းချုပ် မဖြစ်ချင်ဘူး” ‘ဒုဂိုဏ်းချုပ်လုပ်ရင် ကျိန်းသေပေါက် အလုပ်ရှုပ်မှာ၊ ငါ့ ကျင့်ကြံခြင်းကို ထိခိုက်လိမ့်မယ်’

“အင်း...” လီချင်းဇဲ့ဟာ ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။ ဒီအချိန်မှာ မဟာအကြီးအကဲက ဝင်ပြောလိုက်ပါတယ် “သူ့ကို အကြီးအကဲပဲ လုပ်ခိုင်းလိုက်၊ ပြီးတော့ ဘွဲ့ပေးပြီး ဒုဂိုဏ်းချုပ်ရဲ့ အကျိုးခံစားခွင့်တွေကို ခံစားခွင့်ပေးလိုက်၊ ဂိုဏ်းမှာ ပြဿနာတက်တာ မဟုတ်ရင် သူ့ကို ဘယ်သူမှ မနှောင်ယှက်ရဘူး”

ဟန်ကျွယ်ဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။ မဟာအကြီးအကဲရဲ့ စကားက ဟန်ကျွယ် လိုအပ်ချက်တွေနဲ့ လုံးဝကွက်တိပါပဲ။

“ဒါနဲ့ အဲဒီလူက ဟင်းလင်ပြင်ပေါင်းစပ်ခြင်း အဆင့်မှာနော်...” ဟန်ကျွယ်က ရုတ်တရက် ပြောလိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် ရန်သူ လွတ်မြောက်သွားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်မအေးနိုင်သေးပါဘူး။

မဟာအကြီးအကဲက ပြုံးပြီး ပြောလိုက်ပါတယ် “သူက စိတ်ဝိညာဉ်ပဲ ကျန်တော့တာ၊ ကျုပ်မှန်းတာ မမှားဘူးဆိုရင် တွမ့်ထုံးထျန်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်နိုင်အောင် အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ပြန်ရအောင် ကူညီပေးမယ်ဆိုပြီး အလဲအလှယ် လုပ်ခဲ့တာပဲ၊ တွမ့်ထုံးထျန် အချိန်ဆွဲနေတာက ယွီဂျင်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ချီနဲ့ အသက်ဓာတ်ကို စုပ်ယူချင်လို့ပဲ၊ ဒါက လျှို့ဝှက်နည်းလမ်းတစ်မျိုးမျိုး ဖြစ်ရမယ်”

“မိစ္ဆာပိုင်ဂိုဏ်းအတွက်တော့ စိုးရိမ်စရာမလိုဘူး၊ မြောက်ပိုင်းပြည်နယ်က ကျုပ်တို့နဲ့ ဒီလောက် အလှမ်းဝေးကွာတာ၊ ကမ္ဘာအဆုံးမှာ ရှိနေတယ်လို့တောင် ပြောလို့ရတယ်” မဟာအကြီးအကဲဟာ ရှောင်အယ်ကို စိတ်ထဲ လုံးဝမထားပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ စိုးရိမ်နေပါသေးတယ်။

‘ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုး ဘယ်တော့မှ မတွေးသင့်ဘူး! တစ်ခုခုမှားပြီး ရောက်လာနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်! ငါ ဂူအောင်းကျင့်ကြံဖို့ လိုအပ်နေပြီ၊ ငါ ဟင်းလင်ပြင်ပေါင်းစပ်ခြင်းအဆင့်ကို အမြန်ဆုံး ဖိနှိပ်နိုင်ရမယ်’

All Chapters