← Chapters

နတ်သတ်အကြီးအကဲ၊ ကနဦးဝိညာဉ် ဒုတိယအဆင့်

Vol. 3 Ch. 35

နတ်သတ်အကြီးအကဲ၊ ကနဦးဝိညာဉ် ဒုတိယအဆင့်

Vol. 3 Ch. 35

အခန်း (၃၅) နတ်သတ်အကြီးအကဲ၊ ကနဦးဝိညာဉ် ဒုတိယအဆင့်

ချင်မင်ဂိုဏ်းသားတွေ ထွက်ပြေးသွားတဲ့အခါမှာ ယွီဂျင်ဂိုဏ်းသားတွေဟာ အပျက်အစီးတွေကို ရှင်းလင်းကြပါတယ်။ သူတို့တွေဟာ ပျက်စီးသွားတဲ့ အတွင်းဂိုဏ်းမြို့ကို ပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ဝမ်းနည်းရမဲ့အစား စိတ်လှုပ်ရှားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို အလွယ်တကူသတ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ရှိနေလို့ပါပဲ။

တောင်ထိပ် ၁၈ထိပ်ရဲ့ အကြီးအကဲတွေဟာ သူတို့တပည့်တွေကို တွမ့်ထုံးထျန်နဲ့ ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာ ပြောပြကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်နာမည်ကို ထုတ်မပြောဘဲ နတ်သတ်အကြီးအကဲလို့ပဲ ပြောပြကြပါတယ်။

နတ်သတ်အကြီးအကဲ!

အဲဒီနေ့ကစပြီး ယွီဂျင်ဂိုဏ်းတပည့်တွေ အကုန်လုံးဟာ နတ်သတ်အကြီးအကဲကို လေးစားသွားကြပါတယ်။ သူတို့ဟာ ဒီအကြီးအကဲနဲ့ ပတ်သတ်သမျှကို သိချင်စိတ် ပြင်းပြလာကြပါတယ်။

အဲဒီနေ့ညနေ ကျောက်အေးတောင်ထိပ်မှာ...

နတ်မိမယ်ရှီရွှမ်ဟာ တပည့်တွေကို နှစ်သိမ့်ပေးပြီးနောက် ဟန်ကျွယ်ကလွဲလို ကျန်တဲ့လူတွေကို ပြန်လွှတ်လိုက်ပါတယ်။ ကျောက်အေးတောင်ထိပ်ရဲ့ တပည့်တွေဟာ ဟန်ကျွယ်က မိစ္ဆာကျင့်ကြံသူ အတော်များများကို သုတ်သင်တာ မြင်တွေ့လိုက်ရပေမဲ့ သူ့ကို နတ်သတ်အကြီးအကဲနဲ့ ဘယ်လိုမှ မဆက်စပ်မိကြပါဘူး။

ချန်ယွီအာတောင် ဟန်ကျွယ်ကို နတ်သတ်အကြီးအကဲ ဖြစ်လိမ့်မယ်လို့ သံသယမဝင်ပါဘူး။ ချန်ယွီအာဟာ ထွက်မသွားခင် ဟန်ကျွယ်ကို တစ်ချက် ကြည့်သွားပါသေးတယ်။ ဒီလိုကပ်ဘေးကို ရင်ဆိုင်ရတာတောင် ဟန်ကျွယ်က ပုံမှန်လိုပဲ တည်ငြိမ်လှတဲ့အတွက် ချန်ယွီအာဟာ ပိုပြီးသဘောကျသွားပါတယ်။ ချန်ယွီအာဟာ ဟန်ကျွယ်ကို ပြောစရာရှိတဲ့အတွက် အပြင်ဘက်မှာ စောင့်နေပါတယ်။

ကျောက်အေးတောင်ထိပ်ခန်းမဟာ ပိတ်သွားပါတယ်။ ခန်းမထဲမှာ နတ်မိမယ်ရှီရွှမ်နဲ့ ဟန်ကျွယ်သာ ကျန်ရှိပါ‌တော့တယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဒဏ်ရာတွေ ပျောက်ကင်းသွားပြီး ကောင်းကင်ဘုံက နတ်သမီးတစ်ပါးလို လှပနေတုန်းပါပဲ။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ခေါင်းကို ငုံ့လိုက်ပါတယ်။ ဒီလိုခေါင်းငုံ့လိုက်တာက ဟန်ကျွယ်ကြောက်လို့ မဟုတ်ပါဘူး။ အခုအချိန်မှာ သူဘာပဲလုပ်လုပ် ယွီဂျင်ဂိုဏ်းက သူ့ကို ထုတ်ပယ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နတ်မိမယ်ရှီရွှမ်ဆီမှာ သူ့ကို အပြစ်တင်စရာအကြောင်း လုံးဝမရှိဘူးဆိုတာကို သူသိနေပါတယ်။

“မင်း ဘာမှမပြောတော့ဘူး?” နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်က ကြောင်တောင်တောင်နဲ့ ပြန်မေးလိုက်ပါတယ် “ဘာပြောရမှာလဲ?”

“မင်းက ဘယ်သူလဲ? ယွီဂျင်ဂိုဏ်းကို ဘာလာလုပ်တာလဲ?” လီချင်းဇဲ့က လျစ်လျူရှူနိုင်ပေမဲ့ ဟန်ကျွယ်ရဲ့ ဆရာသခင်အနေနဲ့ သူ လျစ်လျူမရှူနိုင်ပါဘူး။ သူ့တပည်က သူထက် စွမ်းအားကြီးနေတော့ သူက ဘယ်လိုလုပ်ပြီး ဆရာသခင် ဖြစ်နိုင်အုန်းမှာလဲ? ‘သူ ငါ့ရဲ့ ညွှန်ကြားချက်ကို မလိုအပ်တာ မထူးဆန်းတော့ပါဘူး’

“ငါ မင်းကို အခုအချိန်ကစပြီး တာအိုရောင်းရန်းဟန်လို့ ခေါ်သင့်လား?” နတ်မိမယ်ရှီရွမ်က စနောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မတတ်နိုင်တဲ့အသံနဲ့ ပြောလိုက်ပါတယ် “ကျွန်တော့် နောက်ကွယ်မှာ ဘယ်သူမှမရှိပါဘူး၊ ဂျူနီယာသံမဏိက ဆရာသခင်ကို အကုန်လုံး ပြေပြာပြီးလောက်ပါပြီ၊ ဆရာသခင်က ကျွန်တော့် အစွမ်းအစကို မယုံကြည်ဘူးလား?”

နတ်မိမယ်ရှီရွှမ်ဟာ သူ့မျက်လုံးတွေကို ကျဉ်းကာ ပြောလိုက်ပါတယ် “မင်းမှာ အစွမ်းအစရှိတယ် ဆိုရင်တောင် ဒီပညာရပ်တွေကို ဘယ်ကရခဲ့လဲ၊ လေထဲကနေ ရလာတာတော့ မဟုတ်ဘူးမလား”

ကနဦးဝိညာဉ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို သတ်လိုက်တာဟာ တကယ့်ကို ယုံကြည်ရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအဖြစ်မျိုးကို ကျင့်ကြံခြင်းလောကမှာ တစ်ခါ မရှိခဲ့ဖူးပါဘူး။ ဂိုဏ်းချုပ်နဲ့ တစ်ခြားအကြီးအကဲတွေကလည်း ဒါကိုမယုံကြည်ဘူးဆိုတာ သေချာတယ်လို့ နတ်မိမယ်ရှီရွှမ်က ကောက်ချက်ချထားပါတယ်။

“ကောင်းပြီ၊ ဆရာသခင့်ကို ကျွန်တော် ပြောပြမယ်၊ ဒါပေမဲ့ တစ်ခြားသူတွေကို လုံးဝပြန်မပြောပါနဲ့၊ ကျွန်တော်ငယ်ငယ်တုန်းက အင်မော်တယ်တစ်ယော်ကို အိပ်မက်မက်ခဲ့တယ်၊ အဲဒီအင်မော်တယ်က ကျွန်တော့်မှာ ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံခြင်းစွမ်းရည်ရှိတဲ့အတွက် အင်မော်တယ်တစ်ဦး ကျိန်းသေပေါက် ဖြစ်လာမယ်ဆိုပြီး ဒီပညာရပ်တွေ ပေးသွားတာ၊ ဒါပေမဲ့ ကျွန်တော့်အနာဂတ်က ခက်ခဲမယ်ဆိုတဲ့အတွက် ပြဿနာမရှာရဲဘဲ နေ့တိုင်းဂူအောင်းပြီး ကျင့်ကြံအားထုတ်နေရတာပါ” ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ကလည်း ဘာမှ ထပ်မပြောပါဘူး။

ဒီလိုနဲ့ အတန်ကြာတဲ့အခါ နတ်မိမယ်ရှီရွှမ်က စကားစပြောလိုက်ပါတယ် “ဒါဆိုရင် ဘာဖြစ်လို့ ငါတို့ကို ကယ်တာလဲ? ဂိုဏ်းက မင်းကို ကောင်းကောင်းမွန်မွန်လဲ မဆက်ဆံဘဲနဲ့၊ ဒီဂိုဏ်းက မင်းအိမ်မှာ မဟုတ်တာ”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဟုတ်ပါတယ်၊ ဒီဂိုဏ်းမှာ ကျွန်တော်နေတာ နှစ်တစ်ရာရှိသွားပေမဲ့ ကျွန်တော် ဂရုစိုက်တဲ့လူ သိပ်မရှိပါဘူး၊ ဒါပေမဲ့ ယွီဂျင်ဂိုဏ်းမှာ ကျွန်တော်ဂရုစိုက်တဲ့ လူတစ်ယောက်တော့ ရှိတယ်။ သူက ယွီဂျင်ဂိုဏ်းနဲ့ အတူသေဆုံးမယ်လို့ ပြောခဲ့တယ်လေ”

‘မျက်နှာသာပေးမှု ဘယ်လောက်တိုးမလဲဆိုတာ ကြည့်ရအောင်’

[နတ်မိယ်ရှီရွှမ်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်ခွဲ]

‘ကြယ်သုံးပွင့်ခွဲတည်းလား? ငါ့ဆရာသခင်က တစ်ခြားအမျိုးသမီးတွေနဲ့ တကယ်ကွဲပြားခြားနားတာပဲ! သူက ပိုပြီး အေးစက်လေ ငါ ပိုကြိုက်လေပဲ!’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်က စကားလမ်းကြောင်းလွှဲလိုက်ပါတယ် “မင်းမှာ ဘာအစီအစဉ်ရှိလဲ? ဆက်ပြီး ဂူအောင်း ကျင့်ကြံမှာလား?”

“ဟုတ်တယ်၊ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း မိစ္ဆာကျင့်ကြံသူက အချိန်မရွေး ရောက်လာနိုင်တယ်၊ ကျွန်တော် ဒီထက်ပိုပြီး သန်မာနေဖို့ လိုအပ်တယ်”

“ကောင်းပြီလေ... ဒါဆိုလည်း သွားတော့”

“ဟုတ်ကဲ့” ဟန်ကျွယ်ဟာ ချက်ချင်းမတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ အကြောင်းအရင်း တစ်ချို့ကြောင့် နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။ တံခါးဝကို ရောက်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် ပြန်လှည့်ပြီး မေးလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်ရဲ့ သက်တမ်း ကုန်ခါနီးပြီလား?”

နတ်မိမယ်ရှီရွှမ် တအံတဩနဲ့ ပြန်မေးလိုက်ပါတယ် “မင်း ဘာကိုဆိုလိုတာလဲ” ‘ငါ့ကို သေအောင် ကျိန်ဆဲနေတာလား?’

“ကျွန်တော်က ဂျူနီယာသံမဏိအကြောင်း တွေးမိသွားလို့ပါ၊ ဆရာသခင် ဒီလောကကြီးကနေ ထွက်ခွာသွားမှာကို ကျွန်တော်မလိုချင်ဘူး၊ အဲဒီလိုအချိန် ရောက်လာခဲ့ရင် ကျွန်တော်ကို ကြိုပြီး အသိပေးစေလိုပါတယ်” ဟန်ကျွယ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ မပျော်ရွှင်တဲ့မျက်နှာနဲ့ ဟန်ကျွယ်ကို နှင်ထုတ်ပါတော့တယ် “သွားတော့၊ ငါ့မှာ နေဖို့ နှစ်အများကြီး ကျန်သေးတယ်”

သုတ်ခြေတင် ထွက်ခွာသွားတဲ့ ဟန်ကျွယ်ကို ကြည့်ရင်း နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ မနက်ကတိုက်ပွဲကို ပြန်တွေးပြီး အိပ်မက်တစ်ခုအလား ခံစားလိုက်ရပါတယ်။ သူ့တပည့်တွေထဲမှာ ဒီလောက်အစွမ်းထက်တဲ့တပည့် ရှိလိမ့်မယ်လို့ ဘယ်တုန်းကမ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို အရေးကြီးဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ထားတာကို သိလိုက်ရတဲ့အခါမှာ သူတော်တော်လေး အံဩသွားရပါတယ်။

…

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ချန်ယွီအာလက်က လွတ်အောင်ရုန်းထွက်ပြီး သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သစ်သားကုတင်ပေါ်မှာ ထိုင်လိုက်ပြီး အကြောဆန့်ကာ သမ်းဝေလိုက်ပါတယ်။

“ဒီနေ့က သမိုင်းတွင်မဲ့နေ့ပဲ၊ ငါကိုယ်ငါ ဒီလောက်ထိ အစွမ်းရှိလိမ့်မယ်လို့ ထင်မထားဘူး”

ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်လိုက်တဲ့အရသာက တော်တော်လေး ခံစားလို့ကောင်းပါတယ်။ အခုဆိုရင် ယွီဂျင်ဂိုဏ်းက အကြီးအကဲတွေက သူ့ကို တလေးတစား ဖြစ်နေပါပြီ။ဟန်ကျွယ်ဟာ ဒီခံစားချက်ကို အတော်လေး ကြိုက်နှစ်သက်ပါတယ်။

‘တစ်ချိန်လုံးဂူအောင်း လေ့ကျင့်နေတာက အမှန်ဆုံးရွေးချယ်မှုပဲ၊ ငါသာ သုံးလေးနှစ်လောက် မလေ့ကျင့်ခဲ့ရင် ဒီလိုအခွင့်အရေးမျိုးကို လွဲချော်သွားမှာ ကျိန်းသေတယ်၊ ဒါကြောင့် ငါဆက်ပြီး အကောင်းဆုံး ကြိုးစားရမယ်’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ဒီကပ်ဘေးသာ တစ်နှစ်နှစ်နှစ်စောပြီး ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ကနဦးဝိညာဉ်အဆင့်ကို သူမရောက်သေးတဲ့အတွက် တွမ့်ထုံးထျန်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုသာဆိုရင် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ထွက်ပြေးရမှာပါ။ သူရဲ့ အလားအလာရှိတဲ့ လက်တွဲဖော် အမျိုးသမီးတွေကလည်း သေဆုံးကုန်မှာပါ။ မသေရင်တောင် မိစ္ဆာကျင့်ကြံသူတွေရဲ့ ကစားစရာတွေ ဖြစ်ကုန်မှာပါ။

ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးကြိုးစားကျင့်ကြံဖို့ ပိုသေချာသွားပါတယ်။ သူလုံးဝ ပြိုင်ဘက်မကင်းခင်အထိ သူ့အချိန်အားလုံးကို ကျင့်ကြံရာမှာ အသုံးချမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တွမ့်ထုံးထျန်က သေဆုံးသွားတယ်ဆိုပေမဲ့ အန္တရာယ်က မပြီးဆုံးသေးပါဘူး။ မိစ္ဆာပိုင်ဂိုဏ်း ကျန်ပါသေးတယ်။

ဟန်ကျွယ်ဟာ စိတ်ဓာတ်တွေ တက်ကြွသွားပြီး မိစ္ဆာပိုင်ဂိုဏ်းသားတွေ သူ့ဆီ ကလဲ့စားလာမချေခင် ကျင့်ကြံခြင်းအဆင့် တိုးတက်အောင် အကောင်းဆုံး ကြိုးစားမယ်လို့ တွေးပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စတင်ကျင့်ကြံအားထုတ်လိုက်ပါတယ်။

…

အချိန်ခြောက်လဟာ တစ်ခဏအတွင်း ကုန်ဆုံးသွားပါတယ်။

ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းဟာ နဂိုအတိုင်း ပြန်ဖြစ်သွားပြီး တပည့်တွေကလည်း ဒဏ်ရာတွေ ပျောက်ကင်းသွားကြပါတယ်။ ဒါကြောင့် လီချင်းဇဲ့နဲ့ ဂိုဏ်းအကြီးအကဲတွေဟာ ဂိုဏ်းတပည့်တွေကို စုစည်းပြီး ချင်မင်ဂိုဏ်းကို ပြန်တိုက်ပါတော့တယ်။

ဟန်ကျွယ်ကို ဘယ်သူမှ သွားမရှာကြသလို နတ်မိမယ်ရှီရွှမ်ကလည်း လူလွှတ်ပြီး အသိပေးခြင်း မရှိပါဘူး။

တွမ့်ထုံးထျန်နဲ့ ကျန်းခွန်မော့ သေဆုံးသွားပြီ ဖြစ်တဲ့အတွက် ချင်မင်ဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်တော့ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း ယွီဂျင်ဂိုဏ်းက လုံးဝအသာစီးရနေပါတယ်။

ဒီလိုနဲ့ တစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်မင်ဂိုဏ်းသားတွေဟာ ယွီဂျင်ဂိုဏ်းရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ သူတို့ဂိုဏ်းဌာနချုပ်ကနေ ထွက်ပြေးရပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကဟာ တုန်လှုပ်သွားသလို ယွီဂျင်ဂိုဏ်းရဲ့ ဩဇာဟာလည်း တော်တော်လေး ကြီးမားသွားပါတယ်။

တစ်ချိန်တည်းမှာ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ဒုတိယအဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီတစ်ခါ အဆင့်တက်ဖို့အတွက် ဟန်ကျွယ်ဟာ နှစ်နှစ်ခွဲလောက် အချိန်ယူလိုက်ရပါတယ်။ ကနဦးဝိညာဉ်ရဲ့ အဆင့်တွေက ထိုးဖောက်တက်ဖို့ တကယ့်ကို မလွယ်ကူပါဘူး။

ဒါပေမဲ့ အရင်ကထက်စာရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအလျင်က နည်းနည်းချင်း တိုးတက်လာပါတယ်။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ဟာ စွမ်းရည်တစ်မျိုးချင်းစီ လေ့ကျင့်စရာမလိုတော့ဘဲ အကုန်လုံးကို ပေါင်းပြီး လေ့ကျင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီ ခြောက်မျိုးစလုံးကို တစ်ချိန်တည်းစုပ်ယူပြီး လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိကတည်းက ဒီလိုနည်းနဲ့ ကျင့်ကြံနိုင်ခဲ့တာပါ။ ဒီလိုကျင့်ကြံနိုင်တာက ကနဦးဝိညာဉ်အတွက် အတော်လေး အထောက်အပံ့ ဖြစ်စေပါတယ်။

ရာသီဥတု သာယာတဲ့ နေ့တစ်နေ့မှာတော့ ချန်ယွီအာဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။

“ဂိုဏ်းက စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းစေတဲ့ သဘာဝရတနာ တော်တော်များများကို စုဆောင်းမိထားတယ်၊ အဲဒါကြောင့် မမကို မင်းလိုဏ်ဂူထဲမှာ လာစိုက်ခိုင်းတာ၊ နောက်ပြီးတော့ စိတ်ဝိညာဉ်ချီ စုဆောင်းတဲ့ ဖော်မေးရှင်းကိုလည်း ပေးလိုက်သေးတယ်” ချန်ယွီအာဟာ ကျင့်ကြံလိုဏ်ဂူထဲကို ရောက်တဲ့အခါမှာ အပြုံးနဲ့ ပြောလိုက်ပါတယ်။

ချန်ယွီအာဟာ နတ်သတ်အကြီးအကဲက ဟန်ကျွယ်မှန်း သိသွားခဲ့ပါပြီ။ ဒီသတင်းကို သူကြားလိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်အပေါ် မျက်နှာပေးမှုက ကြယ်ငါးပွင့်ခွဲထိ တိုးတက်သွားပါတယ်။ သူဟာ ဒီသတင်းကို နတ်မိမယ်ရှီရွှမ်ဆီကနေ ကြားလိုက်ရတာ ဖြစ်တဲ့အတွက် လုံးဝသံသယမရှိပါဘူး။

‘ဂျူနီယာဟန်က တကယ့်ကို ပါရမီရှင်ပဲ! မဟုတ်သေးဘူး! မိုးကောင်းကင်ရဲ့သားတော်ပဲ’

ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျေးဇူးပါပဲ၊ စီနီယာ”

ချန်ယွီအာဟာ စပြီးတော့ အလုပ်ရှုပ်သွားပါတယ်။ ချန်ယွီအာဟာ ဖော်မေးရှင်းကို အစီအရင် ချနေတုန်း အပြုံးနဲ့ မေးလိုက်ပါတယ် “မောင်လေးက နတ်သတ်အကြီးကဲ ဖြစ်နေပြီပဲ၊ မမကို စီနီယာလို့ သဘောထားတုန်းလား?”

ဟန်ကျွယ်က ပြုံးပြီး အဖြေပြန်ပေးလိုက်ပါတယ် “မမက ကြိုးကြိုးစားစား ကျင့်ကြံနေသမျှကာလပတ်လုံး ကျွန်တော့်စီနီယာ ဖြစ်နေမှာပါ”

‘ဒီလောက် မျက်နှာသာပေးမှု မြင့်နေတာ၊ ငါက ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ? ပြီးတော့ သူတို့က ရုပ်ဆိုးတာလည်း မဟုတ်ဘူး!’

ဒါပေမဲ့ ဟန်ကျွယ်ဟာ လောလောဆယ်မှာတော့ အချစ်ရေးကိစ္စကို မပြောချင်ပါဘူး။ ကျင့်ကြံခြင်းကသာ သူ့ဦးစားပေးဖြစ်ပါတယ်။ ဟန်ကျွယ်မျှော်လင့်တာက သူ့ကိုကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေကို ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စေချင်တာပါ။

‘မင်းက သူတို့ကို နှစ်ပေါင်းတစ်ထောင် မခွဲတမ်း အတူတူလေ့ကျင့်စေချင်တာလား?’

All Chapters