← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉)

"လက်ရှိမစ်ရှင် ပြီးဆုံးပါပြီ။ အဓိကမစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။"

ဖုန်းပုကြွယ် တတိယမြောက် ဆေးပုလင်းကို ရရှိသွားချိန်တွင် ဂိမ်းမီနူး၌ "စတုတ္ထကော်ရစ်ဒါတွင် ဘီလီကို ရှာဖွေဖမ်းဆီးပြီး ဆေးရည်တစ်ပုလင်းနှင့် လဲလှယ်ရန် ယုန်ထံသို့ ခေါ်ဆောင်လာပါ" ဟူသော စာသားဘေးတွင် အမှန်ခြစ်တစ်ခု ပေါ်လာခဲ့သည်။

"ဓာတုဆေးရည် ရှာဖွေရန် (၃/၄)" ဟူသော အခြားမစ်ရှင်တစ်ခုလည်း အသစ်ပြန်ဖြစ်သွားခဲ့သည်။

ဖုန်းပုကြွယ်၏ ပစ်ချက်သည် အသုံးမဝင်တော့သော မြည်းတစ်ကောင်ကို သတ်ပစ်လိုက်သကဲ့သို့ ပြတ်သားလွန်းလှသည်။

ရာဗစ်၏ ဦးခေါင်းကို ကျည်ဆန်ထိမှန်သွားပြီး ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ သွေးများ နေရာအနှံ့ စင်ထွက်သွားပြီး စားပွဲ၊ ကြမ်းပြင်၊ နံရံ... နှင့် အနီးနားတွင် ရှိနေသော ဖုန်းပုကြွယ်ပါ သွေးနီရောင်များ စွန်းထင်းကုန်တော့သည်။

သားပိုက်ကောင်တစ်ကောင်နီးပါး အရွယ်အစားရှိသော ယုန်အလောင်းက နောက်သို့ လန်ကျသွား၏။ ၎င်းသည် ကုလားထိုင်ကို တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားရသည်။ ကွေးကောက်နေသော ယုန်ခြေထောက်များက တဆတ်ဆတ် တုန်ခါနေဆဲပင်။

"အခု အချိန်ကတော့..."

ဖုန်းပုကြွယ်သည် သူ့မျက်နှာပေါ်ရှိ အစွန်းအထင်းများကို အကြိမ်ဘယ်လောက် သုတ်လိုက်မိသည်ကို မမှတ်မိတော့ပေ။

" ၆၅ မိနစ်"

သူ့အကြည့်က စားပွဲပေါ်သို့ ရောက်ရှိသွား၏။ အရုပ်ဘီလီမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဒါပေမဲ့ မင်းဒီဇာတ်လမ်းကို ဆက်ပြီးကပြနိုင်ပုံ မရတော့ဘူး"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

ပထမဆုံး အကျဉ်းခန်းထဲတွင် မီးများ အလိုအလျောက်လင်းလာပြီး ဘီလီ ပေါ်လာခဲ့သည်။ သူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ အပေါ်မှ ကျဆင်းလာသော အလင်းရောင်သည် သူ၏ ခြောက်ခြားဖွယ် မျက်နှာပေါ်သို့ ဖြာကျနေလေသည်။

"ငါ တစ်နေရာရာမှာ မှားသွားတာလား၊ ရာဗစ်ရဲ့ ဒီအမှားတစ်ခုကြောင့်ပဲလား..."

"အမှားတွေက အများကြီးပဲ"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

"အဲဒါက ငါ့သံသယတွေကို အတည်ပြုဖို့ နောက်ဆုံး စမ်းသပ်ချက်တစ်ခု သက်သက်ပဲ"

သူသည် သေနတ်ကို စားပွဲပေါ် တင်လိုက်ပြီး လက်များကို အိတ်ကပ်ထဲ ထည့်ကာ အကျဉ်းခန်း တံခါးဝသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

"ငါ ဘယ်အချိန်က စပြီး သံသယဝင်ခဲ့တာလဲ ဆိုတော့... အစကတည်းကပဲ"

"ဟမ့်... မင်းက ငါ့အစီအစဉ်ကို ထွင်းဖောက်မြင်ခဲ့တယ်ဆိုရင်တောင် မင်းပြောတာက နည်းနည်းတော့ ပိုမနေဘူးလား"

ဘီလီက ဆိုသည်။

"မင်း ငါ့ကို မယုံဘူးလား၊ မယုံတာလား ဒါမှမဟုတ် မယုံချင်တာလား"

ဖုန်းပုကြွယ်၏ လေသံသည် ရန်စလိုပုံပေါက်နေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်အာနိသင်ပြဖို့ ၂၇ မိနစ်တောင် ကျန်သေးတာပဲ၊ ငါ့မှာ မင်းကို ရှင်းပြဖို့ အချိန်တွေအများကြီး ရှိပါတယ်"

သူသည် ဘေးဘက်သို့ လျှောက်သွားပြီး ရာဗစ်အလောင်းအနားက ကုလားထိုင်ကို ဆွဲယူလိုက်သည်။ ထို့နောက် ကုလားထိုင်ကို အကျဉ်းခန်းတံခါးဝသို့ ဆွဲလာပြီး ဘီလီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူ ချောင်းတစ်ချက်ဟန့်၍ လည်ချောင်းရှင်းကာ ပြောသည်။

"မင်းရဲ့ အဖွင့်စကားတွေကိုတော့ ငါအပြည့်အစုံ ပြန်မပြောတော့ဘူး၊ ဘာပဲဖြစ်ဖြစ်... အဲဒါက မင်း သေသေချာချာ ပြင်ဆင်ထားတဲ့ စကားတွေဆိုတာ ငါ ယုံကြည်တယ်၊ အဲဒီထဲမှာ ထောင်ချောက်တွေ၊ အလိမ်အညာတွေနဲ့ ပြည့်နေပြီး ငါ့ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားထားတာ၊ မင်း နောက်ပိုင်းမှာ ပြောခဲ့သလိုပဲ မင်းဟာ 'လူတွေရဲ့ စိတ်ကို အတိအကျ ခန့်မှန်းနိုင်' တာ အမှန်ပဲ၊ အနည်းဆုံးတော့ ငါ့ရဲ့ စဉ်းစားတွေးခေါ်မှု ဦးတည်ချက်နဲ့ ဖြစ်စဉ်ကို ဘယ်လိုလမ်းညွှန်ရမလဲဆိုတာ မင်း သိတယ်"

သူ ပြုံးလိုက်သည်။

"ဒါပေမဲ့ မင်း မပြောသင့်တဲ့ စကားတစ်ခွန်း ရှိတယ်... 'မင်း လူတချို့နဲ့ တွေ့လိမ့်မယ်၊ အဖြစ်အပျက်တချို့ကို မြင်လိမ့်မယ်။ မင်း မြင်ရကြားရတာတွေက မင်းလုပ်ရပ်တွေကို ပြောင်းလဲစေနိုင်သလို မင်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း နှောင့်ယှက်နိုင်တယ်' ဆိုတာပဲ"

"အဲဒီစကားက... အဲဒါက..."

ဘီလီက ကြားဖြတ်ပြောရန် ကြိုးစားသည်။

သို့သော် ဖုန်းပုကြွယ်က သူ့ကို စကားဖြတ်ကာ ဆက်ပြောသည်။

"... အဲဒါက ငါ့ရဲ့ ပြောင်းပြန်စိတ်ပညာကို အသုံးချပြီး ငါ မြင်သမျှဟာ အမြင်မှား၊ ကြားသမျှဟာ အလိမ်အညာလို့ သံသယဝင်အောင် လုပ်တာပဲ"

သူ ခဏရပ်လိုက်သည်။

"ဒါပေမဲ့ မင်းရော ငါရော သိတာက အဲဒါဟာ အမှန်တရားပဲ၊ မင်းရဲ့ အဖွင့်စကားတစ်ခုလုံးဟာ မင်းအမြင်အရဆိုရင် အမှန်တရားတွေပဲ၊ စည်းမျဉ်းတွေကို စတင်ကြေညာတဲ့အချိန်မှာ မင်းက ကစားသမားတွေကို လိမ်မှာ မဟုတ်ဘူး၊ အဲဒါဟာ မင်းရဲ့ ဂုဏ်သိက္ခာတစ်မျိုး၊ မင်းရဲ့ စွဲလမ်းမှုတစ်မျိုးလို့ ငါ ယုံကြည်တယ်"

သူက လက်နှစ်ဖက်ကို ဖြန့်၍ ရာဗစ်၏အလောင်းကို ညွှန်ပြလိုက်သည်။

"လိမ်ဖို့ လိုအပ်လာတဲ့ အခါမှာတောင် မင်းကိုယ်တိုင် မပြောမိအောင် အတတ်နိုင်ဆုံး ကြိုးစားတယ်၊ အချိန်အတော်များများမှာ မင်းက နှုတ်ဆိတ်နေတာ ဒါမှမဟုတ် ဝေဝေဝါးဝါးပဲ ပြောတတ်တယ်၊ အဲဒီ လှည့်ဖြားမှုတွေကိုတော့ ယုန်တစ်ကောင်နဲ့..."

ဖုန်းပုကြွယ်က အယ်လ်ဒန်ကို မြင်ယောင်ကြည့်လိုက်သည်။

"... ပြီးတော့ ဘယ်လို အမျိုးအစားမှန်း မသိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကနေ လုပ်ဆောင်စေတာပဲ"

သူ့အကျင့်အတိုင်း ဖုန်းပုကြွယ်သည် သူ့လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြု၍ နဖူးကို ပွတ်ကာ နှာခေါင်းကို ထိလိုက်သည်။

"ဒုတိယ အချိန်စီးကြောင်းဆိုတာ မရှိဘူး၊ ၂၃ မိနစ်၊ ၄၆ မိနစ်၊ ၆၉ မိနစ်တွေဆီ ဦးတည်နေတဲ့ ကော်ရစ်ဒါလေးခုနဲ့ ရှေ့တိုးနောက်ဆုတ် ဖြစ်နေတဲ့ အချိန်တွေ... အဲဒါတွေ အားလုံးက မျက်လှည့်ပြထာားတာပဲ"

သူက ခေါင်းကို ရှေ့တိုးလိုက်ပြီး နားထင်ကို လက်ညှိုးဖြင့် တို့လိုက်သည်။

"မင်းက ပဟေဠိဖြေရှင်းရတာ ဝါသနာပါတဲ့ ငါ့အကျင့်ကို အသုံးချပြီး စည်းမျဉ်းအမှားတွေနဲ့ ငါ့ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို လမ်းညွှန်ခဲ့တာပဲ။

တကယ်တော့ မင်းက မဆိုးပါဘူး၊ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို မင်း ကြိုတွေးထားပုံရတယ်... အခန်းတွေ ရှိနေတာ၊ ဆေးရည်တွေ ဖြန့်ကျက်ထားပုံ၊ ကော်ရစ်ဒါတွေရဲ့ အရှည်၊ ကော်ရစ်ဒါကို ဖြတ်ဖို့ လိုအပ်တဲ့အချိန် စတာတွေပေါ့... ငါ့ကို ဘယ်အချက်အလက် ပေးသင့်တယ်၊ ဘယ်ဟာ မပေးသင့်ဘူးဆိုတာ မင်းကောင်းကောင်းသိတယ်၊ မင်းရဲ့ လမ်းညွှန်မှုအရဆိုရင် ငါ သွားနိုင်တဲ့ လမ်းကြောင်းက တစ်ခုပဲ ရှိတယ်"

ဖုန်းပုကြွယ်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

"အရှေ့က ယပ်တောင်ပုံစံ အခန်းထဲမှာ ပထမကော်ရစ်ဒါထဲက ပြကွက်က အရမ်းကို အောင်မြင်တယ်၊ အဲဒါက ငါ့ကို တော်တော်ကြာအောင် စိတ်ရှုပ်ထွေးစေခဲ့တာ၊ ငါ့ရဲ့ စဉ်းစားပုံအရ အဲဒါကို မြင်ပြီးရင် တခြားကော်ရစ်ဒါတွေကို အရင်ရှာဖွေမယ်ဆိုတာကိုလည်း မင်း သိထားတယ်၊ ဒါပေမဲ့ ၂၊ ၃၊ ၄... "

သူ့လက်ညှိုးက ပြောင်းလဲသွားသည်။

"ငါ ဘယ်လမ်းကသွားသွား အတူတူပဲ၊ မင်းလုပ်ရမှာက ငါရောက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး စည်းမျဉ်းတွေကို လိုက်လျောညီထွေ ထုတ်ပြန်ဖို့ပဲ။

ငါ ဘယ်နေရာကနေ ဝင်ဝင် မင်းက ငါ့ကို အယ်လ်ဒန်နဲ့ အရင်တွေ့အောင် စီစဉ်ထားပြီးသား၊ သရဲပုံပြင် ပြောရတဲ့ စိန်ခေါ်မှုက မှုခင်းနေရာမှာ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်ဖို့ ချန်ထားခဲ့တဲ့ ထူးဆန်းတဲ့ သတင်းစကား တစ်ခုလိုပဲ၊ အဲဒီနည်းလမ်းကိုသုံးပြီး ငါ့ကို အဆုံးသတ်ဆီ တိုက်ရိုက် ပို့လိုက်တာက ပုံမှန်ပဲလို့ ထင်ရတယ်၊ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုက ပိုပြီး နားမလည်နိုင်စရာ ကောင်းလေလေ လူတွေက အဲဒါကို စုံစမ်းစစ်ဆေးဖို့ ဖြစ်နိုင်ခြေ ပိုနည်းလေလေပဲ။

ငါ ဒီ 'ထောင်' လို့ ခေါ်တဲ့ နေရာကို ရောက်လာတဲ့အခါကျတော့ ပြပွဲက တရားဝင် စတင်လာခဲ့ပြီ၊ ရာဗစ်နဲ့ အယ်လ်ဒန်ရဲ့ စကားတွေ ပြီးတော့ အကျဉ်းခန်းထဲက မင်းပုံစံတွေ… အားလုံးဟာ ကော်ရစ်ဒါထဲက အချိန်နဲ့ ပတ်သက်တဲ့ မင်းရဲ့ သီအိုရီကို ငါယုံကြည်လာအောင် လုပ်တာပဲ။

ဒီနည်းနဲ့ အချိန်နဲ့ဟင်းလင်းပြင် ဝိရောဓိမဖြစ်အောင်နဲ့ မြေပုံပေါ်က ၉၂ မိနစ်ကို ရှောင်ရှားနိုင်ဖို့ ငါ့မှာ ရွေးချယ်စရာတစ်ခုပဲ ကျန်တော့တယ်၊ အဲဒါက ဒုတိယကော်ရစ်ဒါကနေ ပြန်လှည့်၊ စတုတ္ထကော်ရစ်ဒါကနေ ပြန်လာ၊ ပြီးရင် ပထမကော်ရစ်ဒါထဲကို ပြန်ဝင်ဖို့ပဲ၊ အဲဒါက မင်းငါ့ကို လုပ်စေချင်တဲ့ အရာဖြစ်ပြီး ရာဗစ်ရဲ့ သီအိုရီက ညွှန်ပြနေတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ"

ဖုန်းပုကြွယ်က ပထမကော်ရစ်ဒါဘက်သို့ လှည့်ကြည့်လိုက်သည်။

"ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းပေးထားတဲ့ သေနတ်ကို သုံးပြီး ပထမကော်ရစ်ဒါထဲဝင်၊ ပြီးရင် တံခါးနောက်မှာ ရှိနေတဲ့ 'တစ်ယောက်ယောက်' ကို ဘာမှ မစဉ်းစားဘဲ သတ်ပစ်ဖို့ မင်းလိုချင်တာ"

သူက ဘီလီကို ပြန်ကြည့်လိုက်သည်။

"မင်းရဲ့ တွက်ချက်မှုအရ အဲဒီအချိန်မှာ ငါ့ဆီမှာ ကွန်ထရာတံဆိပ် တစ်ခုပဲ ကျန်ရမှာ၊ အခုလို နှစ်ခု မဟုတ်ဘူး၊ ငါ့ဆီမှာ ဆေးရည်သုံးပုလင်း ရှိနေပြီဖြစ်ပြီး စမ်းသပ်မှုကို အောင်မြင်ခါနီး ဖြစ်နေပြီ၊ အစပိုင်းမှာ မင်းပြခဲ့တဲ့ ပြကွက်နဲ့ ပေါင်းစပ်လိုက်ရင်... အဲဒါက ငါ့ဦးနှောက်ထဲမှာ မြှုပ်ထားတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ၊ နောက်ဆုံး အခိုက်အတန့်မှာ ငါ့ရဲ့ စရိုက်အရ ငါသေရင်တောင် အဲဒီပြကွက်ကို ပြောင်းပြန်လှန်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုတာ ငါဝန်ခံပါတယ်"

သူက စားပွဲပေါ်က သေနတ်ကို ညွှန်ပြလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းစိတ်ကူးထားတဲ့ ဇာတ်ညွှန်းအရ ငါဟာ ပထမကော်ရစ်ဒါထဲ ဝင်မယ်၊ တံခါးကို ဖွင့်မယ်၊ ပြီးရင် ငါ့ရှေ့မှာ ပေါ်လာသမျှ အရာအားလုံးကို သတ်ပစ်လိမ့်မယ်"

ဘီလီ၏ လက်ရှိသဘောထားမှာ ထူးခြားသော တည်ငြိမ်မှုမျိုး ဖြစ်နေလေသည်။

"မင်း ဒီလို ကောက်ချက်ချနိုင်ပြီ ဆိုမှတော့ ငါဘာလို့ ဒီလို လုပ်ရတာလဲဆိုတာကိုရော ခန့်မှန်းကြည့်ပါဦးလား"

"ရိုးရိုးလေးပါပဲ၊ မင်းထောင်ကနေ ထွက်ပြေးချင်နေတာ မဟုတ်လား"

ဖုန်းပုကြွယ် မေးလိုက်သည်။

သူ မှန်သွား၏။ ဘီလီက ခေါင်းကို အနည်းငယ်မော့လိုက်ပြီး စကားမဆိုနိုင်ဘဲ ရှိနေခဲ့သည်။

"ငါ ယုံကြည်တာက... ငါတို့ ရောက်နေတဲ့ ဒီနေရာတစ်ခုလုံးဟာ 'ထောင်' တစ်ခုပဲ"

ဖုန်းပုကြွယ် သူ့ရှေ့က အကျဉ်းခန်းလေးခုကို ဝေ့ကြည့်လိုက်သည်။

"ဒီ အကျဉ်းခန်းလေးခုက အလှပြသက်သက်ပဲ"

သူက အကျဉ်းခန်းတံခါး၏ သံတိုင်များကို လက်ချောင်းဖြင့် တို့ထိလိုက်သည်။

"ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ သိသာထင်ရှားတဲ့ အားနည်းချက်တချို့ကို ပြောပြတာပေါ့၊ SCP-173 ကို မြင်လိုက်တာနဲ့ ယုန်လိမ်နေတယ်ဆိုတာ ငါ သေချာသွားပြီ၊ သူက ဒီအကျဉ်းသား လေးယောက်ကို ဒီနေရာမှာ အစကတည်းက ပိတ်ထားတာလို့ ပြောတယ်၊ ဟား... ဒါပေမဲ့ SCP-173 ကို ထိန်းသိမ်းထားတဲ့ အကျဉ်းခန်းကို ဘာလို့ တံခါးနဲ့ ပိတ်ထားရတာလဲ"

သူက နောက်ပြောင်လိုက်သည်။

"မင်းလို မျက်တောင်မခတ်တတ်တဲ့ ရုပ်သေးရုပ်က သံတိုင်တွေကြားကနေ SCP-173 ကို တစ်နှစ်ပတ်လုံး စောင့်ကြည့်နေရတာလို့တော့ မပြောနဲ့နော်"

"ဒါ့အပြင် အယ်လ်ဒန်ရော SCP-173 ရောက တယ်လီပို့လုပ်နိုင်တဲ့ စွမ်းအား ရှိကြတာပဲ၊ ဒီကော်ရစ်ဒါတွေ ရှည်နေတာက ဘာထူးမှာလဲ"

ဖုန်းပုကြွယ် ဆက်ပြောသည်။

"ပြီးတော့ ရာဗစ်ကို ဆမ် မွန်တီယာရဲ့ ကိုယ်စားလှယ်အဖြစ် ဟန်ဆောင်ခိုင်းတာက တကယ့် အမှားကြီးပဲ၊ မင်းတို့ တစ်ခန်းတည်းမှာ ရှိနေတဲ့ အချိန်မှာ မင်းရဲ့ တည်ရှိမှုနဲ့ ဖိအားက သူ့ထက် နှစ်ဆ ပိုများတယ်၊ သူက မင်းကို စောင့်ကြည့်နိုင်မယ်လို့ မင်းထင်နေတာလား"

ဖုန်းပုကြွယ်က ခေါင်းခါရင်း လှောင်ပြုံးပြုံးလိုက်သည်။

"ငါ့အမြင်အရတော့ တကယ့်ထောင်စောင့်အစစ်က ဒီနေရာရဲ့ အဝင်ဝမှာ စောင့်နေတာ၊ ပြီးတော့ ဒီထောင်ရဲ့ တံခါးက ပထမကော်ရစ်ဒါထဲမှာ ရှိတာ"

သူက လက်ဝါးဖြန့်ကာ ဘီလီကို ညွှန်ပြလိုက်သည်။

"မင်းရဲ့ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကိုတော့ ငါငြင်းလို့မရပါဘူး၊ ငါ ယုံကြည်တာက... ဒီကော်ရစ်ဒါတွေရဲ့ အရှည်နဲ့ အခန်းတွေရဲ့ ပြောင်းလဲမှုအားလုံးဟာ မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ ငါ ကော်ရစ်ဒါမှာ ဘယ်လောက်ကြာကြာ ပြေးရမယ်၊ အခန်းထဲကို ဘယ်အချိန်မှာ ရောက်မယ်ဆိုတာလည်း မင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ"

"ဒါပေမဲ့ မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေ၊ ဒါမှမဟုတ် မင်းရဲ့ ထောင်ခန်းဖော်တွေက... ဒီလို ပြပွဲကြီးကို စီစဉ်၊ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ဖန်တီး၊ စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်တွေ ပေး၊ ငါရရှိတဲ့ အချက်အလက်တွေကို ထိန်းချုပ်ပြီး ဒီထောင်ချောက်ကို စိတ်ရှည်လက်ရှည် ဆင်ခဲ့တာက... ငါ့ကို ဒီလောက် ရိုးရှင်းတဲ့ အရာတစ်ခုကို လုပ်ခိုင်းဖို့အတွက်ပဲလား၊ မင်းငါ့ကို သေနတ်ပေးတယ်၊ အယ်လ်ဒန်မှာ မောင်းဆွဲဖို့ လက်ချောင်း ရှိတယ်၊ ရာဗစ်လည်း ကြိုးစားကြည့်လို့ ရတာပဲ၊ ဒါကို ဘာလို့ မင်းတို့ကိုယ်တိုင် မလုပ်ကြတာလဲ"

ဖုန်းပုကြွယ်က ခြေထောက်ချိတ်ထိုင်လိုက်သည်။

"အစကတော့ ငါ တွက်ချက်ထားတာက... အဲဒီတံခါးကို မင်းတို့ထဲက ဘယ်သူမှ မဖွင့်နိုင်ကြဘူး၊ ဒါမှမဟုတ် အဲဒါကို ထိဖို့၊ အနားကပ်ဖို့တောင် မဖြစ်နိုင်ဘူးလို့ပေါ့"

သူက ကောက်ကျစ်သောအပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

"ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့မှ ငါ သဘောပေါက်သွားတာက..."

ဖုန်းပုကြွယ်သည် သူ၏ တွက်ချက်မှုအခြေခံကိုတော့ ထုတ်မပြောခဲ့ပေ။ သူ၏ အခြေခံမှာ အမှန်တကယ်တော့ ဇာတ်လမ်း၏ မိတ်ဆက်စကားပင် ဖြစ်သည်။

"ထပ်နေသော ဟင်းလင်းပြင်၊ သေမင်းတမန် ဂိမ်း၊ အဆုံးမရှိသော ခြောက်ခြားမှု၊ ထပ်ခါတလဲလဲ ဖြစ်နေသော အိပ်မက်ဆိုး။"

ယင်းမှာ ဇာတ်လမ်းအစတွင် စနစ်က ပေးထားသော အရိပ်အမြွက်ဖြစ်ပြီး NPC သို့မဟုတ် ဘော့စ်တစ်ဦးဦး ပြောခဲ့ခြင်း မဟုတ်ပေ။ ထိုစာကြောင်း လေးကြောင်းသည် ဤဇာတ်လမ်း၏ လျှို့ဝှက်ချက်ကို ဖွင့်ပေးမည့် အစစ်အမှန်သော့ချက်များပင် ဖြစ်သည်။

'ထပ်နေသော အချိန်နှင့် ဟင်းလင်းပြင်' ဟူသော စကားလုံးသည် ဘီလီ၏ လှည့်ကွက်နှင့် အတိအကျ ကိုက်ညီနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းက ဖုန်းပုကြွယ်ကို စိတ်ရှုပ်ထွေးစေခဲ့သော်လည်‌ေ ယခုအခိုက်အတန့်တွင်မူ ထိုစာကြောင်း လေးကြောင်းထဲက အချက်အလက်များကို ထုတ်ယူလိုက်ပြီးနောက် ဖုန်းပုကြွယ် အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

"မင်း ဒါကို အကြိမ်ကြိမ် လုပ်ခဲ့ပြီးပြီ မဟုတ်လား"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

"မင်း ထောင်စောင့်ကို သတ်ပြီးရင်လည်း မလွတ်မြောက်နိုင်ဘူး၊ ဟုတ်တယ်မလား"

"အဲဒါက ရယ်စရာကောင်းလို့လား"

ဘီလီက မေးသည်။

"ဒါဆို ဘာလို့ ရယ်စရာ မကောင်းရမှာလဲ ပြောပါဦး"

ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။

"ထောင်စောင့်ကို သတ်လိုက်တာက ငါတို့ကို လွတ်မြောက်ခွင့် မပေးရုံတင်မကဘူး၊ ထပ်ခါတလဲလဲ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ခုကိုပါ နှိုးဆော်လိုက်သလို ဖြစ်နေလို့ပဲ"

ဘီလီက ပြန်ဖြေသည်။

"ရာဗစ်၊ အယ်လ်ဒန်နဲ့ ငါ ပြန်လည်ရရှိထားတဲ့ စွမ်းအားတွေ... အထူးသဖြင့် အချိန်နဲ့ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းတွေက အချိန်ကို နောက်ပြန်ရစ်လိုက်သလိုမျိုး အစမှတ်ကို ပြန်ရောက်သွားပြီး ငါတို့မှတ်ဉာဏ်တွေပဲ ကျန်ရစ်ခဲ့တယ်၊ မင်းပြောတဲ့ SCP-173 ဆိုတာ... အဲဒါ ဘာလဲဆိုတာ ငါမသိဘူး၊ အဲဒါက ငါတို့ရဲ့ ထောင်ခန်းဖော် မဟုတ်ဘူး၊ ပြစ်ဒဏ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ၊ ငါတို့ ထောင်ထဲကနေ သတ်ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားတိုင်း ငါတို့ဟာ 'ပြန်လည်မွေးဖွား' လာပြီး ထောင်ထဲမှာ ၁၇၃ လိုမျိုး မကောင်းဆိုးဝါးအသစ်တစ်ကောင်နဲ့ တွေ့ရလိမ့်မယ်၊ ငါတို့ဟာ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ညှဉ်းပန်း သတ်ဖြတ်ခံရလိမ့်မယ်... ငါတို့ရဲ့ အင်အားတွေ ပြန်ပြည့်လာပြီး ထောင်ကို ပြန်ထိန်းချုပ်နိုင်တဲ့အထိပေါ့"

"ဒါဆို မင်းက ဒီထပ်ခါတလဲလဲ ဖြစ်နေတဲ့ဖြစ်စဉ်ကို ချိုးဖျက်ဖို့ ငါ့ရဲ့ အင်အားကို ငှားချင်နေတာပေါ့"

ဖုန်းပုကြွယ် မေးလိုက်သည်။

အခန်း (၁၈၀)

"ဟုတ်ပြီ"

ရုတ်တရက် ဖုန်းပုကြွယ်နောက်တွင် အယ်လ်ဒန်က ရုတ်တရက်ပေါ်လာလေသည်။

"အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုတော့ မင်းကို ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်"

ဘီလီက ဆိုသည်။

"မင်းသာ ငါတို့နဲ့ မပူးပေါင်းရင် အဆိပ်က အာနိသင်ပြလာပြီး ဒီဇာတ်လမ်းမှာ မင်းရှုံးနိမ့်သွားလိမ့်မယ်၊ တခြားကမ္ဘာကလာတဲ့ ခရီးသည်တွေအတွက် ဒါက ကြီးမားတဲ့ ပေးဆပ်မှုမဟုတ်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ဒါက မင်းလည်း အဖြစ်မခံချင်တဲ့ အရာမျိုးပဲ မဟုတ်လား"

"ဒါဆို ရာဗစ်ကော"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ငါက မင်းသူငယ်ချင်းကို တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်တာတောင် မင်းက ငါ့ကို ဒီအတိုင်း လွှတ်ပေးမလို့လား"

"မစိုးရိမ်ပါနဲ့၊ မင်း သူ့ကို တကယ်သတ်လိုက်တာ မဟုတ်ပါဘူး၊ အဲဒီသေနတ်က ဒီဟင်းလင်းပြင်အပေါ် ငါ့ရဲ့ ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းပဲ၊ မင်းမောင်းဆွဲလိုက်တဲ့ အခိုက်အတန့်မှာ ငါက ကျည်ဆန်ရဲ့ သဘောသဘာဝကို ပြောင်းလဲလိုက်တယ်လေ၊ အဲဒီကျည်ဆန်က ရာဗစ်ကို မသတ်နိုင်ပါဘူး"

"ဒါပေမဲ့ အဲ့ဒါက နာတယ်ဟ"

အခြားအသံတစ်ခုက ထွက်ပေါ်လာသည်။

ဖုန်းပုကြွယ်သည် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ အသံမှာ ဒုတိယအကျဉ်းခန်းထဲမှ လာခြင်းဖြစ်သည်။ ရာဗစ်၏ ဦးခေါင်းမပါသော ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏ ထူးခြားသောအသံကိုတော့ အမှောင်ထဲတွင် ကြားနေရသည်။

"အိုး... ငါသိပြီ..."

ဖုန်းပုကြွယ်က ကုလားထိုင်ကို လှည့်လိုက်ပြီး စားပွဲပေါ်သို့ ခြေတင်ကာ အေးအေးလူလူပင် ပြောလိုက်သည်။

"ငါ့ကို စဉ်းစားဖို့ အချိန်ပေးဦး၊ အဲဒီအချိန်အတွင်းမှာ ငါစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို မင်းတို့ ပြောပြလို့ရပါတယ်"

"မင်းမှာ အချိန်အများကြီး မရှိဘူးနော်..."

ဘီလီက သတိပေးသည်။

ဖုန်းပုကြွယ်က ပြုံးလျက် ခေါင်းခါလိုက်သည်။

"မင်းတို့မှာသာ အချိန်မရှိတာ မဟုတ်ဘူးလား"

သူက မီနူးကို တစ်ချက်ကြည့်လိုက်သည်။

"ငါ့ခန္ဓာကိုယ်ထဲက ၉၂ မိနစ် အဆိပ်ဆိုတာ မင်းတို့ပေးထားတာ မဟုတ်ဘူး၊ 'မြင့်မားတဲ့ တည်ရှိမှု' တစ်ခုက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တစ်ခုပဲ"

သူက 'စနစ်' ကို ရည်ညွှန်းခြင်းဖြစ်သည်။

"အဲဒီ တည်ရှိမှုရဲ့ ရှေ့မှာတော့ မင်းတို့ဆိုတာ အတွေးတစ်ချက်နဲ့တင် ဖျက်ဆီးပစ်လို့ရတဲ့ သက်ရှိပုံစံလေးတွေပဲ"

"ဒါဆိုလည်း ဘာဖြစ်လဲ၊ မင်းပြောတဲ့ တည်ရှိမှုက အချိန်သခင်ထက်တောင် ပိုစည်းကမ်းကြီးသေးတယ်၊ သူက အကြောင်းပြချက် မရှိဘဲနဲ့တော့ ဒီလိုလုပ်မှာမဟုတ်ဘူး"

အယ်လ်ဒန်က ပြန်ဖြေသည်။

"အဲဒီ တည်ရှိမှုက မင်းတို့ကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ငါအရိပ်အမြွက် ပြောနေတာ မဟုတ်ဘူး၊ ဒါပေမဲ့... အဲဒီတည်ရှိမှုက ငါ့ကို ဖျက်ဆီးပစ်မှာကိုတော့ မင်းတို့ တားနိုင်မှာ မဟုတ်ဘူးလို့ ပြောတာ"

ဖုန်းပုကြွယ်က ဆိုသည်။

"အနည်းဆုံးတော့ မင်းတို့ မလိမ်နိုင်တဲ့ အချက်တစ်ခု ရှိတယ်၊ မင်းတို့ သုံးယောက်ဆီမှာ ဆေးရည်သုံးပုလင်းပဲ ရှိတယ်ဆိုတာပဲ"

"မှန်တယ်၊ စတုတ္ထမြောက် ပုလင်းကတော့ ဖော့စ်ဆီမှာ ရှိတယ်"

ဘီလီက ပြန်ဖြေသည်။

"ဒီဖော့စ် ဆိုတာက... ဒီနေရာက ထောင်စောင့်လား"

ဖုန်းပုကြွယ် မေးလိုက်သည်။

"ဟုတ်တယ်"

"ဒါဆို မင်းတို့က လျှောက်ပြောနေတာပဲ"

ဖုန်းပုကြွယ်က ၎င်း၏ အလိမ်အညာကို တိုက်ရိုက်ဖော်ထုတ်လိုက်သည်။

"သူ့မှာ ဆေးရည်ရှိမရှိ မင်းတို့ ဘယ်လိုသိလဲ၊ သူက ဒီထဲဝင်လာပြီး မင်းတို့ကို ပြောပြသွားလို့လား"

ဘီလီမှာ ပြောစရာစကားမဲ့သွားရသည်။ သူသည် စတုတ္ထမြောက်ဆေးရည်က ဖော့စ်လက်ထဲတွင် ရှိမရှိကို အမှန်တကယ် မသိပေ။ ဖုန်းပုကြွယ်ကို ဖော့စ်အား ရှင်းထုတ်ခိုင်းစေရန်အတွက်သာ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့... မင်းရဲ့ ခန့်မှန်းချက်ကလည်း ကျိုးကြောင်းဆီလျော်တယ်လို့ ပြောလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ စတုတ္ထမြောက်ဆေးပုလင်းက ဒီဟင်းလင်းပြင်ထဲမှာ မရှိတာ သေချာလို့ပဲ၊ ရှိနေရင် မင်းတို့လက်ထဲ ရောက်နေတာ ကြာလှပြီပေါ့"

ဖုန်းပုကြွယ်က စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။

"ဒါနဲ့ မင်းတို့ဆီက ဆေးရည်တွေက ဘယ်တုန်းက ပေါ်လာတာလဲ"

"မင်း ဒီနေရာကို မဝင်ခင်လေးမှာပဲ ငါတို့ တစ်ယောက်တစ်ပုလင်းစီ ရခဲ့ကြတာ၊ ပြီးတော့ မင်းရဲ့ အခြေအနေနဲ့ ဆေးရည်ရဲ့ အာနိသင်ကိုလည်း သိခဲ့ရတယ်"

အယ်လ်ဒန်က ဖြေသည်။

ဖုန်းပုကြွယ် တွေးလိုက်မိသည်မှာ 'ဒါက သူတို့ဆီကို သက်ဆိုင်ရာ အချက်အလက်တွေ တိုက်ရိုက် ပေးပို့လိုက်တဲ့ နည်းလမ်းလား' ဖြစ်သည်။ ထို့အပြင် သူဇာတ်လမ်းထဲသို့ ဝင်ရောက်ရန် ဆယ်စက္ကန့်ခန့် စောင့်ဆိုင်းနေရချိန်သည် ၎င်းတို့အတွက်မူ အချိန်အတော်ကြာသည့်အလား ခံစားရပုံရသည်။ ကစားသမားများ မရှိသည့်အချိန်တွင် ဤဇာတ်လမ်းကမ္ဘာများ၏ တွက်ချက်မှုနှုန်းက ပို၍ မြန်ဆန်ပုံရသည်။

"ကဲ... အစကနေပဲ ပြန်စရအောင်..."

ဖုန်းပုကြွယ်သည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာဖြင့် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ ထိုကဲ့သို့ အနားယူခြင်းသည် သူ့အတွေးများကို စုစည်းရန် ကြိုးစားနေသည့် အခိုက်အတန့်မျိုး ဖြစ်သည်။

"ငါ ဒီထောင်ထဲကို မဝင်ခင်မှာ မင်းတို့က ဟင်းလင်းပြင်ကို ဖန်တီးပြီးပြီ၊ အစီအစဉ်တွေကိုလည်း ချမှတ်ပြီးပြီ၊ အားလုံး အဆင်သင့် ဖြစ်နေခဲ့တာပေါ့၊ ငါပေါ်လာတာနဲ့ ဘီလီက စမှတ်ကနေ အသံလွှင့်ပြီး ငါ့ကို ဆက်သွယ်ခဲ့တယ်၊ ငါ အရှေ့က ယပ်တောင်ပုံစံအခန်းကို ရောက်တဲ့အခါ မင်းတို့က ပြောင်မြောက်တဲ့ ပြကွက်တစ်ခုကို ပြခဲ့တယ်၊ အဲဒီ ပုံရိပ်ယောင်က..."

သူက စကားကို ခေတ္တရပ်ကာ ဘီလီနှင့် အယ်လ်ဒန်ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဲဒါကို ငါဖန်တီးခဲ့တာ"

ဒုတိယအကျဉ်းခန်းထဲက ရာဗစ်က ဖြေလိုက်သည်။

"ဟားဟား... တော်တယ်"

ဖုန်းပုကြွယ်က ချီးကျူးလိုက်သည်။

"အဲဒီနောက် ငါ တတိယကော်ရစ်ဒါထဲဝင်ပြီး အယ်လ်ဒန်နဲ့ တွေ့တယ်၊ ပြီးတော့ အဆုံးကို ရောက်လာတယ်၊ ရာဗစ်နဲ့ ပြန်တွေ့ပြီး အကျဉ်းခန်းထဲက ဘီလီကို မြင်ရတယ်၊ မင်းတို့ သုံးယောက်က ငါ့ကို စိတ်ရှုပ်ထွေးအောင် တမင်လုပ်ပြီး ငါ့ရဲ့ နောက်ထပ်လမ်းကြောင်းကို ကန့်သတ်ခဲ့တယ်၊ ငါကိုယ်တိုင် ရွေးချယ်လိုက်သလို ဖြစ်အောင်ပေါ့၊ အဲဒီနောက် ငါ ဒုတိယကော်ရစ်ဒါကို သွားပြီး SCP-173 နဲ့ တွေ့တယ်၊ အဲဒါကို ပိတ်ထားခဲ့တာက..."

"ငါပဲ"

ဘီလီက ဖြေသည်။

"မင်း အဲဒါကို ဖျက်ဆီးပြီးတဲ့နောက် ကြမ်းပြင်ပေါ်မှာ ဆေးရည်ပေါ်လာအောင် လုပ်ခဲ့တာလည်း ငါပဲ"

"အင်း... မင်းက ဟင်းလင်းပြင်ကို ညှိရုံတင်မကဘူး၊ ဒီထဲက ပစ္စည်းတွေကိုလည်း ထိန်းချုပ်နိုင်ပုံရတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"မေးစရာ တစ်ခုရှိတာက... မင်းတို့က ဘာလို့ SCP-173 ကို မသတ်ဘဲ ပိတ်ထားရတာလဲ"

"ငါတို့ ဒီလို သတ္တဝါတစ်ကောင်ကို သတ်လိုက်တိုင်း ၂၄ နာရီ ကြာပြီးရင် နောက်ထပ်တစ်ကောင် ထပ်လွှတ်ပေးတယ်"

ဘီလီက ပြန်ဖြေသည်။

"ပြီးတော့ အကြိမ်တိုင်းမှာ မျိုးစိတ်တွေက မတူဘူး၊ တချို့ဆိုရင် အရမ်း ကြောက်စရာကောင်းတယ်"

ဘီလီ၏ မျက်နှာ၊ အသံနှင့် ၎င်းတို့ကို 'ကြောက်စရာကောင်းသည်' ဟု ပြောဆိုပုံအရ ထိုထောင်ထဲသို့ ပစ်ထည့်ထားသော ပြစ်ဒဏ်ပေးသည့် သတ္တဝါများသည် အမှန်တကယ်ကို ကိုင်တွယ်ရ ခက်ခဲကြောင်း တွေးကြည့်ရန် မခဲယဉ်းပေ။

"အဲဒီ ၁၇၃ ကတော့ ထိန်းချုပ်ရတာ အလွယ်ဆုံးတွေထဲက တစ်ခုပဲ၊ သူ့ကို ပိတ်ထားရတာက သတ်ရတာထက် ပိုလွယ်တယ်"

"ဟုတ်တယ်... တစ်ခါက မမ်မီနဲ့ တူတဲ့ အဘိုးကြီးတစ်ယောက် ရောက်လာဖူးတယ်၊ သူက ဟင်းလင်းပြင် ဖန်တီးနိုင်တဲ့ စွမ်းအားကိုသုံးပြီး အကွာအဝေးတို တယ်လီပို့ လုပ်နိုင်တယ်၊ သူ့ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက ဘာမှ မထိရောက်ဘူး၊ သူက ဟင်းလင်းပြင်တွင်းပေါက်ထဲမှာ ပုန်းနေရင် ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး၊ နောက်ဆုံးကျတော့ ဘီလီက သူ့ကို ပိတ်မိသွားအောင် ရှုပ်ထွေးပြီး ကျပန်းစီစဉ်ထားတဲ့ အဆောက်အဦးကြီးတစ်ခုကို ဖန်တီးလိုက်ရတယ်၊ ငါတို့ကတော့ သူ့ကို ပတ်ရှောင်ပြီး ဖော့စ်ကို သွားသတ်ရတာပေါ့"

ရာဗစ်က ဖြည့်စွက်ပြောသည်။

"ကြည့်ရတာ SCP-106 နဲ့ တူတယ်..."

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။ သို့သော် သူက ထိုအကြောင်းကို ဆက်မပြောဘဲ သူ့ဇာတ်လမ်းကိုသာ ဆက်လိုက်သည်။

"ငါ ဒုတိယကော်ရစ်ဒါကို ရှင်းပြီးတဲ့အခါကျတော့ မင်းတို့ရဲ့ ရှင်းပြချက်ကို တကယ်တော့ တော်တော်လေး သံသယဝင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီအချိန်က အခြေအနေအရ အချိန်နဲ့ဟင်းလင်းပြင် ဝိရောဓိဖြစ်မယ့် အန္တရာယ်ကို မယူချင်သလို ငါ့ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကြောင့် ငါ့အစီအစဉ်ကိုလည်း အရိပ်အမြွက်မပြချင်တာနဲ့ မင်းတို့ရဲ့ အစီအစဉ်အတိုင်း စတုတ္ထကော်ရစ်ဒါထဲကို ဝင်ခဲ့တာ"

ဖုန်းပုကြွယ်က ဘီလီကို ကြည့်လိုက်သည်။

"ပြီးတော့ မင်း... မင်းက ဒီအကျဉ်းခန်းကနေ စတုတ္ထကော်ရစ်ဒါထဲကို ပြောင်းသွားပြီး ဘာမှမဖြစ်သလို ငါနဲ့ ဆက်ဆံခဲ့တယ်၊ ဂိမ်းက ခက်ခဲပုံရပေမဲ့ ငါ တကယ်ကြိုးစားကြည့်တဲ့အခါ မင်းက ငါ့ကို ဆေးရည် အလွယ်တကူရအောင် ခွင့်ပြုပေးခဲ့တယ်"

"ငါ့လုပ်ရပ်က မလိုအပ်တာတွေ ဖြစ်သွားတာလား"

ဘီလီက မေးသည်။

"တကယ်တော့ အားလုံးလည်း မဟုတ်ပါဘူး"

ဖုန်းပုကြွယ်က ဆိုသည်။

"မင်းသာ ငါ့အကျင့်ကို သိရင် မင်းရဲ့လုပ်ရပ်က ငါတို့ အားလုံးအတွက် အကျိုးရှိစေတယ်ဆိုတာ သိမှာပါ"

သူ ခဏ ရပ်လိုက်သည်။

"ဒါနဲ့... ငါ့ခန္ဓာကိုယ်ပေါ်က ဓာတ်ဆီတွေနဲ့ သွေးတွေကို အခုသန့်ရှင်းပေးလို့ ရမလား"

သူ စကားမဆုံးမီ ဘီလီ၏ မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပေါ်က မသက်မသာဖြစ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။ အရေပြားပေါ်တွင် ကပ်နေသော ဓာတ်ဆီများပင် လုံးဝအငွေ့ပျံသွားခဲ့ပြီ ဖြစ်သည်။

"ကျေးဇူးပဲ"

ဖုန်းပုကြွယ်က ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီး ဆက်ပြောသည်။

"မင်းတို့ရဲ့ မူလအစီအစဉ်က ငါ့ကို ဆေးရည်တွေ့ပြီးတာနဲ့ ဓာတ်ဆီကန်ထဲမှာ သေခိုင်းပြီး တံဆိပ်တစ်ခု သုံးခိုင်းဖို့ပဲ၊ အဲဒီနောက် ငါ့ကို ကော်ရစ်ဒါအဆုံးဆီ တယ်လီပို့ လုပ်ပေးမှာပေါ့၊ အဲဒီလိုဆိုရင် ဂိမ်းရဲ့ ခက်ခဲမှုနဲ့ ဖြစ်စဉ်က ပိုပြီး အစစ်အမှန်နဲ့ တူသွားမှာလေ၊ ဒါပေမဲ့ မင်းတို့ မမျှော်လင့်ထားတာက လုံးဝ ရေမကူးတတ်တဲ့ ငါက ကြမ်းပြင်မပိတ်ခင် ပြန်ထွက်လာနိုင်ခဲ့တာပဲ၊ ဒါကြောင့် ငါမင်းကို 'ဖမ်းမိ' တဲ့ အချိန်က မင်းတို့ ခန့်မှန်းထားတာထက် မိနစ်အနည်းငယ် ပိုစောသွားတယ်၊ မင်းတို့ရဲ့ အချိန်သီအိုရီနဲ့ ကိုက်ညီအောင် လုပ်ဖို့အတွက် မင်းတို့မှာ စတုတ္ထကော်ရစ်ဒါရဲ့ နောက်ဆုံးတစ်ဝက်ကို ရှည်အောင် လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး၊ ဒါကြောင့် ငါ အဆုံးကိုရောက်ဖို့ ၁၈ မိနစ် ကြာသွားတာပေါ့"

"မင်းအဆုံးကို ရောက်တဲ့အခါမှာလည်း မင်းက 'ဆေးရည်' ဆိုတဲ့ စကားလုံးကို တမင် မပြောဘဲ လောနေသလို ဟန်ဆောင်ပြီး ငါ့ရဲ့ အားနည်းချက်ကို ထုတ်ပြလာအောင် မြှူဆွယ်ခဲ့တာပဲ"

ထိုအချိန်တွင် ဒုတိယအကျဉ်းခန်း၌ မီးလင်းလာလေသည်။ ရာဗစ်သည် အကျဉ်းခန်းထဲတွင် အကောင်းပကတိအတိုင်း ပေါ်လာပြီး မြေပြင်ပေါ်က အလောင်းလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ငါ အတည်ပြုစရာတစ်ခုပဲ ကျန်တော့တယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"မင်းတို့ ငါ့ကို တံဆိပ်တွေ ပေးခဲ့တဲ့ အကြောင်းရင်းက... ငါ ၁၇၃ လက်ထဲမှာ အသတ်မခံရအောင် တားဖို့လား"

"အမှန်တော့ မင်း အဆိပ်ကြောင့် မသေမချင်း ငါတို့ မင်းကို အကြိမ်ကြိမ် ပြန်ရှင်အောင် လုပ်ပေးလို့ ရပါတယ်"

ဘီလီက ပြောသည်။

"ဒါပေမဲ့... အဲဒီလို ဖြစ်သွားရင် မင်းက ဒီဂိမ်းရဲ့ သဘောသဘာဝကို သံသယဝင်လာမှာဖြစ်ပြီး အဲဒီနောက်ကွယ်က အကြောင်းရင်းကိုလည်း သေချာပေါက် စုံစမ်းတော့မှာပဲ"

"ဒါကြောင့် မင်းတို့က ပြန်လည်ရှင်သန်ခြင်းစွမ်းအားကို ပစ္စည်းအဖြစ် ဖန်တီးပြီး အရေအတွက် အကန့်အသတ်နဲ့ ငါ့ကို ပေးခဲ့တာပေါ့"

ဖုန်းပုကြွယ်က ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် လက်ညှိုးကို နှုတ်ခမ်းအောက်တွင် ထားကာ ပြောလိုက်သည်။

"ကောင်းပြီ၊ အခုတော့ ငါ အားလုံးကို နားလည်သွားပြီလို့ ထင်တယ်"

သူသည် စားပွဲပေါ်က ခြေထောက်များကို ချကာ မတ်မတ်ထိုင်လိုက်သည်။

"လူတွေကို လမ်းမှားရောက်အောင် ဆွဲဆောင်မယ့် မင်းတို့ရဲ့ ရှုပ်ထွေးပြီး စေ့စပ်တဲ့ အစီအစဉ်ကြီး ပျက်ပြားသွားတဲ့အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမဲ့... ငါ မင်းတို့ကို ကူညီနိုင်ပါသေးတယ်"

အကျဉ်းသားသုံးဦးလုံး ထိုစကားကို ကြားသောအခါ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ လူကဲ့သို့ မပေါ်လွင်သော်လည်း အကယ်၍ သူတို့တွင် လူသားမျက်နှာသာ ရှိခဲ့ပါက သူတို့မျက်လုံးများ တောက်ပနေပေလိမ့်မည်။

"ငါ့မှာ အခြေအနေနှစ်ခု ရှိတယ်၊ မင်းတို့ အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်ရင်တော့..."

ဖုန်းပုကြွယ်က လက်ညှိုးနှင့် လက်ခလယ်ကို ထောင်ပြလိုက်သည်။

"မင်းတို့ ငါ့ကို ကူညီ၊ ငါက မင်းတို့ကို ပြန်ကူညီမယ်"

"အခြေအနေတွေလား"

အယ်လ်ဒန်က ထပ်ပြောသည်။ သူ အနည်းငယ် အံ့အားသင့်သွားပုံရသည်။

"သေချာတာပေါ့၊ ငါက ဥပဒေလိုက်နာတဲ့အဖွဲ့ဝင်တစ်ယောက် မဟုတ်ပေမဲ့ ဒီနေ့ မင်းတို့ကို ကူညီပေးလိုက်တာနဲ့ အချိန်သခင်ရဲ့ ရန်သူ ဖြစ်သွားပြီလေ"

ဖုန်းပုကြွယ်က အလေးအနက် ပြောလိုက်သည်။

"လူတစ်ယောက် ရင်ဆိုင်ရတဲ့ စွန့်စားမှုအတိုင်းအတာက သူရမယ့် ဆုလာဘ်အတိုင်းအတာပေါ်မှာ မူတည်တယ်၊ မင်းတို့ ငါနဲ့ ညှိနှိုင်းဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း ငါစိတ်ထဲ မထားပါဘူး၊ ဒါပေမဲ့ ငါနဲ့ လမ်းခွဲရမှာကို ဘယ်သူက ပိုပြီးဆန္ဒမရှိမလဲဆိုတာတော့ မင်းတို့ စဉ်းစားသင့်တယ်"

"ပြောပါ"

ဘီလီကပင် ဦးဆောင်၍ ပြောလိုက်သည်။ သူသည် အဖွဲ့၏ ဦးနှောက်ဖြစ်ရုံသာမက စွမ်းအား အကြီးဆုံးသူလည်း ဖြစ်သည်။ ညှိနှိုင်းမှုနှင့် ပတ်သက်လာလျှင် သူသည် ပြတ်သားစွာ ပြောဆိုတတ်သည်။

"ပထမဆုံး အခြေအနေ"

ဖုန်းပုကြွယ်၏ မျက်လုံးများက သူတို့၏ မျက်နှာများကို အကဲခတ်ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ငါ့ကို ရိုးရိုးသားသား ပြောပြပေးပါ၊ မင်းတို့ သုံးယောက်... အင်း... ငါ စော်ကားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းတို့လို မကောင်းဆိုးဝါးသုံးကောင်က ဘာလို့ ဒီနေရာမှာ အပိတ်ခံထားရတာလဲ၊ ပြီးတော့ အချိန်သခင်ဆိုတာက ဘာကောင်ကြီးလဲ"

"မင်းက ဘာလို့ ဒါကို သိချင်ရတာလဲ"

ဘီလီက မေးသည်။

"ငါတို့ရဲ့ တည်ရှိမှုနဲ့အတိတ်က တခြားကမ္ဘာကလာတဲ့ ခရီးသည်တွေအတွက် ဘာမှ အရေးမပါဘူး မဟုတ်လား"

"အဲဒီလို အရေးမပါတဲ့ အရာတွေ ဖြစ်နေလို့ပဲ မင်းတို့ ငါ့ကို ပြောပြသင့်တာပေါ့"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ပြီးတော့ ဒီပထမဆုံး အခြေအနေက တော်တော်လေး ရိုးရှင်းနေတာကိုလည်း ကျေးဇူးတင်သင့်တယ်နော်"

ဘီလီ ဆယ်စက္ကန့်ခန့် တုံ့ဆိုင်းနေခဲ့သည်။ ထိုအချိန်အတွင်း သူသည် ဖုန်းပုကြွယ် မသိနိုင်သော နည်းလမ်းတစ်ခုဖြင့် ရာဗစ်၊ အယ်လ်ဒန်တို့နှင့် ဆက်သွယ်နေပုံရသည်။ ထို့နောက် သူက ပြောလိုက်သည်။

"အချိန်သခင်ဆိုတာ နတ်ဘုရားမဏ္ဍိုင်ကြီး လေးခုထဲက တစ်ခုပဲ၊ အချိန်နဲ့ ဟင်းလင်းပြင်ထဲက နယ်မြေအားလုံး သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်"

"နတ်ဘုရားမဏ္ဍိုင်ကြီး လေးခုက ဘယ်သူတွေလဲ"

ဖုန်းပုကြွယ်သည် NPC များထံမှ အချက်အလက်များ ရှာဖွေရသည်ကို အမှန်တကယ်သဘောကျသူ ဖြစ်သည်။(TL note - နတ်ဘုရားထောက်တိုင်လေးခုကို နတ်ဘုရားမဏ္ဍိုင်ကြီးလေးခုလို့ ပြင်ရေးပါမယ်)

"အချိန်သခင်က စည်းမျဉ်းမြစ်ကို ထိန်းချုပ်တယ်၊ နတ်ဆိုးဘုရင်က ဖရိုဖရဲကုန်းမြေကို အုပ်စိုးတယ်၊ ငရဲဘုရင်က သေသူတို့ရဲ့ တိုင်းပြည်ကို အုပ်စိုးတယ်၊ အမှန်တရားရုံးတော်ကတော့ ကောင်းမှု ဆိုးမှုကို စီရင်တယ်"

ဘီလီက ပြန်ဖြေသည်။

"ဒီစကားတွေက ကမ္ဘာအမျိုးမျိုးမှာ ပြန့်နှံ့နေတာပဲ၊ နည်းနည်းလောက် နာမည်ကြီးတဲ့ သရဲ၊ မိစ္ဆာ၊ နတ်ဘုရားတိုင်း ဒါကို သိကြတယ်"

"အင်း... ဆက်ပြောလို့ ရတယ်"

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် အဆင့်မြင့် နတ်ဆိုးနှင့် သရဲများကဲ့သို့ပင် ထိုစာကြောင်း လေးကြောင်းကို သူ့စိတ်ထဲတွင် စွဲမြဲအောင် မှတ်သားထားလိုက်သည်။

ဘီလီက ဆက်ပြောသည်။

"အချိန်အတော်ကြာအောင် နတ်ဘုရားမဏ္ဍိုင်ကြီး လေးခုဟာ တစ်ဦးနဲ့တစ်ဦး ထိန်းညှိပြီး မျှခြေကို ထိန်းသိမ်းထားခဲ့ကြတယ်၊ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခမဖြစ်အောင် သတိထားပြီး ရှောင်ရှားကြတယ်၊ စစ်ပွဲဆိုတာ ဘယ်သူမှ မမြင်ချင်တဲ့ အရာပဲ၊ ဘာလို့လဲဆိုတော့ တစ်ဖက်ကို အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ဘယ်သူ့မှာမှ မရှိလို့ပဲ၊ နတ်ဘုရားနှစ်ပါး စစ်ဖြစ်ပြီဆိုရင် တတိယနဲ့ စတုတ္ထဖက်က ဘာလုပ်မလဲဆိုတာ ခန့်မှန်းလို့ မရဘူး၊ ဒီအကျဉ်းထောင်က အချိန်သခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပေမဲ့ ငါတို့ကို ပြစ်ဒဏ်စီရင်တာကတော့ အမှန်တရားရုံးတော်ပဲ၊ ငါ့ရဲ့ အဓိက စွမ်းအားက ဟင်းလင်းပြင်ကို ထိန်းချုပ်တာ၊ အယ်လ်ဒန်က ကြောက်ရွံ့မှုကို ထိန်းချုပ်တာ၊ ရာဗစ်ကတော့ ပုံရိပ်ယောင်တွေကို ထိန်းချုပ်တာ၊ ငါနဲ့ အယ်လ်ဒန်က 'ဖရိုဖရဲတွေကို ပြန့်ပွားစေတယ်' ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီမှာ အပိတ်ခံထားရတာ၊ ရာဗစ်ကတော့... တခြားကိစ္စတစ်ခုကြောင့် အပိတ်ခံရတာ"

ထိုသို့ ပုံမှန်မဟုတ်ဘဲ ရပ်တန့်သွားသည်ကို ကြားသောအခါ ဖုန်းပုကြွယ်က ချက်ချင်း မေးလိုက်သည်။

"အဲဒါ ဘာလဲ"

"အာ... သူနဲ့ သူ့ဝမ်းကွဲဟာ မူလက ဂျူရီအဖွဲ့ဝင်တွေလေ၊ ဒါပေမဲ့ ရုံးတော်ကို စော်ကားမှုနဲ့ ပြစ်ဒဏ် စီရင်ခံရတာပဲ"

ဘီလီက ဖြေသည်။

"ဒါဆို မင်းရဲ့ ဝမ်းကွဲကော၊ တခြားအကျဉ်းထောင်မှာ အပိတ်ခံထားရတာလား"

ဖုန်းပုကြွယ်က ထပ်မေးပြန်သည်။

"ရုံးတော်က ငါ့ဝမ်းကွဲကို လုံးဝ ဖမ်းလို့မမိခဲ့ဘူး"

ရာဗစ်က ဆိုသည်။

"မင်းပြောချင်တာက... ယုန်တစ်ကောင်က အမှန်တရားရုံးတော်လို့ ခေါ်တဲ့ အဖွဲ့အစည်းဆီကနေ ထွက်ပြေးလွတ်မြောက်သွားတာလား"

ဖုန်းပုကြွယ်က ပြုံးလျက် မေးလိုက်သည်။

ရာဗစ်က ပခုံးတွန့်ပြသည်။

"ငါ့ဝမ်းကွဲက ဘယ်နေရာကမဆို ထွက်ပြေးနိုင်တယ်၊ သူလုပ်ရမှာက နံရံပေါ်မှာ အနက်ရောင် အပေါက်တစ်ခု ဆွဲပြီး အဲဒီထဲကို တွားဝင်သွားဖို့ပဲ..."

"ဟား... ဟားဟား..."

ဖုန်းပုကြွယ်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်သွားပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

စကားလမ်းကြောင်းကို ပြန်တည့်ပေးလိုက်သူမှာ ဘီလီဖြစ်သည်။

"ဖော့စ် မရောက်ခင်က ငါတို့ထောင်စောင့်က တကယ်တော့ ဆမ် မွန်တီယာပဲ၊ သူ အချိန်သခင်ကို သစ္စာမဖောက်ခင်က ငါတို့ သုံးယောက်ကို လွှတ်ပေးခဲ့သေးတယ်၊ အဲဒီအချိန်တုန်းက မင်းနဲ့ငါ တစ်ခါ ဆုံခဲ့ဖူးတာပေါ့"

"အင်း... တကယ်တော့ အဲဒါက လွန်ခဲ့တဲ့ ငါးရက်၊ ခြောက်ရက်လောက်ကပဲ ရှိသေးတာပါ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"အဲဒါက မင်းအတွက်ပါ"

ဘီလီက ဆိုသည်။ သူက ဆက်ပြောသည်။

"ဆမ် မွန်တီယာက အကြာကြီး ထွက်မပြေးနိုင်ဘဲ အချိန်သခင်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်၊ သူက မကြာခင်မှာပဲ ငါတို့ ရှိတဲ့နေရာကို ဖော်လိုက်လို့ သေဒဏ်ကနေကင်းလွတ်ခွင့် ရသွားခဲ့တာ၊ ငါကြားတာတော့ သူ နောက်ပိုင်းမှာ မိစ္ဆာဝါးမြိုကျွန်းကို နယ်နှင်ဒဏ် ပေးခံရတယ်တဲ့... ငါတို့လည်း ပြန်အပိတ်ခံလိုက်ရတာပေါ့၊ ထောင်စောင့်ကို ဖော့စ်အဖြစ် ပြောင်းလိုက်ပြီး ငါတို့ရဲ့ ပြစ်ဒဏ်ကလည်း အဆပေါင်းများစွာ တိုးသွားခဲ့တယ်၊ ဒီထောင်ထဲက အချိန်က အကန့်အသတ် မရှိဘူး၊ တခြားနေရာတွေထက် ပိုရှည်တယ်၊ မင်းကတော့ ငါတို့တွေ့ခဲ့တာ ငါးရက်၊ ခြောက်ရက်ပဲ ရှိသေးတယ်လို့ ထင်နေပေမဲ့ ငါ့အတွက်တော့ ဒီထောင်ထဲမှာ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးက အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက ကြာနေခဲ့ပြီ"

ဖုန်းပုကြွယ်သည် ထိုအချက်အလက်များကို ချင့်ချိန်ကြည့်လိုက်သည်။ အရိပ်ဝင်္ကပါတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် မုဆိုးကျွန်းမှ ဖြစ်ရပ်များကို ပေါင်းစပ်လိုက်သောအခါ အချိန်ကာလမှာ ကိုက်ညီနေကြောင်း သူ သိလိုက်ရသည်။ မုဆိုးကျွန်းဇာတ်လမ်းတွင် သူတွေ့ခဲ့သော ဗိုလ်ချုပ်အတု 'ရိန်းစ်ဖို့ဒ်'သည် အကြောင်းရင်းတစ်ခုကြောင့် မိစ္ဆာဝါးမြိုကျွန်းသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် အကျဉ်းကျနေသော ဆမ် မွန်တီယာ၏ ခေါ်ယူခြင်း ခံခဲ့ရပုံရသည်။

"ကောင်းပြီ၊ မင်းတို့ လိမ်ပြောမနေတဲ့ ပုံပါပဲ"

ဖုန်းပုကြွယ်က သူ့နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး သူ၏ ဒုတိယအခြေအနေကို စတင်လိုက်လေသည်။

"ဒါဆို ငါ့ရဲ့ ဒုတိယ အခြေအနေကတော့..."

သူက သူ့ရင်ဘတ်ကို ပုတ်ပြပြီး စားပွဲပေါ်က သေနတ်ကို ညွှန်ပြလိုက်သည်။

"ဒါတွေ အားလုံးပြီးသွားရင် ကျန်နေတဲ့ ကွန်ထရာတံဆိပ်နှစ်ခုနဲ့ ဒီ 'တစ်ချက်တည်းနဲ့ အသေပစ်နိုင်တဲ့ ပစ္စတို' ကို ယူပြီး ဒီဟင်းလင်းပြင်ကနေ ထွက်သွားချင်တာပဲ"

All Chapters