← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅)

"ငါ ကွန်ထရာတံဆိပ်တွေကို တစ်ခုမှတောင် မသုံးရသေးဘူး၊ ငါ့ရဲ့ကိုယ်ပိုင်အချိန်က မိနစ်၄၀ ကုန်သွားပြီ၊ ယုန်ပြောပုံအရဆိုရင် မြေပုံအချိန် ၄၁ မိနစ်မှာ ငါ ထောင်ထဲကို ပြန်ရောက်ပြီး ရုပ်သေးရုပ်ကို သူ့ဆီ လာအပ်ရမယ်၊ တစ်နည်းအားဖြင့် ပြောရရင်... ငါ အရှေ့ဘက်ကိုသွား၊ စတုတ္ထကော်ရစ်ဒါထဲဝင်၊ အရုပ်ကိုဖမ်းပြီး အဆုံးကို ပြန်ရောက်ဖို့ စုစုပေါင်း ၁၈ မိနစ် ကြာလိမ့်မယ်..."

ဇာတ်လမ်းတစ်ခုထဲတွင် ဖုန်းပုကြွယ်အနေဖြင့် ထိုမျှများပြားသော အရာများကို တစ်ပြိုင်နက်တည်း တွက်ချက်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ ထို့အပြင် သူသည် ရုပ်ပိုင်းဆိုင်ရာအရလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ မရပ်မနား ပြေးလွှားနေရမည်မှာ အသေအချာပင်။

"တကယ်လို့ ငါအခုပြန်လှည့်သွားမှာ မီနီဘော့စ်ကို မရှင်းပစ်နိုင်ရင် နောက်တစ်ခေါက် အဆုံးကို ပြန်ရောက်တဲ့အခါကျ အချိန်လောက်တော့မှာ မဟုတ်ဘူး"

တကယ်တမ်းတွင် သူကော်ရစ်ဒါထဲကို ပြေးဝင်လာကတည်းက ကော်ရစ်ဒါထဲ ပြန်ပြေးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

"အခု ပြဿနာက... ငါ မြေပုံအချိန် ၈၅ မိနစ်မှာ ထောင်ထဲက ထွက်လာတာဆိုတော့ ငါ့မှာ ဒီကော်ရစ်ဒါထဲက မီနီဘော့စ်ကို နှိမ်နင်းဖို့ ၇ မိနစ်ပဲ အချိန်ရှိတော့တယ်"

ထိုသို့တွေးတောရင်း သူ့ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

"ဒါကိုသာ ငါလုပ်နိုင်ပြီး ကော်ရစ်ဒါအဆုံးထိရောက်ဖို့ ၂၃ မိနစ်ထက် ပိုမကြာဘူးဆိုရင် မြေပုံအချိန်ကြောင့် ဂိမ်းရှုံးမှာ မဟုတ်တော့ဘူး"

ထိုသို့တွေးနေစဉ် အရှေ့ဘက်လမ်းတွင် တံခါးတစ်ချပ် ပေါ်လာလေသည်။ ဒုတိယမြောက် ကော်ရစ်ဒါ၏ နံရံပေါ်တွင် အခန်းတံခါးတစ်ချပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

သို့သော် ဤတံခါးသည် အယ်လ်ဒန်ရှိရာ တတိယကော်ရစ်ဒါရှိ သစ်သားတံခါးအိုကြီးနှင့် လုံးဝမတူပေ။ ဤတံခါးသည် ဇီဝလက်နက်များ သိုလှောင်သည့် ဂိုဒေါင်တံခါးနှင့် ပိုတူနေသေးသည်။

တံခါးဘောင်ကို သတ္တုဖြင့် ပြုလုပ်ထားပြီး ပြောင်လက်တောက်ပနေလေသည်။ တံခါးချပ်ကြီးမှာလည်း ထူထဲလှသော သတ္တုနံရံကြီးတစ်ခုနှယ်ပင်။ တံခါးတွင် လက်ကိုင်ဖုမရှိဘဲ စက်ဝိုင်းပုံစံ ဘီးလက်ကိုင်တစ်ခုသာ ရှိသည်။

ထိုမြင်ကွင်းက ဖုန်းပုကြွယ်ကို သူအရင်က ကစားခဲ့ဖူးသည့် လွှ(Saw) ဇာတ်လမ်းကို ပြန်သတိရစေသည်။ ရေခဲတိုက်နှင့်တူသော ထိုအခန်းတွင်လည်း ထိုကဲ့သို့ ခိုင်ခံ့ထူထဲသော သတ္တုတံခါးကြီး ရှိခဲ့ဖူးသည်။

'ဒါက လှည့်ကွက်ဟောင်းကိုပဲ ပြန်သုံးတာလို့တော့ မပြောနဲ့နော်...'

ဖုန်းပုကြွယ် တွေးလိုက်သော်လည်း သူ့လက်များက ရပ်တန့်မနေခဲ့ပေ။ သူသည် တုံ့ဆိုင်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း အလျဉ်းမရှိခဲ့ပါ။

ထိုအချိန်တွင် ဖုန်းပုကြွယ်၌ ခံစားချက်တစ်ခုသာ ရှိနေခဲ့သည်။ တံခါးနောက်ကွယ်က မီနီဘော့စ်ကို သတ်ကိုသတ်ရမည်ဟူသော ခံစားချက်မျိုးပင်...။

အစောပိုင်းက မိနစ် ၈၀ ကျော်အချိန်တွင် အကျဉ်းခန်းလေးခန်းထဲ၌ ပိတ်မိနေသော မီနီဘော့စ်သည် ဘီလီဟုခေါ်သည့် ရုပ်သေးရုပ်တစ်ခုတည်းသာ ရှိသည်။ ရာဗစ်က ဖုန်းပုကြွယ်ကို အတိတ်သို့ပြန်သွားပြီး ထိုအကျဉ်းသားကို ဖမ်းလာရန်သာ ခိုင်းခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး ကော်ရစ်ဒါထဲက မီနီဘော့စ်နှင့် ပတ်သက်၍မူ ရာဗစ်က နောက်ဆုံးမှ သွားရန် ပြောခဲ့သည်။ ဤအချက်သည် သူ အရှေ့ဘက်တွင် မြင်ခဲ့ရသော မြင်ကွင်းနှင့် ဆက်စပ်နေပေလိမ့်မည်။ ကိုယ်ပိုင်အချိန်အရဆိုလျှင် ဖုန်းပုကြွယ်သည် ပထမကော်ရစ်ဒါသို့ မသွားမီ နောက်ဆုံးအကြိမ်အဖြစ် ကော်ရစ်ဒါအဆုံးသို့ ရောက်ရှိသွားနိုင်ပြီး ထိုသို့ရောက်ပြီးနောက်တွင် ထောင်ထဲသို့ ပြန်မလာတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ထိုအကြောင်းကို ခေတ္တဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိအနေအထားအရ ဒုတိယကော်ရစ်ဒါထဲက အကျဉ်းသားမှာ အသတ်ခံရဖို့ များနေသည်။ ထိုအချက်ကို အခြေခံ၍ ဖုန်းပုကြွယ်သည် ရှေ့ဘက်သို့ပြန်သွားကာ စတုတ္ထကော်ရစ်ဒါသို့သွားပြီး ရုပ်သေးရုပ်ကို ဖမ်းရမည်ဖြစ်သည်။ သူ နောက်ဆုံးအကျဉ်းခန်းသို့ ပြန်ရောက်သောအခါ သူ့ဆီတွင် ဆေးရည်သုံးပုလင်း၊ ရုပ်သေးရုပ်တစ်ရုပ်နှင့် ဒုတိယကော်ရစ်ဒါထဲက အကျဉ်းသား သေဆုံးသွားပြီဖြစ်ကြောင်း သတင်းစကားတို့ ရှိနေပေလိမ့်မည်...။ ထို့ကြောင့်လည်း ရာဗစ်သည် ထိုအကျဉ်းသား အကျဉ်းခန်းထဲတွင် မရှိတော့သည့်အပေါ် ဘာမှတ်ချက်မှ မပေးခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုဖြစ်စဉ်အရ ၄၁ မိနစ်ရှိသော အကျဉ်းခန်းသို့ ရောက်ရှိနေသည့် ဖုန်းပုကြွယ်၏ ကိုယ်ပိုင်အချိန်မှာ ၄၀ အပေါင်း ၁၈ ဖြစ်သင့်သည်။ ဒုတိယကော်ရစ်ဒါကို ဖြတ်သန်းခဲ့သည့် အချိန်ကိုပါ ထည့်တွက်မည်ဆိုလျှင် သူ၏ ကိုယ်ပိုင်အချိန်မှာ မိနစ် ၇၀ ကျော်နေပြီ ဖြစ်ပေလိမ့်မည်။

နောက်ဆုံး မိနစ် ၂၀ သည် အဆုံးကနေ ပထမကော်ရစ်ဒါထဲကို ဝင်ဖို့ အချိန်လုံလောက်ရုံသာ ရှိသည်။ အချိန်ဆိုင်ရာ ရှေ့နောက်မညီမှုသာ မရှိပါက အစောပိုင်းက မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ဘာကြောင့်လဲ။ ထိုအချိန်ရောက်မှသာ သူ သိနိုင်ပေလိမ့်မည်။

"ဟစ်... ဟစ်..."

ဖုန်းပုကြွယ်သည် ခါးကိုကိုင်း ဒူးကိုကွေးကာ သူ့လက်မောင်းများကို အားကုန်သုံးလိုက်သည်။ ထိုအခါမှသာ ဘီးလက်ကိုင်က အနည်းငယ် ရွေ့လျားသွားတော့သည်။ တစ်ခါစတင် ရွေ့လျားသွားပါက ကျန်တာ သိပ်မခက်ခဲတော့ပေ။ သူသည် ဘီးလက်ကိုင်ကို နာရီလက်တံပြောင်းပြန်အတိုင်း သုံးလေးပတ်ခန့် လှည့်လိုက်သည်။ 'ကလစ်' အသံနှင့်အတူ သတ္တုတံခါးပေါ်က သော့မှာ ပွင့်သွားပုံရသည်။

ဤသတ္တုတံခါးမှာ အပြင်ဘက်သို့ ဆွဲဖွင့်ရခြင်းဖြစ်ရာ ဖုန်းပုကြွယ်သည် ထူထဲလှသော တံခါးချပ်ကြီးကို သူ့ဘက်သို့ အားကုန်သုံးကာ ဆွဲဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် အခန်းထဲမှ အနီရောင်အလင်းတန်းက ကော်ရစ်ဒါထဲသို့ ဖြာထွက်လာခဲ့သည်။

ဖုန်းပုကြွယ်သည် တံခါးအတွင်းဘက်သို့ မသိစိတ်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ ယင်းမှာ စက္ကန့်ပိုင်းမျှသာ ဖြစ်သော်လည်း ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်ရသည်။ ယင်းသည် ဆက်တိုက်ဖြစ်သွားသော လှုပ်ရှားမှုများ ဖြစ်သော်လည်း အခန်းထဲက မကောင်းဆိုးဝါး၏ ပုံရိပ်ကား ဖုန်းပုကြွယ်၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ တစ်စက္ကန့်အကြာတွင် ကံဆိုးစွာဖြင့် အခန်းထောင့်တွင် ရပ်နေသော ထိုမကောင်းဆိုးဝါးကို သူ မှတ်မိသွားခဲ့သည်...။

"သေစမ်း"

ဖုန်းပုကြွယ်ပါးစပ်မှ ထိုစကားလုံး ထွက်လာသည်နှင့် ထိုမကောင်းဆိုးဝါးက ကော်ရစ်ဒါထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။ ၎င်းသည် ဖုန်းပုကြွယ်ဘေးတွင်ရပ်ကာ မယုံနိုင်စရာ ခွန်အားနှင့် အရှိန်တို့ဖြင့် လက်များကို ဆန့်ထုတ်လိုက်ပြီး ဖုန်းပုကြွယ်၏ လည်ပင်းကို ချိုးပစ်လိုက်တော့သည်...။

...

[SCP-173 နှင့် ပတ်သက်သော အချက်အလက်များ]

ပရောဂျက်ကုဒ် - SCP-173 (ရုပ်တု)

အဆင့် - Euclid(ယူကလစ်)

ဇီဝဗေဒဆိုင်ရာ ဝိသေသလက္ခဏာများ - သက်ရှိလက္ခဏာများ ပြသနေသော သက်မဲ့အရာဝတ္ထု

ရင်းမြစ် - အမည်မသိ

ခန္ဓာကိုယ် ဖွဲ့စည်းပုံ - ဆောက်လုပ်ရေး ပစ္စည်းများ

ခန္ဓာကိုယ် အတွင်းပိုင်း - သက်ရှိ သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများ မရှိပါ

ဇီဝဖြစ်စဉ် - ရှိပါသည်၊ စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို အတည်ပြုထားပါသည်

အာရုံခံစားနိုင်စွမ်း - ရှိပါသည်၊ တစ်စုံတစ်ယောက်က မိမိကို ကြည့်နေသလား၊ မကြည့်ဘူးလား ဆိုသည်ကို အတည်ပြုနိုင်ပါသည်

ရွေ့လျားပုံ - မသိရှိရ၊ တယ်လီပို့

အမူအကျင့် - သက်ရှိအားလုံး၏ လည်ပင်းကို ချိုးပစ်ခြင်း

အထူးထိန်းချုပ်မှု နည်းလမ်းများ - SCP-173 ကို သော့ခတ်ထားသော ထိန်းချုပ်ဧရိယာအတွင်း အမြဲတမ်း ထားရှိရမည်။ အကယ်၍ မည်သူမဆို ထိုဧရိယာအတွင်းသို့ ဝင်ရောက်ရန် လိုအပ်ပါက အနည်းဆုံး လူသုံးယောက် ရှိရမည်။ ထို့အပြင် ဝင်ရောက်ပြီးနောက် တံခါးကို ပြန်လည် သော့ခတ်ထားရမည်။ အလုပ်မပြီးမချင်းနှင့် တံခါးကို ပြန်မဖွင့်မချင်း အနည်းဆုံး လူနှစ်ယောက်မှာ SCP-173 နှင့် မျက်လုံးချင်း မပြတ် ထိတွေ့ထားရမည်။

ဖော်ပြချက် - SCP-173 ကို ၁၉၉၃ ခုနှစ်တွင် Precinct 19 သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်း၏ ရင်းမြစ်ကို မသိရှိရပေ။ ၎င်းကို ကွန်ကရစ်၊ သံမဏိတို့ဖြင့် တည်ဆောက်ထားပြီး Krylon ဆေးမှုတ်ဘူး၏ အကြွင်းအကျန်များ ပါဝင်သည်။ SCP-173 သည် ရွေ့လျားနိုင်ပြီး ပြင်းထန်သော ရန်လိုမှု ရှိသည်။ သို့သော် ၎င်းကို တစ်စုံတစ်ယောက်က ကြည့်နေချိန်တွင်မူ လုံးဝ မရွေ့လျားနိုင်ပေ။

SCP-173 နှင့် မျက်လုံးချင်းဆုံမှုကို မည်သည့်အချိန်တွင်မှ ဖြတ်တောက်၍ မရပါ။ SCP-173 နှင့် အခန်းတစ်ခန်းတည်းတွင် ရှိနေသူများသည် မျက်တောင်မခတ်မီ တစ်ဦးကိုတစ်ဦး သတိပေးရမည်။

SCP-173 ကို တစ်စုံတစ်ယောက်က ကြည့်မနေချိန်တွင် ၎င်းသည် ပစ်မှတ်၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာပြီး ဦးခေါင်းနှင့် လည်ပင်းကြားကအဆစ်ကို ချိုးကာ ပစ်မှတ်ကို သတ်ပစ်လိမ့်မည်။ တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း ဝန်ထမ်းများသည် အဆင့် (၄) ရှိသော အန္တရာယ်ရှိ အရာဝတ္ထု ထိန်းချုပ်မှု လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာရမည်။

ဝန်ထမ်းများ၏ အစီရင်ခံစာအရ လူသူမရှိသော ထိန်းချုပ်ဧရိယာအတွင်းမှ ကုတ်ခြစ်သံများ ထွက်ပေါ်လာတတ်ကြောင်း သိရသည်။ ယင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ ပစ်မှတ်၏ အမူအကျင့်များ ပြောင်းလဲသွားပါက တာဝန်ကျ HMCL ကြီးကြပ်ရေးမှူးထံ အစီရင်ခံရမည်။

ကြမ်းပြင်ပေါ်ရှိ နီညိုရောင် အရာဝတ္ထုများမှာ မစင်နှင့် သွေးများ ဖြစ်သည်။ ထိုအရာများ၏ ရင်းမြစ်ကို မသိရှိရပေ။ ထိန်းချုပ်ဧရိယာကို နှစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ရမည်။

...

ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး သူသည် ကော်ရစ်ဒါထိပ်ဘက်ရှိ ယပ်တောင်ပုံစံ ဧရိယာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ စနစ်မှ ပြောလာသည်။

"သင်ရဲ့အိုင်တမ်ဖြစ်သော ကွန်ထရာတံဆိပ်ကို အသုံးပြုလိုက်ပါပြီ"

'ငါ ဘာလို့ ဒီရောက်နေတာလဲ'

ဤမေးခွန်းသည် ဖုန်းပုကြွယ်ခေါင်းထဲသို့ ပထမဆုံး ဝင်လာသော မေးခွန်းဖြစ်ပြီး သူကိုယ်တိုင် အဖြေကို ချက်ချင်း ရှာတွေ့လိုက်သည်။

'ဒါဆို ငါသေပြီးရင် အခုရှိနေတဲ့ အချိန်-ဟင်းလင်းပြင်ဇုန်ရဲ့ 'စတင်ရာနေရာ' မှာ ပြန်ပေါ်လာမှာပေါ့'

သူ တွေးလိုက်သည်။

'ငါ ဘယ်ကော်ရစ်ဒါမှာပဲ သေသေ အဲဒီကော်ရစ်ဒါရဲ့ ထိပ်မှာ ပြန်ပေါ်လာပြီး အဲဒီကော်ရစ်ဒါတံခါးရဲ့ အတွင်းဘက်မှာ ရှိနေမှာပေါ့'

သူသည် အစောပိုင်းက သေနတ်ဖြင့် အပစ်ခံရသည့် ဖြစ်စဉ်ကို ပြန်တွေးကြည့်လိုက်သည်။

'ငါသာ အပြင်ကို ခြေတစ်လှမ်းလှမ်းပြီး ယပ်တောင်ပုံစံ ဧရိယာထဲမှာ သေခဲ့မယ်ဆိုရင်... ငါ ဂိမ်းစတင်ရာ လမ်းဆုံးမှာ ပြန်ရှင်လာရမှာပဲ'

သူ တွေးနေချိန်တွင် သူနှင့် တံခါးတစ်ချပ်သာခြားသော ယပ်တောင်ပုံစံ အခန်းကို ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောဘက်မှ ထူးဆန်းသော ဝူးဝူးဝါးဝါး အသံတစ်ခုနှင့်အတူ ကျောက်တုံးနှင့် သစ်သားကို ကုတ်ခြစ်သည့်အသံ ထွက်ပေါ်လာသည်။

မကောင်းသော ခံစားချက်ကြီးတစ်ခု သူ့ကို လွှမ်းမိုးသွားသော်လည်း ဖုန်းပုကြွယ် ပြဿနာကို သတိပြုမိချိန်တွင် အချိန်နှောင်းသွားခဲ့ချေပြီ။ သူ လှည့်ကြည့်လိုက်ရုံရှိသေးသည် ကျောက်သားလက်မောင်း တစ်စုံက သူ့ကို ဆီးကြိုနေပြီး ဒုတိယအကြိမ်မြောက် လည်ပင်းအညှစ်ခံလိုက်ရပြန်သည်။

"သင်ရဲ့အိုင်တမ်ဖြစ်သော ကွန်ထရာတံဆိပ်ကို အသုံးပြုလိုက်ပါပြီ"

အစောပိုင်းက သူသည် တံဆိပ်လေးခုကို မည်သို့မည်ကို တွေးတောနေခဲ့သော်လည်း ယခုတွင် နှစ်ခုလုံးကို အလကား ကုန်ဆုံးလိုက်ရပြီ ဖြစ်သည်။

ဖုန်းပုကြွယ်သည် SCP-173 ၏ အထူးသဘာဝကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ ဒုတိယအကြိမ် လည်ပင်းညှစ်ခံရပြီး ထိုနေရာတင် ပြန်လည်ရှင်လာသောအခါ သူ့ရှေ့က ထူးဆန်းသော မကောင်းဆိုးဝါးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်တော့သည်။

SCP-173 ၏ ခန္ဓာကိုယ်မျက်နှာပြင်မှာ အင်္ဂတေနှင့်တူ၏။ ယင်းသည် ညစ်ပတ်ပေရေနေသော အဖြူရောင်ကိုယ်ထည်ရှိပြီး ခန္ဓာကိုယ်နှင့် မမျှအောင် ကြီးမားလှသော 'ဦးခေါင်း' တွင်မူ အနီ၊ အနက်နှင့် အစိမ်းရောင် ရောယှက်နေသော အမှတ်အသားတစ်ခု ပါရှိသည်။ ၎င်းသည် အမြင့် ၂ မီတာကျော် ရှိသည်။ အချိုးအစားမကျလှသော ကိုယ်လုံးရှည်ကြီးနှင့် နှိုင်းယှဉ်ပါက ၎င်း၏ခြေထောက်များက တိုတောင်းလှပြီး လက်မောင်းများမှာ ပို၍ပင် တိုနေသေးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်စရာမလိုဘဲ သတ်ဖြတ်နိုင်သော မကောင်းဆိုးဝါးတစ်ကောင်အနေဖြင့် အင်္ဂါအစိတ်အပိုင်းများ ရှည်လျားခြင်း၊ တိုတောင်းခြင်းမှာ တိုက်ပွဲအတွက် အရေးမကြီးပေ။ အမှန်တကယ်တွင် ၎င်းသည် ရန်သူများကို... အထူးသဖြင့် လူသားများကို ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ ဖုန်းပုကြွယ် အစောပိုင်းက ကြုံတွေ့ခဲ့ရသော လည်ပင်းညှစ်ခံရမှု နှစ်ကြိမ်မှာ ယင်းအတွက် အကောင်းဆုံး သက်သေပင် ဖြစ်သည်။

SCP-173 ကို ကိုင်တွယ်ရန် အခြေခံအချက်သည် ၎င်းကို အဆက်မပြတ် 'စောင့်ကြည့်' နေရန်ပင် ဖြစ်သည်။ သက်ရှိတစ်ဦးဦး၏ စောင့်ကြည့်မှုအောက်တွင် SCP-173 မှာ မလှုပ်ရှားနိုင်ပေ။ သို့သော် မျက်တောင်တစ်ခတ်စာမျှ အခွင့်အရေးရသည်နှင့် SCP-173 သည် ပစ်မှတ်ဆီသို့ ချက်ချင်းရောက်ရှိလာပြီး သတ်ဖြတ်ပေလိမ့်မည်။

ဖုန်းပုကြွယ်သည် တတိယအကြိမ် အသတ်မခံလိုတော့ပေ။ သူသည် တောင်ဘက်ကောင်းကင်ဘုံတံခါးမှ အရှေ့ဘက် ဖုန်းလိုင်လမ်းမအထိ ဖရဲသီးလှီးဓားတစ်လက်ဖြင့် သုံးရက်သုံးညတိုင်တိုင် မျက်တောင်မခတ်ဘဲ ခုတ်နိုင်စွမ်း မရှိသလို SCP-173 ကလည်း သူ့ကို စကားပြန်ပြောလိမ့်မည်ဟု မထင်ပေ။

ထို့ကြောင့် နောက်တစ်စက္ကန့်တွင် တစ်ချက်တည်းနှင့် အသေပစ်နိုင်သော ပစ္စတို၏ အသံ ထွက်ပေါ်လာလေသည်။ SCP-173 ၏ ခန္ဓာကိုယ်ကို ထိုပစ္စတိုကျည်ဆန်လေးက ထိမှန်သွားပြီး အမှန်တကယ် ပေါက်ကွဲသွားတော့သည်။

SCP-173 အသတ်ခံရလျှင် ဘာဖြစ်မလဲကို ဖုန်းပုကြွယ် တစ်ခါမှ မတွေးဖူးခဲ့သော်လည်း ယခုအခါ ဖြစ်နိုင်ခြေတစ်ခုကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဖြူဖျော့သော ကွန်ကရစ်ကိုယ်ထည်က တစ်စစီ ပြိုကွဲသွားပြီး လက်သီးဆုပ်ခန့်ရှိသော အပိုင်းအစအချို့ ဖုန်းပုကြွယ်ကို ထိမှန်ခဲ့သော်လည်း ထိုဒဏ်ရာမှာ သေစေလောက်သည်အထိတော့ မပြင်းထန်ပေ။

SCP-173 ၏ ခန္ဓာကိုယ်အတွင်းမှ သွေးအမြောက်အမြားသည် မှင်ရည်များ ပက်လိုက်သကဲ့သို့ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်ထွက်လာခဲ့သည်။ သူသည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။ နောက်ဆုံးတွင် ဒုတိယကော်ရစ်ဒါ၏ တံခါးနှင့် တစ်မီတာ နှစ်မီတာအကွာတွင် သွေးများ ပေကျံနေသော လူတစ်ယောက်၊ နီရဲနေသော သွေးကွက်ကြီးတစ်ခုနှင့် နေရာအနှံ့ ပျံ့ကျဲနေသော ထူးဆန်းသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုသာ တွေ့ရတော့သည်။

ဖုန်းပုကြွယ်သည် သူ့မျက်နှာကို သုတ်ပြီး 'သွေး' နံ့ကို နမ်းကြည့်လိုက်သည်။

"အင်း... သွေးစစ်စစ်ပါပဲ"

အမှန်တကယ်တော့ သူသည် ထိုသွေးထဲတွင် မစင် သို့မဟုတ် အခြားအရာများ ပါဝင်နေမည်ကို စိုးရိမ်သောကြောင့် သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းသာ ဖြစ်သည်။

ကြမ်းပြင်ပေါ်က ခန္ဓာကိုယ်အပိုင်းအစများကြားတွင် တောက်ပနေသော နေရာတစ်ခု ရှိနေလေသည်။ ယင်းမှာ RPG ဂိမ်းများတွင် ကြမ်းပြင်ပေါ်၌ ပစ္စည်းများ ကျနေပါက လက်ခနဲ လက်ခနဲ ဖြစ်နေတတ်သည့် ပုံစံမျိုးပင်။

ဖုန်းပုကြွယ်သည် ထိုကဲ့သို့ သိသာထင်ရှားသော အရိပ်အယောင်ကို လျစ်လျူမရှုခဲ့ပေ။ သူ လျှောက်သွားပြီး ထိလိုက်သောအခါ ထိုအလင်းသည် အိုင်တမ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းတွင် စနစ်၏ အသိပေးချက်လည်း သူ့နားထဲသို့ ရောက်ရှိလာခဲ့သည်။

“အဓိကမစ်ရှင် တိုးတက်မှုကို အဆင့်မြှင့်တင်လိုက်ပါပြီ။ ဓာတုဆေးရည် ရှာဖွေရန် (၁/၄)”

အခန်း (၁၇၆)

ဖုန်းပုကြွယ်သည် SCP-173 ထံတွင် ဆေးရည်ရှိနေသည့်အတွက် ကျေးဇူးတင်မိသည်။ အကယ်၍ ထိုမီနီဘော့စ်ကို သတ်ပြီးနောက် ဆေးရည်မရခဲ့ပါက ဒုတိယကော်ရစ်ဒါ အလယ်ရှိ အခန်းထဲတွင် ပြန်လည်ရှာဖွေရပေဦးမည်။ ကံကောင်းထောက်မစွာဖြင့် ထိုသို့ဖြစ်မလာခဲ့ပေ။ သူသည် မစ်ရှင်ပစ္စည်းကို ရရှိခဲ့ရုံသာမက သူ၏သေဆုံးမှုက ကော်ရစ်ဒါကို ဖြတ်သန်းရမည့် အချိန်ကိုပါ သက်သာစေခဲ့သည်။ ထိုသို့ဆိုလျှင် ကွန်ထရာတံဆိပ်နှစ်ခုကို အသုံးပြုလိုက်ရခြင်းမှာ အလွန်တန်သည်ဟု ဆိုရမည် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဆေးရည်ရရှိပြီးနောက် ချက်ချင်း ထွက်မသွားသေးပေ။ သူသည် ဆောင့်ကြောင့်ထိုင်၍ အလောင်းအပိုင်းအစများကြားတွင် အခြားဆုလာဘ်များ ရှိမရှိ စတင်ရှာဖွေတော့သည်။ မည်သို့ပင်ဖြစ်စေ သူ့လက်များနှင့် ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေပြီဖြစ်ရာ အနည်းငယ် ပိုပေသွားလည်း သူ ဂရုမစိုက်တော့ပေ။ ထို့အပြင် သူသည် ညစ်ပတ်ပေရေမှုကို ကြောက်ရွံ့တတ်သူလည်း မဟုတ်ပေ။

ယင်းကို သူ၏ အားသာချက်တစ်ခုဟု ဆိုရပေမည်။ ဖုန်းပုကြွယ်သည် သာမန်လူတစ်ယောက်အတွက် သည်းမခံနိုင်စရာ အရာများကို တည်ငြိမ်စွာ ကြည့်ရှုနိုင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။ ဥပမာအားဖြင့် သုံးရက်ခန့်ပစ်ထား၍ ယင်ကောင်များ ဥအုနေပြီဖြစ်သော အလောင်းများ သို့မဟုတ် အမှိုက်ဟောင်းများထဲက ဖျံသိုက်များမှာ သူ၏သည်းခံနိုင်စွမ်း အကန့်အသတ်အတွင်းတွင် ရှိနေခြင်းဖြစ်သည်။ လက်တွေ့တွင်မူ သူသည် ရွံရှာဖွယ်ရာ အသစ်အဆန်းတစ်ခုနှင့် တွေ့တိုင်း သူ့သည်းခံနိုင်စွမ်းက မြင့်တက်လာတတ်သည်။ တစ်နည်းအားဖြင့် သူသည် အကန့်အသတ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏ အနိမ့်ဆုံးစံနှုန်းအသစ်တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

အလောင်းကို ရှာဖွေရာတွင် အချိန်များစွာ မယူလိုက်ရချေ။ မစ်ရှင်ပစ္စည်းမှလွဲ၍ ဘော့စ်ထံတွင် ဘာမှမရှိကြောင်း အတည်ပြုရန် တစ်မိနစ်သာ လိုအပ်ခဲ့သည်။

ဖုန်းပုကြွယ်သည် ပစ္စည်း၏ ဖော်ပြချက်ကို ဖတ်ရှုရင်း မတ်တတ်ရပ်ကာ ယပ်တောင်ပုံစံ ဧရိယာထဲသို့ လျှောက်သွားလိုက်သည်။

အမည် - အမည်မသိ ဓာတုဆေးရည် (B)

အမျိုးအစား - ဇာတ်လမ်းဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အဆိပ်ဖြေဆေးဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများထဲမှ တစ်ခု။

ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်ခြင်း - မရှိပါ

မှတ်ချက် - တူညီသော ပစ္စည်းများနှင့် ထပ်၍ မရနိုင်ပါ။

"ဒါ ထူးဆန်းတယ်..."

ဖုန်းပုကြွယ်သည် မှတ်ချက်ကို မြင်သောအခါ ပြဿနာတစ်ခုကို သတိရသွားသည်။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲတွင် နေရာ ၇ ခု ယူထားပြီး ဖြစ်သည်။ အထဲတွင် ရှိနေသော ပစ္စည်းများမှာ မာရီယို၏ ဂွ၊ လက်နှိပ်ဓာတ်မီး၊ ကြေးရုပ် ၁၈ ရုပ်၏ ထိုင်ခုံ (နံပါတ် ၅)၊ SCP-500 (၁၉/၂၀)၊ ဆွဲငင်အားဆန့်ကျင် သေနတ်၊ ကွန်ထရာတံဆိပ် ၂ ခုနှင့် တစ်ချက်ပစ်ပစ္စတို တို့ဖြစ်သည်။

ထို 'အမည်မသိ ဓာတုဆေးရည် (B)' ကို ထပ်ပေါင်းလိုက်လျှင် သူ၏ သိုလှောင်အိတ်သည် ၈/၁၀ ဖြစ်သွားပြီ ဖြစ်သည်။ မှတ်ချက်အရဆိုလျှင် ဆေးရည် A၊ C နှင့် D တို့သည် တစ်ပုလင်းလျှင် နေရာတစ်ခုစီ ယူပေလိမ့်မည်။

အိတ်ကပ်ထဲ ထည့်ထားသည်မှလွဲ၍ ဖုန်းပုကြွယ် နောက်ဆုံးဆေးရည်ကို ရရှိချိန်တွင် သူ၏ သိုလှောင်အိတ်မှာ အပြည့်ဖြစ်နေပေလိမ့်မည်။ သို့သော် သူသည် နောက်ဆုံးဆေးရည်ကို သိုလှောင်အိတ်ထဲ ထည့်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ဆေးရည်လေးပုလင်းလုံး ရရှိသွားသည်နှင့် သူသည် ယင်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်နိုင်ပြီး သိုလှောင်အိတ် နေရာမလောက်သော အခက်အခဲမျိုး ရှိလာမည် မဟုတ်သောကြောင့် ဖြစ်သည်။

ယင်းက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ဂိမ်းအစတွင် ဘီလီက ရေဒီယိုမှတစ်ဆင့် SCP-500 အကြောင်း ပြောခဲ့သည်နှင့် ပေါင်းစပ်လိုက်သောအခါ... ဖုန်းပုကြွယ်သည် ဤဂိမ်းဒီဇိုင်းနာမှာ သူ့အခြေအနေကို ကောင်းကောင်းသိနေသည်ဟု ပို၍ ယုံကြည်မိလာတော့သည်။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ ပစ္စည်းများကိုသာမက သူ၏ ကျွမ်းကျင်မှုများ၊ သက်လုံနှင့် ကိရိယာပစ္စည်းများကိုပါ ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်သည်။

အကယ်၍ ဤဇာတ်လမ်းကို စနစ်က ကစားသမား၏ ဝိသေသလက္ခဏာများအပေါ် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်ပါက... ဤ 'ဂိမ်း' ကို စနစ်က ဒီဇိုင်းထုတ်ထားခြင်းပင် ဖြစ်ရမည်။ ဘီလီမှာမူ စနစ်၏ သတင်းပို့သူတစ်ဦးသာ ဖြစ်သည်။ ထိုသို့ဆိုလျှင်... ဘီလီကိုယ်တိုင်က "ငါ ဒီဂိမ်းကို ဒီဇိုင်းထုတ်ခဲ့တာ" ဆိုသည့် အသိစိတ်ကို စနစ်က သွင်းပေးထားခြင်းများ ဖြစ်လေမလား။

ထို့ကြောင့် သူ အပြတ်အသတ်အောင်နိုင်ခြင်းကို အသုံးပြုချိန်တွင် ဘာကိုမှ မမြင်ရခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤဇာတ်လမ်းတွင် အစ်အမှန်ဘော့စ် မရှိသောကြောင့် ဖြစ်သည်။ ယင်းတွင် စည်းမျဉ်းများ၊ ကစားသမားတစ်ဦးနှင့် သတ်မှတ်ထားသော နယ်ရုပ်အချို့သာ ရှိနေခြင်းဖြစ်သည်။

ဖုန်းပုကြွယ် ယပ်တောင်ပုံစံ ဧရိယာသို့ ပြန်ရောက်သောအခါ ဒုတိယကော်ရစ်ဒါဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ ခန္ဓာကိုယ် အပိုင်းအစများနှင့် သွေးကွက်များ အားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားမိသည်။ ယင်းသည် ကော်ရစ်ဒါအလွတ်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသော်လည်း သူ့ခန္ဓာကိုယ်တွင်တော့ သွေးများ ရှိနေဆဲပင်။

"ဆိုတော့... ဒါက ဒီလိုကိုး..."

ဖုန်းပုကြွယ် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူသည် ထိုနေရာတွင် ကြာကြာမနေခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပိုင်အချိန်သည် ၄၆ မိနစ်ခန့် ရှိနေပြီဖြစ်သည်။ အားလုံး ချောချောမွေ့မွေ့ဖြစ်သွားပါက ၆၅ မိနစ်တွင် သူသည် မြေပုံအချိန် ၄၁မိနစ် ရှိသော အကျဉ်းခန်းထဲ၌ ဆေးရည်သုံးပုလင်းနှင့်အတူ ပေါ်လာပေလိမ့်မည်။

ပျမ်းမျှအချိန်အရ ယင်းမှာ အတိအကျပင် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ယင်းကို တွေးတောနေရင်း စတုတ္ထကော်ရစ်ဒါထဲသို့ ဝင်ကာ အရှိန်ပြင်းပြင်း ပြေးလွှားလိုက်သည်။ ကွန်ထရာတံဆိပ်က သူ့ကို ပြန်လည်ရှင်သန်စေခဲ့သော်လည်း သူ၏ သက်လုံအမှတ်များက ပြန်ပြည့်မလာခဲ့ဘဲ မူလအတိုင်းသာ လျော့နည်းနေခဲ့သည်။ ဂျက်ဇ်ဖိနပ်များ၏ အကူအညီရှိသော်လည်း ဖုန်းပုကြွယ်၏ သက်လုံအမှတ်များမှာ ကုန်ခမ်းလာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် ၈၉၄/၁၈၀၀ ၌ ရှိနေသည်။ ယင်းမှာ လမ်းတစ်ဝက်ကျော်ရုံသာ ရှိသေးသော်လည်း မာရသွန်ပြေးဖူးသူတိုင်းသည် ရှေ့သို့ ပိုပြေးရလေလေ ပိုပင်ပန်းလာလေလေ ဖြစ်သည်ကို သိကြသည်။ ထို့အပြင် ဖုန်းပုကြွယ်သည် မာရသွန်ကို အဆက်မပြတ် ပြေးနေရခြင်း ဖြစ်သည်။

ဤဇာတ်လမ်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာစွမ်းအား နှစ်မျိုးလုံးကို အသုံးပြုရသော မာရသွန်ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ဤမာရသွန်သည် အားကစားစိတ်ဓာတ်အကြောင်း မဟုတ်ဘဲ သေခြင်းတရားနှင့် နီးကပ်နေသော စိတ်ပျက်အားငယ်စရာ ဂိမ်းတစ်ခုသာ ဖြစ်သည်။

...

ကော်ရစ်ဒါထဲသို့ ဝင်လာပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ငါးမိနစ် ကုန်ဆုံးသွား၏။ အခန်းတံခါးသည်လည်း သူ့ရှေ့တွင် တစ်ချိန်တည်း ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ကော်ရစ်ဒါတစ်ခုလုံးကို အပြည့်အဝ မပြေးခဲ့ရသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် တတိယကော်ရစ်ဒါ၏ ပထမတစ်ဝက်ကိုသာ ပြေးခဲ့ရပြီး ဒုတိယကော်ရစ်ဒါ၏ ဒုတိယတစ်ဝက်ကိုသာ ပြေးခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် မီနီဘော့စ်ရှိသော အခန်းကို အရှေ့နှင့်နီးသလား၊ အနောက်နှင့်နီးသလားကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် စတုတ္ထကော်ရစ်ဒါ၏ အစမှ အဆုံးအထိ အကွာအဝေးကို ခန့်မှန်းနိုင်လျှင်ပင် ကျန်ကော်ရစ်ဒါများနှင့် နှိုင်းယှဉ်ပါက ဘယ်လမ်းက အတိုဆုံးလဲကို သူ မပြောနိုင်ချေ။

"ယုန်က ဘယ်လမ်း အတိုဆုံးလဲကိုမသိတာ မဆန်းတော့ပါဘူး"

ဖုန်းပုကြွယ် သူ့ဘာသာ ရေရွတ်လိုက်သည်။

"ပထမအချက် သူက ပထမကော်ရစ်ဒါကိုပဲ ရောက်ဖူးတာ၊ ဒုတိယအချက်က... ၄၁ မိနစ်မှာ ပေါ်လာတဲ့ 'ငါ' က ကော်ရစ်ဒါ သုံးခုလုံးကို ဖြတ်ပြေးခဲ့ပေမဲ့ ဘယ်လောက်ရှည်လဲဆိုတာကို အခုထိ မသိသေးတာပဲ၊ ငါသာ သိရင် ယုန်ကို ပြောပြခဲ့မှာပေါ့"

သူသည် ဆာကာမိုတိုစတိုင်လ်ဖြင့် လျှောတိုက်ကာ တံခါးဝသို့ ရောက်ရှိသွားသည်။ တံခါးလက်ကိုင်ကို လှမ်းကိုင်ကာ တွန်းဖွင့်လိုက်လေသည်။

ယင်းသည် သံချေးတက်နေသော သံတံခါးတစ်ချပ် ဖြစ်သည်။ ယင်းသည် Saw ရုပ်ရှင်ကို အမှတ်ရစေပြီး အခန်းကလည်း မှောင်မည်းနေသော မြေအောက်ခန်းနှင့် တူလှသည်။ တံခါးပွင့်သွားသည်နှင့် ဂီယာများနှင့် ဝင်ရိုးများ လှုပ်ရှားသံကို ကြားလိုက်ရသည်။ ယင်းမှာ စက်ယန္တရားတစ်ခုခုကို နှိုးဆော်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဖုန်းပုကြွယ်သည် သူ့ကိုယ်သူ ထွက်ပြေးရန်လမ်းကြောင်း ချန်မထားရန် ဆုံးဖြတ်လိုက်သည်။ တံခါးကို တစ်ခုခုနှင့် ပိတ်ထားခြင်းက အလကားဖြစ်သွားနိုင်ကြောင်းကိုလည်း သူ သိနေသည်။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲတွင် တံခါးကိုပိတ်နိုင်သည့် ပစ္စည်းလည်း တစ်ခုမှမရှိပေ။ ဓာတ်မီးနှင့် ထိုင်ခုံတို့မှာ ကြိတ်ခြေခံရနိုင်ပြီး ဂွကမူ... ကျိုးသွားခဲ့လျှင် ဆုံးရှုံးမှုကြီးပေလိမ့်မည်...။

ကလစ်။

မီးများ လင်းလာပြီး အခန်းတစ်ခုလုံးကို လင်းကျင်းသွားစေသည်။ မြေအောက်ခန်း၏ အပေါ်ဘက်တွင် သံကြိုးဖြင့် ချိတ်ဆွဲထားသော သံလှောင်အိမ်တစ်ခု ရှိနေသည်။ အရုပ်ဘီလီသည် ထိုလှောင်အိမ်ထဲတွင် ရှိနေခြင်းဖြစ်သည်။ ၎င်း၏ အနီတစ်လုံး အနက်တစ်လုံး မျက်လုံးများသည် သံတိုင်များကြားမှ ဖုန်းပုကြွယ်ကို ငုံ့ကြည့်နေလေသည်။

အသံနိမ့်နိမ့်နှင့် ကြမ်းရှရှ အသံက ရုပ်သေးထံမှ ထွက်ပေါ်လာခဲ့သည်။

"ဟဲလို... ဖုန်းပုကြွယ်၊ ငါ မင်းနဲ့ ဂိမ်းတစ်ခု ကစားချင်တယ်"

All Chapters