← Chapters

အခန်း (၅၅၉-၅၆၀)

Vol. 53 Ch. 559-560

အခန်း (၅၅၉-၅၆၀)

Vol. 53 Ch. 559-560

အခန်း (၅၅၉)

‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ ခန်းမဆောင်ကြီးသည် မကြုံစဖူးသော ကပ်ဘေးကြီးတစ်ခု နှင့် ရင်ဆိုင်နေရသယောင် ရှိနေသည်။ နဂါးရေခဲတိုင်ကြီးများမှာ တုန်ခါနေပြီး ၎င်းတို့ပေါ် တွင် အက်ကြောင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ကြံ့ခိုင်လှသော ‘ကမ္ဘာဦးရေခဲပြင်’ ပင်လျှင် အက်ကွဲလာခဲ့ရသည်။ ဤနဂါးရေခဲတိုင် ၅၀၀ မှာ ယခင်က ‘ဘိုးဘေးနဂါးရေခဲ့ တိုင်’ ၏ ပုံစံကို တုပထားခြင်း ဖြစ်သည်။

“ဘိုးဘေးနဂါး ဝိညာဉ်တော်တို့... ကျုပ်တို့ရဲ့ လူတွေကို ကာကွယ်ပေးပါ။”

နဂါးရေခဲတိုင်များ ပျက်စီးတော့မည့် အခြေအနေကို မြင်သောအခါ ဟုန်ယွိက ထပ်မံ ဟစ်အော်လိုက်ပြန်သည်။ အနှစ်သာရ မြင့်မြတ်သော အလင်းတန်းများ စုစည်းလာပြီး ဤအရေးကြီးသော အခိုက်အတန့်တွင် ဟုန်ယွိသည် ထိုနဂါးရေခဲတိုင်များ မကျိုးပဲ့စေရန် စွမ်းအားအချို့ကို အသုံးပြု၍ ပြင်းထန်စွာ ကာကွယ်လိုက်ရသည်။ အကယ်၍ ဤနဂါးရေခဲ တိုင်များ ကျိုးပဲ့သွားပါက ကောင်းကင်နဂါး ၅၀၀ ၏ စွမ်းအားနှင့် သွေးသားများမှာ ခန်းမ ဆောင်အတွင်းသို့ ပေါင်းစပ်သွားမည်ဖြစ်ပြီး ဤရတနာ၏ စွမ်းအားမှာလည်း တဟုန်ထိုး မြင့်တက်လာမည် ဖြစ်သော်လည်း ဟုန်ယွိက ထိုသို့ မလုပ်လိုပေ။

အကယ်၍ ဤနဂါးရေခဲတိုင်များ ကျိုးပဲ့သွားပါက သူ၏ နဂါးမျိုးနွယ်စု အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်မည်ဟူသော ကတိမှာ ရယ်စရာဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

ဘိုးဘေးနဂါး ဝိညာဉ်တော်များသည် ပတ်ပတ်လည်တွင် ဝဲပျံနေကြပြီး သူတို့၏ မျိုးနွယ်စု ဝင်များကို အမှန်တကယ်ပင် ကာကွယ်ပေးနေကြသည်။ သူတို့ ဝဲပျံနေစဉ်မှာပင် အက်ကွဲ နေသော ‘ကမ္ဘာဦးရေခဲပြင်’ များမှာ ပြန်လည်စုစည်းလာပြီး အက်ကြောင်းများမှာလည်း အံ့ဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။

ခန်းမ၏ အပြင်ဘက်တွင်မူ အမျိုးမျိုးသော စိတ်ဝိညာဉ် စွမ်းအားများ၊ မူလစွမ်းအားများနှင့် မိုးကြိုးများမှာ အဆက်မပြတ် ပေါက်ကွဲနေပြီး လူးလိမ့်နေ၏။ “ဖန်ဆင်းခြင်းသင်္ဘော” နှင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ တို့မှာ ရှိသမျှ အစွမ်းကုန်သုံး၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

“အခုနက အမှောင်ထု အလင်းတစ်ခု ဖြတ်ခနဲ ပေါ်လာသလိုပဲ။ အဲဒါက အမှောင်ဧကရာဇ် တာအိုသခင်ရဲ့ အငွေ့အသက်နဲ့ နည်းနည်းဆင်တယ်။ ကျယ်ပြောလှပေမဲ့ လှုပ်ရှားမှုတိုင်း က ပြိုင်ဘက်ကင်း ပြင်းထန်မှုမျိုးတော့ မရှိဘူး။ ဒါက သူ့ကိုယ်ပွားတစ်ခု ဖြစ်ပုံရတယ်။ သူက အခွင့်ကောင်းယူဖို့ ကြိုးစားချင်နေတာလား။”

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးများ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။

ယခုတင် မဟာနတ်ဘုရားလက်နက်နှစ်ခု တိုက်ခိုက်နေသော နေရာတွင် အမှောင်ထုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအရာက ဘာလဲဆိုသည်ကို ဟုန်ယွိ သေချာပေါက် သိရှိနေသည်။ ဤလက်နက်ကြီးများ၏ တိုက်ပွဲမှာ ‘ယန်နတ်ဘုရား’ အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်ရာ အခြားသူများက မည်သို့လျှင် အခွင့်ကောင်း ဝင်ယူနိုင်ပါမည်နည်း။

အကယ်၍ အမှောင်ဧကရာဇ်တာအိုသခင် က ‘အမှောင်ကြယ်’ ကို အသုံးပြုမည်ဆိုပါက ကြားဝင်နိုင်ကောင်း ဝင်နိုင်ပါလိမ့်မည်။ ‘အမှောင်ကြယ်’ မပါဘဲဆိုလျှင် သူသည် ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်နေစေကာမူ ချက်ချင်းပင် ကြိတ်ချေခံရမည် ဖြစ်သည်။ ထိုကဲ့သို့ သော ‘နိဗ္ဗာန’ အဆင့်ရှိ မှော်ရတနာမျိုး၏ အကူအညီမပါဘဲ ဖန်ဆင်းရှင်တစ်ဦးမှာ ဤမျှ ပြင်းထန်သော တိုက်ပွဲ၏ နောက်ဆက်တွဲ လှိုင်းတံပိုးများရှေ့တွင် သေးငယ်လွန်းလှသည်။ ‘ယန်နတ်ဘုရား’ ပိုင်ရှင်တစ်ဦးပင်လျှင် ရှောင်ရှားရပေလိမ့်မည်။ သေးငယ်သော ကိုယ်ပွား တစ်ခုအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။

...

“ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီ၊ ကောင်းကင်ယှဉ်တွဲ လှေကား၊ တစ်ထစ်ချင်းစီ အမြင့်ရောက်အောင် တက်လှမ်းမယ်။”

ပြင်းထန်လှသော မူလစွမ်းအားစုကြီးတစ်ခုမှာ ဟုန်ယွိ၏ လက်ထဲတွင် စုစည်းလာသည်။

၎င်းမှာ အခြားမဟုတ်၊ ခုနကတင် ကြေမွသွားခဲ့သော ‘ကောင်းကင်တက်လှမ်းတာအို’ ၏ နတ်ဘုရားလက်နက် နှစ်ခုထံမှ ဖြစ်သည်။ “ဖန်ဆင်းခြင်းသင်္ဘော” က ၎င်းတို့ကို ဝင်တိုက် လိုက်သည့်အခါ ၎င်းတို့မှာ မှော်ရတနာများ သွန်းလုပ်ရာတွင် အသုံးပြုနိုင်သည့် အသန့်စင် ဆုံးသော မူလစွမ်းအားများအဖြစ် ပြိုကွဲသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ သွန်းလုပ်ရန် အသုံးပြုမည် ဖြစ်သည်။

“ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ မင်းမှာ ပညာ၊ သတ္တိ၊ မေတ္တာနဲ့ ဖြောင့်မတ်ခြင်းဆိုနဲ့ တာအို တရားတွေ ကိန်းအောင်းနေတယ်။ အဲဒါတွေက မိုးကြိုးနဲ့ တော်တော်လေး ဆင်တူတယ်။ အခု ငါ မင်းကို ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ အတွက် ကုန်ကြမ်းအဖြစ် သုံးပြီး အပြည့် အဝ အကျိုးရှိအောင် လုပ်ပေးမယ်၊ နောင်ကျရင် ငါတို့တွေ နဂါးစွယ်ဆန်တွေကို စိုက်ပျိုးပြီး သန်းပေါင်းများစွာသော လူတွေကို ကျွေးမွေးကြမယ်။ ဒါက မင်းရဲ့ ဓားစွမ်းအားနဲ့ လူတွေ ကို သတ်ဖြတ်ရတာထက် အများကြီး ပိုကောင်းမှာပါ။”

ထိုသို့ဆိုကာ ဟုန်ယွိက လက်ဖြင့် ပြန်လည် ဖမ်းယူလိုက်သည်။ နတ်ဘုရားဓား၏ ဓားစွမ်းအင်မှာ ကြီးမားသော ရွှေရောင်လုံးကြီးအဖြစ် ပြောင်းလဲသွားပြီး “ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်” နှင့် “ကောင်းကင်ယှဉ်တွဲ လှေကား” တို့၏ အနှစ်သာရ စွမ်းအင်များအတွင်းသို့ ပျံဝင်သွားတော့သည်။

ထိုစွမ်းအားနှစ်ခု ပေါင်းစည်းပြောင်းလဲသွားစဉ် ထူးခြားသော တောက်ပမှုများဖြင့် လင်းလက်လာခဲ့သည်။

“နေ၊ လ၊ စကြာဝဠာ၊ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ဝင်ပေါက်တစ်ထောင်၊ တစ်ခုပွင့်လျှင် အားလုံး ပွင့်စေ၊ မဟာမိုးကြိုး စွမ်းအင်ကန်... ထာဝရမိုးကြိုးရေကန်...”

စွမ်းအားနှစ်ခု ပေါင်းစည်းသွားသည့် ခဏမှာပင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် ထိုစွမ်းအားများ အတွင်းသို့ ပျံဝင်သွားသည်။ နဂါးမျိုးနွယ်စုများ နဂါးစွယ်ဆန် စိုက်ပျိုးရာ တွင် လိုအပ်သည့် ‘မဟာမိုးကြိုးစွမ်းအင်ရေကန်’ ပုံရိပ်မှာ သူ၏ မှတ်ဉာဏ်ထဲတွင် တောက်ပလာခဲ့သည်။ မဟာမိုးကြိုး စွမ်းအင်ရေကန်၏ တည်ဆောက်ပုံနှင့် အစီအရင်များ စွာမှာ သူ၏ မှတ်ဉာဏ်ထဲတွင် အလွန်ပင် ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာသည်။

သူ၏ အတွေးစများ လှုပ်ခတ်လာသည်နှင့်အမျှ စွမ်းအားနှစ်ခု ပေါင်းစည်းသွားသည့်အခါ ရေးထွင်းထားသော မှော်သင်္ကေတများနှင့် အစီအရင်များစွာ ဖြစ်ပေါ်လာပြီး၊ မိုးကြိုး ရေကန်တစ်ခု၏ ပုံသဏ္ဌာန်မှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေပြီ။

“ဟင်..ဒီ ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ က ထိပ်တန်းအဆင့်ပုံစံ မဟုတ်သေးဘူးလား။” သူ သန့်စင်နေစဉ်မှာပင် ဟုန်ယွိ၏ စိတ်ထဲတွင် စိတ်ကူးသစ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ သူသည် ‘နေလမြေစကြာဝဠာ ဆေးပေါင်းအိုး’ထဲတွင် ဆေးလုံးများ ဖော်စပ်စဉ်က ထိတွေ့ခဲ့ရသော “ထာဝရမိုးကြိုးရေကန်” ၏ အစီအရင်များကို ပြန်လည် သတိရသွားခြင်း ဖြစ်သည်။

“ထာဝရမိုးကြိုးရေကန်” သည် ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ ထက် သိသိသာသာ ပို၍ ကောင်းမွန်နေသည်။

“ထာဝရမိုးကြိုးရေကန်က ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ ထက် ပိုကောင်းနေမှတော့ ငါ ဘာလို့ ထာဝရမိုးကြိုးရေကန်ကိုပဲ မသန့်စင်ရမှာလဲ။ ဒါပေမဲ့ ထာဝရမိုးကြိုးရေကန်က အရမ်းကို နက်နဲလွန်းတော့ အချိန်တိုအတွင်း အပြီးသတ်ဖို့ မလွယ်ဘူး။ အခုလောလော ဆယ်တော့ ထာဝရမိုးကြိုးရေကန်ရဲ့ အကြမ်းထည်ပုံစံကိုပဲ အရင်ဖန်တီးမယ်။ မိုးကြိုး စွမ်းအင်အချို့ကို စုပ်ယူနိုင်ရင်ပဲ တော်ပြီ။ “ဖန်ဆင်းခြင်းသင်္ဘော” ပေါ်က မိုးကြိုးတွေက အရမ်းပြင်းလွန်းတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ငါ အနှေးနဲ့အမြန် ရှုံးတော့မှာပဲ။”

သန့်စင်လုပ်ခြင်း လုပ်ငန်းစဉ် ရပ်တန့်သွားသော်လည်း ခန်းမကြီးမှာမူ အဆက်မပြတ် တုန်ခါနေဆဲပင်။ အမျိုးမျိုးသော စွမ်းအင် ပေါက်ကွဲသံများမှာ မနားတမ်း ထွက်ပေါ်နေပြီး ခန်းမကြီးမှာ အချိန်မရွေး ပြိုကျတော့မည့်အလား ရှိနေသည်။ သို့သော်လည်း ခန်းမ အထက်တွင် သူတော်စင် တစ်ရာ၏ ဘုန်းကျက်သရေမှာ အဆက်မပြတ် တောက်ပနေပြီး ကျမ်းစာများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်ကာ “ဖန်ဆင်းခြင်းသင်္ဘော” ထံမှ လာသော ကြီးမားလှသည့် ဖိအားများကို ခုခံထားလေသည်။

...

“ရွှန်ကျိ... ဟုန်ယွိက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

“ဖန်ဆင်းခြင်းသင်္ဘော” ၏ အမြင့်ဆုံးထပ်၊ ထူထဲလှသော ဖန်နံရံများရှိသည့် အခန်းတစ်ခု အတွင်း၌ ဧကရာဇ် ‘ယန်ဖန်’ နှင့် ဟုန်ရွှန်ကျိတို့ ရပ်နေကြသည်။ သူတို့သည် အပြင်ဘက်ရှိ ရူးသွပ်ဖွယ် ရှုပ်ထွေးနေသော စွမ်းအားများနှင့် သူတို့ရှေ့မှ မြင့်မားလှသော ခန်းမကြီးကို ကြည့်နေကြသည်။

ခန်းမနှင့် “ဖန်ဆင်းခြင်းသင်္ဘော” တို့မှာ တစ်ခုနှင့်တစ်ခု ထိတွေ့ တိုက်မိနေကြသည်။ စွမ်းအားများမှာ ရူးသွပ်စွာ ပေါက်ကွဲနေသော်လည်း ဤအရေးကြီးဆုံး နေရာတွင်မူ မည်သည့် တုန်ခါမှုမျှ မရှိပေ။ သို့သော်လည်း ဟုန်ရွှန်ကျိသည် သင်္ဘောဦးဆီသို့ သွားရန် မဝံ့ရဲသေးပေ။ အကယ်၍ သူသာ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ ကို ဝတ်ဆင်ထားစေကာမူ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူ သေဆုံးသွားနိုင်ပေသည်။

ချန်ဧကရာဇ် ယန်ဖန်သည် တောင်များ၊ မြစ်များကဲ့သို့ ကျယ်ပြောလှသော စိတ်ဓာတ်ရှိပြီး ရှေးဟောင်း သူတော်စင် ဧကရာဇ်များကို ယှဉ်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် ရှေ့မှ ခန်းမကြီးကို စိုက်ကြည့်နေသည်။ ထိုနေရာတွင် ပြင်းထန်သော အလင်းတန်းများစွာ နှင့်အတူ အင်မော်တယ်မူလဝိညာဉ်များနှင့်တူသော ပုံရိပ်ယောင်များစွာ ရှိနေသည်။

ဤပုံရိပ်ယောင်များသည် ‘ကျောက်စိမ်းမြို့တော်’ ရှိ သူတော်စင် တစ်ရာ၏ ပုံရိပ်များနှင့် ခပ်ဆင်ဆင် တူသော်လည်း ပို၍မြင့်မားကာ သူတို့ကိုယ်ပေါ်ရှိ မြင့်မြတ်သော အလင်းတန်း များမှာလည်း ပို၍ အားကောင်းနေသည်။

ဤပုံရိပ်ယောင်များသည် ကျမ်းစာများကို အစဉ်မပြတ် ရွတ်ဆိုနေကြပြီး “ဖန်ဆင်းခြင်း သင်္ဘော” ကို ဝန်းရံထားသည့် နက်နဲလှသည့် သဘောတရားများအဖြစ် စုစည်းနေကြ သည်။ ၎င်းမှာ မြင့်မြတ်သော သူတော်စင်တစ်ဦးက သူ၏ရှေ့မှ ဧရာမ သင်္ဘောကြီးကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ပင်။ တစ်ဖက်တွင်လည်း ကြီးမားလှသော သင်္ဘောကြီးမှာ ထိုသူတော်စင်ကို သတ်ဖြတ်ကာ ဤလောကတွင် လွတ်လပ်စွာ ရှင်သန်လိုနေပုံရသည်။

“သူက သူတော်စင်တစ်ရာရဲ့ ဘုန်းကျက်သရေနဲ့ သဘောတရားတွေကို စုစည်းထားတာပဲ။ ဒီကျမ်းစာတွေက ပြင်းထန်မှု မရှိဘူးဆိုပေမဲ့ အရမ်းကို သိပ်သည်းပြီး အနုစိတ်လွန်းတယ်။ အပေါက်အစွန်းမရှိတဲ့ ကောင်းကင်ပိုက်ကွန်ကြီးလိုပဲ။ သူ့ရဲ့ အကာအကွယ်တွေကို အချိန်တိုအတွင်း ဖောက်ထွက်ဖို့ဆိုတာ နည်းနည်းတော့ ခက်လိမ့်မယ်။” ချန်ဧကရာဇ် ယန်ဖန်က ဆိုလိုက်သည်။

“အရှင်မင်းကြီး... တကယ်လို့ ကျွန်တော်မျိုးတို့ ဒီတစ်ခါ ဒီသားမိုက်ကို သတ်နိုင်ခဲ့ရင် ဗုဒ္ဓသင်္ကန်းတော်၊ ဇမ္ဗူအစီအရင်၊ ဘိုးဘေးနဂါးရဲ့ ကိုယ်ထည်နဲ့ တခြားရတနာတွေကို တစ်ပြိုင်နက်တည်း သိမ်းပိုက်နိုင်မှာပါ။ အဲဒါတွေကို “ဖန်ဆင်းခြင်းသင်္ဘော” ထဲမှာ ပေါင်းစပ်လိုက်ရင် ဒီနတ်ဘုရားသင်္ဘောကြီးဟာ သူ့ရဲ့မူလစွမ်းအားတွေကို ချက်ချင်း ပြန်ရ လာမှာဖြစ်သလို ပိုတောင် အစွမ်းထက်လာဦးမှာပါ။ ‘နိဗ္ဗာန’ အဆင့်ကို ကျော်လွန်ပြီး ‘ဝမ်းယွမ်’ အကန့်အသတ်ကို ဖောက်ထွက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာမယ်။” ဟုန်ရွှန်ကျိက အေးစက်စွာ ဆိုလိုက်သည်။ “ဒီသားမိုက်ရဲ့ ကိုယ်ပေါ်မှာ ရတနာတွေက စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ကို များလွန်းတယ်။ သူက ကောင်းကင်နဲ့ မြေပြင်ရဲ့ မဟာကံကြမ္မာနဲ့ မွေးဖွားလာပြီး အရှင်မင်းကြီးရဲ့ မဟာလုပ်ငန်းစဉ်ကြီးကို ပိတ်ဆို့နေတဲ့ သံမှိုတစ်ချောင်းလို ပါပဲ။ ဒီသံမှိုကို မဆွဲထုတ်ပစ်နိုင်သရွေ့ ‘မဟာကမ္ဘာကြီး’ တစ်ခုလုံးကို ထာဝရ စိုးမိုးမယ့် အရှင်မင်းကြီးရဲ့ လုပ်ငန်းစဉ်ကြီးဟာ အိမ်မက်တစ်ခုပဲ ဖြစ်နေပါလိမ့်မယ်။”

“ငါတို့ရှေ့က ဒီခန်းမကြီးကို အနိုင်ယူဖို့က မလွယ်ဘူး။” ယန်ဖန်က ဆိုလိုက်သည်။ “နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရပြီး အခြားသူတွေ အခွင့်ကောင်းယူသွားမှာကို ငါ စိုးရိမ်မိ တယ်။”

“ဒါက အကောင်းဆုံး အခွင့်အရေးပါပဲ။ ‘ကောင်းကင်အပြင်ပနယ်မြေ’ ကနေ ဖောက်ထွက် လာတဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့အတွက် ‘မုန့်ရှန်းကျီ’ ဟာ မိုးကြိုးကပ်ဘေး အဆင့်ကိုး ကို အတင်းကျပ် ကျော်ဖြတ်ပြီး ကောင်းကင်အပြင်ပနယ်မြေက သိုင်းပညာရှင်တွေကို သတ်ဖြတ်နေရပါတယ်။ သူလည်း ကောင်းကင်အပြင်ပနယ်မြေကနေ ‘ဝမ်းယွမ်’ အပ်စိုက်မှတ်ကို စုစည်းနိုင်တဲ့ နည်းလမ်းကို ရှာချင်နေတာပါ။ အခု သူက ဒီကိစ္စကို အာရုံ စိုက်နိုင်ဖို့ အချိန်မရှိပါဘူး။ ခုနကတင် အမှောင်ဧကရာဇ်တာအိုသခင်က ကိုယ်ပွားတစ်ခု လွှတ်လိုက်ပေမဲ့ ချက်ချင်း အသတ်ခံလိုက်ရတယ်။ သူ့ရဲ့ သက်တမ်းနဲ့ဆိုရင် သူလည်း ဒီလို စွန့်စားမှုမျိုး မလုပ်ရဲပါဘူး။ ‘မူလဝိညာဉ်နတ်ဘုရား’ ဆိုတာကလည်း ဘာမှ မဟုတ်ပါဘူး။ သူက သေနေတဲ့ ငါးတစ်ကောင်လိုပါပဲ။ အရှင်မင်းကြီး သတ်ချင်တဲ့အချိန်မှာ သတ်လို့ရပါ တယ်။”

“တောင်ပေါ်မှာ ကျားမရှိတဲ့အခါ မျောက်က မင်းမူတယ်ဆိုသလိုပေါ့။ အခု ‘မဟာကမ္ဘာ’ ထဲမှာ ဒီပညာရှင်တွေလောက်ပဲ ရှိတော့တာလား။” ယန်ဖန်က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။ “ယန်နတ်ဘုရားအဆင့် တစ်ယောက်မှ မရှိတော့ဘူးလား။ ငါ မယုံဘူး၊ ငါလည်း ‘ဖန်ဆင်းရှင်’ အဆင့်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ အဲဒီအချိန်ကျရင် ‘အသက်မဲ့ အနာဂတ်ကျမ်း’ဟာ ပြီးပြည့်စုံသွားပြီး ငါလည်း အနာဂတ်ကို ပိုပြီးတော့ အများကြီး သိမြင်လာနိုင်မှာပါ။”

“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။” ဟုန်ရွှန်ကျိက ဆိုလိုက်သည်။ “ဒါပေမဲ့ ဒီခန်းမကြီး က အစွမ်းထက်တယ်ဆိုပေမဲ့ မိုးကြိုးတွေကို စုစည်းနိုင်တဲ့ စွမ်းအား မရှိသေးပါဘူး။ အခု “ဖန်ဆင်းခြင်းသင်္ဘော” ပေါ်က ‘မဟာပြောင်းလဲခြင်း မိုးကြိုးရေကန်’ နဲ့ ‘ဟင်းလင်းပြင် မိုးကြိုးရေကန်’နဲ့ အစစ်မှန် မိုးကြိုးရေကန်တို့က အလုပ်လုပ်နေပြီ။ ဒီမိုးကြိုးရေကန်ကြီး သုံးခုကို အသက်သွင်းလိုက်ရင် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး မဟာကမ္ဘာထဲက အဆုံးမရှိတဲ့ မိုးကြိုးစွမ်းအင်တွေကို စုပ်ယူနိုင်မှာပါ။ ဒီခန်းမကြီးဟာ အနှေးနဲ့အမြန် အားကုန်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီသားမိုက်က အသေခံ တိုက်ခိုက်လာမှာကိုတော့ ကျွန်တော်မျိုးတို့ သတိထားရပါမယ်။”

“အေး... တကယ်လို့ သူက အသေခံ တိုက်ခိုက်လာမယ်ဆိုရင် ငါတို့လည်း “လျှပ်တပြက် ဝင်္ကပါ” ထဲကို ရှောင်ပြေးပြီး သူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်မယ့် ရိုက်ခတ်ဒဏ်ကို ရှောင်မှာပေါ့။” ယန်ဖန်က အေးဆေးစွာ ဆိုလိုက်သည်။

...

“သူတို့က ငါ့ကို ဒီအတိုင်း အားကုန်အောင် လုပ်ပြီး သတ်ဖို့ ကြံနေတာပဲ။”

ဟုန်ယွိ၏ မျက်လုံးများမှာ နှင်းများကဲ့သို့ တောက်ပနေ၏။ “ဖန်ဆင်းခြင်းသင်္ဘော” သည် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး မိုးကြိုးစွမ်းအင်တွေကို စုပ်ယူနိုင်သည်ကို သူ သိရှိထား သည်။ အနှေးနှင့်အမြန် သူ၏ ခန်းမဆောင်ကြီးမှာ အားကုန်သွားသည့်အခါ ၎င်းမှာ တစ်စစီ ဖျက်ဆီးခံရပေလိမ့်မည်။

သို့သော်လည်း သူသည် မိုးကြိုးရေကန်၏ အကြမ်းထည်ပုံစံကို စုစည်းနေပြီ ဖြစ်သည်။

အောင်မြင်စွာ ဖန်တီးနိုင်သည်နှင့်တစ်ပြိုင်နက်၊ သူသည် ချက်ချင်းပင် ရင်ဆိုင်တိုက်ခိုက် နိုင်မည့် အရင်းအနှီးကို ရရှိလာပေလိမ့်မည်။

“မဟာမိုးကြိုး စွမ်းအင်ရေကန်၊ ထာဝရမိုးကြိုးရေကန်၊ လျှပ်တပြက် ဝင်္ကပါလား၊ တခဏ က ထာဝရ၊ ထာဝရက တခဏ... သူတို့က ပြည့်စုံတဲ့ အတွဲအစပ်တွေပဲ” ထာဝရမိုးကြိုး ရေကန်၏ အစီအရင်များသည် ဟုန်ယွိ၏ မှတ်ဉာဏ်ထဲတွင် အဆက်မပြတ် လင်းလက်နေ သည်။ ရုတ်တရက် သူ၏ စိတ်ထဲတွင် နောက်ထပ် အတွေးသစ်တစ်ခု ပေါ်လာသည်။ သူသည် အဝေးမှ လျှပ်တပြက် ဝင်္ကပါအတွင်းရှိ ထောင်ပေါင်းများစွာသော အနက်ရောင် လှိုဏ်ခေါင်းများကိုလည်း သူ၏ စိတ်ထဲတွင် မြင်ယောင်ကြည့်လိုက်သည်။

အနက်ရောင် တွင်းနက် လှိုဏ်ခေါင်းများမှာ တစ်ခုပြီးတစ်ခု အစဉ်မပြတ် ပြောင်းလဲနေ သည်။ မဟာနတ်ဘုရားလက်နက်နှစ်ခု အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်နေစဉ်မှာပင် လျှပ်တပြက် ဝင်္ကပါအတွင်း၌ မည်သည့် တုန်ခါမှုမျှ မရှိပေ။

သူ၏ အသိစိတ်အရ ဟုန်ယွိသည် လျှပ်တပြက် ဝင်္ကပါအတွင်းတွင် အနက်ရောင် တွင်းနက် လှိုဏ်ခေါင်းပေါင်း ၁၂၉,၆၀၀ ရှိသည်ကို သိမြင်လိုက်သည်။ ၎င်းမှာ ‘ဝမ်းယွမ်’ ကိန်းဂဏန်းနှင့် အတိအကျ တူညီနေသည်။

“ဒီလျှပ်တပြက် ဝင်္ကပါက... မဟာကမ္ဘာကြီးရဲ့ နှလုံးသားလား၊ တကယ်ကို နက်နဲလွန်း တယ်။ ဒါပေမဲ့ ငါ ဒါကို အခုလောလောဆယ်တော့ အကုန်လုံး နားမလည်နိုင်သေးဘူး။ ဒါပေမဲ့ ဒီလျှပ်တပြက် ဝင်္ကပါရဲ့ ပုံစံကားချပ်ကို ထာဝရမိုးကြိုးရေကန်ရဲ့ အစီအရင်တွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ တကယ့်ကို ပြည့်စုံသွားမှာပဲ။”

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လျှပ်တပြက် ဝင်္ကပါ၏ ပုံစံကားချပ်သည် သူ၏စိတ်ထဲတွင် ပေါ်ထွက်လာပြီး ထာဝရမိုးကြိုးရေကန်နှင့် ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ တို့၏ အစီအရင်များနှင့် ပေါင်းစပ်သွားတော့သည်။

နက်နဲလှသော စိတ်ဆန္ဒစီးကြောင်းများမှာ ၎င်းထံမှ စီးထွက်လာသည်။

ဂျိမ်း…

ခန်းမဆောင်၏ အလယ်ဗဟိုတွင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ကောင်းကင်ဘုံ တက်လှမ်း ခြင်း ရွှေစေတီတော်နှင့် ကောင်းကင်ယှဉ်တွဲ လှေကားထစ်တို့သည် သူ၏ စိတ်ထဲ၌ ဧရာမ မှော်ရတနာကြီးတစ်ခု၏ အကြမ်းထည်ပုံစံအဖြစ် ရုတ်တရက် ပြောင်းလဲသွားလေတော့ သည်။

အခန်း (၅၆၀)။

“ကောင်းကင်နှင့်မြေပြင်၊ ထာဝရနှင့် တစ်ခဏ။ ဒန်ထျန်၏ မျိုးစေ့၊ နေနှင့်လ၏ အနှစ်သာ ရ။ တရားသောလမ်းကို လိုက်နာခြင်းသည် မေတ္တာဂရုဏာသို့ ဦးတည်ပြီး၊ ဆန့်ကျင်ဘက်ပြုခြင်းသည် နတ်ဘုရားဓား အဆင့်သို့ တက်လှမ်းခြင်းပင် ဖြစ်သည်။ သန်းပေါင်းများစွာသော မိုးကြိုးများ စုစည်းစမ်း၊ မကွဲမပြား စုရုံးစမ်း၊ ငါ၏ အသုံးတော်ခံ ဖြစ်စမ်း၊ ဥပဒေသကဲ့သို့ အရေးတကြီး ဖြစ်စေစမ်း။”

ဟုန်ယွိ၏ အမိန့်ပေးမှုအောက်တွင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ကောင်းကင်ဘုံတက်လှမ်း ခြင်း ရွှေစေတီနှင့် ကောင်းကင်ယှဉ်တွဲ လှေကားတို့၏ ပြင်းထန်လှသော စွမ်းအားများသည် မိုးကြိုးရေကန်တစ်ခု၏ အခြေခံပုံစံကို ဖွဲ့စည်းလိုက်သည်။ ထိုမိုးကြိုးရေပန်မှာ အစပိုင်း တွင် ကုဗတုံးတစ်ခုကဲ့သို့ လေးထောင့်ကျကျ ရှိနေသည်။ မျက်နှာပြင် ခြောက်ဖက်စလုံးမှာ အလွှာလိုက် အလွှာလိုက် မတူညီသော အလင်းတန်းများဖြင့် တောက်ပနေသည်။ ၎င်း၏ အလျားမှာ ၁၂၀ ပေ၊ ၆ လက်မ၊ ၆ စင်တီမီတာ ရှိပြီး အနံမှာလည်း ၁၂၀ ပေ၊ ၆ စင်တီမီတာ ရှိကာ အမြင့်မှာမူ ကောင်းကင်နှင့် မြေပြင်၏ လျှို့ဝှက်ချက်ဖြစ်သော ဝမ်းယွမ်’ (၁၂၉,၆၀၀) ကိန်းဂဏန်းနှင့် အတိအကျ ကိုက်ညီနေ၏။

ကုဗတုံးကြီးမှာ တည်မြဲသွားပြီးနောက်၊ ၎င်းသည် လျှပ်တပြက်ဝင်္ကပါ အတွင်းရှိ လှိုဏ်ခေါင်းများကဲ့သို့ပင် လျှပ်တပြက် တခဏအတွင်းမှာပင် အဆက်မပြတ် တဖျပ်ဖျပ် လင်းလက်ကာ ပြောင်းလဲနေ၏။

ကုဗတုံးကြီး၏ အတွင်းပိုင်းတွင်မူ ဖရိုဖရဲစွမ်းအင် အဖြူအမည်း ဥခွံကြီးတစ်ခု ရှိနေသ ယောင် ထင်မှတ်ရပြီး၊ ၎င်းမှာ လေးထောင့်ဆန်ဆန်နှင့် ဝိုင်းဝန်းသော ပုံစံရှိကာ ထိုဥခွံကြီး ၏ အတွင်း၌ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’တစ်ခု စတင်ဖြစ်ပေါ်လာစကဲ့သို့ သန္ဓေသားလောင်းတစ်ခု ရှိနေပုံရသည်။

ဤသန္ဓေသားလောင်းမှာ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ကဲ့သို့ အစစ်အမှန် မဟုတ်သေးဘဲ ဝေဝါးဝါး အရိပ်အယောင်များသာ ရှိသေးသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ယံမှ ကြယ်တာရာများကဲ့သို့ တောက်ပသော အစက်အပြောက်ပေါင်း ၂၀၀ ကျော် ရှိနေပြီး၊ ပထမဆုံး ကြည့်လိုက်လျှင် ၎င်းမှာ သန္ဓေသား လောင်းနှင့် မတူဘဲ စကြာဝဠာ၏ အလယ်ဗဟိုရှိ လူသားပုံသဏ္ဌာန် ကြယ်စင်စုတစ်ခုနှင့် ပို၍ တူနေသည်။

ဤတောက်ပသော အစက်အပြောက် ၂၀၀ မှာ ဟုန်ယွိ သိရှိထားသော အပ်စိုက်မှတ် ၂၀၀ ပင် ဖြစ်သည်။

ဤမိုးကြိုးရေကန် အကြမ်းထည်ပုံစံသည် ‘နေလမြေစစကြာဝဠာ ဆေးပေါင်းအိုး’ ကို တုပထားခြင်း ဖြစ်သဖြင့် အတွင်းပိုင်းမှာ လူသားတစ်ဦးနှင့် ဆင်တူနေရမည် ဖြစ်ပြီး၊ အစစ်အမှန် ခန္ဓာကိုယ်တစ်ခုကဲ့သို့ အာရုံခံ အပ်စိုက်မှတ်များကို အစီအစဉ်တကျ စီစဉ်ထား ခြင်း ဖြစ်သည်။

စီတန်းထားသော အစီအရင်များနှင့် စွမ်းအားလုံးကြီးများမှာ စနစ်တကျ ရှိနေသည်။

ဝူး... ဟွား... ဟွား..... ဟွား...

ဤ “မိုးကြိုးကန် အကြမ်းထည်” တည်မြဲသွားသည်နှင့် တစ်ပြိုင်နက်၊ အတွင်းရှိ အစီအရင် များမှာ တစ်ပြိုင်နက်တည်း နိုးထလာကြသည်။ ၎င်းထံမှ ထွက်ပေါ်လာသော အသံမှာ လူတစ်ယောက် အိပ်မက်မှ နိုးထလာပြီး သမ်းဝေလိုက်သည့် အသံနှင့် တူလှသည်။

၎င်းသည် စကြာဝဠာ၏ အလယ်ဗဟိုတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကမ္ဘာဦး နတ်ဘုရားကြီးတစ်ပါး ကမ္ဘာကြီးကို ဖန်တီးရန် နိုးထလာသည့်အသံတိုင်းပင်။

“မဟာရတနာ၊ မဟာမိုးကြိုးရေကန်၊ မင်းမှာ အထွတ်အထိပ် ‘ဝမ်းယွမ်’ တာအို သဘော တရားတွေ ကိန်းအောင်နေတယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ထာဝရအမှန်တရားနဲ့ လျှပ်တပြက် ဝင်္ကပါရဲ့ တခဏတာ သဘောတရားတွေ ပါဝင်နေတယ်။ တိုင်ရှန်တာအိုရဲ့ အစွန်းနှစ်ဖက် ဖြစ်တဲ့ ထာဝရနဲ့ ခဏတာ။ မင်းရဲ့ ဒီမိုးကြိုးရေကန်ကို ‘ထိုက်ကျိ မိုးကြိုး ရေကန်’ လို့ ခေါ်ရမယ်။”

ထိုက်ကျိ မိုးကြိုးရေကန်…။

ာမည်ပေးပြီးနောက် ဟုန်ယွိ၏ အတွေးစများမှာ ထပ်မံ လှုပ်ရှားလာပြီး၊ အမျိုးမျိုးသော စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် အစီအရင်များကို စတင် အသက်သွင်းလိုက်သည်။

ဟား... ဟား... ဟား... အား..အား…

ဤမိုးကြိုးရေကန်သည် လူတစ်ယောက် သီချင်းဆိုနေသကဲ့သို့ သာယာငြိမ့်ညောင်းသော အသံများကို ထုတ်လွှင့်နေ၏။ ၎င်းမှာ ဝိညာဉ်ရှိ၍ မဟုတ်ဘဲ အစီအရင်များ လည်ပတ်နေ ခြင်းကြောင့် သဘာဝအတိုင်း ထွက်ပေါ်လာသော ‘နတ်သမီးတေးသံသာ’ များပင် ဖြစ်သည်။

အတိုင်းအဆမဲ့သော စကြာဝဠာမှာ ကျယ်ပြောလှသည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများသည် ၎င်း၏ ပုံရိပ်ယောင်ကို ရရှိခဲ့ပါက လူသားသန္ဓေသားတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ဟုန်ယွိ၏ ယခု ထိုက်ကျိ မိုးကြိုးရေကန်မှာလည်း ‘ဝမ်းယွမ်’ တာအိုနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အံ့သြဖွယ် အသုံးဝင်မူပေါင်း ၁၂၉,၆၀၀ ပါဝင်နေ သဖြင့် လူသားအကြမ်းထည် ပုံစံတစ်ခုကို သဘာဝအလျောက် ထုတ်ပေးနေခြင်း ဖြစ်သည်။

ကုဗတုံးကြီးအတွင်း၌ ဥခွံကြီးတစ်ခု ရှိနေပြီး ထိုဥကြီးအတွင်း၌ ကမ္ဘာဦး နတ်ဘုရား တစ်ပါးနှင့်တူသော လူသားပုံသဏ္ဌာန် ကြယ်စင်စုတစ်ခု မွေးဖွားလာခဲ့သည်။

ဤသည်မှာ ထိုက်ကျိ မိုးကြိုးရေကန်၏ ပုံပန်းသဏ္ဌာန်ပင် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အကြမ်းထည် အဆင့်သာ ရှိသေးသည်။

ဥခွံအတွင်းရှိ လူသားပုံသဏ္ဌာန် ကြယ်စင်စုထဲမှ အပ်စိုက်မှတ်ပေါင်း ၁၂၉,၆၀၀ စလုံး ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားသည့် အခါမှသာ ၎င်းမှာ အထွတ်အထိပ် သို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအခါမှသာ ယခင်က မည်သူမျှ မမြင်ဖူးသော မိုးကြိုးရေကန် အဖြစ် အစစ်အမှန် ပေါ်ထွက်လာမည် ဖြစ်သည်။

၎င်းသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ နှလုံးသားလည်း ဖြစ်ပေသည်။

သူတော်စင်အပေါင်းတို့၏ နှလုံးသား၊ ထိုက်ကျိ မိုးကြိုးရေကန်။

‘ထိုက်’ ဟူသော အဓိပ္ပာယ်မှာ အထွတ်အထိပ် ဖြစ်ပြီး ‘ကျိ’ ဟူသော အဓိပ္ပာယ်မှာ အစွန်းရောက်ခြင်း ဖြစ်သည်။ ထာဝရနှင့် တခဏတို့မှာ အစွန်းနှစ်ဖက် ဖြစ်သည်။ ထိုအစွန်း နှစ်ဖက်၏ အထွတ်အထိပ်မှာ ‘ထိုက်ကျိ’ ပင် ဖြစ်သည်။

...

“နောက်ဆုံးတော့ ငါ အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့ပြီ။ မိုးကြိုးစုစည်းခြင်း အစီအရင်၊ ဟင်းလင်းပြင်ကို ဆွဲဖြဲစမ်း၊ မိုးကြိုးအနှစ်သာရတွေကို စုစည်းစမ်း။”

ထိုက်ကျိ မိုးကြိုးရေကန်ကို အောင်မြင်စွာ စုစည်းပြီးနောက် ဟုန်ယွိသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ အကယ်၍ သူသာ ကျရှုံးခဲ့မည်ဆိုလျှင် ယခုတစ်ကြိမ်မှာ သူ သေဆုံးသွားနိုင်ပေသည်။ ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့က သူ့ကိုသတ်ပြီး ‘သူတော်စင် ပေါင်းစုံခန်းမ’ ကို “ဖန်ဆင်းခြင်းသင်္ဘော”နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ‘ယန်နတ်ဘုရား’ အဆင့် ပညာရှင်များပင်လျှင် သူတို့ကို ရှောင်ရှားရပေလိမ့်မည်။

ဟုန်ယွိသည် ချက်ချင်းပင် ထိုက်ကျိ မိုးကြိုးရေကန်ကို အသုံးချကာ အစီအရင်ကို အသက်သွင်းလိုက်သည်။ ရုတ်တရက် ခန်းမဆောင်ကြီး၏ အပြင်ဘက်ကို တိုက်ခိုက်နေ သော မိုးကြိုးများမှာ အစီအရင်၏ စွမ်းအားဖြင့် ဆွဲငင်ခြင်း ခံလိုက်ရသည်။ လျှပ်စီးတန်း များ၊ လျှပ်စီးမြွေများ၊ လျှပ်စီးပုစွန်များနှင့် လျှပ်စီးနဂါးများ အားလုံးမှာ မိုးကြိုးရေကန် အတွင်းသို့ ဆွဲသွင်းခံလိုက်ရတော့သည်။

၎င်းမှာ ခြောက်သွေ့နေသော မြေပြင်ပေါ်သို့ ရေလောင်းလိုက်သကဲ့သို့၊ မိုးခေါင်နေသော နေရာတွင် မိုးကောင်းစွာ ရွာသွန်းလိုက်သကဲ့သို့ ဖြစ်နေ၏။

ထိုက်ကျိ မိုးကြိုးရေကန်သည် အလွန်အမင်း ရေငတ်နေသော နွားတစ်ကောင် ရေသောက် သကဲ့သို့ မိုးကြိုးစွမ်းအားများကို အဆက်မပြတ် စုပ်ယူနေ၏။ မိုးကြိုးများမှာ အစီအရင် အတွင်းသို့ ကျရောက်သွားပြီး ဂလွတ်ဂလွတ်နှင့် အသံများ ထွက်ပေါ်နေသည်ကို ဟုန်ယွိ ကြားနေရသည်။ ၎င်းမှာ နွားများနှင့် မြင်းများ ရေသောက်သည့်အခါ သူတို့၏ ဗိုက်ထဲတွင် အသံများ မြည်ဟည်းနေသကဲ့သို့ပင်။

ထိုပုံရိပ်မှာ ပြည့်စုံလွန်းလှသည်။

မူလက “ဖန်ဆင်းခြင်းသင်္ဘော” ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် မိုးကြိုးများ သည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို တိုက်ခိုက်ရန်၊ ခန်းမကို တစ်စစီ ဖျက်ဆီးပြီး သူတော်စင်များကို သတ်ဖြတ်ရန် အသုံးပြုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုက်ကျိ မိုးကြိုးရေကန်ကို အောင်မြင်စွာ စုစည်းလိုက်ပြီးနောက်တွင် သူ့ကို တိုက်ခိုက်နေသော မိုးကြိုးများသည် ယခုအခါ သန့်စင်သော ‘မူလစွမ်းအား’ များ ဖြစ်သွားခဲ့လေပြီ။

ပြင်းထန်လှသော မိုးကြိုးများသည် အစီအရင်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက် ၎င်းတို့ကို အဆက်မပြတ် ပြိုကွဲစေခြင်း၊ ပြောင်းလဲစေခြင်းနှင့် စုစည်းစေခြင်းတို့ ပြုလုပ် သည်။ နောက်ဆုံးတွင် ထိုက်ကျိ မိုးကြိုးရေကန် လည်ပတ်သွားပြီး အသန့်စင်ဆုံးသော မူ စွမ်းအားများကို မှုတ်ထုတ်လိုက်သည်။ ထိုစွမ်းအားမှာ သက်ရှိအရာအားလုံးကို အားဖြည့် ပေးသော အသက်စွမ်းအင်ပင် ဖြစ်သည်။ ၎င်းသည် အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်များ ထဲရှိ အသက်စွမ်းအင်များကဲ့သို့ပင် ခန်းမဆောင်တစ်ခုလုံးရှိ သူတော်စင်တို့၏ ဘုန်းကျက် သရေအတွင်းသို့ ပေါင်းစပ်သွားသည်။

ရုတ်တရက် သူတော်စင်များ၏ ပုံရိပ်မှာ ပိုမိုမြင့်မားကာ ပိုမိုကြည်လင်လာခဲ့သည်။ ထွက်ပေါ်လာသော ကျမ်းစာများသည်လည်း ပိုမိုကျယ်ပြောလာပြီး “ဖန်ဆင်းခြင်း သင်္ဘော” ၏ တောက်ပမှုများကို လုံးဝ ပိတ်ဆို့တားဆီးလိုက်လေတော့သည်။

“အခုတော့ ငါ သူတို့နဲ့ တန်းတူ ရင်ဆိုင်နိုင်ပြီ၊ ထိုက်ကျိ မိုးကြိုးရေကန်ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့ပြီ။ ငါ နောက်ပိုင်း လုပ်ရမှာက မိုးကြိုးစွမ်းအားတွေကို ပိုပြီး စုပ်ယူဖို့ပဲ။ အဲဒီစွမ်းအင်တွေကို အသက်စွမ်းအင်တွေအဖြစ် ပြောင်းလဲပြီး ခန်းမဆောင်ကြီးကို အားဖြည့်မယ်၊ မူလစွမ်းအင်တွေကို ပြန်ပြီး စုစည်းမယ်။ အဲဒီအခါမှာ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ က ပိုပြီးတော့ အစွမ်းထက်လာလိမ့်မယ်”

ထိုက်ကျိ မိုးကြိုးရေကန် အောင်မြင်သွားပြီ ဖြစ်သဖြင့် “ဖန်ဆင်းခြင်းသင်္ဘော” သည် သူ့ကို မည်သို့မျှ ဒုက္ခမပေးနိုင်တော့ကြောင်း ဟုန်ယွိ သိလိုက်သည်။

ဤအချိန်မှစ၍ အင်အားသုံးခု၏ ချိန်ခွင်လျှာမှာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဧကရာဇ် ယန်ဖန်သည် ‘ဖန်ဆင်းရှင်’ သခင် ဖြစ်လာစေဦးတော့၊ ဟုန်ရွှန်ကျိလည်း အထွတ်အထိပ် ‘လူသားအင်မော်တယ်’ တစ်ဦး ဖြစ်လာစေဦးတော့၊ ရလဒ်မှာ ပြောင်းလဲ သွားမည် မဟုတ်ပေ။ တော်ဝင်ချန် တော်ဝင်မိသားစုမှာ သူ့ကို မည်သို့မျှ ဒုက္ခမပေးနိုင် တော့ချေ။

သူသည် ‘ကျိုးယွိအကယ်ဒမီ’ ကို တရားဝင် တည်ထောင်သည့်အခါ၌ပင် တော်ဝင် မိသားစု မှာ မသိချင်ယောင်ဆောင်နေရုံသာ ရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်အားကို အမှန်တကယ် ပိုင်ဆိုင်သွားပြီ ဖြစ်သော ကြောင့်ပင်။

တော်ဝင်ချန် တော်ဝင်မိသားစု၏ နိုင်ငံတည်ထောင်ပြီး နှစ်ပေါင်း ၆၀ ကျော် စုဆောင်းလာ မှုများ၊ ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများနှင့် မရေမတွက်နိုင်သော အရင်းမြစ်များ အားလုံးမှာ ထိုက်ကျိ မိုးကြိုးရေကန် ဖြစ်ပေါ်လာ သည့် ခဏမှာပင် မှေးမှိန်သွားခဲ့ရသည်။ ဟုန်ယွိ၏ ရှေ့မှောက်တွင် သူတို့အတွက် အသာစီးရစရာ အားသားအချက်များ မရှိတော့ချေ။

ထိုက်ကျိ မိုးကြိုးရေကန် ကိစ္စမှာ တစ်ကြိမ်တည်းနှင့် အပြီးသတ်သွားခဲ့လေပြီ။

...

“အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သားမိုက်ဟာ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ ဘူး။”

ဟုန်ရွှန်ကျိသည် သင်္ဘော၏ အမြင့်ဆုံးအခန်းရှိ ဖန်နံရံနောက်တွင် ရပ်နေရင်း ခန်းမဆောင် နှင့် နတ်ဘုရားသင်္ဘောတို့၏ တိုက်ခိုက်မှု ပိုမိုပြင်းထန်လာသည်ကို ကြည့်နေသည်။ မိုင်ပေါင်း ၁၀,၀၀၀ ပတ်လည်ရှိ ဟင်းလင်းပြင်နှင့် အချိန်တို့မှာ လုံးဝ ပျက်ယွင်းနေပြီး မည်သည့် အရာဝတ္ထုမျှ တည်ရှိ၍ မရနိုင်ချေ။ သူသည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ပေါ်လာသည်။

ဤဖန်နံရံများမှာ သာမန်ဖန်သားများ မဟုတ်ဘဲ ကမ္ဘာဦးခေတ်က အလွန်ဆန်းကြယ်ကာ အခိုင်မာဆုံးသော အရာဝတ္ထုများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ စိန်ပင်လျှင် ဤဖန်သား နှင့်ယှဉ်လျှင် ပြောစရာပင် မလိုချေ။ ၎င်းမှာ ‘ကံကြမ္မာကျောက်စိမ်း’ ပင် ဖြစ်သည်။

“ဖန်ဆင်းခြင်းသင်္ဘော” ၏ အမြင့်ဆုံး ထိန်းချုပ်ခန်းကို ဤကျောက်စိမ်းဖြင့် ပြုလုပ်ထား ခြင်း ဖြစ်သည်။ အကယ်၍ “ဖန်ဆင်းခြင်းသင်္ဘော” ပျက်စီးသွားပါက ဤအခန်းမှာ မပျက်စီးဘဲ ကျန်ရစ်မည်ဖြစ်ပြီး အတွင်း၌ ပုန်းအောင်းနေသူများမှာလည်း အလွန်ပင် လုံခြုံပေလိမ့်မည်။

“အဲဒါက လုံးလုံးကြီး မှန်ချင်မှ မှန်မှာ။”

ဧကရာဇ်ယန်ဖန်သည် ဦးစွာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက်၊ သူ၏ မျက်မှောင် များမှာ ဓားအိမ်ထဲမှ ထွက်လာသော ထက်ရှသော ရတနာဓားနှစ်စင်းကဲ့သို့ သိသိသာသာ မြင့်တက်သွားပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူသည် မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်ခုံးများမှာ ဓားတစ်စင်း ကဲ့သို့ ထက်ရှနေ၏။

သူ မတ်တတ်ရပ်လိုက်သည့် ခဏမှာပင် မိုးကြိုးများကြားတွင် အနည်းငယ် အားနည်းနေ ဟန်ရှိသော ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ရုတ်တရက် တုန်ခါသွားသည်။ မြစ်ရေများ သမုဒ္ဒရာထဲသို့ ပြန်လည် စီးဝင်သွားသကဲ့သို့ မိုးကြိုးများစွာမှာ နက်နဲလှသော ပုံရိပ်တစ်ခု အတွင်းသို့ ပေါင်းစပ်သွားကြသည်။

ဂလွတ်... ဂလွတ်... ဂလွတ်...

ယန်ဖန်ဖြစ်စေ၊ ဟုန်ရွှန်ကျိဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ ရေသောက်နေသည့် အသံကို ကြားလိုက်ရသည်။ ၎င်းမှာ သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ ကမ္ဘာဦး နတ်ဘုရားကြီး တစ်ပါး ရုတ်တရက် ပေါ်လာပြီး ရေများကို ရူးသွပ်စွာ သောက်နေသကဲ့သို့ပင်။ သူ သောက်နေသော ‘ရေ’ များမှာ “ဖန်ဆင်းခြင်းသင်္ဘော” ထံမှ ထုတ်လွှတ်နေသော မိုးကြိုး များပင် ဖြစ်သည်။

ရေသောက်သံများနှင့်အတူ ‘သူတော်စင်ပေါင်းစုံခန်းမ’ ထံမှ အသက်စွမ်းအင် လှိုင်းတံပိုး များ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ၎င်းမှာ အသက်စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့ သည်။ ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ အားဆေးအပြည့် သောက်ထားရသကဲ့သို့ စွမ်းအင် များ ပြည့်ဝလာပြီး ၎င်း၏ အရှိန်အဝါမှာလည်း အဆပေါင်းများစွာ တိုးမြင့်လာတော့သည်။

“ဒီသားမိုက်က ဒီအချိန်မှာပဲ မိုးကြိုးရေကန်ကို စုစည်းနိုင်ခဲ့တာလား။” ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားရသည်။ သူကဲ့သို့ စိတ်ဓာတ်ခိုင်မာသူပင်လျှင် မယုံကြည်နိုင်သော အမူအရာ ပေါ်ထွက်လာခဲ့ရသည်။

“သူက ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီနဲ့ ကောင်းကင်ယှဉ်တွဲ လှေကား တို့ကို သိမ်းပိုက်လိုက်ရုံတင်မကဘူး၊ မိုးကြိုးရေကန်ကိုပါ စုစည်းနိုင်ခဲ့ပြီ။ သူ့ရဲ့ လက်ထဲမှာ နောက်ထပ် ထိပ်တန်းနတ်ဘုရားလက်နက်တစ်ခု ရှိနေတာ သေချာသလောက်ပဲ။” ဧကရာဇ် ယန်ဖန်က သူကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ ဆိုလိုက်သည်။ သူ၏ အသံမှာ မယုံကြည်နိုင်ဟန် ဖြစ်နေသော်လည်း ဝမ်းနည်းမှုနှင့်အတူ တစ်ဖက်တွင်လည်း မျှော်လင့် ထားပြီးသားလည်း ဖြစ်နေပုံရသည်။

“ဒီကလေးဟာ ‘ချန်ပီယံမြို့စား ယန်အန်း’ လိုပဲ ကံကြမ္မာကြီးမားပြီး သတ်ဖို့ခက်တယ်ဆို တာ ငါ သိပြီးသားပါ။ အခု သူ မိုးကြိုးရေကန်ကို စုစည်းနိုင်ခဲ့ပြီဆိုတော့ နောင်ကျရင် သူ့ကို သတ်ဖို့ ပိုတောင် ခက်ခဲသွားဦးမယ်... မင်းနဲ့ ငါ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့ သမျှတွေ၊ အစီအစဉ်တွေ အားလုံးကို သူက ဒီတစ်ချက်တည်းနဲ့ တန်းတူဖြစ် အောင် လုပ်နိုင်ခဲ့ပြီ၊ ရွှန်ကျိ... မင်းရဲ့ဒီသားက ရင်ဆိုင်ရ မလွယ်ဘူးဆိုတာ အခုတော့ မင်း သိပြီပေါ့။”

ယန်ဖန်က လက်ယမ်းလိုက်သည်။ “သွားကြစို့။ သူနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ ချက်ချင်းပဲ သင်္ဘောကို လှည့်ပြီး လျှပ်တပြက်ဝင်္ကပါထဲကို ဝင်ကြစို့။ ငါတို့ ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ထဲဝင်ပြီး ‘ခုန်း’ ရဲ့ အကြွင်းအကျန်တွေကို ရှာကြစို့။”

“မိုးကြိုးရေကန်ကို စုစည်းဖို့ဆိုတာ ဒီလောက် မလွယ်ဘူး” ဟုန်ရွှန်ကျိ၏ မျက်နှာမှာ ပြန်လည် တည်ငြိမ်သွားသည်။ “မုန့်ရှန်းကျီက သူ့ကို နေလစကြဝဠာ ဆေးပေါင်းအိုးကို ပေးခဲ့တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် နေလစကြဝဠာ ဆေးပေါင်းအိုးရဲ့ လျှို့ဝှက်ချက်တွေကို ပြခဲ့တာဖြစ်ရင်ဖြစ် သေချာပေါက် တစ်ခုခုတော့ ရှိလိမ့်မယ်...”

သူ စကားပြောနေစဉ်မှာပင် ဧကရာဇ် ယန်ဖန်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။

“ဖန်ဆင်းခြင်းသင်္ဘော” မှာ ရုတ်တရက် လှည့်ထွက်သွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွက် ကာ အလျှင်အမြန် ဆုတ်ခွာသွားတော့သည်။ နောက်တစ်ခဏမှာပင် ၎င်းသည် လျှပ်တပြက်ဝင်္ကပါ၏ လိုဏ်ခေါင်းတစ်ခု ရှေ့တွင် ပေါ်လာပြီး ထိုအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

စာစဉ် (၅၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters