အခန်း (၅၅၅-၅၅၆)
Vol. 53 Ch. 555-556
အခန်း (၅၅၅)။
“လျှပ်တပြက်ဝင်္ကပါလား”
ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ ၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ အားလုံးမှာ စကြဝဠာတစ်ခုလုံးတွင် ပျံ့နှံ့နေသော ကြီးမားလှသည့် ဥမင်လိုဏ်ခေါင်းကြီးများကို လှမ်းကြည့်မိကြသည်။ ထိုဥမင်လိုဏ်ခေါင်းကြီးများများသည် အမှောင်ထုအတိ ဖုံးလွှမ်းနေ ပြီး ဝဲဂယက်များ ထနေ၏။ ဥမင်လိုဏ်ခေါင်းကြီးအများစုထံမှ ငရဲပြည်သို့ ဦးတည်နေသ လားဟု ထင်မှတ်ရလောက်သည့် ကြောက်မက်ဖွယ် သေမင်းအရှိန်အဝါများ ထွက်ပေါ်နေ သည်။
“ဒါက လွယ်ပါတယ်” လျှိုထျန်းနန်က ဆိုသည်။
“ဒီနေရာမှာ ဥမင်လိုဏ်ခေါင်းကြီးတွေ ထောင်နဲ့ချီ ရှိနေပေမဲ့ ငါတို့ရဲ့ တာအိုပညာရပ်တွေနဲ့ ရှာဖွေဖို့ဆိုတာ မခက်ခဲပါဘူး။ ဒါ့အပြင် သခင်ပါ့က ဘယ်လမ်းကြောင်းက ‘ကမ္ဘာဦး မူလ နဝမချောက်နက် နတ်ဘုရား နယ်မြေ’ ဆီ ဦးတည်နေတယ်ဆိုတာကို သေချာပေါက် သိနေမှာပဲလေ။”
“လျှိုထျန်းနန်... မင်းရဲ့အတွေးတွေက ကလေးကလား ဆန်လွန်းတယ်” ပါ့က အေးစက်စွာ ရယ်မောလိုက်သည်။ “ဒါကို ဘာလို့ ‘လျှပ်တပြက်ဝင်္ကပါ’ လို့ ခေါ်လဲဆိုရင် ဒီအထဲက ရာထောင်ချီတဲ့ ဥမင်လိုဏ်ခေါင်းတွေဟာ လျှပ်တပြက်အတွင်း အမြဲတမ်း ပြောင်းလဲနေလို့ ပဲ။ ဥမင်လိုဏ်ခေါင်းတစ်ခုက နတ်ဘုရားနယ်မြေဆီ ဦးတည်နေတယ်ဆိုရင်တောင် နောက် တခဏတွင်းမှာပဲ အဲဒီလမ်းကြောင်းက သေလမ်းအဖြစ် ပြောင်းလဲသွားမှာ။ အဲဒါကြောင့်ပဲ လျှပ်တပြက်ဝင်္ကပါလို့ ခေါ်တာ။”
“အရမ်း အန္တရာယ်များတာပဲ။”
ပါ့၏ စကားကို ကြားလိုက်ရသည့်အခါ အားလုံးမှာ ထိတ်လန့်သွားကြသည်။ ယုဝမ်မူ တောင်မှ မျက်မှောင်ကြုတ်သွားခဲ့ရ၏။ သူသည် ‘အမှောင်ဧကရာဇ် တာအိုသခင်’ ထံတွင် ဤနတ်ဘုရားနယ်မြေ အကြောင်း မေးမြန်းစဉ်က ‘အမှောင်ဧကရာဇ် တာအိုသခင်’ ဝေခွဲမရဖြစ်နေဟန် ရှိခဲ့သည်ကို ပြန်လည် သတိရသွားသည်။
လျှပ်တပြက်ဝင်္ကပါမှာ ဤမျှအထိ အန္တရာယ်ကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
မှန်ကန်သော ဝင်ပေါက်ကို ရှာတွေ့ခဲ့လျှင်ပင် နောက်တစ်ခဏ၌ အဆိုပါ ဝင်ပေါက်မှာ သေလမ်း ဖြစ်သွားနိုင်ပေသည်။ ထိုကဲ့သို့သော အချိန်အပိုင်းအခြားလေးကို မည်သူက ဖမ်းဆုပ်နိုင်ပါမည်နည်း။
လက်ဖျောက်တစ်ချက် တီးခတ်ချိန်တွင် ‘ခဏတာ’ ပေါင်း ၆၀ ရှိသည်။
လက်ဖျောက်တစ်ချက်၏ ၆၀ ပုံ ၁ ပုံအတွင်းမှာ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေပြီး ထိုထဲသို့ ပျံဝင်သွားရန်ဆိုသည်မှာ အချိန်ကို ထိန်းချုပ်နိုင်စွမ်းရှိသော အဆင့်ခြောက် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူပင်လျှင် မတတ်စွမ်းနိုင်သော အရာမျိုး ဖြစ်သည်။
၎င်းမှာ ပစ္စုပ္ပန်တည့်တည့်ကို ဖမ်းဆုပ်ရသကဲ့သို့ပင် ဖြစ်သည်။
ရှင်ခြင်းနှင့် သေခြင်းမှာ တစ်ခဏအတွင်း ပြောင်းလဲသွားနိုင်သည်။ အဆိုပါအချက်ကို ကိုယ်တိုင် ဖမ်းဆုပ်နိုင်ခြင်း ရှိ၊ မရှိ အပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ ဖမ်းဆုပ်နိုင် လျှင် ထိပ်ဆုံးသို့ ရောက်သွားမည်ဖြစ်ပြီး၊ မဖမ်းဆုပ်နိုင်ပါက ငရဲလမ်းတွင် ပြန်ဆုံကြရုံသာ ရှိတော့သည်။
...
“ဒီ ဥမင်လိုဏ်ခေါင်းကြီးတွေက ဟင်းလင်းပြင်တံခါးတွေပဲ၊ နေထွက် နေဝင်သလိုပဲ အဆုံး မရှိ အဆက်မပြတ် ပြောင်းလဲနေပြီး ထူးဆန်းတယ်။ ဆန်းပြားပြီး တောက်ပနေသလို အရာ အားလုံးနဲ့ ပြည့်နှက်နေတယ်။ ဒီစွမ်းအားရှေ့မှာဆိုရင် ဖန်ဆင်းခြင်းအဆင့်နဲ့ ‘ယန်နတ် ဘုရား’ တွေတောင်မှ သေးငယ်သွားသလိုပဲ။”
ပိုင်ဇိယွဲ့၏ မျက်ခုံးနှစ်ခုကြားရှိ ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲတွင် ပုန်းအောင်းနေသည့် ဟုန်ယွိနှင့် ကြင်ယာတော်ယွမ်တို့လည်း ပါ့၏ စကားများကို ကြားပြီး ထိတ်လန့်သွားကြ သည်။
“တော်သေးတာပေါ့၊ ငါတို့ ပါးကို အရင်ဖမ်းဖို့ မကြိုးစားမိခဲ့လို့။ မဟုတ်ရင် သူ ထွက်ပြေး သွားတာက ကိစ္စမရှိပေမဲ့ ဒီလျှပ်တပြက်ဝင်္ကပါရဲ့ နက်နဲမှုကို ငါ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။”
လျှပ်တပြက် ဝင်္ကပါအကြောင်း ကြားလိုက်ရသည့်အခါ ဟုန်ယွိမှာ ရှေ့တွင်ရှိနေသည့် ဝင်္ကပါများကို ကြည့်ရင်း မေးခွန်းထုတ်မိသည်။
“လျှပ်တပြက်၊ ထာဝရ... တိုင်ရှန်တာအိုဂိုဏ်းရဲ့ မှော်လက်နက်ကို ‘ထာဝရနိုင်ငံတော်’ လို့ ခေါ်တယ်။ အဲဒီထာဝရမြင့်မြတ်သော အလင်းက တကယ်ကို အစွမ်းထက်တယ်။ အဲဒီထဲမှာ ငါ လုံးဝ မယှဉ်နိုင်တဲ့ ‘ထာဝရ’ ဆိုတဲ့ သဘောရတား အငွေ့အသက်တွေ ပါဝင်နေတယ်။ ဆုမူရဲ့ မှော်စွမ်းအားက မလုံလောက်သေးလို့ ထာဝရနိုင်ငံတော်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်သေးတာ။ တကယ်လို့ မုန့်ရှန်းကျီကိုယ်တိုင် ရောက်လာပြီး ငါ့ကို တိုက်ခိုက်မယ် ဆိုရင် တောင်တစ်လုံးက ကြက်ဥတစ်လုံးကို ဖိချေလိုက်သလိုမျိုး ငါ ချက်ချင်း ပြိုလဲသွား လိမ့်မယ်။”
ဤကဲ့သို့ အရေးကြီးသည့် အချိန်တွင် ဟုန်ယွိမှာ နတ်ဘုရားနယ်မြေထဲမှ ရတနာများနှင့် လျှို့ဝှက်ချက်များကို မစဉ်းစားဘဲ လျှပ်တပြက်ဝင်္ကပါကို ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။
သူသည် ဤ ‘ဝင်္ကပါ’ ထံမှ တစ်ခုခုကို နားလည်သဘောပေါက်နိုင်မည်ဟု ခံစားနေရသည်။
ဤစကြဝဠာအတွင်းရှိ အရာအားလုံးတွင် နားလည်သဘောပေါက်နိုင်သော တာအိုတစ်ခု ရှိနေကြသည်။ နေမင်းကို စောင့်ကြည့်ခြင်းက ‘နေနတ်ဘုရားပုံရိပ်ဖော် တရားထိုင်နည်း’ ကို နားလည်စေနိုင်သည်။ လမင်းကို စောင့်ကြည့်ခြင်းက ‘ယင်တာအို’ ကို နားလည်စေနိုင် သည်။ ကြယ်များကို စောင့်ကြည့်ခြင်းက ‘ကြယ်တာယာ ပြောင်းလဲခြင်း နတ်ဘုရား စွမ်းအား’ နှင့် အခြား မရေမတွက်နိုင်သော နည်းလမ်းများကို ရရှိစေနိုင်သည်။
“ဟုန်ယွိ... ငါတို့ အခုပဲ လှုပ်ရှားကြမလား။ ဒါမှမဟုတ် နတ်ဘုရားနယ်မြေထဲ ရောက်တဲ့ အထိ စောင့်ကြမလား။ ဒါပေမဲ့ ဒီလျှပ်တပြက်ဝင်္ကပါက အရမ်း အန္တရာယ်များလွန်းတယ်လို့ ငါ ခံစားနေရတယ်။ ဒါဟာ ငါ တစ်ခါမှ မမြင်ဖူးတဲ့ ဘေးအန္တရာယ်မျိုးပဲ။ ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ နဲ့ အတူတူ ဝင်သွားတာကတော့ ကောင်းတဲ့အကြံ မဟုတ်ဘူး ထင်တယ်။”
ပိုင်ဇိယွဲ့က သူ၏ မျက်ခုံးနှစ်ခုကြားရှိ ‘သူတော်စင်ပေါင်းစုံခန်းမ’ ဆီသို့ အတွေးစတစ်ခု ပေးပို့လိုက်သည်။
ပိုင်ဇိယွဲ့မှာ သူ၏ အပ်စိုက်မှတ်များကို စတင်ကျင့်ကြံနေပြီ ဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခု ကြားရှိ အပ်စိုက်မှတ်တစ်ခုကို သေးငယ်သော ဟင်းလင်းပြင် အမှတ်တစ်ခုအဖြစ် ဖွဲ့စည်း ထားပြီး ဖြစ်သည်။ ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ သေးငယ်သွားသည့်အခါ အလွန်တရာ သေးငယ်သော်လည်း ကြီးမားလာသည့်အခါတွင်မူ အလွန် ကျယ်ပြောလှပြီး ကိုယ်ပိုင်ဟင်းလင်းပြင် ရှိနေသဖြင့် ထိုဟင်းလင်းပြင်အမှတ် အတွင်း၌ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ ကို သဘာဝအတိုင်း ထားနိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ ယန်နတ်ဘုရား မှော်လက်နက်တစ်ခု၏ ထူးခြားချက်ပင်။
“ပိုင်ဇိယွဲ့... ပါ့ကို မေးကြည့်ပါဦး၊ မင်းရဲ့ ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်ကို ငှားပြီး သူ ဘာလုပ်မှာလဲလို့။ ဒီလျှပ်တပြက်ဝင်္ကပါကို သူ ဘယ်လို ကိုင်တွယ်မှာလဲလို့။ ဒီကိစ္စရဲ့ အခြေအနေကို အရင်ဆုံး သိအောင်လုပ်ကြရအောင်။ ဒီကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိသေးတယ်။ သူ့ကို မဖမ်းခင် တစ်ခုချင်းစီ မေးမြန်းကြည့်ရမယ်။” ဟုန်ယွိက ပြန်ဖြေလိုက်သည်။
...
“သခင်ပါ့... ဒီလျှပ်တပြက် ဝင်္ကပါက ဒီလောက်အန္တရာယ်များပြီး ရှင်ခြင်းနဲ့ သေခြင်းက လျှပ်တပြက်အတွင်း ပြောင်းလဲနိုင်တာဆိုတော့၊ ငါ့ရဲ့ ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ် ဆိုးတံဆိပ်ကို ဘယ်လို သုံးမှာလဲ။” ပိုင်ဇိယွဲ့မှာ အလွန် ပါးနပ်သူ ဖြစ်ရာ၊ ဟုန်ယွိ၏ ဆိုလိုရင်းကို မည်သို့ နားမလည်ဘဲ နေပါမည်နည်း။ သူက ပါးကို အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ စကားပြောရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော ပုံစံရှိသည့် တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။
တင်ထုတ်လွှတ်လိုက်စဉ်က ၃ လက်မပတ်လည်သာ ရှိသော်လည်း ကောင်းကင်သို့ ပျံတက် သွားသည်နှင့် ချက်ချင်းပင် မင်္ဂလာအလင်းတန်းပေါင်း သောင်းချီနှင့် ကံကောင်းစေသော အငွေ့အသက်ပေါင်း ထောင်ချီ ထွက်ပေါ်လာသည်။ တံဆိပ်ကြီးမှာ ပေပေါင်း ဒါဇင်နှင့်ချီ မြင့်မားသွားခဲ့ပြီး နတ်ဘုရားဓားကျောက်တိုင် သို့မဟုတ် အလှဆင်ကျောက်တိုင်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားသည်။ တံဆိပ်ပေါ်တွင် မရေမတွက်နိုင်သော ကြယ်တာရာများက ကောင်းကင်နှင့် မြေကြီး၏ အစီအစဉ်အတိုင်း တဖျတ်ဖျတ် တောက်ပနေကြသည်။ ကြယ်စင်စုပေါင်း ၁၀၈ ခု၊ ကြယ်မြေပုံများနှင့် ကြယ်အစုအဝေးများသည် ကောင်းကင်၏ ဒီဂရီများအတိုင်း လည်ပတ်နေကြပြီး၊ တောက်ပသော အလင်းတန်းများက ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကို နေမင်းအငယ်စားလေးတစ်ခု ထွက်ပေါ်လာသကဲ့သို့ လင်းထိန်သွားစေသည်။ ထိုမြင်ကွင်းမှာ ညဘက်တွင် လွင့်မျောနေသည့် တိမ်တိုက်များကို လေပြင်းက တိုက်ထုတ်လိုက်ပြီး ကြယ်များနှင့် ပြည့်နှက်နေသည့် ကြည်လင်သော ကောင်းကင်ကြီးကို ဖော်ပြလိုက်သကဲ့သို့ပင်။
ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်ထံမှ ထွက်ပေါ်လာသော ကြယ်တာရာ အလင်းတန်းများနှင့်အတူ တောင်တစ်လုံးကဲ့သို့ ပြင်းထန်လေးလံသော ဖိအားကြီးတစ်ခု သက်ရောက်လာသည်။ ထိုကြီးမားလှသော ဖိအားကြောင့် ယုဝမ်မူနှင့် ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ တို့ပင်လျှင် အနည်းငယ် နောက်ဆုတ်သွားခဲ့ရပြီး သူတို့၏ မျက်လုံးများ မှာ ဝင်းလက်တောက်ပသွားကြ၏။
ဤကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်၏ စွမ်းအားမှာ ‘ဖန်ဟွမ် အသက်ဝိညာဉ် ဓား’ ၏ စွမ်းအားနှင့် ခပ်ဆင်ဆင် တူညီနေပေသည်။
“တကယ့် ရတနာကောင်းပဲ။” ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ က အံ့သြတကြီး အော်ပြောလိုက်သည်။
“တကယ်ကို ကောင်းမွန်တဲ့ ရတနာပါပဲ။” ယုဝမ်မူကလည်း ထပ်ဆင့်ချီးကျူးလိုက်သည်။ သူသည် အဆိုပါရတနာကို လိုချင်တပ်မက်နေသည့် သူ၏ စိတ်ဆန္ဒကိုပင် လုံးဝ ဖုံးကွယ် မထားပေ။
“နှမြောစရာကောင်းတာက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အမြင့်ဆုံးရတနာ ‘မဟာဖရိုဖရဲ သပိတ်တော်’ ဟာ (Great Chaos Alms Bowl) လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ပျောက်ဆုံးသွားခဲ့တာပဲ။ အဆုံးသတ်မှာတော့ ငါတို့ဘိုးဘေးတွေ သန့်စင်ခဲ့တဲ့ မက်မွန် နတ်ဘုရား ရတနာခုနစ်ပါး၊ ‘ကောင်းကင်တုန်ခါလေး’ နဲ့ ‘အကန့်အသတ်မဲ့မြှား’ တို့က တော့ ရှေးဟောင်း ဖန်ဆင်းခြင်းအဆင့် လက်နက်တွေ၊ ယန်နတ်ဘုရား လက်နက်တွေ ဒါမှမဟုတ် ‘ပါရမီ’ (နိဗ္ဗာန) လက်နက်တွေလောက် မကောင်းဘူးလေ။ အဲဒီရတနာသာ ရှိနေမယ်ဆိုရင် ငါ့အစ်ကိုကြီး လော့ထျန်းယွဲ့ သေမှာ မဟုတ်ဘူး။”
လျှိုထျန်းနန်က သက်ပြင်းချရင်း ဆိုလိုက်သည်။
မက်မွန်နတ်ဘုရားဂိုဏ်း၏ အမြင့်ဆုံးရတနာဖြစ်သော ‘မဟာဖရိုဖရဲ သပိတ်တော်’မှာ အလွန်ပင် အစွမ်းထက်လှ၏။ ၎င်းသည် ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ် ကဲ့သို့ပင် ကမ္ဘာဦး နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည့်အပြင် ‘မက်မွန်နတ်ဘုရား ရတနာ ခုနစ်ပါး’၊ ‘ကောင်းကင်တုန်ခါလေး’ နှင့် ‘အကန့်သတ်မဲ့မြား’ တို့ထက် များစွာ ပိုမို အစွမ်းထက်သည်။
“ဟီးဟီး... ကောင်းကင်ကြယ် ၃၆ လုံးနဲ့ မြေပြင်ကြယ် ၇၂ ပေါင်းလိုက်ရင် ကြယ် ၁၀၈ လုံး ရှိတယ်။ ငါက ဒီ ‘ကောင်းကင်နဲ့မြေပြင် ကြယ်တာရာ ၁၀၈ ’ရဲ့ စွမ်းအားကို အသုံးချပြီး ‘မဟာကောင်းကင်မိစ္ဆာနည်းလမ်း’ နဲ့ ဒီ ‘လျှပ်တပြက်ဝင်္ကပါ’ ရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက် အချို့ကို တွက်ချက်ဖော်ထုတ်ရမှာ။ ပိုင်ဇိယွဲ့... မြန်မြန်လုပ်၊ အဲဒီတံဆိပ်ကို ငါ့ဆီ အခုပဲ လွှဲပေးစမ်း။”
ပါ့သည် ငေးမောနေရာမှ သတိပြန်ဝင်လာပြီး အေးစက်စက် အမူအရာဖြင့် ပြုံးလျက် ပြောဆိုလိုက်သည်။
“မင်းကို တံဆိပ် လွှဲပေးရမယ် ဟုတ်လား။ အဲဒါကတော့ သိပ်ပြီး မသင့်တော်ဘူး ထင်တယ်။” ပိုင်ဇိယွဲ့က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။ “အဲဒီအစား မင်းက ‘မဟာ ကောင်းကင်မိစ္ဆာ နည်းလမ်း’ အကြောင်းကို ငါတို့ကို အသေးစိတ် ပြောပြပြီး အတူတူ လေ့လာကြရင် ပိုမကောင်းဘူးလား။ သခင်ပါ့က လျှပ်တပြက်ဝင်္ကပါအကြောင်း သိထား တာဆိုတော့ ‘ဘိုးဘေးကြီးခုန်း’ ဆီကနေ စစ်မှန်တဲ့ အမွေအနှစ်တွေ ရထားတာပဲ ဖြစ်ရမယ်။ ငါတို့အားလုံး ရိုးရိုးသားသားနဲ့ လက်တွဲကြစို့၊ ဘာမှ ဖုံးကွယ်မထားကြေးလေ။ မင်း ဘယ်လိုသဘောရလဲ။”
“ဒီပိုင်ဇိယွဲ့ကတော့ တကယ်ကို မဆိုးဘူးပဲ။” ယုဝမ်မူသည် ပိုင်ဇိယွဲ့၏ စကားကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားသည်။ ပါ့အနေဖြင့် လျှပ်တပြက်ဝင်္ကပါ၏ လျှို့ဝှက်ချက်ကို ပြောပြပြီး အားလုံးအတူတူ လေ့လာသင့်သည်ဟု သူလည်းပဲ လက်ခံမိနေ သည်။
“ကလေး... မင်းက တကယ်ကို အကွက်စေ့လွန်းတာပဲ။” မိစ္ဆာအိုကြီး ပါ့သည်လည်း ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်ကို အလွယ်တကူ ရလိမ့်မည်ဟု မမျှော်လင့် ထားပေ။ ဤမျှ အဖိုးတန်သည့် ရတနာကို မည်သူက အလွယ်တကူ ပေးအပ်ပါမည်နည်း။ သူသည် စမ်းသပ်ကြည့်သည့် အနေဖြင့်သာ ပြောလိုက်ခြင်း ဖြစ်ပြီး အလျှော့အတင်း လုပ်ရန် လမ်းစချန်ထားခဲ့ခြင်း ဖြစ်သည်။ သူက ပြုံးရင်း နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိ သည့် မိစ္ဆာမျောက်ဝံကြီးမှာ ပါးစပ်ကိုဖွင့်ကာ စာသားအချို့ကို ရွတ်ဆိုလိုက်တော့သည်။
“ဒီ ‘လျှပ်တပြက်ကျမ်း’ ဟာ ဘိုးဘေးကြီးခုန်းက လျှပ်တပြက်ဝင်္ကပါကို လေ့လာစဉ်တုန်း က ချန်ထားခဲ့တာပဲ။ အဲဒီထဲမှာ လျှပ်တပြက်ဝင်္ကပါရဲ့ အခြေခံ သဘောတရားအချို့ကို ရှင်းပြထားတယ်။ မင်းတို့ သေချာနားထောင်ကြ၊ နားထောင်ပြီးရင် ဒီနေရာမှာတင် အတူတူ လေ့လာကြတာပေါ့။ ငါ တစ်ခုခု ဖုံးကွယ်ထားတယ်လို့တော့ မထင်လိုက်နဲ့။”
သူသည် စကားပြောနေရင်း ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းထဲရှိ ကြီးမားသော ဥက္ကာခဲကြီးတစ်ခုပေါ်သို့ လျှပ်ခနဲ ခုန်တက်ထိုင်လိုက်သည်။ တပည့်ငါးယောက်မှာမူ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်စွာ ရပ်တန့်လျက် သူ့ကို အနီးကပ် စောင့်ရှောက်နေကြ၏။
“ရှင်ခြင်းနဲ့ သေခြင်း၊ ထာဝရဆိုတာ အိမ်မက်တစ်ခုလိုပဲ။ ထာဝရရဲ့ အချိန်ကာလက တိုင်းတာလို့ မရနိုင်ဘူး။ ထာဝရကို ဖမ်းဆုပ်လို့ မရဘူးဆိုတာက သဘာဝတရားပဲ။ ဒါပေမဲ့ ‘လျှတပြက်’ (တခဏ) ဆိုတာကတော့ မင်းတို့မျက်စိရှေ့မှာတင် ရှိနေတာ။ အဲဒါကို ဘယ်သူက ဖမ်းဆုပ်နိုင်မှာလဲ။ တိုတောင်းတဲ့ အချိန်ကိုလည်း ဖမ်းဆုပ်လို့ မရသလို၊ ရှည်လျားတဲ့ အချိန်ကိုလည်း ဖမ်းဆုပ်လို့ မရဘူး။ ဒါဆိုရင် တကယ်တမ်း ဘာကိုများ ဖမ်းဆုပ်လို့ ရနိုင်မှာလဲ။”
နက်နဲလှသည့် စာသားများသည် ပါ့၏ ပါးစပ်မှ စာအုပ်တစ်အုပ်ကို ဖတ်ပြနေသည့်နှယ် စည်းချက်ကျကျ ထွက်ပေါ်လာသည်။
“လျှပ်တပြက်ကျမ်းလား”
ဟုန်ယွိလည်း ပါ့ရွတ်ဆိုနေသည့် ကျမ်းစာသားများကို ကြားလိုက်ရသည်။ စကားလုံးတိုင်း မှာ သူ၏နားထဲသို့ စိမ့်ဝင်လာပြီး စကားလုံးတိုင်းမှာ အလွန်နက်နဲနေသည်ကို တွေ့ရှိလိုက် ရသည်။ သူသည် အဆိုပါစာသားများကို ပြန်လည်ဆင်ခြင်ကြည့်သည့်အခါ အလွန်ပင် ဆွဲဆောင်မှုရှိနေ၏။ ရှေ့တွင်ရှိနေသည့် လျှပ်တပြက်ဝင်္ကပါနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့ကို အတွေးသစ်များစွာ ရရှိစေသည်။
“မှန်တယ်။ ထာဝရဆိုတာ အရမ်းကို ရှည်လျားလွန်းတယ်။ အဲဒါကို မဖမ်းဆုပ်နိုင်တာက လူ့သဘာဝပဲ။ ဒါပေမဲ့ ဘယ်နှစ်ယောက်ကများ ဒီလောက်တိုတောင်းတဲ့ အချိန်အပိုင်း အခြားကလေးကို ဖမ်းဆုပ်နိုင်မှာလဲ။ တခဏတာကိုတောင် မဖမ်းဆုပ်နိုင်ရင် ထာဝရကို ဘယ်လိုများ ဖမ်းဆုပ်နိုင်ပါ့မလဲ။”
တိုတောင်းသော အချိန်ကို ဖမ်းဆုပ်၍ မရသလို။ ရှည်လျားသော အချိန်ကိုလည်း ဖမ်းဆုပ် ၍ မရ။ ဒါဆိုရင် ဘာကိုများ ဖမ်းဆုပ်လို့ ရနိုင်မှာလဲ။
နိဒါန်းပိုင်းကို နားထောင်ပြီးနောက် ဟုန်ယွိမှာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။ သူသည် ဆုမူ၏ ထာဝရမြင့်မြတ်သောအလင်းနှင့် ရင်ဆိုင်ခဲ့ရသည်ကို ပြန်လည် သတိရမိ ပြီး ပိုမိုနက်ရှိုင်းသည့် နားလည်မှုကို ရရှိလာသည်။
“ခုန်းဟာ တကယ်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ။ သူ့သိုင်းတာအို ကျင့်ကြံမှုက ဘယ်အဆင့်အထိ ရောက်နေမလဲ ငါ ပိုပိုပြီး သိချင်လာပြီ။ တကယ်လို့ ထာဝရဆိုတာ စကြဝဠာကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ တာအိုပညာရပ်ဆိုရင်၊ ‘တခဏတာ’ ဆိုတဲ့ စကားလုံးကတော့ သိုင်းတာအိုရဲ့ သေးငယ်တဲ့ လျှို့ဝှက်ချက်ပဲ။” ဟုန်ယွိ တွေးတောလိုက် သည်။
ရုတ်တရက် သူ၏ နားထဲတွင် ရွတ်ဆိုသံများ ရပ်တန့်သွားသည်။ မိစ္ဆာမျောက်ဝံကြီး ပါ့က ရွတ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“မင်း ဘာလို့ ရပ်လိုက်တာလဲ။ မင်း ခုနက ရွတ်ပြတဲ့ ‘လျှပ်တပြက်ကျမ်း’ က အခြေခံ သဘောတရားတွေပဲ ရှိသေးတာလေ။ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ ဝင်္ကပါထဲကို ဝင်နိုင်မယ့် နည်းလမ်းကရော။” ယုဝမ်မူ၊ ပိုင်ဖေးရှန်၊ လျှိုထျန်းနန်နှင့် ပိုင်ဇိယွဲ့တို့က တစ်ပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။
“ဟီးဟီး၊ ဒီ ‘လျှပ်တပြက်ကျမ်း’ က ငါတို့ ‘ခွန်အားကြီး နတ်ဘုရားစိန်မျောက်ဝံ’ မျိုးနွယ်စု ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ။ ဒါကို အမြဲတမ်း နှုတ်တိုက်ပဲ လက်ဆင့်ကမ်းခဲ့ကြတာ။ ဘယ်စာအုပ်၊ ဘယ်ကျမ်းစာထဲမှာမှ မရေးသားခဲ့ဘူး။ ငါ ခုနက ရွတ်ပြတာက နိဒါန်းပဲ ရှိသေးတာ။ တကယ့် လျှို့ဝှက်ချက်ကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်ပြောပြနိုင်ပါ့မလဲ။” ပါ့ က သရော်သလို ရယ်မောလိုက်သည်။
“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။” ယုဝမ်မူက မျက်မှောင်ကြုတ်ရင်း ဆိုသည်။ သူသည် ‘လျှပ်တပြက်ကျမ်း’ ထံမှ အသိအမြင်များစွာ ရရှိခဲ့သည်။ ၎င်းသည် ကျမ်း၏ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ယခုအခါ သူသည် ကျမ်းစာအကြောင်း အရာအားလုံးကို ထုတ်ပြောလာရန် မိစ္ဆာမျောက်ဝံကြီးပါ့ကို သတ်ဖြတ်လိုသည်အထိ အတင်းအကျပ် လုပ်လိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။
ယုဝမ်မူ တစ်ဦးတည်း မဟုတ်ပေ။ ပိုင်ဖေးရှန်၊ လျှိုထျန်းနန်နှင့် တခြားသူများလည်း ဤကျမ်း၏ ဆွဲဆောင်မှုထဲတွင် နစ်မျောနေကြ၏။ ဤနေရာတွင် ရှိနေသူများသည် သာမန် လူများ မဟုတ်ကြချေ။ သူတို့သည် တစ္ဆေအင်မော်တယ်’ အဆင့်အထိ ကျင့်ကြံထားပြီး ရှင်ခြင်းသေခြင်း လျှို့ဝှက်ချက်များကို နားလည်ထားသူများဖြစ်ရာ မည်သို့ လူဖျင်းလူအ များ ဖြစ်နိုင်ပါမည်နည်း။
“ဟားဟား၊ ရုတ်တရက် မိစ္ဆာမျောက်ဝံကြီးပါ့မှာ ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။ မင်းတို့ အဲဒါကို တကယ်ပဲ ကြားချင်ကြတာလား။ စိတ်မပူပါနဲ့။ ငါက မင်းတို့ရဲ့ ဝိညာဉ်တွေ ကို ဖမ်းမိတဲ့အခါကျရင် အကုန်လုံးကို အသေးစိတ် ပြောပြမှာပါ။”
၎င်းမှာ တစ်စုံတစ်ရာသော အကြံအစည် အောင်မြင်သွားသည့် အမူအရာမျိုးပင် ဖြစ်သည်။
“ဘာလဲ”
ယုဝမ်မူနှင့် တခြားသူများသာမက ဟုန်ယွိပင်လျှင် မှင်တက်သွားခဲ့သည်။
“ဂျိမ်း...၊ ဂျိမ်း...”
မိစ္ဆာမျောက်ဝံကြီးပါ့ ရယ်မောလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် ဟင်းလင်းပြင်ထဲ တွင် ကြီးမားလှသည့် မူလစွမ်းအင်များ တဟုန်းဟုန်း တုန်ခါသွားသည်။ ဤစွမ်းအင်များ သည် အလွန်လေးလံပြီး ဗလာဖြစ်နေသော်လည်း အလယ်ဗဟိုနေရာတစ်ခုလုံးကို လွှမ်းမိုး ထား၏။ ‘လျှပ်တပြက်ဝင်္ကပါ’ မှလွဲ၍ ကျန်ရှိသည့် နေရာအနှံ့အပြားတွင် လူတိုင်းကို ပိတ်လှောင်ထားသည့် အဝတ်အိတ်ကြီးတစ်ခုနှယ် ဖြစ်သွားတော့သည်။
အားလုံးမှာ အိုးထဲက လိပ်များကဲ့သို့ လွတ်လမ်းမရှိ ပိတ်မိသွားကြလေပြီ။
မူလကတည်းက လူတိုင်းမှာ အလွန် လိမ္မာပါးနပ်ကြသူများ ဖြစ်သည်။ အသံအနည်းငယ် ကြားရုံနှင့် သတိကပ်နိုင်ကြသူများ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ သူတို့၏ အာရုံများမှာ ပါ့၏ ဆန်းကြယ်လှသော ‘လျှပ်တပြက်ကျမ်း’ ဆီသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
‘လျှပ်တပြက်ကျမ်း’ ကဲ့သို့ ကျမ်းမျိုးကသာ မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူ တစ်ဦး၏ စိတ်အာရုံကို စိတ်ညှို့ထားနိုင်စွမ်း ရှိပေမည်။
“ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်။”
ဟုန်ယွိသည် သူတို့အား ဝိုင်းရံပိတ်ဆို့ထားသည့် စွမ်းအင်များကို ကြည့်ပြီး ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သူသည် ဤစွမ်းအင်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ ‘ဖန်ဆင်းခြင်းသင်္ဘော’ ဆိုက်ရောက်လာပြီဖြစ်ကြောင်း သူ မည်သို့ မသိဘဲ နေပါမည်နည်း။
“ဒါဆို ပါ့က ဧကရာဇ် ‘ယန်ဖန်’ ဆီမှာ အမှုထမ်းနေတာပေါ့။ ဒီတစ်ကြိမ်မှာ သူက ဒီအခွင့်အရေးကို သုံးပြီး မြင့်မြတ် နယ်မြေသုံးခုရဲ့ ပါရမီရှင်တွေကို တစ်ပြိုင်နက်တည်း ဖမ်းဆီးဖို့ ကြံစည်ထားတာပဲ။ တကယ့်ကို ရက်စက်တဲ့ ထောင်ချောက်ပဲ။”
ဟုန်ယွိမှာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲ၌ပင် အခြေအနေအရပ်ရပ်ကို နားလည်သွားခဲ့ သည်။
အကယ်၍ ယုဝမ်မူ၊ ပိုင်ဇိယွဲ့နှင့် လျှိုထျန်းနန်တို့သာ အဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရ ပါက မြင့်မြတ်နယ်မြေသုံးခုအနက် နှစ်ခုမှာ ချက်ချင်း ပြိုလဲသွားမည် ဖြစ်သည်။ ‘အမှောင် ဧကရာဇ် တာအိုသခင်’ ပင်လျှင် သူ၏ အားကိုးရသော လက်ရုံးများကို ဆုံးရှုံးသွားပေလိမ့် မည်။
“ဧကရာဇ် ယန်ဖန်ဟာ မနေ့ညက ကြင်ယာတော်ယွမ်ကို ဘာလို့ လွယ်လွယ်နဲ့ လွှတ်ပေးခဲ့ တာလဲ။ အခုတော့ မဆန်းတော့ပါဘူး။ သူက ကြင်ယာတော်ယွမ်ကနေ တစ်ဆင့် ဒီအကြောင်းတွေ ငါ့ဆီ သတင်းရောက်သွားမယ်ဆိုတာ ကြိုသိနေပြီး၊ လျှပ်တပြက် ဝင်္ကပါ ဆီ ရောက်လာလိမ့်မယ်ဆိုတာ သူ ကြိုတင်တွက်ချက်ထားတာလား။ သူ့ အကြံအစည်တွေ က ငါ့ထက်တောင် သာနေတာပဲ။ တကယ့်ကို အထင်ကြီးစရာပဲ။”
ဤအတွေးများ သူ၏ခေါင်းထဲတွင် လျှပ်တပြက် ဖြတ်ပြေးသွားစဉ်မှာပင် ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များ ပြင်းထန်စွာ တုန်ခါသွားသည်။ ဧရာမ နတ်ဘုရား စစ်သင်္ဘောကြီးဖြစ်သော ‘ဖန်ဆင်းခြင်းသင်္ဘောကြီး’ ဆိုက်ရောက်လာလေပြီ။
ဤတစ်ကြိမ်တွင်မူ ‘ဖန်ဆင်းခြင်းသင်္ဘော’ မှာ ယခင်တစ်ခေါက်ထက် ပိုမိုကြီးမားလာ သကဲ့သို့ အရှိန်အဝါမှာလည်း ပိုမို ပြင်းထန်လှသည်။
ဖန်ဆင်းခြင််းသင်္ဘောကြီး ဟင်းလင်းပြင်ကို ထိုးခွဲလိုက်သည့်အခါ လျှပ်တပြက် ဝင်္ကပါထဲ က ဥမင်လိုဏ်ခေါင်းများပင် ပြိုလဲမတတ် တုန်ခါကုန်ကြသည်။ ၎င်းမှ ထွက်ပေါ်လာသော ကြီးမားလှသော စွမ်းအားများကြောင့် ဝင်္ကပါများ၏ ပြောင်းလဲမှုမှာ ပို၍ပင် မြန်ဆန်လာခဲ့ သည်။
“ပြေးကြစို့”
ယုဝမ်မူမှာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို မြင်လိုက်ရသည့်အခါ တွန့်ဆုတ်မနေဘဲ သူ၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ၏ခေါင်းထဲမှ အတွေးစတစ်ခု ထွက်ပေါ်လာပြီး ‘ကောင်းကင်ထိုးဖောက် ဓားလွတ်မြောက်ခြင်းပညာ’ ကို ချက်ချင်း အသုံးချလျက် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ယုဝမ်မူ၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှပေသည်။
သို့သော် ‘ဖန်ဆင်းခြင်းသင်္ဘော’ ပေါ်မှ ပုံရိပ်တစ်ခုမှာ သူ့ထက်ပင် ပိုမို မြန်ဆန်နေ၏။ ဝှူး.. အဆိုပါပုံရိပ်မှာ လျှပ်ခနဲ ပျံထွက်လာပြီး ယုဝမ်မူ၏ ‘ကောင်းကင်ထိုးဖောက် ဓားလွတ် မြောက်ခြင်းပညာ’ ကို လက်သီးတစ်ချက်ဖြင့် တိုက်ရိုက် တားဆီးလိုက်သည်။ တစ်ချိန် တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များက ယုဝမ်မူကို လွှမ်းခြုံလိုက်ပြီး သူ့ကို နှေးကွေးသွားအောင် ဖိအားပေးလိုက်သည်။
“ဘုန်း”
မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူဖြစ်သည့် ယုဝမ်မူမှာ လက်သီးတစ်ချက် တည်းဖြင့်ပင် ပေါက်ကွဲပျက်စီးသွားခဲ့ရလေသည်။ သူ၏ ခန္ဓာကိုယ်မှာ သွေးမိုးများအဖြစ် ပြောင်းလဲသွားပြီး ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ အတွေးစပေါင်း ၆၀,၀၀၀ ကျော်နှင့် မှော်ရတနာများစွာမှာ လေထဲတွင် ဖရိုဖရဲ ပျံဝဲနေခဲ့ကြသည်။
လက်သီးတစ်ချက်တည်းဖြင့် အပြတ်သတ် ချေမှုန်းလိုက်ခြင်းပင်။
ယုဝမ်မူကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သူမှာ ‘ရွှေနဂါးချပ်ဝတ်’ ကို ဝတ်ဆင်ထားသူ ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဟုန်ရွှန်ကျိပင် ဖြစ်ပေတော့သည်။
အခန်း (၅၅၆)။
“အို... ရတနာတွေ အများကြီးပါလား။”
ယုဝမ်မူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက်၊ သူ၏ စိတ်ဝိညာဉ် အတွေးစ များ ဖရိုဖရဲ လွင့်စင်လာသည်ကို ကြည့်ပြီး ကြင်ယာတော်ယွမ်မှာ အံ့သြတကြီး ရေရွတ် လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယုဝမ်မူ၏ စိတ်ဝိညာဉ် အတွေးစများ အတွင်းထဲ၌ များပြားလှသော မှော်ရတနာများ ကိန်းအောင်းနေသည်ကို သူမ အထင်အရှား မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်သည်။
ထိုနေရာတွင် အဖိုးတန်ဝတ်စုံများ၊ ရွှေရောင်တူများ၊ ‘ကောင်းကင်ဖွင့်ချိတ်’ များ၊ ကျောက်စိမ်း လက်ကောက်များ၊ ကျောက်စိမ်းဆွဲသီးများ၊ လက်စွပ်များ၊ ပျံသန်းနိုင်သော ဓားများ၊ အလံများ၊ မီးလျှံထိပ်ဖျားလှံများ၊ မီးလျှံဟင်းလင်းပြင်ဘီးများ၊ ပျံသန်းနိုင်သော ဓားမြောင်များ၊ ဘူးများ၊ ရတနာပုလင်းများ၊ ရတနာစေတီငယ်များ၊ ရတနာအလံများ၊ ပိုးဖဲကြိုးများ၊ ရှည်လျားသော ကြိုးများ၊ ရွှေရောင်သပိတ်များ... အစရှိသဖြင့် အနည်းဆုံး အဖိုးတန်ရတနာပေါင်း ၃၀ ကျော် ရှိနေသည်။
ဤရတနာများသည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ သို့မဟုတ် ‘ဗုဒ္ဓသင်္ကန်းတော်’ ကဲ့သို့ သော ရှေးဟောင်း အထွတ်အထိပ် ရတနာများကို မမီသော်လည်း၊ တစ်ခုချင်းစီမှာမူ အလွန်ပင် ထူးခြားဆန်းပြားလှသည်။ ၎င်းတို့သည် ‘မက်မွန်နတ်ဘုရား ရတနာခုနစ်ပါး’ နှင့် အဆင့်ချင်း တူညီပြီး၊ ‘မတည်မြဲခြင်းဓား’နှင့် ‘ငရဲနတ်ဘုရား အရိုးဖြူလှံ’ တို့ကဲ့သို့ နတ်ဘုရားရတနာများ ဖြစ်ကြသည်။
အဆင့်မြင့် နတ်ဘုရားရတနာများ ဤမျှအထိ များပြားနေခြင်းမှာ အံ့ဩစရာပင်။
ယွန်မင်နိုင်ငံ၏ ဧကရာဇ်အကြံပေး ယုဝမ်မူသည် လောကအနှံ့ အတားအဆီးမဲ့ လှည့်လည် ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာနီးပါး ရှိခဲ့ပြီဖြစ်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်မှာ နှစ်ကြိမ်တိုင်တိုင် ပြိုကွဲခဲ့ပြီး၊ ပြန်လည်ဖွဲ့စည်းထားရကာ မိုးကြိုးကပ်ဘေး အဆင့်ခြောက်ကိုပင် ကျော်ဖြတ် ထားသူ ဖြစ်သည်။ သူသည် မုန့်ရှန်းကျီကဲ့သို့ ဒဏ္ဍာရီလာ ပညာရှင်ကြီးတစ်ဦးကိုပင် ရင်ဆိုင်ခဲ့သည့် ရည်မှန်းချက်ကြီးမားပြီး ရက်စက်တတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်၏။ သူ၏ ခန္ဓာကိုယ် အပိုင်းပိုင်း မပြတ်ခင်အထိ သူ၏ ကြွယ်ဝမှုကို မည်သူမျှ သတိမထားမိခဲ့ သော်လည်း၊ ယခု ပေါက်ကွဲသွားသည့် အခါတွင်မူ သူ၏ ကြွယ်ဝမှုများမှာ အထင်အရှား ပေါ်ထွက်လာခဲ့လေပြီ။
ထိုနတ်ဘုရား လက်နက်များထဲမှ ထူးဆန်းသော ရတနာတစ်ခုမှာ ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။ ထိုရတနာမှာ ‘ရွှေ’ ဆိုသည့် စာလုံးပုံစံရှိသော စေတီငယ်လေးတစ်ဆူပင် ဖြစ်သည်။
ထိုစေတီပေါ်တွင် မရေမတွက်နိုင်သော သေးငယ်လှသည့် စာလုံးများနှင့် ပုံရိပ်ကားချပ်များ ရှိနေ၏။ စေတီတော်၏ ထိပ်ဖျားတွင် ‘နေမင်းစက်ဝိုင်း’ နှင့် ‘လမင်းစက်ဝိုင်း’ တစ်ခုစီ ရှိနေ ပြီး၊ ထိုစက်ဝိုင်းနှစ်ခုကြားမှ ရှည်လျားသော လှေကားထစ်တစ်ခု ဝိုးတဝါး ပေါ်ပေါက်လာ သည်။ ထိုလှေကားမှာ မြင်ရုံမျှဖြင့် ထူးခြားဆန်းပြားနေပြီး အဆုံးမရှိသော ဟင်းလင်းပြင် ထဲသို့ ဦးတည်နေသည်။ ထိုလှေကားကို မြင်လိုက်သူတိုင်းသည် အကယ်၍ ဤလှေကား အတိုင်း တက်သွားမည်ဆိုလျှင် ကောင်းကင်ဘုံနှင့် တန်းတူသည့် နေရာသို့ ရောက်ရှိသွား မည်ဟု ခံစားရစေသည်။
ဤစေတီနှင့် ၎င်း၏ထိပ်ရှိ လှေကားများအရ နတ်ဘုရားလက်နက်တစ်ခုနှင့် ရှေးဟောင်း ကျမ်းစာတစ်စောင် ပေါင်းစပ်ထားသည့် ဆန်းကြယ်သော ရတနာတစ်ခု ဖြစ်နေသည်မှာ သိသာလှသည်။
၎င်းမှာ အလွန်ပင် အစွမ်းထက်လှပြီး ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ထက်ပင် အားမနည်းလှပေ။
“ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်။ ကောင်းကင်ယှဉ်တွဲ လှေကား။ ဒါ... ဒါဟာ ကမ္ဘာဦး ကောင်းကင်တာအိုရဲ့ နတ်ဘုရားရတနာပဲ။”
မိစ္ဆာမျောက်ဝံကြီးပါ့၊ လျှိုထျန်းနန်၊ ပိုင်ဖေးရှန်၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့ အားလုံး မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
...
“ဘုံသုံးပါးကောင်းကင်ဘုံ၊ စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်၊ စစ်မှန်ခြင်း၊ သတ်... သတ်.. သတ်.. ဘုံသုံးပါးရဲ့ လျှို့ဝှက်နည်းစနစ် ‘ကောင်းကင်ထိုးဖောက် ဓားဝင်္ကပါ’...”
ယုဝမ်မူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ဟုန်ရွှန်ကျိ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။ သူ၏ အထွတ်အထိပ် သိုင်းသူတော်စင် ခန္ဓာကိုယ်မှာ သန့်စင်သော သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး၊ သူ၏ ဖြူဖွေးသော အရိုးတွင်းခြင်ဆီ များမှာ နေရာအနှံ့ လွင့်စင်သွားသည်။ ထိုသွေးမြူများ၏ ထက်ဝက်ခန့်မှာ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီဖြစ်၍ သူ၏ ရုပ်ခန္ဓာမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ စိတ်ဝိညာဉ် အတွေးစများမှာ ကျန်ရှိနေသေးသည်။
အဆင့် (၆) မိုးကြိုးကပ်ဘေး အထွတ်အထိပ် စိတ်ဝိညာဉ် အတွေးစပေါင်း ၆၀,၀၀၀ ကျော် တည်ရှိနေဆဲပြီး၊ ၎င်းတို့မှာ ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
မိုးကြိုးကပ်ဘေး အဆင့်ခြောက်ကို ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦးသည် သေခြင်း နှင့် ရှင်ခြင်း ကြုံလာရသည့် နောက်ဆုံးအခိုက်အတန့်တွင် အလွန်ပြင်းထန်သော တန်ပြန် တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်ပြီး၊ ထိုစွမ်းအားမှာ ‘ဖန်ဆင်းရှင်’ တစ်ဦးကိုပင် ဒဏ်ရာ ပြင်းထန်စွာ ရစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဟုန်ရွှန်ကျိက သူ၏ ခန္ဓာကိုယ်ကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းပစ်လိုက်သော်လည်း ယုဝမ်မူမှာ လုံးဝဥဿုံ သေဆုံးသွားခြင်း မရှိသေးပေ။ ယခုအခါတွင် သူသည် သူ၏ အစွမ်းထက်ဆုံးသော လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်တော့သည်။
ကောင်းကင်ထိုးဖောက်ဓားဝင်္ကပါ၊ ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်။ ကောင်းကင်ယှဉ်တွဲ လှေကား။
မျက်တောင်တစ်ခတ်၏ ဆယ်ပုံတစ်ပုံမျှသော အချိန်အတွင်းမှာပင် ပေါက်ကွဲသွားသော အတွေးစများမှာ ပြင်းထန်စွာ လည်ပတ်သွားသည်။ စိတ်ဝိညာဉ် အတွေးစပေါင်း ၁၀,၀၀၀ ခန့်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ကျန်ရှိ နေသော သွေးစွမ်းအင်များကို ပေါင်းစပ်ကာ ကြီးမားလှသော ဓားကြီးတစ်စင်းကို ဖန်တီး လိုက်သည်။ မရေတွက်နိုင်သော ဓားစွမ်းအင်များမှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး၊ ထိုကြီးမားလှသော စွမ်းအားမှာ ဟုန်ရွှန်ကျိ၏ သိုင်းဆန္ဒကို ဟန့်တားလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင်...
ယုဝမ်မူ၏ ကျန်ရှိနေသော စိတ်ဝိညာဉ် အတွေးစများသည် သူ၏ ရတနာအားလုံးကို ရစ်ပတ်လိုက်ပြီး ရွှေစေတီငယ်လေးကို ဗဟိုပြုကာ လည်ပတ်စေလိုက်သည်။ ရွှေစေတီ ထိပ်ရှိ ကောင်းကင်ယှဉ်တွဲ လှေကားထစ်မှာလည်း ရူးသွပ်စွာ လည်ပတ်လာတော့သည်။
သူ၏ ကျန်ရှိနေသော စိတ်ဝိညာဉ် အတွေးစများသည် ‘ကောင်းကင်ဓား’ သုံးစင်းအဖြစ် ပြောင်းလဲသွားပြီး ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုဓားဝင်္ကပါ၏ အလယ်ဗဟို တွင် ရွှေစေတီနှင့် လှေကားထစ်တို့က ထိန်းချုပ်ထားသော ရတနာများအဖြစ် တည်ရှိနေ သည်။
သန်းနှင့်ချီသော ဓားစွမ်းအင်များမှာ ဟင်းလင်းပြင် တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ရွှေစေတီမှာ လည်ပတ်နေပြီး ကောင်းကင်ယှဉ်တွဲ လှေကားထစ်မှာလည်း တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
ယုဝမ်မူ၏ အသက်ကိုရင်း၍ တိုက်ခိုက်လိုက်သော ထိုတိုက်ကွက်က ဟုန်ရွှန်ကျိကို ချက်ချင်းပင် ဝန်းရံသွားခဲ့လေသည်။
...
“ဟင်...”
ဟုန်ရွှန်ကျိ၏ အသက်ရှူသံမှာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှပြီး၊ သူသည် အံ့အားသင့်သွားခဲ့ သည်။ သူသည် ယုဝမ်မူထံမှ ကြီးမားလှသော စွမ်းအားကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူ၏ ဖုံးကွယ်ထားသော နည်းစနစ်များနှင့် အသက်ကိုရင်း၍ အသုံးပြုထားသော လျှို့ဝှက်တိုက်ကွက်များကိုလည်း သူ ခံစားလိုက်ရသည်။
သူသည် ‘ကောင်းကင်နဂါးဘုရင်း နတ်ဘုရားချပ်ဝတ်’ ကို ဝတ်ဆင်ထားပြီး၊ သူ၏ သိုင်းတာအိုမှာလည်း အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာလည်း ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များဖြင့် လွှမ်းခြုံ ထားသဖြင့် မည်သည့် မိစ္ဆာစွမ်းအားမှ မထိခိုက်နိုင်သလို နတ်ဘုရားများပင် ထိုးဖောက်နိုင် စွမ်း မရှိသော်လည်း၊ ဟုန်ရွှန်ကျိမှာ အန္တရာယ် အငွေ့အသက်ကို ခံစားနေရဆဲပင်။
“ဟောင်းနွမ်း ပျက်စီးလုနီးပါးဖြစ်နေသော သင်္ဘောတစ်စင်းမှာပင် သံမှိုသုံးချောင်း ကျန်နေ သေးသည်” ဟူသော ဆိုရိုးစကားအတိုင်း၊ မိုးကြိုးကပ်ဘေး အဆင့်ခြောက်ကို ကျော်ဖြတ် ထားသည့် ပညာရှင်တစ်ဦး၏ အစွမ်းကိုမူ လျှော့တွက်၍ မရနိုင်ပေ။
“ကောင်းကင်ဘုံရဲ့ ရှင်ခြင်းနဲ့ သေခြင်း၊ ဝေဆာခြင်းနဲ့ ညှိုးနွမ်းခြင်းတွေဟာ မြင်ကွင်း တစ်ခု ပဲ။ အချိန်တွေဟာ တခဏအတွင်း ကုန်ဆုံးသွားတယ်၊ မိုးရေစက်တွေက မှော်ကရက်ပင် လေးတွေပေါ် ရိုက်ခတ်နေသလိုပဲ။ အချစ်ရှိလား မရှိဘူးလား။ “နက်ရှိုင်းတဲ့ အချစ်တွေက သက်တမ်းမရှည်သလို၊ အစွန်းရောက်တဲ့ ဉာဏ်ပညာတွေက ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက် စေတယ်” သက်ရှိအားလုံးဟာ အနန္တပဲ၊ ဘဝဆိုတာ အိပ်မက်ရှည်ကြီးတစ်ခုလိုပဲ။ လူ့လောကထဲမှာ နွေဦးနဲ့ ဆောင်းဦးတွေ ဘယ်လောက်တောင် ရှိနေမှာလဲ။ ငါ့ရဲ့ ‘ကမ္ဘာလှည့်စက်ဝန်းဘီး’ ကို ခံယူကြည့်စမ်း။”
ကောင်းကင်တက်လှမ်းခြင်း ရွှေစေတီတော်နှင့် ကောင်းကင်ယှဉ်တွဲ လှေကားထစ်ကို ရင်ဆိုင်ရချိန်တွင် ဟုန်ရွှန်ကျိမှာ အနည်းငယ်သာ အံ့သြသွားခဲ့သည်။ သူသည် သန်းနှင့်ချီ သော ဓားစွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ခွင့်ပေးထားသော်လည်း လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်ထံမှ ပြင်းထန်လှသော ‘သိုင်းဆန္ဒ’ များသာ ဝုန်းခနဲ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူက စကားလုံးတစ်လုံးချင်းစီကို ရွတ်ဆိုလိုက်သည်။ “ကောင်းကင် ဘုံ သေမင်း” ဟူသော စကားလုံးကို ရွတ်ဆိုချိန်တွင် သူသည် ကောင်းကင်ဘုံကို ထိန်းချုပ် ထားသည့် နတ်ဘုရားဘုရင်ကြီး တစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။
သူက ဝေဆာခြင်းနဲ့ ညှိုးနွမ်းခြင်းတွေဟာ မြင်ကွင်းတစ်ခု” ဟု ရွတ်ဆိုလိုက်သည့်အခါ သူ၏အရှိန်အဝါမှာ ပြောင်းလဲသွားသည်။ သူသည် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှင် ကြီးတစ်ဦး၊ အသိဉာဏ်ကြွယ်ဝသူ တစ်ဦးကဲ့သို့ ဖြစ်သွားပြန်သည်။
ထို့နောက် “အချိန်တွေက တခဏအတွင်း ကုန်လွန်သွားတယ်” နှင့် “မိုးရေစက်တွေက မှော်ကရက်ပင် လေးတွေပေါ် ရိုက်ခတ်နေသလိုပဲ” ဟု ရွတ်ဆိုလိုက်သည့်အခါ သူ၏ အရှိန်အဝါမှာ တစ်ဖန် ထပ်မံပြောင်းလဲသွားပြန်၏။ သူသည် ခံစားချက် အလွန်နုနယ်သော ကဗျာဆရာတစ်ဦးကဲ့သို့ ဖြစ်သွားပြန်သည်။
ဆက်လက်၍ “နက်ရှိုင်းတဲ့ အချစ်တွေက သက်တမ်းမရှည်သလို၊ အစွန်းရောက်တဲ့ ဉာဏ်ပညာတွေက ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်စေတယ်” ဟု ရွတ်ဆိုလိုက်ပြန်သောအခါ သူ၏အရှိန်အဝါမှာ တစ်ဖန် ထပ်မံပြောင်းလဲသွားပြန်သည်။ သူသည် အချစ်နွံထဲတွင် နစ်မွန်းနေပြီး အလွန်အမင်း စိတ်လှုပ်ရှားတတ်သော အချစ်ရူးတစ်ဦးကဲ့သို့ ဖြစ်သွားပြန် သည်။
နောက်ဆုံးတွင် “သက်ရှိအားလုံးဟာ အနန္တပဲ၊ ဘဝဆိုတာ အိပ်မက်ရှည်ကြီး တစ်ခုလိုပဲ။ လူ့လောကထဲမှာ နွေဦးနဲ့ ဆောင်းဦးတွေ ဘယ်လောက်တောင် ရှိနေမှာလဲ။ ဟု ရွတ်ဆို လိုက်သည့်အခါတွင်မူ သူသည် အချစ်နွံထဲမှ ရုန်းထွက်နိုင်ခဲ့သည့် “အမှန်တရားကို သိမြင် သူ” တစ်ဦး ဖြစ်သွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဟုန်ရွှန်ကျိ၏ အရှိန်အဝါမှာ အလွန်ပင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားဘုရင်မှသည် မဟာပညာရှင်၊ ကဗျာဆရာ၊ အချစ်ရူးနှင့် နောက်ဆုံးတွင် အမှန်တရားကို သိမြင်သူအထိ ဖြစ်သွားခြင်းပင်။
မည်သည့်အရာက သူ၏ အစစ်မှန် သဘာဝဖြစ်သည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုပုံစံတိုင်း မှာ အလွန်ပင် စစ်မှန်နေပြီး၊ တစ်ခုချင်းစီမှာ သူ၏ စစ်မှန်သော သဘာဝများ ဖြစ်နေသော ကြောင့်ပင်။
...
“ဒါ ဘယ်လိုအဆင့်မျိုးလဲ။ ဘာလို့ သူ့မှာ ဒီလောက်များပြားတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် သဘာဝတွေ ရှိနေရတာလဲ။ နှလုံးသားမဲ့တဲ့ နတ်ဘုရားဘုရင်၊ ပညာရှင်၊ ကဗျာဆရာ၊ အချစ်ရူး၊ အမှန်တရားကို သိမြင်သူ... ဘယ်တစ်ခုကများ သူ့ရဲ့ အစစ်မှန် သဘာဝလဲ။”
ဟုန်ရွှန်ကျိ၏ ရုတ်တရက် ပြောင်းလဲသွားသော အရှိန်အဝါမှာ ဟုန်ယွိကိုပင် ထိတ်လန့် သွားစေသည်။
“‘ကောင်းကင်ဘုံသေမင်းဘီး’ ကျမ်းထဲမှာ အပေါ်မှာ ‘ကမ္ဘာလှည့်စက်ဝန်းဘီး’ဆိုတာ မရှိဘူး။ ဒါက သူအသစ်တီထွင်လိုက်တဲ့ အထူးတိုက်ကွက်များလား။”
ဟုန်ယွိသည် လူတစ်ဦး၏ ဝိညာဉ်အတွင်း၌ ဤမျှများပြားသော သဘာဝများ ရှိနေသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ထို့အပြင် တစ်ခုချင်းစီမှာလည်း အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံ ထားခြင်း ဖြစ်သည်။
ဟုန်ယွိသည် လူတစ်ဦး၏ ဝိညာဉ်အတွင်း၌ မွေးရာပါ ပင်ကိုယ်သဘာဝများ ဤမျှအထိ များပြားနေပြီး တစ်ခုချင်းစီကို အစွန်းဆုံးအထိ ကျင့်ကြံထားသည်ကို တစ်ခါမှ မမြင်ဖူးပေ။ တခဏအတွင်း ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ အစစ်အမှန် သဘာဝကို နားမလည်နိုင်သလို ခံစားလိုက်ရသည်။
သို့သော်လည်း သူ၏ အတွေးများကို ဖမ်းဆုပ်နေရန် အချိန်မရှိပေ။
ဟုန်ရွှန်ကျိ၏ အရှိန်အဝါမှာ မျက်စိတစ်မှိတ်အတွင်း ငါးကြိမ်တိုင်တိုင် ပြောင်းလဲသွား သည်။ သူသည် ကောင်းကင်နှင့် မြေပြင်ရှိ ‘ဓာတ်ကြီးငါးပါး’ ကို ထိန်းချုပ်ထားနိုင်သူကဲ့သို့ ပင် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်မှာ မျဉ်းဖြောင့်တစ်ခုကဲ့သို့ ဆန့်ထွက်သွားသည်။ သူ၏ တိုက်ကွက်များသည် “လူ့လောကပန်းချီကား” တစ်ချပ်ကို သရုပ်ဖော်နေသကဲ့သို့ပင်။ လူသားတို့၏ စိတ်ခံစား ချက် အမျိုးမျိုးမှာ သူ၏ သိုင်းဆန္ဒထဲတွင် ကိန်းအောင်းနေသည်။ သူ၏ ပြင်းထန်လှသော သွေးစွမ်းအား၊ နဂါးတန်ခိုးအရှိန်အဝါနှင့် သိုင်းဆန္ဒတို့မှာ ယုဝမ်မူ၏ ‘ကောင်းကင် ထိုးဖောက်ဓားဝင်္ကပါ’ ကို ဆွဲဖြဲပစ်လိုက်ပြီး ‘ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီ’ နှင့် အပြင်းအထန် ထိပ်မိသွားရာ ထိုရွှေစေတီမှာ သူ၏ လက်သီးချက်ကြောင့် ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
နောက်ဆုံးတွင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အထက်သို့ ပျံတက်သွားပြီး၊ သူ၏ နဂါးလက်သည်းဖြင့် ရွှေစေတီတော်ထိပ်ရှိ ‘ကောင်းကင်ယှဉ်တွဲ လှေကားထစ်’ ကို လှမ်း၍ ဖမ်းဆုပ်လိုက်လေသည်။
စေတီတော်တစ်ဆူနှင့် လှေကားထစ်တစ်ခု... ထိုအရာများသည် ရှေးဟောင်း ကမ္ဘာဦး လက်နက်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ နှင့် အဆင့်တူ ရတနာများ ဖြစ်ကြ၏။
ထို့အပြင် ၎င်းတို့မှာ ယုဝမ်မူ၏ နောက်ဆုံးလက်နက်များလည်း ဖြစ်သည်။
...
ဤလူနှစ်ဦးကြားရှိ ခဏတာ တိုက်ပွဲမှာ ရှိနေသူအားလုံးကို တုန်လှုပ်စေခဲ့ပြီး ‘ဖန်ဆင်းခြင်း သင်္ဘော’ ၏ စွမ်းအားပင်လျှင် ခေတ္တမှေးမှိန်သွားခဲ့ရ၏။ လွင့်စင်နေသော ဓားစွမ်းအင်များ၊ ဟုန်ရွှန်ကျိ၏ ပြောင်းလဲနေသော အရှိန်အဝါများနှင့် လူသားတို့၏ စိတ်ခံစားမှုမျိုးစုံ ပါဝင်နေသည့် သိုင်းဆန္ဒတို့မှာ ဟင်းလင်းပြင် တစ်ခုလုံးတွင် ပြည့်နှက်နေသည်။
မူလက မိစ္ဆာမျောက်ဝံကြီး ပါ့သည် အခြေအနေကို အခွင့်ကောင်းယူကာ ယုဝမ်မူ၏ ရတနာများကို လုယူရန် ကြံစည်ခဲ့သော်လည်း၊ ယခုအခါ ပြိုင်ဘက်ကင်း ပညာရှင်နှစ်ဦး အသက်ကိုရင်း၍ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည့်အခါတွင်မူ သူသည် ကြားဝင် လိုသည့် စိတ်ဆန္ဒများ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
ပါ့သည် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ‘ဖန်ဆင်းခြင်းသင်္ဘော’ ဆီသို့ ပျံသန်းသွား ခဲ့သည်။
သင်္ဘောပေါ် အရင်ရောက်အောင် သွားခြင်းက ပို၍ စိတ်ချရသည်။
ပါ့ပျံတက်သွားသည်နှင့်တစ်ပြိုင်နက် ‘ဖန်ဆင်းခြင်းသင်္ဘော’ ထံမှ ကိုးရောင်ခြယ် အလင်း တန်းတစ်ခု ပျံထွက်လာသည်။ ၎င်းမှာ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များနှင့် ပေါင်းစပ်သွားပြီး၊ ပြိုင်ဘက်ကင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။
၎င်းမှာ အခြားမဟုတ် ‘မဟာလေဟာနယ် လက်ဝါး’နှင့် ‘အင်မော်တယ်မူလဝိညာဉ်’ တို့ ဖြစ်ကြသည်။
ထိုစွမ်းအားများမှာ ပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး တံဆိပ်တော်ကိုးခုအဖြစ် ဖွဲ့စည်းသွား ကာ ‘မဟာပြည့်စုံခြင်းတံဆိပ်’ မှာ ယုဝမ်မူ၏ ကောင်းကင်ထိုးဖောက်ဓားဝင်္ကပါနှင့် အပြင်း ထန် တိုက်မိတော့သည်။
ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင်၊ ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ မဟာစွမ်းအင်များပါ ပေါင်းစပ်လိုက်သည့်အခါတွင်မူ ယုဝမ်မူသည် ‘ဖန်ဆင်းရှင်’ တစ်ဦးပင် ဖြစ်နေပါစေဦး၊ သူသည် သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။ ဖျစ်... ဖျစ်... ဖျစ်... ဟူသော အသံများနှင့်အတူ ရွှေစေတီတော်ကြီးနှင့် ကောင်းကင်ယှဉ်တွဲ လှေကားတို့မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
ကောင်းကင်ထိုးဖောက်ဓားဝင်္ကပါမှာလည်း ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“မင်းတို့ရဲ့ အကွက်တွေက တကယ်ကို ရက်စက်ယုတ်မာလွန်းတယ်။”
ယုဝမ်မူ၏ အတွေးစတိုင်းမှာ နာကျင်စွာ အော်ဟစ်နေကြသည်။ သူသည် တောရိုင်းထဲတွင် ဒဏ်ရာရနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ဖြစ်နေပြီး၊ သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပြီး သေဆုံးရန် ပြင်ဆင်လိုက်သည်။
သို့သော် ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ အရှင်သခင်က သူ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် မည်သို့ ပေးပါမည်နည်း။
‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များသည် တိုးဝင်လာပြီး ယုဝမ်မူ၏ အတွေးစ များနှင့် သူ၏ မှတ်ဉာဏ်များကိုပင် လုံးဝ အေးခဲသွားစေသည်။ သူသည် မည်သည့်အရာကို မျှ အသုံးမပြုနိုင်တော့ပေ။
နတ်ဘုရားရတနာ ပေါင်းများစွာနှင့်အတူ စွမ်းအားမဲ့သွားသော ယုဝမ်မူ၏ စိတ်ဝိညာဉ် အတွေးစများကို ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ လွှမ်းခြုံလိုက်ပြီး သင်္ဘောကြီးဆီသို့ အလျင်အမြန် ဆွဲခေါ်သွားတော့သည်။
ယုဝမ်မူကို လုံးဝ ဥဿုံ ချေမှုန်းပြီးနောက်တွင်လည်း ဟုန်ရွှန်ကျိမှာ ရပ်တန့်ခြင်း မရှိပေ။ သူသည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လျှိုထျန်းနန်နှင့် ပိုင်ဖေးရှန်တို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
မက်မွန်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်မှာမူ အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်ပေ။ သူသည် မိုးကြိုးကပ်ဘေး နှစ်ကြိမ်သာ ကျော်ဖြတ်ထားသူ ဖြစ်သည်။ မူလက သူသည် မိုးကြိုး ကပ်ဘေး အဆင့်တစ်သာ ရှိခဲ့သော်လည်း သူ၏ အသက်ကိုရင်း၍ မိုးကြိုးကပ်ဘေး အဆင့်နှစ်အထိ ကျော်ဖြတ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ဟုန်ရွှန်ကျိ၏ သိုင်းဆန္ဒအောက်တွင်မူ သူသည် မည်သို့မျှ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပေ။
အကယ်၍သာ မက်မွန်နတ်ဘုရားဂိုဏ်းတွင် အဆင့်မြင့်ပညာရှင်များ ရှိနေခဲ့ပါက ဤမျှအထိ ပျက်စီးသွားမည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ ပိုင်ဖေးရှန်၏ မှော်စွမ်းအားမှာ များစွာ ပိုမိုနက်ရှိုင်းလှသည်။ သူသည် ‘မဟာဝိညာဉ် ကောင်းကင်ခွဲတူ’ကို အသုံးပြု၍ မှော်ပညာနှင့် သိုင်းပညာ ပေါင်းစပ်ထား သော ပြိုင်ဘက်ကင်း တိုက်ကွက်များဖြင့် ဟုန်ရွှန်ကျိကို ထိပ်တိုက် ရင်ဆိုင် လိုက်သည်။
သို့သော်လည်း ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး သူ၏ အစွမ်းမှာ လည်း ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့် အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။ မိုးကြိုးကပ်ဘေး အဆင့်လေးကို ကျော်ဖြတ်ထားသော ပိုင်ဖေးရှန်ကို သတ်ဖြတ်ရန်မှာ သူ၏အတွက် အလွန် လွယ်ကူလှသည်။ သူသည် သူ၏ အထူးတိုက်ကွက်များကို တစ်ခုပြီးတစ်ခု အသုံးပြုလိုက် ရာ၊ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’များမှာ ပိုင်ဖေးရှန်ကို ဝန်းရံသွားတော့ သည်။ ပိုင်ဖေးရှန်မှာမူ လေထဲတွင် တုန်ခါနေပြီး အချိန်မရွေး ငြိမ်းသတ်ခံရနိုင်သော ဖယောင်းတိုင် မီးလေးအလား အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ဟုန်ရွှန်ကျိက လျှိုထျန်းနန်ကို သတ်ဖြတ်ပြီး ပိုင်ဖေးရှန်ကို ပိတ်လှောင်ထားစဉ်မှာပင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ထံမှ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ အလင်းတန်း တစ်ခု ပျံထွက်လာသည်။ ၎င်းမှာ ရေပုံးတစ်ပုံးခန့် အထူရှိပြီး ပေပေါင်း ရာနှင့်ချီ၍ ရှည်လျား သည်။ ၎င်း၏ဟိန်းသံမှာ ‘ဘုံသုံးပါးမူလစွမ်းအင်အမြောက်’ ထက် အားမနည်းလှပေ။
၎င်း၏ ပစ်မှတ်မှာ ပိုင်ဇိယွဲ့ပင် ဖြစ်တော့သည်။
...
“ကြယ်စင်စုဝိညာဉ်စွမ်းအင်များ”
“ဇိယွဲ့... ငါ့ကို လှုပ်ရှားခွင့်ပေးလိုက်တော့။”
ဤအချိန်တွင် ဟုန်ယွိသည် တွန့်ဆုတ်မနေတော့ပေ။ မိစ္ဆာမျောက်ဝံကြီးပါ့သည် ဧကရာဇ် ယန်ဖန်နှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း သူ သိမြင်လိုက်ရပြီ ဖြစ်သည်။ ယန်ဖန်သည် ဤရတနာရှာဖွေသည့် ခရီးစဉ်ကို အသုံးချ၍ မြင့်မြတ် နယ်မြေများမှ ပါရမီရှင်အားလုံးကို အမြစ်ပြတ် သုတ်သင်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ ထို့အပြင် ဟုန်ယွိ ကိုယ်တိုင်လည်း ထိုအစီအစဉ်ထဲတွင် ပါဝင်နေသည်။ သို့သော်လည်း သူသည် ပိုင်ဇိယွဲ့၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေခြင်းကြောင့် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့မှာ သူ့ကို မရှာဖွေနိုင်ကြသေးပေ။
“သူတို့ ငါ့ရဲ့ တည်ရှိမှုကို မသိသေးဘူး။ မဟုတ်ရင် သူတို့က ဒီ ‘ဗဟိုမြေဓာတ် ဟင်းလင်း ပြင် မဟာစွမ်းအင်’ ကိုပဲ အသုံးပြုမှာ မဟုတ်ဘူး။ ဒီစွမ်းအင်က အစွမ်းထက်တယ်ဆိုပေမဲ့ ငါ့ကိုကိုယ်တွန်ဖို့တော့ အားနည်းလွန်းသေးတယ်။ ‘ကောင်းကင်တက်ခြင်း ရွှေစေတီတော်’ နဲ့ ‘ကောင်းကင်ယှဉ်တွဲ လှေကား’ တို့က တကယ်ကို နက်နဲဆန်းပြားလွန်းတယ်။ အဲဒီအရာ တွေကို ငါ့ရဲ့ ‘မဟာမိုးကြိုးစွမ်းအင်ရေကန်’ ကို တည်ဆောက်ဖို့အတွက် ကုန်ကြမ်းတွေ အဖြစ် သုံးလို့ရတယ်။ ‘အသက်မဲ့အနာဂတ်ကျမ်း’ က အစွမ်းထက်တယ်ဆိုပေမဲ့ ယန်ဖန်က ဖန်ဆင်းရှင် တစ်ဦး မဟုတ်သေးတဲ့အတွက် အရာအားလုံးကိုတော့ သူ ကြိုတင်မသိနိုင်ပါ ဘူး။”
ဟုန်ယွိသည် တွေဝေမနေခဲ့ပေ။ သူသည် ယုဝမ်မူတို့အား သူ့ကိုယ်သူ ထုတ်ဖော်မပြခဲ့ခြင်း မှာ ကံကောင်းမှုပင် ဖြစ်သည်ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူသည် ယုဝမ်မူ တစ်ယောက်တည်းကိုပင် လုံးဝ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ယုဝမ်မူ၏ ခန္ဓာကိုယ်ထဲ တွင် ‘ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီတော်’ နှင့် ‘ကောင်းကင်ယှဉ်တွဲ လှေကား’ ကဲ့သို့ နတ်ဘုရားရတနာများ ရှိနေလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
ဤရတနာနှစ်ခုမှာ ‘ကောင်းကင်မြို့တော်’ ၏ အကြွင်းအကျန်များနှင့်ပင် အဆင့် တူညီနိုင် ပေသည်။ အကယ်၍ အဆင့်မတူလျှင်ပင် သိပ်ပြီး ကွာခြားမည် မဟုတ်ပေ။
မည်သည့်အခြေအနေမျိုးပင်ဖြစ်စေ သူသည် ထိုရတနာများကို ဧကရာဇ် ယန်ဖန်ကို ယူဆောင်ခွင့် မပြုနိုင်ပေ။
ရွှေစေတီတော်နှင့် ကောင်းကင်ယှဉ်တွဲ လှေကားတို့ ‘ဖန်ဆင်းခြင်းသင်္ဘော’ ဆီသို့ ပျံသန်း သွားတော့မည့် အခိုက်အတန့်တွင် ဟုန်ယွိသည် လုံးဝ တွန့်ဆုတ်မနေတော့ပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ၊ သန့်စင်သော နတ်ဘုရား အလင်းတန်းတစ်ခုမှာ ပိုင်ဇိယွဲ့၏ မျက်ခုံးနှစ်ခုအလယ်မှ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ လေထဲတွင် ကြီးမား ကျယ်ပြန့်လာခဲ့ပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသော ‘သူတော်စင်ပေါင်းစုံခန်းမ’ ကြီး ပေါ်ထွက်လာတော့သည်။ ၎င်း၏ အရှိန်အဝါမှာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ထက် အားမနည်း လှပေ။
သင်္ဘောကြီးမှ ပစ်လွှတ်လိုက်သော ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များမှာ ခန်းမကြီးပေါ်သို့ ကျရောက်သွားသည့်အခါ ယင်ကောင်တစ်ကောင်ကို ရိုက်ထုတ်လိုက် သကဲ့သို့ လွင့်စင်သွားပြီး တစ်လက်မချင်းစီ အမှုန့်ဖြစ်သွားခဲ့သည်။
ဟုန်ယွိသည် ခန်းမကြီးအတွင်း၌ ရပ်နေပြီး သူ၏ စိတ်အာရုံအားလုံးကို စုစည်းလိုက်သည်။ သူသည် ခန်းမကြီးတစ်ခုလုံး၏ စွမ်းအားကို အသုံးချကာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို တိုက်ရိုက် ချေမှုန်းရန်နှင့် ပြေးဝင်ရန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်နှစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက် ရင်ဆိုင် ကြလေပြီ။
ယခင်က ဟုန်ယွိ၏ သူတော်စင်ခန်းမသည် ‘အမှောင်ကြယ်’နှင့် ထိပ်တိုက်တွေ့စဉ်က ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသော်လည်း၊ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ကြောင့် ဖြစ်ပေါ်လာ သော ဖျက်ဆီးမှုများအောက်တွင် သူသည် ဘေးအန္တရာယ်ကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူ့မှော်ရတနာများ၏ စွမ်းအား အားလုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး ခန်းမကြီးမှာလည်း အလွန်ပင် ခိုင်မာလာခဲ့သည်။ ထို့အပြင် ၎င်းကို ‘ရှေးဟောင်း ဘိုးဘေးနဂါး၏ အနှစ်သာစွမ်းအင်’ များဖြင့်လည်း မွမ်းမံထားခဲ့သည်။
ဤအပြင်းထန် ထိပ်တိုက် တိုက်ခိုက်မှုဖြင့် ဟုန်ယွိသည် သူ၏ ကျင့်ကြံမှု ရလဒ်များကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
“ဂျိမ်း...”
ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်း မိုင်ပေါင်း ၅၀၀ ပတ်လည်ရှိ ဥက္ကာခဲများ အားလုံးမှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။ မည်သည့်အရာမှ မကျန်ရှိတော့ပေ။ သို့သော်လည်း ‘လျှပ်တပြက်ဝင်္ကပါ’ မှာမူ အနည်းငယ်သာ တုန်ခါသွားခဲ့ပြီး ပိုမိုမြန်ဆန်စွာ ဆက်လက် လည်ပတ်နေသည်။
“ကမ္ဘာဦးအစ…”
ဤထိပ်တိုင်တွေ့ဆုံမူကြောင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ‘ဖန်ဆင်းခြင်းသင်္ဘော’ မှာလည်း နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
သို့သော်လည်း ဟုန်ယွိမှာ ရပ်တန့်ခြင်း မရှိပေ။ ဖြူဖွေးသော အလင်းတန်းတစ်ခု ပျံထွက် သွားပြီး၊ လွင့်မျောနေသော ‘ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီ’ နှင့် ‘ကောင်းကင် ယှဉ်တွဲ လှေကား’ တို့ကို လွှမ်းခြုံကာ ခန်းမကြီးအတွင်းသို့ ဆွဲယူလိုက်သည်။ ထို့အပြင် ယုဝမ်မူ၏ ကျန်ရှိနေသော စိတ်ဝိညာဉ် အတွေးစပေါင်း ၁၀,၀၀၀ ကိုလည်း အတူတကွ သိမ်းပိုက်လိုက်လေတော့သည်။