အခန်း (၅၅၇-၅၅၈)
Vol. 53 Ch. 557-558
အခန်း (၅၅၇)။
“တကယ့်ကို အဖိုးတန် ရတနာတွေပဲ၊ တကယ့်ကို အဖိုးတန် ရတနာတွေပါလား။”
“ကမ္ဘာဦးအစစွမ်းအင်” ၏ တောက်ပလှသော အလင်းတန်းများသည် အဖိုးတန်မှော်ရတနာ နှစ်ခုဖြစ်သည့် “ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီတော်” နှင့် “ကောင်းကင်ယှဉ်တွဲ လှေကား” တို့ကို လွှမ်းခြုံကာ ခန်းမဆောင်ကြီးအတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ ၎င်းတို့ကို ခန်းမဆောင်၏ စွမ်းအားဖြင့် ဖိနှိပ်ထားရာ လေထဲတွင် နိမ့်ချည်မြင့်ချည်ဖြင့် ဝဲပျံနေကြသည်။ မှော်စွမ်းအားစက်ဝိုင်းများ၊ အလင်းတန်းများ၊ ရှေးဟောင်းစာလုံးများနှင့် ကောင်းကင်ဘုံသို့ တက်လှမ်းလိုသည့် စိတ်ဆန္ဒများမှာ ဝိုင်းရံလျက် စီးဆင်းနေပြီး၊ ထိုစိတ်ဆန္ဒများသည် ပိုင်ဇိယွဲ့၊ ကြင်ယာတော်ယွမ်နှင့် ဟုန်ယွိတို့၏ စိတ်နှလုံးထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။ ထိုအရာများအားလုံးမှာ ထိုရတနာများ၏ နက်နဲမှုကို ပြသနေသည်။
ကမ္ဘာဦး ကောင်းကင်တာအိုဂိုဏ်းဆိုသည်မှာလည်း ကြယ်တာရာဂိုဏ်း၊ ဓာတ်ကြီးငါးပါး ဂိုဏ်းနှင့် ကောင်းကင်တာအိုဂိုဏ်းတို့ကဲ့သို့ပင် ပြိုင်ဘက်ကင်းသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ၎င်းမှာ နက်နဲလှသော မှော်တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည့် တာအို ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။
ဂိုဏ်းတိုင်းတွင်လည်း မိမိတို့ဂိုဏ်းကို ကိုယ်စားပြုသော အမှတ်အသား ရတနာများ ရှိကြစမြဲပင်။
“ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီ” အကြောင်းကို အထူးပြောနေစရာ မလိုသလို၊ တိုင်ရှန်တာအိုဂိုဏ်း၏ “စကြာဝဠာစေတီတော်” မှာလည်း စေတီတော်တစ်ဆူပင် ဖြစ်သည်။ သို့သော်လည်း ဤရွှေစေတီ၏ အနှစ်သာရဖြစ်သော “ကောင်းကင်ယှဉ်တွဲ လှေကား” မှာမူ အခြေခံသဘောတရား တစ်ခုကို ကိုယ်စားပြုနေသည်။
၎င်းမှာ ‘လှေကား’ ပင် ဖြစ်၏။
လှေကားသည် တစ်ထစ်ချင်းစီ တက်လှမ်းရခြင်း၊ ခိုင်မာသော ခြေလှမ်းများဖြင့် တက်လှမ်း ရခြင်းနှင့် ခြေလှမ်းတိုင်းမှာ “ကောင်းကင်ဘုံနှင့် တန်းတူဖြစ်ချင်သည်ဟူသော စိတ်ဆန္ဒ” တို့ကို ကိုယ်စားပြုနေသည်။
ကောင်းကင်ဘုံသို့ တက်လှမ်းလိုသည့် စိတ်ဆန္ဒ၊ ကောင်းကင်ယှဉ်တွဲနေသော လှေကား။
ဤကဲ့သို့သော ရတနာမျိုးတွင် “ကောင်းကင်ဘုံသည် ပြင်းထန်စွာ လည်ပတ်နေပြီး၊ မြင့်မြတ်သော လူသားတစ်ဦးသည်လည်း မိမိကိုယ်မိမိ တိုးတက်အောင် မနားမနေ အားထုတ်ရမည်” ဟူသော အနုပညာမြောက်သည့် သဘောတရားများ ပါဝင်နေသည်။
အထူးသဖြင့် ရတနာ၏ ကုန်ကြမ်းပစ္စည်းမှာလည်း ကမ္ဘာဦးခေတ်က ရှားပါးပြီး တန်ဖိုးကြီး သော ပစ္စည်းပေါင်း ထောင်ချီကို ရောစပ်ထားခြင်း ဖြစ်ပြီး၊ ကြီးမားလှသော မှော်စွမ်းအား များဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ဟုန်ယွိသည် ၎င်းကို စတင် ထိတွေ့ရချိန်မှာ ပင် အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်ရေးရာ အစီအရင်များစွာကို ခံစား လိုက်ရပြီး၊ ၎င်းတို့ကို ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ တည်ဆောက်ရာတွင် အပြည့်အဝ ပေါင်းစပ်အသုံးပြုနိုင်ကြောင်း သဘောပေါက်လိုက်သည်။
“ယုဝမ်မူ... ခင်ဗျား တကယ်ကို ဖုံးကွယ်ထားနိုင်ခဲ့တာပဲ။ ခင်ဗျားမှာ ဒီလိုရတနာမျိုး ရှိနေ မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ဒီလောကထဲက ကောလာဟလတွေအရဆို ခင်ဗျား ဒီရတနာကို တစ်ခါမှ ထုတ်မသုံးခဲ့ဘူးပဲ။ အဲဒီတုန်းက ခင်ဗျားဟာ ဒီမှော်ရတနာကို သုံးပြီး မုန့်ရှန်းကျီရဲ့ လက်ထဲကနေ လွတ်မြောက်ခဲ့တာ မဆန်းတော့ပါဘူး။”
ဟုန်ယွိက ထိုရတနာနှစ်ခုကို သိမ်းဆည်းလိုက်ရင်း တည်ငြိမ်သော လေသံဖြင့် ဆိုလိုက် သည်။
ထိုရတနာနှစ်ခုကို သိမ်းဆည်းပြီးနောက်တွင် ယုဝမ်မူ၏ ကျန်ရှိနေသော စိတ်ဝိညာဉ် အတွေးစပေါင်း တစ်သောင်းကျော်မှာလည်း ကျန်ရှိနေသေးသည်။
ယုဝမ်မူ၏ ထိုအတွေးစများသည် ရုပ်ပိုင်းဆိုင်ရာ ပုံစံအဖြစ် စုစည်းလာပြီး “ဘုံသုံးပါး ကောင်းကင်ဓား” အဖြစ် ပြောင်းလဲသွားသည်။ သူသည် အသက်ကိုရင်း၍ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေသယောင် ရှိ၏။ သို့သော် ဟုန်ယွိက သူ့ကို ထိုအခွင့်အရေး ပေးပါမည်လော့။ သူက လက်ကို အသာအယာ လှမ်း၍ ဖမ်းဆုပ်လိုက်ရာ၊ ခမ်းနားလှသော မှော်စွမ်းအားများ ထွက်ပေါ်လာပြီး ယုဝမ်မူ၏ အတွေးစများကို တိုက်ရိုက် ဖိနှိပ်လိုက်လေ တော့သည်။
“မှတ်ဉာဏ်ခွဲထုတ်ခြင်း၊ သူရဲကောင်းတို့မှတ်တမ်း။”
သူ့လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ၊ ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များနှင့် နက်နဲသော စွမ်းအင်တို့ကို စုပ်ယူထားသော “သူရဲကောင်းတို့မှတ်တမ်း” မှာ ပျံထွက်လာသည်။ ဟုန်ယွိ ၏ ပြင်းထန်သော စွမ်းအားအောက်တွင် ယုဝမ်မူ၏ မှတ်ဉာဏ်များသည် တစ်စစီ အတင်းအကျပ် ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး၊ သန့်စင်သော စိတ်ဝိညာဉ် အတွေးစများသာ ကျန်ရစ်တော့သည်။
ယုဝမ်မူကဲ့သို့သော ရက်စက်ပြီး ရည်မှန်းချက်ကြီးသည့် လူစားမျိုးကို ဘာမှ ပြောနေစရာ မလိုပေ။ တစ်ခုခု မပြောမီ သူ၏မှတ်ဉာဏ်များကို တိုက်ရိုက် ဆွဲထုတ်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ သူတို့သည် အခွင့်အရေးရသည်နှင့် ရူးသွပ်စွာ တုံ့ပြန်တတ်ကြသူ များ ဖြစ်သည်။ မဟုတ်လျှင်, စိတ်ဝိညာဉ်အတွေးစထဲက တစ်ခုခုကိုသာ အသက်ရှင်ခွင့် ပေးမိပါက နောင်တွင် အဆုံးမရှိသော ဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဟုန်ယွိ ကိုယ်တိုင်မှာမူ သူ၏ လှည့်ဖြားခြင်းကို မခံရသော်လည်း၊ နောင်တစ်ချိန်တွင် ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်းသို့ ဝင်ရောက်လာသူများမှာ သူ၏လှည့်ဖြားခြင်းကို ခံရပြီး အဆုံးမရှိ ဒုက္ခများ ဖြစ်ပေါ်လာနိုင်သည်ကို မည်သူမျှ အာမမခံနိုင်ပေ။
ဖြစ်နိုင်သည်မှာ၊ ဟုန်ယွိ အခြားအရာများကို မစဉ်းစားနိုင်မီမှာပင် တစ်ဖက်လူက သူ၏ ‘နှလုံးသားမီးလျှံ’ ကို အသုံးပြု၍ သူ့ကိုယ်သူ ပြန်လည် ဖောက်ခွဲပစ်နိုင်သည်။
ယခုအခါ “သူရဲကောင်းတို့ မှတ်တမ်း” တွင် ကြီးကျယ်သော အထွက်အထိပ် ကျွမ်းကျင်သူ သုံးဦး၏ မှတ်ဉာဏ်များ ကိန်းအောင်းနေပြီ။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုမှတ်တမ်းကို လေ့လာခွင့်ရလျှင် သူ၏ ကျင့်ကြံမှုမှာ မိုးထိအောင် မြင့်တက်သွားပေလိမ့် မည်။
“ကျန်တဲ့ မှော်ရတနာတွေကို ဆုံးရှုံးလိုက်ရတာ တကယ် နှမျောစရာပဲ။ အခုနက မှော်ရတနာတွေဟာ ၂၀ ကနေ ၃၀ လောက်ရှိမယ်။” ကြင်ယာတော်ယွမ်က နှမျော တသစွာဖြင့် ဆိုလိုက်သည်။
‘သူတော်စင်ပေါင်းစုံခန်းမ’ နှင့် “ဖန်ဆင်းခြင်းသင်္ဘော” တို့ ထိပ်တိုက်တွေ့စဉ်က ယုဝမ်မူ ၏ ရတနာ ၃၀ ခန့်မှာ လုံးဝ ပျက်စီးသွားခဲ့ကြပြီး ဟုန်ယွိမှာလည်း ၎င်းတို့ကို မသိမ်းဆည်း နိုင်ခဲ့ပေ။
ထိုမှော်ရတနာများမှာ ‘မက်မွန်နတ်ဘုရား ရတနာခုနစ်ပါး’ နှင့် အဆင့်တူ ရတနာများ ဖြစ် သည်။
“ကျွန်တော် အခုနက ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီနဲ့ ကောင်းကင်ယှဉ်တွဲ လှေကားကိုပဲ အစွမ်းကုန် အာရုံစိုက်ထားလိုက်ရလို့ပါ။ ဒီရတနာ တစ်ခုတည်းနဲ့တင် ကျန်တဲ့ရတနာ အခု တစ်ရာထက်မက တန်ဖိုးရှိပါတယ်။” ဟုန်ယွိက တည်ငြိမ်စွာ ဆိုလိုက် သည်။
“ဒီကျမ်းစာက တကယ်ကို အံ့သြစရာပဲ။ ယုဝမ်မူရဲ့ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေ အကုန်လုံး အဲဒီထဲမှာ မှတ်တမ်းတင်ထားတာပဲ။ နက်နဲတဲ့ တာအိုပညာရပ်တွေလည်း ပါသေးတယ်။ ငါတောင် အများကြီး မဖတ်ရဲဘူး၊ သူ့ရဲ့ စိတ်အာရုံတွေက ငါ့ကို လွှမ်းမူသွားမှာ စိုးလို့။” ယုဝမ်မူ၏ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အတွေ့အကြုံများပါဝင်သော အတွေးစပေါင်း ၁၀,၀၀၀ ထံမှ မှတ်ဉာဏ်များကို ဟုန်ယွိက ချက်ချင်း ခွဲထုတ်ပြီး ကျမ်းစာအုပ်ထဲတွင် ချိပ်ပိတ်လိုက်သည်ကို မြင်ရသောအခါ ပိုင်ဇိယွဲ့ ၏ မျက်ခုံးများမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဟုန်ယွိ၏ ပြတ်သားပြီး ထိရောက်လှ သော လုပ်ဆောင်ချက်များကြောင့် သူ တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။
သူသည် “သူရဲကောင်းတို့မှတ်တမ်း” ကို ယူကြည့်ပြီး အနည်းငယ် စစ်ဆေးကြည့်သည့် အခါ ယုဝမ်မူ၏ မှတ်ဉာဏ်များမှာ အလွန်ပင် ကျယ်ပြောလှသည်ကို တွေ့လိုက်ရသည်။ သူသည် အများကြီး ဆက်မကြည့်ရဲတော့ပေ။ သူသည် မိုးကြိုးကပ်ဘေး အဆင့်လေးသာ ရှိသေးသဖြင့် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ အတွေ့အကြုံများသည် သူ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ဖြစ်နေသည်။
“ယုဝမ်မူဆီမှာ အတွေးစတွေ ကျန်နေသေးတယ်။ ဧကရာဇ် ယန်ဖန်ကလည်း အဲဒါတွေကို ခွဲထုတ်ပြီး သိမ်းပိုက်မှာ သေချာတယ်။ အဲဒီလိုဆိုရင် ယန်ဖန်လည်း သူ့ရဲ့ တာအိုပညာရပ် တွေ အကုန်လုံးကို သိသွားလိမ့်မယ်။”
ယုဝမ်မူဆီတွင် အတွေးစပေါင်း သောင်းနှင့်ချီ၍ ကျန်နေသေးပြီး၊ ဟုန်ယွိက တချို့တလေ ကိုသာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသော အရာများကိုမူ “ဖန်ဆင်းခြင်းသင်္ဘော” ပေါ်ရှိ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ များက သိမ်းကျုံးယူဆောင်သွားခဲ့ပြီ ဖြစ်သည်။
“ယန်ဖန်ဆီမှာလည်း ဒီလိုနည်းလမ်းတွေ ရှိနေမှာ သေချာတယ်။ ယုဝမ်မူရဲ့ မှတ်ဉာဏ် တွေ၊ နာလန်အမ်းဟွမ်ရဲ့ မှတ်ဉာဏ်တွေကို သူ သိသွားလိမ့်မယ်။ ဒါပေမဲ့ ဒါက ကိစ္စမရှိပါ ဘူး။ တော်ဝင်ချန် တော်ဝင်မိသားစုက အမြဲတမ်း ဗဟုသုတ ကြွယ်ဝပြီးသားပဲလေ။” ဟုန်ယွိက ခပ်ပြတ်ပြတ် ဆိုလိုက်ရင်း “သတိထားကြ” ဟု သတိပေးလိုက်သည်။
ဧရာမ “ဖန်ဆင်းခြင်းသင်္ဘော” ကြီးမှာ သူတို့ဆီသို့ နောက်တစ်ကြိမ် ထပ်မံ တိုးဝင်လာပြန် လေပြီ။
...
“ဂျိမ်း... ဂျိမ်း... ဂျိမ်း”
“ဖန်ဆင်းခြင်းသင်္ဘော” ကို အစွမ်းကုန် အသက်သွင်းလိုက်ပုံရသည်။ သင်္ဘောကြီး၏ ကိုယ်ထည်တစ်ခုလုံးမှာ နောက်တစ်ကြိမ် ထပ်မံ ကြီးမားလာခဲ့ပြီး၊ ၁၈ ထပ်ရှိသော သင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်။ သင်္ဘောကြီး၏ အလယ်ဗဟိုရှိ ‘ဗဟို မြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ သည် လုံးဝ စုစည်းသွားပြီး အကာအကွယ် အလွှာ တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ၎င်းက အရှိန်အဟုန်ဖြင့် ပျံသန်းလာသည့်အခါ လမ်းကြောင်း ပေါ်ရှိ ဟင်းလင်းပြင်များမှာ တစ်စစီ ပျက်စီးသွားပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ ဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်။
အစောပိုင်းက မဟာနတ်ဘုရားလက်နက်နှစ်ခု၏ ထိပ်တိုက် ရင်ဆိုင်မှုမှာ အင်အားချင်း ညီမျှနေခဲ့သည်။
သို့သော်လည်း “ဖန်ဆင်းခြင်းသင်္ဘော” သည် သူ၏ ဂုဏ်သိက္ခာ ထိခိုက်သွားသည်ဟု ခံစားမိပုံရသည်။ ၎င်းသည် သူ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို အပြည့်အဝ နိုးကြားစေလိုက်ပြီး၊ ရူးသွပ်စွာဖြင့် ဒေါသတကြီး ဖြစ်လာတော့သည်။ သူ၏ မာန်မာနကို လှုံ့ဆော်ခံလိုက်ရသ ဖြင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို အပိုင်းပိုင်း တစစီ ဖြစ်အောင် ချေမှုန်းပစ်မည်ဟု သစ္စာဆိုထားသည့်နှယ် ရှိနေသည်။ တစစီဖြစ်အောင် မချေမှုန်းနိုင်သရွှေ့, ၎င်းအနေဖြင့် ရပ်တန့်မည့်ပုံ မပေါ်ပေ။
ဤထိပ်တိုက်တွေ့မှု၏ အရှိန်ဟုန်မှာ ကောင်းကင်၊ မြေပြင်၊ စကြဝဠာ၊ ဟင်းလင်းပြင် တိုင်းနှင့် မည်သည့် မှော်စွမ်းအားဆီမှမဆို လာနေသယောင် ရှိသည်။ သူ၏ တိုက်ခိုက်မှုကို မည်သည့်အရာမှ ခုခံနိုင်စွမ်း မရှိရပေ။
ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် မောက်မာမူမှာ ဟုန်ယွိကိုပင် မြင်ကွင်းအချို့အား မြင်ယောင်သွားစေသည်။ ကမ္ဘာဦးခေတ်က ဤနတ်ဘုရား သင်္ဘောကြီးသည် ‘ကောင်းကင် မြို့တော်’ကို ဝင်တိုက်ခဲ့သည့် မြင်ကွင်း၊ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက တိုင်ရှန်တာအို ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ဝင်တိုက်ခဲ့သည့် မြင်ကွင်းနှင့် ‘ထာဝရနိုင်ငံတော်’ ကို ဝင်တိုက်ခဲ့ သည့် မြင်ကွင်းပုံရိပ်များ ဖြစ်သည်။
ခင်ဗျားက လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ နတ်ဘုရားဖြစ်စေ၊ မသေမျိုးဖြစ်စေ၊ တစ္ဆေဖြစ်စေ၊ ယန်နတ်ဘုရားဖြစ်စေ၊ ထာဝရရတနာဖြစ်စေ၊ နတ်ဘုရားလက်နက် ဖြစ်စေ... သို့မဟုတ် နိဗ္ဗာနအဆင့်ရတနာဖြစ်စေ….
အကုန်လုံးကို သေအောင် တိုက်သတ်ပစ်မည်။ အကုန်လုံးကို အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းပစ်မည်။ ကြိတ်ချေပြီး ဖျက်ဆီးပစ်မည်။
တာအိုပညာရပ်ပေါင်း ထောင်ချီနှင့် စွမ်းအားပေါင်း သောင်းချီတို့မှာ သဘောတရားတစ်ခု တည်း၊ တိုက်ကွက်တစ်ခုတည်းအဖြစ် စုစည်းသွားသည်။ “ကျုပ် ခင်ဗျားတို့ကို သေအောင် တိုက်သတ်ပစ်မယ်” ဟူသော သဘောတရားမျိုးပင်။
ဤအခိုက်အတန့်တွင် “ဖန်ဆင်းခြင်းသင်္ဘော” သည် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ကင်းမဲ့ သွားသည့် လူမိုက်တစ်ယောက်ကဲ့သို့ သူ၏ လက်သည်း၊ လက်မောင်းများကို ထုတ်ဖော် ကာ သူ့လမ်းကြောင်းပေါ်ရှိ အရာအားအားလုံးကို အကြမ်းပတမ်း ချေမှုန်းနေတော့သည်။
၎င်းမှာ သူ၏ အစွမ်းထက်ဆုံးသော တိုက်ကွက် ဖြစ်သည်။
မြန်လွန်းလှသည်၊ ဟုန်ယွိ တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြင်ဆင်လိုက်ရုံရှိသေး၊ ဧရာမ “ဖန်ဆင်းခြင်းသင်္ဘောကြီး” မှာ သူတော်စင်ခန်းမ၏ အပြင်ဘက်ရှိ သန့်စင်သော အလင်းတန်းများကို ဝင်တိုက်လိုက်လေပြီ။
ဧရာမ အရာဝတ္ထုကြီး နှစ်ခုသည် နောက်တစ်ကြိမ် ထပ်မံ တိုက်မိကြပြန်သည်။
“ဂျိမ်း…၊ ဂျိမ်း…”
ဟင်းလင်းပြင် အစိတ်အပိုင်းများမှာ နောက်တစ်ကြိမ် ထပ်မံ ပြိုလဲသွားခဲ့ရပြန်သည်။ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း၏ အလယ်ဗဟို မိုင်ပေါင်းတစ်ထောင်အတွင်းမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။ မည်သည့်အရာမျှ တည်ရှိမနေတော့ပေ။ အချိန်ပင် လျှင် ရပ်တန့်သွားသယောင် ရှိနေသည်။ အဖြူအမဲ ရောယှက်နေသော အလင်းတန်းများ မှာ အစဉ်မပြတ် စီးဆင်းနေသည်။ ၎င်းမှာ ကမ္ဘာကြီး မဖြစ်တည်မီက ရှိခဲ့သည့် ကမ္ဘာဦး အရှိန်အဝါများကဲ့သို့ပင် ဖြစ်သည်။
‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲသို့ မိုင်ပေါင်းထောင် ချီ လွင့်စင်သွားခဲ့သည်။ “ဖန်ဆင်းခြင်းသင်္ဘော” မှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ‘လျှပ်တပြက် ဝင်္ကပါ’ ၏ ဥမင်လှိုင်ခေါင်းများထဲသို့ လွင့်စင်သွားလုနီးပါး ဖြစ်သွားခဲ့ရသည်။
“အိယ…”
ကြင်ယာတော်ယွမ်သည် ခန်းမကြီးအတွင်းတွင် ရပ်နေရင်း သူမ ဘေးကင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ဤမျှ ရုတ်တရက်ဆန်သော ထိပ်တိုက်တွေ့မှု ကြောင့် ခန်းမအတွင်းရှိ လေစီးကြောင်းများမှာ နေရာအနှံ့ ရူးသွပ်စွာ လည်ပတ်သွားခဲ့ သည်။ သူမသည် သမုဒ္ဒရာကြီးထဲရှိ မုန်တိုင်းအလယ်ဗဟိုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။
ပိုင်ဇိယွဲ့၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ‘ကောင်းကင်ခုနှစ်စဉ် ကြယ်မြေနတ်ဆိုးတံဆိပ်’သည် သူ၏ခန္ဓာကိုယ်ကိုသာ အကာအကွယ် ပေးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝိုင်ဘူးမှာလည်း ပေါက်ကွဲသွားခဲ့ပြီး၊ အထဲမှ အင်မော်တယ်ဝတ်ရည် ဝိုင်များမှာလည်း အထိန်းအကွပ်မရှိ စီးထွက်လာတော့သည်။
ခန်းမအတွင်းရှိ တုန်ခါနေသော လေစီးကြောင်းများမှာ ပြင်းထန်လွန်းလှသည်။
မဟာနတ်ဘုရားလက်နက် နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ဤမျှအထိ ပြင်းထန်လိမ့်မည် ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ တာအိုပညာရပ်များ၏ အပြောင်းအလဲများ၊ စွမ်းအင် များနှင့် အလင်းတန်းများကို ဘေးဖယ်ထားပြီး၊ ၎င်းတို့မှာ တိုက်ရိုက် ထိပ်တိုက် ဝင်တိုက် ကြခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ရက်စက်လှပြီး ဖျက်ဆီးခြင်း သဘောတရားများ ပြည့်နှက်နေသည်။
သတိပြန်ဝင်လာသည့် အခါတွင်မူ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့သည် ခန်းမကြီး၏ အလယ်ဗဟိုတွင် ရပ်နေသော ဟုန်ယွိကို မြင်တွေ့လိုက်ရသည်။ သူသည် မလှုပ်မယှက်ဘဲ ခိုင်မာစွာ ရပ်နေသော်လည်း၊ သူ၏ အမူအရာမှာမူ အလွန်ပင် ပြင်းထန်နေသည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး၊ ပခုံးများမှာ ကြွတက်နေကာ၊ ကျောရိုးမှာ မြှားတစ်စင်းကဲ့ သို့ မတ်နေပြီး၊ ခါးကိုမူ အနည်းငယ် ရှေ့သို့ ကိုင်းထားသည်။ သူ၏ အမူအရာမှာ ခန်းမကြီး အတွင်းရှိ နဂါးရေခဲတိုင်ပေါင်း ၅၀၀ ပေါ်မှ နဂါးများနှင့် တူနေသလို၊ ‘အနန္တတန်ခိုးရှင် မင်္ဂလာတိမ်တိုက်’ ထဲရှိ ‘ဘိုးဘေးနဂါး’ နှင့်လည်း တူနေသည်။
ပိုင်ဇိယွဲ့ရော ကြင်ယာတော်ယွမ်ပါ ဟုန်ယွိကို ဤမျှ ခက်ထန်သည့် အမူအရာမျိုဖြင့် တစ်ခါ မှ မမြင်ဖူးခဲ့ကြပေ။
“နောက်တစ်ခါ ထပ်တိုက်ပြန်ပြီ။” ကြင်ယာတော်ယွမ်က အော်ဟစ်လိုက်သည်။
“ဟုန်ရွှန်ကျိက ပိုင်ဖေးရှန်ကို ဖမ်းသွားပြီ။ ပိုင်ဖေးရှန် သေသွားပြီ။” ပိုင်ဇိယွဲ့က ဆိုလိုက် သည်။
“ဖန်ဆင်းခြင်းသင်္ဘော” ပထမတစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ် ထိပ်တိုက်တွေ့အပြီးတွင်၊ ဟုန်ရွှန်ကျိသည် ထိုအခွင့်အရေးကို အသုံးချကာ ပိုင်ဖေးရှန်ကို ဖမ်းဆီး၍ သင်္ဘောပေါ်သို့ ပျံတက်သွားခဲ့ခြင်း ဖြစ်သည်။
အစွမ်းထက်လှသော ‘အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း’ ၏ ဂိုဏ်းချုပ်ဟောင်း၊ အတွေးတစ်ခု ဖြင့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည့် အဆင့်လေး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦးမှာ ဤသို့ပင် ဖမ်းဆီးခြင်းကို ခံလိုက်ရလေပြီ။ သူ၏ အတွေးစများပင်လျှင် လွတ်မြောက်နိုင် ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဤအရာမှာ သဘာဝကျလှသည်။ အကယ်၍ ပိုင်ဖေးရှန် လွတ်မြောက်သွားမည်ဆိုပါမှ ထူးဆန်းနေပေလိမ့်မည်။
ဟုန်ရွှန်ကျိ သင်္ဘောပေါ်သို့ ရောက်ရှိသွားပြီးနောက်တွင် “ဖန်ဆင်းခြင်းသင်္ဘော” မှာ နောက်တစ်ကြိမ် ထပ်မံ တုန်ခါလာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းမှာ ကြီးမားလာခြင်း မရှိတော့ပေ။ ယင်းအစား၊ သင်္ဘော၏ အောက်ခြေမှနေ၍ နဂါးများ၊ မြွေများကဲ့သို့သော လျှပ်စီးတန်းများစွာ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် သင်္ဘောတစ်စင်းလုံးမှာ ထူထဲလှသော လျှပ်စီးအလွှာကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားတော့သည်။ ၎င်းထံမှ ထွက်ပေါ် လာသော အသံက ကောင်းကင်နှင့် မြေပြင်ကို ဆွဲဖြဲပစ်တော့မည့်နှယ် ရှိနေ၏။
အဝေးမှ ကြည့်လျှင် “ဖန်ဆင်းခြင်းသင်္ဘော” မှာ အလျားပေပေါင်း ၁၀၀ ခန့်ရှိသော လျှပ်စီး မြွေများ၊ လျှပ်စီးစပါးအုံးမြွေများနှင့် လျှပ်စီးနဂါးများဖြင့် ဖုံးလွှမ်းနေသည်။ တစ်ချက်ကြည့် ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလှသည်။
“မိုးကြိုးရေကန်က သူ့အစွမ်းကို ထုတ်ဖော်နေပြီ။ မကောင်းတော့ဘူး။ ‘ဖန်ဆင်းခြင်း သင်္ဘော’ ပေါ်မှာ အဆုံးမဲ့ လျှပ်စီးတွေကို စုပ်ယူပြီး သိုလှောင်နိုင်တဲ့ ကြီးမားတဲ့ ‘မိုးကြိုး ရေကန်’ကြီး တစ်ခု ရှိနေတာပဲ။ အခု အဲဒါက ပေါက်ကွဲထွက်လာပြီဆိုတော့ သူက ငါတို့ကို သေအောင် တိုက်တော့မှာပဲ။”
ပိုင်ဇိယွဲ့က အော်ဟစ်လိုက်သည်။
“ငါ့ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲမှာ မိုးကြိုးရေကန် မရှိသေးဘူး၊ တည်ဆောက်ဖို့လည်း အချိန်မရဘူး။ ဒါကြောင့် သူတို့က ငါ့ကို အသေသတ်ဖို့ ကြိုးစားနေကြတာပဲ။” ဟုန်ယွိက တည်ငြိမ်စွာ ဆိုလိုက်ရင်း “ငါတို့ အခု ခန်းမကြီးကို စွန့်ခွာပြီး ထွက်ပြေးဖို့ မဖြစ်ဘူး။ မဟုတ်ရင် လူသားတွေက ‘ဖန်ဆင်းခြင်းသင်္ဘော’ ထက် ပိုပြီး မြန်မြန် မပျံသန်းနိုင်ဘူး။ ဒီအဆင့်တိုက်ပွဲဟာ ‘ဖန်ဆင်းရှင်’ တွေရဲ့ တိုက်ပွဲထက်တောင် ကျော်လွန်သွားပြီ။”
မှန်ပေသည်။ “ဖန်ဆင်းခြင်းသင်္ဘော” နှင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ တို့၏ အသက်ကို ရင်း၍ တိုက်ခိုက်နေမှုမှာ ဖန်ဆင်းရှင်တစ်ဦး၏ အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အဆင့်ခုနစ် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးပင်လျှင် ဖန်ဆင်းရှင်တစ်ဦးနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ဤမျှလောက်သော စွမ်းအားမျိုးကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဓားစွမ်းအင်နဲ့ ခန်းမကို ပေါင်းစပ်လိုက်။” “ဖန်ဟွမ်အသက် ဝိညာဉ်ဓား” ၏ ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ နှင့် ပေါင်းစပ် သွားတော့သည်။
ခန်းမတစ်ခုလုံးရှိ မူလစွမ်းအင်များမှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။ ဟုန်ယွိက သူ၏ အစွမ်းရှိသမျှကို ထုတ်ဖော်လိုက်သည်။ များပြားလှသော စွမ်းအင်များမှာ အဆုံးမရှိ စီးထွက်လာတော့သည်။
သူသည် ရှောင်တိမ်းနေခြင်း မရှိဘဲ “ဖန်ဆင်းခြင်းသင်္ဘော” ဆီသို့ တတိယ အကြိမ်အဖြစ် တိုးဝင်သွားခဲ့လေပြီ။
၎င်းမှာ ကောင်းကင်နှင့် မြေပြင်တို့၏ မဟာထိပ်တိုက်တွေ့ဆုံမှုကြီးပင် ဖြစ်တော့သည်။
အခန်း (၅၅၈)။
သံသယဖြစ်စရာမလိုပေ။ “ဖန်ဟွမ်အသက်ဝိညာဉ်ဓား” သည် အလွန်ပင် အစွမ်းထက် သော လက်နက်တစ်ခု ဖြစ်ပေသည်။
၎င်းသည် ပညာ၊ သတ္တိ၊ မေတ္တာနှင့် သစ္စာဆိုသည့် မြင့်မြတ်သော ဂုဏ်အင်္ဂါလေးပါးကို ကိုယ်စားပြုသည်။ ရှေးဟောင်း သူတော်စင် ဧကရာဇ် ‘ဖန်’ ၏ ဓားဖြစ်သဖြင့် ကြီးမားသော အထိမ်းအမှတ် သင်္ကေတ ဖြစ်ရုံသာမက ၎င်း၏ စွမ်းအားသည် ‘ဖန်ဆင်းရှင်’ တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ အကယ်၍ ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် ဤနတ်ဘုရားဓားနှင့် ပေါင်းစည်းသွားပါက သေချာပေါက် အဆင့်သစ်တစ်ခုသို့ ရောက်ရှိ သွားမည် ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိသည် ထိုသို့ မလုပ်ခဲ့ပေ။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်နှင့် “ဖန်ဟွမ်အသက်ဝိညာဉ်ဓား” မှာ အလွန်ပင် လိုက်ဖက်ညီလွန်းသောကြောင့် ဖြစ်သည်။ သူတို့သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် နီးကပ်နေလေပြီ။။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား” ၏ မြင့်မြတ်သော ဂုဏ်ရည်လေးပါးမှာ သူ၏ စိတ်ဝိညာဉ်ဖြင့် အမြဲတမ်း ရှာဖွေနေသည့် အရာများ ဖြစ်သည်။
ထို့ကြောင့် ဓားသည် သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစည်းလိုက်သည့်အခါ သူ၏ စွမ်းအားနှင့် တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာ တိုးမြင့်ပေးနိုင်လိမ့်မည်။ သူသည် သူ၏ အကန့် အသတ်များကို ကျော်ဖြတ်ကာ အစွမ်းအထက်ဆုံး တိုက်ကွက်ဖြစ်သည့် ‘မူလကံကြမ္မာ တာအိုသစ်သီး’ ကို အသုံးပြုနိုင်မည်ဖြစ်သလို “ကမ္ဘာဦးအစစွမ်းအင်” ၏ အလင်းတန်းကို လည်း အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
စိတ်ဝိညာဉ်အတွင်း၌ ဓားတစ်စင်းရှိနေလျှင် မည်သည့်သဲလွန်စမျှ မကျန်ဘဲ သွားလာနိုင် ပေလိမ့်မည်။
ဤဓားနှင့် ပေါင်းစည်းနိုင်ခြင်း မရှိပါက ဟုန်ယွိ၏ ကျင့်စဉ်မှာ စိတ်ဝိညာဉ် အတွေးစပေါင်း ၆၆,၆၆၆ ကို ပိုင်ဆိုင်ထားသည့် မိုးကြိုးကပ်ဘေး အဆင့်ခြောက်ကို ကျော်ဖြတ်ထားသော ‘တစ္ဆေအင်မော်တယ်’ အဆင့်သာ ရှိသေးသည်။ သူသည် ‘အတိတ်ကျမ်း’ ကို ကျင့်ကြံထား သဖြင့် သူ၏ မှော်စွမ်းအားမှာ ကျိုးထိုက်ကျူ၊ ယွမ်ရှန်းရှန်းနှင့် ယုဝမ်မူတို့ထက် တစ်ဆ၊ နှစ်ဆခန့်သာ ပို၍ အားကောင်းသည်။ ၎င်းမှာ မိုးကြိုးကပ်ဘေး အဆင့်ခြောက် ပညာရှင်များကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ရန် မလုံလောက်သေးပေ။
ထို့ကြောင့် သူသည် မိုးကြိုးကပ်ဘေး အဆင့်ခုနစ်ကို ကျော်ဖြတ်ပြီးမှသာ ဤနတ်ဘုရား ဓားကို သူ၏ စိတ်ဝိညာဉ်နှင့် အပြီးအပိုင် ပေါင်းစည်းရန်၊ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ “ဖန်ဆင်းခြင်းသင်္ဘော” ထံမှ ထွက်ပေါ်လာသော ဖိအားမှာ ပြင်းထန်လွန်းလှသည်။ ဟုန်ယွိသည် နောက်ဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရားဓားကို ခွဲထုတ်ကာ သူတော်စင်ခန်းမအတွင်းသို့ ပေါင်းစပ်လိုက်ရတော့သည်။ ရူးသွပ်စွာ တုန်ခါနေသော အနှစ်သာရများ၊ မူလစွမ်းအင်များ၊ ဟင်းလင်းပြင်နှင့် အချိန် စွမ်းအားများကို ဖိနှိပ်ထိန်းချုပ်ရန်အတွက် ဖြစ်သည်။
မဟုတ်ပါက ခန်းမကြီး ပြိုကွဲသွားခြင်း မရှိလျှင်ပင် ခန်းမအတွင်းရှိ စာအုပ်များ၊ နဂါးစွယ် ဆန်များ၊ ရတနာများနှင့် ရှေးဟောင်းလက်နက်များမှာ သေချာပေါက် ပျက်စီးသွားပေလိမ့် မည်။
“ငါ ‘မဟာမိုးကြိုး စွမ်းအင်ရေကန်’ ကို မကျင့်ကြံထားနိုင်ခဲ့တာ တကယ့်ကို ဆုံးရှုံးမှုကြီးပဲ။ တကယ်လို့, ငါသာ အဲဒါကို စောစောစီးစီး တည်ဆောက်ထားနိုင်ခဲ့ရင် အဆုံးမဲ့ မိုးကြိုး စွမ်းအားတွေကို သုံးပြီး ဒီခန်းမကြီးရဲ့ ကိုယ်ထည်ကို သံမဏိတစ်စလိုဖြစ်အောင် သန့်စင် ထားလို့ ရမှာ။”
မိုးကြိုးစွမ်းအားများကို အသုံးပြုနေသည့် “ဖန်ဆင်းခြင်းသင်္ဘော” ကို ရင်ဆိုင်နေရစဉ် ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ တစ်ခုတည်းသော အားနည်းချက်ကို သိမြင်လိုက်ရသည်။
သို့သော် သူသည် နောက်မဆုတ်နိုင်ဘဲ တောင့်ခံထားရုံသာ ရှိတော့သည်။
“သူတော်စင်အပေါင်းတို့၏ ဘုန်းကျက်သရေ၊ အတွေးကျောင်းပေါင်းစုံ၏ ဆိုရိုးစကား၊ ဘိုးဘေးတို့၏ အနှစ်သာရ၊ ကမ္ဘာဦးစွမ်းအား၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား။”
ဟုန်ယွိ ဟစ်ကြွေးလိုက်စဉ်မှာပင် လျှပ်စီးနဂါးများ၊ လျှပ်စီးမြွေများ ဖုံးလွှမ်းနေသော “ဖန်ဆင်းခြင်းသင်္ဘော” သည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ခန်းမဆောင်ကြီး၏ ရှေ့မှောက် သို့ ဆင်းသက်လာတော့သည်။ ထိုကြီးမားလှသော အရာဝတ္ထုကြီးနှစ်ခုမှာ ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်မိကြရာ ကောင်းကင်နှင့် မြေပြင်မှာ တုန်ခါသွားခဲ့ရပြန်သည်။
...
ဘုန်း…
ထိပ်တိုက်တွေ့လိုက်သည့် အခိုက်အတန့်တွင် ဟုန်ယွိ၏ ဦးခေါင်းထဲ၌ အသံတစ်ခု ကြားလိုက်ရသည်။ ၎င်းမှာ ဓားတစ်စင်းကို အတင်းအဓမ္မ ချိုးဖျက်လိုက်သည့်အခါ ထွက်ပေါ်လာသော သတ္တုချင်း ထိခိုက်မိသံကဲ့သို့ပင်။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား” ၏ ဓားစွမ်းအင်မှာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ရသည်။
ဤနတ်ဘုရားဓားသည် “ဖန်ဆင်းခြင်းသင်္ဘော” ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ယှဉ်နိုင်ပုံမပေါ်ချေ။ နောက်ဆုံးတွင် ဤဓား၏ ကျော်ကြားမှုမှာ အထိမ်းအမှတ် သဘောတရားသာ ဖြစ်နေသေးသည်။ ကမ္ဘာဦးအစကတည်းက အရာအားလုံးကို ကျော်ဖြတ် ချေမှုန်းနိုင်စွမ်းရှိသည့် “ဖန်ဆင်းခြင်းသင်္ဘော” နှင့် ယှဉ်လျှင် ကွာဟချက်များ ရှိနေသေးသည်။
ထိပ်တိုက်တွေ့မှု တစ်ချက်တည်းဖြင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲသို့ မိုင်ပေါင်း သုံးထောင်ခန့် လွင့်စင်သွားခဲ့ရသည်။
ကောင်းကင်နန်းတော်သဖွယ် ခန်းမဆောင်ကြီးမှာ ဂျင်တစ်ခုကဲ့သို့ ရူးသွပ်စွာ လည်ပတ် နေပြီး မြို့တစ်မြို့လုံးကို လွင့်စင်သွားစေနိုင်လောက်သည့် လေပြင်းများကို သယ်ဆောင် လာသည်။
ဟူး... ဟူး... ဟူး... ဟူး...
တိုက်ခိုက်မှု၏ အရှိန်ကြောင့် ခန်းမကြီးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး အလယ် ဗဟိုရှိ လူများမှာလည်း လိုက်ပါလည်ပတ်နေကြရသည်။
“အား”
ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့၏ ခန္ဓာကိုယ်များမှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်တစ်ကြိမ် လွင့်စင်သွားခဲ့ပြန်သည်။ သူတို့သည် ခန်းမဆောင်၏ နက်ရှိုင်းသော အလယ်ဗဟိုဆီသို့ လွင့်ထွက်သွားပြီး အနှစ်သာရ စွမ်းအင်လုံးကြီးတစ်ခုနှင့် တိုက်မိမှသာ ရပ်တန့်သွားတော့သည်။
ဇိ... ဇိ... ဇိ...
အရေတွက်နိုင်သော လျှပ်စီးတန်းများသည် ခန်းမဆောင်၏ အပြင်ဘက် အကာအကွယ် များကို ထိုးဖောက်ကာ အတွင်းထဲသို့ ကျရောက်လာသည်။
ဤအရာများသည် “ဖန်ဆင်းခြင်းသင်္ဘော” ထံမှ လာသော လျှပ်စီးများ ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း အစွမ်းမထက်လှသော်လည်း သိုင်းသူတော်စင် တစ်ဦးကို သတ်ဖြတ်နိုင်သည်အထိ လုံလောက်သည်။
“မိုးကြိုးအနှစ်သာရ စွမ်းအင်၊ စုပ်ယူစမ်း။”
ဟုန်ယွိမှာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူသည် သူ၏ စိတ်ဝိညာဉ် အတွေးစများကို ချိန်ညှိ ကာ မှော်စွမ်းအားများကို အသုံးချပြီး အတွင်းသို့ ဝင်ရောက်လာသော လျှပ်စီးများကို အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ယခုလေးတင် ရရှိထားသော “ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီ” နှင့် “ကောင်းကင်ယှဉ်တွဲ လှေကား” တို့ကို ထုတ်ဖော်လိုက်သည်။
ဤနတ်ဘုရား ရတနာကို ထုတ်ယူလိုက်သည့် ခဏမှာပင် ၎င်းသည် မိုးမခရွက်ပုံစံ ဓားစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး “ဖန်ဟွမ်အသက်ဝိညာဉ်ဓား” ၏ ဓားစွမ်းအင်များ နှင့် ရောစပ်ကာ ခန်းမဆောင်၏ အပြင်ဘက်တွင် ‘ကောင်းကင်ထိုးဖောက် ဓားဝင်္ကပါ’ အသစ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဟုန်ယွိသည် ယုဝမ်မူ၏ မှတ်ဉာဏ်များကို ဖတ်ရှုပြီးရုံသာ ရှိသေးသော်လည်း ဤရတနာ နှစ်ခုကို အသုံးချနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဤမှော်ရတနာကို ထုတ်ဖော်လိုက်သည့်အခါ ခန်းမဆောင်ကြီးမှာ အနည်းငယ် အသက်ရှူ ချောင်သွားပြီး တည်ငြိမ်သွားခဲ့ရသည်။
နောက်ဆုံးတွင် သူသည် အပြင်ဘက်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက် ရသည်။
ခန်းမဆောင်၏ လက်ရန်းဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်ရင်း ဟုန်ယွိသည် မိုင်ပေါင်း ထောင်ချီ၍ နောက်သို့ လွင့်စင်သွားသော “ဖန်ဆင်းခြင်းသင်္ဘော” ကို မြင်လိုက်ရသည်။ ၎င်းမှာလည်း ဟင်းလင်းပြင်ထဲတွင် ရူးသွပ်စွာ လည်ပတ်နေပြီး အပေါ်ရှိ လျှပ်စီးနဂါးများ နှင့် လျှပ်စစ်မြွေများမှာလည်း အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ဤထိပ်တိုက်တွေ့မှုမှာ “ဖန်ဆင်းခြင်းသင်္ဘော” အတွက်လည်း လွယ်ကူသော အရာ မဟုတ်သည်မှာ ထင်ရှားသည်။
အကယ်၍သာ သူ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို ဤမျှ အလွယ်တကူ ဖျက်ဆီးနိုင်မည် ဆိုပါက ဗုဒ္ဓသင်္ကန်းတော်၊ ဇမ္ဗူမဟာအစီအရင်၊ ကောင်းကင်မြို့တော်၊ ဖန်ဟွမ်အသက် ဝိညာဉ်ဓား၊ ဘိုးဘေးနဂါးနှင့် အခြားရတနာများမှာ ဘာဖြစ်သွားမည်နည်း။
သို့သော်လည်း ဤအခိုက်အတန့်တွင် မိုင်ပေါင်းထောင်ချီ အကွာ၌ လည်ပတ်နေသော “ဖန်ဆင်းခြင်းသင်္ဘော” ၏ ဦးခေါင်းပိုင်းတွင် ခိုင်မာစွာ ရပ်နေသော ဟုန်ရွှန်ကျိကို ဟုန်ယွိ မြင်လိုက်ရသည်။ သူသည် သင်္ဘောကြီး လည်ပတ်နေသော်လည်း လုံးဝ မလှုပ်မယှက်ဘဲ ရပ်နေဆဲပင်။ သူ၏ ပတ်ဝန်းကျင်တွင် လျှပ်စီးများ တဖျပ်ဖျပ် လင်းလက်နေပြီး သူ၏ စွမ်းအားများမှာ တဟုန်ထိုး ပျံ့နှံ့နေသည်။ သူ၏ မျက်လုံးနှစ်လုံးမှာ ဟင်းလင်းပြင် လေဟာ နယ် မုန်တိုင်းများကို ထိုးဖောက်ကာ ဟုန်ယွိ၏ အကြည့်နှင့် တည့်တည့် ဆုံမိသွားသည်။
ဟုန်ယွိ၏ အကြည့်တွေက အရာအားလုံးကို အေးခဲသွားစေနိုင်လောက်အောင် အေးစက် နေဟန် ရှိသည်။
ဟုန်ရွှန်ကျိ၏ အကြည့်မှာမူ ဟာလာဟင်းလင်းဖြစ်နေပြီး အသက်ဓာတ် ကင်းမဲ့နေသ ယောင် ရှိ၏။
“ဟုန်ရွှန်ကျိ... ခင်ဗျား သင်္ဘောပေါ်က ဆင်းရဲလား၊ ကျုပ် ခန်းမထဲက ထွက်ခဲ့မယ်၊ ကျုပ်တို့ တာအိုပညာနဲ့ သိုင်းပညာတွေကို အသုံးချပြီး တိုက်ခိုက်ရအောင်။” ဟုန်ယွိက ရုတ်တရက် ဟစ်အော်လိုက်ရာ သူ၏အသံမှာ ခန်းမဆောင်ကြီးအတွင်းရှိ ပညာရှင် သူတော်စင်ငယ် တစ်ရာ၏ ပုံရိပ်များနှင့် ပေါင်းစပ်သွားသည်။
ဤအသံမှာ ပညာရှင် သူတော်စင်ငယ် တစ်ရာက ဟုန်ရွှန်ကျိကို စစ်ဆေးမေးမြန်းနေသ ကဲ့သို့ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။
သင်္ဘောဦးတွင် ရပ်နေသော ဟုန်ရွှန်ကျိမှာ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေဆဲပင်။ သူသည် လက်တစ်ဖက်ကိုသာ မြှောက်လိုက်သည်။
ချက်ချင်းပင်၊ မိုးခြိမ်းသံကြီးတွေ ထွက်ပေါ်လာတော့သည်။
“ဖန်ဆင်းခြင်းသင်္ဘော” မှာ လည်ပတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ကိုယ်ထည်ပေါ်ရှိ လျှပ်စီးများမှာ ယခင်ကထက် ပိုမိုကြီးမားစွာ ထွက်ပေါ်လာပြန်သည်။ သင်္ဘောကြီးထံမှ ခပ်သဲ့သဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ “အရာအားလုံး ပျက်စီးစေ၊ သန်းပေါင်းများစွာ သော မိုးကြိုးများ စုဝေးစေ။ ဖန်ဆင်းခြင်းကို ဖြတ်ကျော်ကာ ဘယ်အရာမှ မတားဆီးနိုင်စေ နဲ့။ သေစမ်း... သေစမ်း... သေစမ်း... သေစမ်း... သေစမ်း။”
“သေစမ်း” ဟူသော စကားလုံး ကိုးလုံး။ တစ်လုံးချင်းစီ ထွက်ပေါ်လာတိုင်း မည်သည့် ကျွမ်းကျင်သူမျိုးကိုမဆို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။
ဂျိမ်း…
သင်္ဘောရှေ့ရှိ ဟင်းလင်းပြင်မှာ ကြေမွသွားပြီး အတွင်းသို့ ကျွံဝင်သွားသည်။
နောက်တခဏမှာပင်…
ဧရာမ “ဖန်ဆင်းခြင်းသင်္ဘော” ကြီးသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အပြင်ဘက်တွင် ပေါ်လာတော့သည်။
၎င်းသည် မိုင်ပေါင်းထောင်ချီ ကွာဝေးသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင်။
လူသားတစ်ဦး၏ အရှိန်ဟုန်ဖြင့်ဆိုလျှင် ဤမျှအထိ မြန်ဆန်ရန်မှာ မဖြစ်နိုင်ပေ။ ‘သူတော်စင် ပေါင်းစုံခန်းမ’ ကဲ့သို့ နတ်ဘုရားရတနာသာ မရှိခဲ့လျှင် ဟုန်ယွိသည် ချက်ချင်း ဖမ်းဆီး သတ်ဖြတ်ခံရပေလိမ့်မည်။ ဤနတ်ဘုရားဘုရင် သင်္ဘောကြီး၏ ရှေ့မှောက်တွင် ထွက်ပြေးခြင်းမှာ လက်တွေ့မကျလှပေ။
ဤအခိုက်အတန့်တွင် ဟုန်ယွိသည် လက်ရန်းပေါ်တွင် ရပ်နေသည်။ သူသည် ဧရာမ သင်္ဘောဦးကြီးကိုပင် မြင်နေရပြီ ဖြစ်သည်။ ‘ကောင်းကင်ထိုးဖောက် ဓားဝင်္ကပါ’ ၏ အပြင်ဘက်တွင် ဟုန်ရွှန်ကျိ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
တစ်ယောက်မှာ ခန်းမ၏ လက်ရန်းပေါ်တွင်၊ နောက်တစ်ယောက်မှာ သင်္ဘောဦးပေါ်တွင်။ သူတို့နှစ်ဦးကြားတွင် ဓားဝင်္ကပါတစ်လွှာနှင့် လျှပ်စီးတစ်လွှာသာ ခြားထားသော်လည်း တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ရန် လက်တစ်ကမ်း အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ ဤအခိုက်အတန့်တွင် ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက် ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့ မှော်ရတနာများ၏ စွမ်းအားကို ယှဉ်ပြိုင်နေကြသောကြောင့် ဖြစ်သည်။ မည်သူ့ရတနာက အရင်ပြိုလဲမည်နည်း၊ ပြိုလဲသူ မှာ အဆုံးသတ်သွားရပေလိမ့်မည်။ နိဗ္ဗာနနယ်ပယ်သို့ ဖြတ်ကျော်နိုင်သော မှော်ရတနာများ ၏ ရှေ့မှောက်တွင် လူသားတစ်ဦးချင်းစီ၏ စွမ်းအားမှာ သေးငယ်လွန်းလှသယောင် ဖြစ်နေ သည်။
...
စတုတ္ထအကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှု….
ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင် ဝန်းရံထားသော ‘ကောင်းကင်ထိုးဖောက် ဓားဝင်္ကပါ’ မှာ ချက်ချင်းပင် ကြေမွသွားခဲ့ရသည်။
“ကောင်းကင်ဘုံတက်လှမ်းခြင်း ရွှေစေတီ” နှင့် “ကောင်းကင်ယှဉ်တွဲ လှေကား” တို့မှာ ဝမ်းကိုက်ဝေဒနာ ခံစားနေရသော လူမမာတစ်ယောက်ကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည်။
ဖျစ်... ဖျစ်...
ရွှေစေတီတော်ကြီးမှာ နောက်ဆုံးတွင် တစ်စစီ ပြိုကွဲသွားခဲ့သည်။ “ကောင်းကင်ယှဉ်တွဲ လှေကား” မှာလည်း တစ်ဆင့်ပြီးတစ်ဆင့် ကျိုးပဲ့ပျက်စီးသွားပြီး သန့်စင်သော အနှစ်သာရ မူလစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ “ဖန်ဟွမ်အသက်ဝိညာဉ်ဓား” ၏ ဓားစွမ်းအင်များနှင့် ရောစပ်ကာ သူတော်စင်တစ်ရာ၏ ဘုန်းကျက်သရေနှင့် ပေါင်းစည်း သွားတော့သည်။
‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ ကြီးမားလှသော မြင့်မြတ်သော အလင်းတန်းများမှာ နောက်ဆုံးတွင် အားလုံး ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ ကျမ်းစာပေါင်းများစွာ အဖြစ် ပြောင်းလဲသွားပြီး သင်္ဘောဦးကြီး၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခုခံလေတော့ သည်။
ယခုတစ်ကြိမ် နတ်ဘုရား မှော်ရတနာနှစ်ခု၏ ထိပ်တိုက်တွေ့မှုမှာ ပြန်လည် လွင့်စင်သွား ခြင်း မရှိတော့ပေ။ ယင်းအစား၊ ၎င်းတို့မှာ ဦးချိုချင်း ယှဉ်တိုက်နေသော နွားသိုးနှစ်ကောင် ကဲ့သို့ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ကပ်ငြိနေပြီး အင်အားချင်း ယှဉ်ပြိုင်နေကြသည်။
ဟင်းလင်းပြင်နှင့် အချိန်များမှာ တစ်စစီ ပြိုကွဲကုန်သည်။ ကြီးမားသော အနက်ရောင် ဥမင်လှိုဏ်ခေါင်းကြီးများမှာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာလိုက်၊ ပျက်စီးသွားလိုက်၊ ပြန်လည် ဖြစ်ပေါ်လာလိုက်နှင့် ရှိနေသည်။ အချိန်နှင့် ဟင်းလင်းပြင်၏ လှိုင်းတွန့်များမှာ လည်း အစဉ်မပြတ် ရိုက်ခတ်နေသည်။
ဤသည်မှာ မဟာနတ်ဘုရားလက် နှစ်ခု၏ အားပြိုင်မှုကြောင့် ထွက်ပေါ်လာသော စွမ်းအားပင် ဖြစ်သည်။
နတ်ဘုရား မှော်ရတနာနှစ်ခုမှာ အားချင်းယှဉ်ပြိုင်နေစဉ် သူတို့၏ အရှိန်အဝါမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပို၍ပင် တိုးမြင့်လာခဲ့သည်။
မိုင်ပေါင်းများစွာ ရှည်လျားသော အနှစ်သာရ စွမ်းအင်တန်းကြီးများမှာ အဆက်မပြတ် ပျံထွက်နေပြီး ဟင်းလင်းပြင် တစ်ခုလုံးကို တစ်စစီ ဖြတ်တောက်နေ၏။ မိုင်ပေါင်း ထောင်နှင့်ချီသော ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရူးသွပ်လှသော စွမ်းအားများ၏ အလယ်ဗဟို ဖြစ်သွားခဲ့ရသည်။ ၎င်းမှာ ကမ္ဘာဦးအစကဖြစ်ပေါ်ခဲ့သည့် ဖရိုဖရဲအခြေအနေထက် အဆ ပေါင်း သောင်းနှင့်ချီ၍ ပိုမိုဆိုးရွားပေသည်။
ဤသို့ ပြင်းထန်လှသော စွမ်းအားများထဲတွင် ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’၊ ကြယ်စင်စု ဝိညာဉ်စွမ်းအင်၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားစွမ်းအင်၊ ကမ္ဘာဦးအစ စွမ်းအင်၏ နတ်ဘုရား အလင်းတန်း၊ ဘိုးဘေးနဂါး အနှစ်သာရ၊ ဗုဒ္ဓသင်္ကန်းတော် အစီအရင်၊ ဇမ္ဗူယင်မိုးကြိုး... အစရှိသဖြင့် ရေတွက်၍မရနိုင်သော ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်နေသည်။
...
“ယုဝမ်မူက ငါ့ကို အကူအညီ တောင်းနေပါလား၊ ယုဝမ်မူကို ဘယ်သူ သတ်လိုက်တာလဲ၊ ငါ အဲဒီလူကို သေချာပေါက် အနက်ရှိုင်းဆုံး ငရဲကို ပို့ပေးရမယ်။” ဤအခိုက်အတန့်တွင် အနက်ရောင် အရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို တိတ်တဆိတ် ထိုးဖောက်ကာ တိုက်ပွဲ မြေပြင်သို့ ရောက်ရှိလာသည်။
ထိုပုံရိပ်မှာ အမှန်စင်စစ် ‘အမှောင်ဧကရာဇ် တာအိုသခင်’ ၏ ကိုယ်ပွားတစ်ခုပင် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားများမှာ အလွန်ပင် ကျယ်ပြောလှသည်။
ဤပြိုင်ဘက်ကင်း မိစ္ဆာကြီး၏ ကိုယ်ပွား ပေါ်ထွက်လာသည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လွှမ်းခြုံသွားခဲ့သည်။ သို့သော်လည်း သူသည် ဟင်းလင်းပြင်ထဲမှ ခြေလှမ်း ထွက်လိုက်ရုံရှိသေး၊ အကန့်အသတ်မရှိသော စွမ်းအားများ၊ ပညာရပ်များနှင့် မှော်စွမ်းအင်များမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ထိုတိုက်ပွဲ၏ အကျိုး ဆက်များမှာ ကောင်းကင်မြစ်ကြီး တစ်စစီ ပြိုကွဲကာ စီးဆင်းလာသကဲ့သို့ သူ၏ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
“အာ….၊ မကောင်းတော့ဘူး။”
ဤစွမ်းအားကို ခံစားလိုက်ရသည့်အခါ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ၏ ကိုယ်ပွားမှာ မျက်နှာပျက်သွားခဲ့ရသည်။ သူသည် တိုက်ပွဲမြေပြင်မှ ချက်ချင်း ထွက်ခွာရန် ကြိုးစားခဲ့ သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ဘန်း….
မဟာနတ်ဘုရားလက်နက် နှစ်ခု၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ လှိုင်းတံပိုးများက သူ၏ ကိုယ်ပွားကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားခဲ့သည်။ သူ၏ ကိုယ်ပွားမှာ ရေနစ်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ပေါက်ကွဲ ထွက်သွားခဲ့ရသည်။ ၎င်းမှာ ပြန်လည် စုစည်းနိုင်ခြင်း မရှိတော့ပေ။ နောက်ဆုံးတွင် သူ၏ ကျန်ရှိနေသော မှတ်ဉာဏ် အသိစိတ်ကလေးမှာပင် တိုက်စားခြင်း ခံလိုက်ရပြီး စွမ်းအင် များနှင့် ရောနှောကာ မည်းမှောင်သော အမှောင်ထုအဖြစ် ပြောင်းလဲသွားတော့သည်။
အော့….
အဝေးတစ်နေရာရှိ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ အတွင်း၌ ‘အမှောင်ဧကရာဇ် တာအိုသခင်’ ၏ စစ်မှန်သော ခန္ဓာကိုယ်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေး တစ်ခုအဖြစ် ပြောင်းလဲနေသည်။ သူသည် တိတ်ဆိတ်စွာ ကျင့်ကြံနေရင်း သူ၏ သက်တမ်းကို ထိန်းသိမ်းနေခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ ကိုယ်ပွား ပျက်စီးသွားသည်ကို ချက်ချင်း သိရှိလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး လူသားပုံစံသို့ ပြန်လည် ပြောင်းလဲသွားကာ အနက်ရောင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရလေတော့သည်။
“ဒါက... တကယ့်ကို ပြင်းထန်လွန်းလှတယ်။”
သွေးများ အန်ထုတ်ပြီးနောက်တွင် ‘အမှောင်ဧကရာဇ် တာအိုသခင်’ သည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိလေတော့သည်။