အခန်း (၅၆၉-၅၇၀)
Vol. 54 Ch. 569-570
အခန်း (၅၆၉)။
“မဟူရာလေးလံ သဲနက်ချောက်၊ အလောင်းရေချောက်နက်၊ မီးခိုးရောင်ရေ ချောက်နက်၊ သွေးမြစ်ချောက်နက်နဲ့ မျှော်လင့်ချက်မဲ့ ချောက်နက်တွေဟာ မိစ္ဆာရေပြင်တွေပဲ။ အဲဒီ နေရာတွေက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေအတွက်တော့ နတ်ဘုရားဘုံ တစ်ခုလိုပဲ။ ဒါကြောင့်လည်း ရှေးဟောင်း တိုက်ပွဲကြီးတုန်းက အမှန်တရားလမ်းစဉ်က ပညာရှင်တွေ အသက်မရှင်နိုင်ခဲ့ပေမဲ့ မိစ္ဆာအိုကြီးတွေ အခုထိ အသက်ရှင်နေခဲ့တာ မဆန်းတော့ပါဘူး။”
ဟုန်ယွိ၊ ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့သည် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်ကို ဆက်သွယ်ပေးထားသော ‘မျှော်လင့်ချက်မဲ့ချောက်နက်’ အတွင်းသို့ သူတော်စင်ပေါင်းစုံ ခန်းမကို မောင်းနှင် ဝင်ရောက်လာကြသည်။ ပိုင်ဇိယွဲ့သည် ထိုချောက်နက်အတွင်းမှ ယိုစိမ့် ထွက်ပေါ်လာသော အရှိန်အဝါများကို ကြည့်ရှုရင်း သူ၏ အတွေးစဖြင့် အနည်းငယ် စမ်းသပ်ကြည့်ရာ ၎င်းမှာ လူသူကင်းမဲ့သောအရပ်မှ အဆိပ်ငွေ့များကဲ့သို့ ရှူရှိုက်လိုက်ရုံမျှ ဖြင့် မျှော်လင့်ချက်မဲ့ သွားစေနိုင်ကြောင်း ခံစားလိုက်ရသည်။
“ကမ္ဘာဦး မူလနဝမချောက်နက်ကို ‘နတ်ဘုရားတို့ရဲ့ ဂူသင်္ချိုင်း’ လို့လည်း ခေါ်ကြတယ်။ ဂူသင်္ချိုင်းဆိုတော့ မိစ္ဆာအငွေ့အသက်တွေ ပြည့်နေမှာပဲ။” ဟုန်ယွိက ဆိုသည်။ “ဒါပေမဲ့ အဓိကအချက်က ဒီနေရာမှာ အချိန်ကုန်ဆုံးတာက အရမ်းနှေးတာပဲ။ ဥပမာ - ပဉ္စမအဆင့် ကို ကြည့်ရင်၊ အကန့်သတ်မဲ့ သမုဒ္ဒရာမှာ တစ်နှစ်ဟာ ဒီမှာဆိုရင် လဝက်ပဲ ရှိသေးတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ သက်တမ်းကို အများကြီး ရှည်ကြာစေနိုင်တာမို့ ဘယ်သူမဆို ဒီထဲကို ဝင်ချင်ကြမှာပဲ”
"ဂျိန်း... ဂျိန်း..."
သူတော်စင်ပေါင်းစုံခန်းမကြီး ‘မျှော်လင့်ချက်မဲ့ချောက်နက်’ အတွင်းသို့ ဝင်ရောက်လိုက် သည်နှင့် လှိုင်းလုံးကြီးများကဲ့သို့ ‘မျှော်လင့်ချက်မဲ့ အစစ်မှန် စွမ်းအင်’ များ ဝန်းရံလာကြ သည်။
ထိုစွမ်းအားများမှာ တိမ်တိုက်များကဲ့သို့ အရောင်ငါးမျိုးဖြင့် တောက်ပြောင်နေပြီး အဆိပ် ငွေ့များ၊ ပန်းရောင်မြူခိုးများ၊ သေမင်းတိမ်တိုက်များအသွင် ဆောင်နေသည်။ ထိုမြူခိုးများ၊ အဆိပ်ငွေ့များမှာ အလွန်လှပသော်လည်း အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် တစ်ကိုယ်လုံး ပြည်ပုပ်သွေးပုပ်များအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ ဤချောက်နက်အတွင်းရှိ စွမ်းအင်များမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ထို့ပြင် ထိုစွမ်းအားများမှာ သာမန်အဆိပ်ငွေ့များထက် အဆပေါင်းထောင်ချီ၍ ပိုမိုပြင်းထန် သည်။ ၎င်းတွင် အဆိပ်တောက်များသာမကဘဲ အလွန်ကြီးမားသော မျှော်လင့်ချက်မဲ့သည့် ခံစားချက်များလည်း ကိန်းဝပ်နေပြီး၊ ၎င်းမှာ လမ်းဆုံးသို့ ရောက်သွားသကဲ့သို့ ခံစားရသော မျှော်လင့်ချက်မဲ့ခြင်းမျိုးပင်။
ဤပြင်းထန်လှသော မျှော်လင့်ချက်မဲ့ စွမ်းအင်များကြားတွင် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များပင်လျှင် ပြင်းထန်စွာ ညစ်ညမ်းသွားနိုင်သည်။
‘သွေးမြစ်ချောက်နက်’၊ ‘မဟူရာသဲ ချောက်နက်’ နှင့် ‘အလောင်းရေချောက်’ တို့နှင့်မတူဘဲ ဤ ‘မျှော်လင့်ချက်မဲ့ချောက်’ အတွင်း၌မူ ထိုအစစ်မှန် မူလစွမ်းအင်များမှလွဲ၍ အခြား မည်သည့် သက်ရှိမျှ မရှိပေ။
ဤချောက်ကြီးအတွင်း၌ မည်သည့်သက်ရှိမျှ မရှင်သန်နိုင်ပေ။ တစ္ဆေအင်မော်တယ်များပင် လျှင် ဤနေရာ၌ မနေနိုင်ကြချေ။
သူတော်စင်ပေါင်းစုံနန်းတော် အတွင်း၌ ရှိနေသော်လည်း ကြင်ယာတော်ယွမ်၊ ပိုင်ဇိယွဲ့နှင့် ဟုန်ယွိ တို့မှာ ထိုကြီးမားလှသော မျှော်လင့်ချက်မဲ့ခြင်းကို အနည်းငယ် ခံစားနေကြရသည်။
၎င်းတို့မှာ သူတော်စင်ပေါင်းစုံ ခန်းမအတွင်းသို့ တိုးဝင်ကာ သက်ရှိအားလုံး၏ အတွေးစ များနှင့် မှတ်ဉာဏ်များကို တိုက်စားတော့မည့်အလား ဖြစ်နေသည်။
ကြင်ယာတော်ယွမ်မှာ တစ်ချက်တုန်ယင်သွားသည်။ အကယ်၍ သူမသာ မည်သည့် အကာအကွယ်မှမပါဘဲ ဤချောက်အတွင်းသို့ ဝင်ခဲ့ပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်ကြောင်း သိလိုက်သည်။
...
“ဒီ ‘မျှော်လင့်ချက်မဲ့ အစစ်မှန်စွမ်းအင်’ ထဲမှာ ဘယ်လိုအဆိပ်တောက်တွေ ပါနေလဲဆိုတာ ငါ ကြည့်ဦးမယ်။ ဒီစွမ်းအင်တွေကို သေချာသုံးတတ်ရင် အစွမ်းထက်တဲ့ နတ်ဘုရား လက်နက်တွေ ဖန်တီးဖို့ အသုံးဝင်နိုင်တယ်။” ဒါကို လျှော့တွက်လို့မရဘူး။”
ဟုန်ယွိက လေထဲတွင် လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ဟင်းလင်းပြင်ကြီးမှာ ဆွဲဖြဲခံလိုက်ရပြီး အက်ကြောင်းတစ်ခု ပေါ်လာပြီး၊ ခန်းမအပြင်ဘက်မှ အရောင်စုံ စွမ်းအင်အစုအဝေးတစ်ခု အတွင်းသို့ ချက်ချင်းပင် စီးဝင်လာသည်။
ပိုင်ဇိယွဲ့နှင့် ယွမ်ဖေးမင်းသမီးတို့မှာ အထူးသတိထား၍ ကာကွယ်လိုက်ကြသည်။ ထိုစွမ်းအင်များ သူတို့၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် မထိတွေ့စေရပေ။
သို့သော် ဟုန်ယွိ၏ မျက်ဝန်းတို့က လှုပ်ရှားသွားပြီး အဖြူနှင့် အမည်း ရောယှက်နေသော အကာအကွယ်တစ်ခု ပျံထွက်လာသည်။ ၎င်းမှာ ‘အလင်းနှင့်အမှောင်မန္တလာ မဟာ အကာအကွယ်’ ပင် ဖြစ်သည်။
ဤမဟာအကာအကွယ်ကို ထောက်ပံ့ထားသော စိတ်ဝိညာဉ် အတွေးစများမှာ ဟုန်ယွိ ကိုယ်တိုင်၏ အတွေးစများ မဟုတ်ဘဲ၊ ယုဝမ်မူထံမှ ရရှိထားသည့် အဆင့်ခြောက် မိုးကြိုးကပ်ဘေး အတွေးစပေါင်း တစ်သောင်းကျော် ဖြစ်သည်။ ယခုအခါ ဟုန်ယွိမှာ ‘ထိုက်ကျိပုံရိပ်’ ကို ဖန်တီးပြီး၊ မိုးကြိုးများကို ရေစင်အဖြစ် ပြောင်းလဲနိုင်နေပြီ ဖြစ်သည်။ အလင်းနှင့်အမှောင် မန္တလာ မဟာအကာအကွယ်၏ စွမ်းအားမှာလည်း ချက်ချင်းပင် မြင့်တက်လာပြီး ‘မဟာအောင်မြင်မှု အထွတ်အထိပ်’ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။
အလင်းနှင့်အမှောင် မဟာမန္တလာအကာအကွယ် ပျံထွက်သွားသည်နှင့် ထို ‘မျှော်လင့်ချက် မဲ့ အစစ်မှန် စွမ်းအင်’ အစုအဝေးကြီးကို အတွင်း၌ ပိတ်လှောင်လိုက်သည်။ ချက်ချင်းပင် ဟုန်ယွိ၏ အတွေးစများနှင့် မှတ်ဉာဏ်များမှာ ပြင်းထန်စွာ စူးအောင့်သွားပြီး များပြားလှ သော မျှော်လင့်ချက်မဲ့ ခံစားချက်တို့က သူ၏ မှတ်ဉာဏ်များကို အဆက်မပြတ် တိုက်ခိုက် ကာ စိတ်ဝိညာဉ်ကို တိုက်စားရန် ကြိုးစားလာတော့သည်။
မဟာအကာအကွယ် အတွင်း၌ ဟုန်ယွိ၏ မှတ်ဉာဏ်အစုအဝေးမှာ ချက်ချင်းပင် တိုက်စားခြင်း ခံလိုက်ရပြီးနောက်၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အထွတ်အထိပ်ရှိ ယုဝမ်မူ၏ အတွေးစများမှာလည်း ‘မျှော်လင့်ချက်မဲ့ အစစ်မှန်စွမ်းအင်’ ကြောင့် တိုက်စားခံရကာ အရည်ပျော်စပြုလာခဲ့သည်။
“ဟင်” ဟုန်ယွိက ကိုယ်ဟန်ကို ပြင်လိုက်ပြီး ‘အတိတ်ကျမ်း’ကို ထပ်မံလှုံ့ဆော်ကာ မဟာအကာအကွယ်နှင့် ပေါင်းစပ်၍ အပြင်းအထန် လည်ပတ်စေလိုက်သည်။ ချက်ချင်းပင် အလင်းနှင့်အမှောင်မှာ အပြန်အလှန် လည်ပတ်သွားပြီး ဗေရောစနဗုဒ္ဓ(အလင်းဗုဒ္ဓ)နှင့် ရွှမ်းထျန်းတာအိုသခင်တို့၏ လက်အစုံမှာ တစ်ခုနှင့်တစ်ခု ပူးကပ်သွားကြသည်။
တစ်ခဏအတွင်းမှာပင် မဟာအကာအကွယ်တစ်ခုလုံးမှာ မယုံနိုင်လောက်အောင် တည်ငြိမ်သွားခဲ့လေသည်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ မျှော်လင့်ချက်မဲ့ စွမ်းအင်လဲ၊ ဒါဟာ တကယ့်ကို အထွတ်အထိပ် နတ်ဘုရားလက်နက်တွေအဖြစ် သန့်စင်ဖို့ အသုံးဝင်တာပဲ။ ဒီအရာက သောင်းကျန်းနေတဲ့ သားရဲရိုင်းတစ်ကောင်လိုပဲ။ မင်းတို့မှာ ယဉ်ပါးအောင် လုပ်နိုင်စွမ်းရှိရင် အတိုင်းအဆမရှိတဲ့ ခွန်အားကို ပေးစွမ်းလိမ့်မယ်။ အဲဒီအစွမ်းမျိုး မရှိရင်တော့ အဲဒီသားရဲရဲ့ ဝါးမျိုတာကို ခံရလိမ့်မယ်။”
ဟုန်ယွိသည် ထိုစွမ်းအားစုကြီးကို ပိတ်လှောင်ပြီးနောက် မဟာအကာအကွယ်ကို ထိုက်ကျိ မိုးကြိုးရေကန် အတွင်းသို့ နှစ်မြှုပ်လိုက်သည်။ စွမ်းအင်များ လည်ပတ်သွားပြီးနောက် မဟာအကာအကွယ်မှာ ပြန့်ကျဲသွားပြီး သူ၏ လက်ထဲသို့ အရောင်စုံ ပုလဲလုံး ၈၁ လုံး ကျဆင်းလာခဲ့သည်။
“ဒါတွေက ငါသန့်စင်ထားတဲ့ ‘မျှော်လင့်ချက်မဲ့ မိုးကြိုးမျိုးစေ့’ တွေပဲ။ မျှော်လင့်ချက်မဲ့ စွမ်းအားတွေကို ပုလဲလုံးတွေအဖြစ် သိပ်သည်းစေပြီး အပြင်ဘက်ကနေ မိုးကြိုးအလွှာ တစ်ခုနဲ့ ဖုံးအုပ်ထားတာ။ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ ဒါတွေကို ပစ်ပေါက်လိုက်ရုံပဲ။ ရန်သူ ကို ရစ်ပတ်မိသွားတာနဲ့ ဒါတွေက ပေါက်ကွဲပြီး ရန်သူကို သတ်ပစ်လိမ့်မယ်။” ပြောရင်း သူသည် ထိုပုလဲလုံးများကို ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့ထံ ကမ်းပေးလိုက်သည်။
ပိုင်ဇိယွဲ့သည် ထိုပုလဲလုံးများကို လက်ခံယူလိုက်ရာ ၎င်းတို့မှာ ပါးလွှာပြီး ပြဒါးကဲ့သို့ တောက်ပသော အမြှေးပါးလေးဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုအမြှေးပါးမှာ ပြဒါးမဟုတ်ဘဲ မိုးကြိုးအလွှာ ဖြစ်နေသည်။ ခါးသီးသော ဆေးလုံးပေါ်တွင် တင်ထားသည့် “သကြားအလွှာ” ကဲ့သို့ပင် ဖြစ်သည်။
“အံ့ဩစရာပဲ ဟုန်ယွိ။ မင်း ထိုက်ကျိမိုးကြိုးရေကန်ကို သန့်စင်ပြီးတဲ့နောက်မှာ ဘယ်လို နတ်ဘုရားလက်နက်မျိုးကိုမဆို အတွေးတစ်ချက်တည်းနဲ့ သန့်စင်နိုင်နေပြီပဲ။ ငါ ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ ရဲ့ မှတ်တမ်းတွေမှာ ဖတ်ဖူးတာကတော့ နံပါတ်တစ် မိစ္ဆာကျင့်ကြံသူ ‘ကောင်းကင်ဖြို မဟာဧကရာဇ်’ ဟာလည်း မျှော်လင့်ချက်မဲ့ စွမ်းအင်တွေကို စုဆောင်းပြီး ဒီလိုပုလဲမျိုးကို သန့်စင်ခဲ့ဖူးတယ်တဲ့။ ဒါကို ‘မျှော်လင့်ချက်မဲ့ မိုးကြိုးပုလဲ’ လို့ ခေါ်ပေမဲ့ တစ်လုံးရဖို့ကို နှစ်ပေါင်းများစွာ သန့်စင်ခဲ့ရတာ။ မင်းကတော့ ဒီလောက်အများကြီးကို တစ်ခါတည်း ထုတ်လုပ်နိုင်နေပြီ။ တကယ်ကို မထင်ထားဘူး။”
“ဒါပေါ့။ ထိုက်ကျိမိုးကြိုးရေကန်ဆိုတာ အလကားမှ မဟုတ်ဘူးလေ။ ရှေးဟောင်းခေတ်က တည်းက ဒါမျိုးပိုင်ဆိုင်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ။” ဟုန်ယွိသည် မိုးကြိုးရေကန် အောင်မြင်သွားသဖြင့် စိတ်ကြည်လင်နေသည်။ သို့သော် ပိုင်ဇိယွဲ့က ‘ကောင်းကင်ဖြို မဟာဧကရာဇ်’ အကြောင်း ပြောလိုက်သည့်အခါ သူသည် ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ မှတ်တမ်းများကို သတိရသွားသည်။
‘ကောင်းကင်ဖြို မဟာဧကရာဇ်’ မှာ အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီး အတွင်းက နံပါတ်တစ် မိစ္ဆာကျင့်ကြံသူ ဖြစ်သည်။ သူသည် မိစ္ဆာဂိုဏ်း ငါးခု၏ ‘တာအို သစ်သီး’ များကို ကျင့်ကြံထားသူ ဖြစ်သည်။
၎င်းတို့မှာ “ထာဝရအမုန်း တာအိုသစ်သီး”၊ “ခါးသီးဖွယ်နာကျည်းမူ တာအိုသစ်သီး”၊ “ကောင်းကင်ဖြို တာအိုသစ်သီး”၊ “မိစ္ဆာဆန့်ကျင် တာအိုသစ်သီး”၊ “ရူးသွပ်နှလုံးသား တာအိုသစ်သီး”တို့ ဖြစ်ကြသည်။
အရိုးဖြူပညာရှင်၊ ထျန်းရှဲ့ကျိနှင့် သွေးအရိပ်တို့ ပိုင်ဆိုင်ထားသော “ဝိညာဉ်ဝါးမျိုခြင်း တာအိုသစ်သီး”၊ “ကောင်းကင်မိစ္ဆာ တာအိုသစ်သီး” နှင့် “သွေးနတ်ဘုရား တာအိုသစ်သီး” များပင် ဤမျှ အစွမ်းထက်လျှင်၊ တာအိုသစ်သီး ငါးမျိုးလုံးကို တစ်ဦးတည်း ပိုင်ဆိုင်ထား သူ၏ ပညာရပ်များမှာ မည်မျှ ကမ္ဘာကြီးကို တုန်လှုပ်စေမည်နည်း။ သူ၏ နည်းဗျူဟာများ မှာ အမှန်ဧကန်ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
...
“ကောင်းကင်ဖြို မဟာဧကရာဇ်က အခုထိ အသက်ရှင်နေသေးလား မသိဘူး။ ဒါပေမဲ့ အသက်ရှင်နေရင်တောင် မင်းကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဟုန်ယွိ…, မင်း သူ့ကို သတ်နိုင်ရ အဲဒီမိစ္ဆာဂိုဏ်း ငါးခုရဲ့ တာအိုသစ်သီးတွေကို ရလိမ့်မယ်။ ပြီးရင် အရိုးဖြူ ပညာရှင်၊ ထျန်းရှဲ့ကျိနဲ့ သွေးရိပ်တို့ကိုသတ်ပြီး ကျန်တဲ့ တာအိုသစ်သီး သုံးမျိုးကိုလည်း ယူလိုက်ဦး။ မိစ္ဆာဂိုဏ်းရှစ်ခုရဲ့ တာအိုသစ်သီးအားလုံးကို ရသွားရင် မင်း လျှို့ဝှက်ချက်တွေ ကို နားလည်သွားပြီး ‘ဖန်ဆင်းရှင်’ တစ်ပါး မြန်မြန် ဖြစ်သွားနိုင်တယ်။” ကြင်ယာတော်ယွမ် က ဆိုသည်။
သူမသည် အလွန်ပင် ယုံကြည်ချက်ရှိစွာ ပြောဆိုနေခြင်း ဖြစ်သည်။ အမှန်ပင်၊ သူတော်စင် ပေါင်းစုံခန်းမကို မြင်တွေ့ပြီးနောက် အားလုံးမှာ ယုံကြည်ချက်များ ပြည့်နှက်နေကြသည်။
“မျှော်လင့်ချက်မဲ့လွင်ပြင်က အရမ်းရှုပ်ထွေးတယ်။ မြေပြင်က အရမ်းကျယ်သလို မြေအောက်မှာလည်း လိုဏ်ခေါင်းတွေ အများကြီးရှိတယ်။ ဒါဟာ ‘တော်ဝင်ချန် နယ်မြေ’ နဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ အဲဒီမိစ္ဆာအိုကြီး သုံးယောက်က ထွက်ပြေးပြီး အထဲမှာ ပုန်းနေကြမှာဆိုတော့ သူတို့ကို ရှာဖို့ ခက်လိမ့်မယ်။” ပိုင်ဇိယွဲ့က ဆိုသည်။
“စိတ်မပူပါနဲ့။ မိစ္ဆာလက်နက် ခုနစ်မျိုးကို သန့်စင်တုန်းက သူတို့ရဲ့ အငွေ့အသက်လေးတွေ ကို ငါ ချန်ထားခဲ့တယ်။ ဒီအငွေ့အသက် သုံးခုရှိရင် အဲဒီမိစ္ဆာအိုကြီး သုံးယောက် ကောင်းကင်အပြင်ဘက်နယ်မြေကို ထွက်ပြေးရင်တောင် ငါ တွေ့အောင်ရှာနိုင်ပါတယ်” ဟုန်ယွိက လေးနက်စွာ ဆိုသည်။ “မိစ္ဆာဂိုဏ်းတွေရဲ့ ပညာရပ်တွေကိုတော့ လူတွေ လေ့လာဖို့အတွက် ချန်ထားလို့ရပေမဲ့ မိစ္ဆာဂိုဏ်းက လူတွေကိုတော့ ချန်ထားလို့ မရဘူး။ မိစ္ဆာအားလုံးကို ငါတို့ အမြစ်ပြတ် သုတ်သင်ရမယ်။ ဥပမာ - အရိုးဖြူပညာရှင်၊ သွေးအရိပ်နဲ့ ထျန်းရှဲ့ကျိတို့သာ ကောင်းကင်နိုင်ငံကို ရောက်သွားရင် ဘယ်လောက်တောင် ထိခိုက် နစ်နာမှုတွေ ဖြစ်ကုန်မလဲ။ အနည်းဆုံး လူပေါင်း သိန်းချီ၊ သန်းချီ သေကြရလိမ့်မယ်။”
ဝုန်း…
သူတို့ စကားပြောနေစဉ်မှာပင် မျှော်လင့်ချက်မဲ့ချောက်နက်အတွင်းရှိ အရောင်စုံစွမ်းအင် များမှာ ပိုမိုမြည်ဟည်းပြီး ထူထဲလာခဲ့သည်။ ၎င်းမှာ ကော်ကဲ့သို့ပင် စေးကပ်လေးလံနေ၏။
သူတော်စင်ပေါင်းစုံခန်းမမှာ အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိသာ သည်။
“ခွဲထွက်စမ်း။”
ခန်းမကြီးမှာ နောက်ဆုံး အတားအဆီးကို ချိုးဖျက်လိုက်ပြီး ကောင်းကင်ယံတွင် ပေါ်ထွက် လာခဲ့သည်။
ကောင်းကင်တွင် နေမင်းမှာ ပြင်းထန်စွာ တောက်လောင်နေပြီး အလွန်ပင် ပူပြင်းလှသည်။
မြေပြင်ပေါ်တွင်မူ အဝါရောင် လွင်ပြင်ကြီးမှာ အဆုံးမရှိ ကျယ်ပြန့်နေ၏။
မြေပြင်တစ်ခုလုံးမှာ အဝါရောင် မြေသားများဖြင့် ဖုံးလွှမ်းနေသည်။ မျက်စိတစ်ဆုံးကြည့် လိုက်လျှင် စိမ်းလန်းသော အရိပ်အယောင်မျှပင် မတွေ့ရပေ။ ထိုမြေသားပေါ်တွင် တောင်ကုန်းများစွာ ရှိနေသော်လည်း ထိုတောင်ကုန်းများမှာလည်း အဝါရောင်များသာ ဖြစ်ကြသည်။
အဝါရောင် မြေသားများမှလွဲ၍ အခြားအရောင် မရှိပေ။ ဤသည်မှာ ဆဋ္ဌမမြောက်အဆင့် ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ ပင် ဖြစ်သည်။
၎င်းမှာ အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့လှသည်။
အချိန်စီးဆင်းမှုမှာ အလွန်ပင် နှေးကွေးသွားခဲ့သည်။ သို့သော် အခြားအရာနှင့် မနှိုင်းယှဉ်ဘဲ ခံစားရန်မှာ ခက်ခဲလှသည်။ ဟုန်ယွိ၏ အသိဉာဏ်နှင့် စိတ်ဝိညာဉ် စွမ်းအားကြောင့်သာ ဤနေရာနှင့် ပြင်ပကမ္ဘာ၏ အချိန်စီးဆင်းမှု ကွာခြားချက်ကို သူ ခံစားနိုင်ခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာတွင် အချိန်မှာ လျှပ်စီးကဲ့သို့ မြန်သော်လည်း ဤနေရာ၌မူ လိပ်တစ်ကောင် ကဲ့သို့ နှေးကွေးနေ၏။
တစ်ခုက မြန်လွန်းပြီး တစ်ခုက နှေးလွန်းနေသဖြင့် ထိုကွာခြားချက်မှာ လူကို သွေးအန်ချင် စရာပင်။
ဟုန်ယွိသည် ကမ္ဘာကြီးနှင့် သူ၏ဆက်သွယ်မှုကို အမြန်ဆုံး ဖြတ်တောက်လိုက်သည်။ သို့မဟုတ်ပါက ထိုအချိန်ကွာခြားချက်မှာ သူ၏စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
“မိစ္ဆာအိုကြီး သုံးယောက်ရဲ့ အငွေ့အသက်ကို ငါ ရှာတွေ့ပြီ။ သွားကြစို့။”
သူတော်စင်ပေါင်းစုံခန်းမမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကောင်းကင်ယံမှ ပျောက်ကွယ် သွားခဲ့သည်။ အကာအကွယ်များစွာကို ဖြတ်ကျော်ပြီးနောက် အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော တောင်တန်းကြီးတစ်ခုပေါ်သို့ ရောက်ရှိလာသည်။
ထိုကဲ့သို့သော တောင်တန်းပေါင်း ထောင်ချီ၍ ရှိနေသည်။ တစ်ခုချင်းစီမှာ ပေပေါင်းရာချီ မြင့်မားပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသည်။ ၎င်းတို့မှာ သဘာဝအလျောက် ဖြစ်ပေါ် လာခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်က ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။
“ဒီတောင်တန်းတွေက အစီအရင်တစ်ခုနဲ့ တူနေတယ်။ မြေအောက်မှာလည်း မိစ္ဆာ အငွေ့အသက်တွေ ရှိနေတယ်။ ဒါဟာ မိစ္ဆာပညာရှင်တွေ စုဝေးနေတဲ့နေရာ ဖြစ်ရမယ်။ မျှော်လင့်ချက်မဲ့လွင်ပြင်ရဲ့ မြေပြင်ပေါ်မှာ သက်ရှိမရှိပေမဲ့ မြေအောက်မှာတော့ သက်ရှိ တွေ အများကြီးရှိသလို ရေအရင်းအမြစ်လည်း ရှိနေတယ်။ ငါတစ်ချက် ကြည့်လိုက်မယ်။”
ဟုန်ယွိက စကားပြောရင်း ယုဝမ်မူ၏ အဆင့်ခြောက် မိုးကြိုးကပ်ဘေး အတွေးစ တစ်ခုကို ဖောက်ခွဲကာ လောင်ကျွမ်းစေလိုက်ရာ အလင်းဝိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအလင်းကွင်းအတွင်း၌ ပုံရိပ်များမှာ နောက်ပြန်လည်သွားပြီး လွန်ခဲ့သော ခဏက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ဖော်ပြလာသည်။
မျှော်လင့်ထားသည့် အတိုင်းပင် ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက် သုံးခုသည် ထိုမြေတောင်စုကြီးဆီသို့ ပျံသန်းလာပြီး အလယ်ဗဟိုသို့ ရောက်သောအခါ ခေတ္တရပ်တန့် ၍ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ကြသည်။ ထိုအခါ အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည် - ထိုမြေတောင် ထောင်ပေါင်းများစွာမှာ ဖြည်းညှင်းစွာ လည်ပတ်သွားပြီး ဧရာမ မြေအောက်တံခါးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
မိစ္ဆာအိုကြီး သုံးဦးမှာ ထိုတံခါးအတွင်းသို့ ချက်ချင်း ပျံဝင်သွားကြပြီးနောက် မြေတောင် များမှာ ပြန်လည်လည်ပတ်ကာ မြေအောက်တံခါးကြီးမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့ လေတော့သည်။
အခန်း (၅၇၀)။
“ဒီတောင်ကုန်း ထောင်ပေါင်းများစွာက ကြီးမားတဲ့ အစီရင်စုကြီးတစ်ခုပဲ။ တကယ်ဆို ဒီအစီအရင်စုကြီး ဖန်တီးခဲ့တဲ့လူက အတော်လေး အံ့ဩဖို့ကောင်းတယ်။ သူက မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေရဲ့ ဆဋ္ဌမအလွှာဖြစ်တဲ့ မျှော်လင့်ချက်မဲ့လွင်ပြင်ရဲ့ အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားတွေကို ပေါင်းစပ် ပြီး ဒီအစီရင်စုကြီးကို တည်ဆောက်ထားတာ။ အားနည်းချက်ဆိုတာ လုံးဝမရှိဘူး။ ငါ ပထမဆုံး ရောက်ရောက်ချင်း ဒါက အစီရင်အစုကြီး တစ်ခုမှန်းတောင် မသိလိုက်ဘူး၊ သာမန်တောင်တန်းတွေလို့ပဲ ထင်ခဲ့တာ။”
ယုဝမ်မူ၏ အတွေးစများ လောင်ကျွမ်းမှု ပြီးဆုံးသွားသည်နှင့် အရိုးဖြူပညာရှင်၊ သွေးအရိပ် နှင့် ထျန်းရှဲ့ကျိတို့ မြေအောက်တံခါးအတွင်း ပျောက်ကွယ်သွားသည့် မြင်ကွင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုပုံရိပ်များ ပျောက်ကွယ်မသွားမီ မြေအောက်တံခါး အတွင်းမှ အလွန်ခမ်းနားထည်ဝါလှသော နန်းတော်တစ်ခု၏ အရိပ်အယောင်က လျှပ်တ ပြက် ဖြတ်သန်းသွားခဲ့သည်။
၎င်းမှာ မိစ္ဆာနန်းတော်တစ်ခုပင် ဖြစ်သည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ စည်းစိမ်ခံစားရန် နှင့် ကျင့်ကြံရန်အတွက် အလွန်ပင် ဇိမ်ကျကျ တည်ဆောက်ထားခြင်း ဖြစ်သည်။
ရွှေတိုင်၊ ကျောက်သံပတ္တမြား၊ ပိုးထည်များနှင့် တောက်ပသော ပုလဲလုံးများ—မြင်တွေ့ရ သမျှ အရာအားလုံးမှာ တောက်ပြောင် လှပလွန်းလှသည်။
ထိုနန်းတော်ကြီး၏ ပုံရိပ်မှာ ဟုန်ယွိ၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။
“ဝိုး... ဒီလောက် ခမ်းနားတဲ့နန်းတော်က ‘ဖန်း’ မိသားစုရဲ့ ဖန်နန်းတော်နဲ့တောင် ယှဉ်နိုင် မှာပဲ။” ပိုင်ဇိယွဲ့က ဆိုရင်း သူ၏ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ကို လွှဲယမ်းလိုက်ရာ အငွေ့အသက်များ ထွက်ပေါ်လာပြီး လွန်ခဲ့သော ခဏက မြင်တွေ့ခဲ့ရ သည့် နန်းတော်ပုံစံအတိုင်း ဖန်တီးပြလိုက်သည်။
သူတို့ သုံးယောက်စလုံးသည် ရှေ့မှ နန်းတော်ပုံရိပ်ကို ထပ်မံ အကဲခတ်ကြည့်ကြသည်။
ဤမဟာကမ္ဘာကြီးအတွင်း၌ အခမ်းနားဆုံးသော နန်းတော်မှာ ‘ကျောက်စိမ်း’ မြို့တော်ရှိ ဧကရာဇ်နန်းတော် မဟုတ်ဘဲ ‘ဖန်း’ မိသားစု၏ ဖန်နန်းတော်သာ ဖြစ်သည်။ သို့သော် ယခု သူတို့မြင်တွေ့ခဲ့ရသည့် မိစ္ဆာနန်းတော်မှာမူ ထိုနန်းတော်နှင့်ပင် ခမ်းနားထည်ဝါမူ ဘုန်းတန်ခိုးချင်း ယှဉ်နိုင်နေသည်။
အထူးသဖြင့် ထိုနန်းတော်မှာ မြေအောက်၌ အထပ်ထပ် တည်ရှိနေပြီး ၎င်း၏ ပတ်ပတ် လည်၌ နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးကာ သိပ်သည်းလှသော စွမ်းအင်များက မြူခိုးများအသွင် ဖုံးလွှမ်းနေသည်။ ထိုမြူခိုးများကို မြင်လိုက်ရသည်နှင့် မြေဆီလွှာ၏ ရနံ့နှင့် နို့ရနံ့ ခပ်သင်းသင်းကို ရလိုက်သည့်အလား ခံစားရပြီး နွေဦးရာသီ ပြန်ရောက်လာသည့်အတိုင်း စိတ်ကို လန်းဆန်းစေသည်။
“မြေဆီလွှာ နို့အနှစ်သာရပဲ။”
နန်းတော်ကို ဝန်းရံထားသော ထိုနို့နှစ်ရောင် မြူခိုးများကို မြင်သောအခါ သုံးယောက်စလုံး တုန်လှုပ်သွားကြသည်။ ‘မြေဆီလွှာ နို့အနှစ်သာရ’ ဆိုသည်မှာ ကမ္ဘာမြေကြီး၏ နို့ရည်ပင် ဖြစ်သည်။ ၎င်းသည် အလွန်ပင် ရှားပါးလှပြီး အနှိုင်းမဲ့ ဝိညာဉ်ဆေးတစ်မျိုးလည်း ဖြစ်သည်။ ဟုန်ယွိသည် ‘ယွမ်ယန်ကောင်းကင်ပုလဲ’ ကို ရရှိခဲ့ဖူးသော်လည်း ၎င်းမှာ ပင်လယ်ရေထဲမှ မြေဆီလွှာ နို့အနှစ်သာရ အနည်းငယ်ကိုသာ စုပ်ယူထားခြင်း ဖြစ်သည်။
ယခု မြင်တွေ့နေရသော မြူခိုးများကဲ့သို့ သိပ်သည်းလှသည့် ‘မြေဆီလွှာ နို့အနှစ်သာရ’ များ မှာမူ ‘နတ်ဆိုးနတ်ဘုရားသွေး’ ထက်ပင် ပို၍ တန်ဖိုးရှိပေလိမ့်မည်။
ဤနို့ရည်အနှစ်သာရများကြား၌ တည်ဆောက်ထားသော နန်းတော်အတွင်း နေထိုင်ခြင်း ဖြင့် တာအိုပညာရပ်ဖြစ်စေ၊ သိုင်းပညာဖြစ်စေ ကျင့်ကြံသူများမှာ အံ့မခန်း မြန်ဆန်စွာ တိုးတက်နိုင်ကြသည်။ မဟာကမ္ဘာကြီး၌ ဤမြူခိုးတစ်စကို ရရှိရန်အတွက်ပင် ကျင့်ကြံသူ များနှင့် သိုင်းပညာရှင်များမှာ သတ်ဖြတ်လုယူကြပေလိမ့်မည်။ မြူခိုးတစ်စ၏ တန်ဖိုးမှာ ‘နဂါးစွယ်ဆန်’ တစ်စေ့နှင့် ညီမျှသည်။
ရှေးဟောင်း နဂါးမျိုးနွယ်စုတို့၏ မှတ်တမ်းများအရ ဤနို့အနှစ်သာရကို မိုးကြိုးစွမ်းအင်နှင့် ရောစပ်၍ နဂါးစွယ်ဆန် စိုက်ပျိုးလျှင် ဆန်၏အရည်အသွေးမှာ ပို၍ မြင့်မားလာမည်ဖြစ်ပြီး ခန္ဓာကိုယ်ကို ပိုမိုအားဖြည့်ပေးနိုင်သည်။ စကြဝဠာအတွင်းရှိ ကြယ်တာရာပေါင်းများစွာကို ပင် အာရုံခံနိုင်စေပြီး ခန္ဓာကိုယ်တွင်းရှိ အပ်စိုက်မှတ်များကို လှုံ့ဆော်ပေးနိုင်သည်။
သို့သော် ဒဏ္ဍာရီများအရ ဤနို့အနှစ်သာရကို ကမ္ဘာမြေ၏ အနက်ရှိုင်းဆုံးနေရာ၌သာ တွေ့ရှိနိုင်ပြီး ၎င်းကိုရရှိရန်အတွက် မီးတောင်ချော်ရည်အလွှာ၊ မိစ္ဆာစွမ်းအင်လွှာနှင့် ကမ္ဘာ့သံလိုက်လွှာများကိုပါ ဖြတ်ကျော်ရမည် ဖြစ်သည်။
မိုးကြိုးကပ်ဘေး အဆင့်ခြောက် ပညာရှင်တစ်ဦးအတွက်ပင် မီးတောင်ချော်ရည်အလွှာကို ဖြတ်ကျော်ရန် ခက်ခဲလှရာ မိစ္ဆာစွမ်းအင်လွှာနှင့် ဖန်ဆင်းရှင်များပင် ကြောက်ရွံ့ရသော ကမ္ဘာ့သံလိုက်လွှာကို ဖြတ်ကျော်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် မြေကြီး၏ နို့ရည်ဖြစ်သော ဤအနှစ်သာရမှာ အလိုအလျောက် ယိုစိမ့်ထွက် လာမှသာ ရရှိနိုင်ပြီး၊ အတင်းအဓမ္မ ထုတ်ယူရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို အတင်းကြပ် ထုတ်ယူခဲ့လျှင် ထိုဒေသ၏ မြေဆီလွှာ ပျက်စီးသွားပြီး သစ်ပင်ရေကန်များ ခန်းခြောက်ကာ မြေရိုင်းတောကြီး ဖြစ်သွား ခြင်း သို့မဟုတ် ပြင်းထန်သော ငလျင်များလှုပ်ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ကာ သက်ရှိ များစွာ သေကျေပျက်စီးစေနိုင်သည်။
ရှေးခေတ်က ‘ယန်နတ်ဘုရား’ အဆင့် ပညာရှင်များသည်ပင် ဤအန္တရာယ်ကို သိရှိသော အခါ ရယူရန် လက်လျှော့ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မိစ္ဆာလမ်းစဉ်ထက် ပင် ပို၍ ယုတ်မာလှသောကြောင့် ဖြစ်သည်။ သာမန်မိစ္ဆာများသည် ရတနာများဖန်တီးရန် လူသားများကိုသာ သတ်ကြသော်လည်း ဤနည်းလမ်းမှာမူ ကမ္ဘာမြေ၏ နို့ရည်ကို စုပ်ယူ၍ ကမ္ဘာမြေကြီးကို ခြောက်သွေ့စေခြင်း ဖြစ်သည်။
...
“ဒီမိစ္ဆာနန်းတော်က တကယ်ကို ထူးခြားတာပဲ၊ အထူးသဖြင့် ဒီ ‘မြေဆီလွှာ နို့အနှစ်သာရ’ တွေပေါ့။ ဒီလောက်အထိ သိပ်သည်းနေမှတော့ ကမ္ဘာမြေကြီး ဘယ်လောက်တောင် ခြောက်သွေ့သွားခဲ့ရမလဲ မသိဘူး။ ဒီ ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ ကြီး အခုလို အဝါရောင် မြေရိုင်းကြီး ဖြစ်နေတာကလည်း ဒီနို့အနှစ်သာရတွေကို အကုန်ထုတ်ယူလိုက်လို့ ဖြစ်မှာ ပဲ။ ဒီမိစ္ဆာတွေကတော့ တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။”
ဟုန်ယွိသည် ကနဦးက မိစ္ဆာလမ်းစဉ်၏ ထိပ်တန်းပညာရှင် ‘ကောင်းကင်ဖြိုဧကရာဇ်’ သည် အများဆုံး မိုးကြိုးကပ်ဘေး အဆင့်ခြောက်လောက်သာ ရှိမည်ဟု ထင်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုပညာရှင်သည် သူထင်ထားသည်ထက် များစွာ ပို၍ အစွမ်းထက်နေပုံရသည်။ အခြားသော မိစ္ဆာပညာရှင်များက လူ့အသက်ကိုသာ သတ်ဖြတ် ကြသော်လည်း သူကမူ ကမ္ဘာမြေကြီးတစ်ခုလုံးကို သတ်ဖြတ်နေခြင်း ဖြစ်သည်။
“တကယ်လို့ ဒီနန်းတော်က ‘ကောင်းကင်ဖြို မဟာဧကရာဇ်’ ရဲ့ နန်းတော်ဆိုရင်တော့ ငါတို့ တကယ် သတိထားရမယ်။ သူက ‘မူလဝိညာဉ်နတ်ဘုရား’ အဆင့်လောက် ရှိနေနိုင်တယ်။” ပိုင်ဇိယွဲ့က ဆိုသည်။
“မူလဝိညာဉ်နတ်ဘုရားလား’... ငါ ဖန်ဆင်းရှင်အဆင့်ကို ရောက်တာနဲ့ သူက ငါ ပထမဆုံး သတ်မယ့်လူပဲ။ အခု ငါ ဖန်ဆင်းရှင် မဖြစ်သေးရင်တောင် သူ့ကို ပြေးစရာ မြေမရှိအောင် လုပ်နိုင်ပါသေးတယ်။” ဟုန်ယွိက ဆိုသည်။ “ဒါပေမဲ့ အခုလောလောဆယ် အပြင်ဘက်မှာ ရှိနေတဲ့ ဒီအစီအရင်စုက ထာဝရအမုန်းတွေ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီလာ ‘ကောင်းကင်ဘုံ မုန်းတီး မိစ္ဆာအစီအရင်စု’ ဖြစ်ရမယ်။
“အဆုံးမဲ့အမုန်း မိစ္ဆာအစီအရင်တဲ့လား။ ဒဏ္ဍာရီလာ ‘ထာဝရအာဃာတ တေးသံ’ ဟာ နံပါတ်တစ် မိစ္ဆာတေးသံပဲ။ အဲဒီနန်းတော်ကလည်း ဒဏ္ဍာရီလာ ‘ထာဝရအာဃာတ မိစ္ဆာ နန်းတော်’ ဖြစ်ရမယ်။ ငါတို့ တကယ် သတိထားရမယ်။” ကြင်ယာတော်ယွမ်ဖေးက ဆိုသည်။
“အခု ဘာဆက်လုပ်ကြမလဲ။” သူမက မေးလိုက်သည်။
“ဘာမှ ထူးထူးထွေထွေ လုပ်နေစရာမလိုပါဘူး။ ငါတို့ အင်အားသုံးကို ဝင်သွားကြမယ်။ ငါတို့ နတ်ဆိုးတွေ့ရင် နတ်ဆိုးကို သတ်မယ်၊ မိစ္ဆာတွေ့ရင် မိစ္ဆာကို သတ်မယ်။” ဟုန်ယွိက အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။
အဆင့်မြင့် ပညာရှင်ရှင်များနှင့် ရင်ဆိုင်ရသည့်အခါ ဟုန်ယွိသည် မည်သည့်ပရိယာယ်ကိုမျှ အသုံးမပြုပေ။ သူသည် အင်အားအသာစီးယူ၍ တိုက်ရိုက်ချေမှုန်းသည့် နည်းလမ်းကိုသာ အသုံးပြုလေ့ရှိသည်။
အခြေအနေတစ်ခုကို သူက စိုးမိုးချုပ်ကိုင်နိုင်ပြီဆိုလျှင် မည်သည့်လှည့်ကွက်မှ သုံးနေစရာ မလိုတော့ဘဲ ပွင့်ပွင့်လင်းလင်းနည်းလမ်းများဖြင့်သာ အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
‘ထိုက်ကျိ မိုးကြိုးကန်’ ကို တည်ဆောက်ပြီးနောက် မိုးကြိုးကို ရေစင်အဖြစ် ပြောင်းလဲနိုင် စွမ်း ရှိလာသည့်အခါတွင်မူ ဟုန်ယွိသည် သူ၏စွမ်းအားကို အပြည့်အဝ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
မိုးကြိုးသည် အကြမ်းတမ်းဆုံးသော စွမ်းအင်ဖြစ်သလို၊ ရေသည် အနူးညံ့ဆုံးသော စွမ်းအင် ဖြစ်သည်။ ထိုသို့ ကြမ်းတမ်းသော မိုးကြိုးစွမ်းအင်ကို နူးညံ့သော ရေအဖြစ် ပြောင်းလဲနိုင် ခြင်းက အဆင့်မြင့်မားသော အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုပေသည်။
...
“သူတော်စင်တို့ရဲ့ အနှစ်သာရ၊ ထိုက်ကျိ နတ်ဘုရားမိုးကြိုး။”
ဟုန်ယွိက အမိန့်ပေးလိုက်သည့်အခါ သူ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် တောင်တန်း ထောင်ချီဖြင့် တည်ဆောက်ထားသော ‘ထာဝရအာဃာတ မိစ္ဆာအစီအရင်ကြီး’ ၏ အထက် ၌ အထင်အရှား ပေါ်ထွက်လာခဲ့သည်။ သူသည် သူ၏ပုံရိပ်ကို ဖုံးကွယ်မထားတော့ဘဲ အမှန်တရားလမ်းစဉ်၏ အမြင့်ဆုံးခွန်အားကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ကနဦးကမူ ဟုန်ယွိသည် ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို စိုးရိမ်ခဲ့ ဖူးသော်လည်း ‘ထိုက်ကျိ မိုးကြိုးရေကန်’ ကို ပိုင်ဆိုင်ပြီးနောက်တွင်မူ သူ မကြောက်တော့ ပေ။
ထို့ပြင် မြေအောက်ရှိ မိစ္ဆာနန်းတော်မှာလည်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။ ထိုနန်းတော်ကို မိစ္ဆာလမ်းစဉ်၏ အမြင့်ဆုံးအောင်မြင်မှုဖြစ်သော ‘မြေဆီလွှာ နို့အနှစ်သာရ’ မြူခိုးများက ဝန်းရံထားသည်။
အကယ်၍သာ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ နှင့် ‘မြေဆီလွှာ နို့အနှစ်သာရ’ တို့ကို သိမ်းပိုက်ပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့လျှင်၊ ဤခန်းမကြီးသည် ‘ဖန်ဆင်းခြင်း သင်္ဘော’ နှင့် ‘ထာဝရနိုင်ငံတော်’ တို့ကိုပင် ကျော်လွန် သွားနိုင်မည်ဟု ဟုန်ယွိက အလိုလို သိမြင်နေသည်။
၎င်းမှာ သာမန် လက်ရည်တူအဆင့်မျိုး မဟုတ်တော့ဘဲ အပြတ်အသတ် ကျော်လွန်သွား ခြင်း ဖြစ်ပေလိမ့်မည်။
ရှေးဟောင်းကာလများမှစ၍ ယနေ့အထိ အနှိုင်းမဲ့ နံပါတ်တစ် နတ်ဘုရားလက်နက် ဖြစ်လာပေလိမ့်မည်။
သူတော်စင် ဧကရာဇ်ဖန်၊ ချန်ရှန်းမဟာဧကရာဇ်၊ ဖန်ဆင်းရှင် တာအိုသခင်၊ ထိုက်၊ ရွှမ်၊ ယွမ်နှင့် အခြားသော ‘ယန်နတ်ဘုရား’ အဆင့် ပုဂ္ဂိုလ်ကြီးများပင်လျှင် သူနှင့်ယှဉ်လျှင် နိမ့်ကျသွားပေလိမ့်မည်။ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုကို မဆိုထားနှင့်၊ သူတို့ ဖန်တီးခဲ့သည့် နတ်ဘုရားလက်နက်များပင်လျှင် ဟုန်ယွိထက် သာလွန်နိုင်တော့မည် မဟုတ်ချေ။
နောင်တစ်ချိန်တွင် ‘ဖန်ဆင်းခြင်းသင်္ဘော’ နှင့် တွေ့ဆုံလျှင် ၎င်းကို ချေမှုန်းပစ်မည်ဟု သူ တွေးတောနေမိသည်။ ထိုအချိန်တွင် ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှမ်ကျိတို့ မည်သို့ ခံစားရ မည်နည်း။
ထို့နောက် ချေမှုန်းပြီးသား ထိုဖန်ဆင်းခြင်းသင်္ဘောပျက်၏ အစိတ်အပိုင်းများကိုပါ ခန်းမ အတွင်းသို့ ပေါင်းစပ်လိုက်လျှင် ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် မည်သည့်အဆင့်အထိ ရောက်သွားမည်နည်း။ ‘နိဗ္ဗာန’ (Nirvana Realm) အဆင့်ကို တိုက်ရိုက်ကျော်လွန်၍ အစစ်အမှန် ထာဝရရှင်သန်ခြင်းသို့ ရောက်ရှိသွားကာ ‘ယန်နတ်ဘုရား’ များပင် မကျော် ဖြတ်နိုင်သော အဆင့်သို့ ရောက်သွားမည်လား။
သူသည် စကြဝဠာ၏ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။
...
“ထာဝရအာဃာတဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။ ပင်လယ်တွေ ခန်းခြောက်ပြီး ကျောက်ဆောင်တွေ ပျက်စီးသွားရင်တောင်၊ ပင်လယ်တွေက လယ်ကွင်း တွေ ဖြစ်သွားရင်တောင် ဒီအာဃာတကတော့ ကျန်နေဦးမှာပဲ။ မုန်းတယ်... မုန်းတယ်... မုန်းတယ်...”
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
‘သူတော်စင်ပေါင်းစုံခန်းမ’ သည် တောင်တန်းထောင်ချီပေါ်၌ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ အောက်ခြေရှိ ‘ထာဝရအာဃာတ မိစ္ဆာမစီအရင်ကြီး’ က ချက်ချင်း သိရှိသွားသည်။
တောင်တန်းများသည် နှေးကွေးစွာ လည်ပတ်လာပြီး ကောင်းကင်ယံ၌ အဝါရောင် တိမ်တိုက်များ ချက်ချင်း ဖုံးလွှမ်းသွားကာ ခန်းမကြီးတစ်ခုလုံးကို ဝန်းရံပိတ်ဆို့သွားခဲ့ သည်။
ထိုအဝါရောင်တိမ်တိုက်များကြားမှ ယောက်ျားသံလည်းမဟုတ်၊ မိန်းမသံလည်း မဟုတ် သော မိစ္ဆာတေးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ အစစ်အမှန် ရုပ်လုံးပေါ်လာ သည့်အလား လေထဲ၌ ပျံ့လွင့်နေပြီး၊ အဝါရောင်တိမ်တိုက်များကြားတွင် ရှေ့နောက်မပြတ် လှုပ်ရှားနေသည့် ရှေးဟောင်း နဂါးပျံကြီးတစ်ကောင်ကဲ့သို့ အမုန်းအာဃာတများဖြင့် ပြည့်နှက်နေ၏။
၎င်းမှာ နံပါတ်တစ် မိစ္ဆာတေးသံဖြစ်သော ‘ထာဝရအာဃာတတေးသံ’ ပင် ဖြစ်သည်။
ထိုတေးသံ ထွက်ပေါ်လာသည်နှင့် အသံလှိုင်းအချို့မှာ ခန်းမကြီး၏ အကာအကွယ်ကို ဖောက်ထွက်ပြီး ဟုန်ယွိ၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့၏ နားအတွင်းသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ထို့ပြင် ခန်းမအနက်ပိုင်း၌ ကျင့်ကြံနေကြသော ချီလင်၊ မြေခွေးကလေး၊ ရွှေပင့်ကူကြီးနှင့် နင်ဂျာဘုန်းတော်ကြီးတို့လည်း ထိုအသံကို ကြားလိုက်ကြရသည်။
ထိုတေးသံသံကို ကြားရသည့်အခါ သူတို့သည် မည်သည့်မိစ္ဆာအငွေ့အသက်ကိုမျှ မခံစားရ ဘဲ၊ စိတ်နှလုံး ထိခိုက်ခြင်းလည်း မရှိကြပေ။
သို့သော် သူတို့၏ စိတ်ထဲတွင်မူ ကမ္ဘာပေါ်ရှိ မတရားဆုံး ဆက်ဆံမှုကို ခံခဲ့ရသည့် တည်ရှိမှု တစ်ခု၏ ငိုကြွေးသံနှင့် မြည်ကြွေး တိုင်တန်းသံကိုသာ ခံစားလိုက်ရသည်။ ထိုတေးသံသည် အပြင်းထန်ဆုံးသော အမုန်းအာဃာတများကို ဖော်ပြရန်အတွက် တေးသံအဖြစ် ပြောင်းလဲ ထားခြင်း ဖြစ်သည်။
၎င်းသည် မိုးကောင်းကင်ကို မုန်းသည်၊ မြေကြီးကို မုန်းသည်၊ အရာအားလုံးကို မုန်းတီး သည်။ ပင်လယ်တွေ ခန်းခြောက်၊ ကျောက်ဆောင်တွေ ပျက်စီးပြီး စကြဝဠာကြီး တစ်ခုလုံး ပျက်သုဉ်းသွားသည်အထိ မုန်းတီးနေခြင်း ဖြစ်သည်။
ဤတေးသံသံမှာ မည်သို့မျှ ငြိမ်းသတ်၍ မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်၌ မတရားမှုများ ရှိနေသရွေ့ ဤတေးသံသံမှာ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ‘ထာဝရအမုန်းအာဃာတ’ မှာလည်း ဆက်လက် တည်ရှိ နေမည် ဖြစ်သောကြောင့်ပင်။
“ဒီတေးသံက မိစ္ဆာတေးသံ မဟုတ်ဘူး၊ ဒါဟာ မတရားမှုတွေအပေါ် အပြင်းထန်ဆုံး တိုင်တန်းနေတဲ့ အာဃာတငိုးကြွေးပဲ။ တိုင်တန်းချက် တစ်ခုပဲ။ ဒီလို မိစ္ဆာတေးသံမျိုးက အမှန်တရားလမ်းစဉ်နဲ့တောင် တူနေပြီ။ အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာပဲ။ ဒါနဲ့ ယှဉ်လိုက်ရင် ‘အနှစ်သာရနတ်ဘုရားကျောင်း’ ရဲ့ ကံကြမ္မာတေးသံ၊ ဂုဏ်ကျက်သရေဓမ္မ တေးသံနဲ့ အမိန့်ပေးတေးသံတွေကတောင် ဘာမှမဟုတ်တော့ဘူး။”
ထိုတေးသံမှာ ဟုန်ယွိ၏ စိတ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာခဲ့ သည်။ ချက်ချင်းပင် သူသည် မည်သည့် တာအိုပညာရပ် သို့မဟုတ် သိုင်းပညာကိုမျှ အသုံးမပြုနိုင်တော့ဘဲ၊ အမုန်းတီးဆုံးသော ခံစားချက်များကိုသာ ခံစားနေရတော့သည်။
သူသည် ဤကမ္ဘာပေါ်ရှိ မတရားသမျှ အရာအားလုံးကို ပြင်းထန်စွာ မုန်းတီးလာခဲ့သည်။
"ဇိ... ဇိ... ဇိ..."
အရေးကြီးဆုံး အချိန်တွင်မူ ဟုန်ယွိ၏ စိတ်သည် အပြင်းအထန် အလုပ်လုပ်လာခဲ့ပြီး ‘ကမ္ဘာဦးဖန်ဆင်းခြင်းကျမ်း’ မှ အမှန်တရားကျမ်းစာများက ထိုသီချင်းသံကို ဖယ်ရှားပေး လိုက်သည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှ ဉာဏ်ပညာမီးလျှံများ ထွက်ပေါ်လာခဲ့သည်။
“မကောင်းတော့ဘူး။ ငါတောင် ဒီလောက်ဖြစ်သွားရင် ကြင်ယာတော်ယွမ်နဲ့ ပိုင်ဇိယွဲ့တို့ဆို ရင်တော့ ဒုက္ခရောက်ကုန်တော့မှာပဲ။ ငါ အရမ်း ပေါ့ဆသွားတယ်။ အဲဒီ ‘ထာဝရအာဃာတ တေးသံ’ ကို နားထောင်ချင်တာနဲ့ မှော်စွမ်းအင်တွေကိုပဲ ပိတ်ဆို့ထားပြီး အသံကိုတော့ မပိတ်ခဲ့မိဘူး။”
ဟုန်ယွိ၏ စိတ်မှာ လှုပ်ရှားသွားပြီး ကြင်ယာတော်ယွမ်နှင့် ပိုင်ဇိယွဲ့တို့ကို ချက်ချင်း ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ခန်းမအနက်ပိုင်း၌ ကျင့်ကြံနေသူများကိုလည်း သူ၏ စိတ်စွမ်းအားဖြင့် အကဲခတ်ကြည့်လိုက်သည်။
ထိုနံပါတ်တစ် မိစ္ဆာတေးသံကို လေ့လာလိုသဖြင့် အသံလှိုင်းများကို ဝင်ခွင့်ပြုခဲ့မိသော် လည်း ‘ထာဝရအာဃာတ တေးသံ’ မှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ သူသာ ကြိုသိခဲ့လျှင် ထိုအသံအားလုံးကို အစကတည်းက မှုတ်ထုတ်ပစ်ခဲ့မည် မှာ အမှန်ပင်။
စာစဉ် (၅၄)။ ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။