← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း 508

ချင်တု တက္ကသိုလ်

ကျောင်းဝင်းအတွင်းရှိ အကြီးဆုံး စာကြည့်တိုက်ကြီးထဲတွင် လူငယ်တစ်ဦးသည် ချွေးများ တလုံးလုံးဖြင့် လှေကားပေါ် တက်လိုက်ဆင်းလိုက် လုပ်ကာ စာရွက်စာတမ်း အမျိုးမျိုးကို ရှာဖွေနေသည်။

စာကြည့်တိုက် တံခါးဝရှိ စားပွဲပေါ်တွင်တော့ လက်တော့ပ်တစ်လုံး တင်ထားသည်။

လက်တော့ပ် မျက်နှာပြင်ပေါ်တွင် ဆုပိုင်၏တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသနေသည်။

“ဟူး...”

“ဒီတစ်ခုလည်း မှတ်တမ်း မရှိဘူးလား?”

ဝမ်ချန်သည် စိတ်ပျက်လက်ပျက်ဖြင့် လှေကားပေါ်မှ ဆင်းလာပြီး ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။

“စာကြည့်တိုက်ထဲမှာ မှတ်တမ်းမရှိရင်...”

“ပါမောက္ခဆီမှာတော့ ရှိကောင်းပါရဲ့...”

ရေရွတ်လိုက်ပြီးနောက် ဝမ်ချန်သည် လက်တော့ပ်ကို ပိုက်ကာ စာကြည့်တိုက်ထဲမှ အပြေးထွက်လာခဲ့သည်။

အဝေးမှ စာသင်ဆောင်ရှိရာသို့ အမြန်ပြေးသွားလေသည်။

သူသည်ကား ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ “စာကြည့်တိုက်မှူး” ပင် ဖြစ်သည်။

ဆုပိုင်၏ ပထမဆုံး ထုတ်လွှင့်မှု စတင်ကတည်းက သူသည် အပိုင်းတိုင်းလိုလို ရှိနေခဲ့သည်။ ပထမဆုံးအကြိမ်တုန်းက မှတ်တမ်းအချို့ကို ရှာဖွေပြီး မှတ်ချက်တွင် ဝင်ရေးပေးခဲ့ရာမှ...

ကြည့်ရှုသူ အားလုံးက သူ့ကို မှတ်မိသွားကြခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် ဝမ်ချန်သည်လည်း ဗဟုသုတ မျှဝေရခြင်း၏ အရသာကို စွဲလမ်းလာသည်။

မိမိသိထားသည့် အသိပညာကို သူတစ်ပါးအား မျှဝေပေးရခြင်း၏ ပီတိကို ခံစားလာရသည်။

များသောအားဖြင့် ဒါရိုက်တာဆုပိုင်သည် ထုတ်လွှင့်နေစဉ်တွင် အသေးစိတ် ရှင်းပြလေ့ မရှိပေ။ တခါတလေ အခြေအနေ အရေးကြီးနေသောကြောင့် ပရိသတ်များသည် တိရစ္ဆာန်များအကြောင်း ပြည့်စုံစွာ နားမလည်လိုက်ရဘဲ ပြီးသွားတတ်သည်။

ထိုအခါမျိုးတွင် ဝမ်ချန်သည် အချက်အလက် ရှာမတွေ့သော တိရစ္ဆာန်များကို မှတ်သားထားလိုက်သည်။

အချက်အလက် ရှိပြီးသား၊ ဒါမှမဟုတ် မပြည့်စုံသေးသည့် အရာများကိုလည်း ဖြည့်စွက်ပေးလေ့ရှိသည်။

သူသည် တက္ကသိုလ် ကျောင်းသား တစ်ယောက် မဟုတ်သော်လည်း စာသင်ယူရသည်ကို နှစ်သက်သည်။ အရမ်းကို နှစ်သက်သည့် လူစားမျိုး ဖြစ်သည်။

ဒီအလုပ်ကို ရခဲ့ခြင်းကလည်း ဒီအကြောင်းရင်းကြောင့်ပင်။

“ပါမောက္ခချင်း...”

ရုံးခန်းရှေ့ ရောက်သောအခါ ဝမ်ချန်တံခါးကို ယဉ်ကျေးစွာ ခေါက်လိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်သောအခါ...

ကျောင်းသား ငယ်ငယ်လေးအချို့ ဝိုင်းဖွဲ့ထိုင်နေကြပြီး ရှေ့တွင် ထိုင်နေသော ပါမောက္ခချင်း၏ ပို့ချချက်ကို နားထောင်နေကြသည်ကို တွေ့လိုက်ရသည်။

“အော် ဝမ်လေးပါလား၊ လာ လာ မင်းလည်း ဝင်ခဲ့၊ ငါ စာသင်နေတာနဲ့ အတော်ပဲ၊ ဝင်နားထောင်လိုက်”

ပါမောက္ခချင်းသည် မော့ကြည့်လိုက်ပြီး သူ့ကို အထဲဝင်ထိုင်ရန် လှမ်းခေါ်လိုက်သည်။

ဒီအသက် ၂၀ ကျော် လူငယ်လေးကို ချင်တုတက္ကသိုလ်မှ ဆရာ ဆရာမ အားလုံးနီးပါး သဘောကျကြသည်။

စာကြည့်တိုက်သို့ စာရွက်စာတမ်း လာရှာတိုင်း ဒီလူငယ်လေးက နေရာကို ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေနိုင်စမြဲ။

ဒါပေမဲ့ ပါမောက္ခချင်းကို အထိမိဆုံး အချက်ကတော့ ဝမ်ချန်ကိုယ်တိုင် ပြုစုထားသော တိရစ္ဆာန် မှတ်စုများပင်။ အချို့သော တိရစ္ဆာန် အချက်အလက်များဆိုလျှင် စာအုပ်ထဲကထက် ပိုမို ပြည့်စုံနေတတ်သည်။

“ဟင်”

508 02

ဝမ်ချန် ဝင်ထိုင်လိုက်သောအခါ ရှေ့မှ ပရိုဂျက်တာတွင် ပြသထားသည်မှာလည်း ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“အထဲမှာ ဒါရိုက်တာဆုပိုင်ပြောတာ အရမ်းမှန်တယ်။ ကမ္ဘာလုံးဆိုင်ရာ ရေခဲခေတ်ကြီးက နှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါကို ရေခဲခေတ်ကြီးလို့ ခေါ်ကြတယ်။ အဲဒီကြားထဲမှာ ရေခဲခေတ်ငယ်တွေလည်း ရှိသေးတယ်။ ငါတို့ တရုတ်ရဲ့ မင်းဆက်တစ်ခုဆိုရင် ရေခဲခေတ်ငယ်ကာလနဲ့ တိုက်ဆိုင်နေခဲ့ဖူးတယ်”

ပါမောက္ခချင်းသည် အောက်မှ ကျောင်းသားများကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မျိုးသုဉ်းခြင်း ကပ်ဘေးကြီးကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ မှတ်တမ်းအများစု ပျောက်ဆုံးကုန်ပြီ။ အခု ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက သရုပ်ဖော် အချက်အလက်တွေက အရမ်း တန်ဖိုးရှိတယ်”

“ဒါက မျိုးသုဉ်းခြင်း ကပ်ဘေးကြီး ပြီးကတည်းက ပထမဆုံးအကြိမ် ကမ္ဘာမြေ အလိုအလျောက် သုည ပြန်လုပ်တယ်ဆိုတဲ့ သီအိုရီကို တစ်ယောက်ယောက်က တင်ပြလာတာပဲ”

“မင်းတို့တင် မဟုတ်ဘူး၊ ငါ့လို တစ်သက်လုံး သုတေသန လုပ်လာတဲ့ လူတောင်မှ ဒါကို ကြားပြီး အတွေးသစ်တွေ ရလာတယ်”

“ဒီယူဆချက်က အရမ်း ယုတ္တိတန်တယ်။ ငါတို့ ကိုယ်တိုင်လည်း မျိုးသုဉ်းခြင်း ကပ်ဘေးကြီး တစ်ခု ကြုံဖူးတယ်လေ။ အဲဒီတုန်းကဆို သိသာတယ် ကမ္ဘာမြေကြီးက ဒီဂြိုဟ်ပေါ်က သက်ရှိအားလုံးကို သတ်ပစ်ချင်နေတာ”

“ငါတို့ နည်းပညာကြောင့်သာ အသက်ရှင် ကျန်ရစ်ခဲ့ကြတာ”

“ကဲ အားလုံးပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို သေချာကြည့်ကြ။ ပြီးရင် တစ်ယောက်ကို စာလုံးရေ ၆၀၀၀ အောက် မနည်းတဲ့ စာတမ်းတစ်စောင် တင်ရမယ်”

“ဝမ်ချန် မင်းလည်း ဒီနေ့ ဒီမှာပဲ စာတမ်း ဖတ်တော့”

ပြောရင်း ပါမောက္ခချင်းသည် ဝမ်ချန်ကို လက်ညှိုးထိုးကာ လူတိုင်းကို ပြောလိုက်သည်။

“မင်းတို့အားလုံး သူ့ကို အတုယူသင့်တယ်။ ဝမ်ချန် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်စု ဘယ်လိုရေးလဲ ဆိုတာ သေချာကြည့်ကြ။ သူ့မှတ်စုတွေက စာကြည့်တိုက်ထဲက စာအုပ်အများစုကို အစားထိုးလို့ ရတဲ့အထိပဲ။ တိရစ္ဆာန်တွေရဲ့ အလေ့စရိုက်၊ ရုပ်ဆင်းသဏ္ဍာန်၊ ရှင်သန်နေထိုင်မှု အခြေအနေတွေကို အရမ်း တိတိကျကျ မှတ်တမ်းတင်ထားတာ”

“ကျွန်တော်က လျှောက်ရေးထားတာပါ၊ ခင်ဗျားတို့က တက္ကသိုလ်ကျောင်းသားတွေပဲ ကျွန်တော်က...”

ဝမ်ချန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ အားလုံးကို ပြုံးပြလိုက်သည်။

“အားနာမနေပါနဲ့ ပါမောက္ခချင်းရဲ့ သင်ကြားမှုက အရမ်း စည်းကမ်းကြီးတာ။ သူက ခင်ဗျား မှတ်စု ကောင်းတယ် ပြောရင် တကယ် ကောင်းလို့ပဲ”

“ကျွန်တော် ခင်ဗျားဘေးမှာ ထိုင်မယ်နော်။ ဟာ သောက်ကျိုးနည်း၊ ခင်ဗျားက 'စာကြည့်တိုက်မှူး' လား။ ငါ ခင်ဗျားကို သိတယ်၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ခင်ဗျားက ဆယ်လီပဲလေ”

“ဟေ အစ်ကိုကြီး ဝမ်က 'စာကြည့်တိုက်မှူး' လား။ မြန်မြန် ပြပါဦး၊ ဆရာကြီးနဲ့ တွေ့ပြီဟေ့”

ကျောင်းသား အချို့သည် ဝမ်ချန်၏ အနောက်သို့ တိုးကပ်လာကြပြီး သူ့လက်တော့ပ်ထဲမှ အကောင့်ကို ကြည့်ကာ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။ တောက်ပနေသော နာမည်နှင့် နောက်မှ Live Admin ဆိုသော ဘွဲ့ထူးကို မြင်သောအခါ...

အားလုံး အံ့သြသွားကြသည်။

သူတို့လို ဇီဝနည်းပညာ ကျောင်းသား အားလုံးနီးပါးက ဒါရိုက်တာဆုပိုင်ရဲ့ ပရိသတ်တွေချည်းပဲလေ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ “စာကြည့်တိုက်မှူး” ကို အရမ်း စိတ်ဝင်စားနေခဲ့ကြတာ။ သူတို့ကျောင်းက ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။

တခါတလေ ဒါရိုက်တာဆုပိုင်ကိုယ်တိုင်တောင် သူ့ရဲ့ ရှင်းပြချက်တွေကို ချီးကျူးသေးတာ။

ဒါ တကယ့် ဆရာကြီးပဲ

အရေးကြီးဆုံးက ဒါရိုက်တာဆုပိုင်ကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ ဆရာကြီး။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးမှာ Admin က ၂ ယောက်ပဲ ရှိတာ။ တစ်ယောက်က တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနက အရာရှိ၊ ကျန်တာက သူပဲ။

ဒါက...

508 03

“လာ လာ လာ အတူတူ ကြည့်ကြမယ် အစ်ကိုကြီးဝမ်ရဲ့ မှတ်စုတွေကို နောက်ကျရင် သေချာ လေ့လာရမယ်”

ကျောင်းသား အများအပြားသည် ဝမ်ချန်ဘေးသို့ ရွှေ့လာကြပြီး ကျောက်သင်ပုန်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို အတူတကွ မော့ကြည့်လိုက်ကြသည်။

“ဒါဆို ငါလည်း ကျောင်းတက်နေရတာပဲပေါ့?”

ဝမ်ချန်သည် သူ့ကို အားကျနေသော လူအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်သည်။

. . .

++++++

509 01

အခန်း 509

“ဝူး...”

“ဝူး...”

“ဝူး...”

လေအေးများ တိုက်ခတ်နေသည်။ ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ပေါ်တွင် ထိုင်ရင်း မျက်နှာပေါ်မှ ရေခဲမှုန်များကို ပွတ်သပ်ဖယ်ရှားလိုက်ပြီး အဆုံးမရှိသော ရေခဲပြင်ကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။

မြက်ခင်းပြင် အတွင်းပိုင်းသို့ ဝင်လာလေလေ...

အပူချိန်က ပိုနိမ့်လာလေလေပဲ။

မြေကြီးပေါ်တွင် ရေခဲများပင် စတင်ဖုံးလွှမ်းနေပြီ။

လမ်းတစ်လျှောက်လုံး ဆုပိုင်၏ စိတ်အခြေအနေကလည်း ပို၍ လေးလံလာသည်။ အသေကောင်တွေ များလွန်းလှသည်။

အသီးအရွက်စား တိရစ္ဆာန်တွေတင် မကဘူး၊ အသားစား ဒိုင်နိုဆော အသေးလေးတွေပါ အစုလိုက် အပြုံလိုက် သေဆုံးကုန်ကြပြီ။

ဒီအချိန်မှာပဲ...

ကောင်းကင်ပေါ်မှ နှင်းပွင့်များ မရပ်မနား ကျဆင်းလာသည်။

တကယ့် ရေခဲခေတ်ကြီး ရောက်လာတော့မှာပဲ။

“နဂါးအမေ ၊ မြန်မြန်သွား၊ ဂူတစ်ခု အမြန်ရှာ”

ထရန်နိုဆောရက်ရပ်စ်၏လည်ပင်းကို ဖွဖွလေး ပုတ်ရင်း ဆုပိုင်တုန်ရီစွာ ပြောလိုက်သည်။

အရိုးကွဲမတတ် အေးတယ်လို့ ပြောရင်တောင် မမှားဘူး။

လေအေး တိုက်လိုက်ရင် အဝတ်အစား မပါသလိုပဲ။

ချမ်းလွန်းလို့ တုန်နေပြီ။

“ရှင် ကျွန်မကို ဖက်ထား...”

ဆုပိုင်ရှေ့တွင် ထိုင်နေသော ကျိုးဝမ်သည် သူ့လက်ကို ဆွဲယူပြီး သူမ၏ ခါးတွင် ရစ်ပတ်ထားပေးလိုက်ရင်း တိုးတိုးလေး ပြောသည်။

“အပူချိန် အရမ်း နိမ့်နေပြီ၊ အပြင်မှာ ဆက်သွားနေလို့ မဖြစ်ဘူး၊ နေရာတစ်ခု အမြန်ရှာမှ ဖြစ်မယ်”

“ကြည့်ရတာ ညကျရင် နှင်းမုန်တိုင်း ကျမဲ့ပုံပဲ”

ဆုပိုင်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

509 02

ထရန်နိုဆောရက်ရပ်စ်၏ အရှိန်မြှင့် ပြေးလွှားမှုကြောင့် မကြာမီ အဝေးမှ တောင်တန်းကြီးဆီသို့ ရောက်ရှိသွားသည်။

နာရီပေါင်းများစွာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ကြီးမားသော ဂူတစ်ခုကို တွေ့ရှိခဲ့သည်။

ဆုပိုင်တို့နှစ်ဦး အလျင်အမြန် ခုန်ဆင်းလိုက်ပြီး တုန်ရီစွာဖြင့် ဝင်ရောက်သွားကြသည်။

“ဂါး...”

ထရန်နိုဆောရက်ရပ်စ်ဟိန်းဟောက်လိုက်ပြီး နောက်မှ လိုက်ဝင်လာသည်။ ဂူဝအစပ်နားတွင် ဝပ်ချလိုက်သည်။

မျက်လုံးကို မှိတ်ကာ အနားယူလိုက်သည်။

အပြင်ဘက် အပူချိန်က သူ့လို အမြှေးပါး ထူထဲတဲ့ အကောင်ကြီးအတွက်တောင် မခံနိုင်တော့ပေ။

လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော မရေမတွက်နိုင်သည့် ဒိုင်နိုဆော အသေကောင်များကြောင့် သူလည်း စိတ်ဓာတ်ကျနေသည်။

တကယ်လို့ သူသာ ဒီနေရာမှာ နေထိုင်ခဲ့ရရင် တနေ့ကျ သူလည်း သေဆုံးသွားမှာပဲ။

“ဒီမှာ သစ်ခြောက် နည်းနည်းရှိတယ်၊ မီးဖိုရအောင်”

ဆုပိုင်သည် ကျောက်တုံးတစ်ခု နောက်ကွယ်မှ သစ်ခြောက်ပုံ တစ်ပုံကို တွေ့ရှိကာ အပြေးအလွှား သွားယူလိုက်သည်။

မီးဖိုပြီးနောက် မီးရောင်၏ အနွေးဓာတ်ကို ခံစားလိုက်ရမှ အနည်းငယ် နွေးထွေးလာသလို ခံစားလိုက်ရသည်။

အပြင်ဘက်မှ လေတိုက်သံများကို နားထောင်ရင်း...

ဆုပိုင်နှင့်ကျိုးဝမ်တို့ အတူထိုင်နေကြပြီး မျက်နှာထားများမှာ လေးနက်နေကြသည်။

အခုဆို မိုးချုပ်တော့မယ်။ မနက်ဖြန်သာ ဒီအပူချိန်အတိုင်း ဆက်ဖြစ်နေမယ်ဆိုရင်...

ဒီမစ်ရှင်ကို စွန့်လွှတ်လိုက်ရတော့မယ် ထင်တယ်။

လုံးဝ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။

509 03

အခုချိန်ထိ အစတုန်းက တွေ့ခဲ့တဲ့ ဗီလိုစရက်တာအသေးလေးတွေက လွဲရင် ဒီလောက် အကြာကြီး လျှောက်လာတာ အသက်ရှင်တဲ့ ဒိုင်နိုဆော တစ်ကောင်မှ မတွေ့ရသေးဘူး။

တခြားနေရာကို ပြောင်းရွှေ့သွားကြတာများလား။

ဆုပိုင်တွေးနေမိသည်။

တကယ်သာ အဲဒီလိုဆိုရင် ဒိုင်နိုဆော ခြေရာခံဖို့ အရမ်း ခက်ခဲသွားပြီ။

ဒီနှင်းကျပုံအတိုင်းဆိုရင် ရပ်မဲ့ပုံ မပေါ်ဘူး။ အရာအားလုံး ရေခဲဖုံးသွားမှ ရပ်မဲ့ပုံပဲ။

“ဂါး...”

ရုတ်တရက် ဂူဝတွင် ကွေးနေသော ထရန်နိုဆောရက်ရပ်စ်ဟိန်းဟောက်လိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။

လေးနက်သော မျက်နှာထားဖြင့် ဂူအပြင်ဘက် နှင်းမုန်တိုင်းထဲသို့ စိုက်ကြည့်နေသည်။

“တိရစ္ဆာန် တစ်ကောင်ကောင် လာနေတာလား?”

ကျိုးဝမ် အာမေဋိတ်သံဖြင့် ပြောလိုက်ပြီး သေနတ်ကို ကပျာကယာ ဆွဲထုတ်ကာ ဆုပိုင်ရှေ့တွင် ကာရပ်လိုက်သည်။

“အဲဒီလို မလုပ်ပါနဲ့၊ ထွက်ကြည့်ရအောင်”

ဆုပိုင်သည် သူမကို အသာဆွဲဖယ်လိုက်ပြီး ဂူဝသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

အပြင်ဘက်တွင် နှင်းမုန်တိုင်း ထန်နေသဖြင့် မြင်ကွင်းကို ကွယ်နေပြီး သိပ်မသဲကွဲပေ။

သို့သော် လူတစ်ရပ်ကျော်ကျော်လောက် ရှိမည့် ကြီးမားသော အရိပ်မည်းကြီး တစ်ခု ဂူဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို ဝိုးတဝါး မြင်နေရသည်။

ထိုအရိပ်၏ နောက်ကွယ်တွင် နောက်ထပ် အရိပ်မည်းများစွာ ထပ်မံ ပေါ်ထွက်လာသည်။

“ဂါး...”

“ထွက်သွား”

နဂါးအမေသည် ဂူထဲမှ တိုးထွက်သွားပြီး မိုးပေါ်ထောင်ကာ ဟိန်းဟောက်လိုက်သည်။

အဝေးမှ အရိပ်မည်းများသည် အသံကြားသောအခါ ရှေ့ဆက်မတိုးဘဲ ရပ်တန့်သွားကြသည်။

“ဘုန်း...”

သို့သော်

ရုတ်တရက် ခြေအောက်မှ မြေကြီး တုန်ခါသွားသည်။

509 04

ခေါင်းဆောင် ဖြစ်ပုံရသော အရိပ်မည်းကြီးသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ဖြည်းဖြည်းချင်း ပြန်လည် တိုးလာသည်။

ဆုပိုင်တို့နှင့် ၂ မီတာခန့် အကွာရောက်မှ...

သူတို့ရှေ့ ရောက်လာသည့် အကောင်က ဘာကောင်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကျောကုန်းပေါ်တွင် တြိဂံပုံစံ ဆူးချွန်များစွာ ပါရှိပြီး၊ အမြီးတွင် ကြီးမားသော ရှေးဟောင်းသံတူကြီး တစ်ခုပါကာ မြေကြီးပေါ် တရွတ်တိုက် ဆွဲလာသည်။ သွေးရောင်လွှမ်းနေသော မျက်လုံးအစုံဖြင့် ရှေ့မှ ထရန်နိုဆောရက်ရပ်စ်ကို မော့ကြည့်နေသည်။

၎င်းသည် Ankylosaurus (အန်ကီလိုဆောရပ်စ်) ပင် ဖြစ်သည်။

“ဘုန်း...”

အရိုးသံတူကြီးဖြင့် မြေကြီးကို ထုချလိုက်ရာ လေးလံသော မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။

“ဂါး...”

ထရန်နိုဆောရက်ရပ်စ်သည် ဟိန်းဟောက်လိုက်ပြီး ခြေလှမ်းလှမ်းကာ ထို အန်ကီလိုဆောရပ်စ်ရှေ့သို့ ရောက်သွားသည်။ တိုတောင်းသော လက်တံနှစ်ဖက်ကို ကွေးလိုက်ပြီး တိုက်ခိုက်ရန် အခွင့်အရေး ချောင်းနေလေသည်။

******

510 01

အခန်း 510 အစားအစာ (၁/၂)

[ဒါ ဘာဒိုင်နိုဆောကြီးလဲ။ ကြည့်ရတာ အရမ်းကြမ်းမဲ့ပုံပဲ။ ထရန်နိုဆောရက်ရပ်စ်နဲ့ ယှဉ်နိုင်ပါ့မလား?]

[ငါကြည့်ရတာတော့ သိပ်မလွယ်ဘူး ထင်တယ်။ အမြီးမှာပါတဲ့ အရိုးသံတူကြီးကို ကြည့်ဦး၊ တစ်ချက်လောက် ထုလိုက်ရင် အီးတွေဘာတွေပါ ထွက်ကျသွားလောက်တယ်...]

[ရွံလိုက်တာ အပေါ်ကကောင်၊ ငါ ထမင်းစားနေတာကွ၊ နည်းနည်းပါးပါး ယဉ်ကျေးပါဦး။ မနေ့က Fan Groupထဲမှာ ဘယ်ကောင်က အီးစားတဲ့ ဗီဒီယို လာတင်သွားတာလဲ မသိဘူး၊ သောက်ကျိုးနည်း တစ်ညလုံး အိပ်မပျော်ဘူး]

[အန်ချင်လိုက်တာ၊ ငါလည်း အဲဒီဗီဒီယိုကို ကြည့်လိုက်မိတယ်၊ တစ်ကိုယ်လုံး နေလို့မကောင်းတော့ဘူး]

[မင်းတို့ကလည်း လမ်းကြောင်းလွှဲမနေကြပါနဲ့၊ အခု ဘာအကြောင်း ပြောနေကြတာလဲ။ ဟိုမှာ ဒိုင်နိုဆောတစ်ကောင်ထဲ မဟုတ်ဘူးနော်၊ အနောက်မှာ အများကြီး ပါလာသေးတယ်]

[သူတို့ ဂူထဲ ဝင်ချင်နေကြတာ ဖြစ်မယ်၊ အပြင်မှာ အရမ်းအေးတယ်လေ...]

[ဒိုင်နိုဆော ၁၀ မျိုး မဟုတ်ဘူးလား။ ဒါရိုက်တာဆုပိုင်ရေ၊ မြန်မြန်ကြည့်ပါဦး၊ ပြည့်ပြီဆိုရင် မြန်မြန် ပြန်လာခဲ့ပါတော့။ ဒီတစ်ခါ ထုတ်လွှင့်မှု ကြည့်ရတာ ကျွန်တော် စိတ်ပူလာပြီ။]

. . .

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များသည် တင့်ကားတစ်စီးကဲ့သို့ တိုးဝင်လာသော ဒိုင်နိုဆောကြီးကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေကြသည်။

ကျောကုန်းပေါ်မှ ကြောက်မက်ဖွယ် ဆူးချွန်များကို ကြည့်လိုက်ရုံဖြင့် ဒီကောင်က မလွယ်ဘူးဆိုတာ သိသာသည်။ အမြီးတွင် တရမ်းရမ်း ဖြစ်နေသော အရိုးသံတူကြီး အကြောင်းကိုတော့ ပြောမနေပါနဲ့တော့။

“ဂါး...”

ထရန်နိုဆောရက်ရပ်စ်သည် ရှေ့မှ အန်ကီလိုဆောရပ်စ်ကို အကဲခတ်ရင်း ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် ရွှေ့ကာ နေရာယူလိုက်သည်။

တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားသည်။

ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကြီး ဖြဲကာ ပြေးဝင်ကိုက်တော့မည့် ဟန်ပြင်လိုက်သည်။

“မလောနဲ့ဦး”

ဆုပိုင်အသံကုန် အော်ဟစ်လိုက်ပြီး အလယ်သို့ ပြေးဝင်သွားလိုက်သည်။

“ဝုန်း...”

ထိုစဉ် အန်ကီလိုဆောရပ်စ်သည် ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်လိုက်ရာ ကြီးမားသော အရိုးသံတူကြီးသည် လေခွင်းသံကြီး မြည်ဟီးလျက် ဆုပိုင်ဆီသို့ ဝဲပျံလာသည်။

“သောက်ကျိုးနည်း...”

ဆုပိုင်အာမေဋိတ်သံ တစ်ချက်ပြုလိုက်ပြီး ချက်ချင်း ဝပ်ချလိုက်ကာ မြေကြီးပေါ် တစ်ပတ်လှိမ့်ရှောင်လိုက်သည်။ သီသီလေး လွတ်သွားခြင်း ဖြစ်သည်။

“ဂါး...”

ထရန်နိုဆောရက်ရပ်စ်သည် ဆုပိုင်ကို တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ ရူးသွပ်မတတ် အော်ဟစ်လိုက်ပြီး တဘက်ရန်သူအပေါ် တစ်ကိုယ်လုံး ဖိချရန် ခုန်အုပ်လိုက်သည်။

“ဒိုင်း”

သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။ ကျိုးဝမ်သည် မြေကြီးပေါ် လဲကျနေသော ဆုပိုင်ကို အမြန်ဆွဲထူလိုက်သည်။ သေနတ်သံ ကြားလိုက်ရသောအခါ ဧရာမ သတ္တဝါကြီး နှစ်ကောင်လုံး ရပ်တန့်သွားကြသည်။ သူတို့သည် အမောဖြေရင်း တစ်ကောင်နှင့်တစ်ကောင် စိုက်ကြည့်နေကြဆဲ။ အခြေအနေ မဟန်သည်နှင့် ချက်ချင်း ပြန်ချတော့မည့် ပုံပေါက်နေသည်။

“ဟူး...”

ဆုပိုင်အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထရန်နိုဆောရက်ရပ်စ်၏ ရှေ့မှ ကာရပ်လိုက်သည်။ ထို့နောက် ရှေ့မှ ကြမ်းတမ်းခက်ထန်သော အန်ကီလိုဆောရပ်စ် ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“မင်းတို့ ဝင်ချင်ရင် ဝင်လို့ ရတယ် ရန်မဖြစ်ရဘူး။ ကျန်တဲ့ ဒိုင်နိုဆောတွေ သိပ်မရှိတော့ဘူး...”

510 02

“ဟီး...”

အန်ကီလိုဆောရပ်စ် သည် ခေါင်းကို ခါယမ်းလိုက်ရာ ဦးခေါင်းပေါ်ရှိ ဆူးချွန်များ ထောင်မတ်သွားသည်။ ထို့နောက် သူ့ရှေ့တွင် ရပ်ကာ စကားပြောနေသော ဤသတ္တဝါဆန်းကို တစ်ချက်ကြည့်လိုက်ပြီး အနောက်ဘက်သို့ လှည့်ကာ အော်မြည်လိုက်သည်။

ချက်ချင်းပင် ကိုယ်ထည် သိပ်မကြီးသော အန်ကီလိုဆောရပ်စ် အကောင်ငယ်လေး အချို့သည် ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း ဂူဝသို့ တစ်လှမ်းချင်း လျှောက်လာကြသည်။

ထရန်နိုဆောရက်ရပ်စ်ကို အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် ဂူထဲသို့ တန်းဝင်သွားကြသည်။

“ကျွီ ကျွီ ကျွီ”

ဒိုင်နိုဆော အသေးစားလေး အချို့သည်လည်း ထိုအခြေအနေကို မြင်သောအခါ လျှပ်စီးလက်သကဲ့သို့ ဂူထဲသို့ ပြေးဝင်သွားကြသည်။ သို့သော် ဆုပိုင်ရှေ့မှ ဖြတ်သွားစဉ် လူလိုသူလို ခေါင်းညိတ်ပြသွားကြပြီး ပါးစပ်ထဲမှ ချွန်ထက်သော သွားများကို ဖော်ပြသွားကြသည်။

“Compsognathus (ကွန်ပ်ဆော်ဂနသစ်)”

ဆုပိုင်ရေရွတ်လိုက်ပြီး ထရန်နိုဆောရက်ရပ်စ်၏ ဦးခေါင်းကို ပွတ်သပ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။

“ကိစ္စမရှိဘူး၊ ဘာမှ မဖြစ်ဘူး၊ သူတို့ကို မတိုက်ခိုက်နဲ့”

“လိမ္မာတယ်...”

“ဟွန်း...”

ထရန်နိုဆောရက်ရပ်စ်သည် နှာခေါင်းမှ အခိုးအငွေ့ နှစ်ခု မှုတ်ထုတ်လိုက်ပြီး ဂူထဲသို့ ဝင်သွားလိုက်သည်။ မြေကြီးပေါ် ဝပ်နေသော အန်ကီလိုဆောရပ်စ် များကို မုန်းတီးစွာ တစ်ချက်ကြည့်လိုက်ပြီး သွားကို တင်းတင်းကြိတ်ကာ ပြန်လှဲချလိုက်သည်။ ထို့နောက် မျက်လုံးပြန်မှိတ်ထားလိုက်သည်။

“သွားစို့၊ ငါတို့လည်း ဝင်ရအောင်”

“ဘာမှ မဖြစ်ဘူးလား။ ဟို ကျောပေါ်မှာ ဆူးတွေပါတဲ့ ကောင်ကို ကြည့်ရတာ နည်းနည်း...”

ကျိုးဝမ်သည် မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီး ပြောသည်။

“စွန့်စားတာ သိပ်မကောင်းဘူး ထင်တယ်၊ ထရန်နိုဆောရက်ရပ်စ်နားမှာပဲ ကပ်နေရအောင်”

သူမ သတိထားလွန်းနေခြင်း မဟုတ်။ ခုနက ထိုဒိုင်နိုဆောကြီး၏ တိုက်ခိုက်မှုက ကြည့်ရုံနှင့်တင် ကြောက်ဒူးတုန်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။

တကယ်လို့သာ ခုနက ဆုပိုင်တုံ့ပြန်မှု မမြန်ဆန်ခဲ့လျှင် အဲဒီ အရိုးသံတူကြီးအောက်မှာ ဆုပိုင်ပြားချပ်သွားလောက်ပြီ။

လေခွင်းသံကြီးက နားစည်ကွဲမတတ် မြည်ဟီးသွားသည်ကို ကြည့်လျှင် ဘယ်လောက်တောင် အားပြင်းမလဲဆိုတာ ခန့်မှန်းကြည့်နိုင်သည်။

“မလိုပါဘူး၊ ဘာမှ မဖြစ်ဘူး၊ စိတ်ချပါ”

ဆုပိုင်လက်ကာပြလိုက်ပြီး ပြုံးလျက် ဂူထဲသို့ ဝင်သွားလိုက်သည်။

ခုနက သူ သေချာ ရေတွက်ကြည့်လိုက်ရာ အန်ကီလိုဆောရပ်စ် ၇ ကောင်နှင့် ကွန်ပ်ဆော်ဂနသစ် ၅ ကောင် ရှိသည်။ တကယ်လို့ ဒီဒိုင်နိုဆော နှစ်မျိုးနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်နိုင်ရင် ဒိုင်နိုဆော ၁၀ မျိုးထဲက ၂ မျိုး ပြီးမြောက်သွားပြီ ဖြစ်သည်။

နောက်ထပ် ဒိုင်နိုဆော ၇ မျိုးပဲ လိုတော့သည်။ (ထရန်နိုဆောရက်ရပ်စ် အပါအဝင် ၃ မျိုး ပြီးစီး)

ဒီတစ်ခါ မစ်ရှင်အကြောင်းကို ဆုပိုင်ဂူထဲတွင် အချိန်ကြာမြင့်စွာ စဉ်းစားခဲ့သည်။

စနစ်၏ ရည်ရွယ်ချက်ကို သူ အကြမ်းဖျင်း နားလည်သလို ရှိလာသည်။

အခက်အခဲက နှစ်ပိုင်း ခွဲထားပုံရသည်။ ပထမ တစ်ပိုင်းက ဒိုင်နိုဆော ၁၀ မျိုးကို ဘယ်လို ရှာဖွေမလဲ၊ ပြီးတော့ အဲဒီ ၁၀ မျိုးလုံးကို တစ်နေရာတည်း စုစည်းပြီး ရန်မဖြစ်အောင် ဘယ်လို ထိန်းချုပ်မလဲ ဆိုတာပဲ။

သတိပြုရမှာက ဒီအထဲမှာ အသားစားရော၊ အသီးအရွက်စားရော ပါနေမှာ သေချာသည်။

ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဒီဒိုင်နိုဆောတွေကို ရန်မဖြစ်အောင် ထိန်းရမဲ့ အလုပ်က မလွယ်ကူလှ။

510 03

ဒုတိယ အခက်အခဲကတော့ ဒီဒိုင်နိုဆောတွေကို မစ်ရှင်ပြီးတဲ့အထိ အသက်ရှင်အောင် ဘယ်လို စောင့်ရှောက်မလဲ ဆိုတာ ဖြစ်လောက်သည်။

ခုနက ဆုပိုင်သေချာ ကြည့်လိုက်တော့ အန်ကီလိုဆောရပ်စ် တွေ ဗိုက်ဆာနေရုံ သာမက ကွန်ပ်ဆော်ဂနသစ်လေးတွေလည်း အစာမစားရသေးသည့် ပုံပေါက်နေသည်။

“ဂလု...”

တံတွေးတစ်ချက် မြိုချလိုက်ပြီး ဆုပိုင်ဂူထဲသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

“ဟွန်း...”

ဆုပိုင်ဝင်လာသည်နှင့် တပြိုင်နက် ထရန်နိုဆောရက်ရပ်စ်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး အန်ကီလိုဆောရပ်စ်များကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

တကယ်လို့ ဒီကောင်တွေသာ ရန်စရဲရင် သူ ချက်ချင်း ထကိုက်သတ်ပစ်မည်။

သို့သော် အန်ကီလိုဆောရပ်စ် များသည် ဆုပိုင်တို့ နှစ်ယောက်ကို တစ်ချက်သာ လှမ်းကြည့်ပြီး မြေကြီးပေါ် ဆက်လက် ဝပ်နေကြသည်။ မျက်လုံးများ ပြန်မှိတ်ထားကြသည်။

“ဒေါက် ဒေါက် ဒေါက်”

သစ်သားချောင်းများ လောင်ကျွမ်းသံ တဖြောင်းဖြောင်း ထွက်ပေါ်နေသည်။

ဂူတစ်ခုလုံး ပဲ့တင်ထပ်နေသည်။

အပြင်ဘက်တွင် လေတိုက်သံများက တစ္ဆေ သရဲများ ငိုကြွေးနေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှပြီး နှင်းမှုန်များလည်း ဂူထဲသို့ လွင့်ဝင်လာသည်။

“ကျွီ...”

“ဗိုက်ဆာလိုက်တာ ဗိုက်ဆာလိုက်တာ”

ဆုပိုင်သည် မြေကြီးပေါ် လဲလျောင်းနေသော ကွန်ပ်ဆော်ဂနသစ်လေးများကို ကြည့်လိုက်သည်။ တိုးညှင်းသော ညည်းညူသံလေးများ ထွက်ပေါ်နေသည်။

လက်လှမ်းလိုက်ပြီး အကောင်လေး တစ်ကောင်ကို ဆွဲယူလိုက်သည်။

မီးဖိုရှေ့တွင် ချပေးလိုက်သည်။

ထို့နောက် လက်ချောင်းဖြင့် ပါးစပ်ကို ဖြဲကာ ကျောပိုးအိတ်ထဲမှ အသားခြောက် တစ်တုံးကို ပစ်ထည့်ပေးလိုက်သည်။

“ဝါး...”

ကွန်ပ်ဆော်ဂနသစ်လေးသည် မျက်လုံး ပြူးကျယ်သွားပြီး အနောက်မှ အပေါင်းအဖော်များကို ခိုးကြည့်ကာ ဆုပိုင်၏ အင်္ကျီအောက်သို့ ခေါင်းတိုးဝင်လိုက်သည်။

“ဂလု...”

အသားတုံးကို မျိုချပြီးသွားမှ ခေါင်းပြန်ထွက်လာသည်။

မျက်လုံးအဝိုင်းသားလေးများဖြင့် ရှေ့မှ လူသားကို စူးစမ်းစွာ ကြည့်နေပြီး ခေါင်းကို ဟိုရမ်းဒီရမ်း လုပ်နေသည်။ မျက်နှာချိုသွေးနေသည့် ပုံစံမျိုး။

“ကုန်ပြီ”

ဆုပိုင်သည် ပါးနပ်သော အကောင်လေးကို ကောက်မလိုက်ပြီး သေချာ လေ့လာကြည့်လိုက်သည်။

အမှန်အတိုင်း ပြောရရင် ဆုပိုင်သည် ဒိုင်နိုဆောများကို အလွန် စိတ်ဝင်စားသည်။

ကမ္ဘာမကူးခင်တုန်းက တိရစ္ဆာန်အတော်များများကို သူ မြင်ဖူးသည်၊ ထိတွေ့ဖူးသည်။ ဒါပေမဲ့ ဒိုင်နိုဆောကျတော့...

လူသားတွေ ပေါ်လာတဲ့ အချိန်မှာ သူတို့တွေက မျိုးသုဉ်းကုန်ပြီလေ။

ကမ္ဘာမြေကို အချိန်ကြာမြင့်စွာ စိုးမိုးခဲ့ဖူးတဲ့ ဒီသတ္တဝါတွေအကြောင်း လူတိုင်း စိတ်ဝင်စားကြမှာ သေချာသည်။

အခု သူ့လက်ထဲက ကြက်တစ်ကောင် အရွယ်အစားလောက်သာ ရှိတဲ့ ကွန်ပ်ဆော်ဂနသစ်ဆိုတာ ဒိုင်နိုဆောတွေထဲမှာ တော်တော်လေး ထူးခြားတဲ့ အမျိုးအစား တစ်ခုဖြစ်သည်။

အကောင်လေးကို ရင်ခွင်ထဲ ပွေ့ထားရင်း ဆုပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကာ ကွန်ပ်ဆော်ဂနသစ်၏ မျက်နှာကို အနီးကပ် ရိုက်ပြလိုက်သည်။

“အခု ဂူထဲ ဝင်လာတဲ့ ဒိုင်နိုဆော နှစ်မျိုးအကြောင်း မိတ်ဆက်ပေးပါမယ်။ ဒီကောင်လေးရဲ့ နာမည်က ကွန်ပ်ဆော်ဂနသစ်ပါ။ အသေးဆုံး ဒိုင်နိုဆော အမျိုးအစားတွေထဲက တစ်ခုပေါ့။ ဒါပေမဲ့ အကောင်သေးတယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ တော်တော်လေး ကြမ်းတဲ့ကောင်တွေ”

510 04

“ဒီသွားတွေကို ကြည့်လိုက်ပါဦး၊ တြိဂံပုံစံ ချွန်ထက်နေတာပဲ။ ဒီလို သွားမျိုး ရှိတဲ့ ကွန်ပ်ဆော်ဂနသစ်ဟာ အသားစား ဒိုင်နိုဆော ဖြစ်ပါတယ်။ နောက်ခြေထောက် နှစ်ချောင်းကလည်း သန်မာတယ်။ သူတို့က မြန်မြန် ပြေးနိုင်ရုံတင် မကဘူး၊ ခုန်နိုင်တယ်၊ သစ်ပင်တက်နိုင်တယ်။ အဲဒီခေတ်တုန်းက တိရစ္ဆာန်အသေးလေးတွေ အားလုံးရဲ့ ရန်သူတော်ကြီးတွေပေါ့”

ဆုပိုင်သည် ကင်မရာကို အဝေးမှ အန်ကီလိုဆောရပ်စ် များဘက်သို့ လှည့်ပေးလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

“ဟိုမှာ မြင်နေရတဲ့ ကြောက်စရာကောင်းတဲ့ ဒိုင်နိုဆောကြီးတွေကတော့ အန်ကီလိုဆောရပ်စ်လို့ ခေါ်ပါတယ်။ ရုပ်ကသာ ကြမ်းတမ်းနေတာ၊ တကယ်တော့ သူတို့က အသီးအရွက်စား ဒိုင်နိုဆောတွေပါ”

“ဒါပေမဲ့ စိတ်တော့ တော်တော်ကြီးပါတယ်။ ခုနက ဂူဝမှာ ဖြစ်ခဲ့တာ လူတိုင်း မြင်မှာပါ။ အမြီးက အရိုးသံတူကြီး လွှဲရိုက်လိုက်တာက တော်တော်လေး ပြင်းထန်ပါတယ်။ မချဲ့ကားဘဲ ပြောရရင်၊ အရွယ်အစားတူချင်း ယှဉ်မယ်ဆိုရင်တောင် အန်ကီလိုဆောရပ်စ်ရဲ့ အရိုးသံတူ ရိုက်ချက်မိသွားရင် မသေတောင် အတော်လေး ဒဏ်ရာအကြီးအကျယ် ရသွားနိုင်တယ်”

“ဒါပေမဲ့ အန်ကီလိုဆောရပ်စ် ဆိုတဲ့ သတ္တဝါက ကိုယ်က သွားမစသရွေ့ တခြားတိရစ္ဆာန်ကို စပြီး တိုက်ခိုက်လေ့ မရှိပါဘူး”

“ဒါပေမဲ့ အခု ကျွန်တော် ပြဿနာတစ်ခု တက်နေတယ်။ အားလုံးလည်း မြင်တဲ့အတိုင်းပဲ၊ အပြင်မှာ နှင်းမုန်တိုင်း ကျနေပြီ။ ပြီးတော့ နောက်က အန်ကီလိုဆောရပ်စ် တွေရဲ့ အသိအမှတ်ပြုမှုကိုလည်း မရသေးဘူး။ ဒါကြောင့်...”

ထိုသို့ပြောရင်း ဆုပိုင်သည် မီးဖိုဘေးမှ ထလိုက်ပြီး ဆက်ပြောသည်။

“လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ တိရစ္ဆာန် တစ်ကောင်ရဲ့ ခင်မင်မှုကို မြန်မြန်ရချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အစာကျွေးပါ”

“ဟုတ်ပါတယ်၊ အစာကျွေးတာပါ။ အထူးသဖြင့် အသီးအရွက်စား တိရစ္ဆာန်တွေကိုပေါ့။ ကိုယ်က ဖော်ရွေကြောင်း ပြသပြီး အစာကျွေးလိုက်ရင် သူတို့ရဲ့ အသိအမှတ်ပြုမှုကို အလွယ်တကူ ရနိုင်ပါတယ်”

“ကျွန်မ လိုက်ခဲ့မယ်”

ဘေးတွင် ထိုင်နေသော ကျိုးဝမ်သည် ဆုပိုင်ကို စိတ်ဝင်တစား ကြည့်နေရာမှ နားလည်သွားသောအခါ မတ်တပ်ထရပ်လိုက်သည်။ အင်္ကျီကို လုံအောင် စည်းနှောင်လိုက်ပြီး အပြင်သို့ လိုက်ထွက်လာသည်။

“ဟူး...”

ဂူဝမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ရေခဲလို အေးစက်သော လေပြင်းများ မျက်နှာကို လာရိုက်ခတ်ရာ ဓားနှင့် မွှန်းသကဲ့သို့ နာကျင်လှသည်။

ဆုပိုင်မျက်လုံးကို မှေးကြည့်လိုက်သည်။

ကျိုးဝမ်လက်ကို ဆွဲပြီး ဂူဝနှင့် မလှမ်းမကမ်းရှိ မြက်ခင်းပြင်သို့ ခေါ်သွားလိုက်သည်။

အများစုက ခြောက်သွေ့ ဝါဖျော့နေပြီ ဖြစ်သော်လည်း အမြစ်ကို တူးထုတ်နိုင်ရင် အန်ကီလိုဆောရပ်စ် အတွက် အစာဖြစ်နိုင်သည်။

ကွန်ပ်ဆော်ဂနသစ်တွေအတွက်ကတော့ အဝေးမှာ အေးခဲနေတဲ့ ဒိုင်နိုဆော အသေကောင်တွေ အများကြီး ရှိတယ်။ ဓားနဲ့ လှီးထုတ်ပြီး မီးပြန်နွှေးကျွေးရင် ရပြီ။

ဒါပေမဲ့ ထရန်နိုဆောရက်ရပ်စ်လည်း အစာစားဖို့ လိုသေးတာပဲ။

“ဟူး...”

“အလုပ်ကတော့ မနည်းဘူးဟေ့”

လေတိုးသံကြားမှ ဆုပိုင်သည် ကျိုးဝမ်ကို လှမ်းအော်ပြောလိုက်သည်။ သူမက ခေါင်းညိတ်ပြသည်။

ထို့နောက် နှစ်ယောက်သား မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ဓားမြောင်များဖြင့် သစ်မြစ်၊ မြက်မြစ်များကို ခက်ခက်ခဲခဲ တူးဖော်ကြလေတော့သည်။

“ဟီး...”

ဆုပိုင်တို့ နှစ်ယောက် ထွက်သွားသည့် အချိန်တွင် အန်ကီလိုဆောရပ်စ် အချို့သည် မျက်လုံးဖွင့်ကြည့်လိုက်ကြပြီး သတိထားနေသောပုံစံ ဖြစ်သွားကြသည်။

အပြင်မှာ နှင်းမုန်တိုင်းကလည်း သည်းထန်နေသည်လေ။

******

All Chapters