အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း 511 အစားအစာ (၂/၂)
ခန္ဓာကိုယ်၌ ထူထဲခိုင်ခံ့လှသော သံချပ်ကာ အကာအကွယ်များ ရှိနေငြားလည်း ပြင်းထန်လှသော အအေးဒဏ်ကိုမူ ၎င်းတို့ ကြံ့ကြံ့မခံနိုင်ကြချေ။
အထူးသဖြင့် မြက်ခင်းပြင် တစ်ခုလုံး ရေခဲပြင်အတိ ဖုံးလွှမ်းသွားချိန်မျိုးတွင် ဖြစ်သည်။
၎င်းတို့၌ အခြားသော ဒိုင်နိုဆောများကဲ့သို့ ထက်မြက်သော ခြေသည်းလက်သည်းများ မရှိကြသဖြင့်၊ မာကျောခဲဆတ်နေသော မြေကြီးကို တူးဆွကာ မြက်ရှာဖွေ စားသောက်ရန်မှာ မဖြစ်နိုင်သောအရာ ဖြစ်နေတော့သည်။
ထို့အပြင်...
ခေါင်းဆောင်ဖြစ်သည့် အန်ကီလိုဆောရပ်စ် သည် ကျန်ရစ်နေသေးသော ၎င်း၏ အုပ်စုဝင်များကို ပြန်လည်ကြည့်ရှုရင်း စိုးရိမ်တကြီးဖြင့် ဦးခေါင်းကို ခါယမ်းလိုက်လေသည်။
၎င်းတို့၏ မျိုးနွယ်ဝင် အများအပြား သေဆုံးခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့ထက် ခန္ဓာကိုယ် ကြီးမားသော သတ္တဝါကြီးများပင်လျှင် အသက်ပျောက်ခဲ့ကြရပြီ မဟုတ်ပါလော။
စိုးရိမ်ရသည်မှာ...
၎င်းတို့သည်လည်း ဤဒဏ်ကို ကြာရှည် ခံနိုင်တော့မည် မဟုတ်ပေ။
နှင်းမုန်တိုင်းကလည်း ပိုမို ပြင်းထန်လာခဲ့ပြီ။ မြက်ခင်းပြင်များ ခဲသွားရုံသာမက သစ်ပင်များလည်း သေဆုံးကုန်ကြပြီ ဖြစ်ရာ ကြာလျှင် ၎င်းတို့ အစာငတ်ပြတ်၍ သေဆုံးကုန်ကြပေတော့မည်။
“ဘုတ်...”
ရုတ်တရက် ဂူဝဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကြည့်လိုက်သောအခါ စောစောက ထွက်ခွာသွားသော လူသားနှစ်ဦး ပြန်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝါဖျော့ဖျော့ အရောင်သန်းနေသော မြက်ခင်းပြင် မြေလွှာကြီးကို အလွှာလိုက် တရွတ်တိုက် ဆွဲယူလာကြသည်။
မီးဖိုဘေးတွင် ချလိုက်သည်နှင့် အပူရှိန်ကြောင့်...
ခဲနေသော မြေကြီးများ စတင် ပျော်ကျလာလေတော့သည်။
“ဘုတ်...”
ဆုပိုင်သည် မြက်ပင်များကို တစ်ပင်ချင်း ဆွဲနုတ်ကာ အန်ကီလိုဆောရပ်စ် များ ရှေ့သို့ ပစ်ပေးလိုက်ပြီးနောက် သွားများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။
စား၍ ရလောက်သည် မဟုတ်ပါလော။
အပြင်ဘက် မြေကြီးမှာ အလွန်အမင်း မာကျောနေသဖြင့် ၎င်းတို့အနေနှင့် မြက်ခင်းပြင်ကို အလွှာလိုက်ကြီး လှီးထုတ်ကာ သယ်ဆောင်လာပြီး၊ မီးဖိုဘေးတွင် အရည်ပျော်စေပြီးမှသာ ဤသတ္တဝါကြီးများကို ကျွေးမွေးနိုင်မည် ဖြစ်သည်။
“ဟီး...”
“ကျေးဇူးပါပဲ...”
ခေါင်းဆောင် အန်ကီလိုဆောရပ်စ်သည် သူ့ရှေ့မှ မြက်မြစ်များကို ကြည့်ကာ ဆုပိုင်ကို ကျေးဇူးတင်သည့် အမူအရာဖြင့် ခေါင်းအသာညိတ်ပြသည်။ ထို့နောက် သူ့ရှေ့မှ အစာများကို လက်သည်းဖြင့် ယက်ဖယ်ကာ အနောက်မှ အကောင်ပေါက်လေးများ စားသောက်ရန် ဦးစားပေးလိုက်လေသည်။
“နောက်ထပ် အများကြီး လိုဦးမည့်ပုံပဲ...”
ဆုပိုင်သည် အငမ်းမရ စားသောက်နေကြသော အကောင်ပေါက်လေးများကို ကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
အကောင်ကြီးများမှာ တစ်ကောင်မှ မစားကြသေးပေ။ ကြည့်ရသည်မှာ သူတို့လည်း အစာရေစာ အတော်လေး ပြတ်လပ်နေသည့်ပုံပင်။ သို့သော် သားငယ်များကိုသာ ဦးစားပေးနေကြဆဲ ဖြစ်သည်။
“သွားကြစို့...”
ကျိုးဝမ်သည် လက်ခုပ်တစ်ချက် တီးကာ မတ်တပ်ရပ်လိုက်ပြီး ဂူအပြင်ဘက်သို့ ဦးတည် ထွက်ခွာလိုက်သည်။
“ခေါက်တုံ့ခေါက်ပြန် များများ သယ်ကြတာပေါ့...”
သူမက လှည့်ကြည့်ကာ ပြုံးလျက် ဆိုလေသည်။
“ဟို အကောင်လေးတွေအတွက်လည်း ရှာရဦးမယ်လေ”
511 02
“နဂါးအမေ သွားကြစို့”
ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်၏ ဦးခေါင်းကို ပုတ်လိုက်ပြီး အဝတ်အစားကို လုံခြုံအောင် ပြန်လည် စည်းနှောင်ကာ နှင်းမုန်တိုင်းထဲသို့ နောက်တစ်ကြိမ် တိုးဝင်သွားလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ မြက်ခင်းပြင် အလွှာလိုက်များ သယ်ဆောင်လာရန် သက်သက်မဟုတ်၊ ဒိုင်နိုဆော အသေကောင် တစ်ကောင်လောက်ပါ ဆွဲယူလာနိုင်လျှင် ပိုကောင်းပေမည်။
အချိန်အတော်ကြာပြီးနောက်။
“ဂွပ် ဂွပ်”
“ဂွပ် ဂွပ်”
ဂူအတွင်း၌ ဝါးစားသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
အန်ကီလိုဆောရပ်စ် အုပ်စုသည် ဝိုင်းဖွဲ့ကာ သူတို့ရှေ့မှ မြက်မြစ်များကို ခေါင်းငုံ့ စားသောက်နေကြ၏။
ထရန်နိုဆောရက်ရပ်စ်မှာမူ ဂူဝတွင် မတ်တပ်ရပ်လျက် ၎င်း၏ ရှေ့မှ ဒိုင်နိုဆော ပေါင်တံကြီးကို အားရပါးရ ဆွဲဖဲ့ စားသောက်နေလေသည်။
“တောက် တောက် တောက်”
ဆုပိုင်သည် သတ္တုမြှားတံ၌ ဒိုင်နိုဆော အသားတုံး တစ်တုံးကို ထိုးစိုက်ပြီး မီးဖိုပေါ်တွင် ကင်နေသည်။ အသားကင်ဆီမှ အဆီများ တတောက်တောက် ကျဆင်းနေ၏။
“ကျွီ ကျွီ...”
“ဒါ ဘာအနံ့လဲ”
“မွှေးလိုက်တာ”
“ငါ့ကို တစ်ကိုက်လောက် ပေးစမ်းပါ”
ကွန်ပ်ဆော်ဂနသစ်အုပ်စုသည် ကြောက်လန့်တကြားဖြင့် ဆုပိုင်၏ ကျောဘက်တွင် စုဝေးနေကြသည်။ ခေါင်းလေးများ ပြူထွက်လာပြီး ထူးခြားသော အမွှေးနံ့ ထွက်ပေါ်နေသည့် အသားတုံးကို မျက်တောင်မခတ် ငေးကြည့်နေကြရှာသည်။
သူတို့ တစ်ခါမျှ ဤကဲ့သို့သော အနံ့မျိုး မရရှိဖူးပေ။
“ရွှပ်...”
ဆုပိုင်သည် ဓားမြောင်ဖြင့် အသားတစ်ဖဲ့ လှီးထုတ်လိုက်ပြီး ဘေးနားရှိ ကျိုးဝမ်ကို ကမ်းပေးလိုက်သည်။
“မင်းက ဒိုင်နိုဆော အသားကို မြည်းစမ်းဖူးတဲ့ ပထမဆုံး လူသား ဖြစ်လောက်တယ်၊ အရသာ ရှိ မရှိ မြန်မြန် စားကြည့်ပါဦး...”
ဆုပိုင်မပြောလိုက်မိသော စကားတစ်ခွန်း ရှိသေးသည်။
နောက်ဆုံးသော လူသားလည်း ဖြစ်နိုင်ပေသည် ဟူ၍။
“ရော့ မင်းတို့အတွက် မလုနဲ့နော်”
ကျန်ရှိသော အသားတုံးများကို ကွန်ပ်ဆော်ဂနသစ်လေးများအား ခွဲဝေကျွေးလိုက်ပြီး ဆုပိုင်သည် နံရိုးကြီး တစ်ချောင်းကို ကိုင်ကာ မီးဖိုပေါ် တင်လိုက်ပြန်သည်။
အန်ကီလိုဆောရပ်စ်များ၏ ခင်မင်မှုကို ရရှိပြီးနောက်တွင် ဆုပိုင်သည် ဤတစ်ကြိမ် မစ်ရှင်အကြောင်း စဉ်းစားနေမိသည်။
စုစုပေါင်း ၁၀ မျိုး၊ သို့သော် စနစ်က အရေအတွက် ကန့်သတ်မထားပေ။
ဆိုလိုသည်မှာ ဖြစ်နိုင်လျှင် သူသည် ဒိုင်နိုဆောများကို အုပ်စုလိုက်ကြီး သယ်ဆောင်သွား၍ ရသည်ဟူသော သဘောပင်။
အကယ်၍ အမျိုးအစားတူ ဒိုင်နိုဆော အုပ်စုကြီး တစ်ခုလုံးကို ရှာတွေ့လျှင်ပင် ၎င်းမှာ ၁ မျိုးဟုသာ သတ်မှတ်မည် ဖြစ်သည်။
သို့သော်...
ဤကောင်များ အားလုံး ပါလာခဲ့ပါက ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်တွင်တော့ ထားရှိ၍ ဖြစ်မည် မဟုတ်ပေ။
ကျွန်းငယ်လေး တစ်ခုလောက် ရှာဖွေပြီး စနစ်ထဲမှ “ဒိုင်နိုဆောကျွန်း”ကို အမြန်ဆုံး တည်ဆောက်မှ ဖြစ်ချေမည်။
ထိုသို့ဆိုလျှင်လည်း ဝန်ထုပ်ဝန်ပိုးက ပို၍ကြီးမားလာပေတော့မည်။ အသီးအရွက်စားသောကောင်များ အများစု ပါလာလျှင် တော်သေးသည်၊ အသားစားသော ကောင်များ ပါလာလျှင်မူ...
511 03
နေ့စဉ် ကုန်ကျမည့် အသားဖိုးသည် မိုးခါးရေ သောက်ရမည့် ကိန်းဆိုက်ပေလိမ့်မည်။
တိရစ္ဆာန်ဥယျာဉ်ထဲ၌ ထရန်နိုဆောရက်ရပ်စ်သားအမိ နှစ်ကောင်တည်း စားသော ပမာဏသည်ပင် အခြားတိရစ္ဆာန် ၁၀ မျိုးခန့် စားသော ပမာဏနှင့် ညီမျှနေပြီ ဖြစ်သည်။
ဒါတောင် ထရန်နိုဆောရက်ရပ်စ်အကောင်ပေါက်လေးမှာ ကြီးထွားခြင်း မရှိသေး။ နောက်လနည်းနည်း ကြာမြင့်၍ အကောင်ကြီးထွားလာပါက မည်မျှ စားသောက်မည်ကို ဆုပိုင်မတွေးရဲတော့ပေ။
သို့သော် ဒိုင်နိုဆော အပိုင်းအစဆိုသည်မှာ ပေါ်လာခဲလှသဖြင့် လုံးဝ လက်လွှတ်ခံ၍ မဖြစ်ချေ။
“ရွှပ်...”
နံရိုးကင် ကျက်သွားသောအခါ ဆုပိုင်သည် ပါးစပ်ဟကာ တစ်ကိုက် ကိုက်လိုက်သည်။
သို့သော် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ခက်ခက်ခဲခဲ ဝါးနေရတော့သည်။
အသားမှာ မာကျောလွန်းလှသည်။
စောစောက ကျိုးဝမ် စားပြီးသည့်တိုင် ဘာမျှမှတ်ချက်မပေးသည်မှာ ဤအကြောင်းကြောင့် ဖြစ်တန်ရာ၏။
ဤတိရစ္ဆာန်များမှာ ခန္ဓာကိုယ် ကြီးမားလွန်းသဖြင့် အသားအရေမှာ အလွန် ကြမ်းတမ်းလှသည်။
မီးကင်ထားသည့်တိုင်အောင် မျိုချရ ခက်ခဲနေဆဲပင်။
[ဒါရိုက်တာဆုပိုင်မျက်နှာက ဘာလို့ အဲဒီလောက် ခံစားနေရတာလဲ။ တမင်သက်သက် ကြွားချင်လို့ လုပ်ပြနေတာလား]
[ကြည့်ရတာတော့ စားကောင်းမဲ့ပုံပဲ။ ဒါပေမဲ့ ဒိုင်နိုဆောကြီးက အကြီးကြီးနော်၊ ဘယ်တော့မှ စားလို့ ကုန်မှာလဲ]
[ညသန်းခေါင်ကြီးမှ အစားသောက်တွေ လာပြနေပြန်ပြီ။ အချိန်လေးဘာလေး ရွေးပါဦး၊ သောက်ကျိုးနည်း ငါ ထပြီး ခေါက်ဆွဲပြုတ်စားလိုက်ရပြီ၊ သနားစရာ ကောင်းလိုက်တဲ့ ငါ့ဘဝ]
[ဒါရိုက်တာဆုပိုင်က အန်ကီလိုဆောရပ်စ် တွေရဲ့ ခင်မင်မှုကို ရသွားပြီဆိုတော့ နောက်ဆို တိရစ္ဆာန်ဥယျာဉ်မှာ ဒီကောင်ကြီးကို တွေ့ရတော့မှာပေါ့နော်။]
[အပေါ်ကကောင် ရူးနေလား။ ထရန်နိုဆောရက်ရပ်စ်ရောက်နေတာ ဘယ်လောက် ကြာပြီလဲ၊ ဘယ်သူ သွားကြည့်ဖူးလဲ။ ပြီးခဲ့တဲ့ တစ်ခေါက် ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက် အဝေးကြီးကနေ လှမ်းကြည့်တာတောင် ပြန်ရောက်တော့ ၇ ရက်လောက် မျက်စိမမှိတ်ရဲဘူးတဲ့။ ရွာထိပ်မှာ နာရေးဖိတ်စာ ဝေရတော့မလို ဖြစ်သွားတာ]
[ငါလည်း ထင်တယ်၊ တန်းပြီး ထုတ်ပြမှာ မဟုတ်ဘူး။ ဒီကောင်တွေရဲ့ သတ်ဖြတ်နိုင်စွမ်းက ကြောက်စရာကြီးလေ။ တစ်ချက်လောက် လှည့်လိုက်ရင် မင်း တိရစ္ဆာန်ဥယျာဉ် အပြင်ဘက် လွင့်ထွက်သွားမှာ]
. . .
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များကတော့ ကွန်ပျူတာရှေ့တွင် ထိုင်ရင်း အစာပြနေသော ဆုပိုင်ကို ကြည့်ကာ စာတိုများ ပေးပို့နေကြသည်။
တိရစ္ဆာန်များ ပြန်လည်အသက်သွင်းလာသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း...
ဈေးကွက်ထဲတွင် အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချနေသည်မှာ လန်မင်လေးများသာ ရှိသေးသည်။ အများစုကလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားကြခြင်း ဖြစ်သည်။
အရေအတွက် အလွန်များပြားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှသာ အစာအဖြစ် စားသုံးကြသည်။
ထိုသို့မဟုတ်ပါက ဘယ်သူမျှ လန်မင်လေးများကို သတ်စားရန် ရက်စက်ကြမည် မဟုတ်ပေ။
အရေးအကြီးဆုံး အချက်မှာ...
တရုတ်နိုင်ငံတော်က နေ့စဉ် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အကြောင်းများကို ပုံစံမျိုးစုံဖြင့် ဝါဒဖြန့်နေခြင်း ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ တိရစ္ဆာန်များ ဒုက္ခရောက်နေသော ပုံရိပ်များကို ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး ပြသပေးလေ့ရှိသည်။
ထို့ကြောင့် လူအများစုမှာ လန်မင်စားမိလျှင် အပြစ်ရှိသလို ခံစားလာရသည်။
ကြာလေသော် လန်မင်စားသုံးသူ နည်းသထက် နည်းလာလေ ဖြစ်သည်။
511 04
ဒါကို ဆုပိုင်သိလျှင် အံ့သြသွားပေလိမ့်မည်။
သို့သော် လန်မင်များ၏ မျိုးပွားနှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လှသည်။ အကယ်၍ ဆုပိုင်သာ သိရှိပါက တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် လိုက်လံ ဝယ်ယူပေလောက်သည်။
ယခု တိရစ္ဆာန်ဥယျာဉ်ထဲရှိ တိရစ္ဆာန် အများစုမှာ အသားတုကိုသာ အဓိက စားသုံးနေရသည်။
ဝက်ဖြူ များကတော့...
ပျားရည်တူခွေးတူဝက်တူကောင်က နေ့စဉ်မျက်လုံးစိမ်းကြီးများဖြင့် ထိုင်ကြည့်နေသည်ကို မမြင်ဘူးပါလော။
သတ်စား၍ရမည့် အရွယ်ပင် မရောက်သေးချေ။
. . .
511 05
“ဝုန်း...”
“ဝုန်း...”
“ဝုန်း...”
ဆူညံသံများကြောင့် ဆုပိုင်လန့်နိုးလာခဲ့သည်။ ဘေးနားရှိ ကျိုးဝမ် နှင့် မျက်လုံးချင်း ဆုံလိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်နှာထားများမှာ လေးနက်နေကြသည်။
မော့ကြည့်လိုက်သော်...
ဂူအတွင်း၌ ရှိနေသော အန်ကီလိုဆောရပ်စ် များရော ကွန်ပ်ဆော်ဂနသစ်များပါ တစ်ကောင်မှ မရှိတော့ပေ။ ထရန်နိုဆောရက်ရပ်စ်ပင်လျှင် ပျောက်ဆုံးနေသည်။
“ရွှပ်...”
ဆုပိုင်သည် ကပျာကယာ ထလိုက်ပြီး အောက်ငုံ့ကြည့်လိုက်ရာ ပြောစရာ စကားပင် ပျောက်ရှသွားသည်။
“မဟုတ်သေးဘူးလေ မင်းက ငါ့အင်္ကျီထဲ ဘာလို့ လက်လာနှိုက်နေတာလဲ?”
မျက်နှာရဲနေသော ကျိုးဝမ်ကို တစ်ချက်ကြည့်ပြီး ဆုပိုင်သည် အနွေးထည်ကို လုံခြုံအောင် ပြန်လည်စည်းနှောင်လိုက်သည်။ ပြီးနောက် အပြင်သို့ အလျင်အမြန် ပြေးထွက်သွားလိုက်သည်။
အပြင်ဘက်တွင် နှင်းမုန်တိုင်း စဲသွားပြီ ဖြစ်သည်။
သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲကမ္ဘာကြီး အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
အရိုးခိုက်အောင် အေးစက်နေသည်။
ဆုပိုင်လက်ထုတ်ပြီး စမ်းကြည့်လိုက်ရာ အနည်းဆုံး အနုတ် ၃၀ ဒီဂရီခန့် ရှိမည့်ပုံပင်။
လက်ချောင်းများပင် ကျင်တက်လာသည်။
သို့သော် အဝေးမှ ရေခဲပြင်ပေါ်တွင် ရုန်းကန်နေသော ဧရာမ သတ္တဝါကြီး တစ်ကောင်ကို မြင်လိုက်ရသော အခါ ဆုပိုင်ရော ကျိုးဝမ် ပါ ကြက်သေသေကာ ရပ်တန့်သွားကြသည်။
တကယ်ကြီးပါလား...
ဆုပိုင်မျက်လုံး မမှားဘူးဆိုလျှင် ရေခဲပြင်ပေါ်တွင် လူးလိမ့်နေသော ၁၀ မီတာခန့် ရှည်လျားသည့် ထိုသတ္တဝါကြီးမှာ ပလိုက်ယိုဆောတစ်ကောင်ပင် ဖြစ်ချေသည်။
******
512 01
အခန်း 512 ကြောင်အမ်းသွားသော စာကြည့်တိုက်မှူး (၁/၂)
“ဂါး...”
“ဒါရိုက်တာဆုပိုင် ဟိုကောင်ကြီး အစာရှာမရတော့လို့ ထင်တယ်”
ထရန်နိုဆောရက်ရပ်စ်သည် ဂူဝရှိ တောင်ကုန်းစောင်းပေါ်တွင် မတ်တပ်ရပ်လျက် အဝေးရှိ ရေခဲပြင်ပေါ်တွင် လူးလိမ့်နေသော ပလိုက်ယိုဆောကြီးကို လှမ်းကြည့်ကာ ခေါင်းလှည့်၍ ဟိန်းဟောက်ပြောဆိုလိုက်သည်။
အခြေအနေကို ကြည့်ရသည်မှာ ထင်ရှားလှပေသည်။
ထိုသတ္တဝါကြီးသည် အစာရေစာ အလွန်အမင်း ပြတ်လပ်နေသဖြင့်သာ ရေပြင်ကို စွန့်ခွာ၍ ရေခဲပြင်ပေါ်သို့ တွားသွားတက်ရောက်လာခြင်း ဖြစ်တန်ရာ၏။
သို့သော် ကမ်းပေါ်တွင်လည်း ရေခဲကမ္ဘာကြီးအဖြစ် ပြောင်းလဲနေပြီ ဆိုသည်ကို ထိုသတ္တဝါကြီး ထင်မှတ်ထားခဲ့ပုံ မရပေ။
ကမ်းစပ်နှင့် မလှမ်းမကမ်းတွင် ဒိုင်နိုဆော အသေကောင် အချို့ ရှိနေသော်လည်း ထိုနေရာသို့ သွားရောက်နိုင်ရန်မှာ ၎င်းအတွက် ဖြစ်နိုင်မည် မထင်ပေ။
“သွားကြစို့ သွားကြည့်ရအောင်”
ဆုပိုင်သည် လက်ကို ဝှေ့ယမ်းကာ လှမ်းအော်လိုက်ပြီး ဒူးခေါင်းအထိ နစ်မြုပ်နေသော နှင်းထုကြီးကို နင်းဖြတ်ကာ ရေခဲပြင်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလေသည်။
တစ်ညလုံး သည်းထန်စွာ ကျဆင်းခဲ့သော နှင်းမုန်တိုင်းကြောင့်...
ယခုအခါ မြက်ခင်းပြင် တစ်ခုလုံးသည် နှင်းဖြူလွလွ ဖုံးလွှမ်းထားသော ရေခဲကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
အဝေးရှိ သစ်တောအုပ်ကြီးထဲမှ သစ်ပင်ကြီး အများအပြားသည်လည်း လေပြင်းဒဏ်ကြောင့် အမြစ်မှ ကျွတ်ထွက်ကာ လဲပြိုနေကြပြီး သစ်ပင်ပေါ်မှ အရွက်များသည်လည်း လေတိုက်စားခြင်း ခံလိုက်ရသဖြင့် ပြောင်သလင်းခါနေတော့သည်။
ရေခဲခေတ်၏ အရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းလှပေစွ။
ယမန်နေ့ညက အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့ရသည့် တိရစ္ဆာန်ပေါင်းမှာ ရေတွက်၍ပင် ရနိုင်မည် မဟုတ်ချေ။
“ကျွီ ကျွီ ကျွီ”
ကွန်ပ်ဆော်ဂနသစ် အကောင်ငယ်လေးများသည် အော်မြည်လိုက်ကြပြီး နှင်းပြင်ပေါ်တွင် လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပြေးလွှားဆော့ကစားနေကြသည်။
ဆုပိုင်သည် အနောက်မှ လိုက်ပါလာကြသော အန်ကီလိုဆောရပ်စ်များကို တစ်ချက်လှည့်ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ယမန်နေ့ညက အစာကျွေးပြီး စည်းရုံးခဲ့မှုကြောင့် နောက်ဆုံးတွင် ဤသတ္တဝါကြီးများကို သူတို့နောက်သို့ လိုက်ပါလာရန် ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိအခြေအနေအရဆိုလျှင် ဤနေရာမျိုး၌ နောက်ထပ် ဒိုင်နိုဆော တစ်မျိုးကို ထပ်မံ ရှာဖွေတွေ့ရှိရန်မှာ အလွန် ခက်ခဲလှပေသည်။
ရှေ့တွင် ပလိုက်ယိုဆောတစ်ကောင် ရှိနေသော်လည်း...
ဆုပိုင်အနေဖြင့် ထိုသတ္တဝါကြီးကို ပြန်လည်ခေါ်ဆောင်သွားရန် အစီအစဉ် မရှိပေ။
ယခု လာကြည့်သည်မှာလည်း စူးစမ်းလိုစိတ် သက်သက်ကြောင့်သာ ဖြစ်သည်။
512 02
အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါကြီးသည် ပင်လယ်သမုဒ္ဒရာထဲတွင် နေထိုင်ကျက်စားသော သတ္တဝါ ဖြစ်သည်။ ယခုအချိန်ထိ စနစ်မှ ပြန်လည်အသက်သွင်းထားသော ရေနေသတ္တဝါဟူ၍ လက်ချိုးရေရုံသာ ရှိသေးသည်။
ထိုရေနေသတ္တဝါ အနည်းငယ်မျှဖြင့် ဤသတ္တဝါကြီး အသက်ရှင်သန်နိုင်ရန် အစာကျွေးနိုင်မည် မဟုတ်ချေ။
ပလိုက်ယိုဆောဆိုသည်မှာ ပင်လယ်တွင်းသွား တွားသွားသတ္တဝါ တစ်မျိုးဖြစ်ပြီး၊ ချိတ်ကောက်သဏ္ဍာန် ကွေးညွှတ်ကာ ထက်မြက်လှသော သွားများ ပါရှိသည်။ ကိုက်အားမှာလည်း အလွန်ပြင်းထန်လှပြီး ကားတစ်စီးကိုပင် ထက်ပိုင်းကျိုးသွားအောင် ကိုက်ချနိုင်စွမ်း ရှိသည်။
၎င်းသည် ယခုခေတ်ကာလ၏ ထိပ်တန်း ပင်လယ်ဖျက် သတ္တဝါ တစ်ကောင်လည်း ဖြစ်သည်။
ပင်လယ်နေ သတ္တဝါများကို ဖမ်းယူစားသောက်လေ့ ရှိရုံသာမက တခါတရံတွင် ကမ်းစပ်နားသို့ ကပ်ကာ ကုန်းနေသတ္တဝါကြီးများကိုလည်း ခြုံခိုတိုက်ခိုက် စားသောက်တတ်သေးသည်။
“ဟူး...”
ဆုပိုင်သည် အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် ရေခဲပြင်များသည် ပင်လယ်ရေမျက်နှာပြင်နှင့် ကမ်းစပ်ကို တဆက်တည်း ဖြစ်သွားအောင် ချိတ်ဆက်ထားပြီး ဖြစ်သည်။
“ဂရော ဂရော...”
ပလိုက်ယိုဆောသည် မျက်လုံးကြီးများကို ပြူးကျယ်ကာ သူ့ဆီသို့ လျှောက်လာကြသော သားကောင်များကို စိုက်ကြည့်လိုက်သည်။ ထရန်နိုဆောရက်ရပ်စ်၏ ခန္ဓာကိုယ်ပေါ်တွင် အကြည့်တစ်ချက် ရပ်တန့်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကြီးကို ရူးသွပ်စွာ လိမ်ယှက် လှုပ်ရှားလိုက်ပြီး ဦးခေါင်းနှင့်အမျှ ကြီးမားသော ပါးစပ်ကြီးကို ဖြဲလိုက်လေသည်။
ထက်မြက်သော သွားချွန်ကြီးများ အစီအရီ ပေါ်ထွက်လာသည်။
“ဂွပ် ဂွပ် ဂွပ်”
လေထုကို ကိုက်ခဲလိုက်သကဲ့သို့ မေးရိုးသံကြီးများ မြည်ဟီးလျက် ကုန်းပေါ်သို့ တွားသွားတက်ရောက်လာသည်။
“ရှီး...”
ဆုပိုင်သည် ရက်စက်ကြမ်းကြုတ်လှသော ပလိုက်ယိုဆောကြီးကို ကြည့်ရင်း လေအေးများကို ရှူသွင်းမိလိုက်သည်။ ကျိုးဝမ်၏လက်ကို ဆွဲကာ နောက်သို့ ခြေတစ်လှမ်း အသာဆုတ်လိုက်သည်။
“ဂါး...”
“ဟီး...”
ထရန်နိုဆောရက်ရပ်စ်သည် သူ့ရှေ့မှ သတ္တဝါကြီးကို မျက်လုံးမှေးလျက် ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးကာ ရေခဲပြင်ပေါ်သို့ ခြေချလိုက်ပြီး လှိမ့်ဝင်လာသော ပလိုက်ယိုဆောကို အေးစက်စွာ ကြည့်နေသည်။
ဆုပိုင်၏နောက်တွင် ရပ်နေသော အန်ကီလိုဆောရပ်စ်သည်လည်း ရှေ့သို့ ပြေးထွက်လာသည်။
အမြီးတွင် ပါရှိသော အရိုးသံတူကြီးသည် မြင့်မားစွာ ကြွတက်လာပြီး ဘယ်ညာ ယမ်းခါနေသည်။
ခန္ဓာကိုယ်ကို ၄၅ ဒီဂရီ စောင်းကာ ပလိုက်ယိုဆောကို တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်သည်။
“ဂျွတ်”
ထိုအချိန်တွင် ပလိုက်ယိုဆောသည် အစာငတ်မွတ်မှုဒဏ်ကို အလူးအလဲ ခံစားနေရသဖြင့် မျက်လုံးအစုံသည် သွေးရောင်လွှမ်းနေပြီ ဖြစ်သည်။
ခြေအောက်ရှိ ရေခဲပြင်ပေါ်တွင် အက်ကွဲကြောင်းငယ်များ စတင် ပေါ်ပေါက်လာသည်။
“ဗွမ်း...”
ရုတ်တရက် ပလိုက်ယိုဆောသည် ခန္ဓာကိုယ် တစ်ဝက်ခန့်ကို လေပေါ်သို့ ပစ်မြှောက်လိုက်ရာ ၎င်း၏ အရှိန်ကြောင့် ရှေ့ရှိ ရေခဲပြင်များ ပြိုကျပျက်စီးသွားသည်။
ပင်လယ်ရေထဲသို့ ပြန်ကျသွားသောအခါ ရေပက်ကြီးများ ဖြာထွက်လာသည်။
“ဝါး...”
512 03
ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ပါးစပ်ကြီးကို ဖြဲလျက် ရေထဲမှ ခုန်ထွက်လာပြီး ကိုယ်ထည် သေးငယ်သော အန်ကီလိုဆောရပ်စ်ကို လှမ်းကိုက်လိုက်လေသည်။
ထိုအချိန်မှာပင်...
အန်ကီလိုဆောရပ်စ်၏ အမြီးပိုင်းရှိ ကြွက်သားများ တင်းမာသွားပြီး ၎င်း၏ အရိုးသံတူကြီးကို အရှိန်ပြင်းစွာဖြင့် ရမ်းလိုက်လေသည်။
“ဘုန်း...”
သွေးစက်များ လွင့်စဉ်ထွက်လာသည်။
ကျိုးပဲ့သွားသော သွားချွန်ကြီးများစွာသည် ဆုပိုင်တို့ နှစ်ယောက်၏ ခြေရင်းသို့ လွင့်စင် ကျရောက်လာသည်။
“ဂလု...”
ကျိုးဝမ်သည် မျက်စိရှေ့မှ ကြမ်းတမ်းလှသော မြင်ကွင်းကို ကြည့်ရင်း တံတွေးမြိုချလိုက်မိသည်။
အရမ်းကို ကြမ်းတမ်းလွန်းလှသည်။
သို့သော် ဒီအန်ကီလိုဆောရပ်စ်၏တည်ငြိမ်မှုက ကြောက်ခမန်းလိလိပင်။ ပလိုက်ယိုဆော၏ ခန္ဓာကိုယ်တစ်ဝက် ရေပေါ်သို့ ခုန်တက်လာသည့် အချိန်ကျမှသာ သူ၏ အရိုးသံတူကြီးကို အရှိန်ဖြင့် ရိုက်ထည့်လိုက်ခြင်း ဖြစ်သည်။
ရိုက်ချက် ထောင့်စွန်းကလည်း အလွန်တိကျလှသည်။
ပလိုက်ယိုဆော၏ ပါးစပ်ပေါက် တည့်တည့်ကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။
ထိုရိုက်ချက်ကြောင့် ပလိုက်ယိုဆောကြီး လွင့်ထွက်သွားရုံ သာမက ပါးစပ်ထဲမှ သွားများလည်း အကုန်နီးပါး ကျိုးကုန်ရသည်။
“ဗွမ်း ဗွမ်း ဗွမ်း”
နာကျင်မှုနှင့် ဒေါသကြောင့် ပလိုက်ယိုဆောသည် ပင်လယ်ရေထဲတွင် ရူးသွပ်စွာ လူးလိမ့်နေတော့သည်။
အမဲလိုက်၍ မရသည့်အပြင် ကိုယ်တိုင်ပါ ပြင်းထန်သော ဒဏ်ရာ ရသွားခဲ့သည် မဟုတ်ပါလား။
“သွားစို့၊ ဒီကောင်ကြီး နောက်ထပ် ထွက်လာရဲတော့မယ် မထင်ဘူး”
ဆုပိုင်သည် မြေကြီးပေါ်သို့ ကျရောက်နေသော ဧရာမ သွားကြီးတစ်ချောင်းကို ကောက်ယူကာ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ကမ်းစပ်ရှိ တိရစ္ဆာန်များကို ခေါ်ကာ အဝေးသို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ဂါး...”
ထရန်နိုဆောရက်ရပ်စ်သည် အန်ကီလိုဆောရပ်စ်ကို အေးစက်စက် ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်သည်။
အသုံးမကျတဲ့ကောင်…
တကယ်လို့သာ သူ့အလှည့်ဆိုရင် ခုနက ပလိုက်ယိုဆောကြီး ကုန်းပေါ် ပါလာလောက်ပြီ။
အသက်ရှင်နေတဲ့ အသားဆိုတာ ဒီလိုနေရာမျိုးမှာ ရှာရခက်တာကိုး။
ဒေါသတကြီးဖြင့် နှာမှုတ်လိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်ချပေးကာ ဆုပိုင်တို့ နှစ်ယောက်ကို ကျောပေါ်သို့ တက်စေလိုက်သည်။
“သွားမယ်”
ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်တွင် ထိုင်လျက် လက်ဝှေ့ယမ်းကာ ရှေ့သို့ ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။
“အနံ့ကို သေချာ ခံကြည့်၊ အနီးအနားမှာ တခြားတိရစ္ဆာန်တွေ ရှိမရှိ ရှာစမ်း”
ထရန်နိုဆောရက်ရပ်စ်ခြေရင်းနားတွင် ရှိနေသော အကောင်ငယ်လေးများကို လှမ်း၍ မှာကြားလိုက်သည်။
“ကျွီ...”
“သိပါပြီ”
******
513 01
အခန်း 513 ကြောင်အမ်းသွားသော စာကြည့်တိုက်မှူး (၂/၂)
ကွန်ပ်ဆော်ဂနသစ် အကောင်ငယ်လေးများသည် ဦးခေါင်းများကို လှုပ်ယမ်းကာ ပါးနပ်စွာ အသံပြုလိုက်ကြပြီး အမြီးတနှံ့နှံ့ဖြင့် ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကြလေသည်။
. . .
ချင်တု တက္ကသိုလ်
ထိုအချိန်၌...
“ဝါး...”
“ဟော မိုးတောင် လင်းနေပြီပဲ”
ဝမ်ချန်သည် ခေါင်းမော့ကာ ဘေးနားရှိ ပြတင်းပေါက်မှန်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ နေဝန်းနီသည် မိုးကုတ်စက်ဝိုင်းထက်သို့ မြင့်တက်လာပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏ ရှေ့ရှိ စားပွဲပေါ်တွင်မူ ပုံကြမ်းစာရွက် အထပ်လိုက် ရှိနေသည်။
ထိုစာရွက်များပေါ်တွင် အန်ကီလိုဆောရပ်စ် ၏ ပုံတူပန်းချီများ သာမက စောစောက တွေ့ခဲ့ရသည့် ပလိုက်ယိုဆောပုံကိုပါ ရေးဆွဲထားခြင်း ဖြစ်သည်။
ဒိုင်နိုဆော တစ်ကောင်ချင်းစီကို အသက်ဝင်လှုပ်ရှားနေသယောင် တူညီစွာ ရေးဆွဲထားသည်။
ဘေးနားရှိ နေရာလွတ်များတွင် ထိုဒိုင်နိုဆောများ၏ အသေးစိတ် အချက်အလက်များကို ရေးမှတ်ထားသည်။
ဒါသည်ကား ယမန်နေ့ တစ်ညလုံး သူ ကြိုးစားထားခဲ့သော ရလဒ်များပင်။
သူသည် ထိုစာရွက်များကို တန်ဖိုးကြီး ရတနာများကဲ့သို့ သဘောထားကာ ဖိုင်တွဲတစ်ခုထဲသို့ သေချာစွာ ထည့်လိုက်သည်။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို တစ်ချက်ကြည့်ပြီး နေရာမှ ထကာ သန့်စင်ခန်းသို့ ဝင်သွားလိုက်သည်။ ရေအေးဖြင့် မျက်နှာသစ်ပြီးသည်နှင့် နေရာတွင် ပြန်လာထိုင်လေသည်။
ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို သူ အစမှအဆုံးထိ စောင့်ကြည့်လေ့ရှိသည်။
ထုတ်လွှင့်ချိန်သည် ရက်ပေါင်းမည်မျှပင် ကြာမြင့်ပါစေ။
သူသည် လက်တော့ပ် ရှေ့မှ ဖယ်ခွာလေ့ မရှိပေ။
တိရစ္ဆာန် တစ်မျိုးမျိုး လွတ်သွားမည်ကို အလွန်အမင်း စိုးရိမ်သောကြောင့် ဖြစ်သည်။
ဤအပြုအမူသည် သူ့အတွက် အကျင့်တစ်ခုလို ဖြစ်နေခဲ့ချေပြီ။ ယခုအချိန်တွင် သူ့ကို ပြန်အိပ်ခိုင်းလျှင်ပင် အိပ်ပျော်နိုင်မည် မထင်ပေ။
“တီ တီ...”
ရုတ်တရက် ညာဘက်ထောင့်ရှိ Private Messageမီးပွိုင့် လင်းလာသည်။ ဝမ်ချန်သည် တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လျစ်လျူရှုလိုက်သည်။
“ပရိသတ် တစ်ယောက်ယောက် ဆီက ဖြစ်မှာပါလေ...”
တိုးတိုးလေး ရေရွတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ Admin ဖြစ်လာပြီးကတည်းက နေ့စဉ်လိုလို ထူးဆန်းသော စာတိုများစွာကို သူ လက်ခံရရှိလေ့ ရှိသည်။
“ဟေ့လူ စာကြည့်တိုက်မှူး ခင်ဗျားကို စိန်ခေါ်တယ်၊ ကျုပ်ကမှ တကယ့် ဗဟုသုတ ဘုရင်ဗျ”
“စာကြည့်တိုက်မှူး ခင်ဗျား လိပ်စာ ပေးစမ်း၊ လူချင်း တွေ့ပြီး တစ်ပွဲလောက် ချချင်လို့...”
“ကလေး လိုချင်လို့ပါ၊ အသက် ၂၈ နှစ်၊ ခင်ပွန်းသည်က မစွမ်းဆောင်နိုင်လို့၊ ရှင့်ကို စောင့်ကြည့်နေတာ ကြာပြီ၊ ဆက်သွယ်လိုက်ပါ ဖုန်းနံပါတ် XXXXXXXX”
“. . .”
စသည်ဖြင့် ပုံစံမျိုးစုံသော စာတိုများကို သူ ရရှိဖူးသည်။
“တီ တီ တီ”
ပထမ စာတိုကို ဂရုမစိုက်ဘဲ နေလိုက်သော်လည်း စာတိုပေးပို့မှု မီးပွိုင့်သည် ရူးသွပ်မတတ် ဆက်တိုက် လင်းလက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“ဟူး...”
သက်ပြင်းချလိုက်ပြီး စာတိုအကွက်ကို ဖွင့်ကြည့်လိုက်သည်။
513 02
မျက်လုံးကို မှေးလျက် ဖတ်ကြည့်ပြီးနောက် ဝမ်ချန် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ပျင်းစရာ ကောင်းလိုက်တာ၊ လိမ်မယ်ဆိုလည်း ပိပိရိရိ လိမ်ပါလား...”
စာတိုအကွက်ကို တန်းပိတ်လိုက်သည်။
နောက်ပြောင်နေတာလား? သူ့ကို တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနထဲ ဝင်ဖို့ ဖိတ်ခေါ်နေတယ်တဲ့။
ဒါ ပေါက်ကရတွေ မဟုတ်ဘူးလား?
သူ့မှာ တက္ကသိုလ် ဘွဲ့လက်မှတ်တောင် မရှိသေးပါဘူးဆိုမှ။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာန ဆိုတာက အခုအချိန်မှာ ရေပန်းအစားဆုံးနဲ့ ဝင်ချင်သူ အများဆုံး အစိုးရဌာနကြီးလေ။
သာမန် ဝန်ထမ်းခေါ်တာမျိုး ဆိုရင်တော့ တကယ်များ ဖြစ်နေမလားလို့ ဝမ်ချန် စဉ်းစားကြည့်ဦးမည်။
ဒါပေမဲ့ နောက်ဆက်တွဲ စာကြောင်းက သူ့ကို လက်လျှော့သွားစေသည်။
နန်ကုန်းယွမ်: မင်္ဂလာပါ၊ ခင်ဗျားကို တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနထဲ ဝင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ ဒိုင်နိုဆောတွေ နေထိုင်မဲ့ နေရာကိစ္စ အတူတကွ ဆွေးနွေးချင်လို့ပါ
“ဒီလူလိမ်ကတော့ သူ့ကိုယ်သူ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနရဲ့ အကြီးအကဲများ မှတ်နေလား မသိဘူး။ ငါနဲ့ လာဆွေးနွေးမယ်တဲ့”
မိမိကိုယ်ကို လှောင်ပြုံး ပြုံးလိုက်ပြီး ဝမ်ချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ အာရုံစိုက် ကြည့်ရှုလိုက်တော့သည်။
ထိုအချိန်တွင် ဆုပိုင်နှင့် ကျိုးဝမ်တို့သည် ထရန်နိုဆောရက်ရပ်စ်၏ ကျောပေါ်တွင် လိုက်ပါလျက် ကျယ်ပြောလှသော ရေခဲပြင်ကြီးကို ဖြတ်သန်းသွားလာနေကြသည်။
“အားကျလိုက်တာဗျာ တချိန်ချိန်ကျရင် ငါလည်း ဒါရိုက်တာဆုပိုင်နောက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲ ပါခွင့်ရရင် သိပ်ကောင်းမှာပဲ”
ထိုသို့ ရေရွတ်နေစဉ်...
ရုတ်တရက် အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။
ငုံ့ကြည့်လိုက်ရာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အခြားသော Adminတစ်ဦး ဖြစ်နေသည်။
အလျင်အမြန် ဖုန်းကိုင်လိုက်သည်။
“ဟေ့လူ ဘာဖြစ်နေတာလဲ။ ဘာလို့ ပြန်မပြောတာလဲ”
“ခုနက ကျွန်တော့် သူဌေး ခင်ဗျားဆီ စာပို့လိုက်တယ်လေ၊ ဘာလို့ ပြန်စာ မပို့တာလဲဗျ။ ကျွန်တော်က သူဌေးရှေ့မှာ ခင်ဗျားအကြောင်း ကောင်းတာတွေချည်း ပြောပေးထားတာကို”
“ခင်ဗျား အခုချက်ချင်း ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်နားကို လာခဲ့လိုက်၊ ကျွန်တော် အဲဒီမှာ စောင့်နေမယ်။ ညီအစ်ကိုရာ ကောင်းကောင်း ကြိုးစားစမ်းပါ၊ ခင်ဗျား တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနထဲ ဝင်ရဖို့ အခွင့်အရေး ရနေပြီနော်”
“. . .”
ဖုန်းချပြီးနောက် ဝမ်ချန်တစ်ယောက် ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။
သူ...
အထက်တန်းတောင် မအောင်သေးတဲ့ ဆင်းရဲသား ကောင်လေးက နိုင်ငံဝန်ထမ်း ဖြစ်တော့မှာလား။
“ဒုန်း...”
လက်တော့ပ်ကို အမြန်ပိတ်၊ ဘေးနားရှိ ဖိုင်တွဲကို ဆွဲယူကာ ဝမ်ချန်သည် စာကြည့်တိုက်ထဲမှ ဒုံးဆိုင်းပြေးထွက်သွားလေသည်။
“ဝမ်လေး ဘယ်သွားမလို့လဲ?”
ပါမောက္ခချင်းသည် စာကြည့်တိုက် တံခါးဝတွင် ရပ်နေရင်း အလောတကြီး ပြေးထွက်သွားသော ဝမ်ချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် လှမ်းမေးလိုက်သည်။
“ပါမောက္ခချင်း ကျွန်တော့်မှာ အရေးကြီး ကိစ္စရှိလို့၊ သတင်းကောင်းဗျ၊ သတင်းကောင်း…ကျွန်တော် သွားတော့မယ်နော်”
လက်ကို ဝှေ့ယမ်းနှုတ်ဆက်ရင်း ရင်ခွင်ထဲမှ ဖိုင်တွဲကို တင်းကျပ်စွာ ပိုက်လျက် တက္ကသိုလ် ဂိတ်ပေါက်ဝဆီသို့ ခြေကုန်သုတ် ပြေးလေတော့သည်။
513 03
“ဒီကောင်လေး ဘာသတင်းကောင်းများ ပါလိမ့်”
ပါမောက္ခ ချင်းသည် မေးစေ့ကို ပွတ်သပ်ရင်း ပြုံးလိုက်ပြီး စာကြည့်တိုက်ထဲသို့ ဝင်သွားလေသည်။
. . .
ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်
စားသောက်ဆိုင် အတွင်း၌
တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနမှ အရာရှိအများအပြားသည် ကုလားထိုင်များပေါ်တွင် ခပ်မတ်မတ် ထိုင်နေကြသော်လည်း လူတိုင်း အံကို တင်းတင်းကြိတ်ထားကြပြီး မျက်နှာများ နီရဲနေကြသည်။ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသောကြောင့် ဖြစ်သည်။
“ဘုန်း...”
“ရယ်ချင် ရယ်လိုက်ကြစမ်းပါ၊ အောင့်ထားရင် ရောဂါရကုန်ဦးမယ်”
နန်ကုန်းယွမ်သည် စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး လက်လျှော့သည့် လေသံဖြင့် ဟိန်းဟောက်လိုက်သည်။
“ဟား ဟား ဟား ဟား ဌာနမှူးရာ၊ ခုနက ကိုယ့်နာမည်ကိုယ် တန်းမိတ်ဆက်လိုက်ရင် ပြီးနေတာကို”
“ဟုတ်ပါ့ဗျာ၊ ခင်ဗျားက အဲဒီလိုကြီး သွားပြောမှတော့ ကျွန်တော်သာ ဆိုရင်လည်း ယုံမှာ မဟုတ်ဘူး”
“'ဒိုင်နိုဆော နေထိုင်မဲ့ နေရာကိစ္စ အတူတကွ ဆွေးနွေးချင်လို့ပါ' တဲ့ ဟား ဟား ဟား၊ ဟိုစာကြည့်တိုက်မှူးခမျာ အခုလောက်ဆို ကြောင်တောင်တောင် ဖြစ်နေလောက်ပြီ”
“တော်ကြတော့ မရယ်ကြနဲ့တော့”
နန်ကုန်းယွမ် သည် လက်ကာပြလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ကိုယ်ကို မတ်လိုက်သည်။
“ကျွန်တော်တို့ ဒီလောက် လူအများကြီး တိရစ္ဆာန်ဥယျာဉ်ထဲ အရေးတကြီး ရောက်လာရတာ ရည်ရွယ်ချက် ရှိတယ်။ ဒါရိုက်တာဆုပိုင်ပြန်လာရင် ပါလာမဲ့ ဒိုင်နိုဆောတွေကို ဘယ်လို စီစဉ်မလဲ ဆိုတာ တိုင်ပင်ဖို့ပဲ”
“လီတောင်မှာ ထားဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။ တောင်တစ်ခုလုံးကို ပိတ်ထားတယ် ဆိုပေမဲ့ အနီးအနားမှာ နေထိုင်တဲ့ ပြည်သူတွေ ရှိနေတယ်။ တကယ်လို့များ ဒိုင်နိုဆောတွေ လွတ်ထွက်သွားရင် ပြည်သူလူထု အထိတ်တလန့် ဖြစ်ကုန်လိမ့်မယ်”
“အားလုံး သေချာ စဉ်းစားကြပါ၊ ဘယ်နေရာက အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာကို”
******