← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း 520.မင်း အတုခိုးတာ တော်တော်တူတာပဲ။ (၂/၂)

“သိပြီ၊ သိပြီ”

“ဒါပေမဲ့ အဖေဟ... ကျွန်တော် တကယ် လုပ်နိုင်ပါ့မလား။ တကယ်လို့ ဒါရိုက်တာ ဆုပိုင်က မယုံရင် ဘယ်လိုလုပ်မလဲ?”

အာဟသည် ထိုအကောင်လေး၏နဖူးကို ခပ်ပြင်းပြင်း တစ်ချက်ပုတ်လိုက်ပြီးနောက် ဟောက်လိုက်သည်။

“နာနာကျင်ကျင် အော်ဟစ်တာကို မင်း တတ်လား”

“ဘယ်လောက်ပဲဖြစ်ဖြစ် သနားစရာကောင်းလေ ပိုကောင်းလေပဲ...”

“ငါ ပြောပြမယ်...”

“ဝုန်း”

စကားမဆုံးသေးခင်မှာပင် အပေါ်ဘက်မှ ဧရာမ အရာဝတ္ထုကြီးတစ်ခု ရုတ်တရက် ပြုတ်ကျလာပြီး ထူထဲလှသော အမြီးဆူးကြီးသည် အာဟကို အောက်တွင် ဖိချလိုက်တော့သည်။

“အီး... ဝူး...”

“ကယ်ကြပါဦး ကယ်ကြပါဦး ငါ့ခြေထောက်... ငါ့ခြေထောက်ကြီး”

“ငါ့ရဲ့ အဖိုးတန်လှတဲ့ ခွေးခြေထောက်လေး... အား... အား”

“တစ်ယောက်ယောက် ရှိကြလား... လာကြပါဦး၊ ဒါကြီးက ဘာကြီးလဲ၊ ငါ့ကို ဖိသတ်နေပြီ၊ ဟီး... ဟီး...”

အာဟသည် အမြီးကြီးအောက်မှ ခေါင်းကို အသည်းအသန် ပြန်ထုတ်ကာ အသံကုန် ဟစ်အော်ငိုယိုနေတော့သည်။

“ဟိဟိ”

“အဖေဟ... ကျွန်တော် နားလည်သွားပြီ”

ဖင်းမြေခွေးလေးသည် အာဟ၏ရှေ့သို့ အပြေးအလွှား သွားလိုက်သည်။ အဆက်မပြတ် နာကျင်စွာ အော်ဟစ်နေသော အာဟကို ကြည့်ကာ ၎င်း၏ လက်ကလေးဖြင့် အာဟ၏ နဖူးကို ပုတ်လျက် ချီးကျူးလိုက်သည်။

“ အဖေဟ ကတော့ တကယ့်ကို တော်တာပဲ၊ အော်တာက တကယ့်ကို သနားစရာကောင်းတာပဲ”

“ကျွန်တော် နားလည်ပြီ၊ နောက်ကျရင် ကျွန်တော့်အလှည့်ကျရင် စောင့်ကြည့်နေလိုက်...”

“ အဖေဟ စိတ်မပျက်စေရဘူးနော်”

ပြောပြီးသည်နှင့် မြေခွေးလေးသည် ရှေ့မှ ဧရာမ အရာဝတ္ထုကြီးကို မော့ကြည့်ကာ ခေါင်းကို အသာရမ်းလိုက်သည်။ တကယ့်ကို ကြီးမားလှသည်။ ၎င်းသည် လည်ပင်းကို အစွမ်းကုန် မော့ကြည့်သော်လည်း အဆုံးကို မမြင်ရပေ။

“ အဖေဟ... ဒီည ကျွန်တော် နဂါးအမေနဲ့ ချိန်းထားတာ ရှိလို့ သွားပြီနော်”

ပြောပြီးနောက် အာဟ၏မျက်ရည်ဝိုင်းနေသော မျက်လုံးများရှေ့မှာပင် အဝေးသို့ ပြေးထွက်သွားတော့သည်။

“မဟုတ်ဘူးလေ...”

“တောက်... ဘယ်သူက မင်းကို အတုခိုးပြနေလို့လဲ၊ ဒါ ငါ တကယ် နာလို့ အော်နေတာကွ”

“မင်း ပြန်လာခဲ့ဦးလေ”

အာဟသည် မျက်လုံးများကို ပြူးလျက် မနားတမ်း အော်ဟစ်နေမိသည်။ ဘယ်လို ဖြစ်တာလဲ။ သူ့ကျောပေါ်ကို ပြုတ်ကျလာတာက ဘာကြီးလဲ။ သူ့ကို ဖိသတ်တော့မည်။

520 02

“ဟူး...”

“အားလုံး မဆူကြနဲ့ဦး၊ ငါ သွားကြည့်လိုက်မယ် ဘာဖြစ်တာလဲဆိုတာ”

လောင်ကျိုးသည် အသံများကြားရသည့်အခါ အဝတ်ကို ကမန်းကတန်း ခြုံ၍ ထွက်လာခဲ့သည်။ အဝေးမှ တိရစ္ဆာန်ရုံ မြက်ခင်းပြင်ပေါ်တွင် ဧရာမ အလောင်းကြီးတစ်ခု လဲလျောင်းနေပြီး သွေးများမှာ စမ်းရေတွင်းမှ ရေများကဲ့သို့ မြက်ခင်းပေါ်တွင် စီးဆင်းနေသည်ကို မြင်လိုက်ရသည်။ ညှီစို့စို့ အနံ့ဆိုးကြီးကို အုပ်ထားရင်း လောင်ကျိုးသည် ထိုအလောင်းကြီးဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားခဲ့သည်။

“ဝူး...”

ထိုသတ္တဝါကြီးကို တစ်ပတ်ပတ်ကြည့်ပြီးနောက် လောင်ကျိုးသည် ကြောင်အလျက် နားထင်ကို ကုတ်နေမိသည်။ အထူးသဖြင့် ထိုအကောင်၏ ပါးစပ်အတွင်းမှ ကျိုးပဲ့နေသော သွားအချို့ကို မြင်လိုက်ရသည့်အခါ တစ်ခုခုကို သတိပြုမိသွားသည်။ သူသည် အိမ်ထဲသို့ အမြန်ပြေးဝင်ကာ တူတစ်ချောင်းကို ယူလာခဲ့သည်။

“ဒေါက်... ဒေါက်... ဒေါက်”

သူသည် ထိုသွားများကို တစ်ခုမကျန် ရိုက်ချိုးပစ်လိုက်သည်။ သူ မမှားဘူးဆိုလျှင် ဤသည်မှာ ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သော ပလိုက်ယိုဆောအလောင်း ဖြစ်ပေလိမ့်မည်။ မည်သို့သော အကြောင်းကြောင့် ဤအလောင်းက ပါလာသနည်း သူ မသိသော်လည်း...

“ဟူး...”

လောင်ကျိုးသည် သက်ပြင်းတစ်ချက်ချကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တူကို ကျောတွင် ချိတ်လိုက်သည်။

“အခုဆိုရင်တော့ ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ဘူး”

ကံကောင်းထောက်မစွာဖြင့် တိရစ္ဆာန်ရုံအတွင်း၌ ပြင်ပလူ မရှိသေးပေ။ တကယ်လို့ တစ်စုံတစ်ယောက်သာ မြင်သွားပါက ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။

“ဟိန်း...”

ထိုအချိန်တွင် တိရစ္ဆာန်ရုံ၏ အနက်ရှိုင်းဆုံးနေရာရှိ ထရန်နိုဆောရက်ရပ်စ်၏ နယ်မြေအတွင်းမှ ဟိန်းသံများ ထွက်ပေါ်လာသည်။

“လောင်ကျိုးလား”

ဆုပိုင်သည် ပလိုက်ယိုဆော အလောင်းရှေ့တွင် ရပ်နေသော လောင်ကျိုးကို မြင်သဖြင့် လှမ်းခေါ်လိုက်သည်။

“ဒါရိုက်တာ ဆုပိုင်”

“ဒီအလောင်းကြီးကို... ငါတို့ ဘယ်လိုလုပ်ကြမလဲ”

ဆုပိုင်သည် ပလိုက်ယိုဆောအလောင်းကို ကြည့်ကာ စိတ်ညစ်စွာဖြင့် နားထင်ကို ဖိလိုက်သည်။ စနစ်သည် မိုဆာဆောရတ်စ်ကို ပြန်လည်အသက်သွင်းပေးရုံတင်မကဘဲ ပလိုက်ယိုဆောအလောင်းကိုပါ ဘာကြောင့် သယ်လာရတာလဲ။ သူ တွေးမရ ဖြစ်နေသည်။ ဒိုင်နိုဆောများ အားလုံးမှာ တိရစ္ဆာန်ရုံအတွင်း ရောက်ရှိနေပြီ ဖြစ်သဖြင့် ၎င်းတို့ကို နဂါးအမေအား ကြည့်ရှုခိုင်းထားလိုက်သည်။

မိုဆာဆောရတ်စ်ကိုမူ စနစ်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ရေအောက်ပြတိုက်အတွင်းသို့ တိုက်ရိုက်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ စနစ်၏ အဆိုအရ ၎င်းကို ပင်လယ်ကြမ်းပြင်တွင် နေရာချထားသဖြင့် လင်းပိုင်နှင့် ဝေလငါးများ၏ နေထိုင်မှုကို ထိခိုက်စေမည် မဟုတ်ပေ။

“တိရစ္ဆာန်တွေ အားလုံးကို နှိုးလိုက်ပါ...”

520 03

“ဒီအလောင်းကို အပိုင်းပိုင်း ဖြတ်ကြမယ်...”

ဆုပိုင်သည် ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ အလောင်းမှာ ကြီးမားလွန်းလှသဖြင့် အပိုင်းပိုင်း ဖြတ်တောက်ပြီးမှ သယ်ယူရန်သာ ရှိတော့သည်။ ထို့ပြင် မိုဆာဆောရတ်စ်အတွက်လည်း အစာအချို့ ချန်ထားပေးရဦးမည်။ ထိုကောင်ကြီး၏ အစားအသောက်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။

“ကောင်းပြီလေ”

လောင်ကျိုးသည် ပြောပြီးသည်နှင့် အပြင်သို့ အမြန်ပြေးထွက်သွားသည်။ အတန်ကြာပြီးနောက် ဆုပိုင်သည် တိရစ္ဆာန်အုပ်စုကို ဦးဆောင်ကာ ပလိုက်ယိုဆောကို အပိုင်းပိုင်း ဖြတ်တောက်ကြတော့သည်။

၅ နာရီခန့် ကြာပြီးနောက်တွင်မှ ထိုအလောင်းကြီးကို အကုန် ဖြတ်တောက်နိုင်ခဲ့သည်။ စနစ်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီးနောက် ဆုပိုင်သည် ဗိုက်စည်ကားနေသော တိရစ္ဆာန်များကို တစ်ချက်ကြည့်ကာ လောင်ကျိုးကို လှမ်းပြောလိုက်သည်။

“မနက်ဖြန်ကျရင် ဒီအသားတွေကို ရေအောက်ပြတိုက်ကို သယ်သွားလိုက်ပါ”

မှာကြားပြီးနောက် သူသည် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသည်။ မနက်ဖြန်ကျလျှင် နန်ကုန်းယွမ် ဌာနမှူးကို အမြန်ဆုံး သွားတွေ့ရပေလိမ့်မည်။ ဤဒိုင်နိုဆောများကို တိရစ္ဆာန်ရုံထဲမှာပဲ အမြဲထားလို့ မဖြစ်ပေ။

“အား... ဗိုက်ကို တင်းနေတာပဲ။ တစ်နေ့မှာ ငါ တပိုင် တစ်ယောက် အသားစားရလိမ့်မယ်လို့ မထင်ထားဘူး”

ပန်ဒါကြီးတပိုင်သည် မြက်ခင်းပေါ်တွင် မှောက်ရက်လဲလျောင်းရင်း ဘေးမှဝင်ရိုးစွန်းဝက်ဝံကို လှမ်းပြောလိုက်သည်။

“ကောင်လေး... မင်းရော ဗိုက်ဝရဲ့လား?”

“အဖေပိုင်... ကျွန်တော့်ဗိုက်တော့ ပေါက်ထွက်တော့မှာပဲ”

ရှောင်ပိုင်သည် ဗိုက်ကို ပွတ်ရင်း အသက်ကို ခက်ခဲစွာ ရှူနေသည်။ ၎င်းတို့တင်မကဘဲ ပျားရည်ခွေးတူဝက်တူ၊ ဟာလီ၊ ရွှေမြွေကြီးနှင့် အခြားငှက်များအားလုံးသည်လည်း အားရပါးရ စားသောက်ခဲ့ကြသည်။

သို့သော် အာဟ တစ်ကောင်တည်းကိုသာ ချက်ချင်း သယ်ဆောင်သွားကြရသည်။ တခြားတိရစ္ဆာန်များ၏ အဆိုအရ အရိုးကျိုးသွားခြင်းလော သို့မဟုတ် တစ်ခုခု ဖြစ်သွားခြင်းလော မသိရပေ။

“ဟူး... အာဟကတော့ ကံမကောင်းရှာပါဘူး၊ ဒီလို ကောင်းတဲ့ကိစ္စမျိုးကို မမှီလိုက်ဘူး” တပိုင်က သနားကရုဏာဖြင့် ရေရွတ်လိုက်သည်။

“အာဟကတော့ တကယ့်ကို ကံဆိုးတာပဲ”

ဘေးတွင် ဝပ်နေသော မြေခွေးလေးကလည်း ထောက်ခံလိုက်သည်။ သူ့ကို နာကျင်စွာ အော်ဟစ်ဟန်ပြပေးရင်းနှင့် တကယ်ကြီး အရိုးကျိုးသွားရသလားဟု သူ တွေးနေမိသည်။

520 04

နောက်တစ်နေ့ နံနက်တွင်...

“ဒါရိုက်တာ ဆုပိုင်၊ အချက်အလက်နဲ့ ကိုက်ညီတဲ့ ကျွန်းတွေက ဒီမှာပါ”

ထမင်းစားဆောင်အတွင်း၌ လက်ထောက်ဖြစ်သူက စာရွက်စာတမ်းများကို ဆုပိုင်၏ ရှေ့တွင် ချထားပေးလိုက်သည်။ နန်ကုန်းယွမ်က ရှေ့တွင် ထိုင်ရင်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒီတစ်ခါ ပြန်လည်အသက်သွင်းလိုက်တဲ့ ဒိုင်နိုဆောတွေက အရမ်းများလွန်းတယ်။ မင်း တိုက်ရိုက်လွင့်တင်နေတုန်းက ငါတို့ ဆွေးနွေးပြီးပါပြီ။ ဝမ်ချန်ရဲ့အကြံပြုချက်အရ ကျွန်းက အသင့်တော်ဆုံးပဲလို့ ငါတို့လည်း ယူဆတယ်။ မင်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်”

ဆုပိုင် ပြန်ရောက်လာသည်ကို သိသည်နှင့် သူတို့သည် အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်သည်။ တိရစ္ဆာန်ရုံအတွင်းရှိ ဒိုင်နိုဆောသစ်များကို မြင်ရသည့်အခါ သူတို့အားလုံး ကြောင်အသွားကြရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရသည်နှင့် လူချင်းတွေ့ရသည်မှာ အလွန်ကွာခြားလှသည်။ အရွယ်အစား သေးငယ်သော ဒိုင်နိုဆောများပင်လျှင် ကြမ်းတမ်းလှသည့် ပုံစံရှိရာ လူတိုင်းကို ထိတ်လန့်စေသည်။

ဆုပိုင်သည် စာရွက်များကို လှန်လှောကြည့်ကာ အချက်အလက်များကို သေချာ စစ်ဆေးလိုက်သည်။ ရုတ်တရက် နေရာတစ်ခုကို မြင်လိုက်ရသည့်အခါ သူသည် အံ့သြတကြီး ဖြစ်သွားရသည်။

“ဒီနေရာမှာ လူတွေ မနေကြဘူးလား”

ဆုပိုင်က မြေပုံကို ထုတ်ယူကာ နန်ကုန်းယွမ်ကို မေးလိုက်သည်။

“ဪ... ဒီနေရာလား။ မဟာမျိုးသုဉ်းမှုကြီး ဖြစ်ပြီးကတည်းက လူတွေကို အကုန်ပြန်ပြောင်းခေါ်လာခဲ့တာ။ အဲ့ဒီမှာ လူမရှိတာ ကြာလှပြီ” နန်ကုန်းယွမ်က ပြုံးလျက် ဖြေလိုက်သည်။

“ဒီကျွန်းက ငါတို့ ပထမဆုံး ရွေးထားတဲ့ ကျွန်းတွေထဲက တစ်ခုပဲ။ တခြားနေရာတွေမှာ မရှိတဲ့ အားသာချက်တွေ အများကြီး ရှိတယ်။ ငါတို့ တရုတ်ပြည်နဲ့လည်း နီးတယ်။ ပြီးတော့ အရင်က အဲဒီမှာ လေဆိပ်လည်း ဆောက်ထားဖူးတာ ရှိတော့ မြေမျက်နှာသွင်ပြင်က ညီညာတယ်။ ငါတို့ အသစ်ပြန်တိုင်းစရာ မလိုဘဲ တိုက်ရိုက် ပြန်ပြင်ဆင်လို့ ရတယ်။ ဒါတင်မကဘူး၊ သင်္ဘောနဲ့ သွားမယ်ဆိုရင်လည်း သွားလို့ရတာမို့လို့ သယ်ယူပို့ဆောင်ရေးက အရမ်းလွယ်ကူတယ်။ အခုဆိုရင် အဲ့ဒီကျွန်းက လူသားတွေရဲ့ ဖျက်ဆီးမှု မရှိတာ ကြာပြီဖြစ်လို့ မူလတောနက်ကြီးအဖြစ် ပြောင်းလဲနေပြီ။ အပင်စား ဒိုင်နိုဆောတွေအတွက် အစားအစာကတော့ ပေါများလှပါတယ်။ အစားအစာတွေ သယ်ပို့မယ်ဆိုရင်တောင် မနက်ထွက်ရင် ညနေရောက်နိုင်တဲ့ အနေအထားမှာ ရှိတယ်”

“ကျွန်တော် နားလည်ပါပြီ”

ဆုပိုင်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ ကောင်းမွန်သောနေရာမျိုး လူမရှိဘဲ ကျန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကျယ်အဝန်းကလည်း ကြီးမားသလို ရာသီဥတုကလည်း ဒိုင်နိုဆောများအတွက် အလွန် သင့်တော်လှသည်။ တိရစ္ဆာန်ရုံတစ်ခုလုံး ပြောင်းရွှေ့မယ်ဆိုရင်တောင် နေရာလောက်ငှသည်။

“ဒါဆိုရင်တော့ ဒီနေရာကိုပဲ ရွေးလိုက်မယ်”

“မနက်ဖြန်ကျရင် ကျွန်တော်တို့ သွားကြည့်ကြတာပေါ့”

“ဒါပေမဲ့ တည်ဆောက်ရေးပိုင်းမှာတော့ ခင်ဗျားတို့ ကူညီစရာ မလိုပါဘူး။ ကျွန်တော်တို့ တိရစ္ဆာန်ရုံကနေပဲ ကိုယ်တိုင် လုပ်ပါ့မယ်။ ဝမ်ချန် အတွက်ကတော့ ဒိုင်နိုဆောကျွန်း စီမံကိန်း မပြီးမချင်း ကျွန်တော် ကျွန်းပေါ်မှာ အတူနေပေးပြီး ဒီဒိုင်နိုဆောတွေရဲ့ အသိအမှတ်ပြုမှုကို ရအောင် ကူညီပေးပါ့မယ်”

******

521 01

အခန်း 521 ကျွန်တော် ဝင်ပြိုင်မယ် (၁)

ချင်တုမြို့၏ လမ်းမကြီးပေါ်တွင် လူငယ်လေးတစ်ဦးသည် လျှောက်လှမ်းနေရင်း အဝေးမှ လူစုလူဝေးကြီးကို တွေ့သဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ ရှေ့မှ ဖန်သားပြင်ကြီးကို တစ်ချက်မော့ကြည့်ပြီးနောက် ထိုနေရာသို့ အပြေးအလွှား သွားလိုက်တော့သည်။

“ဒီပွဲက နည်းနည်းတော့ အန္တရာယ်များမယ့်ပုံပဲနော်”

“နောက်နှစ်ပတ်နေရင် စတော့မှာတဲ့။ ငါတို့ သွားပြိုင်ကြရင် ကောင်းမလား။ ပထမဆုရတဲ့သူက တစ်သက်တာ အခမဲ့ကတ် ရမှာတဲ့။ နှစ်တိုင်း အားလပ်ရက် အနားယူလို့ ရမယ့်အပြင် မိသားစုဝင် သုံးယောက်ကိုပါ ခေါ်သွားလို့ ရတယ်ဆိုပဲ”

“ဟုတ်တယ်၊ ဒါကတော့ တကယ့်ကို တန်ဖိုးဖြတ်လို့ မရတဲ့ ဆုပဲ။ အစိုးရကတောင် ပြောထားတယ်လေ၊ ဒိုင်နိုဆောကျွန်းပေါ်မှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေ ဆောက်မှာတဲ့။ ဒီတစ်သက်တာကတ်သာ ရှိရင် ဟိုတယ်မှာ နေတာတောင် အခမဲ့ပဲတဲ့”

“အား... ဒီပွဲကိုတော့ ငါ သေချာပေါက် သွားပြိုင်ရမယ်။ ဒီကတ်သာ ရရင် နောက်ဆို တခြား ဘယ်မှ သွားစရာ မလိုတော့ဘူး။ ပင်လယ်လည်း ရှိတယ်၊ တောနက်လည်း ရှိတယ်၊ အကောင်းဆုံး ဟိုတယ်မှာလည်း နေလို့ရမယ်။ အဓိကကတော့ တိရစ္ဆာန်တွေနဲ့ အတူတူ ဆော့လို့ရမှာပဲ”

“ပြိုင်မယ်၊ ပြိုင်မယ်။ ဒါပေမဲ့ ကန့်သတ်ချက်က နည်းနည်း ခက်တယ်ဗျ။ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြားပဲ ပြိုင်ရမှာတဲ့။ ကလေးတွေနဲ့ လူကြီးတွေ ပြိုင်လို့ မရဘူး။ တောက်... ငါက အသက် ၄၆ နှစ်ပြည့်ပြီးကာမှပဲ”

ရှင်းခိုင်သည် လူအုပ်ကြီး၏ နောက်တွင် ရပ်နေရင်း ၎င်းတို့၏ စကားများကို နားထောင်ကာ ရှေ့မှ ဖန်သားပြင်ကြီးကို မော့ကြည့်နေမိသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင်၏ ပုံရိပ် ရှိနေပြီး ၎င်း၏ အေးစက်လှသော မျက်လုံးများမှာ လူတစ်ယောက်ကို ဝါးမြိုတော့မည့်အလား ဖြစ်နေသည်။ ထိုသတ္တဝါကြီး၏ ဘေးတွင်မူ ရှုခင်းလှပသော ကျွန်းကြီးတစ်ကျွန်း ရှိနေသည်။ ကျွန်း၏ လေးဖက်လေးတန်တွင် ပင်လယ်ပြင်ကြီး ဝန်းရံထားပြီး စိမ်းစိုလှသော မူလတောနက်ကြီးများ ရှိနေသည်။ ဖြူဖွေးနေသော အရိုးခြောက်ကြီးများဖြင့် ပြုလုပ်ထားသည့် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခုမှာ ကျွန်းပေါ်တွင် ကန့်လန့်ဖြတ် တည်ရှိနေသည်။

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်း ဟု သွေးရောင်လွှမ်းနေသော စာလုံးကြီးများဖြင့် ထိုအရိုးခြောက်ကြီးများပေါ်တွင် ထွင်းထုထားခြင်း ဖြစ်သည်။ ဗီဒီယိုထဲတွင် ထိုအနီရောင် သွေးစက်များမှာ တကယ် စီးကျနေသကဲ့သို့ မြင်တွေ့ရသဖြင့် ကြည့်ရသူကို ကြက်သီးထစေသည်။

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်း ဖွင့်ပွဲ အစီအစဉ်

“သဘာဝ ရှုခင်းတွေကို ခံစားချင်ပါသလား။ ဒိုင်နိုဆောတွေနဲ့ အတူတူ အစားအစာအတွက် ယှဉ်ပြိုင်ချင်ပါသလား”

“ဒိုင်နိုဆောတွေကို စီးပြီး နယ်မြေထဲမှာ ကင်းလှည့်ချင်ပါသလား”

“လာခဲ့လိုက်ပါ”

“မတ်လ ၂၅ ရက်နေ့၊ ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်း”

“အတော်ဆုံး တောတွင်းရှင်သန်ရေး ပညာရှင်ဟာ ခင်ဗျား ဖြစ်နိုင်ပါတယ်”

၎င်းအောက်တွင် ဆုအမျိုးမျိုးကို ရေးသားဖော်ပြထားသည်။ ဖန်သားပြင်ထက်မှ ပြောင်းလဲနေသော ပုံရိပ်များကို ကြည့်ရင်း ရှင်းခိုင်သည် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ၎င်းသည် ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှ အသစ်တည်ထောင်လိုက်သော ဒိုင်နိုဆောကျွန်းမှ လူတိုင်းကို တောတွင်းရှင်သန်ရေးအတွက် ဖိတ်ခေါ်နေခြင်း ဖြစ်သည်ကို သူ သိလိုက်သည်။ ဤကြော်ငြာကို တစ်ကမ္ဘာလုံးသို့ ထုတ်လွှင့်ထားခြင်း ဖြစ်သည်။

521 02

သူသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ ပရိသတ်တစ်ဦးအနေဖြင့် ဤပွဲတွင် မပါဝင်ဘဲ မနေနိုင်ပေ။ ထို့ပြင် သူသည် ငယ်စဉ်ကတည်းက တောတွင်းရှင်သန်ရေးနှင့် ပတ်သက်သည့် အစီအစဉ်များကို အလွန် ဝါသနာပါခဲ့သူလည်း ဖြစ်သည်။

“မောင်ရင်လေး... မင်္ဂလာပါနော်”

သူသည် ဒါရိုက်တာ ဆုပိုင်ကဲ့သို့ပင် မြင့်မားလှသော ထရန်နိုဆောရက်ရပ်စ်၏ ကျောပေါ်တွင် ထိုင်၍ မိမိ၏ နယ်မြေကို လှည့်လည်ကြည့်ရှုနေသည်ဟု စိတ်ကူးယဉ်နေစဉ် ပခုံးကို တစ်စုံတစ်ယောက်က လာ၍ ပုတ်လိုက်သဖြင့် လန့်သွားရသည်။ လှည့်ကြည့်လိုက်သည့်အခါ သပ်ရပ်လှပသော ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော မျက်နှာရှိသည့် အမျိုးသမီးတစ်ဦးက သူ့ကို ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်း... မင်္ဂလာပါ”

ရှင်းခိုင်သည် ရှက်သွေးဖြာကာ မျက်နှာနီရဲသွားပြီး လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သော်လည်း တစ်ခုခု မှားနေသလို ခံစားရသဖြင့် ဘာလုပ်ရမှန်းမသိဘဲ တောင့်တောင့်ကြီး ရပ်နေမိသည်။

“ခစ်... ခစ်...”

ရှုရုံသည် ရှေ့မှ မျက်နှာနီရဲနေသော လူငယ်လေးကို ကြည့်ကာ ပါးစပ်ကို ပိတ်၍ ရယ်မောလိုက်သည်။ သူမသည် လက်ကို သေသေသပ်သပ် ဆန့်ထုတ်လိုက်ပြီး

“မင်္ဂလာပါ၊ ကျွန်မနာမည်က ရှုရုံပါ။ အစွန်းရောက် အစီအစဉ်ရဲ့ တင်ဆက်သူ တစ်ယောက်ပါ”

“ဪ... မင်္ဂလာပါ၊ မင်္ဂလာပါဗျ”

ရှင်းခိုင်သည် သူမ၏လက်ကို အသည်းအသန် ဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။ သူမ၏ လက်ကလေးမှာ အလွန်နူးညံ့ ချောမွတ်လှသည်။

“မင်းရဲ့အချိန် ခဏလောက် ပေးလို့ ရမလားဟင်။ စောစောက ဒီကြော်ငြာကို ကြည့်ပြီး ငေးနေတာ တွေ့လို့ပါ။ မင်းလည်း ဒိုင်နိုဆောကျွန်းက တောတွင်းရှင်သန်ရေး အစီအစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတာလား”

“သေချာတာပေါ့”

ရှင်းခိုင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ “ကျွန်တော်က ဒါရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အမြဲအားပေးတဲ့ ပရိသတ်ကြီးပါ။ ပထမဆုံး အကြိမ်ကတည်းက တစ်ခါမှ မလွတ်ဘဲ အမြဲကြည့်ခဲ့တာ။ ဒီပွဲကိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပါဝင်မှာပါ”

“ဒါပေမဲ့ မင်းက ကြည့်ရတာ အသက် သိပ်မကြီးသေးသလိုပဲနော်။ မင်းရဲ့ မိသားစုဝင်တွေက ပါဝင်ဖို့ သဘောတူကြပါ့မလား”

ရှုရုံက စိတ်လှုပ်ရှားနေသော လူငယ်လေးကို ကြည့်ကာ စကားပြောစက်ကို ထုတ်ယူ၍ ပြုံးလျက် မေးလိုက်သည်။ ပထမဆုံး တွေ့သည့်သူကတင် ဆုပိုင်၏ ပရိသတ် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့ပြင် ရှေ့မှ လူငယ်လေးမှာ အသက် ၁၈ နှစ်ကျော်ရုံမျှသာ ရှိဦးမည် ဖြစ်ရာ ကျောင်းတက်နေရမည့် အရွယ်သာ ရှိသေးသည်။

“သဘောတူမှာပါ”

ရှင်းခိုင်သည် လက်ချောင်းများကို တင်းတင်းဆုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့... မင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ နောက်ကျရင် ကျွန်မတို့က ပြိုင်ဘက်တွေ ဖြစ်လာတော့မှာပေါ့။ မင်း သေချာပေါက် ကြိုးစားပါဦးနော်”

521 03

ရှုရုံက လက်သီးလေးကို ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်ပြီး လူအုပ်ကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

“ပြိုင်ဘက် ဟုတ်လား”

ရှင်းခိုင်က ရေရွတ်လိုက်ပြီး အဝေးသို့ လျှောက်သွားသော ရှုရုံကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ တကယ်လို့ သူသာ ပထမဆု ရခဲ့ရင် အိမ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ရုံတင်မကဘဲ သူကိုယ်တိုင်လည်း လမ်းစတစ်ခု ရလာမှာ ဖြစ်သည်။ တောတွင်းရှင်သန်ရေး ပညာရှင်… သေချာပေါက် သူ ဖြစ်စေရမည်။

ညနေစောင်းတွင် ရှင်းခိုင်သည် အခန်းထဲရှိ စာရေးစားပွဲတွင် ထိုင်နေရင်း စိတ်မရှည်စွာဖြင့် ဆံပင်များကို ထိုးဖွနေမိသည်။

ဂျောက်…

သူ့လက်ထဲရှိ ဘောပင်မှာ ကျိုးသွားတော့သည်။

“ဒီပုစ္ဆာက ဘာလဲဟ၊ တစ်ခုမှ မသိပါလား။ တွက်နေတာ ကြာလှပြီ၊ အဖြေကလည်း မှားနေတာပဲ”

ဒေါက်... ဒေါက်... ဒေါက်။

ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ရှင်းခိုင်...”

လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ခေါင်းပြူ၍ ပြုံးလျက် ပြောလိုက်သည်။

“ထမင်းစားရအောင်လေ။ စားပြီးမှ စာပြန်လုပ်တာပေါ့။ အခုတလော မင်း တော်တော်လေး တိုးတက်လာတယ်နော်”

“ဟုတ်... လာပြီ”

မိခင်ဖြစ်သူ ဖြစ်နေသဖြင့် ရှင်းခိုင်သည် မကျေမနပ် ရေရွတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ တကယ်ပဲ တိုးတက်နေတာလား။

ဖြစ်နိုင်တာပေါ့လေ။

နောက်ဆုံးအဆင့်ကနေ နောက်ဆုံးရဲ့ရှေ့တစ်ဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပဲ မဟုတ်လား။

++++++

522 01

အခန်း 522 ကျွန်တော် ဝင်ပြိုင်မယ်(၂/၂)

“အဖေ အမေ... ကျွန်တော်...”

ရှင်းခိုင်သည် ထမင်းစားပွဲတွင် ထိုင်နေရင်း စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် အားပေးနေမိသည်။ တောတွင်းရှင်သန်ရေး အစီအစဉ်မှာ ပါဝင်ချင်သည့်အကြောင်းကို ပြောရန် အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော်လည်း...

“ကျွန်တော် စာသွားလုပ်တော့မယ်”

သူသည် စိတ်ဓာတ်ကျစွာဖြင့် ထမင်းစားနေသည့် တူကို ချလိုက်ပြီး ထရပ်ကာ အခန်းထဲသို့ တန်းဝင်သွားတော့သည်။ တံခါးကို ခပ်ပြင်းပြင်း ပိတ်လိုက်ပြီးနောက်

“အား... အား... ငါ ဘယ်လိုပြောရမလဲ။ သူတို့ သဘောတူမှာ မဟုတ်တာ သေချာတယ်။ တကယ်ကို သွားပြိုင်ချင်တာပါ။ တကယ်လို့သာ ပထမဆုရခဲ့ရင်...”

ဘာကြောင့်မှန်းမသိဘဲ ထိုသို့တွေးလိုက်သည့်အခါ ရှင်းခိုင်၏ ခေါင်းထဲတွင် ယနေ့ သူ့ကို လာရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီး၏ ပုံရိပ်က ပေါ်လာသည်။ တကယ်လို့ တောတွင်းရှင်သန်ရေး အစီအစဉ်မှာသာ ပါဝင်ခွင့်ရရင် ထိုသူနှင့် ဆုံတွေ့နိုင်ကောင်း ဆုံတွေ့နိုင်လိမ့်မည်။ တကယ်လို့သာ သူ ပထမဆု ရခဲ့ရင်တော့...

“အဟင်း…”

ရှင်းခိုင်သည် မျက်နှာတွင် ရူးကြောင်ကြောင် အပြုံးကြီးတစ်ခုဖြင့် စောင်ကို ခေါင်းမြီးခြုံလိုက်သည်။

“အား... ငါ သေချာပေါက် သွားပြိုင်ရမယ်”

သူသည် စောင်ပုံထဲမှနေ၍ တစ်ချက် အော်ဟစ်လိုက်သည်။ ရှင်းခိုင်သည် အံကို တင်းတင်းကြိတ်ကာ ခေါင်းကို ပြန်ထုတ်လိုက်သည်။ တကယ်လို့ အဆင်မပြေခဲ့ရင်တော့ အကြမ်းနည်း သုံးရတော့မည်။ စာတစ်စောင် ထားခဲ့ပြီး အိမ်ပေါ်က ဆင်းပြေးမည်။ ထိုသို့တွေးမိသည်နှင့် သူသည် ခုတင်ပေါ်မှ ခုန်ဆင်းကာ စာရေးစားပွဲတွင် ထိုင်လိုက်ပြီး နှစ်ပိုင်းကျိုးနေသည့် ဘောပင်ကို ကိုင်ကာ အားသွန်ခွန်စိုက် ရေးသားတော့သည်။ လူငယ်တို့၏ စိတ်သဘာဝအရ ပြိုင်ပွဲစရန် ၁၀ ရက်ခန့် လိုသေးသော်လည်း ယခုကတည်းက စာကို အသင့်ရေးထားကာ မိမိကိုယ်ကိုယ် အမြဲ သတိပေးနေခြင်း ဖြစ်သည်။

“ဒါရိုက်တာ ဆုပိုင်”

ဝမ်ချန်သည် မက်ပူဆောရပ်စ်တစ်ကောင်၏ ကျောပေါ်တွင် အနည်းငယ် တုန်တုန်ရင်ရင်ဖြင့် ထိုင်ရင်း ဆုပိုင်၏နောက်မှ တောအုပ်အတွင်း လိုက်ပါလာသည်။

“ရုပ်သံရိုက်ကူးရေးဌာနက ကင်မရာတွေကို အကုန် တပ်ဆင်ပြီးပါပြီ။ ဒိုင်နိုဆောကျွန်းရဲ့ ဘယ်နေရာမှာမဆို မြင်နိုင်မှာပါ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကယ်ဆယ်ရေး လိုအပ်လာရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ...”

ဆုပိုင်က လှည့်ကြည့်ကာ ထိုလူငယ်ကို ပြုံး၍ ပြောလိုက်သည်။ “အဲဒါအတွက် စိုးရိမ်စရာ မလိုပါဘူး။ အဲဒီအချိန်ကျရင် ကောင်းကင်က ရဲရင့်တဲ့ လင်းယုန်တွေက ကယ်ဆယ်ရေး တာဝန်ကို ယူပါလိမ့်မယ်။ သူတို့က ပျံသန်းရတာ မြန်သလို ကျွန်တော်တို့ထက်လည်း လူရှိတဲ့နေရာကို ပိုပြီး တိတိကျကျ ရှာနိုင်ကြတယ်။ အခုကြည့်ရတာ ဒီဒိုင်နိုဆောတွေက မင်းကို အသိအမှတ်ပြုစပြုနေပြီပဲ။ မင်း သင်ယူရတာ တော်တော်လေး မြန်တာပဲနော်”

“ဟားဟား... ဒါက ဒါရိုက်တာဆုပိုင် ကောင်းကောင်း သင်ပေးလို့ပါ” ဝမ်ချန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်ကာ ရယ်လိုက်သည်။

“ဒီနေ့ မင်းကို သတ္တဝါကြီး တစ်ကောင်နဲ့ လာမိတ်ဆက်ပေးတာ။ မင်း အမြဲတမ်း သိချင်နေတဲ့ နောက်ဆုံး ဒိုင်နိုဆော အမျိုးအစားက ဘာလဲဆိုတာ အခု သိရတော့မှာပါ။ တကယ်တော့ သူက ဒိုင်နိုဆောကျွန်းရဲ့ အနီးအနားမှာပဲ ရှိတာ”

522 02

ဆုပိုင်သည် ဇက်ကြိုးကို ဆွဲလိုက်ပြီး စကားတစ်ခွန်း ချန်ထားခဲ့ကာ ထရန်နိုဆောရက်ရပ်စ်ကို စီး၍ ကမ်းခြေဘက်သို့ အမြန်ပြေးထွက်သွားသည်။

“နောက်ဆုံး အမျိုးအစား ဟုတ်လား”

ဝမ်ချန်က ရေရွတ်လိုက်ပြီး မက်ပူဆောရပ်စ်၏လည်ပင်းကို ပုတ်ကာ ပြောလိုက်သည်။ “သူငယ်ချင်းကြီး... အနောက်ကနေ မှီအောင် လိုက်စမ်း”

“ဟိန်း...”

မက်ပူဆောရပ်စ်က တစ်ချက် ဟိန်းဟောက်လိုက်ပြီး အမြီးကို လွှဲကာ အရှိန်အဟုန်ဖြင့် လိုက်ပါသွားတော့သည်။

အတန်ကြာပြီးနောက် ရှင်းခိုင်သည် ကမ်းစပ်တွင် ရပ်နေရင်း အဝေးမှ ပင်လယ်ရေထဲတွင် အဆက်မပြတ် လူးလိမ့်နေသော ဧရာမသတ္တဝါကြီးကို ကြည့်ကာ ခဏတာ ကြောင်အသွားရသည်။

ဒါက အဲဒီကောင်ကြီးပဲ။

နောက်ဆုံးနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတိုင်း မြင်တွေ့ခဲ့ရသည့် ပင်လယ်ပြင်၏ဘုရင်ကြီးပင် ဖြစ်သည်။ သို့သော် ထိုစဉ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဒါရိုက်တာ ဆုပိုင်၏ရှင်းပြချက်ကို မည်သူမျှ မကြားခဲ့ရပေ။ ဆုပိုင် ပြန်လည်အသက်သွင်းလိုက်သည့် နောက်ဆုံး ဒိုင်နိုဆောမှာ ဤသတ္တဝါကြီး ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

“ဟိန်း...”

မိုဆာဆောရတ်စ်သည် ရေမျက်နှာပြင်ပေါ်သို့ ခေါင်းပြူထွက်လာပြီး ကမ်းစပ်မှ လူနှစ်ယောက်ကို အေးစက်စက် တစ်ချက် ကြည့်ကာ ရေအောက်သို့ ပြန်လည် ငုပ်လျှိုးသွားသည်။

“ဟက်ဟက်..နောက်ဆို ဒီကောင်ကြီးကိုလည်း မင်းပဲ အစာကျွေးရတော့မှာ”

ဆုပိုင်က သူ့ကို စိတ်ဆိုးနေဆဲဖြစ်သော မိုဆာဆောရတ်စ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီကောင်ရဲ့ အမျိုးအမည်ကတော့ မိုဆာဆောရတ်စ်ပဲ။ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှ ငါ မင်းဆီ ပို့ပေးမယ်။ ဒါပေမဲ့ ဒီကောင်ကြီး ဒိုင်နိုဆောကျွန်း အနီးနားမှာ ရှိနေတာကိုတော့ ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး။ များသောအားဖြင့်တော့ မင်း ညမှောင်မှ အစာကျွေးရင် ရပါပြီ။ အစားအစာတွေကိုတော့ ရဟတ်ယာဉ်နဲ့ ဒီနားကို လာချပေးလိမ့်မယ်”

“နားလည်ပါပြီ” ဝမ်ချန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

၁၀ ရက်တောင် မပြည့်သေးသည့် အချိန်တိုအတွင်းမှာ သူသည် ဤဒိုင်နိုဆောများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ရုံတင်မကဘဲ ပင်လယ်ထဲက ဒီကောင်ကြီးကိုပါ အစာကျွေးရမည်ဆိုတော့... နောက်ဆို တစ်ကျွန်းလုံးရဲ့ တာဝန်ခံ အစစ်အမှန် ဖြစ်လာတော့မှာပဲ။

“ဂျောက်...”

“ကျွန်တော် ပြန်လာပြီ”

ရှင်းခိုင်သည် အိမ်တံခါးကို ဖွင့်ကာ ကျောပိုးအိတ်ကို ချလိုက်ရင်း လှမ်းအော်ပြောလိုက်သည်။ သို့သော် ရှေ့တွင် ထိုင်နေသော လူသုံးယောက်ကို မြင်လိုက်ရသည့်အခါ သူသည် နေရာမှာတင် ကြောင်အသွားရသည်။ လေထုထဲတွင် အလွန်အန္တရာယ်များသည့် အငွေ့အသက်များ လွှမ်းမိုးနေသည်။

“ဒါဆိုရင်တော့ ကျွန်မ သွားတော့မယ်နော်။ ရှင်းခိုင်က စာမေးပွဲ အမှတ်တွေက သိပ်မကောင်းပေမဲ့ ကျောင်းမှာတော့ တော်တော်လေး လိမ္မာတဲ့ ကလေးပါ။ ဒါပေမဲ့ မိဘတွေအနေနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်တယ်လို့ ထင်ပါတယ်နော်။ ကံကောင်းလို့သာ ဒီအိမ်ပြေးမယ့်စာကို ကျွန်မ အရင်တွေ့လိုက်လို့ပေါ့၊ မဟုတ်ရင်တော့ နောက်ဆက်တွဲက တွေးဝံ့စရာတောင် မရှိဘူး”

ရှင်းခိုင်သည် အတန်းပိုင်ဆရာမ ပြောနေသည့် စကားများကို ကြားလိုက်ရသည့်အခါ ဦးနှောက်မှာ ဗလာဖြစ်သွားရသည်။ သွားပြီ… စာကို ဆရာမက ဘယ်လိုလုပ် တွေ့သွားတာလဲ။ အိမ်အထိတောင် လာပို့တယ်လား။ ဒါက ဘယ်လိုကစားကွက်လဲ။ အခုတော့ တစ်အိမ်လုံး ဗုံးပေါက်တော့မှာ သေချာပြီ။ အဖေရော အမေရော ပူးပေါင်းပြီး အရိုက်ခံရတော့မှာပဲ။

******

All Chapters