အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း။ ၃၇၁
ဝူး
ထိုအချိန်တွင် လုံယီ၏ စိတ်အာရုံထဲမှ လင်းယုန်ကြီးသည် အပြင်သို့ အပြေးအလွှား ထွက်လာပြီး ပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော အစိမ်းရောင် စွမ်းအားများကို လောဘတကြီး ဝါးမြိုလိုက်တော့သည်။
ဝမ်းနည်းစရာမှာ ထိုစွမ်းအား အများစုမှာ ကမ္ဘာလောကအတွင်းသို့ ပျော်ဝင်သွားကြပြီး အစိတ်အပိုင်း အနည်းငယ်ကိုသာ လင်းယုန်ကြီးက ဖမ်းယူနိုင်ခဲ့သည်။ အသက်ရှူရုံမျှ ကြာပြီးနောက်တွင် လင်းယုန်ကြီးသည် လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။
“တောက်... ငါသာ အရင်က တစ်ခါ ခန္ဓာကိုယ် သိမ်းပိုက်ဖူးလို့ ဝိညာဉ်ကျင့်ကြံမှု အကြီးအကျယ် လျော့ကျမနေရင်... မင်းလို လူငယ်လေးတစ်ယောက် ငါ့ကို အခွင့်ကောင်းယူနိုင်မှာ မဟုတ်ဘူး...”
ငွေရောင်ဆံပင်နှင့် လူငယ်၏ မကျေမနပ် အော်ပြောသံကို လုံယီ ခပ်သဲ့သဲ့လေး ကြားလိုက်ရသည်။ ၎င်းသည် ထိုသူ ဤလောကတွင် ချန်ထားရစ်ခဲ့သော နောက်ဆုံးအသံပင်။
စိတ်အာရုံအတွင်း၌မူ လုံယီ၏ စိတ်ဝိညာဉ်မှ ပြောင်းလဲလာသော လင်းယုန်ကြီး၏ အမွှေးအတောင်များမှာ တောက်ပလာပြီး ရွှေရောင်မျက်ဝန်းများမှာလည်း ဝင်းလက်နေကာ အရွယ်အစားမှာ မူလ ၂၂ ပေမှ ပေ ၃၀ ကျော်အထိ ကြီးမားလာခဲ့သည်။
ဤပြောင်းလဲမှုက ပိုမိုထက်မြက်သော စိတ်အာရုံ၊ ပိုမိုအားကောင်းသော အသိစိတ်နှင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ပိုမိုချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်းတို့ကို ဆောင်ကြဉ်းပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းယုန်ကြီးသည် ကန့်သတ်ချက် နည်းပါးစွာဖြင့် ပြင်ပတွင် ခေတ္တမျှ နေထိုင်နိုင်ပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
သို့သော် ပြင်ပ၌မူ လုံယီမှာ ဒဏ်ရာအပြည့်နှင့် ဖြစ်နေပြီး အပေါက်ခုနစ်ပေါက်မှ သွေးများ စီးကျနေကာ သွေးကန်ထဲမှ ဆယ်ယူထားသူအလား ကြည့်မကောင်းအောင် ဖြစ်နေသည်။ မည်သူမဆို သူ မကြာခင် အသက်ထွက်တော့မည်ဟု ထင်မှတ်စရာပင်။
မည်သို့ပင်ဖြစ်စေ သူသည် သူ၏ အကြီးမားဆုံးရန်သူဖြစ်သော လီမိသားစုမှ ဘိုးဘေးတစ်ဦးနှင့် တူသည့် လျှို့ဝှက်ဆန်းပြားသော လူငယ်ကို သုတ်သင်နိုင်ခဲ့ပြီ ဖြစ်သည်။
လုံယီက သက်ပြင်းတစ်ချက် ချလိုက်စဉ်မှာပင် ဂူအဝင်ဝမှ ခြေသံများကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် နိုးနိုးကြားကြား ရှိသွားသည်။ သူသည် ချက်ချင်း ထမရပ်ဘဲ အသက်ငင်နေသူတစ်ဦးအလား ဟန်ဆောင်နေလိုက်သည်။
“ဘုရားရေ... ဘယ်လိုဖြစ်လို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ။ လုံယီ... မင်း အသက်ရှင်နေသေးတာပဲ တော်သေးတာပေါ့... အဆင်ပြေရဲ့လား”
စိုးရိမ်တကြီး မေးမြန်းသံတစ်ခု ထွက်ပေါ်လာသည်။
ရောက်လာသူမှာ အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝဝတုတ်တုတ်နှင့်ခပ်ပုပုဖြစ်ကာ အသားဖြူဖြူနှင့် ဦးခေါင်းတွင် ငွေရောင်သရဖူ ဆောင်းထားကာ ခါးတွင်လည်း ရွှေနှင့် ကျောက်စိမ်းခါးပတ် ပတ်ထားသည်။ သူမှာ လုံယီနှင့် တစ်သုတ်တည်း ဂိုဏ်းထဲသို့ ဝင်လာသော ဝမ်ဝင်ပိုင်ပင်။
ဝမ်ဝင်ပိုင်၏ ဘေးတွင်မူ အရပ်ရှည်ပြီး လှပသော အမျိုးသမီးကျင့်ကြံသူ လီရှင်းယွဲ့ ရှိနေသည်။ သူမသည် ယခင်က စိမ်းပြာတိမ်တိုက် မဟာမိတ်အဖွဲ့နှင့် ပင်လယ်လေးသွယ်အသင်းတို့အကြား အငြင်းပွားမှု ဖြစ်စေခဲ့သူဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမနှင့် ဝမ်ဝင်ပိုင်၏ ဆက်ဆံရေးမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေပုံပင်။ သူတို့၏ လက်မောင်းများမှာ ထိလုနီးပါး ဖြစ်နေပြီး ဂူဗိမာန်အတွင်း တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံပင်။
လီရှင်းယွဲ့က လုံယီကို လျစ်လျူရှုထားပြီး ကျောက်ရုပ်ကြီးအောက်ရှိ ယိုချင်းယီကိုသာ ထူးဆန်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
“အော်... အဆင်ပြေပါတယ် သိပ်ပြီး ပြဿနာမရှိပါဘူး”
လုံယီက အားနည်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။
သူ၏ စိတ်ထဲတွင်မူ လှောင်ပြုံး ပြုံးနေမိသည်။ ဤနှစ်ယောက်မှာ ဘေးမှနေ၍ အချိန်အတော်ကြာအောင် ချောင်းကြည့်နေခဲ့သည်မှာ သေချာသည်။ ယခုကဲ့သို့ အချိန်အခါမျိုးတွင် ထွက်လာခြင်းမှာ သူတို့၏ ရည်ရွယ်ချက်ကို ထင်ရှားစေသည်။
အခြားသော အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်များမှာလည်း လုံယီနှင့် ငွေရောင်ဆံပင် လူငယ်တို့၏ တိုက်ပွဲဒဏ်ကြောင့် သတိလစ်နေကြသည်။
ဤနေရာတွင် သွေးအလိမ်းလိမ်းနှင့် အားအင်ကုန်ခမ်းနေဟန်ရှိသော လုံယီမှလွဲ၍ ဝမ်ဝင်ပိုင်နှင့် လီရှင်းယွဲ့တို့သာ သတိရှိနေကြသည်။
ဝမ်ဝင်ပိုင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် စကားစလိုက်သည်။
“မင်း ခုနက သတ်လိုက်တဲ့ ငွေရောင်ဆံပင်နဲ့ကောင်အကြောင်း ငါ နည်းနည်းသိတယ်။ သူက အရှေ့ပင်လယ်က လီမိသားစုရဲ့ တတိယမြောက် ဘိုးဘေးပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးကတည်းက ဘာတိုးတက်မှုမှ မရှိတော့ဘူး။ အခု သူက အသက် သုံးရာနီးပါး ရှိနေပြီဆိုတော့ အသက်ဆက်ဖို့ နည်းလမ်းရှာနေတာပေါ့... မင်း သူ့ကို သတ်နိုင်တာ တကယ်ကို ချီးကျူးစရာပဲ။ ဒါနဲ့... မင်း တကယ်ပဲ အဆင်ပြေရဲ့လား”
ရှုး
ဝမ်ဝင်ပိုင်၏ စကားအဆုံးတွင် နှစ်ပေခန့်ရှည်သော အပြာရောင် လေဓားတစ်ချက်သည် လုံယီ၏ ဘယ်ဘက် သုံးလက်မအကွာသို့ ချက်ချင်း ကျရောက်သွားပြီး မြေပြင်တွင် နက်ရှိုင်းသော အက်ကြောင်းတစ်ခု ဖြစ်သွားစေသည်။
သို့သော် လုံယီက မလှုပ်မယှက်ဘဲ ဒေါသထွက်သော အမူအရာဖြင့်သာ “မင်း ဘာလုပ်တာလဲ” ဟု မေးလိုက်သည်။
“တောင်းပန်ပါတယ်ကွာ... လက်ချော်သွားလို့ပါ”
ဝမ်ဝင်ပိုင်က လက်ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့တွင် အရောင်မှိုင်းနေသော သံအလောင်းတစ်လောင်း ပေါ်လာတော့သည်။
သံအလောင်းသည် ငွေရောင်ဆံပင်နှင့် လူငယ်၏ အလောင်းထံသို့ လျှောက်သွားပြီး ခေတ္တမျှ ရှာဖွေကာ သူ၏ ခါးပိုက်ဆောင်အိတ်ကို ဝတ်စုံအတွင်းသို့ ထိုးထည့်လိုက်သည်။
“မင်း အခု တော်တော်လေး ဒဏ်ရာရနေတာဆိုတော့ ဒါကို ငါပဲ သိမ်းပေးထားလိုက်မယ်”
ဝမ်ဝင်ပိုင်က ရယ်မောရင်း ပြောလိုက်သည်။
ထို့နောက် သံအလောင်းသည် အခြားသော စစ်မှန်သောသွေးဂိုဏ်းနှင့် နေနီဂိုဏ်း တပည့်များ၏ အလောင်းများထံသို့ တစ်ခုပြီးတစ်ခု ကူးပြောင်းကာ ခါးပိုက်ဆောင်အိတ်များနှင့် အခြားသော တန်ဖိုးရှိသည့် ပစ္စည်းများကို လိုက်လံ သိမ်းဆည်းတော့သည်။
လုံယီကမူ ထိုမြင်ကွင်းကို အေးစက်စွာသာ ကြည့်နေခဲ့သည်။ ဝမ်ဝင်ပိုင်သည် လက်ထဲတွင် ရွှေရောင်အဆင်းရှိသော အရာတစ်ခုကို အဆက်မပြတ် ဆုပ်ကိုင်ထားသည်ကို သူ သတိပြုမိသည်။
၎င်းကြောင့် သူ၏ စိတ်အာရုံထဲမှ လင်းယုန်ကြီးမှာလည်း အသည်းအသန် ပျံသန်းနေပြီး စိတ်မသက်မသာ ဖြစ်နေပုံပင်။ ထို့ကြောင့် သူသည် ချက်ချင်း အရေးမယူသေးဘဲ ဝမ်ဝင်ပိုင်၏ ကပြဖျော်ဖြေမှုကိုသာ စောင့်ကြည့်နေလိုက်သည်။
အခြားတစ်ဖက်တွင်မူ လီရှင်းယွဲ့သည် သတိလစ်နေသော ယိုချင်းယီထံသို့ လျှောက်သွားပြီး ကောင်းကင်မှ ကျဆင်းလာသော အမွေအနှစ် အလင်းတန်းကို ထိတွေ့ရန် လက်လှမ်းလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် မက်မောမှုများ ပြည့်နှက်နေသော်လည်း ခဏအကြာတွင် သူမ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
“တုံ့ပြန်မှု မရှိဘူး... အမွေအနှစ်တွေအကုန်လုံးကို သူမက ဝါးမြိုပစ်လိုက်ပြီ ထင်တယ်”
လီရှင်းယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝမ်ဝင်ပိုင်ထံသို့ အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သူမကို သတ်လိုက်ရင် အမွေအနှစ်တွေက ပြန်ထွက်လာမှာ မဟုတ်ဘူးလား”
ဝမ်ဝင်ပိုင်၏ အသံမှာ ငရဲမှ လာသော မိစ္ဆာတစ်ကောင်၏ သွေးဆောင်ဖြားယောင်းသံနှင့်ပင် တူနေတော့သည်။
လီရှင်းယွဲ့သည် ထိုစကားကို ကြားသောအခါ တုံ့ခနဲ ဖြစ်သွားသည်။ သူမသည် ဝမ်ဝင်ပိုင်ကို လှည့်ကြည့်လိုက်ရာ သူသည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ အလွန်ပင် တည်ကြည်
နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ အမူအရာမှာ ဝေခွဲမရ ဖြစ်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူမ၏ အင်္ကျီလက်အတွင်းမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ယိုချင်းယီထံသို့ ပြင်းထန်စွာ ပစ်ဝင်သွားတော့သည်။
ဒေါင်
လုံယီက ဝင်ရောက် တားဆီးလိုက်သည်။ သူ ထုတ်လွှတ်လိုက်သော ခရမ်းရောင် စွမ်းအားဖျော့ဖျော့ကြောင့် လီရှင်းယွဲ့၏ ပျံသန်းဓားမှာ ဘေးသို့ လွင့်ထွက်သွားသည်။
ရှုး
ဒုတိယမြောက် တိုက်ခိုက်မှုမှာ လီရှင်းယွဲ့၏ လည်ပင်းကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ကာ သူမသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ရပ်နေပြီးနောက် ဘုတ်ခနဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သေဆုံးခါနီးအချိန်တွင် သူမသည် ဝမ်ဝင်ပိုင်ရှိရာဘက်သို့ လှည့်ကြည့်ခဲ့သော်လည်း သူမ၏ မျက်လုံးများမှာမူ လုံးဝ ပိတ်မသွားခဲ့ချေ။
လီရှင်းယွဲ့ကို သတ်ပြီးနောက် လုံယီသည် ဒဏ်ရာများကြောင့် အားအင်ကုန်ခမ်းသွားဟန်ဖြင့် သွေးနှစ်လုတ်ခန့် အန်ထုတ်လိုက်ပြန်ရာ သူ၏ အမူအရာမှာ ပိုမို နွမ်းလျလာပုံပင်။ သို့သော် ဝမ်ဝင်ပိုင်မှာမူ သူ၏ အစ်မကို ကယ်တင်ရန် စိတ်ကူးပင် မရှိဘဲ အေးစက်စွာသာ ဆက်လက် ကြည့်နေခဲ့သည်။
“မင်းမှာ တကယ်ပဲ နောက်ထပ် လှည့်ကွက်တစ်ခု ကျန်သေးတာပဲ လုံယီ”
ဝမ်ဝင်ပိုင်က အေးစက်သော မျက်ဝန်းများဖြင့် ပြုံးလိုက်ပြီး “မွေးရာပါ ဝိညာဉ်အလောင်းကို ထုတ်လိုက်စမ်း” ဟု ပြောလိုက်သည်။
“မပါလာဘူး"
“အော်... ကိစ္စမရှိပါဘူး။ ငါပြန်ရောက်ရင် တစ်ယောက်ယောက်ကို ပြန်ပြီး သန့်စင်ခိုင်းလိုက်ရုံပေါ့။ မင်းလက်ထဲမှာ ရှိနေတာက နှမြောစရာကြီးပဲ"
ဝမ်ဝင်ပိုင်က သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။
“လီမိသားစုရဲ့ ဘိုးဘေးကို ငါ့အတွက် ရှင်းပေးခဲ့လို့ တကယ်ပဲ ကျေးဇူးတင်ပါတယ် လုံယီ မဟုတ်ရင် ငါလည်း သိပ်ပြီး ယုံကြည်ချက် ရှိနေမှာ မဟုတ်ဘူး။ ငါ အမွေအနှစ်ကို ရပြီးတာနဲ့ မင်းက အကြီးမားဆုံး အကျိုးပြုသူ ဖြစ်လာလိမ့်မယ်။ နောက်နှစ် ဒီလိုနေ့မျိုးကျရင် မင်းရဲ့ ဂူဗိမာန်ကို ငါ လာခဲ့ပါ့မယ်"
“အမွေအနှစ်အတွက်နဲ့ ယိုချင်းယီကို သတ်မလို့လား"
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... နေနီဂိုဏ်းက ယုတ်မာတဲ့သူခိုးက သတ်သွားတာလို့ပဲ ပြောမှာပါ"
“ဒါကို တခြား ဂိုဏ်းသားတွေ သိသွားမှာ မကြောက်ဘူးလား”
လုံယီက ပြောလိုက်သည်။ ထိုအချိန်တွင် သတိလစ်နေသော တပည့်အချို့မှာ မျက်ခွံများ လှုပ်ရှားလာပြီး နိုးစပြုနေကြပြီ ဖြစ်သည်။
“ဘာကြောက်စရာ ရှိလဲ။ အကုန်လုံးကို သတ်ပစ်လိုက်ရင် ပြီးတာပဲကို"
ဝမ်ဝင်ပိုင်သည် နောက်ဆုံးတွင် သူ၏ လက်ထဲ၌ ရှိနေသော ရွှေရောင်အရာကို မြှောက်ပြလိုက်သည်။
၎င်းသည် ရွှေနှင့် သံကို ရောစပ်ပြီး သွန်းလုပ်ထားသော တံဆိပ်တစ်ခု ဖြစ်သည်။ ၎င်းအပေါ်
တွင် ထွင်းထုထားသော အနုစိတ်လိုင်းများကို ကြည့်ရုံမျှဖြင့် ခေါင်းမူးလာစေနိုင်သည်။
သူက ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သောအခါ ရွှေရောင်တံဆိပ်မှာ ဝူးခနဲ လည်ပတ်လာပြီး ကောင်းကင်သို့ တောက်ပသော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ အကြီးအကဲတစ်ဦး၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။
ထိုအကြီးအကဲမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝမ်ဝင်ပိုင်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံချင်း ဆင်တူကာ အေးစက်သော အရှိန်အဝါ ရှိသည်။ သူ၏ ဖိအားမှာ လီမိသားစု ဘိုးဘေးထက်ပင် ပိုမို အားကောင်းလှသဖြင့် ရင်ဆိုင်ရန် စိတ်ကူးပင် မရှိနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဒါက အဆောင်ရတနာပဲ”
ရှဲ့ကျိယွီသည် ပထမဆုံး နိုးလာသူဖြစ်ပြီး ကောင်းကင်မှ ပုံရိပ်ယောင်ကို မြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ငါကြားဖူးတာတော့ အဆောင်ရတနာဆိုတာ အဆင့်မြင့် ကျင့်ကြံသူတွေက သူတို့ရဲ့ ကိုယ်ပိုင် သွေးအနှစ်နဲ့ စွမ်းအားအချို့ကို ချိပ်ပိတ်ပြီး သန့်စင်ထားတာတဲ့။ သတိထားပါ ဂိုဏ်းတူညီလေးလုံ အဆောင်ရတနာရဲ့ တိုက်ခိုက်မှုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ရိုက် ရိုက်ချက်နဲ့ ညီမျှတယ်”
ကောင်းကင်ယံမှ အကြီးအကဲ ပုံရိပ်ယောင်သည် လုံယီကို အသက်မဲ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ပေပေါင်း ဒါဇင်နှင့်ချီ၍ ရှည်လျားသော အနက်ရောင် လက်ဝါးကြီးတစ်ခုမှာ ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါ်လာတော့သည်။ ၎င်းသည် ဂိုဏ်းချုပ် ဟန်ယွဲ့၏ ကျောက်ရုပ်ကြီးထက်ပင် ပိုမိုကြီးမားနေပြီး မြေအောက်နေရာ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်။
လက်ဝါးကြီး၏ အဆစ်အမြစ်များနှင့် လက်ဖဝါး အရေးအကြောင်းများမှာ အထင်အရှား မြင်တွေ့နေရပြီး အနက်ရောင် မီးခိုးများလည်း တလိပ်လိပ် ထွက်ပေါ်နေသည်။
၎င်းမှာ သရဲလက်ဝါးရိုက်ချက်ပင်။
အလောင်းထိန်းချုပ်ရေးဂိုဏ်းတွင် ချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်၌ သင်ကြားရသော အခြေခံအတတ်ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ လက်ထဲတွင်မူ ကမ္ဘာပျက်မတတ် ဖျက်ဆီးအား ပြင်းထန်လှသည်။
အခန်း။ ၃၇၂
ဧရာမ လက်ဝါးနက်ကြီးသည် လုံယီအပါအဝင် သတိလစ်နေသော အလောင်းထိန်းချုပ်ရေးဂိုဏ်းသားအားလုံးကို လွှမ်းခြုံကာ ကောင်းကင်ပြိုကျလာသကဲ့သို့ ဖိနှိပ်ကျဆင်းလာသည်။
ဝမ်ဝင်ပိုင်သည် တကယ်ပင် ရက်စက်လှပြီး လူတိုင်းကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ရည်ရွယ်ထားခြင်းပင်။
“အား”
ရှဲ့ကျိယွီသည် ထရပ်ရန် ကြိုးစားသော်လည်း ဟင်းလင်းပြင်တစ်ခုလုံး ခဲသွားသကဲ့သို့ ဖြစ်နေပြီး လုံးဝ မလှုပ်ရှားနိုင်ဘဲ လက်ဝါးကြီး ကျဆင်းလာသည်ကို အကူအညီမဲ့စွာ ကြည့်နေရသည်။ သတိလစ်နေသော တပည့်များမှာလည်း ပြင်းထန်သော ဖိအားကြောင့် နာကျင်သည့် အမူအရာများ ဖြစ်ပေါ်လာပြီး အချို့မှာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာကြသည်။
သို့သော် ထိုအချိန်တွင် ရှဲ့ကျိယွီ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။
ယခင်တိုက်ပွဲများကြောင့် အင်အားကုန်ခမ်းနေပြီဟု ထင်ရသော လုံယီသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မတ်တပ်ထရပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်နေသည်။
“ယင်အလင်းဒိုင်း"
လုံယီသည် သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။ တစ်ပေခန့် ထူထဲသော တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသည့် အလင်းဒိုင်းကြီးတစ်ခု သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာသည်။
ထိုဒိုင်းပေါ်တွင် ခြောက်ထောင့်ပုံစံ ပျားအုံကွက်များ ပါရှိပြီး အနားသတ်များမှာ ငွေရောင်အလင်း သဲ့သဲ့ တောက်ပနေသည်။ ဤအဆင့်မြင့် ယင်အလင်းဒိုင်းမှာ သာမန်တပည့်များ ထုတ်သုံးနိုင်သည်ထက် များစွာ ပိုမိုထူထဲရုံသာမက အခြားသော လျှို့ဝှက်စွမ်းရည်များလည်း ပါရှိပုံပင်။
“အသားမာအတတ်"
လုံယီသည် အရေပြားသန့်စင်ခြင်းပညာကို ဆက်လက် အသုံးပြုလိုက်ရာ သူ၏ ကြွက်သားမျှင်များမှာ ပိုမိုသိပ်သည်းကျစ်လျစ်လာပြီး အရေပြားမှာ သံမဏိကဲ့သို့ အနက်ရောင် ပြောင်းလဲသွားသည်။
“ကျောက်သားအသွင်ပြောင်းအတတ်"
သူ၏ မွေးရာပါပါရမီကို အသုံးပြုလိုက်ရာ သံမဏိရောင် အရေပြားမှာ ငွေမှင်ရောင်သို့ ပြောင်းလဲသွားပြီး မာကျောမှုမှာလည်း အဆပေါင်းများစွာ တိုးတက်သွားသည်။
“ရွှေရောင်ချပ်ဝတ်အတတ်"
နောက်ထပ် ပါရမီတစ်ခုဖြစ်သော ရွှေရောင်ချပ်ဝတ်ကို ထပ်မံ အသုံးပြုလိုက်ရာ သူ၏ အရေပြားအပြင်ဘက်တွင် ထူထဲသော ရွှေရောင်အလွှာတစ်ခု ထပ်မံ ဖုံးလွှမ်းသွားသည်။
ယခင်အတွေ့အကြုံအရဆိုလျှင် ချီသန့်စင်ခြင်း အထွတ်အထိပ်ရှိသူ၏ မှော်အတတ်မှာပင် ဤအလွှာကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။
“ခရမ်းရောင်စွမ်းအား"
နောက်ဆုံးတွင် လုံယီသည် သူ၏ စစ်မှန်သော ခွန်အားများကို ထုတ်ဖော်လိုက်ရာ ခရမ်းရောင်ဖျော့ဖျော့ အလင်းတန်းများမှာ ရွှေရောင်အလွှာ၏ အပြင်ဘက်တွင် ရစ်ပတ်သွားတော့သည်။
လုံယီ၏ လက်ရှိ သွေးသားခွန်အားမှာ ပေါင်ချိန် ၁၃၀,၀၀၀ ကျော်အထိ ရှိနေပြီး ခရမ်းရောင် အလင်းလွှာ၏ ခုခံအားမှာလည်း သူ၏ မည်သည့်ပါရမီနှင့်မဆို ယှဉ်နိုင်စွမ်း ရှိသည်။
ဤငါးထပ်သော ခုခံရေးအတတ်များက လုံယီကို လုံခြုံမှုအပြည့် ပေးစွမ်းထားသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရန်မှာ ခုခံရုံနှင့် မလုံလောက်ပေ။
လုံယီသည် ကောင်းကင်သို့ မော့ကြည့်ကာ တည်ကြည်သော အမူအရာဖြင့် လက်သီးကို ကျစ်လျစ်စွာ ဆုပ်ကိုင်လိုက်သည်။ အကောင်းဆုံး ခုခံမှုမှာ တိုက်စစ်ပင်။ ရန်သူ၏ မှော်အတတ်ကို သူ၏အပေါ်သို့ တိုက်ရိုက် ကျရောက်လာအောင် သူ ခွင့်ပြုမည် မဟုတ်ပေ။
ဖျောက်
ဧရာမ လက်ဝါးနက်ကြီး ကျဆင်းလာစဉ်မှာပင် ယင်အလင်းဒိုင်းမှာ ကြေမွပျက်စီးသွားသည်။ အဆင့်မြင့် ယင်အလင်းဒိုင်း ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်၏ မှော်အတတ်ရှေ့တွင် ခဏလေးမျှပင် မခံနိုင်ခဲ့ချေ။ ဒိုင်းပျက်စီးသွားသည်နှင့် လုံယီသည် အသင့်ပြင်ထားသော တုံ့ပြန်မှုကို စတင်လိုက်တော့သည်။
“တောင်ဖြိုလက်သီး"
လုံယီသည် သူ၏ သွေးသားခွန်အားများကို စုစည်းလိုက်ရာ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ရေလိုစီးဆင်းသွားပြီး ပေါင်ချိန် ၁၃၀,၀၀၀ ခန့်ရှိသော ပေါက်ကွဲအားများ ညာဘက်လက်မောင်းထဲသို့ ရောက်ရှိသွားသည်။
“နဂါးထိုးဖောက်ခြင်း"
ထို့နောက် သူသည် စစ်မှန်သော ခွန်အားများကို နဂါးအမှတ်ထံသို့ ဦးတည်လိုက်ရာ တစ်ကိုယ်လုံး စိမ့်သွားပြီး ဒုတိယအကြိမ် ပေါက်ကွဲအားမှာ ပထမအားနှင့် ပေါင်းစပ်သွားကာ ပေါင်ချိန် ၁၆၀,၀၀၀ အထိ အံ့ဩဖွယ်ရာ မြင့်တက်သွားတော့သည်။
“ဝိညာဉ်ဝါးမြိုခြင်း"
သူ၏ လက်ဖဝါးအလယ်ရှိ သွေးပုတီးစေ့မှာ ယခင်က ကျင့်ကြံသူများစွာ၏ သွေးများကို ဝါးမြိုထားခဲ့ရာ ယခုအခါတွင် ၎င်းကို လောင်စာအဖြစ် အစွမ်းကုန် အသုံးပြုလိုက်သည်။ ၎င်းသည် လုံယီ၏ လက်သီးချက်ကို မကြုံစဖူးသော အဆင့်သို့ မြှင့်တင်ပေးလိုက်သည်။
သူ၏ ညာဘက်လက်သီးမှ ထွက်ပေါ်လာသော အံ့ဩဖွယ်ရာ တောက်ပသည့် အလင်းတန်းမှာ မြေအောက်လှိုင်ဂူတစ်ခုလုံးကို ခရမ်းရောင် နေမင်းငယ်လေးတစ်ခုအလား လင်းထိန်သွားစေသည်။
ပြင်းထန်လွန်းသော ခွန်အားနှင့် ရုတ်တရက် မြင့်တက်လာသော သွေးသားအဟုန်ကြောင့် သူ၏ တစ်ကိုယ်လုံးရှိ အရိုးများမှာပင် တစ်ဂျွတ်ဂျွတ် အသံမြည်လာတော့သည်။
သူ၏ အသားအရေမှာ ပြောင်တင်းနေပြီး သွေးများ အဆက်မပြတ် စိမ့်ထွက်နေသည့် အက်ကြောင်းလေးများပင် ပေါ်ပေါက်နေသည်။ အရေပြားပေါ်တွင် မြေတွင်းအောင်း သန်ကောင်များအလား ဖောင်းကြွနေသော သွေးပြန်ကြောကြီးများမှာ တစ်ကိုယ်လုံးတွင် ရစ်ပတ်နေပြီး အားပြင်းစွာ ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေသည်ကို အထင်အသား မြင်တွေ့နေရသည်။
ချွေးပေါက်တိုင်းမှလည်း အဖြူရောင် ရေနွေးငွေ့များ တလိပ်လိပ် ထွက်ပေါ်နေသဖြင့် သူသည် မြူထုထူထူအတွင်း ရေချိုးနေရသကဲ့သို့ပင်။
သူ၏ မျက်ဝန်းများမှာ တောက်ပသော ခရမ်းရောင်အလင်းများဖြင့် တောက်လောင်နေပြီး ပြင်းပြသော တိုက်ခိုက်လိုစိတ်နှင့် ဒူးမထောက်ဘဲ သေသည်အထိ ယှဉ်ပြိုင်မည်ဟူသော ပြတ်သားသည့် စိတ်ဓာတ်တို့မှာ ထင်ဟပ်နေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရိုက်ချက်က ဘယ်လောက်စွမ်းသလဲဆိုတာ ဒီနေ့ ငါ စမ်းသပ်ကြည့်ရတာပေါ့။
ဝုန်း
လုံယီသည် သူ၏ လက်သီးကို လွှဲလိုက်ရာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်ပင် ကြေမွသွားတော့မည့်အလား ခံစားရသည်။ နှစ်ဖက်စလုံးမှ ပြင်းထန်သော ဖိအားများကြောင့် လေထုမှာ အဖြူရောင် လေစီးကြောင်းများအဖြစ် ဖိသိပ်ခံလိုက်ရပြီး ဒုန်း ဒုန်း ဒုန်းဟူသော အသံများနှင့်အတူ ဝေးလံသော နံရံများကို အပေါက်များ ဖြစ်သွားစေသည်။
လောင်ကျွမ်းနေသော သွေးရိပ်ကြောင့် လုံယီ၏ ခွန်အားမှာလည်း တဟုန်ထိုး မြင့်တက်လာတော့သည်။
ပေါင်ချိန် ၁၆၀,၀၀၀၊ ၂၀၀,၀၀၀၊ ၂၅၀,၀၀၀၊ ၃၀၀,၀၀၀၊ ၃၅၀,၀၀၀... နောက်ဆုံးတွင် ၃၇၀,၀၀၀
ပေါင်ချိန် ၃၇၀,၀၀၀ ခန့် ရောက်ရှိချိန်တွင်မှ ခွန်အား တိုးတက်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားသော်လည်း ဤပမာဏမှာပင် သာမန် ကိုယ်ခံပညာရှင်တစ်ဦး၏ အကန့်အသတ်ထက် ၃၇ ဆမျှ ရှိနေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှဲ့ကျိယွီ၏ ထိတ်လန့်နေသော မျက်ဝန်းများအောက်တွင် သေးငယ်သော်လည်း ခိုင်မာသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာသော အနက်ရောင် လက်ဝါးကြီးထံသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။
ဝုန်း
စွမ်းအားနှစ်ခု၏ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဟင်းလင်းပြင်တွင် ခရမ်းရောင်နှင့် အနက်ရောင်တို့ ပြတ်သားစွာ ကွဲပြားနေသော အလင်းလွှာကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ရှဲ့ကျိယွီမှာမူ ခဏချင်းအတွင်း မျက်စိများ ကျိန်းစပ်ကာ နားထဲတွင် ဝူးဟူသော အသံများ မြည်ဟည်းလာပြီး သတိလစ်သွားတော့သည်။
လုံယီနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် မှော်အတတ်တို့မှာ အသက်ရှူကြိမ် သုံးလေးကြိမ်ခန့်အထိ အကြိတ်အနယ် ရှိနေခဲ့သည်ကို သူ မြင်တွေ့ခွင့်မရလိုက်ပေ။ ထို့နောက်တွင်မူ လုံယီမှာ အားနည်းသောဘက်သို့ ရောက်ရှိသွားသည်။
ထိုတိုက်ခိုက်မှုအတွင်း သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပုံပျက်သွားပြီး လက်မောင်းမှာ ကွေးသွားကာ ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားတော့သည်။ အရေပြားများမှာ ဆုတ်ပြဲကုန်ပြီး တစ်
ကိုယ်လုံးတွင် သွေးစိမ်းရှင်ရှင် ထွက်နေသော ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။
ထို့နောက် သူသည် လက်ဝါးနက်ကြီး၏ အညှာအတာမဲ့စွာ ရိုက်ချခြင်းကို ခံလိုက်ရပြီး ကျောက်သားမြေပြင်ကို ဒုန်းခနဲ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သို့သော် လက်ဝါးနက်ကြီးမှာလည်း မသက်သာပေ။ လက်ချောင်းငါးချောင်းတွင် လေးချောင်းမှာ ကျိုးသွားပြီး လက်ဖဝါးအလယ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ တစ်ခုလုံးတွင်လည်း အက်ကြောင်းများ ပြည့်နှက်သွားပြီး ဖောက် ဖောက်ဟူသော အသံများနှင့်အတူ ပေါက်ကွဲပျက်စီးရန် အသင့်ဖြစ်နေသည်။
လုံယီ မြေထဲသို့ ရိုက်ချခံရပြီး အသက်ရှူကြိမ် ငါးကြိမ်ခန့်အကြာတွင် ထိုလက်ဝါးနက်ကြီးမှာ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ လေထဲ၌ ပေါက်ကွဲသွားကာ အနက်ရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားတော့သည်။
မြေအောက်လှိုင်ဂူတစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်ကာ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသဖြင့် ကမ္ဘာပျက်နေသည့် မြင်ကွင်းအလား ဖြစ်နေသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ဝမ်ဝင်ပိုင်သည် လုံယီ ကျဆင်းသွားသော လူပုံသဏ္ဌာန် အပေါက်ကြီးကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။
ချီသန့်စင်ခြင်း တတိယအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးက အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသော အဆောင်ရတနာ၏ တိုက်ခိုက်မှုကို ဤမျှအထိ တောင့်ခံနိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။
မူလက သူ၏ အဆောင်ရတနာမှာ နောက်ထပ် သုံးကြိမ်အထိ အသုံးပြုနိုင်သေးသော်လည်း ယခုတစ်ကြိမ်တည်းနှင့်ပင် လုံးဝ ကြေမွပျက်စီးသွားသည်။
“တောက်... ငါ့ရဲ့ ရတနာတော့ ဆုံးပြီ။ မင်းကတော့ ဒီလိုပဲ အလွယ်တကူ သေသွားရတာ ကံကောင်းတယ်လို့ မှတ်လိုက်”
ဝမ်ဝင်ပိုင်က နာကျည်းစွာ ပြောလိုက်သည်။
သူသည် ပျက်စီးနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်များအားလုံးမှာ သတိလစ်နေကြသည်။ ယိုချင်းယီရှိရာ အမွေအနှစ် လက်ခံရာနေရာမှာမူ ကာကွယ်မှုအောက်တွင် ရှိနေသဖြင့် ထိခိုက်မှု မရှိပေ။
ဝမ်ဝင်ပိုင်က ယုတ်မာစွာ ပြုံးလိုက်ပြီး မီးခိုးရောင် အလင်းတန်းများ ထွက်နေသော ဓားတစ်လက်ကို ထုတ်ယူကာ ယိုချင်းယီထံသို့ ချဉ်းကပ်သွားသည်။
“ငါ့ကို မနှစ်သက်ဘူးဆိုရင်လည်း သေလိုက်တော့"
သူသည် ထိုဓားဖြင့် ယိုချင်းယီ၏ ရင်ဘတ်ကို ထိုးစိုက်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် ဒုန်းဟူသော အသံနှင့်အတူ မြေအောက်မှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝင်ပိုင်၏ နောက်ကျောသို့ ရောက်ရှိသွားသည်။
ဝမ်ဝင်ပိုင်သည် မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ရာ သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာအပြည့်ဖြစ်နေသော်လည်း အရှိန်အဝါ ပြင်းထန်နေဆဲဖြစ်သော လုံယီကို မြင်လိုက်ရသည်။
“မဖြစ်နိုင်ဘူး မင်း ဘယ်လိုလုပ် အသက်ရှင်နေတာလဲ ဟားဟား... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”
ဝမ်ဝင်ပိုင်၏ မျက်နှာမှာ တွန့်လိမ်သွားပြီး ရယ်ရမလို ငိုရမလို ဖြစ်နေကာ ရူးသွပ်သွားပုံပင်။ သူ၏ ခြေထောက်ကြားမှ အပုပ်နံ့နံသော အရည်များ စီးကျလာခြင်းက သူ မည်မျှ ကြောက်လန့်နေသည်ကို သက်သေပြနေသည်။
“ငါ မသေသေးဘူး သေရမယ့်သူက မင်းပဲ"
လုံယီက သူ၏ ညာဘက်လက်ညှိုးဖြင့် ဝမ်ဝင်ပိုင်ကို ညွှန်လိုက်ရာ ခရမ်းရောင် စွမ်းအားတစ်ခု ပန်းထွက်သွားသည်။
ဖူး
ဝမ်ဝင်ပိုင်၏ နဖူးအလယ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး သူသည် မကျေမနပ်ဖြစ်နေသော မျက်ဝန်းများဖြင့် မြေပြင်ပေါ်သို့ ဒုန်းခနဲ လဲကျကာ သေဆုံးသွားတော့သည်။
“နောက်ဆုံးတော့... ပြီးသွားပြီ"
လုံယီက တိုးညင်းစွာ ရေရွတ်လိုက်သည်။
သူသည် ဒဏ်ရာများစွာဖြင့် အားအင်ကုန်ခမ်းနေသည်။ သူသည် သွေးအိုင်ထဲတွင် လဲနေသော ပိယောင်ယောင်ကို ဆေးတိုက်ကျွေးပြီးနောက် အခြားသော သူငယ်ချင်းများကိုလည်း တစ်ယောက်ပြီး တစ်ယောက် အပင်ပန်းခံ၍ ကယ်တင်လိုက်သည်။
“အင်း...”
ထိုအချိန်တွင် ယိုချင်းယီသည် နောက်ဆုံး၌ မျက်လုံးများ ပွင့်လာခဲ့သည်။ သူမသည် ဝေဝေဝါးဝါးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အပြာရောင် အလင်းတန်းလေးများ ခပ်သဲ့သဲ့ ထွက်ပေါ်နေတော့သည်။