အခန်း (၃၇၅-၃၇၆)
Vol. 38 Ch. 375-376
အခန်း။ ၃၇၅
ကြယ်တာရာ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် ပထမတွဲသည် ကောင်းကင်ယံရှိ ကြယ်တာရာများ၏ စွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူသွင်းနှင်းကာ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်သည်။
ခွန်အားပမာဏမှာ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသော ကြယ်တံဆိပ်အရေအတွက်ပေါ်တွင် မူတည်ပြီး လရိပ်ဝံပုလွေ သွေးမျိုးဆက်၊ နဝမမြောက် ကောင်းကင်ငှက် သွေးမျိုးဆက် သို့မဟုတ် ကြယ်ကြွေဘီလူး သွေးမျိုးဆက် ရှိသူများနှင့် ပိုမိုကိုက်ညီသည်။
စစ်မှန်သော သွေးမျိုးဆက် ပါရမီမရှိပါက ဝိညာဉ်အခြေခံ လိုအပ်ပြီး ကျင့်ကြံမှုနှုန်း အလွန်နှေးကွေးမည်ပင်။ ပါရမီအဆင့် ပြည့်မီမှု အဆင့်မှာ ၁၁ ဆင့်ဖြစ်ပြီး ကျော်လွှားရန် ခက်ခဲသော အတားအဆီးကြီးများ ရှိနေနိုင်သည်။
“ကျင့်ကြံမှုနှုန်း နှေးကွေးမည်။ ပါရမီအဆင့် ပြည့်မီမှု ၁၁ ဆင့်” ဟူသော စာသားကို မြင်လိုက်ရသောအခါ လုံယီသည် စိတ်ပျက်မသွားဘဲ ပို၍ပင် ဝမ်းသာသွားသည်။
"ဒါက သွေးမျိုးဆက် ပါရမီမရှိလည်း ကျင့်ကြံလို့ ရတယ်။ နှေးရုံပဲ ရှိမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ကျင့်ကြံလို့ ရနိုင်သရွေ့တော့ နှေးတာက ပြဿနာ မဟုတ်ပါဘူး။ ငါ့ရဲ့ စွမ်းရည်ပြမျက်နှာပြင်ကို သုံးပြီး ကျွမ်းကျင်မှုအဆင့်ကို အတင်းအဓမ္မ မြှင့်တင်လိုက်ရင် ကျင့်ကြံမှုနှုန်းကလည်း သဘာဝအတိုင်း မြန်လာမှာပဲ။
တကယ်လို့ ဒီကျင့်စဉ်က သွေးမျိုးဆက် ပါရမီအပေါ် တင်းကျပ်တဲ့ ကန့်သတ်ချက် မရှိဘူးဆိုရင် စစ်မှန်သောသွေးဂိုဏ်းရဲ့ တခြား ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေကရော ဘယ်လိုမျိုး ရှိနေမလဲ"
လုံယီသည် အခြားသော စစ်မှန်သောသွေးဂိုဏ်းကျင့်ကြံသူများထံမှ ရရှိသည့် ရွေးချယ်မှုများကို အမြန်ကြည့်ရှုလိုက်ရာ စစ်မှန်သောဝိညာဉ် မသေမျိုးခန္ဓာနှင့် ခရမ်းရောင် လေမိုးကြိုး အရိုးသန့်စင်ခြင်းကျင့်စဉ်နှစ်ခုကို တွေ့ရသည်။
သို့သော် ထိုကျင့်စဉ်နှစ်ခုလုံးတွင် သွေးမျိုးဆက် ပါရမီမရှိဘဲ ကျင့်ကြံ၍ မရပါဟု ပြတ်သားစွာ ရေးသားထားသဖြင့် လုံယီ စိတ်ပျက်သွားရပြန်သည်။
"ထားလိုက်ပါတော့... ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခု တွေ့လိုက်ရတာတင်ပဲ အတော်လေး ကံကောင်းနေပြီဆိုတော့ အရမ်း လောဘမတက်သင့်တော့ဘူး"
ထို့နောက် သူသည် သေဆုံးသွားသော နေနီဂိုဏ်း၊ စစ်မှန်သောသွေးဂိုဏ်းနှင့် လီမိသားစုဝင်များထံမှ ရရှိသော ရွေးချယ်မှု ပေါင်းများစွာကို တစ်ခုချင်းစီ ဖွင့်ကြည့်လိုက်သည်။ စုစုပေါင်း ယင်ဓာတ်ဆက်နွယ်မှု နှစ်ကြိမ် တိုးတက်လာပြီး စွမ်းအင်မှတ် တစ်ထောင်ကျော် ရရှိခဲ့သည်။
အခြေခံ ဓာတ်ငါးပါး မှော်အတတ်များဖြစ်သော လက်ဖဝါးမီးတောက်၊ လေဓားအတတ်၊ ရွှေအပ်အတတ်နှင့် အတားအဆီးတည်ဆောက်ခြင်းအတတ် စသည်တို့ကိုလည်း စုဆောင်းမိသွားသဖြင့် နောင်တွင် ဂိုဏ်း၌ အမှတ်များဖြင့် လဲလှယ်နေရမည့် အလုပ်ကို သက်သာသွားစေသည်။
အကြီးမားဆုံးသော ရရှိမှုမှာမူ ကြယ်တာရာ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ပင် ဖြစ်ပြီး ဂိုဏ်းသို့ပြန်ရောက်မှ အေးဆေး လေ့လာရမည်ပင်။
လုံယီသည် စွမ်းရည်ပြမျက်နှာပြင်မှ အာရုံလွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသူများမှာ မြေအောက်လှိုင်ဂူအတွင်း ပြန့်ကျဲနေကြပြီး အချို့မှာ ပိတ်ဆို့နေသော ကျောက်တုံးများကို ပျံသန်းဓားများဖြင့် ဖယ်ရှားရန် ကြိုးစားနေကြသည်။
“ဘာဖြစ်လို့လဲ”
“ဂိုဏ်းချုပ် ဟန်ယွဲ့ ချန်ထားခဲ့တဲ့ ပစ္စည်းတွေလည်း အကုန်ယူပြီးပြီ။ အမွေအနှစ်လည်း ရပြီးပြီ။ ဘာလို့ ဒီဂူဗိမာန်က ဘာမှတုံ့ပြန်မှုမရှိဘဲ ငါတို့ကို အပြင်ထွက်ခွင့်မပေးသေးတာလဲ”
ဂိုဏ်းတူတစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
လုံယီ အံ့အားသင့်သွားသည်။ ၎င်းမှာ အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်နေသည်။ သူသည် မြေကျင်းတူး၍ ထွက်ရန် ကြိုးစားနိုင်သော်လည်း ၎င်းမှာ အချိန်ကုန်လှသလို ဂိုဏ်းချုပ်ဟန်ယွဲ့က အခြားသော ထောင်ချောက်များ၊ အတားအဆီးများ ပြင်ဆင်ထားသလားဆိုသည်ကိုလည်း မသိနိုင်ပေ။
လုံယီသည် ယိုချင်းယီကို ကြည့်လိုက်ရာ သူမသည် လှပသော မျက်ခုံးအစုံကို ကြုတ်ကာ တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေသည်ကို တွေ့ရသည်။
“ငါ့မှာ အကြံရှိတယ်”
ယိုချင်းယီက ရုတ်တရက် ပြောလိုက်သည်။
ထင်ယောင်ထင်မှား ဖြစ်နိုင်သော်လည်း လုံယီသည် သူမ၏ လေသံမှာ ယခင်ကထက် ပိုမို အေးစက်လာသည်ဟု ခံစားလိုက်ရသည်။ ယိုချင်းယီသည် အက်ကြောင်းများ ပြည့်နေသော ဧရာမ ကျောက်ရုပ်ဖြူကြီးထံသို့ လျှောက်သွားသည်။
သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းဖန့်ဖန့် အလင်းတန်း သုံးခုမှာ ကျောက်ရုပ်ကြီး၏ နဖူးနှင့် မျက်ဝန်းများဆီသို့ တိကျစွာ ကျရောက်သွားသည်။
ဂျောက် ဂျောက် ဂျောက်
ဂိုဏ်းချုပ်ဟန်ယွဲ့ ကျောက်ရုပ်ကြီး၏ ဧရာမ ဦးခေါင်းကြီးမှာ စတင် လည်ပတ်လာပြီး ကျောက်စင်္ကြံများမှာလည်း တဖွဲဖွဲ ကြွေကျလာသည်။ ထို့နောက် အမူအရာမဲ့သော မျက်နှာဖြင့် အောက်ရှိ အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများကို ငုံ့ကြည့်လာသည်။
၎င်း၏ မျက်ဝန်းများမှ စိမ်းဖန့်ဖန့် အလင်းတန်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြေအောက်လှိုင်ဂူတစ်ခုလုံးကို တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားတော့သည်။
ထိုအချိန်မှာပင် ထိုနေရာရှိ တပည့်များအားလုံး မြေပြင်ပေါ်သို့ သတိလစ် လဲကျသွားကြရာ လုံယီတစ်ယောက်သာ ချွင်းချက်အဖြစ် ကျန်ရှိနေခဲ့သည်။ ဂူဗိမာန်ကြီးမှာ ရုတ်တရက် ဝေဝေဝါးဝါး ဖြစ်လာပြီး မြင်ကွင်းများ ပြောင်းလဲသွားကာ လူတိုင်း၏ ခန္ဓာကိုယ်များမှာလည်း အစိုင်အခဲဘဝမှ ဝိညာဉ်ပုံသဏ္ဌာန်ကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
လုံယီသည် ယိုချင်းယီကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။ သူမ၏ အရှိန်အဝါမှာ ပိုမိုအေးစက်လာပြီး မျက်ဝန်းများမှာလည်း ခံစားချက်ကင်းမဲ့နေကာ ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေသည်မှာ အချိန်မရွေး နတ်သက်ကြွေတော့မည့်အလား ထင်မှတ်ရသည်။
လုံယီ၏ အကြည့်ကို သတိပြုမိသွားသကဲ့သို့ ယိုချင်းယီက လှည့်ကြည့်လာရာ သူမ၏ မျက်ဝန်းထဲတွင် ရှားရှားပါးပါး ဂယက်ထမှုလေးတစ်ခု ဖြစ်ပေါ်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်သွားပြီးနောက် လူတိုင်းသည် ဂူဗိမာန်၏ အပြင်ဘက်သို့ ရောက်ရှိသွားကာ တစ်ယောက်ပြီးတစ်ယောက် သတိပြန်လည်လာကြသည်။
“ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ ဘယ်လိုလုပ် အပြင်ရောက်လာတာလဲ”
“ငါ ခုနလေးတင် အဲဒီမြေအောက်လှိုင်ဂူထဲမှာ ရှိနေတာ မဟုတ်လား။ ဧရာမ အမျိုးသမီးကျောက်ရုပ်ကြီးကို မြင်လိုက်ရတယ်။ ကျောက်ရုပ်အောက်မှာ တစ်ယောက်ယောက် ထိုင်နေသလိုပဲ... ဒါပေမဲ့ သူတို့ မျက်နှာကို လုံးဝ မမှတ်မိတော့ဘူး...”
“ငါလည်း အတူတူပဲ။ မမှတ်မိတော့ဘူး။ ထူးဆန်းလိုက်တာ...”
အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်များသည် မြေအောက်လှိုင်ဂူထဲသို့ ရောက်ရှိပြီးနောက်ပိုင်း မှတ်ဉာဏ်များမှာ အမည်မသိ အင်အားတစ်ခု၏ ဖျောက်ဖျက်ခြင်းကို ခံလိုက်ရသကဲ့သို့ လုံးဝ ပျောက်ကွယ်နေသည်ကို တွေ့ရသဖြင့် ထိတ်လန့်ကုန်ကြသည်။ သို့သော် တားမြစ်ချက်များကို ဖြတ်ကျော်ခဲ့သည့် မှတ်ဉာဏ်များမှာမူ ကျန်ရှိနေသေးသည်။
လုံယီသည် သတိလစ်ပြီးမှ အခုမှ နိုးလာသကဲ့သို့ ဟန်ဆောင်နေသော ယိုချင်းယီကို ကြည့်ကာ စိတ်ထဲတွင် တစ်ခုခုကို သဘောပေါက်သွားသည်။
ဂိုဏ်းချုပ်ဟန်ယွဲ့မှာ ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သူပီပီ ချန်ထားခဲ့သော နည်းလမ်းများမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းသည်။
“မင်းတို့ နောက်ဆုံးတော့ ထွက်လာကြပြီပဲ”
လျှို့ဝှက်နယ်မြေအတွင်းရှိ အလောင်းထိန်းချုပ်ရေးဂိုဏ်းမှ တပည့်ရင်းများမှာ သူတို့ထံသို့ အမြန် လျှောက်လာကြသည်။
ဤရက်များအတွင်း သူတို့သည် ရန်သူဂိုဏ်းသားများက ဂျူနီယာတပည့်များထံမှ ရတနာများကို လုယူမည်စိုးသဖြင့် ဤနေရာတွင် စောင့်ကြပ်နေခဲ့ကြခြင်းပင်။
လုံယီသည် ရှုကျန့်၊ ဟန်ထောင်မုန့်၊ ဟူကျားဝေ၊ ယန်ကျီချန်နှင့် အခြားသူများကိုလည်း တွေ့လိုက်ရသည်။
ဝုန်း ဝုန်း ဝုန်း
ထိုအချိန်တွင် ဂူဗိမာန်နှင့် မလှမ်းမကမ်းရှိ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး လူပုံရိပ်များစွာ တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခံလိုက်ရသည်။
သူတို့ထဲတွင် အလောင်းထိန်းချုပ်ရေးဂိုဏ်း၊ နေနီဂိုဏ်း၊ စစ်မှန်သောသွေးဂိုဏ်းနှင့် အရှေ့ပင်လယ် လီမိသားစုတို့မှ မြေအောက်လှိုင်ဂူထဲသို့ ဝင်ရောက်ရန် အဆင့်မမီဘဲ အပြင်ဘက်အဆင့်များတွင် ပိတ်မိနေခဲ့သော တပည့်များ ပါဝင်သည်။
သူတို့အတွက် ၎င်းမှာ ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုသည်ကို လုံယီလည်း မဝေခွဲတတ်တော့ပေ။
ဝုန်း ဝုန်း ဝုန်း
အပြင်လူအားလုံးကို ကန်ထုတ်ပြီးနောက် ဂိုဏ်းချုပ်ဟန်ယွဲ့၏ ဂူဗိမာန်မှာ မြေပြင်အောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားပြီး အဖြူရောင် တိမ်တိုက်များ ဖုံးလွှမ်းသွားကာ နောက်ဆုံးတွင် ဘာမျှမကျန်တော့ဘဲ ကျယ်ပြောလှသော လွင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“သွားပြီ... ဂိုဏ်းချုပ်ဟန်ယွဲ့ရဲ့ ဂူဗိမာန် ပျောက်သွားပြီ”
တပည့်ရင်းတစ်ဦးက ကြောင်တောင်တောင်ဖြင့် ရေရွတ်လိုက်သည်။
“ဒါဆိုရင် ဂိုဏ်းချုပ်ရဲ့ အမွေအနှစ်ကို တစ်ယောက်ယောက်က ရသွားပြီပေါ့။ ဘယ်သူက အဲဒီလောက်အထိ ကံကောင်းသွားတာလဲ”
“ယွဲ့ယွဲ့... ငါ့ရဲ့ ယွဲ့ယွဲ့”
ရင်ကွဲမတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ယန်ကျီချန်သည် အပြင်သို့ လွင့်ထွက်လာသူများထဲတွင် သူ၏ ချစ်လှစွာသော လီရှင်းယွဲ့ကို မတွေ့ရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းကာ မယုံကြည်နိုင်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ဖြင့် ပြည့်နှက်နေတော့သည်။
“မြန်မြန်ပြောစမ်း မင်းတို့ လီရှင်းယွဲ့ကို တွေ့ခဲ့ကြလား”
ယန်ကျီချန်သည် အတွင်းစည်းတပည့်တစ်ဦး၏ ကော်လာကို ဆွဲကာ ဒေါသတကြီး အော်ဟစ်မေးလိုက်သည်။
အဖမ်းခံရသော တပည့်မှာ သူ၏မျက်နှာပေါ်သို့ ကျရောက်လာသော တံတွေးများကိုပင် မသုတ်ရဲဘဲ အကူအညီမဲ့စွာ ရှင်းပြရရှာသည်။
“စီနီယာအစ်ကိုယန်... ဂူဗိမာန်ရဲ့ နောက်ဆုံးနေရာကို ရောက်ပြီးတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော် ဘာမှ မမှတ်မိတော့ဘူး...”
“မဖြစ်နိုင်တာ မင်း ငါ့ကို လိမ်ပြောနေတာ”
ယန်ကျီချန်သည် ထိုတပည့်၏ လည်ပင်းကို ညှစ်လိုက်ရာ ထိုသူမှာ မျက်လုံးများ ပြူးထွက်လာတော့သည်။
“တော်စမ်း”
“မင်း ရူးသွားပြီလား ယန်ကျီချန်”
အခြားသော တပည့်ရင်းများက ယန်ကျီချန်ကို အတင်း ဝိုင်းဆွဲကြရသည်။ တပည့်ရင်းများအနက် ခေါင်းဆောင်မှာ ဆံပင်အတိုကို ကျစ်ဆံမြီးသေးလေးများစွာ ကျစ်ထားသည့် လီမိသားစုမှ အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူမ၏ ပုံစံမှာ သာမန် အမျိုးသမီးကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားလှသည်။ သူမ၏အမည်မှာ လီထင်ထင်ဖြစ်ကြောင်း ပိယောင်ယောင် ပြောပြဖူးသဖြင့် လုံယီ သိထားသည်။
လီထင်ထင်က မေးလိုက်သည်။
“မင်းတို့ လီရှင်းယွဲ့၊ ဝမ်ဝင်ပိုင်နဲ့ ပိုင်ရှောင်တို့ကို တွေ့ခဲ့ကြလား”
အပြင်သို့ ထွက်လာသော တပည့်အားလုံးက ခေါင်းခါပြကြပြီး နောက်ဆုံးအဆင့်တွင် မှတ်ဉာဏ်များ လုံးဝ ပျောက်ဆုံးနေကြောင်းသာ ပြောကြသဖြင့် တပည့်ရင်းများမှာ အံ့အားသင့်ကုန်ကြသည်။
“ဂိုဏ်းချုပ်ဟန်ယွဲ့က တကယ့် အမွေဆက်ခံသူကို ကာကွယ်ဖို့အတွက် လူတိုင်းရဲ့ မှတ်ဉာဏ်ကို ဖျောက်ဖျက်လိုက်တာပဲ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ နည်းလမ်းပဲ”
လီထင်ထင်က ရေရွတ်လိုက်သည်။
အမွေဆက်ခံသူမှာ ယခု အပြင်သို့ ထွက်လာသော ကျင့်ကြံသူများထဲတွင် ရှိနေမည်မှာ သေချာသည်။ ထိုအချိန်တွင် နေနီဂိုဏ်း၊ စစ်မှန်သောသွေးဂိုဏ်းနှင့် အရှေ့ပင်လယ် လီမိသားစုမှ လူများအားလုံးလည်း သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
အခန်း။ ၃၇၆
“သခင်လေးယွမ်... သခင်လေးယွမ် ဘယ်ရောက်သွားတာလဲ”
“ဂင်ယောင် ဂိုဏ်းတူညီလေးကော... တစ်ယောက်ယောက် မြင်လိုက်မိလား”
“ငါတို့ လီမိသားစုရဲ့ ကျင့်ကြံသူ လီရှန်းဖိန် ဘယ်မှာလဲ”
အင်အားကြီးအဖွဲ့အစည်း သုံးခုမှ တပည့်များမှာ အလောင်းထိန်းချုပ်ရေးဂိုဏ်းထက်ပင် ပို၍ ပူပန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အထူးချွန်ဆုံး ထိပ်သီးတပည့်များမှာ အပြင်သို့ ပြန်ထွက်မလာဘဲ အစောပိုင်း အဆင့်များတွင် ပိတ်မိနေခဲ့သော သာမန်တပည့်တစ်စုသာ ထွက်လာသောကြောင့်ပင်။
သူတို့ကို မေးမြန်းသည့်အခါတိုင်းလည်း လူတိုင်းမှာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ အကြောင်းမှာ သူတို့သည် နောက်ဆုံး မြေအောက်နန်းတော်ထဲသို့ ဝင်ခွင့်ပင် မရခဲ့ကြခြင်းပင်။
“ဒါ အလောင်းထိန်းချုပ်ရေးဂိုဏ်းကလူတွေ လုပ်တာပဲ ဖြစ်ရမယ်”
“ဟုတ်တယ် သူတို့ပဲ နောက်ဆုံးနေရာကို ဝင်နိုင်ခဲ့တာ”
အဖွဲ့အစည်း သုံးခုမှ တပည့်များသည် အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
“ဘာလဲ... မင်းတို့က ဂိုဏ်းအချင်းချင်း စစ်ဖြစ်ချင်တာလား”
လီထင်ထင်က ရှေ့သို့ တက်လာသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ တဖျတ်ဖျတ် လက်နေပြီး တည်ကြည်ပြတ်သားသော အမူအရာ၊ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တုံ့ပြန်လိုက်သည်။
၎င်းကို မြင်သောအခါ အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများသည်လည်း အလျင်အမြန် စုရုံးလိုက်ကြပြီး အဆောင်များနှင့် ဝိညာဉ်ကိရိယာများကို အသင့်ပြင်ကာ အဆိုးဆုံး တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
အင်အားကြီး လေးဖွဲ့အနက် အလောင်းထိန်းချုပ်ရေးဂိုဏ်းတွင် တပည့်အများဆုံးရှိပြီး တစ်ဝက်ကျော်မှာ အလယ်အလတ်အဆင့် တပည့်များ ဖြစ်သော်လည်း အဆင့်မြင့်တပည့်များ၏ အကာအကွယ်အောက်တွင် သူတို့သည် ပုံမှန်ထက် များစွာ သာလွန်သော အင်အားကို ထုတ်ဖော်နိုင်သည်။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် စစ်မှန်သောသွေးဂိုဏ်းမှ ကျင့်ကြံသူများသည် ဆုတ်ခွာလိုသော ဆန္ဒရှိနေသည့် ခေါင်းဆောင်နောက်သို့ လိုက်ပါကာ အရင်ဆုံး ထွက်ခွာသွားကြသည်။ အရှေ့ပင်လယ် လီမိသားစုမှာမူ လူနည်းစုသာ ရှိသဖြင့် ဆက်နေပါက အမြောက်စာ ဖြစ်သွားနိုင်သည်ကို သိ၍ မကျေမနပ်ဖြင့်ပင် နောက်ဆုတ်သွားကြတော့သည်။
နေနီဂိုဏ်းမှ ခေါင်းဆောင်ကျင့်ကြံသူမှာမူ အခြေအနေကို စောင့်ကြည့်ကာ နှစ်ဖက်အင်အားကို ချိန်ဆနေသည်။
လီထင်ထင်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် ချောက်ချားသွားရပြီး တစ်ဖက်လူက ငါတို့ကို ဒီမှာတင် အပြတ်ရှင်းပစ်နိုင်တဲ့ အခွင့်အရေး ရှိနေတာလားဟု တွေးမိသွားသည်။
ထို့ကြောင့် စိတ်ထဲတွင် နာကျည်းနေသော်လည်း သူ၏တပည့်များကို ဦးဆောင်ကာ ဆုတ်ခွာသွားရတော့သည်။
အားလုံး အစုလိုက်အပြုံလိုက် ပျက်စီးသွားနိုင်သည့် အန္တရာယ်ဆိုးကြီးမှာ လေထဲတွင် ပျောက်ကွယ်သွားရာ အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများမှာ သက်ပြင်းချနိုင်တော့သည်။ သို့သော် လီထင်ထင်မှာမူ ပေါ့ပေါ့ဆဆ မနေရဲပေ။
သူမသည် ဂိုဏ်းတူညီမလေးနှင့်မောင်လေးများကို ဦးဆောင်ကာ ချောက်ကမ်းပါး အနက်ပိုင်းရှိ ကြယ်ခြောက်ပွင့် တည်နေရာပြောင်း ရွှေ့ခြင်း အင်းကွက်ရှိရာသို့ အလျှင်အမြန် ဆုတ်ခွာခဲ့ကြသည်။
လီထင်ထင်သည် ကြည်လင်သော ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အင်းကွက်၏ အလယ်တွင် ထားလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအားဖြင့် အနက်ရောင် တိုကင်ပြားတစ်ခုကို ထိန်းချုပ်ကာ အင်းကွက်ကို နှိုးဆော်လိုက်သည်။
အင်းကွက်မှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အပေါ်တွင် ရပ်နေသူအားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ငါတို့ ဘေးကင်းသွားပြီ”
စခန်းရှိ ဝင်းငယ်လေးအတွင်းသို့ ပြန်ရောက်သောအခါ တပည့်တစ်ဦးက ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ စခန်းတွင် အလောင်းထိန်းချုပ်ရေးဂိုဏ်းမှ အကြီးအကဲတစ်ဦး ရှိနေသည်။
သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ကျင့်ကြံသူကြီး ဖြစ်သဖြင့် ချီသန့်စင်ခြင်းအဆင့်ရှိသူများအတွက်မူ သူ၏ခွန်အားမှာ နှိုင်းယှဉ်၍မရနိုင်အောင် အစွမ်းထက်လှသည်။ အခြားသူများ၏ မျက်နှာတွင်လည်း ဝမ်းသာရိပ်များ ပေါ်လာပြီး စိတ်သက်သာရာ ရသွားကြသည်။
“အဲဒါတော့ မသေချာသေးဘူး”
အနက်ရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်နေသော ပုံရိပ်တစ်ခုမှာ ဝင်းငယ်၏ အထက်ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသည်။
ငှက်ပျောရွက်ပုံသဏ္ဌာန် ပျံသန်းရေး ဝိညာဉ်ကိရိယာပေါ်တွင် ရပ်နေသော ထိုသူ၏ အားပြင်းလှသော အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားရာ တပည့်များအားလုံး မျက်နှာပျက်ကာ ချွေးစေးများ ထွက်လာကြတော့သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့်... ဒါ ငါတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ...”
“ဝမ်ဟုန်ယွဲ့... မင်း ဘာလုပ်ဖို့ ကြံနေတာလဲ”
ထိတ်လန့်ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ စခန်းတွင် တာဝန်ကျနေသော အခြား အနက်ရောင်ဝတ် အကြီးအကဲတစ်ဦးမှာ တပည့်များ၏ ဘေးသို့ ဝူးခနဲ ရောက်ရှိလာပြီး အလားတူ ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
ဖြောက်….
စွမ်းအားကြီးမားသော အရှိန်အဝါ နှစ်ခုမှာ မမြင်ရသော တိုက်ပွဲကို စတင်လိုက်ကြရာ လေထုထဲတွင် မိုးကြိုးပစ်သံများ မြည်ဟည်းနေသကဲ့သို့ ခံစားရသည်။ ဤအကြီးအကဲ၏ အကာအကွယ်အောက်တွင်မှ တပည့်များသည် အထက်ရှိ ဒေါသထွက်နေသော အကြီးအကဲ၏ ဖိအားမှ လွတ်မြောက်ကာ ခန္ဓာကိုယ်များ ပြန်လည် ပေါ့ပါးသွားကြသည်။
“ငါ ဘာလုပ်ဖို့ ကြံနေတာလဲ ဟုတ်လား”
အကြီးအကဲ ဝမ်ဟုန်ယွဲ့က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
“ငါ့မြေး သေသွားပြီ သူ့ရဲ့ ဝိညာဉ်ကျောက်စာချပ်က ကြေမွသွားပြီ။ သူ သေသွားပြီလို့”
အနက်ရောင် အလင်းတန်းတစ်ခု ပျံထွက်သွားပြီး မလှမ်းမကမ်းရှိ ကျောက်တိုက်ငယ်လေးကို ထိမှန်သွားသည်။ ဝုန်းဟူသော အသံကြီးနှင့်အတူ ကျောက်တိုက်လေးမှာ ပြိုကျပျက်စီးသွားတော့သည်။
“သူ သေသွားရင်လည်း လူသတ်သမားကို ရှာပြီး ကလဲ့စားချေလေ။ ဘာလို့ ဒီမှာ လာရူးနေတာလဲ”
စခန်းတွင် တာဝန်ကျနေသော၊ ဆံပင်ဖြူဖြူနှင့် အရပ်ပုပု အကြီးအကဲက အကြီးအကဲဝမ်ကို တည်ငြိမ်သော်လည်း မလျှော့သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ငါက လျှို့ဝှက်နယ်မြေထဲကို ဝင်လို့မှ မရတာ။ ဘယ်သူက လူသတ်သမားလဲဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ”
ဝမ်ဟုန်ယွဲ့က အေးစက်စွာ ပြန်ပြောသည်။
သူသည် အနည်းငယ် စိတ်အေးသွားပုံရပြီး ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာကာ သူ၏ မူလရုပ်သွင်ကို ဖော်ပြလိုက်တော့သည်။
ပုပုဝဝနှင့် ဝမ်ဝင်ပိုင်နှင့် တော်တော်လေး ဆင်တူသော်လည်း ဆံပင်ဖြူ ပိုများနေသည်။ သို့သော် သူ၏ မျက်နှာမှာမူ အရေးအကြောင်း တစ်ခုမှမရှိဘဲ ချောမွတ်နေဆဲပင်။
သူ၏ လင်းယုန်ကဲ့သို့ ထက်မြက်သော မျက်ဝန်းများက ထိုနေရာရှိ တပည့်များကို လှမ်းကြည့်လိုက်ရာ မည်သူမျှ သူနှင့် မျက်လုံးချင်း မဆုံဝံ့ကြပေ။
“ဒါပေမဲ့ ငါ သူတို့ကို မေးလို့ရတာပဲ။ ဂူထဲကို ဝင်သွားတဲ့သူတွေဆိုရင် အမှန်တရားကို သိနိုင်ခြေရှိတယ်”
ဝမ်ဟုန်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။
“မင်းဆီမှာ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ စာချွန်လွှာ ဒါမှမဟုတ် ဂိုဏ်းချုပ်ရဲ့ လက်မှတ်ပါတဲ့ အမိန့်စာ ပါလို့လား”
စခန်းတာဝန်ကျ အကြီးအကဲက လှောင်ပြောင်လိုက်သည်။
“ငါ သူတို့ကို အတင်းအကျပ် မလုပ်ပါဘူး။ ငါ့မေးခွန်းတွေကို ဖြေဖို့ဆိုတာ သူတို့ရဲ့ သဘောဆန္ဒအလျောက်ပဲ ဖြစ်မှာပါ။ ဘယ်သူကများ မဖြေချင်ဘူးလဲ”
ဝမ်ဟုန်ယွဲ့က အားလုံးကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ အလွန်ယုတ်မာပြီး လူတစ်ကိုယ်လုံးကို စိမ့်တက်သွားစေသည်။
တောက်... အဖိုးကြီးယုတ်
တပည့်များမှာ စိတ်ထဲတွင် ဝမ်ဟုန်ယွဲ့၏ ဘိုးဘေးဘီဘင်များကို အကြိမ်ပေါင်း ကုဋေကုဋာ ကျိန်ဆဲနေကြပြီ ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင်မူ မည်သူမျှ မငြင်းဆန်ဝံ့ကြပေ။
"ဒီလောက် ဩဇာအာဏာကြီးမားတဲ့ အကြီးအကဲတစ်ယောက်ကို ငြင်းဆန်ဖို့ ဘယ်သူကများ သတ္တိရှိမှာလဲ"
သို့သော်လည်း အတင်းအကျပ် အကျပ်ကိုင်ခံရခြင်းမှာ တကယ့်ကို ခံရခက်လှသည်။
စခန်းတာဝန်ကျ အကြီးအကဲသည်လည်း အခင်းဖြစ်ပွားရာနေရာ၌ မတော်တဆမှု တစ်ခုခု ဖြစ်မည်စိုးသဖြင့် လူတိုင်း သဘောဆန္ဒအလျောက်လိုက်နာနေကြသည်ကိုသာ ကြည့်နေရတော့သည်။
နောက်တစ်ခဏတွင် အကြီးအကဲဝမ်သည် လက်ဖဝါးအရွယ်အစားရှိသော ရှေးဟောင်း ကြေးမုံပြင်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်း၏ အနားသတ်များမှ စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်နေပြီး မှန်အတွင်း၌လည်း စိမ်းဖန့်ဖန့် မီးတောက်တစ်ခု ငြိမ်သက်စွာ လောင်ကျွမ်းနေသည်။
ထိုမီးတောက်ကို မြင်လိုက်ရုံဖြင့် လူတိုင်း၏ နှလုံးသားထဲတွင် အေးစိမ့်သွားရသည်။
“မင်း တကယ်ပဲ နှလုံးသားမေးကြေးမုံကို ငှားလာတာလား။ ဒါကိုရဖို့ တန်ဖိုးအတော်
ပေးလိုက်ရမှာပဲ”
စခန်းတာဝန်ကျ အကြီးအကဲက မျက်မှောင်ကြုတ်ကာ အကြည့်များ ပိုမို အေးစက်လာသည်။
“မင်းမြေး သေသွားရင်လည်း ဘယ်လိုတန်ဖိုးပေးရပေးရ ထိုက်တန်တယ်ဆိုတာ မင်းသိလာလိမ့်မယ်”
အကြီးအကဲဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နှလုံးသားမေးကြေးမုံ ဆိုတာ ဘာလဲ”
လုံယီက ပိယောင်ယောင်ကို တိုးတိုးလေး မေးလိုက်သည်။
“ဒါက ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး လက်ထဲမှာရှိတဲ့ ရတနာတစ်ခုလေ။ အဆင့်နိမ့် ကျင့်ကြံသူတွေကို စစ်ဆေးမေးမြန်းဖို့ သုံးတာ။ အကယ်၍ တစ်ယောက်ယောက်က လိမ်ပြောလိုက်ရင် ကြေးမုံထဲမှာ ထူးခြားတဲ့ တုံ့ပြန်မှုတွေ ပြလိမ့်မယ်"
၎င်းကို ကြားလိုက်ရသောအခါ လုံယီ၏ စိတ်ထဲတွင် လေးလံသွားရသည်။
"ဒီလောက်တောင် ထူးခြားတဲ့ အာနိသင်ရှိနေရင် ငါ့ရဲ့ စွမ်းရည်ပြမျက်နှာပြင်ကရော အသုံးဝင်ပါဦးမလား။ ဖြစ်နိုင်ခြေ မရှိပါဘူး။ ဘာလို့လဲဆိုတော့ နှလုံးသားမေးကြေးမုံဆိုတာက ကိုယ့်ကို တိုက်ရိုက် အန္တရာယ်ပြုတဲ့အရာမှ မဟုတ်တာ"
အကယ်၍ အမှန်တရားကို သိသွားပြီး အကြီးအကဲဝမ်က ငါ့ကို ရန်ရှာလာရင်...
ထိုသို့ တွေးမိသည်နှင့် လုံယီ၏ ကျောရိုးထဲတွင် စိမ့်သွားရသည်။ ယခုတွေ့နေရသော အကြီးအကဲဝမ်၏ အရှိန်အဝါမှာ စောစောက ဝမ်ဝင်ပိုင် အသုံးပြုခဲ့သော အဆောင်ရတနာမှ ပေါ်ထွက်လာသော အရိပ်ထက်ပင် များစွာ ပိုမို အားကောင်းလှသည်။ ယခုအချိန်တွင် သူ့ကို ရင်ဆိုင်ရန် လုံယီအတွက် အောင်နိုင်ခြေ အလွန်နည်းပါးလှသည်။
စစ်ဆေးမေးမြန်းမှုများ စတင်နေပြီဖြစ်ကာ အရင်ဆုံး ရှေ့သို့ တက်သွားသူမှာ အတွင်းစည်းတပည့်များအနက် အသန်မာဆုံးဖြစ်သော ရှဲ့ကျိယွီ ဖြစ်သည်။
အကြီးအကဲဝမ်သည် နှလုံးသားမေးကြေးမုံကို ကိုင်ကာ စိမ်းဖန့်ဖန့် အလင်းတန်းကို ရှဲ့ကျိယွီထံသို့ ချိန်ရွယ်လိုက်သည်။
“ဝမ်ဝင်ပိုင်ကို မင်းသတ်ခဲ့တာလား”
အကြီးအကဲဝမ်က ရှဲ့ကျိယွီကို စူးစိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။
“မဟုတ်ပါဘူး”
ရှဲ့ကျိယွီက တည်ငြိမ်စွာပင် ပြန်ဖြေသည်။
“ဘယ်သူသတ်လဲဆိုတာကော မင်းသိလား”
“ကျွန်တော် မသိပါဘူး”
ထိုမေးခွန်းနှစ်ခုအပြီးတွင် နှလုံးသားမေးကြေးမုံ၌ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ထို့နောက် ချီကျောက်ရွှယ် တလှည့်ဖြစ်ပြီး သူမလည်း အလားတူပင် မေးခွန်းများကို ဖြေကြားခဲ့ရာ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
တပည့်တစ်ယောက်ပြီးတစ်ယောက် မေးမြန်းပြီးနောက် မကြာမီမှာပင် လုံယီနှင့် ယိုချင်းယီတို့၏ အလှည့်သို့ ရောက်လာတော့သည်။
လုံယီနှင့် ယိုချင်းယီတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များကို တွေ့လိုက်ရသည်။
လုံယီမှာ ဝမ်ဝင်ပိုင်ကို သတ်ခဲ့သူဖြစ်ပြီး ယိုချင်းယီမှာမူ ဂိုဏ်းချုပ်၏ အမွေအနှစ်ကို ရရှိထားသူဖြစ်ရာ ထိုမြင်ကွင်းကို မှတ်မိနေသဖြင့် သူမ လိမ်ပြော၍ ရမည်မဟုတ်ပေ။
“မင်း... ရှေ့ကို ထွက်ခဲ့”
အကြီးအကဲဝမ်က ယိုချင်းယီကို ကြည့်ကာ လှမ်းခေါ်လိုက်သည်။ ယိုချင်းယီသည် ပွင့်လင်းစွာပင် ရှေ့သို့တက်ကာ မေးမြန်းမှုကို ခံယူလိုက်သည်။ ၎င်းကို မြင်ရသောအခါ လုံယီမှာ ဦးရေပြားများပင် ထုံကျဉ်လာရတော့သည်။
သူ၏ စိတ်ထဲမှ လင်းယုန်ဟစ်သံမှာလည်း ပို၍ ပြင်းထန်လာသည်။ ကိုယ်ခံပညာရှင်တစ်ဦး၏ ဆဋ္ဌမအာရုံက သူ့ထံသို့ ဘေးအန္တရာယ်ကြီး ကျရောက်တော့မည်ဖြစ်ကြောင်း သတိပေးနေပြီ ဖြစ်သည်။
“ဝမ်ဝင်ပိုင်ကို မင်းသတ်ခဲ့တာလား”
အကြီးအကဲဝမ်က အေးစက်စွာ မေးလိုက်သည်။
“မဟုတ်ပါဘူး”
ယိုချင်းယီက အမူအရာမဲ့စွာပင် ပြန်ဖြေလိုက်သည်။
အကြီးအကဲဝမ် ဒုတိယမေးခွန်းကို မေးရန် ပြင်လိုက်ချိန်တွင် လုံယီ၏ နှလုံးသားမှာ လည်ပင်းဝသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် အကြီးအကဲဝမ်သည် ရုတ်တရက် အဝေးသို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။
အဝေးရှိ ကောင်းကင်ယံတွင် နီရဲတောက်ပြောင်သော ပုံရိပ်တစ်ခု ပေါ်လာပြီး မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် တိုးကပ်လာနေသည်။ ခဏချင်းအတွင်းမှာပင် ထိုအနီရောင်ပုံရိပ်မှာ ဝင်းငယ်၏ အထက်သို့ ရောက်ရှိလာရာ မီးတောက်ကဲ့သို့ နီရဲနေသော ပျံသန်းရေး သင်္ဘောတစ်စင်း ဖြစ်နေတော့သည်။