← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉)

ဂျပန်စာ သွားစားခြင်း

လုမင်လီ မေးလိုက်သည်။ “သူ့ နောက်ခံကို အဘွား မသိချင်ဘူးလား”

“မြေးလည်း အဘွားအရွယ်ရောက်လာရင် သိလာပါလိမ့်မယ်။ အရာအားလုံးက ခဏတာပါပဲ၊ ဘာမှ ယူလာလို့မရသလို ယူသွားလို့လည်း မရဘူး။ ‘ချစ်ခြင်းမေတ္တာ’ ဆိုတဲ့ စကားလုံးတစ်လုံးတည်းကသာ အစစ်အမှန်ဖြစ်တာ။ မြေးတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းရှိရင် ကျန်တာတွေက လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ”

ပြောပြီးသည်နှင့် သူမ သမ်းဝေလိုက်သည်။ ယနေ့ တကယ်ပင် ပင်ပန်းသွားခဲ့လေသည်။

လုမင်လီ သူမ နောက်ကျောရှိ ခေါင်းအုံးကို အသာအယာ ဆွဲထုတ်ပေးပြီး လှဲလျောင်းစေကာ စောင်ခြုံပေးလိုက်သည်။

“အဘွား မြန်မြန်နားပါတော့။ မြေး မနက်ဖြန်ကျရင် လာတွေ့ပါ့မယ်”

သူ ကျင်းဆဲ့ကို ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားတော့သည်။

ဟွာကျွင်းမှာ အိပ်မပျော်ဖြစ်နေ၏။ သူမသည် ကုတင်ပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် လုမင်လီ ပြောခဲ့သမျှကို တွေးနေမိပြီး မနက်အာရုဏ်တက်ခါနီးမှသာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် နေမှာ ကောင်းကင်အလယ်သို့ ရောက်နေပြီဖြစ်၏။ သူမ မျက်ကွင်းညိုညိုကြီးများနှင့် သမ်းဝေရင်း ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ အချိန်ကို ကြည့်လိုက်ရာ မနက်စာစားရန် နောက်ကျသွားပြီဖြစ်သဖြင့် နေ့လယ်စာသာ တစ်ခါတည်း စားရန် ဆုံးဖြတ်လိုက်၏။

အောက်ထပ်တွင် ဟွာရှန့်နှင့် မော့ချွမ်းတို့ အိမ်သန့်ရှင်းရေး လုပ်နေကြသည်။ ယနေ့ ရာသီဥတု ကောင်းမွန်သဖြင့် အိမ်ကို အကြီးအကျယ် သန့်ရှင်းရေးလုပ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်၏။ ဟွာကျွင်း ဆင်းလာသည်ကို မြင်သောအခါ မော့ချွမ်းက အံ့သြတကြီး အော်လိုက်သည်။

“ခင်ဗျား အရိုက်ခံထားရတာလား”

“ရှင်ပဲ အရိုက်ခံရမှာ...”

ဟွာကျွင်း မှန်ထဲကြည့်လိုက်ပြီး သူမကိုယ်သူမ လန့်သွားကာ မျက်နှာကို ရေအေးဖြင့် အမြန်သစ်လိုက်တော့သည်။

သူမသည် ဆိုဖာပေါ်တွင် ပစ်လှဲလိုက်ပြီး မျက်လုံးမတ်စ်ကို ထုတ်ကာ ကပ်လိုက်သည်။ မော့ချွမ်းနှင့် ဟွာရှန့်တို့သည်လည်း သူမကို အတုယူကာ မျက်နှာပေါင်းတင်သည့် မတ်စ်များ ကပ်ပြီး ဆိုဖာပေါ်တွင် လှဲနေကြ၏။

“အား... ဒါမှ သက်သောင့်သက်သာ ရှိတာ”

မော့ချွမ်း သက်ပြင်းချရင်း ပြောသည်။

“အရင်တုန်းကနဲ့ နှိုင်းယှဉ်ရင် ဒါမှ လူ့ဘဝလို့ ခံစားရတာ”

ဟွာရှန့်ကလည်း ခေါင်းညိတ်ကာ ထောက်ခံ၏။

မော့ချွမ်းသည် ဟွာကျွင်းထံမှ တုံ့ပြန်မှု မကြားရသဖြင့် ဆက်ပြောသည်။

“ကြည့်စမ်း။ ဒီမှာ ဘယ်လောက်ကောင်းလဲ။ ငါတို့မှာ ဆိုဖာရှိတယ်၊ ဖုန်းရှိတယ်၊ တီဗွီရှိတယ်၊ ကားရှိတယ်၊ ပြီးတော့ အရသာရှိတဲ့ စားစရာတွေလည်း ရှိတယ်။ ဘယ်လို လူမိုက်မျိုးက ရှေးခေတ်ကို ပြန်သွားပြီး အဲဒီလို ဘဝမျိုးမှာ နေချင်မှာလဲ။ အဲဒါက တကယ်ကို မိုက်မဲတယ်လို့ ခင်ဗျား မထင်ဘူးလား”

ဟွာကျွင်း ဝုန်းခနဲ ထရပ်လိုက်သည်။ “ရှင် ကျွန်မကို ဆုံးမနေတာလား”

“မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ စစ်သူကြီးလုနဲ့က မဖြစ်နိုင်ဘူးလေ။ သူက လူကောင်းတစ်ယောက် ဖြစ်ပြီး ကျွန်တော့်တို့ကို အများကြီး ကူညီခဲ့ရင်တောင် ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ”

“သူက ကျွန်တော်တို့လိုမျိုး အဲဒီဘက်က အရာအားလုံးကို စွန့်လွှတ်ပြီး ဒီကို လိုက်လာနိုင်မှာ မဟုတ်ဘူး”

ဟွာကျွင်း စိတ်မရှည်သလို ပြောလိုက်၏။ “ကောင်းပါပြီ၊ ကျွန်မ သိပါတယ်၊ ကျွန်မ အားလုံးကို ကိုင်တွယ်နိုင်ပါတယ်။ အခု သန့်ရှင်းရေး မြန်မြန်လုပ်ပြီး ဂျပန်စာ သွားစားကြရအောင်”

အရသာရှိသော စားစရာများကသာ စိုးရိမ်ပူပန်မှုအားလုံးကို မေ့ပျောက်စေနိုင်သည်။

ဟွာကျွင်း လီဗာကို နင်းကာ ဂျပန်စားသောက်ဆိုင်သို့ တန်းတန်းမတ်မတ် မောင်းသွားတော့သည်။ အဆင့်မြင့်ဇိမ်ခံကားကြီး ဆိုင်ရှေ့တွင် ရပ်လိုက်သည်နှင့် ဆိုင်ဝန်ထမ်းနှစ်ဦး ချက်ချင်း ထွက်လာကြသည်။ ဟောကျ်ားတစ်ယောက်က ကားပါကင် ထိုးပေးရန် ကူညီပေးပြီး မိန်းကလေးတစ်ဦးက သူတို့ကို အရိုအသေပေးကာ ပြောလိုက်၏။

“ဧည့်သည် သုံးဦး၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ”

ထိုသို့ပြောပြီး ဆိုင်ထဲသို့ ဂျပန်ဘာသာဖြင့် တစ်ခုခု လှမ်းအော်လိုက်သည်။

ဆိုင်ထဲရှိ ဝန်ထမ်းအားလုံးကလည်း ထိုဂျပန်ဘာသာစကားဖြင့်ပင် ပြိုင်တူ ပြန်ထူးကြ၏။

သီးသန့်အခန်းထဲတွင် မော့ချွမ်း ဟွာကျွင်းကို တိုးတိုးလေး မေးသည်။

“သူတို့ ဘာတွေ ဂျောက်ဂျက် ဂျောက်ဂျက် ပြောနေကြတာလဲ”

“ကျွန်မလည်း မသိဘူး... ဒါပေမဲ့ သူတို့ရဲ့ ဝန်ဆောင်မှု ပေးတဲ့ စိတ်ဓာတ်ကို ကြည့်ဦး၊ ရှင် အဲဒါကို သင်ယူထား”

ဟွာကျွင်းကလည်း တိုးတိုးလေး ပြန်ပြောလိုက်၏။

မော့ချွမ်းသည် ဂျပန်ဖျာပေါ်တွင် ဒူးထောက်ကာ သူတို့ ဘာစားချင်သလဲဟု တိုးတိုးလေး လာမေးသည့် ဝန်ထမ်းကို ကြည့်ပြီး စဉ်းစားနေမိသည်။

‘နေပါစေ၊ အဲဒါကိုတော့ ကျွန်တော် မသင်ယူချင်တော့ဘူး...’

ဆယ်လ်မွန် ၊ အာတိတ်ဂုံး ၊ ပုစွန် ၊ တူနာဝမ်းဗိုက်…

ထို့နောက် ဘဲငန်းအသည်း ၊ နှင်းကဏန်း ၊ ဆူရှီ ၊ ငါးရှဉ့်ကင် …

သူတို့ သုံးယောက်မှာ တစ်သုတ်ပြီးတစ်သုတ် မှာစားကြတော့သည်။

နောက်ဆုံးတွင် ဟွာကျွင်းနှင့် ဟွာရှန့်တို့ ဗိုက်တင်းလွန်းသဖြင့် ဗိုက်ကို ကိုင်ကာ ဆိုဖာပေါ်တွင် ပစ်လှဲနေကြတော့သည်။ မော့ချွမ်းက နှာခေါင်းရှုံ့ကာ ပြော၏။

“ခင်ဗျားတို့ နှစ်ယောက်ကတော့ တကယ်ကို ဘူဖေးလာစားရတာ နှမြောဖို့ ကောင်းလိုက်တာ၊ တော်သေးတာပေါ့ ကျွန်တော် ပါလာလို့”

ပြောပြောဆိုဆိုနှင့် သူ နောက်ထပ် တစ်သုတ် ထပ်မှာလိုက်ပြန်သည်။ နောက်ဆုံးတွင် ခေါက်ဆွဲတစ်ပွဲဖြင့် အဆုံးသတ်လိုက်တော့၏။

စားပြီးနောက် မော့ချွမ်းက မေးသည်။

“ဒီည မုန့်ဆိုင်မှာ ဘာရောင်းမှာလဲ”

ဟွာကျွင်း စိတ်မကြည်မလင် ဖြစ်နေသဖြင့် နှာမှုတ်ပြီး အံကြိတ်ပြောလိုက်သည်။

“ခရုခေါက်ဆွဲ”

မော့ချွမ်းနှင့် ဟွာရှန့်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး မေးကြ၏။

“ခရုခေါက်ဆွဲဆိုတာ ဘာလဲ။ စားလို့ ကောင်းလား”

“စားလို့ ကောင်း မကောင်း ဒီညကျရင် သိရမှာပေါ့”

မုန့်ဆိုင်ကို နောက်ဆုံး၌ ပြန်၍ ဖွင့်ပါတော့၏။

နှစ်ရက်တိတိ စောင့်နေခဲ့ရသည့် ဖောက်သည်များမှာ ဆိုင်ရှေ့တွင် ရောက်နှင့်နေကြပြီး တံခါးဖွင့်သည်နှင့် ဆိုင်ထဲသို့ တိုးဝင်ကာ ဝိုင်းအသီးသီးတွင် နေရာယူကြတော့သည်။

“သူဌေးမဟွာ အဘွားလုအတွက် စီစဉ်ပေးတဲ့ မွေးနေ့ပွဲသတင်းက တစ်မြို့လုံး ပျံ့နေတာပဲ။ အဲဒီ ‘ချင်းရွှေလျိုရှန်း’ ဆိုတာက ဘာလဲ။ ကျွန်တော်တို့ရော စားရမလား”

“ပြီးတော့ အဲဒီ အသားကင်နံ့ကလည်း မြို့အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ ရောက်တယ်ဗျ။ လူတွေအများကြီး နံရံနားမှာ ကပ်ပြီး အဲဒီအနံ့ကို လိုက်နမ်းနေကြတာ”

“ဪ... မီးရှူးမီးပန်းတွေကလည်း တကယ့်ကို အံ့သြဖို့ ကောင်းတယ်။ အဲဒီလောက် ခမ်းနားတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ မနေ့ညကတော့ တကယ့်ကို နှစ်သစ်ကူးထက်တောင် ပိုစည်ကားနေတာပဲ”

နောက်ဆုံးတွင် တစ်ယောက်က အဓိကအချက်ကို မေးလိုက်၏။

“ဒီနေ့ ကျွန်တော်တို့တွေ ဘာစားကြမှာလဲ။ မီနူးလည်း မတွေ့မိပါလား”

“ဒီနေ့ ဆိုင်မှာ ခရုခေါက်ဆွဲရောင်းမှာပါ။ ခေါက်ဆွဲတစ်ပွဲကို ကြေးပြား (၂၀) ပါ၊ အရံဟင်းတွေအနေနဲ့ ကြက်ဥကြော်၊ ဝက်ခြေထောက်ကြွပ်ကြော်၊ ကြက်ခြေထောက်ကြော် စတာတွေကို ထပ်မှာလို့ ရပါတယ်”

“ကောင်းပြီလေ၊ ဒါဆို ကျွန်တော့်ကို ခရုခေါက်ဆွဲတစ်ပွဲနဲ့ ကြက်ဥကြော်တစ်လုံး ပေးပါ”

“ကျွန်မကိုလည်း တစ်ပွဲ၊ ဝက်ခြေထောက်နဲ့နော်။ ဆိုင်ရှင်ဟွာရဲ့ ဆိုင်မှာဆိုရင် ဘာမှာမှာ သေချာပေါက် အရသာရှိမှာပဲ”

ဟွာကျွင်းအပေါ် ယုံကြည်မှုကြောင့် ဖောက်သည်များက အလွယ်တကူပင် မှာယူကြတော့သည်။ အရံဟင်းများကို အားမန်က ဟွာကျွင်း၏ ညွှန်ကြားချက်အတိုင်း အသစ်စက်စက် ကြော်ပေးနေပြီး မော့ချွမ်းကတော့ ခေါက်ဆွဲပြုတ်ရန် တာဝန်ယူထား၏။

“ဒီခေါက်ဆွဲက ဘာခေါက်ဆွဲလဲ၊ အပေါ်ကတင်တဲ့ ဟင်းတွေကလည်း အများကြီးပဲ”

မော့ချွမ်း ခရုခေါက်ဆွဲ အထုပ်ပေါ်က လမ်းညွှန်ချက်ကို ကြည့်လိုက် အားမန်၏ လှုပ်ရှားမှုကို တစ်ချက်ကြည့်လိုက် လုပ်နေသည်။

အချိန်ကုန်သက်သာစေရန် ခေါက်ဆွဲများကို ရေအေးတွင် ကြိုပြုတ်ထားပြီးသား ဖြစ်ရာ ယခုအခါ ဒုတိယအဆင့်မှ စတင်ရန်သာ လိုတော့သည်။

ရေအေးထည့်ကာ ဆူအောင်တည်၊ အမွှေးအကြိုင်ထုပ် အမျိုးမျိုးထည့်၊ ပြီးနောက် ခေါက်ဆွဲထည့်၊ နောက်ဆုံး မျှစ်ချဉ် ထည့်…

“အွတ်...” မော့ချွမ်းမှာ မအောင့်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ပင် အန်ချလုနီးပါး ဖြစ်သွား၏။

“ဒါက ဘာအနံ့ကြီးလဲ။ ပုပ်နေတာလား”

သူသည် နှာခေါင်းကို လက်ဖြင့် ပိတ်လိုက်ပြီး သက်တမ်းကုန်မကုန် စစ်ဆေးရန် အိတ်ခွံကို လှမ်းကြည့်လိုက်သည်။

“သက်တမ်းလည်း မကုန်သေးပါဘူး...”

သူ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သော မျှစ်ချဉ်ထုပ် အခွံကို ကြည့်ပြီး ခဏစဉ်းစားကာ ပြန်ကောက်လိုက်၏။ သူသည် အိတ်ခွံကို နှာခေါင်းနားသို့ ဖြည်းဖြည်းချင်း ကပ်လိုက်သည်။

“အွတ်...”

သူသည် မီးဖိုချောင်တံခါးကို ဖွင့်ကာ ပြေးထွက်လာ၏။ “ဟွာကျွင်း... ဟွာကျွင်း။ မြန်မြန်လာကြည့်ဦး၊ ဒါ ဘာဖြစ်နေတာလဲ”

ဟွာကျွင်းသည် ဖောက်သည်တစ်ဦးနှင့် စကားပြောနေစဉ် မော့ချွမ်းက တံခါးကို ဝုန်းခနဲ ဖွင့်လိုက်သောအခါ မျှစ်ချဉ်နံ့မှာ သူနှင့်အတူ အပြင်သို့ ပါလာပြီး ဆိုင်တစ်ဆိုင်လုံး ထိုထူးခြားသော အနံ့ဆိုးကြီးဖြင့် ပြည့်နှက်သွားတော့သည်။

“ဟွာကျွင်း” မော့ချွမ်းက သူမကို ဆွဲကာ ပြော၏။

“မီးဖိုချောင်ထဲ လာကြည့်ဦး”

“ဘာဖြစ်လို့လဲ” ဟွာကျွင်းက မီးဖိုချောင်ထဲ ပါသွားရင်း မေးသည်။

“ခင်ဗျား ဒီအနံ့ဆိုးကြီးကို မရဘူးလား”

“ဘာလို့ အဲဒီလောက် အလန့်တကြား ဖြစ်နေရတာလဲ။ ဒါက ခရုခေါက်ဆွဲရဲ့ အနံ့ပဲလေ”

မော့ချွမ်း မျက်လုံးပြူးသွားသည်။ “ဒါ... ဒါကြီးကို စားလို့ရလို့လား”

အပြင်ဘက်တွင်လည်း ဖောက်သည်များက ကျယ်လောင်စွာ အော်ဟစ်ကြတော့၏။

“သူဌေးမဟွာ၊ သူဌေးမဟွာ… ဘာဖြစ်တာလဲ။ ဆိုင်ထဲမှာ အနံ့ကြီးက တော်တော်ဆိုးနေတယ်”

ဟွာကျွင်းသည် အပြင်ထွက်ကာ ရှင်းပြလိုက်၏။

“အားလုံးပဲ၊ အားလုံးပဲ... ကျွန်မ စကားကို နားထောင်ပေးပါဦး။ ဒါက ခရုခေါက်ဆွဲရဲ့ အနံ့ပါ၊ နံစော်တို့ဟူးလိုမျိုး အနံ့က ဆိုးပေမဲ့ စားလိုက်ရင်တော့ တကယ့်ကို အရသာရှိပါတယ်။”

သူမက ဆက်ပြောသည်။

“တကယ်လို့ လက်မခံနိုင်ဘူးဆိုရင်လည်း ရပါတယ်ရှင်။ နောက်နေ့ တခြားအစားအစာတွေ ရောင်းတဲ့အခါမှပဲ ပြန်လာခဲ့ကြပါနော်”

ထိုသို့ကြားပြီးနောက် လူတိုင်းမှာ စကားမပြောနိုင် ဖြစ်သွားကြသည်။ နံစော်တို့ဟူးအနံ့မှာ ကြော်ပြီးသွားလျှင် အနံ့က တော်တော်လေး အဆင်ပြေသွားပြီး အပြင်ဘက်တွင် ရောင်းခြင်းဖြစ်ရာ လေဝင်လေထွက်ရှိသဖြင့် သိပ်မသိသာပေ။

ဒါပေမဲ့ ဒီခရုခေါက်ဆွဲကတော့…

ဆိုင်ရှင်ဟွာ ဘာမှမပြောလျှင် သူတို့အားလုံး အိမ်သာပေါက်ထွက်သွားပြီဟု ထင်မိကြမှာ သေချာသည်။

အပြင်တွင် တန်းစီနေသူများပင် အနံ့ရသဖြင့် ဇဝေဇဝါ ဖြစ်နေကြစဉ် ဆိုင်ထဲမှ ဖောက်သည်အချို့ နှာခေါင်းပိတ်ကာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။

တစ်ဝက်ခန့်က ပြေးထွက်သွားသော်လည်း ကျန်တစ်ဝက်မှာတော့ ဆိုင်ထဲတွင် ထိုင်နေဆဲ ဖြစ်ရာ အပြင်ကလူများမှာ ပြေးရမလို၊ နေရမလိုဖြင့် ကြောင်တောင်တောင် ဖြစ်နေကြတော့သည်။

ထိုစဉ် ဟွာကျွင်းက အပြင်ထွက်ကာ လူတိုင်းကို အခြေအနေအားလုံးကို ထပ်မံရှင်းပြလိုက်ပြီး ယနေ့တွင် ခရုခေါက်ဆွဲတစ်မျိုးတည်းသာ ရှိကြောင်းနှင့် စားမစားမှာ လူတိုင်း၏ ဆန္ဒသာဖြစ်ကြောင်း ပြောကြားလိုက်၏။

အခန်း (၁၆၀)

သတ္တိရှိသူများသာ အရသာကို အရင်ခံစားရစမြဲ

အချို့လူများမှာ အနံ့ကို မအောင့်နိုင်ဘဲ ထွက်သွားကြသော်လည်း အချို့ကမူ မြည်းစမ်းကြည့်ချင်သဖြင့် ဆက်လက်တန်းစီနေကြပြီး အချို့မှာမူ ဆိုင်ဝတွင် ရပ်ကာ အခြေအနေကို စောင့်ကြည့်နေကြသည်။

ဒေါ်လေးပန်း ပြုံးစိစိဖြင့် လှမ်းပြောလိုက်၏။

“သူဌေးမဟွာရေ... ဒီတစ်ခါတော့ တကယ်ကို လက်စွမ်းပြလိုက်တာပဲ၊ ဒီခရုခေါက်ဆွဲက နံစော်တို့ဟူးထက်တောင် ပိုနံသေးတယ်”

“ဒါက ဘာမှမဟုတ်သေးပါဘူး”

ဤသို့ဆိုကာ ဖောက်သည်များကို လှမ်းပြောလိုက်သည်။

“တကယ်လို့ ခရုခေါက်ဆွဲက မနံသေးဘူးလို့ ထင်ရင် နံစော်တို့ဟူးတစ်ပွဲ ထပ်မှာပြီး ဟင်းရည်ထဲ စိမ်စားလို့ ရပါတယ်ရှင်၊ အဲဒါဆိုရင် ပိုနံပြီး ပိုအရသာရှိသွားလိမ့်မယ်”

သူမ မီးဖိုချောင်ထဲ ပြန်ဝင်လာသောအခါ မော့ချွမ်းမှာ နှာခေါင်းနှစ်ဖက်လုံးကို တစ်ရှူးများဖြင့် ပိတ်ထားပြီး ဟွာရှန့်၏ နှာခေါင်းကိုလည်း အဝတ်တစ်ခုဖြင့် စည်းပေးထားသည်ကို တွေ့လိုက်ရသည်။

ခေါက်ဆွဲအနည်းငယ် ပြုတ်ပြီးနောက် ဟွာကျွင်းသည် ဧည့်သည်များထံ သွားချပေးရင်း ပြောလိုက်၏။

“ဂုဏ်ယူပါတယ် သတ္တိခဲတို့ရေ။ ရှင်တို့ကတော့ ဒီအရသာရှိတဲ့ အစားအစာကို အရင်ဆုံး မြည်းစမ်းခွင့်ရသူတွေပဲ”

အမှန်အတိုင်းပြောရလျှင် မျှစ်ချဉ်နံ့ကို ခဏဖယ်ထားပါက ဤခရုခေါက်ဆွဲမှာ ကြောက်စရာမကောင်းသည့်အပြင် အလွန်ပင် စားချင်စဖွယ် ကောင်းလှသည်။

ငရုတ်ဆီကြောင့် နီရဲတောက်ပနေသည့် ဟင်းရည်မှာ သွားရည်ကျစရာပင်။ ဟင်းရည်ထဲတွင် နူးညံ့ဖြူဖွေးသည့် ခေါက်ဆွဲဖတ်များ၊ ရွှေဝါရောင် ကြက်ဥကြော်၊ နှင့် ဟင်းသီးဟင်းရွက်စိမ်းစိမ်း အနည်းငယ်တို့မှာ တခြားသော ခေါက်ဆွဲများထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေသည်။

“ရောက်မှတော့ စားရမှာပဲ” စားသုံးသူတစ်ဦးက ဘေးမှလူကို ပြောလိုက်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း အားပေးလိုက်၏။

သူသည် ခေါက်ဆွဲတစ်လုပ်ကို တူဖြင့် အားရပါးရ ခပ်စားလိုက်ရာ နောက်တစ်စက္ကန့်တွင် ငရုတ်ဆီကြောင့် သီးပြီး ချောင်းတဟွတ်ဟွတ် ဆိုးတော့သည်။

ဟွာကျွင်းက ရေအေးတစ်ခွက် အမြန်ကမ်းပေးကာ ပြောလိုက်၏။

“ဖြည်းဖြည်းစားပါရှင်၊ အစပ်က ပြင်းတယ်...”

သူသည် ရေတစ်ခွက်လုံး သောက်လိုက်ပြီး အတော်ကြာအောင် ချောင်းဆိုးပြီးမှ သက်ပြင်းချရင်း ပြောလိုက်သည်။

“အား... စပ်လိုက်တာ”

သူသည် ခေါင်းခါရင်း ဆက်စားရန် ကြိုးစားပြန်သည်။ ဒီတစ်ခါတော့ ပိုသတိထားကာ နှစ်ချက်လောက် မှုတ်ပြီးမှ ပါးစပ်ထဲ ထည့်တော့သည်။

“ဘယ်လိုနေလဲ” ဘေးမှလူက မေး၏။

“ကောင်းတယ်။ အခုတော့ မနံတော့ဘူး၊ အဲဒီအစား မွှေးကြိုင်ပြီး စပ်စပ်လေးနဲ့ ခံတွင်းတွေ့စေတယ်”

၎င်းကို ကြားသောအခါ လူတိုင်း စိတ်သက်သာရာရသွားပြီး အလျင်အမြန် စားကြတော့သည်။ ဆိုင်တစ်ဆိုင်လုံးတွင် ခေါက်ဆွဲစုပ်သံများဖြင့် ပြည့်နှက်သွားတော့၏။

ဆန်ခေါက်ဆွဲဖတ်မှာ ကျစ်လျစ်ပြီး ဝါးရတာ အိစက်နေကာ အရသာရှိလှသည့် ဟင်းရည်နှင့် အရံဟင်းများကြောင့် ဤခေါက်ဆွဲတစ်ပွဲမှာ တကယ်ပင် လန်းဆန်းစေသည်။ ကြက်ဥကြော်ဖြစ်စေ၊ ဝက်ခြေထောက်ဖြစ်စေ ဟင်းရည်ထဲတွင် စိမ်ထားသဖြင့် ဟင်းရည်အရသာများ စိမ့်ဝင်သွားကာ ပုံမှန်ထက်ပင် ပို၍ အရသာရှိနေတော့၏။

မော့ချွမ်း မီးဖိုချောင်တံခါးအဟလေးမှ ချောင်းကြည့်ရင်း ရင်ထဲမှ ချီးကျူးမိသည်။

“သူဌေးမဟွာကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ ဒီလိုအနံ့မျိုးနဲ့တောင် ရောင်းထွက်အောင် လုပ်နိုင်တယ်”

ဆိုင်ထဲတွင် မြိန်ရေယှက်ရေ စားနေကြသော်လည်း ဆိုင်ဝရှိ ဖောက်သည်များမှာတော့ ဒုက္ခရောက်နေကြသည်။ တစ်ယောက်ဆိုလျှင် လျို၏ နံစော်တို့ဟူးဆိုင်သို့ ပြေးသွားကာ မေးလိုက်၏။

“ဒီနေ့ တို့ဟူးက အနံ့ပြောင်းသွားတာလား”

“မဟုတ်ဘူး၊ ဒါ နံစော်တို့ဟူးအနံ့ မဟုတ်ဘူး။ မုန့်ဆိုင်က ခရုခေါက်ဆွဲနံ့လေ”

“အော်... ဒါကြောင့် ဒီနေ့ မုန့်ဆိုင်မှာ တန်းစီတဲ့သူ နည်းနေတာကိုး။ ဒီလောက်နံတာကို စားလို့ကောင်းပါ့မလား”

လျိုက ပြန်ပြောလိုက်၏။

“သူဌေးမဟွာ လုပ်တဲ့အရာထဲမှာ စားလို့မကောင်းတာ ရှိလို့လား”

သူမ ပြောနေစဉ်မှာပင် မုန့်ဆိုင်ထဲမှ တစ်ယောက်က ခေါင်းပြူထွက်လာပြီး လှမ်းအော်လိုက်သည်။

“နံစော်တို့ဟူး တစ်ပွဲပေးပါ။ ဟင်းရည်ထဲထည့်ပြီး ပိုနံအောင် လုပ်စားမလို့”

အပြင်ကလူများအားလုံး မှင်တက်သွားကြတော့၏။

ခရုခေါက်ဆွဲ ဆိုသည်မှာ သတ္တိရှိရှိ တစ်ခါမြည်းကြည့်ဖူးသူတိုင်း မစွဲလမ်းဘဲ မနေနိုင်သည့် အရာမျိုးပင်။

အနံ့ကို လုံးဝ လက်မခံနိုင်သော်လည်း မြည်းကြည့်ချင်သူများအတွက်မူ ဟွာကျွင်းက မျှစ်ချဉ်ကို ဖယ်ပေးလိုက်သည်။ အရသာ အနည်းငယ် လျော့သွားသော်လည်း လူတိုင်းစားနိုင်သည့် အနေအထား ဖြစ်သွား၏။ သို့သော်လည်း စားရဲသူမှာ နည်းသဖြင့် ယနေ့ညသည် အတော်လေး ငြိမ်သက်နေ၏။ ဟွာကျွင်းသည် ဆိုင်ကို ထိုသုံးယောက်လက်ထဲ အပ်ထားခဲ့ပြီး ဆိုင်ဝတွင် ခုံလေးတစ်လုံးဖြင့် ထိုင်ကာ ငေးငိုင်နေတော့သည်။

ငေးငိုင်နေသည်ဟု ဆိုသော်လည်း သူမ စိတ်ထဲတွင် လုမင်လီ ယနေ့ လာမလားဟု တွေးနေခြင်း ဖြစ်၏။ မနေ့က သူ အမူးပြေသွားသည့်အခါ ထိုစကားများကို ပြောမိသည့်အတွက် နောင်တရနေမလားဟုလည်း သူမ စဉ်းစားနေမိသည်။

စဉ်းစားနေစဉ်မှာပင် လွန်ခဲ့သော ရက်အနည်းငယ်က ဦးလေးကျန်း၏ မုန့်ဆိုင်တွင် တွေ့ခဲ့သည့် ကလေးလေးကို သူမ မြင်လိုက်ရသည်။ ကလေးမှာ ဝဝတုတ်တုတ်နှင့် ခန့်ညား တောက်ပသော အချိတ်ပိုးထည် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ပါးစပ်ကလည်း တတွတ်တွတ် ပြောနေမြဲပင်။

ဦးလေးကျန်းကတော့ ထုံးစံအတိုင်း ပြန်မပြောသော်လည်း နှင်ထုတ်ခြင်းလည်း မပြုပေ။ ကလေးလေးသည် ပူပူနွေးနွေး မုန့်ကိုယူကာ အားရပါးရ ကိုက်စားနေတော့သည်။ စားပြီးသောအခါ သူသည် အိတ်ကပ်ထဲမှ ငွေထုပ်ကို နှိုက်လိုက်သည်။

ဖောင်းနေသည့် ငွေထုပ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် သူသည် ရုတ်တရက် အော်ဟစ်တော့သည်။

“ငါ့ငွေတွေ ဘယ်ရောက်ကုန်တာလဲ။ ငါ့ငွေတွေ ဘယ်မှာလဲ။ ဒါတွေက ဘာလို့ ကျောက်ခဲတွေ ဖြစ်နေရတာလဲ”

သူသည် အိတ်ထဲမှ အရာများကို ဦးလေးကျန်း၏ စားပွဲပေါ်သို့ သွန်ချလိုက်ရာ ကျောက်ခဲလေးများသာ ဖြစ်နေသည်ကို တွေ့ရ၏။

“အားးးးး ငါ့ငွေတွေ ဘယ်မှာလဲ။ ချိုက်ရှူး ချိုက်ရှူး မြန်မြန်လာပါဦး။ ဒုက္ခပါပဲ” ကလေးလေးမှာ အဆက်မပြတ် အော်ဟစ်နေတော့သည်။

သူ၏ အစေခံအိုကြီးမှာ လမ်းပေါ်ရှိ ရထားလုံးပေါ်မှ တုန်တုန်ရင်ရင်ဖြင့် ဆင်းလာပြီး အပြေးအလွှား ရောက်လာသည်။

“သခင်လေး... ဘာဖြစ်လို့လဲ”

“ချိုက်ရှူး... ငါ့ငွေတွေက ဘာလို့ ကျောက်ခဲတွေ ဖြစ်သွားတာလဲ”

ချိုက်ရှူးက အခြေအနေကို နားလည်လိုက်သော်လည်း အံ့သြဟန်မပြပေ။

“သခင်လေး... ငွေတွေကို... ငွေတွေကို သခင်ကြီးက လဲထားလိုက်တာပါ...”

ကလေးလေး၏ အော်သံမှာ ပိုကျယ်လာသည်။

“ငါ့အဖေက ဟုတ်လား။ သူက ဘာလို့ ငါ့ငွေတွေကို လဲထားရတာလဲ။ ငါ ငွေလိုတယ်ဆိုတာ သူ မသိဘူးလား”

“သခင်ကြီးက ပြောတယ်... သခင်လေးကို ငွေထပ်မပေးတော့ဘူးတဲ့။ သခင်လေးက အရမ်းဝနေပြီမို့လို့ အပြင်မှာ အစားအသောက်တွေ ဝယ်မစားရတော့ဘူးလို့ အမိန့်ထုတ်ထားပါတယ်...”

“ဘာလို့လဲ။ နေ့ဘက်မှာ သူက ကျွန်တော့်ကို ဆန်ပြုတ်နဲ့ သာမန် ဟင်းတွေပဲ ကျွေးပြီး အရသာရှိတာတွေ မကျွေးဘူး၊ အခု ညဘက်မှာပါ လာချုပ်ကိုင်နေတာလား။ ကျွန်တော် အမေကို သွားတိုင်မယ်”

ပြောပြောဆိုဆိုနှင့် သူ လှည့်ထွက်သွားရန် ပြင်ရာ ဦးလေးကျန်းက အမြန်တားလိုက်၏။

“ဟေ့။ မင်း ပိုက်ဆံ မပေးရသေးဘူးလေ”

ကလေးလေးက လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။

“ချိုက်ရှူး... ပေးလိုက်စမ်း”

ချိုက်ရှူးကလည်း အခက်တွေ့နေ၏။

“သခင်ကြီးက ကျွန်တော့်ဆီက ပိုက်ဆံတွေကိုလည်း သိမ်းသွားတယ်...”

ကလေးလေး မျက်လုံးပြူးသွားသည်။

“ဘာလို့ စောစောက မပြောတာလဲ”

“သခင်ကြီးက ပြောတယ်... သခင်လေး အစားအသောက် ဝယ်စားဖို့လုပ်တဲ့အခါ ပိုက်ဆံမရှိမှန်း သိရင် လိမ္မာသွားလိမ့်မယ်တဲ့။ သခင်လေးက အရင်စားပြီးမှ ပေးမယ်လို့ ဘယ်သူ သိမှာလဲ...”

ကလေးလေးသည် ဦးလေးကျန်းဘက် လှည့်ကာ ပြောလိုက်၏။

“ဦးလေးကျန်း... ကျွန်တော့်ကို အကြွေးမှတ်ထားပေးပါ။ မနက်ဖြန်ကျရင် ငွေလာပေးပါ့မယ်”

ဦးလေးကျန်း၏ အဖြေမှာ ပြတ်သားလှသည်။

“လက်ငင်းအရောင်းပဲ၊ အကြွေးမရဘူး”

ကလေးလေးက ခါးထောက်ကာ ပြန်ပြောလိုက်၏။

“ကျွန်တော့်အဖေက မြို့ထဲက လျိုမိသားစု စားသောက်ဆိုင် ပိုင်ရှင်လေ။ ကျွန်တော်က မုန့်ဖိုးလောက်ကို အကြွေးတင်ထားပါ့မလား။ ဦးလေး လျိုမိသားစု စားသောက်ဆိုင်ကို သိတယ်မလား”

ဦးလေးကျန်းက ခေါင်းခါပြ၏။

“မသိဘူး”

ကလေးလေး သက်ပြင်းချလိုက်ပြီး ခါးမှ ကျောက်စိမ်းဆွဲသီးကို ဖြုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

“ဒါဆို ဒီကျောက်စိမ်းဆွဲသီးကို ပေါင်ထားမယ်။ ကျွန်တော် ငွေလာပေးတဲ့အခါ... မဟုတ်ဘူး၊ မရွေးတော့ဘူး။ ဒီကျောက်စိမ်းဆွဲသီးက မုန့်ဘယ်နှစ်ခုစာနဲ့ ညီလဲဆိုတာပဲ ပြောပါ။ ဘာပဲဖြစ်ဖြစ် အိမ်ပြန်ရင်လည်း ကျွန်တော့်အတွက် စားစရာကောင်းကောင်း မရှိဘူး”

ဦးလေးကျန်းက ကျောက်စိမ်းဆွဲသီးကို ဘယ်လိုမှ လက်မခံပေ။ နှစ်ယောက်သား အခြေအတင် ဖြစ်နေကြစဉ် ဦးလေးကျန်းက ဟွာကျွင်းကို လှမ်းကြည့်လိုက်၏။

ဟွာကျွင်းသည် ဆိုင်ဝမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမသည် ကလေးလေးရှိရာသို့ လျှောက်သွားကာ ပြောလိုက်၏။

“ဒီကျောက်စိမ်းဆွဲသီးက တန်ဖိုးကြီးပါတယ်။ ဒါကို ပြန်ယူသွားပြီး သေသေချာချာ သိမ်းထားလိုက်ပါ။ ဒီနေ့ မုန့်ဖိုးကို မမ စိုက်ပေးလိုက်မယ်၊ မင်း ပေးစရာ မလိုပါဘူး”

ကလေးလေး၏ မျက်လုံးများက ဝေ့ဝဲသွားပြီး ဟွာကျွင်းကို မေး၏။

“အစ်မက သူဌေးမလား”

ဟွာကျွင်းက ခေါင်းညိတ်ပြသည်။

“ဟို မုန့်ဆိုင်ရဲ့ သူဌေးမလား” ကလေးလေးက မသေချာသလို ထပ်မေးသည်။

ဟွာကျွင်းက ကိုယ်ကို ကိုင်းကာ ပြောလိုက်၏။

“ဟုတ်ပါတယ်၊ မမက သူဌေးမဟွာ မုန့်ဆိုင်ရဲ့ ပိုင်ရှင်ပါ။ ဘာကူညီပေးရမလဲဟင်”

ကလေးလေးက သူမ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။

“ကျွန်တော် ဆုံးဖြတ်လိုက်ပြီ၊ ကျွန်တော် အကြွေးဆပ်ဖို့အတွက် အစ်မဆီမှာ အလုပ်ဝင်မယ်”

သူပြောလိုက်သည်နှင့် ချိုက်ရှူးက ချက်ချင်းပင် တားလိုက်၏။

“မလုပ်ပါနဲ့ သခင်လေးရယ်၊ မလုပ်ပါနဲ့”

ဟွာကျွင်းကလည်း ခေါင်းခါရင်း ပြောလိုက်သည်။

“မမဆီမှာ ကလေးအလုပ်သမား မလိုပါဘူး”

ကလေးလေးက ဟွာကျွင်း၏ လက်မောင်းကို ဖက်ထားပြီး မလွှတ်တော့ဘဲ ဇွတ်အတင်း ပြောတော့သည်။

“ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် အစ်မနဲ့ပဲ နေတော့မယ်။ ဘာပဲဖြစ်ဖြစ် အိမ်မှာ စားစရာကောင်းကောင်း မရှိဘူး၊ နောက်ရက်ဆို ကျွန်တော် အငတ်ဘေးဆိုက်တော့မှာ။ ဒီမှာပဲ အလုပ်လုပ်ရင်း သေသွားတာကမှ တော်ဦးမယ်၊ အနည်းဆုံးတော့ စားစရာရှိသေးတယ်”

All Chapters