← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁)

အဘွားလု၏ မွေးနေ့ဧည့်ခံပွဲ (၂)

မြင်းလှည်းတန်းကြီးသည် စစ်သူကြီးလု၏ အိမ်တော်နောက်ဖေးတံခါးသို့ ဆိုက်ရောက်လာရာ စပ်စုလိုသည့် လူအုပ်ကြီးကလည်း နောက်ကနေ တကောက်ကောက် လိုက်ပါလာကြသည်။

အစေခံများသည် မြင်းလှည်းပေါ်မှ ဆင်းလာကြပြီး တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသော အသုံးအဆောင်ပစ္စည်းများကို သယ်ယူကာ စနစ်တကျ အထဲသို့ ဝင်သွားကြ၏။

ဘေးက ကြည့်နေသူများမှာလည်း မုန့်ဆိုင်၏ အစားအသောက်များမှာ တကယ့်ကို ထူးခြားဆန်းပြားလှသည်ဟု ချီးကျူးနေကြပြီး ထိုပစ္စည်းများကို ထည့်ထားသည့် သေတ္တာများမှာပင် တန်ဖိုးကြီးလှသည်ဟု ပြောဆိုနေကြသည်။

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ်မှာပင် စစ်သူကြီးလုသည် ကိုယ်ရံတော်အချို့နှင့်အတူ နောက်ဖေးတံခါးမှ ထွက်လာခဲ့သည်။

သူသည် မျက်ခုံး၊မျက်လုံးကောင်းကောင်းနှင့် သြဇာအာဏာရှိသည့် အရှိန်အဝါ ထွက်ပေါ်နေပြီး ရှေ့ဆုံးမှ မြင်းလှည်းအနားတွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးမှာ ပို၍ ဆူညံသွားတော့သည်။ နာမည်ကျော် စစ်သူကြီးလုကိုယ်တိုင် ဤမျှ ယဉ်ကျေးပျူငှာစွာ ကြိုဆိုနေရအောင် မည်သည့်ပုဂ္ဂိုလ် ဖြစ်နေပါသနည်း။

ထိုစဉ်မှာပင် နုနယ်ဖြူစင်သော လက်တစ်ဖက်သည် မြင်းလှည်းထဲမှ ထွက်ပေါ်လာပြီးနောက် အဖိုးတန်ပိုးထည်များကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဖြည်းဖြည်းချင်း ဆင်းလာသည်။

ထိုအမျိုးသမီး၏ မျက်နှာမှာ လှပသော်လည်း မျက်မှောင်ကို အနည်းငယ် ကြုတ်ထား၏။ သူမသည် စစ်သူကြီးလု၏ လက်ကို တွဲလိုက်ပြီး ပြောလိုက်သည်။

“အား... ဒီမြင်းလှည်းရဲ့ ဘီးတွေကို ကျွန်မ သေချာပေါက် လဲပစ်ရမယ်။ သိလား။ ကျွန်မ မြင်းလှည်းထဲမှာတင် အန်တော့မလို့”

စစ်သူကြီးလု သူမကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာမှာ နွမ်းနယ်နေသော်လည်း အသံမှာ အားရှိနေသဖြင့် သူ ပြုံးမိသွားသည်။

သူက ဘာမှ ထိန်းမထားဘဲ အားရပါးရ ရယ်မောလိုက်ပြီး နှစ်သိမ့်လိုက်၏။

“ကောင်းပါပြီဗျာ။ ကိုယ် ပိုကျယ်တဲ့ ဘီးတွေ လုပ်ပေးမဲ့သူ ရှာပေးမယ်။ ဒါတင်မကဘူး၊ ထိုင်ခုံတွေကိုလည်း အကုန် လဲခိုင်းလိုက်မယ်။ နောက်တစ်ခါစီးရင် မင်း မူးမှာ မဟုတ်တော့ဘူး”

ဟွာကျွင်းသည် မူးဝေနေသည်ကို သက်သာစေရန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။

“ရှင်က ရယ်နေသေးတယ်လား။ တကယ်ပဲ ကိုယ်ချင်းစာစိတ် မရှိတာ”

“အိမ်ထဲဝင်ပြီး ခဏလောက် အနားယူလိုက်ပါဦး”

“မရဘူး၊ အချိန်က အရမ်း အရေးကြီးတယ်။ စားပွဲတွေ အကုန် ပြင်ဆင်ပြီးပြီလား”

“မင်း မှာထားတဲ့အတိုင်း လုပ်ထားပြီးပြီ။ စားပွဲတစ်လုံးစီမှာ အစေခံမလေး ရှစ်ယောက်စီ ထားပေးထားတယ်”

ထို့နောက် ဟွာကျွင်းနှင့် ဘေးချင်းယှဉ်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။

လူအုပ်ကြီးက စပ်စုမေးမြန်းကြရာမှ ဤအမျိုးသမီးမှာ နာမည်ကျော် ဟွာကျွင်းမုန့်ဆိုင်၏ ပိုင်ရှင် သူဌေးမဟွာ ဖြစ်ကြောင်း သိသွားကြ၏။

သူဌေးမဟွာသည် ဤမျှ ငယ်ရွယ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ သူမ စစ်သူကြီးလု ဘေးတွင် ရပ်နေသော်လည်း အောက်ကျနောက်ကျဖြစ်ဟန်၊ မောက်မာဟန် မပြဘဲ တည်ငြိမ်နေသည်မှာ သာမန် ကုန်သည်သမီး တစ်ယောက်နှင့် လုံးဝ မတူပေ။

ဤမျှ ထူးခြားသည့် အရှိန်အဝါရှိသော အမျိုးသမီးတစ်ဦးမှာ မယားငယ်အဖြစ် ခံယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ ခံယူမည်ဆိုလျှင်ပင် မည်သည့် ဇနီးကြီးကများ သူမကို သည်းခံနိုင်မည်နည်း။

“ကျွန်တော် ကြားတာတော့ စစ်သူကြီးလုက ဒီနေ့ ဧည့်သည်တော်တွေကို ဧည့်ခံဖို့အတွက် သူ့ကို ငွေပုံပေးပြီး အိမ်တော်မှာ တစ်ရက် ဟင်းချက်ခိုင်းတာတဲ့။ ဟို လှပတဲ့ သေတ္တာတွေထဲမှာ ပါဝင်ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ ထည့်ထားတာလေ”

လူတိုင်းက ထိုအခါမှ နားလည်သွားကြပြီး လုအိမ်တော်၏ ဧည့်ခံပွဲကြီးကို ပို၍ စပ်စုလိုစိတ် ပြင်းပြနေကြတော့သည်။

ယနေ့ညတွင် လုအိမ်တော်၏ အိမ်ရှေ့တံခါးကြီးကို အကျယ်ကြီး ဖွင့်ထားပြီး အနီရောင် မီးအိမ်များ၊ ပန်းအစစ်များနှင့် ပိုးထည်များဖြင့် အလှဆင်ထားရာ နှစ်သစ်ကူးပွဲတော်အလား စည်ကားနေ၏။

လုမင်လီသည် ဟွာကျွင်းကို နောက်ဖေးမီးဖိုချောင်သို့ ပို့ဆောင်ပြီးနောက် အိမ်ထိန်းနှင့်အတူ ဧည့်သည်များကို ကြိုဆိုရန် အိမ်ရှေ့သို့ ထွက်လာသည်။

ပတ်ဝန်းကျင်တွင် ဆုတောင်းသံများ ပြည့်နှက်နေပြီး သူ့ရှေ့တွင်တော့ ဟန်ဆောင်အပြုံးများ ရှိနေ၏။ သူ အပြင်ပန်းအားဖြင့် ယဉ်ယဉ်ကျေးကျေး တုံ့ပြန်နေသော်လည်း စိတ်ထဲတွင်တော့ ဟွာကျွင်းကိုသာ စိုးရိမ်နေမိသည်။

‘အလုပ်တွေ အများကြီးကို သူကိုယ်တိုင် လုပ်နေရတာဆိုတော့ ပင်ပန်းနေမလား။ စိတ်လှုပ်ရှားနေမလား။ ဒါမှမဟုတ် မြင်းလှည်းမူးတာ သက်သာသွားပြီလား’

‘သူကရော ငါ သူ့ကိုလွမ်းသလောက် လွမ်းနေပါ့မလား’

ဟွာကျွင်းမှာ ယခုအချိန်တွင် အလွန်ပင် အလုပ်ရှုပ်နေသည်။

မွေးနေ့ဧည့်ခံပွဲကို ဇာတ်စင်နှင့် မျက်နှာချင်းဆိုင်ရှိ ပန်းခြံထဲတွင် ပြင်ဆင်ထားသည်။ စားပွဲရှည်ကြီး နှစ်လုံးကို ပတ်ပတ်လည်တွင် ပါးလွှာသော ပိတ်စဖြူများဖြင့် ကာရံထားပြီး ပန်းအစစ်များဖြင့် အလှဆင်ထား၏။

ကာရံထားသည့် ပိတ်စများ၏ နောက်ကွယ် နှစ်မီတာခန့်အကွာတွင်တော့ မီးသွေးမီးဖိုများ တင်ထားသည့် စားပွဲတန်းများ ရှိသည်။ ထိုမီးဖိုများပေါ်တွင် ဟွာကျွင်း ယူလာသည့် စတီးလ် အစားအစာ နွေးစက် ဆယ်ခုကျော် ရှိနေပြီး ၎င်းမှာ ဘူဖေးစားသောက်ဆိုင်များရှိ ပုံစံမျိုး ဖြစ်၏။

အထဲတွင် ဟင်းလျာမျိုးစုံ ရှိနေပြီး စားဖိုမှူး ဆယ်ဂဏန်းခန့်မှာ တစ်ယောက်လျှင် ဟင်းတစ်မျိုးစီကို တာဝန်ယူကာ နောက်ကွယ်တွင် မတ်တပ်ရပ်နေကြသည်။

စားပွဲရှည်ကြီး တစ်လုံးစီ၏ ဘေးတွင် ရေဒိုင်ခွက်ငယ် တစ်ခုစီရှိပြီး အစေခံလေးဦးစီ ရှိသည်။ တစ်ဦးက ရေဒိုင်ခွက်လှည့်ရန် တာဝန်ယူရပြီး နောက်တစ်ဦးက ဟင်းပွဲများကို ရေပေါ်တွင် တင်ပေးရသည်။

ကျန်သည့် နှစ်ဦးမှာမူ သွက်လက်သူများဖြစ်ရမည်ဖြစ်ပြီး ဟင်းပွဲအားလုံးကို မှတ်သားထားကာ ပန်းကန်ကုန်သွားလျှင် အနောက်မှ အသစ်သွားယူပေးရမည်။

နောက်ထပ် အစေခံမ လေးဦးကတော့ ဧည့်သည်များဘက်တွင် ရပ်ကာ ပန်းကန်အလွတ်များကို သိမ်းဆည်းရန် ဖြစ်၏။

ဤသည်မှာ အလွန်ဆန်းသစ်သော ပုံစံဖြစ်သဖြင့် ဟွာကျွင်းသည် စိတ်မချနိုင်ဘဲ အစေခံများအားလုံးကို အကြိမ်ကြိမ် အစမ်း လေ့ကျင့်ပေးထားသည်။

“ဟုတ်ပြီ။ ရေဒိုင်ခွက်က စလှည့်ပြီဆိုတာနဲ့ ရပ်လို့မရဘူး။ ပင်ပန်းလာရင် နောက်ကနေ လူလဲဖို့ အဆင်သင့်ရှိနေမယ်။ မျက်ရိပ်ပြလိုက်တာနဲ့ လူလဲလို့ရတယ်”

“ရေဒိုင်ခွက်ကို အရမ်းမြန်မြန် မလှည့်ပါနဲ့။ ရေမျက်နှာပြင်က လှိုင်းထသွားရင် ပန်းကန်တွေ မငြိမ်ဘဲ ဖြစ်သွားလိမ့်မယ်။ အရမ်းလည်း နှေးမနေပါနဲ့၊ ဧည့်သည်တွေ စိတ်မရှည် ဖြစ်ကုန်လိမ့်မယ်”

“မင်းတို့ လေးယောက်ကတော့ ပန်းကန်တစ်ခုကို ဧည့်သည် ယူသွားတာနဲ့ အနောက်ကို သွားပြီး ချက်ချင်း အသစ်ယူလာပေးရမယ်။ ဘယ်ပန်းကန်က ဘယ်နေရာမှာ ရှိလဲဆိုတာကိုလည်း အလွတ်မှတ်ထားရမယ်”

“စိတ်ချပါ သခင်မ၊ ကျွန်မတို့ အကုန် အလွတ်မှတ်ထားပြီးပါပြီ”

ဟွာကျွင်း ခေါင်းညိတ်လိုက်၏။ လုမင်လီ စီစဉ်ပေးထားသည့် လူများက အမှားလုပ်လိမ့်မည် မဟုတ်ပေ။

ထို့နောက် သူမက ကျန်သည့် အစေခံမလေးများကို မှာကြားသည်။

“ပန်းကန်တွေ သိမ်းတဲ့အခါ ညင်ညင်သာသာ သိမ်းပေးပါ။ ပြီးရင် ဘေးက အစေခံလေးတွေကို ကမ်းပေးလိုက်ပါ”

ဟွာကျွင်းသည် အစေခံလေးများဘက် လှည့်ကာ ဆိုလိုက်သည်။

“မင်းတို့ကတော့ အခေါက်ပေါင်းများစွာ ပြေးရမှာဆိုတော့ ပင်ပန်းလိမ့်မယ်နော်”

“ကျွန်တော်တို့ အလုပ်ပဲလေ၊ ဘာမှ မပင်ပန်းပါဘူး”

ဟွာကျွင်းက ပြောလိုက်၏။

“အားလုံးပဲ ကိုယ့်တာဝန်ကိုယ် မှတ်ထားကြပါ။ ကျွန်မ အနောက်မှာ ရပ်နေမယ်။ တစ်ခုခု ပြဿနာရှိရင် ကိုယ့်ဘာသာ ဆွေးနွေးမနေဘဲ ကျွန်မဆီ တိုက်ရိုက်လာခဲ့ပါ။ ဧည့်သည်တွေ စားနေတာကို လုံးဝ အနှောင့်အယှက် မပေးပါနဲ့”

“ဟုတ်ကဲ့ပါ”

ဖြစ်နိုင်ချေရှိသည့် ပြဿနာများကို သူမ သေချာ ထပ်မံ စဉ်းစားပြီးနောက် လိုအပ်ချက် မရှိတော့မှ စားပွဲတန်းများဆီသို့ လျှောက်သွားလိုက်သည်။

တာဝန်ခံချန် သည် အစွန်ဆုံးတွင် ရှိနေ၏။ သူ ဟွာကျွင်း လာသည်ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်သည်။

“သူဌေးမဟွာ... ဒီစားပွဲပြင်ဆင်ပုံကို စိတ်တိုင်းကျရဲ့လားခင်ဗျာ”

“သိပ်ကောင်းပါတယ်၊ ဒီအတိုင်းပဲ ထားလိုက်ပါ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တာဝန်ခံချန် လက်ကာပြရင်း နေရာပြန်ယူလိုက်သည်။ သူသည် ယနေ့ စားဖိုမှူးများ အားလုံးကို ကြီးကြပ်ရသူ ဖြစ်ပြီး ဟွာကျွင်း မရှိသည့် အချိန်တွင် ဆုံးဖြတ်ချက်အားလုံးကို သူ ချမှတ်ရမည်။

စားသောက်ဆိုင်ကြီးတစ်ခု၏ ဝါရင့်တာဝန်ခံတစ်ဦး ဖြစ်သည့်အတွက် ဟွာကျွင်း သူ့ကို အလွန် ယုံကြည်သည်။

ထို့ကြောင့် သူမသည် ဟင်းလျာများတွင် တစ်စုံတစ်ရာ ပြဿနာ ရှိမရှိကိုသာ စစ်ဆေးရန် လိုအပ်၏။

သူမ တာဝန်ခံချန်ကို တိုက်ရိုက်မှာကြားလိုက်သည်။

“ဧည့်သည်တွေက အနီးအနားမှာ စားကြမှာဆိုတော့ ကျွန်မတို့က အနီးကပ် ရှိနေတာဖြစ်လို့ တိတ်တဆိတ် နေဖို့ လိုတယ်နော်”

ယခင်နှင့် မတူဘဲ ယခုတစ်ခါတွင် ဟင်းပွဲများကို မီးဖိုချောင်မှ သယ်မလာဘဲ စားပွဲများနှင့် အနီးဆုံးနေရာတွင် မီးဖိုချောင်ငယ်လေးတစ်ခု ပြင်ဆင်ထားသည်။ ၎င်းမှာ ဧည့်သည်များအနေဖြင့် ဟင်းပွဲများကို ပူပူနွေးနွေး စားနိုင်စေရန် ဖြစ်၏။

ထို့ကြောင့် လူတိုင်း တိတ်တဆိတ် နေရမည်ဖြစ်ပြီး ပြောစရာရှိလျှင်လည်း အသံတိုးတိုးဖြင့်သာ ပြောဆိုရမည်။

“စိတ်ချပါ သူဌေးမဟွာ၊ ကျွန်တော် အကြိမ်ကြိမ် မှာထားပြီးပါပြီ။ ဧည့်သည်တွေရဲ့ ထမင်းဝိုင်းကို အနှောင့်အယှက်ဖြစ်စေမဲ့ ဘယ်ဆူညံသံမှ မထွက်လာစေရပါဘူး”

ထိုစဉ် တစ်စုံတစ်ဦးက ဟွာကျွင်းကို လှမ်းခေါ်လိုက်သည်။ လှည့်ကြည့်လိုက်ရာ ဒေါ်လေးပန်း ဖြစ်နေ၏။

ဟွာကျွင်းသည် အသားကင်ဆိုင်ကိုပါ ခေါ်လာခဲ့ပြီး အားမောက်နှင့် ဒေါ်လေးပန်းကို ဧည့်သည်များအတွက် အသားကင်အချို့ ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဒေါ်လေးပန်း သူမကို အသံတိုးတိုးဖြင့် လှမ်းခေါ်နေသည်။

“သူဌေးမဟွာ... သူဌေးမဟွာ”

ထို့နောက် အနားသို့ လာရန် လက်ဟန်ပြနေ၏။

သူမ၏ ပုံမှန် အော်ဟစ်တတ်သည့် အသံနှင့် လုံးဝ ကွဲပြားနေသဖြင့် ဟွာကျွင်း ရယ်ချင်စိတ်ကို အောင့်ထားကာ လျှောက်သွားလိုက်သည်။

“သူဌေးမဟွာ... ကျွန်မ ရင်တုန်နေတယ်၊ ကျွန်မတို့ တုန်နေပြီ...”

သူမသည် ဤမျှ ခမ်းနားသော ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ပန်းခြံကြီးကလည်း ကျယ်ပြန့်ပြီး ခန့်ညားလှသလို ဧည့်သည်များမှာလည်း သူမ လမ်းပေါ်တွင်တွေ့လျှင်တောင် ရှောင်သွားရမည့် သူဌေးသူကြွယ်များ၊ ဩဇာအာဏာရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဟွာကျွင်း စိတ်အေးအောင် ပြုံးပြကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ဧည့်သည်တွေနဲ့ ဒေါ်လေးတို့ကြားမှာ ပိတ်စ ကာထားတာပဲ။ ပုံမှန်အတိုင်းပဲ ကင်ပေးလိုက်ပါ”

ဒေါ်လေးပန်း အနည်းငယ် တွေဝေနေဆဲဖြစ်ပြီး မေး၏။

“ပုံမှန်အတိုင်းပဲလား”

“ဟုတ်တယ်၊ တစ်ခုပဲ။ အသံကျယ်ကျယ် မအော်ပါနဲ့။ အသားကင် လိုအပ်လာရင် တာဝန်ခံ ချန်က လာပြောပါလိမ့်မယ်”

အခန်း (၁၅၂)

အဘွားလု၏ မွေးနေ့ဧည့်ခံပွဲ (၃)

“ဪ...” ဒေါ်လေးပန်း နားလည်သလိုလို ဖြစ်သွားသည်။

အားမောက်က သူမကို ပုတ်လိုက်မှ သတိဝင်လာကာ ပြော၏။

“သူဌေးမဟွာ…တကယ်လို့ ကျွန်မ အိမ်သာသွားချင်ရင်ရော ဘယ်လိုလုပ်ရမလဲ။ ဒီစစ်သူကြီးအိမ်တော်ကြီးက အရမ်းကျယ်တာပဲ၊ ကျွန်မ လမ်းမှားပြီး လူကြီးမင်းတွေကို စော်ကားမိမှာ ကြောက်လို့ပါ”

ဟွာကျွင်း ဤအချက်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

သူမသည် လှည့်ကြည့်လိုက်ရာ တာဝန်ခံချန်ကို တွေ့သဖြင့် သူ့ကို အကူအညီတောင်းလိုက်သည်။ တာဝန်ခံ ချန်က အားမောက်နှင့် တခြားသူများကို ခေါ်သွားကာ လမ်းကြောင်းများ အရင်ဦးဆုံး မှတ်သားခိုင်းလိုက်တော့သည်။

မော့ချွမ်းက ဟွာကျွင်းကို ထပ်မံလှမ်းခေါ်ပြန်သည်။ သူသည် ယခုအချိန်တွင် စားဖိုမှူးတစ်ဦးအဖြစ် ဟန်ဆောင်ထားပြီး အစားအစာ နွေးစက်တစ်ခုကို တာဝန်ယူထားရခြင်း ဖြစ်၏။

“ဟွာကျွင်း ဘာလို့ ခင်ဗျားရဲ့ နွေးစက်ထဲကဟာကို ကျွန်တော် တစ်ခါမှ မစားဖူးတာလဲ”

သူ မသိသည်မှာ မဆန်းပေ။ ဟွာကျွင်းသည် ယခုတစ်ခါတွင် ကြယ်ငါးပွင့်ဟိုတယ်များသို့ ပို့ဆောင်သည့် အထူးကုန်ပေးသွင်းသူဆီမှ ပစ္စည်းများကို အသုံးပြုထားခြင်း ဖြစ်သည်။ ပစ္စည်းအားလုံးမှာ ရောက်ရှိလာစဉ်ကတည်းက အလုံပိတ်ထားခြင်းဖြစ်ပြီး စစ်သူကြီးအိမ်တော် ရောက်မှသာ ဖွင့်လိုက်ခြင်း ဖြစ်၏။

“ရှင့် အထဲမှာ ဘာပါလို့လဲ”

သူ အဖုံးကို တိုးတိုးတိတ်တိတ် အနည်းငယ် ဟလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်လည်း မသိဘူး၊ ငါးဖမ်းပိုက်ကွက်လို ပုံစံမျိုးပဲ။ နမ်းကြည့်တော့ အရမ်းမွှေးတာပဲဗျာ။ တစ်ခါမှ မစားဖူးတဲ့ အရသာမျိုးပဲ”

ဟွာကျွင်း သိသွားပြီ ဖြစ်သည်။

“အဲဒါ အမဲအူကြမ်း လေ”

“ကျွန်တော် နည်းနည်းလောက် မြည်းကြည့်လို့ ရမလား”

ဟွာကျွင်းက ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ပြီး ဘေးစားပွဲပေါ်မှ အသားလှီးဓားတစ်ချောင်းကို ကောက်ကိုင်ကာ ပြန်မေးလိုက်၏။

“ရှင် ဘယ်လိုထင်လဲ”

မော့ချွမ်း စဉ်းစားကြည့်လိုက်သည်။ သူ စားချင်စိတ် ပြင်းပြနေသော်လည်း သူ့အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။ ထိုနှစ်ခုကို ချိန်ဆကြည့်ပြီးနောက် သူ နှမြောတသစွာ ပြော၏။

“ဒါဆိုရင်လည်း ထားလိုက်ပါတော့။ ဧည့်ခံပွဲပြီးတဲ့အထိ စောင့်ကြည့်ပြီးမှ ကျန်တာရှိရင် စားတော့မယ်...”

ဟွာကျွင်း ခေါင်းညိတ်ပြကာ ကိုင်ထားသည့် ဓားကို ဘေးစားပွဲပေါ်သို့ မသိမသာ ပြန်တင်လိုက်သည်။

“မှတ်ထားနော်၊ ပန်းကန်တစ်လုံးမှာ လေးဖတ်ပဲ ထည့်ရမယ်။ ပိုမထည့်နဲ့... လျော့လည်း မလျော့စေနဲ့။ ပြီးရင် အပေါ်ကနေ ဆော့စ်လေး နည်းနည်း ဆမ်းပေးလိုက်ဦး”

ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး ဘူဖေး တန်းဆီသို့ အပြေးသွားကာ အစေခံမတစ်ဦးကို မေးလိုက်သည်။

“ဒီမှာ မှတ်ဉာဏ်ကောင်းတဲ့ ညီမလေးတွေ ရှိလား။ စာလည်းဖတ်တတ်ပြီး ဟင်းနာမည်တွေကို ကြေညာပေးနိုင်မဲ့သူမျိုးပေါ့”

အစေခံမလေးက ပြန်ဖြေသည်။

“အိမ်တော်ထဲမှာတော့ အစ်မကျင်းဆဲ့က မှတ်ဉာဏ်အကောင်းဆုံးပဲ။ သူက သခင်မကြီးရဲ့ အနီးကပ်အစေခံဖြစ်ပြီး စာလည်း ရေးတတ်၊ ဖတ်တတ်တယ်”

သူမက ပြောပြီးသည်နှင့် နောက်ထပ် အစေခံမလေးတစ်ဦးကို ခိုင်းလိုက်၏။

“မြန်မြန်သွားပြီး အစ်မကျင်းဆဲ့ကို သွားခေါ်လိုက်စမ်း”

ဟွာကျွင်း လန့်သွားရသည်။ အဘွား၏ အနီးကပ်အစေခံလေးကို ဤကဲ့သို့ ကိစ္စမျိုးအတွက် မည်သို့ ခေါ်ခိုင်းရဲမည်နည်း။ သူမ အမြန်တားလိုက်သည်။

“မလိုပါဘူး၊ သူ့ကို ခေါ်လိုက်ရင် အဘွားနားမှာ လူမလောက်ဘဲ ဖြစ်နေပါဦးမယ်။ တခြား ညီမလေးတွေရော မရှိဘူးလား”

“သခင်မလေး စိတ်မပူပါနဲ့။ စစ်သူကြီးက သခင်မလေး ဘာလိုအပ်လိုအပ် ဖြည့်ဆည်းပေးဖို့ မှာထားပါတယ်။ ပြီးတော့ သခင်မကြီးနားမှာ အနီးကပ်အစေခံ လေးယောက် ရှိပါတယ်”

ဟွာကျွင်း ဘာမှ ထပ်မပြောရသေးခင်မှာပင် ပန်းရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးငယ်တစ်ဦး အပြေးရောက်လာသည်ကို တွေ့လိုက်ရသည်။

သူမက ဟွာကျွင်းကို ဦးညွှတ်ကာ ပြော၏။

“သခင်မလေး... ကျွန်မ ဘာကူညီပေးရမလဲဆိုတာ တိုက်ရိုက်သာ ပြောပါ”

ဤသို့ ဖြစ်လာမှတော့ ဟွာကျွင်းလည်း ငြင်းမနေတော့ပေ။

“ကျွန်မ ပြင်ဆင်ထားတဲ့ ဟင်းလျာတွေက ကျွန်မတို့ မုန့်ဆိုင်ရဲ့ သီးသန့်ဟင်းတွေ ဖြစ်နေလို့ပါ။ ဟင်းပွဲတွေ ချပေးတဲ့အခါ တစ်မျိုးချင်းစီကို ကြေညာပေးပြီး မိတ်ဆက်ပေးစေချင်လို့ပါ”

ကျင်းဆဲ့က ခဏစဉ်းစားပြီး ခေါင်းညိတ်ကာ ပြောသည်။

“ပုံမှန်ဆိုရင် သခင်မကြီး ထမင်းစားတဲ့အခါ ကျွန်မတို့ ဟင်းနာမည်တွေ ကြေညာပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ဟင်းတွေကို ကျွန်မ တစ်ခါမှ မမြင်ဖူးတော့ အမှားအယွင်း ဖြစ်မှာ စိုးရိမ်မိတယ်”

ဟွာကျွင်းက သက်ပြင်းချကာ ပြော၏။

“ဒါ ကျွန်မရဲ့ အမှားပါ၊ သေသေချာချာ မစဉ်းစားမိခဲ့ဘူး။ အခုမှ ဟင်းနာမည်တွေကို အလွတ်ကျက်ခိုင်းရတာဆိုတော့... တတ်နိုင်သလောက်တော့ မှတ်ထားပေးပါဦးနော်”

ဟွာကျွင်းသည် သူမကို အနောက်ဘက်ရှိ အပြင်ဘက် “မီးဖိုချောင်” ဆီသို့ ခေါ်သွားကာ အဖုံးများကို တစ်ခုချင်းစီ ဖွင့်ပြပြီး ပြောပြပေးတော့သည်။

အချိန်က နည်းသော်လည်း ကျင်းဆဲ့က မှတ်ဉာဏ်ကောင်းသူ ဖြစ်၏။ ကံကောင်းသည်မှာ ဟွာကျွင်း ဟင်းတစ်မျိုးချင်းစီကို အသေးစိတ် ရှင်းပြပေးပြီး မှတ်မိလွယ်စေရန် ပုံဖော်ခိုင်းခြင်း ဖြစ်သည်။

“ဒီ ဖက်ထုပ်ပုံစံလေးနဲ့ အပေါ်ယံ အသားကြည်ကြည်လေး၊ အထဲက ပုစွန်တစ်ကောင်လုံးကို ခပ်ရေးရေး မြင်နေရတဲ့ဟာကို ပုစွန်ဖက်ထုပ် လို့ ခေါ်တယ်”

“ဒီ နံရိုးကတော့ အမဲနံရိုးလေ၊ အပေါ်မှာ ငရုတ်ကောင်းစေ့လေးတွေ ဖြူးထားလို့ ငရုတ်ကောင်းအမဲနံရိုး လို့ ခေါ်တယ်”

“ပြီးတော့ ဒီဟင်းက ငန်းသားပါ၊ နာမည်ကတော့ တွင်းနက်ကင်ငန်း တဲ့”

ကျင်းဆဲ့က လက်ချောင်းလေးများနှင့် ရေတွက်ပြီး မှတ်နေသော်လည်း ဟွာကျွင်း ဆက်တိုက် ပြောပြပေးနေသည်။ ဟင်းလျာ ဆယ်မျိုးကျော် ရှိနေသဖြင့် မှတ်ဉာဏ်ကောင်းသည့် သူမပင် အားလုံး မှတ်မိမည်ဟု အာမ၊ မခံနိုင်ပေ။

ထို့ပြင် သူမသည် ထိုဟင်းများကို တစ်ခါမှ မစားဖူးပေ။

သူမ သိသိသာသာပင် စိုးရိမ်လာကာ မေး၏။

“သခင်မလေး... များလွန်းလို့ ကျွန်မ... ကျွန်မ အကုန်မမှတ်မိတော့ဘူး... ဘယ်လိုလုပ်ရမလဲ”

ဤသည်မှာ ဟွာကျွင်း၏ အမှားပင် ဖြစ်သည်။ ဤမျှ အရေးကြီးသော ကိစ္စကို သူမ မေ့သွားခဲ့သည်။ အကယ်၍ ဧည့်သည်များက မမေးလျှင် ကိစ္စမရှိသော်လည်း မေးလာခဲ့လျှင် မည်သည့် အစေခံမမှ ဖြေနိုင်မည် မဟုတ်ပေ။

ဧည့်သည်များ နေရာယူတော့မည်ကို မြင်သောအခါ သူမက ကျင်းဆဲ့ကို နှစ်သိမ့်လိုက်သည်။

“ရပါတယ်၊ အဲဒီအချိန်ကျရင် ကျွန်မ ရှင့်နောက်မှာ ရပ်ပြီး လှမ်းပြောပေးမယ်လေ။ ရှင် မှတ်နိုင်သလောက်ပဲ မှတ်ထားပါ”

ကျင်းဆဲ့၏ နောက်ကွယ်တွင် ပိတ်စ ကာထားသဖြင့် ဟွာကျွင်းကို လူမြင်မည် မဟုတ်ပေ။

အစေခံမလေးတစ်ဦးက ကြားဖြတ်ပြောလိုက်၏။

“သခင်မလေးကိုယ်တိုင်ပဲ ကြေညာလိုက်ရင်ရော ဘယ်လိုလဲ။ ဒါဆို အမှားနည်းတာပေါ့”

ကျင်းဆဲ့ လှည့်ကြည့်ကာ သူမကို မျက်စောင်းထိုးလိုက်သည်။ “စကားများလိုက်တာ။ သခင်မလေးဂုဏ်ဒြပ်က ဘယ်လိုလဲ။ ဒီလိုအလုပ်မျိုး သူ ဘယ်လိုလုပ် လုပ်ရမှာလဲ”

ထို့နောက် သူမ ဟွာကျွင်းကို တောင်းပန်လိုက်သည်။ “သခင်မလေး... ဒီကလေးမလေးက ငယ်သေးလို့ ဘာမှမသိဘဲ စော်ကားမိသွားတာပါ။ ခွင့်လွှတ်ပေးပါ”

အစေခံမလေးက နားမလည်သော်လည်း ကျင်းဆဲ့ကတော့ ကောင်းကောင်း သိထားသည်။ စစ်သူကြီးက ဤအမျိုးသမီးအကြောင်းကို သခင်မကြီးထံ မကြာခဏ ပြောပြလေ့ရှိပြီး မကြာမီမှာပင် အိမ်တော်၏ သခင်မ ဖြစ်လာနိုင်သည်ဟု ပြောထားခြင်း ဖြစ်ရာ သူမကို ဤသို့သော အောက်ခြေအလုပ်မျိုး မည်သို့ ခိုင်းရဲပါမည်နည်း။

ဟွာကျွင်းကတော့ စော်ကားခံရသည်ဟု မထင်ပေ။ သူမအတွက်တော့ ဤသည်မှာ အလုပ်တစ်ခုသာ ဖြစ်သည်။ အနောက်ကနေ ကြီးကြပ်ရသည်ဖြစ်စေ၊ အရှေ့ကနေ ဟင်းမိတ်ဆက်ရသည်ဖြစ်စေ သူမအတွက် မကွဲပြားပေ။

သူမက အစေခံမလေးကို ရှင်းပြလိုက်သည်။

“ကျွန်မက ရှင်တို့ရဲ့ ကျင့်ဝတ်ထုံးစံတွေကို သိပ်မကျွမ်းကျင်ဘူး။ ပြီးတော့ ကျွန်မက စစ်သူကြီးအိမ်တော်က လူလည်း မဟုတ်တော့ ဒါမျိုးလုပ်ဖို့ မသင့်တော်ဘူးလေ”

ကျင်းဆဲ့ ဆူလိုက်သဖြင့် အစေခံမလေးသည် သူမ စကားမှားသွားကြောင်း နောက်ကျမှ သိလိုက်ရသည်။ ဟွာကျွင်း၏ စကားကို ကြားသောအခါ သူမ အလွန်ပင် ကြောက်ရွံ့သွားသလို တစ်ဖက်တွင်လည်း တွေးနေမိတော့သည်။

“သခင်မလေးက တကယ် သဘောကောင်းတာပဲ၊ ငါ့ကိုလည်း အပြစ်မတင်တဲ့အပြင် အကျိုးအကြောင်းပါ ရှင်းပြပေးတယ်”

ကျင်းဆဲ့က ပြော၏။

“သခင်မလေးက ဒီလောက် သဘောထားကြီးနေတာကို ညည်းက ကျေးဇူးမတင်ဘူးလား”

ထိုစဉ် အိမ်ထိန်းက ပြေးလာပြီး ကြေညာလိုက်သည်။

“ဧည့်သည်တော်တွေ လာနေကြပြီ”

အစေခံမလေးက ဟွာကျွင်းကို အမြန် ကျေးဇူးတင်စကား ပြောပြီးနောက် သူမ နေရာသို့ ပြန်ကာ စနစ်တကျ ရပ်နေလိုက်သည်။

ဟွာကျွင်းလည်း လူတိုင်းကို အလုပ်စတင်ရန် အမြန် အသိပေးလိုက်ရာ လူတိုင်းက တာဝန်ကိုယ်စီ ထမ်းဆောင်ကြတော့သည်။

လူတစ်စုသည် ရယ်ရယ်မောမောဖြင့် သူတို့ဆီသို့ လျှောက်လာကြ၏။ လုမင်လီသည် အရှေ့ဆုံးမှနေ၍ သူ့အဘွားကို တွဲကာ လာနေခြင်း ဖြစ်သည်။ သူက ပြုံးရွှင်လျက် တစ်ခုခုကို ပြောပြနေသဖြင့် အဘွားဖြစ်သူမှာ တစ်ခါတစ်ရံတွင် ခေါင်းမော့ကာ အားရပါးရ ရယ်မောနေတတ်သည်။

ရယ်သံများ၊ ပျော်ရွှင်သံများနှင့်အတူ လူတိုင်းက ပေါ့ပါးသော ခြေလှမ်းများဖြင့် စားပွဲဝိုင်းများဆီသို့ လျှောက်လာကြသည်။

ဟွာကျွင်းသည် ပိတ်စနောက်ကွယ်မှနေ၍ ဧည့်သည်များ၏ ဆွေးနွေးသံများကို ကြားနေရ၏။

“ထူးဆန်းလိုက်တာ၊ ဒီစားပွဲ အလယ်မှာ ရေစီးချောင်းလေး ရှိနေပါလား”

“စစ်သူကြီးက ဘာကို ဆိုလိုတာလဲ။ ဒီရေက ဘာအတွက် သုံးတာလဲ”

နူးညံ့သော အမျိုးသမီး အသံတစ်ခုက ဆိုသည်။

“ဒါက စစ်သူကြီး ယွမ်ကျိုး အဘွားအတွက် ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာ လက်ဆောင် ဖြစ်မှာပါ”

လူလတ်ပိုင်း အမျိုးသားတစ်ဦးက အားရပါးရ ရယ်မောကာ ပြော၏။

“ဟားဟား။ အဘွားရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့လည်း စားပွဲပေါ်မှာ ရေစီးနေတဲ့ ဒီလို ထူးခြားတဲ့ မြင်ကွင်းမျိုးကို မြင်တွေ့ခွင့်ရတာပဲ”

အဘွားကိုယ်တိုင်လည်း အလွန်ပင် စပ်စုလိုစိတ် ဖြစ်နေသည်။

“ယွမ်ကျိုး... လူတိုင်းကို မြန်မြန် ရှင်းပြစမ်းပါဦး၊ ဒါက ဘာတွေ ထူးခြားလို့လဲ”

“ခဏတော့ သည်းခံပေးပါဦးအဘွား၊ နေရာမှာ ထိုင်လိုက်တာနဲ့ သိရမှာပါ”

ထိုအခါ လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ။ အားလုံးပဲ မြန်မြန် နေရာယူကြရအောင်၊ ကျွန်တော်တော့ မစောင့်နိုင်တော့ဘူး”

အမျိုးသားနှင့် အမျိုးသမီး သီးသန့်စားရသည့် ဓလေ့အတိုင်း လူတိုင်းက စားပွဲ နှစ်လုံးတွင် ခွဲ၍ နေရာယူလိုက်ကြသည်။ လုမင်လီကတော့ နဂိုနေရာမှာပင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူ့မျက်လုံးများက ဟွာကျွင်း ရှိနေမည့် နေရာကို လိုက်ရှာနေ၏။

ဟွာကျွင်းသည် လုမင်လီ သူမကို လိုက်ရှာနေကြောင်း သိလိုက်သည်။ သူမသည် ပိတ်စနောက်ကွယ်မှနေ၍ လက်တစ်ဖက်ကို ထုတ်ကာ လက်ညှိုးနှင့် လက်ခလယ်ကို (V) ပုံစံ “ငြိမ်းချမ်းရေး” အမှတ်အသားလေး လုပ်ပြလိုက်သည်။

လုမင်လီ မြင်လိုက်သည်နှင့် စဉ်းစားစရာပင် မလိုဘဲ ထိုသူမှာ ဟွာကျွင်းမှန်း သိလိုက်၏။

သူမမှလွဲ၍ မည်သူမှ ဤမျှ သတ္တိရှိရှိ လုပ်ရဲမည် မဟုတ်ပေ။

ထိုသို့ တွေးမိသည်နှင့် သူ ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းကာ သူ့နေရာသို့ လျှောက်သွားလိုက်သည်။

All Chapters