အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃)
ချင်းရွှေလျိုရှန်း
ဧည့်သည်အားလုံး နေရာယူပြီးသောအခါ ရေဒိုင်ခွက်ကို ကိုင်တွယ်နေသည့် အစေခံမလေးက ဟွာကျွင်းကို လှမ်းကြည့်လိုက်၏။ ဟွာကျွင်း ခေါင်းညိတ်ပြလိုက်သည်နှင့် သူတို့သည် ရေဒိုင်ခွက်ကို ဖြည်းဖြည်းချင်း စတင်လှည့်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ဟွာကျွင်းသည် သူမ ဖုန်းမှ ‘Play’ ခလုတ်ကို နှိပ်လိုက်ရာ ချုံပုတ်များထဲတွင် ဝှက်ထားသည့် ဘလူးတုသ်စပီကာ များမှတစ်ဆင့် ရှေးဟောင်းတေးဂီတသံများ ထွက်ပေါ်လာတော့သည်။
သာယာလှသော ရှေးဟောင်းကုချင်းသံစဉ်သည် စားပွဲပေါ်မှ ရေဒိုင်ခွက် လည်ပတ်သံနှင့် ပေါင်းစပ်သွားကာ ထူးထူးခြားခြားပင် သဟဇာတ ဖြစ်နေ၏။ အမှန်တကယ်ပင် ပွဲအခြေအနေကို အသက်ဝင်စေရန်အတွက် ရှေးဟောင်းကုချင်းသံထက် ကောင်းသောအရာ မရှိပေ။
စားပွဲပေါ်ရှိ မြောင်းငယ်လေးထဲမှ ရေများသည် ဖြည်းဖြည်းချင်း စီးဆင်းလာရာ ဤဆန်းသစ်သော မြင်ကွင်းက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
“တသွင်သွင်စီးနေတဲ့ ရေအသံနဲ့ ငြိမ့်ညောင်းတဲ့ ကုချင်းသံ... ဒီလို ခန့်ညားထည်ဝါတဲ့ ပတ်ဝန်းကျင်မှာ စားသောက်ရတာ တကယ့်ကို မင်္ဂလာရှိတဲ့ အခိုက်အတန့်ပဲ”
ပန်းခြံကြီးမှာ အလွန်ကျယ်ဝန်းပြီး အမြင်အာရုံ ရှင်းလင်းလှသည်။ အကယ်၍ အစေခံများက မီးဖိုချောင်မှ ဟင်းပွဲများကို သယ်လာမည်ဆိုလျှင် ထမင်းဝိုင်းမှ သေချာပေါက် မြင်နိုင်မည် ဖြစ်သော်လည်း ယခုအချိန်အထိ ပန်းခြံထဲတွင် တိတ်ဆိတ်နေဆဲဖြစ်ပြီး အစေခံများမှာလည်း ဧည့်သည်များ၏ အနောက်တွင် ဘာလှုပ်ရှားမှုမျှ မရှိဘဲ မတ်တပ်ရပ်နေကြသည်။
လူတိုင်း အံ့သြနေမိကြသည်။ ဘာကြောင့် မီးဖိုချောင်ဘက်က ဘာသံမှ မကြားရသေးတာလဲ။ ဟင်းပွဲတွေကို ဘယ်အချိန်မှ ချပေးမှာလဲ။
ရေများ မှန်မှန်စီးဆင်းနေသည်ကို မြင်သောအခါ အစေခံမလေးတစ်ဦးက အနောက်သို့ အချက်ပြလိုက်သည်။ ထိုအခါ ကျန်သည့် အစေခံများက အနောက်ဘက်မှ ပိတ်စများကို ဖယ်ကာ ထွက်လာကြသည်။ သူတို့၏ လက်ထဲတွင်တော့ ဘာတွေပါမှန်း မသိရသည့် ဟင်းပွဲလေးများ တင်ထားသော လင်ဗန်းကြီးများကို ကိုင်ဆောင်ထားကြ၏။
ရေဒိုင်ခွက်အနားတွင် စောင့်နေသည့် အစေခံမလေးက ဟင်းပွဲလေး တစ်ပွဲကို ဖြည်းဖြည်းချင်း ကောက်ယူကာ ရေမျက်နှာပြင်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။
လူတိုင်း စကားပြောနေခြင်းကို ရပ်လိုက်ကြပြီး ဤဘက်သို့သာ အကြည့် ရောက်နေကြတော့သည်။ ကံကောင်းသည်မှာ အစေခံမလေးများသည် ပွဲကြီးလမ်းကြီးများကို ကျွမ်းကျင်ပြီးသား ဖြစ်၏။ လူတိုင်း၏ စိုက်ကြည့်မှုကို ခံနေရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူတို့ လက်များမှာတော့ တုန်ယင်ခြင်း မရှိဘဲ တည်ငြိမ်နေသည်။
ဟင်းပွဲများကို ရေထဲသို့ ချလိုက်သောအခါ ၎င်းတို့မှာ ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေပြီး ရေစီးနှင့်အတူ မျောပါသွားကာ လူတစ်ဦးချင်းစီ၏ အရှေ့သို့ ရောက်ရှိလာကြတော့သည်။
ကျင်းဆဲ့၏ ကြည်လင်သော အသံ ထွက်ပေါ်လာကာ လူတိုင်းကို ရှင်းပြလိုက်သည်။ “ဒါကတော့ အမဲသားမုန်လာဥဖြူဆီပြန်ဟင်း ဖြစ်ပါတယ်ရှင်”
ထိုအခါမှသာ ဟင်းပွဲလေးများထဲတွင် အစားအသောက်များ ပါဝင်နေကြောင်း လူတိုင်း သတိပြုမိသွားကြတော့သည်။
‘ဒါပေမဲ့ ဒါကို ဘယ်လိုစားရမှာလဲ။ စားပွဲပေါ်မှာ တူ တွေ ရှိနေတော့ တူနဲ့ပဲ နှိုက်စားရမှာလား’
ထိုင်ခုံများက မြောင်းငယ်နှင့် အနည်းငယ် အလှမ်းဝေးနေသဖြင့် အစားအသောက်များကို မတ်တပ်ထရပ်ပြီး ယူစားရန်မှာ ဂုဏ်သရေရှိသူများအတွက် သိက္ခာကျစရာ ဖြစ်နေသည်။
ထိုစဉ် သခင်မကြီး၏ အနီးကပ်အစေခံက လက်လှမ်းကာ ဟင်းပွဲတစ်ပွဲကို ယူလိုက်ပြီး အဘွား၏ အရှေ့သို့ တင်ပေးလိုက်သည်ကို သူတို့ မြင်လိုက်ရ၏။ ထိုဟင်းပွဲမှာ လက်တစ်ဝါးစာခန့်သာရှိပြီး လူတစ်ယောက်စာသာ ဖြစ်ကြောင်း သတိပြုမိသွားကြသောအခါ သူတို့လည်း နားလည်သွားကြတော့သည်။
တစ်ယောက်ပြီးတစ်ယောက် လက်လှမ်းကာ ဟင်းပွဲများကို ယူကြတော့သည်။ တုံ့ပြန်မှု နှေးကွေးသူများမှာမူ ဟင်းပွဲလေးများ အားလုံး မျောပါသွားသည်ကို နောက်ကျမှ သိလိုက်ရ၏။ ထိုအချိန်တွင် အချို့ဧည့်သည်များက စတင်စားသောက်နေကြပြီ ဖြစ်ရာ သူတို့မှာ အနည်းငယ် အနေရခက်သွားကြသည်။
သူတို့ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် လွတ်သွားခဲ့သည့် အမဲသားမုန်လာဥဖြူဟင်းပွဲလေးများက စားပွဲကို တစ်ပတ်ပတ်ပြီး ပြန်ရောက်လာကြသည်။ သူတို့သည် နောက်တစ်ကြိမ် ထပ်လွတ်သွားမည် စိုးသဖြင့် အမြန်ပင် လက်လှမ်းယူလိုက်ကြတော့၏။
အမျိုးသားဧည့်သည်များဘက်တွင်တော့ လုမင်လီ ရှိနေသဖြင့် ပို၍ လွယ်ကူသည်။ ဟင်းပွဲများကို ရေထဲသို့ ချလိုက်ကတည်းက သူ လူတိုင်းကို ကြိုပြောထားသည်။ “ဟင်းပွဲက ခင်ဗျားတို့ရှေ့ကို မျောလာတဲ့အခါ ပါတဲ့ဟင်းကို ကြိုက်တယ်ဆိုရင် ယူလိုက်ရုံပါပဲ”
လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
“ဒါကြောင့် ဒီစားပွဲက ဒီလောက် အသုံးဝင်နေတာကိုး။ ရှေးလူကြီးတွေလည်း ဒီလို ဧည့်ခံပွဲမျိုး ကျင်းပလေ့ရှိတာ ကျွန်တော် မှတ်မိတယ်... အဲဒါကို ဘယ်လိုခေါ်ပါလိမ့်”
လုမင်လီက ပြုံးလျက် ဖြေလိုက်သည်။
“ချင်းရွှေလျိုရှန်းလို့ ခေါ်တာပါ”
“ဟုတ်တယ်။ ချင်းရွှေလျိုရှန်း။ တကယ့်ကို ခန့်ညားထည်ဝါလိုက်တာ”
ဟင်းပွဲထဲတွင် မုန်လာဥဖြူ တစ်တုံးနှင့် အမဲသား သုံးလေးတုံး ပါဝင်သည်။
မုန်လာဥဖြူသည် ဟင်းအနှစ်နှင့် အမဲသားမှ ထွက်လာသော အဆီများကို စိမ့်ဝင်အောင် စုပ်ယူထားသဖြင့် တစ်ကိုက်ကိုက်လိုက်တိုင်း အရည်များ စိမ့်ထွက်လာ၏။ အမဲသားမှာလည်း နူးအိနေအောင် ချက်ထားသဖြင့် ပါးစပ်ထဲတွင် ဝါးစရာပင် မလိုဘဲ အရည်ပျော်သွားတော့သည်။
အဘွားမှာ အသက်ကြီးပြီဖြစ်သဖြင့် သွားများက အရင်လို မကောင်းတော့ပေ။ အမဲသား မစားရသည်မှာ ဘယ်လောက်ကြာပြီလဲဆိုသည်ကိုပင် သူမ မမှတ်မိတော့။ သို့သော် ဤအမဲသားမှာ ဝါးရန် အားစိုက်စရာ မလိုသဖြင့် တစ်ကိုက် စားပြီးသည်နှင့် သူမ မျက်လုံးများမှာ သဘောကျလွန်းသဖြင့် တောက်ပသွားတော့သည်။
ချီးကျူးသံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ ဟွာကျွင်းသည် စကားလုံးတိုင်းကို သေသေချာချာ မကြားရသော်လည်း အောက်ပါ စကားလုံးများကိုတော့ ခပ်ရေးရေး ကြားနေရ၏။
“အရသာရှိလိုက်တာ”
“အသားနံ့က အရမ်းမွှေးတာပဲ...”
နှမြောစရာကောင်းသည်မှာ ဟင်းပွဲက သေးလွန်းသဖြင့် နှစ်ကိုက်အတွင်း ကုန်သွားပြီး အားမရနိုင်ခြင်းပင် ဖြစ်သည်။
ထိုစဉ် မျက်စိလျှင်သော အမျိုးသမီးတစ်ဦးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ဟော... ဟင်းပွဲတွေ ထပ်မျောလာပြန်ပြီ”
စကားသံများ ချက်ချင်း တိတ်သွားပြီး လူတိုင်းက ဟင်းပွဲများ လာရာလမ်းဘက်သို့ ဝိုင်းကြည့်လိုက်ကြသည်။ ယခုတစ်ခါတွင် ဟင်းပွဲများ၏ အရောင်မှာ အရင်တစ်ခါနှင့် မတူပေ။ ဟင်းအသစ်များ ဖြစ်မည်လား။
ဟွာကျွင်း၏ တိုးတိုးလေး လမ်းညွှန်ပေးမှုကြောင့် ကျင်းဆဲ့က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ “ဒီဟင်းကတော့ ဝက်နံရိုးငရုတ်ကောင်း ဖြစ်ပါတယ်ရှင်”
သူမ ပြောပြီးသည်နှင့် တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။
“ဝက်နံရိုးလား... ဘာမှ မထူးခြားပါဘူး”
“ကျွန်တော်တို့ အိမ်မှာလည်း အမြဲစားနေကျပဲ။ အဲဒီအစား ခုနက အမဲသားဟင်းကိုပဲ နောက်တစ်ပွဲလောက် ထပ်စားချင်တယ်...”
ဤသည်မှာ သူတို့အပြစ်တော့ မဟုတ်ပေ။ အမဲသားဟင်းက အလွန်ကောင်းလွန်းသဖြင့် သူတို့ မျှော်လင့်ချက်များ အမြင့်ဆုံးသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ဟင်းပွဲများ မျောလာသည့်အခါတွင်မူ မယူဘဲ ကျန်ခဲ့သူ တစ်ယောက်မှ မရှိပေ။
အကြောင်းမှာ ဤဝက်နံရိုးငရုတ်ကောင်းဟင်းကို လက်မခန့်သာရှိသော နံရိုးလေးများဖြင့် ပြုလုပ်ထားပြီး အပေါ်မှ ငရုတ်ကောင်း၊ နှမ်းဖြူနှင့် အစိမ်းရောင် အနီရောင် ငရုတ်သီးကွင်းလေးများ ဖြူးထားသဖြင့် မြင်ရုံနှင့်ပင် သွားရည်ယိုစရာ ဖြစ်နေသောကြောင့် ဖြစ်၏။
၎င်းမှာ နံရိုးဟင်းနှင့် ပတ်သက်ပြီး သူတို့အယူအဆဟောင်းများကို လုံးဝ ပြောင်းလဲစေသည်။ မထင်မှတ်ထားဘဲ နံရိုးတွင် အရိုးထုတ်ရသည်မှာ အလွန်လွယ်ကူလှ၏။ သွားဖြင့် အသာလေး ဆွဲလိုက်ရုံနှင့် အသားများမှာ အရိုးမှ အလွယ်တကူ ကွာကျလာသည်။ သို့သော် အသားမှာ အမဲသားကဲ့သို့ နူးအိလွန်းမနေဘဲ အကြောလေးများ ပါဝင်သဖြင့် အနည်းငယ် ဝါးလို့ကောင်းနေပြန်သည်။
ထို့ပြင် ဝက်သား၏ ညှီနံ့မှာလည်း လုံးဝ မရှိပေ။
နည်းလွန်းနေသည်မှာ တစ်ခုတည်းသော အားနည်းချက် ဖြစ်၏။ နံရိုး သုံးတုံးသာ ပါသဖြင့် နှစ်ကိုက်အတွင်း ကုန်သွားကာ ငရုတ်သီးကွင်းလေးများကိုသာ လိုက်ကောက်စားနေရတော့သည်။
အစေခံမလေး ပန်းကန်လာသိမ်းသည့်အခါ ပန်းကန်များမှာ ပြောင်သလင်းခါနေတော့သည်။ အထူးသဖြင့် အမျိုးသားဧည့်သည်များဘက်တွင်ဆိုလျှင် ဟင်းအနှစ်ကိုပင် ကုန်အောင် သောက်ထားကြ၏။
ဟွာကျွင်းသည် ဤကဲ့သို့ ဟင်းချပေးပုံမှာ နှေးလွန်းနေကြောင်း သိလိုက်သဖြင့် တိုးတိုးလေး မှာကြားလိုက်သည်။
“ပိုးစာရွက် ဆီစိမ်။ ပုစွန်ဆန်လိပ်နီ”
ယခုတစ်ခါတွင် ဟင်းနှစ်မျိုးကို တပြိုင်နက် ချပေးလိုက်သည်။ ဟင်းပွဲတစ်မျိုးမှာ ပန်းရောင်ပန်းကန်နှင့် ဖြစ်ပြီး နောက်တစ်မျိုးမှာ အပြာရောင်ပန်းကန်နှင့် ဖြစ်၏။
ယခုအချိန်တွင်တော့ လူတိုင်းက ဘာဟင်းလဲဆိုသည်ကို ဂရုမစိုက်တော့ပေ။ ဝက်သားကိုတောင် ဤမျှ အရသာရှိအောင် ချက်နိုင်မှတော့ တွေ့သမျှ ယူစားဖို့သာ အရေးကြီးတော့သည်။
သို့သော် ရေစီးက နှေးလွန်းနေသဖြင့် ရှေ့ကလူတွေ ယူပြီးလျှင် နောက်ကလူတွေက အကြာကြီး စောင့်နေရသည်။ ဤသည်မှာ ဟွာကျွင်း မထင်မှတ်ထားခဲ့သည့် အချက် ဖြစ်၏။ သူမ ဤကဲ့သို့သော ဧည့်ခံပွဲမျိုးမှာ စကားစမြည်ပြောခြင်းကို အဓိကထားမည်ဟု ထင်ခဲ့သော်လည်း ယခုမူ မည်သူမှ စကားမပြောဘဲ စားဖို့ကိုသာ စောင့်နေကြသည်။
သူမသည် ဟင်းပွဲတင်ပေးမည့် အစေခံမလေး တစ်ဦးကို အမြန် ထပ်တိုးလိုက်သည်။ ကံကောင်းသည်မှာ မြောင်းငယ်လေးမှာ ကျယ်ဝန်းသဖြင့် ဟင်းပွဲ သုံးပွဲကို ယှဉ်လျက် မျောစေလျှင်ပင် ပြဿနာ မရှိပေ။
ရလဒ်အနေဖြင့် ပိတ်စနောက်ကွယ်တွင် အားလုံး အလုပ်ရှုပ်ကုန်ကြတော့သည်။
ဟင်းပွဲများမှာ တစ်မျိုးပြီးတစ်မျိုး ထွက်လာတော့သည်။ ငရုတ်ကောင်းအမဲအူကြမ်း၊ သင်္ဘောသီးငှက်သိုက်၊ ဘဲငန်းကင်ကြော်၊ ဂျိုးကင်၊ အမဲအူကြမ်း
ဟင်းပွဲများ ထွက်လာတာ မြန်သလို ဧည့်သည်များ စားသည်ကလည်း ပိုမြန်လာသည်။ ပန်းကန်သိမ်းသည့် အစေခံမလေးမှာဆိုလျှင် ခြေထောက်ကိုပင် မမြင်ရလောက်အောင် ပြေးလွှားနေရတော့သည်။
လုမင်လီဘက်မှာတော့ အခြေအနေ အနည်းငယ် သာသေးသည်။ အမျိုးသားများ ဖြစ်ကြသဖြင့် အစားအသောက် တစ်ခုတည်းကိုသာ စဉ်းစားနေ၍ မရပေ။ သူတို့ ဝိုင်သောက်ကြသည်၊ လက်ရှိ အခြေအနေများကို ဆွေးနွေးကြသည်၊ စိတ်ဝင်စားစရာ အကြောင်းအရာများကို ပြောဆိုကြသဖြင့် စားသောက်သည်က ပိုနှေးသည်။ အချို့ဟင်းပွဲများမှာ မြောင်းကို တစ်ပတ်ပတ်လာသည်အထိ ရှိနေသေး၏။
ဤသည်မှာ သူတို့ မစားချင်လို့တော့ မဟုတ်ပေ။ ယောက်ျားကြီးများ ဖြစ်ကြသဖြင့် သိက္ခာတော့ ထိန်းရသည်။
‘ပန်းကန်တွေ တစ်ချပ်ပြီးတစ်ချပ် စားနေရအောင် သူတို့က ဘာတွေလဲ’
ရေပေါ်တွင် တင်ထားသည့် ဟင်းပွဲများမှာ အေးလွယ်သဖြင့် ဟွာကျွင်း တစ်ပတ်ပတ်လာသည့် ဟင်းများကို သိမ်းခိုင်းကာ ပူပူနွေးနွေး အသစ်များဖြင့် လဲခိုင်းလိုက်သည်။
သူတို့ စကားပြောနေကြသော်လည်း အားလုံးက အစားအသောက်ကိုပဲ အာရုံရောက်နေကြသည်။ အစေခံလေး ဘာမှမပြောဘဲ ဟင်းပွဲများကို လာသိမ်းသွားသည်ကို မြင်သောအခါ သူတို့ စိုးရိမ်သွားကြသည်။
“ဟို... ဟို ငန်းကင် နှစ်ပန်းကန်က ဘယ်သူမှ မစားသေးဘူးဆိုတော့ မင်း သိမ်းသွားစရာ မလိုပါဘူး။ ငါ့နားမှာပဲ ခဏ ထားခဲ့လိုက်ပါ”
ပြောလိုက်သူမှာ စစ်သေနာပတိချင်းဖြစ်ပြီး လုမင်လီ၏ ဆရာဖြစ်သလို စစ်သေနာပတိတစ်ဦးလည်း ဖြစ်သည်။ သူသည် ပုံမှန်ဆိုလျှင် ဤကဲ့သို့သော ဟန်ဆောင်မှုများသည့် ပွဲမျိုးကို အလွန်မုန်းတီးသူ ဖြစ်၏။ ယခုမူ အရသာရှိလှသော အစားအသောက်များ ရှိနေသဖြင့် သူလည်း မအောင့်နိုင်တော့ပေ။
စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ယန်းကျုံး ကလည်း ဝင်ပြော၏။
“ဟုတ်တယ်၊ ပြန်ယူသွားစရာ မလိုပါဘူး။ ကျွန်တော့်ဆီမှာလည်း တစ်ပန်းကန် ထားခဲ့လိုက်ဦး”
အစေခံလေးသည် သူတို့ စကားကို ကြားသော်လည်း ဟွာကျွင်းက ဟင်းပွဲများကို ပြန်ယူလာရန် မှာထားခဲ့သည်ကို သတိရသဖြင့် ဘယ်သူ့စကား နားထောင်ရမှန်း မသိဘဲ ဇဝေဇဝါ ဖြစ်သွားသည်။ သူ ဘာလုပ်ရမှန်းမသိဘဲ ကြောင်၍ မတ်တပ်ရပ်နေမိတော့သည်။
လုမင်လီက သူ့ကို လက်ဟန်ပြကာ ခေါ်လိုက်ပြီး မေးလိုက်၏။
“တစ်ခုခု ဖြစ်လို့လား”
အစေခံလေးက တုန်တုန်ရင်ရင်၊ ထစ်ထစ်ငေါ့ငေါ့ နှင့် ပြန်ဖြေလိုက်သည်။
“ဟို... သခင်မလေးက ဒါတွေကို ပြန်ယူလာဖို့ မှာထားလို့ပါ...”
အခန်း (၁၅၄)
စားဖိုမှူးအဖွဲ့
လုမင်လီ ဟွာကျွင်းအနေဖြင့် အကြောင်းအရင်းမရှိဘဲ ချထားပြီးသားဟင်းပွဲများကို ပြန်သိမ်းခိုင်းမည်မဟုတ်ကြောင်း သိထားသဖြင့် စိတ်ရှည်စွာ မေးမြန်းလိုက်သည်။
“သူ ဘာကြောင့်လဲဆိုတာ ပြောသေးလား”
“ဟင်းတွေ အေးသွားမှာစိုးလို့ ပူပူနွေးနွေးတွေနဲ့ လဲပေးဖို့လို့ ပြောပါတယ်”
ထိုအခါမှ လုမင်လီ သဘောပေါက်သွားပြီး လက်ကာပြကာ အစေခံလေးကို ပြန်လွှတ်လိုက်သည်။
စစ်သေနာပတိချင်းက အစေခံလေး ဟင်းပွဲများ သယ်သွားသည်ကို ကြည့်ပြီး မကျေမနပ်ဖြစ်ကာ မေး၏။
“ယွမ်ကျိုး ဘာတွေဖြစ်နေတာလဲ။ ငါ့နားမှာ ထားခဲ့လို့ ပြောထားတာကို ဘာလို့ ပြန်လွှတ်လိုက်ရတာလဲ”
“ဟင်းတွေက အေးနေပြီမို့လို့ပါ ဆရာ။ ခဏနေရင် ပူပူနွေးနွေးတွေနဲ့ လဲပေးပါလိမ့်မယ်”
“ဪ... အဲဒီလိုလား၊ ဟားဟား...”
စစ် သေနာပတိချင်းခို့မှာ ထိုအခါမှ စိတ်အေးသွားတော့သည်။ စားပွဲရှိ တခြားသူများလည်း တိတ်တဆိတ် သက်ပြင်းချနိုင်ကြတော့၏။
မကြာမီမှာပင် ငန်းကင်ပန်းကန်များ ရေထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ယခုတစ်ခါတွင်တော့ လူတိုင်း စကားပြောရင်းနှင့် ဟင်းပွဲများကို သေသေချာချာ အမိအရ ယူကြတော့သည်။ စကားလည်းပြော၊ စားလည်းစားနှင့် အချိန်မဆိုင်းတော့ပေ။
အပြင်ဘက် မီးဖိုချောင်တွင်တော့ ဟွာကျွင်း အချိန်တန်ပြီဟု ယူဆကာ အားမောက်ကို သိုးသားကင်များ စတင်ကင်ရန် ခိုင်းလိုက်သည်။ များမကြာမီမှာပင် အသားကင်နံ့မှာ ပန်းခြံတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
“ဒီအနံ့က တကယ်ကို မွှေးတာပဲ”
“အသားကင်နံ့နဲ့ တူတယ်နော်”
“ဒီအနားမှာ မီးဖိုချောင် ရှိနေတာလား။ ဘာလို့ အနံ့က ဒီလောက် ပြင်းနေတာလဲ”
အဘွားလုသည် ကျင်းဆဲ့ကို ခေါ်ကာ မေးမြန်း၏။
“ကျင်းဆဲ့... ဒါက ဘာအနံ့လဲဆိုတာ သိလား။ ဘယ်က လာတာလဲ”
ကျင်းဆဲ့က ပြုံးလျက် ဖြေလိုက်၏။
“အဘွား ဒါက အသားကင်ပါရှင်။ အခု သိုးသားကင်တွေ ကင်နေတာပါ။ ဟိုဘက်ကို ကြည့်လိုက်ရင် စားဖိုမှူးက အဘွားနဲ့ ဧည့်သည်တော်တွေအတွက် အဲဒီပိတ်စနောက်ကွယ်မှာ လတ်လတ်ဆတ်ဆတ် ကင်ပေးနေတာကို တွေ့ရပါလိမ့်မယ်”
အဘွားလုမှာ အလွန်ပင် သဘောကျသွားပြီး ခိုင်းလိုက်တော့သည်။
“အို... ငါလည်း ဘာလို့ ပိတ်စတွေ ဒီလောက်အများကြီး ကာထားတာလဲလို့ တွေးနေတာ။ တကယ့်ကို လျှို့ဝှက်ချက် ရှိနေတာကိုး။ ကဲ... အဲဒီပိတ်စတွေကို ဖွင့်လိုက်ကြစမ်း၊ လူတိုင်းကို သေသေချာချာ ကြည့်ခိုင်းလိုက်”
အစေခံမလေးအချို့က ပိတ်စများကို အလယ်မှနေ၍ ဘေးသို့ ဆွဲဖွင့်လိုက်ရာ ပိတ်စနောက်ကွယ်တွင် လူဆယ်ဂဏန်းခန့် အလုပ်လုပ်နေသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။
စားပွဲနှစ်တန်း၊ တဖိတ်ဖိတ်တောက်နေသည့် စတီးလ်သေတ္တာများစွာနှင့် ၎င်းတို့၏နောက်တွင် အတန်းလိုက် ရပ်နေသည့် လူများက အစေခံမလေးများဆီသို့ ဟင်းပွဲများ ကမ်းပေးနေကြခြင်း ဖြစ်သည်။ မည်သူမျှ ခေါင်းမော့မကြည့်ဘဲ မိမိတို့အလုပ်ကိုသာ အာရုံစိုက်နေကြ၏။ သူတို့အားလုံးမှာ တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အစွန်ဆုံးရှိ မီးခိုးတလူလူထွက်နေသည့်နေရာမှာတော့ အားမောက်၏ အသားကင်ဆိုင် ဖြစ်သည်။ သူသည် လက်တစ်ဖက်ဖြင့် သိုးသားကင်များကို လှန်ပေးနေပြီး ကျန်လက်တစ်ဖက်က ယပ်တောင်ဖြင့် ယပ်ခတ်ပေးနေသည်။ သူ ယပ်ခတ်လိုက်တိုင်း မီးသွေးများ ရဲတောက်လာပြီး သိုးသားကင်များဆီမှ ဆီပွက်သံများ ထွက်ပေါ်လာ၏။
ယခုအခါတွင်တော့ ဧည့်သည်များအားလုံးသည် ခမ်းနားသော ဧည့်ခံပွဲတစ်ခု၏ နောက်ကွယ်တွင် တိတ်တဆိတ် ကြိုးစားပေးနေသည့် ကြီးမားသောအဖွဲ့အစည်းတစ်ခု ရှိနေကြောင်း သိသွားကြတော့သည်။
အဘွားလုသည် ထိုသူများထဲတွင် ထူးထူးခြားခြား ထင်ရှားနေသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူမသည် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ကာ ခေါင်းငုံ့လျက် တစ်ခုချင်းစီကို စစ်ဆေးနေ၏။ အဘွားလု သူမကို မြင်သည်နှင့် ချက်ချင်းမှတ်မိလိုက်ပြီး ဟွာကျွင်းဖြစ်ရမည်ဟု သိလိုက်သည်။
အဘွားလုသည် ဟွာကျွင်းကို သေသေချာချာ အကဲခတ်ကြည့်ရာ သူမ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်သာမက အလုပ်အပေါ် ထားရှိသည့် အလေးအနက်ထားမှုကိုပါ အလွန်ပင် သဘောကျသွားတော့သည်။ ဤမွေးနေ့ပွဲကို သူမ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု တွေးမိကာ အဘွားလု ရင်ထဲတွင် ချီးကျူး၍ မဆုံးဖြစ်နေ၏။
လုမင်လီသည်လည်း ဟွာကျွင်းကို ကြည့်နေမိသည်။ ‘သူမအခုထိ အလုပ်ရှုပ်နေတုန်းပဲ၊ ဘာမှလည်း စားရဦးမှာ မဟုတ်ဘူး။ ဗိုက်ဆာနေမလား’
စစ်သေနာပတိချင်း ပြောလိုက်သည်။
“ဟေ့... ဟိုမှာ သူဌေးမဟွာ မဟုတ်လား”
ဘေးကလူက မေးလိုက်၏။
“သူဌေးမဟွာ။ဘယ်သူဌေးမဟွာလဲ။ စစ်သူကြီး သိလို့လား”
“ဟိုအမျိုးသမီးလေ၊ ဟွာကျွင်းမုန့်ဆိုင်ရဲ့ ပိုင်ရှင် ဆိုင်ရှင်ဟွာ”
“ဒါဆို ဒီမွေးနေ့ပွဲကို ဟွာကျွင်းမုန့်ဆိုင်က စီစဉ်ပေးတာပေါ့။ မထူးဆန်းတော့ပါဘူး ဒီလောက်တောင် လက်ရာမြောက်နေတာ”
အမျိုးသားများဘက်မှ စကားပြောသံများမှာ မတိုးလှသဖြင့် အမျိုးသမီးများဘက်ကလည်း ကြားသွားကြသည်။ ယခုအခါတွင် ‘ဟွာကျွင်းမုန့်ဆိုင်’ ဆိုသည့် နာမည်မှာ ပန်းခြံတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
မိန်းကလေးတိုင်းမှာ အချိုပွဲ ကြိုက်ကြသည်။ “ဟွာကျွင်းမုန့်ဆိုင်ကလား။ ကျွန်မလည်း သိတယ်။ သူတို့ဆိုင်က အချိုပွဲတွေက တကယ့်ကို စားလို့ကောင်းတာ”
“ပြီးခဲ့တဲ့တစ်ခါက ကျွန်မ ကိတ်မုန့်လိပ် စားခဲ့သေးတယ်။ နင်တို့ မြည်းကြည့်ပြီးပြီလား”
“စားဖူးတာပေါ့။ ချိစ်ကိတ် လည်း စားဖူးတယ်”
“နင်တို့ မသိသေးဘူး၊ အဲဒီဆိုင်က ဘဲကင်ကလည်း တကယ့်ကို ထူးခြားတာ”
“စစ်သူကြီးက ဆိုင်ရှင်ဟွာကို အိမ်တော်အထိ လာချက်ပေးဖို့ ဖိတ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး...”
ထိုစဉ် တခြားအမျိုးသမီးတစ်ဦးက ဝင်ပြောသည်။ “သူက သာမန် ကုန်သည်ပဲဟာ။ စစ်သူကြီးက ဖိတ်မယ်ဆိုရင် ငြင်းရဲပါ့မလား”
သူမ အသံမှာ နူးညံ့သော်လည်း စကားလုံးများမှာတော့ ဟွာကျွင်းကို နှိမ်ချထားခြင်း ဖြစ်သည်။
အစောပိုင်းက စကားပြောနေသည့် အမျိုးသမီး နှစ်ဦးမှာ ပြန်ပြောချင်သော်လည်း ထိုအမျိုးသမီး၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြကာ နှုတ်ဆိတ်သွားကြတော့သည်။
အဘွားလု ပြုံးလျက် ဆိုလိုက်၏။
“ဒီဟွာကျွင်းဆိုတဲ့ မိန်းကလေးက ယွမ်ကျိုးရဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်။ သူ့မုန့်ဆိုင်မှာ ဖောက်သည် မရှိမှာကို စိုးရိမ်စရာ မလိုဘူးလို့ ယွမ်ကျိုး ပြောပြဖူးတယ်။ နေ့တိုင်း အကန့်အသတ်နဲ့ပဲ ရောင်းတာ၊ ကုန်တာနဲ့ ဆိုင်ပိတ်တာပဲ။ ယွမ်ကျိုးက တော်တော်လေး ကြိုးစားပြီး ဖိတ်လိုက်ရလို့သာ ငါ့လို အဘွားကြီးက ဒီလို အရသာရှိတဲ့ ဟင်းတွေကို စားရတာ”
စောစောက အမျိုးသမီးမှာတော့ ခေါင်းငုံ့ကာ ဘာတွေ တွေးနေမှန်း မသိဘဲ စကားစ ပြတ်သွားတော့သည်။ တခြား အမျိုးသမီးများကတော့ အဘွားလု၏ စကားကို ထောက်ခံရင်း ဤဆိုင်ရှင်ဟွာမှာ နောင်တစ်ချိန်တွင် အဆင့်အတန်း မြင့်မားလာမည့်သူဖြစ်ကြောင်း စိတ်ထဲက သိလိုက်ကြသည်။
အဘွားလု အစေခံမလေးများကို ပိတ်စပြန်ချခိုင်းလိုက်သည်။ “သူတို့ အလုပ်လုပ်နေတာကို အနှောင့်အယှက် မပေးကြနဲ့တော့။ ငါတို့ စားဖို့ပဲ စောင့်ရအောင်”
ပိတ်စ ချလိုက်သည်နှင့် ဒေါ်လေးပန်း ရင်ဘတ်ကို ပွတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“လန့်လိုက်တာအေ။ ကျွန်မ ခေါင်းတောင် မဖော်ရဲဘူး”
အားမောက် လက်ကိုင်ပဝါဖြင့် နဖူးက ချွေးများကို သုတ်ရင်း ဆို၏။
“ကံကောင်းလို့ ဘာမှ အမှားအယွင်း မရှိခဲ့တာ”
သူတို့နှစ်ဦးတည်း မဟုတ်ဘဲ မင်ယွဲ့စားသောက်ဆိုင်မှ ဝါရင့်စားဖိုမှူးများပင် ခုနက စိတ်လှုပ်ရှားနေကြသည်။ သူတို့မှာ ပုံမှန်ဆိုလျှင် မီးဖိုချောင်ထဲမှာပဲ နေရသူများ ဖြစ်သဖြင့် ယနေ့လို ဧည့်သည်များရှေ့တွင် ပေါ်ထွက်ရမည်ဟု မထင်ထားခဲ့ကြပေ။
ထိုစဉ် အမျိုးသားတစ်ဦးသည် ပန်းခြံထဲသို့ ဝင်လာပြီး အဘွားလုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
သူ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အဘွားလု အရှေ့ရောက်သည်နှင့် ဝုန်းခနဲ ဒူးထောက်လိုက်ကာ ဆို၏။
“အဘွား ကျွန်တော် ပြန်ရောက်ပါပြီ။ အဘွား သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ”
အဘွားလုသည် သူ့ကို မြင်သောအခါ ပို၍ပင် ပျော်သွားသည်။
“လုမင်ကျဲ။ မြေးလေး ပြန်ရောက်ပြီလား။ ထစမ်းပါဦး၊ အဘွား မြေးလေးကို ကြည့်ပါရစေဦး၊ ပိန်သွားသလားလို့”
လုမင်ကျဲသည် ထရပ်ကာ အဘွားလု သေသေချာချာ ကြည့်နိုင်ရန် ခါးလေးကို ကိုင်းပေးလိုက်သည်။
“ပိန်သွားတယ်၊ တကယ်ကို ပိန်သွားတာပဲ။ နန်းတွင်းစာသင်ကျောင်းမှာ အစားကောင်းကောင်း မစားရဘူးလား”
“အဘွားကလည်း... စားရပါတယ်။ ဒါနဲ့... ဟိုဘက်မှာ ရှိနေတာ ဆိုင်ရှင်ဟွာ မဟုတ်လား”
သူ ပန်းခြံထဲသို့ ဝင်လာကတည်းက လူများ ဟွာကျွင်းအကြောင်း ပြောနေကြတာကို ကြားခဲ့သလို အသားကင်နံ့ မွှေးမွှေးကိုလည်း ရခဲ့သည်။ သူ ဗိုက်အရမ်းဆာနေပြီဖြစ်ရာ အခုတော့ မအောင့်နိုင်တော့ပေ။
သူသည် မွေးနေ့လက်ဆောင်ကို ဘေးမှ အစေခံမလေးထံ ကမ်းပေးလိုက်ပြီး ပြေးထွက်သွားတော့၏။
“ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
“ဖြည်းဖြည်းသွားစမ်းပါ။ ခဏနေရင် မင်းအစ်ကိုကိုလည်း သွားနှုတ်ဆက်ဦး”
အဘွားလု လှမ်းပြောသော်လည်း လုမင်ကျဲ ပျောက်ကွယ်သွားသည်။
အဘွားလု ခေါင်းခါယမ်းရင်း ချစ်စနိုးဖြင့် ပြောလိုက်၏။
“ဒီကလေးကတော့... ဘယ်တော့မှ ကြီးလာမှာ မဟုတ်ဘူး”
စားပွဲရှိ တခြား အမျိုးသမီးများကလည်း ပြုံးလျက် ဆိုကြသည်။
“မကြီးပြင်းသေးတာကလည်း ကောင်းပါတယ်။ အိမ်တော်ကို စောင့်ရှောက်ဖို့ စစ်သူကြီးရှိနေတာပဲဟာ”
လုမင်ကျဲသည် ပိတ်စနောက်ကွယ်သို့ အရောက်ပြေးသွားပြီး လှမ်းခေါ်လိုက်သည်။
“ဟွာကျွင်း ဟွာကျွင်း”
ဟွာကျွင်းသည် အအေးခံသေတ္တာထဲက ကိတ်မုန့်များကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်နေစဉ် တစ်စုံတစ်ဦး သူမကို ခေါ်သဖြင့် အရေးပေါ်ကိစ္စဟု ထင်ကာ အမြန်ထရပ်လိုက်သည်။
“ရှိပါတယ်။ ဘာဖြစ်လို့လဲဟင်”
“ကိစ္စအကြီးကြီး ဖြစ်နေပြီ”
ဟွာကျွင်းက သူ့ကို ရင်းနှီးသလိုရှိသော်လည်း ဘယ်သူလဲဆိုတာကို ချက်ချင်း မမှတ်မိသေးပေ။
“ဘာကိစ္စအကြီးကြီးလဲဟင်”
“ကျွန်တော် ဗိုက်ဆာလွန်းလို့ သေတော့မယ်၊ အဲဒါ ကိစ္စအကြီးကြီး မဟုတ်ဘူးလား”
ဟွာကျွင်း “...”
တာဝန်ခံချန် အပြေးရောက်လာပြီး နှုတ်ဆက်လိုက်သည်။
“သခင်လေး... ပြန်ရောက်ပြီလား”
ထိုအခါမှ ဟွာကျွင်း သူ့ကို မှတ်မိသွားသည်။ “ရှင်ကိုး၊ လန့်သွားတာပဲ။ အရှေ့မှာ တစ်ခုခု ဖြစ်ပြီလို့ ထင်နေတာ”
လုမင်ကျဲ အားတက်သရော ပြောလိုက်၏။
“ကျွန်တော်တို့ မတွေ့ရတာ လပေါင်းများစွာ ကြာပြီနော်။ ကျွန်တော် နေ့တိုင်း မုန့်ဆိုင်က စားစရာတွေကို လွမ်းနေတာ၊ ညဆို အိပ်တောင် မပျော်ဘူး။ မနက်ဖြန်ညကျရင် မုန့်ဆိုင်ကို သွားမလို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ဒီမှာ ဟွာကျွင်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါဟာ တကယ့်ကို အံ့အားသင့်စရာပဲ။ ကဲ... မြန်မြန်ပြပါဦး၊ စားစရာ ဘာတွေရှိသေးလဲလို့...”