အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅)
အသားကင်နှင့် ဝိုင်
ဟွာကျွင်း အိုးအဖုံးကို ဖွင့်ပေးလိုက်ပြီး လုမင်ကျဲကို ဘာစားစရာတွေ ရှိသလဲဆိုသည်ကို ကြည့်ခိုင်းလိုက်ကာ မေးလိုက်၏။
“ဘာလို့ ရှင့်အစ်ကိုတို့ ဝိုင်းမှာ မစားတာလဲ”
“ကျွန်တော့်ကို တစ်မျိုးစီ ပေးပါ”
လုမင်ကျဲ အိုးထဲ ဘာရှိသလဲဆိုသည်ကို ဂရုမစိုက်တော့ပေ။ အကုန်ယူလိုက်ခြင်းက အမှန်ကန်ဆုံးဖြစ်ကြောင်း သိထားသည်။
“ဟိုဘက်မှာက ဗိုက်ပြည့်အောင် စားဖို့ခက်တယ်၊၊ ဒီမှာက ပိုပြီး စိတ်အေးလက်အေး ရှိတာပေါ့။ ဟိုဘက်က ကင်နေတဲ့ ဟာတွေကိုလည်း အချောင်း နှစ်ဆယ်လောက် ပေးဦး”
အားမောက် အသားကင်တစ်သုတ်ကို အခုတင် ကင်ပြီးသွားသဖြင့် အစေခံမလေးများက အရှေ့သို့ သယ်သွားကြသည်။ သူ လုမင်ကျဲအတွက် ဆက်ကင်ပေးနေ၏။
ဟွာကျွင်းသည် သူ့အတွက် ပူပူနွေးနွေး ငါးဆန်ပြုတ်တစ်ပွဲကို အရင်ဦးဆုံး ခပ်ပေးလိုက်ပြီးမှ တခြားဟင်းပွဲများကို သွားယူပေးသည်။
လုမင်ကျဲသည် ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး မျက်လုံးလေးမှေးကာ ခေါင်းကို ခါယမ်းရင်း အရသာခံနေတော့သည်။
“ဟင်းရည်က ချိုပြီး လတ်ဆတ်လိုက်တာ၊ ငါးဖတ်တွေကလည်း ညှီနံ့ လုံးဝမရှိဘူး။ တကယ်ကို အဆင့်မြင့်တယ်”
သူသည် တစ်ပွဲလုံးကို မြန်မြန်ဆန်ဆန် သောက်လိုက်ပြီး သတ္တိရှိရှိဖြင့် ပြော၏။
“နောက်ထပ် သုံးပွဲလောက် ထပ်ပေးပါဦး”
“မလောပါနဲ့ဦး၊ အရသာရှိတဲ့ စားစရာတွေ အများကြီး ကျန်ပါသေးတယ်”
လုမင်ကျဲသည် ဟွာကျွင်း၏ ဘေးရှိ စားပွဲပေါ်တွင် ဟင်းပွဲလေး ခုနစ်မျိုး ရှစ်မျိုးခန့် တင်ထားသည့် လင်ဗန်းကြီးကို လှမ်းမြင်လိုက်သည်။ စဉ်းစားနေစရာပင် မလိုဘဲ ၎င်းတို့မှာ အလွန်အရသာရှိမည်မှန်း သူ သိလိုက်၏။
သူသည် ပြုံးဖြဲဖြဲဖြင့် တူကို ကောက်ကိုင်ရန် ပြင်လိုက်စဉ်မှာပင် သူ့နောက်မှ နူးညံ့သောအမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
“အားကျဲ... မင်း ပြန်ရောက်ပြီလား...”
လုမင်ကျဲ၏ တူကို ကိုင်ထားသည့် လက်မှာ လေထဲတွင် ရပ်တန့်သွားတော့သည်။
ဟွာကျွင်းသည် ပိတ်စကို ဆွဲဖယ်ကာ လျှောက်လာသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမသည် အလွန်ပင် လှပပြီး သေးငယ်သော မျက်နှာလေးပေါ်တွင် ထင်ရှားသော မျက်နှာပေါက်လေး ရှိကာ မျက်လုံးများမှာလည်း အရည်လဲ့နေသကဲ့သို့ ရှိသည်။ အသံမှာလည်း နူးညံ့ငြိမ့်ညောင်းလှ၏။
ဟွာကျွင်း စေတနာဖြင့် သတိပေးလိုက်သည်။
“ဒီနေရာက မီးဖိုချောင်ပါ။ လူတွေ အဝင်အထွက် များနေတာမို့လို့ တိုက်မိခိုက်မိ မဖြစ်အောင် ပန်းခြံထဲကိုပဲ ပြန်သွားပေးပါဦးရှင်”
ထိုအမျိုးသမီးသည် ဟွာကျွင်းကို ကြည့်ပင်မကြည့်ပေ။ သူမသည် လုမင်ကျဲကိုသာ စိုက်ကြည့်ရင်း ပြော၏။
“အားကျဲ... နင် အစ်ကိုကြီးကို အရင်ဆုံး သွားနှုတ်ဆက်သင့်တာပေါ့”
လုမင်ကျဲ မျက်လုံးကို အပေါ်လှန်ပြလိုက်ပြီး တူကို ပြန်ချကာ ထိုအမျိုးသမီးကို ဝတ္တရားအရသာ ဦးညွှတ်လိုက်သည်။
“ကျွန်တော် တစ်ခုခု အရင်စားလိုက်ဦးမယ်။ ပြီးမှ သွားလိုက်ပါ့မယ်”
အမျိုးသမီး၏ မျက်နှာမှာ အေးခဲသွားပြီး ဝမ်းနည်းရိပ်များ ဖြည်းဖြည်းချင်း ယှက်သန်းလာသည်။
“နင်.. အားကျဲ... အရင်က နင် ငါ့ကို မမအားဝူ လို့ ခေါ်ခဲ့တာလေ။ အခုတော့ ငါနဲ့ သူစိမ်းတွေလို ဖြစ်သွားပြီလား”
လုမင်ကျဲကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေ၏။
အားဝူဟု အမည်ရသည့် ထိုအမျိုးသမီးက ဆက်ပြောလိုက်သည်။
“ငါလည်း ကိုယ့်စိတ်တိုင်းကျမလုပ် နိုင်ခဲ့တာ နင် သိပါတယ်”
ထိုစဉ် ကောကျန်းမှာ အပြေးရောက်လာသည်။ သူ ရပ်လိုက်သည်နှင့် လူသုံးယောက် ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ့အမူအရာမှာ အလွန်ပင် ရှုပ်ထွေးသွားတော့သည်။
သူက အားဝူကို တစ်ချက်ကြည့်၊ လုမင်ကျဲကို တစ်ချက်ကြည့်ပြီး ခဏတာ တွန့်ဆုတ်နေပြီးနောက် ဟွာကျွင်းဘက် လှည့်ကာ ပြောလိုက်၏။
“သူဌေးမဟွာ... စစ်သူကြီးက မှာလိုက်ပါတယ်။ အရင်ဆုံး တစ်ခုခု စားထားပါတဲ့... အဲ... ဗိုက်နာမှာ စိုးလို့ပါ၊ သူဌေးမဟွာ ဗိုက်နာရင် စစ်သူကြီးက စိတ်မကောင်း ဖြစ်နေလိမ့်မယ်။ ပြီးတော့ စစ်သူကြီးက ပြောပါတယ်၊ သူဌေးမဟွာရဲ့ လက်ရာက ဘယ်သူနဲ့မှ မတူဘဲ အကောင်းဆုံးမို့လို့ သူ အရမ်းကြိုက်ပါတယ်တဲ့။ ဧည့်ခံပွဲပြီးရင်လည်း အမြန်မပြန်ပါနဲ့ဦး၊ သူဌေးမဟွာကို ပြောစရာ စကားရှိလို့ ကျေးဇူးတင်လက်ဆောင်လည်း ပေးချင်လို့ပါတဲ့”
ပြောပြီးသည်နှင့် သူ အမြန်ပင် လစ်ထွက်သွားတော့၏။
လုမင်ကျဲနှင့် အားဝူ နှစ်ယောက်စလုံးမှာ ဟွာကျွင်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ဟွာကျွင်းကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်သွားရသည်။
‘စစ်သူကြီး ယွမ်ကျိုးက ဘာကြောင့် သူမကို ဒီလိုစကားတွေ ပြောရတာလဲ။ ပြီးတော့ လူကြုံနဲ့ပါလား’
လုမင်ကျဲ သတိပြန်ဝင်လာသောအခါ အလွန်ဝမ်းသာသွားပုံရသည်။ သူ မိန်းကလေး အားဝူကို တစ်ချက်ကြည့်ကာ အသံကို မြှင့်လိုက်ပြီး ဟွာကျွင်းကို မေး၏။
“ကျွန်တော် မရှိတဲ့ ရက်ပိုင်းအတွင်းမှာ ခင်ဗျားတို့ နှစ်ယောက်က ဒီလောက်တောင် ရင်းနှီးသွားကြပြီလား”
ဟွာကျွင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြော၏။
“လျှောက်မပြောနဲ့၊ အဲဒီလို မဟုတ်ပါဘူး”
“ဘာလို့ မဟုတ်ရမှာလဲ။ ကျွန်တော့်အစ်ကိုက တခြားသူတစ်ယောက်ယောက်ကို ဒီလောက် ဂရုစိုက်တာ တစ်ခါမှ မမြင်ဖူးဘူး”
သူက ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ကာ ပြောလိုက်သည်။
“အားလုံးလည်း မြင်လိုက်ကြတာပဲ”
ဟွာကျွင်းသည် စားဖိုမှူးအဖွဲ့ဘက် လှည့်ကြည့်လိုက်ရာ အားလုံးက ခေါင်းငုံ့ထားကြသည်ကိုသာ တွေ့လိုက်ရသည်။
အားဝူ၏ မျက်နှာမှာတော့ ဖြူဖျော့သွားကာ အောက်နှုတ်ခမ်းကို ကိုက်ထားရင်း မေးလာ၏။
“သခင်မလေးနဲ့ စစ်သူကြီး ယွမ်ကျိုးနဲ့က ဘယ်လို ပတ်သက်မှု ရှိလို့လဲ”
“သူတို့ ဘယ်လို ပတ်သက်ပတ်သက် မင်းအတွက်တော့ အရေးမကြီးပါဘူး၊ ဘာမှလည်း သက်ဆိုင်တာ မဟုတ်ဘူးလေ”
လုမင်ကျဲ ဝင်ပြော၏။
ဤစကားမှာ အလွန်ပင် ထိခိုက်နာကျင်စရာ ကောင်းလှ၏။ အားဝူ၏ နှုတ်ခမ်းများမှာ တုန်ရင်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ လှည့်ထွက်သွားတော့သည်။
ဟွာကျွင်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟိုမိန်းကလေးက ဘယ်သူလဲဟင်”
“ကျွန်တော့်အစ်ကိုကိုပဲ မေးကြည့်လိုက်ပါ၊ ဟား... ဟား... ဟား”
“ရှင် ကျောင်းသွားတက်ပြီးမှ ဘာလို့ လူက ပိုပြီး တုံးလာရတာလဲ”
သူ့ကို တည့်တည့် ထိမှန်သွားသဖြင့် ရင်ဘတ်ကို ဖိကာ ညည်းတွားလိုက်သည်။
“ကျောင်းက ဆရာတွေက ခေါင်းမာတဲ့ အဘိုးကြီးတွေချည်းပဲ။ ဘိုးဘေးတွေရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော် မရူးသွားတာ…”
အသားကင်များ ရောက်လာသည်ကို မြင်သောအခါ လုမင်လီ ဟွာကျွင်း ပေးထားသည့် မောက်ထိုင်ကို ထုတ်လိုက်ပြီး ဝိုင်အိုးငယ်လေးများထဲသို့ ခွဲထည့်လိုက်သည်။ အိုးနှစ်လုံးကို အဘွား၏ စားပွဲသို့ ပို့ခိုင်းလိုက်ပြီး ကျန်ငည်ကိုတော့ ဧည့်သည်များနှင့် ဝေမျှလိုက်၏။
၎င်းမှာ ကောင်းမွန်သည့် ဝိုင်ဖြစ်ကြောင်း အနံ့ ရရုံနှင့် သိနိုင်သည်။ ဧည့်သည်များ ဘယ်မှာ ဝယ်တာလဲဟု မေးကြသော်လည်း ကံမကောင်းစွာ ဤတစ်ပုလင်းသာ ရှိတော့သည်။
ကောကျန်းသည် စကားပါးပြီးနောက် ပြန်ရောက်လာကာ လုမင်လီ၏ နောက်တွင် သိပ်မပျော်သည့်ပုံစံဖြင့် ရပ်နေသည်။ သူ တစ်ခုခုကို ပြောချင်သော်လည်း မပြောရဲသကဲ့သို့ ဖြစ်နေ၏။
လုမင်လီ သူ့ကို ခဏခဏ လှမ်းကြည့်နေမိသည်။ စကားသွားပါးပြီးကာမှ ဘာလို့ မျက်နှာက ဒီလောက်တောင် ရှုံ့မဲ့နေရတာလဲဟု တွေးနေမိသည်။
သူ ကောကျန်းကို ခေါ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“စကား ပြောခဲ့ပြီးပြီလား”
“ပြောခဲ့ပြီးပါပြီ... ဒါပေမဲ့...”
ရှေ့တစ်ပိုင်းကို ကြားလိုက်ရသဖြင့် လုမင်လီက ခေါင်းညိတ်လိုက်သော်လည်း နောက်က ‘ဒါပေမဲ့’ ကို ကြားသောအခါ ရင်တုန်သွားရသည်။
“ဒါပေမဲ့ ဘာဖြစ်လို့လဲ”
“သခင်မလေးရှောင်က ဆိုင်ရှင်ဟွာနဲ့ အတူရှိနေလို့ပါ”
“ဘာ”
လုမင်လီ အသံမှာ ရုတ်တရက် ကျယ်လောင်သွားသည်။ သူ ဧည့်သည်များကို တစ်ချက်လှည့်ကြည့်ကာ အသံကို ပြန်နှိမ့်လိုက်ပြီး ပြော၏။
“သူ ဘာလို့ အဲဒီကို ရောက်နေရတာလဲ”
“ကျွန်တော်လည်း မသိပါဘူး။ သခင်လေး လုမင်ကျဲလည်း အဲဒီမှာ ရှိနေပါတယ်။ သူတို့ သုံးယောက်က အတူတူ ရပ်နေကြတာဆိုတော့ ကျွန်တော်လည်း ဝင်မမေးသင့်ဘူး ထင်လို့...”
“ဒါနဲ့ ဘာဖြစ်လဲ”
“ဒါကြောင့် စစ်သူကြီး မှာလိုက်တဲ့ စကားတွေကိုပဲ သူဌေးမဟွာကို ပြောလိုက်ရတာပေါ့...”
လုမင်လီ မယုံကြည်နိုင်စွာ ပြော၏။
“ဒါပဲ မဟုတ်လောက်ပါဘူး။ အမှန်အတိုင်း ပြောစမ်း”
“ကျွန်တော်က... စစ်သူကြီးက သူဌေးမဟွာကို တစ်ခုခု အရင် စားထားဖို့ မှာလိုက်တယ်... ဗိုက်နာမှာ စိုးလို့ဆိုပြီးတော့...”
“...ပြီးတော့ရော ဘာပြောသေးလဲ”
“သူဌေးမဟွာရဲ့ လက်ရာကို စစ်သူကြီးက တကယ့်ကို ကြိုက်ပါတယ်တဲ့...”
“ပြီးတော့ရော”
“...ဧည့်ခံပွဲပြီးရင် သူ့ကို သီးသန့် ပြောစရာ စကားရှိပါတယ်လို့...”
လုမင်လီ ခေါင်းကိုက်သွားရတော့သည်။ သူ နဖူးကို ဖိကာ ပြော၏။
“မင်း နောက်မှ သွားပြီး ပြစ်ဒဏ်ခံလိုက်တော့”
“စစ်သူကြီး... ပြစ်ဒဏ်ကိုတော့ ခံယူပါ့မယ်၊ ဒါပေမဲ့ စစ်သူကြီးအတွက် ကျွန်တော် မခံမရပ်နိုင် ဖြစ်လို့ပါ။ သခင်မလေးရှောင်က စစ်သူကြီးအပေါ် ဒီလိုလုပ်ခဲ့တာဆိုတော့ ကျွန်တော်က စစ်သူကြီးအတွက် ကလဲ့စား နည်းနည်းလောက် ချေပေးချင်ရုံပါ”
“မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဟွာကျွင်းကို ဒီလိုမျိုး အသုံးမချသင့်ဘူး”
အခြေအနေက ဤသို့ ဖြစ်သွားပြီဖြစ်ရာ လုမင်လီလည်း ဘာမှ ထပ်မပြောတော့ပေ။ သူ လက်ကို အားမရှိသလို ယမ်းပြကာ ပြောလိုက်သည်။
“သွားတော့”
ကောကျန်း ပုခုံးလေးတွန့်ကာ ထွက်သွားပြီးမှ နောက်သို့ လှည့်ကြည့်ကာ ပြော၏။
“ဪ... ဒါနဲ့ စစ်သူကြီး၊ ကျွန်တော် သူဌေးမဟွာကို ကျေးဇူးတင်လက်ဆောင် ပေးမယ်လို့လည်း ပြောခဲ့သေးတယ်နော်”
ထိုသို့ပြောပြီးနောက် ပြေးထွက်သွားတော့သည်။
လုမင်လီ “...”
အားကိုးမရသည့် ကောကျန်းက ဟွာကျွင်းကို လျှောက်ပြောလိုက်လေသည်။ ယခု ဟွာကျွင်း ဘာတွေ တွေးနေမည်ကို မသိတော့ပေ။
‘ပြီးတော့ လုမင်ကျဲ ဆိုတဲ့ ကောင်ဆိုးလေးကလည်း အိမ်တော်ပြန်ရောက်တာကို ငါ့ဆီ မလာဘဲ ဟွာကျွင်းဆီကို ပြေးသွားတယ်။ သူကလည်း ပါးစပ်မစောင့်ဘဲ ဟွာကျွင်းရှေ့မှာ လျှောက်ပြောနေဦးမှာ သေချာတယ်’
‘ပြီးတော့ ရှောင်... သူကရော ဘာလို့ ဟွာကျွင်းရှေ့ကို ရောက်နေရတာလဲ။ ဒါကိုသာ သိရင် ဟွာကျွင်းကို အတိတ်က အကြောင်းတွေကို ရှင်းပြထားလိုက်ရမှာ။ သူတခြားတွေ လျှောက်တွေးနေရင် ဘယ်လိုလုပ်မလဲ’
ယခုအခါ လုမင်လီမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ဧည့်သည်များကို ဧည့်ခံရန်ပင် စိတ်မပါတော့ပေ။
သူသည် ဧည့်သည်များ ပြောသမျှကို ပြုံးပြုံးလေးသာ တုံ့ပြန်နေပြီး ဝိုင်တိုက်သည့်အခါတွင်လည်း မငြင်းမိသဖြင့် မကြာမီမှာပင် အနည်းငယ် မူးလာတော့သည်။
သူ့ အရက်ခံနိုင်ရည်မှာ အမြဲလိုလို ကောင်းမွန်ခဲ့သော်လည်း ယခုဝိုင်မှာ ထူးခြားနေ၏။ ခေတ်မီဝိုင်ချက်လုပ်နည်းမှာ ရှေးဟောင်းနည်းနှင့် မတူဘဲ အလွန်ပြင်းလှရာ မည်သည့် ရှေးလူကြီးကများ ခံနိုင်ပါမည်နည်း။
ထို့ကြောင့် ဧည့်သည်များသည် လက်ဝဲလက်ဖြင့် သိုးသားကင်ကို ကိုင်၊ လက်ယာလက်ဖြင့် ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံပြီးတစ်ငုံ သောက်ရင်း မကြာမီမှာပင် အကုန်လုံး မူးရူးကုန်ကြသည်။
အခန်း (၁၅၆)
ဘူဖေးပွဲတော်ကြီးအဖြစ်သို့ ပြောင်းလဲသွားခြင်း
အဘွားလုသည်လည်း အရသာရှိလှသော ဆန်ပြုတ်ကို မြည်းစမ်းကြည့်ပြီးနောက် လူတိုင်း တညီတညွတ်တည်း ချီးကျူးကြတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ပွဲထဲရှိကလေးများသည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ဟိုဟိုဒီဒီ လျှောက်သွားချင်သည်ဟု ပူဆာကြရာမှ ပိတ်စနောက်ကွယ်ရှိ မီးဖိုချောင်လေးဆီသို့ စုပြုံရောက်ရှိသွားကြသည်။
သူတို့သည် စောစောကတည်းက အသားကင်ဆိုင်ကို မြင်ထားကြသဖြင့် အလွန်ပင် စပ်စုချင်နေကြခြင်း ဖြစ်၏။ ယခုအခါ သူတို့သည် အားမောက် အရှေ့တွင် စုဝေးကာ မေးခွန်းပေါင်းစုံ မေးနေကြတော့သည်။
ဧည့်ခံပွဲထဲတွင် ဗိုက်ဝအောင် မစားခဲ့ရသဖြင့် ယခုက မှာစားဖို့ အကောင်းဆုံးအချိန်ပင် ဖြစ်၏။
“သိုးသားကင် နှစ်ချောင်းလောက် ရမလားဟင်”
ဒေါ်လေးပန်းက ပြောရှာသည်။
“ရတာပေါ့၊ ရတာပေါ့။ ဒါပေမဲ့ သခင်လေးတို့၊ သခင်မလေးတို့ ဟိုဘက်မှာ ခဏသွားထိုင်စောင့်ပေးပါလား။ ဒီမှာက မီးခိုးတွေ အရမ်းများတော့ မျက်စိစပ်မှာ စိုးလို့ပါ”
“ကျွန်တော်တို့က ဒီမှာပဲ ကင်တာကို ကြည့်ချင်တာ၊ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျွန်တော့်ကိုလည်း နှစ်ချောင်းပေးနော်”
ကလေးများသည် တစာစာဖြင့် သိုးသားကင်များကို အပြိုင်အဆိုင် မှာနေကြတော့သည်။ ဤသည်မှာ ဧည့်ခံပွဲတွင် ထိုင်စားရသည်ထက် အများကြီး ပိုအဆင်ပြေလှသည်။ အနည်းဆုံးတော့ သူတို့မိခင်များက ဒါမစားနဲ့၊ ဟိုဟာမစားနဲ့ဟု လာရောက်တားဆီးခြင်း မရှိတော့ပေ။
ဆူညံသံများကြောင့် ဧည့်ခံပွဲရှိ အမျိုးသမီးများမှာ စိုးရိမ်စိတ်ဝင်လာကြ၏။ အဘွားလုက ထိုအရာကို မြင်သောအခါ ကလေးများကို လှမ်းမြင်နိုင်ရန် ပိတ်စများကို ပြန်ဖွင့်ခိုင်းလိုက်ပြန်သည်။
ပိတ်စများ ဖွင့်လိုက်မှပင် ကလေးများမှာ ထိုနေရာတွင် အသားကင်များ မှာစားနေကြကြောင်း လူကြီးများ သိလိုက်ရတော့သည်။
အားမောက် အသားကင်များပေါ်သို့ မီးကို ဆွဲတင်လိုက်ရာ မီးတောက်များမှာ လက်နှစ်ဝါးစာခန့် မြင့်တက်သွားသည်။ ကလေးများက တဝါးဝါးဖြင့် အံ့သြတကြီး အော်ဟစ်ကြ၏။
အားမောက်ကအမွှေးအကြိုင်များ ဖြူးလိုက်ရာ မီးခိုးဖြူများ တလူလူ ထွက်လာပြန်သည်။ ကလေးများကလည်း “ဝါး...” နှင့်ပင် ထပ်မံ အားပေးကြပြန်သည်။
ထိုအချက်ကိုကြည့်ပြီး အမျိုးသမီးကြီးများမှာ မတတ်သာသလို ပြုံးကာ လွှတ်ထားလိုက်ကြတော့၏။
“ထားလိုက်ပါတော့၊ ကလေးတွေ ဆော့ပါစေ”
မကြာမီမှာပင် ကလေးတစ်ယောက်ချင်းစီမှာ သိုးသားကင် နှစ်ချောင်းစီ ရသွားကြသော်လည်း သူတို့ အားမရသေးပေ။ သူတို့သည် ဘေးနားရှိ စားဖိုမှူးများဆီသို့ ခုန်ပေါက်ပြေးသွားကြကာ အအေးခံသေတ္တာထဲမှာ ဘာတွေရှိသလဲဟု စပ်စုမေးမြန်းကြပြန်သည်။
သူတို့ ကြိုက်တာတစ်ခုခုကို တွေ့လျှင် စားဖိုမှူးကို ဟင်းတစ်ပွဲ ခပ်ပေးခိုင်းပြီး နောက်ထပ် စားဖိုမှူးတစ်ဦးဆီသို့ စားရင်းနှင့်ပင် လျှောက်သွားကြ၏။
ဟွာကျွင်းသည် ပွဲအခြေအနေမှာ ဘူဖေးပုံစံသို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ လက်လှမ်းပြကာ နှုတ်ဆက်လိုက်သည်။
“ဒီမှာ အရသာရှိတဲ့ ကိတ်မုန့်တွေ ရှိတယ်၊ စားချင်ကြလား”
“ကိတ်မုန့်လား။ စားချင်တယ်၊ စားချင်တယ်”
ဟွာကျွင်းသည် အဖုံးကို ဖွင့်ပေးကာ သူတို့ စိတ်ကြိုက် ရွေးချယ်ခိုင်းလိုက်ပြီး လမ်းညွှန်ပေးလိုက်၏။
“ဟိုဘက်က မမအားမန်ဆီမှာလည်း အုန်းနို့နဲ့ သစ်သီးဖျော်ရည်တွေ ရှိတယ်နော်၊ သောက်ချင်ရင် သွားရှာလိုက်ဦး”
စားစရာ ကောင်းကောင်းတွေ ရှိသေးသည်ဟု ကြားသောအခါ ကလေးများသည် အသံကုန် အော်ဟစ်ကြတော့သည်။ “မမအားမန်၊ မမအားမန် ဘယ်မှာလဲဟင်”
အားမန်က ပြုံးရွှင်စွာ လက်လှမ်းပြရင်း သူတို့အတွက် အအေးများ ငှဲ့ပေးလိုက်၏။
ကလေးများသည် အစာအိမ် နုနယ်သဖြင့် သူမက အများကြီး မတိုက်ရဲပေ။ ဝိုင်ခွက်လေးများလောက်သာ ရှိသည့် ခွက်လေးများဖြင့် အနည်းငယ်စီသာ ထည့်ပေးလိုက်သည်။
သူတို့ ပျော်နေကြသည်ကို မြင်သောအခါ ဧည့်ခံပွဲရှိ မိန်းကလေးငယ်များမှာလည်း မအောင့်နိုင်တော့ပေ။ သူတို့မိခင်များကို ခွင့်တောင်းကာ ကလေးများနောက်သို့ လိုက်လာကြတော့သည်။
အစောပိုင်းက ဗိုက်ဝအောင် မစားခဲ့ရသဖြင့် အခုက ထပ်စားဖို့ အခွင့်အရေးပင် ဖြစ်သည်။ မဟုတ်လျှင် နောက်တစ်ကြိမ် ဘယ်တော့ ထပ်စားရဦးမည်လဲ မသိနိုင်ပေ။
သူတို့ကတော့ ကိတ်မုန့်နှင့် ကွတ်ကီးအမျိုးမျိုးကို ပိုနှစ်သက်ကြ၏။ တစ်တုံးက ကြီးလွန်းနေပြီး သူတို့က အရသာအမျိုးမျိုးကို မြည်းကြည့်ချင်သဖြင့် ဟွာကျွင်းက စနစ်တကျ အတုံးလေးများ တုံးပေးလိုက်သည်။
မိန်းကလေးများသည် ပျော်ပျော်ပါးပါး စားသောက်နေကြပြီး ဟွာကျွင်းတို့ကို မုန့်ဖိုးများ ပေးရန်လည်း မမေ့ကြပေ။
စစ် သေနာပတိချင်းသည် ထိုဘက်တွင် အလွန်စည်ကားနေသည်ကို မြင်သောအခါ ဟန်ဆောင်နေရသည်ကို ငြီးငွေ့လာတော့သည်။ သူ လုမင်လီကို နှုတ်ဆက်ကာ ဝိုင်ခွက်ကို ကိုင်ရင်း သိုးသားကင် စားရန် ထွက်လာတော့သည်။
တစ်ယောက် ထလာသည်နှင့် ဒုတိယတစ်ယောက်က လိုက်လာပြန်သည်။ လုမင်လီက အခွင့်အရေးကို ဆုပ်ကိုင်ကာ ပြော၏။
“ဟိုဘက်မှာ တော်တော်စည်နေတာပဲ၊ ကျွန်တော်တို့လည်း သွားကြည့်ကြမလား”
“ကောင်းပြီ၊ ကောင်းပြီ”
လူတိုင်း ထရပ်ကာ လျှောက်လာကြတော့သည်။ တစ်ခဏချင်းမှာပင် ဟွာကျွင်း ပတ်ပတ်လည်တွင် အလွန်အမင်း စည်ကားသွားတော့၏။
သူမ လက်ထဲက ကိတ်မုန့်ကို ဧည့်သည်တစ်ဦးထံ ကမ်းပေးလိုက်ပြီးနောက် လုမင်လီကို လိုက်ရှာမိသည်။
‘ထူးဆန်းလိုက်တာ၊ ဧည့်သည်အားလုံး ရောက်လာပေမဲ့ သူ့ကို ဘာလို့ မတွေ့ရတာလဲ’
သူမ စိတ်ထဲတွင် တစ်ခုခုကို သတိရသွားကာ အားဝူ ဆိုသည့် မိန်းကလေးကို စတင်ရှာဖွေမိ၏။
ဟွာကျွင်းသည် ထိုမိန်းကလေး ဝတ်ထားသည့် ငန်းဝါရောင်ဝတ်စုံမှာ အလွန်ထင်ရှားကြောင်း မှတ်မိနေသော်လည်း လူအုပ်ထဲတွင် သေသေချာချာ ရှာသော်လည်း မတွေ့ရပေ။
ဟွာကျွင်း တစ်ခုခုကို ဝေဝေဝါးဝါး သိလိုက်ရသည်။ သူမ အလွန်အကျွံ မတွေးရဲသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် မပျော်မရွှင် ဖြစ်သွားရသည်။ သူမ၏ လက်များက အလုပ်လုပ်နေသော်လည်း မျက်နှာပေါ်က အပြုံးမှာတော့ ဟန်ဆောင်မှုတစ်ခုကဲ့သို့ တောင့်တင်းလာတော့သည်။
ထိုအရာနှင့် ပတ်သတ်၍ ပြောရလျှင် လုမင်လီသည် စားပွဲမှ ထလိုက်စဉ်မှာပင် အနည်းငယ် မူးနောက်နောက် ဖြစ်သွားသဖြင့် တခြားသူများထက် ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့သည်။
ဧည့်သည်အားလုံး ထွက်သွားကြပြီဖြစ်ရာ သူတစ်ယောက်တည်း ကျန်ခဲ့၏။ သူသည် အသက် ပြင်းပြင်းရှူကာ စိတ်ထိန်းပြီး ဟွာကျွင်းရှိရာသို့ လျှောက်လာခဲ့သည်။
သူသည် ဝိုင်၏ အာနိသင်ကို လျှော့တွက်ခဲ့မိသည်၊ ခြေထောက်များက အနည်းငယ် မခိုင်ချင်သဖြင့် ချော်လဲလုနီးပါး ဖြစ်သွား၏။
ထိုစဉ် သွယ်လျဖြူစင်သော လက်တစ်ဖက်က အနောက်မှ လှမ်းဖမ်းကာ သူ့ကို ထိန်းပေးလိုက်သည်။ လုမင်လီသည် ဘယ်သူလဲဟု လှည့်ကြည့်လိုက်ပြီးနောက် သူမနှင့် ဝေးရာသို့ အမြန်ရှောင်လိုက်ကာ ပြောလိုက်သည်။
“ရှောင်မိန်းကလေး ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိစမ်းပါ”
ရှောင်ဝူသည် ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်ပြီး ပြော၏။
“စစ်သူကြီးက အားဝူအပေါ် စိတ်ဆိုးနေတုန်းပဲလား။ အားဝူလည်း မတတ်သာခဲ့လို့ဆိုတာ စစ်သူကြီး သိပါတယ်...”
လုမင်လီက အရှေ့ကိုသာ စိုက်ကြည့်ရင်း ပြောသည်။
“မင်း အလွန်အကျွံ တွေးနေပြီ”
“စစ်သူကြီး ယွမ်ကျိုး အစ်ကိုကြီး... မဟုတ်ဘူး၊ စစ်သူကြီး... ခဏလောက် နေပါဦး။ စစ်သူကြီးကို ပြောချင်တာလေး ရှိလို့ပါ၊ တစ်ခွန်းတည်းပါပဲ”
လုမင်လီက ငြင်းဆိုလိုက်သည်။
“ယောကျ်ားနဲ့ မိန်းမ ကြားမှာ စည်းရှိပါတယ်။ ပြောစရာရှိရင် အခုပဲ ဒီမှာ ပြောပါ”
ရှောင်ဝူသည် ဘယ်ညာကို ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေး ပြောသည်။
“ဟိုတုန်းက စေ့စပ်ပွဲကို ဖျက်ခဲ့တာ ကျွန်မရဲ့ ဆန္ဒမဟုတ်ပါဘူး၊ ကျွန်မအဖေ လုပ်ခဲ့တာပါ။ သူက... သူက မြို့စားရဲ့ အရေးကိစ္စတွေက စစ်သူကြီးကိုပါ ထိခိုက်မှာ စိုးရိမ်လို့ပါ...”
သူမက ခေါင်းလေးငုံ့ကာ ရှက်ကိုးရှက်ကန်းဖြင့် ဆက်ပြော၏။
“အခု စစ်သူကြီးမှာ ကိုယ်ပိုင် အောင်မြင်မှုတွေ ရှိနေပြီဆိုတော့ ကျွန်မအဖေနဲ့ ပြန်ပြီး စကားပြောကြည့်လို့ ရမလား။ သူ သေချာပေါက် သဘောတူမှာပါ”
သူမ အသံမှာ နောက်ဆုံးတွင် တိုးသထက် တိုးသွားတော့သည်။
သို့သော်လည်း လုမင်လီသည် သူမ ဆိုလိုရင်းကို နားလည်လိုက်သည်။ သူက တည်တင်းသော မျက်နှာထားဖြင့် ပြတ်ပြတ်သားသား ပြောလိုက်၏။
“စိတ်မကောင်းပါဘူး၊ အဲဒီစေ့စပ်ပွဲက ပျက်သွားတာ ကြာပါပြီ။ ကျွန်တော့်မှာ အဲဒီလို အတွေးမျိုး လုံးဝ မရှိပါဘူး”
ရှောင်ဝူ၏ မျက်နှာမှာ ဖြူဖျော့သွားကာ မျက်ရည်များ ဝဲတက်လာသည်။
“စစ်သူကြီးက တကယ်ပဲ ဒီလောက်တောင် ရက်စက်ရတာလား။ ကျွန်မတို့ ဆယ်နှစ်ကျော်လောက် စေ့စပ်ထားခဲ့ကြတာလေ၊ စစ်သူကြီးရဲ့ နှလုံးသားထဲမှာ ကျွန်မအတွက် သံယောဇဉ် အစလေးတောင် မရှိတော့ဘူးလား”
“ဆယ်နှစ်ကျော် စေ့စပ်ထားခဲ့ပေမဲ့ ကျွန်တော်တို့ တွေ့ဖူးတာက လက်ချိုးရေလို့ ရပါတယ်။ ဘယ်လိုလုပ် သံယောဇဉ် ရှိမှာလဲ။ ပြီးတော့ ရှောင်မိသားစုက ကျွန်တော်အပေါ် အရင်ဆုံး မှားခဲ့တာပဲ။ ဒါကြောင့် ဒီစကားတွေကို ထပ်မပြောပါနဲ့တော့”
ပြောပြီးသည်နှင့် သူ ဟွာကျွင်းရှိရာသို့ လျှောက်သွားတော့သည်။ ရှောင်ဝူသည် သူ့နောက်သို့ ခြေလှမ်းအနည်းငယ် လိုက်လာပြီး စိုးရိမ်တကြီး မေးလိုက်၏။
“ဟို သူဌေးမဟွာ ကြောင့်လား”
လုမင်လီသည် အဝေးတွင် အလုပ်ရှုပ်နေသော ဟွာကျွင်းကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။
“မဟုတ်ပါဘူး”
ထို့နောက် လှည့်မကြည့်ဘဲ အမြန် ထွက်ခွာသွားတော့သည်။
ရှောင်ဝူမှာတော့ ရင်ကွဲမတတ် ကျန်ရစ်ခဲ့ရရှာသည်။
လုမင်လီ၏ စိတ်ထဲတွင် ဟွာကျွင်းတစ်ယောက်တည်းသာ ရှိတော့သည်။ သူ အမြန်ပြေးသွားကာ လူအုပ်၏ အစွန်းဆုံးသို့ ရောက်မှ ရပ်လိုက်သည်။ အသက်ကို ပုံမှန်ဖြစ်အောင် ပြန်ရှူပြီးနောက်မှ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။
ဟွာကျွင်းသည် သူ လာနေသည်ကို မြင်သောအခါ အနောက်သို့ လှမ်းကြည့်လိုက်သော်လည်း ထိုအမျိုးသမီးကို မတွေ့ရပေ။
သူမသည် လုမင်လီကို ပြုံးပြကာ ပြောလိုက်သည်။
“ရှင် လာတာ အချိန်ကိုက်ပဲ။ ကျွန်မတို့ စလို့ရပြီ”
လုမင်လီ ခေါင်းညိတ်ပြပြီး ပြုံးကာ တုံ့ပြန်လိုက်သည်။ ထို့နောက် အသားကင်ဆိုင်တွင် ပျော်နေသည့် အဘွားကို တွေ့သဖြင့် အဘွား၏ ပုခုံးကို အသာအယာ ဖက်လိုက်ကာ ပြော၏။
“အဘွား... ဟိုဘက်ကို ကြည့်လိုက်ပါဦး”
အဘွားလုသည် လုမင်လီ ပြသရာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ပထမဆုံးအနေဖြင့် တဖြောင်းဖြောင်းမြည်သံများ ကြားလိုက်ရပြီးနောက် ညကောင်းကင်ယံတွင် မီးရှူးမီးပန်းများက အရောင်အသွေးစုံ၊ ပုံသဏ္ဌာန်စုံဖြင့် ပေါက်ကွဲထွက်လာတော့သည်။ ထိုအရာတို့သည် မှောင်မိုက်နေသော ကောင်းကင်တွင် တောက်ပသော အလင်းတန်းများအဖြစ် ဖြာထွက်သွားကြ၏။
လူတိုင်းသည် ဤခမ်းနားလှပသော မြင်ကွင်းကို ငေးမောကြည့်ရှုရင်း ကမ္ဘာပေါ်တွင် ဤမျှ လှပသောအရာများ ရှိနိုင်သည်ကို အံ့သြနေကြတော့သည်။
လှပသည်မှာတော့ အမှန်ပင်။ ထိုမိနစ်အနည်းငယ်စာအတွက် ဟွာကျွင်းမှာ ယွမ်တစ်သိန်းခန့် အကုန်အကျ ခံထားရခြင်း ဖြစ်သည်။
မော့ချွမ်းသည် ကျောက်ဆောင်တုနားမှနေ၍ ဟွာကျွင်းကို လက်နှစ်ချောင်းထောင်ပြလိုက်သည်။ ဟွာကျွင်းကလည်း သူ့ကို လက်မထောင်ပြလိုက်၏။
‘တော်တယ်’
မီးရှူးမီးပန်းများ အားလုံး ပစ်လွှတ်ပြီးသွားသောအခါ ညကောင်းကင်ယံသည် မှောင်မိုက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ လူတိုင်းသည် လှပသော အိပ်မက်တစ်ခုမှ နိုးထလာကြသကဲ့သို့ အဘွားလုကို ဆုတောင်းစကားများ ဆိုကြတော့သည်။
“အဘွား... နှစ်တိုင်း နှစ်တိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ”
ဤသို့ဖြင့် မွေးနေ့ဧည့်ခံပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ညဉ့်နက်လာပြီဖြစ်သဖြင့် ဧည့်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြ၏။ လုမင်လီက ဟွာကျွင်းကို ပြောလိုက်သည်။
“ခဏလောက် စောင့်ပေးပါဦး”
ပြီးနောက် လုမင်ကျဲကို ဆွဲပြီး ဧည့်သည်များကို လိုက်လံပို့ဆောင်လိုက်၏။
ဟွာကျွင်းသည် လူတိုင်းကို စားပွဲများ ရှင်းလင်းခိုင်းလိုက်ပြီး ကျန်ရှိသည့် အစားအသောက်များကို စာရင်းမှတ်ကာ လုမင်လီ ပြန်လာမည့်အချိန်ကို ဘေးမှနေ၍ စောင့်ဆိုင်းနေသည်။