← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇)

တို့တွေ မဖြစ်နိုင်ဘူး

အဘွားလုသည် အစေခံမလေးနှစ်ဦး တွဲကူပေးမှုဖြင့် ဟွာကျွင်းရှိရာသို့ လျှောက်လာခဲ့သည်။ ဟွာကျွင်းကို ကြင်ကြင်နာနာ ကြည့်နေပြီး မျက်နှာတစ်ခုလုံးလည်း ပြုံးရွှင်နေ၏။

ဟွာကျွင်းသည် ခုံတန်းလျားလေးပေါ်တွင် ထိုင်ကာ ငေးမောနေစဉ် အဘွားလု လာနေသည်ကို မြင်သောအခါ အမြန်ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“သခင်မကြီးလု... မွေးနေ့မှာ ပျော်ရွှင်ပါစေရှင်”

“ငါ့အတွက် ဒီလို ထူးခြားတဲ့ မွေးနေ့ပွဲမျိုး ပြင်ဆင်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်။ ဒီပွဲကို ငါ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး”

ဟွာကျွင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စနောက်လိုက်၏။

“မလိုပါဘူးရှင်၊ စစ်သူကြီးလုက ပိုက်ဆံပေးထားတာပဲဟာ”

အဘွားလုက ပြုံးလျက် ပြော၏။

“မင်းကို ပထမဆုံး မြင်ကတည်းက ငါတို့တွေ ရေစက်ရှိတယ်လို့ ခံစားရတယ်။ ငါ့ကို သခင်မကြီးလုလို့ မခေါ်ပါနဲ့ဦး၊ အဲဒါက ငါတို့တွေကို သူစိမ်းဆန်စေတယ်။ ယွမ်ကျိုး ခေါ်သလိုပဲ ‘အဘွား’ လို့ပဲ ခေါ်ပါလား”

ဟွာကျွင်းသည် အနည်းငယ် အနေရခက်သွားသဖြင့် ဆိုလိုက်၏။

“ဒါဆို... ကျွန်မ ‘ဘွားဘွား’ လို့ပဲ ခေါ်ပါရစေရှင်”

အဘွားလုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ရတာပေါ့။ ဘွားဘွားလို့ ခေါ်တာက ပိုတောင် ကောင်းသေးတယ်။ ပိုပြီးတော့ ရင်းနှီးတာပေါ့”

သူမ ဆက်ပြောသည်။

“မင်းပေးတဲ့ တဘက်ကို ဆောင်းရာသီတစ်ခုလုံး ငါ ပတ်ခဲ့တာ။ အဲဒီပေါ်က ရထားလုံးပုံစံ ပန်းထိုးလေးကို ငါ တကယ် သဘောကျတယ်”

“ဘွားဘွား သဘောကျတယ်ဆိုတော့ ဝမ်းသာပါတယ်ရှင်”

ထိုသို့ ပြောရင်း သူမ အိတ်ထဲမှ လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်သေတ္တာလေးကို ထုတ်ကာ ဘေးတွင် ရပ်နေသည့် ကျင်းဆဲ့ထံ ကမ်းပေးလိုက်၏။

“ဒါက ဘွားဘွားအတွက် ကျွန်မရဲ့ မွေးနေ့လက်ဆောင်လေးပါ။ သဘောကျမယ်လို့ မျှော်လင့်ပါတယ်ရှင်”

အဘွားလု၏ အပြုံးမှာ ပျောက်ကွယ်မသွားပေ။ သူမသည် ကျင်းဆဲ့ကို ထိုလက်ဆောင်ကို သေသေချာချာ သိမ်းထားရန် မှာကြားလိုက်ပြီးနောက် သူမ လက်ဝဲဘက် လက်ကောက်ဝတ်မှ စိမ်းစိုနေသည့် ကျောက်စိမ်းလက်ကောက်ကို ချွတ်လိုက်သည်။ ထို့နောက် ဟွာကျွင်း၏ လက်ကို ဆွဲကာ ဝတ်ဆင်ပေးလိုက်တော့သည်။

“ဒီလက်ကောက်က ငါ့ရဲ့ သံယောဇဉ် အမှတ်အသားလေးပါ။ အဘွားကြီးတစ်ယောက်ရဲ့ စေတနာမို့လို့ လက်ခံပေးပါနော်”

ဟွာကျွင်းက အမြန်ငြင်းဆိုသည်။

“ဘွားဘွား... ဒါတွေက ကျွန်မ လုပ်ပေးသင့်တာတွေပဲဟာ။ ဒီလောက် တန်ဖိုးရှိတာကို ကျွန်မ ဘယ်လို လက်ခံနိုင်မှာလဲဟင်”

“ယွမ်ကျိုးက မင်းကို အိမ်တော်ရဲ့ မျိုးရိုးစဉ်ဆက် ကျောက်စိမ်းဆွဲသီး ပေးထားပြီးပြီလို့ ငါ ကြားထားတယ်။ ဒါကြောင့် ငါ့လက်ကောက်ကိုလည်း မငြင်းပါနဲ့တော့”

“အဘွား...”

လုမင်လီသည် ဘယ်အချိန်က ပြန်ရောက်လာသည်မသိ။ သူသည် ဘေးတွင် ရပ်ကာ လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဟွာကျွင်းကို ပြောလိုက်သည်။

“ဒါက အဘွားရဲ့ စေတနာမို့လို့ လက်ခံလိုက်ပါ”

ဟွာကျွင်းလည်း ကျေးဇူးတင်စကား ဆိုရုံမှတစ်ပါး အခြားမရှိတော့ပေ။ အဘွားလု လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။

“လှတယ်၊ တကယ်ကို လှတာပဲ”

အဘွားလုက တဖွဖွ ချီးကျူးနေသည်။

“ဆိုဒ်ကလည်း အတော်ပဲ။ အတိအကျ လုပ်ထားသလိုပဲနော်”

“အဘွား... ကျွန်တော် ဟွာကျွင်းကို ပြောစရာလေးတွေ ရှိလို့ပါ။ ညဉ့်လည်း နက်နေပြီဆိုတော့ အဘွား အရင်သွားနားနှင့်ပါဦး”

သခင်မကြီးလုသည် ပြုံးလွန်းသဖြင့် မျက်လုံးလေးများ မှေးစက်သွားကာ ပြော၏။

“အေးပါ၊ အေးပါ ငါ မင်းတို့ နှစ်ယောက်ကို အနှောင့်အယှက် မပေးတော့ပါဘူး”

ထိုသို့ ဆိုကာ ထွက်သွားတော့သည်။

အဘွားလု ထွက်သွားပြီးနောက် ဟွာကျွင်းက လုမင်လီကို မေးလိုက်၏။

“ဒီလက်ကောက်က တန်ဖိုးကြီးလွန်းပါတယ်။ ဘာလို့ ကျွန်မကို လက်ခံခိုင်းရတာလဲ”

၎င်းမှာ သိန်းနှင့်ချီ တန်ကြေးရှိမည့် ကျောက်စိမ်းမျိုးဖြစ်ကြောင်း သိသာလှသဖြင့် ဟွာကျွင်း လက်ကောက်ဝတ်တွင် လေးလံနေသကဲ့သို့ ခံစားရပြီး လက်ကိုပင် အလွယ်တကူ မလှုပ်ရှားရဲပေ။

“အဘွားက မင်းကို သဘောကျနေတာ။ သူ ပေးချင်တယ်ဆိုမှတော့ ဝတ်ထားလိုက်ပါ၊ အဲဒါမှ သူ ပျော်မှာ”

“ဪ... ဒါနဲ့၊ ရှင်က ကျွန်မအတွက် ကျေးဇူးတင်လက်ဆောင် ပေးစရာ ရှိတယ်လို့ ကြားတယ်နော်”

ဟွာကျွင်းသည် ကောကျန်း၏ စကားကို သတိရကာ လုမင်လီကို မေးလိုက်ခြင်း ဖြစ်သည်။

“ကိုယ် ကျေးဇူးတင်လက်ဆောင် ဘာမှ ပြင်မထားပါဘူး”

လုမင်လီက အမှန်အတိုင်း ဖြေလိုက်သည်။ “ကောကျန်းက မင်းကို လိမ်ပြောလိုက်တာ”

“သူက ဘာလို့ ကျွန်မကို လိမ်တာလဲ”

ဟွာကျွင်းက နားမလည်ဘဲ မေးလိုက်၏။

“သူက စိတ်ဓာတ်က ရိုးရှင်းပေမဲ့ ရှောင်မိန်းကလေး ရှေ့မှာ ကိုယ့်ဘက်ကနေ ရပ်တည်ပေးချင်တဲ့ စိတ်နဲ့ လျှောက်လုပ်လိုက်တာပါ။ ကိုယ် သူ့ကို ပြစ်ဒဏ်ပေးထားပြီးပါပြီ”

ဤနေရာတွင် လုမင်လီမှာ ခေါင်းကိုက်သလို ခံစားရသဖြင့် နဖူးကို အသာဖိလိုက်သည်။

“ရှင် မူးနေတာလား။ ဟိုဝိုင်က အရမ်းပြင်းတယ်လို့ ကျွန်မ သတိပေးဖို့ မေ့သွားတယ်။ ခဏနေဦးနော်၊ ကျွန်မ အမူးပြေဟင်းရည် သွားယူပေးမယ်”

အားမန်က အမူးပြေဟင်းရည်ကို စောစောစီးစီးကတည်းက ကျိုထားပေးပြီးသား ဖြစ်၏။

“မလိုပါဘူး...”

သူက ဟွာကျွင်းကို တားလိုက်သည်။

“ကိုယ် တစ်ညလုံး ဘာမှ မစားရသေးဘူး၊ အခု ဗိုက်ထဲမှာ ဟာနေလို့။ စားစရာ တစ်ခုခု ရှိမလား”

ဟွာကျွင်း မတတ်သာသလို ပြောလိုက်သည်။

“ဟင်းတွေက သိပ်မကျန်တော့ဘူး၊ ရှိတာပဲ စားရတော့မယ်။ စစ်သူကြီးလုလို လူမျိုးက ကျွန်မတို့နဲ့အတူ ဟင်းကျန်တွေ စားရမှာဆိုတော့ အဆင်မပြေဖြစ်မှာ စိုးလို့ပါ”

လုမင်လီသည် သန့်ရှင်းသည့် နေရာတစ်ခုတွင် မြေကြီးပေါ်၌ပင် ထိုင်ချလိုက်ကာ ပြောလိုက်၏။

“ဘာ အဆင်မပြေစရာ ရှိလဲ။ ကိုယ်က အလိုလိုက်ခံထားရတဲ့ သခင်လေးမျိုး မဟုတ်ပါဘူး”

သူတို့ စကားပြောနေစဉ်မှာပင် အားမန်နှင့် တခြားသူများက ကျန်ရှိသည့် ဟင်းများကို ပန်းကန်ထဲ ထည့်ကာ လုမင်လီဆီ သယ်လာပေးသည်။

ဟင်းကျန်ဟု ဆိုသော်လည်း သန့်ရှင်းပြီး ပူပူနွေးနွေးပင် ဖြစ်သည်။ ဂျိုးသား၊ အမဲအူကြမ်း နှင့် ငန်းကင် စသည်ဖြင့် အစုံအလင် ပါဝင်၏။ ဟွာကျွင်းသည် ထမင်းနှစ်ပန်းကန် ယူလာပြီး တစ်ပန်းကန်ကို လုမင်လီထံ ကမ်းပေးလိုက်သည်။

“ထမင်းနဲ့ စားတာက ပိုပြီး ဗိုက်ဝစေတယ်”

လုမင်လီသည် ထမင်းနှင့် ဟင်းကို တွဲစားသည့် ပုံစံကို လက်ခံထားပြီးသား ဖြစ်သည်။ သူသည် ဟင်းတစ်မျိုးစီကို ခပ်ယူကာ ထမင်းပေါ်တင်ပြီး အားရပါးရ စားတော့သည်။

ထမင်းစားပြီးနောက် ပူနွေးသည့် ငရုတ်ကောင်းအမဲအူကြမ်း ဟင်းရည်ကို သောက်လိုက်သောအခါ သူ အများကြီး ပိုပြီး နေလို့ကောင်းသွားတော့သည်။

သူတို့နှင့် မလှမ်းမကမ်းတွင် ကျန်သည့်လူများလည်း စတင်စားသောက်နေကြပြီ ဖြစ်သည်။ ဟွာကျွင်း သူတို့ဘက်သို့ လိမ္မော်ရည်ခွက်ကို မြှောက်ပြကာ လှမ်းပြောလိုက်၏။

“ဒီညအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော်”

လူတိုင်းက သူတို့၏ ခွက်များကို ပြန်လည်မြှောက်ပြကာ အတူတူ သောက်လိုက်ကြသည်။

လုမင်လီသည် ဟွာကျွင်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း စကား ဆိုလိုက်၏။

“ဒီနေ့အတွက် ကျေးဇူးပါပဲ။ အဘွားက တကယ်ကို သဘောကျသွားတာ”

ဝိုင်၏ အာနိသင်ကြောင့်လားမသိ သူ့အသံမှာ အနည်းငယ် တိုးကာ သြရှရှ ဖြစ်နေသဖြင့် ဟွာကျွင်းမှာ ဂီတသံကို သတိရသွားမိသည်။

ဟွာကျွင်းက ခေါင်းခါပြပြီး ပြုံးကာ တုံ့ပြန်လိုက်သည်။

သူတို့ နှစ်ယောက်လုံး ခဏတာ တိတ်ဆိတ်သွားကြသည်။ လုမင်လီသည် ခဏတာ စဉ်းစားပြီးနောက် စကားကို ဦးစွာ စတင်လိုက်၏။

“ကိုယ် အရင်က စေ့စပ်ထားဖူးတာကို မင်း သိပါတယ်”

လုမင်လီ စကားကို ခဏရပ်လိုက်ပြီး သူ့အကြည့်များမှာ ရှုပ်ထွေးသွားသည်။

“ဒါပေမဲ့ အဲဒါက မိသားစုချင်း စီစဉ်ခဲ့တာပါ။ ကိုယ့်ဘက်က သူ့အပေါ် ဘာသံယောဇဉ်မှ မရှိခဲ့ပါဘူး”

ဟွာကျွင်းသည် တိတ်ဆိတ်စွာ နားထောင်နေရင်း သူမ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူမသည် စကားလုံးကို သေသေချာချာ ရွေးချယ်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အဲဒါက ကျွန်မနဲ့ မဆိုင်ပါဘူး”

လုမင်လီ သူမစကားကို ဖြတ်ပြောလိုက်၏။

“ကိုယ် ပြောတာကို အဆုံးထိ နားထောင်ပေးပါဦး...”

“နောက်ပိုင်း ကိုယ့်မိဘတွေ မတော်တဆဖြစ်တဲ့အခါ နန်းတွင်းက လူတိုင်းက ကိုယ့်ကို ရှောင်ဖယ်သွားကြတယ်။ ရှောင်မိသားစုကလည်း ပြဿနာတက်မှာ စိုးလို့ စေ့စပ်ပွဲကို ဖျက်ခဲ့တာပါ”

လုမင်လီက အတိတ်ကို ပြန်သတိရနေဟန်ဖြင့် အဝေးကို ငေးကြည့်ရင်း ပြောနေ၏။

ဟွာကျွင်းက သူမ ခွက်ကို အသာအယာ ချလိုက်ပြီး ပြောလိုက်သည်။

“ရှင် မပျော်ရွှင်ရတဲ့ အကြောင်းတွေကို ပြန်ပြောခိုင်းမိသလို ဖြစ်သွားလို့ စိတ်မကောင်းပါဘူး”

“ဒါပေမဲ့ မင်းနဲ့ စတွေ့ကတည်းက ကိုယ့်ဘဝက အရောင်အသွေးစုံလာသလို ပြောင်းလဲလာခဲ့တယ်”

လုမင်လီက ဟွာကျွင်းဘက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ဖော်ပြရခက်သည့် ခံစားချက်များ ရှိနေသည်။

ဟွာကျွင်း၏ ရင်ခုန်သံမှာ မြန်လာပြီး မျက်နှာလေးလည်း အနည်းငယ် ရဲတက်လာသည်။

“အဲဒါ ဘာကို ဆိုလိုတာလဲဟင်”

“ကိုယ် ဆိုလိုတာက ကိုယ့်မှာ မင်းအပေါ် ထူးခြားတဲ့ ခံစားချက်တွေ ရှိနေတာပါ။ အရင်က ဘယ်သူ့အပေါ်မှာမှ မခံစားဖူးတဲ့ ခံစားချက်မျိုးပေါ့”

လုမင်လီက လက်လှမ်းလိုက်ပြီး ဟွာကျွင်း၏ လက်ကို ထိလုနီးပါးတွင် ရပ်တန့်ကာ သူမ အဖြေကို စောင့်နေသည်။

ဟွာကျွင်းမှာ တစ်ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သူတို့နှစ်ယောက်၏ အသက်ရှူသံကလွဲလို့ တိတ်ဆိတ်နေသကဲ့သို့ပင်။ ခဏအကြာတွင် သူမသည် ထိုထူးဆန်းသည့် လေထုထဲမှ ရုန်းထွက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး လုမင်လီကို ပြောလိုက်၏။

“စစ်သူကြီးလု... ရှင် မူးနေပြီ။ စောစောသွားနားသင့်တယ်”

“ကိုယ် အခု လုံးဝ သတိရှိနေပါတယ်”

လုမင်လီသည်လည်း ထရပ်လိုက်ပြီး ဟွာကျွင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

“မင်းလည်း... ကိုယ့်အပေါ်မှာ အဲဒီလိုပဲ ခံစားနေရတယ် မဟုတ်လား”

ဟွာကျွင်းသည် လုမင်လီ၏ စိတ်ရင်းမှန်သော မျက်လုံးများကို မော့ကြည့်လိုက်ရာ ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသဖြင့် ဘယ်လိုပြန်ပြောရမှန်း မသိတော့ပေ။ သူမ ထွက်ပြေးချင်စိတ် ပေါ်လာသော်လည်း လုမင်လီက သူမကို လွှတ်ပေးမည့်ပုံ မပေါ်ဘဲ ခြေတစ်လှမ်း တိုးကာ ဟွာကျွင်း၏ လမ်းကို ပိတ်လိုက်သည်။

သူ ခေါင်းငုံ့ကာ ဟွာကျွင်း၏ မျက်လုံးများကို စိုက်ကြည့်နေပြီး အဖြေတစ်ခုကို ရှာဖွေနေသကဲ့သို့ပင်။

ဟွာကျွင်း၏ အကြည့်များမှာ ဟိုကြည့်ဒီကြည့်ဖြစ်နေပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်မိသွား၏။

“ဒါပေမဲ့ ကျွန်မတို့တွေ မဖြစ်နိုင်ဘူး။ ကျွန်မတို့တွေက ကမ္ဘာနှစ်ခုက လူတွေလေ”

သူမ အသံမှာ အနည်းငယ် ကျယ်သွားသဖြင့် အခြားဘက်တွင် စားသောက်နေသည့် လူများပင် ကြားသွားကြသည်။ မော့ချွမ်းမှာ စိုးရိမ်တကြီးဖြင့် ချက်ချင်း ထရပ်ကာ သူတို့ဆီ လျှောက်လာရန် ပြင်သော်လည်း လီနျန်က သူ့ကို လှမ်းဆွဲထားလိုက်၏။

လီနျန်က သူ့ကို ကြည့်ကာ ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။

“ခဏ စောင့်ကြည့်ရအောင်”

မော့ချွမ်းမှာ စိုးရိမ်လွန်းသဖြင့် ဆက်မစားနိုင်တော့ပေ။ သူသည် တူကို ကိုင်ထားရင်း ဟွာကျွင်းတို့ဘက်ကိုသာ အကြည့်မခွာဘဲ စောင့်ကြည့်နေတော့၏။

လုမင်လီသည်လည်း ထိုအခါမှ အမူးပြေသွားသကဲ့သို့ ရှိတော့သည်။ သူ တိုးတိုးလေး တောင်းပန်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်တော့သည်။

အခန်း (၁၅၈)

အကွာအဝေးတစ်ခုမှ နေထိုင်ခြင်း

ဟွာကျွင်းသည် စိုးရိမ်တကြီး ကြည့်နေကြသော မျက်လုံးများကြားမှ မော့ချွမ်းရှိရာသို့ လျှောက်သွားလိုက်သည်။ သူမ အားမန်အနားသို့ သွားကာ ပြောလိုက်၏။

“အားမန်... စစ်သူကြီးလု မူးနေလို့လေ။ သူ့ကို အမူးပြေဟင်းရည်တစ်ခွက်လောက် သွားတိုက်ပေးလို့ ရမလားဟင်။ ကျေးဇူးတင်ပါတယ်နော်”

မော့ချွမ်းမှာတော့ သူမ လျှောက်လာချိန်တွင် စိုးရိမ်စိတ်များ လျော့ကျသွားကာ အစားအသောက်ထဲ၌သာ ခေါင်းနှစ်ထားပြန်သည်။ ဟွာကျွင်းက သူ့ကို တစ်ချက်ကန်လိုက်ပြီး ပြော၏။

“ရှင်က ဘာတွေ အသည်းအသန် စားနေတာလဲ။ တခြားသူတွေတောင် ပြီးကုန်ပြီ၊ ရှင်တစ်ယောက်ပဲ ကျန်တော့တယ်။ မြန်မြန်သိမ်းဆည်းပြီး ပြန်ကြရအောင်”

မော့ချွမ်းမှာ ဒေါသထွက်သွားသည်။ သူသည် ဝုန်းခနဲ ထရပ်လိုက်ပြီး တူ ကိုင်ထားသည့် လက်များ တုန်ရင်လျက် ဟွာကျွင်းကို လက်ညှိုးထိုးကာ အော်တော့၏။

“ဟေ့။ ခင်ဗျားက တကယ်ကို ကျေးဇူးမသိတဲ့သူပဲ။ ကျွန်တော်က ဘာလို့ စားနေရတာလဲဆိုတာ ခင်ဗျား မသိဘူးလား။ ကျွန်တော် ဘယ်လောက် စားလဲဆိုတာရော ခင်ဗျား သိရဲ့လား”

သူ၏ အော်ဟစ်သံကြောင့် တင်းမာနေသော လေထုမှာ ချက်ချင်းပင် ပေါ့ပါးသွားပြီး ဟွာကျွင်းလည်း သူမ အနေခက်မှုကို လျှော့ချနိုင်ခဲ့သည်။ သူမသည် စိတ်ထဲမှသာ မော့ချွမ်းကို တောင်းပန်နေမိ၏။

‘အိမ်ပြန်ရောက်ရင် ရှင့်အတွက် အရသာရှိတာတွေ အများကြီး ချက်ပေးပါ့မယ်’

မဟုတ်လျှင်တော့ သူမသည် ခုနက အခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်း သိတော့မည်မဟုတ်ပေ။

အားမန်သည် အမူးပြေဟင်းရည် သယ်လာပြီး ဟွာကျွင်းကို ကြည့်ကာ ခေါင်းခါပြ၏။ ဟွာကျွင်း လှည့်ကြည့်လိုက်သောအခါ လုမင်လီမှာ ဘယ်အချိန်က ထွက်သွားမှန်း မသိတော့ပေ။

သူမသည် အားမန်ကို ကျေးဇူးတင်စကားဆိုကာ အမူးပြေဟင်းရည်ကို ပြန်သွန်လိုက်သည်။ ထို့နောက် လူတိုင်းက ပစ္စည်းများ သိမ်းဆည်းကာ လုအိမ်တော်မှ နောက်ဖေးတံခါးမှတစ်ဆင့် အတူတူ ထွက်ခွါခဲ့ကြ၏။

ဟွာကျွင်းသည် ပထမဆုံး ရထားလုံးပေါ်သို့ တက်လိုက်ပြီး အားမန်ကို သက်ပြင်းချကာ ပြောလိုက်သည်။

“အားမန်... ငါ့နားကနေ နည်းနည်း ဝေးဝေးနေနော်။ ခဏနေရင် ငါ နင့်အပေါ်ကို အန်ချမိမှာ စိုးလို့...”

အားမန်က ခေါင်းခါပြပြီး သူမ ပေါင်ကို ပုတ်ပြကာ ဟွာကျွင်းကို ပေါင်ပေါ် ခေါင်းအုံးပြီး အနားယူရန် အမူအရာဖြင့် ပြော၏။ ထိုသို့နေခြင်းက ပိုပြီး သက်သောင့်သက်သာရှိမည် ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဟွာကျွင်းသည် စိတ်လှုပ်ရှားသွား၍လား သို့မဟုတ် လုမင်လီနှင့် ဖြစ်ခဲ့သည့် ကိစ္စကြောင့် ဝမ်းနည်းသွား၍လား မသိဘဲ မျက်ဝန်းများ ပူနွေးလာသည်။ သူမသည် အားမန်၏ ပေါင်ပေါ်တွင် လှဲလျောင်းရင်း တိုးတိုးလေး ပြောမိ၏။

“အားမန်... နင်က တကယ် စိတ်ထားကောင်းတာပဲ...”

သူမ ပါးပြင်ပေါ်သို့ မျက်ရည်များ တိတ်တဆိတ် စီးကျလာတော့သည်။

ခရီးစဉ်မှာ ထူးထူးခြားခြား ချောမွေ့လှသည်။ ဟွာကျွင်းမှာ အလွန်ပင်ပန်းနေသဖြင့် ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိတော့ပေ။ မုန့်ဆိုင်ရှေ့သို့ ရောက်သည်အထိပင် သူမ နိုးမလာခဲ့ပေ။

ရထားလုံး ရပ်သွားသည်။ အပြင်ဘက်မှ လက်တစ်ဖက်က လိုက်ကာကို အသာအယာ ဆွဲဟလိုက်၏။ အားမန်က အပြင်ကလူကို အလောတကြီး မလုပ်ရန် ခေါင်းခါပြလိုက်ပြီး ဟွာကျွင်းကို ခဏလောက် ထပ်အိပ်ပါစေဦးဟု အမူအရာပြလိုက်သည်။ သူမ သေသေချာချာ ကြည့်လိုက်သောအခါ ထိုသူမှာ လုမင်လီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ရထားလုံးကို သူကိုယ်တိုင် မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။ ဟွာကျွင်း ရထားလုံးမူးတတ်ခြင်းကို သူ သိထားသဖြင့် ခရီးစဉ်တစ်ခုလုံးကို အလွန်ချောမွေ့အောင် မောင်းနှင်လာခဲ့ခြင်းပင် ဖြစ်၏။

လုမင်လီသည် အိပ်ပျော်နေသော ဟွာကျွင်းကို ကြည့်ကာ အားမန်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ ရထားလုံးထဲသို့ ဝင်လာကာ မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး မျက်လုံးမှိတ်ကာ အနားယူနေတော့သည်။

ခဏအကြာတွင် သူသည် မျက်လုံးဖွင့်ကာ အိတ်ဆောင်နာရီကို ထုတ်ကြည့်ပြီး အချိန်ကို စစ်ဆေးသည်။ ထို့နောက် အားမန်အား ဟွာကျွင်းကို နှိုးရန် အချက်ပြပြီး ရထားလုံးပေါ်မှ ဆင်းသွားခဲ့၏။

အားမန်က ဟွာကျွင်းကို အသာအယာ လှုပ်နှိုးလိုက်သည်။ ဟွာကျွင်းသည် မျက်လုံးကို ဝေဝေဝါးဝါး ဖွင့်ကြည့်ကာ ထထိုင်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်၏။

“ရောက်ပြီလား... ကျွန်မ ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားတာလဲ...”

ထို့နောက် သူမက အားမန်၏ ခြေထောက်များကို နှိပ်ပေးရင်း ပြောလိုက်သည်။

“အားမန်... နင့်ခြေထောက်တွေ ညောင်းနေပြီမလား။ ကျွန်မကို ခေါင်းအုံးခွင့်ပေးလို့ ကျေးဇူးပါပဲ”

အားမန်က ပြုံးကာ လက်ယမ်းပြပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ ဟွာကျွင်းကို တွဲကူပေးသည်။

ညဉ့်နက်နေပြီဖြစ်သဖြင့် ဟွာကျွင်းသည် အားမန်ကို နှုတ်ဆက်ကာ မုန့်ဆိုင်ထဲသို့ ဝင်ခဲ့သည်။

လုမင်လီသည် ဟွာကျွင်း ဆိုင်တံခါးပိတ်ကာ မီးများ ပိတ်လိုက်သည်ကို မြင်မှသာ သူ မြင်းကို ပြောင်းစီးပြီး မြို့ထဲသို့ ပြန်လှည့်ခဲ့တော့သည်။

မုန့်ဆိုင်ထဲတွင် ဟွာရှန့်သည် တစ်ညလုံး တက်ဘလက် ဖြင့် ကစားနေသော်လည်း အားမရသေးပေ။

မော့ချွမ်သည် လက်ပိုက်ကာ နံရံကို မှီရပ်နေပြီး မျက်နှာက မကျေမနပ် ဖြစ်နေ၏။

“ရှင် ဘာလုပ်နေတာလဲ။ ဘာလို့ ဒီမှာ လာပြီး မိုက်သလိုလို ဟန်ဆောင်နေရတာလဲ”

မော့ချွမ်းက ကိုယ်ကို တည့်တည့်မတ်မတ် ပြန်ရပ်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် သူ၏ နှာခေါင်းကို သူ ပြန်ညွှန်ကာ မယုံနိုင်သလို မေးသည်။

“ငါက မိုက်ချင်ယောင် ဟန်ဆောင်နေတာလား။ ငါကလား။ မင်း ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်တိုင်ရော သိရဲ့လား”

ဟွာကျွင်းသည် ဆိုင်ထဲမှ မီးများကို ပိတ်ကာ နံရံရှိ တံခါးကို ဖွင့်လိုက်ပြီး ဟွာရှန့်ကို လှမ်းခေါ်၏။

“ဟွာရှန့်... ရေချိုးပြီး အိပ်ဖို့ အချိန်တန်ပြီနော်”

ထို့နောက် ဟွာရှန့်ကို အခန်းထဲသို့ ဆွဲခေါ်သွားသည်။

မော့ချွမ်း အနောက်မှ လိုက်လာရင်း တတွတ်တွတ် ပြောနေသည်။

“ခင်ဗျား ခုနက လူအများကြီးရှေ့မှာ ကျွန်တော့်ကို အော်ခဲ့တယ်နော်၊ ကျွန်တော် သည်းခံခဲ့ပါတယ်။ ကျွန်တော် ဂရုမစိုက်ဘူး၊ ခင်ဗျား ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ပြန်ပြီး လျော်ကြေးပေးရမယ်”

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလား။ ရှင်က နေ့တိုင်း ဖုန်းဆော့ပြီး အသုံးအနှုန်းတွေ အများကြီး တတ်လာတာပဲ။ ကောင်းပါပြီ၊ ကျွန်မ တောင်းပန်ပါတယ်။ မနက်ဖြန် ဂျပန်စာ သွားစားကြမလား၊ အဆင်ပြေရဲ့လား”

မော့ချွမ်းက မျက်ခုံးပင့်လိုက်ပြီး ကျေကျေနပ်နပ် ပြောလိုက်၏။

“ဒါမှ ဟုတ်တာပေါ့”

“ဪ... ဒါနဲ့၊ ခင်ဗျားနဲ့ စစ်သူကြီးလုနဲ့က...”

ဟွာကျွင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ”

“မဟုတ်ဘူးလေ၊ ကျွန်တော်က ဘာအလုပ်လုပ်ရမှာလဲ။ ကျွန်တော် မေးချင်တာက ခင်ဗျား စစ်သူကြီးလုကို နှုတ်ဆက်ခဲ့ရဲ့လားလို့။ စောစောက သူကိုယ်တိုင် ခင်ဗျားကို လိုက်ပို့တာလေ။ ခင်ဗျားက လှည့်တောင် မကြည့်ဘဲ ဝင်သွားတာ မြင်လိုက်လို့၊ အဲဒါက တော်တော်လေး ရိုင်းရာကျတယ်”

ဟွာကျွင်းက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး မေးလိုက်၏။

“ရှင် ဘာပြောလိုက်တာလဲ။ သူက ကျွန်မကို လိုက်ပို့တာလား”

“ဟုတ်တယ်။ သူက ရထားလုံးမောင်းသမားကို ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင် မောင်းလာတာ”

ဟွာကျွင်းသည် မုန့်ဆိုင်ထဲသို့ အပြေးပြန်သွားပြီး ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။ အပြင်ဘက်တွင် အမှောင်အတိ ကျနေပြီ ဖြစ်၏။

သူမသည် နှမြောတသဟန်ဖြင့် သက်ပြင်းချကာ ပြတင်းပေါက်မှ ဖယ်လိုက်သည်။

‘သူ မူးနေလို့ နေမှာပါ။ မဟုတ်ရင် သူ့လို တည်ငြိမ်အေးဆေးပြီး အတူတူမနေနိုင်မှန်း သိရဲ့သားနဲ့ စည်းကျော်တဲ့ စကားတွေကို ဘယ်လိုလုပ် ပြောမှာလဲ’

သူက မော့ချွမ်းနှင့် မတူပေ။ သူ့ပုခုံးပေါ်မှာ ကြီးမားသည့် တာဝန်များ ရှိသကဲ့သို့ သူ့နောက်ကွယ်မှာလည်း မိသားစုကြီးတစ်ခုရှိ၏။ သူက ဘယ်လိုလုပ် အရာအားလုံးကို စွန့်လွှတ်ပြီး သူမနှင့် လိုက်ခဲ့နိုင်မည်နည်း။

ပြီးတော့ သူမကိုယ်တိုင်လည်း ဤကမ္ဘာက လူ မဟုတ်သည့်အတွက် နေလို့ မရပေ။

‘သူတို့နှစ်ယောက်က နီးကပ်နေသလို ထင်ရပေမဲ့ ရာစုနှစ်ပေါင်းများစွာ ခြားနားနေတာပဲ…’

ဤသို့ တွေးမိသောအခါ ဟွာကျွင်း ရင်ထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိ၏။

‘ဒါတွေအားလုံးက ငါ့နှလုံးသားကို သေသေချာချာ မစောင့်ရှောက်နိုင်ခဲ့တဲ့ ငါ့အမှားတွေပဲ။ ဒီနေ့ကစပြီး ငါ သူ့ကို အကွာအဝေးတစ်ခုမှာပဲ ထားသင့်တော့တယ်’

လုမင်လီသည် အိမ်တော်သို့ ပြန်ရောက်ပြီးနောက် အဘွားလု၏ အခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ အဘွားလုမှာ အခုမှ လှဲလျောင်းရုံရှိသေးသည်။ သူမသည် ယနေ့တွင် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အစေခံမလေးများနှင့် စကားပြောနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

လုမင်လီ ဝင်လာသည်ကို မြင်သောအခါ သူမ အစေခံမလေးတစ်ဦးကို တွဲကူခိုင်းပြီး ထထိုင်ကာ စကားဆက်ပြောရန် ပြင်သည်။

“အဘွား... ဒီနေ့ မွေးနေ့ပွဲကို သဘောကျရဲ့လား”

အဘွားလုက စိတ်လှုပ်ရှားစွာ ပြော၏။

“သဘောကျတာပေါ့။ အရမ်းကို သဘောကျတယ်။ ဟွာကျွင်းလေးက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ထက်မြက်ပြီး ပါးနပ်နေရတာလဲ။ ဒီပွဲက အဘွားရဲ့ ရင်ထဲကို တကယ် ထိတွေ့သွားစေတယ်”

သူမသည် မြေးဖြစ်သူ လက်ကို အသာအယာ ဆုပ်ကိုင်ကာ ပြောသည်။

“ဟွာကျွင်းက တကယ့် မိန်းကလေးကောင်းလေး တစ်ယောက်ပဲလို့ အဘွား ထင်တယ်။ မြေး သူ့ကို မြန်မြန် လက်ထပ်သင့်ပြီ။ ဒီအိမ်တော်မှာ အိမ်ရှင်မတစ်ယောက် ရှိဖို့ အချိန်တန်ပြီ”

လုမင်လီက ပြုံးပြလိုက်သော်လည်း သူ့ရင်ထဲက ခါးသီးမှုကိုတော့ မည်သူမျှ မသိနိုင်ပေ။ သူ စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒါဆို... သူပေးတဲ့ လက်ဆောင်ကိုရော အဘွား ကြည့်ပြီးပြီလား”

ဤအကြောင်း ပြောသောအခါ အဘွားလုက ပို၍ပင် ပျော်သွားသည်။ သူမက ကျင်းဆဲ့ကို လှမ်းခေါ်လိုက်၏။

“ကျင်းဆဲ့... မြန်မြန်။ ဟွာကျွင်း ပေးလိုက်တဲ့ လက်ဆောင်ကို အမြန် ယူလာခဲ့စမ်း”

ကျင်းဆဲ့က ပြုံးလျက် ပြန်ထူးကာ ဗီရိုထဲမှ ထုတ်ယူလာရင်း ပြောသည်။

“သခင်မကြီးက အရမ်း သဘောကျနေတာပါ၊ ခုနကလည်း လက်ထဲကနေ မချတမ်း ကိုင်ထားတာ”

လုမင်လီက မေးလိုက်သည်။

“ဪ... အဘွားက ဒီလောက်တောင် သဘောကျတာလား။ အဲဒါက ဘာလေးမလို့လဲဟင်”

ကျင်းဆဲ့က လက်ဆောင်သေတ္တာကို အဘွားလု၏ စောင်ပေါ်တွင် တင်ပေးလိုက်သည်။ အဘွားလုသည် ကိုယ်တိုင် ဖွင့်ပြကာ လုမင်လီကို ရတနာတစ်ခုကဲ့သို့ ပြသလိုက်၏။

“ကြည့်စမ်း။ တကယ့်ကို နီရဲတောက်ပနေတာပဲ၊ ခမ်းနားပြီး စွဲမက်စရာ ကောင်းလိုက်တာ”

လုမင်လီသည် ဆွဲကြိုးကို အသာအယာ ထိတွေ့ကြည့်ရင်း ဟွာကျွင်း ဤလက်ဆောင်ကို ဝယ်နေမည့် ပုံရိပ်ကို စိတ်ကူးကြည့်မိသည်။ ‘ဒီလောက် လှပတဲ့ ဆွဲကြိုးကို ရွေးချယ်ဖို့ သူတော်တော်လေး စဉ်းစားခဲ့ရမှာပဲ’

“လှတယ် မဟုတ်လား။ နွေရာသီရောက်ရင် ဒီဆွဲကြိုးကို ဝတ်ပြီး နန်းတွင်းက ကြာပန်းပွဲတော်ကို သွားမယ်။ မြေး ဘယ်လိုထင်လဲ”

“ဟုတ်ကဲ့ပါ၊ အဲဒီအချိန်ကျရင် အဘွားက အလှဆုံး ဖြစ်နေမှာ သေချာပါတယ်”

အဘွားလုက သေတ္တာကို ပြန်ပိတ်ကာ ပြောလိုက်၏။

“မြေး နေမကောင်းဖြစ်နေတုန်းက အဘွားမှာ တော်တော်လေး စိတ်ညစ်ခဲ့ရတာ။ ကောင်းကင်ဘုံက ငါတို့ လုအိမ်တော်ကို မပြတ်စေချင်လို့ ဟွာကျွင်းကို စေလွှတ်ပြီး မြေးကို ကုသပေးလိုက်တာ ဖြစ်မှာပါ။ အဲဒီတော့မှပဲ အဘွားလည်း အသက်ပြန်ဝင်လာသလို ခံစားရတာ... မြေး သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်။ သူက ဒီမှာ တစ်ယောက်တည်းမို့လို့ ဘာအခက်အခဲမှ မရှိစေနဲ့၊ ကြားလား”

All Chapters