← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉ - အကဲဖြတ်မှု

“ဟုတ်ကဲ့ ကျုပ်သိချင်ပါတယ်”

ချီရွှမ်းစုက ယဥ်ကျေးသောအပြုံးနှင့် ပြန်ဖြေလိုက်၏။

“ကျန်းယွီယွဲ့က မင်းကို အတော်လေးအထင်ကြီးထားတယ်… ဒါပေမဲ့ ကျန်းရှီယွဲ့ရဲ့ ထင်မြင်ချက်ကတော့ ပိုပြီးတော့ သာမန်ဆန်တယ်”

ကျန်းကျွီဖျင်က သူ့ကုလားထိုင်နောက်ကျောကိုမှီပြီး မေးလိုက်၏။

“မင်းဘယ်လိုထင်လဲ”

ချီရွှမ်းစုက ဖြစ်နိုင်ခြေများစွာကို စဥ်းစားထားပြီးပြီဖြစ်သည်။ သူက ထိုနေရာမှာမတ်တတ်ရပ်နေရင်း ပြုံးပြလိုက်၏။

“ပညာရှိယွီယွဲ့က ကျုပ်ကို အထင်ကြီးထားတယ်ဆိုတာ ကျုပ်က လက်ထောက်ခန်းမသခင် လီမင်ဟွမ်နဲ့တူတယ်လို့ သူယုံကြည်လက်ခံထားတာဖြစ်မယ်… ပညာရှိရှီယွဲ့ရဲ့အမြင်ကတော့ အတော်လေး လိုက်လျောညီထွေရှိပါတယ်”

“လိုက်လျောညီထွေလား…”

ကျန်းကျွီဖျင်က ပြုံးလိုက်၏။

ကျန်းကျွီဖျင်၏ စိတ်ရင်းကို ချီရွှမ်းစုက သေချာမသိရှိသည့်အတွက် ထပ်ပြောလိုက်၏။

“ကျုပ်ကို လူငယ်ပါရမီရှင်တစ်ဦးလို့ မဆိုနိုင်ဘူး… မဟုတ်ရင် ကျုပ်က အခုထိ အဆင့် ၇ တာအိုဆရာတစ်ဦးပဲ ဖြစ်နေမှာမဟုတ်ဘူး”

ကျန်းကျွီဖျင်က မှတ်ချက်ပေးလိုက်၏။

“ဒါပေမဲ့ အဆင့် ၇ ကနေ အဆင့် ၅ တာအိုဆရာရဲ့ ခံစားခွင့်ကိုရဖို့ မင်းက လေးလပဲ အချိန်ယူခဲ့တယ်… အဲဒါက တကယ့်ကိုအထင်ကြီးစရာပဲ… အထူးသဖြင့် အဲဒီအကျိုးဆောင်မှုတွေကို အပြင်လောကတိုက်ပွဲအတွေ့အကြုံနဲ့ ကြမ်းတမ်းတဲ့တာဝန်တွေကနေ ရလာတဲ့အချိန်မှာပေါ့… အဲဒါက ဘယ်အကဲဖြတ်မှုထက်မဆို ပိုပြီးတော့အရေးပါတယ်”

အင်မော်တယ်လမ်းစဥ်ကို ဟောက်ထျန်သက်ရှိ၊ ရှန်းထျန်သက်ရှိနှင့် ကောင်းကင်သက်ရှိဟူ၍ ခွဲခြားထားသ​ည်။ သို့သော် တာအိုဂိုဏ်းတော်မှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် လူတစ်ယောက်က လူမှုစွမ်းရည်တချို့ကိုလည်း လိုအပ်ပြီး အဲဒါကို အဆင့်သုံးဆင့်ခွဲခြားထားသည်။ ပထမအဆင့်က စကားနည်းပြီး အမှတ်တမဲ့နေရန်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အစစ်အမှန်ရည်ရွယ်ချက်နှင့် အစွမ်းအစများကို အခြားသူများမသိရှိအောင် ဖုံးကွယ်ထားရသည့် အခြေခံကျသောစွမ်းရည်ဖြစ်သည်။

ဒုတိယအဆင့်မှာ လိုအပ်သည့်အခါမှသာ မိမိ၏ အစွမ်းအစကိုထုတ်ပြရခြင်းဖြစ်သည်။ အဆင့်အတန်းတစ်ခုကို ရရှိထားသည့်သူများသာလျှင် ဤစွမ်းရည်ကိုပိုင်ဆိုင်ကြသည်။ အဆင့်မြင့်အရာရှိများ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ယောက်က သင့်လျော်သည့် စိတ်သဘောထားကို ပြသရပြီး လို​အပ်သည့်အခါ ပို၍အသေးစိတ်ပြပေးရသည်။ အဲဒါက အခြေအနေကို အဆက်မပြတ်ထိန်းချုပ်ပြီး မှန်ကန်သောမျှခြေကို ထိန်းထားဖို့အတွက်ဖြစ်သည်။

တတိယအဆင့်က စည်းဘောင်ကျော်ခြင်းမရှိဘဲ မိမိ၏ စိတ်န္ဒအတိုင်း ပြုမူနေထိုင်သည့်အဆင့်ဖြစ်သည်။ ဤအဆင့်ကိုရောက်ရှိနိုင်သည့် လူနှစ်မျိုးသာရှိသည်။ တစ်မျိုးက အပြစ်ဆိုစရာမရှိသောပုံစံဖြင့် အောက်ခြေကနေ တက်လှမ်းလာသူဖြစ်သည်။ စမ်းသပ်ချက်များနှင့် အခက်အခဲအဟန့်အတားများနှင့် ကြုံတွေ့ရသည့်အခါ လူများစွာက လမ်းခုလတ်မှာ ကျရှုံးသွားတတ်ကြသော်လည်း တချို့ကတော့ ဖြည်းဖြည်းမှန်မှန်တက်လှမ်းလာပြီး တာအိုဂိုဏ်း​တော်၏ ထောက်တိုင်များဖြစ်လာကြသည်။ ဥပမာအားဖြင့် ထျန်ကန်းခန်းမသခင်နှင့် သူတော်စင်တန်ဟွားတို့ဖြစ်သည်။

မိမိ၏ စိတ်ဆန္ဒအတိုင်း ပြုမူနေထိုင်နိုင်သည့် အခြားသောလူတစ်မျိုးမှာ တောင့်တင်းခိုင်မာသော အရင်းအမြစ်များနှင့် နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုကနေ ဆင်းသက်လာသူများဖြစ်သည်။ သို့သော်လည်း သူတို့က ထူးထူးခြားခြားပါရမီအရည်အချင်းရှိနေရန်လည်း လိုအပ်သည်။ တစ်ခါတစ်ရံမှာ သူတို့က ထုံးတမ်းစဥ်လာနှင့်ဆန့်ကျင်သော လုပ်ရပ်များကို ပြုလုပ်ထားလျှင်တောင် စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်သည့်အတွက် အခြားသူများက သူတို့ကို တာဝန်ယူတာဝန်ခံခိုင်းဖို့ မလွယ်ကူပေ။ ဥပမာအားဖြင့် သူတော်စင်ချင်းဝေဖြစ်သည်။

ကျန်းကျွီဖျင်က တာအိုဂိုဏ်းတော်မှာ ဆယ်နှစ်ကျော်ကြာအောင် ရောက်ရှိနေပြီး လုံလောက်သည့် အစွမ်းအစများကို ပိုင်ဆိုင်ထားသော်လည်း သူက လီမင်ဟွမ်ကဲ့သို့ တူညီသောလမ်းကြောင်းကိုလိုက်သည့်အတွက် ယခုအချိန်ထိ ထိုစွမ်းရည်၏ တတိယအဆင့်ကို မရောက်ရှိသေးပေ။ ရာထူးအဆင့်အပေါ် သူတို့၏ အာရုံစိုက်မှုက လက်တွေ့အလုပ်တာဝန်ထက် ကျော်လွန်နေပြီး သူတို့၏ ပုဂ္ဂိုလ်​ရေး စိတ်ဆန္ဒများကလည်း တာဝန်ပေါ် သူတို့၏ သစ္စာစောင့်သိခြင်းထက် အလေးသာနေ၏။

ကျန်းကျွီဖျင်က ယခုအချိန်ထိ ထိုစွမ်းရည်၏ တတိယအဆင့်ကို မရောက်ရှိသေးသလို ကျန်းယွီယွဲ့နှင့် ကျန်းရှီယွဲ့ကလည်း ဒုတိယအဆင့်ကို မရောက်ရှိကြသေးပေ။

ချီရွှမ်းစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ ကျန်းကျွီဖျင်က သူ့ကို လျှော့တွက်မထားပေ။ သူက အမြင်အာရုံထက်ရှပြီး ဤလူငယ်ထံမှာ ထူးချွန်ထက်မြတ်သော အရည်အသွေးတချို့ကို တွေ့မြင်ရသောကြောင့်မဟုတ်ဘဲ သူက ကျန်းယွဲ့လု၏ အကဲဖြတ်မှုကို လက်ခံယုံကြည်ထားသောကြောင့်ဖြစ်သည်။ အနည်းဆုံးတော့ ကျန်းယွဲ့လုသည် ကျန်းယွီယွဲ့နှင့် သူမ၏မျိုးဆက်မှ အခြားသူများထက် ပို၍ယုံကြည်စိတ်ချရသည်။

ထို့ကြောင့် ကျန်းကျွီဖျင်က ချီရွှမ်းစုအပေါ် မြင့်မားသောထင်မြင်ချက်တစ်ခုရှိထားသည်။ သူက ဟန်ဆောင်နေခြင်းမရှိဘဲ စိတ်ရင်းဖြင့်ပြောလိုက်၏။

“ထျန်းယွမ်… မြေကမ္ဘာဆရာသခင်က ချင်းရှောင်ရဲ့တန်ဖိုးကို တွေ့မြင်ခဲ့သလို သူက မင်းကို သဘောကျတယ်ဆိုတော့ သူ့မှာ အကြောင်းပြချက်ရှိမှာပဲ… ငါမင်းကို ဖိတ်ခေါ်လိုက်တယ်ဆိုတာ မင်းနဲ့ တွေ့ဆုံချင်လို့ပဲ… အဲဒါမှ ဘယ်လောက်ထိ မျှော်လင့်လို့ရလဲ ငါသိရလိမ့်မယ်”

ချီရွှမ်းစုက မေးလိုက်၏။

“လက်ထောက်နန်းတော်သခင်… ကျုပ်အပေါ် ခင်ဗျားရဲ့ အကဲဖြတ်မှုကို သိချင်ပါတယ်”

ကျန်းကျွှီဖျင်က ရယ်လိုက်၏။

“မင်းအပေါ် ကျန်းယွီယွဲ့နဲ့ ကျန်းရှီယွဲ့ရဲ့ အစစ်အမှန်ထင်မြင်ချက်ကို မင်း ငါ့ဆီကနေ ကြားရတာမလား… သူတို့ဆီက မဟုတ်ဘူးလေ… အဲလိုပဲပေါ့… မင်းကို ငါဘယ်လိုထင်မြင်လဲဆိုတာ ငါ့ပါးစပ်ကနေ မင်း ကြားရမှာမဟုတ်ဘူး… နောက်ပြီး ငါတို့က ဒီတိုင်းတွေ့ဆုံရကြရုံပဲ… မင်းပေါ်မှာ ငါအကဲဖြတ်နိုင်တာ ဘာမှမရှိဘူး”

ချီရွှမ်းစုက ထပ်မံ၍ မပြောဆိုတော့ပေ။

ကျန်းကျွီဖျင်က ဆက်ပြောလိုက်၏။

“ထျန်းယွမ်… ချင်းရှောင်က ကျန်းမိသားစုမှာ အရေးပါတဲ့နေရာတစ်ခု ယူထားတယ်ဆိုတာ မင်းသိထားရမယ်”

“ဟုတ်ကဲ့… ကျုပ်သိပါတယ်”

ချီရွှမ်းစုက ရိုကျိုးသောပုံစံကို ဆက်လက်၍ထိန်းသိမ်းထား၏။

ကျန်းကျွီဖျင်က ချီရွှမ်းစုကို လေးလေးနက်နက်တစ်ချက်ကြည့်လိုက်၏။

“ကောင်းတယ်”

ချီရွှမ်းစုက ကြောက်လန့်သွားခြင်းမရှိဘဲ အနည်းငယ်တည်ကြည်လေးနက်လာ၏။

ကျန်းကျွီဖျင်က ကျန်းယွီယွဲ့ သို့မဟုတ် စုရင်တို့လောက် ရန်လိုခက်ထန်မှုမရှိပေ။ ထိုအစား သူက ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့် မည်သို့မည်ပုံတွေ့ဆုံခဲ့သလဲ၊ ထျန်ကန်းခန်းမ၏ အခြေအနေနှင့် အခြားသောအရာများကိုသာ သာမန်ကာလျှံကာမေးမြန်းလေသည်။

ချီရွှမ်းစုက မှန်မှန်ကန်ကန်ဖြေပေးသော်လည်း တချို့သောအရာများကိုတော့ ထိန်ချန်ထားသည်။ သူတို့စကားပြောဆိုသည်မှာ တစ်နာရီပင် မကြာသေးပေ။

နောက်ဆုံးမှာတော့ ကျန်းကျွီဖျင်က နောက်တစ်ဖန်ခေါင်းငုံ့သွားပြီး ပြောလိုက်၏။

“နှစ်သစ်ကူးတော့မယ်ဆိုတော့ ငါ့မှာအလုပ်ကိစ္စတွေများနေတယ်… အဲဒါကြောင့် ငါမင်းကိုဆက်ပြီးတော့ ဧည့်မခံနိုင်တော့ဘူး”

ချီရွှမ်းစုက ညင်သာစွာခေါင်းငုံ့ပြီး သူ့ကိုနှုတ်ဆက်ကာ လှည့်ထွက်လိုက်၏။

သူရောက်လာသည့်အချိန်မှစ၍ ချီရွှမ်းစုက ကျန်းကျွီဖျင်၏ ရုံးခန်းထဲမှာ မတ်တတ်ရပ်ပြီး သူမေးသည့်မေးခွန်းများကို ဖြေပေးနေခဲ့သည်။ လက်ဖက်ရည်ဖြင့်ဧည့်ခံခြင်းလည်းမရှိဘဲ သူတို့ကြား အဆင့်အတန်းကွာဟမှုကို ညွှန်ပြနေ၏။

ချီရွှမ်းစုရောက်ရှိလာသည်နှင့် အပြင်တံခါးက ပွင့်ဟသွား၏။ အဆင့် ၆ တာအိုတရာက တံခါးဝတွင် တစ်ချိန်လုံးရပ်စောင့်နေခြင်းဖြစ်သည်။ ချီရွှမ်းစုက သူ့ကိုပြုံးပြပြီး ရုံးခန်းထဲကနေ လျှောက်လှမ်းထွက်လိုက်၏။ တာအိုဆရာက တံခါးကို နောက်တစ်ဖန်ပိတ်လိုက်ပြီးနောက် ကျန်းကျွီဖျင်က သူ့လက်ထဲကစုတ်တံကိုချပြီး ကုလားထိုင်ကို ကျောမှီကာ အလေးအနက်စဥ်းစားတွေးတောနေပုံရသည်။

ချီရွှမ်းစုက လာရာလမ်းအတိုင်း ရှန်ချင်းနန်းတော်ကနေ ထွက်ခွာလာပြီး အပြင်ဘက်မှာ သူ့ကိုစောင့်နေသည့် ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရသည်။ သူမက ခြုံထည်ကိုဝတ်ဆင်ထားဆဲဖြစ်သော်လည်း ခြုံထည်နှင့်တွဲလျက် ခေါင်းစွပ်ကို ချွတ်ထားပြီဖြစ်သည်။

ချီရွှမ်းစုကို တွေ့မြင်သောအခါ ကျန်းယွဲ့လုက အရင်စတင်နှုတ်ဆက်လိုက်၏။

“အခြေအနေဘယ်လိုရှိလဲ”

ချီရွှမ်းစုက ဖြစ်ပျက်ခဲ့သည့်အရာကို အကြမ်းဖျင်းပြန်ပြောပြလိုက်၏။

ကျန်းယွဲ့လုက ရေရွတ်လိုက်သည်။

“သူက ကိစ္စတွေကို လျှို့ဝှက်ဆန်းကြယ်သယောင်လုပ်တဲ့နေရာမှာ တကယ်တော်တာပဲ… ဒါပေမဲ့ သူ့အလုပ်မှာတော့ မတော်ရှာဘူး… သူက ကွန်ဖြူးရှပ်ရောဂါ စွဲကပ်နေတာလို့ ငါထင်တယ်… သီအိုရီတွေကိုဆွေးနွေးတဲ့နေရာမှာတော့ အဟုတ်ပဲ… ဒါပေမဲ့ အဲဒါကို လက်တွေ့အကောင်အထည်ဖော်ရာမှာတော့ ထင်သလောက် ဟုတ်မလာကြဘူး”

ချီရွှမ်းစုက ရယ်လိုက်၏။ ချီရွှမ်းစုအပေါ် ကျန်းယွီယွဲ့နှင့် ကျန်းရှီယွဲ့တို့၏ ထင်မြင်ချက်ကိုကြားရသည့်အချိန်မှာ ကျန်းယွဲ့လုက အံ့အားသင့်မသွားပေ။

ကျန်းကျွီဖျင်ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ချီရွှမ်းစုသ​ည် ကျန်းမိသားစုမှ လူသုံးဦးနှင့် တွေ့ဆုံပြီးသွားပြီဖြစ်သည်။

ကျန်းယွီယွဲ့က ချီရွှမ်းစုပေါ် သူမ၏ အလိုမကျမှုကိုဖုံးကွယ်မထားသော်လည်း ချီရွှမ်းစုကို မြင့်မြင့်မားမားသတ်မှတ်ထားသ​ည်။ သူက နောက်ထပ် လီမင်ဟွမ်ဖြစ်လာမည်ဟု သူမက လက်ခံယုံကြည်ထားသောကြောင့်ဖြစ်သည်။ ဒါ့အပြင် ကျန်းယွဲ့လု၏ အကဲဖြတ်မှုကိုလည်း သူမက ယုံကြည်သောကြောင့်ဖြစ်သည်။

တစ်ဘက်မှာတော့ ကျန်းရှီယွဲ့က သူတို့တွေ့ဆုံသည့်အချိန်မှာ အတော်လေးယဥ်ကျေးမှုရှိသော်လည်း ချီရွှမ်းစုပေါ် သူ၏ ထင်မြင်ချက်က သိပ်မမြင့်မားပေ။ ချီရွှမ်းစုက သာမန်လူများနှင့် ကွဲထွက်နေသော်လည်း ထိပ်ဆုံးကို တက်လှမ်းဖို့ အမျိုးသမီးများကို အသုံးချလိမ့်မည်ဟု သူတွေးထားသောကြောင့်ဖြစ်ပေမည်။ ထိုသို့ဖြင့် ချီရွှမ်းစုက ကန်ထုတ်ခံရသင့်သည်ဟု သူတွေးထားသည်။

သို့သော်လည်း သူ၏ ယဥ်ကျေးဖော်ရွေမှုက သူမကိုလှည့်စားနိုင်မည်ဟု တွေးထားခြင်းမှာ ကျန်းရှီယွဲ့က ကျန်းယွဲ့လုကို လျှော့တွက်မိခြင်းဖြစ်သည်။ ကျန်းယွဲ့လုမှာ အခြားသူများ၏ စိတ်ရင်းကို ခန့်မှန်းဖို့အတွက် အံ့ဩစရာကောင်းသော ဝမ်းတွင်းအသိစိတ်ရှိသည်ကို သူ မသိရှာပေ။

အဲဒါက သင်ယူ၍မရနိုင်သော ပင်ကိုယ်ပါရမီဖြစ်သည်။

စုရင်က ချီရွှမ်းစုအကြောင်း မပြောဆိုခဲ့သည်မှာ သူမက ကျန်းယွဲ့လု၏ စိတ်သဘောထားကို ပို၍အာရုံစိုက်ထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း စုရင်သည် သူမ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ရာမှာ တော်ပြီး ကျန်းယွဲ့လုနှင့် သိပ်မကွာပေ။

ချီရွှမ်းစုက မေးလိုက်၏။

“အဆင့်မြင့်ပညာရှိကျန်းက ဘယ်သူ့ကို ကိုယ်စားပြုတာလဲ… အဲဒါက မင်းအမေတော့ မဟုတ်ဘူးမလား… သူက အဲလောက်ထိ လွှမ်းမိုးမှုရှိလား”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်၏။

“သူက တာ့ကျန်းစံအိမ် ဒါမှမဟုတ် သူတော်စင်တစ်ဦးဦး… ဒါမှမဟုတ် ကောင်းကင်ဆရာသခင်ကိုတောင်မှ ကိုယ်စားပြုနေတာဖြစ်နိုင်တယ်”

ချီရွှမ်းစုက အံ့အားသင့်သွား၏။

“ဒီလိုအသေးအဖွဲ့ကိစ္စက ကောင်းကင်ဆရာသခင်ရဲ့စိတ်ထဲကို ဘယ်လိုရောက်သွားနိုင်မှာလဲ”

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“ချွမ်ကျမ်းဂိုဏ်းက ဗြဟ္မစရိယကျင့်စဥ်ရဲ့စည်းမျဥ်းစည်းကမ်းကြောင့် မြေကမ္ဘာတရာသခင်ကတော့ မိသားစုအရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး… ကောင်းကင်ဆရာသခင်နဲ့ အင်ပါယာဆရာသခင်ကတော့ သူတို့ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် မိသားစုအရေးကိစ္စတွေကို ဂရုစိုက်ကြတယ်… မိသားစုတစ်ခုမှာ အရေးအကြီးဆုံးအရာက မျိုးဆက်သွေးပြန့်ပွားခြင်းပဲ… အဲဒါကြောင့် ကောင်းကင်ဆရာသခင်နဲ့ အင်ပါယာဆရာသခင်ကတော့ သူတို့မျိုးဆက်တွေရဲ့ လက်ထပ်ထိမ်းမြားမှုတွေကို ဂရုစိုက်ကြလိမ့်မယ်”

ချီရွှမ်းစုက မေးလိုက်၏။

“မင်း… ကောင်းကင်ဆရာသခင်နဲ့တွေ့ဖို့ တာ့ကျန်းစံအိမ်ကို သွားခဲ့တာလား”

“ဟုတ်တယ်… လက်ရှိ မဟာသူတော်စင်လွင်ကျစ်နေရာကို မြေကမ္ဘာဆရာသခင်က ယူထားတာဆိုတော့ ကောင်းကင်ဆရာသခင်က ကျောက်စိမ်းနေပြည်တော်မှာ မနေဘူး… သူက လက်ရှိ တာ့ကျန်းစံအိမ်မှာနေတယ်… အဲဒါကြောင့် ငါ သူနဲ့ စကားနည်းနည်းပြောခွင့်ရခဲ့တယ်… ကောင်းကင်ဆရာသခင်က ဘာတွေ ဘယ်လိုလုပ်နေလဲမေးတယ်၊ ငါကတော့ လီမိသားစုရဲ့ လှုပ်ရှားမှုနဲ့ လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ငါတို့ကြုံတွေ့ရတာတွေကို တင်ပြပေးခဲ့တယ်… သူက အဆင်ပြေပါတယ်လို့ပဲ ပြန်ပြောတယ်”

ရှန်ချင်းစီရင်စုသို့ လီချင်းနု ရောက်ရှိလာပုံကို ချီရွှမ်းစုက လုပ်ကြံဖန်တီး ပြောဆိုခဲ့သည့်အတွက် မလုံမလဲခံစားနေရပြီး ရေရွတ်လိုက်၏။

“သူတို့ရဲ့ ပြိုက်ဘက်တွေ ဘာတွေဘယ်လိုလုပ်နေတယ်ဆိုတာ တာ့ကျန်းစံအိမ်က သိပြီးသားဖြစ်မှာပါလို့ ငါပြောသားပဲ”

ချီရွှမ်းစုက သူ့ကိုတစ်ချက်ကြည့်လိုက်၏။

“ငါ ထပ်ပြောမယ်… သူတို့သိပြီးပြီလားဆိုတာ ငါဂရုမစိုက်ဘူး…. ဒါပေမဲ့ ငါသိထားတာကို အထက်ပိုင်း အကြီးအကဲတွေဆီ တင်ပြဖို့က ငါ့တာဝန်ပဲ”

ချီရွှမ်းစုက သက်ပြင်းချမိ၏။ ကျန်းယွဲ့လုက လက်ရှိနေရာကို ရရှိလာသည်မှာ အဓိကအားဖြင့် သူမ၏ မှန်ကန်ဖြောင့်မတ်သောစိတ်နေစရိုက်နှင့် တာအိုဂိုဏ်းတော်အပေါ် သစ္စာစောင့်သိမှုကြောင့်ဖြစ်သည်။

သူက လှည့်ပြီးပြောလိုက်၏။

“ဒါနဲ့ ငါ ကျန်းမိသားစုဝင်အတော်များများနဲ့ တွေ့ဆုံပြီးသွားပြီ… ဒါပေမဲ့ မင်းမိဘတွေအကြောင်းကို သိပ်ပြီးမသိရသေးဘူး”

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“ငါ့အဖေက ငါ့ဦးလေး ကျန်းကျွီဖျင်နဲ့ မျိုးဆက်တူပဲ… သူက တာ့ကျန်းစံအိမ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အဆင့် ၄ တာအိုဆရာတစ်ဦး… အကြောင်းအရင်းတချို့ကြောင့် သူ့ရဲ့ ရာထူးတိုးက နှေးနေခဲ့တယ်… ဒီနှစ်တွေထဲမှာ သူ့ရဲ့အရည်အချင်းအသိအမှတ်ပြုမခံရတဲ့အတွက် သူက တစ်နည်းတစ်ဖုံ စိတ်ဓာတ်ကျနေလောက်တယ်”

“ငါ့အမေကတော့ ရှစ်ပိုခန်းမမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တတိယအဆင့် တာအိုဆရာတစ်ဦးပဲ… ဒါပေမဲ့ လက်ထပ်ပြီးတဲ့နောက် သူက ရှန်ချင်းနန်းတော်ကို ရွှေ့ပြောင်းခဲ့တယ်… ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေထဲမှာ သူက တူတူတန်တန်ဘာမှလုပ်မနေခဲ့ဘူး… သူက အမည်ခံလက်ထောက်နန်းတော်သခင်တစ်ဦးပါပဲ”

သူမ၏ မိခင်သည် အရွယ်ကောင်းမှာ မည်မည်ရရ အလုပ်တာဝန်တစ်ခုကို ယူမထားသည့်အတွက် သူမမိခင်အပေါ် ကျန်းယွဲ့လု၏ စကားလုံးများက အနည်းငယ်ကြမ်းတမ်းနေ၏။

ကျန်းယွဲ့လု၏ ထင်မြင်ချက်အရ သူမ၏ မိခင်သည် အနောက်ဘက်ကုန်းမြေတိုက်မှ ကုန်သည်များနှင့် ယှဥ်ပြိုင်ခြင်း၊ တာအိုဂိုဏ်းတော်အတွက် စီးပွားရေးကိစ္စများ ညှိနှိုင်းပေးခြင်းကဲ့သို့ အကျိုးရှိတာတစ်ခုခုကိုလုပ်နေသင့်သည်ဟု သူမတွေးထင်ထား၏။

ယန်မင်ချန်ဟု အမည်ရသော အသက်သုံးဆယ်အရွယ် အဆင့် ၄ တာအိုဆရာကို ချီရွှမ်းစုက ရုတ်တရက် အမှတ်ရသွား၏။ သူက ကွေ့ကျန်းအဆင့် ချီသန့်စင်သူတစ်ဦးဖြစ်ပြီး ကျန်းနန်တာအိုစံအိမ်မှာ လွှမ်းမိုးမှုရှိလေသည်။ သူ့ကို ငယ်ရွယ်ပြီး အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း သူက လက်ထောက်စံအိမ်သခင်တစ်ဦးမဟုတ်သည့်အတွက် ကျန်းယွဲ့လုနှင့်ယှဥ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ သူက သူမထက် ခြေတစ်လှမ်းသာ နောက်ကျနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူတို့က သိသိသာသာကွာခြားနေကြသည်။

ပြောရမည်ဆိုလျှင် ကျန်းယွဲ့လုက ခန်းမကိုးဆောင်မှာ တရားဝင်ရာထူးတစ်ခုကို ရယူထားသည်။ သူမကို လက်ထောက်ခန်းမသခင်အဖြစ် သူမ၏ ရာထူးကနေ ဖယ်ရှားချင်သည်ဆိုလျှင် ခန်းမသခင်တစ်ဦးက လက်ထောက်ခန်းမသခင်တစ်ဦးကို ဖြုတ်ချနိုင်ခြင်းမရှိသည့်အတွက် ရွှေနန်းမြင့်မျှော်စင်နှင့် သူတော်စင်လွင်ကျစ်တို့ ပါဝင်ပတ်သက်လာရပေလိမ့်မည်။ သို့သော်လည်း ယန်မင်ချန်ကို သူ့နေရာကနေ ဖယ်ရှားချင်သည်ဆိုလျှင် စံအိမ်သခင်ထံမှ စကားတစ်ခွန်းတည်းနှင့်ပြီးလေသည်။ အဲဒါက သူတို့၏ အဆင့်အတန်းကြား ကွာခြားချက်ဖြစ်သည်။

ချီရွှမ်းစုက မေးလိုက်၏။

“ယန်မင်ချန်က ဘယ်လိုပုံစံမျိုးလဲ”

ကျန်းယွဲ့လုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်၏။

“ရွှမ်အရှင်မြတ်ကတ်ထဲက မဟာသူတော်စင်ယန်ဖေးချင်ကို နင်မှတ်မိလား… သူက ရွှမ်အရှင်မြတ်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပဲ.. ကျန်းမိသားစုဘိုးဘေးရဲ့ တပည့်တစ်ဦးလည်းဖြစ်တယ်… ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကိုလည်း ဖွဲ့စည်းပြီးကတည်းက ကောင်းကင်ဆရာသခင်မျိုးဆက် ခြောက်ဆက်မှာ ငါးဦးက ကျန်းမိသားစုကဖြစ်တယ်လို့ ငါပြောခဲ့တယ်လေ… ကျန်းမျိုးနွယ်မဟုတ်တဲ့တစ်ဦးတည်းသောကောင်းကင်ဆရာသခင်က အဲဒီမဟာသူတော်စင် ယန်ဖေးချင်ပဲ”

“အဲဒါကြောင့်ပဲ ကျန်းမိသားစုနဲ့ယန်မိသားစုက မိသားစုမိတ်ဆွေတွေဖြစ်လာခဲ့ကြတာ ကြာခဲ့ပြီ… သူတို့က သူတို့ရဲ့မျိုးဆက်တွေကို မကြာခဏ လက်ထပ်ထိမ်းမြားပေးလေ့ရှိတယ်”

ချီရွှမ်းစုက အနည်းငယ်အံ့အားသင့်သွား၏။

“အသက် ၃၀ မှာ အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲ ဖြစ်လာတာက အတော်လေးအထင်ကြီးစရာပဲ… အဲဒါက တုံပိုင်ကျင်းနဲ့ သိပ်မကွာဘူး… ဒါပေမဲ့ အဲဒါက မင်းထက် နိမ့်ကျနေသေးတာပဲ… မင်းအမေက ဒီလက်ထပ်မင်္ဂလာပွဲကို ဘာလို့ အားပေးထောက်ခံတာလဲ”

ကျန်းယွဲ့လုက ညည်းတွားလိုက်၏။

“ဘာလို့လဲဆိုတော့… သူ့မိသားစုကြောင့်ပဲ… ဒီလက်ထပ်မင်္ဂလာပွဲက မိသားစုနှစ်ခုကြား ဆက်ဆံရေးကို ထိန်းထားနိုင်လိမ့်မယ်… အဲဒါကြောင့် ငါတို့က တစ်ယောက်ခွန်အားကိုတစ်ယောက် မှီခိုနိုင်မယ်… နောက်ပြီး သူ့ကို ကိုင်တွယ်ထိန်းချုပ်ရတာက ပိုပြီးတော့ လွယ်ကူလောက်တယ်လို့ ငါ့အမေတွက်ထားတာဖြစ်မယ်… အဲဒါဆို သူက ကျန်းမိသားစုထဲကို လက်ထပ်ဝင်ရောက်လာတာနဲ့ တူသွားလိမ့်မယ်… တစ်ချိန်တည်းမှာ သူတို့က ယန်မိသားစုနဲ့ လက်ထပ်မင်္ဂလာချစ်ကြည်ရေးကို ထိန်းထားနိုင်ပြီး အဲဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်သလိုပဲ။”

အခန်း ၁၆၀ - ကျန်းကျွီချီ

ကျန်းယွဲ့လုက သူမ ရှာဖွေတွေ့ရှိထားသည်များကို တာကျန်းစံအိမ်ထံ အစီရင်ခံတင်ပြပြီးနောက် ချီရွှမ်းစုကို အိမ်သို့ ခေါ်သွားရမည် ဖြစ်သည်။ သူမက ဘယ်လောက်ပင် ဝန်လေးနေသည်ဖြစ်စေ သူမ၏ မိဘများနှင့် ရင်ဆိုင်ဖို့ အချိန်ကျရောက်လာပြီဖြစ်သည်။

ကျန်းယွဲ့လုက သူမ ပြင်ဆင်ထားသည့် လက်ဆောင်များကို ထုတ်ယူပြီး ချီရွှမ်းစုအား ပေးလိုက်သည်။ ဟာကွက်မရှိစေရန် လက်ဆောင်များ၏ တန်ဖိုးနှင့် မူလဇာစ်မြစ်ကိုလည်း သူ့အား ရှင်းပြပေးလိုက်၏။

သူတို့နှစ်ယောက်က ရှန်ချင်းမြို့သို့ တောင်တက်လမ်းအတိုင်း ဆင်းချလာ၏။ ကျန်းယွဲ့လု ပြောပုံအရ သူတို့က အရှေ့ဘက်တောင်ခြေကနေ ရှန်ချင်းမြို့ကို ဝင်ရောက်မည်ဆိုလျှင် မြင်ကွင်းက အတော်လေး ကွဲပြားခြားနားနေပေလိမ့်မည်။ သူတို့က နန်ကျိဘုရားကျောင်းဘက်ကနေ တက်ကြမည်ဆိုလျှင် အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များစွာနှင့်အတူ ကြီးမားသော မုခ်ခုံးနှင့် ကျောက်စာတိုင်ကို တွေ့မြင်ရပေလိမ့်မည်။

ဤသည်မှာ ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို မစုစည်းခင် တာအိုဂိုဏ်းများအကြား တိုက်ခိုက်မှုကြောင့်ဖြစ်သည်။ ထိုစဉ်တုန်းက ကောင်းကင်ဆရာသခင် ကျန်းကျင်းလျှိုက တာကျန်းစံအိမ်မှာ ရှိမနေစဉ် ချွမ်ကျန်းဂိုဏ်းက ကျန်းယီဂိုဏ်းကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုစဉ်တုန်းက မြေကမ္ဘာဆရာသခင်ဖြစ်သော ရှုဝူကွေ့က တာကျန်းစံအိမ်ထဲသို့ ကိုယ်တိုင်စိမ့်ဝင်ထိုးဖောက်ပြီး ကာကွယ်ရေးဝင်္ကပါကို ဖျက်ဆီးခဲ့သည်။ ထို့နောက် ချွမ်ကျန်းဂိုဏ်းတပည့်များက အမြောက်လက်နက်များကို ယူဆောင်လာပြီး ရှန်ချင်းမြို့ကို တရစပ်တိုက်ခိုက်ကာ မြို့ထက်ဝက်ကျော်ကို ပျက်စီးပြိုကျသွားစေခဲ့သည်။ နောက်ပိုင်းမှာ ကျန်းယီဂိုဏ်းက ရှန်ချင်းမြို့ကို ပြန်လည်တည်ဆောက်ခဲ့သော်လည်း နောင်လာနောက်သားများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်မှု၏ သဲလွန်စများကို တမင်ချန်ထားခဲ့ကြသည်။

သူတို့နှစ်ယောက်က တောင်ပေါ်ကနေ ဆင်းလာသည့်အတွက် ပျက်စီးထိခိုက်ထားသော ကျောက်စာတိုင်ကို မတွေ့မြင်ရပေ။

ချီရွှမ်းစုက မေးလိုက်၏။

“ဒါဆို ကောင်းကင်ဆရာသခင်နဲ့ မြေကမ္ဘာဆရာသခင်က မသင့်မြတ်ကြဘူးလား”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“အင်း...၊ အဲဒီအချိန်တုန်းက အဲဒါကို ‘မိုးနဲ့မြေကြားကတိုက်ပွဲ’လို့ ခေါ်ခဲ့ကြတယ်... ရှုဝူကွေ့က တာကျန်းစံအိမ်ကို ချောင်းမြောင်းတိုက်ခိုက်ပြီးတဲ့နောက် ကျန်းယီဂိုဏ်းက ပေမန်တောင်ကို အလုံးအရင်းနဲ့ ပြန်တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့တယ်... ရှုဝူကွေ့က သူ့ဇာတိမြေ အခြေစိုက်စခန်းကို စွန့်လွှတ်ပြီး ထွက်ပြေးခဲ့ရတယ်... နောက်ပိုင်းမှာ အဲဒီဆရာသခင်နှစ်ပါးက နှစ်ယောက်စလုံး သေတဲ့အထိ အဆုံးထိ တိုက်ခိုက်ခဲ့ကြတယ်”

“ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို ပြန်လည်စုစည်းပြီးတဲ့နောက် သူက မြေကမ္ဘာဆရာသခင် ရှုဝူကွေ့ရဲ့ တပည့်ကို ချွမ်ကျန်းဂိုဏ်းရဲ့ ပထမဆုံး မဟာသူတော်စင်အဖြစ် ခန့်အပ်ပေးခဲ့တယ်… အဲ့ဒီအမျိုးသမီးက တိုက်တိုက်ဆိုင်ဆိုင် အရင်တုန်းက ရှန်ချင်းမြို့ကို အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့သူပဲ... နင် ရွှမ်အရှင်မြတ်ကတ် ကစားဖူးတာပဲ… သူ့ကို သိမှာပေါ့”

ချီရွှမ်းစုက ခေါင်းညိတ်ပြီး မေးလိုက်၏။

“အခု ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းကြားက ဆက်ဆံရေးကကော ဘယ်လိုရှိလဲ”

ကျန်းယွဲ့လုက သူ့ကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။

“နင် ဝမ်ရှန်းတာအိုနန်းတော်မှာ သမိုင်းကြောင်း သင်ယူလေ့လာခဲ့ရတယ်မလား... ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတွေကို ပြန်လည်ပေါင်းစည်းပေးပြီးတဲ့နောက် သူက အရင်တုန်းက အငြိုးအတေးတွေကို ရုပ်သိမ်းဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့တယ်… သူက ကျန်းယီဂိုဏ်းနဲ့ လီမိသားစုက ဆန့်ကျင်တဲ့သူတွေကို ဖိနှိမ်ပြီး ကျန်းမိသားစုနဲ့ လီမိသားစုအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အားပေးအားမြှောက်ပြုခဲ့တယ်... သူက အဲ့ဒီအချိန်တုန်းက ကောင်းကင်ဆရာသခင်နဲ့ မြေကမ္ဘာဆရာသခင်ကိုလည်း လက်ထပ်ပေးခဲ့တယ်”

“အဲ့ဒီအချိန်တုန်းက မြေကမ္ဘာဆရာသခင်က မဟာသူတော်စင် ရှန်းကွမ်ပဲ… အဲ့ဒီအမျိုးသမီးရဲ့ ပုံတူပန်းချီနဲ့ စိတ်ဝိညာဉ်မော်ကွန်းကို ချုံးယန်ထာဝရနန်းတော်နဲ့ တာကျန်းစံအိမ်ရဲ့ ဘိုးဘေးဘုရားကျောင်းမှာ တရိုတသေ ထိန်းသိမ်းထားတယ်... အဲဒါကြောင့် ငါက ချွမ်ကျန်းဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင်လည်း အဆင်ပြေနေသေးတယ်”

“အဲ့ဒီကိစ္စမှာ နောက်ထပ် အကြောင်းချက်တစ်ခုရှိတယ်... ထိုက်ဖျင်ဂိုဏ်းနဲ့ လီမိသားစုက အရမ်းကို စွမ်းအားကြီးမားလာတယ်... ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းက သူတို့အချင်းချင်း ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ထိုက်ဖျင်ဂိုဏ်းက နောက်ဆုံးမှာ အကျိုးအမြတ်ကို ရိတ်သိမ်းသွားလိမ့်မယ်... အရင်တုန်းက သူတို့တွေက ကစဉ့်ကလျားအခြေအနေတွေကို အသုံးချပြီး တတိယအကြိမ်မြောက် မဟာအကြီးအကဲနေရာကို ရယူနိုင်ခဲ့တယ်”

“အဲ့ဒါကြောင့် ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းကြား အတိတ်ကာလ အငြိုးအတေးတွေကို လောလောဆယ်မှာ ခဝါချထားကြတယ်... ချွမ်ကျန်းဂိုဏ်းပဲဖြစ်ဖြစ် ကျန်းယီဂိုဏ်းပဲဖြစ်ဖြစ် တစ်နေ့နေ့ ဒီထက်ပိုပြီး ဩဇာအာဏာကြီးမားလာမှ အဲ့ဒါတွေကို ပြန်ဆွဲထုတ်မယ်ဆိုရင်လည်း နောက်ကျဦးမှာ မဟုတ်ဘူး”

“အကျဉ်းချုပ်ပြီး ပြောရရင် အဲ့ဒီအင်အားစုကြီးနှစ်ခုက ပဋိပက္ခတွေ ရှိနေကြပေမယ့် လတ်တလောမှာ ဆက်ဆံရေးကောင်းကို ထိန်းထားကြတယ်... သူတို့က တရားဝင် မဟာမိတ်ဖွဲ့မထားပေမယ့် သူတို့ကို မဟာမိတ်တစ်ပိုင်းတွေလို့ ဆိုနိုင်တယ်... အဲဒီအချက်ကြောင့် မြေကမ္ဘာဆရာသခင်က ကျန်းယီဂိုဏ်းအပေါ် သူ့ရဲ့ စိတ်ကောင်းစေတနာကို ပြတဲ့အနေနဲ့ ငါ့ကို ရာထူးတိုးပေးခဲ့တာလို့ လူတချို့က ထင်ကြတယ်”

လွန်ခဲ့သည့် လေးလက ချီရွှမ်းစုသည် တစ်ယောက်တည်း လှည့်လည်သွားလာနေခဲ့သည်။ ထို့ကြောင့် သူက တာအိုဂိုဏ်းတော်အတွင်းရှိ နိုင်ငံရေးကိစ္စများနှင့် သူ၏ အဆင့်တက်လမ်းမှုကို များစွာ ဂရုစိုက်ခဲ့ခြင်းမရှိပေ။ ကျန်းယွဲ့လု ရှင်းပြသည်ကို နားထောင်ပြီးနောက် သူ့မှာ နောက်ထပ် သံသယတစ်ခု ရှိလာသည်။

သူက မေးလိုက်၏။

“ထိုက်ဖျင်ဂိုဏ်းက လွှမ်းမိုးမှု ရှိလာတယ်ဆိုပေမယ့် သိပ်ပြီးတော့ အင်အားမကြီးမားလာသေးဘူးမလား... တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် ထိုက်ဖျင်ဂိုဏ်းတပည့်သားတွေက အချိုးအစားအရ သိသိသာသာ ကွာခြားနေတယ်လို့တော့ ငါမထင်ဘူး... အဲဒီဂိုဏ်းသုံးဂိုဏ်းက အကြမ်းဖျင်းအားဖြင့်တော့ အင်အားချင်း တူညီကြတယ်မလား”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“ချစ်ကြည်ရေး လက်ထပ်ပွဲတွေကနေတစ်ဆင့် ချွမ်ကျန်းဂိုဏ်းက အင်ပါယာနန်းတော်နဲ့ ဆက်ဆံရေးကောင်းရှိလာတယ်... ရွှမ်အရှင်မြတ်ရဲ့ ဇနီးက ဧကရာဇ်ကောင်းကျူရဲ့ အကြီးဆုံးသမီးတော်ပဲ... မဟာရွှမ်မင်းဆက်မှာ ဧကရာဇ် ၁၁ပါး ရှိလာခဲ့ပြီ... အဲဒီအထဲမှာ ဧကရီခြောက်ဦးက လီမိသားစုကပဲ... လက်ရှိ ဧကရီသခင်မကလည်း အင်ပါယာဆရာသခင်ရဲ့ မြေးတဝမ်းကွဲဖြစ်တယ်... လီမိသားစုထဲကို လက်ထပ်ထိမ်းမြားပြီး ဝင်ရောက်လာတဲ့ မင်းသမီးငါးဦးလည်း ရှိနေတယ်”

ချီရွှမ်းစုက အံ့အားသင့်သွား၏။

“လီမိသားစုက တော်ဝင်မိသားစုနဲ့ အဲ့လောက်ထိ ရောထွေးနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး... အခု သူတော်စင်ချင်းဝေက ဧကရာဇ်နဲ့ တွေ့ဆုံဖို့ အင်ပါယာနေပြည်တော်ကို သွားတယ်ဆိုတော့….”

သူ ပြောတော့မည့် စကားကို ကျန်းယွဲ့လုက သိရှိသွားပြီဖြစ်ပြီး ကြားဖြတ်ပြောလိုက်သည်။

“အရင်တုန်းက ထိုက်ဖျင်ဂိုဏ်းနဲ့ လီမိသားစုအပေါ် အင်ပါယာနန်းတော်ရဲ့ ထောက်ပံ့မှုကို အတိအလင်း ထုတ်ဖော်ပြောဆိုမထားဘူး... ဒါပေမဲ့ အခုချိန်မှာ လီမိသားစုက ဧကရာဇ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုခံချင်နေပြီ... အဲ့ဒီလိုနဲ့ မဟာသူတော်စင် ဇီကျိက မဟာအကြီးအကဲရွေးချယ်တင်မြှောက်မှုမှာ အတိအလင်း ကြားဝင်စွက်ဖက်လာနိုင်မယ်”

“သူတော်စင်ချင်းဝေက ဒီတစ်ခေါက် အင်ပါယာနေပြည်တော်ကို သွားတာ ဧကရာဇ်နဲ့ မဟာမိတ်ဖွဲ့ဖို့လို့ နင်ထင်လား... တကယ်တော့ လီမိသားစုနဲ့ ချင်မိသားစုက အရင်ကတည်းက မဟာမိတ်ဖြစ်နေခဲ့ပြီးသားပဲ... ဧကရာဇ်နဲ့ ဒီတစ်ခေါက် တွေ့ဆုံတယ်ဆိုတာ တခြားအဖွဲ့အစည်းတွေကို စမ်းသပ်ဖို့အတွက် ဟန်ပြသက်သက်ပဲ... သူတို့သာ အရင်ကတည်းက မဟာမိတ်ဖွဲ့မထားဘူးဆိုရင် ဧကရာဇ်က တာအိုဂိုဏ်းတော်ရဲ့ အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖို့အတွက် ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို စွန့်စားလာမှာ မဟုတ်ဘူး... သူတော်စင်ချင်းဝေကလည်း တစ်ခေါက်တွေ့ဆုံရုံနဲ့ ဧကရာဇ်ကို စည်းရုံးသိမ်းသွင်းနိုင်မှာ မဟုတ်ဘူး”

ချီရွှမ်းစုက ထိုအကြောင်းကို သေသေချာချာ စဉ်းစားပြီး ထင်မြင်ချက်ပေးလိုက်၏။

“ဒါဆို ဧကရာဇ်နဲ့ သူတော်စင်ချင်းဝေ တွေ့ဆုံတာက တာအိုဂိုဏ်းတော်ရဲ့ အနာဂတ်အပေါ် သက်ရောက်လာမယ့် ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုပေါ့... သိပ်မကြာခင် တာအိုဂိုဏ်းတော်ထဲမှာ ပုန်ကန်ထကြွမှုတစ်ခု ရှိလာနိုင်တယ်”

ဧကရာဇ်နှင့် ဆွေမျိုးဖြစ်ထားပြီးသား မဟုတ်လျှင် ထိုက်ဖျင်ဂိုဏ်းက ဧကရာဇ်နှင့် တွေ့ဆုံဖို့အတွက် ဤမျှကြီးမားသော အန္တရာယ်ကို စွန့်စားလိမ့်မည် မဟုတ်ပေ။ ထိုက်ဖျင်ဂိုဏ်းသည် လူတိုင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်ဖို့အတွက် အရင်ဆုံး ဧကရာဇ်နှင့် သွားရောက်တွေ့ဆုံသည့် သတင်းကို လွှင့်ပေးနိုင်သည်။ တခြားသော တာအိုဂိုဏ်းများမှာ တုံ့ပြန်မှု ရှိမလာလျှင် သူတို့က မဟာအကြီးအကဲနေရာကို သိမ်းပိုက်ဖို့ ကြိုးစားလာပေလိမ့်မည်။ သို့သော်လည်း ပြင်းထန်ကြမ်းတမ်းသော တုံ့ပြန်မှုများ ရှိလာမည်ဆိုလျှင် သူတို့က လောလောဆယ်မှာ သူတို့၏ အကြံအစည်ကို ပြန်လည်ရုပ်သိမ်းထားပေလိမ့်မည်။

စကားပြောနေစဉ် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှန်ချင်းမြို့ထဲသို့ ဝင်ရောက်လာကြပြီဖြစ်၏။ ကျန်းယွဲ့လုက သူမ၏ မျက်နှာကို ဖုံးကွယ်ဖို့ ခြုံထည်ခေါင်းစွပ်ကို ဆွဲတင်လိုက်၏။ ချီရွှမ်းစုကလည်း မလိုအပ်သော အတင်းအဖျင်းများကို ရှောင်လွှဲရန် ထိုသို့ လိုက်ပါပြုမူလိုက်သည်။ သိပ်မကြာခင် သူတို့နှစ်ယောက်သည် ဝင်းနှစ်ထပ်နှင့် သာမန်ဂေဟာတစ်ခု၏ ဝင်းတံခါးသို့ ရောက်ရှိလာကြသည်။

အဲဒါက သူမ၏ နေအိမ်ဖြစ်သောကြောင့် ကျန်းယွဲ့လုက တံခါးကို တွန်းဖွင့်ပြီး တန်းတန်းမတ်မတ် လျှောက်လှမ်းသွား၏။

အိမ်က အရင်ကအတိုင်း တူညီစွာ ရှိနေဆဲဖြစ်သည်။ ခြံဝင်းထဲမှာ သန့်ရှင်းရေးလုပ်နေသည့် အစေခံတစ်ဦးသာ ရှိသည်။ အစေခံက တစ်ယောက်ယောက် ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ ခဏမျှ ထိတ်လန့်သွား၏။ ကျန်းယွဲ့လုက သူမ၏ ခေါင်းစွပ်ကို ချွတ်ပြလိုက်မှ အစေခံက ဝမ်းသာအားရဖြင့် ပြုံးရွှင်သွားသည်။

“သခင်မလေး ပြန်လာပြီပေါ့... သခင်မလေးက ဧည့်သည်တစ်ဦးပါ ခေါ်လာတာကိုး… ကျွန်မ အခုပဲ သခင်ကြီးကို သတင်းသွားပို့လိုက်ပါ့မယ်”

ကျန်းယွဲ့လုက အနည်းငယ် စိုးရိမ်ပူပန်နေသော ချီရွှမ်းစုကို ပင်မတံခါးဆီသို့ ဦးဆောင်ကာ ခေါ်သွား၏။

သိပ်မကြာခင် ကျန်းယွဲ့လုနှင့် ရုပ်ချင်းဆင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လှမ်းဝင်ရောက်လာသည်။ သူ့ခန္ဓာကိုယ်က သွယ်လျပြီး ကြော့ရှင်းရည်မွန်ကာ အဆွေးဓာတ်ခံ ရှိပုံရလေသည်။

သူ့ဆံပင်တချို့က ဖြူနေပြီဖြစ်သော်လည်း နှစ်ချို့ဝိုင်ကဲ့သို့ အသက်အရွယ်ရလာလေ ပို၍ ကြည့်ကောင်းလာလေ ဖြစ်သည်။

ကျန်းယွဲ့လုက မတ်တတ်ရပ်ပြီး ထိုလူကို နှုတ်ဆက်လိုက်၏။

“အဖေ…”

ဤအမျိုးသားသည် ကျန်းယွဲ့လု၏ ဖခင် ကျန်းကျွီချီ ဖြစ်သည်။

ချီရွှမ်းစုကလည်း မြန်မြန်ဆန်ဆန် မတ်တတ်ထရပ်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ် ဦးလေးကျန်း”

ထိုလူက ပြုံး၍ ခေါင်းညိတ်ပြီး ရင်းနှီးဖော်ရွေသော ခံစားချက်ကို ထုတ်ပေးလိုက်သည်။

သခင်မထျန်ထိုက်က ဤအမျိုးသားကို လက်ထပ်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့သလဲ နောက်ဆုံးမှာ ချီရွှမ်းစု နားလည်သဘောပေါက်သွားသည်။

“မင်းက ထျန်းယွမ်ပဲ ဖြစ်ရမယ်... ချင်းရှောင်က စာထဲမှာ မင်းအကြောင်း ပြောထားတယ်”

ကျန်းကျွီချီက ရင်းနှီးဖော်ရွေမှု ရှိလေသည်။ သူက လက်ဆန့်ပြီး ပြောလိုက်၏။

“ကဲ... ထိုင်ပါဦး… ချင်းရှောင်ရဲ့ အမေနဲ့ ဝမ်းကွဲအစ်မက မြို့ထဲကို သွားကြတယ်”

ချီရွှမ်းစုက ကျန်းယွဲ့လု ကြိုတင်ပြင်ဆင်ပေးထားသည့် လက်ဆောင်ကို ကိုင်ထားဆဲဖြစ်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် အိမ်ထောင်ရှင်အမျိုးသမီးက လက်ဆောင်များကို လက်ခံယူပေလိမ့်မည်။ သို့သော် သခင်မထျန်တိုက်က ရှိမနေသည့်အတွက် ချီရွှမ်းစုက ဘာလုပ်ရမည် မသိဘဲ ကြောင်တိကြောင်တောင်ဖြင့် မတ်တတ်ရပ်နေမိသည်။

သို့သော်လည်း သူက စိတ်ကူးတစ်ခုကို အလျင်အမြန် ရရှိသွား၏။ သခင်ထျန်တိုက် မရှိသော်လည်း ကျန်းယွဲ့လုက လက်ဆောင်ကို လက်ခံဖို့အတွက် သူမ၏ မိခင်ကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် သူက လက်ဆောင်ကို ကျန်းယွဲ့လုထံ ပြန်ကမ်းပေးပြီး ပြုံး၍ ပြောလိုက်၏။

“ကျုပ်က ဒီကို ပထမဆုံး အလည်ရောက်လာတာဆိုတော့ လေးစားမှု ပြတဲ့အနေနဲ့ လက်ဆောင်ငယ်တချို့ ဝယ်လာခဲ့ပါတယ်”

ကျန်းယွဲ့လုက သူမ ပြင်ဆင်ပေးထားသည့် လက်ဆောင်ကို ပြန်ယူပြီး ထူးဆန်းသလို ခံစားနေရသည်။ သူမက ဘာပြောရမည် မသိပေ။

ကျန်းကျွီချီက လက်ဆောင်ကို မငြင်းဆန်ဘဲ ပြောလိုက်သည်။

“ထျန်းယွမ်… လက်ဆောင်အတွက် ကျေးဇူးပဲ… အဲဒါက အတော်လေး စျေးကြီးမယ်”

ချီရွှမ်းစုက ကျန်းကျွီချီကို ကြည့်ပြီး သူက ဘယ်ကျင့်ကြံမှုအဆင့်မှာ ရှိမလဲ စဉ်းစားနေမိသည်။ နောက်ကျလျှင် သူမ၏ ဖခင်က ကောင်းကင်သက်ရှိတစ်ဦး ဖြစ်သလား ကျန်းယွဲ့လုကို မေးဖို့ စိတ်ထဲမှာ မှတ်ထားလိုက်သည်။

အကြောင်းရင်းတချို့ကြောင့် ကျန်းကျွီချီက အဆင့် ၃ တာအိုဆရာတစ်ဦးဖြစ်သော ကျန်းကျွီဖျင်နှင့် မတူဘဲ အဆင့် ၄ တာအိုဆရာတစ်ဦးသာ ဖြစ်နေသေးသည်။

ကျန်းကျွီချီက နိုင်ငံရေးလှုပ်ရှားမှုများမှာ ပါဝင်မပတ်သက်မည့်လူမျိုး ဖြစ်ပုံရပြီး ဟိတ်ဟန်မရှိပေ။ သူ၏ သွင်ပြင်ဟန်ပန်မှာ ချီရွှမ်းစုက သူ့အရင်ဆရာကို ပြန်လည်အမှတ်ရသွား၏။

သူတို့က မည်သည့်ဂုဏ်ဒြပ်မှာ ရှိနေကြသည်ဖြစ်စေ ယောက်ျားသားများ စုဝေးမိသည့်အခါ သူတို့က တိုင်းရေးပြည်ရေး အခြေအနေများကို ဆွေးနွေးခြင်းနှင့် သူတို့၏ ထင်မြင်ချက်များ ထုတ်ဖော်ပြောဆိုခြင်းကို မလုပ်ဘဲ မနေနိုင်ကြပေ။ သူတို့က ဩဇာအာဏာ ရရှိလာလျှင် ကိစ္စများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်နှင့် အခြားသူများ၏ စီမံခန့်ခွဲပုံကို ဝေဖန်ပြောဆိုကြမည်ဖြစ်သည်။ အဲဒါသည် ယောက်ျားသားများအကြား တွေ့မြင်ရလေ့ရှိသော အလေ့အထဖြစ်ပြီး အင်ပါယာနန်းတော်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များစွာမှာ ‘တိုင်းရေးပြည်ရေးအကြောင်း မဆွေးနွေးရ’ဟုသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားတတ်သည်။ ထိုသို့ဖြင့် လူတချို့ ပေါက်ကရ ပြောဆိုပြီး ပြဿနာ မီးမွှေးရှာမည်ကို တားဆီးနိုင်မည်ဖြစ်သည်။

ချီရွှမ်းစုသည် အရင်တုန်းက နိုင်ငံရေးအကြောင်း စိတ်ဝင်စားခြင်း မရှိသော်လည်း ထျန်ကန်းခန်းမသို့ ဝင်ရောက်၍ ကျန်းယွဲ့လု၏ လွှမ်းမိုးခြင်း ခံရပြီးနောက် သူက အနည်းငယ် စိတ်ဝင်စားမှု ရှိလာသည်။ ထိုသို့ဖြင့် ဤကဲ့သို့သော အမူအကျင့်က သူ့မှာလည်း ရှိလာသည်။

ယောက်ျားနှစ်ဦးကြား စကားပြောဆိုမှုသည် ချီရွှမ်းစုနှင့် ကျန်းယွဲ့လု တွေ့ဆုံပုံကနေ ထျန်ကန်းခန်းမ၏ လည်ပတ်မှုနှင့် တိုးတက်မှုများအထိ တဖြည်းဖြည်း ရောက်ရှိသွားသည်။

ကျန်းကျွီချီက ဝေဖန်လိုက်၏။

“ဝူကျိုး၊ ကျန်းကျိုး၊ လုကျိုးတို့က ကျန်းနန်ဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်... အဲဒီပြည်နယ်သုံးခုက လူတစ်ယောက်တည်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာ ကောင်းတဲ့အရာ မဟုတ်လောက်ဘူး”

ချီရွှမ်းစုက ခဏမျှ မှင်တက်သွား၏။ သူက ကျန်းကျွီချီကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ဦးလေးကျန်း... ခင်ဗျား ဘာလို့ ဒီလိုပြောတာလဲ”

ကျန်းကျွီချီက အကျယ်တဝင့် ရှင်းပြလိုက်၏။

“ကျန်းကျိုးနဲ့ ဝူကျိုးမှာ မတူညီတဲ့ ယဉ်ကျေးမှုပုံစံတွေ ရှိတယ်... ဒါပေမဲ့ ငါတို့ကို ဘုရင်ခံတစ်ဦးတည်းက အုပ်ချုပ်တဲ့အတွက် ငါတို့က တစ်အုပ်စုထဲဖြစ်သွားတယ်... အဲဒါက ဂိုဏ်းကြီးသုံးဂိုဏ်းရှိတဲ့ တာအိုဂိုဏ်းတော်နဲ့ ဆင်တူတယ်လို့ မင်း မထင်ဘူးလား…. လီမိသားစု၊ ရှန်မိသားစုနဲ့ လုမိသားစုတို့က အစတုန်းက သီးခြားရပ်တည်နေတဲ့ ဂိုဏ်းသုံးဂိုဏ်းပဲ... ဒါပေမဲ့ အခု သူတို့တွေက ထိုက်ဖျင်ဂိုဏ်းထဲမှာ ပါဝင်သွားပြီး တခြားသူတွေကို အပြင်လူတွေအဖြစ် ရှုမြင်လာကြတယ်”

ချီရွှမ်းစုက ခဏမျှ ဘာပြောရမည်မသိဘဲ ကျန်းယွဲ့လုကိုသာ လှည့်ကြည့်လိုက်၏။

ကျန်းယွဲ့လုက သဘောတူလက်ခံခြင်း မရှိပေ။

“အဲ့ဒါက ရွှမ်အရှင်မြတ်ရဲ့ အမှားမဟုတ်ဘူး... သူက နောက်ဆုံးမှာ ဂိုဏ်းတွေအားလုံးကို ပေါင်းစည်းဖို့ ရည်ရွယ်ပြီး ယာယီအကူးအပြောင်းတစ်ခုအဖြစ် ဂိုဏ်းသုံးဂိုဏ်းကို တည်ထောင်ခဲ့တာပဲ… ဒါပေမဲ့ ဗုဒ္ဓဝါဒ ပေါ်ထွန်းလာတာက ရွှမ်အရှင်မြတ်ရဲ့ အစီအစဉ်ကို ဟန့်တားနှောင့်ယှက်ခဲ့တယ်... နောက်ပိုင်း ဆက်ခံတဲ့ မဟာအကြီးအကဲတွေကလည်း ရွှမ်အရှင်မြတ်ရဲ့ အဆင့်ကို ရောက်မလာခဲ့ဘူး... အဲ့ဒါကြောင့် သူတို့က အဲ့ဒီဂိုဏ်းသုံးဂိုဏ်းကို မပေါင်းစည်းနိုင်ကြသေးဘူး... အဲ့ဒါကြောင့် ဒီနေ့အထိ ဂိုဏ်းကြီးသုံးဂိုဏ်းက ရှိနေသေးတာပဲ”

သို့သော်လည်း ကျန်းကျွီချီက တာအိုဂိုဏ်းတော်မှာ ရာစုနှစ်နှင့်ချီ အမြစ်တွယ်လာသည့် ဤပြဿနာကို ပြောဆိုချင်ပုံမရဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒါပေမဲ့ အားလုံးကို ခြုံကြည့်မယ်ဆိုရင် တာအိုဂိုဏ်းတော်ကို ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ဂိုဏ်းက အုပ်ချုပ်နေတယ်လို့ လူတွေက မြင်ကြရဲ့လား။”

All Chapters