အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း ၁၅၁ - လီချင်းနု
ကောင်းကင်ကမှောင်လာစဉ် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက စိတ်မရှည်နိုင်ဖြစ်လာကြသည်။ ကြယ်များထွက်လာသည့်အချိန်မှာ လီချင်းနုက ပေါ်ထွက်လာ၏။
ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရလျှင်ပင် သူတို့က သေချာပေါက် စိတ်ပျက်လက်ပျက်ရှိမနေကြပေ။ လောကတစ်ဝှမ်းကျော်ကြားလှသော သခင်မလေးလီက ရုပ်ရည်သွင်ပြင်အရ အပြစ်ဆိုရက်စရာ လုံးဝမရှိပေ။ ပန်းချီကားထဲကနေ လျှောက်လှမ်းထွက်လာသည့် မိန်းမလှလေးတစ်ဦးလို၊ လှပမှုနှင့် ဂုဏ်ကျက်သရေအပေါင်း၏ စံနမူနာလို သူမက ဘယ်လောက်ပြီးပြည့်စုံမလဲ ဖော်ပြရန်ခက်သည်။
သူမ၏ အပြုံးက နိုင်ငံတစ်ခုလုံးကိုပင် သိမ်းယူနိုင်သည်။
ချီရွှမ်းစုက ခဏမျှမှင်တက်သွား၏။ မဏ္ဍပ်ထဲရှိအရာရာတိုင်းက လျင်မြန်စွာပျောက်ကွယ်ပြီး သူ့ရှေ့မှာ အာရုံစိုက်စရာဟူ၍ ချောမောလှပသော ထိုအမျိုးသမီးသာ ကျန်ရှိတော့သည်။
ကျန်းယွဲ့လုက ချီရွှမ်းစုခေါင်းကို ခေါက်ယပ်တောင်ဖြင့် ခပ်ဆတ်ဆတ်ပုတ်လိုက်ချိန်မှာ ချီရွှမ်းစုက ပြန်လည်သတိဝင်လာ၏။
ကျန်းယွဲ့လုက ဒေါသထွက်ခြင်းမရှိဘဲ သူ့ကို သတိပေးလိုက်၏။
“သတိထားဦး”
ချီရွှမ်းစု၏ မျက်နှာက တည်ကြည်လေးနက်သွား၏။
“တစ်ခုခု ထူးခြားတာ ရှိနေတယ်”
“ဒါပေါ့…”
ကျန်းယွဲ့လု၏ မျက်လုံးထဲမှာ ခရမ်းရောင်စွမ်းအင်က စီးဆင်းနေ၏။
“သခင်မလေးလီမှာ တကယ်ကို မြင့်မားတဲ့ကျင့်ကြံမှုအဆင့်ရှိနေတယ်… သူက ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်ပုံရတယ်”
ချီရွှမ်းစုက သူ၏ ဘေးပတ်ဝန်းကျင်ကို နောက်တစ်ဖန် စစ်ဆေးအကဲခတ်ကြည့်လိုက်၏။
မဏ္ဍပ်ထဲရှိလူတိုင်းက မိန်းမောနေကြဆဲဖြစ်သည်။ ဤသခင်လေးများသည် ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်တွင် ရှိမနေကြသည်မှာ သိသာထင်ရှားသည်။ မွေးရာပါ ပါရမီအရည်အချင်းနှင့် ငွေကြေးအင်အားအပြင် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ကိုယ်တိုင်ပင်ပင်ပန်းပန်းကြိုးစားအားထုတ်မှုအပေါ် အဓိကမူတည်နေသောကြောင့် အဓိပ္ပါယ်ရှိလေသည်။
ဤသခင်လေးများက ငွေရေးကြေးရေး လစ်လပ်မနေသော်လည်း သူတို့က မွေးရာပါ ပါရမီအရည်အချင်းမရှိကြ သို့မဟုတ် ပင်ပင်ပန်းပန်းကြိုးစားကြခြင်း မရှိပေ။ ချီရွှမ်းစုက ခရီးသွားလာနေစဉ် များစွာမလေ့ကျင့်ခဲ့ရသော်လည်း ကျောက်စိမ်းနေပြည်တော်မှာ သူရှိနေစဉ်က ပုံမှန်အားဖြင့် တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိသည်။ ကျောက်စိမ်းနေပြည်တော်မှာ အထိုင်မချခင်က ချီရွှမ်းစုသည် အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်တောင် သူ၏ အထုံပါရမီလိုအပ်ချက်ကြောင့် သူက ခွန်လွင်အဆင့်မှာသာရှိနေခဲ့သည်။
ဤသခင်လေးတချို့မှာ ကျင့်ကြံမှုရှိကြသော်လည်း သူတို့က အလွန်ဆုံး ခွန်လွင်အဆင့်မှာသာရှိကြသည်။ တချို့က ရှန်းထျန်သက်ရှိပင် မဖြစ်ကြသေးပေ။
တစ်ချိန်တည်းမှာ လီချင်းနုက ကျန်းယွဲ့လုကို သတိထားမိသွားပြီး ကျန်းယွဲ့လု၏ အင်မော်တယ်နတ်မျက်စိနှင့်ဆုံမိပြီးနောက် အလျင်အမြန် အကြည့်လွှဲလိုက်သည်။
ဤအချိန်မှာ အစိမ်းရောင်ခေါင်းပေါင်း ပေါင်းထားသော အစေခံလေးဦးက ခပ်နိမ့်နိမ့် စားပွဲတစ်လုံးကို သယ်ထုတ်လာကြသည်။ စားပွဲပေါ်မှာ ဒုံမင်းတစ်လက်နှင့် ခရမ်းရောင်မီးခိုးများ ရစ်သိုင်းလွင့်ပျံနေသည့် လက်ရာမြောက်သော အမွှေးနံ့သာအိုးတစ်လုံးရှိနေသည်။ လီချင်းနုက ဒူးထောက်ထိုင်ပြီး မီးခိုးငွေ့များဖြင့် သူမ၏ မျက်နှာက ဝေဝါးကာ သူမကို အင်မော်တယ်တည်ရှိမှုတစ်ခုလို ဖြစ်သွားစေသည်။ သူမက ဒုံမင်းကြိုးကို စည်းချက်ညီညီတီးခတ်လိုက်၏။ စစချင်းမှာ ၎င်းသည် ကျောက်စိမ်းပန်းကန်ထဲသို့ ပုတီးစေ့များကျဆင်းလာသည့်အသံနှင့်တူပြီး ထို့နောက် တေးသွားက တဖြည်းဖြည်းအရှိန်ရကာ သည်းထန်သောမုန်တိုင်းထဲမှာ လျင်မြန်သောမိုးရေစက်များ ကျဆင်းနေသည့်အသံမျိုးဖြစ်လာသည်။ ခဏနေပြီးနောက် စည်းချက်က အရှိန်လျော့ပြီး ညင်သာသောတေးသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကျန်းယွဲ့လုကလွဲလျှင် သူတို့၏ မိန်းမောရာကနေ ယခုတင်နိုးထလာသည့် မဏ္ဍပ်ထဲကလူတိုင်းက နောက်တစ်ဖန်ပြန်၍ ငေးငိုင်သွားကြသည်။
ချီရွှမ်းစုက အိပ်မွေ့ချတေးသွားကို ခုခံဖို့ကြိုးစားရင်း အသည်းအသန်ရုန်းကန်နေရသည်။
ကျန်းယွဲ့လုက တေးဂီတကို နားမလည်သည့်အတွက် သခင်မလေးလီ၏ အတတ်ပညာကို ဘယ်လိုအကဲခတ်ရမလဲ မသိပေ။ သို့သော် သူမ၏ ဂီတမှာ ထူးဆန်းတာတစ်ခုခု ဖြစ်ပွားနေသည်ကိုတော့ သူမပြောနိုင်သည်။
သခင်မလေးလီက အနည်းဆုံး ကွေ့ကျန်းအဆင့်မှာ ရှိပုံရသည်။ ကွေ့ကျန်းအဆင့်မှာရှိသော ပညာရှိများသည် တာအိုအဖွဲ့အစည်းအတွင်းမှာ ပါချည်ပါချဲ့များမဟုတ်ကြ၍ ဤရှာဖွေတွေ့ရှိမှုက စိတ်ဝင်စားစရာကောင်းနေသည်။ ကွေ့ကျန်းအဆင့် တာအိုဆရာတစ်ဦးက ရုံးတစ်ရုံးမှာ နှစ်အနည်းအကြာကြိုစားသည်နှင့် သူက အနည်းဆုံး အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးအဖြစ် တိုးမြှင့်ပေးခံရပေလိမ့်မည်။
ဤအချက်က သခင်မလေးလီသည် ပန်းအလှမယ်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းခြင်းမှာ ဖုံးကွယ်ထားသော အကြံအစည်တချို့ ရှိနေရမည်ဟု ညွှန်ပြနေသည်။ သူမက လီမိသားစု၏ ငွေတွင်းတစ်တွင်းဖြစ်ရုံမျှသာ မဟုတ်လောက်ပေ။
ဤအချိန်မှာ လီချင်းနု၏ အကြည့်က ကျန်းယွဲ့လုထံ နောက်တစ်ဖန်ရောက်ရှိလာ၏။ လီချင်းနုက ကျန်းယွဲ့လု၏ ရုပ်ဖျက်ထားမှုကို ထွင်းဖောက်မြင်ရသောကြောင့်မဟုတ်ဘဲ မိန်းမောနေသော လူတွေကြားထဲမှာ ကျန်းယွဲ့လုက တစ်ဦးတည်းသော နိုးကြားနေသူ ဖြစ်နေသောကြောင့်ပင်။ သူမသည် ဂီတ၏ သက်ရောက်ခြင်းမခံရသည့်အတွက် တစ်ဦးတည်း ကွဲထွက်နေသည်။
ကျန်းယွဲ့လုကလည်း လီချင်းနုကို ပြန်စိုက်ကြည့်နေ၏။ ကျန်းယွဲ့လု၏ မျက်လုံးထဲရှိ ခရမ်းရောင်စွမ်းအင်က ပို၍သိပ်သည်းလာပြီး သူမ၏ မျက်လုံးထဲကနေ လျှံထွက်ကျလုမတတ်ပင်။
ကျန်းယွဲ့လု၏ အကြည့်မှာ လီချင်းနုက ကြောက်လန့်သွားပြီး စည်းချက်ချော်ကာ အိပ်မွေ့ချတေးသွားက ပျက်ပြယ်သွားလေသည်။ ထို့သို့ဖြင့် မဏ္ဍပ်ထဲရှိ ပရိတ်သတ်များက အိပ်မက်တစ်ခုကနေ နိုးထလာသည့်အလား ချက်ချင်းပင် အသိစိတ်ပြန်ကပ်လာကြသည်။
ဤသည်ကိုကြည့်ပြီး သခင်မလေးလီက ဒုံမင်းတီးခတ်နေခြင်းကို ရပ်တန့်ပြီး ချိုသာစွာပြုံး၍ ပရိတ်သတ်ကို နောက်တစ်ဖန်ငေးမောသွားစေသည်။
ချီရွှမ်းစုက ညှို့ငင်ဖမ်းစားမှုကနေ လွတ်မြောက်လာသည်နှင့် စိတ်သက်သာစွာ သက်ပြင်းရှည်တစ်ချက်ချပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ဒါက… ကဗျာလင်္ကာရွတ်ဆိုပွဲပဲ မဟုတ်လား… ဘာလို့ ဒုံမင်းဖျော်ဖြေတင်ဆက်တာက ပါလာတာလဲ”
ကျန်းယွဲ့လုက မှတ်ချက်ပေးလိုက်သည်။
“ဒါက ပြဇာတ်တစ်ခုကို မိတ်ဆက်ပေးသလို အဖွင့်ပုံစံနဲ့တူတယ်”
သူတို့စကားပြောဆိုနေစဉ် ကဗျာလင်္ကာရွတ်ဆိုပွဲက စတင်လာသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် ကဗျာလင်္ကာရွတ်ဆိုပွဲတစ်ပွဲမှာ လူဆယ်ယောက်ကျော်သာပါရှိတတ်ပြီး သူတို့က အလှည့်ကျတစ်ပိုဒ်စီ ရွတ်ဆိုကြရသည်။ သို့သော် ယခုပွဲမှာ လူတစ်ရာကျော်ရှိနေပြီး ထိုသို့လုပ်ဖို့ လက်တွေ့အရ မဖြစ်နိုင်လောက်ပေ။
လီချင်းနုက နာမည်ကြီးဖြစ်သောကြောင့် တက်ရောက်လာသူ လူအများစုက သူမ၏ အလှအပနှင့် ဂုဏ်ကျက်သရေကို တွေ့မြင်ချင်ရုံသာဖြစ်သည်။ အပန်းဖြေဂေဟာကလည်း ဤအချက်ကို သိရှိထားပြီး ဤကဲ့သို့ ကြီးမားသောပွဲတစ်ပွဲကို စီစဉ်ပေးထားသည်။ ရှေ့ဆုံးတန်းနှစ်တန်းမှ ထိုင်နေသောသူများကသာ ကဗျာလင်္ကာရွတ်ဆိုကြမည်ဖြစ်သည်။
နောက်ဘက်တန်းမှာရှိသောလူများက ပွဲကြည့်ပရိတ်သတ်များသာဖြစ်လေသည်။ ထို့ကြောင့် လီချင်းနုက အဖွင့်အဖြစ် တေးသွားတစ်ပုဒ်ကို တင်ဆက်ပေးခြင်းဖြစ်သည်။ ထိုသို့ဖြင့် နောက်ဘက်မှာရှိသောလူများက သူတို့ သုံးစွဲလိုက်သောငွေကြေး အလဟဿဖြစ်သည်ဟု ခံစားရတော့မည်မဟုတ်ပေ။
သို့သော်လည်း ချီရွမ်းစုက အိပ်မွေ့ချတေးသွားကို အသည်းအသန်ခုခံခဲ့ရသည့်အတွက် သူ သုံးစွဲလိုက်သောငွေကြေးက အလဟဿဖြစ်သွားပြီဟု ခံစားနေရပြီဖြစ်သည်။ ထိုစဉ် ထူးဆန်းသောဤဖြစ်ရပ်ကြောင့် သူမ၏ ဆောင်ကြာမြိုင်အတွေ့အကြုံပျက်စီးသွားရသည့်အတွက် ကျန်းယွဲ့လုက အနည်းငယ်မချင့်မရဲဖြစ်နေသည်။
ကဗျာလင်္ကာရွတ်ဆိုပွဲအတွင်း စာပေပညာရှင်များက ဒေါင်းဖိုများလို သူတို့၏ ပါရမီကို ပြသနေပြီး လီချင်းနုက အကဲဖြတ်ဒိုင်လူကြီးတစ်ဦးအဖြစ် ပြုမူနေသည်။
ချီရွှမ်းစုက ကဗျာလင်္ကာကို စိတ်ဝင်စားခြင်းမရှိဘဲ ခဏနေပြီးနောက် အိပ်ငိုက်လာ၏။ သူက ရံဖန်ရံခါမှာ စိတ်အာရုံများ၏ ဗဟိုဖြစ်သော လီချင်းနုကို အကဲခတ်ကြည့်တတ်သည်။ လီချင်းနုက ဤကဗျာလင်္ကာရွတ်ဆိုပွဲမှာ သိပ်ပြီး စိတ်အားထက်သန်မှုမရှိဘဲ အနည်းငယ်စိတ်မရှည်သည့်ပုံ ပေါ်နေသည်ဟု ချီရွှမ်းစု ခံစားမိသည်။ သူမ၏ အပြုံးက ဝတ်ကျေတန်းကျေမျှသာ ဖြစ်သည့်ပုံပေါ်နေသည်။ အကြောင်းမှာ လီချင်းနု၏ စိတ်အာရုံက ကျန်းယွဲ့လုပေါ် ရောက်ရှိနေသောကြောင့်ဖြစ်သည်။
ကဗျာလင်္ကာရွတ်ဆိုမှု ပြုံးဆုံးသွားသည့်အချိန်မှာ လီချင်းနုက ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ကျန်းယွဲ့လုကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။
“လူကြီးမင်း… ရှင်က ဘယ်မိသားစုကနေ လာတာပါလိမ့်”
ချက်ချင်းပင် လူတိုင်း၏ မနာလိုအားကျနေသောအကြည့်များက ယောက်ျားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော ကျန်းယွဲ့လုပေါ် ရောက်ရှိလာကြသည်။ ကျန်းယွဲ့လုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူမ၏ ခေါက်ယပ်တောင်ကို ဝေ့ယမ်းလိုက်၏။
“ကျုပ်က ထန်ထိုက်မိသားစုကပါ”
လီချင်းနုက ပြုံး၍ ညင်သာစွာပြောလိုက်သည်။
“သခင်လေးထန်ထိုက်… ရှင်နဲ့ သီးသန့်တွေ့ဆုံဖို့ ကျွန်မကို အထူးအခွင့်အရေးပေးနိုင်မလား”
ထိုဖိတ်ခေါ်ချက်ကို ကြားရသည်နှင့် လူအုပ်ကြီးက ရုပ်ရုပ်သဲသဲဖြစ်သွားကြသည်။
လက်ရှိလူများက ကဗျာလင်္ကာနှင့် တေးဂီတပေါ် သူတို့၏ အထုံစွဲလမ်းမှုနှင့်အတူ ကြော့ရှင်းတင့်တယ်၍ အထက်တန်းကျသည့်ပုံ ဖမ်းယူထားသော်လည်း သူတို့က လီချင်းနုကြောင့်သာ ဤကဗျာလင်္ကာရွတ်ဆိုပွဲသို့ တက်ရောက်လာကြခြင်းဖြစ်သည်။ စည်းမျဉ်းစည်းကမ်းအရ လီချင်းနုသည် လူအုပ်ကြီးထဲမှတစ်ယောက်ကို သီးသန့်တွေ့ဆုံဖို့အတွက် ရွေးချယ်နိုင်သည်။ ရွေးချယ်ခံရသောသူက သူမနှင့် တစ်ညလုံးအတူရှိနေနိုင်မည်ဟု အဓိပ္ပါယ်ရလေသည်။
သို့သော် ညဘက် အတူရှိနေခြင်းက သူမနှင့် သေချာပေါက် ကိုယ်လက်နှီးနှောရမည်ဟု မဆိုလိုပေ။ သူတို့က ဒီတိုင်းထိုင်ပြီး တစ်ညလုံး စကားပြောနိုင်ကြရုံသာဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် ပြိုင်ဘက်ကင်းပန်းအလှမယ်နှင့် တစ်ညလုံး အချိန်ဖြုန်းခဲ့ရသည်က ဂုဏ်ယူဝင့်ကြွားစရာကောင်းသောအရာဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်ညလုံးအတူရှိနေဖို့ ဖိတ်ခေါ်ခံရခြင်းသည် လီချင်းနုနှင့် ရင်းနှီးကျွမ်းဝင်မှုရဖို့အတွက် လက်ရှိလူတိုင်း၏ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်သည်။
သခင်မလေးလီက ကျန်းယွဲ့လုကိုသာ ဖိတ်ခေါ်သောကြောင့် အခြားလူတိုင်းက ကံမကောင်းကြရှာတော့ပေ။
သို့သော် ကျန်းယွဲ့လုက ပွင့်လင်းစွာဖြင့် မေးမြန်းလိုက်၏။
“ကျုပ်… မိတ်ဆွေတစ်ဦး ခေါ်လာလို့ရလား”
လက်ရှိအခြေအနေအရ ဤမေးခွန်းက အတော်လေးဒွိဟဖြစ်စရာပင်။ အပြင်လူများ၏ အမြင်အရ ကျန်းယွဲ့လုသည် သုံးပွင့်ဆိုင်ချစ်ရည်လူးဖို့ တောင်းဆိုနေခြင်းဖြစ်သည်ဟု အထင်ရောက်စရာဖြစ်သည်။ သာမန်ပန်းအလှမယ်များက အသပြာပိုပေးမည်ဆိုလျှင် ဤကဲ့သို့သောတောင်းဆိုမှုကို လက်ခံပေလိမ့်မည်။ သို့သော် ပန်းနီအလှမယ်အများစုကတော့ ဖောက်သည်က အလွန်တရာ နောက်ခံအင်အားမကြီးမားသရွေ့ ဤကဲ့သို့သောတောင်းဆိုချက်ကို လက်ခံလိမ့်မည်မဟုတ်ပေ။ အင်ပါယာနေပြည်တော်၏ ပြိုင်ဘက်ကင်းပန်းအလှမယ်က အဲဒါကို လက်ခံဖို့ ပို၍ပင်မဖြစ်နိုင်ပေ။
ဤကဲ့သို့ အရှက်မရှိသောတောင်းဆိုမှုမှာ လူငယ်တစ်ဦးက ကန့်ကွက်ပြောဆိုလာ၏။
“သခင်မလေးလီက ခင်ဗျားကို သဘောကျတာကို ဂုဏ်ယူသင့်နေပြီ… ခင်ဗျားက မိတ်ဆွေတစ်ဦးကို အတူခေါ်ဖို့ ဘယ်လိုတောင် တောင်းဆိုရဲတာလဲ… ခင်ဗျားသူ့ကို ဘယ်လိုသဘောထားနေတာလဲ”
ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်သည်။
“ကျုပ်က သခင်မလေးလီကို တောင်းဆိုနေတာ.. အဲဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ… ခင်ဗျားက သူ့ရဲ့ဘယ်သူမို့လဲ.. သူ့ရဲ့ဂေါင်းလား”
အမျိုးသားက ဆွံ့အပြီး သူ့မျက်နှာက ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းသွား၏။
နောက်တစ်ယောက်က နှာတစ်ချက်မှုတ်လိုက်သည်။
“ဘယ်လောက်တောင် အရှက်မဲ့ ရိုင်းစိုင်းလိုက်လဲ”
ကျန်းယွဲ့လုက မပြောရသေးခင် လီချင်းနုက ညင်သာစွာပြုံး၍ သဘောတူလက်ခံလိုက်သည်။
“ရပါတယ်”
လီချင်းနု၏ အဖြေစကားက ရုတ်တရက်ကျဆင်းလာသော မိုးကြိုးလို မဏ္ဍပ်တစ်ခုလုံးကို အုန်းအုန်းကျက်ကျက်ဖြစ်သွားစေသည်။ ကျန်းယွဲ့လုက ကျေနပ်နှစ်ခြိုက်စွာဖြင့်ပြုံး၍ ချီရွှမ်းစုကို တံတောင်ဖြင့်တွက်လိုက်၏။ ထိုစဉ်မှာ လီချင်းနုက ခေါင်းငုံ့ပြီး ကျန်းယွဲ့လုနှင့်ချီရွှမ်းစုကို သူမကိုယ်တိုင် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း အစေခံမိန်းကလေးကို အချက်ပြလိုက်သည်။
သူတို့သုံးယောက်က မဏ္ဍပ်ထဲကနေ ထွက်ခွာပြီး စင်္ကြံလမ်းတစ်လျှောက် အပူပေးထားသော အခန်းတစ်ခုဆီသို့ ဦးတည်လိုက်ကြသည်။ လီချင်းနုက တံခါးကိုတွန်းဖွင့်ပြီး အထဲကိုလှမ်းဝင်လိုက်၏။ ကြမ်းပြင်ပေါ်မှာ အနောက်ဘက်ဒေသကလာသော ကော်ဇောတစ်ချပ်ကို ခင်းထားသည်။ ဝိုင်ကို အပူပေးဖို့နှင့် လက်ဖက်ရည်ဖျော်ဖို့အတွက် ပြင်ဆင်ထားသော စားပွဲငယ်၏ ဘေးမှာ ထိုင်ခုံများကို ချထားလေသည်။ စားပွဲပေါ်မှာ လက်ဖက်ရည်နှင့်ပတ်သက်သည့် ပစ္စည်းမျိုးစုံရှိနေပြီး ခပ်သေးသေး ကြေးအမွှေးနံ့သာအိုးတစ်လုံးလည်း ရှိနေသည်။
လီချင်းနုက သူမ၏ ဧည့်သည်များကို ထိုင်ခိုင်းပြီး သူမကိုယ်တိုင်က လက်ဖက်ရည်ဖျော်ဖို့အတွက် စားပွဲငယ်၏ နောက်ဘက်မှာ ဒူးထောက်လိုက်သည်။
ဤအချိန်မှာ ချီရွှမ်းစုက လီချင်းနုကို အနီးကပ်ကြည့်ဖို့ အခွင့်အရေးရသည်။ သူမ၏ နက်မှောင်နေသောမျက်တောင်က မိုးမခသစ်ရွက်များကဲ့သို့ဖြစ်ပြီး သူမ၏ မျက်လုံးများက ကြယ်များလို တဖျတ်ဖျတ်လက်နေသည်။ သူမ၏ နှုတ်ခမ်းက ခပ်ပါးပါးနှင့် အနီရောင်သန်းနေ၏။ ကျန်းယွဲ့လုက လီချင်းနုလောက်မလှပသော်လည်း ကျန်းယွဲ့လုက ပို၍ချစ်စရာကောင်းသည်ဟု ချီရွှမ်းစုက ခံစားမိသည်။
ကျန်းယွဲ့လုက မွှေးရနံ့ကိုရှူကြည့်ပြီး ပြောလိုက်သည်။
“ဒါက လီမိသားစုရဲ့ သီးသန့်မူပိုင် ချော့မြှူအမွှေးနံ့သာပဲ… သခင်မလေးလီ… မင်းက ဘယ်မျိုးဆက်ကပါလိမ့်”
“ကျွန်မရဲ့မျိုးရိုးနာမည်က လီဆိုပေမဲ့ ကျွန်မက လီမိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲမှာ မပါပါဘူး… ကျွန်မသာ လီမိသားစုဝင်ဆိုရင် ဒီလိုမျိုးနိမ့်ကျတဲ့နယ်ပယ်မှာ ဘယ်ရှိနေပါ့မလဲ”
လီချင်းနုက ပြန်ဖြေလိုက်သည်။
ကျန်းယွဲ့လုက မေးလိုက်၏။
“ဒါကို နိမ့်ကျတဲ့နယ်ပယ်လို့ မင်းဘာလို့ပြောနိုင်တာလဲ”
လီချင်းနုက ညင်သာစွာပြုံးလိုက်၏။
“ကျွန်မက ကျွန်မရဲ့အပြုံးနဲ့ ခန္ဓာကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းရတယ်… အဲဒါက နိမ့်ကျတယ်လို့ ရှင်မထင်ဘူးလား”
ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။
“ဒါကတော့ မင်းကိုယ်မင်း ဘယ်သူနဲ့ နှိုင်းယှဉ်နေလဲ ဆိုတာပေါ်မူတည်တယ်… လူတွေက ဆင်းရဲသားတွေကို လှောင်ရယ်ကြပေမယ့် ပြည့်တန်ဆာတွေကိုတော့ မလှောင်ကြဘူးဆိုတဲ့ ဆိုစကားရှိတယ်… အပန်းဖြေဂေဟာက ကဗျာလင်္ကာရွတ်ဆိုပွဲတစ်ခုတည်းနဲ့ ထိုက်ဖျင်ဒင်္ဂါးတစ်သောင်းကို ရယူနိုင်တယ်… အဲဒါကို နိမ့်ကျတယ် မဆိုနိုင်ဘူးလို့ ငါထင်တယ်”
အမျိုးသမီးနှစ်ဦးက တစ်ချိန်တည်းမှာ ချီရွှမ်းစုကို လှည့်ကြည့်လိုက်ကြ၏။
သူတို့၏ အကြည့်အောက်မှာ ချီရွှမ်းစုက အနည်းငယ်သက်တောင့်သက်သာမရှိဖြစ်လာပြီး ချောင်းခြောက်ဆိုးလိုက်၏။
“အဲ… ငါပြောတာက…”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ မှတ်ချက်စကားများနှင့် အသားကျနေပြီးသားဖြစ်ပြီး သူ့ကိုလျစ်လျူရှုထားသည်။
သို့သော်လည်း လီချင်းနုက ချီရွှမ်းစုပေါ် မကောင်းသောထင်မြင်ချက်တစ်ခုရရှိသွား၏။ သူမက တည်တံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ရှင်က ငွေရေးကြေးရေးကိုပဲ ဂရုစိုက်တာလား”
ချီရွှမ်းစုက တုံ့ပြန်လိုက်သည်။
“မင်းက ငွေမရှိတဲ့ဘဝက ဘာနဲ့တူလဲဆိုတာကို မတွေ့ကြုံဖူးဘူးနဲ့တူတယ်… မင်းသာ ဆင်းရဲဖူးမယ်ဆိုရင် မင်း ငါ့လိုပဲမြင်လိမ့်မယ်လို့ အာမခံတယ်.. တကယ်တော့ မင်းမှာ ဒီလိုမျိုး မြင့်မားတဲ့ကျင့်ကြံမှုအဆင့်လည်း မရှိဘူးဆိုရင်ပေါ့”
လီချင်းနုက ဒေါသထွက်သွားခြင်းမရှိဘဲ ပြောလိုက်သည်။
“တကယ်တော့… ဆင်းရဲတာက ဘယ်လိုလဲဆိုတာ ကျွန်မတွေ့ကြုံဖူးတယ်… အရင်တုန်းက ကျွန်မရဲ့အဖေက ပြစ်မှုတစ်ခုနဲ့ စီရင်ချက်ချခံရပြီး အမေကတော့ ဖျားနာပြီးတော့ သေသွားရတယ်… ကျွန်မမိသားစုပိုင်ဆိုင်မှုတွေကို အင်ပါယာနန်းတော်က သိမ်းယူသွားတယ်… ကျွန်မ လမ်းပေါ်မှာ နေခဲ့ဖူးတယ်”
ချီရွှမ်းစုက နှုတ်ဆိတ်သွားသည်။
ကျန်းယွဲ့လုက ခေါက်ယပ်တောင်ကိုခပ်ပြီး ပြေပြေလည်လည်ရှိစေဖို့ ဝင်ပြောလိုက်၏။
“ငါတို့ ဒီအကြောင်းတွေကို ဘာလို့ပြောနေမှာလဲ… သခင်မလေးလီက ငါတို့ကို ကြင်နာမှုနဲ့ ဖိတ်ခေါ်ထားတာပဲ… အဲဒါကြောင့် ငါတို့ ပေါ့ပေါ့ပါးပါးအကြောင်းတွေကိုပဲ ပြောသင့်တယ်”
လီချင်းနုက ခဏမျှနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“သခင်လေးထန်ထိုက်… ရှင်က ဒီအသက်အရွယ်နဲ့ ကွေ့ကျန်းအဆင့်ကိုရောက်နေပြီ… အဲဒါကြောင့် ရှင်က တာအိုဂိုဏ်းတော်မှာ နာမည်တစ်ခုရှိထားမှာပဲ”
ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။
“တာအိုအဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်တွေအများကြီးရှိတယ်… သူတို့နဲ့ယှဉ်ရင် ကျုပ်က ဘာမှမဟုတ်ဘူး… သခင်မလေးလီ… မင်းက အင်ပါယာထဲမှာ အတော်လေးကျော်ကြားတယ်… ဒါပေမဲ့ မင်းမှာဒီလိုမျိုးမြင့်မားတဲ့ကျင့်ကြံမှုအဆင့်ရှိတယ်လို့ လူတွေပြောတာ ငါမကြားခဲ့ရဘူး။”
အခန်း ၁၅၂ - ဖော်ထုတ်ခံရခြင်း
ကျန်းယွဲ့လုနှင့် လီးချင်းနုက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
လီချင်းနုက ပန်းထိုးယပ်တောင်အဝိုင်းတစ်လက်ကို သာမန်ကာလျှံကာ ထုတ်ယူလိုက်၏။ သူမက ပန်းအလှမယ်တစ်ဦးဖြစ်သော်လည်း သူမ၏ သွင်ပြင်ဟန်ပန်က ဆွေကြီးမျိုးကြီးမှ သမီးတော်တစ်ဦးလို ကြော့ရှင်းတင့်တယ်နေသည်။ သူမ၏ ပြုမူလှုပ်ရှားမှုမှာ ရှက်ရွံ့မှုတစ်စွန်းတစ်ပါဝင်နေပြီး သူမကို ကာကွယ်ပေးစရာလိုအပ်သည့် အားနည်းသောအမျိုးသမီးတစ်ယောက်လို ထင်သွားရစေသည်။
ကျန်းယွဲ့လုက ခေါက်ယပ်တောင်ဖြင့် ဘေးပတ်လည်က မီးခိုးများကို ခတ်ထုတ်လိုက်သည်။
လီချင်းနုက ရုတ်တရက် ပြောလိုက်၏။
“ကျန်းဆိုတာက ရှန့်ချင်းစီရင်စုမှာ တွေ့မြင်နေကျ မျိုးရိုးနာမည်ပဲ.. ထန်ထိုက်ဆိုတဲ့နာမည်ကတော့ တွေ့မြင်နေကျမဟုတ်ဘူး… ဒါပေမဲ့ ကျန်းမိသားစုမှာ နာမည်ကြီးတဲ့ သခင်မထန်ထိုက်တစ်ဦးရှိတာကို ကျွန်မကြားဖူးတယ်… ရှင်က သခင်မထန်ထိုက်နဲ့ ပတ်သက်ဆက်စပ်နေမလားမသိဘူး”
လက်ဖက်ရည်သောက်နေသည့် ချီရွှမ်းစုက ချက်ချင်းပင် နားစွင့်လိုက်သည်။
သခင်မထန်ထိုက်သည် ဤခရီးစဉ်မှာ သူ့အတွက် အန္တိမအတားအဆီးဖြစ်ပြီး သူက သူမ၏ နာမည်ကို ပို၍အာရုံစိုက်ရသည်။
သခင်မထန်ထိုက်က နာမည်ကြီးကျော်ကြားနေသည်မှာ အံ့အားသင့်စရာမရှိပေ။ ကျန်းမိသားစုသည် စည်းမျဉ်းစည်းကမ်းများစွာနှင့် နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုဖြစ်သည်။ ထိုမိသားစုထဲသို့ လက်ထပ်ထိမ်းမြား၍ ဝင်ရောက်လာသည့် အမျိုးသမီများထဲ တချို့တလေကသာ သူတို့၏ အပျိုစင်ဘဝနာမည်များဖြင့် နာမည်ရနိုင်သည်။ သခင်မထန်ထိုက်သည် သူ့သမီးကိုပင် သူမ၏မျိုးရိုးနာမည်ယူစေချင်ခဲ့ပြီး အဲဒါက သာမန်လူများ မလုပ်ဝံ့သောအရာဖြစ်သည်။
ကျန်းယွဲ့လု၏ ဖခင်သည် ကျန်းမိသားစု၏ အရံအခွဲငယ်မှသာ ဖြစ်လျှင်တောင် ကျန်းယွဲ့လု၏ ကင်မွန်းတပ်အရေးကိစ္စက ပင်မအခွဲထိ အရှိန်အဟုန်မြင့်တက်သွားခဲ့သည်။ ကျန်းယွဲ့လု၏ ဖခင်နှင့်ဦးလေးများကပင် ထိုကိစ္စကို ကိုင်တွယ်နိုင်ခြင်းမရှိဘဲ သူတို့က ကောင်းကင်ဆရာသခင်ကို အပူကပ်ခဲ့ရသည်။ ဤအချက်သည် သခင်မထန်ထိုက်က ဘယ်လောက်အင်အားကြီးမားသလဲ ပြသပေးနေ၏။
နောက်ဆုံးမှာတော့ ကောင်းကင်ဆရာသခင်သည် ကျန်းယွဲ့လုကို ကျန်းမိသားစုနာမည်သာယူဖို့ အဆုံးအဖြတ်ပေးခဲ့သည်။ သူက ကြယ်တာရာကို အစွဲပြု၍ ကျန်းယွဲ့လုဟူသော အမည်ကိုပင် ပေးခဲ့ပြီး သူမကို ကျန်းယီဂိုဏ်းမှာ ဒုတိယအာဏာအရှိဆုံး သူတော်စင်စီဟန်၏ တပည့်တစ်ဦးပင် ဖြစ်လာစေခဲ့သည်။ သူတော်စင်စီဟန်သည် ထိုက်ဖျင်ဂိုဏ်းက သူတော်စင်ချင်းဝေ၊ ချွမ်ကျန်းဂိုဏ်းက သူတော်စင်တန်ဟွားတို့နှင့် အဆင့်အတန်းချင်းတူညီသည်။
ရလဒ်ကတော့ သူတော်စင်စီဟန်၏ တပည့်ဖြစ်လာပြီး ကျန်းယွဲ့လုက ကျောက်စိမ်းနေပြည်တော်သို့ စောလျင်စွာ ရွှေ့ပြောင်းနိုင်ခဲ့သည့်အတွက် လူတိုင်းက အားကျခဲ့ရသည်။ ထိုအသက်အရွယ်မှာ ကျန်းယွီယွဲ့နှင့် အခြားသောကျန်းမိသားစုဝင်များက ဒေသဆိုင်ရာတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သည်။
ဤအချက်အရ သခင်မထန်ထိုက်က ဘယ်လောက်ထိ ကြံရည်ဖန်ရည်ရှိသလဲ တွေ့မြင်နိုင်သည်။ သူမက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် သူမ၏ သမီးအတွက် ချောမွေ့သောလမ်းကြောင်းတစ်ခု ဖောက်လုပ်ပေးခဲ့ပြီး ကျန်းယွဲ့လု၏ စမှတ်ကို ကျန်းမိသားစု၏ ပင်မအခွဲမှကလေးများထက် မလျော့ကျစေခဲ့ပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သခင်မထန်ထိုက်သည် ငွေကြေးအင်အားများစွာစိုက်ထုတ်ခြင်းမရှိဘဲ ထိုမျှအတိုင်အတာကို ရရှိခဲ့သည်။ သူက သခင်မထန်ထိုက်လောက် မစွမ်းဟု ချီရွှမ်းစုက ဝန်ခံရသည်။
ကောင်းကင်ဆရာသခင်မှာ သွေးသားအရင်း သားသမီးများမရှိသော်လည်း သူ့မှာ တူများနှင့် တပည့်များစွာရှိလေသည်။ သူတော်စင်စီဟန်က သူ၏ တူများထဲမှတစ်ယောက်နှင့် လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိသည်မှာ ကံကောင်းသည်ဟု ထိုလူအိုကြီးက တစ်ခါ စနောက်ပြောဆိုခဲ့ဖူးသည်။ မဟုတ်ပါက သူတော်စင်စီဟန်သည် တာ့ကျန်းစံအိမ်၏ အတွင်းရေးရာကိစ္စများကို တာဝန်ယူထားမည်ဆိုလျှင် သူက ခေါင်းကိုက်ရပေလိမ့်မည်။
ကျန်းယွဲ့လုသည် သူ့မိခင်၏ အစွမ်းအစများနှင့် စိတ်နေစရိုက်ကို အမွေဆက်ခံရရှိထားသည်။ ချီရွှမ်းစုအတွက် ကံကောင်းသည်မှာ သူ့ဖခင်က တည်ငြိမ်အေးဆေးပြီး သူ့အမေလောက် ရန်လိုခက်ထန်ခြင်း မရှိပေ။
တစ်ဘက်မှာတော့ ကျန်းယွဲ့လု၏ ဖခင်က မိသားစုမှာ ပြောရခက်သော အဆင့်အတန်းတစ်ခုကို ရရှိထားသည်။ သူမပြောပုံအရ သူမ၏ ဖခင်သည် သူယုံကြည်သည့်အရာအတွက် တိုက်ခိုက်ရဲသော်လည်း အမြဲတမ်းရှုံးနိမ့်ရသည်။ ထိုသို့ဆိုလျှင်တောင် သူက တစ်နည်းနည်းဖြင့် ဆက်လက်၍ ယှဉ်ပြိုင်တိုက်ခိုက်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျန်းယွဲ့လု၏ ဖခင်သည် တိုက်ခိုက်ရခြင်းမရှိဘဲ လက်လျှော့သွားသော တုံပိုင်ကျင်းထက် များစွာပိုတော်သည်။
ချီရွှမ်းစုသည် တုံပိုင်ကျင်းနှင့် ရန်ငြိုးရန်စမရှိသော်လည်း ထိုသူမှာ ရည်မှန်းချက်ကြီးမားစွာမရှိသည်ကို သူသိထားသည်။ သူက တစ်ခါတစ်ရံ ကျန်းယွဲ့လုကို ကြောက်ရွံ့မိသည်မှာ သူမ၏ တိုက်ခိုက်ရည်ခွန်အားကြောင့်မဟုတ်ဘဲ သူ၏သရုပ်သကန်ကိုဖုံးကွယ်ထားမိပြီး မလုံမလဲခံစားရသည့်အတွက်ဖြစ်သည်။ သူက ချင်းဖျင်အသင်းသို့ ဝင်ရောက်ခြင်းနှင့် စွန်းယုံဖုန့်ကို လာဘ်ထိုးခြင်းကဲ့သို့ ညံ့ဖျင်းသော ဆုံးဖြတ်ချက်များကို အမြဲတမ်းလိုလိုပြုလုပ်ခဲ့သည်။ အဆင့် ၇ တာအိုဆရာတစ်ဦးအဖြစ် သူ၏ မှတ်တမ်းက ဗလာကျင်းနေပြီး သူ၏ အပြုအမူက သင့်လျော်မှု မရှိပေ။ သူက မှန်ကန်ဖြောင့်မတ်သောလူတစ်ယောက် မဟုတ်သည့်အတွက် ယုံကြည်မှုရှိမနေခြင်းဖြစ်သည်။
သို့သော် တုံပိုင်ကျင်းကတော့ မတူပေ။ တုံပိုင်ကျင်းသည် မည်သည့်အမှားကိုမှ မပြုလုပ်သော်လည်း သူက ကျန်းယွီယွဲ့ထံ စိတ်လိုလက်ရ အမြဲတမ်းဦးညွှတ်ထားသည်။ တကယ်တော့ တုံပိုင်ကျင်းက အဲဒါကို အချစ်အတွက်သာ ပြုလုပ်နေခြင်းဖြစ်မည်ဆိုလျှင် ချီရွှမ်းစုမှာ ပြောစရာမရှိပေ။
ထို့ကြောင့် သခင်မထန်ထိုက်သည် ကျန်းမိသားစုမှာသာမက ကျောက်စိမ်းနေပြည်တော်အထိပင် နာမည်ရလေသည်။ ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမက ခန်းမသခင်များပင် သခင်မထန်ထိုက်ကို ကြားဖူးထားကြသည်။
ထို့ကြောင့် လီချင်းနု၏ စကားလုံးများက အံ့အားသင့်စရာမရှိပေ။
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“ထန်ထိုက်မိသားစုနာမည်က ကွန်ဖြူးရှပ်ပညာရှင်တွေဆီကနေ ဆင်းသက်လာခဲ့တာပဲ… အဲဒါက ခေတ်အဆက်ဆက်ပျံ့နှံ့လာခဲ့တာ… အဲဒီနာမည်နဲ့ မိသားစုတစ်စုမက ရှိတယ်”
လီချင်းနုက ယပ်တောင်ဖြင့် သူမ၏ ပါးစပ်ကို အုပ်ပြီးရယ်လိုက်သည်။
“ကျွန်မသိပြီ… အစက ရှင်က သခင်မထန်ထိုက်ရဲ့ကလေးဖြစ်မယ်လို့ ကျွန်မတွေးနေခဲ့မိတာ”
ချီရွှမ်းစုက စုတ်သပ်လိုက်၏။
ကျန်းယွဲ့လု၏ ရုပ်ဖျက်မှုက ပြီးပြည့်စုံသော်လည်း သူမက အစစ်အမှန်ယောက်ျားတစ်ဦးဟုတ်မနေသေးပေ။ ထို့ကြောင့် လီချင်းနုက တစ်နေရာရာမှာ ဟာကွက်တစ်ခုကို တွေ့မြင်သွားလောက်သည်။
ကျန်းယွဲ့လုက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်နေသည့် ချီရွှမ်းစုကို ခပ်ဖွဖွလှမ်းကန်ပြီး မေးလိုက်သည်။
“အဲဒါက အဆိပ်မရှိဘူးမလား”
လီချင်းနုက ပြုံးပြလိုက်၏။
“လူကြီးမင်း… စိတ်ချလက်ချသုံးဆောင်ပါ… ရှင်ပြောခဲ့တဲ့အတိုင်း အပန်းဖြေဂေဟာတွေက အကျိုးအမြတ်စီးပွားအတွက် လုပ်နေကြတာပဲ… ကျွန်မတို့က အသပြာရှာချင်တယ်ဆိုမှတော့ ရှင်တို့ကို ဘာလို့အဆိပ်ခတ်ရမှာလဲ… ဒါနဲ့ ရှင့်ရဲ့မျိုးရိုးနာမည်ကရော”
ချီရွှမ်းစုက လက်ဖက်ရည်ခွက်ကိုကောက်ယူပြီး တစ်ကျိုက်သောက်ကာ ပြန်ဖြေလိုက်သည်။
“ချီ”
“သခင်လေးချီ”
လီချင်းနုက ထပ်ပြောလိုက်သည်။
“ကျွန်မက ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာရှိလာခဲ့တာ… လူတွေအများကြီးနဲ့ တွေ့ဆုံဖူးတယ်… ဒါပေမဲ့ ရှင်နဲ့ ဒီက ရှင့်မိတ်ဆွေလိုမျိုး ဒီလိုပုံစံနဲ့ အပန်းဖြေဂေဟာကို လာရောက်လည်ပတ်တဲ့သူမျိုးတွေနဲ့တော့ တစ်ခါမှ မတွေ့ဆုံဖူးဘူး”
ကျန်းယွဲ့လုက ဆက်လက်၍ ဟန်ဆောင်မနေတော့ပေ။
“ဟုတ်ပြီ… ငါက မိန်းကလေးဆိုတာ နင်ဘယ်လိုပြောနိုင်တာလဲ… ငါတကယ်ပဲ သိချင်မိတယ်”
လီချင်းနုက ကျန်းယွဲ့လု၏ နားရွက်ကို လက်ညှိုးထိုးပြလိုက်သည်။
“များသောအားဖြင့် ပြောရမယ်ဆိုရင် အလယ်ပိုင်းလွင်ပြင်ဒေသက ယောက်ျားလေးတွေက နားပေါက်ဖောက်တတ်တဲ့ အလေ့အကျင့်မရှိဘူး”
ကျန်းယွဲ့လု၏ မျက်နှာက တောင့်တင်းသွားပြီး သူမ၏ နားရွက်ဖျားကို အလိုလိုစမ်းလိုက်သည်။ သူမက နားကပ်နားဆွဲများကို ဝတ်ဆင်ခဲသော်လည်း သူမငယ်ရွယ်စဉ်က သူမ၏ မိခင်က သူမကို နားပေါက်ဖောက်ပေးထားခဲ့သည်။
ချီရွှမ်းစုက သက်ပြင်းချလိုက်၏။
“သတိအကြီးဆုံးသူတွေတောင်မှ အမှားလုပ်တတ်သေးပါလား”
ကျန်းယွဲ့လုက ချီရွှမ်းစုကို မျက်စောင်းထိုးကြည့်ပြီး ခရာနှင့်တူသော ပစ္စည်းတစ်ခုကို ထွေးထုတ်ကာ သူမ၏ အသံအမှန်ဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့… သခင်မလေးလီ… ရှန်ချင်းစီရင်စုကို ရောက်လာရတဲ့ နင့်ရဲ့ရည်ရွယ်ချက်က ဘာလဲ”
ချီရွှမ်းစု၏ နှုတ်ခမ်းက ကွေးညွှတ်သွားသည်။ ကျန်းယွဲ့လုသည် ထျန်ကန်းခန်းမသို့ ရွှေ့ပြောင်းမခံရခင်က ပေချန်ခန်းမမှာ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ဖြင့် သူက လူတိုင်းအပေါ် သံသယထားတတ်သောအလေ့အကျင့်ကို ရရှိလာခဲ့သည်။
ထိုအလေ့အကျင့်က ကောင်းသလားဆိုးသလား ပြောရန်ခက်သည်။ ချီရွှမ်းစုလည်း တစ်ခါက သံသယဝင်ခံခဲ့ရပြီး သူ၏ လျှို့ဝှက်ချက်က ပေါ်ထွက်လုမတတ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ချီရွှမ်းစုက ကျန်းယွဲ့လုအနားမှာရှိနေလျှင် သူနှင့်ပတ်သက်သည့် တစ်စုံတစ်ရာဖော်ထုတ်ခံရမည်ကို စိုးရိမ်၍ အမြဲတမ်း နိုးနိုးကြားကြားရှိနေရသည်။ သူ၏ သရုပ်သကန်က ပေါက်ကြားသွားမည်ဆိုလျှင် သူ့ဘဝက သွားရှာပေလိမ့်မည်။
သူက တစ်နေ့မှာ ကျန်းယွဲလုနှင့် လက်ထပ်မည်ဆိုလျှင် ချီရွှမ်းစုအနေဖြင့် တစ်ချိန်လုံး သတိထားနေရဖို့က ပို၍ပင် ပင်ပန်းရပေလိမ့်မည်။ ထို့ကြောင့် ချီရွှမ်းစုမှာ ရွေးချယ်စရာနှစ်ခုသာရှိသည်။ ကျန်းယွဲ့လုထံကနေ ထွက်ခွာသွားမလား သို့မဟုတ် ချင်းဖျင်အသင်းကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာမလားဆိုတာပင်။
လီချင်းနုက မေးလိုက်၏။
“သခင်မလေးထန်ထိုက်… သင်က ကျွန်မကို မေးခွန်းထုတ်နေတာလား… ရှန်ချင်းစီရင်စုက ကျွန်မရဲ့ဇာတိမြေဆိုတာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူး… ကျွန်မအနေနဲ့ ဆွေမျိုးတချို့ဆီကို အလည်အပတ်လာတာ ဘာများမှားနေလို့လဲ”
“ဒါပေမဲ့ နင့်မှာ လည်စရာဆွေမျိုးရောရှိရဲ့လား”
ကျန်းယွဲ့လုက ဖိပြောလိုက်သည်။
“သခင်မလေးလီ… နင့်အဖေက ရာဇဝတ်မှုတစ်ခုနဲ့ပြစ်ဒဏ်ကျခံရပြီး နင့်အမေက ဖျားနာပြီး သေဆုံးသွားတယ်… နင့်ရဲ့မိသားစုပိုင်ဆိုင်မှုတွေက သိမ်းယူခံခဲ့ရတယ်လို့ အခုလေးပဲ ပြောခဲ့တယ်… အဲဒါကြောင့် နင်က မတတ်သာဘဲ လမ်းပေါ်ရောက်ပြီး ဒီနိမ့်ကျတဲ့အလုပ်ကို ရွေးချယ်ခဲ့ရတယ်… နင်က ဘယ်လောက်ဒုက္ခရောက်ခဲ့သလဲဆိုတာ သိသာနေတာပဲ… နင်က ရှန်ချင်းစီရင်စုမှာ ဆွေမျိုး ဒါမှမဟုတ် မိတ်ဆွေရှိမယ်ဆိုရင် အဲဒီတုန်းက သူတို့ဆီကို ဘာလို့လာပြီးမခိုလှုံခဲ့တာလဲ… ကဲ ဒါဆိုရင် နင်က ဒီနှစ်သစ်ကူးဖို့အတွက် ဘယ်ဆွေမျိုးဆီကို လာလည်တာလဲ”
ချီရွှမ်းစုက ကြားဖြတ်ပြောလိုက်သည်။
“သခင်မလေးလီ ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက သူ့ကို အပန်းဖြေဂေဟာဆီ ရောင်းစားလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်… သခင်မလေးလီက နာမည်ကြီးကျော်ကြားလာပြီးတဲ့နောက် သူက အငြိုးအတေးမထားဘဲ သူ့ကို ပြိုင်ဘက်ကင်းပန်းအလှမယ်ဖြစ်လာမယ့်အခွင့်အရေးကို ပေးခဲ့တဲ့အတွက် သူတို့ဆီကို လာလည်ပြီး ကျေးဇူးတင်စကားပြောမလို့ နေမှာပေါ့… အဲဒါက တကယ့်ကို ရင်ထဲအသည်းထဲ ထိလောက်စရာ ဇာတ်လမ်းတစ်ပုဒ်ပဲ”
ကျန်းယွဲ့လုက ရယ်လိုက်၏။
“သခင်လေးချီ.. နင့်ရဲ့ ထေ့လုံးငေါ့လုံးတွေက လီမိသားစုက ဟိုလူတွေနဲ့တကယ့်ကို မကွာပါ့လား”
“သခင်လေးထန်ထိုက်… မင်းကျုပ်ကို မြှောက်နေပါပြီ”
ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။
သူမရှေ့မှာ ဤလူနှစ်ဦးက ဘာမဟုတ်တာနှင့် ငြင်းခုံနေကြလိမ့််မည်ဟု လီချင်းနု ထင်မှတ်မထားဘဲ သူမက ဆွံ့အသွားလေသည်။
ကျန်းယွဲ့လုက ရယ်မနေတော့ဘဲ ပြောလိုက်သည်။
“သခင်မလေးလီ… နင့်မှာ မြင့်မားတဲ့ကျင့်ကြံမှုအဆင့်တစ်ခုရှိတယ်… ဒါတောင် အပန်းဖြေဂေဟာမှာ ဆက်နေနေတုန်းပဲ… ရှန်ချင်းစီရင်စုမှာ ဘယ်မိတ်ဆွေ ဆွေမျိုးမှ မရှိဘူးဆိုတာလည်း သိသာနေတာပဲ… ဒါပေမဲ့ နင်က အဲဒါကို အကြောင်းပြချက်အဖြစ်သုံပြီး နှစ်စဉ်နှစ်တိုင်း ဒီကိုဘာလို့ရောက်လာတာလဲ… နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ.. ကျေးဇူးပြုပြီး ငါ့ကို ပြောပြစမ်းပါဦး”
ရှန်ချင်းစီရင်စုက ကျန်းယီဂိုဏ်း၏ ပိုင်နက်နယ်မြေဖြစ်ပြီး ကျန်းယွဲ့လုက ပို၍ ရဲတင်းနေသည်။
လီချင်းနုက ခပ်တိုးတိုးပြောလိုက်၏။
“သခင်မလေးထန်ထိုက်… ကျွန်မ ပြောဖို့ငြင်းဆန်မယ်ဆိုရင် သင် ဘာလုပ်မှာလဲ”
ကျန်းယွဲ့လုက ခြိမ်းခြောက်လိုက်သည်။
“ငါ ဘာလုပ်နိုင်မှာလဲ… နင်က လီမိသားစုရဲ့ ငွေတွင်းပဲ… လူတစ်ယောက်ရဲ့ ဥစ္စာဓနကို ဖျက်ဆီးတာက သူ့ရဲ့ မိသားစုကို သတ်တာနဲ့အတူတူပဲလို့ ဆိုရိုးစကားရှိတယ်… ငါလုပ်နိုင်တာကတော့ ဒီကိစ္စကို တာ့ကျန်းစံအိမ်ဆီ တင်ပြပြီး အခြေအနေကို စစ်ဆေးဖို့အတွက် ကောင်းကင်ဆရာသခင်ကို ပန်ကြားဖို့ပဲ”
လီချင်းနုက ရုတ်တရက် ထေ့ငေါ့လိုက်သည်။
“သခင်မလေးထန်ထိုက်… ဒါမှမဟုတ် သခင်မလေးကျန်းလို့ ခေါ်ရမှာလား… ရှင်က နာမည်ဂုဏ်သတင်းနဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်… ကျောက်စိမ်းနေပြည်တော်မှာ သခင်လေးလီနဲ့ သင် တစ်ယောက်ချင်းတိုက်ခိုက်ခဲ့တာကို ကျွန်မကြားဖူးထားတာ ကြာပြီ… အခုမှပဲ လူချင်းတွေ့ဖို့ အခွင့်အရေးရတော့တယ်… သင်က သင့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲထိုက်တန်တယ်ဆိုတာ ကျွန်မလက်ခံသွားပြီ”
သူမ၏ အစစ်အမှန်သရုပ်သကန်ကို ခန့်မှန်းမိနိုင်သည့်အတွက် ကျန်းယွဲ့လုက အံ့အားသင့်မသွားပေ။ အထူးသဖြင့် သူမက ယောက်ျားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသည်ကို တစ်ဘက်သူက တွေ့မြင်သွားသည့်အချိန်မှာဖြစ်သည်။
“သခင်မလေးလီ… နင်ငါ့ကို မှတ်မိတယ်ဆိုမှတော့ ငါ့ရဲ့မေးခွန်းကို ဖြေသင့်ပြီမဟုတ်ဘူးလား”
လီချင်းနုက သူမရှေ့မှ လူနှစ်ယောက်ကြားကိုကြည့်နေ၏။
“သင့်ရဲ့မေးခွန်းကို ကျွန်မဖြေနိုင်တယ်… ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာတစ်ခုရှိတယ်.. အဲဒီတောင်းဆိုချက်ကို ရှင်က ငြင်းမယ်ဆိုရင်တော့ ကျွန်မကိုသတ်မယ်ဆိုရင်တောင် စကားတစ်လုံးမှ ထုတ်ပြောမှာမဟုတ်ဘူး”
“ဘာတောင်းဆိုချက်လဲ”
ကျန်းယွဲ့လုက မေးလိုက်သည်။
လီချင်းနု၏ အကြည့်က ချီရွှမ်းစုပေါ် ကျရောက်လာ၏။
“ပညာရှိကျန်းက အရမ်းကို စွမ်းအားကြီးမားလွန်းတယ်.. အဲဒါကြောင့် ကျွန်မ တောင့်မခံနိုင်မှာစိုးမိတယ်… ကျွန်မအားလုံးကိုထုတ်ပြောမိရင် ဒုက္ခရောက်ရပါလိမ့်မယ်… အပေးအယူအနေနဲ့ ကျွန်မက သခင်လေးချီနဲ့ နှစ်ယောက်တည်းပဲပြောမယ်… သင်လိုချင်တဲ့အဖြေကို ရမရကတော့ သခင်လေးချီရဲ့အစွမ်းအစပေါ် မူတည်လိမ့်မယ်… ပညာရှိကျန်း… ဘယ်လိုသဘောရပါသလဲ”
ကျန်းယွဲ့လုက မျက်မှောင်ကြုတ်လိုက်၏။ သူက ချီရွှမ်းစုကို လှည့်ကြည့်ပြီး ဤစီစဉ်မှုမှာ မသင်္ကာစရာတစ်ခုခုရှိနေသလို ခပ်ရေးရေးခံစားမိနေသည်။ သို့သော်လည်း ဘယ်နေရာက မှားယွင်းနေသည်ကို သူမ ထောက်မပြနိုင်ပေ။
လီချင်းနုနှင့် ချီရွှမ်းစုက တစ်ယောက်နဲ့တစ်ယောက် သိနေကြသလား။ ထိုသို့ဟုတ်ပုံမရပေ။ ကျန်းယွဲ့လုသည် ပေချန်ခန်းမမှာတုန်းက အပြုအမူဆိုင်ရာအကဲဖြတ်ပညာရပ်ကို လေ့လာခဲ့ဖူးသည်။ သူမ၏ အကဲခတ်မှုအရ ချီရွှမ်းစုနှင့် လီချင်းနု၏ မသိသာသောလှုပ်ရှားမှုများနှင့် တုံ့ပြန်မှုများသည် သူတို့နှစ်ဦးက ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်ကြောင့် ညွှန်ပြနေသည်။
ဒါ့အပြင် အပန်းဖြေဂေဟာသို့ လာရောက်လည်ပတ်ခြင်းက ကျန်းယွဲ့လု၏ ကောက်ကာငင်ကာ ဆုံးဖြတ်ချက်ဖြစ်သည်။ တစ်ဖက်သူက အဆင့်မြင့်ဗေဒင်ဆရာတစ်ဦးမဟုတ်သရွေ့ အဲဒါကို ကြိုတင်ခန့်မှန်းထားဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် ချီရွှမ်းစုနှင့်စကားပြောဖို့ လီချင်းနု၏ တောင်းဆိုချက်က ကြိုတင်ချမှတ်ထားသော အစီအစဉ်မဟုတ်ဘဲ နောက်ဆုံးအချိန်မှ ပေါ်ထွက်လာသည့် စိတ်ကူးတစ်ခုနှင့် တူနေသည်။
ချီရွှမ်းစုက အခြေအနေနှင့်ပတ်သက်၍ သိပ်ပြီး နက်နက်နဲနဲစဉ်းစားမနေပေ။ လီချင်းနုက သူ့ကို အထင်သေးနေခြင်းသာဖြစ်သည်ဟု ခံစားမိသည်။ သို့သော် သူက တကယ်ပင် ကျန်းယွဲ့လုထက် နိမ့်ကျသည့်အတွက် ထိုသို့ဖြစ်သင့်လေသည်။
သူက ဆုံးဖြတ်ချက်မချရဲဘဲ ကျန်းယွဲ့လုကို လှည့်ကြည့်ကာ သူ့အထက်လူကြီး၏ အမိန့်ကို စောင့်ဆိုင်းနေ၏။
ကျန်းယွဲ့လုက သူမ၏ အတွေးများကိုစုစည်းပြီး သဘောတူလိုက်သည်။
“ထျန်းယွမ်… ဒါဆိုရင် နင် သခင်မလေးလီနဲ့ စကားကောင်းကောင်းပြောဖို့လိုပြီ”
ချီရွှမ်းစုက မေးလိုက်၏။
“ဘယ်မှာပြောရမှာလဲ”
ကျန်းယွဲ့လုက သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ချီရွှမ်းစု၏ ပစ္စတိုကိုထုတ်ပြီး သူ့ကို ကမ်းပေးကာ တည်တံ့စွာဖြင့် ပြောလိုက်သည်။
“ဒီနေရာမှာပဲ.. ငါ အပြင်ကနေ စောင့်နေမယ်.. သတိထားဦး။”