← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း ၁၅၃ - သရုပ်သကန်

ကျန်းယွဲ့လု ထွက်ခွာသွားပြီးနောက် ချီရွှမ်းစုနှင့် လီချင်းနုသာလျှင် အခန်းထဲမှာ ကျန်ခဲ့ကြသည်။

လီချင်းနုက ပွင့်လင်းစွာ ပြောလိုက်၏။

“ကျွန်မ ဒီမှာ အစီအရင်တစ်ခု ခင်းကျင်းထားတယ်... အဲဒါကြောင့် ကျွန်မတို့ ပြောဆိုတဲ့စကားကို ပညာရှိကျန်းက ကြားနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ အဲဒါက သူ အတင်းအကျပ် ဝင်ရောက်မလာအောင်ကိုတော့ တားဆီးမထားဘူး”

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို တင်းကျပ်စွာကိုင်ပြီး ခံစစ်အနေအထားဖြင့် မတ်တတ်ရပ်နေ၏။

“သခင်မလေးလီ... ခင်ဗျားပြောစရာရှိတာကို ပြောပါ”

ဤမျှနီးကပ်သော အကွာအဝေးမှာ (ခ)အဆင့် အမှတ်စဉ်-၂ နဂါးမျက်လုံးကျည်ဆန် ဖြည့်ထားသည့် နတ်နဂါးပစ္စတိုက ကိုယ်ကာယပိုင်းအားနည်းသော ဂမ္ဘီရဝိဇ္ဇာတစ်ဦးအတွက် တကယ့်ကို ခြိမ်းခြောက်မှုဖြစ်သည်။ ဒါ့အပြင် ချီရွှမ်းစု၏ ကိုယ်ကာယက ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်ပြီး သူက ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ အစီအရင်ကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်သည်။

လီချင်းနုက ပြန်မေးလိုက်သည်။

“ကျွန်မ ဘာပြောရမှာလဲ”

“ဒီကိုလာတဲ့ မင်းရဲ့ရည်ရွယ်ချက်ပေါ့… သခင်မလေးလီ... မင်းက ကျိကွမ်းအသင်းဝင်တစ်ဦးလား”

“လျှို့ဝှက်အဖွဲ့အစည်း ကျိကွမ်းအသင်းလား”

လီချင်းနုက ရယ်မောလိုက်၏။

“သခင်လေးချီ... ရှင်က ထျန်ကန်းခန်းမကမလား”

ချီရွှမ်းစုက တည်ငြိမ်စွာ ဖြေလိုက်သည်။

“ကျုပ် ဟုတ်တယ်”

လီချင်းနုက လှောင်ရယ်လိုက်၏။

“အထင်ကြီးစရာပဲ... ဒါဆို ရှင်က တော်တော်လေး မှန်ကန်ဖြောင့်မတ်မှာပေါ့”

ချီရွှမ်းစုက ပြန်မေးလိုက်၏။

“သခင်မလေးလီ... ခင်ဗျား ဘာကို ပြောချင်နေတာလဲ”

လီချင်းနုက ဆက်လက်၍ ပြုံးမနေတော့ဘဲ ပြောလိုက်၏။

“ရှင့်ကိုရှင် အယူဝါဒမိစ္ဆာတွေကို အမဲလိုက်တဲ့ ထျန်ကန်းခန်းမက တာဝန်ဆရာတစ်ဦးလို့ တကယ်ပဲ ထင်နေတာလား”

“မင်းစကားက ဒါ ဘာအဓိပ္ပာယ်လဲ”

ချီရွှမ်းစုက တုန်လှုပ်သွား၏။

လီချင်းနုက နောက်ဆုံးမှာ သူမ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

“ရွှေသွန်းဓားဆိုတဲ့ ရှင့်ရဲ့သရုပ်သကန်ကို မေ့နေပြီလား”

ချီရွှမ်းစုက ခဏမျှ ထိတ်လန့်သွား၏။ သိပ်မကြာခင် သူ့စိတ်ကို တည်ငြိမ်စေပြီး လီချင်းနုကို စိုက်ကြည့်လိုက်၏။ သူ၏လက်မက သေနတ်မောင်းကို လျင်မြန်စွာ ဖိချပြီးသွားပြီဖြစ်သည်။

ဤအချိန်မှာ ချီရွှမ်းစုက မသိသယောင် ဟန်ဆောင်လိုက်သည်။

“သခင်မလေးလီ... မင်း ရှင်းရှင်းလင်းလင်းပြောတာ ပိုကောင်းလိမ့်မယ်… ရွှေသွန်းဓားက ဘာလဲ… ဘယ်သရုပ်သကန်လဲ… မင်းပြောနေတာတွေကို ငါ သိပ်နားမလည်ဘူး”

တစ်ခါတလေမှာ ချီရွှမ်းစုသည် သူက နောက်ထပ်ဘဝတစ်ခုမှာ ရှင်သန်နေရသည်ဟု ထင်ယောင်ထင်မှားဖြစ်မိသည်။ သူက ကျောက်စိမ်းနေပြည်တော်ကို ပြန်ရောက်သည့်အခါ အဆင့် ၆ သို့ တိုးမြှင့်ပေးခံရပြီး အဆင့် ၅ ပညာရှိလောင်းတစ်ဦး၏ ခံစားခွင့်ကိုရမည့် ထျန်ကန်းခန်းမက မှန်ကန်ဖြောင့်မတ်သော တာဝန်ဆရာတစ်ဦးဖြစ်သည်။ သူသည် တစ်လမှာ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ လက်ခံရရှိပြီး အဆင့် ၄ ကျီကျိုး တာအိုအကြီးအကဲတစ်ဦးအဖြစ် တိုးမြှင့်ပေးခံရဖို့ မျှော်လင့်ထားသည်။ ထျန်ကန်းခန်းမသခင်က သူ့နာမည်ကို ကြားဖူးထားပြီး ပို၍အရေးပါသည်မှာ သူက ကျန်းယွဲ့လုနှင့် ရင်းနှီးသောမိတ်ဆွေများ ဖြစ်သည်။ သူ့ရှေ့မှာ တောက်ပသော အနာဂတ်တစ်ခု ရှိနေသည်။

ဤအရာများအားလုံးကို ခက်ခက်ခဲခဲကြိုးစားပြီးမှ ရရှိလာခြင်းဖြစ်ပြီး ချီရွှမ်းစုက သူ့မှာရှိထားသမျှ အရာများကို အဆုံးရှုံးမခံချင်ပေ။ သူက လောကမှာ တစ်ဦးတည်း လေလွင့်မနေချင်တော့ပေ။

ရွှေပင်နားတော့ ရွှေကျေး ဆိုသည့်အတိုင်း ချီရွှမ်းစုက ကျန်းယွဲ့လုနှင့် ရှိနေသည့်အခါ သူမ၏ လွှမ်းမိုးခြင်း ခံလာရသည်။ သူက မကောင်းသော အကျင့်ဆိုးများကို တဖြည်းဖြည်း စွန့်လွှတ်ပြီး ထျန်ကန်းခန်းမ၏ အရည်အချင်းပြည့်မီသော တာအိုဆရာတစ်ဦး ဖြစ်လာဖို့နှင့် တာအိုဂိုဏ်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းဖို့ သင်ယူနေသည်။

သူက အယူဝါဒမိစ္ဆာများကို အတတ်နိုင်ဆုံး ကြိုးစား၍ ဖမ်းဆီးပေးပြီး တစ်ခါတလေမှာ တာအိုဂိုဏ်းတော်၏ အနာဂတ်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အဆိုပြုချက်များကိုပင် စဉ်းစားမိလေသည်။

သို့သော် ထျန်ကန်းခန်းမမှာ ရှိနေခဲ့သော လေးလသည် လောကမှာ သူ့ဘာသာသူ လှည့်လည်သွားလာရင်း ချင်းဖျင်အသင်းအတွက် တာဝန်များကို ထမ်းဆောင်နေခဲ့သည့် လေးနှစ်တာအတိတ်၏ သဲလွန်စများအားလုံးကို ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိပေ။ ချီရွှမ်းစု၏ အတွင်းစိတ်အနက်ပိုင်းထဲမှာ သူက အရင်ကအတိုင်း ရှိနေဆဲဖြစ်သည်။

သူ ဘယ်သူ့ကိုမှ သတ်ဖို့ ရည်ရွယ်မထားသော်လည်း သူ့လမ်းကို တစ်ယောက်ယောက်က ပိတ်ဆို့တားဆီးလာမည်ဆိုလျှင် သို့မဟုတ် သူ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားလာမည်ဆိုလျှင် သူက သနားညှာတာမှုပြလိမ့်မည် မဟုတ်ပေ။

ချီရွှမ်းစုက သာမန်လူတစ်ယောက် ဖြစ်မည်ဆိုလျှင် သူက ကိုယ်ကျင့်တရား၏ ချုပ်နှောင်ခြင်း ခံရပေလိမ့်မည်။ သို့သော်လည်း ချီရွှမ်းစုမှာ အစကတည်းက လျှို့ဝှက်ချက်များစွာ ရှိနေသည့်အတွက် တစ်ခါတလေမှာ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ သူ့အနေဖြင့် ဘယ်လိုမှ မတတ်နိုင်ပေ။

ဤအချိန်မှာ ချီရွှမ်းစုထံမှ ပြင်းထန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာ၏။

လီချင်းနုက သူ၏ သရုပ်သကန်နှင့် သူ့ကို ခြိမ်းခြောက်အကျပ်ကိုင်လာမည်ဆိုလျှင် သို့မဟုတ် သူ၏ သရုပ်သကန်ကို ဖော်ထုတ်ဖို့ပင် ကြိုးစားမည်ဆိုလျှင် သူက ထိုမိန်းမကို သတ်ဖြတ်ပစ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။

သူ အရင်ကလည်း ကွေ့ကျန်းအဆင့် လူများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး သူ ဘာကိုမှ ကြောက်ရွံ့မနေပေ။ အလွန်ဆုံး လီချင်းနုက ထွက်ပြေးဖို့ ကြိုးစားသည့်အတွက် သို့မဟုတ် လီချင်းနုက သူ့ကို သတ်ဖို့ ကြိုးစားသည့်အတွက် သူက ခုခံကာကွယ်ရင်း ထိုသို့ပြုလုပ်မိသည်ဟု ကျန်းယွဲ့လုကို ရှင်းပြလိုက်ရုံသာဖြစ်သည်။ ဤအချိန်မှာ ကျန်းယွဲ့လုက သူ့ကို သံသယဝင်လာမလား သူ ဂရုမစိုက်နိုင်ပေ။

ချီရွှမ်းစုက လီချင်းနု၏ လက်ထဲမှာ သေသွားမည်ဆိုလျှင်လည်း သူ့အနေဖြင့် ကျန်းယွဲ့လုကို ရှင်းပြနေစရာ လိုတော့မည် မဟုတ်ပေ။

ချီရွှမ်းစု၏ သတ်ဖြတ်လိုစိတ်ကို သတိထားမိပြီး လီချင်းနုက ထေ့ငေါ့လိုက်၏။

“နင့်လိုမျိုး ကြွက်တစ်ကောင်က ထျန်ကန်းခန်းမကို ဝင်ရောက်ပြီးတာနဲ့ တာအိုဂိုဏ်းတော်ရဲ့ ကြောင်တစ်ကောင်အဖြစ် အသိအမှတ်ပြုခံရမယ်လို့ တကယ်ပဲ ထင်နေတာလား… နင်က အမြဲတမ်း ကလိမ်ကကျစ် ကြွက်တစ်ကောင် ဖြစ်နေဦးမှာပဲ”

ချီရွှမ်းစုက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။

“မင်း ဘာလိုချင်တာလဲ… မင်းက လီမိသားစုရဲ့ ငွေတွင်းပဲ... အဲဒါကြောင့် မင်းက အဝတ်အစား၊ စားစရာ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး... ငါ့မှာ မင်းလောက် ငွေကြေးအင်အားမရှိဘူး... မင်းရဲ့သရုပ်သကန်ကို ကူညီပြီးတော့ ဖုံးကွယ်ပေးစေချင်တာလား”

လီချင်းနုက သူ မေးတာကို မဖြေဘဲ ပြောလိုက်သည်။

“နင့်ရဲ့သရုပ်သကန်ကို ငါ ဘယ်လိုသိသွားလဲ နင် မသိချင်ဘူးလား… ချင်းဖျင်အသင်းဝင်တွေက သူတို့ရဲ့သရုပ်သကန်ကို ဖုံးကွယ်ဖို့အတွက် နာမည်တုတစ်ခု သုံးကြတယ်… အဲဒါကြောင့် များသောအားဖြင့် ချင်းဖျင်အသင်းဝင်တွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် သိကြမှာမဟုတ်ဘူး”

ချီရွှမ်းစုက လုံးဝ အံ့အားသင့်ခြင်းမရှိပေ။

“မင်းကို အစ်မချီ ပြောထားတာ ဖြစ်ရမယ်”

သူမက ချီရွှမ်းစုကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သော်လည်း ထိုအချက်ကို မငြင်းပယ်ပေ။

“အဲဒါကြောင့် နင်က စစချင်း အခွင့်အရေးရတုန်း ငါ့ကို မသတ်ခဲ့တာပဲ... အခု အရင်ဆုံး ငါပြောတာကို နင် နားထောင်သင့်တယ်”

ချီရွှမ်းစုက မတုံ့ပြန်ဘဲ သူ့လက်ထဲက နတ်နဂါးပစ္စတိုကို တင်းကျပ်စွာ ကိုင်ထားဆဲဖြစ်သည်။

လီချင်းနုက ဆက်ပြောလိုက်သည်။

“ရှန်ချင်းစီရင်စုကို နင် ဖြတ်သွားနိုင်ခြေရှိတယ်လို့ သခင်မချီက ငါ့ကို ပြောခဲ့တယ်... ငါက နင်လာမယ့်အချိန်ကို မှန်းဆပြီး ဒီနေရာမှာ နင့်ကို ကြိုစောင့်ဖို့ ရောက်လာတာပဲ... ဒါပေမဲ့ နင့်ကို ဒီလိုပုံစံနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

ချီရွှမ်းစုက မေးလိုက်သည်။

“ငါတို့ မဏ္ဍပ်ထဲမှာ ရှိနေတုန်းက မင်း ငါ့ကို မှတ်မိလား”

“မမှတ်မိဘူး”

လီချင်းနုက ခေါင်းခါပြီး ရှင်းပြလိုက်သည်။

“နင်နဲ့ပတ်သက်ပြီး သခင်မချီ ပေးထားတဲ့ သတင်းအချက်အလက်က နည်းနည်းလွဲနေတယ်... နင်က ခွန်လွင်အဆင့်မှာ ရှိမယ်လို့ သူပြောတယ်... ဒါပေမဲ့ နင်က အခု ယွီရှုအဆင့်မှာ ရှိနေတာ အသိသာကြီးပဲ... နောက်ပြီး နင်က ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်ပုံရတယ်... ငါသာ အဲဒါကို သိထားမယ်ဆိုရင် နင့်ကို ဒီလောက်ထိ အနားကပ်ခွင့်ပေးမှာ မဟုတ်ဘူး… ကျန်းယွဲ့လုရဲ့ သရုပ်သကန်ကို ခန့်မှန်းမိတဲ့အချိန်မှာတောင် ငါ တပ်အပ်သေချာ မသိသေးဘူး... နင့်ရဲ့ မျိုးရိုးနာမည်ကို ထုတ်ပြောမှပဲ နောက်ဆုံး နင့်ရဲ့သရုပ်သကန်ကို ငါ အတည်ပြုနိုင်သွားတာ”

ချီရွှမ်းစုက တိတ်တဆိတ် တွေးတောငေးမောသွား၏။ သူမ၏ ဖြေရှင်းချက်မှာ သိသာထင်ရှားသော မည်သည့်ဟာကွက်ကိုမှ မတွေ့ရပေ။ ထို့နောက် သူက မေးလိုက်သည်။

“မင်းလည်း ချင်းဖျင်အသင်းဝင်တစ်ဦးပဲလား”

လီချင်းနုက ခေါင်းညိတ်ပြလိုက်သည်။

“နင် ငါ့ကို ကြက်သွေးရောင်နှုတ်ခမ်းလို့ ခေါ်နိုင်တယ်... ဒီနေရာကို သခင်မချီက ငါ့ကို လွှတ်လိုက်တာပဲ... ပညာရှိကျန်းက နင့်ရဲ့သရုပ်သကန်ကို ရှာတွေ့သွားမှာစိုးလို့ သခင်မချီက နင်နဲ့ဆက်သွယ်ဖို့ မိခင်-ကလေးအဆောင်ကို မသုံးခဲ့ဘူး”

ဤစကားမှာ တစ်ခုခုမှားယွင်းနေသည်ဟု ချီရွှမ်းစု မထင်ပေ။ ဤအချိန်အတောအတွင်း သူနှင့် ကျန်းယွဲ့လုက တပူးတတွဲတွဲ တကယ်ပင် ရှိနေခဲ့သည်။ အစ်မချီက မိုင်ပေါင်းထောင်ချီ အကွာအဝေးမှာ ရှိနေပြီး ချီရွှမ်းစုက ဘယ်အချိန်မှာ ကျန်းယွဲ့လုနှင့် လူချင်းခွဲထွက်နိုင်မလဲ သူမ သေချာမပြောနိုင်ပေ။ ထို့ကြောင့် သူမက မိခင်-ကလေးအဆောင်ကို သုံးပြီး ချီရွှမ်းစုနှင့် မဆင်မခြင် ဆက်သွယ်ရဲခြင်း မရှိပေ။

“ငါ့ကို ဒီလိုပုံစံနဲ့ ဆက်သွယ်တာကလည်း မိခင်ကလေးအဆောင်သုံးပြီး တိုက်ရိုက်ဆက်သွယ်တာထက် ပိုကောင်းမယ်လို့ မထင်ဘူး”

ချီရွှမ်းစုက မျက်ခုံးပင့်လိုက်သည်။

လီချင်းနုက သက်ပြင်းချလိုက်၏။

“ဒါက ငါ့ရဲ့ နဂိုအစီအစဉ် မဟုတ်ဘူး... နင်တို့နှစ်ယောက်က ငါ့ရဲ့အစီအစဉ်ကို နှောင့်ယှက်ခဲ့တာပဲ... အဲဒါက ကျန်းယွဲ့လုကို လျှော့တွက်မိတဲ့ ငါ့အမှားလည်းပါတယ်... ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဒီအခြေအနေကို ရောက်လာပြီဆိုမှတော့ ငါ သိပ်ပြီးလည်း စိုးရိမ်မနေနိုင်တော့ဘူး”

ချီရွှမ်းစုက မေးလိုက်၏။

“မင်းက ဒီလောက်အထိ အန္တရာယ်ကို စွန့်စားလာရအောင် အစ်မချီက ငါ့ကို ဘာမှာချင်တာမို့လို့လဲ”

လီချင်းနုက သတိပေးလိုက်သည်။

“အစ်မချီ ပြောတာ လူတစ်အုပ်စုက နင့်ကို ပစ်မှတ်ထားနေတယ်တဲ့... နင် သတိထားရမယ်”

“ဘယ်သူလဲ”

ချီရွှမ်းစုက မေးမြန်းလိုက်၏။

လီချင်းနုက ဝေ့ဝိုက်မနေဘဲ ပြောလိုက်သည်။

“ချင်းဖျင်အသင်းက (ခ)အဆင့်အသင်းဝင်တွေပဲ... မင်းသားချင်၊ ရှဲ့ချိုးနျန်နဲ့ ဟွာကျန်းယီ… နင် သတိထားနေသင့်တယ်... နင် သိထားတဲ့အတိုင်း ချင်းဖျင်အသင်းက စည်းလုံးမှုရှိတာ မဟုတ်ဘူး... အသင်းဝင်အချင်းချင်း တိုက်ခိုက်တာတွေကလည်း ဖြစ်ပျက်နေကျပဲ... စောစောက နင် ငါ့ကို သတ်ဖြတ်ချင်ခဲ့သလိုပေါ့”

ချီရွှမ်းစုက ရှဲ့ချိုးနျန်ဟူသော အမည်ကို ကြားရသည့်အချိန်မှာ ယွီလန်ဘုရားကျောင်းက အတွေ့အကြုံကို ပြန်လည်အမှတ်ရသွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။ ရှဲ့ချိုးနျန်၏ တိုက်ခိုက်ရည်ခွန်အားက ကျန်းယွဲ့လုထက် အနည်းငယ်နိမ့်ကျသော်လည်း သူမက သူ့ထက် အပြတ်အသတ် သေချာပေါက် သာလွန်လေသည်။

လီချင်းနုက ထပ်ပြောလိုက်သည်။

“သခင်မချီ ပေးတဲ့ သတင်းအချက်အလက်အရဆိုရင် မင်းသားချင်နဲ့ ရှဲ့ချိုးနျန်က ကျုံးကျိုးကို သွားတယ်… ဟွာကျန်းယီကတော့ နင့်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်”

ချီရွှမ်းစုသည် ထိုစဉ်တုန်းက အမှတ်မထင် တွေ့ဆုံခဲ့သည်ဟု သူထင်ရသော ကျင်းကွမ်စီရင်စုမှ လူလိမ်အုပ်စုကို ချက်ချင်းပင် တွေးမိသွားသည်။ သို့သော် အချက်အလက်များကို ဆက်စပ်ကြည့်ပြီးနောက် ထိုလူများက ဟွာကျန်းယီ၏ နောက်လိုက်ငယ်သားများ ဖြစ်ဖို့များလေသည်။

အရာရာတိုင်းက အချိတ်အဆက်မိသွားသည်။

လီချင်းနုက ဆက်ပြောလိုက်၏။

“သခင်မချီက ပြောလိုက်သေးတယ်... ထိုက်ဖျင်ဂိုဏ်းက သူတော်စင်ချင်းဝေက ဧကရာဇ်နဲ့ တွေ့ဆုံဖို့အတွက် အင်ပါယာနေပြည်တော်ကို သွားတော့မယ်တဲ့… ထိုက်ဖျင်ဂိုဏ်းက ဒီတစ်ခေါက် သူတော်စင်ချင်းဝေအတွက် အဆင့်မြင့်တာအိုဆရာ ၃၆ ဦးကို အခြွေအရံအဖြစ် စီစဉ်ပေးလိုက်တယ်”

“သူတို့ထဲက တစ်ယောက်ကို ကျန်းပျဲယွင်လို့ ခေါ်တယ်... အဆင့် ၄ ကျီကျိုးတာအိုအကြီးအကဲတစ်ဦးပဲ... ဖုန်ထိုက်ခရိုင်က အကြမ်းဖက်မှုနောက်ကွယ်မှာ အဲဒီလူ ပါတယ်... လုကျိုးက ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ ဒုစစ်ကဲ ကျောက်ကွမ်းကျီကလည်း သူတော်စင်ချင်းဝေ ရောက်အလာကို စောင့်ဆိုင်းဖို့အတွက် အင်ပါယာသက်တော်စောင့်ရုံးကို သွားတယ်”

ချီရွှမ်းစုက မျက်မှောင်ကြုတ်လိုက်သည်။ ဤတစ်ခေါက် သခင်မချီ၏ လူမှုကွန်ရက် ကျယ်ပြန့်ပုံမှာ သူက အံ့အားသင့်မနေအားပေ။ သူ၏ စိတ်အာရုံအကုန်က သူတော်စင်ချင်းဝေထံ ရောက်ရှိနေသည်။

အချက်အလက်များအရ သူတော်စင်ချင်းဝေကလည်း ရွှမ်ကျောက်စိမ်းကို ရှာဖွေရာမှာ ပါဝင်ပတ်သက်နေသည်။ ချီရွှမ်းစု၏ နောက်ကွယ်မှ ပြဿနာများကို အစ်မချီက ရှင်းလင်းပေးခဲ့ခြင်းမဟုတ်လျှင် သူက ထိုက်ဖျင်ဂိုဏ်းဟူသော ဧရာမအဖွဲ့အစည်းနှင့် ရင်ဆိုင်ဖို့ ဆင့်ခေါ်ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူက သေချာပေါက် သတ်ဖြတ်ခံရပေမည်။

လီချင်းနုက ပြောလိုက်သည်။

“သခင်မချီက ငါ့ကို တစ်ခါကူညီပေးခဲ့ဖူးတယ်... အဲဒါကြောင့် အခု နင့်ဆီကို သတင်းစကားပါးပေးရင်းနဲ့ သူ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ငါ ဒီကို ရောက်လာတာပဲ... ဒါပေမဲ့ ထျန်ကန်းခန်းမရဲ့ မှန်ကန်ဖြောင့်မတ်တဲ့ လက်ထောက်ခန်းမသခင် ကျန်းယွဲ့လုက ငါ့ကို သံသယဝင်လာလိမ့်မယ်လို့ ထင်မထားဘူး... ငါ ဘာလုပ်ရမလဲ”

ချီရွှမ်းစုက နတ်နဂါးပစ္စတို၏ မောင်းကို ပြန်ချလိုက်၏။

“ဒီကိစ္စ ငါ့တာဝန်ယူထားလိုက်”

“ပညာရှိကျန်းက အတော်လေး လိမ္မာပါးနပ်တယ်... ငါ ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်ကို နင် ဘယ်လိုရှင်းပြရမလဲ”

လီချင်းနုက မေးလိုက်သည်။

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို သိမ်းလိုက်၏။

“ဒါက မင်းကိစ္စ မဟုတ်ဘူး”

လီချင်းနုက ရယ်မောကာ ပြောလိုက်၏။

“နင် ပညာရှိကျန်းကို သဘောကျနေတာလား”

“ဒါကလည်း မင်းကိစ္စမဟုတ်ပြန်ဘူး”

ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။

လီချင်းနုက ဆွဲဆောင်မှုရှိသော သူမ၏ ပန်းအလှမယ်သွင်ပြင်ဟန်ပန်ကို နောက်တစ်ဖန် ပြန်ဖမ်းယူပြီး ပါးစပ်ကို ယပ်တောင်ဖြင့် ကာလိုက်သည်။

“ကောင်းပြီလေ… ဒါဆိုရင် ငါ မမေးတော့ဘူး… ဒီပြဿနာကို နင် အဆင်ပြေပြေ ဖြေရှင်းနိုင်ရင် ပြီးတာပဲ”

အခန်း ၁၅၄ - ဖုံးကွယ်ခြင်း

ကျန်းယွဲ့လုက ချီရွှမ်းစုကို မသိမသာ ပြောင်းလဲပေးပြီး လူကောင်းတစ်ယောက် ဖြစ်လာစေချင်သည်။ ချီရွှမ်းစုကလည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလိုပြီး ဤပြောင်းလဲမှုကို လက်ခံကြိုဆိုထားသည်။

ထို့ကြောင့် သူတို့မှာ ဖွင့်ဟပြောဆိုမထားသော နားလည်မှုတစ်ခု ရှိနေကြသည်။ ကျန်းယွဲ့လုက ချီရွှမ်းစု၏ အတိတ်ကို မေးမြန်းစုံစမ်းခြင်း မရှိသလို ချီရွှမ်းစုကလည်း လိမ်ညာခြင်းအပါအဝင် သူ၏ မကောင်းသော အကျင့်ဆိုးများကို ရှင်းထုတ်ဖို့ ကြိုးစားနေသည်။

ချီရွှမ်းစုက ကျန်းယွဲ့လုကို မလှည့်စားချင်သော်လည်း နောက်ဆုံး မတတ်သာတော့သည့် အခြေအနေမှာ သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ရပေတော့မည်။

ကျန်းယွဲ့လုက သူပြောသမျှယုံမည့် တုံးတုံးအအ မိန်းကလေးတစ်ဦး မဟုတ်သောကြောင့် သူ့အတိတ်ကို ဘယ်လိုဖုံးကွယ်ရမလဲ သေသေချာချာ စဉ်းစားရပေမည်။ သူမက သတိကြီးပြီး လိမ္မာပါးနပ်သည်။ သူ့ထံမှ အကြောင်းပြချက်ကောင်းကောင်း ထွက်မလာဘူးဆိုလျှင် သူက လီချင်းနု၏ သရုပ်သကန်ကို ကူညီ၍ ဖုံးကွယ်မပေးနိုင်မည်သာမက သူကိုယ်တိုင်ပင် ဒုက္ခရောက်ရပေလိမ့်မည်။

သူ၏ အစစ်အမှန် သရုပ်သကန်ကို သိရှိသွားမည်ဆိုလျှင် ကျန်းယွဲ့လု သူ့ကို ဘာလုပ်မလဲ ချီရွှမ်းစု စဉ်းစားမကြည့်နိုင်ပေ။ သူမက သေချာပေါက် ဒေါသချောင်းချောင်းထွက်လိမ့်မည်ဖြစ်ပြီး စိတ်လိုက်မာန်ပါဖြင့် သူ့ကို သတ်ပင် သတ်ပစ်နိုင်သည်။

ချီရွှမ်းစု၏ ယခင်အတွေ့အကြုံအရ ကျန်းယွဲ့လုကို လှည့်စားဖို့ အကောင်းဆုံးနည်းလမ်းမှာ အမှန်နှင့်အမှားကို ရောနှောပြီးပြောခြင်း ဖြစ်လေသည်။

ဤအခြေအနေမှာ အမှန်တရားက...

သူ ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များက...

သို့သော်လည်း ဤအမှန်တရားများသက်သက်က မလုံလောက်ပေ။ ကျန်းယွဲ့လုက အဲဒါတွေကို သတိထားမိနေပြီးသားဖြစ်သည်။ ထို့ကြောင့် ချင်းဖျင်အသင်းဝင်များအဖြစ် သူတို့၏သရုပ်သကန်ကို ဖုံးကွယ်ဖို့အတွက် လက်ရှိအခြေအနေကို အခြားသော သတင်းအချက်အလက်တချို့နှင့် ခလောက်ပစ်ရပေမည်။

ချီရွှမ်းစုသည် သူ့ထံ အစ်မချီ ပါးပေးလိုက်သည့် သတင်းအချက်အလက်များနှင့် သူအား ကျန်းယွဲ့လု ပြောပြခဲ့သည့် တာအိုဂိုဏ်းတော်မှာ ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကို ရုတ်တရက် တွေးမိသွားသည်။ သူ့စိတ်ထဲမှာ ရဲတင်းသော စိတ်ကူးတစ်ခုက တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။

သူက လီချင်းနုကို မေးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံမှုက လီမိသားစုကနေ ရတာလား... ချင်းဖျင်အသင်းကနေလား”

“နှစ်ခုစလုံးပဲ... ဒါပေမဲ့ အဓိကကတော့ လီမိသားစုကပဲ”

လီချင်းနုက ပြန်ဖြေလိုက်၏။

ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်သည်။

“ရှန်ချင်းစီရင်စုကို မင်းရောက်နေတဲ့အပေါ် လီမိသားစုရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ”

“ဘာမှမရှိဘူး... လီမိသားစုက ငါ့ရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်မထားဘူး... ငါက သူတို့အတွက် ငွေဘယ်လောက်ရှာပေးနိုင်မလဲပဲ သူတို့ ဂရုစိုက်တယ်... ဘာပဲပြောပြော ဘယ်သူကမှ လီမိသားစုရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

လီချင်းနုက ထပ်ပြောလိုက်သည်။

“အဲဒါကြောင့်ပဲ ငါက ငွေမက်တဲ့သူတွေကို မုန်းတီးနေတာ”

ချီရွှမ်းစုက လီချင်းနု၏ စောင်းမြောင်းပြောဆိုမှုကို လျစ်လျူရှုပြီး မတ်တတ်ရပ်ကာ တံခါးရှိရာသို့ လျှောက်လှမ်းသွား၏။

ဤအချိန်မှာ ကျန်းယွဲ့လုက လက်ပိုက်ပြီး အပြင်ဘက်မှာ မတ်တတ်ရပ်နေသည်။ ချီရွှမ်းစုကို တွေ့မြင်သောအခါ သူမက မေးလိုက်၏။

“နင် ဘာသိရလဲ”

ချီရွှမ်းစုက သူမ၏ မေးခွန်းကို မဖြေပေ။

“ငါတို့ သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်မှာလား”

“ဒါပေါ့... ငါတို့ တခြားဘာလုပ်နိုင်မှာလဲ... ကျားချင်အပန်းဖြေဂေဟာမှာ ပြဿနာရှာပြီး သူ့ကို တာ့ကျန်းစီရင်စုဆီ ခေါ်သွားဖို့လား”

ကျန်းယွဲ့လုက အချိုးဖောက်ကာ ပြောလိုက်၏။

သူမက ထပ်ပြောလိုက်သည်။

“ဒါနဲ့ နင် သူ့ဆီကနေ ဘာတွေ သိခဲ့ရလဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။

“အများကြီးပဲ... သူ့ရဲ့ ကျင့်ကြံမှုကို လီမိသားစုက ပေးထားတာပဲ... ပြီးတော့ သူက သူတို့အတွက် သတင်းအချက်အလက် ရှာဖွေပေးဖို့ တာဝန်တစ်ခုနဲ့ ဒီကိုရောက်လာတာ”

“သတင်းအချက်အလက် စုဆောင်းဖို့လား”

ကျန်းယွဲ့လုက အနည်းငယ် အံ့အားသင့်သွားသည်။

“နင်ပြောချင်တာ... လီမိသားစုက သူ့ကို ရှန်ချင်းစီရင်စုက ဆွေမျိုးတွေဆီကို အလည်သွားခိုင်းတဲ့ပုံစံနဲ့ သတင်းအချက်အလက် စုဆောင်းခိုင်းထားတာလား”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“အဲဒီလို ဖြစ်လောက်တယ်”

ကျန်းယွဲ့လုက တွေးတောငေးမောသွား၏။

“ဘယ်လို သတင်းအချက်အလက်မျိုးလဲ”

ချီရွှမ်းစုက အဖြေတစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

“ရှန်ချင်းစီရင်စုက ကျန်းမိသားစုရဲ့ ဗဟိုချက်မပဲ... ကျန်းမိသားစုက မျိုးဆက်တော်တော်များများကလည်း ဒီမှာ နေထိုင်ကြတယ်... ကျန်းမိသားစုက တစ်ယောက်ယောက်က သူ့ရဲ့ ညှို့ငင်ဖမ်းစားမှုမှာ ကျဆင်းသွားမယ်ဆိုရင် လီမိသားစုက ကျန်းမိသားစုထဲမှာ သူလျှိုတစ်ယောက် ထည့်ထားသလို ဖြစ်သွားလိမ့်မယ်... အဲဒါဆိုရင် ကျန်းမိသားစု ဒါမှမဟုတ် ကျန်းယီဂိုဏ်းမှာ ပြဿနာတစ်ခုခု ရှိနေသလား သူက အချိန်မရွေး သိရလိမ့်မယ်”

“သူတို့က ကျန်းမိသားစုမှာ ပုန်ကန်မှုတစ်ခု လှုံ့ဆော်ဖို့ ကြိုးစားနေတာလား”

ကျန်းယွဲ့လုက မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဤကဲ့သို့သော နည်းလမ်းများမှာ အံ့အားသင့်မသွားပေ။ ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို မစုစည်းခင်က အမျိုးမျိုးသော ဂိုဏ်းများသည် သူတို့အချင်းချင်းကြားမှာ အမြဲတမ်း တိုက်ခိုက်နေခဲ့ကြသည်။

ဤကဲ့သို့ သူလျှိုထားခြင်းမျိုးက သူတို့ လုပ်နေကျဖြစ်သည်။ လျှို့ဝှက်အသင်းအဖွဲ့များနှင့် တာအိုဂိုဏ်းတော်သည် တစ်ဖက်နှင့်တစ်ဖက် စိမ့်ဝင်ထိုးဖောက်ဖို့အတွက် သူလျှိုများကို စေလွှတ်ပေးကြသည်။

ပေချန်ခန်းမ၏ တာဝန်များထဲမှ တစ်ခုသည် တာအိုဂိုဏ်းတော်အတွင်းမှာ ဤကဲ့သို့သော သူလျှိုများကို ရှင်းထုတ်ရန်ဖြစ်သည်။ သဘောတရားအရ ချီရွှမ်းစုကလည်း သူတို့၏ ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။

ကျန်းယွဲ့လုက ထပ်ပြောလိုက်သည်။

“ကျန်းမိသားစုနဲ့ လီမိသားစုက ပြန်ပေါင်းထုပ်ပြီးကတည်းက သူတို့တွေက ဒီလိုမျိုး အပြုအမူတွေကို မလုပ်ကြတော့ဘူး... ဒါပေမဲ့ အဲဒါက နှစ် ၂၀၀ကျော် ကြာသွားပြီဆိုတော့ လီမိသားစုက ဒါမျိုးပြန်လုပ်လာမယ်ဆိုရင် ငါ အံ့ဩမိမှာ မဟုတ်ဘူး… ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ”

ချီရွှမ်းစု၏ မျက်နှာက တည်ကြည်လေးနက်သွား၏။

“အကြောင်းပြချက်က အတော်လေး ရိုးရှင်းတယ်... ဂုဏ်ကျက်သရေ ကြီးမားလှတဲ့ မဟာအကြီးအကဲ နေရာအတွက်ပဲ”

ကျန်းယွဲ့လုက တုန်လှုပ်သွားသည်။

သူ့ကို ကျန်းယွဲ့လု ပြောပြခဲ့သည့် တာအိုဂိုဏ်းတော်၏ အတွင်းရေးဇာတ်လမ်းတချို့ကို ပြန်လည်စဉ်းစားပြီး ချီရွှမ်းစုက ဆက်ပြောလိုက်သည်။

“ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ တက်လှမ်းသွားပြီးကတည်းက မဟာအကြီးအကဲနေရာက လစ်လပ်နေခဲ့တယ်... မဟာအကြီးအကဲအသစ်အတွက် ထောက်ခံပေးထားတဲ့သူတချို့ ရှိပေမဲ့ ဘယ်သူကမှ မအောင်မြင်ခဲ့ဘူး… အခု လက်ထောက်မဟာအကြီးအကဲ သုံးဦးစလုံးက အသက် ၈၀ ကျော်လာကြပြီ”

“သူတို့ရဲ့ အသက်အရွယ်နဲ့ဆိုရင် သူတို့က အဲဒီနေရာကို ရယူဖို့ မသင့်လျော်တော့ဘူး… မဟာအကြီးအကဲအသစ် ဖြစ်လာဖို့ အသင့်လျော်ဆုံး အလောင်းအလျာတွေက ထိုက်ဖျင်ဂိုဏ်းက သူတော်စင်ချင်းဝေ၊ ကျန်းယီဂိုဏ်းက သူတော်စင်စီဟန်နဲ့ ချွမ်ကျန်းဂိုဏ်းက သူတော်စင်တန်ဟွားတို့ပဲ... ရွှမ်အရှင်မြတ်ခေတ်ကတည်းက မဟာအကြီးအကဲတွေအဖြစ် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးအများကြီး ရှိခဲ့တယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်မှာ ဘယ်တုန်းကမှ အမျိုးသမီး မဟာအကြီးအကဲ မရှိခဲ့ဘူး... အဲဒါကြောင့် သူတော်စင်စီဟန်က အထောက်အပံ့ကောင်းကောင်းကို ပိုပြီးတော့ လိုအပ်နေတယ်”

ကျန်းယွဲ့လုက မဟာအကြီးအကဲ ဖြစ်လာဖို့ ရည်မှန်းထားသော်လည်း သူမက သတ္တမမျိုးဆက် မဟာအကြီးအကဲ ဖြစ်လာဖို့ မျှော်လင့်မထားပေ။ တကယ်တော့ သူမ၏ ရည်ရွယ်ချက်သည် နောက်ဆယ်စုနှစ်တစ်ချို့ကြာပြီးလျှင် အဋ္ဌမမျိုးဆက် မဟာအကြီးအကဲ သို့မဟုတ် နဝမမျိုးဆက် မဟာအကြီးအကဲ ဖြစ်လာဖို့ပင်။

သတ္တမမျိုးဆက် မဟာအကြီးအကဲအတွက် ယှဉ်ပြိုင်ဖို့ တကယ်တမ်း အဆင့်မီသည့်သူများက ယခု ချီရွှမ်းစု ဖော်ပြခဲ့သည့် တန်ခိုးရှင်သူတော်စင် သုံးပါးပင်ဖြစ်သည်။

ကျန်းယွဲ့လုက တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ထိုက်ဖျင်ဂိုဏ်းနဲ့ လီမိသားစုက မဟာအကြီးအကဲနေရာအတွက် လှုပ်ရှားလာမယ်ဆိုရင် ယုတ္တိတန်တယ်”

ဤစကားကို ယူပြီး ချီရွှမ်းစုက ထပ်ပြောလိုက်သည်။

“လီချင်းနုက ပြောသေးတယ်... သူတော်စင်ချင်းဝေက ထိုက်ဖျင်ဂိုဏ်းက အဆင့်မြင့် တာအိုဆရာ ၃၆ ဦး ခြံရံပြီး ဧကရာဇ်နဲ့ တွေ့ဆုံဖို့ အင်ပါယာနေပြည်တော်ကို သွားနေတယ်တဲ့... ထိုက်ဖျင်ဂိုဏ်းက အင်ပါယာနန်းတော်နဲ့ အမြဲတမ်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်... သူတော်စင်ချင်းဝေက ဒီတစ်ခေါက် အင်ပါယာနေပြည်တော်ကို သွားတယ်ဆိုတော့….”

ကျန်းယွဲ့လုသည် ဤအချိန်အတောအတွင်း ကျောက်စိမ်းနေပြည်တော်မှာ မရှိနေခဲ့သည့်အတွက် သူတော်စင်ချင်းဝေ၏ လှုပ်ရှားမှုများကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် ဤစကားကို ကြားရချိန်မှာ သူမက အံ့အားသင့်သွားသည်။

ချီရွှမ်းစုက သူမ၏ အမူအရာကို အကဲခတ်ပြီး ဆက်ပြောလိုက်သည်။

“ဧကရာဇ်က မဟာသူတော်စင် ဇီကျိပဲ... တာအိုဂိုဏ်းတော်ရဲ့ မဟာအကြီးအကဲ ရွေးချယ်တင်မြှောက်မှုမှာ သူက ကြားဝင်စွက်ဖက်နိုင်မှာလား”

“သဘောတရားအရတော့ မစွက်ဖက်နိုင်ဘူး... ဒါပေမဲ့ အဲဒါ တာအိုဂိုဏ်းတော်က တစ်သွေးတည်း တစ်သံတည်း ဖြစ်နေမှပဲ… ထိုက်ဖျင်ဂိုဏ်းက စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်”

ကျန်းယွဲ့လု၏ မျက်နှာက တည်ကြည်လေးနက်လာ၏။

ကျန်းယွဲ့လု၏ စိတ်အာရုံကို သူတော်စင်ချင်းဝေထံ အောင်အောင်မြင်မြင် လွှဲပြောင်းနိုင်သည့်အတွက် ချီရွှမ်းစုက ဆက်လက်၍ မပြောဆိုတော့ပေ။

သူမက ခပ်တိုးတိုး ပြောလိုက်သည်။

“သူက အဆင့်မြင့် တာအိုဆရာ ၃၆ ဦး ခြံရံပြီး သွားတယ်ဆိုတော့ ဒါက အင်ပါယာနေပြည်တော်ဆီ သာမန်အလည်အပတ် မဟုတ်ဘူးလို့ ပြသနေတာပဲ... အဲဒါက ဧကရာဇ်နဲ့ ထုံးတမ်းစဉ်လာ တွေ့ဆုံမှုပဲ… ဒီကိစ္စက တာအိုဂိုဏ်းတော်ထဲမှာ သေချာပေါက် အုန်းအုန်းကျက်ကျက် ဖြစ်သွားစေလိမ့်မယ်… အဲဒါကြောင့် ထိုက်ဖျင်ဂိုဏ်းက သတင်းအချက်အလက် စုစည်းဖို့နဲ့ တခြားဂိုဏ်းတွေရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ဖို့ သူတို့ရဲ့ လူတွေကို လွှတ်လိုက်တာဖြစ်မယ်… တခြားဂိုဏ်းတွေမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိလာမယ်ဆိုရင် သူတို့က ခြေတစ်လှမ်း နောက်ဆုတ်ကြလိမ့်မယ်… ဒါပေမဲ့ တခြားဂိုဏ်းတွေမှာ တုံ့ပြန်မှု ထူးထူးခြားခြား မရှိဘူးဆိုရင် ထိုက်ဖျင်ဂိုဏ်းက ရှေ့ကို ခြေတစ်လှမ်း ထပ်တိုးလိမ့်မယ်”

ချီရွှမ်းစုက တိတ်တဆိတ်ဖြင့် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤအချိန်မှာ အခန်းထဲမှာ ရှိနေဆဲဖြစ်သော လီချင်းနုက အဟောင်းသားဖြစ်နေသော သူမ၏ ပါးစပ်ကို ယပ်တောင်ဖြင့် ကာလိုက်သည်။ သူက တွေဝေရှုပ်ထွေးသော အကြည့်ဖြင့် ချီရွှမ်းစုကို ကြည့်နေ၏။

ကျန်းယွဲ့လု၏ ဝေဖန်ဆန်းစစ်မှုမှာ လီချင်းနုက အံ့အားသင့်မသွားပေ။ ချီရွှမ်းစုထံမှ ထွက်လာသော ပေါက်တတ်ကရစကားများက အမှန်တရားနှင့် ဤမျှအထိ နီးစပ်နေသောကြောင့်သာ သူမက အံ့အားသင့်သွားခြင်းဖြစ်သည်။

ထိုက်ဖျင်ဂိုဏ်းသည် အခြားသော ဂိုဏ်းများ၏ တုံ့ပြန်မှုကို စမ်းသပ်ဖို့ တကယ်ပင် စိတ်ကူးရှိထားသည်။ သို့သော် အဲဒါက သူမ၏ တာဝန် မဟုတ်ပေ။ သူမ၏ တာဝန်က အသပြာရှာဖို့သာ ဖြစ်သည်။ သူတို့၏ ငွေတွင်းကို သူလျှိုတစ်ဦးအဖြစ် အသုံးချဖို့က ဖြုန်းတီးရာကျလိမ့်မည်ဟု လီမိသားစုက တွေးထားသည်။ တကယ်တော့ လီမိသားစု ဦးဆောင်နေသည့် ထိုက်ဖျင်ဂိုဏ်းသည် သတင်းအချက်အလက် စုစည်းဖို့အတွက် လူသူအင်အားကို တကူးတက စေလွှတ်နေစရာ မလိုပေ။ အရင်ကတည်းက စောင့်ဆိုင်းနေသည့် သူတို့၏ သူလျှိုများ၊ လျှို့ဝှက်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဖို့သာ လိုလေသည်။

တကယ်တော့ ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းကလည်း ဘာမှ မသိနားမလည်သူများ မဟုတ်ကြပေ။ သူတို့ကလည်း သူတို့နည်း သူတို့ဟန်ဖြင့် တုံ့ပြန်ကြပေလိမ့်မည်။

ကျန်းယွဲ့လုက သတိပြန်ကပ်လာသည့်အချိန်မှာ ချီရွှမ်းစုက မဝံ့မရဲဖြင့် မေးလိုက်သည်။

“လီချင်းနုကို ဘယ်လိုလုပ်မလဲ”

“သူ့ကို စိုးရိမ်မနေနဲ့… လီမိသားစုက တကယ်ပဲ သတင်းအချက်အလက် ရယူချင်နေတယ်ဆိုရင် သူတို့က လူတစ်ယောက်တည်းကိုပဲ စေလွှတ်မှာ မဟုတ်ဘူး”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ရှန်ချင်းခရိုင်ကို အခုပဲ သွားကြရအောင်”

ချီရွှမ်းစုက ထိတ်လန့်သွား၏။

“ရှန်ချင်းစီရင်စုမှာ ရက်အနည်းငယ်​ကြာ နေမယ်လို့ မင်းပြောခဲ့တယ်မလား… ငါတို့ ထိုက်ဖျင်တည်းခိုခန်းမှာ အခန်းခ ပေးပြီးသွားပြီပဲ”

“ထားလိုက်တော့… ဒီကိစ္စကို တာ့ကျန်းစံအိမ်ဆီ ချက်ချင်းတင်ပြချင်တယ်”

ကျန်းယွဲ့လုက အလောတကြီးနိုင်စွာဖြင့် ပြောလိုက်၏။

သူပြောခဲ့သည့် စကားအများစုက သူ၏ ထင်မြင်ယူဆချက်အပေါ် အခြေခံထားသည်ကို ချီရွှမ်းစုက သိရှိထားပြီး ရုတ်တရက် မလုံမလဲ ခံစားလာရသည်။

“ဒီအကြောင်းကို တာ့ကျန်းစံအိမ်ကလည်း သိပြီးသွားရော နေမှာပေါ့… ငါတို့ တကူးတက တင်ပြနေစရာ မလိုလောက်တော့ပါဘူး”

ကျန်းယွဲ့လုက တာအိုဂိုဏ်းတော်နှင့် ပတ်သက်သည့် အရေးကိစ္စများကို အလေးအနက်ထားလေသည်။ သူမက ညှိနှိုင်းဆွေးနွေးခွင့်မပေးဘဲ ပြောလိုက်သည်။

“တာ့ကျန်းစံအိမ်က အဲဒါကို သိတာ မသိတာ အသာထား… သူတို့ဆီကို သတင်းပို့ပေးရမှာ ငါ့တာဝန်ပဲ”

ယွီလန်ဘုရားကျောင်းက ရွှမ်ကျောက်စိမ်းဖြစ်ရပ်ကြောင့် ချင်းဖျင်အသင်းသားတစ်အုပ်စုက သူ့ကို စောင့်ကြည့်နေသည်ကို ချီရွှမ်းစုက ရုတ်တရက် အမှတ်ရသွားသည်။

သူနှင့်ကျန်းယွဲ့လုက ကြီးမားသော ပစ်မှတ်တစ်ခုဖြစ်သည်။ ဒါ့အပြင် ကျန်းယွဲ့လုက ဤလူအုပ်စု၏ တည်ရှိမှုကို သတိမထားမိသည့်အတွက် သူမ၏ တည်နေရာကို တမင်သက်သက် ဖုံးကွယ်မထားဘဲ ဤလူအုပ်စုကို ရှောင်လွှဲဖို့ ခက်လေသည်။

သူမ သံသယဝင်မည်စိုးသည့်အတွက် ဤလူအုပ်စုကို သူ ဘယ်လိုသိလဲ ချီရွှမ်းစုက ကျန်းယွဲ့လုကို ရှင်းမပြနိုင်ပေ။ သူက ကျန်းယွဲ့လုကို သတိဝီရိယဖြင့် လှုပ်ရှားဖို့ ဖျောင်းဖျဖို့နေနေသာ ရွှမ်ကျောက်စိမ်းနှင့် ပတ်သက်သည့် အမှန်တရားကိုပင် သူမကို ပြောမပြနိုင်ပေ။

ဤအကြောင်းကို စဉ်းစားရင်း ရှန်ချင်းခရိုင်သို့ ယခုချက်ချင်း သွားရောက်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်ဟု ချီရွှမ်းစု တွေးမိလိုက်သည်။

ရှန်ချင်းခရိုင်က ရှန်ချင်းစီရင်စု၏ အလယ်ဗဟိုဖြစ်ပြီး ကျန်းယီဂိုဏ်း၏ တရားစီရင်မှုအောက်မှာ ရှိနေသည်။ ရှဲ့ချိုးနျန်က ကွန်ဖြူးရှပ်ကျောင်းတော်မှ ဖြစ်သည်ဟု ကျန်းယွဲ့လု အရင်က ပြောခဲ့ဖူးပြီး ထိုလူအုပ်စုက ရှန်ချင်းခရိုင်သို့ တိတ်တဆိတ် ဝင်ရောက်လာရန် ခက်ခဲပေလိမ့်မည်။

ချီရွှမ်းစုသည် သခင်မထျန်ထိုက်နှင့် စောလျင်စွာ ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း သူက ရှဲ့ချိုးနျန်တို့ အုပ်စုကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။

နှစ်သစ်ကူးပြီးနောက် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက လာရာလမ်းအတိုင်း ပြန်သွားစရာ မလိုပေ။ သူတို့က ရှန်ချင်းနန်းတော်ကနေ ကျောက်စိမ်းနေပြည်တော်သို့ ဝေဟင်ပျံသင်္ဘော စီးသွားနိုင်သည်။ ထိုသို့ဖြင့် သူတို့သည် ဤလူအုပ်စု၏ လိုက်လံမှုကနေ လုံးဝ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ချီရွှမ်းစုက အကြံပေးလိုက်၏။

“ဒါဆိုရင် အခုပဲ ရှန်ချင်းခရိုင်ကို သွားကြတာပေါ့… ဒါပေမဲ့ ငါတို့ အခန်းဆီကနေ အရင် ငွေပြန်သွားတောင်းရမယ်… ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီဝတ်စုံကို လဲရဦးမှာပဲ။”

All Chapters