← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း ၁၅၅ - ရှန်ချင်းခရိုင်

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ထိုက်ဖျင်တည်းခိုခန်းကို ပြန်ရောက်လာကြသည်။ ကျန်းယွဲ့လုက သူမ၏ ရုပ်ဖျက်မှုကို ခွာချပြီးနောက် သူတို့က ကောင်တာသို့ သွားရောက်လိုက်ကြ၏။ တည်းခိုခန်း၏ ဧည့်ကြိုဝန်ထမ်းက အတော်လေး ပြောရဆိုရလွယ်ကူပြီး တစ်ရက်စာ ငှားရမ်းခကိုသာ ယူကာ ကျန်ငွေများကို ပြန်အမ်းပေးလိုက်သည်။

ချီရွှမ်းစုက အမ်းငွေကို သိမ်းယူပြီး ကျန်းယွဲ့လုနှင့်အတူ မြို့ထဲကနေ ထွက်ခွာသွားသည်။

အချိန်က မှောင်နေပြီဖြစ်ပြီး မြို့ဂိတ်တံခါးများကို ပိတ်ထားလေသည်။ သို့သော် ဤနေရာက နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းလာသောကြောင့် လူများ ဝင်နိုင်ထွက်နိုင်သည့် ဘေးဘက်တံခါးငယ်တစ်ပေါက် ရှိနေသည်။

သူတို့ မြို့ထဲကနေ ထွက်ခွာတော့မည့်အချိန်မှာ မတော်တဆ ဖြစ်ရပ်ငယ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ရထားလုံးတစ်စင်းက မြို့ထဲကနေ ထွက်တော့မည့်ဆဲဆဲမှာ အခြားသော ရထားလုံးတစ်စင်းကလည်း မြို့ထဲကို ဝင်ရောက်လာ၏။ ဘေးဘက်တံခါးပေါက်က ကျဉ်းမြောင်းသော်လည်း ရထားလုံးနှစ်စင်းက တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ မောင်းနှင်လာကြ၏။

ပိုမိုအထက်တန်းကျသော ရထားလုံးထဲမှ ခပ်ဝဝ အမျိုးသားတစ်ဦး ထွက်လာပြီး သာမန်ပုံစံရထားလုံးဘက်သို့ စတင်၍ အော်ဟစ်ကျိန်ဆဲနေ၏။ သို့သော် သာမန်ပုံစံရထားလုံးထဲကနေ ချောချောလှလှ ငယ်ရွယ်သော အစေခံမလေးတစ်ဦး ထွက်လာပြီးနောက် ခပ်ဝဝလူ၏ လေသံက ပြောင်းလဲသွား၏။ သူက အော်ဟစ်ကျိန်ဆဲမနေတော့ဘဲ စတင်၍ ထိုမိန်းကလေးကို နောက်ပြောင်ကျီစယ်လာသည်။

ထို့နောက် ချက်ချင်းပင် သာမန်ရထားလုံးထဲကနေ အမျိုးသားငယ်တစ်ဦး ထွက်လာလေသည်။ ထိုလူ၏ အမူအရာက အေးစက်နေပြီး ခပ်ဝဝလူနှင့် ငြင်းခုန်အော်ဟစ်နေခြင်းမရှိပေ။ ထိုအစား သူက အစေခံမိန်းကလေးနှင့် မြင်းလှည်းသမားကို ဘေးဘက်သို့ ရွှေ့ခိုင်းပြီး သူကိုယ်တိုင် မြင်းဇက်ကြိုးကို ဝင်ဆွဲလိုက်သည်။ နောက်ခဏ၌ သူက မြင်းကို ကျာပွတ်ဖြင့် ရိုက်နှက်မောင်းနှင်ပြီး အထက်တန်းကျသောရထားလုံးကို ပစ်တိုက်ချလိုက်၏။

မြင်းနှင့် သာမန်ရထားလုံးက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသော်လည်း လူငယ်က အတော်လေးကျွမ်းကျင်မှုရှိသည်။ သူက နောက်ဆုံးအခိုက်အတန့်မှာ ရထားလုံးထဲကနေ ခုန်ထွက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမသွားပေ။

ကျန်းယွဲ့လုက ထိုအဖြစ်အပျက်ကို မှင်သေသေဖြင့် စောင့်ကြည့်နေ၏။ သူမသွားမည့်လမ်း ပိတ်ဆို့ခံထားရသည့်အတွက် အနည်းငယ် စိတ်တိုနေ၏။

ချီရွှမ်းစုက ခပ်တိုးတိုး မေးလိုက်သည်။

“အဲဒီဗိုလ်ကျနေတဲ့လူက ကျန်းမိသားစုက မျိုးဆက်တစ်ဦးများလား”

“ငါမသိဘူး”

ကျန်းယွဲ့လုက မျက်မှောင်ကာ ပြောလိုက်၏။

“ဒါပေမဲ့ ဒီအပြုအမူက လူသားတစ်ရပ်လုံးကို သိက္ခာကျစေတာပဲ”

ကျန်းယွဲ့လုက သူမ၏ အသံကို နှိမ့်ပြောခြင်းမရှိသည့်အတွက် လူငယ်က သူတို့ပြောသည့်စကားကို ကြားနေရသည်။ သူက စိတ်တိုဒေါသထွက်သွားပြီး လက်ထဲမှာ မြင်းစီးကျာပွတ်ကို ကိုင်ကာ သူတို့နှစ်ယောက်ရှိရာသို့ လျှောက်လှမ်းလာသည်။ သူ၏ ရန်လိုသောပုံစံအရ သူက သူတို့နှစ်ယောက်ကို ကောင်းကောင်းရိုက်နှက်ကာ ဆုံးမမည့်ပုံရှိသည်။

ချီရွှမ်းစုက အရင်စ၍ ရှေ့ကို တက်လှမ်းလိုက်သည်။ လူငယ်က မြင်းစီးကျာပွတ်ကို ကိုင်မြှောက်လိုက်သည်နှင့် သူ့နဖူးမှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထိုအချိန်မှာ ချီရွှမ်းစုက သူ၏ နတ်နဂါးပစ္စတိုကို ထုတ်ယူပြီး လူငယ်၏ နဖူးပေါ် ဖိတင်ထားပြီဖြစ်သည်။

ဤကဲ့သို့ သေနတ်အသုံးပြုပုံကို ဝမ်ရှန်းတာအိုနန်းတော်၏ သင်ရိုးများထဲမှာ တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားသည်။ ကျွမ်းကျင်သော ပြိုင်ဘက်တစ်ဦးက သေနတ်ကို အလွယ်တကူ လုယူနိုင်သောကြောင့်ဖြစ်သည်။ မှန်ကန်သောနည်းလမ်းမှာ ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခုခြားပြီး ပြိုင်ဘက်က အနားကို ချဉ်းကပ်လာသည်နှင့် သေနတ်ဖြင့် ပစ်ခတ်ရန်ဖြစ်သည်။

သို့သော်လည်း လူအများစုသည် သေနတ်ကို ဘယ်လိုလုယူရမလဲ စနစ်တကျ သင်ကြားထားခြင်းမရှိဘဲ သူတို့နဖူးပေါ် သေနတ်ပြောင်းဝ ရောက်ရှိလာသည်နှင့် အလိုလို ထိတ်လန့်တကြား ဖြစ်သွားသည့်အတွက် ချီရွှမ်းစုက ဤစည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်း မရှိပေ။

ပုံမှန်အားဖြင့် ချီရွှမ်းစုက ဤကဲ့သို့ ရှူးရှူးဒိုင်းဒိုင်း လုပ်လိမ့်မည်မဟုတ်ပေ။ သို့သော် သူသည် လီချင်းနုနှင့် ကြုံတွေ့ပြီးနောက် သူ့ရင်ထဲမှာ ကြိတ်မနိုင်ခဲမရ အမျက်ဒေါသတချို့ ကိန်းအောင်းနေသည်။ ထိုပြည့်တန်ဆာက သူ၏ သရုပ်သကန်ကို သိမြင်သွားပြီး သူ၏ ထင်ယောင်ထင်မှား ခံစားချက်တချို့ကို ခြေမွှဖျက်ဆီးပစ်ခဲ့သည်။

လီချင်းနု၏ ကြမ်းတမ်းသော စကားလုံးများက ချီရွှမ်းစု၏ ခေါင်းထဲမှာ ပဲ့တင်ထပ်နေဆဲဖြစ်၏။

“နင့်ကိုယ်နင် အယူဝါဒမိစ္ဆာတွေကို အမဲလိုက်နေတဲ့ ထျန်ကန်းခန်းမက တာအိုဆရာတစ်ဦးလို့ တကယ်ပဲ ထင်နေတာလား”

“နင်က သူနဲ့လက်ထပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

“နင်က အမြဲတမ်း ကလိမ်ကကျစ် ကြွက်တစ်ကောင် ဖြစ်နေဦးမှာပဲ”

ချီရွှမ်းစုသည် ထိုအချိန်တုန်းက လူသတ်ချင်ခဲ့သော်လည်း လီချင်းနုက သူလည်း ချင်းဖျင်အသင်းတော်ဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖိနှိမ်နိုင်ခဲ့သည်။ သူက သူမနှင့် ငြင်းခုံခြင်းမရှိဘဲ သူမ၏ သရုပ်သကန်ကိုပင် လျှို့ဝှက်ချက်အဖြစ် ထားပေးခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည်မှာ ကျန်းယွဲ့လု သံသယဝင်မလာစေရန် ချီရွှမ်းစုက ပုံမှန်အတိုင်း ပြုမူလိုသောကြောင့်ဖြစ်သည်။

ထို့ကြောင့်ပင် သူ့မှာ ဖွင့်ထုတ်စရာ အမျက်ဒေါသတချို့ ရှိနေ၏။ မောက်မာသော ဤလူငယ်က သူ့ကို အရင်စတင်၍ ရန်စလာသောကြောင့် ချီရွှမ်းစုက ဤလူရမ်းကားလေးကို ကောင်းကောင်းဆုံးမဖြစ်ပေလိမ့်မည်။

ချီရွှမ်းစုက မည်သည့်ခြိမ်းခြောက်စကားကိုမှ ပြောမနေဘဲ သေနတ်မောင်းကိုသာ ဖိချပြီး ခလုတ်ပေါ်ကို လက်ညှိုးတင်ထားသည်။ သူက မောက်မာသော လူငယ်ကို တစ်ချိန်လုံး စိုက်ကြည့်နေ၏။

ဤသည်မှာ အရင်တုန်းက ချီရွှမ်းစုထံတွင် ကျန်းယွဲ့လု သတိထားမိခဲ့သော သတ်ဖြတ်ခြင်းအော်ရာဖြစ်သည်။

စောစောက ရန်လိုခက်ထန်နေခဲ့သော မောက်မာဝင့်ကြွားသည့် လူငယ်က ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူ့နဖူးကနေ ချွေးစေးများထွက်လာပြီး သူ့ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေသည်။

လူတစ်ယောက်က အခြားလူတစ်ယောက်ကို သတ်ဖြတ်ချင်တာလား သို့မဟုတ် သတ်ဖြတ်ရဲသလားဆိုတာက သိသာထင်ရှားသည်။ စိုးရွံ့တတ်သော မိန်းကလေးတစ်ဦးက သူ့ကို သေနတ်ဖြင့် ချိန်ထားမည်ဆိုလျှင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ဘဲ သူမထံမှ သေနတ်ကိုပင် ပြန်လည်လုယူပေလိမ့်မည်။ စိုးရွံ့တတ်သော မိန်းကလေးက သေနတ်မပစ်ရဲသည်ကို သူ သိရှိထားသောကြောင့်ဖြစ်သည်။

သို့သော် ချီရွှမ်းစုက သူ့နဖူးကို သေနတ်ပြောင်းနှင့် ထောက်ထားသည့်အချိန်မှာ သူက လှုပ်ရှားရဲခြင်း သို့မဟုတ် စကားပြောရဲခြင်းပင် မရှိပေ။

သူ အနည်းငယ် လှုပ်ရှားမည်ဆိုလျှင် ချီရွှမ်းစုက သူ့ကို ပစ်လိမ့်မည်ဟု မောက်မာသော လူငယ်က ဝမ်းတွင်းအသိစိတ်အရ အလိုလိုသိနေသည်။ သူက မသေဘူးဆိုလျှင်တောင် အတော်လေး ထိခိုက်နာကျင်ခံစားရပေလိမ့်မည်။

ကျန်းယွဲ့လုက ချီရွှမ်းစုထံမှ တစ်ခုခုမူမမှန်မှုကို သတိထားမိပြီး ရှေ့သို့တက်လှမ်းကာ သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

“ထျန်းယွမ်… ထားလိုက်တော့”

ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်နေပြီးမှ သူ့သေနတ်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်သည်။

လူငယ်က ယခင်ကကဲ့သို့ မောက်မာဝင့်ကြွားခြင်း ဆက်လက်၍ မရှိတော့ပေ။ သူက စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်တစ်ချက်ချပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူက ဟန်ချက်ပျက်ပြီး လဲကျလုမတတ်ပင် ဖြစ်သွားသည်။

ချီရွှမ်းစုက ရုတ်တရက် ရယ်မောပြီး ပြောလိုက်၏။

“လူကောင်းတစ်ယောက်ဖြစ်ဖို့က တကယ်ခက်တာပဲ”

ချီရွှမ်းစု ဘာကို အရေးလုပ်နေသည်ကို ကျန်းယွဲ့လု မသိရှိဘဲ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူမက လိုက်မမီပေ။ သူမက သူ့ကို ဝေဖန်အပြစ်တင်လိုက်၏။

“နင်က နေရာတိုင်းမှာ တော်ပါတယ်... ဒါပေမဲ့ တစ်ခါတလေမှာ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ရုံပဲ… နင် ခါတိုင်းဆိုရင် ဒီလောက်ထိ စိတ်လိုက်မာန်ပါ မလုပ်တတ်ပါဘူး... ဒီတစ်ခေါက် ဘာကို စိတ်တိုနေတာလဲ”

ချီရွှမ်းစုက မှန်မှန်ကန်ကန်ပင် ဖြေလိုက်၏။

“လီချင်းနုက ငါ့စိတ်ကို ဆွပေးခဲ့တာပဲ”

သူမက မှတ်ချက်ပေးလိုက်၏။

“လီမိသားစုကလူတွေက လူထူးလူကြောင်တွေပဲ... သူတို့ နှုတ်ကြမ်းတယ်ဆိုတာ လူတိုင်း သိတယ်... ရွှင်နန်းမြင့်မျှော်စင်မှာ အရေးကိစ္စတွေ ဆွေးနွေးတဲ့အခါ သူတော်စင် တော်တော်များများတောင် သူတို့ရဲ့ ပါးစပ်ကနေ မလွတ်ဘူး… အဲဒါကို စိတ်ထဲထားမနေနဲ့”

ကျန်းယွဲ့လုက ချီရွှမ်းစုကို သံသယဝင်ခြင်းမရှိသလို ဖြစ်ပျက်ခဲ့သည့်အရာ အသေးစိတ်ကိုလည်း မမေးမြန်းပေ။ ကျောက်ဖူအန် ထိုးတာ ခံရပြီးနောက် တည်ငြိမ်နေနိုင်ခဲ့သော ချီရွှမ်းစုက တကူးတက နှစ်သိမ့်ပေးစရာ လိုအပ်မည်ဟု သူမ မထင်ပေ။

သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီး လိုက်လျောညီထွေနေတတ်သည်ဟု ခံယူထားသူအနေဖြင့် ချီရွှမ်းစုက သူ၏ အတွေးများကို စုစည်းပြီး ကျန်းယွဲ့လုနှင့်အတူ မြို့ထဲကနေ ထွက်ခွာလိုက်၏။

ရထားလုံးနှစ်စင်းက ဘေးဘက်ဝင်းတံခါးကို လုံးလုံးလျားလျား ပိတ်ဆို့ထားခြင်း မရှိပေ။ ကြားထဲမှာ လူများ ဝင်နိုင်ထွက်နိုင်သည့် နေရာလွတ်တစ်ခု ရှိနေဆဲဖြစ်၏။

မြို့ထဲကနေ ထွက်လာပြီးနောက် ကျန်းယွဲ့လုက ရုတ်တရက် ပြောလိုက်၏။

“ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် ငါ့အစ်မဝမ်းကွဲက ရှန်ချင်းခရိုင်ကို ထွက်သွားလောက်ပြီ... ငါတို့ မြန်မြန်ဆန်ဆန်လိုက်သွားမယ်ဆိုရင် သူ့ကို လိုက်မီကောင်း မီလိမ့်မယ်”

“သူမက ရှန်ချင်းခရိုင်ကို ဘာသွားလုပ်တာလဲ”

ချီရွှမ်းစုက မသိနားမလည်နိုင်ဘဲ မေးလိုက်၏။

ကျန်းယွဲ့လုက ဖြေပေးလိုက်သည်။

“ငါ့အမေကို တိုင်ဖို့ပေါ့... ငါ့အစ်မက လှေနံဓားထစ် မှတ်လွန်းပြီး ခေါင်းမာလွန်းတယ်... သူ့ရဲ့ ခံယူချက်နဲ့ အတွေးကို ယိမ်းယိုင်စေနိုင်တဲ့လူ အနည်းအကျဉ်းပဲ ရှိတယ်… သူ လီမင်ဟွမ်နဲ့ ချစ်ကျွမ်းဝင်ခဲ့တုန်းက မိသားစုထဲ ဘယ်သူကမှ သူ့ကို မဖျောင်းဖျနိုင်ခဲ့ဘူး... အခု ငါက ဒုတိယ လီမင်ဟွမ်လို့ သူ လက်ခံယုံကြည်လာတဲ့အချိန်မှာ သူက ငါ့ကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ လုပ်လိမ့်မယ်... အဲဒါက ငါ့အမှားလည်း ပါတယ်... ငါ သူ့ကို အရင်သွားပြီး ရန်မစခဲ့သင့်ဘူး”

ချီရွှမ်းစုက သက်ပြင်းချလိုက်၏။

“ရပါတယ်... ငါ ဒါကို မျှော်လင့်ထားပြီးသားပါ... ငါ ကိုင်တွယ်နိုင်ပါတယ်”

ကျန်းယွဲ့လုက သက်ပြင်းချလိုက်၏။

“တကယ်ဆို အခုအချိန်မှာ နင် ငါ့မိသားစုနဲ့ မတွေ့သင့်သေးဘူး... နောက်နှစ်နှစ် သုံးနှစ်လောက်ဆိုရင်...”

“ငါက လမ်းတစ်ဝက်မှာ လက်လျှော့တတ်တဲ့သူ မဟုတ်ဘူး”

ချီရွှမ်းစုက ကြားဖြတ်ပြောလိုက်၏။

ကျန်းယွဲ့လု နောက်ဆုတ်လိုသော အကြည့်ဖြင့် ချီရွှမ်းစုကို တစ်ချက်ကြည့်လိုက်၏။ နောက်ဆုံးမှာ ချီရွှမ်းစုက အဲဒါကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သွားသည့်အလား သူမက ပြုံးလိုက်သည်။

ကျန်းယွဲ့လု ကြိုတင်ခန့်မှန်းသည့်အတိုင်း ကျန်းယွီယွဲ့က သူတို့ထက် ခြေတစ်လှမ်းစော၍ ရှန်ချင်းခရိုင်ကို ရောက်နှင့်နေသည်။

တာအိုဂိုဏ်းတော်မှာ ကြီးမားသော ဝေဟင်ပျံသင်္ဘောများအပြင် သေးငယ်သော ဝေဟင်ပျံလှေများလည်း ရှိသည်။ ထိုသယ်ယူပို့ဆောင်ရေးနှစ်မျိုး၏ အခြေခံ စည်းမျဉ်းစည်းကမ်းများက ကွဲပြားသည်။ ဝေဟင်ပျံသင်္ဘောများကို နဂါးပုလဲများ၊ အရိုးစုများဖြင့် ပြုလုပ်ထားပြီး အစီအရင်ဝင်္ကပါများဖြင့် ဖြည့်စွက်ပေးထားသည်။ အဲဒီမှာ ကျန်းယီဂိုဏ်း၏ အထူးလက်ရာများဖြစ်သော စက်ယန္တရားငှက်များနှင့် ငှက်မွေးတောင်လှေများအပါအဝင် ပိုမိုသေးငယ်သော ဝေဟင်ပျံသင်္ဘောအမျိုးမျိုး ရှိလေသည်။

ဒဏ္ဍာရီအရ ရေများ ဝင်ရောက်ခြင်း မရှိဘဲ ရေထဲမှာ ငုပ်လျှိုးနိုင်သည့် ခရုပုံစံ လှေများလည်း ရှိသည်။ သူတို့ကို ခရုလှေများဟု ခေါ်ဆိုကြသည်။ ငှက်များကဲ့သို့ တိမ်စိုင်များကြားမှာ ပျံသန်းနိုင်သည့် ငှက်မွေးတောင်လှေဟု ခေါ်သော ဝေဟင်ပျံလှေများလည်း ရှိသည်။

ဝေဟင်ပျံသင်္ဘောများနှင့် ယှဉ်လျှင် သေးငယ်သော ဤဝေဟင်ပျံလှေများက ပျံသန်းနိုင်သော အကွာအဝေး တိုတောင်းပြီး အရှိန်အဟုန်ကလည်း ပိုမိုနှေးကွေးသည်။ ၎င်းသည် လူနှစ်ယောက် သုံးယောက်ကိုသာ ဝင်ဆံ့စေနိုင်သည်။ သို့သော်လည်း အားသာချက်မှာ မောင်းနှင်ဖို့အတွက် နဂါးပုလဲလုံးများ သို့မဟုတ် အရိုးစုများကို မလိုအပ်ပေ။ ၎င်းကို အဆောင်များနှင့် ဝင်္ကပါများနှင့်သာ မောင်းနှင်နိုင်သည်။

ကျန်းယွီယွဲ့က ဝေဟင်ပျံလှေဖြင့် ဖန်းနင်ခရိုင်ကနေ ထွက်ခွာသွား၏။ သူမက ချီရွှမ်းစုနှင့် ကျန်းယွဲ့လုထက် နောက်ကျ၍ ဖန်းနင်ခရိုင်ကနေ ထွက်လာသော်လည်း သူတို့ထက် ခြေတစ်လှမ်းစော၍ ရှန်ချင်းခရိုင်ကို ရောက်နှင့်နေသည်။

ရှန်ချင်းခရိုင်၏ အပြင်ဘက်မလှမ်းမကမ်းမှာ ယွင်ကျင်းတောင် ရှိသည်။

တောင်ခြေကနေ ဘေးဘက်နံရံအထိ ဧရိယာကို ရှန်ချင်းမြို့ဟု ဆိုနိုင်ပြီး အဲဒါကို အပေါ်မြို့နှင့် အောက်မြို့ဟူ၍ ထပ်မံခွဲခြားထားသည်။ တောင်နံဘေးမှာ အမျိုးမျိုးသော နန်းတော်များနှင့် ဘုရားကျောင်းများရှိပြီး တောင်ထိပ်မှာ တာ့ကျန်းစံအိမ် ရှိသည်။

ကျန်းယီဂိုဏ်း၏ တာ့ကျန်းစံအိမ်ကို လူတိုင်းသိရှိထားသော်လည်း ယွင်ကျင်းတောင်ပေါ်မှာ ရှန်ချင်းနန်းတော်၊ ပေကျန်ဘုရားကျောင်း၊ နန်ကျိဘုရားကျောင်း၊ ချုံးယွမ်ဘုရားကျောင်းနှင့် ကျန်းရှန်ဘုရားကျောင်း အပါအဝင် အခြားသော နန်းတော်နှင့် ဘုရားကျောင်းများစွာ ရှိလေသည်။

တာ့ကျန်းစံအိမ်သည် ကောင်းကင်ဆရာသခင်၏ စံမြန်းရာဂေဟာဖြစ်ပြီး ကျန်းမိသားစု၏ ပင်မလက်တက်ဖြစ်သည်။ ကျန်းယီဂိုဏ်းမှ အခြားသော တပည့်ဂိုဏ်းသားများက ရှန်ချင်းမြို့က အခြားသော ဘုရားကျောင်းများမှာ နေထိုင်ကြသည်။

ကျန်းယွီယွဲ့၏ အပျိုဘဝနေအိမ်က တာ့ကျန်းစံအိမ်မှာ ရှိသည်။ သို့သော်လည်း သူမက ယွင်ကျင်းတောင်ကို ရောက်သည်နှင့် သူမ၏အဖေ၊ အစ်ကိုတို့နှင့် တွေ့ရန် အိမ်သို့ ပြန်သွားခြင်းမရှိဘဲ တောင်နံရံမှာတည်ရှိသော ရှန်ချင်းမြို့သို့ တန်းသွားလေသည်။

အခန်း ၁၅၆ - ရှန်ချင်းခရိုင်သို့ အလည်အပတ်

ရှန်ချင်းဘုရားကျောင်းသည် ရှန်ချင်းခရိုင်မှာ တည်ရှိသော ဒေသခံဘုရားကျောင်းဖြစ်သည်။ ၎င်းသည် ရှန်ချင်းနန်းတော်ထက် များစွာပိုမိုသေးငယ်သော်လည်း အရေးပါသော အဆင့်အတန်းတစ်ခုကို ရရှိထား၏။

ရှန်ချင်းဘုရားကျောင်းမှာ နှစ်ထပ်အဆောက်အအုံတစ်လုံးရှိပြီး ပထမထပ်မှာ ကျယ်ဝန်းသော ဧည့်ခန်းတစ်ခု ပါရှိသည်။

မြောက်ဘက်နံရံမှာ စကျင်ကျောက် တင်ခင်းထားသည့် သစ်နက်သားစားပွဲတစ်လုံးရှိပြီး တစ်ဖက်တစ်ချက်စီမှာ လက်ရာမြောက် အနုစိတ်ထွင်းထုထားသည့် သစ်နက်လက်တင်ကုလားထိုင်တစ်လုံးစီ ရှိနေ၏။ အရှေ့ဘက်နှင့် အနောက်ဘက်နံရံများမှာ စားပွဲခုံများနှင့်အတူ သစ်နက်သားကုလားထိုင် ရှစ်လုံး ရှိနေသည်။ ကြမ်းခင်းကို အရောင်တူ စကျင်ကျောက်ဖြင့် ခင်းထားပြီး နဂါးသွေးကျောက်အစအနများကို ထည့်သွင်းမြှုပ်နှံထား၏။

ဤအချိန်မှာ ကျန်းယွဲ့လုက အခန်း၏ အပေါ်ညာဘက် ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ပြီး ဤနှစ်၏ နွေဦးမှာ ခူးယူထားသည့် လက်ဖက်ရွက်များနှင့် ကျိုထားသည့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။

သူမက လက်ဖက်ရည်ကို စုပ်သောက်လိုက်စဉ် ကိုင်ဝမ်ခွက်ကနေ အငွေ့များထွက်ပြီး သူမ၏ မျက်နှာကို ရိုက်ခတ်သွား၏။

လက်ဖက်ရည်က ကောင်းသော်လည်း ဤနေရာပိုင်ရှင်က သူမကို ဒေါသထွက်စေခဲ့သည့်အတွက် ကျန်းယွဲ့လုက ကောင်းမွန်သော စိတ်အခြေအနေမှာ ရှိမနေပေ။ ထိုသို့ဆိုလျှင်တောင် သူမ၏ မျက်နှာက အမူအရာကင်းမဲ့နေဆဲဖြစ်၏။

ပထမထပ်က အထင်ကြီးစရာကောင်းသော်လည်း ဒုတိယထပ်က ပို၍ခမ်းနားနေသည်။ အခန်း၏ ကြမ်းခင်းကို ၁ လက်မအထူနှင့် ၂ ပေပတ်လည်ရှိသော စန္ဒကူးသား စတုရန်းပျဉ်ချပ်များဖြင့် ခင်းကျင်းထားသည်။ အခန်း၏ အလယ်မှာ ၁၀ ပေပတ်လည် ကြီးမားသည့် ခုတင်တစ်လုံး ရှိပြီး ၎င်းရှေ့မှာ ဒုံမင်းတင်သော မဟော်ဂနီစားပွဲတစ်လုံး ရှိနေ၏။

ခုတင်၏ ဘေးပတ်လည်မှာ ငါးကြီးအန်ဖတ် အမွှေးနံ့သာအိုးများရှိပြီး မွှေးပျံ့သော မီးခိုးငွေ့များက ဖြာထွက်နေ၏။

ဖိနပ်နှင့်ခြေအိတ်များ ချွတ်ထားသည့် အမျိုးသမီးတစ်ဦးက ကြမ်းပြင်ပေါ်မှာ ခြေပြောင်ဖြင့် လမ်းလျှောက်နေသည်။ သူမ၏ ခြေသံက အတော်လေး သိသာနေပြီး ဗလာကျင်းနေသော ဒုတိယထပ်ကနေ ဒုံမင်းရှိရာသို့ လျှောက်လှမ်းသွား၏။ ထို့နောက် သူမက လက်ကိုဆန့်ထုတ်ပြီး ဒုံမင်းကြိုးကို နှစ်ကြိမ် ညင်သာစွာ တီးခတ်ကာ အလေးအနက် စဉ်းစားတွေးတောနေသည့်ပုံပေါ်၏။

ဒုံမင်းသံနှင့် အမျိုးသမီး၏ ခြေသံကို ကြားရပြီး ကျန်းယွဲ့လုက နောက်ဆုံးမှာ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားသည်။ သူမက ကိုင်ဝမ်ခွက်ကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်းဆောင့်ချပြီး လှေကားကနေ ဒုတိယထပ်ကို ခပ်ပြင်းပြင်း နင်းတက်သွား၏။

ခြေပြောင်အမျိုးသမီးက ကျန်းယွဲ့လုကို တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲကာ ဒုံမင်းကို ဆက်လက်၍ တီးခတ်နေသည်။

ကျန်းယွဲ့လုက ညစ်ပေနေသော ဖိနပ်ကို ချွတ်မနေဘဲ လျှောက်လှမ်းသွားပြီး ဈေးကြီးသော သစ်သားကြမ်းခင်းပေါ်တွင် ခြေရာများ အတန်းလိုက် ကျန်ရစ်ခဲ့၏။

ဤသည်ကိုကြည့်ပြီး အမျိုးသမီးက ကျန်းယွဲ့လုကို ဆက်လက်၍ လျစ်လျူမရှုနိုင်တော့ပေ။ သူမက အရွှန်းဖောက်ကာ ပြောလိုက်၏။

“အို... တစ်ယောက်ယောက်ကတော့ စိတ်တိုနေပြီပဲ”

ကျန်းယွဲ့လုက ထေ့ငေါ့လိုက်၏။

“ကျွန်မက စိတ်တိုကောင်း တိုလိမ့်မယ်... ဒါပေမဲ့ သင့်ရဲ့ ကြီးကျယ်တဲ့ မာနနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး... မြေကမ္ဘာဆရာသခင်ကို တွေ့ရဖို့တောင် ဒီလောက်ထိ မစောင့်ခဲ့ရဘူး... မသိရင် ကျွန်မကို မဟာအကြီးအကဲက ဆင့်ခေါ်ထားတဲ့အတိုင်းပဲ”

“ချင်းရှောင်… နင် ကျောက်စိမ်းနေပြည်တော်ကို ရောက်နေတာ နှစ်နည်းနည်းကြာသွားပြီ... နင်က အဆင့်နဲ့ရာထူး လျင်လျင်မြန်မြန် မြင့်တက်လာတဲ့အပြင် အတော်လေးလည်း စကားတတ်လာတာပဲ... နင်က ငါ့ကို လေးစားသမှုနဲ့တောင်မှ မခေါ်နိုင်တော့ဘူး... အဲဒါကို ဘယ်ကနေ သင်လာတာလဲ... လီထျန်ကျန်းဆီကတော့ မဟုတ်ဘူးမလား”

အမျိုးသမီးက မငယ်ရွယ်တော့ပေ။ သူမက အနည်းဆုံး ကျန်းယွဲ့လု၏ မိဘများနှင့် မျိုးဆက်တူဖြစ်သည်။

ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်၏။

“ကျွန်မ ဒီကို သင်နဲ့ ငြင်းခုံဖို့ ရောက်လာတာ မဟုတ်ဘူး... သင့်ကို လေးစားသမှုနဲ့ ခေါ်စေချင်ရင် အနည်းဆုံးတော့ အကြီးအကဲတစ်ယောက်လို ပြုမူရမှာပေါ့... ဒီနှစ်တွေထဲ သင်လုပ်ခဲ့တာတွေက လေးစားမှုနဲ့ ထိုက်တန်တယ် ထင်လို့လား”

“ငါက တကယ်ပဲ မထိုက်တန်ပါဘူး... အထူးသဖြင့် ငါက ကောင်းကင်ဆရာသခင်၊ မြေကမ္ဘာဆရာသခင်နဲ့ အင်ပါယာဆရာသခင်တို့အတွက် ဘာမှဟုတ်မနေလို့ပေါ့... ငါက နင့်ထက် အများကြီး နိမ့်ကျပါပေတယ်”

အမျိုးသမီးက ဒေါသမထွက်ဘဲ ရယ်မောလိုက်၏။

“ဒါပေမဲ့ ငါ နင့်ရဲ့ စိတ်နေစိတ်ထားကို ငါသဘောကျတယ်... နင်က တာ့ကျန်းစံအိမ်က အဲဒီ ရွှံ့စေးရုပ်သေးရုပ်တွေထက် အများကြီး ပိုတော်တယ်”

ကျန်းယွဲ့လုက တစ်ဖက်ကိုလှည့်ပြီး လှေကားကနေ ဆင်းသွား၏။

“အဝတ်အစားလဲပြီး အောက်ကိုဆင်းလာခဲ့ဦး... ကျွန်မ သင်နဲ့ ဆွေးနွေးစရာရှိတယ်”

သိပ်မကြာခင် အသက်လေးဆယ်နီးပါးရှိသော အမျိုးသမီးက အဝတ်အစားလဲကာ ဖိနပ်နှင့် ခြေအိတ်တို့ကို တစ်ဖန်ဝတ်ဆင်ပြီး လှေကားအတိုင်း ဆင်းချလာ၏။

ကျန်းယွဲ့လုက ထိုအမျိုးသမီးကို ကြည့်မနေဘဲ သူမ၏ လက်ဖက်ရည်ခွက်ကိုသာ အာရုံစိုက်ထားသည်။

အမျိုးသမီးက လက်ဖက်ရည် သို့မဟုတ် သေရည် သောက်ရသည်ကို သဘောမကျသော်လည်း ဆေးတံသောက်ရသည်ကို သဘောကျလေသည်။ သူမက အဆင့်မြင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆေးတံအဖျားကလွဲလျှင် တစ်ခုလုံးကို ရွှေသားချည်းသက်သက်ဖြင့် ပြုလုပ်ထားသည့် ဆေးတံတစ်လက်ကို ထုတ်ယူလိုက်သည်။ ဤကဲ့သို့ လက်ရာမြောက်သော အကောင်းစားဆေးတံ၏ တစ်ခုတည်းသော အားနည်းချက်မှာ အလေးချိန်စီးခြင်းဖြစ်ပြီး သာမန်လူများက ဆေးတံကို ကြာကြာကိုင်သောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း အမျိုးသမီးက အဲဒါကို ဂရုမစိုက်သည်မှာ သိသာနေ၏။

သူမက မည်သူ့ကိုမှ မစောင့်ဘဲ လျောင်တုန်ဒေသထွက် အကောင်းဆုံး ဆေးရွက်ကြီးများကို သူမဘာသာသူမ ဆေးတံထဲသို့ ဖြည့်လိုက်သည်။

အမျိုးသမီး၏ အမည်က စုရင်ဖြစ်ပြီး သူမ၏ ယောက်ျားက ကျန်းမိသားစု၏ အရံအခွဲမှ ဖြစ်သည်။ ဆွေမျိုးတော်စပ်ပုံအရ ကျန်းယွဲ့လုက စုရင်ကို အဒေါ်ဟု ခေါ်ဆိုရမည်ဖြစ်သည်။ အရင်တုန်းက ကျန်းယွဲ့လုသည် စုရင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သော်လည်း ထိုသူသည် တာအိုဂိုဏ်းတော်မှ တက်သစ်စ ကြယ်ပွင့်တစ်ဦးနှင့် ငြိစွန်းပြီးနောက် ကျန်းယွဲ့လုက သူမကို လေးစားမှု မရှိတော့ပေ။ ထိုလူက စုရင်၏ သားအရွယ်လောက်သာ ရှိပေမည်။ သူက ကျန်းယွဲ့လုလိုပင် တောက်ပသော အနာဂတ်နှင့် နတ်သက်ကြွေ အင်မော်တယ်တစ်ဦးဖြစ်သည်။

စုရင်က မုဆိုးမတစ်ဦးဖြစ်ပြီး ကျန်းမိသားစုက သူမကို ပြန်လည်အိမ်ထောင်ပြုခွင့်ပေးထားသည်။ ထို့ကြောင့် သူတို့က သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဂရုမစိုက်ပေ။ စုရင်သည် နတ်သက်ကြွေ အင်မော်တယ်တစ်ဦးနှင့် ထပ်မံလက်ထပ်မည်ဆိုလျှင် ကျန်းယွဲ့လုက စိတ်ကွက်လိမ့်မည် မဟုတ်ပေ။ ပြဿနာက ထိုသူသည် ကွန်ဖြူးရှပ်ကျောင်းတော်မှ အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ထားပြီးပြီဖြစ်သည်။ ထို့ကြောင့် စုရင်က စေ့စပ်ထားပြီးသား အမျိုးသားတစ်ဦးနားသို့ ကပ်ခြင်းသည် စက်ဆုပ်စရာနှင့် ဂုဏ်သိက္ခာမဲ့သော အပြုအမူဖြစ်သည်။

ချွမ်ကျန်းဂိုဏ်း၏ လွှမ်းမိုးခြင်းခံထားရသော ကျန်းယွဲ့လုက ကျန်းယီဂိုဏ်းမှ သူမနှင့် ရွယ်တူတန်းတူ အများစုထက် ပို၍ ရှေးဆန်သည်။ ထို့ကြောင့် သူမက ဤကဲ့သို့သော အပြုအမူမျိုးကို လက်မခံနိုင်ဘဲ စုရင်နှင့် တဖြည်းဖြည်း စိမ်းသက်သွားခဲ့သည်။ သူမက စုရင်အပေါ် သူမ၏ အထင်အမြင်သေးမှုကိုလည်း ဖုံးကွယ်မထားခဲ့ပေ။

တစ်ဖက်မှာတော့ ကျန်းယီယွဲ့က တည်ကြည်လေးနက်မှုရှိပြီး အမျိုးသားများအပေါ် အကောင်းမြင်စိတ်ပင် မရှိပေ။ လီမင်ဟွမ်က သူမအပေါ် ဖောက်ပြန်ခဲ့သည်ကို သိရှိရပြီးနောက် သူမက ထိုသူနှင့် ပြတ်စဲဖို့ကို တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ ထို့ကြောင့်ပင် ကျန်းယွဲ့လုက သူမ၏ အစ်မဝမ်းကွဲနှင့် အဆက်အသွယ်ဆက်ရှိနေခဲ့ခြင်း ဖြစ်သည်။

ကျန်းယွဲ့လုသည် လီမိသားစု၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သူမ ရှာဖွေတွေ့ရှိမှုကို တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ရှန်ချင်းဘုရားကျောင်းသို့ ရောက်လာသည်။ ရှန်ချင်းဘုရားကျောင်းက သတင်းအချက်အလက်ကို တာ့ကျန်းစံအိမ်ဆီ ဆက်လက်၍ ပို့ပေးနိုင်မည်ဖြစ်ပြီး သူမအတွက် အချိန်ကုန်သက်သာလေသည်။ သို့သော်လည်း ရှန်ချင်းဘုရားကျောင်းမှာ တာဝန်ယူထားသူက စုရင်ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ကျန်းယွဲ့လုကို ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်စေသည်မှာ စုရင်က သူမအမေဘက်တွင် ရှိနေပုံရသည်။ သူမအမေကလည်း အကဲစမ်းဖို့အတွက် စုရင်ကို မှာကြားထားပုံရသည်။ စုရင်၏ ကိုယ်ကျင့်တရားက မေးခွန်းထုတ်စရာဖြစ်သော်လည်း သူမက ကြံရည်ဖန်ရည်ရှိပြီး လူကဲခတ်ကောင်းသည်။ အနည်းဆုံးတော့ စုရင်သည် မျက်ကန်းယုံကြည်သူ ကျန်းယီယွဲ့ထက် စိတ်နေစရိုက်ကို ခွဲခြားစိတ်ဖြာရာမှာ များစွာ ပိုတော်သည်။ ထို့ကြောင့် စုရင်က ချီရွှမ်းစုကို စမ်းသပ်ဖို့ သင့်လျော်သော လူတစ်ယောက်ဖြစ်သည်။

အရင်ကသာဆိုလျှင် ကျန်းယွဲ့လုက ဤကဲ့သို့သော စမ်းသပ်မှုများကို သိပ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူမ၏ မိသားစုက သူ့အပေါ်မှာ မကောင်းသော ထင်မြင်ချက်တစ်ခု ရရှိသွားမည်ဆိုလျှင်ပင် ကိစ္စရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤလမ်းခရီးတစ်လျှောက်မှာ ကျန်းယွဲ့လု၏ စိတ်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် သူမက ချီရွှမ်းစုကို ကျောက်စိမ်းနေပြည်တော်သို့ ပြန်ပို့လိုခဲ့ခြင်းဖြစ်သည်။ သူမက သူ့ကို မိသားစုနှင့် ဤမျှအထိ မြန်မြန်ဆန်ဆန် မတွေ့စေချင်သော်လည်း ချီရွှမ်းစုက လမ်းတစ်ဝက်မှာ နောက်ဆုတ်ဖို့ကို ငြင်းဆန်ခဲ့သည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် တစ်ချိန်လုံး တွေ့မြင်နေရမည် ဖြစ်သောကြောင့် ချီရွှမ်းစုက သူမ၏ မိသားစုအပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရရှိသွားစေချင်သည်။

စုရင်က ဧည့်ခန်း၏ အလယ် ကုလားထိုင်မှာ ထိုင်ပြီး မီးခိုးကို အကွင်းလိုက် မှုတ်ထုတ်နေ၏။ သူမက ရယ်မော၍ ပြောလိုက်သည်။

“ချင်းရှောင်… နင်က ဒီကိုလာတဲ့လမ်းမှာ ယောက်ျားတစ်ယောက်ကို ခေါ်လာတယ်လို့ ငါကြားတယ်... ဒါက တကယ်ကို ရှားရှားပါးပါးဖြစ်ရပ်ပဲ... နင်က ရွှမ်အရှင်မြတ်ရဲ့ တိုက်ရိုက်မျိုးဆက် လီထျန်ကျန်းကိုတောင်မှ ငြင်းပယ်ခဲ့တယ်... နင် မျက်စိကျသွားတဲ့ အဲဒီလူငယ်က ဘယ်လိုလူမျိုးပါလိမ့်... သူက မြေကမ္ဘာဆရာသခင်ရဲ့ သားလား”

ကျန်းယွဲ့လုက ချေပပြောဆိုလိုက်၏။

“မိသားစုနောက်ခံနဲ့ ဆရာမျိုးဆက်က လွဲရင် သင်စဉ်းစားမိတာ တခြားဘာရှိသေးလဲ”

“ဟုတ်ပြီလေ... ငါတို့ မိသားစုနောက်ခံအကြောင်းကို မပြောတော့ဘူး... အစွမ်းအစကိုပဲ ပြောရအောင်”

စုရင်က ပြုံးပြလိုက်၏။

“ချင်းရှောင်… နင်က နတ်သက်ကြွေအင်မော်တယ်တစ်ဦးပဲ... အဲဒါကြောင့် နတ်သက်ကြွေအင်မော်တယ်တစ်ဦးကိုပဲ ရှာသင့်တယ်… အနည်းဆုံးတော့ ကွန်ဖြူးရှပ်ဧကစာကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်… အဲဒီလူငယ်က…”

ကျန်းယွဲ့လု၏ လေသံက တည်တံ့သွား၏။

“လေလွင့်ကျင့်ကြံသူပဲ”

“လေလွင့်ကျင့်ကြံသူလား”

စုရင်က စစချင်း အံ့အားသင့်သွားပြီးနောက် သတင်းအချက်အလက်ကို ချေဖျက်လိုက်၏။ ထို့နောက် သူမက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“အဲဒီ လမ်းစဉ်အတုလား... ဒါပေမဲ့ အဓိပ္ပာယ်တော့ ရှိသားပဲ... လေလွင့်ကျင့်ကြံသူတွေက နတ်သက်ကြွေအင်မော်တယ်တွေကို အခြေခံပြီး တုပထားတာဆိုတော့ သူတို့က အဆင့်နိမ့် နတ်သက်ကြွေအင်မော်တယ်တွေပေါ့... ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ”

စုရင်သည် သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံပန်းသဏ္ဌာန်ကို ကောင်းကောင်း ထိန်းသိမ်းထားသည့် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ အသက်အရွယ်မှာပင် အတော်လေး ဆွဲတောင်မှု ရှိနေဆဲဖြစ်သည်။ ဤအခိုက်အတန့်မှာ သူမက အားရပါးရ ရယ်မောလိုက်ပြီး သူမ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည်နှင့် သူမ၏ မျက်နှာက နီမြန်းလာ၏။ သူမက အတော်လေး ဆွဲဆောင်မှု ရှိသော်လည်း သူမ၏ အလှအပကို အသိအမှတ်ပြုမည့် ပရိသတ်တစ်ဦး ရှိမနေသည်မှာ နှမြောစရာပင်။

စုရင်က ဤကဲ့သို့ လှောင်ပြောင်သရော်လာမည်ကို ကျန်းယွဲ့လုက ထင်မှတ်ထားပြီးသားဖြစ်ပြီး စုရင်ကို မှင်သေသေ မျက်နှာထားဖြင့်သာ စိုက်ကြည့်နေ၏။

စုရင်က ဒီထက်ပိုကျယ်ကျယ် ရယ်မောချင်သော်လည်း ကျန်းယွဲ့လု၏ တည်တံ့သော တုံ့ပြန်မှုကို တွေ့မြင်သောအခါ သူမက လျစ်လျူရှုခံရသလို ခံစားလာရပြီး တဖြည်းဖြည်း ရယ်နေခြင်းကို ရပ်တန့်လိုက်သည်။

“သင် ရယ်လို့ ပြီးပြီလား”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“သင့်အတွက် ဘာက အဲ့လောက်ထိ ရယ်စရာကောင်းနေလဲ ကျွန်မ မသိဘူး... သူက မိသားစုနောက်ခံမရှိတဲ့ လေလွင့်ကျင့်ကြံသူတစ်ဦးပဲ... ဒါပေမဲ့ သူက လှောင်ရယ်ခံရသင့်လို့လား... တစ်ဖက်မှာ သင်တို့လို လူတွေမှာ ထုတ်ဖော်ကြွားဝါဖို့အတွက် မိသားစုအဆင့်အတန်းပဲ ရှိတယ်... သင့်တို့မှာ တခြားဘာရှိသေးလို့လဲ... ထားလိုက်ပါတော့… ဆက်ပြောနေရင်လည်း ကျွဲပါးစောင်းတီးသလို ဖြစ်နေမယ်”

စုရင်၏ အပြုံးက ဖျော့တော့သွား၏။

“နင်ပြောတဲ့ သင်တို့လို လူတွေဆိုတာ ငါ့ယောင်းမရော ပါလား”

စုရင်၏ ယောင်းမက ကျန်းယွဲ့လု၏ မိခင် သခင်မထျန်ထိုက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ကျန်းယွဲ့လုက အဲဒါကို လက်ခံထားပြီးသားဖြစ်၏။ သခင်မထျန်တိုက်က သူမ၏ မိခင် မဟုတ်လျှင် သူတို့၏ မတူညီသော ခံယူချက်တို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံမိလိမ့်မည် မဟုတ်ပေ။

ဤအချိန်မှာ တာအိုဆရာတစ်ဦးက ရောက်ရှိလာပြီး ချီရွှမ်းစု ရောက်ရှိကြောင်း သတင်းပို့လာ၏။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှန်ချင်းခရိုင်သို့ အတူရောက်ရှိလာသော်လည်း သူတို့က မြို့ထဲသို့ ဝင်ရောက်ပြီးနောက် လူချင်းခွဲခဲ့ကြသည်။ ကျန်းယွဲ့လုက ရှန်ချင်းဘုရားကျောင်းသို့ ရောက်လာပြီး ချီရွှမ်းစုကတော့ ကျိုးထားသော သူ့လက်ကို စစ်ဆေးဖို့အတွက် ဟွာရှန်းခန်းမသို့ သွားလေသည်။

စုရင်က ညွှန်ကြားလိုက်၏။

“သူ့ကို ဝင်ခိုင်းလိုက်”

သိပ်မကြာခင် ချီရွှမ်းစုက လျှောက်လှမ်းဝင်ရောက်လာ၏။ စုရင်က ထိုနေရာမှာ ထိုင်နေစဉ် ကျန်းယွဲ့လုက မတ်တတ်ထရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“ထျန်းယွမ်…”

စုရင်က ကျန်းယွဲ့လုကို တစ်ချက်ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ကျန်းယွဲ့လုက မောက်မာဝင့်ကြွားခြင်း မရှိသော်လည်း လူများကို အကဲဖြတ်ရာမှာ ထူးခြားသော စံနှုန်းစံထားတစ်ခု ရှိသည်ဟု စုရင် တွေးထင်ထားသည်။ စုရင်အတွက်တော့ ကျန်းယွဲ့လုက အမြဲတမ်း ထူးဆန်းပြီး သမားရိုးကျ မဟုတ်ပေ။ ကျန်းယွဲ့လုသည် အခြားသူများ ရတနာဟု မှတ်ယူထားသည့်အရာများကို လျစ်လျူရှုပြီး အခြားသူများ အထင်သေးသည့် အရာများကိုတော့ ရတနာအဖြစ် သဘောထားတတ်လေသည်။ ဥပမာ ချီရွှမ်းစု ဖြစ်သည်။

ချီရွှမ်းစုက စုရင် ဘယ်သူဘယ်ဝါဖြစ်သည်ကို မသိရှိဘဲ သူမကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

All Chapters