← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း ၁၅၇ - ရှန်ချင်းခရိုင်သို့ အလည်အပတ် (၂)

စုရင်၏ စွဲမက်ဖွယ်ရာ အပြုံးက ပြန်လည်ပေါ်ထွက်လာ၏။

“တာအိုဆရာချီ... တခမ်းတနား လုပ်နေစရာမလိုပါဘူး... ကဲ ထိုင်ပါဦး”

ချီရွှမ်းစုက ခါးကိုမတ်ပြီး စုရင်ကို တစ်ချက်ကြည့်လိုက်၏။ စုရင်က ကျန်းယွီယွဲ့လို ရန်လိုခက်ထန်မှု မရှိသော်လည်း သူမ၏ လေသံမှာ ရန်လိုမှုကို သူက သတိထားမိလိုက်သည်။

သို့သော်လည်း ချီရွှမ်းစုက ဤသို့ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်ပြီး စကားများစွာပြောဆိုခြင်းမရှိဘဲ ကျန်းယွဲ့လုဘေးမှာ ထိုင်လိုက်သည်။

စုရင်က ရယ်မော၍ မေးလိုက်၏။

“တာအိုဆရာချီ... မင်းက ချင်းရှောင်ရဲ့ လက်အောက်ငယ်သားလား”

“ဟုတ်ပါတယ်”

ချီရွှမ်းစုက တည်ငြိမ်စွာပြောလိုက်သည်။

“ကျုပ်က ထျန်ကန်းခန်းမရဲ့ အမှုဆောင်တစ်ဦး၊ လက်ရှိမှာ အဆင့် ၇ တာအိုဆရာတစ်ဦးပါ… ကျုပ်ဆရာက ကွယ်လွန်သွားတာ ကြာခဲ့ပါပြီ… ကျုပ်က ချွမ်ကျန်းဂိုဏ်းက ချီမိသားစုနဲ့ ပတ်သက်ဆက်စပ်မှု မရှိပါဘူး”

“မင်း ဘာတွေစဉ်းစားနေတာလဲ”

စုရင်က မေးလိုက်သည်။

“ငါက အကျဉ်းသားတစ်ဦးကို စစ်ဆေးမေးမြန်းနေတဲ့ ပေချန်ခန်းမက တာအိုဆရာ မဟုတ်ပါဘူး... ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်ရုံပဲ... မင်း ဘာလို့ အဲ့လောက်အများကြီး ပြောပြနေရတာလဲ… ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲဒါကို မှတ်မိနေမှာမှ မဟုတ်တာ... မင်း ငါ့အပေါ်မှာ မကျေနပ်ချက် ရှိလို့လား”

ချီရွှမ်းစုက မဖြေရခင် ကျန်းယွဲ့လုက ကြားဖြတ်ပြောလိုက်သည်။

“သင် ဦးနှောက်က အလုပ်မလုပ်တော့ဘူးဆိုမှတော့လည်း ကျွန်မတို့ရဲ့ အချိန်ကို ဖြုန်းမနေနဲ့”

စုရင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

“ချင်းရှောင်... နင် အပြင်လူတွေရှေ့မှာ ငါ့အပေါ် ဘာလို့ ဒီလောက်ထိ ရိုင်းနေရတာလဲ”

ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်သည်။

“သင်က ကျွန်မရဲ့ စိတ်နေစရိုက်ကို သဘောကျပြီး ကျွန်မက တာ့ကျန်းစံအိမ်က အဲဒီ ရွှံ့စေးရုပ်သေးရုပ်တွေထက် အများကြီးပိုတော်တယ်လို့ အခုပဲ ပြောခဲ့တယ်... သင့်ဆန္ဒကို ဖြည့်ဆည်းပေးတာကို ဘာလို့ ကျွန်မကို စိတ်တိုနေရတာလဲ”

“နင်…”

စုရင်က ခဏမျှ ပြောစရာစကား မဲ့သွားရသည်။

ကျန်းယွဲ့လုက လှောင်ရယ်လိုက်၏။

“သင် ကျွန်မအပေါ် မကျေနပ်ချက် ရှိနေတာလား... အဲ့လိုဆိုရင် ဖုံးကွယ်ထားစရာ မလိုပါဘူး... ဒါပေမဲ့ သင် မကျေနပ်ဘူးဆိုရင်တောင် ကျွန်မကတော့ ကျွန်မရဲ့ ပုံစံကို ပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိဘူး”

ချီရွှမ်းစုက ခေါင်းငုံ့ပြီး မရယ်မိအောင် ကြိုးစားနေ၏။ ကျန်းယွဲ့လုကို သူမ၏ ကြက်သားပေါက်လေးများကို တောင်ပံဖြန့်ကာ ကာကွယ်ပေးနေသည့် ကြက်မကြီးတစ်ကောင်အဖြစ် သူ မြင်ယောင်မိလာသည်။ အနားကို ချဉ်းကပ်လာသည့် ဘယ်သူ့ကိုမဆို ယင်းက ဆိတ်ပစ်မည်ဖြစ်သည်။

စုရင်က ဒေါသဖြင့် တုန်ရင်လာသော်လည်း တိုက်ခိုက်မှုမှာ သူမက ကျန်းယွဲ့လုထက် နိမ့်ကျသည်ကို သိရှိထားသည်။ ထို့ကြောင့် စုရင်က သူမ၏ အသက်ရှူသံကို ထိန်းညှိပြီး နှာတစ်ချက်မှုတ်လိုက်၏။

“ဟုတ်ပြီလေ... စကားအများကြီးပြောမိတာ ငါ့အမှားပဲ... ဒါပေမဲ့ ချင်းရှောင်... နင့်ရဲ့ အပြုအမူက လီမိသားစုက ဟိုလူတွေနဲ့ စပြီးတော့ တူလာနေပြီ… မသိတဲ့လူဆိုရင် နင့်ကို လီမိသားစုဝင်လို့ ထင်လိမ့်မယ်”

ကျန်းယွဲ့လုက လက်ဖက်ရည်ကို ဆက်သောက်နေ၏။ တကယ်တော့ ကျန်းယွဲ့လုက လီမိသားစုမှာ မွေးဖွားလာမည်ဆိုလျှင် မကောင်းသောအရာ ဖြစ်လိမ့်မည် မဟုတ်ပေ။ လီမိသားစု၏ အပြုအမူများက မေးခွန်းထုတ်စရာ ဖြစ်လျှင်တောင် သူတို့မှာ ကျန်းမိသားစု မယှဉ်နိုင်သည့် အရာတစ်ခု ရှိနေသည်။ အဲဒါက အရည်အချင်းရှိသူကို မြှောက်စားပေးခြင်း ဖြစ်သည်။

လီမိသားစုမှာ မွေးစားကလေးများနှင့် သားသမက်များပင်လျှင် အစွမ်းအစရှိပါက မိသားစု၏ ဦးဆောင်သူ ဖြစ်လာနိုင်သည်။ ဤအချက်ကြောင့်ပင် လီမိသားစုက ယနေ့အချိန်ထိ ကောင်းကောင်းရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမိသားစုသည် မိသားစု၏ ပင်မလက်တက်နှင့် အရံလက်တက်များအကြား စည်းတစ်ခု ခြားထားလေသည်။ ယနေ့အချိန်ထိ ကျန်းမိသားစုမှာ အမျိုးသမီးကောင်းကင်ဆရာသခင် ပေါ်ထွက်မလာခဲ့ဖူးပေ။

ချီရွှမ်းစုက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“သခင်မ... ခင်ဗျားရဲ့ နာမည်ကို ကျုပ် အခုထိ မသိရသေးပါလား”

“ငါ့မျိုးရိုးနာမည်က စု...”

စုရင်က ပြုံး၍ ထပ်ပြောလိုက်သည်။

“ငါက ချင်းရှောင်ရဲ့ အဒေါ်ပဲ”

ကျန်းယွဲ့လုက လီမိသားစုက လူများလို လှောင်ပြောင်ထေ့ငေါ့သော လေသံဖြင့် ပြောလိုက်သည်။

“ငါ့ဦးလေးသာ ကောင်းကင်ဘုံကနေ အရာရာတိုင်းကို တွေ့မြင်ရမယ်ဆိုရင် သင့်ရဲ့ မယိမ်းမယိုင်တဲ့ ကြိုးပမ်းမှုတွေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို သိရမယ်ဆိုရင် သူက နောက်ထပ် နှစ်ငါးရာလောက် အသက်ဆက်ရှင်ချင်သွားလိမ့်မယ်”

ချီရွှမ်းစုက သူတို့၏ အတွင်းရေးဇာတ်လမ်းကို သိရှိမထားသော်လည်း စုရင်ကို လှောင်ပြောင်နေသည့် ကျန်းယွဲ့လု၏ လေသံကို ကြားရနိုင်သည်။ သူက ရယ်ချင်စိတ်ကို ချုပ်တည်းပြီး စိတ်ထဲကနေ တွေးလိုက်သည်။

‘ချင်းရှောင်က တော်တော်စကားတတ်တာပဲ... လှောင်ပြောင်ထေ့ငေါ့တဲ့နေရာမှာ သူက ငါ့ထက် သေချာပေါက် ပိုသာတယ်’

ချီရွှမ်းစုက သူ၏ အတွေးများကို စုစည်းပြီး တည်တံ့စွာဖြင့် ပြောလိုက်သည်။

“သခင်မစု... ကျုပ် ခင်ဗျားနဲ့ အရင်က ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးဘူး... ကျုပ်က ခင်ဗျားအပေါ် ဘယ်လိုလုပ် မကျေနပ်ချက် ရှိပါ့မလဲ... ကျုပ်က လက်ရှိအခြေအနေကို ပြောပြရုံပါပဲ”

“လက်ရှိအခြေအနေလား… ဟမ့်…”

စုရင်က အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ရှေ့သို့ တိုးလိုက်သည်။

“ချင်းရှောင်က ပါရမီအရည်အချင်းရှိတဲ့ မိန်းကလေးပဲ... သူ့မှာ ပိုးပန်းနေတဲ့သူတွေ အများကြီးရှိတယ်... လီထျန်ကျန်းက ချင်းရှောင်ကို ပိုးပန်းခဲ့ပေမဲ့ အငြင်းခံရပြီး ထိုးကြိတ်တာပါ ခံခဲ့ရတယ်ဆိုတာ မင်း ကြားဖူးထားမှာပေါ့... အဲဒါက ချင်းရှောင်အတွက် ဂုဏ်ယူစရာ အခိုက်အတန့် ဖြစ်ခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး သူ့မှာ ရန်သူတွေ ရှိလာတယ်”

“လီထျန်ကျန်းက တစ်နေ့မှာ သူ့ကို သေချာပေါက် လက်စားချေမှာပဲ... ချင်းရှောင်ကို ကောင်းကင်ဆရာသခင်နဲ့ မြေကမ္ဘာဆရာသခင်က ကာကွယ်ပေးထားတယ်... သူ့ကို နောက်ခံပေးထားတဲ့ သူတော်စင် စီဟန်လည်း ရှိတယ်… အဲဒါကြောင့် သူက လီထျန်ကျန်းကို ကြောက်နေမှာ မဟုတ်ဘူး... ဒါပေမဲ့ လီထျန်ကျန်းက ချင်းရှောင်အနားမှာရှိတဲ့ လူတွေအပေါ် သူ့ရဲ့ အမျက်ဒေါသကို ပုံမချဘူးလို့ အာမခံနိုင်ဘူး... မင်း သူ့ရဲ့ ပစ်မှတ် ဖြစ်လာမှာ မကြောက်ဘူးလား”

“ဟုတ်တာပေါ့... မင်းလိုမျိုး အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ချင်းရှောင်ရဲ့ နောက်မှာ တစ်ချိန်လုံး ပုန်းကွယ်နေမှာတော့ မဟုတ်ဘူးမလား… အဲ့လိုသာဆိုရင် မင်းက သုံးစားမရတဲ့ သနားကမားကောင်လေး ဖြစ်သွားမှာပေါ့... အခုလို ပြောရတာ စိတ်မရှိပါနဲ့... ဒါပေမဲ့ ငါပြောတာကို မင်းနားလည်ဖို့ မျှော်လင့်တယ်”

ချီရွှမ်းစုက ဤပြဿနာအကြောင်းကို တွေးပြီးထားပြီဖြစ်သည်။

“ကျုပ် လုံးဝမကြောက်ဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မယ်... ဒါပေမဲ့ လူတစ်ယောက်က နင်မှာကြောက်တာနဲ့ အစားမစားလို့ မရဘူး... ထျန်ကန်းခန်းမ တာအိုဆရာတွေက သူတို့အသက်နဲ့ရင်း စွန့်စားပြီး မိစ္ဆာတွေနဲ့ တိုက်ခိုက်ရတယ်… သူတို့တွေက ကြောက်လို့ဆိုပြီး နောက်ဆုတ်သွားမှာ မဟုတ်ဘူး... မိစ္ဆာတွေက လောကကို ဖျက်ဆီးမှာကို ခွင့်ပြုပေးမှာ မဟုတ်ဘူး... အဲဒါက သဘောတရားချင်း အတူတူပဲလို့ အဒေါ် မထင်ဘူးလား”

စုရင်က မျက်ခုံးပင့်လိုက်၏။ ဤကဲ့သို့ တိကျသော နှိုင်းယှဉ်ချက်ကို ငြင်းဆန်ရန် ခက်လေသည်။ ထို့ကြောင့် သူမ၏ လေသံက ပြောင်းလဲသွားသည်။

“ချင်းရှောင်က မင်းကို ဘာနဲ့ ဆွဲဆောင်ခဲ့တာလဲ... အဲဒါက သူ့ရဲ့ နောက်ခံကြောင့်ပဲတော့ မဟုတ်နိုင်ဘူးမလား”

သူမက လိုရင်းကို တန်းပြောလိုက်သည်။

ချီရွှမ်းစုက ပြန်မေးလိုက်၏။

“ချင်းရှောင်ရဲ့ အစွမ်းအစ ခွန်အားနဲ့ပတ်သက်ပြီး ကျုပ် အကျယ်တဝင့် ရှင်းပြနေစရာ မလိုဘူးထင်တယ်... ဒါပေမဲ့ သခင်မစု... ချင်းရှောင်က သူ့ရဲ့ နောက်ခံမရှိရင် ဘာမှမဟုတ်ဘူးလို့ ခင်ဗျား ထင်လား”

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုမှာ ဖွင့်ဟပြောဆိုမထားသော နားလည်မှုတစ်ခု ရှိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကျန်းယွဲ့လုက သူ့စကားကို ဆက်ပြီး အဆုံးသတ်ပေးလိုက်၏။

“ကျွန်မက မိသားစုနောက်ခံမရှိရင် ဘာမှမဟုတ်ဘူး ဆိုမှတော့ ကျွန်မက အဆင့် ၇ တာအိုဆရာ ထျန်းယွမ်နဲ့ လိုက်ဖက်သင့်တယ်မလား... ဒေါ်လေး... ကျွန်မကို စိုးရိမ်ပေးနေစရာ မလိုပါဘူး”

စုရင်က ဟန်ဆောင်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူမ၏ မျက်နှာကို ဆေးရွက်ကြီး မီးခိုးငွေ့များက လွှမ်းခြုံသွားစဉ် သူမက ပြောလိုက်၏။

“နင် ငါ့ကို ဒေါ်လေးလို့ ခေါ်လာပြီဆိုမှတော့ ငါ သိပ်ပြီးတော့ လွန်လွန်ကျွံကျွံ မပြောသင့်တော့ပါဘူးလေ”

ကျန်းယွဲ့လုက မှင်သေသေဖြင့် ပြောလိုက်၏။

“ကဲ… နောက်ကျနေပြီဆိုတော့ ကျွန်မတို့ သွားတော့မယ်”

စုရင်က သူမ၏ လက်ထဲက ဆေးတံကို ချလိုက်၏။

“ဒါဆိုရင်လည်း သွားတော့လေ... ငါ လိုက်မပို့တော့ဘူး”

ကျန်းယွဲ့လုက တံခါးအပြင်ဘက်ကို လျှောက်လှမ်းထွက်သွား၏။ ချီရွှမ်းစုက စုရင်ကို ဦးညွှတ်ပြီးနောက် ကျန်းယွဲ့လုနှင့်အတူ ရှန်ချင်းဘုရားကျောင်းကနေ ထွက်ခွာသွားလေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ကျန်းယွဲ့လုက မကျေမနပ် ပြောဆိုလိုက်၏။

“ငါ ကျန်းမိသားစုကို တကယ်ပဲ သဘောမကျဘူး… ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ငါတတ်နိုင်တာ မရှိဘူး… သူတို့က အပြင်လူကို တက်ညီလက်ညီ တိုက်ထုတ်တဲ့ လီမိသားစုကို တကယ်ပဲ အတုယူသင့်တယ်… လီမိသားစုက အခုဆိုရင် မဟာအကြီးအကဲနေရာအတွက် တခြားဂိုဏ်းတွေရဲ့ တုံ့ပြန်မှုတွေကို စမ်းသပ်နေကြပြီ... ဒါပေမဲ့ ကျန်းမိသားစုက အခု ဘာလုပ်နေလဲ... သူတို့က လောကမှာ ဩဇာအာဏာအကြီးဆုံး မိသားစုသုံးခုထဲက တစ်ခုဆိုတဲ့ သူတို့ရဲ့ အဆင့်အတန်းကိုပဲ ကြွားလုံးထုတ်နေကြတယ်”

“လီချင်းနုက ရှန်ချင်းစီရင်စုကို ပေါ်ပေါ်ထင်ထင် ရောက်လာရဲတယ်... ဒါပေမဲ့ ကျန်းမိသားစုကတော့ ပေဟိုင်စီရင်စုကို ခြေမချရဲဘူး... သူတို့အားလုံး လုပ်နိုင်တာက နင့်ကို အရှက်ခွဲပြီး အနိုင်ကျင့်ဖို့ပဲ... လီမိသားစုနဲ့ နောက်ဆုံးတိုက်ခိုက်တဲ့အချိန်တုန်းက ကျန်းမိသားစုက ကျဆင်းနေခဲ့ပြီ”

“လီမိသားစုနဲ့ ကျန်းမိသားစုကို ရွှမ်အရှင်မြတ်က ကြားဝင်ညှိနှိုင်းပေးခဲ့တာကြောင့် မဟုတ်ရင် ကျန်းမိသားစုက အဲဒီအချိန်တုန်းက အပြတ်အသတ် ရှုံးနိမ့်ခဲ့မှာ... ရွှမ်အရှင်မြတ် မရှိရင် ကျန်းမိသားစုက ဒီနေ့ သူတို့ရဲ့ လက်ရှိနေရာမှာ ရှိနေမှာမဟုတ်ဘူး”

ချီရွှမ်းစုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

လူတွေက ကျန်းယွဲ့လုအကြောင်း ပြောသည့်အခါ သူတို့ ပထမဆုံးတွေးမိသည်မှာ သူမက လီထျန်ကျန်းကို အနိုင်ယူခဲ့ပုံဖြစ်သည်။ ကျန်းယွဲ့လု အကျိုးဆောင် ကိုင်တွယ်ခဲ့သည့် ကျန်းနန်အမှုကြီးကို ထုတ်ဖော်ပြောဆိုသည့်သူ မရှိသလောက်ပင်။ လီမိသားစုက သခင်လေးကို ရိုက်နှက်ခဲ့သည့် အကျိုးဆက်က ကျန်းနန်အမှုကြီးထက် ပို၍ ကြောက်စရာကောင်းနေပုံရသည်။ ဤအချက်သည် လီမိသားစုက ဘယ်လောက် ဩဇာအာဏာ ကြီးမားသလဲ သက်သေပြနေသည်။

တာအိုဂိုဏ်းတော်၏ အကြီးအကဲများအကြားမှာ ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်နှင့် သူတော်စင်ချင်းဝေ နှစ်ဦးစလုံးက လီမိသားစုမှ ဖြစ်သည်။ မွန်မြတ်မဟာသူတော်စင်များ၊ တန်ခိုးရှင်သူတော်စင်များနှင့် သူတော်စင်များ အားလုံးထဲမှာ ခုနစ်ဦးက လီမိသားစုဝင်များ ဖြစ်ကြသည်။

တစ်ဖက်မှာတော့ သူတော်စင်စီဟန်က ကျန်းမိသားစုက မဟုတ်ပေ။ ချွမ်ကျန်းဂိုဏ်းက သူတို့ကျင့်ကြံသော ဗြဟ္မစရိယကြောင့် သူတို့မှာ သွေးမျိုးဆက်လည်း မရှိကြပေ။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် လီမိသားစုသည် တာအိုအဖွဲ့အစည်းမှာ တကယ်ကို နံပါတ်တစ် မိသားစုဖြစ်သည်။ သူတို့က ကျန်းမိသားစုထက် ပို၍သန်မာကြသည်။

ကျန်းမိသားစုမှာ ရှည်လျားသော သမိုင်းကြောင်းသာ ရှိလေသည်။ ထို့ကြောင့်ပင် သူတို့ကို ကွန်ဖြူးရှပ်မျိုးဆက်များနှင့် လက်ရှိတော်ဝင်မိသားစုနှင့်အတူ ယှဉ်တွဲ၍ လောကရှိ မိသားစုကြီးသုံးခုထဲမှ တစ်ခုဟု ဆိုနိုင်ခြင်းဖြစ်သည်။

ကျန်းယွဲ့လုက သက်ပြင်းချလိုက်၏။

“အဲဒီအကြောင်းကို မပြောတော့ပါဘူးလေ... လီမိသားစု ကျဆင်းတာ ထွန်းတောက်တာက ငါ လွှမ်းမိုးနိုင်တဲ့အရာ မဟုတ်ဘူး... ငါ့ရဲ့ ရည်မှန်းချက်ကိုငါ အာရုံစိုက်ရုံပဲ... စောစောက ငါ့အဒေါ် စုရင် ပြောခဲ့တဲ့ စကားတွေအတွက် ငါ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး အဲဒါကို စိတ်ထဲ ထည့်မထားနဲ့”

ချီရွှမ်းစုက သူမ စိတ်ချမ်းသာစေရန် ပြောလိုက်၏။

“အဲဒါက ငါ့အတွက် ဘာမှမဖြစ်ပါဘူး... အခု ငါတို့ မင်းရဲ့ ဝမ်းကွဲအစ်မနဲ့ အဒေါ်နဲ့ တွေ့ပြီးပြီ... သူတို့နှစ်ယောက်စလုံးက အမျိုးသမီးတွေပဲ... ငါ ကျန်းမိသားစုကို ကိုယ်စားပြုတဲ့ အမျိုးသားတစ်ဦးနဲ့ မတွေ့ဆုံရတော့ဘူးလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်သားပဲ... ရှန်ချင်းစီရင်စုမှာ ငါ့အစ်ကိုဝမ်းကွဲတစ်ယောက် နေတာရှိတယ်... ငါတို့ နောက်ပြီးကျရင် သူ့ဆီကို သွားလည်ကြမယ်... သူ့ဆီကို သွားလည်ပြီး နေ့လယ်စာ အတူစားကြမယ်... ငါ့ရဲ့ အဲဒီဝမ်းကွဲအစ်ကိုက အတော်လေး သဘောကောင်းတယ်... သူက ငါ့အမေနဲ့လည်း အဆက်အသွယ် မရှိဘူး... အဲဒါကြောင့် နင် စိုးရိမ်မနေနဲ့”

ချီရွှမ်းစုက သူ့သတိကို လျှော့ချရဲခြင်း မရှိသော်လည်း သူ၏ စိုးရိမ်မှုကို ပြသမထားပေ။

“ငါတို့ အခုသွားကြမလား”

“အင်း... အဲဒါပြီးရင် ငါတို့ အိမ်ပြန်ကြမယ်”

ကျန်းယွဲ့လုက ထပ်ပြောလိုက်သည်။

“ကဲ… အဲဒါတွေကို မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့”

ချီရွှမ်းစုက ရယ်လိုက်၏။

“မင်း စိတ်မရှည်တော့ဘူးပဲ”

“ငါ စိတ်ရှည်ပါတယ်… ဒီလိုမျိုး အရေးကြီးတဲ့အချိန်မှာ ကျန်းမိသားစုက တစ်ယောက်နဲ့တစ်ယောက် ဘာလို့ တိုက်ခိုက်နေကြလဲ ငါ နားမလည်နိုင်ရုံပဲ”

သူတို့နှစ်ယောက်က ရှန်ချင်းခရိုင်မှာရှိသော အကြီးမားဆုံး စားသောက်ဆိုင်သို့ လမ်းလျှောက်သွားကြသည်။ အဲဒါက သိပ်ပြီး မခမ်းနားသော်လည်း တွေ့ဆုံဖို့အတွက် ကောင်းမွန်သော နေရာတစ်ခု ဖြစ်နေဆဲပင်။

ကျန်းယွဲ့လုက ထိုနေရာမှာ သူမ၏ ဝမ်းကွဲအစ်ကိုနှင့် တွေ့ဆုံဖို့ စီစဉ်ထားပြီး သူမ၏ ဝမ်းကွဲအစ်ကိုက သူတို့အရင် ကြိုရောက်ကာ စားသောက်ဆိုင်ရှေ့မှာ စောင့်ဆိုင်းနေသည်။

သူမ၏ ဝမ်းကွဲအစ်ကိုက ကျန်းချီယွဲ့ဖြစ်ပြီး အဆင့် ၄ ကျီကျိုးတာအိုအကြီးအကဲတစ်ဦးပင် ဖြစ်သည်။ သို့သော်လည်း ရာထူးအရ သူက ကျိဝေခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦးသာဖြစ်ပြီး ထျန်ကန်းခန်းမ၏ လက်ထောက်ခန်းမသခင်ဖြစ်သော ကျန်းယွဲ့လုထက် တစ်ဆင့်ပိုနိမ့်သည်။

ကျန်းယွဲ့လု၏ အဆင့်အတန်းသည် ကျန်းယွီယွဲ့နှင့် အခြားသော အဆင့် ၄ တာအိုအကြီးအကဲများထက် ပိုမြင့်လေသည်။

သို့သော် မည်သို့ပင်ဆိုစေ ချီရွှမ်းစုက အဆင့် ၄ တာအိုအကြီးအကဲတစ်ဦးကို လေးစားသမှုပြရဆဲဖြစ်ပြီး သူက ကျန်းချီယွဲ့ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့က တတိယထပ်မှာ သီးသန့်ခန်းတစ်ခန်း ယူလိုက်ကြ၏။

ကျန်းချီယွဲ့က ချီရွှမ်းစုကို အထင်မသေးပေ။ ကျန်းယွဲ့လုက လူကဲခတ်တော်သည်ဟုပင် သူက ပြောသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချီယွဲ့က ယဉ်ကျေးမှုအရ ပြုမူနေခြင်းပင်ဖြစ်စေ… ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက စိတ်ချမ်းသာစရာ အခိုက်အတန့်တစ်ခုကို ရရှိလိုက်ကြသည်။

အခန်း ၁၅၈ - ကျန်းကျွီဖျင်

ချီရွှမ်းစုနှင့်ကျန်းယွဲ့လုက စားသောက်ဆိုင်အပြင်ဘက်ကိုထွက်လာသည်နှင့် အစေခံတစ်ဦးလိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သူတို့ရှိရာသို့ အလျင်အမြန်လျှောက်လှမ်းလာသည်ကိုတွေ့မြင်လိုက်ရသည်။ သူက လက်နှစ်ဖက်ဖြင့် ကလေးအဆောင်တစ်ခုကို ကိုင်ထားသည်။

ကျန်းယွဲ့လုက အဲဒါကိုယူဖို့ အလိုလို လက်လှမ်းလိုက်သော်လည်း အစေခံက သူ့လက်ကိုရုပ်ပြီး ပြောလိုက်၏။

“ခွင့်လွှတ်ပါ သခင်မလေးကျန်း… ဒါက တာအိုဆရာချီအတွက်ပါ”

ဤစကားကိုကြားသောအခါ ကျန်းယွဲ့လုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဘာမှမပြောပေ။

ချီရွှမ်းစုက ကလေးအဆောင်ကိုယူပြီးချိန် အစေခံက နောက်သို့ဆုတ်ခွာသွား၏။

သိပ်မကြာခင် ချီရွှမ်းစုက သူ့လက်ထဲရှိ အဆောင်ကနေလာသော အနွေးဓာတ်ကို ခံစားလိုက်ရသည်။ သူက တိတ်ဆိတ်ငြိမ်သက်သောလမ်းကြားတစ်ခုထဲသို့ ဝင်ရောက်ပြီး အဆောင်ထဲသို့ ချီတချို့ကို ထည့်သွင်းကာ ၎င်းကို မီးတောက်လုံးတစ်လုံးအဖြစ် လောင်ကျွမ်းသွားစေသည်။

သို့သော်လည်း မီးတောက်များက ပူလောင်ခြင်းမရှိပေ။ မီးတောက်များထဲမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အနည်းငယ်ဝေဝါးနေသော ခန္ဓာကိုယ်အပေါ်ပိုင်းက ပေါ်ထွက်လာ၏။ ပုံရိပ်မြင်ကွင်းက လက်တစ်ဖဝါးအရွယ်သာရှိပြီး လေအဝှေ့မှာ လူးလွန့်သွားသည့် မီးတောက်များနှင့်အတူ အနည်းငယ်တွန့်လိမ်နေ၏။

မီးတောက်များထဲကနေ နက်ရှိုင်းသော ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာ၏။

“ငါက ချင်းရှောင်ရဲ့ဦးလေးပဲ… ချင်းရှောင်က ယောကျ်ားတစ်ယောက်ကို အိမ်ခေါ်လာတယ်လို့ ငါကြားတာနဲ့… ငါ နဲနဲသိချင်သွားတယ်… မင်း စိတ်မရှိဘူးဆိုရင် မနက်ဖြန်ငါတို့ တွေ့ကြရအောင်”

ချီရွှမ်းစုကလည်း ငြင်းဆန်ဖို့ အကြောင်းမရှိဘဲ မေးလိုက်၏။

“ကျေးဇူးပြုပြီး ဆုံမယ့်နေရာကို ပြောပေးပါ လူကြီးမင်း”

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြလိုက်၏။

“ငါက ရှန်ချင်းနန်းတော်မှာရှိတယ်… မင်း မနက်ဖြန် လာလို့ရတယ်”

ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားက ချီရွှမ်းစုကို ငြင်းဆန်ခွင့်မပေးဘဲ ဆက်သွယ်မှုကိုဖြတ်တောက်လိုက်၏။

ချီရွှမ်းစုက ကျန်းယွဲ့လုကို လှည့်ကြည့်လိုက်သည်။

သူမက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“အဲဒါက ငါ့ဦးလေး ကျန်းကျွီဖျင်… သူက အဆင့် ၃ ယိုယီတာအိုအကြီးအကဲတစ်ဦး… ရှန်ချင်းနန်းတော်မှာ ဒုတိယမြောက် ဩဇာအာဏာရှိသူပဲ”

တာအိုဂိုဏ်းတော်မှာ ခန်းမကိုးဆောင်နှင့် ဒေသခံတာအိုစံအိမ်များအပြင် တာ့ကျန်းစံအိမ်၊ ကျန်းကျင်ပရဝဏ်၊ ချုံးယန်ထာဝရနန်းတော်၊ ဝမ်ရှန်းတာအိုနန်းတော်၊ ရှန်ချင်းနန်တော်၊ ချင်းလင်နန်းတော်နှင့် ဝူရှုနန်းတော်ကဲ့သို့ အရေးပါသောအဆင့်အတန်းများနှင့် ထူးခြားသော အဖွဲ့အစည်းတချို့လဲ ရှိလေသည်။

တာ့ကျန်းစံအိမ်၊ ကျန်းကျင်ပရဝဏ်နှင့် ချုံးယန်ထာဝရနန်းတော်တို့မှာ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်မဟာအကြီးအကဲသုံးဦးကလွဲလျှင် အခြားသောနန်းတော်များကို နန်းတော်သခင်များဟုခေါ်ဆိုသည့် တန်ခိုးရှင်သူတော်စင်များက ထိန်းချုပ်ထားပြီး ခန်းမကိုးဆောင်နှင့် တူညီလေသည်။ နန်းတော်သခင်သည် ခန်းမသခင် သို့မဟုတ် စံအိမ်သခင်နှင့် အဆင့်ချင်းတူပြီး လက်ထောက်မဟာအကြီးအကဲ သုံးဦးကို ကူညီထောက်ပံ့ဖို့ တာဝန်ယူထားရသည်။

နန်းတော်သခင်များအတွက် အမျိုးမျိုးသောအရေးကိစ္စများကို ကိုင်တွယ်ရန် တာဝန်ယူထားသည့် လက်ထောက်နန်းတော်သခင်များသည် အဆင့်အရ လက်ထောက်ခန်းမသခင်၊ လက်ထောက်စံအိမ်သခင်တို့နှင့်တူညီသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ လက်ထောက်ခန်းမသခင်နှင့် လက်ထောက်စံအိမ်သခင်တို့မှာ လက်ထောက်ခေါင်းဆောင်နှင့် ဒုတိယလက်ထောက်ရှိပြီး ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများဖြစ်ကြသည်။

လက်ထောက်နန်းတော်သခင်များကိုတော့ အဆင့်ဖြင့် ထပ်မံခွဲခြားထားခြင်းမရှိဘဲ တတိယအဆင့် ယိုယီတာအိုအကြီးအကဲများကသာ ထိန်းချုပ်ကြသည်။

ချီရွှမ်းစုက အနည်းငယ်စိုးရိမ်နေမိ၏။

ကျန်းယွီယွဲ့၊ စုရင်နှင့် ကျန်းရှစ်ယွဲ့တို့က အဆင့်၄ ကျီကျိုးတာအိုအကြီးအကဲများဖြစ်ကြသည်။ သူတို့သည် ကျန်းယွဲ့လုကဲ့သို့ လက်ထောက်ခန်းမသခင်အဖြစ် ထမ်းဆောင်နေခြင်းမရှိဘဲ သူမထက် တစ်ဆင့်နိမ့်ကျလေသည်။ သူတို့သည် အဆင့် ၄ တာအိုအကြီးအကဲများပင်ဖြစ်သော စွန်းယုံဖုန့်၊ လင်းချွမ်ကျီတို့နှင့် တူညီသည်။ ရာထူးအရ သူတို့သည် ချီရွှမ်းစုထက် တစ်ဆင့်သာမြင့်ပြီး အလယ်အလတ်အဆင့် တာအိုဆရာများဟုဆိုနိုင်သည်။ သို့သော်လည်း တတိယအဆင့် တာအိုအကြီးအကဲကတော့ ကွဲပြားခြားနားသည်။ ကျန်းကျွီဖျင်ကို တာအိုဂိုဏ်းတော်၏ အထက်ပိုင်းအကြီးအကဲများထဲမှာ အဆင့်အတန်းမြင့်မား၍ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။

ချီရွှမ်းစုသည် ကျန်းကျွီဖျင်ထံမှ ဖိတ်ခေါ်ချက်ကို ရရှိထားသောကြောင့် ကျန်းယွဲ့လုက ယွင်ကျင်းတောင်သို့ ချီရွှမ်းစုနှင့် အဖော်လိုက်လာမည်ဖြစ်သည်။ ထိုသို့ဖြင့် ချီရွှမ်းစုက ရှန်ချင်းနန်တော်မှာ ကျန်းကျွီဖျင်နှင့်တွေ့ဆုံနေစဥ် သူမက လီမိသားစု၏ အခြေအနေကို အစီရင်ခံတင်ပြရန် တာ့ကျန်းစံအိမ်သို့ သွားမည်ဖြစ်သည်။ သူမသည် စုရင်ကို ယုံကြည်မှုမရှိသည့်အတွက် သတင်းစကားကို သူမကိုယ်တိုင် ပေးပို့ဖို့ ဆုံးဖြတ်ခဲ့သည်။

အထူးသဖြင့် တာ့ကျန်းစံအိမ်နှင့် ရှန်ချင်းနန်တော်က ဘေးချင်းကပ်ရှိနေသောကြောင့်ဖြစ်သည်။

ထိုသို့ဖြင့် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ရှန်ချင်းခရိုင်က ထိုက်ဖျင်တည်းခိုခန်းမှာ တစ်ညတာ တည်းခိုနေထိုင်ပြီးနောက် မနက်စောစောမှာ ယွင်ကျင်းတောင်သို့ ထွက်လာကြသည်။

ယွင်ကျင်းတောင်ပေါ်သို့သွားရာ လမ်းနှစ်လမ်းရှိသည်။ တစ်လမ်းသည် ရှန်ချင်းမြို့ကိုဖြတ်သွားပြီး ယွင်ကျင်းတောင်၏ လှပသောရှုခင်းများကို ခံစားနိုင်မည်ဖြစ်သည်။ အခြားသောလမ်းက မတ်စောက်သော်လည်း ရှန်ချင်းမြို့ကို ဖြတ်မသွားသည့်အတွက် ခရီးအကွာအဝေး ပိုမိုတိုတောင်းသည်။ ဝူကျိုးသို့ ဝေဟင်ပျံသင်္ဘောဖြင့်သွားမည့် ကျန်းမျိုးနွယ်မဟုတ်သော တာအိုဆရာများစွာက ရှန်ချင်းမြို့၏ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်မဖြစ်စေရန် ဤလမ်းကို သုံးတတ်ကြသည်။

ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက မတ်စောက်သောလမ်းကိုရွေးချယ်ပြီး ကြိုးဆွဲခြင်းတောင်းဖြင့် တောင်ပေါ်ကို တက်လိုက်သည်။

ချီရွှမ်းစုသည် ထိုင်ဖျင်တောင်နှင့် ခွန်လွင်တောင်မှာ တာအိုဂိုဏ်းတော်၏ ကြိုးဆွဲခြင်းတောင်းများကို တွေ့မြင်ထားဖူးသည်။ အဲဒါသည် တောင်တန်းများမှာ အတက်အဆင်းလုပ်ဖို့အတွက် အဆင်ပြေသည့် နည်းလမ်းဖြစ်သည်။ သို့သော်လည်း ယွင်ကျင်းတောင်၏ ကြိုးဆွဲခြင်းတောင်းက အနည်းငယ် ကွဲပြားနေ၏။

ဤနေရာမှာ အတက်အဆင်းက ဖြောင့်ဖြောင့်မသွားဘဲ ထောင့်ချိုးတစ်ခုဖြင့် တိမ်းစောင်းထားလေသည်။

ထိုတိမ်းစောင်းသည် လွန်ခဲ့သည့်နှစ်နှစ်ရာကျော်က ယွင်ကျင်းတောင်ပေါ်၏ မဟာတိုက်ပွဲကြောင့်ဖြစ်သည်။ ထိုအချိန်တုန်းက ရွှမ်အရှင်မြတ်က အမျက်ဒေါသထွက်ပြီး မြေပြင်ဝင်္ကပါကို ပျက်စီးထိခိုက်စေခဲ့သည်။ ရွှမ်အရှင်မြတ်၏ အမျက်ဒေါသမှာ တောင်ထွတ်များစွာက ပြိုကျပြီး ငလျင်ကြီးများလှုပ်ခဲ့သည်။ ထိုသို့ဖြင့် ယွင်ကျင်းတောင်၏ မြေပြင်အနေအထားက ကြီးမားစွာပြောင်းလဲသွားခဲ့သည်။ တာ့ကျန်းစံအိမ်၏ တစ်ထောင့်တစ်နေရာကပင် သက်ရောက်ခြင်းခံခဲ့ရ၏။

ထိုအချိန်မှစ၍ ကျန်းယီဂိုဏ်းက အဲဒါကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း တောင်၏ မူလသွင်ပြင်သဏ္ဌာန်ကို လုံးလုံးလျားလျား ပြန်လည်မရရှိနိုင်တော့ပေ။ ထိုသို့ဖြင့် ရှုပ်ထွေးသော မြေပြင်အနေအထားတစ်ခုကို ဖြစ်လာစေပြီး ဤနေရာမှာရှိသော ကြိုးဆွဲခြင်းတောင်းက ထိုက်ဖျင်တောင်မှာကဲ့သို့ တစ်ခါတည်း ဒေါင်လိုက်အတက်အဆင်းပြုလုပ်ဖို့ မဖြစ်နိုင်တော့ပေ။ သူတို့က ဒေါင်လိုက်အတက်အဆင်းပြုလုပ်သည့် ကြိုးဆွဲခြင်းတောင်းများ၏ မူလပုံစံကို ထိန်းသိမ်းထားချင်သည်ဆိုလျှင် အဲဒါကို အပိုင်းအဖြတ်များစွာ ခွဲခြားရပေတော့မည်။ ထိုအခါ လူတစ်ယောက်က လမ်းခုလတ်မှာ ကြိုးဆွဲခြင်းတောင်းများကို ပြောင်းလဲ၍ စီးနေရပေလိမ့်မည်။

ထိုသို့ဖြင့် ကျန်းယီဂိုဏ်းသည် တောင်ခြေကနေ တောင်ထိပ်သို့ တိကျသောထောင့်ချိုးတစ်ခုဖြင့် သွားလာရန် ကြိုးဆွဲခြင်းတောင်း၏ စက်ယန္တရားကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့သည်။

တောင်ခြေ၏ တောင်ဘက်ခြမ်းမှာ နန်ကျိဘုရားကျောင်းရှိပြီး ရှန်ချင်းမြို့သို့ သွားရာလမ်းမှာ တည်ရှိသည်။ တောင်ခြေကနေ မြောက်ဘက်မှာ ပေကျန်ဘုရားကျောင်းရှိပြီး ကြိုးဆွဲခြင်းတောင်းများ တည်ရှိရာနေရာလည်းဖြစ်သည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို ပေကျန်ဘုရားကျောင်းသို့ ဦးဆောင်ကာခေါ်သွားသည်။ သူတို့၏ အထောက်အထားများကို ပြသပြီးနောက် သူတို့က ယွင်ကျင်းတောင်ပေါ်သို့ ကြိုးဆွဲခြင်းတောင်းဖြင့် တက်လိုက်ကြ၏။

ကြိုးဆွဲခြင်းတောင်းက သံကွင်းဆက်ကြိုးများနှင့်အတူ ထောင့်ဖြတ်တက်သွားသည်။ စစချင်းမှာ သာမန်နှင့်ကွဲထွက်နေတာ ဘာမှမရှိပေ။ ခဏနေပြီးနောက် မြူခိုးများက တဖြည်းဖြည်းထူထပ်လာပြီး သူတို့၏ ဘေးပတ်လည်မှာ လွင့်မျောနေသည့် တိမ်စိုင်များကို တွေ့မြင်လာရ၏။

ချီရွှမ်းစုက ခြင်းတောင်း၏ အစပ်ကနေ အပြင်ဘက်ကို ထွက်ကြည့်လိုက်၏။ ယွင်ကျင်းတောင်၏ မြေပြင်အနေအထားက တကယ့်ကို အတော်လေးထူးဆန်းနေသည်။ ဝမ်ရှန်းတာအိုနန်းတော်ကနေ သူသင်ယူလာခဲ့သည့် ဖုန်းရွှေအခြေခံအသိပညာနှင့် သူက ဤမြေပြင်အနေအထားကို မဖတ်နိုင်ပေ။ ကျန်းယွဲ့လုက ပြောလိုက်သည်။

“ဒီမှာရှိတဲ့ မြေပြင်အနေအထားက အတော်လေးထူးဆန်းနေတယ်မလား… ကျန်းယီဂိုဏ်းက အဲဒါကို နှစ်တစ်ရာနီးပါး ပြန်ပြီး ပြင်ဆင်ခဲ့ရတာ… အဲဒါက ရွှမ်အရှင်မြတ်ကို ဆန့်ကျင်ရင် ဖြစ်လာမယ့်အကျိုးဆက်ပဲ… အဲဒီတိုက်ပွဲတုန်းက ကျန်းမိသားစုက ကောင်းကင်ဆရာသခင်က ကျန်းမိသားစု တပည့်ဂိုဏ်းသားများစွာနဲ့ သေဆုံးခဲ့ရတယ်”

“အဲဒါ…ရွှမ်အရှင်မြတ်ကတ်ထဲက ကောင်းကင်ဆရာသခင်ဟောင်းလား”

ချီရွှမ်းစုက မေးလိုက်သည်။

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

ခဏနေပြီးနောက် ကြိုးဆွဲခြင်းတောင်းက တိမ်စိုင်များကြားထဲ ဝင်ရောက်သွားသည်။ ခြင်းတောင်းအပေါ်ကနေ ငုံ့ကြည့်သည့်အခါ သူတို့က အဖြူရောင်ကလွဲပြီး ဘာမှမမြင်ရပေ။

ကြိုးဆွဲခြင်းတောင်က အထွတ်အထိပ်ကို ရောက်လာသည့်အချိန်မှာ တိမ်စိုင်ပင်လယ်ကိုဖြတ်၍ တောက်ပလာသည့် အနီရောင်နေမင်းကို သူတို့တွေ့မြင်ရပြီး ကောင်းကင်ကို တောက်ပစွာ လင်းထိန်နေစေသည်။ နေရောင်က အရှေ့ဘက်ကနေ တောက်ပနေပြီး ကျန်းယီ၏ အချုပ်အချာအာဏာဟု ရွှေရောင်စာလုံးဖြင့်ရေးထိုးထားသည့် ကြီးမားသော အဖြူရောင်စကျင်ကျောက် မုခ်ခုံးကို ထင်းလင်းစွာတွေ့မြင်နေရသည်။ အဲဒါက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်၏။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ကြိုးဆွဲခြင်းတောင်းထဲကနေ လျှောက်လှမ်းထွက်လာ၏။ ကျန်းယွဲ့လုက ဤနေရာမှာရှိသောလမ်းများနှင့် ရင်းနှီးကျွမ်းဝင်သည့်အတွက် သူမက ရှန်ချင်းနန်းတော်ကို ရှေ့ကနေ ဦးဆောင်ကာ ခေါ်သွား၏။

ရှန်ချင်းနန်တော်က ကြီးကျယ်ခမ်းနားပြီး ထျန်ကန်းခန်းမနှင့်ယှဥ်လျှင် များစွာပိုမိုသာလွန်သည်။ ချီရွှမ်းစုက ပေနှစ်ဆယ်မြင့်မားသော ပင်မဝင်းပေါက်ရှေ့မှာ မတ်တတ်ရပ်ပြီး ရှန်ချင်းနန်းတော်ဟု ရေးထိုးထားသည့် မော်ကွန်းကျောက်ပြားကို မော့ကြည့်နေ၏။ အဲဒါကို ပထမဆုံးကောင်းကင်ဆရာသခင်ကိုယ်တိုင် ရေးထွင်းခဲ့သည်ဟုဆိုလေသည်။

မော်ကွန်းကျောက်ပြား၏ အောက်ဘက်မှာ လူဦးခေါင်းအရွယ်စာလုံးများဖြင့် ရေးထိုးထားသည့် နှစ်ကြောင်းစပ် ကဗျာစာကြောင်းရှိနေ၏။

ပထမစာကြောင်းမှာ 'ကိုယ်ကျင့်တရားသည် နဂါးနှင့်ကျားတို့ကို လေးစားကြစေကုန်’ ဟူ၍ ရေးထိုးထားပြီး ဒုတိယစာကြောင်းသည် 'မွန်မြတ်သောအကျင့်သီလက တစ္ဆေနှင့်နတ်ဘုရားတို့ကို ကြည်ညိုလေးစားကြစေကုန်’ ဟု ရေးထိုးထားလေသည်။

ကျန်းယွဲ့လုက ပြောလိုက်၏။

“တာ့ကျန်းစံအိမ်ရဲ့ ပင်မဝင်ပေါက်ဝမှာလည်း ဒီလိုမျိုး နှစ်ကြောင်းစပ်စာသားရှိတယ်… သူတို့တွေက သူတို့ကိုယ်သူတို့ ကြွားလုံးထုတ်ရတာ ကြိုက်ကြတယ်… တာ့ကျန်းစံအိမ်မှာ ရေးထားတာက -

‘တောင်ဇဗ္ဗူဒီပါမှာ တုနှိုင်းမဲ့ကုန်းမြေ

ကျန်းရှီမှာ ပထမဆုံးမိသားစုလေ’ တဲ့”

ချီရွှမ်းစုက အံ့အားတသင့်ရေရွတ်လိုက်၏။

“ဘယ်လောက်တောင် ယုံကြည်မှုရှိလိုက်လဲ”

ရုတ်တရက် ကျန်းယွဲ့လုက ချီရွှမ်းစု၏ ပခုံးကိုပုတ်ကာပြောလိုက်၏။

“နင် တစ်ယောက်တည်းသွားရမယ်… ငါ တာ့ကျန်းစံအိမ်ကို သွားရဦးမယ်… အဲဒါကြောင့် နင်နဲ့ အဖော်လိုက်မပေးဖြစ်တော့ဘူး”

ချီရွှမ်းစုက ခေါင်းညိတ်ပြီး ရှန်ချင်းနန်တော်၏ ပင်မဝင်ပေါက်ဆီသို့ တစ်ယောက်တည်းလျှောက်လှမ်းသွား၏။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဥ်တပ်သားနှစ်ဦးက ချီရွှမ်းစုကို လက်ဆန့်ကာ တားလိုက်ကြ၏။

ချီရွှမ်းစုက ပြောလိုက်သည်။

“ကျုပ် အဆင့်မြင့်ပညာရှိကျန်းဆီက ဖိတ်ခေါ်ချက်ရထားတယ်”

စိတ်ဝိညာဥ်တပ်သားတစ်ဦးက ပြောလိုက်၏။

“ခဏလောက်စောင့်ပါဦး”

ခဏနေပြီးနောက် အဆင့် ၆ တာအိုဆရာတစ်ဦးက အလောတကြီး​ရောက်ချလာ၏။

“ခင်ဗျားက တာအိုဆရာချီလား… ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ”

ချီရွှမ်းစုက အဆင့် ၆ တာအိုဆရာ၏ လမ်းညွှန်မှုအောက်မှာ ရှန်ချင်းနန်းတော်သို့ ဝင်ရောက်သွား၏။

လမ်းတစ်လျှောက်မှာ တံခါးအပြင်ဘက်တွင် အမျိုးမျိုးသောဆိုင်းဘုတ်များ ချိတ်ဆွဲထားသည့် ခန်းမများ၊ ဧည့်ခန်းများ၊ တာဝန်ကျအခန်းများနှင့် ရုံးခန်းများကို တွေ့မြင်ရသည်။

ဤနေရာသည် သာမန်တာအိုနန်းတော် သို့မဟုတ် တာအိုဘုရားကျောင်းတစ်ခုမဟုတ်ဘဲ ကျန်းမိသားစု၏ ဗဟို စီမံအုပ်ချုပ်ရေးဌာနဖြစ်သည်။ အခြားတစ်ဘက်မှာတော့ တာ့ကျန်းစံအိမ်သည် ယွင်ကျင်းတောင်၏ ဂေဟာတစ်ခုနှင့် အခြေခံကျသောဝင်္ကပါတစ်ခုအဖြစ် ရှိနေသည်။

တာ့ကျန်းစံအိမ်နှင့် ရှန်ချင်းနန်းတော်ကြား ဆက်ဆံရေးသည် အင်ပါယာနန်းတော်နှင့် မဟာအတွင်းဝန်များရုံး သို့မဟုတ် ခရမ်းရောင်စံအိမ်နှင့် ရွှေနန်းမြင့်မျှော်စင်ကြား ဆက်ဆံရေးနှင့် ဆင်တူလောက်သည်။ အင်ပါယာနန်းတော်မှာ စီမံအုပ်ချုပ်ရေး ဩဇာအာဏာသည် မဟာအတွင်းဝန်များရုံးမှာရှိပြီး တာအိုဂိုဏ်းတော်၏ ဗဟိုချက်မ ဩဇာအာဏာက ရွှေနန်းမြင့်မျှော်စင်မှာ တည်ရှိလေသည်။

အင်ပါယာနန်းတော်သည် တော်ဝင်မိသားစုအတွက် ဂေဟာတစ်ခုမျှသာဖြစ်ပြီး ခရမ်းရောင်စံအိမ်ကတော့ မဟာအကြီးအကဲစံမြန်းရာနေရာဖြစ်သည်။ ထိုက်ဖျင်ဂိုဏ်း၏ ကျန်းကျင်ပရဝဏ်နှင့် ချင်းလင်နန်းတော်၊ ချွမ်ကျန်းဂိုဏ်း၏ ချုံးယန်ထာဝရနန်းတော်နှင့် ဝူရှုနန်းတော်တို့ကလည်း တူညီသောအခြေခံသဘောတရားကို အသုံးပြုကြသည်။

ချီရွှမ်းစုက ၁၅ မိနစ်ခန့်လမ်းလျှောက်၍ ရှည်လျားသောစင်္ကြံလမ်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးမှာ ကျန်းကျွီဖျင်၏ ရုံးခန်းရှိရာသို့ ရောက်ရှိလာသည်။ တံခါးအထက်မှာ ‘ကျန်းယီဂိုဏ်း ဆက်သွယ်ရေးဌာန’ဟူသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထား၏။

သူက တိတ်တဆိတ်စောင့်ဆိုင်းနေစဥ် အဆင့် ၆ တာအိုဆရာက တံခါးကို ညင်သာစွာခေါက်ပြီး သတင်းပို့လိုက်သည်။

“လက်ထောက်နန်းတော်သခင်… တာအိုဆရာချီ ရောက်ပါပြီ”

မိခင်-ကလေးအဆောင်ကနေ ချီရွှမ်းစုကြားခဲ့ရသည့် ခပ်ဩဩအသံက တံခါးအတွင်းဘက်ကနေ ထွက်ပေါ်လာ၏။

“ဝင်လာလိုက်လေ”

တာအိုဆရာက တံခါးကို တစ်ဝက်တွန်းဖွင့်ပြီး အခြားလက်တစ်ဖက်ဖြင့် ချီရွှမ်းစုကို ဝင်ရောက်ရန် ယဥ်ကျေးစွာ အမူအရာပြလိုက်သည်။

“တာအိုဆရာချီ… ကျေးဇူးပြုပြီး ကြွလှမ်းပေးပါ”

ချီရွှမ်းစုက ရုံးခန်းထဲကိုဝင်ရောက်ဖို့ လောမနေဘဲ သူ၏ အင်္ကျီလက်အိုးအိတ်ကပ်ထဲကနေ တန်ဖိုးကြီးသော ကျောက်စိမ်းဆွဲသီးတစ်ခုကိုထုတ်ယူကာ တာအိုဆရာကို အပြုံးနှင့် တိတ်တဆိတ်ကမ်းပေးလိုက်၏။

“လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တာအိုဆရာက ကျောက်စိမ်းဆွဲသီးကို ယဥ်ကျေးစွာ ပြန်တွန်းပို့ပြီး မှင်သေသေမျက်နှာဖြင့် ပြောလိုက်သည်။

“ဒါက စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်နေပါတယ်… ဒါပေမဲ့ တာအိုဆရာချီ… ခင်ဗျားရဲ့စေတနာကို ကျုပ် အသိအမှတ်ပြုပါတယ်”

ချီရွှမ်းစုက ဆက်လက်၍ပြုံးရင်း သူ့လက်ကိုရုပ်လိုက်၏။

“ရှန်ချင်းနန်တော်က တခြားနန်းတော်တွေနဲ့ တကယ်ကိုမတူဘူးပဲ”

အစောက တာအိုဆရာက ဘာမှထပ်မပြောတော့ဘဲ ရှေ့ကိုစောင်းငဲ့ကာ ဟထားသောတံခါးကနေ ချီရွှမ်းစုကို ဝင်ရောက်စေပြီး အပြင်ဘက်ကနေ တံခါးကို ညင်သာစွာပြန်ပိတ်လိုက်သည်။

ကျန်းကျွီဖျင်၏ ရုံးခန်းမှာ အခန်းနှစ်ခန်းရှိလေသည်။ ပထမအခန်းသည် ဧည့်သည်များကို လက်ခံဖို့အတွက် ဧည့်ခန်းငယ်တစ်ခုဖြစ်ပြီး ယခုအချိန်မှာ ဘယ်သူမှမရှိဘဲ ဗလာကျင်းနေ၏။ ထို့ကြောင့် ချီရွှမ်းစုက အတွင်းခန်းထဲသို့ ဆက်လျှောက်လာရသည်။

အတွင်းခန်းက စာအုပ်စင်များ၊ စားပွဲများနှင့် စာကြည့်ခန်းတစ်ခုနှင့်တူသည်။ သို့သော်လည်း ဧည့်သည်များကို လက်ခံမည့် မည်သည့်ကုလားထိုင်မှ ရှိမနေပေ။

စားပွဲပေါ်မှာ အမျိုးမျိုးသောစာတွဲများ ပုံထပ်နေ၏။ စာတွဲများ၏ မျက်နှာဖုံးမှာ ‘လျှို့ဝှက်ထားရန်’ဟူသော အနီရောင်စာသားကို တံဆိပ်တုံးထုထားသည်။ စာရွက်စာတမ်းပုံများကြားမှာ ခေါင်းငုံ့ပြီးစာရေးနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ချီရွှမ်းစု တွေ့မြင်လိုက်ရသည်။

ဤနေရာမှာ မည်သည့်ကုလားထိုင်မှမရှိသလို ကျန်းကျွီဖျင်က သူ့ကို နှုတ်မဆက်ပေ။ ထို့ကြောင့် ချီရွှမ်းစုက ကြောင်တိကြောင်တောင်ဖြင့် မတ်တတ်ရပ်ပြီး တတိယအဆင့် ဤအကြီးအကဲက သူ့ကို အရင်စတင်စကားပြောလာဖို့ တိတ်တဆိတ်စောင့်ဆိုင်းနေ၏။

“မင်း ကျန်းယွီယွဲ့၊ ကျန်းရှီယွဲ့တို့နဲ့ တွေ့ပြီးပြီမလား”

အမျိုးသားက စာရွက်စာတမ်းများကို ခေါင်းငုံ့ကာဖတ်နေရင်း ချီရွှမ်းစုကို မေးလိုက်၏။

“ဟုတ်ကဲ့… ကျုပ်တွေ့ပြီးပါပြီ”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“သူတို့ မင်းကို ဘယ်လိုထင်ကြသလဲ သိချင်လား”

အမျိုးသားက နောက်ဆုံးမှာ မတ်တတ်ထရပ်လိုက်၏။ သူက ထုံးတမ်းစဥ်လာတာအိုဆရာဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားလေသည်။ တစ်ဝက်ဖြူနေသောဆံပင်ကို သေသပ်စွာဖြီးထားပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသော်လည်း သူ့မျက်လုံးများက တင်းမာမှုကို ပြသနေ၏။

ဤပုဂ္ဂိုလ်သည် ရှန်ချင်းနန်းတော်၏ တတိယအဆင့် လက်ထောက်နန်းတော်သခင် ကျန်းယွဲ့လု၏ ဦးလေး ကျန်းကျွီဖျင်ဖြစ်လေသည်။

All Chapters