← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း 526 သားကောင်အဖြစ် ပြောင်းလဲခြင်း အပိုင်း ၃

“ဟူး... ဟူး... ဟူး”

ရှင်းခိုင်သည် ကျောက်ဆောင်နောက်တွင် ပုန်းကွယ်နေရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။ သူသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ဝေ့ကြည့်လိုက်သည်။ ထိုဒိုင်နိုဆောလေးများ လိုက်မလာတော့သည်ကို မြင်ရမှသာ ရင်ဘတ်ကို ဖိကာ မြေပြင်ပေါ်တွင် လဲချလိုက်တော့သည်။

အခြေအနေမှာ တကယ့်ကို ရင်ဖိုစရာ ကောင်းလှသည်။ ယနေ့ညတွင် တိရစ္ဆာန်များမှာ အဘယ်ကြောင့် ဤမျှ ရူးသွပ်နေကြသည်ကို သူ တွေးမရ ဖြစ်နေသည်။ လူသားများကို မြင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြီး အဝတ်များကို ဆွဲချွတ်သူက ချွတ်၊ တစ်ကိုယ်လုံးကို မပြီး ဆွဲခေါ်သွားသူက ခေါ်သွားနှင့် ဘာမှပြန်မလုပ်နိုင်လောက်အောင် ဖြစ်နေကြသည်။

အားလုံးထဲတွင် ကြောက်စရာ အကောင်းဆုံးမှာ ပန်ဒါကြီး တပိုင်ပင် ဖြစ်သည်။ ထိုကောင်ကြီးသည် မည်သည့်နေရာမှ ရလာသည်မသိသော ပိုက်ကွန်ကြီးတစ်ခုကို ကိုင်ကာ လူအုပ်ကြီးကို ပိုက်ကွန်ထဲသို့ သားကောင်များကဲ့သို့ မောင်းသွင်းနေခြင်း ဖြစ်သည်။ ထို့နောက် ၎င်း၏ အဖော်များက ထိုပိုက်ကွန်ကြီးကို တောအုပ်အတွင်းသို့ တရွတ်တိုက် ဆွဲခေါ်သွားကြသည်။

“ငါ အပြေးမြန်လို့ တော်သေးတာပေါ့”

ရှင်းခိုင်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါပေမဲ့...”

“ဟိုသတင်းထောက်မလေးကော ဘယ်ရောက်သွားပြီလဲ မသိဘူး”

ရှင်းခိုင်သည် တစ်ယောက်တည်း ရေရွတ်ရင်း ရုတ်တရက် ထထိုင်လိုက်သည်။ စောစောက ရှုရုံသည် သူနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း ပြေးသွားသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ ထိုသို့တွေးမိသည်နှင့် ရှင်းခိုင်သည် ကျောက်ဆောင်နောက်မှ ဖြည်းဖြည်းချင်း ထွက်လာပြီး ကိုယ်ကို ငုံ့ကာ တောအုပ်အတွင်းသို့ တစ်ဖန် ပြန်လည် ဝင်ရောက်ခဲ့ပြန်သည်။

“ဖြန်း...”

ရုတ်တရက် သစ်ပင်တစ်ပင်၏ နောက်မှ လူရိပ်တစ်ခု ခုန်ထွက်လာသဖြင့် သူသည် လန့်ဖြတ်သွားရသည်။ သို့သော် ရှေ့မှ လူကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ရှင်းခိုင်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ သူမမှာ ရှုရုံ ဖြစ်နေသောကြောင့်ပင်။

“မင်း စောစောက ဘယ်ကို ပြေးသွားတာလဲ၊ ငါ မင်းကို လိုက်ရှာနေတာ ကြာလှပြီ။ လာ... မကြာခင် မိုးလင်းတော့မယ်၊ ငါတို့ ဘေးကင်းမယ့် နေရာတစ်ခုမှာ သွားပုန်းရအောင်”

ရှုရုံသည် ထိုလူငယ်လေး၏ လက်ကို ဆွဲလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“မြန်မြန် သွားကြစို့”

“စောစောက ဒိုင်နိုဆောတွေ ဟိုဘက်ကို သွားကုန်ပြီ”

526 02

ပြောပြောဆိုဆိုဖြင့်ပင် နှစ်ဦးသား အဝေးမှ ကျောက်ဆောင်များဆီသို့ အပြေးအလွှား သွားကြတော့သည်။ ကျဉ်းမြောင်းလှသော ကျောက်တွင်းလေးတစ်ခုအတွင်းသို့ ရောက်သည့်အခါ သူတို့ နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး ပူးကပ်လျက် ပုန်းကွယ်နေကြသည်။ ရှင်းခိုင်သည် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ တစ်ကိုယ်လုံး တုန်ရင်နေပြီး နှလုံးမှာလည်း ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်နေသည်။ သူတို့ နှစ်ဦးမှာ အလွန်အမင်း နီးကပ်နေသဖြင့် ရှုရုံ၏ ကိုယ်မှ မွှေးရနံ့လေးကိုပင် သူ ခံစားနေရသည်။

“မင်း ဘာလို့ တုန်နေတာလဲ။ အအေးမိလို့လား?”

ရှုရုံသည် ဘေးနားရှိ လူငယ်လေး၏ ထူးဆန်းသော အပြုအမူကို သတိပြုမိသဖြင့် သူ၏ နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။

“နည်းနည်းတော့ ပူနေသလိုပဲ”

“ကျွန်တော်... ကျွန်တော် ဘာမှမဖြစ်ပါဘူး”

ရှင်းခိုင်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက်တွင်မူ နှစ်ဦးသား တိတ်ဆိတ်သွားကြသည်။

“မနက်ဖြန်ကျရင် လူဘယ်နှစ်ယောက် ကျန်ဦးမလဲ မသိဘူးနော်”

ရှုရုံသည် လူငယ်လေး၏ နဖူးမှ စီးကျနေသော ချွေးများကို ကြည့်ရင်း၊ သူတို့ နှစ်ဦး၏ အနေအထားကို သတိပြုမိသွားသဖြင့် အနည်းငယ် ခွာလိုက်ပြီးမှ မေးမြန်းလိုက်သည်။

“မနက်ဖြန်ကျရင်လည်း ဒီတိရစ္ဆာန်တွေက ဒီနေ့ညလိုမျိုး ထပ်လုပ်ဦးမလား မသိဘူး။ တကယ်လို့ ဒီအတိုင်းသာဆိုရင်တော့ ဒီပြိုင်ပွဲမှာ ဘယ်သူမှ အနိုင်ရမှာ မဟုတ်ဘူး”

“အရင်ကတော့ ဒီတိရစ္ဆာန်တွေက ဒီလောက်အထိ တော်မယ်လို့ ကျွန်မ မယုံခဲ့ဘူး၊ အခုမှပဲ...”

“မဟုတ်ပါဘူး”

ရှင်းခိုင်သည် ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြေညာထားခဲ့သည်ကို သတိရသဖြင့် အမြန်ပင် ပြန်ပြောလိုက်သည်။

“မနက်ဖြန်ကျမှ တကယ့် ရှင်သန်ရေး တိုက်ပွဲက စမှာပါ။ ပြီးတော့... ဒီတိရစ္ဆာန်တွေက ပုံမှန်ဆိုရင် လူသားတွေကို အရင်စပြီး ရန်မမူတတ်ကြပါဘူး။ ဒီတစ်ခါကတော့ နည်းနည်း ထူးခြားနေလို့ပါ”

“ဪ... ကြည့်ရတာ မင်းက တိရစ္ဆာန်တွေအကြောင်း တော်တော်သိတဲ့ပုံပဲနော်”

“သေချာတာပေါ့၊ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို ကျွန်တော် ကြည့်ခဲ့တာလေ။ ဒါရိုက်တာဆုပိုင် ပြန်လည်အသက်သွင်းထားတဲ့ တိရစ္ဆာန်တွေထဲက ဒီဒိုင်နိုဆောတွေကလွဲရင် ကျန်တဲ့ဟာတွေကို တိရစ္ဆာန်ရုံထဲမှာ သွားကြည့်ဖူးတယ်”

“တချို့ တိရစ္ဆာန်တွေဆိုရင် ကျွန်တော့်ကိုတောင် မှတ်မိကြသေးတယ်”

“ဟိဟိ... ဒါဆိုရင် ကျွန်မတို့ နှစ်ယောက် အဖွဲ့ဖွဲ့ကြရင်ကော ဘယ်လိုလဲ?” ရှုရုံက လက်ကို ဆန့်ထုတ်ကာ ပြုံးလျက် မေးလိုက်သည်။

“ကောင်း... ကောင်းတာပေါ့”

“မနက်ဖြန်ကျရင် ကျွန်တော့်နောက်ကပဲ လိုက်ခဲ့ပါ။ ကျွန်တော်... ကျွန်တော် သေချာပေါက်... မင်းကို ကာကွယ်ပေးပါ့မယ်” ရှင်းခိုင်က သတ္တိမွေးပြီး ပြောလိုက်သည်။

“ဟားဟား... ကောင်းပါပြီရှင်… ကျေးဇူးအများကြီး တင်ပါတယ်နော်”

“မ... မလိုပါဘူး”

သူမနှင့် တကယ်ကြီး အဖွဲ့ဖွဲ့ခွင့် ရသွားခဲ့ပြီ။ ရှင်းခိုင်သည် မနက်ဖြန်ကျလျှင် သေချာပေါက် အစွမ်းပြရမည်ဟု ဆုံးဖြတ်လိုက်သည်။ မိဘများနှင့် ဆရာမကိုသာမက ဤသတင်းထောက်မလေးကိုလည်း သူ၏ အရည်အချင်းကို ပြသရပေလိမ့်မည်။ သူသည် သေချာပေါက် အောင်မြင်ရမည်။ အတော်ဆုံး တောတွင်းရှင်သန်ရေး ပညာရှင်…

526 03

နောက်တစ်နေ့ နံနက်စောစောတွင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်း၏ အဝင်ဝတွင် လူအုပ်ကြီး စုဝေးနေကြသည်။ အားလုံးမှာ သနားစရာကောင်းလောက်အောင် စုတ်ပြတ်နေကြပြီး အချို့မှာမူ စောင်များကို ကိုယ်တွင် ပတ်ထားကြရသည်။ လူတိုင်းမှာ စိတ်ပျက်အားငယ်နေကြပြီး စုဝေးထိုင်လျက် ပိတ်ထားသော တံခါးကြီးကို ကြည့်ကာ သက်ပြင်းချနေကြတော့သည်။

“ပရိသတ်ကြီးရှင့်…”

အမျိုးသမီး သတင်းထောက်တစ်ဦးသည် ကမ်းခြေပေါ်တွင် ရပ်လျက် တံခါးဝရှိ လူအုပ်ကြီးကို ကင်မရာမှတစ်ဆင့် ပြသရင်း ပြုံး၍ ပြောလိုက်သည်။

“တစ်ညလုံး လိုက်လံဖမ်းဆီးခံရပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲဝင် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပြုတ်သွားခဲ့ပြီဆိုတာကို တွေ့ရပါတယ်ရှင်”

“အဲဒီထဲမှာ စိတ်မကောင်းစရာ တစ်ခုကတော့ နိုင်ငံခြားသား ရှင်သန်ရေး အဖွဲ့တွေ အားလုံး ပြုတ်သွားခဲ့ကြပါပြီ။ အခုအချိန်အထိ ဒိုင်နိုဆောကျွန်းပေါ်မှာ လူ ၃၀၀ ထက် မပိုတော့ဘူးလို့ သိရပါတယ်”

“ဒီလူ ၃၀၀ ဟာ ၇ ရက်ကြာ တောတွင်းရှင်သန်ရေးကို ဆက်လက် ယှဉ်ပြိုင်ကြရမှာပါ။ အဲ့ဒီ ၇ ရက်အတွင်းမှာတော့ ညဘက်မှာ တိရစ္ဆာန်တွေရဲ့ လိုက်လံဖမ်းဆီးမှုကို ခံရမှာမဟုတ်ဘူးလို့ ဒါရိုက်တာဆုပိုင်ဆီကနေ သိရပါတယ်”

“ဒါပေမဲ့ နေ့ဘက်မှာတော့ တိရစ္ဆာန် အမျိုးမျိုးရဲ့ ရန်ကို ရှောင်ရှားပြီး ခက်ခဲစွာ အသက်ရှင်အောင် ကြိုးစားကြရမှာပါရှင်”

သတင်းထောက်မလေး၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

“တချို့ကတော့ မနေ့ညက ကိစ္စက မတရားဘူးလို့ ထင်ကြပါလိမ့်မယ်။ ညဘက်မှာ တိရစ္ဆာန်တွေက မမြင်နိုင်တဲ့နေရာကနေ လာတာမို့လို့ လူသားတွေက ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်”

“ဒါပေမဲ့ ဒီအချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ ဒါရိုက်တာဆုပိုင်ကို မေးမြန်းခဲ့ရာမှာတော့ သူက ပထမဆုံးညမှာ ၇၀ ရာခိုင်နှုန်းလောက်ကို ဖယ်ထုတ်ဖို့ ကြိုတင် သတ်မှတ်ထားတာပါလို့ ဝန်ခံခဲ့ပါတယ်”

“တိရစ္ဆာန်တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရတဲ့သူတွေအနေနဲ့ တိရစ္ဆာန်တွေနဲ့ တွေ့တဲ့အခါ ဘယ်လောက်တောင် အားငယ်ခဲ့ရသလဲဆိုတာ ခံစားမိကြမှာပါ။ ဘယ်လိုပဲ ရုန်းကန်ပါစေ လွတ်လမ်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ရတဲ့ ခံစားချက်ကိုပေါ့”

“ပြီးတော့ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ခဲ့ကြတဲ့အတိုင်း တိရစ္ဆာန်တွေက ပိုက်ကွန်တွေ၊ သစ်သားတုတ်တွေ စတဲ့ ကိရိယာတွေကို သုံးခဲ့ကြပါတယ်။ ဒါတွေကို ကြည့်ရင် ဒါရိုက်တာဆုပိုင်ရဲ့ ပရိသတ်တွေ သိကြမှာပါ။ ဒါတွေဟာ...”

“အရင်တုန်းက တိရစ္ဆာန်တွေကို ဖမ်းဆီးသူတွေ သုံးခဲ့တဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်”

“မနေ့ညကတော့ ပြောင်းပြန် ဖြစ်သွားခဲ့တာပါ။ လူသားတွေကို သားကောင်အဖြစ် အမဲလိုက်ခံရတဲ့ ခံစားချက်ကို ပေးချင်တာပါ”

“အမှန်အတိုင်း ပြောရရင် ကျွန်မတို့မှာ ကိရိယာတွေသာ မရှိရင် တိရစ္ဆာန်တွေကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါရိုက်တာဆုပိုင်က ဒီညကို တမင်ဒီဇိုင်းဆွဲထားတာပါ။ တိရစ္ဆာန်တွေမှာလည်း လူသားတွေလို ဉာဏ်ရည်ရှိမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ကျွန်မတို့အတွက် နေစရာတောင် ရှိမှာ မဟုတ်ဘူးဆိုတာကို လူတိုင်း သိအောင် လုပ်လိုက်တာပါပဲ”

“ဒါဟာ လူတိုင်း ဆင်ခြင်သုံးသပ်သင့်တဲ့ အချက်ပါပဲ”

“ဪ... ဒါနဲ့ မနေ့ညက တိရစ္ဆာန်တွေ သုံးခဲ့တဲ့ ကိရိယာတွေက ဒါရိုက်တာဆုပိုင် ပြင်ဆင်ပေးထားတာ မဟုတ်ပါဘူးနော်။ အဲဒီ ပိုက်ကွန်တွေ၊ သစ်သားတုတ်တွေ၊ ကျောက်ခဲတွေ အားလုံးဟာ ကျွန်မတို့ ပြိုင်ပွဲဝင်တွေ ကျွန်းထဲကို ခိုးယူလာခဲ့တာ ဒါမှမဟုတ် ကျွန်းပေါ်မှာ ကိုယ်တိုင် လုပ်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်ရှင်”

526 04

တံခါးဝတွင် ထိုင်နေသော လူအုပ်ကြီးသည် သတင်းထောက်မလေး၏ စကားကို ကြားရသည့်အခါ အတော်များများမှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားကြသည်။ လူအများစုမှာ ကျွန်းထဲသို့ ရောက်သည်နှင့် ပထမဆုံးအလုပ်အနေဖြင့် လက်နက်များ ပြုလုပ်ခြင်း သို့မဟုတ် ကြိုတင်ဝှက်ယူလာသော လက်နက်များကို ထုတ်ယူခြင်းများ ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ တစ်ညလုံး သားကောင်အဖြစ် အမဲလိုက်ခံခဲ့ရသည့် ခံစားချက်ကို မြည်းစမ်းပြီးနောက်တွင်မူ အားလုံးမှာ အတွေးကိုယ်စီဖြင့် ငြိမ်ကျသွားကြတော့သည်။ ထိုခံစားချက်ကို ကိုယ်တိုင် မကြုံဖူးဘဲနှင့် နားလည်ရန် မလွယ်ကူလှပေ။

“ဒါဟာ ဒါရိုက်တာဆုပိုင်က ဒီအစီအစဉ်ကို ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင် ကြုံတွေ့ဖူးမှသာ အဲ့ဒီလို အားငယ်တဲ့ ခံစားချက်ကို သိနိုင်မှာမို့လို့ပါ”

“တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတွေအနေနဲ့လည်း ဒီအစီအစဉ်ကို မှတ်သားထားကြဖို့ မျှော်လင့်ပါတယ်ရှင်။ ဒီတိရစ္ဆာန်တွေကို အမဲလိုက်ခံရတဲ့ သားကောင်တွေအဖြစ် ဘယ်တော့မှ မဖြစ်စေချင်သလို အဲဒီလို အားငယ်တဲ့ ခံစားချက်မျိုးကိုလည်း ထပ်ပြီး မခံစားစေချင်တော့ပါဘူးရှင်”

“ကျွန်မတို့ ရုပ်သံလိုင်းကနေ ရှေ့ဆက်မယ့် ရှင်သန်ရေး အစီအစဉ်တွေကို ဆက်လက် ထုတ်လွှင့်ပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြပါဦးနော်”

“ကျန်ရှိနေတဲ့ ဒီ 'သားကောင်' ၃၀၀ က တိရစ္ဆာန်တွေရဲ့ လက်ထဲကနေ တာဝန်တွေကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ကျွန်မတို့ အတူတူ စောင့်ကြည့်လိုက်ကြရအောင်ရှင်”

သတင်းထောက်မလေးသည် စကားဆုံးသည်နှင့် အသက်ကို ပြင်းပြင်းရှူကာ ကင်မရာဆရာနှင့်အတူ ပြုတ်သွားသော လူများကို လိုက်လံ မေးမြန်းနေပါတော့သည်။ စောင့်ကြည့်ရေးဌာနအတွင်း၌မူ...

“ပြောတာ တော်တော်လေး ကောင်းတယ်”

နန်ကုန်းယွမ်သည် ဖန်သားပြင်ပေါ်မှ သတင်းထောက်မလေးကို ကြည့်ကာ ခေါင်းညိတ်လျက် ချီးကျူးလိုက်သည်။

“လူတိုင်းကို သားကောင်အဖြစ် ခံစားစေမှသာ အမြဲတမ်း မှတ်မိနေမှာ”

“ဒါဟာ အရင်တုန်းက တိရစ္ဆာန်တွေ ခံစားခဲ့ရတဲ့ အားငယ်မှုတွေနဲ့ ယှဉ်ရင်တော့ တော်တော်လေး ပေါ့ပါသေးတယ်။ အနည်းဆုံးတော့ ဒီလူတွေက ကိုယ့်မှာ အသက်အန္တရာယ် မရှိဘူးဆိုတာ သိနေကြတာကိုး။ ဒါတောင်မှ မနေ့ညက လူအတော်များများ စိတ်ဓာတ်တွေ ပြိုလဲကုန်ကြတာပဲ”

“ဒါဆိုရင် ဆုပိုင် အရင်က ပြခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေထဲမှာ တိရစ္ဆာန်တွေ ဘယ်လောက်တောင် အားငယ်ခဲ့ရမလဲဆိုတာ တွေးကြည့်လို့ ရတာပေါ့”

“ဟင်…”

ရုတ်တရက် ဝမ်ချန်က ထူးဆန်းစွာ အာမေဍိတ်သံ ပြုလိုက်သည်။ သူသည် ထောင့်တစ်နေရာရှိ စောင့်ကြည့်ရေး ဖန်သားပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ဒီကို သင်္ဘောတစ်စီး လာနေတာလား။ ဌာနမှူး... ခင်ဗျားတို့ ကြည့်ပါဦး...”

“မဟုတ်ဘူး... ဒါက သာမန်သင်္ဘော မဟုတ်ဘူး၊ ဒါ စစ်သင်္ဘောကြီးပဲ”

“ဒီနေရာမှာ ဘယ်လိုဖြစ်လို့ စစ်သင်္ဘောကြီး ရောက်လာတာလဲ?”

******

527 01

အခန်း 527 ကျွန်တော့်ရဲ့ ပထမဆု (၁)

“ကပ္ပတိန် လန့်စ်”

“ဒီထက် ပိုတိုးလို့ မရတော့ဘူးခင်ဗျာ၊ တရုတ်ရဲ့ပိုင်နက်ရေပြင်ကို ရောက်တော့မှာပါ။ ထပ်တိုးမယ်ဆိုရင်တော့ ဒါဟာ ရန်စတဲ့ လုပ်ရပ် ဖြစ်သွားပါလိမ့်မယ်”

“ပါးစပ်ပိတ်စမ်း”

ဘေးနားမှ လက်အောက်ငယ်သား၏တင်ပြချက်ကို ကြားရသည့်အခါ မုတ်ဆိတ်ဗရပွနှင့် လန့်စ်က မထီမဲ့မြင် ပြုလျက် ဟောက်လိုက်သည်။

“သတ်မှတ်ထားတဲ့ စည်းမျဉ်းအနားမှာပဲ ရပ်လိုက်။ ငါတို့က ကင်းလှည့်နေတာပဲလေ။ ပြီးတော့...”

“ဒီကျွန်းက အရင်က လူမနေတဲ့နေရာပဲဟာကို၊ အခုမှ ဒိုင်နိုဆောကျွန်းဆိုပြီး လာလုပ်နေတာ တကယ်ကို ရယ်စရာကောင်းတယ်။ အထက်ကလူတွေက တရုတ်နဲ့ စာချုပ်ချုပ်ချင်နေတာကို သူတို့က ငြင်းလိုက်တယ်တဲ့လား၊ ငါတော့ ဒါကို လုံးဝ လက်မခံနိုင်ဘူး”

“တိရစ္ဆာန်လေး အနည်းငယ် ရှိနေတာနဲ့တင် ဘာဖြစ်သွားမှာမို့လို့လဲ။ ငလျင်ကို ကြိုခန့်မှန်းနိုင်တော့ကော ဘာဖြစ်လဲ။ ပြည်တွင်းကလူတွေကတော့ တကယ့်ကို အအတွေပဲ၊ ဒီစာချုပ်ကိုသာ ချုပ်လိုက်ရင် ငါတို့က လွတ်လပ်တဲ့ နိုင်ငံ ဖြစ်ပါဦးမလား”

လန့်စ်သည် ဒေါသတကြီးဖြင့် တိုးတိုးလေး ဟောက်လိုက်ပြီး မှန်ပြောင်းဖြင့် အဝေးမှ ကျွန်းကို လှမ်းကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့လျက် မထီမဲ့မြင် ပြုနေမိသည်။ တောတွင်းရှင်သန်ရေး အစီအစဉ်တောင် လုပ်နေကြသေးတယ်လား။

သူတို့ကတော့ ဒီတစ်ခါ ဒီနေရာကို တမင်လာခဲ့ကြခြင်း ဖြစ်သည်။ လူတွေကို ခြိမ်းခြောက်ဖို့အတွက်ပေါ့။ ဘာပဲဖြစ်ဖြစ် တရုတ်ရဲ့ပိုင်နက်ရေပြင်ထဲကို ဝင်မသွားသေးသရွေ့တော့ ဘာမှလုပ်လို့မရပါဘူး။ ပြီးတော့ ထွက်မလာခင်ကတည်းက ရေဒါနဲ့ စစ်ဆေးပြီးသားပါ။ ဒီကျွန်းအနားမှာ တရုတ်ရဲ့စစ်သင်္ဘောတွေ မရှိပါဘူး။ သူတို့ ငါတို့ကို ဘာမှလုပ်လို့မရတာ သေချာတယ်။

“တီ... တီ... တီ”

“ကပ္ပတိန်၊ တရုတ်ဘက်က ဆက်သွယ်လာပါတယ်”

ဘေးနားမှ သင်္ဘောသားက စကားပြောစက်ကို ကိုင်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “သေချာပေါက် ငါတို့ကို သတိပေးတာပဲ ဖြစ်ရမယ်၊ ပြန်လှည့်ကြမလားခင်ဗျာ”

ကပ္ပတိန် ဘာစဉ်းစားနေသလဲဆိုတာ သူတို့ မသိကြသော်လည်း မဟာမျိုးသုဉ်းမှုကြီး ဖြစ်ပြီးကတည်းက နိုင်ငံတိုင်းရဲ့ ရေတပ်အင်အားက အဆပေါင်းများစွာ လျော့နည်းသွားခဲ့ရသည်။ ပင်လယ်ထဲက ရေမှော်ပင်တွေက အရမ်းကိုထူထပ်လွန်းလှသဖြင့် သတိမထားပါက သင်္ဘောပန်ကာထဲမှာ ငြိသွားနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ တရုတ်ကသာ တကယ်ပစ်ခတ်လာလျှင် ဒီသင်္ဘောပေါ်ကလူတွေ အသက်ရှင်လျက် ပြန်ရဖို့ လမ်းမရှိပေ။ မဟာမျိုးသုဉ်းမှု မတိုင်ခင်ကတည်းက ပိုင်နက်နယ်မြေအပေါ် ထားရှိတဲ့ တရုတ်၏သဘောထားက ပြတ်သားလွန်းလှသည်။ ဘယ်သူ့ကိုမှ လာရောက်ရန်စခွင့် မပြုခဲ့ပေ။ အခု ကပ္ပတိန်၏လုပ်ရပ်ကတော့ တရုတ်၏သည်းခံနိုင်စွမ်းကို စမ်းသပ်နေသလို ဖြစ်နေသည်။

“ဖွင့်လိုက်”

လန့်စ်က စကားပြောစက်ကို ယူကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “မင်္ဂလာပါ၊ ဒါက လွတ်လပ်သူ စစ်သင်္ဘောက ဖြစ်ပါတယ်”

“ငါ တစ်ခါပဲ ပြောမယ်”

တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာ လူငယ်တစ်ဦး၏ အသံ ဖြစ်သော်လည်း အလွန်လေးနက်ပြတ်သားလှသည်။ “ဒီနေရာကနေ ချက်ချင်း ထွက်သွားကြ၊ မဟုတ်ရင်တော့ နောက်ဆက်တွဲကို ကိုယ့်ဘာသာကိုယ် တာဝန်ယူရလိမ့်မယ်”

527 02

“ဂျောက်...”

လန့်စ်က ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း တစ်ဖက်မှ စကားပြောစက်ကို ချက်ချင်း ပိတ်သွားခဲ့သည်။

“တောက်”

“အထဲကို မောင်းဝင်စမ်း”

တစ်ဖက်လူက ဒီလောက်အထိ စကားလုံး ပြတ်သားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပထမဆုံး စကားတစ်ခွန်း ပြောပြီးသည်နှင့် သူ့ကို စကားပြန်ပြောခွင့်ပင် မပေးတော့ပေ။

“ဒါကတော့...”

“ကပ္ပတိန် အထဲဝင်လို့ မဖြစ်ဘူးခင်ဗျာ၊ အထဲဝင်သွားရင် တစ်ဖက်က ငါတို့ကို တိုက်ရိုက်ပစ်နှစ်ပိုင်ခွင့် ရှိသွားပြီ” သင်္ဘောသားက လန့်စ်၏ အော်ဟစ်သံကို ကြားရသည့်အခါ ထိတ်လန့်တကြား တားဆီးလိုက်သည်။ သူတို့သည် အထက်မှ အမိန့်လည်း မရရှိထားသဖြင့် တကယ်လို့ တစ်ခုခု ဖြစ်သွားပါက စစ်ခုံရုံး တက်ရမှာ သေချာသည်။

“ဝုန်း”

ရုတ်တရက် စစ်သင်္ဘောကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

“မြန်မြန်... ဘာဖြစ်တာလဲ စစ်ဆေးစမ်း”

“တရုတ်က ရေအောက်ကနေ တိုက်ခိုက်လိုက်တာလား”

လန့်စ်က အော်ဟစ်လိုက်ပြီး ဦးထုပ်ကို ချွတ်ကာ ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ စကားပြောလို့ ပြီးရုံရှိသေးသည်၊ တရုတ်က တကယ်ကြီး တိုက်ခိုက်ရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါက အရင်တုန်းကဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စပဲ။ စည်းမျဉ်းအရဆိုရင် သုံးကြိမ် သတိပေးရမှာ မဟုတ်ဘူးလား။

“ဂုတ်...”

“က... ကပ္ပတိန်... တရုတ် မဟုတ်ဘူး၊ ငါ... ငါတို့ သေရတော့မယ်”

အခန်းထဲရှိ သင်္ဘောသားသည် အဝေးမှ ပင်လယ်ပြင်ပေါ်တွင် ထွက်ပေါ်လာသော ဧရာမ သတ္တဝါကြီးကို မြင်လိုက်ရသည့်အခါ ဦးနှောက်မှာ ဗလာဖြစ်သွားရပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ “အဲဒါက... အဲဒါက...”

“ဟိန်း...”

စကားမဆုံးသေးခင်မှာပင် နားကွဲမတတ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာသဖြင့် စစ်သင်္ဘောကြီးမှာ အလေးချိန် မရှိတော့သကဲ့သို့ပင် ရေပြင်ပေါ်တွင် ပြင်းထန်စွာ ယိမ်းထိုးနေတော့သည်။

“ဒုန်း...”

ဧရာမ အမြီးဆူးကြီး တစ်ခုသည် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာပြီး စစ်သင်္ဘော၏ ကိုယ်ထည်ကို အားကုန် ရိုက်ချလိုက်သည်။

“ဂျွတ်...”

သင်္ဘောကုန်းပတ်ပေါ်ရှိ သံမဏိများမှာ တကျွတ်ကျွတ် ကျိုးပျက်သွားပြီး သင်္ဘော၏ရှေ့ပိုင်းသည် တွန့်လိမ်သွားကာ ပင်လယ်ရေများ အထဲသို့ တိုးဝင်လာတော့သည်။

“ဒါ ဘာကြီးလဲ”

“မြန်မြန် ဆုတ်ကြစို့”

527 03

“တောက်... မြန်မြန် လုပ်ကြစမ်း”

လန့်စ်သည် ထိုင်ခုံပေါ်တွင် ပျော့ခွေလဲကျသွားပြီး သင်္ဘောဘေးတွင် ဝိုင်းရံနေသော ဧရာမသတ္တဝါကြီးကို ကြည့်ကာ၊ အထူးသဖြင့် ရေအောက်ကင်မရာမှတစ်ဆင့် မြင်တွေ့နေရသည့် ကြောက်မက်ဖွယ် သွားကြီးများကို မြင်လိုက်ရသည့်အခါ ထိုင်ခုံမှ ထခုန်လိုက်ပြီး အသည်းအသန် အော်ဟစ်လိုက်တော့သည်။

ဒိုင်နိုဆောကျွန်းပေါ်တွင် စုဝေးနေကြသော လူများသည်လည်း အဝေးမှ ထွက်ပေါ်လာသော အသံများကို ကြားရသည့်အခါ ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ စစ်သင်္ဘောကို တိုက်ခိုက်နေသော သတ္တဝါကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။

“အဲဒါ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ နောက်ဆုံးမှာ ပလိုက်ယိုဆောကို ကိုက်သတ်လိုက်တဲ့ ကောင်ကြီးပဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထိုအခါမှ လူအများအပြားမှာ သတိဝင်လာကြသည်။

“ဘုရားရေ... တရုတ်ပြည်မှာ အခု ဘယ်လို တိရစ္ဆာန်တွေ ရှိနေတာလဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်ကြီးကလည်း တိရစ္ဆာန်ပဲလား”

“မနေ့ညက ငါတို့ ရေထဲမဆင်းမိလို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့...”

“အား... မပြောပါနဲ့တော့၊ ငါ ဒီနေရာကနေ မြန်မြန် ထွက်သွားချင်ပြီ စစ်သင်္ဘောတောင် မယှဉ်နိုင်တဲ့ကောင်ဆိုတော့ အရမ်း အန္တရာယ်များလွန်းတယ်”

နိုင်ငံခြားသား အများအပြားသည် အဝေးမှ ပင်လယ်ပြင်ကို ကြည့်ကာ ထိတ်လန့်တကြား ပြောဆိုနေကြသည်။ သူတို့ ကျွန်းပေါ်ကို စတင်ခြေချစဉ်က ဘာကြောင့် တရုတ်ဘက်က လုံခြုံရေးဝန်ထမ်းတွေရော သင်္ဘောတွေရော တစ်စုံတစ်ရာ မထားရှိတာလဲဆိုတာကို သူတို့ အခုမှနားလည်သွားကြတော့သည်။ ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး ရှိနေတာပဲ၊ နောက်ထပ် ဘာသင်္ဘောမှ မလိုတော့ဘူးလေ။

“ဟင်း”

ဆုပိုင်သည် စောင့်ကြည့်ရေးဌာနအတွင်း၌ ထိုင်နေရင်း ထွက်ပြေးသွားသော စစ်သင်္ဘောကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ဒီကောင်တွေ အပြေးမြန်လို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ မိုဆာဆောရတ်စ်နဲ့ ဆက်ဆော့နေရင် ခဏချင်းမှာပဲ နစ်မြုပ်သွားမှာ သေချာတယ်။

သို့သော်...

“ဒါက အဲဒီနိုင်ငံရဲ့ စစ်သင်္ဘော မဟုတ်လား”

ဆုပိုင်က ဘေးမှ နန်ကုန်းယွမ်ကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ “ဒီကိစ္စကိုတော့ ခင်ဗျားတို့ပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။ ဒိုင်နိုဆောကျွန်းပေါ်မှာ သတ္တဝါတွေ အများကြီး ရှိနေတာမို့လို့ တစ်ခုခု ဖြစ်သွားရင် နောက်ဆက်တွဲက တွေးဝံ့စရာတောင် မရှိဘူး။ ဒီသင်္ဘောက သူတို့ အထက်က အမိန့်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်သဘောနဲ့ကိုယ်ပဲဖြစ်ဖြစ် သူတို့ကိုတော့ လွှတ်မပေးနိုင်ဘူး။ သူတို့ဘက်က တကယ့် စေတနာမှန် ပြသလာတဲ့အထိ တိရစ္ဆာန်ကာကွယ်ရေး စာချုပ်ကို ချုပ်ဆိုဖို့ ငြင်းပယ်လိုက်ပါ”

သူသည် မိုဆာဆောရတ်စ်ကို ကျွန်းပတ်ဝန်းကျင် ပင်လယ်ပြင်မှာပဲ နေရာချထားခဲ့သဖြင့် တစ်စုံတစ်ရာ ထူးခြားသည်နှင့် ချက်ချင်း ရောက်လာနိုင်ခြင်း ဖြစ်သည်။ သို့သော် သူ မကူးပြောင်းခင်ကအတိုင်းပင် ထိုနိုင်ငံမှာ ယခုထိ ရန်စတတ်ဆဲ ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ ဒီတစ်ခါတော့ မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး

527 04

“စိတ်ချပါ”

နန်ကုန်းယွမ်၏မျက်နှာမှာ အလွန် အောက်တန်းကျလှသော ထိုလုပ်ရပ်ကြောင့် နီရဲနေပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။ “ဒီကိစ္စအတွက် သူတို့ သေချာပေါက် တာဝန်ယူရစေရမယ်။ မဟုတ်ရင်တော့ ငါတို့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ တိရစ္ဆာန်တွေအတွက်တင် မဟုတ်ဘူး၊ တခြား ပင်လယ်ပြင်မှာ ငါတို့ ပြင်ဆင်ထားတာတွေလည်း မကြာခင် အောင်မြင်တော့မှာဆိုတော့ ရေနံတူးဖော်ရေး ကိစ္စတွေက လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာပဲ။ ဒီတစ်ခါတော့ ကြက်ကိုသတ်ပြီး မျောက်ကို သတိပေးရမယ်။ ငါတို့ကို ချောင်းကြည့်နေတဲ့သူတွေ အားလုံး သေချာ စဉ်းစားကြပါစေ။ ဒါဟာ ငါတို့ရဲ့ နောက်ဆုံးစည်းပဲ၊ ဘယ်သူ့ကိုမှ ကျော်ခွင့် မပေးနိုင်ဘူး”

ဒိုင်နိုဆောကျွန်းပေါ်တွင်မူ...

“မြန်မြန်သွား”

“မင်း အရင်သွား”

“ငါ သူတို့ကို တားထားမယ်”

ရှင်းခိုင်သည် နောက်ကွယ်မှ အသည်းအသန် လိုက်လာသော ဒိုင်နိုဆော အုပ်စုကို တစ်ချက်ကြည့်ကာ ရှေ့မှ ရှုရုံကို အတင်းတွန်းထုတ်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ ရှေ့တွင် ကာကွယ်ပေးထားရင်း အော်ဟစ်လိုက်သည်။ “ဒီနေ့ တစ်နေ့တည်း တောင့်ခံနိုင်ရင် ငါတို့ နိုင်ပြီ၊ တောင့်ခံထားဦးနော်”

ယခုအချိန်တွင် ရှင်းခိုင်ရော ရှုရုံပါ အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။ သူတို့ မသိသည်မှာ ၆ ရက်တိုင်တိုင် ဒိုင်နိုဆောများနှင့် တိရစ္ဆာန်များ၏ လိုက်လံဖမ်းဆီးမှုကြားတွင် ကျွန်းတစ်ခုလုံး၌ သူတို့ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်ဟူသော အချက်ပင် ဖြစ်သည်။ အကယ်၍ ယနေ့ ညနေစောင်းအထိ တောင့်ခံနိုင်ပါက သူတို့သည် တစ်သက်တာ အခမဲ့ကတ် နှစ်စောင်ကို ရရှိကြတော့မည် ဖြစ်သည်။

“ရှင်းခိုင်... ငါ မရတော့ဘူး၊ ငါ မပြေးနိုင်တော့ဘူး”

ရှုရုံသည် နှုတ်ခမ်းများ ခြောက်ကပ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီ ဖြစ်သည်။ သူမသည် အားနည်းစွာ ပြောလိုက်သည်။ သူမသည် အစွန်းရောက် အစီအစဉ်၏ တင်ဆက်သူ တစ်ဦးဖြစ်သဖြင့် ပုံမှန်ဆိုလျှင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖူးသော်လည်း ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမျှ မကြုံဖူးပေ။ အချိန်တိုင်း မုဆိုးတစ်ယောက်က စောင့်ကြည့်နေသလို ခံစားနေရပြီး ခဏလေး သတိလွတ်သွားသည်နှင့် အဖမ်းခံရတော့မည် ဖြစ်သည်။ အသက်ဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရသဖြင့် အခုဆိုလျှင် သူမ တကယ့်ကို ပင်ပန်းနေပြီ ဖြစ်သည်။ ဤအားငယ်သော ခံစားချက်ကြားတွင် ဤလူငယ်လေး ဘေးမှာ ရှိနေခြင်းကသာ သူမအတွက် အားဆေး ဖြစ်နေသည်။

“ငါ မင်းကို ကျောပိုးပြီး သွားမယ်”

ရှင်းခိုင်က လှည့်ကြည့်ကာ ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး ရှုရုံကို ကျောပေါ်သို့ ဆွဲတင်လိုက်သည်။

“ဟိန်း...”

ရှေ့မှ ထရန်နိုဆောရက်ရပ်စ်သည် တစ်ချက် ဟိန်းဟောက်လိုက်ပြီး အပေါ်သို့ ခုန်တက်ကာ ရှေ့သို့ ရောက်လာသည်။

“ဂုတ်”

“မဟုတ်ဘူး၊ ငါ မရှုံးနိုင်ဘူး၊ နောက်ဆုံး တစ်လှမ်းပဲ ကျန်တော့တာ”

“နောက်ထပ် နာရီအနည်းငယ်ဆိုရင် ငါ့ကိုယ်ငါ သက်သေပြနိုင်ပြီ”

“ငါ သေချာပေါက် မရှုံးစေရဘူး”

ရှင်းခိုင်သည် တစ်လှမ်းချင်း ချဉ်းကပ်လာသော ထရန်နိုဆောရက်ရပ်စ်ကို ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်ပြီး ရှုရုံကို ကျောပိုးလျက် အနောက်ရှိ တောင်ကုန်းပေါ်သို့ အသည်းအသန် ပြေးတက်သွားပါတော့သည်။ ယခုအချိန်တွင် ရှင်းခိုင်၏ အင်အားရော စိတ်ဓာတ်ပါ အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏စိတ်ထဲမှ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုဖြင့်သာ ဆက်လက် ကြိုးစားနေခြင်း ဖြစ်သည်။

သူ သေချာပေါက် မရှုံးစေရဘူး။

******

528 01

အခန်း 528 ကျွန်တော့်ရဲ့ ပထမဆု ၂

“ဂျွတ်”

ရှင်းခိုင်သည် လက်နှစ်ဖက်ဖြင့် ကျောက်ဆောင်တစ်ခုကို အားကုန်ဆုပ်ကိုင်ကာ အပေါ်သို့ အသည်းအသန် တက်လိုက်သည်။

“အစ်မရှုရုံ၊ ထရန်နိုဆောရက်ရပ်စ်က တိုက်ခိုက်တာ ရပ်သွားပြီ။ ကျွန်တော်တို့ အပေါ်ရောက်ရင် နိုင်ပြီ”

ရှင်းခိုင်သည် ဖြူဖျော့နေသော ရှုရုံ၏မျက်နှာကို လှည့်ကြည့်ကာ အသံတိုးတိုးဖြင့် အားပေးစကား ဆိုလိုက်သည်။

“နည်းနည်းလောက် ထပ်တောင့်ခံထားပါဦး၊ ရောက်တော့မယ်”

“အင်း...”

ရှုရုံသည် ညည်းညူရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

“မင်း... မင်း ဆက်မတက်နဲ့တော့၊ အန္တရာယ်များလွန်းတယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင်... ပထမဆု တစ်ခုအတွက်နဲ့တော့ ဒါက မတန်ပါဘူး”

“မဟုတ်ဘူး”

“တန်ပါတယ်”

ရှင်းခိုင်သည် အသက်ကို ပြင်းပြင်းရှူကာ ပြတ်သားစွာ ပြောလိုက်သည်။

“ဒီပထမဆုက တကယ်ပဲ တန်ဖိုးရှိလို့ပါ”

“ဟိန်း...”

“ငါတို့ ဆက်မလိုက်တော့ဘူး၊ အောက်ကနေပဲ စောင့်နေကြမယ်”

နဂါးအမေသည် အပေါ်သို့ တရွတ်တိုက် တက်နေသော လူနှစ်ယောက်ကို မော့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး အပေါ်သို့ တက်ရန် ပြင်နေသော ဒိုင်နိုဆောလေးများကို တားဆီးလိုက်သည်။ ယခုအခါ ကျွန်းတစ်ခုလုံးတွင် ဤလူနှစ်ယောက်သာ ကျန်ရှိတော့သည်။ သူတို့သည် ကျန်ရှိသော လူအားလုံးကို ၃ ရက်တိုင်တိုင် မနားတမ်း လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤနှစ်ယောက်သာ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဟူး...”

ရှင်းခိုင်သည် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး အောက်ဘက်ရှိ တိရစ္ဆာန်အုပ်ကြီးကို ကြည့်ကာ သက်ပြင်းချနိုင်တော့သည်။

“ဘာလို့လဲ... ပထမဆု တစ်ခုအတွက်နဲ့ မင်း အခုလို လုပ်ရတာ၊ တကယ်လို့ စောစောက မင်းသာ ပြုတ်ကျသွားရင် မင်းရဲ့မိဘတွေ ဘယ်လို ခံစားရမလဲဆိုတာ တွေးဖူးရဲ့လား?”

ရှုရုံသည် အားတင်းကာ ထရပ်လိုက်ပြီး ရှင်းခိုင်ကို ဒေါသတကြီး ဆူပူလိုက်သည်။

“ဒါက တောတွင်းရှင်သန်ရေး ပထမဆု တစ်ခုပဲလေ၊ မင်းရဲ့ အသက်နဲ့ လဲပြီး လုပ်ရလောက်အောင် မတန်ဘူး”

သူမသည် ဤလူငယ်လေးကို တကယ်ပင် နားမလည်နိုင်တော့ပေ။ လွန်ခဲ့သော နှစ်ရက်ကတည်းက သူ အရှုံးပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤမျှ အန္တရာယ်များသည့်ကြားမှ မိမိအသက်ကိုပင် ဂရုမစိုက်ဘဲ ဆက်လက် ကြိုးစားနေသည့် လူမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးပေ။ သူသည် အန္တရာယ် အရှိဆုံးနေရာမှန်သမျှကို ရွေးချယ် ပြေးလွှားခဲ့ခြင်း ဖြစ်သည်။ တစ်သက်တာ အခမဲ့ကတ်တစ်ခု၏ တန်ဖိုးကို သူမ သိသော်လည်း အသက်နှင့် ယှဉ်လျှင်မူ မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။

528 02

“ဟူး...”

ရှင်းခိုင်သည် ရှုရုံကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ပေကျံနေသော အညစ်အကြေးများကြားမှ ဖြူဖွေးသော သွားလေးများမှာ ပေါ်လွင်နေသည်။

“ဟဲဟဲ...”

သူသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အနေဖြင့် ရယ်မောလိုက်သည်။

“တောင်းပန်ပါတယ် အစ်မရှုရုံ၊ ကျွန်တော် အစ်မကို လိမ်ခဲ့မိတယ်...”

“ကျွန်တော့် မိဘတွေက ဒီပြိုင်ပွဲကို လာပြိုင်ဖို့ လုံးဝ သဘောမတူကြဘူး။ ကျွန်တော် ပထမဆု ရရင်တောင်မှ အိမ်ပြန်ရောက်ရင် အရိုက်ခံရဦးမှာပါ။ ပြီးတော့ ကျောင်းက ဆရာမကလည်း ကျွန်တော့် မိဘတွေကို သေချာပေါက် သတိပေးထားပြီးလောက်ပြီ”

ရှင်းခိုင်သည် တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ တိုးတိုးလေး ပြောနေသည်။

“ကျွန်တော်က ငယ်ငယ်ကတည်းက စာညံ့တဲ့ကလေးတစ်ယောက်ပါ။ မိဘဆရာ အစည်းအဝေးသွားတိုင်း အိမ်ပြန်ရင် ဘယ်လို စကားစရမှန်းတောင် မသိဘူး...”

“ဒါပေမဲ့...”

“ဒီပြိုင်ပွဲက ကျွန်တော့်အတွက် ပထမဆု ရနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဗျ။ အဖေနဲ့ အမေကို ပထမဆုရတဲ့ စင်မြင့်ပေါ်မှာ ရပ်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြုံးလေး ချီးကျူးတာကို ခံချင်မိတာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ဒါက မဖြစ်နိုင်ဘူးလေ...”

“တောင်းပန်ပါတယ်၊ ကျွန်တော် တမင် လိမ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က လူအများကြားထဲမှာ အမြဲတမ်း ထောင့်တစ်နေရာမှာပဲ ရှိနေရတဲ့ သာမန်ကလေး တစ်ယောက်ပါ...”

“ဟီး... ဟီး...”

ပြောရင်းနှင့် ရှင်းခိုင်သည် ငိုကြွေးလာကာ မျက်ရည်များကို သုတ်လိုက်ပြီး အဝေးမှ ပင်လယ်ပြင်ကြီးကို မော့ကြည့်လျက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“ကျွန်တော်က ပထမဆုရှင်ပဲ”

“ဒါဟာ ကျွန်တော့် တစ်သက်တာမှာ ရမယ့် တစ်ခုတည်းသော ပထမဆုလည်း ဖြစ်နိုင်တယ်။ အစ်မရှုရုံ... ဒီပွဲပြီးရင် ကျွန်တော် ကျောင်းပြန်တက်မယ်၊ ဘွဲ့ရအောင် ကြိုးစားပြီး တစ်သက်လုံး လုပ်သွားရမယ့် အလုပ်တစ်ခု ရှာမယ်။ ကျွန်တော့် အဖေလိုပဲ တစ်သက်လုံး ဒီအတိုင်းပဲ ဖြတ်သန်းသွားမှာပါ။ ဒါပေမဲ့... ကျွန်တော် တစ်ခါလောက်တော့ ပထမဆု ရဖူးတယ်ဆိုတဲ့ အသိလေးနဲ့ပဲ ကျေနပ်ပါပြီ”

ရှုရုံသည် ဤလူငယ်လေး၏ စကားများကို ကြားရသည့်အခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

“လာ... ထလိုက်စမ်း”

သူမသည် ဘေးမှ ကျောက်ဆောင်ကို အားပြုကာ ရှင်းခိုင်ကို ဆွဲထူလိုက်သည်။

“ပင်လယ်ပြင်ကြီးကို မြင်လား”

“အစ်မ မင်းအရွယ်တုန်းကလည်း စိတ်ညစ်စရာတွေ အများကြီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့...”

“အဲဒီအရာတွေကို အသံကုန် အော်ဟစ်လိုက်ရင် အားလုံး ပျောက်သွားလိမ့်မယ်”

528 03

ရှုရုံသည် ဘေးမှ ရှင်းခိုင်ကို ကြည့်ကာ အသက်ကို ဝအောင် ရှူလိုက်ပြီး အော်ဟစ်လိုက်သည်။

“ရှင်းခိုင်”

“မင်းက ပထမဆုရှင်ဟေ့”

“ဘယ်သူမှ မင်းကို မယှဉ်နိုင်ဘူး၊ ပထမဆုရှင်”

“ဟားဟားဟား... ဟုတ်တယ်၊ ကျွန်တော်က ပထမဆုရှင်”

“ရှင်းခိုင်က ပထမဆုရှင်”

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်း။

ယခုအခါ အောက်ခြေတွင် လူပေါင်းများစွာ စုဝေးနေကြပြီး အပေါ်မှ ဒိုင်နိုဆောပုံစံ ဆုဖလားကြီးကို ကြည့်ကာ အားကျစွာ ပြောဆိုနေကြသည်။

“ဒီလူငယ်လေးက တကယ့်ကို တော်တာပဲ”

“ဟုတ်တယ်၊ လက်မခံလို့ မရဘူး။ တောတွင်းရှင်သန်ရေး ပညာရှင်ကြီးတွေတောင် ပြုတ်ကုန်တာကို ဒီကလေးနှစ်ယောက်က အောင်မြင်သွားတယ်ဆိုတော့ မယုံနိုင်စရာပဲ”

“အားကျနေလည်း မထူးပါဘူး၊ သူတို့က အသက်နဲ့လဲပြီး ကြိုးစားခဲ့တာလေ၊ ခင်ဗျားရော အဲ့လို လုပ်ရဲလား”

“အင်းလေ... ဆုလာဘ်က ဆွဲဆောင်မှု ရှိပေမဲ့ အတွင်းထဲမှာက အရမ်း အန္တရာယ်များတာကိုး၊ ဘယ်သူက အသက်နဲ့လဲပြီး လုပ်ရဲမှာလဲ”

တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် ပြုတ်သွားသည့် ပြိုင်ပွဲဝင် အားလုံးသည် နောက်ဆုံး ဆုရရှိသူ နှစ်ဦးအပေါ် လုံးဝအသိအမှတ်ပြုထားကြသည်။ အပြင်လူတွေ ဘယ်လိုပဲ ပြောပြော၊ သားကောင်အဖြစ် အမဲလိုက်ခံခဲ့ရသည့် သူတို့အနေဖြင့် ဤရှင်သန်ရေး ခရီးစဉ်ကို တစ်သက်လုံး မေ့နိုင်ကြမည် မဟုတ်ပေ။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေချိန်တွင် နောက်ကွယ်မှ လိုက်လာသည့် တိရစ္ဆာန်များကို ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိတော့ဘဲ အားငယ်ရသည့် ခံစားချက်မှာ တကယ့်ကို ပြင်းထန်လှသည်။

သို့သော် ဤလူငယ်လေးမှာမူ လူကြီးများပင် မလုပ်နိုင်သည့်အရာကို ဇွဲရှိရှိဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“အားလုံးပဲ ငြိမ်ပေးကြပါ”

ဆုပိုင်သည် စင်မြင့်ပေါ်တွင် ရပ်ကာ ပရိသတ်များကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

“၇ ရက်တာ ယှဉ်ပြိုင်မှုအပြီးမှာတော့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်းရဲ့ တောတွင်းရှင်သန်ရေး ပထမဆုရှင် ပေါ်ထွက်လာခဲ့ပါပြီ”

“ဒီရက်တွေအတွင်းမှာ ခင်ဗျားတို့ အားလုံး ဘဝရဲ့ အဓိပ္ပာယ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအစီအစဉ် ပြီးဆုံးသွားတာနဲ့ ကျွန်တော်တို့ရဲ့ ဒိုင်နိုဆောကျွန်းကိုလည်း တရားဝင် ဖွင့်လှစ်တော့မှာ ဖြစ်လို့ အားလုံး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ဒိုင်နိုဆောတွေကို အနီးကပ် ကြည့်ရှုရုံတင်မကဘဲ တခြား စိတ်လှုပ်ရှားစရာ အစီအစဉ်တွေလည်း အများကြီး ရှိဦးမှာပါ”

“ကဲ... တော်ပြီ”

“အခု ကျွန်တော်တို့ရဲ့ ပထမဆုရှင်တွေကို စင်ပေါ်ကို ဖိတ်ခေါ်လိုက်ပါရစေ”

“ညီလေးရှင်းခိုင်နဲ့ မိန်းကလေးရှုရုံတို့ပဲ ဖြစ်ပါတယ်”

ဆုပိုင်သည် သူတို့ နှစ်ဦးအတွက် နေရာဖယ်ပေးလိုက်ပြီး ပြုံး၍ ဆက်ပြောလိုက်သည်။

528 04

“ကျွန်တော်တို့ သိထားရသလောက်တော့ မိန်းကလေးရှုရုံက အစွန်းရောက် အစီအစဉ်ရဲ့ တင်ဆက်သူ ဖြစ်တဲ့အတွက် ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့... ဒီဘက်က ညီလေးကတော့ တကယ့်ကို အံ့သြစရာပါပဲ”

“တကယ်တော့ ဒီညီလေးကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော့် တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်ကြီး တစ်ယောက်ပေါ့။ သူက အသက် ၁၈ နှစ်ပဲ ပြည့်သေးတယ်ဆိုတာ ကျွန်တော် တကယ် မထင်ထားခဲ့ဘူးဗျ။ ရှင်းခိုင်... မင်း ဒီရလဒ်အပေါ် ကျေနပ်ရဲ့လား?”

“ဂလု”

ရှင်းခိုင်သည် ရှေ့မှ လူအုပ်ကြီးကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် တံတွေးမြိုချလိုက်ပြီး ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်သည်။

“ကျေနပ်ပါတယ်ဗျ”

“ဒါဆို မင်း အပြင်ထွက်လာတော့ ကျောင်းစာတွေ ပြီးခဲ့ပြီလား”

“ဗျာ...”

ရှင်းခိုင်သည် ဆုပိုင်ကို အံ့သြတကြီး ကြည့်လိုက်ရာ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

“မ... မပြီးသေးပါဘူး”

“အကျယ်ကြီး အော်ပြောစမ်း”

“မပြီးသေးပါဘူး”

“ဘာက မပြီးတာလဲ”

“ကျောင်းစာတွေ မပြီးသေးပါဘူး”

“ဟားဟားဟား... ရယ်လိုက်ရတာ ဒါရိုက်တာဆုပိုင်ကတော့ တမင် လုပ်နေတာပဲ”

“ငါတို့ ကျောင်းစာတွေအကြောင်း မကြားချင်ဘူး၊ ဆုပေးတာပဲ မြင်ချင်တယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ညီလေး မကြောက်နဲ့၊ ကျောင်းစာဆိုတာ မနက်စောစောထ လုပ်ရင် ပြီးတာပဲလေ”

အောက်မှ လူအုပ်ကြီးသည် သူတို့နှစ်ဦး၏ စကားကြောင့် တဟားဟား ရယ်မောကုန်ကြသည်။

“ကျောင်းစာ မပြီးတာကတော့ မကောင်းဘူးပေါ့၊ ဒါပေမဲ့... ငါက မင်း ပထမဆု ရတဲ့အတွက် ဂုဏ်ပြုပါတယ်”

ဆုပိုင်သည် ပြုံးလျက် ရှင်းခိုင်ကို လက်ကမ်းနှုတ်ဆက်လိုက်သည်။

“ဒါပေမဲ့ ဒီနေ့ ဆုဖလားကိုတော့ ငါ ပေးမှာ မဟုတ်ဘူး။ မင်းအတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက်က ပေးမှာပါ...”

ပြောပြီးသည်နှင့် ဆုပိုင်သည် စင်နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ပေးလိုက်သည်။

“ဟီး... ဟီး...”

လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးသည် စင်ပေါ်သို့ အလောတကြီး တက်လာကြသည်။ အမျိုးသမီးဖြစ်သူမှာ ရှင်းခိုင်ကို ဖက်ကာ ငိုချလိုက်တော့သည်။

“အဖေ... အမေ”

ရှင်းခိုင်သည် ကြောင်အသွားရသည်။ သူ၏ မိသားစုဝင်တွေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေကြတာလဲ။ သူ ထွက်လာတုန်းက ညဘက်မှာ ခိုးထွက်လာခဲ့တာ မဟုတ်လား။

528 05

“မင်း တကယ့်ကို တော်တယ်ကွာ”

လူလတ်ပိုင်း အမျိုးသားသည် ရှင်းခိုင်၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“မင်း ပထမဆု ရတာကို အဖေ တကယ် ဝမ်းသာတယ်”

“ဂုဏ်ယူတယ် ငါ့သား”

“ဒီတစ်ခါ ဆုက ဆုဖလား တစ်ခုတည်း မဟုတ်ဘူးနော်”

ဆုပိုင်သည် ငိုနေကြသော မိသားစု သုံးယောက်ကို ကြည့်ကာ ပြုံးလျက် ပြန်ထွက်လာသည်။ သူသည် အိတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ကာ ရှင်းခိုင်၏ ရှေ့တွင် အသာအယာ ချထားပေးလိုက်သည်။

“ဒါကမှ မင်းအတွက် ဆုအစစ်အမှန်ပဲ”

“ကျွန်တော့်အနေနဲ့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်းရဲ့ ကိုယ်စားလှယ်အဖြစ် မင်းကို အလုပ်ခန့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ရှင်းခိုင် မောင်ရင်လေး... မင်း ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်းရဲ့ ဝန်ထမ်း ဖြစ်ချင်လား”

“ဗျာ”

ရှင်းခိုင်သည် မျက်လုံးများ ပြူးသွားကာ အော်ဟစ်လိုက်မိသည်။

“ဖြစ်ချင်ပါတယ် ဖြစ်ချင်ပါတယ်ဗျ”

ဒါက ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ဒိုင်နိုဆောကျွန်းရဲ့ ဝန်ထမ်းလေ။ အခုဆိုရင် လူတိုင်း လုပြီး ဝင်ချင်နေကြတဲ့ အလုပ်ပဲ မဟုတ်လား။

“ဒါပေမဲ့ ရုံပိုင်ရှင်မှာ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်နော်”

“ဘာပဲဖြစ်ဖြစ် ကျွန်တော် လက်ခံပါတယ်” ရှင်းခိုင်က အံကြိတ်ပြောလိုက်သည်။

“ကျောင်းဆင်း စာမေးပွဲမှာတော့ နောက်ဆုံးကနေ ပထမ မဖြစ်ရဘူးနော်”

“ဗျာ”

******

All Chapters