← Chapters

အခန်း (၅၃၅-၅၆၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅-၅၆၇)

Vol. 36 Ch. 535-537

အခန်း 535 ပုန်ကန်မှု (၂/၂)

“ပစ်ချလိုက်စမ်း”

ဆုပိုင်သည် ခြင်္သေ့ဘုရင်၏ ကျောပေါ်တွင် ထိုင်နေရင်း အပေါ်ဘက်ရှိ ဆာလွန်ကို လက်ယမ်းပြလိုက်သည်။ သူ၏ ကျောပိုးအိတ်ကို လှမ်းဖမ်းပြီးနောက်တွင်မူ ဆုပိုင်သည် အထဲမှ သေနတ်ကို အလျင်အမြန် ထုတ်ယူလိုက်တော့သည်။

“ဒုန်း”

“ဒုန်း”

“ဒုန်း”

ခြင်္သေ့ဘုရင်ကို စီးနင်းထားရင်း ဆုပိုင်သည် သေနတ်ပြောင်းဝကို အပေါ်သို့ မြှောက်ကာ စင်မြင့်ထက်ရှိ သူကောင်းမျိုးများကို ချိန်ရွယ်၍ မောင်းခလုတ်ကို ဆွဲလိုက်သည်။ အစောင့်များ၏ သံချပ်ကာကို ဖောက်ရန် ခက်ခဲနိုင်သော်လည်း ဤသူကောင်းမျိုးများမှာမူ မည်သည့်ကာကွယ်ရေး ကိရိယာမျှ ဝတ်ဆင်ထားခြင်း မရှိကြပေ။ သူကောင်းမျိုးများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်ကို မြင်ရသည့်အခါ အစောင့်များစွာမှာလည်း ကြောင်အသွားကြတော့သည်။ ရောမခေတ်၏စနစ်အရ သခင်ဖြစ်သူ သေဆုံးသွားပါက သူတို့၏ နောက်ဆက်တွဲကလည်း...

“ထကြစမ်း”

ဆုပိုင်သည် အားကုန် ဟစ်အော်လိုက်ပြီး ရှေ့မှ အစောင့်များကို တိုက်ဖြတ်ကာ လမ်းကြောင်းအတိုင်း ပြေးထွက်ခဲ့သည်။

“ငါနဲ့အတူ တိုက်ကြစမ်း”

သူ၏ နောက်ကွယ်မှ ရာနှင့်ချီသော ကျွန်များနှင့် ခြင်္သေ့များမှာ ရူးသွပ်စွာဖြင့် ပြေးဝင်လာကြတော့သည်။ လမ်းတစ်လျှောက်တွင် လူများစွာ လဲကျသွားသလို သွေးအိုင်ထဲတွင် လဲလျောင်းသွားသော ခြင်္သေ့များစွာလည်း ရှိနေသည်။ သို့သော် ထိုသူကောင်းမျိုးများမှာမူ သက်သာရာရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲကွင်း တံခါးဝတွင် စောင့်ဆိုင်းနေသော အခြားကျွန်များစွာမှာ အတွင်းမှ အော်ဟစ်သံများကို ကြားရသည့်အခါ၊ အထူးသဖြင့် ကျွန်ဝတ်စုံ ဝတ်ဆင်ထားသူများက အစောင့်များကို တိုက်ခိုက်နေသည်ကို မြင်ရသည့်အခါ အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“တောက်... သူတို့နဲ့ ပူးပေါင်းကြစို့၊ ဒီရောမ သူကောင်းမျိုးတွေကို သတ်ပစ်ကြစမ်း”

“ငါတို့လည်း မင်းတို့နဲ့အတူ တိုက်မယ်၊ သတ်ကြစမ်း”

“ငါတို့ကို လူလိုမဆက်ဆံတဲ့ ဒီကောင်တွေကို အကုန်သတ်ပြီး တိုက်ပွဲဝင်ကြစို့”

ပုန်ကန်မှုတွင် ပါဝင်လာသော ကျွန်အရေအတွက်မှာ တစ်စတစ်စ ပိုမိုများပြားလာသည်။ တိုက်ပွဲကွင်း တံခါးဝတစ်ခုလုံးမှာ ပိတ်ဆို့ခံလိုက်ရပြီး အပြင်သို့ ထွက်ပြေးရန် ကြိုးစားသော သူကောင်းမျိုးများစွာမှာ ကျွန်များ၏ လက်ချက်ဖြင့် သေဆုံးကုန်ကြသည်။ သွေးများမှာ မြစ်တစ်စင်းကဲ့သို့ လှေကားထစ်များမှတစ်ဆင့် လမ်းမများပေါ်သို့ စီးဆင်းသွားတော့သည်။ အလောင်းများမှာလည်း တစ်ခုပေါ်တစ်ခု ထပ်လျက် ပုံနေတော့သည်။

“ဗျစ်...”

“သတ်စမ်း”

ကျွန်တစ်ဦးသည် မျက်လုံးများ ပြူးထွက်လျက် သွေးများကို အန်ထုတ်နေသည်။ သူ၏ဝမ်းဗိုက်တွင် စိုက်ဝင်နေသော လှံကို ဂရုမစိုက်ဘဲ ရှေ့မှ အစောင့်ကို ဖက်ကာ မြေပြင်ပေါ်သို့ လှိမ့်ချလိုက်သည်။

“ဒုန်း...”

သူသည် ဘေးမှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ အစောင့်၏သံခမောက်ပေါ်သို့ အားကုန် ထုနှက်လိုက်သည်။ အစောင့်မှာ ငြိမ်သက်သွားသည့် အချိန်အထိ သူ မရပ်ပေ။

535 02

“ဟီး... ဟီး... ဟီး...”

ထိုကျွန်သည် အားရပါးရ ငိုကြွေးလိုက်သည်။ “ငါတို့ လက်စားချေနိုင်ပြီ၊ ငါတို့ လက်စားချေနိုင်ပြီ”

“သတ်စမ်း”

သူသည် မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်ပြီး ဝမ်းဗိုက်ထဲမှ လှံကို ဆွဲထုတ်လိုက်ကာ သွေးများ စီးကျနေသည့်ကြားမှပင် အခြားအစောင့်တစ်ဦးဆီသို့ ထပ်မံပြေးဝင်သွားပြန်သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တိုက်ပွဲကွင်း၏နေရာတိုင်းတွင် မြင်တွေ့နေရသည်။ ကျွန်တိုင်းသည် မိမိတို့၏ ဒေါသများကို အစွမ်းကုန် ပေါက်ကွဲနေကြသည်။ လူအချို့၏ အသက်နှင့် လဲ၍ပင် ရောမအစောင့်တစ်ဦးကို သတ်ဖြတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

“မြှားလွှတ်စမ်း”

ရုတ်တရက် အဝေးမှ လမ်းမပေါ်သို့ အနီရောင် သံချပ်ကာ ဝတ်ဆင်ထားသော မြှားပစ်သမား အုပ်စုတစ်စု ရောက်လာပြီး နေရာယူလိုက်ကြသည်။

“သတိထားကြဦး”

ဆုပိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခြင်္သေ့ဘုရင်ကို လမ်းကြောင်းအတွင်းသို့ ပြန်ဆုတ်ခိုင်းလိုက်သည်။

“ဇွက် ဇွက် ဇွက်”

မြှားမိုးများ ရွာချလိုက်သည့်အခါ ကျွန်များနှင့် ခြင်္သေ့များစွာ မြေပြင်ပေါ်တွင် လဲကျသွားကြသည်။

“ငါ အရင်ဆုံး ပြေးထွက်ပြီး ဒီမြှားပစ်သမားတွေကို ရှင်းလိုက်မယ်။ မင်းတို့တွေ မြို့ပြင်ကို ပြေးကြ၊ အသက်ရှင်ဖို့က ဒီတစ်ဆင့်အပေါ်မှာပဲ မူတည်တော့မယ်”

ဆုပိုင်သည် သူ၏ နောက်ကွယ်မှ များပြားလှသော ခြင်္သေ့အုပ်ကို တစ်ချက်ကြည့်ကာ ဘေးမှ လီဆန်ကို လေးနက်စွာ မှာကြားလိုက်သည်။ “အတွင်းထဲကလူတွေ အပြင်ထွက်မလာစေနဲ့ ငါတို့ ဒီမြှားပစ်သမားတွေကို အမြန်ဆုံး ရှင်းရမယ်”

“ခြင်္သေ့အုပ်”

“ဝေါင်း...”

ခြင်္သေ့ဘုရင်သည် ကိုယ်ကို လှည့်လိုက်ပြီး ခြင်္သေ့အုပ်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

“ထွက်ကြစို့”

“ဆု မင်းကို ငါတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ မင်းက ငါတို့ကို ကယ်တင်ခဲ့တာပဲ”

လီဆန်သည် မျက်ရည်များ ဝိုင်းနေသော မျက်လုံးများဖြင့် ရှေ့မှ လူငယ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။

“ဝုန်း... ဝုန်း... ဝုန်း”

ရာနှင့်ချီသော ကျွန်များသည်လည်း ထိုနည်းတူပင် ဆုပိုင်ကို ရိုသေစွာဖြင့် ဒူးထောက်လိုက်ကြသည်။ ဤလူသည် သူတို့ကို ကယ်တင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် ဤလူသည်သာ စင်မြင့်ထက်မှ သူကောင်းမျိုးများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင်မူ အစောင့်များစွာ၏ နောက်ကွယ်တွင် ပုန်းနေသော ထိုသူကောင်းမျိုးများကို သူတို့၏ အင်အားဖြင့် ခြိမ်းခြောက်နိုင်ရန်မှာ မလွယ်ကူလှပေ။

“ငါပြောတာကို မှတ်ထားကြ”

ဆုပိုင်သည် လူတိုင်းကို တစ်ချက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

535 03

“အားလုံး အသက်ရှင်လျက် ထွက်သွားကြစမ်း”

“အသက်ရှင်လျက် ထွက်သွားကြစို့”

“သွားကြစို့”

သူသည် ခြင်္သေ့ဘုရင်၏ လည်ပင်းကို ပုတ်ကာ ခြင်္သေ့အုပ်ကို ဦးဆောင်လျက် လမ်းကြောင်းဝသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။

“သူတို့ရဲ့ တပ်ပျက်အောင် တိုက်ကြမယ်” ဆုပိုင်က ရေရွတ်လိုက်သည်။

“ဟင်း... စိတ်ချပါ” ခြင်္သေ့ဘုရင်သည် မျက်လုံးကို မှေးကြည့်ကာ တိုးတိုးလေး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တင်းမာနေပြီး ရှေ့ခြေနှစ်ဖက်ဖြင့် မြေပြင်ကို အားပြုကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“ဟိန်း...”

“တိုက်စမ်း”

“သူတို့ကို ဖောက်ထွက်ကြစို့၊ ဘယ်တော့မှ နောက်မဆုတ်နဲ့”

ခြင်္သေ့ဘုရင်သည် ရွှေရောင် မြှားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် လမ်းကြောင်းအတွင်းမှ ခုန်ထွက်သွားတော့သည်။ ၎င်း၏ နောက်တွင်မူ များပြားလှသော ခြင်္သေ့အုပ်ကြီးသည် ကြောက်ရွံ့ခြင်းမရှိဘဲ လိုက်ပါသွားကြသည်။

“ဒုန်း”

ဆုပိုင်သည် ခြင်္သေ့ဘုရင်၏ ကျောပေါ်တွင် ဝပ်နေရင်း သေနတ်ကို မနားတမ်း ပစ်ခတ်နေသည်။ မြှားများစွာမှာ လေကို တိုးဖြတ်ကာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။

“ဝုန်း... ဝုန်း...”

“တောက်”

မြှားမှန်ကာ လဲကျသွားသော ခြင်္သေ့များကို ကြည့်ရင်း ဆုပိုင်သည် အံကို တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ “သတ်ကြစမ်း”

စောစောက လမ်းကြောင်းအတွင်း၌ ရှိစဉ်ကပင် ဘာဘရီခြင်္သေ့ ၆၀၀ ၏ ထက်ဝက်ကျော်မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ အခုဆိုလျှင် တစ်ဝက်တောင် မကျန်တော့ပေ။ သို့သော် ထိုကဲ့သို့သော ကြီးမားသည့် အရင်းအနှီးကို ပေးဆပ်ပြီးနောက်တွင်မှ မြှားပစ်သမားများ၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။

“သတ်စမ်း”

အနောက်ဘက်ဆီမှ သံမဏိလှိုင်းလုံးကြီး တစ်ခုကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လီဆန်သည် ကျွန်များစွာကို ဦးဆောင်ကာ ထွက်လာခြင်း ဖြစ်သည်။ မြေပြင်ပေါ်ရှိ ခြင်္သေ့အလောင်းများကို မြင်ရသည့်အခါ ကျွန်တိုင်း၏ မျက်လုံးများမှာ နီမြန်းသွားကြတော့သည်။ ဤခြင်္သေ့များမှာ တိရစ္ဆာန်များသာ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူတို့၏ မျက်လုံးထဲ၌ ဤခြင်္သေ့များမှာ ရောမသူကောင်းမျိုးများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှသည်။ ဤသည်မှာ သူတို့၏ သူငယ်ချင်းများ၊ သူတို့၏ ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။

“သတ်”

မြှားပစ်သမား အုပ်စုမှာ ခဏချင်းမှာပင် ပျက်စီးသွားတော့သည်။ ခြင်္သေ့အုပ်၏ အနီးကပ် တိုက်ခိုက်မှုကို ခံရသည့်အခါ ထိုမြှားပစ်သမားများမှာ သတ်ဖြတ်ခြင်း ခံရမည့် သိုးသူငယ်များကဲ့သို့ ဖြစ်သွားပြီး ဘာမှ ပြန်မလုပ်နိုင်ကြတော့ပေ။

“ဂျွတ်”

ခြင်္သေ့ဘုရင်သည် မြှားပစ်သမား တစ်ဦး၏ ဦးခေါင်းကို တစ်လုပ်တည်း ကိုက်ဖြတ်လိုက်ရာ သွေးများမှာ ပန်းထွက်သွားတော့သည်။

535 04

“ဒုန်း...”

ဆုပိုင်သည် ထွက်ပြေးရန် ပြင်နေသော မြှားပစ်သမားများကို မနားတမ်း ပစ်ခတ်နေသည်။

“မြို့ပြင်ကို ထွက်ကြစို့”

သူသည် လက်ယမ်းပြကာ လူအုပ်ကြီးကို မြို့တံခါးဘက်သို့ ဦးဆောင် ခေါ်သွားတော့သည်။ ထိုအချိန်တွင် ရောမမြို့တစ်မြို့လုံးမှာ ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။ သတင်းကြားရသော ကျွန်အားလုံးမှာ ထကြွပုန်ကန်ကြပြီး လက်နက်များကို လုယူကာ မြို့တံခါးဘက်သို့ ဦးတည် ပြေးထွက်လာကြသည်။

...

“ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြရအောင်”

မြို့ပြင်ရှိ မြေလွတ်တစ်ခုတွင် ဆုပိုင်သည် ကျွန်များကို ကြည့်ကာ ခြင်္သေ့ဘုရင်၏ ကျောပေါ်မှ ဆင်းလိုက်သည်။ သူသည် ဘေးရှိ ကျင်းထဲတွင် ဝှက်ထားသော လက်နက်များနှင့် သံချပ်ကာများကို ညွှန်ပြကာ ပြုံး၍ ပြောလိုက်သည်။

“ဒါတွေ အကုန်လုံး မင်းတို့အတွက်ပဲ”

“သေချာပေါက် အသက်ရှင်အောင် နေကြပါ”

“ဆု”

လီဆန်သည် စိတ်လှုပ်ရှားစွာဖြင့် ဆုပိုင်ကို ဖက်လိုက်သည်။ သူသည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ “ငါတို့ရဲ့ အသက်တွေက မင်းပေးထားတာပါ။ ငါတို့နဲ့အတူ လိုက်ခဲ့ပါ။ မင်းကို ငါတို့ရဲ့ ဘုရင်အဖြစ် တင်မြှောက်ပြီး ငါတို့ရဲ့အမိမြေကို အတူတူ ပြန်လည် ထူထောင်ကြမယ်လေ”

“ဆု... ငါတို့ အားလုံး မင်းနောက်ကို လိုက်ချင်ပါတယ်”

“မလိုပါဘူး၊ ငါ့မှာလည်း ကိုယ်တိုင် တည်ဆောက်ရမယ့် အမိမြေ ရှိပါသေးတယ်”

ဆုပိုင်သည် လက်ကာပြလိုက်ပြီး ကျန်ရှိနေသော ခြင်္သေ့အကောင်ရေ အနည်းငယ်ကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ “မြန်မြန် သွားကြတော့။ မကြာခင် အစောင့်တွေ လိုက်လာတော့မှာမို့လို့ မင်းတို့ရဲ့ အမိမြေကို ပြန်လည် ထူထောင်နိုင်ပြီး အသက်ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”

“ငါ သွားပြီ”

သူသည် ခြင်္သေ့ဘုရင်၏ နဖူးကို ပုတ်ကာ အဝေးမှ တောအုပ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

“ဆု... ငါတို့ရဲ့ သူငယ်ချင်း၊ မင်းကို ငါတို့ ထာဝရ မှတ်မိနေမှာပါ”

လီဆန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရင်ဘတ်ကို ထု၍ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ “လက်နက်တွေ ယူကြ၊ ငါတို့ သွားမယ်”

တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာလည်း စိတ်လှုပ်ရှားနေကြသည်။

“အား... ကြည့်ရတာ တကယ့်ကို ရင်ခုန်စရာ ကောင်းလိုက်တာ။ တိုက်ရိုက်ထုတ်လွင့်မှုမှာ ဒီလောက်ကြီးကျယ်တဲ့ မြင်ကွင်းမျိုး မမြင်ရတာ ကြာပြီ။ ငါသာ ပါဝင်ခွင့်ရရင်တော့...”

“အပေါ်ကလူ ဘာလုပ်မလို့လဲ။ ကျောင်းစာတွေ ပြီးပြီလား။ ခင်ဗျား တက်သွားရင်တော့ တစ်ချက်တည်းနဲ့ ပြားသွားမှာ သေချာတယ်”

“ဟီး... တကယ်ပဲ၊ ဒီပညာက ငါ့ရဲ့ အရင်က စွမ်းရည်တွေအတိုင်းပဲ”

535 05

“တောက်... ငါ့ကျောင်းစာတွေ ပြီးသွားပြီ၊ ခက်လိုက်တာ။ ပြန်လာတော့ အကုန် ပြီးသွားပြီလား”

“ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက တကယ့်ကို ကြီးမားလွန်းပါတယ်။ ကျွန်တွေ အများကြီး သေဆုံးခဲ့ရသလို ခြင်္သေ့အုပ်ကလည်း အကောင်ရေ အနည်းငယ်ပဲ ကျန်တော့တာပဲ”

“ဒါပေမဲ့ ဆုပိုင် ဖန်တီးလိုက်တဲ့ ဒီမြင်ကွင်းက တကယ့်ကို အဓိပ္ပာယ်ရှိပါတယ်။ သမိုင်းသင်ရတာ ဒီလိုမျိုးသာဆိုရင် ငါ အမြဲတမ်း အမှတ် ၁၀၀ ရမှာ သေချာတယ်”

“တိုက်ရိုက်ထုတ်လွင့်မှုကတော့ ပြီးတော့မယ် ထင်တယ်။ နောက်တစ်ခါကို မျှော်လင့်နေမယ်နော်”

ပရိသတ်များသည် လမ်းခွဲသွားကြသော လူများကို ကြည့်ကာ သက်ပြင်းချနိုင်ပါတော့သည်။ ခက်ခဲလှသော တိုက်ပွဲများအပြီးတွင် တိုက်ပွဲကွင်းအတွင်းမှ မြို့ပြင်သို့ နောက်ဆုံးတွင် ရောက်ရှိလာနိုင်ခဲ့သည်။ သို့သော် ဤလူများသည် အစောင့်များ၏ လိုက်လံဖမ်းဆီးမှုကြားတွင် အသက်ရှင်နိုင်ပါ့မလားဟူသည်မှာ မည်သူမျှ မသိနိုင်ပေ။ သို့သော် ဤပုန်ကန်မှုကြီးမှာ တစ်ကြိမ်တည်းနှင့် ပြီးဆုံးသွားမည် မဟုတ်ဘဲ ဒုတိယအကြိမ်၊ တတိယအကြိမ် ပုန်ကန်မှုများ ဆက်လက် ဖြစ်ပေါ်နေဦးမှာ ဖြစ်သည်။ ဤရက်စက်လှသော နိုင်ငံကြီး ပျက်သုဉ်းသွားသည့် အချိန်အထိပေါ့။

“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ခြင်္သေ့အပိုင်းအစ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ”

“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ဘာဘရီ ခြင်္သေ့ကို အောင်မြင်စွာ ပြန်လည်အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆံပင်အရောင်အသွေး +၁”

“စနစ် ပြန်လည်ထွက်ခွာနေပါပြီ၊ တိုက်ရိုက်ထုတ်လွင့်မှုကို ခေတ္တရပ်နားပါမည်”

“တောက်... ဆံပင်အရောင်အသွေး +၁ ဆိုတာ ဘာကြီးလဲဟ” ဆုပိုင်သည် ခြင်္သေ့ဘုရင်၏ကျောပေါ်တွင် ထိုင်နေရင်း အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

++++++

536 01

အခန်း 536

ကျိုတိုမြို့။

လူသူကင်းဝေးသော ကျောင်းတံခါးဝတစ်ခုတွင် ဆံပင်အရောင်စုံ ဆိုးထားသော လူငယ်အချို့သည် စက်ဘီးဂိုဒေါင်ဘေးတွင် ပျင်းရိစွာ မှီနေကြသည်။ လူတိုင်း၏ လက်ထဲတွင် စီးကရက်ကိုယ်စီ ရှိနေကြပြီး ရယ်မောပြောဆိုနေကြသည်။

“ယဲ့ချူး မင်း တကယ်ပဲ ကျောင်းမတက်တော့ဘူးလား”

မျက်နှာတွင် ဝက်ခြံများ ပြည့်နှက်နေသော လူငယ်တစ်ဦးသည် မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ထားသော ဆံပင်ရှည်များကို ခါထုတ်လိုက်ရင်း စီးကရက်ငွေ့များကို မှုတ်ထုတ်ကာ မြေပြင်ပေါ်တွင် ထိုင်နေသော လူငယ်ကို လှမ်းမေးလိုက်သည်။

“ဒါဆို မင်း နောက်ဆို ဘယ်လိုလုပ်မလဲ။ အလုပ်သွားလုပ်မှာလား။ ငါ့အမြင်ပြောရရင် အလုပ်လုပ်တာက ဘာမှ စိတ်ဝင်စားဖို့ မကောင်းဘူး။ မင်း ငါတို့နဲ့ပဲ အတူတူ နေပါလား”

“နေ့တိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ရမှာပေါ့၊ ဘယ်လိုလဲ”

“မင်းတို့နဲ့ ဟုတ်လား”

ယဲ့ချူးသည် သူ၏ ကတုံးပေါ်ရှိ ဒဏ်ရာရွတ်ဟောင်းလေးကို ပွတ်သပ်ရင်း လူငယ်များကို မော့ကြည့်လိုက်သည်။ သူသည် ခဏတာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဝက်ခြံနှင့် လူငယ်လေးဆီသို့ လက်ကမ်းလိုက်သည်။

ဝက်ခြံနှင့်လူငယ် “…”

“ဘာသဘောလဲ”

“ငါ ထမင်းမစားရသေးဘူး၊ ငါးကျပ်လောက် ပေးစမ်းပါ” ယဲ့ချူးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ရာ သူ၏ ဗိုက်ဆာနေသည့် အသံမှာလည်း ထွက်ပေါ်လာသည်။

“တောက်...” ဝက်ခြံနှင့်လူငယ်သည် ကျိန်ဆဲလိုက်ပြီး စက်ဘီးပေါ်မှ ဆင်းကာ အိတ်ကပ်ထဲတွင် နှိုက်ရှာလိုက်သည်။ “ရော့… ငါ့မှာ လေးကျပ် ခုနစ်ပဲပဲ ရှိတော့တယ်”

“ဪ...”

ယဲ့ချူးသည် ပိုက်ဆံကို ယူပြီးနောက် လမ်းဘေးရှိ အရောင်းဆိုင်လေးဆီသို့ အပြေးအလွှား သွားတော့သည်။ သူသည် ဆိုင်ရှေ့သို့ ရောက်သည့်အခါ ဈေးနှုန်းများကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး -

“ဦးလေး... ကျွန်တော့်ကို မုန့်ကြော်တစ်ခု ပေးပါ၊ အသားတု တစ်ခု၊ မှို၊ ပဲပြား၊ အာလူး၊ ဆလတ်ရွက်နဲ့ မုန်လာဥလုံးလေးတွေလည်း ထည့်ပေးပါ...”

“ပြီးတော့ အချိုရည် တစ်ပုလင်းလည်း ပေးဦး”

536 02

“အားလုံးပေါင်း ၁၁ ကျပ် ခုနစ်ပဲ ကျတယ်” ဆိုင်ရှင်က တစ်ချက်ကြည့်ကာ ဈေးနှုန်းကို ပြောလိုက်သည်။

“ရော့...” ယဲ့ချူးသည် ၁၀ တန် တစ်ရွက်နှင့် ဝက်ခြံနှင့်လူငယ်ပေးသည့် ၁ ကျပ် ခုနစ်ပဲကို ကမ်းပေးလိုက်သည်။ “နောက်ထပ် ၃ ကျပ် ကျန်သေးတယ်၊ မုန့်ကြော် ၃ ခု ထပ်ပေးပါဦး”

သူသည် လက်ထဲမှ ပိုက်ဆံကို ငုံ့ကြည့်လိုက်ပြီး အဝေးမှ လူငယ် ၃ ဦးကို လှည့်ကြည့်ကာ ပြောလိုက်ပြန်သည်။

“ကောင်းပြီလေ”

အတန်ကြာပြီးနောက်...

“ယဲ့ချူး လေးကျပ် ခုနစ်ပဲနဲ့ ဒီလောက်အများကြီး ဝယ်လို့ရတာလား” ဝက်ခြံနှင့်လူငယ်သည် ယဲ့ချူး၏ လက်ထဲမှ မုန့်ကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။ “ဘယ်တုန်းက ဒီလောက်အထိ တန်သွားတာလဲ”

“ဗျာ” ယဲ့ချူးသည် မုန့်ကို တစ်လုပ် ကိုက်လိုက်ရင်း လက်ကာပြကာ ပြောလိုက်သည်။ “စောစောက ဆိုင်ရှင်က ကျွန်တော့်ကို သိတယ်လေ၊ ကျွန်တော် ကျောင်းထွက်သွားလို့ ဂုဏ်ပြုပေးတာတဲ့”

ဝက်ခြံနှင့်လူငယ် “…”

ဒီလောက်အထိ ကွာခြားရသလား။ သူ ကျောင်းထွက်တုန်းကတော့ ဒီလိုမျိုး မကြုံခဲ့ရပေ။ အိမ်ပြန်ရောက်တော့ အရိုက်ခံရတာကလွဲလို့ ဘာအထူးခံစားခွင့်မှ မရခဲ့ပေ။

“ငါတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။ ကျောင်းသားတွေ ဆင်းတာကို စောင့်နေတာလား”

“မဟုတ်ဘူး” ဝက်ခြံနှင့်လူငယ်သည် ဆီများပေနေသော လက်ဖြင့် ဆံပင်ကို သပ်လိုက်ပြီး မျက်လုံးတစ်ဖက်ကို ဖုံးလိုက်သည့်အခါမှ စိတ်ကျေနပ်သွားပုံရသည်။ “အခုတလော ကျောင်းကို အသစ်ပြောင်းလာတဲ့ ပေ့ချူးဆိုတဲ့ မိန်းကလေးကို မင်း မြင်ဖူးလား”

“တောက်... အဲ့ဒီမိန်းကလေးရဲ့ ခြေတံတွေက ရှည်လိုက်တာ... အမလေး”

“လည်ပင်းအောက်မှာတင် ခြေထောက်တွေ ဖြစ်နေတာလား” ယဲ့ချူးက ထိုသူ၏ ချဲ့ကားပြောဆိုမှုကို နားထောင်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“မဟုတ်ပါဘူး၊ လည်ပင်းအောက်ကနေ ခြေထောက်ဖြစ်ရင် လူမှ မဟုတ်တော့ဘဲ” ဝက်ခြံနှင့်လူငယ်သည် လက်ဝါးချင်းပွတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “တကယ်ပါ၊ ငါ့တစ်သက်မှာ ဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အသံလေးကလည်း တကယ့်ကို နားဝင်ချိုတာ။ ငါ မင်းတို့ကို မလိမ်ပါဘူး”

536 03

“ဟဲဟဲ...” ယဲ့ချူးက အထင်သေးသည့်ပုံစံဖြင့် ပြုံးလိုက်ပြီး နှာခေါင်းကို ပိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ထွက်သွားစမ်း”

“မနေ့ကမှ မင်းကို ဒီစကား ပြောလိုက်တာ မဟုတ်လား။ ဘယ်နားမှာ နူးညံ့နေလို့လဲ”

ဝက်ခြံနှင့်လူငယ်သည် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

“တီ... တီ... တီ” ရုတ်တရက် အဝေးမှ သင်ကြားရေးအဆောက်အအုံအတွင်းမှ ကျောင်းဆင်းခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ လူငယ်အချို့သည် စက်ဘီးပေါ်မှ အမြန် ဆင်းလိုက်ကြသည်။ အထူးသဖြင့် ဝက်ဝံနှင့်လူငယ်သည် လူ ၃ ဦး၏ ရှေ့တွင် ရပ်ကာ လက်ကို အိတ်ကပ်ထဲ ထည့်လျက် မေးစေ့ကို အနည်းငယ် မြှင့်ထားပြီး ဆံပင်ရှည်များဖြင့် မျက်လုံးတစ်ဖက်ကို ဖုံးကာ မိမိကိုယ်ကိုယ် အခန့်ဆုံးဟု ယူဆထားသော ပုံစံဖြင့် ကျောင်းသားများကို စောင့်ဆိုင်းနေတော့သည်။

“အား... နောက်ဆုံးတော့ ကျောင်းဆင်းပြီ၊ အိမ်ပြန်ပြီး တိုက်ရိုက်ထုတ်လွင့်မှု ကြည့်ရမယ်”

“မနေ့က အပိုင်းသစ်ကို မင်း ကြည့်ပြီးပြီလား”

“ဟားဟားဟား... ဘယ်သူတွေ ဂိမ်းဆော့ဖို့ လိုက်ဦးမလဲ၊ ငါ့ရဲ့ ဟန်ရှင်းကတော့ တကယ့်ကို ကြမ်းတယ်နော်...”

ကျောင်းသားအုပ်စုသည် ရယ်မောပြောဆိုရင်း ကျောင်းတံခါးဝမှ ထွက်လာကြသော်လည်း ကျောင်းရှေ့ရှိ လူငယ်အုပ်စုကို မြင်လိုက်ရသည့်အခါ လန့်သွားကြပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။ လူတိုင်း ကြောက်နေသည်မှာ ရှေ့မှ ဝက်ခြံနှင့်လူငယ်ကို မဟုတ်ဘဲ အနောက်တွင် ထိုင်နေသော ယဲ့ချူးကို ဖြစ်သည်။ ဤလူငယ်သည် သူတို့ကျောင်းတွင် မသိသူမရှိလောက်အောင် ကျော်ကြားလှသည်။ အရင်တုန်းက ကျောင်းပြင်ပ ကျောင်းသား ၁၀ ယောက်ကျော်ကို ထိုင်ခုံခြေထောက်တစ်ချောင်းတည်းဖြင့် လိုက်လံရိုက်နှက်ခဲ့သည့် သမိုင်းကြောင်း ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါ ဤလူငယ်မှာ ကျောင်းမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ကြောင်း သိရသည်။

“ပေ့ချူး မင်း ဘယ်လို ပြန်မှာလဲ။ စက်ဘီးနဲ့ပဲလား”

“ဟုတ်တယ်၊ ဒီနေ့ ကျွန်မ စက်ဘီးနဲ့ လာခဲ့တာလေ”

အရပ် ၁ ဒသမ ၈ မီတာခန့် မြင့်မားကာ ခြေတံရှည်လျားလှသော အလှလေးတစ်ဦးသည် ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး စာအုပ်များကို ပိုက်ကာ ကျောင်းတံခါးဝမှ ထွက်လာခဲ့သည်။ သူမသည် မြေပြင်ပေါ်တွင် ရူးကြောင်ကြောင် လုပ်နေသော လူငယ်များကို မျက်မှောင်ကြုတ်၍ တစ်ချက်ကြည့်ကာ စက်ဘီးရှိရာသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ သို့သော် အတော်ကြာ ရှာဖွေသော်လည်း သူမ၏ စက်ဘီးအသစ်ကို ရှာမတွေ့တော့ပေ။ ပေ့ချူးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

မဖြစ်နိုင်တာ နောက်တစ်စီး ထပ်ပျောက်ပြန်ပြီလား။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ ဒီကျောင်းကို ပြောင်းလာတာ နှစ်ပတ်တောင် မရှိသေးဘူး၊ စက်ဘီး ၃ စီးတောင် ပျောက်သွားပြီလား။

နောက်တစ်ပတ် ထပ်ပတ်ကြည့်သော်လည်း စက်ဘီးကို ရှာမတွေ့သဖြင့် ပေ့ချူးသည် သက်ပြင်းတစ်ချက်ချကာ စာအုပ်များကို ပိုက်လျက် လမ်းမပေါ်သို့ တစ်လှမ်းချင်း ထွက်လာခဲ့သည်။ စက်ဘီးမရှိလျှင် ယနေ့ အိမ်ပြန်ရောက်ရန်မှာ နောက်ကျတော့မည် ဖြစ်သည်။ သူမ၏ အိမ်ရှိရာဘက်သို့ ဘတ်စ်ကားများလည်း မသွားပေ။

“ပေ့... ပေ့ချူး” ဝက်ခြံနှင့်လူငယ်သည် အသက်ကို ပြင်းပြင်းရှူကာ ဆံပင်ကို သပ်လိုက်ပြီး ပေ့ချူး၏ ရှေ့တွင် ပိတ်ရပ်ကာ မျက်နှာနီရဲလျက် ပြောလိုက်သည်။ “ငါ...ငါ မင်းကို...”

“ဖယ်စမ်း”

“ဪ... ဟုတ်ကဲ့” ဝက်ခြံနှင့်လူငယ် ရှုံးနိမ့်သွားတော့သည်။

536 04

သူသည် ပေ့ချူး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ “မင်း တကယ်ပဲ အောင်မြင်ပါ့မလား”

ယဲ့ချူးသည် မြေပြင်မှ ထရပ်လိုက်ပြီး လက်ကို ပုတ်ကာ ပြောလိုက်သည်။ “တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ၊ ငါ့ကို ကြည့်ထားစမ်း... ပြောထားတဲ့အတိုင်းပဲနော်၊ ငါသာ အောင်မြင်ရင် မနက်ဖြန် ကျောင်းစာတွေအတွက် မင်း တာဝန်ယူရမယ်” ပြောပြီးသည်နှင့် သူသည် အဝေးမှ ပေ့ချူးနောက်သို့ အပြေးအလွှား လိုက်သွားတော့သည်။

“သူသာ အောင်မြင်ရင် ငါ မစင်စားပြမယ်” ဝက်ခြံနှင့်လူငယ်က တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ “မင်းတို့တွေ အရင်ပြန်နှင့်ကြ၊ မနက်ဖြန်မှ ပြန်ဆုံမယ်” ပြောပြီးနောက် သူလည်း ယဲ့ချူးနောက်သို့ လိုက်သွားပြန်သည်။

ထိုစဉ်...

“ဟိဟိဟိ...” ရုတ်တရက် ရှေ့မှ သာယာလှသော ရယ်မောသံကို ကြားလိုက်ရသည့်အခါ ဝက်ခြံနှင့်လူငယ်မှာ နေရာမှာတင် ကြောင်အသွားရသည်။

“ခွမ်း...” ဒါက နှလုံးသား ကွဲကြေသွားတဲ့ အသံပဲ။

မဖြစ်နိုင်တာ ယဲ့ချူးက ဘယ်နားမှာ ငါ့ထက် သာလို့လဲ။ ငါ့ဆံပင်အရောင်က ဒီလောက် လှတာကို၊ မျက်လုံးတစ်ဖက် ဖုံးထားတဲ့ ဒီဆံပင်ပုံစံက အခုခေတ်မှာ အခန့်ဆုံးပဲ မဟုတ်လား။ ငါ့မျက်နှာမှာ ဝက်ခြံရှိတာက ထားပါတော့၊ ငါက အမေ့ရဲ့ မိတ်ကပ်တွေကို ခိုးပြီး လိမ်းထားတာပဲလေ။ ယဲ့ချူးကတော့ အဝတ်အစားတွေကလည်း စုတ်ပြတ်နေသလို ဆံပင်ကလည်း ထောင်ထောင်ကြီးနဲ့ ဘာလို့လဲ

ဝက်ခြံနှင့်လူငယ် မကျေနပ်နိုင်ပေ။ သူသည် အလျင်အမြန် ပြေးလိုက်သွားသည်။

“မင်း အိမ်ကို ဘယ်တော့ လာမှာလဲ”

တောက်... ဒါက မြန်လှချည်လား။ အိမ်အထိတောင် လာခိုင်းနေပြီလား။

“အခုတလော မအားသေးဘူး၊ နောက်မှပေါ့” ယဲ့ချူးက ပြုံးလျက် ပြောလိုက်သည်။ “ဒီကနေ ပြန်ရင် မနီးဘူးလေ၊ ငါတို့ မင်းကို လိုက်ပို့ပေးရမလား”

“ကောင်းတာပေါ့” ပေ့ချူးက ထိုလူငယ်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ “အမေသာ နင် ကျောင်းမတက်တော့တာ သိရင် တကယ် စိတ်မကောင်း ဖြစ်မှာပဲ၊ နင်...”

“ငါ့ကိစ္စကို သူ စိတ်ပူစရာ မလိုပါဘူး”

ဝက်ခြံနှင့်လူငယ်သည် သူတို့နှစ်ဦး၏ နောက်မှ လိုက်ပါရင်း သူတို့၏ ပတ်သက်မှုကို စဉ်းစားနေမိသည်။ သိသာနေတာပဲ၊ ဒီနှစ်ယောက်က အရင်ကတည်းက သိနေကြတာပေါ့။ ဒါဆို သူငယ်ချင်းတွေလား။

“ခွမ်း...” နှလုံးသား ကွဲကြေသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“မင်း အိတ်ကပ်ထဲမှာ ဘာတွေ ထည့်ထားတာလဲ။ ခေါက်ဆွဲခြောက်အိတ်တွေလား။ ဘာလို့ အဲ့ဒီလောက်တောင် ပွတ်နေရတာလဲ” ယဲ့ချူးက နောက်မှ လိုက်လာသော ဝက်ခြံနှင့်လူငယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “ဒါ ငါ့ညီမ ပေ့ချူးလေ... ဒါကတော့... သူ့ကို ဝက်ခြံကိုကြီးလို့ပဲ ခေါ်လိုက်”

“ဪ... ဝက်ခြံကိုကြီး”

“အာ” ဝက်ခြံကိုကြီးသည် ထိုစကားကို ကြားရသည့်အခါ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

ဒီနှစ်ယောက်က မောင်နှမတွေလား ဒါ မဖြစ်နိုင်တာ၊ ယဲ့ချူးရဲ့ အိမ်ခြေအနေကို သူ သိသည်။ သူက အဘွားဖြစ်သူနဲ့အတူ ကြီးပြင်းလာခဲ့ရတာလေ၊ ဘယ်တုန်းက နှမတစ်ယောက် ရှိနေတာလဲ။ ဒါပေမဲ့ မောင်နှမတွေဆိုရင်တော့...

“ဟဲဟဲ...”

536 05

“ယောက်ဖ... မဟုတ်ပါဘူး၊ ယဲ့ကိုကြီး၊ ပေ့ချူးကို လိုက်ပို့မလို့လား၊ ကျွန်တော်လည်း အားနေတာနဲ့ အတူတူ လိုက်ခဲ့ပါ့မယ်”

“ကောင်းပြီလေ” ယဲ့ချူးက လက်ယမ်းပြလိုက်သည်။ သူတို့ ၃ ဦးလုံးမှာ ငယ်ရွယ်သူများ ဖြစ်ကြသဖြင့် ခဏချင်းမှာပင် ရင်းနှီးသွားကြပြီး ရယ်မောပြောဆိုရင်း လျှောက်လှမ်းလာခဲ့ကြသည်။

ကောင်းကင်မှာ တစ်စတစ်စ မှောင်လာသည်။ သူတို့ ၃ ဦးသည် မြို့ပြင်ဘက်သို့ ရောက်ရှိလာကြပြီး ပတ်ဝန်းကျင်မှာ လူသူကင်းဝေးကာ ပိုမိုတိတ်ဆိတ်လာသည်။ ထိုစဉ် အဝေးမှ လမ်းဘေးတွင် ဖြူစုတ်စုတ် ဗန်ကားလေး တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ၎င်းအထဲတွင် သန်မာလှသော အမျိုးသားအချို့ စိုးရိမ်တကြီး ထိုင်နေကြပြီး အနောက်ဘက်ရှိ လမ်းမကို ခဏခဏ လှည့်ကြည့်နေကြသည်။

“ကိုကြီးဟောက် ငါတို့ လမ်းမှားနေတာလား၊ ဒါမှမဟုတ် ဒီမိန်းကလေးက ဒီနေ့ ဒီလမ်းကနေ မပြန်တာလား။ အခုတောင် မှောင်နေပြီလေ...” အမျိုးသားတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။ “သူ့မိသားစုဝင်တွေက ကားနဲ့ လာကြိုတာများလား”

“မဟုတ်ဘူး” ထိပ်ပြောင်နှင့် အမျိုးသားသည် စီးကရက်ကို ပြင်းပြင်းရှူလိုက်ရင်း နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။ “မမှားစေရဘူး၊ ငါတို့ စောင့်ကြည့်နေတာ ကြာလှပြီ။ ဒီမိသားစုက ဒီကို ပြောင်းလာပြီးကတည်းက ဘယ်တော့မှ သူတို့ရဲ့ အဆင့်အတန်းကို ထုတ်မပြဘူး။ ငါ သူ့စက်ဘီး ၃ စီးတောင် ခိုးပြီးပြီ၊ သူက အမြဲတမ်း လမ်းလျှောက်ပြီးပဲ ပြန်တာ။ သေချာပေါက် လာလိမ့်မယ်၊ ခဏလောက် ထပ်စောင့်ဦး။ ဒီတစ်ခါ အောင်မြင်ရင်တော့ ငါတို့ ဒီမှာ မနေတော့ဘဲ နိုင်ငံခြားမှာ သွားပြီး ပျော်ပါးကြတာပေါ့”

သူ၏ သူငယ်ချင်းနှစ်ဦးမှာ ထိုစကားကို ကြားရသည့်အခါ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့သည် ဤမိန်းကလေးကို စောင့်ကြည့်နေသည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ပေ။ ဤမိန်းကလေးမှာ တောင်ပေါ် ဗီလာကြီးတွင် နေထိုင်သူများထဲ၌ တစ်ဦးတည်းသော စက်ဘီးစီးသူ ဖြစ်သည်။ ထိုဗီလာကြီးတွင် နေထိုင်သူများမှာ အလွန်ချမ်းသာကြသူများ ဖြစ်ကြသည်။ သူတို့သည် ကားအတွင်း၌ တိတ်ဆိတ်စွာဖြင့် ဆက်လက် စောင့်ဆိုင်းနေကြတော့သည်။

...

“ဟိန်း...”

“မအော်နဲ့လေ”

ဆုပိုင်သည် ခြင်္သေ့ဘုရင်ကို စီးနင်းရင်း တောအုပ်အတွင်းမှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့သည်။ သူသည် ဖုန်းကို ကြည့်လိုက်ရာ အားကုန်ပြီး ပိတ်သွားပြန်သည်။ စနစ်က သူ့ကို ဘယ်နေရာကို ပို့လိုက်သနည်း သူ မသိနိုင်ပေ။ ထို့ပြင် သူ၏ ဘေးတွင် ခြင်္သေ့ဘုရင် တစ်ကောင်တည်းသာ ရှိနေပြီး ကျန်ရှိသော ခြင်္သေ့များမှာ ပျောက်ကွယ်နေကြသည်။

“ဟင်”

“တောက်... နောက်ဆုံးတော့ လူရိပ်တွေ့ပြီပဲ”

ရုတ်တရက် ဆုပိုင်သည် အဝေးမှ ဗန်ကားတစ်စီးကို မြင်လိုက်ရသည့်အခါ ခြင်္သေ့ဘုရင်၏ နဖူးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ “လူတွေ့ပြီဆိုရင် ငါတို့ အိမ်ပြန်လို့ ရပြီ။ တိရစ္ဆာန်ရုံ ရောက်ရင်တော့ တခြား တိရစ္ဆာန်တွေကို မစရဘူးနော်၊ ကြားလား”

“ဟိန်း...”

“နားလည်ပါပြီ”

ခြင်္သေ့ဘုရင်သည် တိုးတိုးလေး ဟိန်းဟောက်လိုက်ပြီး အဝေးမှ ဖြူစုတ်စုတ် ဗန်ကားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပါတော့သည်။

******

537 01

အခန်း 537 ယဲ့ချူး၏ စမ်းသပ်ချက် (၁/၂)

“မမှန်သေးဘူး”

ဆုပိုင်သည် အဝေးမှ မြင်ကွင်းကို ကြည့်ရှုရင်း နေရာတွင်တင် တောင့်ကနဲ ဖြစ်သွားသည်။ သန်မာထွားကြိုင်းသော လူအချို့သည် လူရိပ်သုံးခုကို အတင်းအဓမ္မ ဆွဲခေါ်ကာ ကားအတွင်းသို့ ရူးသွပ်စွာ ထည့်သွင်းနေကြပြီးနောက် လမ်းမအတိုင်း တစ်ဟုန်ထိုး မောင်းနှင်ထွက်ခွာသွားကြတော့သည်။

“ဒါက... ပြန်ပေးဆွဲတာလား”

သူသည် နဖူးကို ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ရုတ်တရက် ကြုံတွေ့လိုက်ရသော ဤအခြေအနေကြောင့် သူ၏စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

“သွားမယ်၊ နောက်ကနေ လိုက်ကြစို့”

အခုလောလောဆယ်တွင် ထိုကားနောက်သို့ လိုက်ရန်သာ ရှိတော့သည်။ ဘာဘရီခြင်္သေ့ဘုရင်၏ အရှိန်မှာ မနှေးလှသော်လည်း ကားကဲ့သို့ အချိန်အကြာကြီး အရှိန်ပြင်းပြင်း မပြေးနိုင်ပေ။ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကားကို မှီရန်မှာ အနည်းငယ် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

“ဖြန်း...”

“မင်း နာမည် ဘယ်လိုခေါ်လဲ”

ပြန်ပေးသမားတစ်ဦးသည် ကိုကြီးဝက်ခြံ၏ နဖူးကို ဖြတ်ကနဲ ရိုက်လိုက်ပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ “တောက်... တစ်ယောက်တည်း မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ သုံးယောက်တောင် ထွက်လာရတာလဲ”

“ဟောက်အစ်ကိုကြီး၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အခု သုံးယောက်တောင် ဖမ်းလာမိပြီဆိုတော့... ဒီကောင်လေး နှစ်ယောက်ကို သတ်ပစ်လိုက်ရင်ကော ဘယ်လိုလဲ”

“ဟူး...”

ထိုင်ခုံပေါ်တွင် ထိုင်နေသော ကိုကြီးဝက်ခြံသည် ရှေ့မှ လူမိုက်၏ ကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်တက်သွားရသည်။

“ဗျစ်... ဗျစ်... ဗျစ်”

“ဒါ ဘာအသံလဲ”

“နှလုံးသား ကွဲကြေသွားတဲ့ အသံပါ”

ဝက်ခြံကိုကြီးသည် ဦးနှောက်ထဲ ဘာမှမစဉ်းစားဘဲ ထွက်လာသည့်အတိုင်း ပြောလိုက်မိသည်။

ထိပ်ပြောင် ပြန်ပေးသမား “…”

“ဖြန်း...”

ဆံပင်ဝါနှင့် လူငယ်လေးကို နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြီးနောက်၊ သူသည် နှုတ်ခမ်းကို သပ်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။ “မင်း နာမည် ဘယ်လိုခေါ်လဲ၊ မင်းအိမ်မှာ ပိုက်ဆံ ရှိလား”

“ဂလု”

ကိုကြီးဝက်ခြံသည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီး ငိုတော့မည့် မျက်နှာဖြင့် ဖြစ်နေသည်။ ဘယ်လို အခြေအနေကြီးလဲ။ ဒီနေ့ ဒီကို မလာခဲ့မိရင် ကောင်းသား၊ အတန်းဖော်ကို အိမ်လိုက်ပို့ပေးရုံတင်လေ။ ဒါမျိုး ပြန်ပေးသမားတွေနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ၊ တကယ့်ကို ကံဆိုးလွန်းပါတယ်။

537 02

“ချန်ဟောက်နန်ပါ... အိမ်မှာ... ပိုက်ဆံ မရှိလောက်ပါဘူး”

ဝက်ခြံကိုကြီးက သတိကြီးစွာဖြင့် တိုးတိုးလေး ဖြေလိုက်သည်။

“တော်ပြီ၊ ထပ်မမေးနဲ့တော့။ ငါတို့ ပစ်မှတ်က ဒီမိန်းကလေးပဲ။ ပိုက်ဆံ ရတာနဲ့ ဒီကောင်လေး နှစ်ယောက်ကိုပါ သူ့နဲ့အတူ ပြန်လွှတ်ပေးလိုက်မယ်”

ဗန်ကားကို မောင်းနှင်နေသော ဟောက်ကိုကြီးက စိတ်ပျက်လက်ပျက်ဖြင့် လှည့်ပြောလိုက်သည်။ ထိုအခါမှ ဗန်ကားအတွင်း၌ ခဏတာ တိတ်ဆိတ်သွားတော့သည်။ ယဲ့ချူးသည် သူ၏ညီမဖြစ်သူကို လှည့်ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် ဘေးမှ ကိုကြီးဝက်ခြံကို ကြည့်ကာ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

“အား...”

“မင်း ငါ့ကို ဘာလို့ ဆိတ်တာလဲ”

ကိုကြီးဝက်ခြံသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး ယဲ့ချူးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဖြန်း...”

“တောက်... ငါ ပြောတာကို မင်းတို့ မမှတ်မိဘူးလား။ နောက်တစ်ခွန်း ထပ်ပြောကြည့်ဦး၊ ငါ ဘာလုပ်မလဲဆိုတာ ကြည့်ထား”

ကိုကြီးဝက်ခြံသည် မကျေမနပ်ဖြင့် မျက်ရည်များကို သုတ်လိုက်ရသည်။ ထိုအချိန်မှာပင်...

“ရှင်တို့ လမ်းမှားနေပြီ...”

ဘေးတွင် ထိုင်နေသော ပေ့ချူးက ရုတ်တရက် စကားထွက်ပြောလာသည်။ “ဒီလမ်း မဟုတ်ဘူး၊ ဘယ်ဘက်ကို ကွေ့ရမှာ။ အဲ့ဒီကို ရောက်ရင် ကျွန်မ ပိုက်ဆံ ပေးမယ်”

ကားထဲတွင် ရှိနေသော ပြန်ပေးသမား သုံးဦးနှင့် ဝက်ခြံကိုကြီး အပါအဝင် အားလုံးမှာ ကြောင်အသွားကြသည်။ ဘာသဘောလဲ။ ဒါက ဘယ်လို အဓိပ္ပာယ်လဲ။ သူတို့ ပုန်းအောင်းမည့်နေရာကို ကြိုသိနေတာလား။

“ကျွိ...”

ကားသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ဟောက်အစ်ကိုကြီးသည် မျက်နှာပျက်လျက် အားလုံးကို ဝေ့ကြည့်ကာ အံကို ကြိတ်၍ ပြောလိုက်သည်။ “မင်း ငါတို့ကို သိနေတာလား”

“ရှင်…”

ပေ့ချူးသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပြူးလျက် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့သြတကြီး အော်ဟစ်လိုက်သည်။ “ရှင်တို့က ခရီးသည် တင်တဲ့သူတွေ မဟုတ်ဘူးလား။ ကျွန်မ ရှင်တို့ကို မသိပါဘူး။ ကျွန်မအိမ်က ဟိုဘက်မှာလေ၊ ရှင်တို့က ကျော်မောင်းသွားလို့ ပြောပြတာပါ”

“ငါ...”

“ဟူး...”

ဟောက်အစ်ကိုကြီးသည် မျက်လုံးမှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမကို ဒေါသတကြီး စိုက်ကြည့်ကာ ဘေးမှ အပေါင်းအဖော်ကို လှည့်ပြောလိုက်သည်။ “သူ့ကို ရှင်းအောင် ပြောပြလိုက်စမ်း၊ ငါတို့က ဘာလုပ်တဲ့သူတွေလဲဆိုတာ။ နေ့တိုင်း နေ့တိုင်း ဒါမျိုးတွေနဲ့ တွေ့နေရတာ တကယ်ကို စိတ်ညစ်ဖို့ ကောင်းလိုက်တာ...”

သူသည် ကားကို ပြန်လည် စက်နှိုးလိုက်ပြီး အဝေးသို့ တစ်ဟုန်ထိုး မောင်းနှင်သွားတော့သည်။

“အစ်ကိုကြီး... မဟုတ်သေးဘူး၊ နောက်မှာ တစ်ကောင်ကောင် ငါတို့နောက်ကို လိုက်နေတယ်”

537 03

ရုတ်တရက် ရှေ့ခန်းတွင် ထိုင်နေသော အမျိုးသားက အော်ဟစ်လိုက်ပြီး ကားပြတင်းပေါက်မှ ခေါင်းပြူ၍ ကြည့်လိုက်သည်။ “အရိပ်မည်းကြီးတစ်ခု ငါတို့နောက်ကို တကယ် လိုက်နေတာပဲ၊ ဘယ်လိုလုပ်မလဲ”

“မကြောက်နဲ့”

ဟောက်အစ်ကိုကြီးက တည်ငြိမ်စွာ ပြောလိုက်ပြီး လီဗာကို အားကုန်နင်းကာ ရှေ့သို့ အသည်းအသန် မောင်းထွက်ခဲ့သည်။

“တောက်”

နောက်ကွယ်မှ လိုက်ပါလာသော ဆုပိုင်သည် ဝေးကွာသွားသော ဗန်ကားကို ကြည့်ကာ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ သူသည် ခြင်္သေ့ဘုရင်ကို အရှိန်မြှင့်ရန် အချက်ပေးလိုက်သည်။ သူတို့ကို သတိပြုမိသွားပုံရသည်။

...

အတန်ကြာပြီးနောက်…

လူသူကင်းဝေးကာ ပျက်စီးနေသော စက်ရုံဟောင်းကြီးတစ်ခုအတွင်း၌ ပြန်ပေးသမား သုံးဦးသည် လူသုံးယောက်ကို ထိုင်ခုံများတွင် တင်းကျပ်စွာ ချည်နှောင်ပြီးနောက် ဘေးနားတွင် ထိုင်ကာ အသက်ကို ပြင်းပြင်းရှူနေကြသည်။

“ကဲ... လူတွေတော့ ရပြီ”

“သူတို့ မိဘတွေ လုံခြုံရေးဌာနကို မတိုင်ခင်မှာ မင်းတို့ သွားပြီး ကျန်တဲ့ နှစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို မေးလိုက်စမ်း။ အခုချက်ချင်း ဖုန်းဆက်ပြီး အသိပေးရမယ်၊ ဒီမိန်းကလေးအတွက် ငါတို့ ၁ သန်း တောင်းမယ်”

“ကျန်တဲ့ နှစ်ယောက်အတွက်ကတော့ ကြည့်ပြီး တောင်းလိုက်ကြတာပေါ့”

ဟောက်ကိုကြီးသည် လက်ယမ်းပြကာ ဘေးမှ လက်အောက်ငယ်သား နှစ်ဦးကို ဖုန်းကမ်းပေးလိုက်သည်။

“နားလည်ပါပြီ”

“ရှင်တို့ ဒါ ပြန်ပေးဆွဲနေတာလား”

ရုတ်တရက် ပေ့ချူးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို အတင်း လှုပ်ယမ်းနေတော့သည်။ ဟိုး... သရုပ်ဆောင်တာကတော့ အတော်ဆုံးပဲ။ ဘေးမှ ယဲ့ချူးက သူမကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို မသိမသာ တွန့်လိုက်မိသည်။ တောက်... သူတို့က အခုမှ ဖုန်းဆက်တော့မှာကို၊ မင်းရဲ့ တုံပြန်မှုက အရမ်း နောက်ကျမနေဘူးလား။

“မင်းအိမ်က ဖုန်းနံပါတ် ဘယ်လောက်လဲ”

ထိုအချိန်တွင် ပေ့ချူး၏အပြုအမူကြောင့် ပြန်ပေးသမားများမှာလည်း သတိပြုမိသွားကြသည်။ ဒီမိန်းကလေးက တုံ့ပြန်မှု တော်တော်လေး နှေးတာပဲ သူတို့သည် ကိုကြီးဝက်ခြံ၏ အင်္ကျီကော်လာကို ဆွဲကာ အသံကို နှိမ့်၍ မေးလိုက်သည်။

“မင်း မပြောဘဲ နေလို့ရတယ်၊ ဒါပေမဲ့... နောက်ဆက်တွဲကိုတော့ သေချာ စဉ်းစားထား”

“ကျွန်... ကျွန်တော် ပြောပါ့မယ်...”

“သားရဲ့အဖေက အဘိုးပဲ”

ကိုကြီးဝက်ခြံ စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ သူနှင့်အတူ ချည်နှောင်ခံထားရသော ယဲ့ချူး၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါလာပြီး အဓိပ္ပာယ်မရှိသော စကားများကို အော်ဟစ်နေတော့သည်။

“အဘိုးရဲ့ အဖေက မြေးပဲ”

537 04

“မင်း ဘေးကင်းပါစေ... ဘေးကင်းပါစေ...”

“ယေး... ယေး... ယေး...”

ယဲ့ချူး၏ လက်ဖဝါးမှ နာကျင်မှုကို ခံစားလိုက်ရသည့်အခါ ကိုကြီးဝက်ခြံသည် ထိတ်လန့်တကြားဖြင့် “သူ့မှာ ဝက်ရူးပြန်ရောဂါ ရှိတယ် မြန်မြန် ခြေအိတ်နဲ့ ပါးစပ်ကို ပိတ်ပြီး ဆေးရုံပို့ပေးကြပါ၊ မဟုတ်ရင် အန္တရာယ်ရှိသွားလိမ့်မယ်”

“သူ့အိမ်က အရမ်း ချမ်းသာတာ၊ ပိုက်ဆံတွေ အများကြီး ရှိတယ်”

“ကျွန်တော်တို့ထက်တောင် ပိုချမ်းသာသေးတယ်၊ ကျွန်တော် သူတို့အိမ် ဖုန်းနံပါတ် သိတယ်၊ မယုံရင် ဖုန်းဆက်ကြည့်ကြပါလား”

ပြန်ပေးသမား သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ယဲ့ချူးဆီသို့ အကြည့်များ ရောက်သွားကြသည်။

“လာစမ်း၊ ငါ့မှာ ခြေအိတ် ရှိတယ်။ ငါးကြီးတစ်ကောင် မိတာပဲလို့ မထင်ထားဘူး”

ဟောက်အစ်ကိုကြီးသည် ဖိနပ်ကို ချွတ်လိုက်ရာ ခြေချောင်းလေးများမှာ အပြင်သို့ ထွက်ပေါ်နေသည်။ သူသည် အားနာသည့် အမူအရာဖြင့် သူငယ်ချင်းများကို ကြည့်ကာ ခြေအိတ်ကို အမြန် ချွတ်လိုက်သည်။

“သူ့ပါးစပ်ထဲ ထိုးထည့်လိုက်စမ်း”

“ကျွန်တော် သက်သာသွားပြီ”

ယဲ့ချူးသည် အားနည်းနေသည့် ပုံစံဖြင့် ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။ “ကျွန်တော် ဖုန်းနံပါတ် ပြောပြမယ်၊ မြန်မြန် ဆက်လိုက်ကြပါ။ ပိုက်ဆံ ရရင် ကျွန်တော်တို့ကို လမ်းပေါ် ပြန်ပို့ပေးကြပါဦး၊ ကျွန်တော် မုန့်ကြော် စားချင်လို့ပါ”

“ဖုန်းနံပါတ်က...”

“ဝေါင်း…”

ရုတ်တရက် တံခါးဝဆီမှ ဟိန်းသံကြီး တစ်ချက် ထွက်ပေါ်လာသဖြင့် လူတိုင်း မော့ကြည့်လိုက်ကြသည်။ တစ်ခါမှ မမြင်ဖူးသော သတ္တဝါကြီးတစ်ကောင် တစ်လှမ်းချင်း ဝင်လာသည်ကို မြင်လိုက်ရသည်။

“ဒါ ဘယ်သူလဲ”

ဟောက်အစ်ကိုကြီးသည် ထိုသတ္တဝါကြီးဘေးမှ လူငယ်ကို ကြည့်ကာ အော်ဟစ်လိုက်ပြီး မြေပြင်မှ ထရပ်လိုက်သည်။

“ဟူး... ဟူး... ဟူး”

ဆုပိုင်သည် ခါးကို ကိုင်းကာ အသက်ကို ပြင်းပြင်းရှူရင်း သန်မာသော အမျိုးသား သုံးဦးကို လက်ညှိုးထိုးပြလိုက်သည်။

“ရှင်းလိုက်စမ်း၊ မသေစေနဲ့ဦး”

သူသည် တိုးတိုးလေး မှာကြားလိုက်ပြီးနောက် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဤလူများကို လိုက်ရှာရသည်မှာ တကယ့်ကို ပင်ပန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

“တောက်... ဒါ ဘာကြီးလဲ”

ဝက်ခြံကိုကြီးသည် ပြန်ပေးသမားများကို ကိုက်ဖြတ်နေသော ခြင်္သေ့ဘုရင်ကို ကြည့်ကာ ရေရွတ်လိုက်မိသည်။

“ဒါ ဘာဘရီခြင်္သေ့လေ၊ ဒါရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွင့်မှုထဲကဟာ။ ကြည့်ရတာ အခု အပြင်မှာ တကယ် ထွက်လာပြီ ထင်တယ်”

537 05

ယဲ့ချူးသည် နှုတ်ခမ်းကို သပ်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ “မင်း ငါ့ကို မေးတယ် မဟုတ်လား၊ ကျောင်းမတက်တော့ရင် ဘာလုပ်မှာလဲဆိုတာ။ ငါ ဒါရိုက်တာ ဆုပိုင်နဲ့အတူ တိရစ္ဆာန်တွေ သွားမွေးချင်တာ။ ရှင်းခိုင်တို့၊ စာကြည့်တိုက်မှူးတို့လိုမျိုး ဖြစ်ခွင့်ရရင်တော့ တကယ် ကောင်းမှာပဲ၊ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွင့်မှုမှာတောင် ပါဝင်ခွင့် ရနိုင်တယ်လေ”

ယဲ့ချူး၏ စကားကို ကိုကြီးဝက်ခြံကတော့ နားမလည်ပေ။ သူသည် ပုံမှန်ဆိုလျှင် တိုက်ရိုက်ထုတ်လွင့်မှုများကို ကြည့်လေ့မရှိပေ။ အားနေလျှင် မေမေ့ရဲ့ မျက်နှာပေါင်းတင်ဆေးလေးတွေ ခိုးလူးရတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသည် မဟုတ်လား။ ကွန်ပျူတာ အမြဲကြည့်နေရင် အသားအရေ ပျက်စီးမှာပေါ့

“ငါလည်း သွားချင်တယ်”

“ငါ ချင်တု တက္ကသိုလ်ကို ဝင်ခွင့်ဖြေဖို့ ပြင်နေတာ”

ထိုစဉ် ဘေးတွင် ထိုင်နေသော ပေ့ချူးက ရုတ်တရက် ဝင်ပြောလိုက်သည်။ ကိုကြီးဝက်ခြံသည် သူတို့ နှစ်ဦးကို တစ်လှမ်းချင်း ကြည့်လိုက်သည်။ အခုမှပဲ ဒီနှစ်ယောက်က မောင်နှမအရင်းတွေဆိုတာ သူ ယုံသွားတော့သည်။ တောက်... သရုပ်ဆောင်တာကတော့ တကယ့်ကို တူလှသည်။ တစ်ယောက်က တုံ့ပြန်မှု နှေးသလို ဟန်ဆောင်ပြီး၊ တစ်ယောက်က ဝက်ရူးပြန်သလို ဟန်ဆောင်နေတာကိုး။ ဒါဆိုရင် ရူးနေတာက ငါ တစ်ယောက်တည်းပေါ့။

“ဗျစ်... ဗျစ်... ဗျစ်”

“နှလုံးသား ကွဲကြေသံ” ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ဟိန်း...”

“ကဲ... တာဝန် ပြီးဆုံးပါပြီ”

ခြင်္သေ့ဘုရင်သည် လူသုံးယောက်၏ အပေါ်မှ ဖိထားရင်း ဆုပိုင်ကို လှည့်၍ အချက်ပေးလိုက်သည်။ ဆုပိုင်သည် ထရပ်ကာ မြေပြင်မှ ဖုန်းကို ကောက်ယူပြီး လုံခြုံရေးဌာနသို့ ဖုန်းဆက်လိုက်သည်။ ထို့နောက်မှ ကလေးသုံးယောက်၏ ကြိုးများကို ဖြေပေးလိုက်သည်။

“အားလုံး ထိုင်ကြဦး”

သူသည် လက်ယမ်းပြကာ သုံးယောက်လုံးကို ထိုင်ခိုင်းလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ဒီလူ သုံးယောက်ကို မင်းတို့ သိလား။ ခဏနေရင် လုံခြုံရေးတွေ ရောက်လာလိမ့်မယ်၊ အဲဒီခါကျရင် မင်းတို့ မိဘတွေကို အကြောင်းကြားပေးလိမ့်မယ်”

သို့သော် ဆုပိုင်သည် ထူးခြားချက်တစ်ခုကို သတိပြုမိသွားသည်။ ဆံပင်ရှုပ်ပွနေသော လူငယ်လေးကလွဲလျှင် ကျန်ရှိသော အမျိုးသားနှင့် အမျိုးသမီး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိပေ။ အခုခေတ် ကလေးတွေရဲ့ စိတ်ဓာတ်က ဒီလောက်အထိ ကြံ့ခိုင်နေကြပြီလား။ ပြန်ပေးဆွဲခံရတာတောင် ဒီလောက် တည်ငြိမ်နေနိုင်ကြတယ်လား။

“ဒါရိုက်တာ ဆုပိုင်”

“ဟင်…မင်း ငါ့ကို သိနေတာလား”

ရှေ့မှ ကတုံးနှင့် လူငယ်လေးကို ကြည့်ကာ ဆုပိုင်က အံ့သြတကြီး မေးလိုက်သည်။ သူ့ကို သိနေသည်ဆိုပါက တိုက်ရိုက်ထုတ်လွင့်မှုမှ ပရိသတ် ဖြစ်နေမှာ သေချာသည်။

“ဟုတ်ကဲ့ ကျွန်တော်က ပရိသတ်တစ်ယောက်ပါ။ ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွင့်မှုတိုင်းကို ကျွန်တော် အမြဲကြည့်ဖြစ်ပါတယ်”

******

All Chapters