အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း 550 သွေးစွန်းနေသော အပိုင်းအစ (၁/၂)
ယနေ့ည ကောင်းကင်ပြာတိရစ္ဆာန်ရုံသည် သေချာပေါက် ငြိမ်သက်စွာ အိပ်စက်နိုင်လိမ့်မည် မဟုတ်ပေ။ မြက်ခင်းပြင်ပေါ်တွင် တိရစ္ဆာန်များစွာမှာ ကြောင်အစွာ ရပ်နေကြပြီး အဝေးမှနေ၍ မနားတမ်း ရန်စနေသော အာဟကို ကြည့်ရှုနေကြသည်။ ညသန်းခေါင်ယံ အချိန်ကြီးတွင် တိရစ္ဆာန်အားလုံးကို အာဟက လိုက်လံနှိုးလိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ ထို့ပြင် ဤကောင်သည် ခေါင်းပြားတကောကိုပင် အရင်စ၍ ရန်စရဲသည်လား။ ဤသည်မှာ မိမိကိုယ်ကိုယ် အသက်ရှည်ရမှာ ငြီးငွေ့နေသည့် သဘောပင် ဖြစ်တော့သည်။
"ဝူး..."
"အမွှေးဖြူရှိတာနဲ့တင် ဟုတ်လှပြီ ထင်နေလား။ သတ္တိရှိရင် ငါ့ရဲ့နောက်ကို လိုက်ခဲ့စမ်းပါဦး"
အာဟသည် ဝက်ခြံဘေးတွင် ရပ်ကာ ခေါင်းကို စောင်းလျက် မနားတမ်း အော်ဟစ်နေတော့သည်။
"တောက်..."
"ဒီနေ့တော့ ငါ မင်းကို တကယ်ပဲ လာစတာကွ၊ ဘာဖြစ်လဲ"
"သတ္တိရှိရင် လာရိုက်စမ်းပါ..."
"လာလေ... လာလေ..."
"ဟင်း... ဟင်း... ဟင်း"
ခေါင်းပြားတကော၏ မျက်လုံးများမှာ ယခုအခါ သွေးရောင်လွှမ်းနေပြီ ဖြစ်သည်။ သူသည် ခြေသည်းဖြင့် သူ၏နဖူးပေါ်သို့ ကျရောက်နေသော ဝက်ချေးများကို ခါချလိုက်ရင်း အဝေးမှ အာဟကို အေးစက်လှသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ကောင်းကောင်းမွန်မွန် အိပ်နေတာကို မမျှော်လင့်ဘဲ ဒီကောင်က ဝက်ချေးတွေနဲ့ လာပက်ရဲတယ်ပေါ့။ မင်းကို မရိုက်တာ ကြာသွားလို့လား။ ဒီလောက်အထိ ရဲတင်းနေရတာလား။
"ဂါး... ဂါး..."
"ဒီနေ့တော့ မင်းကို အသေသတ်ပစ်မယ်"
ခေါင်းပြားတကောသည် အော်ဟစ်လိုက်ပြီး မြေပြင်မှ ဝုန်းကနဲ ထလာကာ သွားများကို တဖြဲဖြဲဖြင့် အာဟဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ အဝေးမှ ဝိုင်းကြည့်နေကြသော တိရစ္ဆာန်အုပ်စုကြီးမှာလည်း ကြောင်အသွားကြရသည်။
"ဒီကောင် ရူးသွားတာလား။ မင်းတို့ ပြောစမ်း၊ ဒါရိုက်တာဆုပိုင်က သူ့ကို အရိုက်လွန်လို့ ဦးနှောက်များ ပျက်သွားတာလား။ ဘာလို့ ဒီလောက်အထိ အသေခံချင်နေရတာလဲ။"
ငှက်တောသည် တပိုင်၏ ဦးခေါင်းပေါ်တွင် ရပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ တိရစ္ဆာန်များစွာမှာလည်း ထိုစကားကို ကြားသည့်အခါ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ အာဟကို ထားပါဦး၊ တိရစ္ဆာန်ရုံအတွင်း၌ ခေါင်းပြားတကော၏ ကိုယ်ထည်မှာ သိပ်မကြီးသော်လည်း မည်သည့် တိရစ္ဆာန်မျှ သူ့ကို အရင်စ၍ ရန်မစရဲကြပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် တိရစ္ဆာန်မှလည်း ခေါင်းပြားတကောကဲ့သို့ အသက်ကို ရင်းပြီး မတိုက်ခိုက်ရဲကြသောကြောင့်ဖြစ်သည်။ အဓိကအချက်မှာ ခေါင်းပြားတကောသည် ပုံမှန်ဆိုလျှင် သူ၏ ဝက်များကိုသာ ဂရုစိုက်နေတတ်ပြီး တခြား တိရစ္ဆာန်များနှင့် စကားပြောဆိုခြင်း အလွန်နည်းလှသည်။ သို့သော် ယခုအခါ ခေါင်းပြားတကော၏ ကြောက်မက်ဖွယ်ကောင်းသော ပုံစံကို ကြည့်ကာ လူတိုင်းက အာဟအတွက် ရင်တုန်နေကြရသည်။ တကယ်လို့သာ အဖမ်းခံရရင်တော့... ဒဏ်ရာအပြင်းအထန် ရရုံတင်မကဘဲ တစ်ကိုယ်လုံး ကြေမွသွားနိုင်သည် မဟုတ်ပါလား။
550 02
"ဒီလောက်ဆို ရပြီ ထင်တယ်"
အာဟသည် တစ်ကိုယ်လုံး အမွှေးများ ထောင်နေသော ခေါင်းပြားတကောကို လှည့်ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရပြီး ရုံးခန်းရှိရာဘက်သို့ အသည်းအသန် ပြေးထွက်ခဲ့သည်။ ရန်စတာ နည်းနည်း လွန်သွားသလား မသိဘူး။ ဒါပေမဲ့ မိစ္ဆာဆုပိုင်ကို ဒုက္ခပေးဖို့ဆိုရင် ဘာမဆို ထိုက်တန်ပါတယ်။ အဲဒီကျရင် ဒီကောင်ကြီးက ငါ့ထက် ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ သေချာတယ်လေ။ ထိုသို့တွေးမိသည်နှင့် အာဟသည် ခြေလှမ်းကို ပို၍ မြှင့်လိုက်သည်။ သူ ကြိုတင်တူးထားသော မြေကျင်းနားသို့ ရောက်ရန် နီးကပ်လာပြီ ဖြစ်သည်။
"ဝူး..."
"ခေါင်းဖြူတာနဲ့တင် ဟုတ်လှပြီ ထင်နေလား။ ဘာဖြစ်လဲ... သတ္တိရှိရင် ငါ့နောက်ကို အထဲအထိ လိုက်ခဲ့စမ်းပါ"
"မင်းကို ငါ အမှုန့်ကြိတ်ပစ်မယ်"
"အမွှေးဖြူကောင်ကြီး လာလေ"
နောက်တစ်ကြိမ် လှည့်၍ ရန်စလိုက်ပြီးနောက် အာဟသည် မြေကျင်းအတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။ သူသည် အပေါ်ရှိ ကြမ်းပြင်ကို ဦးခေါင်းဖြင့် အတင်းတွန်းဖွင့်ကာ အခန်းအတွင်းသို့ ခုန်တက်လိုက်သည်။ ထို့နောက် ခုတင်ပေါ်သို့ ပြေးတက်ကာ စောင်ထဲသို့ တိုးဝင်လိုက်ပြီး ရှေ့မှ မှောင်မည်းနေသော ကျင်းဝကို စိုက်ကြည့်နေမိသည်။ စောင်ထဲမှာ ပုန်းနေရင်တော့ အရင် အရိုက်ခံရတဲ့အခါ သိပ်မနာလောက်ဘူးပေါ့။ ပြီးတော့ ဒါက ဒါရိုက်တာဆုပိုင် အသစ်ဝယ်ထားတဲ့ စောင်လေ၊ ခေါင်းပြားတကောက သေချာပေါက် ဒါကို ကိုက်ဖြတ်ပစ်မှာပဲ။ ဟဲဟဲ… အားလုံးက ငါ့လက်ခုပ်ထဲက ရေပါပဲ။
သို့သော်... အတော်ကြာ စောင့်ဆိုင်းနေသော်လည်း ခေါင်းပြားတကော၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် အာဟသည် စောင်ထဲမှ သတိကြီးစွာဖြင့် ထွက်လာခဲ့သည်။ သူသည် ကျင်းဝသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားပြီး ခေါင်းကို စောင်းလျက် အတွင်းသို့ ငုံ့ကြည့်လိုက်သည်။ မှောင်မည်းနေသဖြင့် ဘာမှ မမြင်ရပေ။ သူသည် နှာခေါင်းဖြင့် အသည်းအသန် အနံ့ခံကြည့်သည့်အခါတွင်လည်း စောစောက ဝက်ချေးနံ့များကိုပင် မရတော့ပေ။
"မဝင်ရဲဘူးလား"
"ဒီလောက်တောင် ကြောက်တတ်တာလား”
သူသည် တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် အံကို တင်းတင်းကြိတ်ကာ ကျင်းထဲသို့ ပြန်လည် ဝင်ရောက်သွားပြန်သည်။
"ဒုန်း..."
သူသည် အပြင်ဘက်သို့ ထွက်ရန် အတင်းတွန်းကြည့်သော်လည်း မရတော့ပေ။ အာဟ၏ရင်ထဲတွင် မကောင်းသော အငွေ့အသက်များ ခံစားလိုက်ရသည်။ ဘုရားရေ… တောက်... ဒါက လူလုပ်တဲ့ အလုပ်လားဗျာ။ မင်း အထဲမဝင်တာက ထားပါတော့၊ ကျင်းဝကိုပါ ပိတ်ပစ်လိုက်တာက ဘာသဘောလဲ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲသို့ ပြန်ဝင်လာခဲ့ရသည်။ သူသည် ကိုယ်ကို မြှင့်လိုက်ပြီး ခြေသည်းနှစ်ဖက်ဖြင့် ပြတင်းပေါက်ကို မှီကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။
ခေါင်းပြားတကောသည် ရူးသွပ်နေသကဲ့သို့ ဘေးရှိ မြေကြီးများကို ကျင်းဝအတွင်းသို့ မနားတမ်း ဖိထည့်နေသည်ကို မြင်တွေ့လိုက်ရသည်။ ပို၍ ဆိုးသည်မှာ...
"ခေါင်းပြားတကောကိုကြီး ဒီလို ထည့်ရုံနဲ့ မတင်းဘူး၊ ကျွန်တော် အထဲဝင်ပြီး သေသေချာချာ ပိတ်ပေးမယ်"
550 03
ဖင်းမြေခွေးလေးသည် ကျင်းဝဘေးတွင် ထိုင်နေရင်း ခေါင်းကို လှုပ်ခါလျက် စိတ်လှုပ်ရှားစွာ ပြောဆိုနေခြင်း ဖြစ်သည်။
"အဖေဟကို မရိုက်ပါနဲ့တော့နော်၊ ဟုတ်ပြီလား"
"သူ့ကို အထဲမှာပဲ ပိတ်ထားလိုက်ရင် ရုံပိုင်ရှင်က သူ့ကို အပြစ်ပေးလိမ့်မယ်ဗျ"
ပြောပြောဆိုဆိုဖြင့် မြေခွေးလေးသည် ကျင်းဝထဲသို့ ခေါင်းပြူဝင်ကာ ပတ်ဝန်းကျင်ရှိ မြေကြီးများကို အသည်းအသန် ဖိသိပ်နေတော့သည်။
"ဟင်း"
ခေါင်းပြားတကောသည် မြေပြင်ပေါ်တွင် ထိုင်လျက် ပြတင်းပေါက်မှ ကြည့်နေသော အရိပ်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူသည် ရက်စက်လှသော အပြုံးတစ်ခုကို ပြသလိုက်ပြီး ကျင်းဝဘေးတွင် ဝပ်စင်းကာ မျက်လုံးများကို မှေးလိုက်တော့သည်။ မင်း အပြင်မထွက်မချင်း ငါ ဒီမှာပဲ စောင့်နေမယ်ဆိုသည့် အနေအထားပင် ဖြစ်သည်။
"ဟူး..."
အာဟသည် အသက်ရှူမှားသွားရပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။ သူသည် ခုတင်ပေါ်သို့ တရွတ်တိုက် တက်သွားပြီး ဒါရိုက်တာဆုပိုင်၏ စောင်ကို တင်းတင်းပတ်ထားလိုက်သည်။ ရင်ထဲမှာ အေးစိမ့်လှပေသည်။ အခုတော့ ဘယ်လိုလုပ်ရမလဲ။ အပြင်ထွက်ဖို့ လမ်းစမရှိတော့ပေ။ ထိုခေါင်းဖြူကောင်သည် ဒါရိုက်တာဆုပိုင် ပြန်မလာမချင်း ဤကျင်းဝမှ ဖယ်ခွာမည့်ပုံ မပေါ်ပေ။ ဒါဆိုရင် ရုံးခန်းထဲမှာပဲ နေရတော့မှာပေါ့။ အဲ့ဒီကျရင် ဆုပိုင် ပြန်လာရင် ငါ ဘယ်လိုပြောမှ အရိုက်မခံရမှာလဲ။ တွေးလေလေ အာဟ ရင်ထဲမှာ အေးလာလေလေ ဖြစ်ပြီး စောင်ကို ပို၍ တင်းတင်းခြုံထားမိတော့သည်။ ငါ မှားသွားပြီ… အားလုံးက ဘာလို့ ဒီလောက်အထိ ယုတ်မာကြတာလဲ။ အထဲမဝင်တာက ထားပါဦး၊ ကျင်းဝကိုပါ ပိတ်ပစ်တယ်လား။ တောက်... ခွေးဘဝက တကယ်ကို ခက်ခဲလွန်းပါတယ်။
...
"မင်းညီလေးကို ချင်တုဆေးရုံမှာပဲ ထားလိုက်ရင် ရပါပြီ"
"သူတို့က သတ်မှတ်ထားတဲ့ အချိန်ကျရင် တိရစ္ဆာန်ရုံကို ကုသဖို့အတွက် ခေါ်လာပေးလိမ့်မယ်။ ငါ ထပ်ပြောမယ်နော်၊ ဒီပိုက်ဆံကို မင်းပဲ သိမ်းထားလိုက်"
"တိရစ္ဆာန်ရုံက မင်းညီလေးရဲ့ရောဂါကို ကုပေးတာက ပိုက်ဆံ တစ်ပြားမှ မယူပါဘူး"
ဆုပိုင်သည် တိရစ္ဆာန်ရုံတံခါးဝတွင် ရပ်လျက် ရှေ့မှ ရှက်ကိုးရှက်ကန်း ဖြစ်နေသော လီကယ်ကို တိုးတိုးလေး ပြောလိုက်သည်။
"နောင်ကျရင် တွင်းထဲမှာ အလုပ်သွားမလုပ်နဲ့တော့၊ တခြား အလုပ်တစ်ခုခုပဲ ရှာလုပ်တော့"
"ဒီစုထားတဲ့ ပိုက်ဆံတွေနဲ့ အိမ်တစ်လုံး အရင်ငှားလိုက်ဦး"
"နားလည်လား"
အတော်ကြာ စုံစမ်းကြည့်ပြီးနောက်တွင် ဆုပိုင်သည် ဤလူငယ်၏ အားနည်းချက်ကို သိလိုက်ရသည်။ သူသည် အလွန်အမင်း ရိုးသားလွန်းလှသည်။ ဘယ်လောက်တောင် ရိုးသလဲဆိုလျှင် တခြားသူ ပြောသမျှကို အကုန်ယုံကြည်နေခြင်း ဖြစ်သည်။ ကိုယ်တိုင် စုံစမ်းကြည့်ခြင်းပင် မရှိပေ။ ထိုစဉ်က တွင်းပိုင်ရှင် သူဌေးသည် ဤလူငယ်ကို တွင်းထဲဆင်းခိုင်းရန်အတွက် ညီဖြစ်သူ၏ ရောဂါကုသစရိတ်မှာ ၃ သိန်းတောင် ကုန်ကျမည်ဟု လိမ်ညာခဲ့ခြင်း ဖြစ်သည်။ ဒါတင်မကဘဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ပိုက်ဆံများကို ဖြတ်တောက်ခဲ့သဖြင့် ဤလူငယ်မှာ ၃ သိန်း ပြည့်အောင် မစုနိုင်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသော အစ်ကိုကြီးစုန့်သာ မရှိခဲ့လျှင် ဤလူငယ်သည် တွင်းထဲမှာ တစ်သက်လုံး အလုပ်လုပ်လျှင်ပင် ဆေးကုသစရိတ် ရရှိရန်မှာ မလွယ်ကူလှပေ။
550 04
"ဒါက... ဒါရိုက်တာ ဆုပိုင်၊ ဒါကို ယူထားပေးပါ"
"ကျွန်တော့်ညီလေးကို ကုပေးဖို့ သဘောတူတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
လီကယ်သည် လက်ထဲမှ ဘဏ်ကတ်ကို ကိုင်ကာ ခေါင်းငုံ့၍ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် အလုပ်လုပ်နိုင်ပါတယ်၊ ခုနက လမ်းမှာ မြင်ခဲ့တယ်၊ ဒီအနီးအနားမှာ အလုပ်သမားတွေ လိုနေတဲ့ နေရာရှိတယ်၊ ကျွန်တော် အဲဒီမှာ သွားလုပ်လို့ ရပါတယ်..."
"ဒီပိုက်ဆံကို ယူထားပါဗျာ၊ ဒါ ဆေးကုဖို့ ပိုက်ဆံလေ၊ ဆေးကုတာကို ပိုက်ဆံမယူဘူးဆိုတာ ဘယ်မှာ ရှိမှာလဲဗျာ"
"ဟိုဆေးရုံကြီးက အရမ်း သန့်ပြန့်နေတာ၊ ကျွန်တော်... သေချာပေါက် ပိုက်ဆံ လိုမှာပါ"
"ကျွန်တော်..."
ဆုပိုင်သည် ရှေ့မှ ရိုးသားလှသော လူငယ်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ဒီအတိုင်းသာ အလုပ်သမား သွားလုပ်ရင်တော့... အန္တရာယ်အရှိဆုံး အလုပ်တွေက ဒီလူငယ်ဆီပဲ ရောက်လာတော့မှာ သေချာသည်။
"မင်းပဲ သိမ်းထားလိုက်ပါ၊ ငါ့နောက်ကို လိုက်ခဲ့"
ဘဏ်ကတ်ကို သူ၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီးနောက် ဆုပိုင်သည် သူ့ကို တိရစ္ဆာန်ရုံအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် အဝေးမှ လောင်ကျိုးကို လက်ယမ်းခေါ်လိုက်သည်။
"ဒါက လီကယ်တဲ့၊ သူ့ကို ခဏလောက် ဝက်ကျောင်းတဲ့ နေရာမှာ အလုပ်သင် ခိုင်းထားလိုက်ဦး။ ရာသီဥတု နည်းနည်း ပိုနွေးလာရင်တော့ သူ့ကို ဒိုင်နိုဆောကျွန်းကို ပို့ပြီး ဝမ်ချန်နဲ့ အဖော်လုပ်ခိုင်းလိုက်တာပေါ့"
"အင်း... နားလည်ပါပြီ"
လောင်ကျိုးသည် လီကယ်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
"တီ..."
ဆုပိုင်သည် ရုံးခန်းတံခါးဝသို့ ရောက်သည့်အခါ လက်ဗွေနှိပ်၍ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"ဟောက်... ဟောက်... ဟောက်"
အထဲသို့ ဝင်လိုက်သည်နှင့် စောင်ပုံထဲမှ ကျယ်လောင်လှသော ဟောက်သံကြီးကို ကြားလိုက်ရသည်။
"ဒါ ဘာကြီးလဲ"
စောင်ပုံထဲမှ အရာကို ကြည့်ရင်း ဆုပိုင်သည် မိမိ၏ နောက်ကွယ်မှ တံခါးကို မယုံကြည်နိုင်စွာ ပြန်ကြည့်လိုက်မိသည်။ မဖြစ်နိုင်တာ… ငါ ထွက်သွားတုန်းက တံခါးကို ပိတ်ထားခဲ့တာလေ။ ပြီးတော့ ဒါက ငါ့ရဲ့လက်ဗွေ တစ်ခုတည်းနဲ့ပဲ ဖွင့်လို့ရတာ မဟုတ်လား။ ဒါက ဘယ်လို အခြေအနေကြီးလဲ။ သူသည် တစ်လှမ်းချင်း ချဉ်းကပ်သွားခဲ့သည်။
"ဝုန်း..."
သူသည် စောင်ကို ဝုန်းကနဲ ဆွဲလှန်လိုက်သည့်အခါ နဖူးကို လက်ဖြင့် အုပ်ကာ အိပ်ပျော်နေသော အာဟကို တွေ့လိုက်ရသည်။ ဆုပိုင်သည် စောင်ပေါ်ရှိ ခြေရာများစွာနှင့် အောက်ဘက်ရှိ သွားရည်ပုံကြီးကို ကြည့်ကာ... သူ၏ နဖူးပေါ်မှ အကြောများမှာ ဒေါသကြောင့် ထောင်တက်လာတော့သည်။
******
551 01
အခန်း 551 သွေးစွန်းနေသော အပိုင်းအစ (၁/၂)
"ဝူး..."
"အမလေး... ငါ့ကို လာမထိနဲ့ဦး... ငါ့သား... ခဏနေရင် ထမင်းကျွေးတော့မှာမို့လို့ အဖေကို နှိုးလိုက်ဦးနော်"
အာဟသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှေးထားဆဲဖြစ်ပြီး၊ အခန်းတွင်းသို့ အလင်းရောင် အနည်းငယ် တိုးဝင်လာသည်ကို ခံစားလိုက်ရသည့်အခါ ဝေဝေဝါးဝါးဖြင့် ခြေသည်းကို ဆန့်ထုတ်ကာ စောင်ကို သူ၏ ခေါင်းပေါ်သို့ အတင်း ထပ်မံဆွဲတင်လိုက်ပြန်သည်။
"ဖြန်း..."
ရုတ်တရက် သူ၏ နဖူးပေါ်သို့ နာကျင်မှုတစ်ခု ပြင်းထန်စွာ ကျရောက်လာသည်။
"ဝူး..."
သူသည် နာကျင်မှုကြောင့် တစ်ချက် အော်ဟစ်လိုက်ပြီး ခုတင်ပေါ်မှ ဝုန်းကနဲ ခုန်ထလိုက်သည်။
"ခေါင်းဖြူကောင်... မင်းကို ငါ တစ်ညလုံး စောင့်နေတာကွ၊ ငါ့ကျင်းဝကို ပိတ်ထားရင် ငါ ဝင်မလာနိုင်တော့ဘူး ထင်နေလား... ပိတ်... ပိတ်... ပိတ်..."
"ပိတ်ထားတယ်..."
ခုတင်ဘေးတွင် ရပ်နေသော ဒါရိုက်တာ ဆုပိုင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့် ခဏတွင်မူ အာဟ၏ဦးနှောက်မှာ ဗလာဖြစ်သွားပြီး နေရာမှာတင် ကြောင်အသွားရသည်။
"ဟို... ဒီနေ့တော့ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေပါလား၊ အိပ်ရာနိုးလာတာနဲ့ ဘယ်လိုဖြစ်လို့ ရုံးခန်းထဲကို ရောက်နေတာလဲ မသိဘူးနော်"
သူသည် ခြေသည်းဖြင့် သူ၏နဖူးကို ကုပ်လိုက်ရင်း၊ မျက်လုံးများကို ပြူးကျယ်လျက် မယုံကြည်နိုင်စရာ ကောင်းလှသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ကြောက်စရာကြီး၊ ကျွန်တော် အိပ်မက်မက်နေတာ သေချာတယ်။"
"ဒါရိုက်တာဆုပိုင်က ကျွန်တော့်ကို ဘယ်လိုလုပ် ရိုက်မှာလဲ၊ သူက ကျွန်တော့်ကို အချစ်ဆုံးပဲလေ..."
"ဒါဟာ အတုအယောင်တွေ ဖြစ်ရမယ်၊ ငါ ထပ်ပြီး အိပ်ကြည့်ဦးမယ်..."
ပြောပြောဆိုဆိုဖြင့် သူသည် ခြေသည်းဖြင့် စောင်ကို အသာအယာ ချိတ်ဆွဲကာ သူ၏ ခွေးခေါင်းကြီးကို ပြန်လည် ဖုံးအုပ်လိုက်တော့သည်။
"ဟီး... ဟီး... ရိုက်မယ်ဆိုရင်လည်း နည်းနည်းလောက် လက်လျှော့ပြီး ရိုက်ပေးပါ"
"ရုံးခန်းထဲမှာပဲ ရိုက်ပါနော်၊ အပြင်က အကောင်တွေ မြင်သွားရင် ရှက်စရာကြီးမို့လို့ပါ"
"ဟီး... ကျွန်တော့်ရဲ့ မျက်နှာလေးကိုတော့ နည်းနည်းလောက် ထောက်ထားပါဦး"
မကြာခင်မှာပင် စောင်ပုံထဲမှ ရှိုက်ကြီးတငင် ငိုကြွေးသံများ ထွက်ပေါ်လာတော့သည်။
"ဟူး..."
ဆုပိုင်သည် စိတ်ပျက်လက်ပျက်ဖြင့် ရင်ဘတ်ကို အသာအယာ ပွတ်သပ်ရင်း စောင်ကို ဝုန်းကနဲ ဆွဲလှန်လိုက်ကာ၊ အာဟ၏ ခြေထောက်တစ်ဖက်ကို ဆွဲ၍ ရုံးခန်းအပြင်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
551 02
"ဒီကို လာခဲ့စမ်း"
ခေါင်းပြားတကော ထိုင်နေရာဘေးရှိ ဧရာမ မြေကျင်းကြီးကို မြင်လိုက်ရသည့်အခါတွင်မူ ဆုပိုင်သည် အခြေအနေအားလုံးကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ တကယ့်ကို တော်တဲ့ကောင်ပဲ။ ဤကဲ့သို့သော နည်းလမ်းမျိုးကိုတောင် ငါ ကာကွယ်နိုင်ပါဦးမလား။ ရုံးခန်းထဲကို မြေတူးပြီး ဝင်လာရုံတင်မကဘူး၊ ငါ အသစ်ဝယ်ထားတဲ့ စောင်လေးကိုပါ ဘယ်လိုတွေ ဖျက်ဆီးထားသလဲဆိုတာ ကြည့်စမ်းဦး။
ဆုပိုင်သည် ခေါင်းပြားတကောကို လက်ယမ်းခေါ်လိုက်ပြီး အာဟကို တိရစ္ဆာန်ရုံ၏ မြက်ခင်းပြင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ဝက်ခြံ၏ဘေးသို့ ရောက်သည့်အခါ ကျောပိုးအိတ်ထဲမှ ကြိုးကို ထုတ်ယူကာ ဤကောင်ကို ခြံစည်းရိုးတွင် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
"မင်းကိုပဲ အပ်လိုက်ပြီ၊ မသေရုံတမယ်ပဲ လုပ်လိုက်စမ်း"
ဘေးတွင် အဆင်သင့် ဖြစ်နေသော ခေါင်းပြားတကောကို မှာကြားလိုက်ပြီးနောက်၊ ဆုပိုင်သည် ပွဲကြည့်ရန် အပြေးအလွှား ရောက်ရှိလာကြသော တိရစ္ဆာန်အုပ်စုကြီးကို ကြည့်ကာ အသံကုန် ဟစ်အော်လိုက်သည်။
"နောင်ကျရင် ငါတို့ တိရစ္ဆာန်ရုံမှာ စည်းကမ်းတစ်ခု ထပ်တိုးမယ်"
"အာဟ အမှားလုပ်တာကို တိုင်တန်းတဲ့ ဘယ်တိရစ္ဆာန်မဆို ဆုလာဘ် ပေးမယ်"
"ဒိုင်နိုဆောကျွန်းကို သတ်မှတ်ထားတဲ့ အချိန်မှာ သွားလည်ရုံတင်မကဘူး၊ တာဝန်တွေမှာလည်း ဦးစားပေး လိုက်ပါခွင့် ရစေရမယ်"
"ဒီစည်းကမ်းက ထာဝရ တည်မြဲနေမှာဖြစ်ပြီး ငါ့ဆီကို တိုက်ရိုက် လာတိုင်လို့ ရတယ်"
တိရစ္ဆာန်အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မျက်နှာပေါ်တွင် တစ်ခုခုကို စဉ်းစားနေသည့် အမူအရာများ ပေါ်လာကြသည်။
"ကျိ..."
"ဒါရိုက်တာ ဆုပိုင်၊ ငါ တိုင်မယ်... အဖေဟက ဟိုတစ်နေ့က အိမ်ပေါ်က ဆင်းပြေးမယ်ဆိုပြီး ငါ့ကိုပါ အတင်းအဓမ္မ ခေါ်နေတာ။ ငါသာ အပြေးမမြန်ရင် လိုက်သွားမိတော့မှာ"
"ငါလည်း တိုင်မယ်၊ အဖေဟက ဟိုတစ်နေ့က စူပါမားကတ်ထဲက တွန်းလှည်းကို မြစ်ထဲ ပစ်ချလိုက်တာ"
"ဟုတ်တယ်၊ သူ မြစ်ထဲကိုလည်း ဆီးသွားသေးတယ်"
"..."
ဟဲဟဲ...
အာဟသည် တစ်ကောင်တစ်မျိုးစီ တိုင်တန်းနေကြသော တိရစ္ဆာန်များကို ကြည့်ကာ ဘဝကို စိတ်ကုန်သွားသကဲ့သို့ အားငယ်စွာ ပြုံးလိုက်မိသည်။ တကယ့်ကို တော်ကြတဲ့ကောင်တွေပဲ။ ငါက ဘယ်တုန်းက အဲ့ဒီလောက်တောင် အလုပ်တွေ အများကြီး လုပ်ခဲ့မိလို့လဲ။ ဘာလို့ ငါ့မှာ အမှတ်အသား တစ်ခုမှ မရှိရတာလဲ။ တကယ့်ကို ရက်စက်လွန်းတယ်၊ တိရစ္ဆာန်တစ်အုပ်လုံးက ငါ့ကို စောင့်ကြည့်နေကြပြီဆိုတော့ နောင်ကျရင် ငါ့မှာ သာယာတဲ့နေ့ရက်တွေ ရှိနိုင်ပါဦးမလား။
"ဂါး... ဂါး..."
ထိုစဉ် ခေါင်းပြားတကောသည် အာဟကို နှစ်ပတ်ခန့် ဝေ့ပတ်ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။ သူသည် ခြေသည်းဖြင့် ထိုကောင်၏ နဖူးကို အသာအယာ ပုတ်လိုက်ရင်း
"အသားတွေ တောင့်နေတာ ကြာပြီ၊ ဒီနေ့တော့ မင်းနဲ့ အတူတူ ကောင်းကောင်းလေး ဆော့ကြတာပေါ့"
551 03
"အား... အား... ငါ မှားပါပြီ၊ ဟီး... ဟီး... ဘယ်သူရှိလဲ၊ ငါ့ကို ကယ်ကြပါဦး"
"ခေါင်းဖြူ... မဟုတ်ပါဘူး၊ ခေါင်းပြားတကောကိုကြီး၊ ခေါင်းပြားတကောဘုရင်ကြီး၊ ကောင်းကောင်းမွန်မွန် ပြောကြရအောင်လေ၊ အဲ့ဒီနေရာကိုတော့ မကိုက်ပါနဲ့၊ တကယ် မကိုက်ပါနဲ့..."
"အား... နာလိုက်တာ"
ဆုပိုင်သည် နောက်ကွယ်မှ ထွက်ပေါ်လာသော နာကျင်စွာ အော်ဟစ်သံများကို ကြားရသည့်အခါ နှာခေါင်းရှုံ့လိုက်ပြီး ရုံးခန်းအတွင်းသို့ တိုက်ရိုက်ဝင်သွားတော့သည်။ ဤအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ပေ။ အခုမှ အာဟ တစ်ကောင်တည်း ရှိသေးတာ၊ ဤကောင်၏ စရိုက်က အစားစားရင် မှတ်မိပြီး အရိုက်ခံရရင် မေ့တတ်သည့် အမျိုး ဖြစ်နေသည်။ သို့သော် သဘာဝလောကကြီးထဲတွင် အာဟနှင့် စရိုက်တူသော တိရစ္ဆာန်များစွာ ရှိနေသေးသည် မဟုတ်ပါလား။ နောင်ကျရင် အဲ့ဒီအကောင်တွေသာ စုမိသွားရင်... ငါ့ရဲ့နေ့ရက်တွေက ဘယ်လို ဖြစ်လာမလဲ။ ဤသို့ တွေးမိသည်နှင့် ဆုပိုင်သည် နားထင်ကို ပွတ်သပ်ရင်း ခေါင်းကိုက်သွားရသည်။
ယခုအချိန်အထိ အလက်စကာလေးများမှာ ဟာလီ၏ ဆုံးမမှုကြောင့် တော်တော်လေး လိမ္မာကြသေးသည်။ အယ်ဖာဂါများမှာလည်း ဆင်ကြီးများ၏ ဖိနှိပ်မှုကြောင့် အစွမ်းမပြနိုင်ကြပေ။ ကျန်ရှိသော တိရစ္ဆာန်များမှာလည်း အာဟကဲ့သို့ မဟုတ်ကြပေ။ သို့သော်... ဆုပိုင် သိထားရသလောက်ဆိုလျှင် အာဟအပြင် သဘာဝတောထဲမှာ စိတ်မချရတဲ့ တိရစ္ဆာန်တွေ အများကြီး ကျန်ပါသေးသည်။
ငှက်လောကရဲ့ အာဟလို့ တင်စားခေါ်ကြတဲ့ ဝေလငှက်ခေါင်းတပ် ဗျိုင်း (ရှူးဘေးလ်)... နှင်းလျှောစီးခွေး သုံးမျိုးထဲက ဆာမိုယက်လည်း မထွက်လာသေးဘူး။ ဒီကောင်တွေ အကုန်လုံးသာ စုမိသွားရင်တော့... ဆုပိုင် တွေးကြည့်ရုံနှင့်ပင် ခေါင်းကိုက်လာရသည်။ တကယ်လို့ နောင်ကျရင် ဒီလို တိရစ္ဆာန်တွေ များလာရင်တော့ ၎င်းတို့ကို သီးသန့်ဇုန်တစ်ခုမှာ ထားမှ ဖြစ်မယ်ဟု သူ ဆုံးဖြတ်လိုက်သည်။
"ဒုန်း..."
ရုံးခန်းတံခါးကို ပိတ်လိုက်သည်။ ဆုပိုင်သည် ထိုင်ခုံတွင် ထိုင်ကာ စနစ်မျက်နှာပြင်ကို အလျင်အစလို ဖွင့်လိုက်သည်။ လမ်းမှာကတည်းက သူ တိရစ္ဆာန်အပိုင်းအစ အရောင်းဆိုင်ကို တစ်ချက် ကြည့်ခဲ့သေးသည်။ ထိုအတွင်း၌ ထူးခြားသော တာဝန်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့ခဲ့သော်လည်း အလျင်လိုနေသဖြင့် သေချာ မကြည့်ခဲ့ရပေ။
တိရစ္ဆာန်အပိုင်းအစ အရောင်းဆိုင်
ငါးမန်းဖြူကြီးအပိုင်းအစ - အံ့အားသင့်မှု အမှတ် ၁၂ သိန်းဖြင့် လဲလှယ်နိုင်သည်။
ရေဘဝဲ အပိုင်းအစ- အံ့အားသင့်မှု အမှတ် ၇ သိန်းဖြင့် လဲလှယ်နိုင်သည်။
မိကျောင်း အပိုင်းအစ- အံ့အားသင့်မှု အမှတ် ၉ သိန်းဖြင့် လဲလှယ်နိုင်သည်။
ဝမ်းဘတ် အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၅ သိန်းဖြင့် လဲလှယ်နိုင်သည်။
သွေးစွန်းနေသော အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၃၀ သိန်းဖြင့် လဲလှယ်နိုင်သည်။ (အနည်းဆုံး တိရစ္ဆာန် သုံးမျိုး)
"သွေးစွန်းနေတဲ့ အပိုင်းအစ"
ဆုပိုင်သည် နားထင်ကို ပွတ်သပ်ရင်း ရှေ့မှ အပိုင်းအစကို ကြည့်ကာ စဉ်းစားနေမိသည်။ အနောက်မှ ရှင်းပြချက်အရဆိုလျှင် ဤသည်မှာ ကြီးမားလှသော တာဝန်တစ်ခု ဖြစ်ရပေမည်။ အကယ်၍ အောင်မြင်ခဲ့လျှင် အနည်းဆုံး တိရစ္ဆာန် သုံးမျိုးကို ပြန်လည်အသက်သွင်းနိုင်မည် ဖြစ်သည်။ သို့သော် ဤ "သွေးစွန်းနေသော အပိုင်းအစ" သည် မည်သည့် တိရစ္ဆာန်များ ဖြစ်လာမည်နည်း။
551 04
"ဟူး..."
"စနစ်... သွေးစွန်းနေတဲ့ အပိုင်းအစကို လဲလှယ်မယ်"
မည်သည့် တိရစ္ဆာန်ပဲ ဖြစ်ဖြစ်၊ အနည်းဆုံး သုံးမျိုးဆိုတော့ ယခုကဲ့သို့ အချိန်အလွန်အမင်း လိုအပ်နေသော ကာလတွင် အတော်လေး တန်ဖိုးရှိလှသည်။ တာဝန် မည်မျှပင် ခက်ခဲပါစေ၊ တိရစ္ဆာန် အများအပြားကို တစ်ခါတည်း ပြန်လည်အသက်သွင်းနိုင်မည်ဆိုလျှင် ထိုက်တန်လှပေသည်။
"စနစ်... တာဝန် စတင်မယ်"
"ဂုဏ်ယူပါတယ်၊ 'သွေးစွန်းနေသော အပိုင်းအစ' တာဝန် စတင်ပါပြီ"
"သတိပေးချက် - ဤတာဝန်သည် အလွန် ခက်ခဲလှသဖြင့် အိမ်ရှင်အနေဖြင့် သတိကြီးစွာ ထားရှိရန် လိုအပ်ပါသည်"
"စနစ် ရေတွက်ခြင်း စတင်ပါပြီ"
"၁၀၊ ၉၊ ၈..."
သွေးနီရောင် အလင်းတန်းတစ်ခုနှင့်အတူ ဆုပိုင်သည် တိရစ္ဆာန်ရုံသို့ ပြန်ရောက်ပြီးနောက် ခဏမျှပင် မနားဘဲ တာဝန်နယ်မြေအတွင်းသို့ ထပ်မံ ဝင်ရောက်သွားတော့သည်။
...
++++++
552 01
အခန်း 552
ချင်တုမြို့။
"ဝုန်း... ဝုန်း... ဝုန်း"
လေယာဉ်အင်ဂျင်သံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နိုင်ငံတကာ လေယာဉ်ကြီး တစ်စင်း ဆိုက်ကပ်လိုက်သည်။ လူငယ်တစ်ဦးသည် အစိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ကို မတ်မတ်ထားလျက် လူအုပ်ကြီးနှင့်အတူ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
"အား..."
"နောက်ဆုံးတော့ ပြန်ရောက်ပြီပဲ"
ချင်တုမြို့၏ ရင်းနှီးလှသော အနံ့အသက်များကို ရှူရှိုက်ရင်း ရုံလီသည် သူ၏ ကတုံးခေါင်းကြီးကို ပွတ်သပ်ကာ သက်ပြင်းချလိုက်မိသည်။ ငါးနှစ်တောင် ရှိသွားခဲ့ပြီ။ ထိုနေရာတွင် ငါးနှစ်တိုင်တိုင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် တာဝန်ပြီးဆုံး၍ ပြန်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ဤရင်းနှီးလှသော မြေပေါ်သို့ တစ်ဖန်ပြန်လည်ခြေချရသည့်အတွက် သူ မည်မျှ စိတ်လှုပ်ရှားနေသနည်းဆိုသည်မှာ ပြောပြရန်ပင် လိုမည်မထင်ပေ။
"လီကိုကြီး"
လေဆိပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အနောက်တိုင်းဝတ်စုံများ ဝတ်ဆင်ထားသော လူငယ်အချို့ အလျင်အစလို ပြေးဝင်လာကြသည်။ သူတို့သည် သူ့ကို ဖက်လဲတကင်း နှုတ်ဆက်ကြပြီး ရင်ဘတ်ကို လက်သီးဖြင့် အသာအယာ ထိုးလျက် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
"မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ"
"ငါတို့ မင်းကို တကယ် လွမ်းနေတာကွ"
"ကဲ... တော်ပြီ၊ ငါ အမြန် ပြန်ရဦးမယ်၊ နောက်မှပဲ ဆုံကြတာပေါ့"
ပြောပြောဆိုဆိုဖြင့် သူသည် ကျောပိုးအိတ်ကို ကားနောက်ခန်းထဲသို့ ထည့်လိုက်ပြီး ကိုယ်ကို ကိုင်းကာ အထဲသို့ ဝင်ထိုင်လိုက်သည်။
"ဒီငါးနှစ်အတွင်းမှာ ငါတို့ဆီမှာ ထူးထူးခြားခြား ဘာတွေ ဖြစ်ခဲ့သေးလဲ”
ရုံလီသည် ကားထဲတွင် ထိုင်ရင်း ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းများကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"ရှိတာပေါ့"
"မနှစ်ကစပြီး ငါတို့ တရုတ်ပြည်မှာ အကြီးအကျယ်တွေ ဖြစ်ခဲ့တာ"
ရှေ့ခန်းမှ ဝဖြိုးသော လူငယ်တစ်ဦးက လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောပြလာသည်။
"မင်း မသိဘူး မဟုတ်လား၊ အခု ငါတို့ တရုတ်ပြည်က အရင်နဲ့ လုံးဝ မတူတော့ဘူး။ တိရစ္ဆာန်တွေ ပြန်လည်အသက်ဝင်လာပြီးကတည်းက ပတ်ဝန်းကျင်က နိုင်ငံတွေ အများကြီးက ငါတို့နဲ့ စာချုပ်တွေ ချုပ်ဆိုနေကြတာ"
"ဒါတင်မကဘူး၊ အခု လူတွေ ပါးစပ်ဖျားမှာ ပြောနေကြတာက တိရစ္ဆာန်တွေအကြောင်းချည်းပဲ"
"တိရစ္ဆာန်တွေအတွက်ဆိုပြီး ဆီမဟာမိတ်ကိုတောင် တိုက်ခိုက်ခဲ့သေးတာလေ"
"ဘယ်လောက်တောင် တော်သလဲဆိုတာ... မင်းသာ အဲဒီမြင်ကွင်းကို မြင်ဖူးရင် သိမှာ။ ထရန်နိုဆောရက်ရပ်စ်ကြီးက အဲ့ဒီမှာ ရပ်နေတာတင် လူတွေက ကြောက်လို့ သေမတတ် ဖြစ်ကုန်တာ"
"အဲဒီကောင်ကြီးက တကယ်ကို ကြမ်းတာ၊ ငါ မင်းကို မလိမ်ပါဘူး။ အကြီးစား လက်နက်တွေသာ မရှိရင် လူ ရာနဲ့ချီလည်း အဲဒီကောင်ကြီးကို မယှဉ်နိုင်ဘူး။ တောက်... အဲဒီ ထရန်နိုဆောရက်ရပ်စ်ကြီးသာ ငါ့စကား နားထောင်ရင်တော့ မြို့ထဲမှာ ငါ့ကို ဘယ်သူမှ ယှဉ်ရဲမှာ မဟုတ်ဘူး"
552 02
ရုံလီသည် ထိုလူငယ်လေး ပြောပြနေသည်များကို နားထောင်ရင်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။ ဤငါးနှစ်အတွင်းမှာ သူသည် ပြင်ပလောကနှင့် လုံးဝအဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။ သတင်းအချက်အလက်များမှာ လုံးဝပိတ်ဆို့ခံထားရသည်။ တရုတ်ပြည်တွင် ဤမျှကြီးမားသော အပြောင်းအလဲများ ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ မတွေးခဲ့မိပေ။ ပြီးတော့... လူ ရာနဲ့ချီလည်း မယှဉ်နိုင်တဲ့ကောင် ဟုတ်လား။
"မဖြစ်နိုင်တာ၊ အဘိုးက အရင်တုန်းက ပြောခဲ့ဖူးတယ်လေ၊ ငါတို့ တရုတ်ပြည်က ဆီမဟာမိတ်တွေလိုမျိုး ထူးဆန်းတဲ့ သတ္တဝါတွေကို ဖန်တီးမှာ မဟုတ်ဘူးလို့။ အခု အဲဒီစကားကို ပြန်ရုပ်သိမ်းလိုက်ပြီလား"
"မတူဘူး"
ကားမောင်းနေသော သန်မာသော အမျိုးသားက မှန်ထဲမှတစ်ဆင့် ကြည့်ကာ ပြုံးလျက် ဝင်ပြောလိုက်သည်။
"ဒီကိစ္စက မနှစ်ကတည်းက စတာ။ အဲဒီအချိန်မှာ ချင်တုက တိရစ္ဆာန်ရုံ တစ်ခုကနေ တိရစ္ဆာန်တွေကို အရင်ဆုံး ပြန်လည်အသက်သွင်းနိုင်ခဲ့တာ။ လီကိုကြီး... မင်း ဒီတိရစ္ဆာန်တွေကို အထင်မသေးနဲ့ဦး"
"အမှန်အတိုင်း ပြောရရင် တိရစ္ဆာန်တွေက ဒီလောက်အထိ တော်လိမ့်မယ်လို့ ငါတို့လည်း မထင်ထားခဲ့ဘူး"
"အဲဒီအချိန်ကစပြီး ငါတို့ရဲ့ အဘိုးတွေက တိရစ္ဆာန်ကာကွယ်ရေးကို အစွမ်းကုန် ထောက်ခံပေးခဲ့ကြတာလေ..."
"လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ဒါရိုက်တာဆုပိုင်က တိရစ္ဆာန်တွေကို ခေါ်ပြီး ကျောက်မီးသွေးတွင်းထဲက လူတွေကို သွားကယ်ခဲ့သေးတာ။ တကယ်လို့ တိရစ္ဆာန်တွေသာ မရှိရင် အဲဒီ အလုပ်သမားတွေ သေချာပေါက် သေကုန်မှာပဲ"
ရုံလီသည် သူငယ်ချင်းနှစ်ဦး၏ ရှင်းပြချက်များကို နားထောင်ရင်း ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ပိုစိတ်ဝင်စားလာခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ဖမ်းဆီးပေးခြင်း၊ ရောဂါများကို ကုသပေးခြင်း... နိုင်ငံရပ်ခြားအထိ သွားရောက်ကာ ဆီမဟာမိတ်ကို နှိမ်နင်းပေးခြင်း... ရေနံတူးဖော်ရာတွင် ကူညီပေးခြင်း... ဒါတွေက... တကယ့်ကို ကယ်တင်ရှင်ကြီး တစ်ယောက်လိုပါပဲလား။
ကားသည် လုံခြုံရေး တင်းကျပ်လှသော ခြံကြီးတစ်ခုအတွင်းသို့ မောင်းနှင်ဝင်ရောက်သွားသည်။ ရုံလီသည် ကျောပိုးအိတ်ကို လွယ်ကာ အတွင်းသို့ ဝင်လာခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ထမင်းစားပွဲတွင် ထိုင်နေသော ဆံပင်ဖြူဖြူနှင့် အဖိုးအိုကို မြင်လိုက်ရသည်။ ရုံလီသည် ကျောပိုးအိတ်ကို ဘေးတွင် ချလိုက်ပြီးနောက်"ဒုတ်." ခနဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"အဘိုး... ကျွန်တော် ပြန်ရောက်ပါပြီ"
"လာ... ထမင်းစားကြစို့"
ရုံလုံက သူ့ကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် ထခိုင်းလိုက်သည်။ ထမင်းစားပွဲတွင် ထိုင်နေစဉ်အတွင်း ရုံလုံသည် သူ၏ မြေးဖြစ်သူကို အဆက်မပြတ် အကဲခတ်ကြည့်ရင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
"ငါးနှစ်အတွင်းမှာ မင်း တော်တော်လေး သန်မာလာပြီပဲ။ ဒီတစ်ခါ ပြန်လာတော့ ဘယ်ဌာနမှာ အလုပ်လုပ်ချင်သလဲ"
"ဒါပေမဲ့ ငါ အရင် ကြိုပြောထားမယ်နော်၊ ဘယ်ဌာနမှာပဲ လုပ်လုပ် အောက်ခြေကနေပဲ စတင်ရမယ်၊ ကိုယ့်ရဲ့ အဆင့်အတန်းကို ထုတ်မပြောရဘူး၊ အားလုံးကို ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ လုပ်ရမယ်"
"ကျွန်တော်..."
"တိရစ္ဆာန်ကာကွယ်ရေး ဌာနကို ဝင်ပါ့မယ်"
552 03
ရုံလီသည် လမ်းမှာကတည်းက တိရစ္ဆာန်များ၏ စွမ်းဆောင်ရည်များကို ကြားသိခဲ့ရပြီး ဖြစ်သဖြင့် တိရစ္ဆာန်ကာကွယ်ရေး ဌာနသို့ ဝင်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ ထိုသို့လုပ်မှသာ ရာဇဝတ်ကောင်များနှင့် အမြဲတမ်း တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။ တခြားသူတွေလို နေ့တိုင်း ရုံးတက်ပြီး သတင်းစာဖတ်ရမည့် အလုပ်မျိုးကိုမူ သူ ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်ပေ။
"ကောင်းပြီ"
ရုံလုံသည် လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို မနက်ဖြန်ကျရင် နန်ကုန်းယွမ်ဆီမှာ သွားပြီး အစီရင်ခံလိုက်"
"အဘိုး... ကျွန်တော် ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာပဲ နေချင်ပါတယ်"
ရုံလုံသည် သူ့ကို တစ်ချက် မော့ကြည့်လိုက်သည်။
"ကောင်းပြီလေ"
အတန်ကြာပြီးနောက်တွင်မူ ရုံလုံက တည်ကြည်လှသော လေသံဖြင့် သဘောတူလိုက်တော့သည်။
******