← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း 556 လိုင်းမကောင်းဘူး (၁/၂)

"ငါ့ကို မသတ်ပါနဲ့..."

"ဒီမှာ သေနတ်သံသာ ထွက်လာရင် စခန်းထဲက လူတွေအကုန် ကြားသွားလိမ့်မယ်"

"ခင်ဗျား..."

အစောင့်သည် ပါးစပ်အတွင်းမှ တံတွေးကို ခက်ခဲစွာ မြိုချလိုက်ရင်း တုန်ရီနေသော အသံဖြင့် ဆက်ပြောလိုက်သည်။

"ခင်ဗျား ဘာလိုချင်လဲ ပြောပါ၊ ငါ အကုန် ဖြည့်ဆည်းပေးပါ့မယ်"

"ငါ့မှာ ပိုက်ဆံ ရှိတယ်..."

"ပါးစပ်ပိတ်စမ်း"

ဆုပိုင်က ဟောက်လိုက်ပြီးနောက် ထိုအစောင့်ကို အနောက်သို့ တွန်းပို့လိုက်သည်။ သူ၏မျက်လုံးများမှာ ပတ်ဝန်းကျင် အခြေအနေကို မနားတမ်း အကဲခတ်နေမိသည်။ အဝေးဆီတွင် မှိန်ဖျော့ဖျော့ မီးရောင်လေးများ လင်းထိန်နေသော ဧရာမ စခန်းကြီးတစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။ ထိုစခန်း၏ တံခါးဝရော၊ အဆောက်အအုံများပါ အားလုံးကို သစ်သားများဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။

"ဟူး..."

"စခန်းထဲမှာ လူဘယ်နှစ်ယောက် ရှိလဲ”

"တိရစ္ဆာန်တွေကို ဘယ်မှာ ပိတ်ထားတာလဲ”

ဆုပိုင်သည် ထိုအစောင့်ကို ဆွဲခေါ်ကာ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းအောင်းရင်း အသံကို နှိမ့်၍ မေးမြန်းလိုက်သည်။

"လူ ၆၀၀ ကျော် ရှိပါတယ်... တိရစ္ဆာန်တွေ... တိရစ္ဆာန်တွေကတော့ အကုန် သတ်ဖြတ်ပြီးပါပြီ၊ အသက်ရှင်နေတဲ့ အကောင် တစ်ကောင်မှ မရှိတော့ပါဘူး"

"ဂျွတ်..."

ဆုပိုင်သည် ထိုအစောင့်၏လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် လှည့်ချိုးပစ်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။ သူသည် အော်တိုမက်တစ် ရိုင်ဖယ်၏မောင်းခလုတ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူသည် နှုတ်ခမ်းကို သပ်လိုက်ရင်း အဝေးမှ စခန်းရှိရာသို့ တစ်လှမ်းချင်း ခိုးကြောင်ခိုးဝှက် တိုးဝင်သွားခဲ့သည်။ လက်ရှိတွင် စခန်းအတွင်း၌ ကင်းလှည့်နေသူ အနည်းငယ်မှလွဲ၍ လူအများစုမှာ အိပ်မောကျနေကြပြီ ဖြစ်သည်။

သို့သော်... ဆုပိုင် ယခုအခါ အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။ တိရစ္ဆာန်အားလုံး အသတ်ခံလိုက်ရပြီ ဆိုပါက... စနစ်၏ တာဝန်ကို သူ မည်သို့ ပြီးဆုံးအောင် လုပ်ရမည်နည်း။ အနည်းဆုံး တိရစ္ဆာန် သုံးမျိုးကို ပြန်လည်အသက်သွင်းရမည် ဖြစ်သည်ကို သူ မေ့မထားပေ။ လက်ရှိတွင် အာဖရိကဆင်နှင့် ကြံ့တို့ကို သူ သိထားပြီး ဖြစ်သော်လည်း၊ တတိယမြောက် တိရစ္ဆာန်မှာ အဘယ်အရာ ဖြစ်သနည်း။

556 02

"အရင်ဆုံး အထဲဝင်ကြည့်ရမှာပဲ"

သူသည် တိုးတိုးလေး ရေရွတ်လိုက်ရင်း စခန်းတံခါးဝ အနီးသို့ ဖြည်းဖြည်းချင်း ကုတ်ကပ် တိုးဝင်သွားခဲ့သည်။ စိုထိုင်းနေသော မြက်ခင်းပြင်ပေါ်တွင် ဝပ်စင်းလျက် ရှေ့သို့ တစ်လှမ်းချင်း တွားသွားနေမိသည်။

"ဟူး..."

သူသည် အသက်ကို ခပ်မှန်မှန် ရှူရင်း တံခါးဝတွင် ကင်းစောင့်နေသော အစောင့်များကို လှုပ်ရှားမှုမရှိဘဲ စောင့်ကြည့်နေသည်။ သူသည် ပတ်ဝန်းကျင် တစ်ခုလုံးကို စစ်ဆေးပြီးပြီ ဖြစ်သည်။ သစ်သားများဖြင့် ကာရံထားသော စခန်းတံတိုင်း၏ အပေါ်ဘက်တွင် ချွန်ထက်လှသော သစ်သားဆူးများ တပ်ဆင်ထားသဖြင့် ကျော်တက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ နည်းလမ်းတစ်ခုသာ ရှိတော့သည်။ အဓိက တံခါးဝမှနေ၍ တိတ်တဆိတ် ဝင်ရောက်ရန်ပင် ဖြစ်သည်။

"ဗိုလ်ချုပ်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

"တောက်... ညသန်းခေါင်တောင် ကျော်နေပြီလေ"

အစောင့်တစ်ဦးသည် ခေါင်းငုံ့ကာ သူ၏ လက်သည်းများကို ဆိတ်နေရင်း ဘေးမှ သစ်တိုင်ကို ပျင်းရိစွာ မှီထားသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဗိုလ်ချုပ်က အဲဒီလူတွေကို ခေါ်ပြီး မြို့ထဲမှာ သွားပျော်ပါးနေတာများလား"

"တောက်... သိရင် ငါလည်း လိုက်သွားမှာပေါ့"

"မိန်းမနဲ့ မတွေ့ရတာ နှစ်လတောင် ရှိပြီ၊ ဘေးခန်းကလူကတောင် ပြောနေတယ်၊ ငါ သူ့ကို ကြည့်တဲ့ မျက်လုံးတွေက စိမ်းနေပြီတဲ့"

"ဟားဟားဟား... ငါပြောမယ်၊ မင်း တကယ် မရတော့ရင် ဘေးခန်းက သူငယ်ချင်းကိုပဲ တစ်ခုခု လုပ်လိုက်တော့လေ"

"ဟုတ်ပါရဲ့၊ ဗိုလ်ချုပ်က မြို့ထဲကို ဘယ်သွားမလဲ၊ စခန်းထဲမှာတင် ဗိုလ်ချုပ်ရဲ့မိန်းမ ရှိနေတာပဲလေ"

"ဟဲဟဲ... ဗိုလ်ချုပ်ရဲ့ မိန်းမကတော့ တကယ့်ကို ဖြူစင်တာ"

စကားပြောရင်းနှင့်ပင် လူအုပ်စုမှာ ယောက်ျားချင်း နားလည်သော အပြုံးများ ပြုံးလိုက်ကြပြီး ရူးကြောင်ကြောင်အသံများ ထွက်ပေါ်လာတော့သည်။ ထိုလူများနှင့် မီတာအနည်းငယ်သာ ဝေးသော မြက်တောထဲတွင်မူ မျက်လုံးတစ်စုံမှာ ၎င်းတို့ကို သေချာစွာ စိုက်ကြည့်နေသည်ကို မည်သူမျှ မသိရှိကြပေ။

"မရတော့ဘူး၊ ငါ ဆီးသွားလိုက်ဦးမယ်၊ မင်းတို့ သေချာ စောင့်ကြည့်ထားကြ"

ပထမဆုံး အစောင့်သည် ဘောင်းဘီကို ပွတ်သပ်ရင်း သေနတ်ကို လွယ်ကာ အဝေးမှ တောအုပ်အတွင်းသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

"ရှူး..."

သူသည် သေနတ်ကို သစ်ပင်နောက်တွင် မှီထားလိုက်ပြီး မိမိ စိတ်တိုင်းကျမည့် နေရာတစ်ခုကို ရှာဖွေလိုက်သည်။

"တောက်... ဗိုလ်ချုပ်မှာကျတော့ မိန်းမရှိတယ်၊ အသက်နဲ့လဲပြီး တိုက်ရတာကျတော့ ငါတို့ ဖြစ်နေတယ်"

"မတရားလိုက်တာ၊ ငါသာ တစ်နေ့ကျရင် ဗိုလ်ချုပ် ဖြစ်လာရင် ကောင်းမှာပဲ"

"မိန်းမတွေ အများကြီးနဲ့..."

သူသည် အားရပါးရ ဆီးသွားပြီးနောက် ဘောင်းဘီကို ပြန်ဝတ်လိုက်သည်။ ထို့နောက်မှ သူ၏ သေနတ်ကို လှမ်းအာရုံစိုက်လိုက်သည်။

"ဟင်…"

"ဒီနားမှာပဲ ထားခဲ့တာ မဟုတ်လား"

556 03

သူသည် ထူးဆန်းသော မျက်နှာထားဖြင့် ရေရွတ်လိုက်ရင်း ရှေ့သို့ လက်ဖြင့် ထပ်မံစမ်းကြည့်လိုက်သည်။

"အား..."

ရုတ်တရက် လူ၏ခြေထောက်တစ်ဖက်ကို စမ်းမိလိုက်သဖြင့် သူ လန့်သွားရသည်။

"တောက်... ဘယ်က အသုံးမကျတဲ့ကောင်လဲ။ ငါ့ကို လာလန့်အောင် လုပ်တယ်... သရဲလိုပဲ၊ အသံတစ်ချက်တောင် မထွက်ဘူးလား"

သူက ကျိန်ဆဲလိုက်သည်။

"ရွှတ်..."

သို့သော် ရှေ့မှ လူရိပ်မှာ မည်သည့်အသံမျှ ပြန်မပြောဘဲ၊ စူးရှလှသော ငွေရောင် အလင်းတန်းတစ်ခုသာ ဖြတ်ခနဲ လက်သွားတော့သည်။

"ဟ... ဟ... ဟ"

ထိုအစောင့်သည် လည်ပင်းကို ဖိကာ အသံကုန် အော်ဟစ်ရန် ကြိုးစားသော်လည်း မရတော့ပေ။ သွေးများမှာ ဒလဟော စီးကျလာတော့သည်။ ဆုပိုင်သည် သူ၏အလောင်းကို မကာ မြေပြင်ပေါ်တွင် သေသေချာချာ ချထားလိုက်ပြီး သေနတ်ကို သိမ်းလိုက်သည်။ ထို့နောက် သူသည် မိမိကိုယ်ကို ငုံ့ကြည့်လိုက်ပြီးနောက် အလောင်းကို သစ်ပင်နောက်သို့ ဆွဲခေါ်သွားတော့သည်။

အတန်ကြာပြီးနောက်တွင်မူ...

ဆုပိုင်သည် ထိုအစောင့်၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီး၊ သေနတ်ကို ဘေးတွင် မှီထားလျက် စောစောက ထိုအမျိုးသား ရပ်နေခဲ့သည့် နေရာတွင် ပြန်လည် နေရာယူလိုက်သည်။

"ဘုရားရေ... ဒါရိုက်တာ ဆုပိုင်ကတော့ ငါးမျှားတော့မှာပဲ။ ဟိုလူတွေ အယုံမိပါ့မလား မသိဘူးနော်"

"ပြောစရာ လိုသေးလို့လား၊ သေချာပေါက် အယုံမိမှာပေါ့။ အစောင့်တွေထဲက တစ်ယောက်က အကြာကြီး ပြန်မလာရင် ကျန်တဲ့သူတွေက လာကြည့်ကြမှာ သေချာတယ်လေ"

"ကြည့်ရတာ ရင်တုန်လိုက်တာ၊ လူပေါင်း ၆၀၀ တောင် ရှိတာနော်။ ဆုပိုင်က အထဲကို တိတ်တဆိတ် ဝင်ဖို့ ကြိုးစားနေတာပဲ။ တကယ်လို့ အဖမ်းခံရရင်တော့ အသက်ရှင်ဖို့ လမ်းစ မရှိတော့ဘူး"

"ဟုတ်တယ်၊ ဒါပေမဲ့ ဒီလူတွေက တကယ် သေသင့်တာ။ တိရစ္ဆာန်တွေ အကုန်လုံးကို သတ်ပစ်ကြတယ်လား"

"လာပြီ... လူရိပ်တစ်ခု လာနေပြီ"

"အား... ဆုပိုင် သတိထားဦးနော်"

တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်အားလုံးမှာ ယခုအခါ အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ရှိနေကြသည်။ မြင်ကွင်းမှာ အလွန် စစ်မှန်လွန်းလှသဖြင့် လူတိုင်းမှာ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ ခံစားနေကြရခြင်း ဖြစ်သည်။ တစ်လှမ်းချင်း တိုးလာသော ခြေသံများကို နားထောင်ရင်း လူတိုင်းမှာ လက်သီးကို တင်းတင်းဆုပ်ထားကြသည်။

...++++++

557 01

အခန်း 557

"ဟူး..."

"မရတော့ဘူး၊ ငါ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သေချာပေါက် သွားမှ ဖြစ်မယ်"

ရုံလီသည် ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း မျက်လုံးများမှာ ပြူးကျယ်နေပြီး ဆုပိုင်၏ နောက်သို့ တိုးလာသော လူရိပ်ကို စိုက်ကြည့်နေမိသည်။ ရိပ်မိသွားတာလား။ ထိုလူရိပ်သည် လက်ထဲမှ သေနတ်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်ကို မြင်ရသည့်အခါ ရုံလီ၏ ဦးနှောက်အတွင်း ထိုအတွေး ဖြတ်ပြေးသွားသည်။ တကယ်လို့များ အသိခံလိုက်ရရင်...

ရုံလီ မိမိကိုယ်ကိုယ် အစားထိုး စဉ်းစားကြည့်လိုက်သည်။ တကယ်လို့ သူသာဆိုရင်တော့ သင်္ဘောနဲ့ ပြန်ပြေးဖို့ကလွဲလို့ အခြားလမ်း မရှိပေ။ သို့သော်...

"ဒီဒါရိုက်တာ ဆုပိုင်ကတော့ တကယ့်ကို တည်ငြိမ်လွန်းတယ်"

သူသည် ရေရွတ်လိုက်ရင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"တောက်..."

ရုတ်တရက် ရုံလီမှာ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်စရာ ကောင်းလှသည့် အမူအရာများ ပေါ်လာသည်။ ဤဒါရိုက်တာ ဆုပိုင်မှာ မျက်စိတစ်မှိတ်အတွင်း ထိုလူရိပ်၏ အနောက်သို့ ရောက်ရှိသွားပြီး နောက်ထပ် အေးစက်လှသော ဓားအလင်းတန်းတစ်ခု ထပ်မံလက်သွားပြန်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါ လူသားတစ်ယောက်မှာ ရှိနိုင်တဲ့ အရှိန် မဟုတ်ဘူး"

ရုံလီသည် နှုတ်ခမ်းကို သပ်လိုက်ရင်း သူ့ကိုယ်ကိုယ်ပင် သံသယ ဝင်လာတော့သည်။ တိုက်ရိုက်လွင့်တင်မှုအတွင်းမှာပင် လူရိပ်မှာ ဝေဝေဝါးဝါး ဖြစ်သွားသည်အထိ မြန်ဆန်လွန်းလှသည် မဟုတ်ပါလား။

"ဒါ သေချာပေါက် အထူးပြုလုပ်ချက်တွေ ဖြစ်ရမယ်"

သို့သော် ဤအထူးပြုလုပ်ချက်မှာ အလွန်စစ်မှန်လွန်းလှသဖြင့် မည်သည့် ဟာကွက်မျှ ရှာမတွေ့နိုင်ပေ။

"ကျွိ..."

ထိုစဉ် အခန်းတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။

"အဘိုး"

ရုံလီသည် အလျင်အစလို ထရပ်လိုက်သည်။

"ထိုင်ပါ၊ မင်းလည်း ဆုပိုင်ရဲ့ တိုက်ရိုက်လွင့်တင်မှုကို ကြည့်နေတာလား"

ရုံလုံသည် ပြုံးလျက် ဝင်လာပြီး ထိုင်ခုံတစ်ခုကို ဆွဲကာ ထိုင်လိုက်သည်။ သူသည် ဖန်သားပြင်ပေါ်မှ ဆုပိုင်ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ငါ နန်ကုန်းယွမ်ကို အကြောင်းကြားပြီးပြီ။ မင်း မနက်ဖြန်ကျရင် ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သွားပြီး အစီရင်ခံလို့ ရပြီ။ ဒါပေမဲ့... သတိထားရမယ့် အချက်အချို့ ရှိတယ်"

"ပထမအချက် တိရစ္ဆာန်ရုံက ဝန်ထမ်းတွေနဲ့ ဘယ်လို ပဋိပက္ခမျိုးမှ မဖြစ်စေရဘူး။ တကယ်လို့ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်တာမျိုး တွေ့ရင်တော့ မင်းရဲ့ တိရစ္ဆာန်ကာကွယ်ရေး အရာရှိ အဆင့်အတန်းကို ချက်ချင်း ရုပ်သိမ်းမယ်။ ဒါကို အထူး သတိထားပါ။ ပြီးတော့ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် တိရစ္ဆာန်ရုံထဲက လောင်ကျိုးနဲ့ ကျိုးဝမ်ကို မင်း ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဒုတိယအချက် အကြောင်းမဲ့ တိရစ္ဆာန်တွေကို နာကျင်အောင် မလုပ်ရဘူး။ ဒါက လုံးဝ ခွင့်မပြုတဲ့အချက်ပဲ။ တိရစ္ဆာန် တစ်ကောင်ချင်းစီက အရမ်း တန်ဖိုးရှိတာ။ မင်းသာ ဒါကို ချိုးဖောက်ရင်တော့ တရုတ်ပြည်ကနေ မင်းဘာသာမင်း ထွက်သွားတော့။ ဘယ်လို အချိန်မျိုးမှာမဆို ဒီတိရစ္ဆာန်တွေကို မင်းက အရင်ဆုံး ကာကွယ်ပေးရမယ်"

557 02

"တတိယအချက် ဒါရိုက်တာဆုပိုင်က တကယ့်ကို လျှို့ဝှက်ဆန်းကြပ်တဲ့သူပဲ။ သူ့ရဲ့လျှို့ဝှက်ချက်တွေကို စပ်စုဖို့ မကြိုးစားနဲ့။ ဒါကလည်း အရေးကြီးတဲ့ အချက်ပဲ။ သူ့ရဲ့နောက်ကွယ်က အဖွဲ့အစည်း ဖြစ်ဖြစ်၊ တိုက်ရိုက်လွင့်တင်မှု မြင်ကွင်းတွေရဲ့ စစ်မှန်မှု ဖြစ်ဖြစ်၊ ဘယ်အရာကိုမှ စုံစမ်းစစ်ဆေးခွင့် မရှိဘူး"

ရုံလုံ စကားဆုံးသွားသည့်အခါ သူ၏မြေးဖြစ်သူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

"ကျွန်တော် နားလည်ပါပြီ"

ရုံလီသည် သူ၏ အဘိုး ဤမျှအထိ လေးနက်သော မျက်နှာထားမျိုး ရှိနေသည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ အရင်တုန်းက ပြည်တွင်းမှာ ဘယ်လောက်ကြီးမားတဲ့ ကိစ္စတွေပဲ ဖြစ်ဖြစ် အခုလိုမျိုး မပြတ်သားခဲ့ဖူးပေ။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။ အဘိုးက ထိုသို့ ပြောနေမှတော့ ဤဒါရိုက်တာ ဆုပိုင်၏ အဆင့်အတန်းမှာ တရုတ်ပြည်၏ အထက်တန်းလွှာ အားလုံးထက်ပင် သာလွန်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

"နားလည်ရင် ပြီးတာပဲ"

ရုံလုံသည် ခေါင်းညိတ်လိုက်သည်။

"မင်းသာ တခြားဝန်ထမ်းတွေလိုမျိုး ဆုပိုင်ရဲ့ ယုံကြည်မှုကို ရအောင် ယူနိုင်ရင်တော့... နောင်ကျရင် တိရစ္ဆာန်တွေ များလာတာနဲ့အမျှ လူအင်အားတွေလည်း ပိုလိုလာမှာပဲ။ အဲဒီအခါ မင်းရဲ့ တာဝန်တွေကလည်း ပိုပြီး ကြီးမားလာလိမ့်မယ်"

"ဒီနေ့ ငါ့ကို ကတိပေးထားတဲ့ အချက်သုံးချက်ကို ဘယ်အချိန်ပဲဖြစ်ဖြစ် ရင်ထဲမှာ အမြဲ မှတ်ထားပါ"

ပြောရင်းနှင့် ရုံလုံသည် အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။

"တိရစ္ဆာန်တွေ တရုတ်ပြည်မှာ ပြန်လည်အသက်ဝင်လာပြီးကတည်းက နိုင်ငံအတော်များများက ငါတို့နဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပေမဲ့... အဲဒီထဲက လူအတော်များများက မတတ်သာလို့သာ လုပ်ကြတာပါ။ တိရစ္ဆာန်တွေကို တကယ် ချစ်လို့ ကာကွယ်ချင်ကြတာ မဟုတ်ဘူး"

"ဒါကြောင့် နောင်ကျရင် အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ၊ မင်း အပါအဝင် လူအားလုံးက ဒါရိုက်တာ ဆုပိုင်ရဲ့ အနောက်မှာ မယိမ်းမယိုင် ရပ်တည်ပေးရမယ်"

သူသည် တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ ပြောဆိုပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။ ရုံလီသည် ဖန်သားပြင်ပေါ်မှ ဆုပိုင်၏ ပုံရိပ်ကို ကြည့်ရင်း ပိုမိုစပ်စုချင်လာတော့သည်။ ဤလူသည် အဘယ်ကဲ့သို့သော လူမျိုး ဖြစ်နေသနည်း။ တရုတ်ပြည် အစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးကို ရန်မူပြီးတော့တောင် ဤလူကို အကာအကွယ် ပေးထားရသည်လား။ ဒါတင်မကဘဲ ထိုတိရစ္ဆာန်တွေက လူသားတွေအတွက် တကယ်ပဲ အဲ့ဒီလောက်အထိ အရေးပါနေလို့လား။

...

557 03

"ဒိုင်း..."

" ဒိုင်း..."

" ဒိုင်း..."

တံခါးဝရှိ လူရိပ် သုံးခုလုံးကို လဲကျသွားစေပြီးနောက်၊ ဆုပိုင်သည် အလောင်း သုံးခုလုံးကို ဘေးရှိ တောအုပ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူသည် ကိုယ်ကို မတ်မတ်ထားလျက် စခန်းအတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လာခဲ့သည်။ ယခုအခါ စခန်းအတွင်း၌ အခန်းအနည်းငယ်တွင်သာ မီးလင်းနေပြီး ကျန်ရှိသော နေရာများမှာ မှောင်မည်းနေတော့သည်။

ဆုပိုင်သည် လှေကားအတိုင်း ဒုတိယထပ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။ သူသည် အခန်းတံခါးတစ်ခု၏ အပြင်ဘက်တွင် နားကိုကပ်ကာ သေသေချာချာ နားစွင့်လိုက်သည်။ သူသည် ကိုယ်ကို ကိုင်းလျက် အဝေးမှ မီးလင်းနေသော အခန်းရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

"မင်းတို့ မနက်ဖြန် မနက် ထွက်ကြတော့"

"ဒီတစ်ခါ အော်ဒါက အရမ်းကြီးတယ်။ ကြံ့ချို အခု ၂၀ နဲ့ ဆင်စွယ် အခု ၃၀ လိုတယ်။ မင်းတို့ ဟိုဘက်ကို ရောက်ရင် အကူအညီပေးမယ့်သူတွေ ရှိလိမ့်မယ်"

"ပစ္စည်းအားလုံးကို မရရအောင် ယူလာခဲ့ကြစမ်း"

မျက်နှာတွင် ဓားဒဏ်ရာရွတ်ကြီး ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် သစ်သားထိုင်ခုံတွင် ထိုင်နေရင်း သူ၏ လက်အောက်ငယ်သားများကို ကြည့်ကာ လေးနက်သောလေသံဖြင့် မှာကြားနေသည်။

"ဒီအလုပ်သာ အောင်မြင်သွားရင် ငါတို့ အီဝမ်ရဲ့ အဖွဲ့ကနေ ခွဲထွက်လို့ ရပြီ"

"သူ့နောက်ကို လိုက်လာတာ ဒီလောက် ကြာလှပြီ၊ စားစရိတ်လေး နည်းနည်းကလွဲရင် ငါတို့ ရတဲ့ ပိုက်ဆံက လက်ချိုးရေလို့ ရတယ်"

"ကိုယ့်ဘာသာကိုယ် သီးသန့် လုပ်တာက ပိုကောင်းတယ်။ တောရိုင်းတိရစ္ဆာန်တွေက ရှာရလွယ်ပါတယ်၊ ဒါပေမဲ့ တရုတ်ပြည်ဘက်က စိတ်ချရတဲ့ ဝယ်သူရှာဖို့ကပဲ ခက်တာ"

လူတိုင်း၏ မျက်နှာပေါ်တွင် ရက်စက်လှသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်ကြသည်။

"အားလုံး မြန်မြန် သွားနားကြတော့။ အီဝမ်ကတော့ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ၊ တရုတ်ပြည် လုံခြုံရေးဌာနကို သွားပြီး ရန်စရဲတယ်ပေါ့။ ဒီနေရာကတော့ တစ်နေ့ကျရင် အကုန် ဖျက်ဆီးခံရမှာ သေချာတယ်"

ဓားရွတ်နှင့် အမျိုးသားက လက်ယမ်းပြကာ ဆက်ပြောလိုက်သည်။

"မင်းတို့ ပစ္စည်းတွေ ယူလာတဲ့အခါ ငါ ဆိပ်ကမ်းမှာ စောင့်နေမယ်၊ ပြီးရင် ဒီနေရာကနေ တန်းပြီး ထွက်သွားကြတာပေါ့"

"အခုလောလောဆယ် ငါ ဗိုလ်ချုပ်ဟန်နဲ့ စကားပြောနေတယ်။ အောင်မြင်သွားရင်တော့ ငါတို့ရဲ့ နေ့ရက်တွေက သာယာလာတော့မှာပဲ"

"ဟုတ်ကဲ့ပါ"

လူတိုင်းမှာ ထိုင်ခုံမှ ထရပ်လိုက်ကြပြီး ရိုသေစွာဖြင့် ထွက်ခွာသွားကြတော့သည်။ လူအားလုံး ထွက်သွားပြီးသည့်နောက်တွင်မူ...

******

558 01

အခန်း 558 လိုင်းမကောင်းဘူး (၂/၂)

တစ်ကိုယ်လုံး မှောင်မည်းနေသော လူရိပ်တစ်ခုသည် အပေါ်ဘက်ရှိ သစ်တိုင်ပေါ်မှ အသာအယာ ခုန်ဆင်းလာခဲ့သည်။

"မနက်ဖြန် ထွက်ကြမှာလား"

ဆုပိုင်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

သူသည် ရှေ့မှ အခန်းတံခါးကို ဖြည်းဖြည်းချင်း ခေါက်လိုက်သည်။

"ဝင်ခဲ့လေ"

မျက်နှာတွင် ဓားဒဏ်ရာရွတ်နှင့် အမျိုးသားသည် စာရေးစားပွဲတွင် ထိုင်နေရင်း သူ၏ရှေ့ရှိ အရောင်းအဝယ် စာချုပ်များကို ခေါင်းမဖော်ဘဲ ငုံ့ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

"ထပ်ပြီး နားမလည်တာ ရှိသေးလို့လား"

"ငါတို့ကို လာကြိုမယ့်သူ ရှိတယ်ဆိုပေမဲ့ အမဲလိုက်တာကိုတော့ ကိုယ်တိုင် လုပ်ရမှာပဲ။ တိရစ္ဆာန် တစ်ကောင် သတ်တိုင်း အဲ့ဒီလူတွေကို ပိုက်ဆံ နည်းနည်းစီ ခွဲပေးရမယ်၊ ဒါက သူတို့ နယ်မြေ မဟုတ်လား"

"မင်း... မင်း ဘယ်သူလဲ"

ရုတ်တရက် မိမိ၏ဘေးတွင် လူငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ဓားရွတ်နှင့် အမျိုးသားမှာ မှင်တက်သွားရသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လက်ကို ခါးကြားဆီသို့ ဖြည်းဖြည်းချင်း လှမ်းလိုက်သည်။

"လျှောက်မလုပ်နဲ့"

ဆုပိုင်သည် သူ၏ လှုပ်ရှားမှုကို ကြည့်ကာ သေနတ်ပြောင်းဝဖြင့် သူ၏ နဖူးကို တိုက်ရိုက် ချိန်ရွယ်လိုက်ပြီး လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။

"မင်းတို့ မနက်ဖြန် ဘယ်ကို သွားကြမှာလဲ"

"ညီအစ်ကို၊ မင်း ဘယ်လို ဖြစ်ပြီး ဒီထဲကို ရောက်လာသလဲဆိုတာ ငါ မသိဘူး။ တကယ်လို့ မင်း ပိုက်ဆံ လိုချင်တာဆိုရင်တော့ ဒီအံဆွဲထဲမှာ ရှိတယ်၊ ဒါမှမဟုတ် မင်း..."

"အား..."

ဆုပိုင်သည် လက်ထဲမှ မြှောင်ဓားကို ထိုအမျိုးသား၏ ပေါင်ပေါ်သို့ တိုက်ရိုက် ထိုးစိုက်လိုက်ပြီး ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"မင်းတို့ တိရစ္ဆာန်တွေကို သတ်ဖို့ ဘယ်နေရာကို သွားမှာလဲ"

"အာဖရိက အာဖရိကပါ..."

ဓားရွတ်နှင့် အမျိုးသားသည် အံကို တင်းတင်းကြိတ်ကာ ပြင်းထန်လှသော နာကျင်မှုကို အသည်းအသန် အောင့်ထားရသည်။

"ဒီကနေ အာဖရိကအထိ သွားပြီး တိရစ္ဆာန်တွေကို သတ်ကြဦးမလို့လား”

"တကယ့်ကို တော်ကြတဲ့သူတွေပဲ"

ဆုပိုင်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"ရွှတ်..."

မြှောင်ဓားသည် ဓားရွတ်နှင့် အမျိုးသား၏ လည်ပင်းကို တိုက်ရိုက် ဖြတ်သန်းသွားတော့သည်။ ထိုင်ခုံပေါ်တွင် ပျော့ခွေလဲကျသွားသော အလောင်းကို ကြည့်ရင်း ဆုပိုင်သည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ယူကာ သေသေချာချာ စစ်ဆေးကြည့်ရှုနေမိသည်။

စာရွက်ပေါ်ရှိ အရောင်းအဝယ် အကြောင်းအရာများကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါတွင်မူ ဆုပိုင်၏တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ၏ မျက်နှာမှာလည်း အလွန်အမင်း အေးစက်သွားတော့သည်။

558 02

ဆင်စွယ် ၃၅၀ ချောင်း။

ကြံ့ချို ၆၄ ခု။

ဆတ်ခေါင်းခွံ ၃၂၁ ခု။

ကျားရေ ၄ ခု။

နေ့စွဲကို ကြည့်လိုက်သည့်အခါ သုံးလတောင် မပြည့်သေးသည့် အချိန်တိုအတွင်းမှာတင် တန်ဖိုးရှိလှသော တိရစ္ဆာန်ပေါင်း ထောင်နှင့်ချီ၍ ဤလူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိလိုက်ရသည်။

"ဂျွတ်..."

သူသည် အံကို တင်းတင်းကြိတ်လိုက်ပြီး ထိုကုန်ကြမ်းများကို ဝယ်ယူသည့် ကုမ္ပဏီအမည်ကို တစ်ချက်ကြည့်ကာ စာရွက်များကို သေသေသပ်သပ် ခေါက်၍ သိမ်းဆည်းလိုက်သည်။ ကြည့်ရတာ သူကိုယ်တိုင် အာဖရိကသို့ တစ်ခေါက် လိုက်သွားရမည့်ပုံ ရှိနေသည်။ ဤကဲ့သို့သော ကွင်းဆက်တစ်ခုလုံးကို အစအဆုံး သေသေချာချာ သိရှိအောင် လုပ်ဆောင်ရပေလိမ့်မည်။ တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပေသည်။ ကိုယ့်နယ်မြေအတွင်း၌ အမဲလိုက်ရန် တိရစ္ဆာန်များ မရှိတော့သည့်တိုင် ပင်လယ်ကို ဖြတ်ကျော်ကာ အဝေးကြီးသို့ သွားရောက်၍ တိရစ္ဆာန်များကို သတ်ဖြတ်ရန် ဝန်မလေးကြသည်လား။ အာဖရိက၏နေရာအတော်များများတွင် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းများ လုံးဝ မရှိကြသဖြင့် ဤလူများသည် ပိုမို ရူးသွပ်စွာဖြင့် အမဲလိုက်နိုင်ကြခြင်း ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် ဆုပိုင်သည် ဓားရွတ်နှင့် အမျိုးသား၏ အလောင်းကို ခုတင်အောက်သို့ ဆွဲသွင်းလိုက်ပြီးနောက် သူ၏အဝတ်များကို ဝတ်ဆင်ထားလျက် ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ စောစောက လူအချို့၏ ရုပ်ရည်များကို သူ အကုန်လုံး မှတ်မိနေခဲ့ပြီ ဖြစ်ရာ၊ မနက်ဖြန်ကျမှ ထိုလူများကြားထဲသို့ တိတ်ဆိတ်စွာ ရောနှောဝင်ရောက်ရပေလိမ့်မည်။ ဆုပိုင်၏ဦးနှောက်အတွင်း၌ အစီအစဉ်တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတော့သည်။

တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များမှာ ဒါရိုက်တာ ဆုပိုင်က ထိုလူ၏ ခုတင်ပေါ်တွင် လဲလျောင်းလျက် မျက်လုံးများကို မှေးလိုက်သည်ကို မြင်ရသည့်အခါ အားလုံးမှာ ကြောင်အသွားကြတော့သည်။

"ဓားရွတ်နဲ့ အမျိုးသား - မင်းကတော့ လူသားဆန်မှု မရှိလိုက်တာ၊ ငါ့ကို သတ်ရုံတင်မကဘဲ ငါ့ခုတင်ပေါ်မှာပါ လာအိပ်တယ်လား။ မင်းအတွက် မိန်းမတစ်ယောက်ပါ ရှာပေးရဦးမလား”

"ဟားဟားဟား... အပေါ်ကလူကတော့ တကယ့် ပါရမီရှင်ပဲ။ ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က ဒီအမဲလိုက်သမားတွေကို ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတော့ ရက်စက်လာသလိုပဲ..."

"ကွင်းဆက် တစ်ခုလုံးကို ကြည့်ရတာ တကယ့်ကို ထိတ်လန့်စရာပဲ။ အဲ့ဒီတုန်းက တရုတ်ပြည်မှာ ဒီလို ပစ္စည်းတွေကို စုဆောင်းချင်တဲ့သူတွေ ဒီလောက်တောင် များနေတာလား။ ဒါတွေက ဘာများ အသုံးဝင်လို့လဲ”

"ဒါဟာ တကယ့်ကို ပြတ်သားတဲ့ လုပ်ရပ်ပဲ။ တကယ့်ကို ရက်စက်လှတဲ့ ယောက်ျားတစ်ယောက်ပဲ"

"ငါကတော့ ဒါရိုက်တာဆုပိုင်ရဲ့ ဒီလို ပုံစံမျိုးကိုပဲ သဘောကျတယ်။ ဒီလူတွေသာ မရှိရင် ငါတို့ အခုလိုမျိုး ဖြစ်နေပါဦးမလား။ ဒီလူတွေကိုတော့ အပိုင်းပိုင်း ဖြတ်ပစ်ရင်တောင် မကျေနပ်နိုင်သေးဘူး"

"မှန်တာပေါ့၊ ဒါပေမဲ့ မနက်ဖြန်ကျရင် ဆုပိုင်က သူတို့ကြားထဲကို ဘယ်လို ရောနှောဝင်ရောက်မလဲဆိုတာပဲ စိတ်ဝင်စားဖို့ ကောင်းနေတာ"

တိုက်ရိုက်လွင့်တင်မှုကို ကြည့်ရှုနေသူများမှာ ခဏချင်းမှာပင် အိပ်မောကျသွားသော ဒါရိုက်တာဆုပိုင်ကို ကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်နေရသလို တစ်ဖက်မှာလည်း စိတ်မကောင်း ဖြစ်နေကြရသည်။ တစ်ညလုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့ရရုံတင်မကဘဲ တိုက်ရိုက်လွင့်တင်မှုကိုလည်း အမြဲတမ်း ဖွင့်ထားခဲ့ရသည် မဟုတ်ပါလား။ တကယ့်ကို ပင်ပန်းလှပေသည်။

558 03

ထို့ပြင် မနက်ဖြန်ကျလျှင် သူတို့နောက်ကို အောင်မြင်စွာ လိုက်သွားနိုင်ပါ့မလားဟူ၍ လူတိုင်းက စိုးရိမ်နေကြခြင်း ဖြစ်သည်။ သို့သော် ဤစခန်းတစ်ခုတည်းကို ဖျက်ဆီးလိုက်ရုံဖြင့် အရာအားလုံး ပြီးဆုံးသွားမည် မဟုတ်ကြောင်းကိုလည်း လူတိုင်း သိရှိကြသည်။ ပြည်တွင်းမှာ ဝယ်လိုအားတွေ ရှိနေသရွေ့နဲ့ ထိုအာဖရိက တိုက်ကြီးပေါ်မှာ အမဲလိုက်မှုတွေ ရှိနေသရွေ့တော့... ဒုတိယမြောက် စခန်း၊ တတိယမြောက် စခန်း စသည်ဖြင့် အကျိုးအမြတ်အတွက် စွန့်စားလုပ်ကိုင်မည့် စခန်းပေါင်းများစွာ ပေါ်ထွက်လာဦးမှာ ဖြစ်သည်။ ဤလူများသည် မိမိတို့၏ အကျိုးအမြတ်အတွက်သာ ကြည့်ကြသူများဖြစ်ရာ၊ မည်သည့် တိရစ္ဆာန် မျိုးသုဉ်းသွားမည်၊ မည်သည့် တိရစ္ဆာန် အန္တရာယ်ရှိနေသည် ဆိုသည်ကို လုံးဝ ဂရုစိုက်ကြသူများ မဟုတ်ပေ။

...

ကောင်းကင်ပြာတိရစ္ဆာန်ရုံ။

တိရစ္ဆာန်ရုံ မဖွင့်သေးခင်မှာပင် ရုံလီသည် ကျောပိုးအိတ်ကို လွယ်ကာ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လောင်ကျိုးဟု ခေါ်သော လူလတ်ပိုင်း အမျိုးသားနောက်မှ တိရစ္ဆာန်ရုံအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။

"မနက်ပိုင်းမှာတော့ များသောအားဖြင့် ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ မင်းက တိရစ္ဆာန်ရုံမှာ နေမယ်ဆိုရင်၊ သုတေသန လုပ်ငန်းတွေကို နားမလည်ရင်တော့ ငါတို့နဲ့အတူတူ ဝက်အရင် ကျွေးရလိမ့်မယ်"

"စိတ်ချပါ၊ အခုတလော အသစ်ရောက်လာတဲ့ လူနှစ်ယောက်လည်း ဝက်ကျွေးနေတာပဲ၊ မင်း ဒီနေ့ သူတို့နဲ့ပဲ အတူတူ လုပ်လိုက်ပေါ့"

လောင်ကျိုးသည် စကားပြောရင်းနှင့် ထိုလူငယ်ကို ဝက်ခြံရှိရာဘက်သို့ ဦးဆောင်ခေါ်သွားတော့သည်။

"ကျန်တဲ့ တိရစ္ဆာန်တွေအတွက် အစားအစာကိုတော့ မင်းတို့ ဂရုစိုက်စရာ မလိုဘူး၊ ဟိုမိန်းကလေး နှစ်ယောက်က တာဝန်ယူထားတာလေ"

"ဒါရိုက်တာ ဆုပိုင်ကတော့ တိုက်ရိုက်လွင့်တင်မှု လုပ်နေလို့ လောလောဆယ် မရှိဘူး။ မင်း နောက်ပိုင်း ဘယ်နေရာမှာ တာဝန်ယူရမလဲဆိုတာကိုတော့ သူ ပြန်လာမှပဲ ဆုံးဖြတ်ရလိမ့်မယ်"

"ဒါပေမဲ့ ငါတို့ တိရစ္ဆာန်ရုံကို ဝင်လာတဲ့သူတိုင်းကတော့ ပထမဆုံး အဆင့်အနေနဲ့ ဝက်ကျွေးတဲ့အလုပ်ကိုပဲ အရင် လုပ်ကြရတာချည်းပဲ၊ ဒါကတော့ ရှောင်လွှဲလို့ မရဘူး"

"ဪ... ဝက်ကျွေးရမှာလား”

ရုံလီသည် တစ်ချက် ရေရွတ်လိုက်ရင်း ခြံစည်းရိုးများဖြင့် ကာရံထားသော ဧရာမ နေရာကြီးတစ်ခုဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

"အားလုံး ကြိုးစားကြစမ်းပါဦး"

"ကြောင်နားရွက်လေးနဲ့ ကောင်လေး၊ မင်းက ယောက်ျားမှ ဟုတ်ရဲ့လား၊ အလုပ်လုပ်တာ ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ”

"ဟိုမှာ ကယ်လေး အလုပ်လုပ်နေတာကို ကြည့်ဦးလေ၊ မင်းလည်း ယောက်ျားပီပီသသ လုပ်စမ်းပါ။ ဒါမှမဟုတ် အမျိုးသမီးဝတ်စုံ ဝတ်ထားမှပဲ အားတွေ တက်လာမှာလား”

အဝေးကတည်းက တစ်ကိုယ်လုံး အမွှေးမရှိဘဲ ပြောင်သလင်းခါနေသော တိရစ္ဆာန်တစ်ကောင်သည် အားအင်ကုန်ခမ်းနေသော တိရစ္ဆာန်တစ်ကောင်၏ ဦးခေါင်းပေါ်တွင် ရပ်ကာ အသံကုန် ဟစ်အော်နေသည်ကို မြင်တွေ့နေရသည်။

"လူစကား ပြောတတ်တာလား”

ရုံလီသည် နားကို အားကုန် ပွတ်သပ်လိုက်ရင်း မယုံကြည်နိုင်စရာ ကောင်းလှသဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

"အင်း... ဒါကတော့ တိရစ္ဆာန်ရုံထဲက ငှက်တောလေ၊ တစ်ကိုယ်လုံး အရောင်စုံနဲ့... အဟမ်း... သူရဲ့အမွှေးတွေကိုတော့ ဒီနှစ်ထဲမှာ မြင်ရတော့မှာ မဟုတ်ဘူး"

558 04

"သူက လူတွေနဲ့ စကားပြောနိုင်တယ်၊ လူစကားလည်း တတ်တယ်။ မင်း တိရစ္ဆာန်တွေအကြောင်း တစ်ခုခု နားမလည်တာ ရှိရင် သူ့ကို မေးလို့ ရတယ်..."

"ဒါပေမဲ့ ဒီကောင် ပြောသမျှကိုတော့ အကုန်မယုံနဲ့ဦး၊ စကားကို အပိုတွေ အများကြီး ထည့်ပြောတတ်တာမို့လို့ သတိထားဖို့တော့ လိုလိမ့်မယ်"

"အောက်ကကောင်ကတော့ အဖေဟပေါ့၊ အာဟလေ၊ သူ့ကိုတော့ လောလောဆယ် ဂရုစိုက်မနေနဲ့ဦး"

"ကဲ... တော်ပြီ၊ ငါ ဟိုဘက်က မျောက်တွေ မြက်ရိတ်တာ ဘယ်လိုနေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။ မင်း သူတို့နဲ့အတူတူ ဝက်ချေးတွေကို အရင်ဆုံး ရှင်းထုတ်လိုက်ဦး"

လောင်ကျိုးသည် အချိန်ကို ကြည့်လိုက်ပြီးနောက် ရုံလီကို မှာကြားလိုက်ပြီး တိရစ္ဆာန်ရုံ၏ အတွင်းပိုင်းဆီသို့ လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။

"ဟေး"

"ဟိုကောင်ကြီး... ဒီကို လာခဲ့စမ်း"

ကြက်တူရွေးသည် အာဟ၏နဖူးပေါ်တွင် ရပ်ကာ အဝေးမှ ရုံလီကို ကြည့်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

"ကြောင်အအနဲ့ ဘာလုပ်နေတာလဲ။ မြန်မြန် အထဲဝင်ပြီး အလုပ်လုပ်စမ်း"

"ဟုတ်ကဲ့ပါ... လာပါပြီ"

ရုံလီသည် သူ၏ တစ်သက်တာတွင် ဤမျှ ဆန်းကြယ်လှသော အရာမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် ပြန်ထူးလိုက်ပြီး ဝက်ခြံအတွင်းသို့ အမြန် ဝင်လာခဲ့သည်။ သူသည် ဘေးမှ ဂေါ်ပြားတစ်ချောင်းကို ကောက်ကိုင်ကာ ကျန်ရှိသော လူနှစ်ဦး၏ ပုံစံအတိုင်း အလုပ်ကို စတင် လုပ်ဆောင်ပါတော့သည်။

"ဟာကိုကြီး... အခြေအနေ ဘယ်လိုလဲ”

ကြက်တူရွေးသည် အာဟ၏ နဖူးပေါ်တွင် ရပ်နေရင်း တိုးတိုးလေး မေးမြန်းလိုက်သည်။

"ဝူး..."

"ထွက်သွားစမ်း တောက်... မင်း ငါ့ကို ၁၉ ကြိမ်တောင် သွားတိုင်ထားတာကို ငါ မမှတ်မိဘူး ထင်နေလား။ မင်း စောင့်နေလိုက်..."

အာဟသည် ဘာမှပြန်မလုပ်နိုင်သဖြင့် ဒေါသတကြီး တစ်ချက် ဟောင်လိုက်သည်။

"ဝက်ဝံကိုကြီး"

ကြက်တူရွေးက အသံကုန် အော်ဟစ်လိုက်သည်။

"ဟိန်း..."

"ဟားဟားဟား... လာပြီဟေ့"

"ဝက်ဝံကြီးရဲ့ လက်သီး တစ်ချက်လောက် မြည်းကြည့်စမ်း"

အဝေးမှ အသားပုံကြီး တစ်ခုကဲ့သို့သော ဝက်ဝံနက်ကြီးသည် ဟိန်းဟောက်လျက် ပြေးဝင်လာသည်။

"ဖြန်း... ဖြန်း... ဖြန်း"

အာဟ၏နဖူးပေါ်သို့ သုံးချက်ဆင့်၍ ရိုက်နှက်လိုက်ရာ အသံမှာ အလွန် ကျယ်လောင်လှသော်လည်း အမှန်တကယ်တွင်မူ အင်အား သိပ်မပါလှပေ။ အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာဆုပိုင်က ဆုံးမသွန်သင်ရန်အတွက်သာ မှာကြားထားသောကြောင့် ဖြစ်သည်။ အသေအလဲ အနိုင်ကျင့်လျှင် ပြဿနာမရှိသော်လည်း တကယ် အသက်မထွက်စေရန်တော့ အထူး သတိထားရမည် မဟုတ်ပါလား။

558 05

"ဂလောင်..."

ရုံလီသည် ထိုအသံကို ကြားလိုက်ရသည့်အခါ သူ၏လက်ထဲမှ ဂေါ်ပြားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

မဟုတ်သေးဘူးလေ။

မနေ့ညကမှ အဘိုးက တိရစ္ဆာန်တွေကို နာကျင်အောင် မလုပ်ရဘူးလို့ မှာထားတာလေ။ ဒါဆိုရင် အခု တိရစ္ဆာန်အချင်းချင်း နာကျင်အောင် လုပ်နေတာကိုတော့ ဘယ်လို သတ်မှတ်ရမှာလဲ။ မနေ့ညက သူ ပေးခဲ့သော ကတိကိုလည်း ပြန်လည်သတိရလိုက်မိသည်။ ဤတိရစ္ဆာန်များကို ဘယ်သောအခါမှ အနာတရ မဖြစ်စေရဘူးဟူသော ကတိပင် ဖြစ်သည်။

ရုံလီသည် ကြမ်းတမ်းလှသော ဝက်ဝံနက်ကြီးကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခြံစည်းရိုးအပြင်သို့ ထွက်လာခဲ့သည်။

"ဖတ်..."

သူသည် ထိုကောင်ကြီး၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။

"ညီအစ်ကို... တိရစ္ဆာန်တွေကို နာကျင်အောင် မလုပ်ရဘူးလေ"

ဝက်ဝံနက်ကြီးသည် ကြောင်အလျက် သူ၏ အနောက်မှ လူကို လှည့်ကြည့်လိုက်ပြီး မိမိ၏ ပခုံးကို ပြန်ကြည့်နေမိသည်။ တောက်... တကယ့်ကို သတ္တိရှိတဲ့သူပဲ။ ဒါ ဘယ်က အသုံးမကျတဲ့ကောင်လဲ၊ ငါ့ပခုံးကို လာပုတ်ရဲတယ်ပေါ့။

"ဟိန်း..."

"ဒီကောင် ဘာတွေ လျှောက်ပြောနေတာလဲ”

သူသည် ကြက်တူရွေးဘက်သို့ လှည့်ကာ ဟောက်လိုက်သည်။

"သူက မင်းကို အာဟကို မရိုက်ခိုင်းတာလေ"

"ဟုတ်တယ်၊ မှန်တာပေါ့"

ရုံလီသည် ခေါင်းညိတ်ပြလိုက်ပြီး လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒီကောင်ကြီးကို ပြောပြလိုက်စမ်း၊ နောက်တစ်ခါ အာဟကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ ငါကိုယ်တိုင် သင်ခန်းစာ ပေးရလိမ့်မယ်လို့"

"မင်း တကယ်ပဲ အဲ့ဒီအတိုင်း ပြောချင်တာလား”

"အေး... ပြောလိုက်စမ်းပါ"

ရုံလီသည် မနေ့ညက ရုံလုံ မှာကြားခဲ့သည့် စကားများကို ပြန်လည် သတိရလိုက်ရင်း တွေဝေခြင်းမရှိဘဲ ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။

"မင်းမှာ ဖုန်း ပါလား”

"ငါ့ကို အရင်ပေးထား၊ မဟုတ်ရင် ခဏနေရင် ပျက်စီးသွားလိမ့်မယ်"

ကြက်တူရွေးသည် ရုံလီ၏ဖုန်းကို ပါးစပ်ဖြင့် ကိုက်ချီလိုက်ပြီး အာဟ၏ပေါ်မှ တိတ်ဆိတ်စွာ ခုန်ဆင်းလာခဲ့သည်။ သူသည် ဘေးဘက်သို့ ပြေးသွားပြီး ဖုန်းကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီးနောက် အသံကုန် ဟစ်အော်လိုက်တော့သည်။

"ဝက်ဝံကိုကြီး၊ သူပြောတာက မင်းသာ အာဟကို ထပ်ရိုက်ရင်တော့ မင်းကို အမှုန့်ကြိတ်ပစ်မယ်တဲ့"

ရုံလီ "??”

558 06

ငါ စောစောက အဲ့ဒီအတိုင်း ပြောလိုက်တာလား။

"ဟိန်း..."

ရုတ်တရက် နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာပြီး ဧရာမပါးစပ်ကြီးတစ်ခုမှာ သူ၏မျက်စိရှေ့သို့ ရောက်ရှိလာသည်။ နီမြန်းနေသော မျက်လုံးတစ်စုံသည် အပေါ်စီးမှနေ၍ သူ့ကို စိုက်ကြည့်နေတော့သည်။

"ကျွန်တော်..."

ရုံလီ၏ ဦးနှောက်အတွင်း ဗလာဖြစ်သွားရပြီး သူ၏လည်စိမှာလည်း တုန်ခါနေတော့သည်။ တစ်ခုခုတော့ မှားနေပြီထင်တယ်ဗျာ။

"ဝူး..."

"ညီအစ်ကို... ငါ မင်းဘက်က ရှိတယ်၊ ဟိုဝက်ဝံကြီးကို အမှုန့်သာ ကြိတ်ပစ်လိုက်စမ်းပါ"

အာဟသည် သူ၏ ခေါင်းကို မနားတမ်း ခါယမ်းလိုက်ရင်း အင်အားရှိသမျှ အော်ဟစ်လိုက်သည်။

"ဗွမ်း..."

ဝက်ဝံနက်ကြီးသည် ရုံလီကို ဦးခေါင်းဖြင့် တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေပြီးနောက် သူ၏တင်ပါးဖြင့် ဖိထိုင်လိုက်တော့သည်။

"အား... အား... ကျွန်တော် ပြန်တိုက်ပြီနော်"

"ဖယ်စမ်း... ထစမ်းပါ"

"တောက်... ဒါ ဘာကြီးလဲ၊ ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ”

ကြက်တူရွေးသည် ထွက်ပေါ်လာသော နာကျင်စွာ အော်ဟစ်သံများကို နားထောင်ရင်း မထီမဲ့မြင် ပြုလျက် ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် ဖုန်းကို တရွတ်တိုက် ဆွဲကာ ပန်ဒါခြံအတွင်းသို့ ဝင်သွားတော့သည်။

"လာစို့... ဝမ်းဘတ်လေး... ဒီကို လာခဲ့"

"ကိုကြီးအတွက် ဖုန်းနံပါတ်လေး တစ်ခုလောက် နှိပ်ပေးစမ်းပါ"

"ဟယ်လို... အင်း... ငါ ဆုဟေးပါ၊ ဟားဟားဟား... ဖုန်းမဆက်ဖြစ်တာ ကြာပြီနော်"

သူသည် အားရပါးရ ရယ်မောလိုက်ရင်း အဝေးမှ တိုက်ပွဲ အခြေအနေကို လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ငါ့ဘက်မှာ ဆူညံနေလို့လား”

"ဪ... လူတစ်ယောက်ရဲ့ ဘောင်းဘီခွကြား စုတ်ပြဲသွားလို့ပါ၊ ဘာမှမဖြစ်ပါဘူး... ငါတို့ ဆက်ပြောရအောင်"

"အခုတလော မအားလို့ပါ၊ နောက်မှပဲ ငါ မင်းဆီ လာခဲ့မယ်။ စိတ်ချပါ၊ ဒီနှစ်ရက်လောက် အလုပ်ပြီးရင် ငါ ဖုန်းသွားဝယ်လိုက်မယ်..."

"ဗီဒီယိုကော ဟုတ်လား။ မင်း ဘာပြောလိုက်တာလဲ။ လိုင်းမကောင်းဘူး၊ အာ... မကြားရတော့ဘူး၊ ငါ ဖုန်းချလိုက်ပြီနော်"

******

All Chapters