← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း 562

"ဝုန်း... ဝုန်း... ဝုန်း"

ထိုစဉ် ဂျစ်ကားအချို့မှာ အရှိန်အဟုန်ဖြင့် စခန်းအတွင်းသို့ မောင်းဝင်လာကြသည်။ အော်တိုမက်တစ် ရိုင်ဖယ်များကို လွယ်ထားသော အမဲလိုက်အဖွဲ့ဝင်များမှာ ကားပေါ်မှ ဆင်းလာကြသည်။ သို့သော် လူတိုင်း၏ မျက်နှာမှာ အလွန် ညိုမှိုင်းနေတော့သည်။ ဆုပိုင်နှင့်အတူ ပါလာသော အမဲလိုက်အဖွဲ့သည်လည်း သူတို့ထဲတွင် ပါဝင်နေသည်။

"တောက်... ပထမဆုံးနေ့မှာ ဆင်အနည်းငယ် ရှာတွေ့တာကလွဲရင် ဒီနေရာက တိရစ္ဆာန်တွေ ဘာဖြစ်ကုန်ကြတာလဲ”

အဖွဲ့ခေါင်းဆောင်အချို့ စုဝေးတိုင်ပင်ကြရာတွင် တစ်ဦးက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"တိရစ္ဆာန်တွေ အကုန်လုံး ပြောင်းရွှေ့သွားကြတာလား မသိဘူး၊ ငါတို့ ဒီထက် ပိုဝေးတဲ့ နေရာကို သွားမှ ဖြစ်မယ်"

"ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူး။ ငါတို့စခန်းရဲ့ ဒီတစ်ခါ တာဝန်က ဆင်စွယ် အခု ၆၀ တောင်လေ၊ အနည်းဆုံး ဆင်အုပ်စု နှစ်စုလောက်ကို သတ်မှ ရမှာ"

"ငါလည်း ထူးဆန်းနေတာ၊ အခုအချိန်အထိ ကြံ့နက် တစ်ကောင်တည်းနဲ့ပဲ တိုးသေးတယ်။ ဒါဟာ အရင်တုန်းကဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စပဲလေ"

"ဒေသခံတွေက တိတ်တဆိတ် အမဲလိုက်နေကြတာလား မသိဘူးနော်။ မဟုတ်ရင် ငါတို့ တစ်နေကုန် ပြေးလွှားနေတာကို ဆင်အုပ်စု မပြောနဲ့၊ တခြား တိရစ္ဆာန်တွေတောင် မတွေ့ရဘူး။ စားဖို့အတွက်တောင် ရှာမရတော့ဘူး"

အဖွဲ့ခေါင်းဆောင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဤတစ်ကြိမ်ရှိ ထူးဆန်းသော အခြေအနေကို ခံစားမိလိုက်ကြသည်။ မြစ်ကြောင်းအတိုင်းဖြစ်စေ၊ တောအုပ်အတွင်း၌ဖြစ်စေ သူတို့ ဖြတ်သန်းသွားသော်လည်း မည်သည့် တိရစ္ဆာန်ကြီးကိုမျှ မတွေ့ရပေ။ တွေ့ရသည်မှာ ငှက်အချို့သာ ဖြစ်သည်။ တိရစ္ဆာန်ကြီးများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ယခင်က တစ်ခါမျှ မဖြစ်ဖူးသော ကိစ္စပင် ဖြစ်သည်။ ယခင်ကဆိုလျှင် မည်သည့်အချိန်မှာမဆို တာဝန်ထက် ပို၍ပင် အမဲလိုက်နိုင်ခဲ့ကြသည်။ တာဝန်ပြီးလျှင်ပင် အခြားသော သားရဲများကို သတ်ဖြတ်ကာ သူတို့အတွက် သီးသန့်အမြတ်ထုတ်နိုင်ခဲ့ကြသေးသည်။ သို့သော် ယခုတစ်ကြိမ်မှာမူ ထူးဆန်းလှသည်။ တစ်ရက်လုံး ကုန်ဆုံးသွားသော်လည်း မည်သည့်အဖွဲ့မှ ဘာမှမရရှိခဲ့ကြပေ။

ဤသည်မှာ လူတိုင်းကို ဝေခွဲမရ ဖြစ်စေခဲ့သည်။ ဝယ်ယူရန် စောင့်ဆိုင်းနေကြသော ပွဲစားများမှာလည်း အလွတ်ဖြစ်နေသော ကုန်တင်ကားများကို ကြည့်ကာ တစ်ဦးကိုတစ်ဦး ကြည့်၍ စိုးရိမ်ပူပန်လာကြသည်။ တကယ်လို့ အမဲလိုက်အဖွဲ့က ဘာမှမရဘူးဆိုရင် သူတို့၏ ခရီးစဉ်မှာ အမြတ်မရရုံတင်မကဘဲ လမ်းစရိတ်ပါ ရှုံးသွားနိုင်သည် မဟုတ်ပါလား။ အမှန်တကယ် ဘာတွေ ဖြစ်နေတာလဲ။

"တောက်"

"ဒုန်း..."

လူဝကြီးသည် သူ၏အော်ဒါကြီးကို တွေးမိသည်နှင့် လက်ထဲမှ တုတ်ဖြင့် အာဖရိက သမင်၏နဖူးကို အားကုန် ရိုက်ချလိုက်ရာ သွေးများမှာ ဖွာထွက်သွားတော့သည်။

"ဟာ... အစ်ကိုကြီး၊ ဆန်းကျဲပိုင် မလုပ်တော့ဘူးလား”

"ဘာတွေ လုပ်နေဦးမှာလဲ၊ ဒါက ဘယ်လောက်မှ ရတာ မဟုတ်ဘူး။ ဆင်စွယ်နဲ့ ကြံ့ချိုသာ ဝယ်မရရင် ငါတော့ ဒီတစ်ခါ အကြီးအကျယ် ရှုံးပြီ"

လူဝကြီးက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

562 02

"မူး..."

"မူး..."

"မူး..."

ရုတ်တရက် ထိုကြီးမားလှသော စခန်းကြီး၏အပြင်ဘက်ဆီမှ ဆင်အုပ်စု၏ ဟစ်အော်သံများ ထွက်ပေါ်လာသည်။

"ဝုန်း..."

အမဲလိုက်အဖွဲ့ ခေါင်းဆောင်အချို့မှာ မြေပြင်မှ ဝုန်းကနဲ ထရပ်လိုက်ကြပြီး မယုံကြည်နိုင်စရာ ကောင်းလှသည့် အမူအရာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"အညီအမျှ ခွဲမယ်"

လူတိုင်းမှာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

"အသံအရဆိုရင် အနည်းဆုံး ဆင်အုပ်စု နှစ်စုလောက် ရှိမှာ..."

အဖွဲ့ခေါင်းဆောင် တစ်ဦးမှာ သူ၏သေနတ်ကို အမြန်ထုတ်ယူလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဖြစ်နိုင်တာကတော့ အာဖရိကဆင်တွေက လက်စားချေဖို့ လာကြတာ ဖြစ်ရမယ်၊ ဒီကောင်တွေက အငြိုး တော်တော် ကြီးတာလေ"

"ဒါပေမဲ့ အခုတော့ အားလုံးအတွက် အဆင်ပြေသွားတာပေါ့"

"အားလုံး စုကြစမ်း၊ ကျည်ဆန်တွေ အမြန် ဖြည့်ကြ၊ ဆင်အုပ်စုကို ဒီမှာတင် အပြတ်ရှင်းရမယ်၊ တစ်ကောင်မှ အလွတ်မပေးနဲ့"

အဖွဲ့ခေါင်းဆောင်များမှာ အလျင်အစလို ပြေးထွက်လာကြပြီး သူတို့၏ လက်အောက်ငယ်သားများကို စုစည်းလိုက်ကြသည်။ လူအုပ်ကြီးသည် အော်ဟစ်အားပေးရင်း အပြင်သို့ ပြေးထွက်လာကြတော့သည်။

"ဒိုင်း ဒိုင်း ဒိုင်း..."

သေနတ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် အဝေးမှ အရိပ်မည်းကြီးများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

"ဟူး... ဆင်အုပ်စုကို အမဲလိုက်တာ၊ ဘယ်သူ မြင်ဖူးသလဲ”

"ဒါမျိုးကို ဘယ်သူက မြင်ဖူးမှာလဲ။ အဲဒီလောက် ဆူညံနေတာကို။ ပြီးတော့ အာဖရိကဆင်တွေက ဘယ်လောက် ကြမ်းသလဲ၊ ငါတော့ သွားမကြည့်ရဲဘူး"

"စခန်းဘေးမှာတင် ဖြစ်နေတာပဲ၊ သွားကြည့်ကြရအောင်။ ဓာတ်ပုံရိုက်ပြီး မိတ်ဆွေတွေကြားထဲမှာ ကြွားလို့ ရတာပေါ့။ ဝယ်သူတွေ မြင်ရင်လည်း တောက်... ဒီလူက ကိုယ်တိုင် ဆင်အမဲလိုက်တာမှာ ပါဝင်ခဲ့တာပဲဆိုပြီးတော့..."

လူအုပ်ကြီးသည် ပြန်လည်စဉ်းစားကြည့်လိုက်ရာ ထိုစကားမှာ မှန်ကန်နေသဖြင့် အမဲလိုက်အဖွဲ့၏နောက်ကွယ်မှနေ၍ အလျင်အစလို လိုက်ပါသွားကြတော့သည်။

"ဟူး... ဟူး... ဟူး"

"ဆင်အုပ်စု ဘယ်မှာလဲ”

အဖွဲ့ခေါင်းဆောင်များသည် ရှေ့ဆုံးတွင် ရပ်နေကြသော်လည်း ဘာမှမရှိသော မြက်ခင်းပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ဟောက်လိုက်သည်။

"ဂျောက်... ဂျောက်... ဂျောက်"

ရုတ်တရက် ဘေးရှိ တောအုပ်အတွင်းမှ သစ်ပင်များမှာ လှုပ်ခါလာသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အပေးအယူ မျှတစွာဖြင့် တောအုပ်အတွင်းသို့ ခိုးကြောင်ခိုးဝှက် တိုးဝင်သွားကြသည်။

562 03

"သတိထားကြနော်၊ စောစောက ဆင်အုပ်စုက သေနတ်သံ ကြားသွားလို့ ဖြစ်မယ်။ အခုက မှောင်နေတာဆိုတော့ ပစ်တဲ့အခါ သတိထားကြဦး၊ ဆင်စွယ်တွေ မထိခိုက်စေနဲ့"

သို့သော် လူအုပ်ကြီး တောအုပ်အတွင်းသို့ ဝင်ရောက်သွားသည့် ခဏမှာပင်...

"အား... အား... ကယ်ကြပါဦး"

"မလန့်ကြနဲ့ဦး၊ မလန့်ကြနဲ့၊ ပြန်တိုက်ကြစမ်း တောက်... ဘယ်သူ ထွက်ပြေးပြေး ငါကိုယ်တိုင် ပစ်သတ်မယ်၊ အကုန် ပြန်လာကြစမ်း"

"မြန်မြန် ပြေးကြဟေ့..."

နာကျင်စွာ အော်ဟစ်သံများနှင့် ကယ်ပါယူပါ အော်သံများမှာ ဆူညံသွားတော့သည်။ တောအုပ်အတွင်းသို့ ဝင်ရန် ပြင်နေသော ပွဲစားအုပ်စုမှာလည်း အတွင်းမှ အော်ဟစ်သံများကို ကြားရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားကြရသည်။ တစ်စုံတစ်ခုသော ကြောက်မက်ဖွယ်ရာ အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ လူးလိမ့်ကာ ထွက်ပြေးလာကြသော အမဲလိုက်အဖွဲ့ဝင်များကို ကြည့်ရင်း သူတို့မှာ နေရာမှာတင် ကြောင်အသွားကြတော့သည်။

"ဂလု"

လူဝကြီးသည် နဖူးမှ ချွေးအေးများကို သုတ်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် မျက်လုံးများကို ပြူးကျယ်လျက် တောအုပ်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသော ဧရာမ သတ္တဝါကြီးများကို စိုက်ကြည့်နေမိသည်။

သူ၏ခြေထောက်နှစ်ဖက်မှာ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။ ကြံ့များနှင့် အာဖရိကဆင်ပေါင်းများ…အနည်းဆုံး အကောင်ရေ ရာနှင့်ချီ၍ ရှိနေသည်။ အကောင်တိုင်းမှာ လူအုပ်ကြီးကို အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

သို့သော် လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေသော အရာမှာမူ အခြားတစ်ခု ဖြစ်သည်။ ရှေ့ဆုံးမှ အာဖရိကဆင်ကြီး တစ်ကောင်၏ကျောပေါ်တွင် လူငယ်တစ်ဦးမှာ တည်ငြိမ်စွာ ထိုင်နေပြီး လက်ထဲမှ အော်တိုရိုင်ဖယ်ဖြင့် လူတိုင်းကို ချိန်ရွယ်ထားခြင်းပင် ဖြစ်သည်။ အကယ်၍သာ အရင်ကဆိုလျှင် ဤမျှ များပြားလှသော သားကောင်များကို မြင်ရသည့်အခါ လူတိုင်းမှာ ပျော်ရွှင်၍ ဆုံးမှာ မဟုတ်ပေ။ အကောင်တိုင်းမှာ ပိုက်ဆံတွေချည်းပဲ မဟုတ်ပါလား။

သို့သော် ယခုအခါတွင်မူ ဤမျှများပြားလှသော တိရစ္ဆာန်ကြီးများကို မြင်တွေ့ရသည့်အခါ လူတိုင်း၏ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေတော့သည်။ အထူးသဖြင့် ကြမ်းတမ်းလှသော ကြံ့နက်အကောင်ရေ ဆယ်ဂဏန်းခန့်ကို မြင်ရသည့်အခါ ပို၍ပင် ဆိုးရွားလှသည်။ ကြံ့တစ်ကောင်ကို သတ်ရန်အတွက်ပင် လူပေါင်းများစွာက မနားတမ်း ပစ်ခတ်မှသာ လဲကျနိုင်ခြင်း ဖြစ်သည်။ ယခုမူ အကောင်ရေ ဆယ်ဂဏန်းခန့် ရှိနေသည် မဟုတ်ပါလား။ ဤသည်မှာ သေချာပေါက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။ တစ်ခါတည်း ပြေးဝင်တိုက်ခိုက်လိုက်ရုံနှင့် လက်ထဲတွင် သေနတ်ရှိလျှင်ပင် အသက်ရှင်ရန်မှာ မလွယ်ကူလှပေ။

******

563 01

အခန်း 563 နောက်ထပ် တစ်မျိုး လိုသေးတယ် (၂/၂)

"မကြောက်နဲ့၊ အကုန်လုံး သေနတ်မြှောက်ပြီး..."

"ဒိုင်း"

အမဲလိုက်အဖွဲ့ ခေါင်းဆောင်တစ်ဦးသည် သေနတ်ပြောင်းဝကို မြှောက်လိုက်ရုံရှိသေး၊ အော်ဟစ်ရန် ပြင်စဉ်မှာပင် ရှေ့မှ ဆင်ကြီး၏ ကျောပေါ်မှ စူးရှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ မြေပြင်ပေါ်တွင် လဲကျကာ တစ်ကိုယ်လုံး တုန်ရီနေသော အဖွဲ့ခေါင်းဆောင်ကို ကြည့်ရင်း လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်လျက် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြတော့သည်။

စောစောက တောအုပ်အတွင်းမှာလည်း ဤအတိုင်းပင် ဖြစ်သည်။ မည်သူမဆို သေနတ်မြှောက်ရန် ကြိုးစားသည်နှင့် တစ်ပြိုင်နက် ထိုလူငယ်၏ တိကျပြတ်သားသော ပစ်ခတ်မှုကို ခံရခြင်း ဖြစ်သည်။ ကွန်ပျူတာ ဖန်သားပြင် ရှေ့မှ ပရိသတ်များမှာမူ ဤအချိန်ကို စောင့်နေခဲ့ကြသည်မှာ ကြာလှပြီ ဖြစ်သည်။ ဒါရိုက်တာ ဆုပိုင်က နောက်ဆုံးတွင် စတင် တိုက်ခိုက်ပြီ ဖြစ်ကြောင်း မြင်ရသည့်အခါ ၎င်းတို့သည် ကီးဘုတ်များကို ရိုက်နှိပ်လျက် သူတို့၏ရင်ထဲမှ ဒေါသများကို နည်းမျိုးစုံဖြင့် ပေါက်ကွဲနေကြတော့သည်။

"ဒီလိုပဲ ဖြစ်သင့်တာ၊ တိုက်စမ်း"

"တောက်... ဒါရိုက်တာဆုပိုင် တစ်နေ့နဲ့ တစ်ညလုံး ပြေးလွှားနေရတာ ကြည့်ပြီး ငါတော့ တောင့်မခံနိုင်တော့ဘူး။ လမ်းမှာ ဒီယုတ်မာတဲ့ အမဲလိုက်သမားတွေကိုလည်း ရှောင်ရသေးတယ်၊ တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကိုလည်း သတိထားရသေးတယ်။ အခုတော့ အောင်မြင်ပြီပဲ၊ ဒီတစ်ခါတော့ ဆုပိုင်ကို အပြည့်အဝ ထောက်ခံတယ်၊ တစ်ယောက်မှ အလွတ်မပေးနဲ့"

"မှန်တယ်၊ အစကတော့ နည်းနည်း ရက်စက်တယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ မြက်ခင်းပြင်တစ်ခုလုံးမှာ သေဆုံးနေတဲ့ တိရစ္ဆာန်တွေကို မြင်ရတော့ ဒီအမဲလိုက်သမားတွေက တကယ် သေသင့်တာ။ သေကို သေသင့်တာ တောက်... ငါတော့ တကယ် ဒေါသထွက်မိတယ်၊ လမ်းတစ်လျှောက်မှာတင် ဆင်အရေခွံတွေက ရာနဲ့ချီ ရှိနေတာလေ။ ဆင်တွေက တစ်နှစ်မှာ ဘယ်နှစ်ကောင်တောင် မွေးနိုင်လို့လဲ၊ ဒီလိုသာ သတ်နေရင် သူတို့ မျိုးမသုဉ်းဘဲ ဘယ်သူ သုဉ်းမှာလဲ"

"ကြံ့အုပ်စုတွေဆို ပိုတောင် သနားဖို့ ကောင်းသေးတယ်။ အုပ်စုတောင် မရှိတော့ဘူး၊ အလောင်းတိုင်းမှာလည်း ဧရာမ တွင်းကြီးတွေ ဖောက်ခံထားရတာ၊ သူတို့ ဘယ်လောက်တောင် နာကျင်လိုက်မလဲ”

"တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်တွေ၊ ဒီအမဲလိုက်သမားတွေတင် မကဘူး၊ နောက်ကွယ်ကနေ ဝယ်ယူနေတဲ့လူတွေရောပဲ။ ဆန်းကျဲပိုင် (ဘုံသုံးပါးအဆောင်) ဟုတ်လား... ကိုယ့်ဦးခေါင်းခွံနဲ့ကိုယ်ပဲ လုပ်ပြီး ဆော့ကြပါတော့လား... "

"ကျွန်တော်ကတော့ ဒါရိုက်တာဆုပိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စိုးရိမ်မိတယ်။ ကျွန်တော်တို့က တိုက်ရိုက်လွင့်တင်မှုကနေ မြင်ရတာတောင် ဒီလောက်အထိ ဒေါသထွက်နေရင်၊ ဆုပိုင်ဆိုရင် ဘယ်လို ခံစားနေရမလဲ တွေးကြည့်လို့ ရတာပေါ့။ သူက တိရစ္ဆာန်တွေကို ဒီလောက် ချစ်တာကို၊ အခုဆိုရင် နာရီပေါင်းများစွာတောင် စကားမပြောနိုင်ဘဲ ဖြစ်နေတာ"

...

563 02

လူတိုင်းမှာ အလွန်အမင်း ဒေါသထွက်နေကြသော်လည်း တစ်ဖက်မှာလည်း ဒါရိုက်တာဆုပိုင်၏ အခြေအနေအတွက် စိုးရိမ်နေကြသည်။ လင်းပိုင်သတ်ပွဲ ဖြစ်စဉ်နောက်ပိုင်းတွင် ဆုပိုင်သည် ဤကဲ့သို့သော အမဲလိုက်သမားများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း လူတစ်ခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတတ်သည်။ သူ၏တစ်ကိုယ်လုံးတွင် ကြမ်းတမ်းလှသော အရှိန်အဝါများ ပြည့်နှက်နေတတ်သည်။ ထိုလူများကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးရှိလျှင် သူ ဘယ်သောအခါမှ လက်တွန့်နေမည် မဟုတ်ပေ။ ဤသည်မှာလည်း လူတိုင်း စိုးရိမ်နေသည့် အချက်ပင် ဖြစ်သည်။ ဤသည်မှာ တိုက်ရိုက်လွင့်တင်မှုသာဖြစ်ကြောင်း သိထားကြသော်လည်း စိတ်ခံစားချက်များမှာမူ လက်တွေ့လောကသို့ ပါလာနိုင်သည် မဟုတ်ပါလား။ တကယ်လို့ နောင်တစ်ချိန်မှာ ဆုပိုင်ရဲ့ ရှေ့မှာ တိရစ္ဆာန်တွေကို နာကျင်အောင် လုပ်တဲ့သူ ရှိလာရင်တော့... လူတိုင်း ဆက်ပြီး မတွေးရဲကြတော့ပေ။

"ဟူး..."

ဆုပိုင်သည် သေနတ်ကို ကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ရီနေပြီး၊ မျက်လုံးများကို မှေးကြည့်လျက် ရှေ့မှ လူအုပ်ကြီးကို စိုက်ကြည့်နေသည်။ မြက်ခင်းပြင် တစ်ခုလုံးရှိ တိရစ္ဆာန်များအနက် ကြံ့နှင့် ဆင်အုပ်စုများသာ အမဲလိုက်ခံရသည် မဟုတ်ဘဲ၊ တိရစ္ဆာန် အမျိုးအစားတိုင်းလိုလိုမှာပင် ဤလူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးသည်။ တိုက်ရိုက်လွင့်တင်မှုမှ ပရိသတ်များမှာ အလောင်းများကို မြင်ရရုံနှင့်ပင် ဤမျှ ဒေါသထွက်နေကြလျှင်၊ တိရစ္ဆာန်များနှင့် စကားပြောဆိုနိုင်သော ဆုပိုင်အဖို့မူ ၎င်းတို့၏ ခံစားချက်များကို ပိုမိုလေးနက်စွာ သိရှိနေရခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ရှေ့မှ လူအုပ်ကြီးသည် ၎င်းတို့၏ ပစ်မှတ်ကို ရရှိပြီးလျှင်ပင် မည်သည့် တိရစ္ဆာန်ကိုမဆို အလွတ်ပေးမည့်သူများ မဟုတ်ပေ။

"တိုက်ကြစမ်း"

ဆုပိုင်သည် အာဖရိကဆင် ခေါင်းဆောင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ ၎င်းကို ခေါင်းဆောင်ဟု ခေါ်ဆိုရသော်လည်း အမှန်တကယ်တွင်မူ အဖော်မဲ့နေသော ဆင်အိုကြီး တစ်ကောင်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အုပ်စုတစ်ခုလုံးမှာ ပြီးခဲ့သည့်နှစ်ကတည်းက သတ်ဖြတ်ခြင်း ခံခဲ့ရသောကြောင့်ဖြစ်သည်။ မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့ရသည်။ ထိုဆင်အိုကြီးသည် အလောင်းများကို အချိန်အကြာကြီး စောင့်ကြပ်နေခဲ့ပြီး၊ အသားများ ပုပ်ပွကာ အရိုးများသာ ကျန်တော့သည့် အချိန်အထိ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှသာ စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

"မူး..."

"တိုက်ကြစို့"

ဆင်အိုကြီးသည် ကောင်းကင်သို့ မော့ကာ အသံကုန် ဟိန်းဟောက်လိုက်ရာ မျက်လုံးများအတွင်း၌ မျက်ရည်များ ပြည့်နှက်နေတော့သည်။ ဆင်များ၏ စိတ်ခံစားချက်မှာ လူသားများနှင့် မခြားပေ။ ယခုအခါ ဒေါသများ ပြည့်နှက်နေသော ဤဟိန်းသံကြီးကြောင့် လူတိုင်းမှာ နေရာတွင်တင် ကြောင်အသွားကြရသည်။

"ဝုန်း... ဝုန်း... ဝုန်း"

တိရစ္ဆာန်ပေါင်းများစွာမှာ တိုးတိုးလေး ဟိန်းဟောက်လိုက်ကြပြီး ထွားကြိုင်းလှသော ခြေထောက်များဖြင့် မြေပြင်ကို အားကုန် နင်းချကာ ကြွက်သားများ တင်းမာလျက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့သည်။

"မလုပ်ပါနဲ့"

"မလုပ်ကြပါနဲ့"

"ပစ်ကြစမ်း သေနတ်နဲ့ ပစ်ကြစမ်းပါဦး"

အမဲလိုက်အဖွဲ့ဝင်များမှာ သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသော တိရစ္ဆာန်အုပ်ကြီးကို မြင်ရသည့်အခါ ငလျင်လှုပ်သကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်မှာလည်း ရူးသွပ်စွာ တုန်ခါနေတော့သည်။ လူတိုင်းမှာ ကိုယ်ကို လှည့်ကာ အဝေးမှ စခန်းရှိရာသို့ အသည်းအသန် ပြေးထွက်ခဲ့ကြသည်။

"ဗျစ်..."

"ဒုန်း"

563 03

ကြံ့အထီးတစ်ကောင်၏ ချွန်ထက်လှသော ကြံ့ချိုမှာ အမဲလိုက်သမား တစ်ဦး၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးဖောက်သွားပြီးနောက် သူ့ကို အဝေးသို့ လွင့်စင်သွားစေသည်။ ဘေးနားရှိ အာဖရိကဆင် တစ်ကောင်မှာလည်း သူ၏ခြေထောက်ကို မြှောက်ကာ ရှေ့မှ လူသား၏ ဦးခေါင်းပေါ်သို့ အားကုန် နင်းချလိုက်ရာ၊ ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် စခန်း၏အဝင်ဝမှာ ငရဲခန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားတော့သည်။ အသက်ရှင်ကျန်ရစ်သော လူသား အလောင်းဟူ၍ တစ်ခုမျှ မရှိပေ။ များပြားလှသော ဆင်အုပ်ကြီးမှာ ရင်ထဲမှ ဒေါသများကို ဖြေဖျောက်ရန်အတွက် အလောင်းများကို ဆက်လက် နင်းချေနေကြဆဲ ဖြစ်သည်။ သွေးများမှာ မြက်ခင်းပြင်ကို နီရဲသွားစေတော့သည်။

"မူး..."

ရုတ်တရက် ထိုအချိန်တွင် ဆင်အိုကြီးသည် ကောင်းကင်သို့ မော့ကာ တစ်ချက် အော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားတော့သည်။ ဆုပိုင်သည် ဘေးမှနေ၍ အလျင်အစလို ပြေးသွားခဲ့သည်။ သူသည် အိုမင်းလှပြီဖြစ်သော ထိုဆင်ကြီး၏ နဖူးကို ပွတ်သပ်ရင်း ၎င်း၏ ရှေ့တွင် ဖြည်းဖြည်းချင်း ဒူးထောက်ထိုင်ချလိုက်သည်။ ဆင်အိုကြီး၏မျက်လုံးများအတွင်းမှ မျက်ရည်များ စီးကျလာသည်ကို သူ မြင်တွေ့နေရသည်။

"ဟူး..."

ဆုပိုင်သည် မျက်နှာကို လွှဲလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ခရီးမထွက်ခင်မှာပင် ဆုပိုင်သည် ထိုဆင်အိုကြီးကို ဖျောင်းဖျခဲ့ပါသေးသည်။ သို့သော်လည်း... ဖြစ်နိုင်သည်မှာ ဤသည်မှာ ဆင်အိုကြီး အသက်ရှင်ရန် ဆုပ်ကိုင်ထားသော နောက်ဆုံး ဆန္ဒတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အမဲလိုက်သမား အားလုံးကို သတ်ဖြတ်ပြီးနောက်တွင်မူ သူသည် ဆက်လက်တောင့်မခံနိုင်တော့ပေ။

"မူး..."

"အုပ်စု... ငါ့ရဲ့ အုပ်စုလေး..."

ဆင်အိုကြီး၏ ခပ်တိုးတိုးလေး ရေရွတ်သံနှင့်အတူ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။ ဆုပိုင်သည် ဆင်အိုကြီး၏ ရှည်လျားလှသော ဆင်စွယ်ကို ကိုင်ထားရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ တကယ်လို့ ဆင်တွေမှာသာ ဆင်စွယ် မရှိခဲ့ရင်... ဒီလူတွေရဲ့ သတ်ဖြတ်ခြင်းကနေ လွတ်မြောက်နိုင်ပါ့မလား။ ဒီလူတွေက ဒီသက်ရှိတွေကို အလွတ်ပေးပါ့မလား။

သူသည် ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များကို လှည့်ကြည့်လိုက်ရာ၊ များစွာသော တိရစ္ဆာန်များမှာ ကိုယ်ကို လှည့်ကာ တဖြည်းဖြည်း ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကြံ့အနည်းငယ်နှင့် အာဖရိကဆင် အချို့သာ ဆုပိုင်၏ဘေးတွင် ကျန်ရစ်နေခဲ့ကြသည်။ ဤတိရစ္ဆာန် အနည်းငယ်မှာ ယခုတာဝန်တွင် သူနှင့်အတူ ပြန်လည် ခေါ်ဆောင်သွားရမည့် အကောင်များ ဖြစ်သည်။ သို့သော်... ဤသည်မှာ တိရစ္ဆာန် နှစ်မျိုးသာ ရှိသေးသည်။ နောက်ထပ် တစ်မျိုးကို သူ ရှာမတွေ့သေးပေ။

"စနစ်... ဒီတိရစ္ဆာန်တွေကို အရင် ပြန်ပို့လို့ ရမလား” ဆုပိုင်သည် စိတ်ထဲမှနေ၍ စနစ်ကို မေးမြန်းလိုက်သည်။

"တိရစ္ဆာန် တစ်မျိုးချင်းစီအတွက် အံ့အားသင့်မှု အမှတ် ၅ သိန်း ဖြတ်တောက်ပါမည်။ တိရစ္ဆာန်ရုံသို့ ကြိုတင် ပို့ဆောင်နိုင်ပါသည်"

"ဖြတ်လိုက်ပါ၊ ဆင်အိုကြီးရဲ့အလောင်းကိုပါ တစ်ခါတည်း ယူသွားပေးပါ" ဆုပိုင်သည် လေးနက်သော မျက်နှာထားဖြင့် ထရပ်လိုက်ရင်း ပြောလိုက်သည်။ တကယ်လို့ ဆင်အိုကြီးရဲ့အလောင်းကို ဒီမှာ ထားခဲ့ရင်တော့ နောက်မှ ရောက်လာမယ့် လူတွေက ဆင်စွယ်တွေကို သေချာပေါက် လာနှုတ်ကြမှာ ဖြစ်သည်။

563 04

အခုအချိန်အထိ လူသား အလောင်းများစွာကို ကြည့်ရင်း ဆုပိုင်၏ရင်ထဲတွင် အလွန်အမင်း မွန်းကျပ်နေမိသည်။ လက်စားချေလိုက်ရခြင်းကြောင့် ရရှိမည့် ပျော်ရွှင်မှုမျိုး လုံးဝမရှိပေ။ ရှိနေသည်မှာ အဆုံးစမဲ့သော ဝမ်းနည်းကြေကွဲမှုနှင့် အားကိုးရာမဲ့သည့် ခံစားချက်များသာ ဖြစ်သည်။ သူသည် မြက်ခင်းပြင် တစ်ခုလုံးရှိ တိရစ္ဆာန်များကို ကယ်တင်ချင်သော်လည်း... စနစ်ကမူ ထိုသို့ ခွင့်ပြုမည် မဟုတ်ပေ။ သူ လုပ်နိုင်သည်မှာ တိရစ္ဆာန် အနည်းငယ်ကိုသာ ခေါ်ဆောင်သွားပြီး တိရစ္ဆာန်ရုံအတွင်း၌ မျိုးပွားနိုင်အောင် လုပ်ပေးရန်သာ ရှိတော့သည်။

ဖြစ်နိုင်သည်မှာ နောင်တစ်ချိန်တွင် လူတိုင်းသည် တိရစ္ဆာန်များကို စိတ်ရင်းမှန်ဖြင့် ကာကွယ်လာကြသည့်အခါမှသာ ဤသတ္တဝါလေးများသည် ၎င်းတို့၏ဇာတိမြေသို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။ ထိုအခါမှသာ စိုးရိမ်စရာမလိုသော ဘဝကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်သည်။

"ဒါဟာ ငါ့ရဲ့ ရည်မှန်းချက်ပဲ"

ဆုပိုင်သည် လက်သီးကို တင်းတင်းဆုပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ များပြားလှသော တိရစ္ဆာန်များ မိမိ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို သူ စိုက်ကြည့်နေမိသည်။ ဤသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ တစ်ဖက်က နောက်ဆုံး တိရစ္ဆာန်ကို ရှာဖွေရန်ဖြစ်သလို၊ တစ်ဖက်ကလည်း တိုက်ရိုက်လွင့်တင်မှုမှ ပရိသတ်များကို ဝေခွဲမရ ဖြစ်စေရန်အတွက် ဖြစ်သည်။ တိုက်ရိုက်လွင့်တင်မှု အရေအတွက် များပြားလာသည်နှင့်အမျှ မြင်ကွင်းများအပေါ် လူအတော်များများက သံသယ ဝင်လာကြပြီ ဖြစ်သည်။ တိရစ္ဆာန်များ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကဲ့သို့သော လူသားတို့ နားမလည်နိုင်သည့် အခြေအနေမျိုး ပေါ်ပေါက်မှသာ၊ ဤမြင်ကွင်းများသည် အတုအယောင်များသာ ဖြစ်သည်ဟု လူအများက ယုံကြည်လာကြမှာ ဖြစ်သည်။

++++++

564 01

အခန်း 564

ဆုပိုင်သည် ကျောပိုးအိတ်ကို လွယ်ကာ သွေးစက်များစွာ ရှိနေသော မြက်ခင်းပြင်အတိုင်း တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ လာခဲ့သော ပင်လယ်ပြင်ဆီသို့ ပြန်သွားရန် ဖြစ်သည်။ သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် နောက်ဆုံး တိရစ္ဆာန်မှာ “ဟဲတင့်ဟုန်” ပြုလုပ်ရန် အသုံးပြုသည့် တိရစ္ဆာန် ဖြစ်ရပေမည်။ ယခုအခါ "၂-နက်" နှင့် "၃-ဖြူ" ကို သူ ရှာတွေ့ခဲ့ပြီ ဖြစ်ရာ၊ "၁-နီ" သာ ကျန်တော့သည်။ သို့သော် ဤငှက်အမျိုးအစား၏ ကျက်စားရာ နေရာမှာ စောစောက စခန်းရှိရာ နိုင်ငံအနီးတဝိုက်တွင် ရှိနေရပေမည်။ သူသည် ပင်လယ်ကူးသင်္ဘောကို စီးနင်းကာ ပြန်သွားရပေလိမ့်မည်။

ညအမှောင်အောက်တွင် ဆုပိုင်၏အရိပ်မှာ ရှည်လျားနေပြီး၊ သူ၏နောက်ကွယ်တွင်မူ များပြားလှသော အလောင်းများ ပုံလျက်သား ကျန်ရစ်ခဲ့သည်။ အာဖရိက သမင်အချို့မှာ ကြိုးများ ပြတ်တောက်သွားသဖြင့် စခန်းအတွင်းမှ ထွက်ပြေးလာကြပြီး ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တကြားဖြင့် ဘေးမှ တောအုပ်အတွင်းသို့ ပြေးဝင်သွားကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် လူသားအားလုံး သေဆုံးသွားခဲ့ပြီဖြစ်သဖြင့် ၎င်းတို့မှာ အသက်ရှင်ခွင့် ရရှိသွားခဲ့ကြပြီ ဖြစ်သည်။

...

အင်ဒိုနီးရှား

ထူထပ်လှသော တောနက်ကြီးတစ်ခုအတွင်း၌ဖြစ်ပြီး ပတ်ဝန်းကျင်တွင် ကြည်လင်လှသော စမ်းရေများ စီးဆင်းနေသည်။

"ဒေါက်... ဒေါက်... ဒေါက်"

အမွှေးအတောင် လှပလှသော ဦးချိုဆင်ငှက် တစ်ကောင်သည် သစ်ကိုင်းပေါ်သို့ နားလိုက်ရာ၊ သူ၏ မျက်ခုံးပေါ်မှ သွေးကဲ့သို့ နီရဲနေသော ဦးခေါင်းခွံမှာ အလွန်ပင် ထင်ရှားလှပေသည်။ ဤအထီး၏ နောက်တွင်မူ အမတစ်ကောင် လိုက်ပါလာသည်။ မိမိ၏အဖော်က အသိုက်ကို အားသွန်ခွန်စိုက် ဆောက်လုပ်နေသည်ကို ကြည့်ရင်း အမမှာ အတောင်ပံများကို ခါယမ်းလျက် ပျော်ရွှင်စွာ အော်ဟစ်နေတော့သည်။ ငါးလကြာမြင့်မည့် မျိုးပွားကာလ ရောက်ရှိတော့မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တတိယမြောက် ရင်သွေးများ ဖြစ်လာကြပေလိမ့်မည်။

"ကျိ..."

ရုတ်တရက် အမဖြစ်သူက ဝမ်းနည်းဖွယ် ကောင်းလှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ ကလေးလေးတွေ..."

အရင်က မွေးဖွားခဲ့သော ဦးချိုဆင်ငှက်လေးများကို ၎င်းတို့ တစ်ခါမျှ ပြန်မတွေ့ရတော့ပေ။ ဖြစ်နိုင်သည်မှာ အခြားတစ်နေရာသို့ ပျံသန်းသွားကြခြင်း ဖြစ်နိုင်သလို၊ လူသားများ၏ လက်ထဲတွင် အလှဆင် ပစ္စည်းများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်လည်း ဖြစ်နိုင်သည်။

"ကဲ... ရပြီ"

ခင်ပွန်းဖြစ်သူ၏ အချက်ပေးသံကို ကြားရသည့်အခါ အမဖြစ်သူမှာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး အတောင်ပံကို ဖြန့်လျက် သစ်ခေါင်းအတွင်းသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့သည်။

"ငါ သွားပြီး အပေါက်ကို ပိတ်လိုက်ဦးမယ်"

အထီးဖြစ်သူက မှာကြားလိုက်ပြီး ဘေးမှ စမ်းချောင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ သူသည် ရွှံ့နွံများကို အသုံးပြုကာ သစ်ခေါင်းဝကို ပိတ်ရပေလိမ့်မည်။ အစာကျွေးရန်အတွက် အပေါက်ငယ်လေး တစ်ခုသာ ချန်ထားရမှာ ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် ရန်သူများ၏ ဘေးမှ ကာကွယ်နိုင်ရုံတင်မကဘဲ ဥများကိုလည်း ပိုမို ကောင်းမွန်စွာ ဖောက်နိုင်မှာ ဖြစ်သည်။

564 02

သို့သော်... သူ တစ်ခုကို မေ့နေပုံရသည်။ မလှမ်းမကမ်းရှိ တောအုပ်အတွင်း၌မူ သဘာဝ ရန်သူများထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ရန်သူများ ရှိနေသည် မဟုတ်ပါလား။ ၎င်းတို့၏ပစ်မှတ်မှာ အမငှက် မဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေခြင်းပင်။

"အားလုံး သတိထားကြ"

"ကြားလား၊ ငါတို့က ခရီးသွားတွေလေ၊ ခရီးသွားဆိုတာ နားလည်လား၊ မလန့်ကြနဲ့ဦး"

ဦးချိုဆင်ငှက်အထီးမှာ ရွှံ့နွံများဖြင့် အပေါက်ကို တစ်စတစ်စ ပိတ်နေစဉ်မှာပင်၊ အဝေးမှ တောင်ခြေတွင် ခရီးသွားအုပ်စုတစ်စုမှာ ကင်မရာများကို ကိုင်ဆောင်လျက် လှပသော နေရာများကို ရှာဖွေကာ ဓာတ်ပုံရိုက်နေကြသည်။

"ဆု... မင်းနဲ့ ဆုံရတာ ဝမ်းသာပါတယ်၊ ငါတို့ အတူတူ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ ရမလား”

လူဖြူအမျိုးသမီးတစ်ဦးသည် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပြီး ဘေးမှ တိတ်ဆိတ်နေသော လူငယ်ကို လက်ယမ်းခေါ်လိုက်သည်။

"ဗျာ”

"ရပါတယ်"

ဆုပိုင်သည် ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် လျှောက်သွားခဲ့သည်။ လူဖြူအမျိုးသမီးသည် ဆုပိုင်၏လက်မောင်းကို ချိတ်လိုက်ပြီး အနားသို့ တိုးကပ်ကာ အဝေးမှ သူငယ်ချင်းများကို လက်ပြလျက် ချိုသာသော အပြုံးတစ်ခု ပြသလိုက်သည်။ ဆုပိုင်သည် မိမိ၏လက်မောင်းသို့ ထိတွေ့နေသော နူးညံ့မှုကို ခံစားလိုက်ရသည့်အခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

"တောက်... ဒါ ဘာကြီးလဲဗျာ။ အရှက်မရှိ ကြွားနေတာပဲ။ စူပါမော်ဒရေတာရှိလား၊ ဒါရိုက်တာဆုပိုင်က လူအများရှေ့မှာ ဒါမျိုး လုပ်နေတယ်ဗျာ၊ အစ်မကြီးကျိုးဝမ် ကို သွားတိုင်ရမယ်"

"အပြာရောင်ငါးစုတ် - ဘာတွေ လျှောက်ပြောနေတာလဲ။ ဆုပိုင်က ငါ့အပိုင်လေ... တောက်... ငါ ခွဲစိတ်ဖို့တောင် ရက်ချိန်းယူထားပြီးပြီ။ ညီအစ်ကိုတို့၊ ဆုပိုင်က အကြီး ကြိုက်တာလား၊ အသေး ကြိုက်တာလား ဘယ်သူ သိသလဲ။ 36D ဆိုရင် ရမလား။ လက်နဲ့ကိုင်ရင် အပိုတွေ ထွက်နေမလား မသိဘူးနော်"

"လင်ယွင် - အပေါ်ကလူ၊ အရှက်ရှိစမ်းပါ။ တိတ်တဆိတ်တောင် ရက်ချိန်းယူထားတယ်ပေါ့၊ အတူတူ သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ တကယ့်ကို မကောင်းတဲ့လူပဲ၊ ငါ ကန့်ကွက်ရှုတ်ချတယ်... ဒါနဲ့ ငါကတော့ ၃၂ လောက်ဆိုရင် ဘယ်လိုနေမလဲ။ သေးလွန်းမလားဟင်”

"ဟားဟား... အပေါ်ကလူတွေက ဘယ်လိုလူတွေလဲ။ တောက်... ငါ့ကိုရော ထည့်မတွက်ကြတော့ဘူးလား။ တစ်ဖက်ကြီး တစ်ဖက်သေးဆိုရင်ကော ဘယ်လိုလဲ။ အဲ့ဒါကမှ အကောင်းဆုံးလေ... ဟဲဟဲ"

"စာကြည့်တိုက်မှူး - တစ်ရက် စာရိုက်ခွင့် ပိတ်လိုက်သည် (ဝံပုလွေခွေးကို တိုက်ရိုက်လွင့်တင်မှုမှ နှင်ထုတ်လိုက်သည်)"

"လျှောက်မပြောကြနဲ့တော့၊ ဒီ ဒေစီဆိုတဲ့ အမျိုးသမီးက မဂ္ဂဇင်း တစ်စောင်က မဟုတ်လား။ သူလည်း ဆုပိုင်လိုမျိုး တိရစ္ဆာန်တွေကို ကာကွယ်ဖို့ လာတာများလား"

"ကျွန်တော့်အမြင်တော့ မဟုတ်ဘူး၊ သူက တမင်တကာကို... (ရူးကြောင်ကြောင် ပြုံးလိုက်သည်)"

...

တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များသည် ဆုပိုင်၏လက်မောင်းကို တင်းတင်းချိတ်ထားသော လူဖြူအလှလေးကို ကြည့်ကာ မနာလို ဖြစ်နေကြသည်။ မနာလိုဘူးလို့ ပြောရင်တော့ အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။

564 03

ဆုပိုင်သည် ဒေစီ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီးနောက် သစ်ပင်ထိပ်ဖျားများကို မျက်မှောင်ကြုတ် ကြည့်နေမိသည်။ ရုတ်တရက် သူ သစ်ခေါင်းတစ်ခုကို ရှာတွေ့သွားသည်။

"နေဦး... တစ်ခုခု တွေ့လိုက်သလိုပဲ"

သူသည် လူအုပ်ကြီးကို အမြန် ရပ်ခိုင်းလိုက်သည်။ ခရီးသွားအဖွဲ့အတွင်းရှိ ရှေ့ဆုံးမှ အမျိုးသားနှစ်ဦးမှာ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက်၊ ကျန်ရှိသော လူများမှာမူ ထိုတရုတ်လူငယ်ကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်ကာ ရပ်တန့်သွားကြသည်။

"ခဏစောင့်ကြဦး"

ဆုပိုင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဘေးရှိ သစ်ပင်ကြီးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ကာ သစ်ပင်အတိုင်း တရွတ်တိုက် တက်သွားတော့သည်။ သူသည် လက်သီးဆုပ်ခန့်ရှိသော သစ်ခေါင်းဝသို့ ရောက်ရှိသွားပြီး လက်ညှိုးခန့်ရှိသော အပေါက်လေးမှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။

"ဟူး..."

သူသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူသည် သစ်ခေါင်းဝကို ဖြည်းဖြည်းချင်း နှိုက်ဖွင့်လိုက်ပြီးနောက် အတွင်းမှ အရိုးစု နှစ်ခုကို သတိကြီးစွာဖြင့် ထုတ်ယူလိုက်သည်။

"ဟင်... ဆု မင်း ဘာလို့ အရိုးစု နှစ်ခုကို ထုတ်လာတာလဲ၊ မြန်မြန် ပစ်ချလိုက်ပါ..."

"ဟုတ်ပါရဲ့ သစ်ခေါင်းထဲမှာ ဘာလို့ အရိုးတွေ ရှိနေရတာလဲ၊ ထူးဆန်းလိုက်တာ။ ငှက်တွေက ဘာလို့ ကိုယ့်ဘာသာကိုယ် သစ်ခေါင်းထဲမှာ ပိတ်မိနေရတာလဲ၊ ဒါ အစာငတ်ပြီး သေတာ မဟုတ်လား”

"အရိုးစု နှစ်ခုတောင်လား၊ တစ်ခုက ဆင်ငှက်ပေါက်လေး ဖြစ်ရမယ်။ လူတွေ လုပ်တာများလား၊ ဘယ်သူက ဒီလောက်အထိ ယုတ်မာရတာလဲ"

ခရီးသွားများစွာနှင့် တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များမှာ ဆုပိုင်က သစ်ခေါင်းထဲမှ ငှက်အရိုးစု နှစ်ခုကို ထုတ်လာသည်ကို မြင်ရသည့်အခါ အံ့သြသွားကြရသည်။

"ဗွမ်း..."

ဆုပိုင်သည် သစ်ပင်ပေါ်မှ ဝုန်းကနဲ ခုန်ဆင်းလိုက်ပြီး ဆွေးမြည့်နေသော ငှက်အရိုးစု နှစ်ခုကို မြေပြင်ပေါ်တွင် တင်လိုက်သည်။ သူသည် လူတိုင်းကို တစ်ချက်ကြည့်ကာ လေးနက်သောလေသံဖြင့် စကားစလိုက်သည်။

"ဒါဟာ ခင်ဗျားတို့ ဒီနေရာကို လာကြည့်ချင်နေကြတဲ့ ဦးချိုဆင်ငှက်တွေပဲ ဖြစ်ပါတယ်။"

"ဟူး..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူတိုင်းသည် အရိုးစုနှစ်ခုကို ကြည့်ကာ အသက်ရှူမှားသွားကြပြီး မယုံကြည်နိုင်စရာ ကောင်းလှသည့် အမူအရာများ ဖြစ်ပေါ်နေတော့သည်။ ဆုပိုင်သည် တိုက်ရိုက်လွင့်တင်မှုကို ဖွင့်လိုက်ရင်း လူအုပ်ကြီးကို ဆက်လက် ပြောပြလိုက်သည်။

"ဒါဟာ အမ ဦးချိုဆင်ငှက် တစ်ကောင်ပါ၊ ကျန်တဲ့ သေးငယ်တဲ့ အရိုးစုကတော့ ငှက်ပေါက်လေး ဖြစ်ရပါမယ်"

"လူအတော်များများက ဒီငှက်တွေရဲ့ဦးခေါင်းခွံက အရမ်း လှတယ်၊ အထဲမှာ အခဲကြီး ဖြစ်နေတယ် ဆိုတာလောက်ပဲ သိကြတာပါ။ တရုတ်ပြည်မှာလည်း ဒီလို အစိတ်အပိုင်းတွေနဲ့ လုပ်ထားတဲ့ အနုပညာ ပစ္စည်းတွေကို မြင်ဖူးကြမှာပါ"

"မှန်တယ် ဆု"

564 04

ဒေစီသည် ဘေးမှရပ်ကာ လက်မြှောက်၍ ဝင်ပြောလိုက်သည်။ "ကျွန်မတို့ လူအများကြီး ဒီကို လာတာကလည်း ဒီငှက်တွေကို ရှာဖို့ပဲလေ။ ကျွန်မတို့ဆီက ပြီးခဲ့တဲ့နှစ် လေလံပွဲတစ်ခုမှာ ဒီငှက်ရဲ့ ဦးခေါင်းခွံနဲ့ လုပ်ထားတဲ့ ဆေးနံ့သာဘူးတစ်ခုဟာ သိန်း ခြောက်သောင်းခွဲတောင် ဈေးရခဲ့တာလေ"

"တကယ်ကို မယုံနိုင်စရာပဲ၊ ဒါကြောင့် ကျွန်မတို့ စပ်စုချင်လို့ ဒီရှားပါးငှက်တွေကို လာကြည့်ကြတာပါ။ နေရာအတော်များများ သွားခဲ့ဖူးပေမဲ့ အကုန်လုံးက မျိုးသုဉ်းသွားပြီလို့ပဲ ပြောကြတယ်။ ဒီနေရာမှာပဲ အနည်းငယ် ကျန်တော့တာလေ"

"ဒါပေမဲ့ ဘာလို့ သစ်ခေါင်းထဲမှာ အစာငတ်ပြီး သေနေရတာလဲ”

ဒေစီ၏ မေးခွန်းကို လူတိုင်းက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ၎င်းတို့ထဲမှ လူအတော်များများမှာ ဤနေရာသို့ ရောက်မှ စိတ်ကူးပေါက်ကာ ထိုငှက်များကို လာရှာကြခြင်းဖြစ်ရာ၊ ဦးချိုဆင်ငှက်များ၏ ဓလေ့စရိုက်ကို သေသေချာချာ မသိကြပေ။

"ဟူး..."

ဆုပိုင်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ရှေ့မှ လူများကိုတင်မကဘဲ တိုက်ရိုက်လွင့်တင်မှုမှ ပရိသတ်များကိုပါ ရှင်းပြလိုက်သည်။ ရှေ့မှ လူအချို့မှာမူ ဦးချိုဆင်ငှက်အကြောင်းကို အသေးစိတ် သိရှိနေကြမှာ သေချာသော်လည်း ဆုပိုင်ကတော့ ထိုအချက်ကို ထုတ်မပြောခဲ့ပေ။

"အမ ဦးချိုဆင်ငှက်တွေမှာတော့ တောက်ပတဲ့ ဦးခေါင်းခွံ မပါရှိပါဘူး။ အထီးတွေမှာပဲ ရှိတာပါ။ ဒီငှက် နှစ်ကောင် သစ်ခေါင်းထဲမှာ အရှင်လတ်လတ် ငတ်ပြတ်ပြီး သေရတာကတော့ အထီးဖြစ်သူ သေဆုံးသွားလို့ ဖြစ်ရပါမယ်"

"ဒီတိရစ္ဆာန်ဟာ သဘာဝလောကမှာ ရှားပါးလှတဲ့ လင်တစ်မယားစနစ် ကျင့်သုံးတဲ့ သတ္တဝါပါ။ တစ်သက်လုံးမှာ အဖော်တစ်ဦးတည်းနဲ့ပဲ နေထိုင်တတ်ကြတယ်။ မျိုးပွားတဲ့ အချိန်မှာ အထီးဖြစ်သူက သစ်ခေါင်းတစ်ခုကို ရှာပြီး အမဖြစ်သူကို အထဲမှာ ထားရတယ်။ ငါးလတာ ကာလပတ်လုံး အမရော ငှက်ပေါက်လေးတွေပါ အထီးဖြစ်သူ ကျွေးမွေးတဲ့ အစာအပေါ်မှာပဲ အမှီပြုနေရတာပါ။"

"တကယ်လို့ အထီးဖြစ်သူ တစ်ခုခု ဖြစ်သွားရင် ဒါမှမဟုတ် လူသားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရရင်တော့..."

"နောက်ဆုံး ရလဒ်ကတော့ အမရော ရင်သွေးတွေပါ အကုန်လုံး သေဆုံးသွားရတာပါပဲ"

ဆုပိုင် စကားဆုံးသွားသည့်အခါ လူအုပ်၏အစွန်တွင် ရှိနေသော အမျိုးသားနှစ်ဦးမှာ မျက်နှာပျက်သွားကြပြီး ကိုယ်ကို လှည့်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားကြတော့သည်။ ကျန်ရှိသော လူများမှာမူ စဉ်းစားခန်း ဝင်သွားကြသည်။

+++++

All Chapters