အခန်း (၂၇၂)
Vol. 28 Ch. 272
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၇၂)
" မင်းက နည်းနည်းချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား။ " ရင်ကျန့်က ကျောက်ဖုန်း၏ အမူအရာကို ကြည့်ပြီး စနောက်နေခြင်း မဟုတ်သည်ကို သိလိုက်သည်။
" တကယ်လို့ အရှင်မင်းကြီးက အသက်တိုတိုနဲ့ သေချင်တယ်ဆိုရင်တော့ ဆက်ပြီး သောက်နိုင်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " တကယ်လို့ အသက်ရှည်ရှည် နေချင်ရင်တော့ အရှင်မင်းကြီး ရပ်လိုက်တာ အကောင်းဆုံးပါပဲ။ "
အသက်တိုတိုနှင့် သေမယ် ဟူသော စကားကို ကြားသောအခါ ကျောက်ကောင်းက အလွန်ကြောက်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ ကျောက်ဖုန်းက ရင်ကျန့်ကို ထိုမျှ ရဲတင်းသောစကားကို ပြောလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
" တကယ်ရဲတင်းလွန်းတာပဲ။ သူက အရှင်မင်းကြီးကို ဘယ်လိုလုပ် ဒီလိုတောင်ပြောရဲတာလဲ။ " ကျောက်ကောင်းက စိတ်ထဲမှ တုန်လှုပ်သွားသည်။ သို့သော် သူကို ပို၍ အံ့အားသင့်စေသည်မှာ ရင်ကျန့်က ဒေါသထွက်ခြင်းမရှိပေ။
" ဒါကို မင်းဘယ်လိုသက်သေပြနိုင်မလဲ။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။
" ဒါက ရိုးရှင်းပါတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။ " ယုန်တစ်ကောင်ကို ဖမ်းပြီး စိတ်ဝိညာဉ်ဆေးလုံး အနည်းငယ်ကို ကျွေးကြည့်ပါ။ ဒါတွေက အဆိပ်ဖြစ်မဖြစ်ဆိုတာ အရှင်မင်းကြီး မကြာခင် သိရပါလိမ့်မယ်။ ဒါပေမယ့် ရလဒ်က တစ်ရက်တည်းနဲ့တော့ မြင်ရမှာမဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို မြင်ရဖို့ ရက်နည်းနည်းတော့ကြာပါလိမ့်မယ်။ "
" သွား ယုန်နှစ်ကောင်ရှာလာခဲ့။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပြောပြီး ချက်ချင်း ထွက်ခွာသွားသည်။
" ဒါက မင်းပြောသလောက် တကယ်ပဲ စိုးရိမ်ရလို့လား။ " ရင်ကျန့်က ကျောက်ဖုန်းကို သံသယနှင့် ကြည့်နေဆဲ ဖြစ်သည်။
" ဒါဆိုလည်း အရှင်မင်းကြီး စိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ပြန်ကြည့်လိုက်သည်။
" မင်းက အဲ့ဒီလို ပြောမှတော့ ငါလည်း မသေချာဘဲ ဆက်ပြီး မသုံးစွဲရဲတော့ဘူး။ " ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။
" ဒါနဲ့ အရှင်မင်းကြီးက နန်းတော်ထဲမှာ ဆေးဖော်စပ်သူလို့ ခေါ်တဲ့သူတွေ ဘယ်နှစ်ယောက်လောက် ထားထားတာလဲ။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" အများကြီးမဟုတ်ပါဘူး။ တစ်ရာလောက်ပါပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" ဒါဆိုရင် အရှင်မင်းကြီးက ဒီနှစ်တွေအတွင်း ဆေးလုံးဘယ်လောက်သောက်သုံးခဲ့ပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။ " တစ်နေ့တစ်လုံးဆိုရင် တစ်နှစ်ဆိုရင် လေးရာနီးပါးရှိနေပြီ။ အဲ့ဒါက လန်းဆန်းဖို့ သက်သက်ပဲနော်။ "
သူက ရင်ကျန့်ကို ထူးဆန်းသော အမူအရာနှင့် ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ " သမိုင်းထဲမှာ ချင်ရှီဟွမ်က အသက်ငါးဆယ်နဲ့ ရှချူးမှာ သေခဲ့တာမထူးဆန်းတော့ဘူး။ ဆေးလုံးတွေကို ဒီလောက်ထိ သောက်နေတာ အသက်ငါးဆယ်ဆိုတာ သူတကယ် အသက်ရှည်ဖို့ ကံပါလာလို့ပဲ။ "
" ဒါပေမယ့် ဒီဆေးလုံးတွေက အဆိပ်ဆိုရင် ဘာလို့ ဒီလောက် အံ့ဩစရာကောင်းတဲ့ အာနိသင်တွေရှိနေတာလဲ။ " ရင်ကျန့်က ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
" နန်းတော်ရဲ့ ဆေးဖော်စပ်သူခေါင်းဆောင်က ဘယ်သူလဲ။ " ကျောက်ဖုန်းက သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
" ဆေးဖော်စပ်သူခေါင်းဆောင်က ရွှီဖုပဲ။ သူ့ရဲ့ ဆေးပညာက ပြိုင်ဘက်ကင်းပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" တကယ်သူဖြစ်နေတာပဲ။ ရွှီဖု သမိုင်းမှာ ချင်ရှီဟွမ်ကို အကြိမ်ကြိမ် လိမ်ခဲ့တဲ့သူ။ သူက ဧကရာဇ်ကို မသေဆေးပေးမယ်လို့ ကတိပေးပြီး ဖန်လိုင်ကျွန်းကို သွားရှာခဲ့တယ်။ နောက်ဆုံးမှာ ဝေါလူမျိုးတွေကို စုစည်းပြီး ဟွာရှအတွက် ဘေးအန္တရာယ်ဖြစ်စေခဲ့တယ်။ "
ကျောက်ဖုန်းက သမိုင်းမှတ်တမ်းထဲမှ ရွှီဖုအကြောင်းကို စဉ်းစားမိသွားသည်။ ရွှီဖုက ဝေါလူမျိုးများ၏ ပထမဆုံးဧကရာဇ်ဖြစ်လာသည်ဟု ပြောဆိုကြသော်လည်း သူတို့က သူ့ကြောင့် ယဉ်ကျေးမှု ထွန်းကားလာသည်ကိုတော့ သံသယဖြစ်စရာမလိုပေ။
" ဒါက တကယ် သမိုင်းကမ္ဘာဆိုရင်တော့ ရွှီဖုက လူလိမ်တစ်ယောက်ဖြစ်ဖို့များတယ်။ ဒါပေမယ့် ဒီကမ္ဘာက သမိုင်းသက်သက်မဟုတ်ဘဲ ကျင့်ကြံခြင်းကမ္ဘာဆိုရင်ရော... ဖန်လိုင်အင်မော်တယ်ကျွန်းက တကယ်ရှိနေနိုင်မလား။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအားရှိနေတယ်။ ကျင့်စဉ်တွေပဲ မရှိတာ။ "
" အခု ငါ့ရဲ့ ခွန်အားနဲ့တော့ ဒီလိုလျို့ဝှက်ချက်တွေကို စုံစမ်းဖို့ မဖြစ်နိုင်သေးဘူး။ ငါ ချင်စစ်တပ်နဲ့အတူ နေရာအနှံ့ကို ရောက်ဖူးပေမယ့် ငါသိသလောက်တော့ ငါတစ်ယောက်တည်းပဲ ကျင့်ကြံသူဖြစ်နေတယ်။ အခြားကျင့်ကြံသူတစ်ယောက်မှ မတွေ့ခဲ့ဘူး။ စိတ်ဝိညာဉ်စွမ်းအားတွေ ဒီလောက်ကြွယ်ဝနေတဲ့ ကမ္ဘာမှာ ကျင့်ကြံသူတွေ မရှိတာတော့ မဖြစ်နိုင်ဘူး။ သူတို့က ဒီရှန်းကျိုးနယ်မြေမှာ မရှိတာဘဲ အထက်ဘုံလို့ ခေါ်တဲ့ နေရာမှာ ရှိနေတာလည်း ဖြစ်နိုင်တယ်။ "
" အရှင်မင်းကြီး ကျွန်တော်မျိုး ယုန်နှစ်ကောင် ဖမ်းလာခဲ့ပါပြီ။ " ကျောက်ကောင်းက ယုန်နှစ်ကောင်နှင့်အတူ ခန်းမထဲသို့ ဝင်လာသည်။
ရင်ကျန့်က ယုန်များကို တစ်ချက်ကြည့်ပြီး စိတ်ကြည်လင်ဆေးဟုခေါ်သော ဆေးပုလင်းကို ယူပြီး ကျောက်ကောင်းကို ပေးလိုက်သည်။
" ယုန်တစ်ကောင်ကို ဆေးနှစ်လုံး ကျွေးလိုက်စမ်း။ မဟုတ်ဘူး သုံးလုံးကျွေးလိုက်။ "
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဆေးလုံးများကို ယူပြီး ယုန်များကို တိုက်ကျွေးရန် နန်းတွင်းအရာရှိနှစ်ယောက်ို ပေးလိုက်သည်။ မကြာခင် ယုန်နှစ်ကောင်ကို ဆေးလုံးများတိုက်ကျွေးလိုက်ပြီး ချက်ချင်းပင် ယုန်များက အလွန်တက်ကြွလာကြသည်။
" ကြည့်ရတာ ဘာပြဿနာမှ မရှိတဲ့ပုံပဲ။ " ရင်ကျန့်က ယုန်နှစ်ကောင်ကို ကြည့်ပြီး ပြောလိုကသည်။
" အရှင်မင်းကြီးအနေနဲ့ ဆုံးဖြတ်ချက်မချခင် ရက်အနည်းငယ်လောက် စောင့်ကြည့်သင့်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီယုန်နှစ်ကောင်ကို လှောင်အိမ်ထဲမှာ ထည့်ပြီး ကောင်းကောင်းကျွေးထားလိုက်။ ဒီစိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်မဖြစ် ငါကိုယ်တိုင် ကြည့်ချင်တယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" မင်းဇနီးမှာ နောက်ထပ်ကိုယ်ဝန်ရှိနေပြီလို့ ငါကြားတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဟုတ်ပါတယ်။ အခု ကိုယ်ဝန်က တစ်လရှိပါပြီ။ " ကျောက်ဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ " ဒီအချက်မှာတော့ အရှင်မင်းကြီးက လက်အောက်ငယ်သားထက် နိမ့်ကျနေပါသေးတယ်။ "
၎င်းကို ကြားသောအခါ ကျောက်ကောင်းက ပို၍ပင် ထိတ်လန့်သွားရသည်။
" ငါက ဘယ်လိုလုပ် မင်းထက်နိမ့်ကျနေလို့လဲ။ " ရင်ကျန့်က နားမလည်သော အမူအရာဖြင့် ပြောလိုက်သည်။
" ကျွန်တော်မျိုးက ဇနီးတစ်ယောက်ပဲရှိပေမယ့် အခု ဒုတိယမြောက်ရင်သွေးကို လွယ်ထားရပါပြီ။ အရှင်မင်းကြီးက ကိုယ်လုပ်တော်တွေ အများကြီးရှိပေမယ့် သားသမီးကတော့ နည်းပါသေးတယ်။တကယ်လို့ ကျွန်တော်မျိုးမှာသာ အရှင်မင်းကြီးလို ဇနီးအများကြီးရှိရင် အခုဆိုရင် ကျွန်တော်မျိုးမှာ ကလေးတစ်ရာလောက် ရှိနေလောက်ပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းကတော့..."ရင်ကျန့်က ပြုံးပြီး ခေါင်းခါလိုက်သည်။
" ကျွန်တော်မျိုး မနက်ဖြန် ကျောက်နယ်မြေကို ထွက်ခွာရပါမယ်။ ကျွန်တော်မျိုး မရှိတဲ့အချိန် ကျွန်တော်မျိုး စံအိမ်ကို စောင့်ရှောက်ပေးဖို့ အရှင်မင်းကြီးကို ဒုက္ခပေးရပါဦးမယ်။ " ကျောက်ဖုန်းက တောင်းဆိုလိုက်သည်။
"ကျွန်တော်မျိုး ညီမအတွက်တော့ ဆရာချန်နဲ့ ပြောပြီးပါပြီ။ သူမက ဆေးပညာခန်းမမှာ အရင်ဆုံး ပညာသင်ပြီးမှ စစ်ဘက်သမားတော်အဖြစ် ဝင်ရောက်ပါလိမ့်မယ်။ "
" မင်းညီမက စစ်ထဲဝင်ချင်တာလား။ " ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။
" ဒါက သူမရဲ့ ဆန္ဒပါပဲ။ သူမက လူတွေကို ကယ်တင်ချင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပါ။ " ကျောက်ဖုန်းက မတတ်သာသည့် လေသံဖြင့် ပြောလိုက်သည်။
ညနေခင်း။
ကျောက်စံအိမ်၏ အပြင်ဘက်တွင် ရထားလုံးတစ်စီး ရပ်တန့်သွားသည်။ တံခါးတွင် ကင်းစောင့်နေသော အစောင့်က ရှေ့သို့ တိုးလာသည်။
" ဘယ်သူလဲ။ "
သူစကားပြောပြီးသည်နှင့် ရထားလုံးပေါ်မှ လူနှစ်ယောက်ဆင်းလာသည်။
" လီစီနဲ့ သူ့သားက စစ်သေနာပတိချုပ်ကို တွေ့ခွင့်တောင်းတဲ့အကြောင်း သတင်းပို့ပေးပါဦး။ "လီစီက ယဉ်ကျေးစွာ ပြောလိုက်သည်။
လီစီ၏ နာမည်ကို ကြားလိုက်ရသောအခါ အစောင့်က ချက်ချင်း ဦးညွှတ်လိုက်သည်။
" တရားရေးဝန်ကြီးဖြစ်နေတာကိုး။ ခဏစောင့်ပေးပါ။ " အစောင့်က စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။
" အဖေ အခုလိုလာတွေ့တာ ရုတ်တရက်မဆန်ဘူးလား။ " လီယောင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" ယောင်အာ။ " လီစီက ပြောလိုက်သည်။ " ဒီအချိန်တစ်လျှောက်လုံးမှာ ငါမင်းကို လောကအကြောင်း သင်ပေးခဲ့ပေမယ့် မင်းက နန်းတွင်းနဲ့ အရာရှိလောကထဲကို နက်နက်ရှိုင်းရှိုင်း မဝင်ရေုက်ရသေးဘူး။ ဒီကို လာတာက အချက်နှစ်ချက်ရှိတယ်။ ပထမတစ်ချက် မင်းရဲ့ အဖေဖြစ်တဲ့ငါက ဝတ်ကျေတန်းကျေ လာတွေ့တာ။ ဒုတိယတစ်ခုကတော့ သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ မင်းရဲ့ တရားဝင်လာရောက်ဂါရဝပြုတာပဲ။ ဒီလိုလုပ်ထုံးလုပ်နည်းကို ဘယ်တော့မှ စွန့်လွှတ်လို့မရဘူး။ လီမိသားစုရဲ့ အနာဂတ်က မင်းရဲ့ ပခုံးပေါ်မှာ ရှိတယ်။ "
လီယောင်က ခေါင်းညိမ့်လိုက်သော်လည်း အနည်းငယ်သာ နားလည်လိုက်သည်။
" တရားရေးဝန်ကြီး ကြွပါ။ " အစောင့်က ပြန်ရောက်လာပြီး လီစီတို့သားအဖကို စံအိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " လီစီက လီယောင်ကို ခေါ်ပြီး စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။
ခန်းမအတွင်း၌ ကျောက်ဖုန်းက ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။
" စစ်သေနာပတိချုက်ကို နှုတ်ဆက်ပါတယ်။ " လီစီက ကျောက်ဖုန်းကို နှုတ်ဆက်လိုက်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " လီယောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
လီယောက်က အသက်နှစ်ဆယ်သာ ရှိသေးပြီး အတွေ့အကြုံနုနယ်သေးသည်။ သူ၏ အရည်အချင်းနှင့်ဆိုလျှင် ပင်မစစ်သူကြီးဖြစ်လာရန် အခွင့်အရေးမရှိပေ။ လီစီက ချင်နိုင်ငံအပေါ် သူ၏ ပေးဆပ်မှုများကို အသုံးချက သူ၏ ဂုဏ်သတင်းကို ရင်းနှီးပြီး ထိုရာထူးကို ရယူပေးခဲ့ခြင်းဖြစ်သည်။