အခန်း (၂၇၇)
Vol. 28 Ch. 277
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၇၇)
ဆေးလုံးခန်းမ။
၎င်းကို အခန်းအမျိုးမျိုးဖြင့် ခွဲခြားထားပြီး တစ်ခုစီတွင် ဆေးမီးဖိုများရှိသည်။ ဆေးမီးဖိုအနီးတွင် ဆေးဖော်စပ်သူများအပြင် ထင်းထည့်ပေးခြင်းနှင့် မီးကိုထိန်းသိမ်းပေးသော အစေခံများလည်း ရှိနေသည်။
ယနေ့ခေတ်တွင် ဆေးဖော်စပ်သူများ၏ အဆင့်အတန်းက မနိမ့်လှပေ။ ဘုရင်များသာမက ဝန်ကြီးများကလည်း ရောဂါများ ကင်းဝေးလိုကြပြီး ထာဝရအသက်ရှည်ခြင်းကိုပင် တောင့်တကြသည်။
" ဒီနေ့ ဆေးလုံးဖော်စပ်တာ ဘယ်လောက်ပြီးပြီလဲ။ " ဆေးလုံးခန်းမ၏ ဒုတိယခေါင်းဆောင် ရွှီလင်းက မေးလိုက်သည်။ သူက ဆေးလုံးခန်းမ၏ ခေါင်းဆောင်ရွှီဖု၏ တပည့်ကြီးဖြစ်ပြီး ရွှီဖုက ဆေးပင်ရှာထွက်နေသဖြင့် ခေါင်းဆောင်နေရာကို တာဝန်ယူထားရသည်။
" ဒုတိယခေါင်းဆောင် ဒီနေ့ စိတ်ကြည်လင်ဆေးလုံး ငါးဆယ်နဲ့ ကျားနဂါးဆေးလုံးငါးဆယ်ကို ဖော်စပ်ပြီးပါပြီ။ " ဆေးဖော်စပ်သူတစ်ယောက်က ပြောလိုက်သည်။
" ငါတို့ ဆေးလုံးခန်းမကို အရှင်မင်းကြီးက အရမ်းယုံကြည်ထားတာ။ ဒါကြောင့် ငါတို့က ဘယ်လိုအမှားမျိုးမှ အဖြစ်မခံနိုင်ဘူး။ " ရွှီလင်းက လေးနက်စွာ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် သံချပ်ကာဝတ်စုံသံများနှင့် ခြေသံများက နီးကပ်လာသည်။
" ဒုတိယခေါင်းဆောင် ကြောက်စရကောင်းတာ တစ်ခုခု ဖြစ်ပျက်နေပါတယ်။ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့က ကျွန်တော်တို့ ဆေးလုံးခန်းမကို ဝိုင်းထားပါတယ်။ " အစေခံတစ်ယောက်က အလျင်အမြန် ပြေးလာသည်။
" နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့လား။ " ရွှီလင်းက နားမလည်နိုင်ဖြစ်သွားသည်။
ထိုအချိန်တွင် ရန်ရှောင်နှင့် နန်းတွင်းကိုယ်ရံတော်များက ခန်းမထဲသို့ ဝင်ရောက်လာကြသည်။
"တပ်မှူးရန်ရှောင် ဒါက ဘာသဘောလဲ။ " ရွှီလင်းက ရှေ့သို့ ထွက်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ဆေးလုံးခန်းမကို ပိတ်သိမ်းပြီး ဆေးဖော်စပ်သူတွေနဲ့ အစေခံတွေအားလုံးကို ကျန်းထိုင်နန်းဆောင်ဆီ ဖမ်းဆီးခေါ်ဆောင်သွားရမယ်။ " ရန်ရှောင်က အေးစက်စွာ ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။ နန်းတွင်းကိုယ်ရံတော်များက ချက်ချင်း လူများကို စတင်ဖမ်းဆီးလိုက်ကြသည်။
" ဘာလို့လဲ။ ငါတို့ ဆေးလုံးခန်းမက အမှားအယွင်းတစ်ခုခု လုပ်မိလို့လား။ " ရွှီလင်းက ထိတ်လန့်စွာဖြင့် မေးလိုက်သည်။
" ကျန်းထိုင်နန်းဆောင်ကို ရောက်ရင် မင်းနားလည်သွားလိမ့်မယ်။ သူတို့ အားလုံးကို ခေါ်သွားကြ။ " ရန်ရှောင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဒါမတရားဘူး။ ဒါမတရားဘူး။ ကျုပ်တို့ ဘာပြစ်မှုကျူးလွန်မှန်းမသိဘဲနဲ့ ဘာလို့ ဖမ်ဆီးရတာလဲ။ ကျုပ်တို့မှာ အပြစ်မရှိပါဘူး။ " ဆေးဖော်စပ်သူများနှင့် အစေခံများက မတရားကြောင်း အော်ဟစ်လိုက်ကြသည်။ သို့သော် နန်းတွင်းကိုယ်ရံတော်များက သူတို့ကို ဂရုမစိုက်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
မကြာမီ ကျန်းထိုင်နန်းဆောင်၏ အပြင်ဘက်တွင် ဆေးဖော်စပ်သူများနှင့် အစေခံများအပါအဝင် လူပေါင်းရာချီက ရောက်ရှိလာကြသည်။
" အရှင်မင်းကြီး ဒါမတရားပါဘူး။ "
" ကျွန်တော်မျိုးတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ " ကျန်းထိုင်နန်းဆောင်၏ အပြင်ဘက်တွင် မတရားကြောင်း အော်ဟစ်သံများက ပဲ့တင်ထပ်နေသည်။ သူတို့အတွက် ရုတ်တရက် ဖမ်းဆီးခံရခြင်းက လုံးဝ နားမလည်နိုင်စရာပင် ဖြစ်သည်။
နန်းဆောင်အတွင်း၌ အပြင်မှ အော်ဟစ်သံများကို နားထောင်ပြီး ရင်ကျန့်၏ မျက်နှာက ပို၍ ခက်ထန်လာသည်။ ထို့နောက် သူက ဖြည်းညင်းစွာ ထရပ်လိုက်သည်။
" အရှင်မင်းကြီး သူတို့က အရှင်မင်းကြီးကို ထိခိုက်အောင် ရည်ရွယ်ပြီး ဆေးလုံးတွေကို ဖော်စပ်ခဲ့ကြပါတယ်။ သူတို့ကို ချက်ချင်း ကွပ်မျက်သင့်ပါတယ်။ " ကျောက်ကောင်းက ပြောလိုက်သည်။ ရင်ကျန့်က ကျောက်ကောင်းကို တစ်ချက်ကြည့်လိုက်ချိန်တွင် ကျောက်ကောင်းက ကျောစိမ့်သွားသည်။
" သူတို့ နားလည်ပြီးမှ သေရမယ်။ ပြီးတော့ စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ရှိစေတယ်ဆိုတာ သူတို့ သိမသိ ငါမေးချင်သေးတယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ သူက ခန်းမဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
ရင်ကျန့်ထွက်လာသည်ကို မြင်သောအခါ ရွှီလင်းက ချက်ချင်း အသနားခံလိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးတို့ကို ဘာလို့ ဖမ်းဆီးတာလဲ။ ကျွန်တော်မျိုးတို့ ဘာအမှားမှ မကျူးလွန်ထားပါဘူး။ "
" စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်ဆိုတာ မင်းတို့သိကြလား။ " ရင်ကျန့်က အေးစက်စွာ မေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဆေးဖော်စပ်သူ အများစုက နားမလည်နိုင်ဖြစ်သွားကြပြီး သူတို့ထဲမှ အနည်းငယ်က မျက်နှာပျက်သွားကြသည်။ သူတို့အားလုံးကို သတိထားမိလိုက်သည်။
" မင်းတို့ထဲက တော်တော်များများက စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်ဆိုတာ သိနေကြတဲ့ပုံပဲ။ ငါမင်းတို့ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမယ့် မင်းတို့က ငါကို လုပ်ကြံဖို့ ဆေးလုံးတွေ ဖော်စပ်ခဲ့ကြတယ်။ ငါမင်းတို့အားလုံးကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူတို့ကို ခေါ်သွားကြ။ သူတို့အားလုံးကို တရားရေးဝန်ကြီးဆီ ပို့လိုက်။ သူတို့ကို ပြင်းပြင်းထန်ထန် စစ်မေးခိုင်းလိုက်။ ဘုရင်ကို ထိခိုက်အောင် ပူးပေါင်းကြံစည်မှုနဲ့ စီရင်ချက်ချလိုက်။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက ထိတ်လန့်တကြား ဒူးထောက်လိုက်ကြသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ကို အသက်ချမ်းသာပေးပါ။ "
" စိတ်ဝိညာဉ်ဆေးလုံးတွေက ဘယ်လိုလုပ် အဆိပ်ဖြစ်စေမှာလဲ။ ကျွန်တော်မျိုးတို့က အရှင်မင်းကြီးကို ထိခိုက်အောင် ဘယ်လိုလုပ် လုပ်ရဲမှာလဲ။ "
အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သို့သော် ရင်ကျန့်က မည်သည့်စိတ်ခံစားမှုမှ မပြပေ။ ဘုရင်ကို အဆိပ်ခတ်ရန် ကြံစည်မှုပြစ်ဒဏ်က သူတို့၏ တစ်မျိုးလုံး သုတ်သင်ရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။
" အရှင်မင်းကြီး ဒီကိစ္စမှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခု ရှိနေနိုင်ပါတယ်။ ကျွန်တော်မျိုးက ဆရာရဲ့ သင်ကြားမှုတွေအတိုင်း အမြဲတမ်းသင်ယူခဲ့တာပါ။ အဆိပ်သင့်ဖို့ မဖြစ်နိုင်ပါဘူး။ " ရွှီလင်းက ရင်ကျန့်ကို အော်ပြောလိုက်သည်။
ရင်ကျန့်က လက်ဝှေ့ရမ်းပြလိုက်ပြီး နန်းတွင်းအရာရှိများက သေဆုံးနေသော ယုန်အချို့ကို ထုတ်ပြလိုက်သည်။ ထို့နောက် ရင်ကျန့်က တိုက်ရိုက်လှည့်ထွက်သွားသည်။
" ထပ်ပြီး ငြင်းမနေနဲ့တော့။ စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ရှိမရှိ စမ်းသပ်ပြီးသွားပြီ။ ဒီယုန်တွေက စိတ်ဝိညာဉ်ဆေးလုံးတွေကြောင့် အဆိပ်သင့်ခဲ့တာပဲ။ ယုန် အကောင်နှစ်ဆယ်က တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားခဲ့တယ်။ တစ်ကောင်ချင်းစီက စိတ်ဝိညာဉ်ဆေးလုံးကို စားပြီး လေးရက်အတွင်း သေဆုံးသွားခဲ့တယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတာ မင်းနားလည်လား။ " ရန်ရှောင်က ရွှီလင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ရွှီလင်းက အလွန်ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ နန်းတွင်းကိုယ်ရံတော်များက ဆေးဖော်စပ်သူများကို တရားရေးဝန်ကြီးဆီသို့ ပို့ဆောင်ခဲ့သည်။ ထိုလုပ်ဆောင်ချက်က ရှန်းယန်မြို့တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး နန်းတွင်းကိုလည်း ထိတ်လန့်စေခဲ့သည်။
" အရှင်သား သတင်းရပြီးပြီလား။ ဆေးလုံးခန်းမက ဆေးဖော်စပ်သူတွေကို အရှင်မင်းကြီးက ထောင်သွင်းအကျဉ်းချလိုက်ပါပြီ။ " ဝမ်ဝမ်က စံအိမ်ထဲသို့ ဝင်လာခဲ့သည်။
" ကျုပ်သိတယ်။ ဒီဆေးဖော်စပ်သူတွေရဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်လို့ ပြောနေကြတယ်။ တရားရေးဝန်ကြီးဌာနက လာတဲ့ သတင်းတွေကတော့ သူတို့က အရှင်မင်းကြီးကို ထိခိုက်အောင် ရည်ရွယ်ခဲ့ကြတယ်လို့ ပြောကြတယ်။ " ဖုစုက လေးနက်စွာ ပြန်ဖြေလိုက်သည်။
" ကျွန်တော်မျိုး မမျှော်လင့်ထားခဲ့ဘူး။ အရင်က အရှင်မင်းကြီးက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး အထူးသဖြင့် ရွှီဖုကို အရမ်းယုံကြည်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ဆေးလုံးခန်းမတစ်ခုလုံး အကျဉ်းချခံလိုက်ရတယ်။ " ဝမ်ဝမ်က ပြောလိုက်သည်။
" ရှင်ဘုရင်ကို ထိခိုက်အောင် ကြံစည်မှုက ကြီးမားတဲ့ ပြစ်မှုပဲ။ အဲ့ဒီဆေးဖော်စပ်သူတွေကတော့ သူတို့ရဲ့ နောက်ဆုံးအချိန်ကို ရင်ဆိုင်ရတော့မယ်။ ဒါပေမယ့် ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ။ " ဖုစုက သိလိုစိတ်ဖြင့် ပြောလိုက်သည်။
" ကျွန်တော် လျို့ဝှက်သတင်းတစ်ခု ရထားတယ်။ အဲ့ဒါက ကျောက်ဖုန်းကြောင့်လို့ ပြောကြတယ်။ " ဝမ်ဝမ်က စိုးရိမ်မှုများဖြင့် ပြောလိုက်သည်။
" ကျောက်ဖုန်းလား။ "ဖုစုက အံ့အားသင့်သွားသည်။ " သူက ရှန်းယန်ကနေ ထွက်သွားပြီမဟုတ်လား။ ဘာလို့ ဒီကိစ္စမှာ ပါဝင်နေတာလဲ။ "
" ကျွန်တော်မျိုး သတင်းရတာကတော့ ကျောက်ဖုန်းက မထွက်ခွာခင် အရှင်မင်းကြီးနဲ့ နှစ်ယောက်တည်း အချိန်အနည်းငယ်ကြာအောင် ရှိနေခဲ့တယ်။ အဲ့ဒီနောက်မှာ အရှင်မင်းကြီးက ယုန်တွေကို သုံးပြီး စိတ်ဝိညာဉ်ဆေးလုံးတွေကို စမ်းသပ်ဖို့ အမိန့်ပေးခဲ့တာပဲ။ " ဝမ်ဝမ်က ခေါင်းခါပြီး ပြောလိုက်သည်။
" စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်ဆိုတာ ကျောက်ဖုန်းက ဘယ်လိုလုပ်သိတာလဲ။ " ဖုစုက အတော်လေး သိချင်နေသည်။
" အရှင်သား ကျွန်တော်မျိုးတို့ အခု အာရုံစိုက်ရမှာက ကျောက်ဖုန်း ဘယ်လိုသိလဲဆိုတာ မဟုတ်ဘဲ အရှင်မင်းကြီးက အခု ကျောက်ဖုန်းအပေါ် ဘယ်လောက်တောင် ယုံကြည်မှုရှိနေလဲဆိုတာပဲ။ အဲ့ဒီနေ့က နန်းတွင်းမှာ ကျောက်ဖုန်းက ကျွန်တော်မျိုးတို့အပေါ်ထားတဲ့ သဘောထားကို အရှင်သား မမြင်ခဲ့ဘူးလား။ အဲ့လိုထိ ရန်လိုနေပြီး အလျှော့မပေးဘူး။ "
" အခု ကြည့်ရတာ သူက ကျွန်တော်မျိုးတို့ဘက်ပါလာအောင် စည်းရုံးလို့ လုံဝမရနိုင်တော့ဘူး။ အဲ့ဒီအစား သူက ကျွန်တော်မျိုးတို့ရဲ့ ရန်သူပဲ။ ဒီလို အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရတာက ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။ " ဝမ်ဝမ်က သက်ပြင်းချလိုက်သည်။
" ဝန်ကြီးချုပ်က အတွေးလွန်နေတာဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျောက်ဖုန်းက ဆရာရဲ့ လုပ်ရပ်ကြောင့် လက်တုန့်ပြန်ခဲ့တာပဲလေ။ " ဖုစုက တည်ငြိမ်စွာ ပြောလိုက်သည်။
" ချွန်းယွီယွဲ့က အမှားလုပ်ခဲ့တယ်ဆိုပေမယ့် သူက အရှင်သားရဲ့ ဆရာဖြစ်ပြီး အရှင်သားကို ကိုယ်စားပြုနေတယ်။ ကျောက်ဖုန်း အဲ့လိုလုပ်တာက အရှင့်သားကို မရိုသေတာပဲ။ ဒါကြောင့်ပဲ အရှင့်သားကို ထောက်ခံခဲ့တဲ့ ဝန်ကြီးတွေက ဘက်ပြောင်းပြီး မင်းသားဆယ့်ရှစ်ဘက်ရောက်သွားကြတာပဲ။ ဒါကိုကြည့်ရင် ကျောက်ဖုန်းက မင်းသားဆယ့်ရှစ်နဲ့ ပက်သက်မှုရှိနေဖို့ အလားအလာများတယ်။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
ဖုစုက မျက်မှောင်ကြုတ်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဝမ်ဝမ်၏ အတွေးက မမှားပေ။ အကြောင်းမှာ ၎င်းက သူ၏ ကိုယ်ပိုင်ရပ်တည်ချက်ကြောင့်ဖြစ်သည်။ ကျောက်ဖုန်းက လက်စားချေလိုလျှင်တောင် နန်းတွင်းတစ်ခုလုံးရှေ့တွင် ပေါ်ပေါ်တင်တင် မလုပ်သင့်ပေ။ ထိုသို့လုပ်ခြင်းက ဖုစုကို မရိုမသေလုပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဝမ်ဝမ်က ဖုစုအပေါ် မျှော်လင့်ချက်အားလုံးကို ပုံအောထားသည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင် သူ၏ မိသားစုက သေချာပေါက် ပျက်စီးရပေလိမ့်မည်။ ထီးနန်းလုပွဲက ရက်စက်လှသည်။ အကယ်၍ ဘက်မှားရွေးမိလျှင် တစ်မိသားစုလုံး သတ်ခံရပေလိမ့်မည်။