အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း။ ၁၀၅
ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဆိုလျှင်တော့ ကုယွမ်အနေဖြင့် ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်အဝ မရှိပေ။
အဆင့်အတန်းတစ်ခုလုံး ကွာဟနေခြင်းပင်။
ကုယွမ်က သူ၏အစွမ်းကို ယုံကြည်မှုရှိသော်လည်း ယုံကြည်မှုသက်သက်က လက်တွေ့အခြေအနေကို အစားထိုး၍ မရနိုင်ပေ။
သို့သော်လည်း တစ်ဖက်လူက မွေးရာပါသိုင်းဆရာအဆင့်မျှသာ ဆိုလျှင်တော့ သူ လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။
တစ်ဖက်လူ၏ နည်းလမ်းများက မည်မျှပင် ထူးဆန်းနေပါစေ သူ အနည်းဆုံးတော့ အပြန်အလှန် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
"မိတ်ဆွေတို့... အဘိုးကတော့ အရည်အချင်းမရှိတဲ့ လူအိုကြီးတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီအရွယ်ရောက်တဲ့အထိ ဒီခန္ဓာကိုယ်အိုကြီးက တခြားသူတွေနဲ့ အနည်းဆုံးတော့ အချီအနည်းငယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသေးတယ်လို့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်"
အခြားတစ်ဖက်တွင်မူ ရွှီမိသားစုမှ အဘိုးအိုနှင့် မြေးဖြစ်သူတို့လည်း အနားသို့ ချဉ်းကပ်လာကြသည်။ အဘိုးအို၏ အသံမှာ တည်ကြည်လေးနက်နေပြီး သူ၏ မြေးဖြစ်သူ ရွှီဖေးပိုင်ကို ကျောကုန်းနောက်တွင် ကာကွယ်ထားရင်း ကြွက်သားများမှာလည်း ဖောင်းကားလာသည်။
သူသည် စောစောက အိုမင်းမစွမ်း အမူအရာမျိုး မဟုတ်တော့ဘဲ ဒေါသထွက်နေသော ခြင်္သေ့အိုကြီးတစ်ကောင်နှင့် တူနေတော့သည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် တစ်ယောက်တည်း တိုက်ခိုက်နေပါက ပို၍ စောစောသေနိုင်ရုံသာ ရှိပေမည်။ ယခုရောက်ရှိနေသော မွေးရာပါသိုင်းဆရာ အနည်းငယ် စုပေါင်းတိုက်ခိုက်မှသာ အသက်ရှင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
"အဘိုးကပါ ပူးပေါင်းပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"
ကုယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။
"ဘာလဲ... မင်းတို့က အဆုံးထိ ခုခံဖို့ ကြံနေကြတာလား"
ဝိညာဉ်ငိုသံသူငယ်က သူတို့၏ စကားကို ကြားသောအခါ ထူးဆန်းစူးရှသော ရယ်မောသံကို ပြုလုပ်လိုက်သည်။
"ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ရွှံ့ရုပ်တွေလို့ ထင်နေတာလား။ ကောင်းပြီလေ... မင်းတို့က သေချင်နေမှတော့ ငါကပဲ ဖြည့်ဆည်းပေးရတာပေါ့"
သူ ပြောလိုက်သည်နှင့် မြူထူထဲမှ ဝိညာဉ်အရိပ်များမှာ လူအုပ်ဆီသို့ ခုန်အုပ်လာကြတော့သည်။ ထိုဝိညာဉ်အရိပ်များမှာ မသေဆုံးမီက အခြေအနေအတိုင်း ကြောက်မက်ဖွယ်ရာ ပုံစံများရှိကြပြီး တစ်ကိုယ်လုံးမှလည်း အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။
လူတစ်ယောက်မှာ ထိတ်လန့်တကြားဖြင့် ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားသွားက ဝိညာဉ်အရိပ်များ၏ လည်ပင်း၊ ခေါင်း၊ ခြေလက်နှင့် ခန္ဓာကိုယ်များကို ပိုင်းဖြတ်သွားသော်လည်း အနက်ရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ထိုအရိပ်များမှာ မူလအတိုင်း ပြန်ဖြစ်သွားကြပြန်သည်။
တစ်ချိန်တည်းမှာပင် ထိုဝိညာဉ်အရိပ်များက လျင်မြန်သော လက်သည်းများဖြင့် လူအုပ်၏ ခုခံမှုကို ဖောက်ထွက်ကာ ရင်ဘတ်နှင့် ဝမ်းဗိုက်များကို ဆုတ်ဖြဲပစ်ကြသည်။
ခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်ကာ သွေးနှင့် အဆီအနှစ်များကို ငမ်းငမ်းတက် ဝါးမျိုကြတော့သည်။ ကံမကောင်းသော လူအနည်းငယ်မှာ အော်ဟစ်ရင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားသည်အထိ စုပ်ယူခံလိုက်ရသည်။
ရှပ်... ရှပ်...
ကုယွမ်၏ ဓားအလင်းများမှာ ဖြာထွက်သွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ သူ့ဆီသို့ ခုန်အုပ်လာသော ဝိညာဉ်အရိပ်များကို အလွယ်တကူပင် ဆုတ်ဖြဲပစ်လိုက်သည်။
သူ၏ ဓားအလင်းဖြင့် ပိုင်းဖြတ်ခံရသော ဝိညာဉ်အရိပ်များမှာ မူလအတိုင်း ပြန်မဖြစ်လာတော့ဘဲ စူးစူးဝါးဝါး အော်ဟစ်ကာ လွင့်စင်သွားပြီး အနက်ရောင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားကြသည်။
အသက်နှုတ်ဓားကျမ်းဆိုသည်မှာ သူ၏ အသက်ဓာတ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ကို တစ်ခုတည်းအဖြစ် စုစည်းခြင်းကို အဓိကထားသည့် အဆင့်မြင့် သိုင်းပညာတစ်ခု ဖြစ်သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သတ်ဖြတ်လိုစိတ်များမှာ ရက်စက်ပြင်းထန်စွာ ပါဝင်နေသည်။ ၎င်းက ရန်သူ၏ ခန္ဓာကိုယ်ကိုသာမက စိတ်ဓာတ်နှင့် စိတ်ဝိညာဉ်ကိုပါ ချေမှုန်းနိုင်စွမ်း ရှိသည်။
ဤဝိညာဉ်အရိပ်များမှာ ပုံသဏ္ဌာန်ရှိသော်လည်း အနှစ်သာရ မရှိသဖြင့် သာမန်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဖြင့် ထိခိုက်ရန် ခက်ခဲလှသည်။
သို့သော် ကုယွမ်၏ ဓားချက်တိုင်းတွင် သူ၏ အသက်ဓာတ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ အမြင့်ဆုံး စုစည်းထားကာ သူ၏ ခိုင်မာသော စိတ်ဆန္ဒနှင့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသဖြင့် ဤဝိညာဉ်သတ္တဝါများအတွက်တော့ တကယ့်ကို ကြောက်စရာကောင်းသော ရန်သူပင်။
"လက်ရာကောင်းလိုက်တာ ညီလေးယန်"
ပေါင်တထုံးမှာ ကုယွမ်ကဲ့သို့ အစွမ်းမရှိသော်လည်း သူ၏ ဓားကောက်တွင် ဝိညာဉ်အဆောင်တစ်ခု ကပ်ထားသဖြင့် ဓားသွားမှ ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းများ ထွက်ပေါ်နေကာ ပူနွေးပြင်းထန်သော အရှိန်အဝါများ ဖြာထွက်နေသည်။
ဓားအလင်းတစ်ချက် လက်လိုက်တိုင်း ထိုဝိညာဉ်သတ္တဝါများ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်တောက်နိုင်ပြီး ပူပြင်းသော စွမ်းအင်က ဝိညာဉ်အကြွင်းအကျန်များကို အပြာရောင် မီးခိုးများအဖြစ် လောင်ကျွမ်းစေသည်။
တစ်ချိန်တည်းမှာပင် ရွှီမိသားစု အဘိုးအိုသည်လည်း သူ၏ သစ်သားတောင်ဝှေးကို လေကဲ့သို့ လျင်မြန်စွာ ဝှေ့ယမ်းနေသည်။
ထိုတောင်ဝှေးကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း သိုင်းစွမ်းအားများ ထည့်သွင်းလိုက်သောအခါ အင်မတန် အားပြင်းပြီး လေးလံလှသဖြင့် လေထုထဲတွင် ပေါက်ကွဲသံများပင် ထွက်ပေါ်နေကာ ဝိညာဉ်အရိပ်များကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းပစ်လိုက်သည်။
ထိုသုံးယောက်၏ အစွမ်းထက်မှုကို မြင်သောအခါ အခြားသူများမှာလည်း အလွန်အမင်း ဝမ်းသာသွားကြပြီး သူတို့အနားသို့ စုရုံးလာကြသည်။
"ကောင်းတယ် အရမ်းကောင်းတယ်"
ဝိညာဉ်ငိုသံသူငယ်မှာ ထိုသုံးယောက်ကြောင့် ဒေါသထွက်သွားပုံပင်။
သူ၏အသံတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပါဝင်လာသည်။
"မွေးရာပါသိုင်းဆရာ သုံးယောက်ပဲ... မင်းတို့ရဲ့ သွေးနဲ့ အဆီအနှစ်တွေက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ အဆင့်တက်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
သူ့စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ မီးခိုးရောင် မြူထူများမှာ စတင်လှုပ်ခတ်လာပြီးနောက် မြူထူထဲမှ ကြောက်မက်ဖွယ်ကောင်းသော ကလေးငယ်တစ်ဦး၏ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာတော့သည်။
ဝဲ... ဝဲ...
စူးရှလှသော ထိုအသံကြောင့် လူတိုင်း၏ နားစည်များမှာ ကွဲထွက်လုမတတ် နာကျင်လာကြပြီး ဦးနှောက်ထဲသို့ မီးလျှံမှိုများဖြင့် ရိုက်သွင်းခံနေရသကဲ့သို့ ခေါင်းကိုက်လာကြသည်။
လူအများစုမှာ နားကိုပိတ်ကာ နာကျင်မှုကြောင့် မျက်နှာများ ရှုံ့မဲ့နေကြပြီး ယိမ်းထိုးနေကြတော့သည်။
ထိုအသံမှာ နားကိုသာမကဘဲ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားနေပုံပင်။ အဘယ်ကြောင့်ဆိုသော် နားကို ပိတ်ထားသည့်တိုင်အောင် ထိုပြင်းထန်လှသော ခေါင်းကိုက်မှုကို ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။
ကုယွမ်၊ ပေါင်တထုံးနှင့် ရွှီမိသားစု အဘိုးအိုတို့မှာမူ အခြေအနေ အနည်းငယ် ပိုကောင်းကြသည်။ ပေါင်တထုံး၏ ဝိညာဉ်အဆောင်မှ အလင်းများ ဖြာထွက်နေပြီး ထိုအကာအကွယ်ကြောင့် ကြောက်မက်ဖွယ်အသံ၏ သက်ရောက်မှုကို မခံစားရသလို ရှိနေသည်။ ရွှီမိသားစု အဘိုးအိုမှာမူ မျက်နှာပျက်နေသော်လည်း မလဲအောင် တောင့်ခံထားနိုင်သည်။
ကုယွမ်အတွက်မူ ဦးနှောက်ကို ထိုးဖောက်နေသော စူးရှလှသော အသံကြောင့် စူးစူးရှရှ နာကျင်မှုကို ခံစားနေရသော်လည်း ထိုဝေဒနာကို သူ အောင့်အည်း သည်းခံနိုင်စွမ်း ရှိသည်။ သူ၏ စိတ်ဓာတ်နှင့် ဆန္ဒမှာ လိပ်အသက်ရှူပါရမီကြောင့် ပျိုးထောင်ပေးခြင်း ခံထားရသဖြင့် သူနှင့် အဆင့်တူ သိုင်းသမားများထက် ပိုမိုမြင့်မားနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် ကုယွမ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ တစ်စုံတစ်ခုကို သိမြင်လိုက်ပုံပင်။
ချွင်... ချွင်... ချွင်...
ဆောင်းဦးရေစင်ဓားမှ နဂါးဟိန်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ထိုဓားသံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များက စူးရှလှသော ဝိညာဉ်ငိုသံကို လွင့်စင်သွားစေသည်။
ထို့ပြင် အလွန်စူးရှသော ဓားအလင်းတစ်ခုမှာ လေထုကို ဖြတ်သန်းကာ လျှပ်စီးလက်သကဲ့သို့ တောက်ပသွားပြီး တာအိုကျောင်းတော်အတွင်းရှိ မှောင်မိုက်သော အငွေ့အသက်များကို ပိုင်းဖြတ်လိုက်သည်။
ထို့နောက် ထိုဓားအလင်းသည် ဝိညာဉ်မြူထူများထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဖတ်….
တစ်စုံတစ်ခုကို ထိုးဖောက်လိုက်သကဲ့သို့ အသံထွက်လာပြီးနောက် ပို၍ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"ဝဲ"
လူအများမှာ နားကိုပိတ်ကာ အော်ဟစ်နေကြသော်လည်း သူတို့၏ လက်ချောင်းများကြားနှင့် နားထဲမှ သွေးများ စီးကျလာကြသည်။ ကုယွမ်က သူ၏ ဓားအလင်းကို ပြန်ရုပ်လိုက်သောအခါ ဓားဦးဖျားတွင် သေးငယ်သော အရိပ်တစ်ခု ကပ်ပါလာသည်ကို တွေ့လိုက်ရသည်။
၎င်း၏ ခေါင်းမှာ ဇလုံတစ်ခုစာခန့် ကြီးမားပြီး အရေပြားမှာ သံပြာရောင် ရှိကာ သွားများမှာ သံမှိုများကဲ့သို့ စူးရှနေသည်။
မျောက်ပေါက်လေးနှင့် တူသော်လည်း ဝိညာဉ်သတ္တဝါ တစ်ကောင်ဖြစ်ပြီး သိသိသာသာပင် ဝိညာဉ်ကလေးငယ် တစ်ကောင်ပင်။
ဂျီ….ဂျီ…..
ကိုယ်ထည်ကို ထိုးဖောက်ခံထားရသော ဝိညာဉ်ကလေးငယ်မှာ ကုယွမ်၏ ဓားရှည်မှ လွတ်မြောက်ရန် ရုန်းကန်နေပြီး ၎င်း၏ လက်သည်းများဖြင့် ဓားသွားကို ကုတ်ခြစ်နေသဖြင့် မီးပွင့်များပင် ထွက်ပေါ်နေသည်။
သို့သော် ကုယွမ်က ဓားရှည်ကို တစ်ချက်ခါလိုက်သောအခါ ဓားအလင်းက ၎င်းကို ဆုတ်ဖြဲပစ်လိုက်ပြီး မြေပြင်ပေါ်သို့ အပိုင်းပိုင်း ပြတ်ကျသွားကာ အတန်ကြာ လူးလိမ့်နေပြီးနောက် ငြိမ်သက်သွားတော့သည်။
"လက်ရာကောင်းလိုက်တာ ညီလေးယန်... မင်းရဲ့ ဓားသိုင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ"
ပေါင်တထုံးသည် မျက်တောင်မခတ်တမ်း ကြည့်နေရင်း ကုယွမ်ကို လေးစားစိတ်များ ပိုမိုတိုးလာသည်။
"ဒီဝိညာဉ်ကလေးငယ်က ဝိညာဉ်ငိုသံသူငယ်က နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားတာ။ သူ့ရဲ့ ဝိညာဉ်ငိုသံပါရမီဟာ စိတ်ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားတာဖြစ်ပြီး ဒါက ဝိညာဉ်ငိုသံသူငယ်ရဲ့ အဓိက ဝိညာဉ်လည်း ဖြစ်နိုင်တယ်။ မွေးရာပါသိုင်းဆရာ အများကြီးတောင် ဒီအကောင်ကို နိုင်ဖို့ ခက်ခဲကြတာ။ အခုတော့ ညီလေးယန်က အလွယ်တကူပဲ သတ်ပစ်လိုက်နိုင်ပြီ။ တကယ်ကို အတားအဆီးမဲ့တဲ့ အစွမ်းပဲ"
ရွှီမိသားစု အဘိုးအိုသည်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ကုယွမ်ကို သံသယများဖြင့် ကြည့်လိုက်သည်။
"ဝိညာဉ်သတ္တဝါတွေကို အလွယ်တကူ သတ်နိုင်ပြီး ဒီလို ကြောက်စရာကောင်းတဲ့ ဓားသိုင်းကို တတ်ထားတဲ့ ညီလေးယန်က ဘယ်က ဆင်းသက်လာတာလဲ။ ဂိုဏ်းကြီးတစ်ခုခုက တပည့်လား"
အဓိကအချက်မှာ ကုယွမ်သည် ငယ်ရွယ်ပုံရသော်လည်း ဤမျှ အစွမ်းထက်နေခြင်းပင်။ ကြီးမြတ်သော နတ်ဘုရားဂိုဏ်းများကသာ ယခုကဲ့သို့ လူမျိုးကို လေ့ကျင့်ပေးနိုင်မည်ဟု သူက တွေးတောနေမိသည်။
ကုယွမ်၏ အစွမ်းကို မြင်သောအခါ အခြားသူများလည်း တက်ကြွလာကြပြီး အသက်ရှင်ရန် မျှော်လင့်ချက် ရှိလာပြီဟု တွေးမိကြသည်။
"ဝိညာဉ်ငိုသံသူငယ်... မင်းရဲ့ အစွမ်းက ဒီလောက်ပဲ ဆိုရင်တော့ စောစောစီးစီး ထွက်သွားဖို့ ငါ အကြံပေးချင်တယ်"
ကုယွမ်က သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ဓားဖျားတွင် ကပ်နေသော ဝိညာဉ်သွေးများကို မြေပြင်ပေါ်သို့ ခါချလိုက်ရင်း ရည်ရွယ်ချက်ရှိရှိ ရန်စလိုက်သည်။
"မဟုတ်ရင် ငါ့လက်ချက်နဲ့ သေရပြီး မင်းရဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်မှုတွေ ပျက်စီးသွားမှာ နှမြောစရာကြီး မဟုတ်ဘူးလား"
"လျှာရှည်တဲ့ ကလေး"
ထိုစကားကို ကြားသောအခါ တာအိုကျောင်းတော် အပြင်ဘက်ရှိ ဝိညာဉ်မြူထူများမှာ ပို၍ လှုပ်ခတ်လာပြီးနောက် ဝိညာဉ်ငိုသံသူငယ်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ငါ နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ အဖိုးတန်လေးကို မင်း သတ်လိုက်တယ်... ငါ ကျိန်ဆိုတယ်။ မင်း ဘယ်သူဖြစ်ဖြစ် ဘာအဆင့်အတန်းပဲရှိရှိ မင်း သေရမယ်"
"မင်းရဲ့ အရေခွံကို ခွာမယ် အကြောတွေကို ဆွဲထုတ်မယ် အရိုးတွေကို ချိုးမယ် မင်းကို မသေမရှင်နဲ့ ငရဲဝေဒနာ ခံစားစေရမယ်"
အာဃာတနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော ထိုအသံကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ကုယွမ်က ဝိညာဉ်ငိုသံသူငယ်ကို အမှန်တကယ်ပင် ဒေါသထွက်အောင် လုပ်လိုက်ပြီဆိုတာ သိလိုက်ကြသည်။
အခန်း။ ၁၀၆
ဝိညာဉ်ငိုသံသူငယ် စကားပြောလိုက်သည်နှင့် မြူထူထဲရှိ ဝိညာဉ်အရိပ်များမှာ ပို၍ပင် သောင်းကျန်းလာကြသည်။
နောက်ထပ် လူအချို့မှာ ဝိညာဉ်မြူထူထဲသို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရပြန်ပြီး မကြာမီမှာပင် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
အခြားလူအချို့မှာလည်း ဝိညာဉ်သတ္တဝါများ၏ ရန်ပြုမှုကြောင့် မျက်နှာများ ဖြူလျော်ကာ ခန္ဓာကိုယ်များ အေးစက်တောင့်တင်းလျက် မြေပြင်ပေါ်သို့ တိတ်တဆိတ် လဲကျသွားကြသည်။
သို့သော် ကုယွမ်၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားပြီး ဆောင်းဦးရေစင်ဓားသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာဖျော့တော့ကာ ကြည်လင်သော ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ဘေးနားရှိ လူတစ်ယောက်၏ အရိပ်ထဲသို့ ထိုးစိုက်လိုက်သည်။
ချွင်….
ခြောက်ကပ်ပြီး ပိန်လှီသော အနက်ရောင် လက်သည်းကြီးတစ်ခုမှာ အရိပ်ထဲမှ ထွက်ပေါ်လာပြီး ကုယွမ်၏ ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်ရာ သတ္တုချင်း ထိမှန်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ပဲ့တင်ထပ်သွားပြီး လူအများမှာ နာကျင်မှုကြောင့် မျက်နှာများ ရှုံ့မဲ့သွားကြသလို ပျက်စီးယိုယွင်းနေသော နံရံများမှ ဖုန်မှုန့်များစွာလည်း လွင့်စင်ကျလာသည်။
ထိုခြောက်ကပ်နေသော လက်သည်းမှာ မှော်ပညာတစ်မျိုးမျိုးဖြင့် ပြုပြင်မွမ်းမံထားပုံရပြီး အရေပြားမှာ ရှေးဟောင်းသစ်သားကဲ့သို့ ညိုမည်းတွန့်လိပ်နေကာ လက်သည်းများမှာ စူးရှကာ တောက်ပနေသည်။
သို့သော် ကုယွမ်၏ ဓားအလင်းမှာ ထင်မှတ်မထားလောက်အောင် စူးရှလှသဖြင့် လက်ချောင်းအချို့ကို ပိုင်းဖြတ်ပစ်လိုက်ရာ ပျစ်ခဲသော သွေးများ ပန်းထွက်လာတော့သည်။
"ဝိညာဉ်ငိုသံသူငယ်... တခြားသူရဲ့ အရိပ်ထဲမှာ ပုန်းနေတာက တကယ့်ကို ပါးနပ်တဲ့ လှည့်ကွက်ပဲ။ သာမန်ဆိုရင် ဘယ်သူက ဒါကို သတိထားမိမှာလဲ"
ကုယွမ်က လှောင်ပြောင်လိုက်သည်။
"ဒါပေမဲ့ ငါက မင်းရှိနေတာကို သတိမပြုမိဘူးလို့ တကယ်ပဲ ထင်နေတာလား"
ထိုလူမှာ ထိတ်လန့်သွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားသည်။ အရိပ်ရှိသော နေရာတွင် ခြောက်ကပ်သော လက်သည်းပိုင်ရှင် ပေါ်ထွက်လာတော့သည်။
၎င်းမှာ ပုပုပိန်ပိန်နှင့် အင်မတန် ရုပ်ဆိုးလှသော အဘိုးကြီးတစ်ဦးဖြစ်ပြီး မီးခိုးရောင် ဝတ်ရုံကို ဆင်မြန်းကာ တစ်ကိုယ်လုံးမှလည်း မှောင်မိုက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"ကောင်လေး... သေဖို့ ပြင်ထားပေတော့"
သူ၏ နှုတ်ခမ်းများ တုန်ရီနေပြီး ကုယွမ်ကို အေးစက်သော အာဃာတများဖြင့် စိုက်ကြည့်
လိုက်သည်။
အပြင်ဘက်ရှိ ဝိညာဉ်မြူထူများမှာ ရုတ်တရက် အရှေ့သို့ တိုးဝင်လာပြီး ဧရာမ ဝိညာဉ်လက်သည်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကာ စိမ်းဖန့်ဖန့် ဝိညာဉ်မီးလျှံများ တောက်လောင်လျက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ထိုဝိညာဉ်လက်သည်းကြီးသည် တာအိုကျောင်းတော်ကို အလွယ်တကူ ဖျက်ဆီးကာ ခေါင်မိုးကို ဆုတ်ဖြဲပစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ နံရံများကိုလည်း အပိုင်းပိုင်း ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ဖုန်မှုန့်များကြားမှ ကုယွမ်ဆီသို့ ကုတ်ခြစ်လိုက်တော့သည်။ ၎င်းဖြတ်သန်းသွားသော နေရာရှိ သက်ရှိများမှာ ထိမှန်ရုံမျှဖြင့် ဆုတ်ဖြဲခံရပြီး အသက်ဓာတ်များ စုပ်ယူခံရကာ ခန္ဓာကိုယ်များမှာ ပြာအဖြစ် ပြောင်းလဲကုန်ကြသည်။
ပေါင်တထုံးနှင့် ရွှီအမည်ရှိ အဘိုးအိုတို့မှာ မျက်နှာပျက်သွားကြပြီး ထိတ်လန့်တကြား ထွက်ပြေးကြသည်။
အခြားသူများလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကြတော့သည်။
ကုယွမ်တစ်ယောက်သာ သူ၏ ဓားရှည်ကို ဝှေ့ယမ်းကာ လေထုထဲတွင် ဆန်းကြယ်သော အမှတ်အသားတစ်ခုကို ရေးဆွဲလိုက်သည်။
သူ၏ ဓားအလင်းမှာ တောက်ပခြင်းမရှိသော်လည်း ခန့်မှန်းရခက်စွာ လှည့်ပတ်သွားပြီး ဝိညာဉ်လက်သည်းကြီး၏ အားနည်းချက်ဟု ထင်ရသော နေရာကို တိတိကျကျ ပစ်မှတ်ထားလိုက်ရာ လက်သည်းကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
"ဒီဝိညာဉ်လက်သည်းက အစွမ်းထက်ပေမဲ့ ကံဆိုးတာက မင်း ဒါကို အပြည့်အဝ မတတ်မြောက်သေးတာပဲ..."
ကုယွမ်သည် ဓားကို ကိုင်စွဲကာ ပြိုင်ဘက်၏ မှော်ပညာကို ဖြိုခွင်းလိုက်ပြီး သူ၏ ဓားအလင်းမှာ ရေပြင်ကဲ့သို့ စီးဆင်းသွားကာ ဝိညာဉ်ငိုသံသူငယ်၏ လည်ပင်းဆီသို့ ဦးတည်သွားတော့သည်။
ဤဝိညာဉ်ငိုသံသူငယ်မှာ တကယ့်ကို ဒုက္ခပေးသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
သူ လေ့ကျင့်ထားသော ဝိညာဉ်မြူထူများမှာ အာရုံများကို ပိတ်ဆို့နိုင်ပြီး စိတ်ကို ထွေပြားစေကာ အာရုံမှားနယ်ပယ်တစ်ခုကို ဖန်တီးနိုင်သည်။ သူ မွေးမြူထားသော ဝိညာဉ်သတ္တဝါများနှင့် ပူးပေါင်းလိုက်ပါက လူအများအတွက် သေတွင်းပင်။
သို့သော် အသက်နှုတ်ဓားကျမ်းကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်ထားသော ကုယွမ်အတွက်မူ ထိုသက်ရောက်မှုမှာ ပြင်းထန်ခြင်း မရှိပေ။ ခိုင်မာသော စိတ်ဆန္ဒကြောင့် သူ၏ စိတ်ဓာတ်မှာ မွေးရာပါသိုင်းဆရာများထဲတွင်ပင် ထူးကဲနေသည်။
ဝိညာဉ်မြူထူက စိတ်ကို ရှုပ်ထွေးစေနိုင်သော်လည်း သူ၏ စိတ်ကိုမူ အနိုင်ယူရန် ခဲယဉ်းလှသည်။
ကုယွမ်၏ စိတ်နှင့် ဓားအရှိန်အဝါမှာ တစ်ထပ်တည်း ကျနေပြီး သူသည် အခြားသူများ၏ သတ်ဖြတ်လိုစိတ်ကို အလွန်အမင်း အာရုံခံနိုင်သည်။
မျက်စိဖြင့် ကြည့်ရန် သို့မဟုတ် နှာခေါင်းဖြင့် အနံ့ခံရန် မလိုဘဲ လက်ထဲရှိ ဓားရှည်၏ အာရုံခံစားမှုဖြင့်သာ ပြိုင်ဘက် မည်သည့်နေရာတွင် ရှိသည်ကို သိနိုင်သည်။
ဝိညာဉ်ငိုသံသူငယ်၏ မျက်တောင်များမှာ တဆက်ဆက် တုန်ယီနေသည်။
ဤလူငယ်မှာ ဤမျှအထိ ခေါင်းမာပြီး သူ၏ အနိုင်မခံ အရှုံးမပေးသော မှော်ပညာကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွင်းနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားမိပေ။
ဝိညာဉ်ငိုသံသူငယ်သည် ဒီအတိုင်း ငြိမ်ခံပြီး အသေခံမည့်သူ မဟုတ်ပေ။ သူသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ရာ တစ်ကိုယ်လုံးမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး အရိုးများမှာလည်း ပေါက်ကွဲသံကဲ့သို့ တဂျောက်ဂျောက် မြည်ဟည်းလာသည်။
သူ၏ ခန္ဓာကိုယ်မှာ ပူဖောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာပြီး ခြောက်ကပ်နေသော အရေပြားနှင့် အသားစိုင်များမှာ တင်းရင်းကာ ချောမွေ့သွားတော့သည်။
အထူးသဖြင့် ဒဏ်ရာမရသေးသော သူ၏ လက်တစ်ဖက်မှာ မိစ္ဆာနတ်ဘုရားတစ်ပါး၏ လက်သည်းနှင့် တူလာကာ မင်အိုးကဲ့သို့ နက်မှောင်သွားပြီး အမည်းရောင်နှင့် မီးခိုးရောင် ရောယှက်နေသော သိုင်းစွမ်းအားများ ရစ်ပတ်နေသည်။
အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသော ထိုလက်သည်းကြီးဖြင့် ကုယွမ်ကို ဖမ်းဆွဲရန် လှမ်းလိုက်တော့သည်
ဝိညာဉ်ငိုသံသူငယ်သည် မှော်ပညာကို အဓိကထား ကျင့်ကြံသည်ဆိုသော်လည်း သူ၏ သိုင်းပညာက အားနည်းသည်ဟု မဆိုလိုပေ။
သူ၏ အနက်ရောင် မိစ္ဆာဝိညာဉ်လက်သည်းသည် သံနှင့် သတ္တုကိုပင် ချေမှုန်းနိုင်ရုံတင်မကဘဲ အလောင်းကောင်အဆိပ်နှင့် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသဖြင့် တစ်ဖက်လူ၏ သိုင်းစွမ်းအားနှင့် အသားစိုင်များကို အလွန်အမင်း တိုက်စားနိုင်စွမ်း ရှိသည်။
သူ၏ လက်ချက်ကြောင့် သေးငယ်သော ဒဏ်ရာရရုံမျှဖြင့် အသားစိုင်များမှာ တောင့်တင်းမာကျောသွားပြီး သူ့စိတ်ကြိုက် ခြယ်လှယ်ခြင်းကို ခံရပေလိမ့်မည်။
ချွင်….
ဓားအလင်းနှင့် ဝိညာဉ်လက်သည်းတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး သတ္တုချင်း ပြင်းထန်စွာ ရိုက်ခတ်သံ ထွက်ပေါ်လာသည်။
"ဘာ"
ဝိညာဉ်ငိုသံသူငယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ လက်သည်းမှာ ဒဏ်ရာမရသော်လည်း ပြိုင်ဘက်၏ ဓားအလင်းထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး ဓားအစင်းပေါင်း တစ်ထောင်ဖြင့် မွှန်းခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ချွင်….
ပထမတစ်ချက် မအောင်မြင်သော်လည်း ကုယွမ်က သူ၏ ဓားရှည်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။
ဓားရှည်မှ စိမ်းပြာရောင် ကျောက်စိမ်းကဲ့သို့ အရောင်အဝါများ ထွက်ပေါ်လာပြီး သုံးပေခန့် ရှည်လျားသော ဓားအရှိန်အဝါများ ဖြာထွက်လာသည်။
ထိုအထဲမှ အေးစက်သော သတ်ဖြတ်လိုစိတ်မှာ ဓားအလင်း၏ စူးရှမှုနှင့်အတူ ပဲ့တင်ထပ်နေတော့သည်။
ဝူး... ဝူး...
ဆယ်မီတာ ပတ်လည်အတွင်းရှိ လေထုမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ထိုဓားချက်ဆီသို့ စုရုံးသွားရာ ဓားအလင်းမှာ ကြောက်မက်ဖွယ်ကောင်းသော နဂါးစိမ်းတစ်ကောင်ကဲ့သို့ အဆုံးအစမဲ့သော မုန်တိုင်းကို ထုတ်လွှတ်ရန် အဆင်သင့် ဖြစ်နေတော့သည်။
ဗျစ်…..
ဝိညာဉ်ငိုသံသူငယ်၏ ခန္ဓာကိုယ်မှာ နေရာတွင်တင် တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။
"မင်း..."
သူသည် ကုယွမ်ကို ထိတ်လန့်တုန်လှုပ်မှု၊ ဒေါသတို့ဖြင့် စိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း... ငါ့ကို တကယ်ပဲ သတ်လိုက်တာလား"
သူ စကားပြောလိုက်သည်နှင့် သူ၏ လည်ပင်းမှ သွေးစင်းကြောင်းလေးတစ်ခု ထွက်ပေါ်လာသည်။
စကားမဆုံးမီမှာပင် သူ၏ ဦးခေါင်းမှာ ယိမ်းထိုးသွားပြီး လည်ပင်းပေါ်မှ ဖြည်းညှင်းစွာ လျှောကျကာ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
ခန္ဓာကိုယ်ကြီးမှာလည်း နောက်သို့လဲကျသွားသည်။ သူ၏ မျက်ဝန်းများမှာ လုံးဝ မှေးမှိန်သွားပြီး သက်မဲ့ ဖြစ်သွားတော့သည်။
မွေးရာပါသိုင်းဆရာ တစ်ယောက်၏ အသက်ဓာတ်မှာ အံ့ဩစရာ ကောင်းလှသည်။ ခေါင်းဖြတ်ခံရသည့်တိုင်အောင် ချက်ချင်း မသေဘဲ အတန်ကြာ ကျိန်ဆဲနိုင်သေးသည်။
သို့သော် ကုယွမ်၏ ဓားချက်မှာ ဝိညာဉ်ငိုသံသူငယ်၏ ခေါင်းကို ဖြတ်တောက်လိုက်ရုံတင်မကဘဲ သူ၏ အတွင်းပိုင်း အသက်ဓာတ်ကိုပါ ဖျက်ဆီးပစ်လိုက်ပြီး စိတ်ဝိညာဉ်ကိုပါ ပြင်းထန်စွာ ထိခိုက်စေခဲ့ခြင်းပင်။
ချွင်…
ကုယွမ်သည် သူ၏ ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး စိတ်ထဲတွင် ကြည်လင်အေးချမ်းကာ ဆန်းကြယ်သော အလင်းတန်းတစ်ခုကို ခံစားနေရသည်။ သူသည် အသက်နှုတ်ဓားကျမ်းကို ပိုမိုနက်နဲစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
"အမှန်ပဲ... သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ကြောက်မက်ဖွယ်ရာတွေ ရှိသလို ကြီးမားတဲ့ အခွင့်အလမ်းတွေလည်း ရှိနေတာပဲ"
"ဒီလို အသေအလဲ တိုက်ပွဲအပြီးမှာတော့ အသက်နှုတ်ဓားကျမ်းက နောက်ဆုံးတော့ အောင်မြင်မှု အဆင့်တစ်ခုကို ရောက်သွားပြီ"
အတိအကျ ပြောရလျှင် ဝိညာဉ်ငိုသံသူငယ်၏ ကျင့်ကြံမှုမှာ သွေးလဲလှယ်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သွေးအသွင်ပြောင်းခြင်းမှာပင် အောင်မြင်မှု ရနေလောက်ပြီ ဖြစ်သည်။ အထူးသဖြင့် သူ ကျင့်ကြံထားသော ဆန်းကြယ်ပြီး ယုတ်မာလှသော မှော်ပညာများကြောင့် သာမန် မွေးရာပါသိုင်းဆရာ တစ်ယောက်ဆိုလျှင် သူနှင့် တွေ့သည်နှင့် သေဆုံးသွားမှာ သေချာသည်။
ကုယွမ်သာ မရှိခဲ့ပါက ယနေ့ ဤနေရာရှိ လူများအားလုံး ပေါင်တထုံးမှလွဲ၍ ဝိညာဉ်ငိုသံသူငယ်၏ ဝါးမျိုခြင်းကို ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သို့သော် ဝိညာဉ်ငိုသံသူငယ် ကံဆိုးသွားသည်မှာ ကုယွမ်၏ အခြေခံမှာ အလွန်ထူးကဲနေခြင်းပင်။ သူ ကျင့်ကြံထားသော အသက်နှုတ်ဓားကျမ်းမှာလည်း ဝိညာဉ်ငိုသံသူငယ်၏ နည်းလမ်းများကို နှိမ်နင်းရာတွင် အထူး ထိရောက်နေသဖြင့် သူ့ကို သတ်နိုင်ခဲ့ခြင်းပင်။
ဤအချက်များကို မသိသော အခြားသူများမှာမူ ဝိညာဉ်ငိုသံသူငယ် သေဆုံးသွားသည်ကို မြင်သောအခါ အသက်ဘေးမှ လွတ်မြောက်ခဲ့သဖြင့် အလွန်အမင်း ဝမ်းသာနေကြသည်။
သို့သော် အခြေအနေကို သိရှိနားလည်သော ပေါင်တထုံးနှင့် ရွှီအမည်ရှိ အဘိုးအိုတို့မှာမူ မှင်တက်နေကြတော့သည် သူတို့သည် မျက်စိမကန်းကြသဖြင့် ကုယွမ်နှင့် ဝိညာဉ်ငိုသံသူငယ်တို့၏ ကျင့်ကြံမှု အဆင့်အတန်း ကွာခြားချက်ကို ရိပ်မိကြသည်။
သူတို့ နှစ်ယောက်ကြားတွင် အရိုးခြင်ဆီဆေးကြောခြင်းနှင့် သွေးလဲလှယ်ခြင်းဟူသော အဆင့်ငယ်လေးများ ကွာခြားနေသည်။ ကုယွမ်၏ ဓားသိုင်းမှာ ဝိညာဉ်ငိုသံသူငယ်ကို ဟန့်တားနိုင်ရုံမျှဆိုလျှင်ပင် အင်မတန် ချီးကျူးစရာ ကောင်းနေပြီဟု သူတို့က ထင်ခဲ့ကြခြင်းပင်။
ယခုကဲ့သို့ ကုယွမ်က ဝိညာဉ်ငိုသံသူငယ်ကို အမှန်တကယ် အပြတ်အသတ် သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားမိသဖြင့် အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြခြင်းပင်။