← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း။ ၁၀၇

အဆင့်ကျော်ဖြတ် သတ်ဖြတ်နိုင်ခြင်းဆိုသည်မှာ အမြဲတမ်း ပါရမီရှင်တို့၏ ထူးခြားချက်ပင်။

သူတို့၏ အမြင်တွင် ကိုယ့်ထက် အဆင့်မြင့်သူကို သတ်ဖြတ်နိုင်သူမှာ သူတို့မျိုးဆက်၏ ပါရမီ၊ စိတ်ဓာတ်နှင့် ဉာဏ်ပညာတို့တွင် အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်ရမည်ဖြစ်ပြီး ဂိုဏ်းကြီးတစ်ခုခု၏ တပည့်လည်း ဖြစ်ရမည်ဟု မှတ်ယူထားကြသည်။

လီချန်းစိန်၊ ရှန်ယုမင်း၊ ဝမ်ကျူ၊ ကျီချန်းဟိုင်၊ ဆုချိုးယွဲ့ တို့ကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက ကုယွမ်သည် အနည်းငယ် လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း သူသည်လည်း ကျင့်ကြံခြင်းလောကတွင် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်မှာတော့ အမှန်ပင်။

"သူရဲကောင်းလေးယန်ကို ကျေးဇူးတင်ပါတယ်။ အကယ်၍ မင်းသာ မရှိရင် ငါတို့အားလုံး ဒီဝိညာဉ်အိုကြီးရဲ့ လက်ချက်နဲ့ သေရမှာဖြစ်သလို ငါတို့ရဲ့ ဝိညာဉ်တွေပါ အထုတ်ခံရပြီး စီရင်ခံရမှာ သေချာတယ်"

"ဟုတ်ပါတယ် မင်းရဲ့ အသက်ကယ်ကျေးဇူးကို ငါတို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ မင်းမှာ တစ်ခုခု အကူအညီလိုတာရှိရင် ငါတို့ အစွမ်းကုန် ကူညီပါ့မယ်"

ထိုအချိန်တွင် လူအချို့မှာလည်း သတိပြန်ဝင်လာကြပြီး ကုယွမ်၏ အသက်ကယ်ကျေးဇူးအတွက် ရှေ့သို့ထွက်ကာ ကျေးဇူးတင်စကား ပြောကြသည်။ အချို့ဆိုလျှင် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကုယွမ်ကို အကြိမ်ကြိမ်ပင် ဦးချနေကြတော့သည်။

ကုယွမ်သာ ဝင်မပါခဲ့လျှင် သူတို့၏ ကံကြမ္မာမှာလည်း မြေပြင်ပေါ်ရှိ အလောင်းကောင်များနှင့် ပြာများကဲ့သို့ပင် မည်သို့သေဆုံးသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။

ကုယွမ်သည် ခေါင်းခါယမ်းရင်း သူတို့အား တစ်ယောက်ချင်းစီ ထူပေးကာ အားနာမနေကြရန် ပြောလိုက်သည်။ ထို့နောက် သူသည် ငုံ့လိုက်ပြီး ဝိညာဉ်ငိုသံသူငယ်၏ အလောင်းကို ရှာဖွေရာ နောက်ဆုံးတွင် သူ၏ ခါးမှ လက်ဝါးခန့်ရှိသော အဝတ်အိတ်လေးတစ်အိတ်ကို ချွတ်ယူလိုက်သည်။

မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော ထိုအိတ်ကလေး၏ မျက်နှာပြင်တွင် ဖျော့တော့သော ဝိညာဉ်အလင်းများ ဖြာထွက်နေပြီး ဆန်းကြယ်သော ပုံစံများဖြင့် အလှဆင်ထားရာ သိသိသာသာပင် သိုလှောင်အိတ်တစ်အိတ်ပင်။

ကုယွမ်သည် ထိုအိတ်ကို လက်ထဲတွင် ကိုင်ထားရင်း တာအိုအနှစ်သာရတစ်ရာကျော်ကို ရရှိလိုက်သည်။ သူသည် စိတ်ကို စုစည်းကာ အာရုံခံကြည့်လိုက်သောအခါ အခန်းတစ်ခန်းစာခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို မြင်လိုက်ရပြီး အထဲတွင် ပစ္စည်းအမျိုးမျိုး စုပုံနေသည်ကို တွေ့လိုက်ရသည်။

"ဒီလူယုတ်မာ ဝိညာဉ်ငိုသံသူငယ်မှာ ဒီလောက်ကောင်းတဲ့ ပစ္စည်းရှိနေတာ တကယ်ကို မဆိုးဘူးပဲ..."

သူသည် အနည်းငယ် အံ့ဩဝမ်းသာသွားသည်။

သိုလှောင်အိတ်ဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် ပစ္စည်းများ သိုလှောင်ရန် အသုံးများသော မှော်ပစ္စည်းတစ်မျိုး ဖြစ်သော်လည်း အသုံးများသဖြင့် သာမန်ပစ္စည်းဟု မဆိုလိုပေ။ အနည်းဆုံးတော့ ဤကဲ့သို့သော ပစ္စည်းမှာ အလွန်တန်ဖိုးရှိပြီး သာမန် မွေးရာပါသိုင်းဆရာ တစ်ယောက်တွင် ရှိခဲသည်။

ယခုအခါ သူ့တွင် ဤပစ္စည်း ရှိလာပြီဖြစ်သဖြင့် သယ်ယူရန် မလွယ်ကူသော ပစ္စည်းများကို အလွယ်တကူ သယ်ဆောင်နိုင်ပြီ ဖြစ်ရာ အလွန်ပင် အဆင်ပြေသွားတော့သည်။

နဂါးနီနတ်ဘုရားနန်းတော် ပေါ်ထွက်လာခြင်းသည် ဂယက်ရိုက်မှုများစွာနှင့် ကျမ်းလိပ်များစွာ ထွက်ပေါ်လာစေခဲ့သော်လည်း အကျိုးကျေးဇူး မရှိသည်တော့ မဟုတ်ပေ။

အကယ်၍ ထိုနတ်ဘုရားနန်းတော်သာ ပေါ်မလာခဲ့လျှင် ဝိညာဉ်ငိုသံသူငယ်ကဲ့သို့ မိစ္ဆာတစ်ယောက် ပေါ်လာမည်မဟုတ်သလို ကုယွမ်အနေဖြင့်လည်း ဤကဲ့သို့သော သိုလှောင်အိတ်ကို ရရှိမည်မဟုတ်ပေ။

"အဘိုးကတော့ ညီလေးယန်ရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် ရွှီအမည်ရှိ အဘိုးအိုသည်လည်း သူ၏ မြေးဖြစ်သူနှင့်အတူ ကုယွမ်ကို ကျေးဇူးတင်ရန် ချဉ်းကပ်လာသည်။

ကုယွမ်က ပြုံးကာ "အဘိုးရွှီ... အားနာစရာ မလိုပါဘူး။ ကျွန်တော်က ကျွန်တော့်အတွက်ပဲ ကျွန်တော် လုပ်တာပါ" ဟု ပြောလိုက်သည်။

ပေါင်တထုံးက အနားသို့ ရောက်လာပြီး လက်ဝှေ့ယမ်းကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီလောက် ထူးခြားတဲ့ ဓားသိုင်းမျိုးနဲ့ဆိုရင် ညီလေးယန်ဟာ ကြယ်စင်မြစ်ဓားဂိုဏ်းက တပည့်တစ်ယောက် မဟုတ်ဘူးလား"

ကုယွမ်က ခေါင်းခါယမ်းကာ "ကျွန်တော်က တစ်ကိုယ်တည်း လှည့်လည်သွားလာနေသူပါ။ ဘယ်ဂိုဏ်းကြီးရဲ့ တပည့်မှ မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။

"အော်... ညီလေးယန်က တကယ်ပဲ လေလွင့်ကျင့်ကြံသူနောက်ခံကနေ လာတာလား"

ပေါင်တထုံး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

"လေလွင့်ကျင့်ကြံသူလို့တော့ မခေါ်ရဲပါဘူး။ အမှီအခိုကင်းတဲ့ သိုင်းသမားတစ်ယောက်ပါပဲ"

ကုယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ လေလွင့်ကျင့်ကြံသူ ဆိုသည်မှာ ကျင့်ကြံခြင်း မိသားစုများ သို့မဟုတ် နတ်ဘုရား၊ မိစ္ဆာ ဂိုဏ်းကြီးများမှ မဟုတ်သော ကျင့်ကြံသူများကို ခေါ်ဆိုခြင်းပင်။

ထို့ပြင် သာမန် သိုင်းဆရာ သို့မဟုတ် မွေးရာပါသိုင်းဆရာ တစ်ယောက်အနေဖြင့် လေလွင့်ကျင့်ကြံသူဟုပင် အခေါ်ခံရန် အရည်အချင်း မပြည့်မီသေးဘဲ အနည်းဆုံး ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူ ဖြစ်ရန် လိုအပ်သည်။

ပေါင်တထုံးက "ကိုယ့်ဘာသာ ဒီလောက်အဆင့်အထိ ကျင့်ကြံနိုင်တယ်ဆိုတော့ ညီလေးယန်က တကယ်ကို ပါရမီ ထူးကဲတာပဲ..." ဟု ချီးကျူးလိုက်သည်။

"ဒါက ထိုးထွင်းသိမြင်မှု အနည်းငယ်ရတာပါ။ တခြားထူးထူးခြားခြား မဟုတ်ပါဘူး"

ကုယွမ်သည် သူကိုယ်သူ အထူးအဆန်းဟု မယူဆသလို ဤအကြောင်းအရာကိုလည်း ဆက်မပြောလိုတော့သဖြင့် တစ်ဖက်လူကို ကြည့်ကာ "ကြည့်ရတာ အစ်ကိုပေါင်ကလည်း တကယ့်ကို နက်နဲတဲ့သူတစ်ယောက်ပဲ။ အစ်ကိုက ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရှိမလား" ဟု မေးလိုက်သည်။

ပေါင်တထုံးသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ကုယွမ်ကို လူများနှင့်ဝေးရာ တစ်ဖက်သို့ ခေါ်သွားသည်။ ထို့နောက် လက်ဝှေ့ယမ်း နှုတ်ဆက်ကာ ပြောလိုက်သည်။

"ငါကတော့ အစွမ်းမရှိပါဘူး။ ဒါပေမဲ့ ငါဟာ ကောင်းကင်လျှို့ဝှက်ချက်နန်းတော်က လေသံနားထောင်သူတစ်ယောက်ပါ။ ငါ့နာမည်က ဖုန်းဝမ်ကျီ လို့ ခေါ်တယ်"

သူ ပြောလိုက်စဉ်မှာပင် သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု လက်သွားသည်။

"ညီလေးယန်က သာမန်ရေကန်ထဲက ငါးတစ်ကောင် မဟုတ်ဘူးဆိုတာ ငါမြင်နေရတယ်။ အခုချိန်မှာ နာမည်မရှိသေးပေမဲ့ အနာဂတ်မှာတော့ ကျင့်ကြံခြင်းလောကကို လှုပ်ခတ်နိုင်မယ့်သူ ဖြစ်မှာ သေချာတယ်"

"ကောင်းကင်လျှို့ဝှက်ချက်နန်းတော်"

ဤနာမည်ကို ကြားလိုက်ရသောအခါ ကုယွမ်၏ရင်ထဲတွင် လှိုင်းထသွားပြီး လက်ဝှေ့ယမ်း ပြန်နှုတ်ဆက်လိုက်သည်။

"ဒါဆို အစ်ကိုပေါင်က ဒီလို ရာထူးကြီးတဲ့သူ ဖြစ်နေတာပေါ့။ ကျွန်တော် မသိနားမလည်တာကို ခွင့်လွှတ်ပါ"

အဘိုးအိုချန်ဆီက သူကြားဖူးသည်မှာ ကောင်းကင်လျှို့ဝှက်ချက်နန်းတော်သည်လည်း ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သော်လည်း ကြီးမြတ်သော နတ်ဘုရားဂိုဏ်းများ သို့မဟုတ် ကျင့်ကြံခြင်းမိသားစုများနှင့် မတူပေ။

၎င်းသည် ကျောက်စိမ်းအိုးမျှော်စင်နှင့် ဆင်တူသော်လည်း ပိုမိုနက်နဲကာ ပိုမိုကြီးမား အစွမ်းထက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ တောင်ပိုင်းနယ်ခြားနှင့် အရှေ့ပင်လယ် ကျင့်ကြံခြင်းလောက တစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီး အဓိကအားဖြင့် သတင်းအချက်အလက် အရောင်းအဝယ်ကို လုပ်ကိုင်ခြင်းပင်။

၎င်း၏ သြဇာအာဏာသည် နတ်ဘုရား၊ မိစ္ဆာ သို့မဟုတ် ဗုဒ္ဓဘာသာ စသည့် ဘက်လိုက်မှုမရှိဘဲ သတင်းများကိုသာ ရောင်းချကာ အခြားအင်အားစုများ၏ ပဋိပက္ခများတွင် ဝင်ရောက်မစွက်ဖက်သော ကြားနေအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

၎င်း၏ လက်အောက်ခံ လေသံနားထောင်သူများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့နေပြီး နန်းတော်အတွက် လျှို့ဝှက်သတင်းများကို စုဆောင်းပေးကြရသည်။

အကယ်၍ ရှေ့မှ ပေါင်တထုံးသည် တကယ်ပင် ကောင်းကင်လျှို့ဝှက်ချက်နန်းတော်၏ လေသံနားထောင်သူ တစ်ယောက်ဖြစ်ပါက စောစောက သူပြသခဲ့သော သတင်းအချက်အလက် ကျယ်ပြန့်မှုနှင့် ထူးဆန်းသော ပုံပြင်များကို သိရှိနေမှုမှာ အံ့ဩစရာ မဟုတ်တော့ပေ။

"ညီလေးယန်ကလည်း ချီးကျူးလွန်းနေပါပြီ"

ပေါင်တထုံးသည် ပြုံးလျက် လက်နှစ်ချောင်းစာခန့် ကျယ်ပြီး သုံးလက်မခန့် ရှည်သော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ကုယွမ်ကို ကမ်းပေးလိုက်သည်။

"ငါက ဒီနားကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လာရင်းနဲ့ ခုနက အဖြစ်အပျက်ကို ကြုံလိုက်ရတာပါ။ ဒါပေမဲ့ ညီလေးယန်လို လူမျိုးနဲ့ တွေ့ရတာကတော့ တကယ်ကို တန်ပါတယ်"

"ညီလေးယန်ရဲ့ ပါရမီနဲ့ ဉာဏ်ပညာအရ တောက်ပတဲ့ အနာဂတ်က စောင့်ကြိုနေတာ သေချာပါတယ်။ ဒါက ငါတို့ ကောင်းကင်လျှို့ဝှက်ချက်နန်းတော်ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားပါ။ ဒီအပြားရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်"

"ညီလေးယန် တစ်ခုခု လိုအပ်တာပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို စုံစမ်းချင်တာပဲဖြစ်ဖြစ် လှမ်းပြောလို့ ရပါတယ်။ ဒါပေမဲ့ ငါတို့နန်းတော်ရဲ့ စည်းမျဉ်းအရတော့ သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးရပါလိမ့်မယ်။ ဒါပေမဲ့ လူကြီးလူငယ်မရွေး တရားမျှတတဲ့ ဈေးနှုန်းဖြစ်ပြီး ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်စေရမယ်လို့တော့ ငါ အာမခံပါတယ်"

ကုယွမ်သည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်ရာ အဘိုးအိုချန် ပေးထားသော အပြားထက် ပိုမိုလက်ရာမြောက်သည်ကို တွေ့လိုက်ရသည်။ ၎င်းပေါ်ရှိ ပုံစံများမှာ ကောင်းကင်လျှို့ဝှက်

ချက်ဆိုသော စာလုံးနှစ်လုံးအဖြစ် ပေါ်လွင်နေသည်။

ပေါင်တထုံးသည် သူ့ကို အလားအလာရှိသောသူဟု သတ်မှတ်သဖြင့် ဤပစ္စည်းကို ပေးလိုက်

ခြင်း ဖြစ်သည်ဟု ကုယွမ်က သဘောပေါက်လိုက်သည်။

ပေါင်တထုံးကဲ့သို့သော သတင်းသမားအတွက် သူသည် အနာဂတ် ဖောက်သည်ကောင်းတစ်ယောက် ဖြစ်လာနိုင်သဖြင့် ကျောက်စိမ်းပြားတစ်ခု ပေးရသည်မှာ နှမြောစရာ မဟုတ်ပေ။

ကုယွမ်သည် ကျောက်စိမ်းပြားကို ကိုင်ထားရင်း ခဏမျှ တွေးတောနေပြီးနောက် “ကျွန်တော့်

အတွက် သင့်တော်မယ့် စစ်မှန်သော တာအိုကျင့်စဉ်တစ်ခုလိုချင်ပါတယ်။ အစ်ကိုပေါင်မှာ အကြံပေးစရာ ရှိမလား" ဟု မေးလိုက်သည်။

ပေါင်တထုံးသည် ခေတ္တမျှ ကြောင်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ညီလေးယန်ဟာ တစ်နေ့မှာ တာအိုအခြေခံကို တည်ဆောက်ပြီး နတ်ဘုရားအတတ်ပညာတွေကို ကျင့်ကြံကာ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းရမယ့်သူဆိုတော့ စစ်မှန်တဲ့ ကျင့်စဉ်ကို ရှာဖို့ စဉ်းစားသင့်တဲ့ အချိန်ပါပဲ"

"ငါတို့ ကောင်းကင်လျှို့ဝှက်ချက်နန်းတော်က အဓိက သတင်းရောင်းတာဆိုပေမဲ့ တာအိုကျမ်းစာတွေရဲ့ အမွေအနှစ်တွေရှိတဲ့ နေရာတွေကိုလည်း လမ်းညွှန်ပေးနိုင်ပါတယ်။ ဥပမာ အရင်က လေလွင့်ကျင့်ကြံသူ ဆရာကြီးတွေ ချန်ထားခဲ့တဲ့ ဂူဗိမာန် အမွေအနှစ်တွေပေါ့။ အဲဒီထဲမှာ မင်းနဲ့ သင့်တော်တဲ့ ကျင့်စဉ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့..."

ဤနေရာတွင် ပေါင်တထုံးက ခေတ္တမျှ တွန့်ဆုတ်သွားသည်။

"ငါတို့နန်းတော်မှာ စည်းမျဉ်းရှိတယ်။ သာမန် မြေကမ္ဘာအဆင့် အဆင့်နိမ့် ကျင့်စဉ်တစ်ခုရဲ့ အချက်အလက်ကိုတောင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးရာဂဏန်းလောက် ဒါမှမဟုတ် ခုနစ်ဆင့်ရှိတဲ့ ဝိညာဉ်ဆေးပင် တစ်ပင်လောက် ပေးရမယ်"

"ညီလေးယန်က တစ်ကိုယ်တည်းသမားဆိုတော့ သိပ်ပြီး ချမ်းသာမှာ မဟုတ်ဘူး မဟုတ်လား"

ထိုစကားကို ကြားသောအခါ ကုယွမ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားတော့သည်။

ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံရာတွင်

သော်လည်းကောင်း မှော်အစီအရင်များတွင်သော်လည်းကောင်း အသုံးပြုနိုင်သဖြင့် ကျင့်ကြံခြင်းလောက၏ တရားဝင် ငွေကြေးပင်။

ဝိညာဉ်ဆေးလုံးများနှင့် ဆေးပင်များသည်လည်း အဖိုးတန် ငွေကြေးများပင်။

သို့သော် ထိုအရာများမှာ သူ့အတွက်တော့ ဝေးကွာလွန်းလှသည်။ သူသည် အင်မတန် ဆင်းရဲသောသူတစ်ဦး ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး ရာဂဏန်း မပြောနှင့် တစ်တုံးတောင် မရှိပေ။

ဝိညာဉ်ဆေးပင်နှင့် ပတ်သက်လျှင်လည်း အဝါက ယွမ်မုန့်တောင်တန်းတွင် လိုက်ရှာပေးသဖြင့် အချို့ရထားသော်လည်း ၎င်းတို့မှာ ကိုးဆင့်ရှိသော ဆေးပင်များသာ ဖြစ်ရာ အကုန်စုပေါင်းရောင်းလျှင်ပင် ကျောက်တုံး တစ်ရာ မပြည့်နိုင်ပေ။

ကျောက်တုံးတွေ အလုံအလောက်ရဖို့ ဘယ်လောက်တောင် စောင့်ရဦးမလဲ မသိတော့ပေ။

တောက် ကမ္ဘာခြား မကူးပြောင်းခင်ကလည်း ငါက ဆင်းရဲလွန်းလို့ ကားတစ်စီး၊ အိမ်တစ်လုံးရဖို့ သေမတတ် အလုပ်လုပ်ခဲ့ရတယ်။ အခု ကမ္ဘာခြား ရောက်လာပြန်တော့လည်း တာအိုကျင့်စဉ်

တစ်ခုတောင် မဝယ်နိုင်တဲ့ ငမွဲတစ်ယောက် ဖြစ်နေတုန်းပဲ။

ဒါဆို ငါက ဒီကမ္ဘာကို ဘာလာလုပ်တာတုန်း……

ကုယွမ်တစ်ယောက် ရင်ထဲတွင် ဆင်းရဲမွဲတေမှုကြောင့် ဒေါသတကြီး ကြွေးကြော်နေမိတော့သည်။

အခန်း။ ၁၀၈

ယခုအချိန်တွင် ကုယွမ်သည် သူ့လိုငမွဲတစ်ယောက်အပေါ် ထားရှိသည့် လောကကြီး၏ ရက်စက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

ဆင်းရဲမွဲတေခြင်းဆိုသည်မှာ လူတစ်ယောက်၏ မူလအပြစ်တရားဟုသာ ဆိုရပေလိမ့်မည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကုယွမ်က မေးလိုက်သည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့်တာအိုကျမ်းစာတစ်စောင်ရဲ့ အမွေအနှစ် သတင်းအချက်အလက်က ဘယ်လောက်တန်လဲ"

လုံလောက်စွာ ဆန်းကြယ်ပြီး တည်ငြိမ်မှုရှိကာ အလားအလာကောင်းသည့် တာအိုအခြေခံတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် သာမန် မြေကမ္ဘာအဆင့် အဆင့်နိမ့် သို့မဟုတ် အလယ်အလတ်ကျင့်စဉ်များက မလုံလောက်ပေ။ အနည်းဆုံး မြေကမ္ဘာအဆင့် အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်မှသာ အခွင့်အလမ်း ရှိပေလိမ့်မည်။

ကုယွမ်သည် ကျင့်ကြံခြင်းလမ်းစဉ်တွင် ထာဝရရှင်သန်ခြင်းကို ရည်မှန်းထားသူဖြစ်ရာ ထိပ်တန်း တာအိုကျမ်းစာတစ်စောင်ကို ရရှိရန် နည်းလမ်းရှာရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်စနစ်ကို ဖြုန်းတီးရာရောက်မည်ဖြစ်သလို သူ၏ အတိတ်က ပင်ပင်ပန်းပန်း ကြိုးစားခဲ့သည့် သိုင်းပညာများကိုလည်း လျစ်လျူရှုရာ ရောက်ပေလိမ့်မည်။

ပေါင်တထုံးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်စဉ်တစ်ခုရဲ့ အမွေအနှစ် သတင်းအချက်အလက်အတွက်ဆိုရင် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်သောင်းလောက် လိုပါလိမ့်မယ်။ ဒါက သတင်းသက်သက်ပဲနော်။ တကယ်ရဖို့အတွက်ကတော့ မင်းကိုယ်တိုင် သွားယူရမှာပါ။ ငါတို့ နန်းတော်က များသောအားဖြင့် ဖောက်သည်တွေကို ယုံကြည်စိတ်ချရတဲ့ သတင်းပဲ ပေးတာပါ၊ အဖိုးတန်ပစ္စည်း အစစ်အမှန်တွေကို ရောင်းတာမဟုတ်ဘူး"

"နားလည်ပါပြီ"

ကုယွမ်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။

ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည်မှာ သူ့ကိုယ်သူ ရောင်းလျှင်တောင် တတ်နိုင်မည်မဟုတ်ပေ။ ၎င်းက သတင်းသက်သက်အတွက်သာ ရှိသေးသည်။

ထို့ကြောင့် ကောင်းကင်လျှို့ဝှက်ချက်နန်းတော်မှတစ်ဆင့် သင့်တော်သည့် ထိပ်တန်းကျင့်စဉ်ကို ရယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူသည် ဆေးဘုရင်တောင်တန်း သို့မဟုတ် ချင်အမည်ရှိသော အမျိုးသမီးထံမှတစ်ဆင့်သာ နည်းလမ်းရှာရတော့မည်ပင်။

မိုးက တဖြည်းဖြည်း လင်းလာပြီး နေမင်း ထွက်ပေါ်လာ၏။

ကုယွမ်သည် ပေါင်တထုံးနှင့် အခြားသူများကို နှုတ်ဆက်ကာ တောင်ပတ်လမ်းအတိုင်း ပိုင်လျန်မြို့ဆီသို့ ဦးတည်၍ ထွက်ခွာလာခဲ့သည်။

မထွက်ခွာမီတွင် ပေါင်တထုံးက သူ့ကို အရေးကြီးသော သတင်းစကားတစ်ခု အလကား မျှဝေပေးခဲ့သည်။

နဂါးနီနတ်ဘုရားနန်းတော်သည် လောကကြီးထဲတွင် ပေါ်ထွက်လာသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် သီးခြားဟင်းလင်းပြင်တစ်ခုအတွင်း ပုန်းကွယ်နေဆဲဖြစ်ကာ ၎င်းဘာသာ ရွေ့လျားနိုင်စွမ်း ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက နဂါးနီနတ်ဘုရားနန်းတော်သည် ယွမ်မုန့်တောင်တန်းတွင်မဟုတ်ဘဲ အနောက်ဘက် သဲကန္တာရတွင် ပေါ်ထွက်ခဲ့ဖူးသည်။

ဤနှစ်ပေါင်းများစွာအတွင်း ၎င်းသည် အကြိမ်အနည်းငယ် ပွင့်ခဲ့ဖူးရာ နေရာကို ခန့်မှန်းရခက်သော်လည်း အချိန်ကိုမူ တွက်ချက်၍ ရနိုင်သည်။

ယခင် ဖြစ်ရပ်များကို အခြေခံ၍ တွက်ချက်ရလျှင် နောက်ထပ် ငါးလအကြာတွင် ကျရောက်မည့် နေကြတ်သည့်နေ့သည် နဂါးနီနတ်ဘုရားနန်းတော် ပွင့်မည့်နေ့ပင်။

ပေါင်တထုံးသည် ဤအရေးကြီးသော သတင်းကို ကုယွမ်အား ပေးလိုက်ခြင်းမှာ ကျေးဇူးဆပ်

ရန်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ဖြစ်သည်မှာ သိသာလှသည်။

နဂါးနီနတ်ဘုရားနန်းတော်အတွင်း၌ ရေတွက်မကုန်နိုင်သော ရတနာများနှင့် တာအိုကျမ်းစာများ ရှိနေသည်။ အကယ်၍ ကုယွမ်သာ အထဲသို့ ဝင်နိုင်ပြီး ရတနာများနှင့် ကျမ်းစာများကို ရရှိခဲ့ပါက သူ လိုအပ်နေသည့် စစ်မှန်သော တာအိုကျင့်စဉ်အတွက် ပူစရာ လိုတော့မည်မဟုတ်ပေ။

သို့သော် နဂါးနီနတ်ဘုရားနန်းတော် ပွင့်မည့်နေ့တွင် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ရောက်ရှိလာမည်ဖြစ်ပြီး ပဋိပက္ခများစွာလည်း ဖြစ်ပွားပေလိမ့်မည်။

ကံကောင်းခြင်းကို ရှာဖွေရန် ဝင်ရောက်ခြင်းမှာ ကောင်းသလား ဆိုးသလား ဆိုသည်မှာတော့ မသိနိုင်သေးပေ။

ဘယ်လို ရွေးချယ်မလဲဆိုသည်မှာ ကုယွမ်အပေါ်၌သာ မူတည်သည်။

ကုယွမ်သည် ပေါင်တထုံး၏ စေတနာကို လက်ခံခဲ့သလို သူ၏ ရည်ရွယ်ချက်ကိုလည်း နားလည်ခဲ့သည်။ နဂါးနီနတ်ဘုရားနန်းတော်သို့ သွားရောက်ရန်နှင့် ပတ်သက်၍မူ လောလောဆယ်တွင် သူ့၌ ထိုသို့သော စိတ်ကူးမျိုး မရှိသေးပေ။

နန်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် နဂါးနီအမိန့်တော်ပြားလိုအပ်သည်ကိုလည်း မမေ့သင့်ပေ။

နဂါးနီအမိန့်တော်ပြား ရှိနေလျှင်လည်း ကုယွမ်ကတော့ ထိုကဲ့သို့ အန္တရာယ်များလှသော ပွဲမျိုးကို သွားရောက်ပတ်သက်မည် မဟုတ်ပေ။

စစ်မှန်သော တာအိုကျင့်စဉ်က အရေးကြီးသည်မှာ မှန်သော်လည်း သူအသက်က ပို၍ အရေးကြီးသည်။

အကယ်၍ ကုယွမ်သည် ကောင်းကင်ဘုံလူသားနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီး သူကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အတန်အသင့် ရှိနေလျှင်တော့ သွားရောက်ရန် စိတ်ကူးမိကောင်း စိတ်ကူးမိပေလိမ့်မည်။

သို့သော် ယခုမူ သူသည် မွေးရာပါသိုင်းဆရာအဆင့်မျှသာ ရှိသေးရာ သွားရောက်ခြင်းမှာ သူကိုယ်ကိုယ် သေတွင်းထဲ ပို့ခြင်းနှင့် အတူတူပင်။ လူမိုက်တစ်ယောက်သာလျှင် ထိုကဲ့သို့ အသက်ကို ရင်းပြီး စွန့်စားပေလိမ့်မည်။

ကုယွမ်သည် သူ၏ ခရီးကို ဆက်လက်ထွက်ခွာရင်း အသစ်ရရှိထားသော သိုလှောင်အိတ်လေးကို စစ်ဆေးလိုက်သည်။ အိတ်ထဲတွင် များသောအားဖြင့် သာမန် အသုံးအဆောင်ပစ္စည်းများသာ ရှိသော်လည်း ရွှေ၊ ငွေ၊ ရတနာ အချို့နှင့် အရည်အသွေး အသင့်အတင့်ရှိသော လက်နက်အနည်းငယ်ကိုလည်း တွေ့ရသည်။ ထိုမှတစ်ပါး အခြား ထူးထူးခြားခြားတော့ မရှိပေ။ သို့သော်လည်း ဤသိုလှောင်အိတ်ကလေး ရလိုက်ခြင်းကပင် သူ့အတွက်တော့ တကယ့်ကို အမြတ်ထွက်နေပြီ ဖြစ်သဖြင့် ကုယွမ်က စိတ်ထဲ သိပ်မထားပေ။

မွန်းတည့်ချိန်သို့ ရောက်သောအခါ နေရှိန်က အလွန်အမင်း ပူပြင်းလာတော့သည်။ လမ်းမကြီးအတိုင်း အတော်အတန် လျှောက်လာပြီးနောက် ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းစဉ် ကုယွမ်သည် ရုတ်တရက် ရပ်တန့်သွားပြီး မြေပြင်ကို စိုက်ကြည့်လိုက်သည်။

မြေပြင်မှာ အနည်းငယ် တုန်ခါနေပြီး ကျောက်ခဲလေးများနှင့် ဖုန်မှုန့်များမှာ ရံဖန်ရံခါ အထက်သို့ လွင့်စင်တက်နေသည်။

အဝေးဆီမှ မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်း မြည်ဟည်းသံများ၊ သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံများ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ကုယွမ်သည် ခြေထောက်ဖြင့် ခပ်ဖွဖွကန်ကာ ကျောက်နံရံပေါ်သို့ ပါးနပ်စွာ တက်လိုက်ပြီး အနီးရှိ တောင်ကုန်းနိမ့်လေးတစ်ခု၏ ထိပ်သို့ ရောက်သွားတော့သည်။

ထို့နောက် အသံထွက်ပေါ်ရာ ဆီသို့ လှမ်းကြည့်လိုက်ရာ ရှေ့ဘက်တောင်တန်းများကြားတွင် ထူးဆန်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသည့် ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်

သူတို့ထဲမှ တစ်ခုမှာ ဧရာမ ကျောက်စိမ်းဖားအိုကြီးတစ်ကောင် ဖြစ်သည်။ ထိုဖားကြီးမှာ မီတာတစ်ရာကျော်ခန့် မြင့်မားပြီး တစ်ကိုယ်လုံး နက်မှောင်သော အစိမ်းရောင် ရှိကာ ရွံရှာဖွယ်ကောင်းသော အဖုအထစ်များဖြင့် ပြည့်နှက်နေသည်။

အဖုအထစ် တစ်ခုချင်းစီမှာ ပေါက်ကွဲအားကောင်းသော စွမ်းအင်များ သိုလှောင်ထားပုံပင်။ ထိုဖားကြီးဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပြင်းထန်လှသဖြင့် မိုင်ပေါင်းများစွာအတွင်းရှိ ငှက်နှင့် သားရဲများမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။

၎င်း၏ ကျောကုန်းပေါ်တွင် ဦးခေါင်းမှ အမြီးအထိ ရွှေရောင်အမျှင်တန်းတစ်ခုမှာ နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ဖော်ပြ၍မရသော ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

အသေအချာ ကြည့်လိုက်သောအခါ ဖားကြီး၏ ဦးခေါင်းပေါ်တွင် ပုပုလုံးလုံး အဘိုးကြီးတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။

သူ၏ အရှိန်အဝါမှာ ထိန်းချုပ်ထားပုံရသော်လည်း ဤမျှ ကြောက်စရာကောင်းသော ဖားကြီးပေါ်တွင် ရပ်နေနိုင်ခြင်းကပင် သူ၏ ထူးခြားမှုကို သက်သေပြနေတော့သည်။

ထိုသူ၏ ဆန့်ကျင်ဘက်တွင်မူ လေထဲ၌ ပျံဝဲနေသော ချောမောသည့် လူငယ်တစ်ဦး ရှိနေသည်။ သူ၏ ဆံပင်ရှည်များမှာ ခါးအထိ ကျနေပြီး ခရမ်းပြာရောင် အလင်းတန်းများ ဖြာထွက်နေကာ ခြေဖဝါးအောက်တွင်လည်း မင်္ဂလာတိမ်တိုက်တစ်ခု ရှိနေသည်။

သူ၏ ပတ်ဝန်းကျင်တွင် ခရမ်းငွေရောင် ကြယ်တာရာ အလင်းတန်း ခုနစ်ခုမှာ မြောက်ပြန်ကြယ်ခုနစ်လုံး အစီအရင်အဖြစ် တည်ရှိနေပြီး ပြင်းထန်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်။

ကြယ်တာရာ အလင်းတန်းတစ်ခုစီမှာ အနှိုင်းမဲ့ နတ်ဘုရားဓားတစ်လက်ကဲ့သို့ တောက်ပနေပြီး ပြိုင်ဘက်ကင်းသော စူးရှမှုကို ဆောင်ကြဉ်းလာသည်။ သူတို့ အပေးအယူမျှမျှဖြင့် ဖွဲ့စည်းထားသော အစီအရင်မှာ အလွန်ပင် စနစ်ကျလှသည်။

ထိုနှစ်ယောက်၏ တိုက်ပွဲမှာ ပြင်းထန်လှသော မှော်ပညာ အပြန်အလှန် အသုံးပြုမှုများ၊ ကြယ်တာရာ အလင်းတန်းများ လွင့်စင်မှုနှင့် ရွှေရောင်အဆိပ်ငွေ့များ ပျံ့နှံ့မှုတို့ဖြင့် ပြည့်

နှက်နေသည်။

တိုက်ပွဲ၏ အရှိန်အဝါကြောင့်ပင် မြေပြင်မှာ ထူထဲသော အလွှာလိုက် ကွာကျသွားပြီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများမှာ ပြိုလဲကာ သစ်ပင်တောအုပ်များမှာလည်း အဆိပ်သင့်၍ဖြစ်စေ၊ ကြယ်အလင်းကြောင့်ဖြစ်စေ ပြာအဖြစ်သို့ ပြောင်းလဲကုန်ကြတော့သည်။

ကုယွမ်သည် ဂူတစ်ခုထဲမှ ထိတ်လန့်တကြား ထွက်လာသော ဆယ်မီတာကျော် ရှည်သည့် မြွေနဂါးတစ်ကောင်ကိုပင် မြင်လိုက်ရသည်။

၎င်း၏ အရှိန်အဝါမှာ နာမည်ကျော် ဝိညာဉ်ငိုသံသူငယ်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသော်လည်း ခဏအကြာတွင် ကောင်းကင်မှ ကျဆင်းလာသော ကြယ်အလင်းတန်း တစ်ခုကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ အသားဖတ်များအဖြစ် ကြေမွသွားတော့သည်။

"ဒီလောက်အထိ အစွမ်းထက်တဲ့ နတ်ဘုရားအတတ်ပညာတွေဆိုတော့... ဒါက ကောင်းကင်ဘုံလူသား တာအိုအခြေခံလား ဒါမှမဟုတ် ရွှေအမြုတေအဆင့်လား"

ဤကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရသောအခါ ကုယွမ်၏ မျက်တောင်များမှာ တဆတ်ဆတ် တုန်သွားပြီး ဘာမှမပြောဘဲ လှည့်ကာ ထွက်ပြေးတော့သည်။

ဤကဲ့သို့သော ဆူပူလှုပ်ရှားမှုမျိုးကို အနီးကပ် မကြည့်သင့်ပေ မဟုတ်ပါက ဘေးမီးဟပ်ကာ အလကားနေရင်း အသက်ပျောက်သွားနိုင်သည်။

သူ၏ အနောက်ဘက်တွင်မူ ထိုနှစ်ယောက်၏ အသံများကို ခပ်သဲ့သဲ့ကြားနေရဆဲပင်။

"ပေါင်ချန်... မင်းက သွေးသောက်ခြင်းကို လျှို့ဝှက်ကျင့်ကြံဖို့အတွက် သွေးလောက်ကောင် မြောက်မြားစွာကို မြစ်ထဲ ချခဲ့တယ်။ လူနဲ့ သားရဲတွေရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး သွေးခြင်တွေ ဖြစ်လာစေခဲ့တယ်။ အဲဒီတုန်းက မင်း ပုရွက်ဆိတ်လို သဘောထားခဲ့တဲ့ သာမန်လူသားတွေက အခု မင်းကို ကံကြမ္မာအရ ပြန်လာပြီး ကလဲ့စားချေလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား"

"ငါ့ကို ကလဲ့စားချေမလို့လား တွမ့်ချန်... မင်း ကြယ်စင်မြစ်ဓားဂိုဏ်းကို ဝင်ပြီး အစီအရင်ကို တာအိုအဖြစ် ကျင့်ကြံကာ ခုနစ်လုံးကြယ် နတ်ဘုရားသတ်အစီအရင်ကို တတ်မြောက်ထားတဲ့ ဂိုဏ်းရဲ့ အမာခံတပည့် ဖြစ်လာတယ်လို့ ငါကြားတယ်။ အခုကြည့်ရတာ မင်းက တကယ်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ... ဒါပေမဲ့ ငါ့ကို သတ်ဖို့အတွက်ကတော့ မင်းမှာ အစွမ်းမရှိသေးပါဘူး။ မင်း ရွှေအမြုတေကို အောင်မြင်အောင် လုပ်နိုင်တဲ့အခါကျမှ ငါ့ကို လာပြောစမ်းပါ"

"ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ပေါင်ချန် ... မင်းရဲ့ ရွှေမျှင်တန်ဖိုးရှိ ဖားအိုကြီးဆိုတာ ဂူနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါဖြစ်ပြီး ကောင်းကင်မျိုဖားရဲ့ သွေးမျိုးဆက် အနည်းငယ် ပါတယ်လို့ ငါကြားဖူးတယ်။ ဒီနေ့ ငါ့ရဲ့ ခုနစ်လုံးကြယ် နတ်ဘုရားသတ်အစီအရင်နဲ့ မင်းရဲ့ အစွမ်းကို စမ်းကြည့်ရသေးတာပေါ့..."

အနောက်ဘက်မှ အသံများမှာ တဖြည်းဖြည်းနှင့် ဖျော့တော့သွားသော်လည်း ကုယွမ်ကတော့ ပြေးနေသည်ကို မရပ်တန့်ခဲ့ပေ။

ငါးနာရီ၊ ခြောက်နာရီခန့် အကြာကြီး ပြေးလာခဲ့ပြီး ပိုင်လျန်ခရိုင် နယ်နိမိတ်ထဲသို့ ပြန်ရောက်လာသည့် အခါမှသာ ကုယွမ်သည် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။

All Chapters