← Chapters

ဓားတစ်ချောင်းက ဖြစ်စေသော ကံဆိုးမိုးမှောင်ကျခြင်း

Vol. 25 Ch. 342

ဓားတစ်ချောင်းက ဖြစ်စေသော ကံဆိုးမိုးမှောင်ကျခြင်း

Vol. 25 Ch. 342

ကောင်းကင်ဘုံဓားဂိုဏ်း၏ လက်ဘက်ရည်ခန်းထဲတွင်...

ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့ဟန်ရှိသော အမျိုးသားက ရုတ်တရက် ဒေါသတကြီးနှင့် စားပွဲကိုရိုက်ချလိုက်လေ၏။ “မရဘူး။ ဒီအကြောင်းကို ဘာမှထက်ဆွေးနွေးဖို့ မလိုတော့ဘူး။ ငါမင်းကို သွားဖို့တားမြစ်တယ်။”

အမျိုးသမီး၏ မျက်နှာထက်တွင်လဲ  ဒေါသအကြည့်များ ရှိလေ၏။ “ဘာပဲဖြစ်ဖြစ် ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုက ဒီကုန်းမြေကြီးအတွက် ရောဂါဆိုးတစ်ခုပဲကို။ သူတို့ အမြစ်ဖြတ် ချေမှုန်းခဲ့ရဲ့ နိုင်ငံတွေ မျိုးနွယ်စုတွေ ဘယ်လောက်တောင် များပြီလဲ။ သူတို့ရဲ့ အံ့ချီး တောင်ကနေ သန့်စင် သတ္ထုတွေ နည်းနည်းခိုးမှာက ဘာများ မှားလို့လဲ။”

“ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုက တကယ့်ကို ယုတ်မာပြီး အပြစ်ဒဏ်နဲ့ တိုက်တန်တာမှန်တယ်။ ဒါပေမဲ့ သူတို့ကို အပြစ်ပေးရမှာ ​ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ နေရာမဟုတ်ဘူး။ သူတို့ကို သွားပြီးရန်စတာရဲ့ အကျိုးဆက်တွေကို မင်းသိရဲ့လား။ ဟွမ်ဟွမ်ရဲ့ဓားအတွက် သတ္ထုတစ်ချို့လိုတာနဲ့ပဲ အဲ့လို မျိုးနွယ်စုတစ်ခုကို သွားရန်စဖို့ တန်လို့လား။ မင်းက ဟွမ်ဟွမ်ကို ဖျက်ဆီးနေတာပဲ။” အမျိုးသားမှာ ဒေါသထွက်နေပြီး သူ့အသံက နောက်ထပ် ဆွေးနွေးရန်မရှိသည်ကို ရှင်းလင်းစေ၏။

အမျိုးသမီးက ပြုံးလိုက်ပြီး “ ဟုတ်တယ်။ ကျွန်မက လွဲရင် ဘယ်သူကများ သူ့ကို အလိုလိုက်မှာလဲ။ ရှင့်မှာက သမီးတွေ အများကြီး ရှိပေမဲ့ ကျွန်မမှာတော့ ဒီတစ်ယောက်ပဲရှိတာ။ သန့်စင်ရေခဲဝိညာဉ် သတ္ထုက ဟွမ်ဟွမ်အတွက် ဘာကိုဆိုလိုလဲဆိုတာ ရှင်လဲ သိပါတယ်...။ ရှင်သဘောမတူလဲ ကောင်းပြီလေ။ ကျွန်မဘာ့သာသွားမယ်။”

ထိုသည်ကိုပြောရင်း အမျိုးသမီးက တစ်ဖက်သို့လှည့်သွားကာ တည်တည်ကြည်ကြည် ထွက်ခွာသွားတော့သည်။

“မင်း... မင်းရူးသွားပြီလား။” ဝေးကွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဒေါသထွက်နေသော အမျိုးသားက ပြောစကားများ လံုးဝ ပျောက်ဆုံးသွားလေ၏။

...

ပျံသန်းနေသော သင်္ဘောတစ်စင်း၏ အထဲတွင် ကလေးမလေးက အမျိုးသမီး၏ လက်ကို ဆုတ်ကိုင်ထားကာ “မေမေ၊ ဖေဖေက သမီးတို့နဲ့ မလိုက်လာဘူးလား။” သူမက သိလိုစိတ်ပြင်းပြစွာ မေးလာ၏။

အမျိုးသမီးက သူမ၏ လက်ကလေးကို ချစ်စနိုးပွတ်ကာ “သူက လောလောဆယ် အလုပ်များနေတယ်။ စိတ်မပူပါနဲ့ မေမေက ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အစွမ်းထက်တာထက်ပိုပါတယ်။”

“ဟီးဟီး... အဲ့တာဟုတ်တယ်။ မေမေက သမီးတို့ရဲ့ ကောင်းကင်ဘံု ဓားဂိုဏ်းမှာ နံပါတ်တစ် အမျိုးသမီး ဓားအင်မော်တယ်ပဲ။ မေမေကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး။”

“မေမေ သမီးနဲ့ ဓားသိုင်းကျင့်ပေးပါ။”

“ဟင်... ဟုတ်ပါပြီကွယ်...။”

...

ဟာလာပြင် စိတ်ဝိညာဉ် နယ်မြေ။ ထို ဆန်းပြားသည့် နယ်မြေအပေါ်တွင် စိမ်းပြာရောင် ကောင်းကင်ကြီးက ဖြန့်ကျက်နေလေ၏။

ဤနေရာရှိ အရာများ အားလုံးမှာ ထိတွေ့နိုင်စွမ်း ရှိမှုနှင့် မရှိမှုကြားတွင် ကူးလူးနေဟန်ရသည်။ မည်သည့်အရာမဆို လေထု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်သည်။ ပုံပျက်ချင်း၊ ဆန်းကြယ်ခြင်း၊ ညစ်ညမ်းခြင်းများနှင့် ကျိုးပျက်မှု စသည်တို့ဖြင့်...။

အကယ်၍ စိတ်ဓာတ်ပျော့ညံ့သော သူများ ဤနယ်မြေထဲသို့ ခြေချမိပါက ဤနေရာ၏ ပတ်ဝန်းကျင်က သူတို့၏ စိတ်ကို ဖုံးလွှမ်းသွားနိုင်ချေများလှကာ သူတို့အား ရူးသွပ်ကာအသိဉာဏ်မဲ့ သူများအဖြစ် ပြေားလဲပစ်နိုင်ပေသည်။

ဤနေရာ၌ အံ့ချီးတောင်ကြီး ငါးခုရှိကာ ထိုသည်များမှာ အလွန်အမင်းတန်ဖိုးကြီးကာ အပြင်လူစိမ်းများ မနာလိုဖြစ်စေနိုင်သော တွင်းထွက်ပစ္စည်းများ ထွက်လေ၏။

အံ့ချီးတောင် ငါးခုထဲမှ တစ်ခုဖြစ်သော အံ့ချီး ရေခဲတောင်မှာ သန့်စင်ရေခဲဝိညာဉ် သတ္ထုထုတ်ပေးသောကြောင့် အကျော်ကြားဆုံးဖြစ်လေ၏။

ဤသတ္ထုမှာ နှစ်သုံးထောင်တွင် တစ်ခါဖြစ်ပေါ်လာပြီး လူတစ်ဦး၏ အံ့ချီးအာရုံများကို အထူးအကျိုးပြုလေသည်။

ထို့နည်းတူစွာပင် အလွန်အစွမ်းထက်သော အံ့ချီး အာရုံများရှိသူများသည်သာလျှင် ထိုအရာ၏ အသိအမှတ်ပြုမှု ခံရမည် ဖြစ်သည်။

ထိုအချိန်၌ ဤအံ့ချီးတောင်သည် သူ့တည်ရှိမှု၏ အကြမ်းတမ်းဆုံးကာလကို ကြုံတွေ့နေရတာဖြစ်၏။

“မေမေ၊ မေမေ... အဲ့ဒါက ဘာတွေလဲဟင်။” ကလေးမငယ်လေးသည် သူတို့ဆီသို့ မာန်ဖီကာတိုးဝင်လာသော တစ်ဝက်တစ်ပျက် အလင်းဖောက်နိုင်သော သတ္တဝါများကို ကြည့်ရင်း ကြောက်လန့်တကြားနှင့် တုန်ယင်နေပေတော့သည်။

“မကြောက်နဲ့နော်။ မေမေက သမီးကို ကာကွယ်ဖို့  ဒီမှာရှိတယ်။” အမျိုးသမီးက နွေးထွေးစွာ ပြုံးကာ “သူတို့အားလုံးက စက္ကူကျားရုပ်တွေပါ။ တွေ့လား သူတို့က မေမေရဲ့ ဓားချက်တစ်ချက်ကိုတောင် တောင့်မခံနိုင်ကြဘူး။” သူမက တစ်ဝက်တစ်ပျက်​ဖောက်ထွင်းမြင်ရသော အံ့ချီးစိတ်အာရုံဓားကို သူမလက်ထဲတွင် ကိုင်ဆောင်ထားပြီး သူမ၏ ဓားချက်တစ်ခုချင်းစီတိုင်းက လှပပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေပေတော့သည်။ ၄င်းတို့က အံ့ချီး ခန္ဓာကိုယ် သို့မဟုတ် စိတ်ဝိညာဉ် ခန္ဓာကိုယ် မည်သည်ပဲ ရှိရှိ ဟာလာပြင်စိတ်ဝိညာဉ် မျိုးနွယ်စုများအားလုံးကို ဗလာအဖြစ်သို့ ပျက်ဆီးစေခဲ့၏။

ဤအံ့ချီးတောင်ကို စောင့်ရှောက်ရသော ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုများ အားလုံးသည် ကျောက်လန့်တကြား အော်ဟစ်လာတော့လေသည်။ စွမ်းအားကြီးသည့် ဟာလာပြင်သို့ အပြန်အဆင့်ရှိ ဟာလာပြင် စိတ်ဝိညာဉ် နတ်ဘုရားသည်ပင် ဓားချက်အနည်းငယ်ဖြင့် ဖျက်စီးခြင်းခံလိုက်ရ၏။ သူတို့မှာ ဤတောင်အား မည်ကဲ့သို့  ကာကွယ်ရမည်နည်း။

အံ့ချီးတောင်၏ ထိပ်တွင် အမျိုးသမီးက ကလေးမလေး၏ လက်ကိုကိုင်ရင်း အလင်းပေါက်နေပြီး တလက်လက်တောက်ပနေသာ အပြာရောင် ကျောက်တုံးတစ်ခုကို ကြည့်နေ၏။

“သန့်စင် ရေခဲဝိညာဉ် သတ္ထုက နှစ်ပေါင်း သုံးထောင်မှာ တစ်ကြိမ်သာ ဖြစ်တည်တဲ့ သတ္ထု။ မင်းဖြစ်တည်လာတာ နှစ်တစ်ထောင်တောင်ရှိနေပြီ။ ဒါပေမဲ့ မင်းက ရေစက်ပါတဲ့ လူကို အခုထိ မတွေ့သေးဘူး...” အမျိုးသမီးက ကျောက်တုံးကို ကြည့်လိုက်ကာ ငြင်သာစွာပြောလာ၏။ “ဟွမ်ဟွမ်... မင်းရဲ့သွေးကို အဲ့ကျောက်တုံးပေါ်  ဖြန်းလိုက်။”

ကလေးမလေးက စိတ်လှုပ်ရှားစွာ ပြေးသွား၏။ ထို​ကျောက်တုံးသည် အံ့ချီးလက်နက် စာရင်းထဲတွင် ဆွဲထားသည့်သတ္ထုနှင့် တစ်ပုံစံတည်းပင်။

ကလေးမလေး၏ မျက်လုံးတောက်တောက်လေးများက ကျောက်တုံးကို ဖြတ်သန်းကာ ထိုသည်၏ ဘေးပတ်ပတ်လည်တွင် ကူးလူးနေသော အသက်ရှိနေသော စွမ်းအင်ကို ကြည့်ရှုလိုက်၏။

သွေးအဆီအနှစ် တစ်စက်က အပြာရောင်ကျောက်တုံး၏ မျက်နှာ​ပြင်ပေါ်သို့ ကျသွား၏။ နှစ်ထောင်ပေါင်းများစွား လုံးဝပင် မလှုပ်မယှက်နေသော ထိုကျောက်တုံးက ရုတ်တရက် တောက်ပသော အပြာရောင် အလင်းတန်း တစ်ခု ဖြာထွက်လာတော့သည်။

“ငါတို့ အောင်မြင်သွားပြီ။ အဲ့တာက သန့်စင် ရေခဲဝိညာဉ် သတ္ထုက သူ့ရဲ့ ပိုင်းရှင်ကို အသိအမှတ်ပြုတဲ့အခါ ဖြစ်ပေါ်လာတဲ့ သဘာဝ ဖြစ်စဉ်ပဲ။” အမျိုးသမီး၏ မျက်လုံးက အရောင်တောက်သွားလေ၏။

သန့်စင်ရေခဲဝိညာဉ် သတ္ထုသည် သန့်စင်ပြီးသည့်အခါ စိတ်ဝိညာဉ် စွမ်းအင် အများဆုံးပိုင်ဆိုင်လေ၏။ ထိုသည်က ဓားအဖြစ်သို့ ချက်ချင်း သွန်းလောင်းရမည်။ သို့မဟုတ်ပါက စိတ်ဝိညာဉ် စွမ်းအင်များက ချက်ချင်း ခမ်းခြောက်သွားပေလိမ့်မည်။

“ကောင်းကင်ဘုံ ဓားကိုးချောင်း အထူးဖွဲ့စည်းခြင်း အသက်သွင်း...”

အမျိုးသမီး၏ ငိုသံနောက်တွင် အလွန်အမင်း အစွမ်းထက်သည့် အံ့ချီး စိတ်အာရုံ ဓားကိုးချောင်းက သူမ၏ စိတ်ထဲမှ ပျံထွက်လာကာ ဓားဖွဲ့စည်းခြင်းတစ်ခု ဖြစ်လာ၏။

“ဟွမ်ဟွမ် ဖွဲ့စည်းခြင်းရဲ့ အလယ်မှာ ရပ်ပြီး ငြိမ်ငြိမ်လေးနေနေ။”

အချိန်အများကြီး မကျန်ပါတော့ပေ။ ထိုသည်ကို ပြောပြီးသည်နှင့် အမျိုးသမီးက ချက်ချင်းပင် အံ့ချီးဓားတစ်လက် သွန်းလောင်းလေတော့သည်။

ထိုဓားအား အချိန်တို အတွင်း၌ သွန်းလောင်းရန် အမျိုးသမီး၏ လှုပ်ရှားမှုများသည် အံ့ချီးတောင်တစ်ခုလုံးကို သက်ရှိစွမ်းအင်များ အလွန်အမင်း ထိုးထွက်လာစေတော့သည်။ မိုးချုန်းသံများ၊ မီးတောက်များ၊ တူထုသံများ...

...

စိမ်းပြာရောင် ကောင်းကင်တွင် အနက်ပိန်းပိန်း အက်ကွဲကြောင်းကြီးတစ်ခုပေါ်က ဖြည်းညင်းစွာ ပွင့်ထွက်လာ၏။

အက်ကွဲကြောင်း၏ နောက်တွင် ပုန်းကွယ်နေသည်မှာ ရူးသွပ်ဖွယ် ပရမ်းပတာဖြစ်ခြင်းများနှင့် အမှောင်ထုကြီးပင်။ အသက်မဲ့နေသော မျက်လုံးများတွင် တောက်လောင်နေသော ကြက်သွေးရောင် မီးတောက်များနှင့် ဦးခေါင်းထက်တွင် အနက်ရောင် ရောင်ခြည်တစ်ခု ပေါ်လောပေါ်နေသော တစ်ဝက်ဖောက်ထွင်းမြင်ရသော အရိုးစုကြီးတစ်ခုက အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ထွက်လာ၏။ ထိုသည်က အံ့ချီးတောင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။

“ကောင်းကင်ဘုံဓားဂိုဏ်ရဲ့ အကြီးအကဲ၊ ဂိုဏ်းချုပ် လျှိုမင်ဟွမ်ရဲ့ဇနီး၊ ဟာလာပြင်သို့ အပြန်အဆင့် ဓားအင်မော်တယ်၊ ချူဟုန်...” အနက်ရောင် အရိုးစုကြီးက အမူအရာမဲ့ ပြောလာ၏။

“ဖူးဖူး... လျှိုမင်ဟွမ်တောင် ငါတို့ရဲ့ အံ့ချီးတောင်တွေမှာ ပြဿနာမရှာရဲတာ။ သူ့မိန်းမကို ဘယ်သူကများ ဒီလို သတ္တိတွေ ပေးတာလဲ။” တခြားသော သတ္တဝါတစ်ကောင်က အက်ကွဲကြောင်းထဲမှ ထွက်လာပြီး အေးစက်စွာ လှောင်ပြောင်လေတော့သည်။ ထိုသည်က တစ်ဝက်ဖောက်မြင်နိုင်သော ခေါင်းနှစ်လုံးနှင့် သတ္တဝါကြီးပင်။

“ဟမ်... ဒါကလုံးဝ အမှန်မဟုတ်ဘူး။ ငါတို့သာ ဒီနားကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်မသွားခဲ့ရင် ဒီချူဟုန်က အောင်မြင်ချင် အောင်မြင်နိုင်ပါတယ်လေ။ ပြီးသွားရင် သူမက ကောင်းကင်ဘုံဓားဂိုဏ်းမှာ ပုန်းနေလိုက်ရင် ငါတို့က ဘာမှလုပ်လို့ မရတော့ဘူး...” ထိုအရာကပြောနေစဉ်မှာပင် ခြောက်နွမ်းနေသော နွယ်ပင်များနှင့် ပြုလုပ်ထားသောလှံတံတစ်ခုက အနက်ရောင် အရိုးစု၏ လက်ထဲတွင် ပေါ်လာပြီးဖြစ်သည်။

ထို ညိုးခြောက်ပြီး သေစေနိုင်သော အဝါရောင် လှံတံက ထူးထူးဆန်းဆန်း တုန်လှုပ်လာပြီး သွေးနီရောင် အလင်းတန်းတစ်ခုက ထိုအရာ၏ ထိပ်တွင် ပေါ်လာလေ၏။

သန့်စင် သေခြင်းလှံတံ...

ထိုလှံတံသည် အဝါရောင်နွေဦး အံ့ချီးတောင်၏ အန္တရာယ် အများဆုံးသော အပိုင်းတွင် ပေါက်ရောက်သော ရှေးဟောင်းငရဲနွယ်ပင်များဖြင့် ပြုလုပ်ထားခြင်းပင်။ ထိုအရာကို ပစ်လွှတ်လိုက်သည်နှင့် ပစ်လွှတ်သူထက် အဆင့်နိမ့်သော မည်သည့် ရန်သူကိုမဆို ထိမှန်မည် ဖြစ်၏။ ထိုသို့ထိမှန်သည်နှင့် သူတို့က သေချာပေါက် သေဆုံးပေလိမ့်မည်။

ထိုသည်က သေခြင်း၏ လှံတံစစ်စစ်ပင်။ ထိုသည်က ကံတရား၏ အနန္တစွမ်းအင်ကို ထိတွေ့ပြီးသော အင်မော်တယ် လက်နက်လည်းဖြစ်သည်။

ထပ်ပေါင်းပြောရသော် ခေါင်းထက်တွင် အနက်​ရောင်ခြည်တစ်ခုရှိသော အရိုးခြောက်မှာ ဟာလာပြင်သို့အပြန် အဆင့်ရှိသော ဟာလာပြင် စိတ်ဝိညာဉ် နတ်ဘုရားဖြစ်လေ၏။

“ခေါင်းတလားနက် ကန့်လန့်ကာ...” ခေါင်းနှစ်လုံးနှင့် သတ္တဝါက သူ့၏ လက်ဖြင့် များစွာသော ချိတ်စည်းများကို ဖြစ်ပေါ်စေလိုက်သည်။

...

အံ့ချီးရေခဲတောင်၏ ထိပ်တွင် ရွှင်မြူးသော အသံကြီးတစ်ခုက ကောင်းကင်ဆီသို့ မြည်ဟီးလာ၏။

အထူးလှပကောင်းမွန်သော ဓားကို ကြည့်နေရင်း ကလေးမလေးသည် လုံးဝပင် အားရကျေနပ်နေ၏။

“ဟွမ်ဟွမ်... သမီး ဒီဓားကို ကြိုက်လား။” ချူဟုန်က ဓားကို ကလေးမလေးအား ကမ်းပေးရင် ကြည်ကြည်နူးနူးရယ်နေတော့သည်။

ဤဓားက သူမ၏ အလွန်အမင်း အစွမ်းထက်လှသော ရှေးဟောင်းတာအို ဓားသိုင်းပညာကြောင့် ထိန်းချုပ်ခြင်းခံရပြီးသော ကလေးမလေး၏ အံ့ချီး အာရုံများကို ပျိုးထောင်ပေးနိုင်၏။ ထိုဓားက သူမအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

“သဘောကျတယ်။ ဒီဓားက အရမ်းလှတာ။ မေမေက အကောင်းဆုံးပဲ။” ကလေးမလေးက အပျော်လွန်စွာ ဓားဆီသို့ သူမ၏ သေးသွယ် နူးညံ့သော လက်များဖြင့် လှမ်းကိုင်လိုက်၏။ သူမက အမြဲတမ်းတောင့်တနေခဲ့သော ထိုဓားကို ဖက်ထားချင်မိပါသည်။

လှိုင်းငယ်လေးများက ရုတ်တရက် အပြင်ဘက်သို့ ထွက်လာပြီး ဟာလာပြင်က ရုတ်တရက် အေးခဲသွားတော့သည်။

မသိလိုက်ခင်မှာပင် အနီရဲရဲ သွေးကွက်ကြီးတစ်ခုက အမျိုးသမီး၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ပေါ်လာလေတော့၏။

ရှေးဟောင်းနွယ် လှံတံက သူမ၏ အရေပြားကို ထိုးဖောက်ကာ နိမိတ်မကောင်းသော အနီရောင် ပေါ်ထွက်လာစေ၏။ ထိုသည်က သူတို့၏ ခဏတာ ပျော်ရွှင်မှုကို စော်ကားနေသကဲ့သို့ပင်။

ချူဟုန်က သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ထိုးစိုက်နေသော လှံတံအား အံ့ဩတကြီး ကြည့်လိုက်၏။ ထို့နောက် သူမက နောက်သိုကြည့်လိုက်သောအခါ အဝေးတွင် ပုန်းကွယ်နေသော ဟာလာပြင် စိတ်ဝိညာဉ် နတ်ဘုရား နှစ်ဦးကို တွေ့လိုက်ပေသည်။

ထိုသည်က ဘယ်တုန်းကမှ မပေါ်လာ သကဲ့သို့ လှံတံသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ အနက်ရောင် အမျှင်များက အမျိုးသမီး၏ ဝမ်းဗိုက်တွင် ပျံ့နှံ့နေပြီး သူမ၏ စီးကျနေဆဲ သွေးများကသာ အခုလေးတင် ဖြစ်သွားသောအရာအတွက် သက်သေကျန်ရစ်ခဲ့ပေသည်။

ကလေးမလေးက အထိန်တလန့်ဖြင့် ​မလှုပ်နိုင်ဖြစ်ကာ သူမ၏ မျက်လုံးများ ပြူးကျယ်လာပြီး အမျိုးသမီး၏ ဝမ်းဗိုက်မှ စီးကျနေသည့် သွေးများကို ကြည့်ရင်း မယုံနိုင်ဖြစ်နေလေတော့၏။

ခေတ္တမျှ ကြောင်ငေးနေပြီးနောက် သူမက ချူဟုန်၏ ထွေးဖက်မှုထဲသို့ ကျရောက်သွား၏။ သူမ၏ ခန္ဓာကိုယ်ငယ်လေးက တုန်ယင်နေပြီး ဒဏ်ရာမှ ထွက်နေသော သွေးများတိတ်ရန် ကြိုးပမ်းနေပေ၏။ “မေမေ ဘာဖြစ်တာလဲ။” သူမက ကပျာကယာ အော်ဟစ်လိုက်ကာ “မေမေ အဆင်ပြေရဲ့လား။”

ဘုန်း...

အနက်ရောင် လေးထောင့်ပုံ ဟာလာပြင်ကြီး တစ်ခုက သူတို့နှစ်ဦးအား လွှမ်းခြုံသွားတော့၏။ ထိုသည်က အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် ချိတ်စည်းပင် ဖြစ်သည်။

ချူဟုန်က ခါးသက်သက်ပြုံးလာကာ သူမနှင့် အမြဲ သယ်သွားလေ့ရှိသော ကျောက်စိမ်းဆွဲသီးကို ဖောက်ခွဲပစ်လိုက်၏။ သူမက လျှိုချင်ဟွမ်ကို ခပ်တင်းတင်းဖက်ကာ တလက်လက်တောက်ပနေသော အလင်းတန်း ရောင်ခြည်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ခေါင်းနှစ်လုံးနှင့် သတ္တဝါမှာ တုန့်ဆိုင်းသွားတော့၏။ ထို့နောက် ထိုသည်က အနက်ရောင် အရိုးစုကို တောင်းတောင်းပန်ပန်နှင့် ကြည့်လိုက်၏။ “သူမမှာ အံ့ချီးကိုယ်ပျောက် ကျောက်စိမ်းရှိတယ်...”

“အဲ့တာက ကိစ္စမရှိပါဘူး။” အနက်ရောင် အရိုးစုက အမူအရာမဲ့ ပြန်​ဖြေလာ၏။ “ချူဟုန်က သေသွားပြီပဲ။ သန့်စင် ရေခဲဝိညာဉ် သတ္ထုကနေ သွန်းလောင်းထားတဲ့ ဓားကတော့ နောက်မှ တဖြည်းဖြည်းပြန်ယူလို့ရတာပဲ။”

...

ကောင်းကင်ဘုံ ဓားဂိုဏ်း...

လျှိုမင်ဟွမ်က ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေသော အမျိုးသမီးကိုကြည့်ကာ အပြင်းအထန် တုန်ယင်နေပေ၏။

သူက မှားယွင်းတွက်ချက်မိခြင်းပင်။ သူက အံ့ချီးကိုယ်ပျောက် ကျောက်စိမ်းပိုင်ဆိုင်ထားသည့် ချူဟုန်က အန္တရာယ်ကြုံလာပါက ဘေးကင်းကင်းနှင့် လွတ်မြောက်လာနိုင်မည်ဟု ထင်ခဲ့တာဖြစ်သည်။

သူသည် ပထမက ကိုယ်ရေးကိုယ်တာကြောင့် လိုက်မသွားပါက ထို့အတွက် ချူဟုန်၏ အပြုအမူများက ကောင်းကင်ဘုံဂိုဏ်းကို ကိုယ်စားမပြုပါဟု တွေးထားခြင်းပင်။ ထိုနည်းဖြင့် သူက ဟာလာပြင် မျိုးနွယ်စု၏ အငြိုးထားခြင်းကို တဖြည်းဖြည်း ကိုင်တွယ်နိုင်မည်...

သို့သော်လည်း သူက ချူဟုန်သည် ကံတရား၏ စွမ်းအင်နှင့် သက်ဆိုင်သော ထိခိုက်မှုကို ခံလာရမည်ဟု မမျှော်လင့်ခဲ့ပါပေ။

“ချူဟုန်... ဒါဘယ်သူလုပ်တာလဲ။” အမျိုးသားက အော်ဟစ်လိုက်၏။ သူက ဒေါသကို ချိုးနှိမ်ရန် အကောင်းဆုံးကြိုးစားနေသည် ဖြစ်၏။

သူ့ကို မကြားသကဲ့သို့ အမျိုးသမီးကတော့ သူမဘေးတွင် ငိုကြွေးနေသော ကလေးမလေးကို ခပ်ဖွဖွ ဂရုစိုက်လိုက်ပြီး “ဟွမ်ဟွမ်... မေမေသွားတော့မယ်။” သူမက ညင်သာစွာပြောလာ၏။ “နေ့တိုင်း ဓားသိုင်းကို ရှစ်နာရီလေ့ကျင့်ဖို့ မမေ့နဲ့နော်။ ပေါ့ပေါ့လျော့လျော့မနေနဲ့နော်။ အလွန်အမင်း စိတ်ကြီးမဝင်ဖို့လဲ သတိရ။ လူတစ်ယောက်က အမြဲတမ်း သိုသိုသိပ်သိပ်နေသင့်တယ်။ သမီးရဲ့ ချမ်းသာမှုကို မကြွားနဲ့။ သမီးရဲ့ နောက်ခံမိသားစုကိုလဲ မကြွားနဲ့နော်...”

လျှိုမင်ဟွမ်က ချူဟုန်၏ ဘေးတွင် ဒူးတစ်ဖက်ထောက်ကာ စွမ်းအားထက် ကုသရေး မန္တန်များကို သူမဆီသို့ ကသုတ်ကရက် လောင်းထည့်ပေးနေ၏။ သို့သော်လည်း သူမ၏ ဝမ်းဗိုက်ရှိ အနက်ရောင် အမျှင်များမှာ အရိုးထိနက်သော အဆိပ်ကဲ့သို့ပင် မည်သို့ဆိုဆို မှေးမှိနိမသွားပါချေ။

“သေစမ်း။ ချူဟုန်... မြန်မြန်လေး ​ကိုယ့်ကို ပြောပါအုံး။ မင်းကို ဘယ်သူက လုပ်တာလဲ။”

အမျိုးသားက ဒေါသတကြီး အံကြိတ်လိုက်ကာ သူ့မျက်လုံးထဲတွင် ဒေါသများက ထိန်းသိမ်းမရနိုင်ပါပေ။

“ဖေဖေ... မြန်မြန်လေး မေမေ့ကိုကယ်ပါအုံး။ သမီးတောင်းပန်ပါတယ်။ မြန်မြန်လေး မေမေ့ကိုကယ်ပေးပါ။” ကလေးမလေး၏ မျက်နှာထက်တွင် မျက်ရည်များစီးကျလာတော့သည်။ သူမက အားပျော့လာသော အမေကို ကြည့်ရင်းနှင့် စွမ်းအားမဲ့လာပြီး သူမရှေ့မှ အမျိုးသားကို တောင်းပန်ရန်သာ တတ်နိုင်ပေတော့သည်။

“ဟွမ်ဟွမ်... အစားမရွေးရဘူးနော်။ ပြီးတော့ သူငယ်ချင်းတွေလဲ အများကြီးထား။ နေ့တိုင်း ပျော်ပျော်နေ...”

အမျိုးသမီး၏ မျက်လုံးများက သိသိသာသာပင်တိမ်ထူလာကာ အာရုံမစိုက်နိုင်တော့ပေ။ သူမတွင် အချိန်အများကြီး မကျန်တော့ပါ။ သူမက ကျန်ရှိနေသော အခိုက်အတန့်လေးကို သူမ၏ သမီးနှင့် စကားပြောရန် ဆုတ်ကိုင်ထားချင်နေသေးပေ၏။

ချူဟွမ်၏ မျက်လုံးထဲ၌ ရောင်ပြန်ထင်နေသော ကလေးမလေးက အလွန်အမင်း ချစ်စရာကောင်းလှသော်လည်း သူမ၏ လက်ရှိအမူအရာမှာ နှလုံးသားကို ပြင်းပြင်းထန်ထန် နာကျင်စေ၏။ သူမက ထွက်မသွားချင်သေးပေ။ သူမက သူမ၏ ကလေးလေးဘေးတွင် ခပ်ကြာကြာနေချင်သေး၏။

“ဟွမ်ဟွမ်... ဖေဖေနဲ့ ပေါက်ကရတွေ ပြောတာရပ်တော့။ မြန်မြန်လေး ဒီကို လာပါအုံး။ မေမေဖက်ပါရစေ...”

“လိမ္မာတဲ့ သမီးလေး...”

ချူဟုန်က ကလေးမလေး၏ ရနံ့လေးကို ရှုရှိုက်ရင်း ခပ်မှိန်မှိန်ပြုံးနေလေ၏။ ထို့နောက်တွင်တော့ သူမ၏ မျက်လုံးများက တဖြည်းဖြည်း မှိတ်ကျသွားလေတော့သည်။

...

ကောင်းကင်ဘုံဓားဂိုဏ်း...။မနက်ခင်း ခေါင်းလောင်းသံက ကောင်းကင်ဘုံကို ဖြတ်ကာ မြည်ဟီးလာ၏။

ကလေးမလေးက အိပ်ယာပေါ်တွင် တစ်ယောက်တည်းထိုင်နေသည်မှာ အလွန်အထီးကျန်နေသည့်ပုံပင်။ သူမ၏ မှိန်ပြပြ မျက်လုံးများက အသက်မဲ့နေကာ အပြာရောင်ဓားကို ဖက်ထားရင်း ခေါင်းလောင်းသံကို နားထောင်နေ၏။

အတိတ်တွင် သူမက အမြဲတမ်း သူမ၏ အမေကို ဖက်အိပ်တာဖြစ်၏။ သို့သော် ယခုတွင်မူ သူမက ဤအေးစက်စက် ဓားကြီးကိုသာ  ဖက်ထားနိုင်တော့သည်။

“မေမေက နင့်ကို လုပ်ပေးခဲ့တာ။ နင့်ကို ကြီးမြတ်ရေခဲလို့ နာမည်ပေးမယ်။”

“ကြီးမြတ် ရေခဲ၊ ငါသာမင်းကို မပူဆာခဲ့ရင် ဒီလိုမျိုးတွေ ဖြစ်မလာလောက်ဘူးမလား။”

“ကြီးမြတ်ရေခဲ... ငါက ငါ့အမေကို သေစေခဲ့တာ မလား။”

“အို ဟုတ်သား။ ငါ့အမေက မင်းကို မပြုလုပ်ခဲ့ရင် သူမသေမှာ မဟုတ်ဘူး။ မင်းမှာလဲ တာဝန်ရှိတယ်။”

ချွင်...

ကလေးမလေးက ကြီးမြတ်ရေခဲဓားကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်၏။

သူမက စိတ်ဓာတ်ကျစွာ အိပ်ယာပေါ်တွင် ကွေးကွေးလေးနေနေတော့သည်။ သူမ၏ မျက်လုံးများက မှိန်ဖျော့ကာ မှုန်မှိုင်းနေပြီး ပတ်ဝန်ကျင်ကလည်း အလွန်အမင်း တိတ်ဆိတ်နေပေတော့သည်။

***

All Chapters