အခန်း (၇၉၄-၇၄၆)
Vol. 54 Ch. 794-796
အခန်း ၇၉၄ - မီးလျှံတူးဖော်ခြင်း
လှေကားအတိုင်း ဆင်းလာစဉ်တွင် ယီယွင်သည် သူ့ကို စောင့်ကြည့်နေသော ထိုမျက်လုံး၏ တည်ရှိမှုကို ခံစားနေရဆဲ ဖြစ်သော်လည်း သူသည် ၎င်းကို လျစ်လျူရှုထားလိုက်သည်။ လှေကား၏ ဘေးတစ်ဖက်စီရှိ တောင်ကျောက်နံရံများကို ကြည့်လိုက်သည့်အခါ ကျောက်တုံးများသည် နှစ်ပေါင်းများစွာ မီးဖုတ်ထားသကဲ့သို့ နီညိုရောင်သန်းနေသည်ကို သူ သတိပြုမိသည်။ ၎င်း၏ အထိအတွေ့မှာ ဖန်သားကဲ့သို့ ချောမွတ်နေပြီး နွေးထွေးမှုကို ခံစားရသည်။
ထို့အပြင် တောင်ကျောက်ပေါ်တွင် ရှေးဟောင်း လျှို့ဝှက်သင်္ကေတ အများအပြား ထွင်းထုထားသည်။ ထိုသင်္ကေတများသည် တောင်ကျောက်များကဲ့သို့ပင် ကမ္ဘာဦးအစကတည်းက ရှိနေခဲ့သကဲ့သို့ ထင်ရသည်။ ၎င်းကို ထိတွေ့ရုံဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှေးကျသော အရှိန်အဝါကို ခံစားရနိုင်သည်။
အကယ်၍ အချိန်လုံလောက်ပါက ဤသင်္ကေတများကို အာရုံစိုက် ဆင်ခြင်ရုံဖြင့်ပင် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။
"ဒါတွေက အစီရင်ကွက် တွေပဲ"
ဟု လမ်းတစ်လျှောက်တွင် ယီယွင်က သင်္ကေတများကို ပွတ်သပ်နေသည်ကို သတိပြုမိသဖြင့် အရှိန်လျှော့ကာ စောင့်နေသော ယွင်ချောင်အာက ပြောလိုက်သည်။
"ဒါတွေက မြေကမ္ဘာမီးလျှံရဲ့ ဝိညာဉ်ကို နှိမ်နင်းထားဖို့လား ဒါမှမဟုတ် စွမ်းအင်စုဆောင်းတဲ့ အစီရင်ကွက်တွေလား" ၎င်းတို့မှာ အစီရင်ကွက်များ ဖြစ်ကြောင်း ကြားရသည့်အခါ ယီယွင်သည် ဖြစ်နိုင်ခြေ နှစ်ခုကိုသာ တွေးမိသည်။
မီးဝိညာဉ်နန်းတော်တွင် ထွင်းထုထားသော အစီရင်ကွက်များသည် ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်ကို စုဆောင်းရန် သို့မဟုတ် မီးဓာတ်စွမ်းအင်များ လွင့်စင်မသွားစေရန် ထိန်းချုပ်ထားရန် ဖြစ်နိုင်သည်။
ယွင်ချောင်အာက ခေါင်းခါလျက် "မဟုတ်ဘူး... အဲဒါ မဟုတ်ဘူး" ဟု ပြောသည်။
"ဒါဆိုရင် ဘာအတွက် သုံးတာလဲ" ယီယွင်က အနည်းငယ် စိတ်ဝင်စားသွားသည်။
"ငါတို့လည်း မသိဘူး။ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီဆိုတော့ တစ်ခုခုကို ချိတ်ပိတ်ထားတာလည်း ဖြစ်နိုင်တာပဲ" ဟု ယွင်ချောင်အာက ပြောသည်။
ယီယွင်သည် အောက်ဘက် အမှောင်ထုထဲသို့ ငုံ့ကြည့်လိုက်သည်။ နက်ရှိုင်းလှသော အောက်ခြေတွင် မည်သည့်အရာကို ချိတ်ပိတ်ထားသနည်း
ရှေးပဝေသဏီကတည်းက မည်သည့်အရာကို ချိတ်ပိတ်ထားနိုင်သလဲ သို့မဟုတ် မည်သူက ချိတ်ပိတ်ခဲ့သလဲ ဆိုသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
သာမန်စစ်သည်တော်များအတွက် ဤလှေကားမှ ဆင်းရန်မှာ အလွန်ခက်ခဲသော်လည်း ယွမ်အဖွင့်အဆင့် စစ်သည်တော်များအတွက်မူ ဤလှေကားမှာ ဘာမှမဟုတ်ပေ။
လှေကားအဆုံးသို့ ရောက်သည့်အခါ သူတို့၏ ပတ်ဝန်းကျင်မှာ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းမှာ ကျယ်ပြောလှသော ခန်းမကြီးတစ်ခုဖြစ်ပြီး အမိုးမှာ အောက်ခြေမှ ပေရာချီ မြင့်မားသည်။ ခန်းမအတွင်း၌ ချော်ရည်ကန်တစ်ခု ရှိနေသည်။
ချော်ရည်ကန်မှာ အလွန်ကျယ်ပြောလှသည်။ ပူပြင်းနေသော ချော်ရည်များသည် မျက်နှာပြင်တွင် ပွက်ပွက်ဆူနေပြီး ရံဖန်ရံခါ လေထဲသို့ မြင့်မားစွာ ပန်းထွက်နေသည်။ ချော်ရည်ကန်နှင့် အလှမ်းဝေးသော နေရာတွင်ပင် ပြင်းထန်သော အပူလှိုင်းများ သူတို့ဆီသို့ ရိုက်ခတ်လာသည်။
လိုအပ်သော ကျင့်ကြံမှုအဆင့် မရှိသော စစ်သည်တော်များသည် ဤနေရာတွင် ရပ်နေရုံဖြင့်ပင် ပြာကျသွားနိုင်သည်။
ယွမ်အဖွင့်အဆင့် စစ်သည်တော်များပင် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေပါက အဆိပ်မီးလျှံကြောင့် အဆိပ်သင့်သွားနိုင်သည်။
ယွင်ချောင်အာနှင့် မန်ဒေါင်တို့မှာ သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် မီးဓာတ်ဥပဒေသများကို နားလည်ရန်အတွက် သန့်ရှင်းသော မီးလျှံကို စတင်တူးဖော်ခါစသာ ရှိသေးသဖြင့် အဆိပ်မီးအပေါ် သူတို့၏ ခံနိုင်ရည်မှာ အားမကောင်းလှပေ။
ထိုနေရာတွင် ခဏမျှ ရပ်နေရုံဖြင့် ယွင်ချောင်အာ၏ မျက်နှာမှာ နီမြန်းလာသည်။ မန်ဒေါင်၏ နဖူးတွင်မူ ချွေးစက်ကလေးများ ဖုံးလွှမ်းနေသည်။
"ညီငယ်ယီယွင်... ဒီက အဆိပ်မီးကို ခုခံဖို့ မင်းရဲ့ ယွမ်စွမ်းအင်ကို အဆက်မပြတ် လည်ပတ်နေရမယ်၊ အဲဒါကြောင့် အရမ်း ပင်ပန်းလိမ့်မယ်။ များသောအားဖြင့် လူတွေက ဒီမှာ အကြာကြီး မနေနိုင်ကြတော့ ပြန်ထွက်သွားကြရတယ်။
ဒါက မင်း ပထမဆုံးအကြိမ် လာတာဆိုတော့ အကျင့်မဖြစ်သေးလောက်ဘူး။ ယွင်ချောင်အာက စကားပြောနေစဉ် ယီယွင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်ကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သည့်အခါ ယီယွင်သည် အဆိပ်မီးကို ခံနိုင်ရည်ရှိနေရုံသာမက သူ၏ မျက်နှာတွင် ချွေးတစ်စက်ပင် မရှိသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။
ယီယွင်တွင် မူလကတည်းက သန့်စင်ယန်ခန္ဓာ ရှိသည်။ သန့်စင်ယန် ဆိုသည်မှာ ကြယ်တာရာများအတွင်း တည်ရှိသော မီးလျှံများဟု ဆိုနိုင်ပြီး ၎င်းမှာ မီးဓာတ်ဥပဒေသများထက် တစ်ဆင့် ပိုမြင့်သည်။
သန့်စင်ယန်ခန္ဓာ တစ်ခုတည်းမှာ ဖေးတစ်သောင်း ကောင်းကင်ဘုံတွင် ဘာမှမဟုတ်သော်လည်း ယီယွင်တွင် ခရမ်းရောင်သလင်းကျောက် ရှိနေသည်။ ခရမ်းရောင်သလင်းကျောက်က အဆိပ်မီးကို သဘာဝအတိုင်း စုပ်ယူပြီး အဆိပ်ငွေ့များကို ယီယွင်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းမည့် သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲပေးသည်။
အချို့သော နည်းလမ်းများအရ ဤနေရာတွင် ရပ်နေခြင်းဖြင့် ယီယွင်မှာ မသက်မသာ ဖြစ်မည့်အစား စိတ်ရောကိုယ်ပါ လန်းဆန်းမှုကို ခံစားနေရခြင်း ဖြစ်သည်။
"ကျွန်တော်က သန့်စင်ယန် ဥပဒေသ ကို ကျင့်ကြံထားလို့ပါ" ယွင်ချောင်အာနှင့် မန်ဒေါင်တို့က သူ့ကို ကြည့်နေကြသဖြင့် ယီယွင်က မေးစေ့ကို ပွတ်ရင်း ရှင်းပြလိုက်သည်။
ယွင်ချောင်အာနှင့် မန်ဒေါင်တို့ ကြားရသည့်အခါ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။ အကယ်၍ သန့်စင်ယန် ဥပဒေသက အဆိပ်မီးကို အလွယ်တကူ ဖြေရှင်းနိုင်သည်ဆိုလျှင် ယီယွင် ကျင့်ကြံထားသည်မှာ မည်သို့သော သန့်စင်ယန် ဥပဒေသမျိုးနည်း ယီယွင်က လူရိုင်းဆန်သော အောက်ကမ္ဘာမှ လာသူ မဟုတ်ပါလား
ဇဝေဇဝါ ဖြစ်နေကြသော်လည်း သူ ကျင့်ကြံထားသော လျှို့ဝှက်ချက်များကို ယီယွင်အား တိုက်ရိုက် မမေးမြန်းကြပေ။ အဆုံးတွင်မူ ၎င်းမှာ သူ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
"ညီငယ်ယီယွင်... ဟိုအရှေ့မှာ ရှိတာက မြေကမ္ဘာမီးလျှံရဲ့ ဝိညာဉ်ပဲ၊ အဲဒါက ထူးခြားတယ်လို့ပဲ ပြောလို့ရမယ်။ ဒီမှာရှိတဲ့ ချော်ရည်တွေက ထွက်တဲ့ အဆိပ်မီးက မြေကမ္ဘာမီးလျှံရဲ့ ဝိညာဉ်ရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းလောက်တောင် မမီဘူး"
မန်ဒေါင်၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ယီယွင်သည် ချော်ရည်ကန်၏ အလယ်တွင်ရှိသော အဖြူရောင် ပန်းတစ်ပွင့်ကို လှမ်းကြည့်လိုက်သည်။ အမှန်စင်စစ် ၎င်းမှာ ပန်းတစ်ပွင့် မဟုတ်ဘဲ မီးလျှံတစ်ခု ဖြစ်သည်။
ချော်ရည်များအတွင်း၌ အဖြူရောင် မီးလျှံတစ်ခု တောက်လောင်နေပြီး ၎င်းမှာ အခြားမဟုတ်ဘဲ "မြေကမ္ဘာမီးလျှံ၏ ဝိညာဉ်" ပင် ဖြစ်သည်။
မြေကမ္ဘာမီးလျှံ၏ ဝိညာဉ်မှာ ယီယွင် အောက်ကမ္ဘာတွင် စုပ်ယူခဲ့သော သန့်စင်ယန် ဝိညာဉ်ထက် အဆပေါင်း ထောင်ချီ သို့မဟုတ် သောင်းချီ၍ပင် ပိုမို သန့်စင်လှသည်။
၎င်းမှာ မီးလျှံတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းအတွင်း၌ ကိန်းအောင်းနေသော စွမ်းအင်မှာ တျန်းယွမ်လောက တစ်ခုလုံးကို မြေလှန်ပစ်ရန် လုံလောက်လှသည်။
"မြေကမ္ဘာမီးလျှံရဲ့ ဝိညာဉ်က ဒီမြေကြီး စတင်ဖြစ်ပေါ်ကတည်းက ရှိနေခဲ့တာ။ ဒီမြေကြီး မပျက်စီးသရွေ့ ဘယ်တော့မှ ငြိမ်းမှာ မဟုတ်ဘူး" ဟု မန်ဒေါင်က ဆက်လက် ပြောပြသည်။
မြေကမ္ဘာမီးလျှံ၏ ဝိညာဉ်မှာ ကောင်းကင်နှင့် မြေကြီး၏ မီးဓာတ်ဥပဒေသများ ပေါင်းစပ်ပေါ်ထွက်လာခြင်း ဖြစ်သည်။ မြေကမ္ဘာမီးလျှံ၏ ဝိညာဉ် တည်ရှိမှုမှာ အလွန်ပင် ထူးခြားလှသဖြင့် ယီယွင်က အဆိပ်မီးကို မကြောက်မရွံ့ ဖြစ်နေသည်ကို မန်ဒေါင်နှင့် ယွင်ချောင်အာတို့ အံ့သြနေခြင်းမှာ မဆန်းပေ။
သူတို့မတိုင်မီ ရောက်နှင့်နေသော ယန်ကျီရှန်းနှင့် အပေါင်းအပါများသည် မီးတူးဖော်ရန် နေရာတစ်ခုကို ယူထားပြီး ဖြစ်သည်။
ယန်ကျီရှန်းသည် သူ၏ လက်နှစ်ဖက်ကို အသုံးပြု၍ လက်ဟန်တစ်ခု ပြုလုပ်ပြီး သူ၏ ယွမ်စွမ်းအင်ကို အသုံးပြုကာ မြေကမ္ဘာမီးလျှံ ဝိညာဉ်ထံမှ ပဲစေ့အရွယ် မီးလျှံစကလေးတစ်ခုကို ခွဲထုတ်ကာ သူ့ရှေ့သို့ ယူဆောင်လာခဲ့သည်။
ထိုမီးလျှံစကလေးမှာပင် သူ့ရှေ့၌ အပူလှိုင်းများကို ထုတ်လွှတ်နေသည်ကို မြင်နိုင်သည်။ အကယ်၍ အပူလှိုင်းကို တားဆီးရန် ယွမ်စွမ်းအင်ကို အသုံးမပြုပါက သူ၏ အမွှေးပွ ဝတ်ရုံမှာ ပြာကျသွားမည်မှာ သေချာသည်။
ယန်ကျီရှန်းသည် မီးလျှံစကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူသည် ပါးစပ်ကို မဖွင့်မီ မီးလျှံစကို ယွမ်စွမ်းအင်ဖြင့် ဂရုတစိုက် ရစ်ပတ်လိုက်သည်။
ရှူး..............
ယွမ်စွမ်းအင်ဖြင့် ရစ်ပတ်ထားသော မီးလျှံစမှာ သူ၏ ပါးစပ်အတွင်းသို့ ချက်ချင်း ပျံဝင်သွားသည်။ ထို့နောက် ယန်ကျီရှန်းသည် တရားထိုင်ရန် ချက်ချင်း ထိုင်ချလိုက်သည်။ သူ၏ ဦးခေါင်းထိပ်မှ ပူပြင်းသော ရေငွေ့များ အမြောက်အမြား ထွက်ပေါ်လာသည်။
သူ၏ မျက်လုံးများကို တင်းတင်းပိတ်ထားစဉ် ယန်ကျီရှန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ယွမ်စွမ်းအင် လှုပ်ခတ်မှုများ ထွက်ပေါ်နေသည်။ သိသာသည်မှာ သူသည် မီးလျှံစကို စုပ်ယူပြီး ၎င်းထံမှ နားလည်မှုများ ရယူနေခြင်း ဖြစ်သည်။
ယန်ကျီရှန်းမှာ အစွမ်းထက်သော်လည်း သူ၏ ကျင့်ကြံမှုတွင် အလွန် အာရုံစိုက်သူ ဖြစ်သည်။ ယီယွင်နှင့် အပေါင်းအပါများ ရောက်လာသည်ကို သူ သတိထားမိသော်လည်း သူတို့ကို ကြည့်ကာ အာရုံအပျက်မခံပေ။
ယန်ကျီရှန်းက မီးကို အောင်မြင်စွာ တူးဖော်နိုင်သည်ကို မြင်သည့်အခါ မန်ဒေါင်က မကျေမနပ် ညည်းညူလိုက်ပြီး "ငါတို့လည်း စကြစို့။ ညီငယ်ယီ၊ ငါတို့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ပါ။ အရမ်းကြီးတော့ မကြိုးစားပါနဲ့။ မြေကမ္ဘာမီးလျှံရဲ့ ဝိညာဉ်က အရမ်း အန္တရာယ်များတယ်" ဟု ပြောသည်။
ယီယွင်နှင့် ထိုနှစ်ယောက်သည် နေရာတစ်ခုစီ ယူလိုက်ကြသည်။ ချော်ရည်ကန် ဘေးပတ်လည်တွင် မီးတူးဖော်နေကြသော မြေကမ္ဘာမီးလျှံခန်းမ တပည့် အယောက်ပေါင်း ဆယ်ချီ ရှိနေသည်။ ယီယွင် သူတို့ကို စောင့်ကြည့်နေစဉ် သူတို့တူးဖော်သော မီးလျှံစများမှာ ပို၍ပင် သေးငယ်သည်ကို သူ သိလိုက်ရသည်။
၎င်းကို စုပ်ယူပြီးနောက်တွင်လည်း သူတို့မှာ နာကျင်မှုကြောင့် မျက်နှာများ ရှုံ့မဲ့သွားလေ့ရှိသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ယန်ကျီရှန်းမှာ ပို၍ သက်သောင့်သက်သာ ရှိနေသည်မှာ အမှန်ပင်။
မန်ဒေါင်မှာ ယန်ကျီရှန်းကို မကျေမနပ် ဖြစ်နေသော်လည်း သူ မြေကမ္ဘာမီးလျှံ ဝိညာဉ်ထံမှ တူးဖော်သော မီးလျှံစမှာ နှမ်းစေ့အရွယ်မျှသာ ရှိသည်။ ဤမျှကို လုပ်ဆောင်ရန်ပင် သူ၏ နဖူးတွင် ချွေးများ ဖုံးလွှမ်းသွားသည်။ သူသည် မီးလျှံစကို သူ့ရှေ့သို့ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ပူလောင်သော အပူလှိုင်းမှာ သူ မနည်း ခုခံနေရသော အရာဖြစ်သည်။
ယွင်ချောင်အာသည်လည်း မြေပြင်ပေါ်တွင် ထိုင်ကာ မီးတူးဖော်ခြင်းကို အာရုံစိုက်၍ စတင်လိုက်သည်။
သူ၏ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် မီးတူးဖော်ခြင်းမှာ အမှန်တကယ်ပင် ခက်ခဲကြောင်း ယီယွင် သတိပြုမိသွားသည်။
မြေကမ္ဘာမီးလျှံ ဝိညာဉ်ထံမှ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ရန်အတွက် ယွမ်စွမ်းအင်ကို အသုံးပြုရန် လိုအပ်သည်။ အကယ်၍ များများစားစား ခွဲထုတ်မိပါက စစ်သည်တော်သည် ၎င်းကို မထိန်းချုပ်နိုင်ဘဲ မီးလျှံစ ပေါက်ကွဲသွားနိုင်သည်။ အဆိပ်မီး၏ ပြန်လှန်ရိုက်ခတ်မှုကြောင့် မသက်မသာ ဖြစ်ရုံမှစ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိသည်အထိ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် စစ်သည်တော် အားလုံးသည် မီးတူးဖော်သည့်အခါ အလွန် ဂရုစိုက်ကြသည်။ ယန်ကျီရှန်းပင်လျှင် များများစားစား မတူးဖော်ရဲပေ။ ယွင်ချောင်အာနှင့် မန်ဒေါင်တို့အတွက်မူ သူတို့တူးဖော်သည့် ပမာဏမှာ ပို၍ပင် နည်းပါးလှပေသည်။
အခန်း ၇၉၅ - မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း
မီးလျှံများကို အောင်မြင်စွာ တူးဖော်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုအဆင့်နှင့် ခွန်အားမှာ အရေးပါသော်လည်း အဓိကအကျဆုံး အချက်မှာ မီးဓာတ်ဥပဒေသများအပေါ် နားလည်သဘောပေါက်မှုပင် ဖြစ်သည်။
မီးဓာတ်ဥပဒေသများကို ပိုမိုနက်ရှိုင်းစွာ နားလည်လေလေ၊ မီးကို တူးဖော်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။
မီးတူးဖော်ရသည်မှာ လွယ်ကူလေလေ၊ မီးဓာတ်စွမ်းအင်များကို ပိုမိုရရှိနိုင်လေလေဖြစ်ပြီး ၎င်းမှတစ်ဆင့် မီးဓာတ်ဥပဒေသများအပေါ် နားလည်မှုကို ပိုမိုလေးနက်စေကာ ကျင့်ကြံမှုအဆင့်ကိုလည်း တဖြည်းဖြည်း မြင့်မားလာစေမည်ဖြစ်သည်။
ထို့ကြောင့် မြေကမ္ဘာမီးလျှံခန်းမ တပည့်များအတွက် မြေကမ္ဘာမီးလျှံဝိညာဉ်ထံမှ မီးတူးဖော်ခြင်းမှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ အစွမ်းထက်သူများမှာ ပိုမိုအစွမ်းထက်လာပြီး အားနည်းသူများမှာမူ ပို၍အားနည်းသွားကြစမြဲပင်။
အမှန်စင်စစ် ဤနေရာသို့ မြေကမ္ဘာမီးလျှံခန်းမ တပည့်များသာမက ကောင်းကင်မီးလျှံခန်းမ မှ တပည့်များပင် ရံဖန်ရံခါ လာရောက်၍ မီးတူးဖော်လေ့ ရှိကြသည်။
ယခုအချိန်တွင် မီးတူးဖော်နေကြသော တပည့်အားလုံးထဲ၌ ယန်ကျီရှန်းမှာ မီးဓာတ်ဥပဒေသများကို နားလည်မှု အရှိဆုံးသူ ဖြစ်သည်။ သူတူးဖော်သော မီးလျှံစမှာ အကြီးဆုံးဖြစ်သလို အမြန်ဆုံးလည်း စုပ်ယူနိုင်သူ ဖြစ်သည်။
ထိုမီးလျှံစမှာ သူ၏ နတ်အမြုတေ အတွင်းသို့ ရောက်ရှိသွားပြီး အများစုမှာ စုပ်ယူပြီးစီးသွားပြီ ဖြစ်သည်။
ထိုစဉ် ယန်ကျီရှန်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မန်ဒေါင်နှင့် ယွင်ချောင်အာတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ မန်ဒေါင်မှာ သူ၏ မီးတူးဖော်ခြင်း လုပ်ငန်းစဉ်၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချွေးများတရွှဲရွှဲနှင့် အသည်းအသန် ကြိုးစားနေရသည်။
မနည်း ခုခံနေရသော်လည်း မန်ဒေါင်မှာ မြေကမ္ဘာမီးလျှံကို တဖြည်းဖြည်း သန့်စင်ကာ ၎င်းအတွင်းရှိ ရှုပ်ထွေးသော စွမ်းအင်များကို ဖယ်ရှားခြင်းဖြင့် စုပ်ယူရန် လွယ်ကူအောင် ပြုလုပ်နေသည်။
ဤအတိုင်းသာ ဆက်သွားပါက နောက်ထပ် ၁၅ မိနစ်ခန့်အတွင်း မန်ဒေါင်သည် မီးတူးဖော်ခြင်းကို အောင်မြင်တော့မည် ဖြစ်သည်။
မန်ဒေါင်၏ ဘေးတွင်မူ ယွင်ချောင်အာ၏ အရှိန်မှာ အနည်းငယ် ပိုနှေးနေသည်။ ထိုမိန်းကလေး၏ ကျင့်ကြံမှုမှာ မန်ဒေါင်ထက် နိမ့်ကျနေသဖြင့် သူမမှာ မနည်းတောင့်ခံနေရပြီး မျက်နှာတစ်ခုလုံးလည်း ချွေးများဖြင့် စိုရွှဲနေတော့သည်။
အသည်းအသန် ကြိုးစားနေကြသော မန်ဒေါင်နှင့် ယွင်ချောင်အာတို့ကို ကြည့်ကာ ယန်ကျီရှန်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
ထိုအချိန်တွင် ယန်ကျီရှန်း၏ ဘေးရှိ မြေကမ္ဘာမီးလျှံခန်းမ တပည့်အချို့မှာလည်း မီးတူးဖော်ခြင်း ပြီးစီးသွားကြပြီ ဖြစ်သည်။ သူတို့မှာ ယန်ကျီရှန်း၏ လက်ပါးစေများဟု ဆိုနိုင်သော်လည်း မြေကမ္ဘာမီးလျှံခန်းမသို့ ဝင်ခွင့်ရထားသူများ ဖြစ်သဖြင့် သူတို့၏ ခွန်အားမှာ မန်ဒေါင်ထက် အများကြီး လျော့နည်းခြင်း မရှိပေ။
"စီနီယာ ယန်ကျီရှန်း... ဘာလို့ ရပ်လိုက်တာလဲ စီနီယာရဲ့ အစွမ်းနဲ့ဆိုရင် နောက်ထပ် ရှစ်ကြိမ် ဆယ်ကြိမ်လောက် တူးဖော်ဖို့က ပြဿနာ မရှိပါဘူး ဟားဟား" ယန်ကျီရှန်း၏ နောက်လိုက် တပည့်တစ်ဦးက ပြုံးရွှင်စွာ ပြောလိုက်သည်။
မီးတူးဖော်နိုင်သော အကြိမ်အရေအတွက်မှာ တစ်ဦးတစ်ယောက်၏ ခွန်အားကို တိုက်ရိုက် ဖော်ပြနေခြင်း ဖြစ်သည်။ မန်ဒေါင်၏ ခွန်အားနှင့်ဆိုလျှင် အများဆုံး သုံးကြိမ် သို့မဟုတ် လေးကြိမ်သာ လုပ်ဆောင်နိုင်ပြီး ယွင်ချောင်အာမှာမူ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ တောင့်ခံနိုင်မည် ဖြစ်သည်။
ယန်ကျီရှန်းအတွက်မူ ခုနစ်ကြိမ် ရှစ်ကြိမ်မှာ အမှန်တကယ်ပင် ကိစ္စမရှိပေ။
"ဟဲဟဲ... မင်းတို့ကြည့်ဖို့ ငါ ဆက်ပြီး တူးပြပါဦးမယ်။ ပြောရရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ငါ နည်းစနစ်သစ် တစ်ခုကို သင်ယူခဲ့တယ်။ မီးဓာတ်ဥပဒေသတွေမှာ အနည်းငယ် တိုးတက်မှု ရခဲ့လို့ မင်းတို့ကို ပြရတာပေါ့"
"ကောင်းပါပြီ... ကျွန်တော်တို့ရဲ့ အမြင်ကို ဖွင့်ပေးပါဦး"
မြေကမ္ဘာမီးလျှံခန်းမ တပည့်များက တညီတညွတ်တည်း ပြောကြသည်။
ယန်ကျီရှန်းက ရယ်မောလိုက်ပြီး ရုတ်တရက် မန်ဒေါင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မန်ဒေါင်၏ ရှေ့တွင်ရှိသော မီးလျှံစကလေးကို ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ နည်းစနစ်သစ်ကို ကြည့်ကြစမ်း... မီးလျှံ၊ လာစမ်း"
ယန်ကျီရှန်းသည် မန်ဒေါင်ရှေ့ရှိ မီးလျှံစကလေးကို လေထဲမှနေ၍ လှမ်းဖမ်းလိုက်သကဲ့သို့ လက်ဟန် ပြုလုပ်လိုက်သည်။
မန်ဒေါင်၏ ရှေ့တွင်ရှိနေသော မီးလျှံစကလေးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး ယန်ကျီရှန်း၏ ဆွဲငင်မှုနောက်သို့ ပါသွားတော့သည်။
"ဘာ..."
မြေကမ္ဘာမီးလျှံကို အသည်းအသန် သန့်စင်နေသော မန်ဒေါင်မှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ သန့်စင်လုနီးပါး ဖြစ်နေသော မီးလျှံစကို ယန်ကျီရှန်းက လုယူသွားသည်ကို မြင်လိုက်ရသည့်အခါတွင်
"ယန်ကျီရှန်း... မင်း"
မန်ဒေါင်၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာသည်။ မီးလျှံစတစ်ခုကို သန့်စင်ရန်အတွက် ယွမ်စွမ်းအင် အမြောက်အမြား အသုံးပြုရသည်။ ယခုမူ သူ သန့်စင်ပြီးခါနီးမှ ယန်ကျီရှန်းက လုယူသွားသဖြင့် သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သူသည် ယွမ်စွမ်းအင် ကုန်ခမ်းသွားတတ်သဖြင့် တစ်ခေါက်လာလျှင် သုံးလေးကြိမ်သာ မီးတူးဖော်နိုင်သည်။ ယခုမူ ယန်ကျီရှန်းက တစ်ကြိမ်စာ အားစိုက်ထုတ်မှုကို လုယူသွားခြင်းမှာ သူ၏ အခွင့်အရေးကို ဖြုန်းတီးပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဒေါသထွက်နေသော်လည်း မန်ဒေါင်မှာ အံ့သြသွားမိသည်။ သူ သန့်စင်ပြီးခါနီး မီးလျှံမှာ သူ့ဆီသို့ ပါလာရမည့်အစား ယန်ကျီရှန်းထံသို့ ပါသွားခြင်းမှာ ယန်ကျီရှန်း၏ မီးလျှံထိန်းချုပ်မှုမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သက်သေပြနေခြင်းပင်။
"ငါ့မီးကို လုချင်တယ် ဟုတ်လား... အိပ်မက်မက်နေလိုက်"
မန်ဒေါင်သည် ဒေါသကြီးသူ ဖြစ်သဖြင့် ထိုသို့ အနိုင်ကျင့်ခံရမှုကို သည်းမခံနိုင်ပေ။ သူသည် ဝေးဝေးသို့ မရောက်သေးသော ထိုမီးလျှံစကို လှမ်းဖမ်းကာ ပြန်ဆွဲလိုက်သည်။
သို့သော် ထိုအချိန်တွင် ယန်ကျီရှန်း၏ လက်ဖဝါးမှ နီမြန်းသော မြူခိုးလွှာတစ်ခု ထွက်ပေါ်လာပြီး မီးလျှံစကို ဖုံးလွှမ်းသွားသည်။ ၎င်းမှာ မန်ဒေါင်၏ ဥပဒေသ အင်အားများကို ဖြတ်တောက်လိုက်ခြင်းပင်။
ထို့နောက် မီးလျှံစမှာ အသက်ဝင်လာသကဲ့သို့ ယန်ကျီရှန်းထံသို့ အလိုအလျောက် ပျံသန်းသွားတော့သည်။
"မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း"
ဘေးမှ ကြည့်နေသော တပည့်တစ်ဦး၏ မျက်လုံးများမှာ တောက်ပလာသည်။ မီးလျှံကို အသက်ဝင်စေကာ အသိစိတ်ရှိသကဲ့သို့ ထိန်းချုပ်နိုင်ခြင်းမှာ ကျွမ်းကျင်ရန် အလွန်ခက်ခဲသော ဥပဒေသတစ်ခု ဖြစ်သည်။
ယန်ကျီရှန်း ပြောခဲ့သော "အနည်းငယ် တိုးတက်မှု" ဆိုသည်မှာ ဤအစွမ်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
၎င်းမှာ အနည်းငယ် တိုးတက်ခြင်း မဟုတ်ဘဲ မီးထိန်းချုပ်မှုတွင် အဆင့်အတန်း တစ်ခုသို့ ခုန်တက်သွားခြင်းပင် ဖြစ်သည်။
မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း... ဒီလူယုတ်မာ ယန်ကျီရှန်းမှာ ဒီလိုအစွမ်းရှိနေတာပဲ မန်ဒေါင် အံကြိတ်လိုက်မိသည်။
မီးဝိညာဉ်နန်းတော်တွင် သူများ၏ မီးလျှံကို လုယူခြင်းမှာ စည်းကမ်းဖောက်ဖျက်ခြင်း မဟုတ်ပေ။ မိမိက အားနည်းသဖြင့် အလုခံရခြင်းကိုသာ အပြစ်တင်ရမည် ဖြစ်သည်။ အများအားဖြင့် မည်သူမျှ သူတစ်ပါးမီးကို တမင်သက်သက် မလုကြသော်လည်း ယန်ကျီရှန်းနှင့် မန်ဒေါင်မှာ မူလကတည်းက ရန်သူများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ အနိုင်ကျင့်ခြင်းပင်။
"ဟားဟား... မန်ဒေါင်၊ ဒီနေ့ ငါနဲ့လာတိုးတာ မင်းကံဆိုးတာပဲ။ မီးလျှံစလေး တစ်စတောင် ရဖို့ မစဉ်းစားနဲ့။ မင်း မကျေနပ်ရင် ငါနဲ့ လာပြီး လောင်းကြေးထပ် တိုက်ခိုက်လေ"
ယန်ကျီရှန်းမှာ မန်ဒေါင်နှင့် မီးလျှံထိန်းချုပ်မှု ယှဉ်ပြိုင်နေစဉ်မှာပင် စကားပြောနိုင်သေးသည်။ မန်ဒေါင်မှာမူ ချွေးဒီးဒီးကျကာ အားစိုက်နေရသဖြင့် မည်သူက အသာစီးရနေသည်မှာ ချက်ချင်းပင် သိသာလှသည်။
ထိုစဉ် ယန်ကျီရှန်းသည် ယွင်ချောင်အာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမရှေ့ရှိ မီးလျှံမှာလည်း ၆၀-၇၀ ရာခိုင်နှုန်းခန့် သန့်စင်ပြီးနေပြီ ဖြစ်သည်။
ယန်ကျီရှန်းက ပြုံးရယ်လျက် အော်ဟစ်လိုက်ပြန်သည်။
"မီးလျှံ... လာစမ်း"
သူသည် အခြားလက်တစ်ဖက်ဖြင့် လေထဲသို့ လှမ်းဖမ်းလိုက်ရာ ယွင်ချောင်အာရှေ့ရှိ မီးလျှံမှာလည်း ယန်ကျီရှန်းထံသို့ ချက်ချင်းပင် လွင့်ပါသွားတော့သည်။
အခန်း ၇၉၆ - မီးလျှံ၊ လာစမ်း
"အာ..."
ယွင်ချောင်အာသည် သူမ၏ ဝိုင်းစက်သော မျက်လုံးများဖြင့် အော်ဟစ်လိုက်မိသည်။ သူမ ပင်ပင်ပန်းပန်း သန့်စင်ထားရသော မြေကမ္ဘာမီးလျှံမှာ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပြီး ယန်ကျီရှန်းထံသို့ ပျံသန်းသွားသည်ကို သူမ အားကိုးရာမဲ့စွာ ကြည့်နေရတော့သည်။
"ငါ့ရဲ့ မြေကမ္ဘာမီးလျှံလေး"
ယွင်ချောင်အာသည် ပြာပြာသလဲ ဖြစ်သွားပြီး သူမ၏ ယွမ်စွမ်းအင်များကို အသည်းအသန် လည်ပတ်ကာ မီးလျှံကို ပြန်ခေါ်ရန် ကြိုးစားသော်လည်း သူမ၏ ခွန်အားမှာ မန်ဒေါင်ထက်ပင် အများကြီး နိမ့်ကျနေရာ ယန်ကျီရှန်းနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
"ရှင်... ရှင်ကတော့လေ..."
ယွင်ချောင်အာမှာ ငိုတော့မလိုပင် ဖြစ်နေရှာသည်။
သူမသည် မြေကမ္ဘာမီးလျှံခန်းမသို့ ရောက်သည်မှာ ယီယွင်ထက် ရက်အနည်းငယ်မျှသာ စောသဖြင့် ယခုကဲ့သို့ အနိုင်ကျင့်ခံရမှုကို တစ်ခါမျှ မကြုံဖူးသေးပေ။ မြေကမ္ဘာမီးလျှံခန်းမ တပည့်များကြားမှ ပြင်းထန်သော ပြိုင်ဆိုင်မှုမှာ သူမ ထင်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
"ယန်ကျီရှန်း မင်းက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယောင်္ကျားတစ်ယောက်လို့ ခေါ်ရဲသေးလား"
မန်ဒေါင်သည် မိမိ၏ မီးလျှံကိုလည်း မထိန်းနိုင်၊ ယွင်ချောင်အာကိုလည်း မကူညီနိုင်သဖြင့် ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
ယန်ကျီရှန်းက ဟားဟားတိုက် ရယ်မောရင်း
"မန်ဒေါင်... မင်း ဘာဖြစ်လို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ စစ်သည်တော်တွေရဲ့ ကမ္ဘာမှာ အားကြီးသူနဲ့ အားနည်းသူပဲ ရှိတယ်။ ဘယ်တုန်းက ယောင်္ကျား၊ မိန်းမ ခွဲခြားနေလို့လဲ မင်းက အားနည်းနေရင် ပါးစပ်ပိတ်ပြီး အနိုင်ကျင့်ခံရတာကို ငြိမ်ခံလိုက်။ လမ်းဘေးက ဈေးသည်မတွေလို အော်ဟစ်ဆဲဆိုနေတာက လူတကာ အထင်သေးဖို့ပဲ ရှိမယ်"
ယန်ကျီရှန်း ပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ မြေကမ္ဘာမီးလျှံခန်းမ တပည့်များကပါ ဝိုင်းဝန်း ရယ်မောကြတော့သည်။
လော့မျိုးနွယ်စုအတွင်းမှ အုပ်စုဖွဲ့ တိုက်ခိုက်မှုများမှာ အမြဲတမ်း ပြင်းထန်လေ့ရှိသည်။ မျိုးနွယ်စု အကြီးအကဲများက သိသော်လည်း အားကြီးသူများ ပေါ်ထွက်လာစေရန်အတွက် ဤကဲ့သို့ ပြိုင်ဆိုင်မှုများကို လျစ်လျူရှုထားကြခြင်း ဖြစ်သည်။
"လာစမ်း"
ယန်ကျီရှန်းက ယွင်ချောင်အာ သန့်စင်ထားသော မီးလျှံကို လက်ညှိုးဖြင့် တို့လိုက်ရာ ထိုဒုတိယမြောက် မီးလျှံစမှာလည်း အသိစိတ်ရှိသကဲ့သို့ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။
ယခုဆိုလျှင် မီးလျှံစ နှစ်ခုလုံးမှာ ယန်ကျီရှန်း၏ လက်တွင်းသို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို ပူးလိုက်ရာ မီးလျှံစကလေးများမှာ ပေါင်းစပ်သွားပြီး မီးလျှံငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမီးလျှံငယ်မှာ မန်ဒေါင်နှင့် ယွင်ချောင်အာတို့၏ ထိန်းချုပ်မှုမှ လုံးဝ လွတ်ကင်းသွားကာ ယန်ကျီရှန်းထံသို့ ဖြည်းညှင်းစွာ လွင့်ပါသွားတော့သည်။
"စီနီယာ မန်ဒေါင်... ကျွန်မ..."
ယွင်ချောင်အာမှာ မျက်ရည်ဝဲနေပြီ ဖြစ်သည်။ ဤမျှ အနိုင်ကျင့်ခံရခြင်းအတွက် သူမ အလွန် ဝမ်းနည်းမိသည်။ ဤမီးလျှံမှာ သူမ ပင်ပင်ပန်းပန်း သန့်စင်ထားရသည့်အပြင် မြေကမ္ဘာမီးလျှံ ဝိညာဉ် အားအကောင်းဆုံးအချိန်မှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ရှိသဖြင့် ယခုအခွင့်အရေး လက်လွတ်သွားပါက သူမ၏ ကျင့်ကြံမှု တိုးတက်မှုကို အများကြီး ထိခိုက်စေမည် ဖြစ်သည်။
မန်ဒေါင်မှာ သွားများကို တင်းတင်းကြိတ်ထားမိသည်။ မိမိကိုယ်ကိုယ် အသုံးမကျဟု ယူဆကာ နောင်တရနေမိသည်။ သူသည် ဤညီမငယ်လေးကို ညီမအရင်းကဲ့သို့ သဘောထားကာ စောင့်ရှောက်ခဲ့သော်လည်း ယခုမူ သူကပင် သူမကိုပါ ဒုက္ခပေးသလို ဖြစ်သွားရသည်။
ထိုအချိန်တွင် မီးလျှံငယ်လေးမှာ ယန်ကျီရှန်း၏ လက်ထဲသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ယွင်ချောင်အာ၏ မီးလျှံကို လုယူပြီးနောက် ယန်ကျီရှန်းသည် ယီယွင်ကို ကြည့်ကာ ကြောင်က ကြွက်ကို ကျီစားသကဲ့သို့ ပြောလိုက်သည်။
"ဒီက ညီငယ်ယီ... မင်းကော မီးမတူးတော့ဘူးလား တစ်ခါလောက် စမ်းပြီး တူးကြည့်ပါဦးလား"
ယန်ကျီရှန်း၏ လှောင်ပြောင်မှုကြောင့် ဘေးမှ တပည့်များ အားလုံး ဝိုင်းရယ်ကြတော့သည်။ ယန်ကျီရှန်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။
ယနေ့ သူ ဤနေရာတွင် ရှိနေသရွေ့ "အနက်ရောင်ဝါးနတ်သမီး"(ဝါးနက်နတ်သမီး) ၏ တပည့် တစ်ဦးတစ်ယောက်မျှ မီးတူးဖော်ခွင့် ရမည်မဟုတ်ပေ။
အကယ်၍ ယီယွင် တူးဖော်ခဲ့လျှင်လည်း သူကပင် လုယူသွားမည် ဖြစ်သည်။
"ဟေ့ လူသစ်လေး... တစ်ခါလောက် တူးကြည့်ပါဦး"
"လာပါ... မင်းရဲ့ အစွမ်းကုန် ကြိုးစားပြီး တူးကြည့်ပါ။ အားနာမနေပါနဲ့"
ယန်ကျီရှန်း၏ နောက်လိုက်များက ယီယွင်ကို ဝိုင်းဝန်း လှောင်ပြောင် လိုက်ကြသည်။ သူတို့၏ အမြင်တွင် ယီယွင်မှာ ယွင်ချောင်အာထက်ပင် ပို၍ အားနည်းမည်ဖြစ်ရာ ယန်ကျီရှန်း၏ ရှေ့တွင် ဘာမှမဟုတ်ဟု ယူဆထားကြသည်။
ထိုအခြေအနေကို မြင်သော်လည်း ယီယွင်က ပြုံးရုံသာ ပြုံးနေပြီး မီးတူးဖော်ခြင်း မပြုသေးဘဲ ပြောလိုက်သည်။
"ကျွန်တော် အရင်ကြည့်ဦးမယ်။ အလျင်မလိုပါဘူး"
"ဘာ..."
မိမိကိုယ်ကိုယ် အောက်ကျနောက်ကျဖြစ်စေမည့် ထိုစကားကို ယီယွင်က ပြောလိုက်သည့်အခါ ယန်ကျီရှန်း၏ နောက်လိုက်များမှာ ပို၍ပင် ဟားတိုက် ရယ်မောကြတော့သည်။
ဤလူသစ်မှာ တကယ့် ထူးဆန်းသူပင်။ ဤကဲ့သို့ အခြေအနေမျိုးတွင် "အလျင်မလိုဘူး" ဟု ပြောထွက်သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
မန်ဒေါင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီ ဖြစ်သည်။ ဤမျှ အနှိမ်ခံရခြင်းအတွက် သူသည် ရှေ့သို့တက်ကာ အသည်းအသန် တိုက်ခိုက်ပစ်ချင်စိတ် ပေါက်နေသည်။ သို့သော် သူတို့ သုံးယောက်လုံး ပေါင်းလျှင်ပင် ယန်ကျီရှန်း တစ်ယောက်တည်းကို မယှဉ်နိုင်သည်ကို သူ သိနေသည်။
"မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း" ဥပဒေသကို ရရှိထားသဖြင့် ယန်ကျီရှန်း၏ မီးထိန်းချုပ်မှုမှာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေသည့် မန်ဒေါင်ကို လှောင်ပြုံး ပြုံးပြလိုက်သည်။
"မင်း တိုက်ချင်တာလား ငါနဲ့ လောင်းကြေးထပ်ပြီး တိုက်ခိုက်လို့ ရပါတယ်။ ငါ မင်းကို လက်တစ်ဖက် အသာပေးမယ်"
မန်ဒေါင်သည် ဒေါသကြီးပြီး ရိုးသားသူဖြစ်သော်လည်း ယခင်က ယန်ကျီရှန်းကို ရှုံးနိမ့်ဖူးသဖြင့် နောက်တစ်ကြိမ် လောင်းကြေးထပ် တိုက်ရန် မိုက်မဲမည်မဟုတ်ကြောင်း ယန်ကျီရှန်း သိသည်။ ထို့ကြောင့် သူက လက်တစ်ဖက် အသာပေးမည်ဟု ဆိုကာ တမင်တကာ ဆွပေးလိုက်ခြင်း ဖြစ်သည်။
ထိုစကားကြောင့် ယန်ကျီရှန်း၏ နောက်လိုက်များက ပို၍ အော်ဟစ် လှောင်ပြောင်ကြပြန်သည်။
"ဒီအမှိုက်ကတော့... စီနီယာ ယန်ကျီရှန်းက လက်တစ်ဖက် အသာပေးမယ် ဆိုရင်တောင် လက်ခံရဲမှာ မဟုတ်ပါဘူး"
"ဒီလောက် သတ္တိမရှိတာ... ငါသာဆိုရင် အိမ်ပြန်ပြီး လယ်ပဲ သွားထွန်တော့မယ်"
တပည့်တစ်သိုက်၏ လှောင်ပြောင်မှုများကြောင့် မန်ဒေါင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး သူ၏ လက်မောင်းမှ အကြောများမှာ ဖောင်းတက်လာသည်။ သူသည် ယခုအချိန်တွင် ပေါက်ကွဲလုဆဲဆဲ မီးတောင်တစ်ခုကဲ့သို့ပင်။
သူ အလွန် မုန်းတီးနေသော်လည်း သည်းခံနေရဆဲ ဖြစ်သည်။ ယန်ကျီရှန်း၏ အစွမ်းမှာ သိသိသာသာ တိုးတက်နေသည်ကို သူ ကောင်းကောင်း သိသည်။ ယခင် တိုက်ပွဲတွင် သူတို့ကြားရှိ ကွာခြားချက်ကို သူ ကောင်းကောင်း သိခဲ့ရပြီး ယခုလည်း တိုက်ခိုက်ခဲ့လျှင် အသာပေးသော်ငြားလည်း သူ ရှုံးနိမ့်ရန်သာ ရှိသည်။
အကယ်၍ နောက်တစ်ကြိမ် ရှုံးနိမ့်ပါက သူ ပိုင်ဆိုင်သမျှ ဆုံးရှုံးမည့်အပြင် အကြီးအကဲ "ကောင်းကင်ကင်းမြီးကောက်" ၏ တပည့်များ၏ လှောင်ပြောင်မှုကို အဆိုးရွားဆုံး ခံရမည် ဖြစ်သည်။ ၎င်းက သူ၏ ယုံကြည်မှုကို လုံးဝ ဖျက်ဆီးပစ်လိမ့်မည်။
ထို့ကြောင့် သူသည် ယနေ့ အရှက်ရမှုကို သည်းခံရမည်သာ ဖြစ်သည်။
မန်ဒေါင် အလှောင်ခံနေရပြီး ယွင်ချောင်အာမှာ သနားစရာ အမူအရာ ဖြစ်နေစဉ် ယန်ကျီရှန်းသည် သူ၏ လက်ထဲရှိ မီးလျှံကို သန့်စင်ခြင်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ယန်ကျီရှန်းသည် သူ၏ အစွမ်းကို ပြသရသည်ကို နှစ်သက်သူ ဖြစ်သည်။ သူသည် "မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း" ဥပဒေသကို အစွမ်းကုန် အသုံးပြုကာ မီးလျှံကို အရှိန်အဟုန်ဖြင့် သန့်စင်နေသည်။ ၎င်းမှာ ယွမ်စွမ်းအင်ကို အလွန် ကုန်ခမ်းစေသော်လည်း မြန်မြန်ဆန်ဆန် သန့်စင်နိုင်စေသည်။
တစ်မိနစ်ပင် မပြည့်မီတွင် မန်ဒေါင်နှင့် ယွင်ချောင်အာတို့ထံမှ လုယူထားသော မီးလျှံမှာ ၈၀ ရာခိုင်နှုန်းခန့် သန့်စင်ပြီးသွားပြီ ဖြစ်သည်။
ယန်ကျီရှန်းမှာလည်း အလွယ်တကူ လုပ်နေရခြင်း မဟုတ်ပေ။ ဤဥပဒေသကို သုံးရသည်မှာ ခန္ဓာကိုယ်ကို အလွန် ပင်ပန်းစေသော်လည်း ဤမီးလျှံကို သန့်စင်ပြီး စုပ်ယူလိုက်ပါက ၎င်းအတွင်းရှိ စွမ်းအင်များက သူ၏ ခွန်အားကို ပြန်လည် ဖြည့်တင်းပေးမည် ဖြစ်သည်။
အားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ဆက်နေပါက အရှက်ကွဲရန်သာ ရှိကြောင်း သိသဖြင့် မန်ဒေါင်က အံကြိတ်ကာ ပြောလိုက်သည်။
"သွားကြစို့ ညီငယ်ယီ... တောင်းပန်ပါတယ်။ ငါ မင်းကို မီးတူးပြဖို့ ခေါ်လာတာ ဖြစ်ပေမဲ့ ရန်သူနဲ့ လာတိုးနေတယ်။ ငါ မင်းကို မသင်ပေးနိုင်တဲ့အပြင် မင်းလည်း မီးတူးခွင့် မရတော့ဘူး"
မန်ဒေါင် သက်ပြင်းချလိုက်မိသည်။ ယွင်ချောင်အာကဲ့သို့ မိန်းကလေးကိုပင် ယန်ကျီရှန်းက မညှာတာရာ ယီယွင်မှာ ပို၍ပင် အခွင့်အရေး မရှိနိုင်ပေ။
သို့သော် ယီယွင်က ခေါင်းခါလိုက်ပြီး ထွက်သွားရန် ဆန္ဒမရှိဘဲ ပြောလိုက်သည်။
"စီနီယာ မန်ဒေါင်... ယန်ကျီရှန်းရဲ့ မီးလျှံက သန့်စင်တာ ပြီးတော့မယ်"
ဟင်.....
မန်ဒေါင် ခဏမျှ ကြောင်သွားပြီး ယန်ကျီရှန်းကို လှမ်းကြည့်လိုက်သည်။ ယန်ကျီရှန်းသည် သူ၏ အစွမ်းကို ပြရန် အသည်းအသန် ကြိုးစားနေသဖြင့် မီးလျှံကို သန့်စင်သည့် အရှိန်မှာ နှစ်ဆ တိုးလာပြီး ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
ယန်ကျီရှန်းသည် မီးလျှံကို မျိုချရန် အသင့်ဖြစ်နေပြီ။
ယီယွင်က ဘာကြောင့် ဤစကားကို ပြောရသနည်းဟု မန်ဒေါင် တွေးတောနေမိသည်။ ယန်ကျီရှန်း မီးလျှံသန့်စင်ပြီးတာကို စောင့်နေရမှာလား သူတို့ ဘာလုပ်နိုင်မှာမို့လို့လဲ။
မန်ဒေါင် စဉ်းစားနေစဉ်မှာပင် ယန်ကျီရှန်းမှာ သန့်စင်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သူသည် ရယ်မောလိုက်ပြီး နဖူးမှ ချွေးများကိုပင် မသုတ်အားဘဲ ပါးစပ်ကို ဟကာ မီးလျှံကို မျိုချရန် ပြင်လိုက်သည်။ မီးလျှံမှာ သူ၏ လက်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ယီယွင်၏ နှုတ်ခမ်းထောင့်တွင် လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဤအခိုက်အတန့်ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူသည် ယန်ကျီရှန်း မျိုချလုနီးပါး ဖြစ်နေသော မီးလျှံကို စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်စွမ်းအင်ဖြင့် ခရမ်းရောင်သလင်းကျောက်ကို ဆက်သွယ်လိုက်ပြီး ထိုမီးလျှံကို ချိန်ရွယ်လိုက်သည်။
ဝုန်း.....
မီးလျှံမှာ ရုတ်တရက် တုန်ခါသွားသည်။ ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားကြောင့် ၎င်းမှာ ရှေ့သို့ ဆက်မတိုးဘဲ ချက်ချင်းပင် ရပ်တန့်သွားသည်။
ထိုစဉ် ယန်ကျီရှန်းမှာ ပါးစပ်ကို ပိတ်လိုက်သော်လည်း မီးလျှံက ရပ်သွားသဖြင့် သူသည် လေကိုသာ မျိုချမိသလို ဖြစ်သွားတော့သည်။
"ဘာ..."
ယန်ကျီရှန်းမှာ အံ့အားသင့်သွားပြီး မီးလျှံက ဘာဖြစ်သွားသည်ကို မသိနိုင် ဖြစ်နေသည်။ ဘေးမှ တပည့်များမှာလည်း ယန်ကျီရှန်း ဘာကြောင့် မီးကို မမျိုချနိုင်သလဲဆိုသည်ကို ကြောင်ကြည့်နေကြသည်။
ထိုအခိုက်တွင် ယီယွင်သည် သူ၏ လက်ကို ဆန့်ထုတ်ကာ မီးလျှံကို ညင်သာစွာ ဝေ့ယမ်းပြလိုက်သည်။
"မီးလျှံလေးရေ...ဖေဖေကြီးဆီကိုလာ"
"ရှူး"
လေချွန်သံ တစ်ချက်နှင့်အတူ ယန်ကျီရှန်း၏ ရှေ့တွင်ရှိသော မီးလျှံမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ယီယွင်ထံသို့ လှောင်အိမ်ထဲမှ လွတ်လာသော ယုန်ကလေးတစ်ကောင်ကဲ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားတော့သည်။
ယန်ကျီရှန်းမှာ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေမိတော့သည်။ ဘာတွေ ဖြစ်ကုန်တာလဲ။