အခန်း (၇၉၇-၇၉၉)
Vol. 54 Ch. 797-799
အခန်း ၇၉၇ - ကိုယ်ပြုသည့်ကံ မိမိထံပြန်
မြေကမ္ဘာမီးလျှံမှာ ယန်ကျီရှန်း၏ ထိန်းချုပ်မှုအောက်မှ ရုတ်တရက် လွတ်ထွက်သွားပြီး အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ ဤဖြစ်ရပ်ကြောင့် ယန်ကျီရှန်းမှာ ထိတ်လန့်သွားရသည်။ သူသည် မြေကမ္ဘာမီးလျှံခန်းမတွင် ကြာရှည်စွာ နေထိုင်ခဲ့သူဖြစ်ပြီး နှစ်စဉ်မီးတူးဖော်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးပေ။
သူသည် သူ၏ စိတ်စွမ်းအင်များကို မည်မျှပင် အားစိုက်ထုတ်ပါစေ မီးလျှံကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ ထိုမီးလျှံငယ်မှာ တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ မီးလျှံ ရပ်သွားသည့်အခါ ယန်ကျီရှန်း၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားတော့သည်။
မြေကမ္ဘာမီးလျှံခန်းမသို့ အသစ်ဝင်လာသော တပည့်များ ဝတ်ဆင်သည့် ဝတ်စုံကို ဝတ်ထားသော လူငယ်တစ်ဦးသည် သူ၏ လက်ဖဝါးကို အသာအယာ ဆန့်ထုတ်ထားပြီး ထိုမီးလျှံငယ်မှာ သူ၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ တောက်လောင်နေသည်ကို သူ မြင်လိုက်ရသည်။
"စီနီယာ ယန်ကျီရှန်း... ဒါက..."
အခြား မြေကမ္ဘာမီးလျှံခန်းမ တပည့်များမှာလည်း ဆွံ့အသွားကြသည်။ ယခုအချိန်တွင်မူ ဤမီးလျှံ ပျံထွက်သွားခြင်းမှာ ယန်ကျီရှန်း တမင်လုပ်ဆောင်ခြင်း မဟုတ်ဘဲ "ဝါးနက်" အုပ်စုမှ ထိုတပည့်အသစ်က လုယူသွားခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်သည်။
သူတို့သည် ယန်ကျီရှန်း၏ ဟန်ရေးပြမှုများကို ဝိုင်းဝန်းအားပေးခဲ့ကြသော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အစွမ်းကို မကြွားရသေးမီမှာပင် "ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်" ဆိုသကဲ့သို့ ပြန်လည် အနိုင်ကျင့်ခံလိုက်ရခြင်း ဖြစ်သည်။
"စီနီယာ ယန်ကျီရှန်းက ပေါ့ဆသွားလို့ နေမှာပါ။ မီးလျှံသန့်စင်တာ ပြီးသွားတဲ့အချိန်မှာ သူက စိတ်လျှော့လိုက်တော့ အဲဒီကောင်က အခွင့်ကောင်းယူသွားတာ ဖြစ်နိုင်တယ်"
ယန်ကျီရှန်းသည် မြေကမ္ဘာမီးလျှံခန်းမတွင် ဝါရင့်သူတစ်ဦးဖြစ်သလို ပါရမီမှာလည်း ထိပ်တန်းအဆင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဤလူများက သူ၏ လက်ပါးစေ လုပ်နေကြခြင်း ဖြစ်သည်။
ယန်ကျီရှန်းသည် "မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း" ဥပဒေသကိုပင် ရရှိထားသူ ဖြစ်ရာ ယခုကဲ့သို့ ဝါရင့်သူတစ်ဦးက လူသစ်တစ်ဦးကို ရှုံးနိမ့်သွားသည်ဆိုသည်မှာ သူတို့အတွက် ယုံရခက်လှသည်။ ထို့အပြင် တစ်ဖက်လူက... လူသားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
"မင်းနာမည်က ယီယွင်လား" ယန်ကျီရှန်းက စိုက်ကြည့်ကာ မေးလိုက်သည်။ သူသည် ယခင်က မန်ဒေါင်နှင့် ယွင်ချောင်အာတို့ ယီယွင်၏ အမည်ကို ပြောနေကြသည်ကို ကြားဖူးသော်လည်း ယီယွင်အား မန်ဒေါင်၏ နောက်လိုက်တစ်ဦးဟုသာ ထင်မှတ်ခဲ့သဖြင့် ဂရုပင်မစိုက်ခဲ့ပေ။
မိမိလက်ထဲ ရောက်ခါနီး မီးလျှံကို ယခုကဲ့သို့ အလုခံရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
မီးလျှံသန့်စင်ပြီးချိန်မှာ သူ၏ စိတ်စွမ်းအင် ထိန်းချုပ်မှု အလျော့ရဲဆုံး အချိန်ဖြစ်သည်မှာ မှန်သော်လည်း ဤကလေးက မိမိလက်ထဲရှိ မီးလျှံကို လုယူနိုင်စွမ်း ရှိမနေသင့်ပေ။
"သိလျက်နဲ့ ဘာလို့ မေးနေတာလဲ"
ယီယွင်က သူ၏ လက်ညှိုးကို ညင်သာစွာ ဆန့်ထုတ်လိုက်ရာ ထိုမီးလျှံငယ်မှာ သာမန်မီးလျှံတစ်ခုကဲ့သို့ သူ၏ လက်ချောင်းထိပ်တွင် ငြိမ်သက်စွာ တောက်လောင်နေတော့သည်။
ယီယွင်၏ ဘေးတွင်ရှိသော မန်ဒေါင်နှင့် ယွင်ချောင်အာတို့မှာလည်း မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ သူတို့သည်လည်း အခြားတပည့်များကဲ့သို့ပင် ယီယွင်၏ လက်ချောင်းထိပ်ရှိ မီးလျှံကို မယုံနိုင်စရာ ကောင်းလောက်အောင် ငြိမ်သက်နေသည်ကို တွေ့ရသဖြင့် အံ့သြနေကြခြင်း ဖြစ်သည်။
ဒါက တကယ်ပဲ မြေကမ္ဘာမီးလျှံ ဝိညာဉ်ဆီက ခွဲထုတ်ထားတဲ့ မီးလျှံ ဟုတ်ရဲ့လား ဘာလို့ ဒီလောက်တောင် နာခံနေရတာလဲ။
ထို့အပြင် ညီငယ်ယီယွင်မှာ အောက်ကမ္ဘာမှ လာသူဖြစ်ရာ ဤမျှ နက်ရှိုင်းသော ဥပဒေသများကို မည်သို့ ကျွမ်းကျင်နေသနည်း
ဘာတွေ ဖြစ်ပျက်နေသည်ကို သူတို့ အတိအကျ မသိသော်လည်း ယန်ကျီရှန်း၏ မျက်နှာပျက်နေသည်ကို မြင်ရသည့်အခါ မန်ဒေါင်နှင့် ယွင်ချောင်အာတို့မှာ သူတို့၏ ရင်ထဲမှ အမုန်းတရားများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ကျီရှန်းအနေဖြင့် တပည့်အသစ် တစ်ယောက်က မိမိ၏ မီးလျှံကို လုယူနိုင်လိမ့်မည်ဟု လုံးဝ တွေးထားမိမည် မဟုတ်ပေ။
မန်ဒေါင်က ဟားတိုက် ရယ်မောလိုက်ပြီး "ယန်ကျီရှန်း... မင်းပဲ စောစောက ပြောတယ်မဟုတ်လား၊ လူသစ်လေး ယီယွင်လည်း တစ်ခါလောက် တူးကြည့်ပါဦး ဆိုပြီးတော့လေ။ အခု ငါတို့ ညီငယ်ယီယွင်က မီးဝိညာဉ်နန်းတော်ကို ပထမဆုံးအကြိမ် လာတာဖြစ်သလို ဒါက သူ့ရဲ့ ပထမဆုံး မီးတူးဖော်ခြင်းပဲ"
မန်ဒေါင်သည် ယန်ကျီရှန်းကို အရှက်ရစေရန်အတွက် "တပည့်အသစ်" နှင့် "ပထမဆုံးအကြိမ်" ဆိုသော စကားလုံးများကို တမင်တကာ အလေးပေး ပြောဆိုနေခြင်း ဖြစ်သည်။
မင်းက အရမ်းတော်တယ် ဆိုပြီး ကြွားနေတာ မဟုတ်လား အခုတော့ တပည့်အသစ် တစ်ယောက်ရဲ့ လက်ချက်နဲ့ အရှက်ကွဲသွားပြီ မဟုတ်လား။
ယွင်ချောင်အာသည်လည်း အခွင့်အရေး ရသည်နှင့် လှောင်ပြောင်ရန် ဝန်မလေးသူ ဖြစ်သည်။ အစောပိုင်းက အနိုင်ကျင့်ခံရသဖြင့် ငိုလုနီးပါး ဖြစ်ခဲ့ရရာ ယခုကဲ့သို့ လက်စားချေခွင့်ကို သူမ မည်သို့ လက်လွတ်ခံပါမည်နည်း။
"အဟင်း. ရှင့်လူတွေကပဲ ညီငယ်ယီယွင်ကို အားနာမနေပါနဲ့ လို့ ပြောခဲ့ကြတာ မဟုတ်လား အခု မောင်လေးက ရှင့်တို့ဆန္ဒအတိုင်း အားမနာတမ်း လုပ်လိုက်ပြီလေ။ ရှင့်တို့ ပျော်သင့်တာပေါ့။ ဒါနဲ့... ရှင့်တို့မျက်နှာတွေက ဘာလို့ ဒီလောက်တောင် ပျက်နေရတာလဲ နေမကောင်းလို့လား"
ယွင်ချောင်အာ၏ စကားလုံးများမှာ ယန်ကျီရှန်း၏ နာကျင်နေသော နေရာကို တည့်တည့်မှန်နေသဖြင့် သူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
"ကောင်းပြီ ကောင်းပြီ နွားငယ်ဟာ ကျားကို မကြောက်ဘူး ဆိုတဲ့အတိုင်း ငါ မီးသန့်စင်ပြီးတဲ့ အခိုက်အတန့်မှာ လုယူနိုင်တယ်ဆိုတော့ မင်းမှာ ပါရမီတော့ ရှိသားပဲ"
ယန်ကျီရှန်းသည် မိမိ၏ အစွမ်းကို ပြသရသည်ကို ကြိုက်သူ ဖြစ်သည်။ ယခုကဲ့သို့ ကြွားဝါနေစဉ်မှာပင် ယီယွင်၏ ရိုက်နှက်မှုကို ခံလိုက်ရခြင်းမှာ သူ သည်းမခံနိုင်သော ကိစ္စဖြစ်သည်။
သူသည် ထင်ရှားသော မိသားစုမှ လာသူဖြစ်ပြီး ထူးချွန်သော ပါရမီရှိသူ ဖြစ်သည်။ မြေကမ္ဘာမီးလျှံခန်းမတွင်ပင် သူသည် အမြဲတမ်း အာရုံစိုက်ခံရသူ ဖြစ်သည်။ ဤအချက်များကို သူ အမြဲ ဂုဏ်ယူခဲ့သော်လည်း ယခုမူ မီးလျှံကို စတင်ထိတွေ့ရုံသာရှိသေးသော တပည့်တစ်ဦး၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။
ထိုအချိန်တွင် ယန်ကျီရှန်း ခံစားရသော အရှက်ရမှုမှာ မန်ဒေါင်နှင့် ယွင်ချောင်အာတို့ ခံစားခဲ့ရသည်ထက် အဆပေါင်း ရာချီ၍ ပိုမိုပြင်းထန်လှသည်။
"စီနီယာ ယန်ကျီရှန်း... သူ့ကို အစွမ်းပြလိုက်ပါ"
"ဒီကောင်က စီနီယာ့ကို အလစ်အငိုက် ဖမ်းလိုက်တာပါ၊ သူ ဘာမှ တတ်တာ မဟုတ်ပါဘူး"
ယန်ကျီရှန်း၏ လက်ပါးစေများက ချက်ချင်း အော်ဟစ် အားပေးကြတော့သည်။
ယန်ကျီရှန်း၏ အမူအရာမှာ တည်ကြည်သွားသည်။ ယီယွင်မှာ အထင်သေး၍ မရသောသူဖြစ်ကြောင်း သူ ရင်ထဲမှ သိလိုက်သော်လည်း ယခုမူ သူသည် နောက်ဆုတ်၍ မရတော့သဖြင့် ရှေ့သို့သာ ဆက်တိုးရမည် ဖြစ်သည်။ သူသည် သူ၏ ခွန်အားအားလုံးနှင့် မီးဓာတ်ဥပဒေသများအပေါ် နားလည်မှု အားလုံးကို အစွမ်းကုန် ထုတ်သုံးရန် ပြင်လိုက်တော့သည်။
"ယား"
ယန်ကျီရှန်းက အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ရှိ အဆစ်များမှ မြည်သံများ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာတွင် အကြေးခွံငယ်လေးများ စတင်ပေါ်ထွက်လာပြီး သူ၏ မျက်လုံးသူငယ်အိမ်မှာလည်း ရှည်မြောမြော ပုံသဏ္ဌာန် ပြောင်းလဲသွားသည်။
မြွေ.....
ယန်ကျီရှန်း၏ ဘိုးဘေးမှာ ကျင့်ကြံမှု အောင်မြင်ခဲ့သော မြွေဟောက်ကြီး တစ်ကောင် ဖြစ်သည်။ ထို့အပြင် သူ၏ ဘိုးဘေးများတွင် မီးမြွေ သွေးပါသဖြင့် ယန်ကျီရှန်းသည် မီးဓာတ်ဥပဒေသများနှင့် သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်မှု ရှိသည်။
"သူက ဒီအတိုင်းကြီး အသွင်ပြောင်းလိုက်တာလား" မန်ဒေါင် အံ့သြသွားသည်။ ယန်ကျီရှန်းမှာ အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။
ယန်ကျီရှန်းအနေဖြင့် ယီယွင်၏ လက်ထဲမှ မီးလျှံကို ပြန်လုရန်အတွက် ဤကဲ့သို့ အသွင်ပြောင်းလဲလိုက်ခြင်းမှာ ယီယွင်သည် မည်မျှ အစွမ်းထက်သော ပြိုင်ဘက် ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
သူသည် ဤကဲ့သို့ အစွမ်းကုန် လုပ်ဆောင်မှသာလျှင် မီးလျှံကို ပြန်လုနိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက ဤကိစ္စမှာ သူ၏ တစ်သက်တာလုံးအတွက် အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
"အား"
ယန်ကျီရှန်း၏ ရင်ဘတ်ထဲမှ လူသားနှင့် မတူသော ရှူးရှူးရှဲရှဲ အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ မီးလျှံများ တောက်လောင်နေပြီး ယီယွင်၏ လက်ချောင်းထိပ်ရှိ မီးလျှံကို ချိန်ရွယ်ကာ ရုတ်တရက် တို့လိုက်သည်။
မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း....
ပြင်းထန်လှသော ယွမ်စွမ်းအင်များမှာ ယီယွင်၏ လက်ဖဝါးပေါ်ရှိ မီးလျှံအတွင်းသို့ စီးဝင်သွားသည်။
"ရှူး ရှူး ရှူး"
မီးလျှံမှာ ယန်ကျီရှန်းက ဝိညာဉ်သွင်းပေးလိုက်သကဲ့သို့ ပြင်းထန်စွာ ကခုန်လာတော့သည်။ ယန်ကျီရှန်း၏ ဘေးမှ တပည့်များမှာလည်း မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာကြသည်။
ဒါကလည်း မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း ဥပဒေသပဲ မီးလျှံကို ဝိညာဉ်သွင်းပေးလိုက်ခြင်းအားဖြင့် ၎င်းသည် ၎င်းကို ဝိညာဉ်ပေးခဲ့သော ယန်ကျီရှန်းဘက်သို့ သဘာဝအတိုင်း ယိမ်းညွတ်သွားမည် ဖြစ်သည်။
ယီယွင်မှာမူ ယခုမှ ရောက်လာသော တပည့်ငယ်တစ်ဦး ဖြစ်ရာ ယန်ကျီရှန်းကဲ့သို့ နက်ရှိုင်းသော ဥပဒေသများကို မည်သို့ တတ်ကျွမ်းနိုင်ပါမည်နည်း။
"မီးလျှံ... လာစမ်း"
ယန်ကျီရှန်းက အော်ဟစ်ကာ ယီယွင်၏ လက်ထဲမှ မီးလျှံကို အတင်းအဓမ္မ လှမ်းဖမ်းလိုက်သည်။
မီးလျှံမှာ ယီယွင်၏ လက်ထဲမှ လွတ်ထွက်သွားတော့မည့်အလား ပြင်းထန်စွာ လှုပ်ရှားနေတော့သည်။ ယီယွင်သည် ကခုန်နေသော မီးလျှံကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
မီးလျှံကို ဝိညာဉ်သွင်းပေးတဲ့ မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း ဟုတ်လား။
အကယ်၍ မီးလျှံကို တကယ့် အသက်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ဆိုပါကခရမ်းရောင်သလင်းကျောက်က အသက်ရှိတဲ့ စွမ်းအင်တွေကို မထိန်းချုပ်နိုင်တာကြောင့် ရှုံးနိမ့်သွားနိုင်သည်။
သို့သော် အသက်ဝိညာဉ်တစ်ခု ဖန်တီးပေးခြင်းမှာ အသိဉာဏ်ရှိ သတ္တဝါတစ်ကောင်ကို ဖန်တီးရခြင်းနှင့်အတူတူပဲမို့ မလွယ်ကူပေ။ စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးတွေတောင်မှ ထိုအစွမ်းမျိုး မရှိကြပါနိုင်ပေ။ အနန္တစွမ်းအင်တွေရှိတဲ့ စကြဝဠာကြီးကပဲ နှစ်သန်းပေါင်းများစွာ ကြာမှ အသက်ဇီဝများကို ဖန်တီးပေးနိုင်ခြင်းဖြစ်သည်။
ယခု ထိုအရာသည် ယန်ကျီရှန်း အတင်းအဓမ္မ ထည့်သွင်းပေးလိုက်သော ဝိညာဉ်အရိပ်အယောင်လေး တစ်ခုမျှသာ ဖြစ်သည်။ ၎င်းက ယန်ကျီရှန်းရဲ့ စိတ်ဆန္ဒတစ်ခုသာဖြစ်သည့်အတွက် ယီယွင်အတွက်တော့ ဘာမှ မခက်ခဲပေ။
ခရမ်းရောင်သလင်းကျောက်မှ စိတ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
"ငြိမ်းသွားစမ်း"
မြေကမ္ဘာမီးလျှံကို ကိုင်ထားသော ယီယွင်၏ လက်ကို ရုတ်တရက် ဆုပ်လိုက်သည်။
ဘုန်း..........
ပေါက်ကွဲသံတစ်ခုနှင့်အတူ မီးလျှံအတွင်းရှိ ယန်ကျီရှန်း၏ စိတ်ဝိညာဉ်မှာ ယီယွင်၏ လက်ချက်ဖြင့် ပျက်စီးသွားတော့သည်။ မိမိ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခု အဖျက်ဆီးခံလိုက်ရသဖြင့် ယန်ကျီရှန်းမှာ ညည်းညူလိုက်ပြီး သူ၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားတော့သည်။
ထိုအခိုက်တွင် ယီယွင်က သူ၏ လက်ကို ပြန်လည် ဖြန့်လိုက်ရာ မြေကမ္ဘာမီးလျှံမှာ သူ၏ လက်ဖဝါးပေါ်တွင် ထုံးစံအတိုင်း ငြိမ်သက်စွာ ပြန်လည် တောက်လောင်နေတော့သည်။
ယန်ကျီရှန်း၏ မျက်လုံးထဲတွင်မူ ထိုမီးလျှံမှာ သူ့ကို လှောင်ပြောင်နေသကဲ့သို့ ကခုန်နေသည်ဟု ထင်မြင်နေသဖြင့် သူ၏ အမူအရာမှာ အလွန်ပင် ကြည့်ရဆိုးသွားတော့သည်။
ယန်ကျီရှန်း၏ ဘေးရှိ တပည့်များမှာလည်း လည်ပင်းညှစ်ခံထားရသော ကြက်ဖများကဲ့သို့ စကားပင် မပြောနိုင်ဘဲ ကြောင်ကြည့်နေကြတော့သည်။
သူ ဘယ်လိုလုပ်လိုက်တာလဲ။
ယန်ကျီရှန်းက အသွင်ပြောင်းပြီး "မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း" ဥပဒေသကို သုံးခဲ့တာတောင်မှ ယီယွင်က ဘာဥပဒေသကိုမှ အသုံးမပြုဘဲနဲ့ ယန်ကျီရှန်းရဲ့ အစွမ်းကိုဘယ်လို ဖျက်ဆီးပစ်လိုက်တာလဲ။
"ဒီကောင်ကတော့ ထူးဆန်းတဲ့ ကောင်ပဲ"
မြေကမ္ဘာမီးလျှံခန်းမ တပည့်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူတို့အနေဖြင့် လက်မခံချင်သော်လည်း အမှန်တရားကို ဝန်ခံရမည် ဖြစ်သည်။ ယီယွင်သည် မြေကမ္ဘာမီးလျှံခန်းမသို့ ရောက်ရောက်ချင်း ပထမဆုံးအကြိမ် မီးတူးဖော်ရာမှာပင် ဤမျှ အစွမ်းထက်နေခြင်း ဖြစ်သည်။
သူတို့အားလုံးသည် သူတို့၏ ပထမဆုံး မီးတူးဖော်ခြင်း အတွေ့အကြုံကို သိကြသည်။ ထိုစဉ်က သူတို့မှာ အလွန် ဂရုစိုက်ခဲ့ရပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ရသည်။ အချို့မှာ အကြိမ်ကြိမ် ရှုံးနိမ့်ပြီးမှသာ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယီယွင်အတွက်မူ မီးတူးဖော်ခြင်းမှာ ဂွမ်းဖတ်ကောက်နေရသကဲ့သို့ လွယ်ကူနေရုံသာမက ယန်ကျီရှန်း၏ လက်ထဲမှ မီးလျှံကိုပင် တိုက်ရိုက် လုယူနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ဖြစ်ပေသည်။
အခန်း ၇၉၈ - မီးဓာတ် ဥပဒေသများ
ယခုအချိန်တွင် ယန်ကျီရှန်း၏ မျက်နှာမှာ ရေစက်ကလေးတစ်စ ပြုတ်ကျတော့မည့်အလား အလွန်အမင်း ပျက်ယွင်းနေသည်။ မီးဝိညာဉ် အသွင်ပြောင်းလဲခြင်း ဥပဒေသကို အသုံးပြုခြင်းမှာ သူ၏ အစွမ်းကုန် ကြိုးစားမှုပင် ဖြစ်သည်။
၎င်းက သူ၏ ယွမ်စွမ်းအင်များကို အမြောက်အမြား ကုန်ခမ်းစေခဲ့သည့်အပြင် မီးလျှံအတွင်း ထည့်သွင်းထားသော သူ၏ အသိစိတ်နှင့် စိတ်ဆန္ဒများမှာ ဖျက်ဆီးခံလိုက်ရသဖြင့် ယန်ကျီရှန်းမှာ စွမ်းအင်ချို့တဲ့မှုကို ခံစားရရုံသာမက ဦးနှောက်အတွင်း၌လည်း ထုံကျင်ကိုက်ခဲသော ဝေဒနာကို ခံစားနေရသည်။
ယီယွင်မှာမူ အလွန်အမင်း သက်သောင့်သက်သာ ရှိနေပုံရသည်... ယန်ကျီရှန်းသည် ယီယွင်၏ လက်ထဲမှ မီးလျှံကို မုန်းတီးစွာ ကြည့်လိုက်ပြီး ယနေ့ သူ အကြီးအကျယ် အရှက်ရသွားပြီဖြစ်ကြောင်း သိလိုက်သည်။
အကယ်၍ သူ ဤနေရာတွင် ဆက်နေပါက မည်သို့မျှ မျက်နှာပြန်ရနိုင်မည် မဟုတ်သည့်အပြင် မန်ဒေါင်နှင့် ယွင်ချောင်အာတို့၏ လှောင်ပြောင်မှုကိုလည်း ဆက်လက် သည်းခံနေရပေလိမ့်မည်။
ယန်ကျီရှန်းသည် အံသွားများကို တင်းတင်းကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီနေ့တော့ မီးမတူးတော့ဘူး။ သွားကြစို့"
ထိုသို့ပြောပြီးနောက် ယန်ကျီရှန်းသည် လက်စွပ်ကို ခါကာ ထွက်ခွာသွားတော့သည်။
"ကောင်းကင်ကင်းမြီးကောက်အကြီးအကဲ" ၏ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ မီးပင် မတူးရသေးမီမှာပင် ပြန်ကြရတော့မည်လား။
သို့သော် ယီယွင်က သူတို့ကို ပြုံးစိစိ အမူအရာဖြင့် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ထိုသူတို့၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကြသည်။
"သွားကြစို့။ ငါတို့ မီးတူးနိုင်ခဲ့ရင်တောင် သူကပဲ လုယူသွားမှာ။ စီနီယာ ယန်ကျီရှန်းတောင် မီးဝိညာဉ် အသွင်ပြောင်းလဲခြင်းကို သုံးတာတောင် သူ့မီးကို သူ မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ငါတို့ ကြိုးစားနေတာက အလကားပဲ ဖြစ်မှာ"
"ဒီမှာ ထုံထုံအအနဲ့ စောင့်နေတာက အရှက်ကွဲဖို့ပဲ ရှိမယ်။ ဒီတပည့်အသစ်က ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။ ငါတို့ကမှ မယှဉ်နိုင်တာပဲ... သက်ပြင်းပဲ ချရတော့မှာပေါ့"
ထိုတပည့်များမှာ ခေါင်းခါကာ သက်ပြင်းချရင်း ထွက်ခွာသွားကြတော့သည်။
ယနေ့ သူတို့ မီးမတူးနိုင်ခဲ့သော်လည်း ဆယ်ရက်တာ အချိန်ကျန်သေးရာ ယီယွင်မှာလည်း ဤနေရာတွင် အမြဲတမ်း ရှိနေနိုင်မည် မဟုတ်ပေ။ လူတိုင်းသည် မီးတူးပြီးတိုင်း ရရှိလာသော ရလဒ်များကို ပြန်လည် ထိန်းညှိရန် ရက်အနည်းငယ် အချိန်ယူရလေ့ ရှိကြသဖြင့် သူတို့ နောက်တစ်ကြိမ် ပြန်လာနိုင်သေးသည်။
အနက်ရောင်ဝါးနတ်သမီး မှာ မြေကမ္ဘာမီးလျှံခန်းမ၏ အကြီးအကဲ ဖြစ်လာသည်မှာ မကြာသေးသဖြင့် သူမ၏ လက်အောက်တွင် တပည့်များစွာ မရှိပေ။ ကောင်းကင်ကင်းမြီးကောက်အကြီးအကဲမှာမူ ဝါရင့်အကြီးအကဲ တစ်ဦးဖြစ်သဖြင့် အင်အားအကြီးဆုံး အုပ်စုတစ်ခု ဖြစ်ကာ သူ၏ လက်အောက်တွင် တပည့်များစွာ ရှိနေခြင်း ဖြစ်သည်။
ဝမ်ဖေး ကောင်းကင်ဘုံ အတွင်းရှိ စစ်သည်တော်များကြားမှ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။ အရာအားလုံးမှာ ခွန်အားပေါ်တွင်သာ မူတည်သည်။ အနက်ရောင်ဝါးနတ်သမီး၏ တပည့်များမှာ နည်းပါးသဖြင့် သူတို့သည် အမြဲတမ်း ဘေးဖယ်ခံရပြီး အနိုင်ကျင့်ခံရလေ့ ရှိသည်။
မန်ဒေါင်သည် မြေကမ္ဘာမီးလျှံခန်းမသို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့သည် သူ၏ ဒေါသများကို ဖွင့်ချနိုင်ပြီး စိတ်အပန်းပြေရသော ပထမဆုံးနေ့ပင် ဖြစ်သည်။
ယန်ကျီရှန်းနှင့် အဖွဲ့ အသည်းအသန် ထွက်ခွာသွားသည်ကို မြင်သည့်အခါ မန်ဒေါင်က နောက်မှနေ၍ ဟားတိုက် ရယ်မောလိုက်သည်။
"ဒီလောက် မြန်မြန် ထွက်ပြေးရသလား စောစောက အရှိန်အဝါတွေ ဘယ်ရောက်ကုန်ပြီလဲ အဟားဟား......."
ယွင်ချောင်အာကလည်း ရယ်မောရင်း ပြောလိုက်သည်။
"ကျွန်မတို့ရဲ့မောင်ငယ်ယီယွင် ရှိနေသရွေ့တော့ မီးဝိညာဉ်နန်းတော်ကို မလာတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ရှင့်တို့ပဲ လူရယ်စရာ ဖြစ်နေလိမ့်မယ်"
ယီယွင်သည် ကောင်းကင်ကင်းမြီးကောက်အကြီးအကဲ၏ တပည့်များ ထွက်သွားသည်ကို ကြည့်နေသည်။ ယန်ကျီရှန်း မထွက်ခွာမီ သူ၏ မြွေမျက်လုံးများဖြင့် ယီယွင်ကို အငြိုးတကြီး စိုက်ကြည့်သွားသည်မှာ အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အကြည့်နှင့် တူလှသည်။
ယန်ကျီရှန်းသည် သူ့ကို အလွန် မုန်းတီးသွားပြီဖြစ်ကြောင်း ယီယွင် သိသော်လည်း သူ ဂရုမစိုက်ပေ။ သူ၏ ပန်းတိုင်မှာ လော့မျိုးနွယ်စု တော်ဝင်မြို့တော်သို့ ရောက်ရှိရန် ဖြစ်သည်။ ကောင်းကင်မီးလျှံခန်းမ ပင်လျှင် သူ၏ ပန်းတိုင် မဟုတ်ရာ မြေကမ္ဘာမီးလျှံခန်းမ တပည့်တစ်ဦးမှာ သူ၏ အာရုံစိုက်မှုကို ခံရရန် မထိုက်တန်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးဝိညာဉ်နန်းတော်မှာ တစ်ဝက်ခန့် လစ်ဟာသွားတော့သည်။ ကျန်ရှိနေသော တပည့်များမှာ ကောင်းကင်ကင်းမြီးကောက်အကြီးအကဲ၏ တပည့်များ မဟုတ်ကြသော်လည်း သူတို့သည် ယီယွင်ကို ကြည့်ကာ အနည်းငယ် ထိတ်လန့်နေကြသည်။
ယီယွင်က သူတို့၏ မီးလျှံများကိုပါ လုယူမည်လားဟု မည်သူမျှ မသိနိုင်ပေ။ ဤသည်မှာ မြေကမ္ဘာမီးလျှံခန်းမတွင် အပြစ်ဆိုစရာ မဟုတ်ပေ။ အစွမ်းရှိသူက အားနည်းသူကို အနိုင်ကျင့်ခြင်းမှာ သဘာဝပင်။
ယီယွင်သည် သူ၏ လက်ဖဝါးပေါ်တွင် ကခုန်နေသော မီးလျှံစကို ကြည့်လိုက်သည်။ နီကျင့်ကျင့် အရောင်ထဲတွင် ဖြူလွလွ အရောင်လေး အနည်းငယ် ပါဝင်နေသည်။ ၎င်းကို ယွမ်စွမ်းအင်ဖြင့် ဖုံးအုပ်ထားသော်လည်း ထိုမီးလျှံငယ်လေးအတွင်း၌ ကြီးမားသော စွမ်းအင်များ ပါရှိနေသည်ကို ခံစားနေရသည်။
ဤမျှ သန့်စင်သော မီးဓာတ်စွမ်းအင်ကို စုပ်ယူလိုက်လျှင် ဘာတွေ ဖြစ်လာမည်နည်း။
ယီယွင်သည် မီးတောင်ချော်ရည်ကန် ဘေးတွင် သာမန်အတိုင်း ထိုင်လိုက်ပြီး ပွက်ပွက်ဆူနေသော ချော်ရည်များနှင့် ပူပြင်းသော ဓာတ်ငွေ့များကို ရင်ဆိုင်လိုက်သည်။ ထိုဓာတ်ငွေ့များမှာ စစ်သည်တော် တစ်ဦးကိုပင် သေအောင် လောင်ကျွမ်းစေနိုင်သော်လည်း ယီယွင်မှာမူ ဘာမှမဖြစ်သကဲ့သို့ အေးအေးဆေးဆေးပင်။
သူသည် ပါးစပ်ကို ဟလိုက်ရာ မီးလျှံငယ်မှာ အသက်ဝင်လာသကဲ့သို့ သူ၏ ပါးစပ်အတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ယီယွင်သည် သူ၏ မီးလျှံကို စတင်စုပ်ယူနေပြီး သူတို့ကို လှည့်ပင်မကြည့်သည်ကို မြင်လိုက်ရသည့်အခါမှ စိုးရိမ်နေကြသော တပည့်များမှာ စိတ်အေးသွားကြတော့သည်။ ကြည့်ရသည်မှာ ယီယွင်သည် လူတိုင်းကို အနိုင်ကျင့်တတ်သော အာဏာရှင် မဟုတ်ပုံရပေ။
သူတို့သည် မီးဆက်လက် တူးဖော်နိုင်သော်လည်း ယီယွင်က ဂရုမစိုက်သော်ငြားလည်း သူတို့သည် ချော်ရည်ကန်၏ အခြားတစ်ဖက်သို့ ဆုတ်ခွာသွားကာ ယီယွင်နှင့် ခပ်ဝေးဝေးတွင် နေထိုင်လိုက်ကြသည်။
"ငါတို့လည်း မီးဆက်တူးကြစို့" ဟု မန်ဒေါင်က ယွင်ချောင်အာကို ပြောလိုက်သည်။
သူတို့သည် ယီယွင်နှင့် အတန်ငယ်ဝေးသော နေရာတွင် တိတ်တဆိတ် ထိုင်လိုက်ကြသည်။ ၎င်းမှာ ယီယွင်အတွက် ကင်းစောင့်ပေးခြင်းလည်း ဖြစ်သလို သူ ငြိမ်ငြိမ်သက်သက် ကျင့်ကြံနိုင်ရန် နေရာပေးခြင်းလည်း ဖြစ်သည်။
ဘုန်း........
မီးလျှံမှာ သူ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားပြီး မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အပူရှိန်မှာ သူ၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်သွားသည်ကို ယီယွင် ခံစားလိုက်ရသည်။ သူ၏ နတ်အမြုတေမှာ တောက်လောင်နေသော မီးလျှံများအတွင်း ရောက်ရှိသွားသကဲ့သို့ပင်။
အကယ်၍ သူသည် မီးဓာတ်ဥပဒေသများကို ပထမဆုံးအကြိမ် ထိတွေ့ရသူဖြစ်ပါက ဤကဲ့သို့ မီးလျှံကို စုပ်ယူခြင်းမှာ မိမိကိုယ်ကိုယ် မီးပုံထဲသို့ ခုန်ဆင်းလိုက်သည်နှင့် မခြားပေ။ ထို့အပြင် ၎င်းမှာ ကိုယ်တွင်းအင်္ဂါများမှ စတင်လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မည်မျှ နာကျင်မည်မှာ သိသာလှသည်။
ဤမီးလျှံမှာ ကမ္ဘာသစ်တစ်ခု စတင်ပေါ်ထွန်းချိန်တွင် ဖြစ်ပေါ်လာသော မီးလျှံ ဖြစ်သည်။ ၎င်းတွင် ကမ္ဘာကြီး စတင်ဖြစ်ပေါ်ချိန်က စိတ်ဆန္ဒ အရိပ်အယောင်များ ပါရှိနေသည်။ ထိုစိတ်ဆန္ဒကြောင့်ပင် ဤမီးလျှံမှာ ဤမျှ ပြင်းထန်နေခြင်း ဖြစ်သည်။
စစ်သည်တော်များက ဤမီးလျှံကို စုပ်ယူသည့်အခါ မီးစွမ်းအင်ကြောင့် လောင်ကျွမ်းသော ဝေဒနာကို ခံစားရရုံသာမက သူတို့၏ စိတ်ဝိညာဉ်မှာလည်း ကမ္ဘာကြီး၏ စိတ်ဆန္ဒ၏ ရိုက်ခတ်မှုကို ခံစားရမည် ဖြစ်သည်။
ဤသို့ ခံစားနေရစဉ်အတွင်း အာရုံစူးစိုက်မှုကို ထိန်းထားရမည် ဖြစ်သည်။ မီးလျှံကို မိမိ၏ ခန္ဓာကိုယ်ကို သန့်စင်ရန် လမ်းညွှန်ပေးရမည်ဖြစ်ပြီး ထိုစိတ်ဆန္ဒနှင့် မီးဓာတ်ဥပဒေသများကိုလည်း ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မီးလျှံကို စုပ်ယူခြင်းမှာ မီးတူးဖော်ခြင်းထက် များစွာ ပိုမိုခက်ခဲလှသည်။
ယီယွင်အတွက်မူ သူသည် သန့်စင် ယန်ခန္ဓာကိုယ် ရှိသည့်အပြင် ခရမ်းရောင်သလင်းကျောက်လည်း ရှိနေသဖြင့် ဤအပူရှိန်မှာ သူ့ကို အလွန် သက်သောင့်သက်သာ ခံစားရစေသည်။
မီးလျှံ၏ အပူရှိန်မှာ သူ၏ နတ်အမြုတေမှတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားသို့ ပြန့်နှံ့သွားသည်။ အဆိပ်ရှိသော မီးဓာတ်များကို ခရမ်းရောင်သလင်းကျောက်က တိုက်ရိုက် စုပ်ယူလိုက်ပြီး အသန့်စင်ဆုံးသော မီးဓာတ်ဥပဒေသ စွမ်းအင်များကိုသာ ချန်ထားရစ်ခဲ့သည်။
ယီယွင်၏ စွမ်းအင်ကြောများမှာ တူဖြင့် အထုခံရသကဲ့သို့ အကြိမ်ကြိမ် သန့်စင်ခံနေရသည်။ သူ၏ ဒဏ်ရာဟောင်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူ၏ စွမ်းအင်ကြောများအတွင်းတွင် လျှို့ဝှက်ဒဏ်ရာ အချို့ ကျန်ရှိနေသေးသည်။
၎င်းတို့ကို ပျောက်ကင်းရန်အတွက် တဖြည်းဖြည်း ကုသရန် လိုအပ်သော်လည်း ယခုအခါ မြေကမ္ဘာမီးလျှံ၏ ရိုက်ခတ်မှုအောက်တွင် ထိုလျှို့ဝှက်ဒဏ်ရာများ အားလုံး ပျောက်ကင်းသွားတော့သည်။
ယခုအချိန်တွင် သူ၏ စွမ်းအင်ကြောများမှာ အညစ်အကြေး ကင်းစင်သွားသော ဖန်သားကဲ့သို့ ကြည်လင်နေပြီး လျှို့ဝှက်ဒဏ်ရာများ ပျောက်ကွယ်သွားကာ ပိုမို ခိုင်ခံ့လာတော့သည်။
ကမ္ဘာကြီး စတင်ဖြစ်ပေါ်ချိန်က မီးဓာတ်စိတ်ဆန္ဒတစ်ခုမှာ ယီယွင်၏ စိတ်ထဲသို့ စိမ့်ဝင်သွားသည်။ ထိုအခိုက်တွင် သူသည် အလွန်အမင်း အေးစက်လှသော ဓာတ်ငွေ့များအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက ဖုံးလွှမ်းသွားသည်။
သူ၏ ကိုယ်တွင်းမှာ အလွန် ပူပြင်းနေသော်လည်း ပြင်ပ ခန္ဓာကိုယ်မှာမူ အလွန် အေးစက်နေသည်။ ဤကဲ့သို့ ဆန့်ကျင်ဘက် အခြေအနေမှာ တောင့်ခံရန် ခက်ခဲလှသည်။
ထိုအချိန်တွင် သူ၏ နတ်အမြုတေမှာ ထိုမီးလျှံကို မတောင့်ခံနိုင်တော့သည့်အလား ဓာတ်ငွေ့များမှာ ရုတ်တရက် ကျုံ့သွားပြီး ပေါက်ကွဲထွက်သွားတော့သည်။
အလွန်အမင်း အေးစက်မှုမှ ပြင်းထန်သော အပူရှိန် ပေါ်ထွက်လာပြီး ပေါက်ကွဲမှုနှင့်အတူ မီးလျှံတိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားတော့သည်။
ယီယွင်သည် သူ၏ မျက်စိရှေ့တွင် အဖြူရောင်အလင်းတန်း တစ်ခုကို မြင်လိုက်ရပြီးနောက် မျက်လုံးကို ချက်ချင်း ဖွင့်လိုက်သည်။
"ဒါက..."
၎င်းမှာ မီးလျှံတိမ်တိုက်ပြည်နယ် စတင်ပေါ်ထွန်းလာစဉ်က မြင်ကွင်း ဖြစ်နိုင်သည်။ ဤမြေကမ္ဘာမီးလျှံ ဝိညာဉ်မှာ အစပိုင်းက အလွန်အမင်း အေးစက်မှုအတွင်းမှ ပေါ်ထွက်လာသော ပြင်းထန်သော အပူရှိန် အလင်းတန်းပင် ဖြစ်သည်။
အစွန်းရောက်သော ယင် မှ ယန် ကို ဖြစ်ပေါ်စေပြီး၊ အစွန်းရောက်သော ယန် မှ ယင် ကို ဖြစ်ပေါ်စေသည်။
ယီယွင်သည် စောစောက မြင်ကွင်းကို ပြန်လည် စဉ်းစားလိုက်ပြီး အနက်ရောင်ဝါးနတ်သမီးကို ချက်ချင်း သတိရလိုက်မိသည်။ သူမသည် မီးဓာတ်ဥပဒေသများကို ကျင့်ကြံသော်လည်း သူမ၏ အရှိန်အဝါမှာ ရေခဲကဲ့သို့ အေးစက်နေခြင်း ဖြစ်သည်။
ယီယွင်သည် စစ်မှန်သော ယန်ခန္ဓာကိုယ် ရှိသဖြင့် အစွန်းရောက်သော ယန် ဖြစ်သော်လည်း လင်ရှင်းထုံနှင့်အတူ "မဟာဧကရီနှလုံးသားကျမ်း" ကို ကျင့်ကြံစဉ်က လင်ရှင်းထုံက သူ့အား ပေးအပ်ခဲ့သည်မှာ အစွန်းရောက်သော ယင်စွမ်းအင်များ ဖြစ်သည်။
စစ်မှန်သော ယင်နှင့် ယန်ကို ပေါင်းစပ်ခြင်းဖြင့် သူတို့သည် တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းပေးနိုင်ခဲ့ကြသည်။
ယခု သူမြင်လိုက်ရသော မြင်ကွင်းမှာ မီးဓာတ်ဥပဒေသများ၏ အခြားတစ်ဖက်ကို သူ့အား မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်ဟု ယီယွင် ခံစားလိုက်ရသည်။
မီးလျှံငယ်လေး တစ်ခုကို စုပ်ယူလိုက်ခြင်းမှာ သူ၏ စွမ်းအင်ကြောများကို ကုသပေးရုံသာမက မီးဓာတ်ဥပဒေသများအပေါ် နားလည်မှု အသစ်များကိုပါ ပေးစွမ်းနိုင်သည်ကို သိရသဖြင့် ယီယွင် အံ့သြသွားမိသည်။ မြေကမ္ဘာမီးလျှံ ဝိညာဉ်မှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။
အခန်း ၇၉၉ - ယွမ်ဖွင့်ခြင်းအဆင့် ပြည့်စုံခြင်း
စစ်မှန်သော ယန်ခန္ဓာကိုယ်နှင့် ခရမ်းရောင်သလင်းကျောက်တို့ကြောင့် ယီယွင်သည် ထိုမီးလျှံငယ်လေးကို အလွန်လျင်မြန်သော အရှိန်ဖြင့် စုပ်ယူနိုင်ခဲ့သည်။ ယန်ကျီရှန်း သန့်စင်ထားသော မီးလျှံမှာ သူ၏ စုပ်ယူမှုအတွက် အနည်းငယ်မျှသာ ရှိသည်ဟုပင် ဆိုနိုင်သည်။
ယီယွင်သည် မြေကမ္ဘာမီးလျှံအတွင်းရှိ စွမ်းအင်အားလုံးကို ဝါးမြိုပြီးနောက် မတင်းတိမ်နိုင်သေးဘဲ ချော်ရည်ကန်အလယ်တွင် ငြိမ်သက်စွာ တောက်လောင်နေသော အဖြူရောင်မီးလျှံကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
၎င်းမှာ "မြေကမ္ဘာမီးလျှံ ဝိညာဉ်" ပင် ဖြစ်သည်။ အစောပိုင်းက အခြားသူများ မီးတူးဖော်သည်ကို သူ မြင်တွေ့ခဲ့ပြီးဖြစ်ရာ ယခုအခါ သူကိုယ်တိုင် တူးဖော်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ယီယွင်သည် လက်ကို ဆန့်ထုတ်ကာ လှမ်းဖမ်းလိုက်သည်။ သူ၏ ယွမ်စွမ်းအင်များမှာ ဟင်းလင်းပြင်တွင် လက်သည်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မီးလျှံငယ်တစ်ခုကို ဆွဲထုတ်လိုက်သည်။
ပုံမှန်အားဖြင့် ယွမ်စွမ်းအင်သည် မီးလျှံဝိညာဉ်အနားသို့ ချဉ်းကပ်ပါက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တွန်းကန်မှုကို ခံရလေ့ရှိသော်လည်း ခရမ်းရောင်သလင်းကျောက်ကြောင့် ယီယွင်သည် သူ၏ ယွမ်လက်ကွက်ကို အလွန်တိကျစွာ ထိန်းချုပ်နိုင်ခဲ့သည်။
ယီယွင်၏ မီးတူးဖော်မှုမှာ အလွန်လွယ်ကူသည်ဟုပင် ဆိုရမည်။ သူတူးဖော်လိုက်သော မီးလျှံမှာ ယန်ကျီရှန်း တူးဖော်ခဲ့သည်ထက် များစွာ ပိုကြီးသည်။ အခြားသူများမှာ မီးပွင့်လေးများကိုသာ တူးဖော်နိုင်သော်လည်း ယီယွင် တူးဖော်လိုက်သည်မှာ လက်သန်းခန့်ရှိသော မီးလျှံတစ်ခု ဖြစ်သည်။
အမှန်စင်စစ် ယီယွင်၏ ကန့်သတ်ချက်မှာ ထိုထက်မကသော်လည်း အစားအသောက်စားလျှင် ဖြည်းဖြည်းချင်း ဝါးစားရသကဲ့သို့ပင်။ အစာမကြေဖြစ်မည်စိုးသဖြင့် သူသည် တစ်ခါတည်း အများကြီး မျိုမချသေးပေ။ သို့သော် ထိုမီးလျှံငယ်လေးကို မြင်ရုံနှင့်ပင် လူများစွာမှာ ဆွံ့အကုန်ကြသည်။
သူက တကယ်ပဲ ဒီလောက်အစွမ်းထက်တဲ့ မြေကမ္ဘာမီးလျှံကို ဝါးမြိုနိုင်မှာလား၊
သူတို့ စဉ်းစားမဆုံးမီမှာပင် ယီယွင်သည် ပါးစပ်ကို ဟကာ ထိုမီးလျှံကို တိုက်ရိုက် မျိုချလိုက်သည်။
သူသည် အနားမယူဘဲ ပထမမီးလျှံပြီးနောက် ဒုတိယမီးလျှံကို ချက်ချင်း စုပ်ယူရန် ပြင်ဆင်တော့သည်။
၎င်းကို မြင်သည့်အခါ လူများစွာမှာ တံတွေးပင် မျိုချမိကြသည်။ သူက ဒီအတိုင်းကြီး မျိုချလိုက်တာလား ၎င်းမှာ မြေပဲတစ်စေ့ စားနေသကဲ့သို့ အလွန်ပင် လွယ်ကူနေပုံရသည်။
ယန်ကျီရှန်း၏ လက်ထဲမှ မီးလျှံကို သူ ဘာကြောင့် လုယူနိုင်ခဲ့သလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ ဤလူငယ်၏ မီးဓာတ်ဥပဒေသများအပေါ် ရင်းနှီးကျွမ်းဝင်မှုမှာ အခြားသူများထက် များစွာ သာလွန်နေပုံရသည်။
ဘုန်း ဘုန်း ဘုန်း.........
ယီယွင်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ချော်ရည်များ ပွက်ပွက်ဆူနေသကဲ့သို့ ခံစားလိုက်ရသည်။ ပွက်ပွက်ဆူနေသော အပူလှိုင်းများမှာ သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ရိုက်ခတ်သွားပြီး သူ၏ အရိုးများနှင့် စွမ်းအင်ကြောများကို အကြိမ်ကြိမ် သန့်စင်ပေးနေသည်။
ပွက်ပွက်ဆူနေသော ရေနွေးငွေ့များမှာ ယီယွင်၏ ချွေးပေါက်များမှတစ်ဆင့် ထွက်ပေါ်လာပြီး သူ့အား ဖုံးလွှမ်းသွားတော့သည်။
အကယ်၍ ခွန်အားမရှိသော စစ်သည်တော်တစ်ဦးသာ ယီယွင်၏ ဘေးတွင် ရပ်နေခဲ့ပါက ထိုရေနွေးငွေ့များကြောင့် ချက်ချင်းပင် အငွေ့ပျံသွားပေလိမ့်မည်။ သူ၏ အသားနှင့် အရိုးများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
လွင့်ပါနေသော အနီရောင် မြူခိုးများအတွင်း ယီယွင်သည် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ၏ အရေပြားမှာ နီရဲနေပြီး စွမ်းအင်ကြောများနှင့် သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ထို့အပြင် သွေးကြောများအတွင်း သွေးလှည့်ပတ်မှုများကိုပါ အထင်အရှား မြင်နေရသည်။
သံပန်းတစ်ဦးသည် သံချောင်းတစ်ချောင်းကို ထုရိုက်သည့်အခါ မီးပွင့်များ လွင့်စင်သွားပြီးနောက်တွင်မှ လှပသော ဓားတစ်စင်း ပေါ်ထွက်လာလေ့ရှိသည်။ ယခုအခါ ယီယွင်သည်လည်း အထုအရိုက်ခံနေရသော သံချောင်းတစ်ချောင်းကဲ့သို့ပင်။
သူ၏ စွမ်းအင်ကြောများမှာ ပိုမိုခိုင်မာလာပြီး သွေးနှင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများမှာ မြူခိုးများနှင့်အတူ ထွက်ခွာသွားသဖြင့် သူ၏ ယွမ်စွမ်းအင်များမှာ ပိုမို သန့်စင်လာသည်ဟု ယီယွင် ခံစားလိုက်ရသည်။
ရှူထုတ်၊ ရှူသွင်း။ ပတ်ဝန်းကျင်ရှိ ယွမ်စွမ်းအင်များမှာ ယီယွင်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး မြေကမ္ဘာမီးလျှံဖြင့် ဆက်လက် သန့်စင်ခြင်း ခံနေရသည်။
ခရမ်းရောင်သလင်းကျောက်သည်လည်း ယီယွင်၏ စုပ်ယူမှုကို ကူညီပေးနေသည်။ သာမန်စစ်သည်တော်တစ်ဦးမှာ မီးလျှံစွမ်းအင်၏ ၅၀ ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်သော်လည်း ယီယွင်မှာမူ မီးအဆိပ်များကိုပင် စွမ်းအင်အဖြစ် ပြောင်းလဲကာ အားလုံးကို စုပ်ယူနိုင်ခဲ့သည်။
ဤမီးလျှံငယ်အတွင်းရှိ စွမ်းအင်တစ်စက်လေးကိုမျှ ယီယွင် အလဟဿ အဖြစ်မခံခဲ့ပေ။ ယီယွင်၏ အသက်ရှူသံမှာ တဖြည်းဖြည်း နှေးကွေးလာပြီး အသက်တစ်ခါရှူတိုင်း ဝေလငါးကြီးတစ်ကောင် လေကို စုပ်ယူနေသကဲ့သို့ ယွမ်စွမ်းအင် အမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည်။
သူ၏ အရိုးများမှာလည်း ဖန်သားကဲ့သို့ ကြည်လင်လာပြီး တောက်ပသော ပုံဆောင်ခဲ အသွင်အပြင်ကို ပြသလာသည်။
ဘုန်း ..........
ယီယွင်၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မြစ်ရေများ စီးဆင်းနေသကဲ့သို့ မိုးကြိုးသံများ မြည်ဟည်းနေတော့သည်။ မန်ဒေါင်နှင့် ယွင်ချောင်အာတို့ပါ ထိုအသံကို ကြားလိုက်ရသည်။ သူတို့သည် မျက်လုံးကို ဖွင့်ကာ အသံလာရာသို့ ကြည့်လိုက်သည့်အခါ ယီယွင်၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေသော အနီရောင် မြူခိုးများကို တွေ့လိုက်ရသည်။
ထိုမြူခိုးများမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ အဆက်မပြတ် လည်ပတ်နေပြီး ယီယွင်မှာမူ ထိုမုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသည်။
ထိုလေဆင်နှာမောင်းမှာ ပိုမိုပြင်းထန်လာသဖြင့် မီးဝိညာဉ်နန်းတော်၏ အခြားထောင့်များရှိ ယွမ်စွမ်းအင်များကိုပါ ယီယွင်က စုပ်ယူလိုက်သည်။ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားသော တပည့်များမှာလည်း သူတို့၏ ကျင့်ကြံမှုကို ရပ်တန့်ကာ အံ့အားသင့်စွာဖြင့် ယီယွင်ကို လှမ်းကြည့်နေကြတော့သည်။
သူ ဘာလုပ်နေတာလဲ.......
ဤလေဆင်နှာမောင်းမှာ အမြင့် ပေပေါင်းများစွာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ၎င်းသည် ချော်ရည်ကန်ပေါ်တွင် ရှိနေသဖြင့် ချော်ရည်အမြောက်အမြားကိုပါ စုပ်ယူလိုက်ရာ ထူထပ်သော ချော်ရည်တိုင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ ၎င်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ထိုအခိုက်တွင် ယွင်ချောင်အာက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မြေကမ္ဘာမီးလျှံ ဝိညာဉ်"
အားလုံး မြင်တွေ့လိုက်ရသည်။ လျင်မြန်စွာ လည်ပတ်နေသော မြူခိုးများမှာ မြေကမ္ဘာမီးလျှံ ဝိညာဉ်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး မီးလျှံဝိညာဉ်မှ မီးပွင့်လေးများမှာ ထိုမြူခိုးများအတွင်းသို့ အဆက်မပြတ် စုပ်ယူခြင်း ခံနေရသည်။
ယီယွင်၏ ခန္ဓာကိုယ်မှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။
ဘုန်း ဘုန်း ဘုန်း...........
ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ မြည်ဟည်းသံများကို အခြားတပည့်များပါ ကြားနေရသည်။ ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ လွင့်ပါနေသော တိမ်တိုက်များ ကွဲလွင့်သွားပြီး တောက်ပသော ရွှေရောင်ပုံရိပ်တစ်ခု ပျံထွက်လာသည်။ ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းတော့မည့်အလား ၎င်း၏ အတောင်ပံများကို ဖြန့်လိုက်သည်။
၎င်းမှာ ခြေသုံးချောင်းရှိသော ရွှေရောင်ကျီးကန်း ပင် ဖြစ်သည်။ ထို့နောက် ကျီးကန်း၏ အောက်တွင် ခေါင်းကိုးလုံးရှိသော သတ္တဝါ တစ်ကောင်မှာလည်း အနီရောင်မြူခိုးများအတွင်းမှ ခေါင်းများကို ပြသကာ ထွက်ပေါ်လာသည်။
၎င်းတို့မှာ ယီယွင်၏ ရှုထောင့်ပုံရိပ် များပင် ဖြစ်သည်။ ၎င်းတို့သည်လည်း သန့်စင်ခြင်း ခံနေရခြင်း ဖြစ်သည်။ ထိုရှုထောင့်ပုံရိပ်များမှာ ခဏမျှသာ ပေါ်လာပြီးနောက် အနီရောင်မြူခိုးများ အားလုံး ပျောက်ကွယ်သွားတော့သည်။
ယီယွင်သည် ကျေနပ်သော အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။ ယခင်နှင့်မတူဘဲ သူ၏ အရေပြားမှာ ပိုမို နူးညံ့လာပြီး သူ၏ တစ်ကိုယ်လုံးမှာ ပြည့်စုံမှုနှင့် ဟန်ချက်ညီမှုတို့ကို ပေးစွမ်းနေသည်။
မန်ဒေါင်က ပထမဆုံး တုံ့ပြန်လိုက်သည်။
"ညီငယ်ယီယွင်... မင်းက ယွမ်ဖွင့်ခြင်း အဆင့် ပြည့်စုံခြင်းကို ရောက်သွားပြီပဲ။ မင်းက ကောင်းကင်တက်လှမ်းခြင်းအဆင့် ကို ရောက်တော့မှာပဲ"
ယွင်ချောင်အာမှာလည်း အံ့သြသလို အားလည်းကျနေမိသည်။
"ညီငယ်ယီယွင်... မင်းက မြေကမ္ဘာမီးလျှံကို တစ်ခါပဲ စုပ်ယူရသေးတယ်၊ ဒီလောက်တောင် တိုးတက်သွားတာလား"
ယွမ်ဖွင့်ခြင်းအဆင့်တွင် အဆင့်တစ်ခု တက်လှမ်းရန်မှာ မလွယ်ကူပေ။ ယခင်က ယီယွင်၏ အဆင့်မှာ ယွမ်ဖွင့်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နောက်ဆုံးခြေလှမ်းအတွက် အချိန်အတော်ကြာ ကျင့်ကြံရန် လိုအပ်ဦးမည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် ယခုမူ ယီယွင်သည် မီးတစ်ခါတူးရုံဖြင့် ပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စောစောက ပေါ်ထွက်လာသော နိမိတ်လက္ခဏာများအရ ယီယွင်၏ ပြည့်စုံခြင်းမှာ သာမန်မဟုတ်ဘဲ အပြစ်အနာအဆာမရှိသော စစ်မှန်သော ပြည့်စုံခြင်းမျိုး ဖြစ်သည်။
"ဒါက တကယ့်ကို..."
မန်ဒေါင်မှာ သူ၏ ခံစားချက်ကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲနေတော့သည်။ သူသည် မီးဝိညာဉ်နန်းတော်သို့ အကြိမ်ကြိမ် လာခဲ့ဖူးသော်လည်း ယီယွင်ကဲ့သို့ မြေကမ္ဘာမီးလျှံကို သုံးကာ အဆင့်တစ်ခုသို့ တစ်ခါတည်း တက်လှမ်းနိုင်သည်ကို တစ်ခါမျှ မကြုံဖူးပေ။
"သက်ပြင်းပဲ ချရတော့မှာပါပဲ၊ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် စိတ်ပျက်စရာကြီး" မန်ဒေါင်က ခေါင်းခါရင်း ပြောလိုက်သည်။ သူသည် ရိုးသားသူဖြစ်သော်လည်း သူ၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသူ ဖြစ်သည်။ သို့သော် ယီယွင်၏ ရှေ့တွင်မူ သူသည် အပြည့်အဝ လေးစားသွားမိသည်။
"ညီငယ်ယီယွင်... မင်းကို ညီငယ်လို့ ခေါ်ရမှာတောင် အားနာလာပြီ"
ယွင်ချောင်အာက ယီယွင်ကို မျက်တောင်မခတ်တမ်း ကြည့်ကာ ပြောလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အရင်ကတည်းက ပြည့်စုံခြင်းအဆင့်နဲ့ မဝေးတော့တာပါ။ ပြီးတော့ ကျွန်တော်က မြေကမ္ဘာမီးလျှံကို စုပ်ယူတဲ့နေရာမှာ နည်းနည်း ကျွမ်းကျင်ပုံရလို့ တစ်ခါတည်းနဲ့ အောင်မြင်သွားတာပါ"
ယီယွင်သည် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ အာကာသ မုန်တိုင်းများကြောင့် ပျက်စီးသွားသော စွမ်းအင်ကြောများမှာ ပြန်လည်ကောင်းမွန်လာရုံသာမက ပုံဆောင်ခဲကဲ့သို့ ကြည်လင်လာခဲ့ပြီ ဖြစ်သည်။
ယီယွင်သည် သူ မည်မျှ အစွမ်းထက်လာသည်ကို မသိသေးဘဲ သူ၏ အစစ်အမှန် ခွန်အားကို စမ်းသပ်ရန်အတွက် တကယ့် တိုက်ပွဲတစ်ခုကို တောင့်တနေမိတော့သည်။