အခန်း (၈၂၁-၈၂၃)
Vol. 55 Ch. 821-823
အခန်း ၈၂၁ - ဖေးနတ်ဘုရားများထံသို့ ဦးတည်ရာ တံခါး
ဟိန်းဟောက်သံကြီးနှင့်အတူ လင်းထိန်နေသော ဖေးနတ်ဘုရား ကျောက်တိုင်များမှာ အက်ကွဲကြောင်းများ တစ်ခုစီ ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ဧရာမ တံခါးကြီးများအသွင် ပြောင်းလဲသွားတော့သည်။
နတ်ဘုရား ကျောက်တိုင် ၁၂ တိုင်မှာ အစကတည်းကပင် အလွန်တရာ ကြီးမားလှရာ ယခု တံခါးကြီးများသည်လည်း တောင်တန်းကြီးများအလား ထည်ဝါလှသည်။ ထိုတံခါးရှေ့တွင် ရပ်နေကြသော ကျင့်ကြံသူများမှာ မြူမှုန်လေးများကဲ့သို့ပင် သေးငယ်လွန်းလှသည်။
"ဝင်လို့ရပြီ"
ဟု အရှင်ကန်းမန်က ပါးစပ်ကလေး တွန့်ရုံမျှ ပြုံးရင်း ပြောလိုက်သည်။ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကြောင့် မျက်လုံးအဝိုင်းသားနှင့် မှင်သက်နေကြခြင်း ဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် အသိအမှတ်ပြုမှု ရရှိထားသော တပည့်များသည် မိမိတို့နှင့် သက်ဆိုင်ရာ တံခါးများဆီသို့ အလုအယက် ပြေးဝင်ကြသည်။
ကျင့်ကြံသူ တစ်ယောက်သည် ကျောက်တိုင်တံခါးတစ်ခုဆီသို့ ရောက်သွားသောအခါ မမြင်ရသော အားတစ်ခုက သူ့ကို တွန်းထုတ်လိုက်သည်ကို သိလိုက်ရသည်။
"မင်းတို့ အောင်မြင်ခဲ့တဲ့ ကျောက်တိုင်တံခါးကိုပဲ ဝင်လို့ရမယ်" ဟု အရှင်ကန်းမန်က ထပ်လောင်းပြောကြားပြီးနောက် ယီယွင်တို့အဖွဲ့ကို ကြည့်လိုက်သည်။
"မင်းတို့ သုံးယောက်ကတော့ မင်းတို့ အသိအမှတ်ပြုခံထားရတဲ့ ကျောက်တိုင်တွေထဲက ကြိုက်တဲ့တံခါးကို ရွေးဝင်နိုင်တယ်"
တွန်းထုတ်ခံလိုက်ရသော ကျင့်ကြံသူသည် ထည်ဝါလှသော တံခါးကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ တံခါးပြင်ပမှ ကြည့်လျှင် အတွင်း၌ ထူထပ်သော မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် ဘာမှမမြင်ရပေ။ ထိုတံခါးမှာ မြေကမ္ဘာနတ်ဘုရားသစ်ပင် ကျောက်တိုင်၏ တံခါးဖြစ်သည်။
သူသည် ထိုတံခါးထဲသို့ ဝင်ခွင့်ရမည့် အချိန်ကို မည်သည့်အခါမှ ရနိုင်မည် မဟုတ်တော့ပေ...
"ဂျူနီယာမောင်လေး ယီယွင်... သွားကြစို့" ဟု လော့ဖုန်းလင်က ခေါ်လိုက်သည်။
ယီယွင် ခေါင်းညိတ်လိုက်သည်။ ထိုတံခါးများကို ကြည့်ရင်း သူသည် အလွန် စိတ်ဝင်စားနေမိသည်။ တံခါးနောက်ကွယ်တွင် ရှေးဦးကမ္ဘာမှ ဧရာမ သားရဲကြီး တစ်ကောင် ကိန်းဝပ်နေသကဲ့သို့ သူ ခံစားနေရသည်။ တံခါးဝမှ မြူနှင်းများပင်လျှင် ထိုသားရဲကြီး၏ ထွက်သက်ဝင်သက်များမှ ဖြစ်ပေါ်လာသည်ဟု ထင်ရသည်။
ထိုအချိန်တွင် ရန်ယွီသည် မြေကမ္ဘာနတ်ဘုရားသစ်ပင် တံခါးထဲသို့ ဝင်သွားပြီ ဖြစ်ရာ ယီယွင်လည်း ခဏမျှ စဉ်းစားပြီးနောက် ၎င်းတံခါးနောက်သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။
ထူထပ်သော မြူနှင်းများကို ဖြတ်သန်းစဉ် ယီယွင်သည် မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ မြူများထဲမှ တိုးတိုးလေး စကားပြောသံများကို ကြားရသဖြင့် ယီယွင် လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားရသည်။
မြူနှင်းများထဲတွင် ရိပ်ခနဲ ရိပ်ခနဲ ပုံရိပ်ပေါင်းများစွာ လှုပ်ရှားနေကြသည်။ ထိုပုံရိပ်များမှာ လူသဏ္ဌာန်၊ သားရဲသဏ္ဌာန်များ ဖြစ်ကြသလို အချို့မှာမူ မည်သည့် ပုံသဏ္ဌာန်မျှ မရှိပေ။
သို့သော် ယီယွင်သည် ၎င်းတို့ကို သိပ်ပြီး ဂရုမစိုက်တော့ပေ။ ဤသည်မှာ ကျောက်တိုင် ၁၂ တိုင်၏ တံခါးဖြစ်ရာ တစ်စုံတစ်ဦးက နှောင့်ယှက်ရန်မှာ မဖြစ်နိုင်လောက်ဟု သူ တွေးလိုက်သည်။
"အဲဒီ စကားပြောနေတဲ့ ပုံရိပ်တွေက နတ်ဘုရားကျောက်တိုင် ၁၂ တိုင်ကနေ မွေးဖွားလာတဲ့ ဝိညာဉ်တွေလို့ ဆိုကြတယ်" မြူနှင်းထဲမှ ထွက်လာသည်နှင့် ခပ်တိုးတိုး အသံတစ်ခုကို ယီယွင် ကြားလိုက်ရသည်။
ရန်ယွီသည် သူနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး လှည့်မကြည့်ဘဲ ပြောလိုက်ခြင်း ဖြစ်သည်။
"ဝိညာဉ်တွေလား" ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုကိစ္စများကို သေချာ မသိပေ။
သို့သော် ရန်ယွီက ဆက်မပြောတော့ပေ။ ရန်ယွီ ဘာကို ရည်ရွယ်ပြောဆိုသည်ကို ယီယွင် မသိသော်လည်း ထပ်မမေးတော့ဘဲ ရှေ့သို့ ကြည့်လိုက်သောအခါ အံ့သြသွားရပြန်သည်။
တံခါးထဲသို့ ဝင်လာသောအခါ သူသည် တံတားသဏ္ဌာန် လမ်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထိုလမ်း၏ ရှေ့တွင် ဧရာမ ဂူကြီးတစ်ခု ရှိနေသည်။
ဂူကြီးမှာ ကြယ်ရောင်များကဲ့သို့ လင်းလက်နေသည်။ အထက်သို့ ကြည့်လျှင် နက်နဲလှသော ကောင်းကင်ပြင်ကြီးကို မြင်ရပြီး အောက်သို့ ကြည့်လျှင် မည်သည့်နေရာသို့ ဦးတည်မှန်းမသိသော အဆုံးမရှိသည့် ချောက်နက်ကြီး ဖြစ်နေသည်။
ယီယွင်နှင့် ရန်ယွီတို့သည် မြေကမ္ဘာနတ်ဘုရားသစ်ပင် တံခါးမှ ဝင်လာခဲ့ကြသဖြင့် တံတားတစ်စင်းတည်းပေါ်တွင် ရှိနေကြခြင်း ဖြစ်သည်။ သူတို့၏ ပတ်ပတ်လည်တွင် ထိုကဲ့သို့သော ကျောက်တံတား ၁၂ စင်းမှာ ဂူကြီးကို ဝန်းရံထားကြသည်။
ဂူကြီးမှာ အလွန်ပင် ကျယ်ဝန်းလှသဖြင့် တံတားတစ်စင်းနှင့် တစ်စင်းမှာ အလွန် ဝေးကွာလှသည်။ သို့သော် ကြယ်ရောင်များ၏ အလင်းကြောင့် အချင်းချင်းကို အဝေးမှ လှမ်းမြင်နေရသည်။
ရန်ယွီနှင့် ယီယွင်တို့အပြင် အခြားသော တံတားအချို့တွင်လည်း လူများ ရောက်ရှိနေကြပြီ ဖြစ်သည်။
ယီယွင်က ဂူကြီးကို ကြည့်နေစဉ် ရန်ယွီသည် တံတား၏ အရှေ့ဖျားသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်သည်။
သူက ခပ်အေးအေးပင် ပြောလိုက်သည် "ငါတို့ ဖေးမျိုးနွယ်တွေက ဒီအဆုံးမဲ့ ပင်လယ်ထဲက အပြာရောင်တွင်း မှာ နတ်ဘုရားကျောက်တိုင် ၁၂ တိုင်ကို ဘာလို့ တည်ဆောက်ခဲ့တာလဲ မင်းသိလား"
အဆုံးမဲ့ ပင်လယ် ယီယွင် ဇဝေဇဝါ ဖြစ်သွားသည်။ ဒါက အပြာရောင်တွင်း တစ်ခုလား...
ဒါပေမဲ့... အပြာရောင်နီလာတောင်တန်း ဆိုတာ စကြဝဠာထဲမှာ လွင့်မျောနေတဲ့ တောင်ကြီး မဟုတ်ဘူးလား ဘယ်ကနေ ပင်လယ် ရောက်လာတာလဲ။
ထိုအချိန်တွင် ရန်ယွီက ယီယွင်၏ အဖြေကို မစောင့်ဘဲ ဆက်ပြောလိုက်သည် "အဲဒါက ငါတို့ ကျင့်ကြံသူတွေရဲ့ လမ်းစဉ်ဟာ ဒီကျောက်တံတားပေါ်မှာ ရပ်နေရသလိုပဲ မတည်ငြိမ်လို့ပဲ။
အချို့လူတွေက ခဏတာအတွင်းမှာ အောင်မြင်မှုတွေ ရနိုင်ပေမယ့် သူတို့က မီးရှူးမီးပန်းတွေလိုပဲ ခဏတာပဲ တောက်ပကြတာ။ တကယ် တန်ဖိုးရှိတဲ့ အရာတွေကမှ ပိုပြီး ကြာရှည် တောက်ပနိုင်ကြတာ။ အချို့ဆိုရင် နှစ်ပေါင်း သန်းချီ၊ ကုဋေချီပြီး တောက်လောင်နိုင်ကြတယ်"
ယီယွင်သည် ရန်ယွီကို တစ်ချက် ကြည့်လိုက်ပြီး သူ ဆိုလိုသည်ကို နားလည်သွားသည်။
ရန်ယွီ၏ မာန်မာနက ယီယွင်၏ အဆင့်သတ်မှတ်ချက်ကို သူ့ထက် ပိုမြင့်သည်ဟု လက်မခံနိုင်ခြင်း ဖြစ်သည်။ မီးရှူးမီးပန်း ဆိုသည်မှာ ယီယွင်ကို တင်စားခြင်း ဖြစ်ပြီး ရန်ယွီကမူ သူကိုယ်တိုင်မှာ ကြာရှည်တောက်ပမည့် တန်ဖိုးရှိသော အရာဟု ဆိုလိုခြင်း ဖြစ်သည်။
ယီယွင်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ရန်ယွီသည် လူတစ်ဦးက သူ့ကို အထင်သေးသော အမူအရာ ပြပါက မခံနိုင်သူဖြစ်ရာ မျက်နှာပျက်သွားတော့သည်။
"ယီယွင်... မင်းက လူသားပဲ။ လူသားမျိုးနွယ်ရဲ့ အသိဉာဏ်က ဖေးမျိုးနွယ်ထက် သာတာ မှန်ပေမယ့် ဖေးမျိုးနွယ်မှာလည်း ကိုယ်ပိုင် အားသာချက်တွေ ရှိတယ်။ အဲဒါကတော့ အလွန်ရှည်လျားတဲ့ သက်တမ်းနဲ့ အားကောင်းတဲ့ ခန္ဓာကိုယ်ပဲ အဲဒါနဲ့ ယှဉ်လိုက်ရင် လူသားတွေက သိပ်ကို အားနည်းလွန်းတယ်။
ဖေးမျိုးနွယ်က သူတို့ရဲ့ ရှည်လျားတဲ့ သက်တမ်းကို သုံးပြီး လူသားတွေ ဥပဒေသမှာ သာနေတဲ့ အချက်ကို လိုက်မီအောင် လုပ်နိုင်တယ်။ ဥပမာ ငါက မင်းထက် အသက် ဆယ်စုနှစ်ချီ ကြီးနေပေမယ့် ဖေးမျိုးနွယ်ရဲ့ သက်တမ်းနဲ့ ယှဉ်လိုက်ရင် ငါက မင်းထက်တောင် ငယ်သေးတယ်"
"လူသားနဲ့ ဖေးမျိုးနွယ်ကြားက ခန္ဓာကိုယ် ကွာခြားချက်ကို ကျော်ဖြတ်ဖို့ ခက်ခဲတယ်။ ဒါကြောင့်လည်း ဖေးတစ်သောင်း ကောင်းကင်ဘုံ မှာ လူသားတွေက အမြဲတမ်း အားနည်းတဲ့သူတွေ ဖြစ်နေတာ။
လူသား အများစုဟာ ဖေးမျိုးနွယ်တွေနဲ့ မူလမြစ်ဖျားချင်း တူနေရင်တောင် နောက်ဆုံးမှာတော့ အဲဒီ ဖေးမျိုးနွယ်တွေရဲ့ အစေခံတွေ ဒါမှမဟုတ် နောက်လိုက်တွေပဲ ဖြစ်သွားကြတာပဲ" ဟု ရန်ယွီက ဆက်လက် ပြောကြားသည်။
ယီယွင်ကတော့ ထိုစကားကို အလေးအနက် မထားပေ။ လူသားများက ဖေးမျိုးနွယ်ထက် သက်တမ်းတိုသည်မှာ ကျင့်ကြံမှု အဆင့်နိမ့်ချိန်တွင်သာ မှန်ကန်သည်။ ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ နှစ်ဖက်စလုံး၏ သက်တမ်းမှာ ကွာခြားချက် မရှိတော့ပေ။ နောက်ဆုံးတွင် ကောင်းကင်နှင့် မြေပြင်ကို ထိန်းချုပ်နိုင်သည့် ခွန်အားကို ရရှိလာပြီး နေ၊ လနှင့်အတူ သက်တမ်း တူညီလာသည့်အခါ မျိုးနွယ်စု ကွဲပြားမှုမှာ အရေးမပါတော့ပေ။
ယီယွင်က ပြောလိုက်သည် - "ငါ သိသလောက်တော့ ကောင်းကင်ဘုံ ၁၂ ခု ထဲမှာ ဖေးတစ်သောင်း ကောင်းကင်ဘုံ တစ်ခုပဲ ဖေးမျိုးနွယ်တွေ ပိုင်တာ။ ဒီနေရာမှာ လူသားတွေရဲ့ အခြေအနေက ဆိုးရွားနိုင်ပေမယ့် လူသားတွေ အထွတ်အထိပ် ရောက်နေတဲ့ တခြား ကောင်းကင်ဘုံတွေ အများကြီး ရှိပါသေးတယ်" ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်ရာ ရန်ယွီ၏ စကားမှာ ရပ်တန့်သွားရသည်။
ရန်ယွီက ယီယွင်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထက်မြက်သော အရောင်အဝါတစ်ခု လက်ခနဲ ပေါ်လာသည်။
ထိုအချိန်တွင် အရှင်ကန်းမန်၏ အသံသည် ဂူကြီးအတွင်းမှ ပဲ့တင်ထပ်လာခဲ့သည်။
သူသည်လည်း နတ်ဘုရားကျောက်တိုင် တံခါးများထဲမှ တစ်ခုမှ ဝင်လာခဲ့ခြင်း ဖြစ်သဖြင့် လူတိုင်း မှင်သက်သွားကြသည်။ သို့သော် သူသည် ရှေးဟောင်းဖေး အဆောက်အအုံ၏ အစောင့်အကြပ် တစ်ဦး ဖြစ်သဖြင့် ဤနေရာသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်သည်မှာ သဘာဝကျလှသည်။
"အခွင့်အလမ်းတွေက ဒီမှာ ရှိနေပြီ။ မင်းတို့ ဘာရမလဲဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ အဆင့်တူနေရင်တောင် ရတဲ့ အခွင့်အလမ်းက ကွဲပြားနိုင်တယ်" ဟု အရှင်ကန်းမန်က ဆိုသည်။
တံတားအသီးသီးပေါ်မှ ကျင့်ကြံသူများသည် ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။
ထိုကျင့်ကြံသူများသည် ရန်ယွီ၊ ကုလော့ သို့မဟုတ် ယီယွင်ကဲ့သို့ ထူးခြားသူများနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ ကံကောင်းမှုအပေါ် မူတည်၍ ပိုကောင်းသော အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်သည်။
လူတိုင်းသည် မိမိတို့၏ ကံတရားအပေါ် ယုံကြည်လျက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတော့သည်။
အခန်း ၈၂၂ -ကိုးပါးသော ကောင်းကင်ဝင်ရိုး
ထိုစဉ် ချောက်နက်ကြီး၏ အောက်ခြေနက်နက်မှ အလင်းကန့်လန့်ကာတစ်ခု ရုတ်တရက် ပျံတက်လာပြီး နဂါးဧကရာဇ် နတ်ဘုရားကျောက်တိုင်၏ ကျောက်တံတားဆီသို့ ဦးတည်သွားသည်။
နဂါးဧကရာဇ် ကျောက်တိုင်၏ ကျောက်တံတားမှာ အဝေးမှကြည့်လျှင် ဧရာမနဂါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန်ရှိပြီး ထိုနေရာတွင် လော့မျိုးနွယ်စု တပည့်အနည်းငယ် ရပ်နေကြသည်။
ထိုလော့မျိုးနွယ်စု တပည့်များသည် သူတို့ထံ ပျံသန်းလာသော အလင်းကန့်လန့်ကာကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။ ဤအလင်းကန့်လန့်ကာမှာ မျက်စိပါဘိသကဲ့သို့ တပည့်တစ်ဦးထံသို့ တည့်တည့်မတ်မတ် ပျံသန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ထိုသူ၏ ရှေ့မှောက်၌ ပေါ်လာသည်။ အလင်းများ ကွယ်ပျောက်သွားသောအခါ သေတ္တာငယ်တစ်လုံးကို တွေ့လိုက်ရသည်။
ထိုတပည့်မှာ မှင်သက်သွားပြီးနောက် ၎င်းကို အလျင်အမြန် ဖမ်းယူလိုက်သည်။ သေတ္တာကို ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာတွင် အမျိုးအမည်မသိသော ခံစားချက်များ ရောပြွမ်းနေတော့သည်။
"ဘာလဲဟ"
ဘေးနားရှိ လော့မျိုးနွယ်စု တပည့်တစ်ဦးက "ကမ္ဘာဦးကျောက်တုံးတွေ ပဲ" ဟု ဆိုသည်။
ကမ္ဘာဦးကျောက်တုံးများသည် မီးလျှံတိမ်တိုက်ပြည်နယ်တွင် ပေးအပ်သော လစာငွေ အမျိုးအစား ဖြစ်သည်။ မြေကမ္ဘာမီးလျှံခန်းမ တပည့်များသည် တစ်နှစ်လျှင် ကမ္ဘာဦးကျောက်တုံး တစ်တုံး ရရှိကြပြီး၊ ကောင်းကင်မီးလျှံခန်းမ တပည့်များမှာမူ ငါးတုံး ရရှိကြသည်။
ဤတပည့်သည် ဆုလာဘ်အဖြစ် ကမ္ဘာဦးကျောက်တုံး အတုံး ၂၀ ရရှိခဲ့ခြင်း ဖြစ်ရာ အခြားအချိန်များတွင်ဆိုလျှင် မဆိုးလှဟု ဆိုနိုင်သော်လည်း ရှေးဟောင်းဖေး အဆောက်အအုံ၏ အဆုံးမရှိသော အခွင့်အရေးများနှင့် ယှဉ်လိုက်လျှင်မူ စိတ်ပျက်စရာ ကောင်းလှသည်။
"ရှေးဟောင်းဖေး အဆောက်အအုံမှာ မျက်လုံးပွင့်ခြင်း အဆင့် ရတဲ့သူတွေပဲ ပိုကောင်းတဲ့ ဆုတွေ ရနိုင်တာ။ ငါတို့က လှုပ်ရှားခြင်း အဆင့်ပဲ ရတာဆိုတော့ ထားလိုက်ပါတော့ကွာ"
ထိုတပည့်သည် ရုပ်ပျက်ဆင်းပျက် မျက်နှာထားဖြင့် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ သူသည် နတ်ဘုရားကျောက်တိုင်၏ အသိအမှတ်ပြုမှုကို မနည်းရယူခဲ့ရသဖြင့် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သော်လည်း အညံ့ဖျင်းဆုံး ဆုလာဘ်ဖြစ်သော ကမ္ဘာဦးကျောက်တုံးများကိုသာ ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
နောက်ထပ် အလင်းကန့်လန့်ကာတစ်ခု ချောက်နက်ထဲမှ ထွက်ပေါ်လာပြီး ခုနစ်ရောင်ခြယ် ဖီးနစ် ကျောက်တံတားပေါ်ရှိ လော့မျိုးနွယ်စု တပည့်တစ်ဦးထံသို့ ပျံသန်းသွားသည်။ ထိုတပည့်မှာ ချက်ချင်းပင် စိုးရိမ်သော အမူအရာ ပေါ်လာသည်။ သူ၏ လှုပ်ရှားခြင်း အဆင့်မှာ ရှေ့ကလူထက် သိပ်မသာလှပေ။
လော့ဖုန်းလင်သည်လည်း ဤကျောက်တံတားပေါ်တွင် ရှိနေသဖြင့် သူမသည်လည်း အလွန်ပင် ရင်ခုန်နေမိသည်။ လော့ဖုန်းလင်သည် ကျင့်ကြံရန် အချိန်အနည်းငယ်သာ ရရှိခဲ့သဖြင့် အရင်းအမြစ် အနည်းငယ် ရရှိခြင်းမှာပင် သူမအတွက် များစွာ အကျိုးရှိစေမည် ဖြစ်သည်။
"ကျင့်စဉ်တစ်ခုပဲ" အလင်းကန့်လန့်ကာမှာ ရှေးဟောင်း စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားသဖြင့် ထိုတပည့်မှာ ဝမ်းသာအားရ ပြုံးလိုက်သည်။
ကျင့်စဉ်များနှင့် ပတ်သက်လာလျှင် အခြေအနေမှာ ကွဲပြားသွားသည်။ ရှေးဟောင်းဖေး အဆောက်အအုံတွင် သိမ်းဆည်းထားသော ကျင့်စဉ်များသည် အနိမ့်ဆုံးအဆင့် ဖြစ်လျှင်ပင် သိပ်မဆိုးလှပေ။
"ဒါက ကိုးပါးသော ကောင်းကင်ဝင်ရိုးရဲ့ ပထမနဲ့ ဒုတိယတွဲတွေပဲ" ရှေးဟောင်းစာအုပ်ပေါ်မှ စာသားများကို မြင်လိုက်ရပြီးနောက် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
"ပထမ နှစ်တွဲကို ရခဲ့ရင်တောင် ကိုးတွဲလုံး ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ" ဟု လော့မျိုးနွယ်စု တပည့်တစ်ဦးက ဆိုသည်။
ကိုးပါးသော ကောင်းကင်ဝင်ရိုးမှာ လော့မျိုးနွယ်စုရှိ ထိပ်တန်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ် တစ်ခု ဖြစ်သော်လည်း ၎င်းမှာ လော့မျိုးနွယ်စုပိုင် မဟုတ်ပေ။ ၎င်းသည် ဖေးတစ်သောင်း ကောင်းကင်ဘုံ တစ်ခုလုံးတွင် ကျော်ကြားခဲ့သော ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ချန်ထားရစ်ခဲ့သည့် အမွေအနှစ် ဖြစ်သည်။
ကိုးပါးသော ကောင်းကင်ဝင်ရိုးမှာ အလွန်ပင် တန်ဖိုးကြီးလှသော်လည်း ၎င်း၏ ပထမတွဲအချို့မှာမူ အတော်လေး ရိုးရှင်းသဖြင့် ပွားယူထားသော မိတ္တူများစွာ ရှိနေသည်။ သို့သော် ပဉ္စမတွဲမှစ၍ နောက်ပိုင်းအတွဲများ၏ တန်ဖိုးမှာ ဂျီဩမေတြီကိန်းတန်းအလိုက် မြင့်တက်သွားသည်။ လော့မျိုးနွယ်စုတွင်ပင် ကိုးပါးသော ကောင်းကင်ဝင်ရိုး တစ်စုံလုံး မရှိပေ။
"ကိုးပါးသော ကောင်းကင်ဝင်ရိုး... ဟဲဟဲ။ ဒဏ္ဍာရီအရဆိုရင် ကိုးတွဲလုံးကို တတ်မြောက်သွားတဲ့သူရဲ့ ခန္ဓာကိုယ်ဟာ မဟာကမ္ဘာ တစ်ခုလုံးကိုတောင် ချေမှုန်းပစ်နိုင်သတဲ့။ ဒါက ဖေးတစ်သောင်း ကောင်းကင်ဘုံ ရဲ့ ထိပ်တန်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်ပဲ။ ဒါပေမဲ့ လူသားတွေအတွက်တော့ ဒါကို တတ်မြောက်ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်" ဟု ရန်ယွီက ရုတ်တရက် ပြောလိုက်သည်။
သူသည် ယီယွင်ကို ကြည့်မနေသော်လည်း ဤစကားမှာ ယီယွင်ကို ရည်ရွယ်ပြောဆိုနေခြင်းမှာ သိသာလှသည်။
မလှမ်းမကမ်းတွင် ရှိနေသော လီယာက ၎င်းကို ကြားသည့်အခါ ထောက်ခံလိုက်သည် "စီနီယာအစ်ကို ရန်ယွီ ပြောတာ မှန်ပါတယ်။ လူသားတွေက ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်တွေ ကျင့်တဲ့နေရာမှာ ကျွန်တော်တို့ကို ဘယ်လိုမှ မမီနိုင်ဘူး။ လူသားတွေ စပြီး ကိုယ်ခံပညာ သင်ယူတဲ့အခါ သာမန်သွေး နဲ့ ခရမ်းသွေး ဆိုတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး အဆင့်နှစ်ခုပဲ ရှိတာ။ အဲဒါက ဖေးမျိုးနွယ်ရဲ့ ကျင့်စဉ်တွေနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျတယ်။ အဓိကကတော့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြဿနာပဲ။ လူသားတွေရဲ့ ခန္ဓာကိုယ်က သိပ်ကို အားနည်းလွန်းတော့ အဲဒီလောက်အထိ လေ့ကျင့်လို့ မရဘူးလေ"
လီယာက ထိုသို့ပြောပြီးနောက် ယီယွင်ကို ဂုဏ်ယူဝင့်ကြွားစွာ တစ်ချက် ကြည့်လိုက်သည်။
ဥပဒေသနှင့် ပတ်သက်လျှင် သူသည် ယီယွင်ကို မမီကြောင်း ဝန်ခံသော်လည်း အစစအရာရာ နိမ့်ကျသည်ဟု မယူဆလိုပေ။ ထို့ကြောင့် သူက ဖေးမျိုးနွယ်များ ကျွမ်းကျင်ပြီး လူသားများ အားနည်းသော ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကဏ္ဍကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။
ယီယွင်အတွက်ပင်လျှင် သူ၏ ခန္ဓာကိုယ်မှာ သူ၏ အားနည်းချက် ဖြစ်နေသည်။ ယခင်က ဝတ်စုံနက်ဝတ် မိစ္ဆာနတ်ဘုရား နှင့် တိုက်ခိုက်စဉ်က ထိုနတ်ဘုရား၏ အံ့မခန်း ခုခံနိုင်စွမ်းမှာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်ကြောင့် ဖြစ်သည်။
ယီယွင်၏ ခန္ဓာကိုယ်မှာ အားနည်းသဖြင့် မိစ္ဆာနတ်ဘုရား၏ တိုက်ခိုက်မှုများကို တစ်ကြိမ်မျှပင် တိုက်ရိုက် မခုခံနိုင်ခဲ့ပေ။ သူသည် တိုက်ခိုက်မှုများကို ခုခံရန် သူ၏ နဂါးရွှေစင် ကိုယ်ပွားကိုသာ အသုံးပြုခဲ့ရသည်။
ကိုးပါးသော ကောင်းကင်ဝင်ရိုးကို လူသားရော ဖေးမျိုးနွယ်ပါ ကျင့်ကြံနိုင်သော်လည်း ခက်ခဲလွန်းလှသဖြင့် လူသားကျင့်ကြံသူ မရှိသလောက်ပင်။
ကိုးပါးသော ကောင်းကင်ဝင်ရိုး ပြီးနောက် အလင်းတန်းတစ်ခုမှာ ခုနစ်ရောင်ခြယ် ဖီးနစ် ကျောက်တံတားပေါ်ရှိ လော့ဖုန်းလင်ထံသို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်။
"ငါ့အတွက်လား" စိုးရိမ်နေသော လော့ဖုန်းလင်သည် သူမ၏ လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။
ဖတ် ခနဲ မြည်ကာ ကျောက်စိမ်းသေတ္တာငယ်လေးတစ်ခုမှာ လော့ဖုန်းလင်၏ ဖြူဖွေးသော လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။
သူမသည် ဦးစွာ ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်ရာ သူတို့ကလည်း သူမကို ပြန်ကြည့်နေကြသည်။
လော့ဖုန်းလင်သည် အနက်ရောင်ဝါးနတ်သမီး ၏ ထောက်ခံချက်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ကျင့်ကြံမှုသက်တမ်းမှာလည်း တိုတောင်းလှသဖြင့် ယီယွင်ကဲ့သို့ပင် လူကြိုက်မများပေ။
သူမ ရရှိသော အသိအမှတ်ပြုမှုမှာ ထူးခြားခြင်း မရှိသော်လည်း ထိုလူများကမူ သူမ ရရှိမည့် အခွင့်အရေးမှာ အညံ့ဆုံး ဖြစ်ပါစေဟုသာ ဆုတောင်းနေကြသည်။
လော့ဖုန်းလင်သည် သက်ပြင်းတစ်ချက်ချကာ အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
အမျိုးသမီးတစ်ဦး၏ နှုတ်ခမ်းကဲ့သို့ ပန်းရောင်သန်းနေသော လုံးဝန်းသည့် ဆေးလုံးတစ်လုံးမှာ သေတ္တာအလယ်တွင် ရှိနေပြီး သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။
"ဒါ ဘာဆေးလုံးလဲ မသိဘူး"
ကျင့်ကြံသူအချို့၊ အထူးသဖြင့် လော့ဖုန်းလင်ထက် နိမ့်ကျသော ဆုလာဘ်များ ရရှိထားသူများသည် မျက်နှာပျက်သွားကြသည်။ မည်သည့်ဆေးလုံးဖြစ်စေ ခုနစ်ရောင်ခြယ် ဖီးနစ် နတ်ဘုရားကျောက်တိုင်က ပေးအပ်သော ဆေးလုံးဖြစ်ရာ မည်သို့မှ မညံ့နိုင်ပေ။
၎င်းမှာ ကမ္ဘာဦးကျောက်တုံးများ သို့မဟုတ် ကိုးပါးသော ကောင်းကင်ဝင်ရိုး၏ ပထမနှစ်တွဲထက် ပိုကောင်းမည်မှာ သေချာလှသည်။
သူတို့အားလုံးမှာ လှုပ်ရှားခြင်း အဆင့် ရရှိထားကြသော်လည်း အခွင့်အရေးများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် ဆုလာဘ် မရသေးသူတိုင်းမှာ စိုးရိမ်နေကြတော့သည်။
လော့ဖုန်းလင်မှာမူ အံ့အားသင့်ကာ ဝမ်းသာသွားသည်။ သူမသည် ဆေးလုံးကို အသေအချာ ကြည့်ရှုပြီးမှသာ သေတ္တာကို ပြန်ပိတ်၍ သိမ်းဆည်းလိုက်သည်။
သူမ၏နောက်တွင် နောက်ထပ် တပည့်တစ်ဦးမှာ ကမ္ဘာဦးကျောက်တုံး တစ်တုံးကိုသာ ရရှိခဲ့သည်။ သူ၏ ညည်းတွားသံကို ကြည့်ခြင်းအားဖြင့် သူသည် အလွန်ပင် စိတ်ဓာတ်ကျနေကြောင်း သိသာလှသည်။
ထိုအချိန်တွင် အလင်းကန့်လန့်ကာတစ်ခု ပျံထွက်လာပြန်ရာ ယခုတစ်ကြိမ်တွင်မူ ဦးတည်ချက်မှာ မြေကမ္ဘာနတ်ဘုရားသစ်ပင် ၏ ကျောက်တံတား ဖြစ်နေသည်။
မြေကမ္ဘာနတ်ဘုရားသစ်ပင်၏ ကျောက်တံတားပေါ်တွင် ရန်ယွီနှင့် ယီယွင်တို့ ရှိနေကြသည်။ ကျင့်ကြံသူအားလုံးသည် ဤအလင်းကန့်လန့်ကာက မည်သူ့ထံသို့ သွားမည်နည်း၊ အတွင်း၌ ဘာပါမည်နည်းဟု ခန့်မှန်းနေကြသည်။
"ပြောစမ်းပါဦး... ဒါက ငါ့အတွက်လား ဒါမှမဟုတ် မင်းအတွက်လား" ဟု ရန်ယွီက အသံကို ဆွဲကာ ပြောလိုက်သည်။
လူသားနှင့် ဖေးမျိုးနွယ်၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကွဲပြားချက်များကို အခိုင်အမာ ပြောကြားပြီးနောက် သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်လည် ရရှိလာပုံရသည်။
အလင်းကန့်လန့်ကာမှာ သူတို့နှစ်ဦးထံသို့ တိုးဝင်လာပြီး ရန်ယွီ၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာသည်။
"ငါ့အတွက်ထင်တယ်" ဟု ရန်ယွီက တဟဲဟဲ ရယ်ရင်း လက်ကို ဆန့်ထုတ်လိုက်သည်။
အလင်းကန့်လန့်ကာမှာ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး ရန်ယွီ၏ လက်ဖဝါးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်ကို ယီယွင် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဤကျောက်တံတားပေါ်တွင် ရန်ယွီနှင့် ယီယွင် နှစ်ဦးတည်းသာ ရှိနေသဖြင့် မည်သူက အခွင့်အရေး ရရှိသည်ဖြစ်စေ အားလုံး၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာသည်။ လူတိုင်း၏ အကြည့်များမှာ ဤကျောက်တံတားပေါ်သို့ ကျရောက်နေကြသည်။
သူတို့သည်လည်း ထိုရွှေရောင် အလင်းတန်းကို မြင်တွေ့လိုက်ရသည်။
ရွှေရောင်အလင်းတန်းမှာ ရန်ယွီ၏ လက်ထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်။
တစ်ခါတစ်ရံ စာကလေးငယ်တစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်နေသလို တစ်ခါတစ်ရံတွင်မူ ရွှေရောင်မြွေငယ်လေးတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်နေသည်။
"အဲဒါ ဘာကြီးလဲ"
"နဂါးဧကရာဇ်က ပေးတဲ့ ဆုလား၊ မြေကမ္ဘာနတ်ဘုရားသစ်ပင်က ပေးတဲ့ ဆုလား မသိဘူး"
ယခင်က အရှင်ကန်းမန် ပြောခဲ့သည်မှာ နတ်ဘုရားကျောက်တိုင် အနည်းငယ်၏ အသိအမှတ်ပြုမှုကို ရရှိထားသူများသည် မည်သည့်ကျောက်တိုင်မှမဆို ဆုလာဘ်ကို ရွေးချယ်နိုင်သည်ဟု ဆိုထားသည်။
ဆိုလိုသည်မှာ ရန်ယွီသည် မြေကမ္ဘာနတ်ဘုရားသစ်ပင် ကျောက်တံတားပေါ်တွင် ရပ်နေသော်လည်း နဂါးဧကရာဇ် နတ်ဘုရားကျောက်တိုင်မှ အခွင့်အရေးများကိုလည်း ရရှိနိုင်ခြင်း ဖြစ်သည်။
အခန်း ၈၂၃ - ကြားခံဝိညာဉ်ပုလဲ
ဖတ်......
ရန်ယွီသည် သူ၏ လက်ချောင်းငါးချောင်းကို ရုတ်တရက် ဆုပ်လိုက်ရာ လက်ထဲရှိ ရွှေရောင်မြွေငယ်လေးမှာ ကြေမွသွားတော့သည်။
သူ၏ လက်ကို ပြန်ဖွင့်လိုက်သောအခါ ရွှေရောင်စက္ကူပြားလေးကဲ့သို့သော အဆောင်တစ်ခု ပေါ်လာခဲ့သည်။
အလိုအလျောက် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်သော ထိုရွှေရောင်အလင်းတန်းမှာ အဆောင်တစ်ခု ဖြစ်နေသည်လား။
လော့မျိုးနွယ်စု တပည့်အားလုံးသည် ထိုအဆောင်ကို အံ့သြတကြီးနှင့် စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။
ထိုအဆောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် စိုက်ကြည့်နေကြသော ကျင့်ကြံသူများသည် အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရသည်။ ထိုအဆောင်က သူတို့ကို ပြန်လည်စိုက်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်သည်။
အသုံးပင် မပြုရသေးခင်မှာပင် အခြားသူများကို ဤမျှအထိ ဖိအားပေးနိုင်လျှင် အမှန်တကယ် အသုံးပြုသည့်အခါ မည်မျှအထိ အစွမ်းထက်မည်နည်း။
အခြားသော အခွင့်အရေးများနှင့် ယှဉ်လျှင် အဆောင်များမှာ တစ်ခါသုံးပစ္စည်းများ ဖြစ်သော်လည်း အလွန်အစွမ်းထက်သော အဆောင်များကို အရေးကြီးသော အချိန်များတွင် အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။
အချို့သော နက်နဲသည့် အဆောင်များသည် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှု တစ်ချက်နှင့်ပင် ညီမျှသည်။ ယွမ်ဖွင့်ခြင်း နှင့် ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်ရှိ ကျင့်ကြံသူများအတွက်မူ ဤအဆောင်မှာ အလွန်ပင် တန်ဖိုးရှိလှသည်။
သို့သော် အဆောင်တစ်ခုမှာ ပိုမိုနက်နဲလေလေ၊ ပြုလုပ်ရန် ခက်ခဲလေလေ ဖြစ်သည်။ ရန်ယွီ ရရှိထားသော အဆောင်မျိုးမှာ ပြုလုပ်ရန် ခက်ခဲမှုနှုန်း အလွန်မြင့်မားသည်။
၎င်းကို တွေးမိသည်နှင့် အခြားသော ကျင့်ကြံသူများသည် မနာလိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ ဤအဆောင်၏ တန်ဖိုးမှာ အလွန်မြင့်မားမည်မှာ သေချာလှသည်။
ရန်ယွီသည် ဤအဆောင်ကို အတော်လေး သဘောကျပုံရပြီး တိတ်တဆိတ်ပင် သိမ်းဆည်းလိုက်သည်။
ရန်ယွီသည် သူ၏ဘေးရှိ ယီယွင်ကို တစ်ချက် ကြည့်လိုက်ရာ ယီယွင်မှာ တစ်စုံတစ်ခုကို စဉ်းစားနေသည့် ပုံစံဖြစ်နေသဖြင့် သူက နှာခေါင်းရှုံ့လိုက်သည်။ ယီယွင်သည် ထိုကဲ့သို့သော အဆောင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်မည်မှာ သေချာလှသည်။
အောက်ကမ္ဘာမှ လာသော ကျင့်ကြံသူများသည် အမြင်ကျဉ်းမြောင်းကြရာ ဖေးတစ်သောင်း ကောင်းကင်ဘုံ မှ အဆောင်များကို မည်သို့ သိနိုင်မည်နည်း။
ထိုအချိန်တွင် နောက်ထပ် အလင်းကန့်လန့်ကာတစ်ခု ပျံသန်းလာပြန်သည်။
"ရန်ယွီဆီကို တည့်တည့်လာနေတာပဲ"
ရန်ယွီက လက်ကို ဆန့်ထုတ်၍ အလင်းတန်းကို ဖမ်းယူလိုက်သည်။
အလင်းတန်း ကွဲကြေသွားသောအခါ အလွန်တရာ တောက်ပသော ပုလဲတစ်လုံးမှာ ရန်ယွီ၏ လက်ထဲတွင် ပေါ်လာသည်။
ထိုပုလဲမှာ မှိန်ပျပျ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး တောက်ပလှသည်။ ၎င်းမှာ ရန်ယွီ၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ရှိနေသော်လည်း ထွက်ပေါ်နေသော အလင်းတန်းများက ကျင့်ကြံသူများ၏ အကြည့်များကို ဖမ်းစားထားသည်။
"ဒါက..." ကျင့်ကြံသူ အချို့မှာ ၎င်းကို လုံးဝ မမှတ်မိကြပေ။
"ကြားခံဝိညာဉ်ပုလဲ ပဲ" တစ်စုံတစ်ဦးက အာမေဍိတ်သံဖြင့် အော်ပြောလိုက်သည်။
၎င်းမှာ တိုက်ခိုက်ရေး သို့မဟုတ် ခုခံရေး ပစ္စည်းတစ်ခု မဟုတ်ဘဲ လော့မျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး သေဆုံးခါနီးအချိန်တွင် သူ၏ ဥပဒေသ အသိအမြင် အားလုံးကို ထည့်သွင်း ထုဆစ်ထားသော ဥပဒေသပုလဲ ဖြစ်သည်။
၎င်းကို ခွဲလိုက်သည်နှင့် ဥပဒေသ အပိုင်းအစများမှတစ်ဆင့် အသိအမြင်များကို ရရှိနိုင်မည် ဖြစ်သည်။
မှန်ပါသည်၊ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦးသည် နှစ်ပေါင်းသောင်းချီသော ကာလအတွင်း ဤကဲ့သို့သော ပုလဲများစွာကို ထုတ်လုပ်နိုင်သည်။ ၎င်းမှတစ်ဆင့် အသိအမြင် ရရှိနိုင်သည် ဆိုသော်လည်း ထိုပုဂ္ဂိုလ်ကြီး၏ ဥပဒေသ အသိအမြင် အားလုံးကို တိုက်ရိုက် ရရှိရန်မှာမူ မဖြစ်နိုင်ပေ။
သို့သော်လည်း ၎င်းသည် အလွန်ပင် တန်ဖိုးကြီးလှသည်။
ကျင့်ကြံသူတစ်ဦးက မနာလိုသော အသံဖြင့် ပြောလိုက်သည်
"ဒါက လော့ဖုန်းလင် ရခဲ့တဲ့ ဆေးလုံးနဲ့ ဆင်တူပေမယ့် အဆင့်အတန်းချင်းကတော့ အများကြီး ကွာခြားတယ်"
"ရန်ယွီက ကောင်းကင်ဖေး တစ်ယောက်ဆိုတော့ ခန္ဓာကိုယ်က အစွမ်းထက်ပြီးသား။ အခု သူ့ရဲ့ ဥပဒေသ အသိအမြင်တွေပါ တိုးတက်လာမယ်ဆိုရင် လော့နတ်ဘုရားခန်းမ စမ်းသပ်မှု မတိုင်ခင်မှာ သူ့ရဲ့ ခွန်အားတွေ အများကြီး တိုးလာမှာပဲ။ သူ စမ်းသပ်မှုမှာ အဆင့်မြင့်မြင့် ရမှာ သေချာတယ်"
ကျင့်ကြံသူများကြားတွင် ဆွေးနွေးသံများ ဆူညံသွားသည်။
သူတို့သည် ရန်ယွီကို ကြည့်ရင်း စိတ်ဓာတ်ကျစွာ ခေါင်းခါလိုက်ကြသည်။ သူတို့ ရရှိထားသော အခွင့်အရေးများမှာ ရန်ယွီနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
သို့သော် အရှင်ကန်းမန်က ပြောလိုက်သည်
"ဒါက ကြားခံဝိညာဉ်ပုလဲ တွေထဲမှာ အနိမ့်ဆုံး အဆင့်ပဲ ရှိသေးတယ်"
အနိမ့်ဆုံး အဆင့်
ဒါတောင်မှ ကြားခံဝိညာဉ်ပုလဲ ဖြစ်နေသေးတာပဲ...
"ဒါပေမဲ့ ကြားခံဝိညာဉ်ပုလဲ တစ်လုံး ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အရင်က မြေကမ္ဘာနတ်ဘုရားသစ်ပင် ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တဲ့သူတွေ ရှိပေမယ့် ကြားခံဝိညာဉ်ပုလဲ ရခဲ့တဲ့သူကတော့ လက်ချိုးရေလို့ ရတယ်။ ဒါက ကံတရားအပေါ်မှာလည်း အများကြီး မူတည်တယ်" ဟု အရှင်ကန်းမန်က ဆက်ပြောသည်။
ထိုစကားကို ကြားသောအခါ တပည့်များသည် ဤပုလဲ၏ တန်ဖိုးကို ပိုမို သိရှိသွားကြပြီး ရင်ခုန်သွားကြသည်။
ရန်ယွီ၏ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု လက်ခနဲ ပေါ်လာသည်။ အဆင့်မမြင့်သော်လည်း သူ ရရှိထားသော အခွင့်အရေးမှာ မဆိုးလှပေ။ ယီယွင်ကို ပြောခဲ့သကဲ့သို့ပင် ကံတရားသည်လည်း ခွန်အားတစ်မျိုး ဖြစ်သည်။
"ရန်ယွီတောင် ဒီလောက် ရတာဆိုရင် ကုလော့နဲ့ ယီယွင်တို့ ဘာရမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်" ကျင့်ကြံသူတစ်ဦးက ကုလော့နှင့် ယီယွင်ထံသို့ အကြည့်ကို လွှဲလိုက်သည်။
ဤကျင့်ကြံသူသည် သူ၏ အခွင့်အရေးအဖြစ် အစွမ်းထက် ဖေးကျင့်ကြံသူတစ်ဦး ငယ်စဉ်က ရေးသားခဲ့သော မှတ်စုစာအုပ်ကို ရရှိထားသည်။ ၎င်းကို အသေအချာ လေ့လာပါက သူလည်း အသိအမြင်သစ်များ ရရှိနိုင်သည်။
ဤကျင့်ကြံသူ အုပ်စုသည် သူတို့၏ အခွင့်အရေးများကို ရရှိပြီးဖြစ်သဖြင့် မျှော်လင့်ချက်များ မရှိတော့ဘဲ ကုလော့နှင့် ယီယွင်တို့ထံသို့သာ အာရုံစိုက်နေကြတော့သည်။
"အခွင့်အရေးဆိုတာ ကံတရားပေါ်မှာ မူတည်တာပါ။ စီနီယာအစ်ကို လီ... ခင်ဗျားက လှုပ်ရှားခြင်း အဆင့်ပဲ ရပြီး ကျွန်တော့်ထက် နိမ့်ပေမယ့် ခင်ဗျား ရခဲ့တဲ့ ပစ္စည်းက ကျွန်တော့်ထက် အများကြီး သာတယ်" ဟု အခြား တပည့်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူသည်လည်း ကမ္ဘာဦးကျောက်တုံး ၂၀ သာ ရရှိခဲ့ခြင်း ဖြစ်သည်။
"ဟားဟား" ထို စီနီယာအစ်ကို လီ ဆိုသူမှာ ရယ်သံကို မထိန်းနိုင်ဘဲ ပြောလိုက်သည် "ဒါကြောင့်လည်း ကုလော့နဲ့ ယီယွင်တို့က ပိုကောင်းတဲ့ အခွင့်အရေး ရချင်မှ ရမှာပါ။ ရှေးဟောင်းဖေးကျောက်တိုင်တွေရဲ့ ဆုပေးတဲ့ စည်းမျဉ်းတွေက ထူးဆန်းတယ်။
ယီယွင်က လူသားတစ်ယောက် ဖြစ်နေတာကြောင့် ပိုညံ့တဲ့ဟာတောင် ရနိုင်တာပဲ အဲဒီလိုဆိုရင်တော့ သူ့ရဲ့ အဆင့်သတ်မှတ်ချက်တွေက အလကား ဖြစ်သွားမှာပဲ"
အခြားသော ကျင့်ကြံသူများကလည်း တစ်ပြိုင်နက် ခေါင်းညိတ် ထောက်ခံကြသည်။ ယီယွင်၏ အဆင့်သတ်မှတ်ချက်များက သူတို့၏ မျက်နှာကို အိုးမည်းသုတ်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ အကယ်၍ ယီယွင် ရရှိမည့် အခွင့်အရေးမှာ သိပ်မကောင်းပါက သူတို့အတွက် စိတ်သက်သာရာ ရစရာ ဖြစ်လိမ့်မည်။
သို့သော်လည်း ယီယွင်၏ အဆင့်များအရ သူ၏ ကံတရား မည်မျှပင် ဆိုးရွားပါစေ သူ ရရှိမည့် အခွင့်အရေးမှာ သူတို့ထက် ပိုကောင်းမည်ကို သူတို့ သိကြသည်။
"ကုလော့ အလှည့်ပဲ"
အလင်းတန်းတစ်ခု ကုလော့၏ လက်ထဲသို့ ပျံဝင်သွားသည်။ အလင်းတန်းကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။
ကုလော့၏ ပထမဆုံး အခွင့်အရေးမှာလည်း ကြားခံဝိညာဉ်ပုလဲ တစ်လုံးပင် ဖြစ်သည်။
ထိုပုလဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ သူတို့၏ အရေပြားကို အပ်နှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်သော အငွေ့အသက်များကြောင့် လူတိုင်း မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်ကြရသည်။
ဤပုလဲကို မြင်သောအခါ ရန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ ကုလော့ ရရှိထားသော ကြားခံဝိညာဉ်ပုလဲ မှာ ပိုမို အဆင့်မြင့်ပုံရသည်။
ပထမဆုံး ရတနာမှာ ကြားခံဝိညာဉ်ပုလဲ ဖြစ်ပြီး နောက်တစ်ခုမှာမူ...
အထီးကျန် ဟင်းလင်းပြင် နတ်ဘုရားကျောက်တိုင်၊ မျက်လုံးပွင့်ခြင်း အဆင့်
အလင်းကန့်လန့်ကာတစ်ခု ထိုကျောက်တိုင်မှ ထွက်ပေါ်လာပြီး ကျောက်ပြားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါက ကျင့်စဉ် အပိုင်းအစပဲ" မျက်စိလျင်သူတစ်ဦးက အော်ပြောလိုက်သည်။
ဤကျောက်ပြားမှာ မပြည့်စုံဘဲ ၎င်းပေါ်တွင် ရေးသားထားသော ကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းသာ ကျန်ရှိတော့သည်။
ကုလော့သည် မျက်နှာအမူအရာ မပျက်ဘဲ ကြားခံဝိညာဉ်ပုလဲ နှင့် ကျောက်ပြားကို သူ၏ သိုလှောင်လက်စွပ် ထဲသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။ သူ ဝမ်းသာနေသလား၊ ဝမ်းနည်းနေသလား ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
လူတိုင်းက ထိုအကြောင်းကို ဆွေးနွေးနေကြသော်လည်း ကုလော့ကတော့ ရတနာနှစ်ခုလုံးကို ပြန်ထုတ်ပြရန် ရည်ရွယ်ချက် မရှိပေ။
သူတို့သည် ထိုကျင့်စဉ် အပိုင်းအစကို စိတ်ဝင်စားနေကြပြီး ၎င်းမှာ ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်နိုင်ကြောင်း၊ အကယ်၍ ကုလော့သည် ၎င်း၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းမျှကိုပင် တတ်မြောက်ခဲ့ပါက အလွန်ပင် ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။
သို့သော် ကျင့်စဉ်အပိုင်းအစများကို နားလည်သဘောပေါက်ရန်မှာလည်း ကံတရားပေါ်တွင် မူတည်သည်။ မည်မျှအထိ နားလည်နိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် ဤရှုထောင့်မှ ကြည့်လျှင် ဤကျင့်စဉ်အပိုင်းအစမှာ ရန်ယွီ ရရှိထားသော အဆောင်ထက် ပိုကောင်းချင်မှ ကောင်းလိမ့်မည်။
အခြားသော ကျင့်ကြံသူများသည်လည်း ရန်ယွီကို ကြည့်ရင်း ထိုသို့ပင် ကောက်ချက်ချလိုက်ကြသည်။ ရန်ယွီသည် အဆင့်သတ်မှတ်ချက်တွင် နိမ့်ကျခဲ့သော်လည်း သူ၏ ကံတရားမှာ မဆိုးလှပေ...
သို့သော် ရန်ယွီမှာမူ မည်သည့် အမူအရာမျှ မပြပေ။ ယီယွင်ကို ထိုစကားများ ပြောပြီးနောက် သူသည် တည်ငြိမ်အေးဆေးသော အမူအရာကို ပြန်လည် ရရှိသွားပြီ ဖြစ်သည်။
သူသည် အသေအချာ စဉ်းစားပြီးပြီ ဖြစ်သည်။ သူသည် ကောင်းကင်ဖေး တစ်ဦးဖြစ်သလို ရွှီးရွှေရန် မျိုးနွယ်စုဝင် တစ်ဦးလည်း ဖြစ်ရာ သူ၏ ဥပဒေသ အသိအမြင်မှာ ယီယွင်ထက် နိမ့်ကျနေလျှင်ပင် အခြားသော ကဏ္ဍပေါင်းစုံတွင် ယီယွင်ကို သာလွန်သည်။ သူ၏ အားနည်းချက်ကို သူတစ်ပါးနှင့် ယှဉ်ပြိုင်နေရန် မလိုပေ။
ယခုအခါ အရေးကြီးဆုံးမှာ ယီယွင် မည်သည့် အခွင့်အရေးများကို ရရှိမည်နည်း ဆိုသည်မှာပင် ဖြစ်သည်။